Skip to content

“လူကြီးမင်း ဘယ်လောက် စွမ်းပါသလဲ”

ဗေဒင် ယုံတဲ့ အီတာလျံ စာအုပ်ကို မေတ္တာလက်ဆောင် ရယူနိုင်အောင် စွမ်းပါသလား။

အသေးစိတ်ကို http://www.facebook.com/lettwebaw မှာ ကြည့်ပေးကြပါ။

In Loving Memory of Maung Thara

2 March 2016

ဘ၀တကွေ့ ခဏတွေ့လိုက်သူ (…)

(၁)

ဆရာ မောင်သာရလို့ စဉ်းစားလိုက်တာနဲ့ ခေါင်းထဲကို အရင်ဆုံးပေါ်လာတာက သူ့ကို ကျွန်တော့်ကားပေါ် တင်ပြီး တညလုံး ရန်ကုန်မြို့လယ် အနှံ့ ပတ်မောင်းနေခဲ့ရတဲ့ အဖြစ်ပါပဲ။

အဲတုန်းက ဘာဖြစ်လို့ အဲလို ဖြစ်မှန်းတော့ သေချာ မမှတ်မိတော့ဘူးခင်ဗျ။ မှတ်မိတာ အဲတုန်းက ရွှေတိဂုံ တပေါင်းပွဲတော် ကျင်းပနေချိန် ဖြစ်နေခဲ့တာပါပဲ။

IMG_5151ဆရာ မောင်သာရက ကျွန်တော့် ကားဂိတ်ကို ရောက်လာတာပဲ ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ခေါ်တယ်။ ပြီးတော့ သူ့မှာ သည်နေ့ည အိပ်စရာ နေရာ မရှိတဲ့အကြောင်း ပြောပါတယ်။ အဲတော့ ကျွန်တော်က ကျွန်တော့်အိမ်ကို ခေါ်သွားတယ်။ ကျွန်တော်ဆိုတဲ့ ကောင်က အဲသလို မသိသားဆိုးရွားတဲ့ ကောင်။ အိမ်ရောက်လို့ အမေ့ကို အကျိုးအကြောင်း ပြောပြတော့ အမေက ဘယ်ဖြစ်မတုံးတဲ့။ သူနဲ့ ငါနဲ့က အရွယ်ချင်း မတိမ်းမယိမ်းဟာကို သူ့ကို အိမ်မှာ ခေါ်သိပ်လို့ ဖြစ်မလားလို့ ဆိုပါလေရောလား။

အဲတော့မှ ကျွန်တော်လည်း ကျွန်တော့်ရဲ့ မဆင်ခြင်တတ်ပုံကို ပြန်မြင်မိရင်း ဆရာ့ကို အသာ လက်ကုပ်ပြီး ပြန်ခေါ်၊ ကားပေါ်တင်၊ တညလုံး ဟိုနား မောင်းလိုက် သည်နားမောင်းလိုက်နဲ့ ပတ်မောင်းနေခဲ့ရတာပေါ့ဗျာ။ တော်သေးတယ်၊ အဲတုန်းက ဓာတ်ဆီတဂါလံမှ မြန်မာငွေ ၃ ကျပ်ခွဲနဲ့ ကြိုက်တဲ့ဆိုင် ၀င်ထည့်လို့ ရနေသေးတဲ့ ကာလမို့လို့သာပေါ့။ မနက်လင်းတော့မှ သူ့ကို တနေရာမှာ ထားခဲ့၊ ကျွန်တော် အိမ်ပြန်၊ ရေမိုးချိုး၊ ကားမောင်းသမားဘ၀ တနေ့တာ ပြန်စရတာပေါ့။

အချိန်က ၁၉၇၀ ပြည့်လွန် အနှောင်းပိုင်းကာလတွေပါပဲ။

(၂)

ဆရာ့ကို စ တွေ့ဖူးတာ ၁၉၇၆ ခုနှစ် မိုးကုန်ခါနီးမှာ ဖြစ်ပါလိမ့်မယ်။ အဲတုန်းက ကျွန်တော် ပထမနှစ် ကျောင်းသားပါ။ စာပေဝါသနာရှင်ပေါ့။ သို့ပေတည့် သာမန် ဝါသနာရှင်တော့ မဟုတ်တော့ဘူး။ စာရေးဆရာ ဖြစ်ချင်တဲ့ ရောဂါ တော်တော့်ကို အရင့်အမာနဲ့ ၀ါသနာရှင်ပါ။

အဲဒီ့အချိန်မှာ ဆရာမောင်သာရက ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေကို ကြီးမှူး ကျင်းပနေပါတယ်။ ကျွန်တော် တက္ကသိုလ်မရောက်ခင် ဆယ်တန်း ကျောင်းသား ဘဝလောက်တုန်းက သိမ်ဖြူလမ်းနဲ့ ဒါလဟိုဇီ (မဟာဗန္ဓုလ) လမ်းထောင့်က ၀ိုင်အမ်စီအေမှာ လုပ်တာ။ အဖေကိုလည်း ကြောက်ရ၊ လူကလည်း တက္ကသိုလ် မရောက်သေးတော့ သွားချင်ပေမယ့် မသွားသာခဲ့ဘူး။

၁၉၇၆ ခုနှစ် စက်တင်ဘာမှာတော့ အဖေ ပျောက်သွားတယ်။ ကျွန်တော့်ဘဝထဲကပါ ရာသက်ပန် အဆုံးတိုင် ပျောက်သွားတာပါ။ ကျွန်တော်လည်း တက္ကစီ ဒရိုင်ဘာ နေ့ချင်းညချင်း ဖြစ်သွားတယ်။ ဒါလည်း ကိုယ့်ကိုယ်ကိုယ် အငှားယာဉ်မောင်းသမားအဖြစ် သိပ်မမြင်မိပါဘူး။ မမြင်ဆို အမေ့ကားကို မောင်းနေတာကိုး။

အဲဒီ့အချိန်က အခုလို ကားတွေ မပေါသေးဘူး။ ကားနံပါတ် အက္ခရာ တစ်ခု တက်ဖို့ နှစ်နဲ့ ချီပြီး စောင့်ရတဲ့ တံခါးပိတ်ထားသော ဆိုရှယ်လစ်ခေတ်။ သင်္ဘောသား ကားဆိုတာတွေတောင် မပေါ်သေးဘူး။ နံပါတ်မှ ဈ နံပါတ်တောင် မပေါ်သေးဘူးမှတ်တယ်။ အဲဒီ့အချိန်မှာ အမေ့ကားက ဇ/၈၀၇၉။ အဖေ ကောင်းကောင်း ထိန်းသိမ်း မွမ်းမံထားတာမို့ ပြောင်ပြောင်လက်လက်၊ မှန်လုံ လေးဘီးကား။ ပစ်ကပ်မဟုတ်ဘူး။ ဗှယ်(န်)။

အဲတော့ ပထမနှစ် တက္ကသိုလ်ကျောင်းသား ကျွန်တော်ဟာ ကိုယ့်ကား ကိုယ်မောင်းပြီး ကျောင်းတက်တဲ့သူ ဖြစ်နေတော့တာပေါ့။ အဲဒီ့ခေတ်က ဆိုခဲ့တဲ့အတိုင်း ကားမပေါသေးချိန်ဆိုတော့ ကျောင်းကို ကားယူလာတဲ့သူ ဆိုတာ တစ်ကျောင်းလုံး လက်ချိုးရေလို့ ရတဲ့အချိန်ပါ။ အဲတော့ တကယ်တမ်းမှာ အငှားယာဉ်သမား ကျွန်တော်ဟာ ကားတစ်စီးနဲ့ ဖလန်း ဖလန်းထလို့ ကောင်းနေတော့တာပေါ့။

ကြောက်ရမယ့် အဖေကလည်း မရှိတော့၊ အမေဆိုတာက ကျွန်တော် ဘာလုပ်လုပ်၊ ရည်စားထားတာကလွဲရင် အကောင်းထင်တတ်တဲ့သူ၊ ကျွန်တော်ကလည်း အမေ့ဆို တစ်စက်မှ မကြောက်ဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်မှုရဲ့ အစလို့ပဲ ဆိုကြပါစို့ရဲ့။

အဲဒီ့အချိန်မှာ ဆရာမောင်သာရက သူကြီးမှူး ကျင်းပတဲ့ ရေးသူ ဖတ်သူဆွေးနွေးပွဲကို ကန်တော်ကြီးစောင်းက ဆရာဝန်များ အသင်းတိုက်မှာ ကျင်းပပြန်ပါတယ်။ အဲတော့ ကျွန်တော်လည်း သွားတော့တာပေါ့ဗျာ။ ဝင်ကြေးက သုံးကျပ်လား မသိဘူး ပေးရတယ်။ အဲတုန်းက ကျွန်တော်နဲ့အတူ အတန်းဖော် မိန်းကလေး တယောက်ပါလာပါသေးတယ်။ အခုတော့ အဲဒီ့ အတန်းဖော်မလည်း သေရှာပါပြီ။ ၃-၄ နှစ်တောင် ရှိပြီ ထင်ပါရဲ့။

ပထမဆုံးနေ့ကို မှတ်မိနေပါသေးတယ်။ ဆရာဒေါင်းနွယ်ဆွေ ပြောတဲ့နေ့ပေါ့။ ဆရာဒေါင်းကို ကျွန်တော် ချာတိတ်၊ အသက် ၂၀ မပြည့်သေးတဲ့သူက တောင်တောင်အီအီတွေ လျှောက်ချဲတယ်။ ဘာတွေလဲတော့ မမှတ်မိဘူး။ အဲတော့ ဆရာဒေါင်းက ပစ်ကွင်းထဲ ဝင်လာလို့တော့ နှံပြီစုတ်လည်း ပစ်ရမှာပဲလို့ အစချီပြီး ကျွန်တော့်ကို ပြန်နှိပ်ပါတယ်။ ပျော်စရာကြီးပါ။ (ဆရာဦးအောင်သင်းအကြောင်း ရေးတုန်းက ဒါ ပါပြီးပါပြီ။)

အဲ… ဆရာဒေါင်းဟောနေတုန်းမှာ မိုးတွေ သဲကြီးမဲကြီး ရွာချပါတယ်။ ကျွန်တော်ကားရပ်ခဲ့တဲ့ နေရာက လွဲနေပုံပဲ။ အဲတော့ ဟောပြောပွဲ တန်းလန်းမှာ တိုက်ပုံအကျီ ဝတ်ထားတဲ့ လူထွားထွားကြီး တယောက်က ကျွန်တော့်ကို လာပြောတယ်။ ကားခေါင် တည့်တည့်ကို မိုးတွေ အလုံးအရင်းနဲ့ ကျနေတယ်။ နေရာရွှေ့လိုက် ပါလားတဲ့။ ကျွန်တော်လည်း ထတဲ့ပြီး ကားသွားရွှေ့ပါတယ်။

ကျွန်တော့် စိတ်ထဲမယ် အဲလို လာပြောတဲ့သူကို အရာရှိ ကြီးကြီးမာစတာ တယောက်၊ ဒါမှမဟုတ် ဆရာဝန် အသင်းတိုက်က တာဝန်ရှိသူတယောက်လို့ အောက်မေ့လိုက်မိပါတယ်။

နောက်ပွဲတွေကျမှ သိလိုက်တာက အဲဒါ ဆရာ မောင်သာရတဲ့ ခင်ဗျ။

(၃)

ဆရာ့ဝတ္ထုတွေနဲ့ကတော့ အစောကြီးကတည်းက ရင်းနှီးပြီးသားပါ။ ပြောင်မြောက်တဲ့ အရေးအသား၊ ထူးခြားတဲ့ ခေါင်းစဉ်တွေကြောင့် ဆရာ့စာတွေက ကျွန်တော်တို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ပြီးတော့ သူက သရုပ်မှန် ဝတ္ထုတွေ ရေးတဲ့သူ။

ဆရာ့ စာတကာအနက် ကျွန်တော် အစွဲဆုံး စာတစ်ပုဒ်ကို ပြပါဆိုရင်တော့ ပရိသတ်တောင် များများစားစား မဖတ်ဖူးမယ့် စာတိုလေး တပုဒ်ကို ထုတ်ပြချင်ပါတယ်။

အဲဒါက ဗိုလ်ချုပ်ဈေး ပန်းချီပန်းပုဆိုင်မှာ လုပ်တဲ့ ကာတွန်းပြပွဲ တပွဲမှာ ဆရာရေးသွားတဲ့ ဧည့်သည်တော် မှတ်တမ်းထဲက စာလေးပါပဲ။

ပြန်ပြောမယ်နော်… အဲဒီ့ခေတ်က ၁၉၇၀ ပြည့်လွန်အနှောင်းပိုင်း၊ မြန်မာ့ ဆောက်ရှက်လက်(စ်) လမ်းဇင် ဖာထီ (နေးထစ်[ဗှ်]ဆဖီခါသှံ) တန်ခိုးထွားစ အချိန်ပါ။

ဆရာက သည်လို ရေးသွားပါတယ်။

လမ်းကျဉ်းလေးမှာ ကလေးတွေ ဘောလုံးကစားနေတာ မြင်ရတော့ သနားမိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီး သနားနေရသေးတယ်လေ… ပါတဲ့ ခင်ဗျား။

(၄)

စနေနေ့တိုင်းမှာ ဆရာ ကြီးမှူး ကျင်းပတဲ့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲတွေကို အပတ်စဉ် မပျက်မကွက် သွားရောက်ခဲ့တာမို့ နောက်ပိုင်းမှာ ဆရာနဲ့ ရင်းနှီးလာခဲ့ပါတယ်။

ဆရာကလည်း ကျွန်တော့်ကို တက္ကသိုလ်ကျောင်းသား ငမျောက်ငချောက်၊ အငှားယာဉ်သမားတပိုင်း၊ စာပေ ဝါသနာအိုးမှန်း သိသွားပါတယ်။

အဲတော့လည်း ပရိုက်ဗှိတ်တက္ခဆီ အင်မတန် သုံးတတ်တဲ့ ဆရာက ကျွန်တော့်ကားကို ခဏ ခဏ ငှားသုံးတော့တာပေါ့ခင်ဗျာ။

သည်မှာ ထူးခြားချက်ကတော့ ဆရာဟာ စာရေးဆရာတန်မဲ့နဲ့ လုံးဝ အရက်မသောက်တတ်သူပါပဲ။ ဆေးပြင်းလိပ်ကိုတော့ တချိန်လုံး ခဲထားတတ်ပါတယ်။ ဆရာသောက်တာက နဂါးနီတံဆိပ် ဆေးပြင်းလိပ် ညိုညို တုတ်တုတ်ကြီး ခင်ဗျ။

အဲ… အရက်သာ မသောက်တယ်၊ အစားကောင်း အသောက်ကောင်းတော့ အင်မတန် သိပါပဲ။ ကျွန်တော့်ကို သူ စိတ်ကူးပေါက်ရင် ဆိုင်ကောင်းကောင်းကို ခေါ်သွားပြီး ကျွေးတတ်ပါတယ်။ သူကတော့ သိပ်မစားဘူးခင်ဗျ။ သိပ်မစားတာတောင် မဟုတ်ဘူး။ လုံးလုံး မစားတာပါ။ သူ့ရဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိတာတွေကို ငဲ့ကွက်ပြီး အစားအသောက် ဆင်ခြင်တယ်လို့ ပြောပါတယ်။

မှတ်မှတ်ရရ မြေပဒေသာကျွန်း ထိပ်နားဆီက ကီးတော်ကျန် (ကန်တော်ကြီး) စားသောက်ဆိုင်ကို ဆရာ ခေါ်သွားလို့ ကျွန်တော် စ ရောက်ဖူးတာပါ။ အဲဒီ့ဆိုင်လေးက ဟင်းတွေ ကောင်းတယ်ဆိုပြီး ဆရာက သူမစားဘဲ ကျွန်တော် တစ်ယောက်တည်းကိုပဲ အကျအန မှာကျွေးခဲ့ဖူးပါတယ်။

ပြီးတော့ တောင်ရောက် မြောက်ရောက် စကားတွေပြောပေါ့။

စကားတွေ ပြောဆိုလို့လည်း သိပ်အကောင်းမမှတ်စေချင်ပါဘူး။ ဆရာနဲ့ ပတ်သက်လို့ စိတ်ပျက်စရာ အကောင်းဆုံးက သူ့စကား နားထောင်ရတဲ့ ဒုက္ခပါ။ တော်တော်ဆိုးပါတယ်။ စကားတခွန်းနဲ့ တခွန်းကြား တရေး ကောင်းကောင်း အိပ်လို့ရတဲ့အထိ ခြားနေတတ်တာကိုး ခင်ဗျ။ စကားတခွန်းကို သူက အစချီလိုက်တယ်။ နားထောင်တဲ့ ကျွန်တော်က စိတ်ဝင်တစားနဲ့ စောင့်နေတယ်။ စကားဆက်က ထွက်မလာဘူး။ သူ့မျက်နှာလှမ်းကြည့်တော့ ဆေးပြင်းလိပ်ကြီးခဲလို့ မခိုးမခန့် ပြုံးချင်ပြုံးနေတတ်ပြန်တယ်။ အဲလိုမျိုး။

(၅)

ဆရာနဲ့ ပတ်သက်လို့ နောက်ထပ် အမှတ်တရတခုက သူ့အိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါပဲ။ ကမ္ဘာအေး ဘုရားလမ်း၊ မြို့ထဲဘက်က သွားရင် ရွှေတောင်ကြားလမ်း (ကမ္ဘောဇလမ်း) အကျော်မှာ ပလီတလုံး ရှိပါတယ်။ အဲဒီ့ ပလီအဆောက်အအုံ ဘေးက လမ်းကြားထဲက အိမ်ပါ။

အိမ်က နှစ်ထပ်အိမ် အယ်စတုံကြီးဗျ။ အဲဒီ့အိမ်ကြီးကို စ ရောက်ဖူးပါတယ်။ အိမ်က အိမ်နဲ့ သိပ်မတူပါဘူး။ မတူဆို အိမ်ကြီးက ကြီးသလောက် အိမ်ထဲမှာ ပရိဘောဂ များများစားစား မရှိပါဘူး။  မရှိဆို ဆရာက နှစ်ချုပ်နဲ့ ယာယီ ငှားနေတဲ့ အိမ်ပေကိုး ခင်ဗျာ။

အဲဒီ့အိမ်မှာ ဆရာ့ ဒုတိယ ဇနီး မအိကိုလည်း စ တွေ့ဖူးပါတယ်။ အဲတုန်းက မအိက တကယ့် ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးပါပဲ။ အကိုပုရိသတိုင်း သွားရည်တမြားမြားနဲ့ နှစ်ခါမက အခါခါ ပြန်လှည့်ကြည့်ရမယ့် အသား အရေနဲ့ အဆက်အပေါက်ပါ။

ဆရာက ခပ်တည်တည်ပါပဲ။ ဒါ ငါ့မိန်းမဆိုပြီး တုံးတိတိ မိတ်ဆက်ပေးပါတယ်။

(၆)

ဆရာ့အိမ် နောက်တနေရာက ကန်တော်လေးမှာပါ။ လမ်းကို ခုထိ မျက်လုံးထဲ မြင်နေသေးပေမယ့် ဘယ်လမ်းမှန်း မမှတ်မိတော့ဘူး။ လမ်း ၁၀၀ ကျော်ထဲမှာပါ။

အဲတုန်းက မအိနဲ့ မွေးတဲ့ ကလေးလေးက ၄-၅ နှစ်သားပဲ ရှိပါသေးတယ်။ တခါတခါ ဆရာနဲ့ ပါလာတတ်ပါတယ်။

မောင်သိန်းလွင်၏ မစန်းစန်းဝင့်ကိုလည်း ဆရာ့ကို အကြောင်းပြုလို့ တခါတော့ ဆုံဖူးတယ်။ ရိုးရိုးအေးအေး ခပ်ပိန်ပိန် အမျိုးသမီးကြီးပါ။

၁၉၇၉ ခုနှစ်မှာ ကျွန်တော်ဟာ ကားသမားဘဝက စုတေသွားပါတယ်။ အဲတော့လည်း ဆရာနဲ့ မဆုံဖြစ်တော့ပေဘူးပေါ့။

(၇)

၁၉၈၉ ခုနှစ် သင်္ကြန်ကာလမှာ ဆရာ့ကို မန္တလေး လူထုတိုက်မှာ ဆုံပါတယ်။ အဲဒီ့အချိန်က ကျွန်တော်ဟာ မဟေသီ မဂ္ဂဇင်းမှာ ကလောင်အမည် ပေါင်းစုံနဲ့ တမိုးလုံး ဖျောက်ဆိပ် လုပ်ခါစ အချိန်ပေါ့။

ဆရာက ကျွန်တော့်ကို မင်း မြတ်ခိုင်လိုလို၊ ဝင်းငြိမ်းလိုလို လုပ်နေပါလားလို့ ပြောလိုက်တော့ ကျွန်တော် အီသွားပါတယ်။

အဲ… ရေးရင်းနဲ့မှ သတိရလာတယ်။ ဆရာ ကျွန်တော့်ကားကို ခေါ်ခေါ် စီးနေတုန်းက ဆရာနဲ့အတူ မဂ္ဂဇင်းတိုက်တွေကို ရောက်ဖူးခဲ့တာကိုပါ။ အဓိကက အမှတ် ၁ ဆင်းဒဝစ်လမ်း (နဝဒေးလမ်း မှတ်တာပဲ) က ရှုမဝတိုက်ကို နှစ်ကြိမ်၊ သုံးကြိမ် ရောက်ခဲ့ဖူးပါတယ်။

တကြိမ်မှာတော့ စာတည်းချုပ် ဆရာမောင်ဆွေတင့်ရဲ့ စားပွဲရှေ့မှာ ထိုင်နေတဲ့ ဖြူဖြူချောချော၊ လူရည်သန့်၊ ရည်ရည်မွန်မွန်တယောက်နဲ့ ဆုံတာလည်း အမှတ်တရပါပဲ။ နောက်မှ သိရတာက အဲဒါ ဆရာ မောင်လွန်းကြင်ဆိုတာပါတဲ့။ ဆရာမောင်လွန်းကြင်က အလွန်လည်း စာရေးကောင်းတဲ့သူပါ။ သူ ချောတာကလည်း ဝင်းဦးလိုကို ဂိုက်ဆိုက်ကောင်းကောင်းနဲ့ ချောတာပါပဲ။

အဲ… တချီသားမှာ မဂ္ဂဇင်းတိုက်က အပြန် လမ်းမှာ ဆရာ မောင်သာရက ကျွန်တော့်ကို သြဝါဒ ချွေပါတယ်။

မဂ္ဂဇင်းအယ်ဒီတာတွေနဲ့ ပေါင်းထားကွ။ သူတို့ဆီ ဝင်ထွက်။ ကြုံတဲ့အခါ လက်ဖက်ရည်လေး ဘာလေး တိုက်ထား။ ပြီးတော့မှ စာမူပေးပေါ့ကွ။ သည်တိုင်း ပို့နေလို့ကတော့ မင့်စာမူ သူတို့ မျက်စိအောက် ရောက်လာမှာ မဟုတ်ဘူးတဲ့။

ကျွန်တော့် ပင်ကိုစိတ်နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ သြဝါဒပါပဲ။   

(၇)

အဲဒီ့နောက်မှာ ဆရာနဲ့ နောက်ဆုံးတွေ့ခဲ့တာက သိမ်ဖြူလမ်းက သာရမဂ္ဂဇင်းတိုက်မှာပါ။ စာမူ သွားပို့ရင်း တွေ့တာပါ။ ဆရာက တထိုင်တည်း ဖတ်ကြည့်ပြီး မရွေးဘူးလို့ ပြောပါတယ်။ အဲဒီ့အချိန်က သူက သာရဆုဆိုပြီး ဝတ္ထုတိုဆု ပေးမယ့် အစီအစဉ်ကို စတင်လိုက်ချိန်ပါ။ ကျွန်တော် ရေးတာက သာရ သာရသာ ရလျှင်ဆိုပြီး ရေးလိုက်တာပါ။ သူလို ဝတ္ထုတို ဧတဒဂ်ကို ကျော်ပြီး ရေးနိုင်မယ့်သူက ရှားတယ်။ အဲတော့ သည်ဆုကို သူပဲ ရမှာပါဆိုပြီး နောက်တောက်တောက် ရေးလိုက်တဲ့ စာမူဖြစ်ပါတယ်။

စာရေးတာ ကောင်းပါတယ်ကွ။ ဒါပေမယ့် ငါ့ ချီးကျူးထားတဲ့စာမူကို ငါ့မဂ္ဂဇင်းထဲ ငါက ပြန်ထည့်လို့ ဘယ်ဖြစ်မတုံး။ ဒါ့ကြောင့် မရွေးတာလို့လည်း ပြောပါတယ်။

(၈)

အဲဒီ့နောက်မှာတော့ ဆရာနဲ့ လုံးလုံး မတွေ့ဖြစ်တော့တာ ဆရာ ကွယ်လွန်သွားတဲ့ အထိပါပဲ။

သည်ကြားထဲမှာ ဆရာ့သတင်း၊ အတင်းပေါင်းစုံတော့ စွတ်ကယ်၊ စွတ်ကယ် ကြားရတတ်ပါတယ်။ ဆရာ တဖက်နိုင်ငံကို ကူးသွားတာ၊ အမေရိကန်နိုင်ငံကို ရောက်သွားတာသာ မက အမေရိကန်နိုင်ငံမှာတောင် ဆရာ့ ဝသီအတိုင်း ကျင့်ကြံနေထိုင်ပုံများကို ဟိုက သည်က ကြားရတယ်။

ကျွန်တော်နဲ့ ဆရာနဲ့ ကြားမှာတော့ အတော် ရှင်းပါတယ်။ အထူးသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆရာ့ရဲ့ ငွေရေး ကြေးရေး အရှုပ်အထွေးတွေနဲ့ ကျွန်တော် လွတ်ကင်းပါတယ်။ ဒါတောင် ကျွန်တော့်ဆီမှာ ဆရာ့ လက်ရေးနဲ့ စာတစောင်ရှိနေပါသေးတယ်။ ဘယ်နားထားမိမှန်းတော့ မသိတော့ဘူး။ တနေရာရာမှာတော့ မလွဲမသွ ရှိနေဦးမှာပါ။ (အလားတူပါပဲ၊ ရွှေဘုန်းလို့ ခေါ်တဲ့ တာရာမင်းဝေရဲ့ ဂန္ထဝင် စာတစ်စောင်လည်း သူ လက်ဆောင်ပေးထားတဲ့ စာအုပ်မှာ ချုပ်စက်နဲ့ တွဲချုပ် သိမ်းထားပါတယ်။)

(၉)

မတွေ့တဲ့ကြားက ဆရာ့ နောက်ဆုံးအမှတ်တရကတော့ ဆရာ ရေးလိုက်တဲ့စာကို ဆရာဝင်းငြိမ်း ချက်နဲ့ လက်နဲ့ ပြန်ချဲထားတဲ့ အကြောင်းပါပဲ။

ဆရာက တဖက်နိုင်ငံကို ထွက်သွားတာဟာ အဲတုန်းက အစိုးရကပဲ သူ့ကို ဒုက္ခပေးလို့ တိမ်းရှောင်သွားရသလိုလို ရေးလိုက်တာပါပဲ။ အဲဒါမဟုတ်မှန်း စာပေနယ် တနယ်လုံး အသိပါ။ အဲလို ရေးလိုက်တော့ ဆရာဝင်းငြိမ်းက ငြိမ်မနေတော့ပါဘူး။ ဆရာ့ကို အိတ်ဖွင့်ပေးစာသဘောမျိုး ရေးပြီး ချဲတော့တာပါ။

ဆရာ့မှာက အဲလိုဟာလေးတွေ ရှိပါတယ်။

(၁၀)

အဲ… တခုကျန်သေးတယ်ဗျ။ ဆရာနဲ့ ပတ်သက်လို့ အမှတ်ရစရာနောက်တခုက ယာဉ်မောင်းလိုင်စင်အနီ (အငှားယာဉ် မောင်းနှင်ခွင့်လိုင်စင်) ဘယ်တော့မှ မလုပ်ဖို့ သွန်သင်ခဲ့တာပါပဲ။

ဆရာက သူ အမျိုးသားစာပေဆု ရခဲ့တဲ့ မတ်တတ်ရပ်လို့ လမ်းမှာငို ဝတ္ထုကို ရေးဖို့အတွက် အဲတုန်းက ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ (ကလသဖ) ရဲ့ အငှားယာဉ်တွေကို ဝင်မောင်းခဲ့ပါတယ်။ အဲလို မောင်းနိုင်ဖို့ အတွက် သူ့ယာဉ်မောင်းလိုင်စင်ကို အနီ ပြောင်းခဲ့ပါသတဲ့။

အဲဒါက နောက်ပိုင်းမှာ အားနည်းချက်ဖြစ်ပြီး ယာဉ်ထိန်းရဲက လိုင်စင်တောင်းလို့ ထုတ်ပေးတဲ့အခါ အလွန် အနိုင်ကျင့်ခံရတဲ့ လိုင်စင်ဖြစ်နေကြောင်း ဆရာက ပြောပြဖူးပါတယ်။

ကျွန်တော်က အငှားယာဉ်မောင်းသမား ဘဝကို မလွှဲသာလို့သာ ရောက်ခဲ့တာပါ။ အင်မတန် ကြီးကျယ်တဲ့ ကျွန်တော့်စိတ်နဲ့ တစက်ကလေးမှ မကိုက်တာမို့ တသက်လုံး မလုပ်ဘူးလို့ စကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ ဒါ့ကြောင့် လိုင်စင်အနီ လုပ်ဖို့လည်း တခါဖူးမှ စိတ်မကူးဖူးပါဘူး။ ဆရာ မပြောလည်း လုပ်ဖြစ်မယ့် အထဲမှာ မပါပါဘူး။

ဆရာက သည်ခေတ်အထိ မြန်မာပြည်မှာ မနေတော့လို့ သည်စကား ပြောတာလည်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးနေတဲ့ ကျွန်ုပ်တို့၏ ရွှေနိုင်ငံကြီးမှာ ငွေ ၄-၅-၆ သောင်းလောက်ပဲ အကုန်ခံစရာ လိုပါတယ်။ နှစ်သက်ရာ ယာဉ်မောင်းလိုင်စင်တခု လက်ထဲကို ရောက်လာနိုင်တာ ဆရာ မသိနိုင်တော့ပါဘူး။ ဟိုနေ့ကပဲ နိုင်ငံခြားသား အာရှသားတစ်ယောက်က ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးထားတဲ့ သူ့ယာဉ်မောင်းလိုင်စင်ကို မဲ့ကာ ရွဲ့ကာနဲ့ ထုတ်ပြပါတယ်။ ကျပ် ခြောက်သောင်းလေးပဲ ပေးရတာပါတဲ့။ တရားဝင်လိုင်စင်တွေကို အခုလို လွယ်လွယ်ကူကူ ဝယ်လို့ရနေမှတော့ စည်းမဲ့ ယာဉ်မောင်းတွေ လမ်းပေါ်မှာ အောတိုက်နေတာလည်း မဆန်းပါဘူးလို့ သူက ပြောသွားပါတယ်။

(၁၁)

ဆရာမောင်သာရနဲ့ ပတ်သက်ရင် ကျွန်တော်ကတော့ နှစ်ပိုင်း မြင်ပါတယ်။

လူမောင်သာရနဲ့ စာရေးဆရာ မောင်သာရပါပဲ။ ဒါ စာရေးဆရာတိုင်းလားတော့ မသိဘူးခင်ဗျ။ သို့သော် ကျွန်တော် ပေါင်းခဲ့ဖူးတဲ့ အကိုကြီး မောင်ဝဏ္ဏကတော့ လူမောင်ဝဏ္ဏနဲ့ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏတို့ ကြားမှာ သိပ်အဟပ်မကွာလှပါဘူး။ ဆရာငြိမ်းကျော်၊ ဆရာအောင်သင်း၊ ဆရာဇော်ဇော်အောင်တို့ကတော့ လူနဲ့ စာရေးဆရာကြားမှာ တမျိုးမဟုတ် တမျိုး ကွာကြပါတယ်။ ဆရာမာန်မြင့်၊ ဆရာကံချွန်တို့ကျတော့ လူနဲ့ စာနဲ့ တယ် ကွာလှတယ်လို့ မခံစားခဲ့ရပါဘူး။ ကျွန်တော်လည်း စာနဲ့ လူနဲ့ သိပ်ကွာလှမယ် မထင်ဘူးဗျ။

စာရေးဆရာ မောင်သာရကတော့ တကယ့်ကို လက်ဖျားခါစရာ ကောင်းလောက်အောင်ကို စာအရေးအသား ကောင်းလွန်းသူပါ။ မြန်မာစာ နှံ့ချက်ကလည်း ကမ်းကို ကုန်လို့ပါ။ ဆရာ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အသေးစား ဖြစ်တဲ့ မောင်သိန်းလွင်၏ မစန်းစန်းဝင့်ပါအတိုင်းဆိုရင် ဆရာဟာ ငယ်ဘဝတုန်းက ဆရာဝင်းဦးလိုပဲ တကုပ်ကုပ်နဲ့ စာချည်း နင်းကန် ဖတ်နေခဲ့ပုံပါပဲ။ စာဖတ်အား တအားကောင်းခဲ့တဲ့အပြင် စကားတတ်တဲ့ မန္တလေးဝန်းကျင်မှာ ကြီးပြင်းတဲ့ မန္တလေးသားလည်း ဖြစ်တာမို့ ဆရာ့မြန်မာစာ ပြောင်မြောက်တာလည်း ဖြစ်ပါလိမ့်မယ်။

လူမောင်သာရကတော့ လူပီပီ ဆိုးတာတွေ၊ ကောင်းတာတွေ၊ လွဲတာတွေ၊ တည့်တာတွေ မလွဲမသွေ ရှိနေမှာပါ။ ကျွန်တော်က ဆရာနဲ့ နှစ်ကလေး မဆိုစလောက်သာ အနီးကပ်နေခဲ့ဖူးတာမို့ ဆရာ့ စိတ်ရင်းကို အကဲခတ်မိတယ်ဆိုရင်တောင်မှ မပြောပလောက်တဲ့ ရိပ်မိခြင်းမျိုးသာ ရှိနေပါလိမ့်မယ်။ ဆရာ့တဘ၀လုံးကို ကျွန်တော် မသိပါဘူး။ ဆရာ့ ငယ်ဘဝ နောက်ခံတွေ၊ စိတ်အနာတရတွေလည်း ကျွန်တော် မသိပါဘူး။

(၁၂)

တခုတော့ ရှိပါတယ်။

ဆရာသော်တာဆွေကို ကျွန်တော့်တဘဝလုံးမှာ တကြိမ်သာ ဆုံဖူးပါတယ်။ ဆရာ မဆုံးခင် နှစ်နှစ်လောက် အလိုမှာ ဖြစ်မယ် ထင်ပါတယ်။ အစအစလို့ ခေါ်တဲ့ အင်းစိန် အုပ်စုက လုပ်တဲ့ ပွဲတပွဲမှာပါ။ ထုံးစံအတိုင်း ဘာပွဲမှန်း ကျွန်တော်မမှတ်မိပါဘူး။

အဲဒီ့ပွဲမှာ ဆရာသော်တာဆွေ့ကို ပထမဆုံးအကြိမ် လူချင်း တွေ့ဖူးပါတယ်။ ဆရာ့ကို မြင်လိုက်တာနဲ့ ကိုယ့် ဦးလေးသားချင်းလို ချစ်ခင်တဲ့ စိတ်က ရင်ထဲမှာ အလိုလို ပေါ်လာခဲ့ပါတယ်။ တကယ့် ထူးခြားချက်ပါပဲ။

အဲဒါ ဆရာသော်တာဆွေ့ရဲ့ စာတွေကြောင့်လို့ ထင်ပါတယ်။

အဲလို စိတ်မျိုးက ဆရာဇော်ဇော်အောင်၊ ဆရာ မာန်မြင့်၊ ဆရာ ကံချွန်၊ ဆရာ မောင်ဝဏ္ဏ၊ ဆရာ မင်းလူတို့နဲ့လည်း ဖြစ်ခဲ့ဖူးပါတယ်။ အသက်ရှင်နေသေးသူများထဲကဆိုရင် ဆရာမကြီး ဒေါ်ခင်ဆွေဦးနဲ့ ဆရာမ မစန္ဒာတို့ အပေါ်မှာလည်း အဲလို စမြင်ချိန်ကတည်းက ကိုယ့်အဒေါ်အမ သားချင်းလို ချစ်ခင်တဲ့ စိတ်များ ဖြစ်ရပါတယ်။ ကျန်တဲ့ တချို့ ဆရာ၊ ဆရာမတွေနဲ့ကျ အဲလို မဖြစ်ဖူးတာဟာလည်း အမှတ်ထင်ထင်ပါ။

ဆရာမောင်သာရအပေါ်မှာရော…

သေချာပြန်စဉ်းစားကြည့်တော့ ဆရာ့ကိုလည်း ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်နဲ့ ဆရာ ထိတွေ့ ဆက်ဆံခဲ့တဲ့ သက်တမ်းတိုလေးအတွင်းမှာ ဆရာက ကျွန်တော့်ကို သူ့ တူသားတယောက်လို ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့တာကြောင့်ပဲ ထင်ပါတယ်။

ဆရာ့စာတွေထဲမှာ ဆရာက စွာပါတယ်၊ လက်ပေါက်လည်း ကတ်ပါတယ်၊ ခွလည်း ကျပါတယ်။ အပြင်က လူ မောင်သာရဆီမှာ ကျွန်တော် မြင်ခဲ့ရသလောက်က အဲဒီ့စရိုက်တွေ အတိအကျ ရှိနေပါတယ်။

ကျွန်တော် သေချာ ဂန မသိတဲ့ တခြားသူတွေရဲ့ ဆရာနဲ့ပတ်သက်တဲ့ စကားများကိုတော့ ကျွန်တော် သိပ် စိတ်မဝင်စားပါဘူး။ သက်သေခံဥပဒေမှာ အတိအလင်းဆိုထားတာပဲလေ။ တဆင့်ကြားစကားဟာ သက်သေခံ မ၀င်ပါဘူး။ အရပ်သုံးစကားနဲ့ ပြောရင်တော့ သူများ ပြောတဲ့ စကားဆိုတာ ရာနှုန်းပြည့် ယုံထိုက်တာမျိုးမှ မဟုတ်တာ။

အဲတော့လည်း ကျွန်တော် မြင်ဖူးတဲ့ ဆရာမောင်သာရကို ချစ်ခင်တဲ့စိတ်နဲ့ပဲ သည်စာကို ချရေးလိုက်ပါတယ်။

နှမျောတယ်လို့တော့ မဆိုချင်တော့ပါဘူး။ ဘာလို့ဆို ဆရာမှ စာ မရေးတော့တာ ကြာခဲ့ပြီ ဖြစ်သလို ၈၅ နှစ်ဆိုတဲ့ အသက်ကလည်း ကိုယ်တောင် နေနိုင်မယ်လို့ အိပ်မက်ထဲမှတောင် မမက်ရဲနိုင်တဲ့ မီးစာ  ကုန်ချိန် ဖြစ်နေတာကိုး။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(ရန်ကုန် ၀၂၀၃၁၆)

 

 

 

 

 

 

 

Regretfully

21 February 2016

နောင်တအတိနဲ့ ရေးတဲ့စာ

သူက ကျွန်တော့်ထက် လေးနှစ်နီးပါးကြီးပါတယ်။ အဲတော့ သူက တက္ကသိုလ်ကို ကျွန်တော့်ထက် လေးနှစ် စောရောက်တာပေါ့။ ကျွန်တော် တက္ကသိုလ်တက်ချိန်မှာ သူ ကျောင်းက ထွက်သွားပြီ ထင်တယ်။ ဒါပေမယ့် သူ့ကဗျာတွေက ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်အထိ ကျန်ရစ်နေတုန်းပါ။ ကျွန်တော့်ထက်ကြီးပြီး တက္ကသိုလ်မှာ ကျောင်းဆွေးဆွေး လူဆွေးဆွေး နေတဲ့ ကဗျာဆရာ ရာမ(ဘူမိဗေဒ)ရဲ့ ကျေးဇူးနဲ့ သူ့ကဗျာတွေ ဖတ်ရတယ်လို့ ပြောရမယ် ထင်တယ်။

ကိုရာမက ကျွန်တော် တက္ကသိုလ်မရောက်ခင် ဆယ်တန်း ကျောင်းသားဘဝမှာကတည်းက လူချင်းလည်း မတွေ့ဖူးဘဲ ကျွန်တော့် ကဗျာတွေကို သူတို့ တက္ကသိုလ်ကျောင်းတော်သားတွေ စုထုတ်တဲ့ စာကူးစက် လက်လှည့် ကဗျာစာအုပ်ထဲမှာ ယူသုံးခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်တက္ကသိုလ်ရောက်တော့ သူ့ကို သွားတွေ့ခဲ့တယ်။ သူနဲ့ နှစ်ကြိမ်လားပဲ ဆုံလိုက်ရတယ်။ သခင်ကိုယ်တော်မှိုင်း အရေးတော်ပုံက ကျွန်တော် ပထမနှစ် ကျောင်းသားဘဝမှာ ပေါ်ပေါက်လာခဲ့တာမို့ သူအဖမ်းခံ လိုက်ရပြီး ထောင်ကျသွားပါတော့တယ်။ သူနဲ့ ဆုံတုန်းမှာ သူက “တောကျောင်းဘုန်းကြီး”ရဲ့ ကဗျာတွေ ကောင်းကြောင်း ညွှန်းတာနဲ့ ကျွန်တော်လည်း ဖတ်ကြည့်ခဲ့ဖူးပါတယ်။

ကျွန်တော် မကြိုက်ပါဘူး။ အလင်္ကာတွေ ဖောင်းဖောင်းပွပွ သုံးထားတာကလွဲရင် အနှစ်အသား မရှိလှဘူးလို့ မြင်မိရတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ အဲဒီ့ဆရာရဲ့ ကဗျာတွေကို မဖတ်ဖြစ်တော့ဘူး။

အဲ… အဲဒီ့ “တောကျောင်းဘုန်းကြီး”ဆိုတာ ဆရာသာဓုရဲ့ သားထွေး၊ ဒါရိုက်တာ မောင်ဝဏ္ဏနဲ့ မင်းသား သုမောင်တို့ရဲ့ ညီ ဆိုတာရယ်၊ “မင်းလူ”နာမည်နဲ့ စာတွေ ရေးစပြုနေပြီဆိုတာရယ်ကိုလည်း ကိုရာမဆီက တစ်ဆင့် သိထားရပါတယ်။

ခက်တော့လည်း ခက်သားလားဗျ။ ပထမဆုံးမြင်လိုက်တဲ့ အမြင်က လူတယောက်မှာ ကာလတောင်တာ ရှည်ကြာတဲ့အထိ စွဲမြဲသွားတတ်တဲ့ သဘာဝက ရှိပေတာကိုး။ သူ နုစဉ်အခါက ရေးခဲ့တဲ့ ကဗျာတွေအပေါ်မှာ မသာယာမိခဲ့တဲ့အတွက် သူ့ လုံးချင်းတွေ ထွက်လာတော့လည်း ဖတ်ကို မဖတ်ဖြစ်ခဲ့ဘူး။

သူ တအားအောင်မြင်ပါတယ်။ သူ့ဝတ္ထုတွေလည်း ရုပ်ရှင်တွေ ရိုက်၊ အကယ်ဒမီတွေရတဲ့အထိ အောင်မြင်တယ်။ ဒါပေမဲ့ ကျွန်တော် တအုပ်မှ မဖတ်ဖြစ်ခဲ့ဘူး။ ပထမဆုံး အမြင်ရဲ့ ချယ်လှယ်ပုံက အဲလိုသင်းတာ။ ပိုဆိုးတာက သူ့ဝတ္ထုကို ရုပ်ရှင် ရိုက်သူက သူ့အစ်ကိုကြီး ဖြစ်နေတာလည်း ပါပါလိမ့်မယ်။ သူတော်တာ မဟုတ်ဘူး၊ သူ့အစ်ကိုကြီး တော်တာဆိုတဲ့ အစွဲလည်း ဝင်သွား ထင်ပါရဲ့။

ကျွန်တော့် ပထမဆုံး စာမူ ပြင်ပ စာနယ်ဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံရချိန်က ၁၉၈၀ ဖြစ်ပေမယ့် တကယ့်တကယ် စာပေနယ်ကို ထဲထဲဝင်ဝင် စ ရောက်ချိန်က ၁၉၈၈ ခုနှစ်မှပါ။ အများသိတော်မူတဲ့အတိုင်း အဲဒီ့အချိန်မှာ သူ့ရဲ့ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ”ဆိုတဲ့ ကဗျာက လူထုကြားမှာ ပျံ့နှံ့သွားချိန်ပေါ့။ ဘယ်သူရေးမှန်း အဲတုန်းက မသိကြပါဘူး။ ကျွန်တော်ကတော့ ဒါ သူ့လက်ရာ ဖြစ်လောက်တယ်ဆိုတာ မှန်းမိခဲ့တယ်။

အဲဒီ့အချိန်က ကျွန်တော် ဗြိတိသျှ သံရုံး ပရဝုဏ်အောက်မှာ အမှုထမ်းနေချိန်၊ ဥရောပ သမဂ္ဂရဲ့ ဘာသာပြန်။ အဲတော့ အဲဒီ့ကဗျာကို တာဝန်အရ ကျွန်တော် အကြမ်းဘာသာပြန်ပြီး တင်ပြခဲ့ရပါတယ်။ ကျွန်တော့်ဘာသာပြန်ကို အဲဒီ့အချိန်က တတိယ အတွင်းဝန်အဖြစ် အမှုထမ်းနေတဲ့ ဗြိတိသျှအမျိုးသမီး၊ နောက် ၁၅ နှစ်ကျော်အကြာမှာ ဗြိတိသျှ သံအမတ်ကြီး အဖြစ်နဲ့ တကျော့ပြန် ရောက်လာသူက သဘောကျသွားပြီး ကျွန်တော်နဲ့ ပြန်လည်ညှိနှိုင်းကာ အချောသတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကပေါက်တိ ကပေါက်ချာ အင်္ဂလိပ်လို ဘာသာပြန်ချက်ကို သူက တကယ့် အင်္ဂလိပ်လို ဖြစ်သွားအောင် ချောပေးခဲ့တာလို့ ဆိုနိုင်ပါလိမ့်မယ်။

နောက်တော့ သူအဖမ်းခံရ၊ သူ အဲဒီ့ကဗျာကို ရေးတာမှန်း တပြည်လုံး သိကြရပေါ့။

သူ့အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့ သိကျွမ်းခင်မင်တယ်။ သူ့ဒုတိယအစ်ကို ဆရာသုမောင်က ကျွန်တော့်ရဲ့ အလင်းတန်း ဂျာနယ်ပါ “ကျောက်ခဲကြီးများ” ဘာသာပြန်စာမူကို သဘောကျလို့ အလင်းတန်း ဂျာနယ်မှာပဲ “အတ္တကျော် ချီးမွမ်းခန်း” ဆိုတဲ့ စာတပုဒ်ရေးလိုက်တဲ့အတွက် ကျွန်တော် သွားကန်တော့ရင်း ခင်မင်လာခဲ့တယ်။ သို့တိုင်အောင် သူနဲ့ကျတော့ လူချင်း မသိခဲ့ပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် သူ့ရဲ့ အောင်မြင်တဲ့ ဝတ္ထုတွေလည်း တပုဒ်ဆို တပုဒ်မှ မဖတ်ဖူးဘူး။

သည်လိုနဲ့ ကျွန်တော်လည်း စာပေနယ်မှာ နေရာလေးတနေရာ ရလာပါတယ်။ ကျွန်တော့် လုံးချင်းတွေလည်း သူ့ဟာနဲ့သူ အောင်မြင်လာပါတယ်။ အဲလို အချိန်ကျတော့မှ သူနဲ့ စတွေ့ရပါတယ်။ ခုနှစ်တော့ မမှတ်မိဘူး။ ၂၀၀၃ ခုနှစ် ဝန်းကျင် ဖြစ်ပါလိမ့်မယ်။ နေရာတော့ မှတ်မိတယ်။ ဗိုလ်ချုပ်လမ်းနဲ့ လွစ္စလမ်း (ဆိပ်ကမ်းသာလမ်း)ထောင့်က အာရှ ပလာဇာမှာ ဖြစ်ပါတယ်။

အဲတုန်းက Forever က ရုပ်သံလိုင်း မရောက်သေးဘဲ ebook ထုတ်နေချိန်ပါ။ ကျွန်တော့် စာအုပ်တွေကိုလည်း Forever က ebook အဖြစ် ယူထုတ်ခဲ့ပါတယ်။ (ကနေ့ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ကျွန်တော့် စာအုပ် ebook တွေ အားလုံးဟာ Forever ရဲ့ ကျေးဇူးပါပဲ။)

အဲဒါ ဘယ်နှနှစ်မြောက်တော့ မမှတ်မိဘူး။ အိုလံပစ် ပလာဇာမှာ Forever က ebook မိတ်ဆက်ပွဲ လုပ်တယ်။ အဲဒီ့ပွဲကို ဖိတ်တော့ ကျွန်တော်လည်း ရောက်သွားပါတယ်။ ပွဲအပြီးမှာ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ဘယ်သူတွေ ပါလဲဆိုတာ လည်း ကျွန်တော် မမှတ်မိပြန်ဘူး။

သို့ပေမယ့် ကဗျာဆရာအောင်ဝေးက တချီသားမှာ ကျွန်တော့်ကို ပြောပါတယ်။

“ခင်ဗျား ရသရေးလည်း ကောင်းရဲ့သားနဲ့ဗျာ၊ ရသတွေ ရေးစမ်းပါဗျ”တဲ့။

ကျွန်တော် ဘာပြန်ပြောရမှန်း မသိလို့ ရယ်ကျဲကျဲ လုပ်နေတုန်းမှာ ဝိုင်းထဲမှာ ထိုင်နေတဲ့ တိုက်ပုံနဲ့ အသားညိုညို၊ အကောင်သေးသေး ဆရာတယောက်က ဝင်ပြောပါတယ်။

“သူ အခု ရေးနေတာတွေလဲ ရသတွေပဲလေ”တဲ့။

အဲဒီ့ဆရာကို ကျွန်တော် မသိပါဘူး။ လူစုကွဲတော့မှ အဲဒါ ဘယ်သူလဲလို့ အနားကတယောက်ကို ကပ်မေးလိုက်မိပါတယ်။

“ဆရာ မင်းလူလေဗျာ… ခင်ဗျား မသိဘူးလား”

သေဟဲ့ နန္ဒိယပေါ့။ ကျွန်တော်တို့များ ထူမလိုလိုနဲ့ အတော် န ပုံ ပြောပါတယ်။

အဲဒီ့နောက်မှာတော့ သင်္ဃန်းကျွန်း သာဓုခြံကို ရောက်တိုင်း သူတို့ ညီအစ်ကို လေးယောက်နဲ့ တွေ့ရပါတယ်။

အစ်ကိုကြီး မောင်ဝဏ္ဏနဲ့က ကျွန်တော် ဥရောပ သမဂ္ဂမှာ လုပ်နေစဉ် ဥရောပ ရုပ်ရှင်ပွဲတော်အတွက် သွားဖိတ်ကြားရင်း သိကျွမ်းခဲ့တာ။ ဆရာသုမောင်နဲ့က အထက်မှာ ပြောခဲ့တဲ့အတိုင်း။ ကိုရူပကျတော့ တမျိုး။ ကိုရူပက “ဒေါ်လေးဝေ”ရယ်လို့ ချစ်စနိုးခေါ်တဲ့ ကိုရူပရဲ့ ဇနီးက ကျွန်တော်နဲ့ တက္ကသိုလ်တုန်းက တတန်းတည်း။ သူ့အိမ်က အဲဒီ့အချိန်က ကျွန်တော့်ကား ဘော်ဒီဆိုင်နဲ့ ကပ်လျက်မှာမို့ ကားဘော်ဒီဆိုင် ရောက်ရင် သူတို့အိမ် ဝင်လည်၊ ထိုင် လေပန်းရင်း နေခဲ့တာမို့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့ အတန်းဖော်သူငယ်ချင်းပေါ့။ ဘယ်လောက်ရင်းနှီးလဲဆိုရင် သူ့နာမည် ဝေဝေသက်ကို ကျွန်တော်က “ဝေသက်… ဝက်သေ”လို့ ခေါ်တဲ့အထိပါပဲ။

 အဲဒီ့အချိန်မှာ အစ်ကိုကြီး ကိုဝဏ္ဏက စိတ်ကျတဲ့ ဝေဒနာ ခံစားနေရပြီး ဆေးကုနေချိန်ဖြစ်နေပါတယ်။ ကျွန်တော် သတိထားမိလိုက်တာက ဆေးတင် မဟုတ်ဘဲ စကားပြောဖို့ပါ လိုတယ်လို့ သိလိုက်ပါတယ်။ ဒါနဲ့ တာဝန်တခုလို ကိုယ့်ဘာသာ သတ်မှတ်ကာ အစ်ကိုကြီးဆီကို နေ့စဉ် ပုံမှန် သွားပြီး စကားတွေ ထိုင်ပြောခဲ့ပါတယ်။ အစ်ကိုကြီးကလည်း ကျွန်တော်နဲ့ စကားပြောရတာ ခံတွင်းတွေ့ပုံပါပဲ။

 သူတို့ ညီအစ်ကို လေးယောက်က တအိမ်နဲ့ တအိမ် မဝေးလှပေမယ့် အကိုကြီးဆီ အခါ ၂၀ လောက်ရောက်မှ ကိုရူပတို့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်ကို တခေါက်လောက် ရောက်ပါတယ်။ ကိုရူပနဲ့ ဆရာမင်းလူနဲ့က အပေါ်ထပ် အောက်ထပ်နေကြတာမို့ ဆရာမင်းလူနဲ့လည်း ရံဖန်ရံခါ ဆုံပါတယ်။

 ခက်တာက သူက အချိန်ဇယားနဲ့ နေတဲ့သူ။ တညလုံး လုံးဝမအိပ်၊ မိုးလင်းတော့မှ အိပ်ပြီး မွန်းလွဲမှ ထ၊ ညနေ ငါးနာရီလောက်မှ လက်ဖက်ရည်ဆိုင် ထိုင်။ အဲသလိုဆိုတော့ သူနဲ့ သိပ်မဆုံဖြစ်ဘူး။ ကျွန်တော့် စာအုပ်သစ် ထွက်တဲ့အခါ လက်ဆောင်ပေးချင်တော့မှ တခုတ်တရ စောင့်ပြီး သူ့ကိုပေးရတာ။

 သူကလည်း သူ့စာအုပ်တွေ လက်ဆောင် ပြန်ပြန်ပေးပါတယ်။ ဒါပေသည့် ကျွန်တော် ငမိုက်သားက မဖတ်ဘူးဗျ။

 ၅

အစ်ကို မောင်ဝဏ္ဏကိုတော့ တကယ့် အစ်ကိုရင်း တယောက်လိုကို ကျွန်တော်က အတော်ချစ်ပါတယ်။ လေးလည်း လေးစားတယ်။

အစ်ကိုနဲ့က ခရီးလည်း မှတ်မှတ်ရရ သုံးခါ အတူသွားဖူးတယ်။ နှစ်ခါက စာပေ ဟောပြောပွဲတွေ။ ပထမ တစ်ခေါက်က သူရယ်၊ တွတ်ပီဆရာ ဆွေမင်း (ဓနုဖြူ)ရယ်နဲ့ ဓနုဖြူကို သွားကြတာပါ။ နောက်တစ်ပွဲက နတ္တလင်းမှာ၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)နဲ့ ဆရာ မြတ်သစ်တို့လည်း ပါလာခဲ့ပါတယ်။

အဲဒီ့နှစ်ပွဲ ကြားထဲမှာ ကျွန်တော့်သမီး မေမြို့မှာ ကျောင်းအိပ်ကျောင်းစားနေနေတာကို သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ပြန်ခေါ်လာပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံက သမီးကို ပြန်ပို့မယ်ဆိုတော့ အစ်ကိုက သူလည်း လိုက်လို့ရရင် လိုက်ချင်တယ်ဆိုတာနဲ့ အစ်ကိုပါ ပါတဲ့ ခရီးစဉ်ပါပဲ။ တကယ့် အမှတ်တရပါပဲ။ (ကျွန်တော်နဲ့ အကယ်ဒမီများဆိုပြီး အလျဉ်းသင့်ရင် ရေးပါဦးမယ်။ ခက်တာက ခပ်တည်တည်နဲ့သာ ရေးမှာ၊ ကျွန်တော်နဲ့ သိတဲ့ အကယ်ဒမီရှင်တွေက အစ်ကိုရယ်၊ သူ့ညီ ဆရာ သုမောင်ရယ်၊ ဒေါ်ချိုပြုံးရယ်၊ ဒေါ်ဆွေဇင်ထိုက်ရယ်၊ ဦးအောင်လွင်ရယ်တို့ပဲ ရှိတာပါ။)

ဒါ့ကြောင့် သူတို့ ညီအစ်ကို လေးယောက်အနက်မှာ အစ်ကိုကြီးနဲ့ ကျွန်တော်နဲ့က အရင်းဆုံးလို့ ပြောလို့ ရပါတယ်။ အစ်ကိုကြီးရဲ့ ဘဝတာ နောက်ဆုံး ရှစ်နှစ်မှာ ကျွန်တော်ဟာ အစ်ကို့နံဘေးမှာ တချိန်လုံး ရှိနေခဲ့တယ်။ အဲဒါကို ဆရာမင်းလူက သတိထားမိဟန် တူပါရဲ့။

ကျွန်တော့်ကို သူက တော်တော် ချစ်ချစ်ခင်ခင် ရှိတာကို ခံစားရတယ်။ သူ့စာကို ကျွန်တော်မှတ်မှတ်ရရ စဖတ်ဖူးတာကတော့ “စာပေ ကယ်ရီကေးချား”ပါပဲ။ စာပေနယ်က သူ ချစ်ခင်တဲ့ စာရေးဆရာ၊ ဆရာမတွေကို သူက ကျီစယ်ထားတဲ့ စာတွေပေါ့။ ကျွန်တော်တို့ ဇနီးမောင်နှံကိုပါ ထည့် ကျီစယ်ထားတာမို့ ကြည်နူးရပါတယ်။

ကျွန်တော့်ရဲ့ “တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်”စာအုပ်အတွက် သူ့ကို အမှာစာရေးပေးဖို့ ပြောတဲ့အခါ သူက အလွယ်တကူ ရေးပေးခဲ့သလို ရသစာပေအတွက် သူ ကျွန်တော့်လက်ကို အားထားတဲ့ စကားတွေလည်း ပါလာတာမို့ ဝမ်းနည်းမိရပြန်တယ်။ သူကသာ အားထားနေတာ၊ ကျွန်တော်က စာချောအောင် ရေးတတ်တာကလွဲလို့ ရသဘက်မှာ အဖြစ် မရှိမှန်း ကိုယ့်ကိုယ်ကိုယ် အသိဆုံးမို့ပါ။ အဓိကကတော့ ကျွန်တော် အပျင်းထူတာပါ။ ရသက အားစိုက်ရတယ်။ ကျွန်တော် ရေးချင်သလို လျှောက်ရေးနေတဲ့ စာတွေက အားစိုက်စရာ မလိုဘူး။ အဲတော့ အပျင်းထူပြီး အလွယ်လမ်း လိုက်နေတဲ့ ကျွန်တော်ပါ။ အဲလိုလူကိုမှ သူက ရသအတွက် အားထားတယ်ဆိုတော့ ငိုချင်တာပေါ့ဗျာ။

အစ်ကိုကြီး မရှိတဲ့နောက် သူနဲ့ ကျွန်တော်နဲ့ မလွှဲသာမှပဲ ဆုံဖြစ်တယ်။ ကျန်တဲ့အပိုင်းတွေ ထားပြီး ကျွန်တော် သည်စာကို ရေးဖြစ်တဲ့အကြောင်း အထိ ကျော်လွှားလိုက်ကြပါစို့ရဲ့။

သူ တိမ်းပါးသွားခဲ့တာ ၃ နှစ်ရှိပါပြီ။ သူမရှိတော့မှပဲ သူ့စာတွေ ဖတ်ဖြစ်တယ်။ ဒါလည်း စိတ်ကူးပေါက်မှ ဖတ်ဖြစ်တာပါ။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော် ဂျင်ချေလည်နေတာမို့ သူ့စာအပါအဝင် ရသ စာတွေ သိပ်မဖတ်ဖြစ်တော့တာ ကြာပါပေါ့။

အလုပ်များတဲ့ နိုင်ငံခြားသား တစ်ယောက်နဲ့ စကားစပ်မိတော့ အဲဒီ့မောင်က ကျွန်တော့်ကို မေးတယ်။ တနှစ် တနှစ်ကို အဲလို ရသစာအုပ် ဘယ်နှအုပ်လောက် ဖတ်ဖြစ်လဲတဲ့။ ကျွန်တော်က ဆယ်အုပ်လောက်တော့ ဖတ်ဖြစ်သေးတယ်လို့ ပြောတဲ့အခါ သူက ကျွန်တော့်ကို အားကျလိုက်တာတဲ့။ သူ့မှာ တနှစ်ကို နှစ်အုပ်၊ သုံးအုပ်တောင်မှ အနိုင်နိုင်တဲ့။

သူ့စကားကို ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့ ခေတ်မီကမ္ဘာကြီးက လိုချင်တပ်မက်စရာတွေ များပြား၊ ငွေနောက်ကို ဟပ်ထိုး ဟပ်ထိုးလိုက်ရင်း ကိုယ့်စိတ်ကိုယ် အစာကျွေးဖို့ ခက်ခဲနေတဲ့ ဘဝတွေကို ဖန်တီးထားတဲ့ ကမ္ဘာကြီးဖြစ်နေပြီလေ။ အမှန်တော့ ရသ ဖတ်တယ်ဆိုတာ စိတ်ကို အစာကျွေးတာပါ။

ကျွန်တော့်ဘဝက သူများထက် နည်းနည်း ပိုနိပ်တာက အချိန်အားလေးတွေ ရှိနေတတ်တာပါပဲ။ အပျင်းသာ မကြီးရင် စာရေး စာဖတ် တော်တော် လုပ်နိုင်မယ့် ဘဝမျိုးမှာ အေးအေးချမ်းချမ်း နေနေရပါတယ်။ ဒါပေသည့် ကျွန်တော်က အပျင်း အင်မတန်ကြီးတော့ တခါတလေ တနေသာ ကုန်သွားတယ်၊ ဘာမှ မည်မည်ရရ မလုပ်ဖြစ်၊ မဖတ်ဖြစ်၊ မရေးဖြစ် နေ့တွေကလည်း အများကြီးပဲ။ အလကားနေရင်း ကွန်ပျူတာရှေ့ ထိုင်ပြီး ဟိုဖတ်သည်ဖတ်၊ တောင်ရေး မြောက်ရေး လုပ်တာတွေတော့ ရှိသပေါ့။

ထားပါတော့ဗျာ။ စကားက လိုရင်းကို မရောက်တော့ဘူး။

မနေ့ကတော့ သူ့စာတအုပ်ကို မျက်စိနဲ့ ခလုတ်တိုက်မိတယ်။ သူ့ကို လွမ်းလွမ်းရှိတာနဲ့ အဲဒီ့ စာအုပ်ကလေးကို ကောက်ကိုင်မိသွားတယ်။

အားပါး…ကောင်းလိုက်တာ။ ကျွန်တော့်ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားရတဲ့ စာအုပ်။ သူ့စာအုပ်တွေ ကျွန်တော် အကုန် မဖတ်ဖူးပါဘူး။ အလွန်ဆုံးမှ ငါးအုပ်၊ ခြောက်အုပ်ပဲ ရှိပါလိမ့်မယ်။ အကုန်လုံး ဖတ်ပြီးမှ ပြောရင်တော့ ပိုကောင်းမှာပေါ့။ အကုန်မဖတ်ဘဲ ပြောရင် ဒေါသများ သင့်နေမလား မသိဘူး။

ဒါပေမယ့် ပြောချင်တယ်ဗျာ။ အဲဒီ့ စာအုပ်ဟာ မင်းလူရဲ့ မာစထာဖိ(စ်)၊ အကောင်းဆုံး လက်ရာပါလို့။

ဘာစာအုပ်လဲဆိုတော့ “ငှက်ကလေး”တဲ့။Bird

ကျွန်တော့်စိတ်ထဲမှာ သူ့အပေါ် ပထမဆုံး အမြင် မကောင်းခဲ့တာ ပြောခဲ့ပြီးပါပြီ။ ဒါပေသည့် “စာပေ ကယ်ရီကေးချား”ကို ဖတ်ပြီးတဲ့အခါ သူ့ရဲ့ အာဝဇ္ဇာန်းနဲ့ ဟာသအမြင်ကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

သူကွယ်လွန်ပြီးမှ ထွက်လာတဲ့ “တစ်ကိုယ်တော် မဂ္ဂဇင်း”မှာတော့ သူ့ကို အလေးမပြုဘဲ မနေနိုင်အောင် ဖြစ်ရတယ်။ သူမှ “စာရေးဆရာ”ဘွဲ့ကို ခံထိုက်သူလို့ မြင်တဲ့အတွက် “သို့… ဒေဝတာမြို့တော်”ဆိုတဲ့ သူ့ကို လွမ်းတဲ့ စာအုပ်ထဲမှာ အဲဒီ့အတိုင်း ရေးပြီး သူ့ကို လွမ်းခဲ့ဖူးပါတယ်။

နောက်ပိုင်း သူ့စာအုပ် နှစ်အုပ်ကို ဆက်ဖတ်ဖြစ်တယ်။ အချစ်ဝတ္ထု ရိုးရိုးလေးတွေကို ဟာသလေးနှောပြီး လွမ်းအောင် ရေးသွားတာလေးတွေမို့ စွဲစွဲမက်မက် မဖြစ်ခဲ့ဘူး။ သူ စာရေးကောင်းတာကိုတော့ ဘယ်လိုမှ အသိအမှတ် မပြုဘဲ မနေနိုင်ဘူးပေါ့။

 သူ့ဝတ္ထုတိုတွေကတော့ ပြောစရာ မလိုပါဘူး။ ပြောရမယ်ဆိုရင် သူ့ကို ဝတ္ထုရှည်ထက် ဝတ္ထုတိုရေးတာ ပိုကောင်းတယ်လို့တောင် အောက်မေ့နေခဲ့မိတဲ့အထိပါပဲ။

 ၉

“ငှက်ကလေး”နဲ့ တွေ့တော့မှ တကယ် ဖျားတော့တာ။

 ဇာတ်လိုက်က “ကိုယ်”၊ “ခိုင်”က မင်းသမီးလိုလိုနဲ့ ဇာတ်ပို့။ တကယ့် ဇာတ်လိုက်က အဖေနဲ့အမေ။

 မဖတ်ရသေးသူတွေ ဖတ်ရတာ အရသာမပျက်အောင် ဇာတ်ကြောင်းကို ကျွန်တော် မပြောတော့ပါဘူး။ စတုတ္ထအကြိမ်ထုတ် အဲဒီ့ စာအုပ် ကျောဖုံးက ကောက်စာတွေကိုပဲ ကူးပြပါရစေ။

ကိုယ်နှင့် မေမေ စကားပြောသည်။ ကိုယ်နှင့် ဖေဖေ စကားပြောသည်။ ဖေဖေနှင့် မေမေ စကားမပြောကြပါ။ ကိုယ်ရယ်၊ မေမေရယ်၊ ဖေဖေရယ် သုံးယောက်ဆုံပြီးတော့လည်း စကားမပြောကြပါ။ တစ်အိမ်ထဲမှာနေသော လူနှစ်ယောက်တို့ စကားမပြောကြခြင်းသည် ထူးဆန်းသည်ဟု ကိုယ်ထင်သည်။ ဖေဖေနှင့် မေမေတို့သည် ကိုယ့်ကို ဧည့်သည်လိုပါပဲ၊ တစ်ယောက် တစ်လှည့်စီ ဧည့်ခံသလို ဖြစ်နေသည်။ သို့သော်လည်း ကိုယ်သည် ဧည့်သည်တစ်ယောက် မဟုတ်ပြန်ပါ။ စဉ်းစားရ ခက်ပဲ ခက်လိုက်လှပါတော့သည်။

အဲဒီ့စာအုပ်ကို စာဖတ်သူ လူကြီးမင်း မဖတ်ရသေးရင် သည်ကောက်စာတွေကြောင့် စိတ်ဝင်စားသွားလောက်ပြီလို့ ထင်မိပါတယ် ခင်ဗျား။

၁၀

စာအုပ်ဖတ်အပြီးမှာ ပုံနှိပ်ရာဇဝင်ကို ပြန်ကြည့်ပြီး ကျွန်တော့်မှာ ထခုန်မိမတတ် ဖြစ်သွားခဲ့ရပါတယ်။

ကျွန်တော် ဖတ်နေတဲ့စာအုပ်က ဆိုခဲ့တဲ့အတိုင်း စတုတ္ထအကြိမ်၊ ၂၀၁၁ စက်တင်ဘာလထုတ်။

ပထမအကြိမ်က ၁၉၈၁ ခုနှစ် အောက်တိုဘာလတဲ့။

သူ့အသက်နဲ့ ချိန်ထိုးကြည့်မိတော့ သည်စာကို သူ ၁၉၈၁ ခုနှစ်က ရေးတာဆိုရင် သူ့အသက် ၂၇ နှစ်မှာ ရေးခဲ့တာပေါ့။ ဘုရား… ဘုရား…

သည်လူ ဘယ်လိုလူလဲ။ တတ်လှချေလား။

ကျွန်တော် တကယ်ကို ဖျားသွားပါတယ်။ သည်ဝတ္ထုဟာ ခါတိုင်း မင်းလူရေးနေကျလို့ ကျွန်တော်သိထားတဲ့ စာအုပ်မျိုး မဟုတ်ဘူး။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်”လို၊ မစန္ဒာရဲ့ “အရိပ်”လို ဝတ္ထုမျိုး ဖြစ်နေပါတယ်။

သည်ဝတ္ထုဖတ်ပြီး ကျွန်တော့်ရင်ထဲမှာ ဝေဒနာဖြစ် ကျန်ရစ်တယ်။

၁၁

အဲဒီ့ ဝေဒနာပေါ်မှာ နောက်တဝေဒနာ ထပ်ဆင့်ပြန်တယ်။

အဲဒါက နောင်တ။

၁၉၈၁ ခုနှစ်ဆိုတာ ကျွန်တော် စာအုပ်တွေ နင်းကန် ဖတ်လို့ ကောင်းနေတဲ့ ကာလ။ ဒါပေမယ့် သူ့ဝတ္ထုတွေကို ကျွန်တော် မဖတ်ဖြစ်ခဲ့။ အဲဒါကြီးကို နောင်တရနေမိပြန်တယ်။

ကျွန်တော်သာ သည်ဎတ္ထုကို စောစောစီးစီးက ဖတ်ဖြစ်ထားခဲ့ရင် သူ့ကို ကျွန်တော် မေးဖြစ်ခဲ့မှာတွေ အများကြီး ရှိနေပါတယ်။

ပထမဆုံး မေးခွန်းကတော့ သူ ဘာလို့ သည်ဝတ္ထုကို ရေးတာလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ နောက်တခုကတော့ ဘယ်လို စေတနာမျိုးက နှိုးဆွလို့ ရေးတာလဲ ဖြစ်မှာပါ။

သူဖြေမယ့် အဖြေတွေကို ကျွန်တော့်အထင်တွေနဲ့ တိုက်ကြည့်လို့ ရချင်လည်း ရသွားမှာပေါ့။ ဒါမှမဟုတ် သူကလည်း သူ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် ကွယ်ကွယ်ဖုံးဖုံးနဲ့ ကျွန်တော့်မေးခွန်းတွေကို လုံးလုံး ရှောင်ချင်လည်း ရှောင်သွားမှာပေါ့။ အဲဒီ့အခါကျတော့လည်း ကျွန်တော်က ရှေ့နေတို့ရဲ့ ပြန်လှန်စစ်မေးတဲ့ ပုံစံနဲ့ သူ့အဖြေတွေကို ညှစ်ထုတ်ရမယ်ဆိုလည်း တော်တော်တော့ ပျော်စရာ ကောင်းမှာပေါ့။

ကျွန်တော်အကြီးအကျယ် နောင်တရနေမိပါတယ်။ ကျွန်တော့်မှာ မေးခွန်းတွေ အများကြီး ကျန်နေသေးတယ်။ အဖြေပေးမယ့် သူကဖြင့် သည်လောကကြီးက ထွက်ခွာသွားတာတောင် သုံးနှစ်ရှိသွားပြီ။

ကျွန်တော် ရင်ခံနေတယ်။ အီလည်လည် ဖြစ်နေတယ်။ ကိုယ့်ပါးကိုယ်တောင် ရိုက်ချင်မိတဲ့အထိပါပဲ။

၁၂

နောက်ဆုံး အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးရင်လည်း သူကတော့ ဖြေမှာ မဟုတ်ပါဘူး။ သူ့ထုံးစံအတိုင်း ပြုံးစေ့စေ့နဲ့ မထုံတက်သေး လုပ်၊ ဒူးကလေး လှုပ်ရင်း “ကိုယ့်ဘာသာ ကြိုက်သလို စဉ်းစားပေါ့ဗျာ”လို့ ဖြေမှာလည်း သေချာပါတယ်။

အဲတော့လည်း မေးခွန်းကြီးသာ အဖတ်တင်ကျန်နေတော့မှာပါ။ ဒါပေမယ့်လည်း မမေးရ မနေနိုင်တဲ့ ကျွန်တော်က မေးဖြစ်အောင် မေးမိသွားဦးမှာလည်း သေချာပါတယ်။

သြော်… သည်စာကို ဖတ်နေတဲ့ စာဖတ်သူ လူကြီးမင်းများထဲမှာလည်း အဲဒီ့စာအုပ်ကို ဖတ်ထားပြီးတဲ့သူရှိရင် သူ့ကိုယ်စား ဝင်ဖြေပေး၊ ဝင်ဆွေးနွေးပေးပါလို့ တောင်းပန်ပါရစေလားခင်ဗျာ။

မဖတ်ရသေးသူများလည်း အဲဒီ့စာအုပ်ကို ဖတ်ကြည့်ပြီးတဲ့နောက် ကျွန်တော့် နောက်ဆုံး မေးခွန်းကို လာဖြေပေးကြမယ်ဆိုရင်လည်း ကျွန်တော်က အရမ်းကို ကျေးဇူးတင်မိမှာပါ။

ဟုတ်ကဲ့…

နောက်ဆုံးမေးခွန်းက ရိုးရိုးလေးပါ။

သည်ဝတ္ထုကို ဘာ့ကြောင့် “ငှက်ကလေး”ဆိုတဲ့ ခေါင်းစဉ် ပေးခဲ့တာပါလဲ။

အတ္တကျော်

(ရန်ကုန် – ၂၁၀၂၁၆)

စာကြွင်း

စာအုပ်ကို ဖတ်နေတုန်းက စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ရှိလိုက်ပေမယ့် ရေးချင်ဇောနဲ့ အထက်က စာတွေကို ချရေးပြီးတဲ့နောက် ကျန်ရစ်ခဲ့တာလေး ဖြည့်ပြောချင်ပါသေးတယ်။

အဲဒါကတော့ စာရေးလိုသူများအတွက် တနည်းတဖုံ အသုံးတည့်မယ်လို့ ထင်တဲ့ အချက်ကလေးပါ။

“ငှက်ကလေး”ကို ရေးသွားရာမှာ ဆရာမင်းလူရဲ့ ဝါကျဖွဲ့ပုံနဲ့ အရေးအသားပါ။ အဲဒီ့ အရေးအသားက ဇာတ်လမ်းကို လုံးဝ အထောက်အကူဖြစ်နေတဲ့အချက်၊ တစ်နည်းပြောရင် ဇာတ်လမ်းကို ပို့ပေးနေတဲ့ အချက်ပါပဲ။ ဇာတ်လမ်းကို ပြန်ပြောပြသူက အလယ်တန်းကျောင်းသားလေး “ကိုယ်”ပါ။ ဇာတ်လမ်းပြောသူရဲ့ ပညာရေးအခြေအနေက အလယ်တန်းသာ ရှိပါသေးတယ်။ သည်အတွက် ဇာတ်ကို ပြန်ပြောပြသွားရာမှာ သုံးသွားတဲ့ ဝါကျနဲ့ စကားပြေက ရိုးရိုးစင်းစင်း၊ လွယ်လွယ်ကူကူ၊ ရှင်းရှင်းလင်းလင်းလေး ဖြစ်နေတာကိုလည်း သတိမထားမိဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ တနည်းပြောရရင် အလယ်တန်းအဆင့် မြန်မာစာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သူ ကျောင်းသားလေးတယောက်ရဲ့ ရေးဖွဲ့နိုင်မှု ဘောင်ကို ကျော်မသွားပါဘူး။ (အထက်မှာ ကိုးကား ဖော်ပြခဲ့တဲ့ စာအုပ်နောက်ကျောဖုံးက ကောက်စာလေးကိုပဲ ဖတ်ကြည့်ရင်တောင် အဲဒီ့ အရေးအသားကို ကိုယ်တိုင် ခံစားကြည့်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။)

ဇာတ်လမ်းထဲမှာလည်း အဲဒီ့ ကျောင်းသားလေးက အတန်းပိုင် မြန်မာစာ ဆရာမ “တီချာမေ”ကို ချစ်ခင်လေးစားသလို ဆရာမ စာသင်တာ၊ စာစီစာကုံးလေ့ကျင့်ပြီး ရေးခိုင်းတတ်တာများကို ထည့်သွင်းထားတာမို့ အားလုံးက သူ့ယုတ္တိနဲ့သူ အတော် ဟုတ်နေခဲ့ပါတယ်။

ရသရေးတဲ့အခါ ပုံသဏ္ဌာန် (form) နဲ့ အကြောင်းအရာ (content) နှစ်ခုပါပါတယ်။ အကြောင်းအရာ ဘယ်လောက် ကောင်းနေနေ ပုံသဏ္ဌာန်လွဲနေရင် ရသမမြောက်နိုင်တော့ပါဘူး။

၁၉၉၀ ဝန်းကျင်က (ကိုကျော်ဇင်နဲ့ ကိုကျော်သန်းတို့ ဦးစီး စီစဉ်ပြီး ဆရာမောင်မြင့်မြတ် စာတည်းချုပ် လုပ်ခဲ့တဲ့) “သရဖူ”မဂ္ဂဇင်းမှာ အဲဒီ့ အကြောင်း ကျွန်တော် ရေးခဲ့ဖူးပါတယ်။ အဲတုန်းက ကွန်ပျူတာတွေ မတွင်ကျယ်သေး၊ ကျွန်တော်လည်း ကွန်ပျူတာ မသုံးနိုင်သေးတာမို့ စာမူမူရင်းက ကျွန်တော့်ဆီမှာ မရှိတော့သလို စာအုပ်လည်း ပျောက်နေပါပြီ။ အဲတုန်းက ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ရယ်၊ ဆရာမ မစန္ဒာရဲ့ အရိပ်ရယ်၊ ဆရာငြိမ်းကျော်ရဲ့ သမုဒယမော်ကွန်း တွင်ရစ်စေသတည်းရယ် ဝတ္ထုရှည်ကြီး သုံးအုပ်က ကလေးသဘာဝ အဖွဲ့တွေကို ကောက်နုတ် ထုတ်ပြကာ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ အရေးအသား (ပုံသဏ္ဌာန်) ကို ပရိသတ် မြင်သာအောင် ရေးပြခဲ့တာပါ။

ဆရာဘုန်းနိုင်နဲ့ ဆရာမ မစန္ဒာတို့ရဲ့ စကားပြေ ရေးဟန်က ပုံသေမဟုတ်ဘူး။ အကြောင်းအရာနဲ့ လိုက်ဖက်အောင် သွားနေတာ အဲဒီ့စာအုပ်တွေမှာ မြင်ရတယ်။ ဆရာငြိမ်းကျော်ရဲ့ ရေးဟန်က သူ့ဟန်ရယ်လို့ အသေသတ်မှတ်နိုင်လောက်အောင် ငြိမ်တယ်။ အဲဒီ့ အရေးအသား အငြိမ်နဲ့ကျတော့ ကလေးသဘာဝကို ဖတ်ရတာ ကလေးမဆန်တော့ဘဲ ဖတ်သူမှာ လေးလေးပင်ပင်ဖြစ်နေတာကို နှိုင်းယှဉ်ပြခဲ့ဖူးတာပါ။

တကယ်လို့သာ ၁၉၈၁ ခုနှစ် ပထမအကြိမ် ထုတ်ကတည်းက “ငှက်ကလေး” ကိုသာ ကျွန်တော် ဖတ်ခဲ့ဖူးမယ်ဆိုရင် ဆရာမင်းလူရဲ့ ရေးဟန်ကိုလည်း အဲဒီ့ စာမူထဲမှာ ကိုးကား ချီးပဖြစ်သွားမှာလည်း သေချာပါတယ်။

ဒါလည်း နောက်ထပ် နှောင်းနောင်တ တရပ်အဖြစ် ကျွန်တော့်ရင်မှာ ဖြစ်ကျန်ရစ်ခဲ့ပါသေးတယ် ခင်ဗျား။

No Charge

19 February 2016

Duriyaအခမဲ့

တစ်ညနေခင်းမှာပါ။ မအေလုပ်တဲ့သူက မီးဖိုချောင်ထဲမှာ ညစာအတွက် ချက်ပြုတ်ပြင်ဆင်နေတုန်း သားလေးက မအေ့နား ရောက်သွားပြီး သူရေးထားတဲ့ စာရွက်လေးတစ်ရွက်ကို မအေ့ဆီကမ်းလိုက်တယ်။ မအေလုပ်တဲ့သူက အနားမှာရှိတဲ့ လက်နှီးနဲ့ လက်ကို ခြောက်အောင် သုတ်လိုက်ပြီးတော့မှ သားပေးတဲ့ စာရွက်ကလေးကို ယူဖတ်လိုက်တယ်။ စာရွက်လေးပေါ်မှာတော့ သည်လိုရေးထားတယ်။

မြက်ရိတ်ခ
၅၀ဝ
ယခုတစ်ပတ်အတွက် ကိုယ့်အခန်းကိုယ်ရှင်းခ
၁၀ဝ
ဈေးဝယ်ပေးခ 
၅၀
အမေဈေးသွားနေစဉ် ညီလေးကို ထိန်းခ 
၂၅
အမှိုက်သွန်ခ
၁၀ဝ
အတန်းထဲမှာ ပထမရအောင် လုပ်ခ 
၅၀ဝ
နောက်ဖေးခြံတွင်းကို ပေါင်းသင်ရှင်းလင်းခ
၂၀ဝ
စုစုပေါင်း
၁၄၅၀

မအေက စာရွက်ကို ဖတ်အပြီးမှာ သူ့နံဘေးမှာ မျှော်လင့်တကြီးနဲ့ မအေကို မော်ကြည့်နေတဲ့ သားငယ်ကို ကြည့်လိုက်ရင်းက စဉ်းစားနေလိုက်ပါတယ်။ ပြီးတော့ မင်တံတစ်ချောင်းကို ကောက်ယူလိုက်တယ်။ သား ရေးထားတဲ့ စာရွက်ရဲ့ ကျောဘက်ကို လှန်လိုက်ပြီး လွတ်နေတဲ့ အဲဒီ့ ကျောဘက်မှာပဲ ရေးစရာရှိတာတွေ တန်းစီပြီး ချရေးလိုက်ပါတယ်။ 

ကိုးလလုံးလုံး သားကို မေမေ့ဝမ်းထဲမှာ လွယ်ထားခ    
အခမဲ့
သားနေမကောင်းတဲ့အခါတွေမှာ တစ်ညလုံးမအိပ်ဘဲ သားကို ပြုစုစောင့်ရှောက်ရင်း ဘေးရန်ကင်းရှင်းပါစေကြောင်း အခါခါ ဆုတောင်းခဲ့ရတာများအတွက်
အခမဲ့
သားအတွက်ကျရတဲ့ မေမေ့ မျက်ရည်တွေအတွက် 
အခမဲ့
အထက်အားလုံးကို ပေါင်းလိုက်ရင် ရလာမယ့် မေမေ့မေတ္တာ တန်ဖိုး 
အခမဲ့
သားအတွက်ပူပင်ကြောင့်ကြရတာတွေ၊ သောကရောက်ရတာတွေ   
အခမဲ့
ကစားစရာ၊ စားစရာ၊ ဝတ်စရာတွေနဲ့ သားရဲ့ နှပ်ကို သုတ်ပေးခများ 
အခမဲ့
စုစုပေါင်း မေမေ့မေတ္တာစစ်အတွက် ကျသင့်ငွေ  
အခမဲ့

အားလုံးကို ချရေးပြီးတော့မှ မအေက စာရွက်လေးကို သားဆီ ပြန် ပေးလိုက်ပါတယ်။ သားလေးက အမေရေးထားတာတွေကို ဖတ်ကြည့်ပြီးတဲ့နောက် မအေကို မော်ကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းထဲမှာ မျက်ရည်စလေးတွေနဲ့။ ပြီးတော့ သားက ပြောပါတယ်။

“မေမေ့ကို သားသိပ်ချစ်တာပဲ”တဲ့။

ပြီးတော့ မအေစောစောက ကောက်ကိုင်လိုက်တဲ့ မင်တံကိုယူတဲ့ပြီး သူ တင်ပြတောင်းဆိုထားတဲ့ စာရင်းအောက်မှာ စာလုံးကြီးကြီးနဲ့ ခပ်သွက်သွက်ချရေးလိုက်ပါတယ်။

“ငွေရှင်းပြီး”တဲ့။

Brian Adams ရေးတဲ့ No Charge ခေါင်းစဉ်ပါ စာတိုလေးကို ဆီလျော်အောင် ပြန်ဆိုပြလိုက်တာပါ။

ဖတ်လို့တော့ ကောင်းသားပဲနော်။

ဒါပေမယ့် ကျွန်တော် စဉ်းစားကြည့်နေမိတယ်။ ကျွန်တော်တို့လည်း ငယ်ငယ်တုန်းက မအေဖအေဆီက လုပ်ခတွေ တောင်းဖူးတယ်။ ကျွန်တော့်သားသမီးတွေလက်ထက် ရောက်ပြန်တော့လည်း သားတွေသမီးတွေက ကျွန်တော်တို့ဆီက လုပ်ခတွေ တောင်းဖူးတယ်။ အထူးသဖြင့် ဖအေ၊ မအေကို နင်းနှိပ်ပေးတဲ့အခါတွေမှာ သူတို့လေးတွေကို အခကြေးငွေ ပေးရတယ်။

သူတို့က တောင်းတတ်သွားတာလား၊ သူတို့ တောင်းတတ်လာအောင် ကျွန်တော်တို့ မိဘတွေဖက်က စပြီး သူတို့ကို ပိုက်ဆံနဲ့မျှားခဲ့ မိတာလားဆိုတာ ကျွန်တော့်စိတ်ထဲမှာ သိပ်မသေချာဘူးဖြစ်နေတယ်။

ကျွန်တော်တို့ ကလေးဘဝတုန်းကရော။ ကျွန်တော်တို့က အလိုလို တောင်းတတ်သွားတာလား၊ တောင်းတတ်အောင် ကျွန်တော်တို့ မိဘတွေကပဲ ငွေနဲ့မျှားခဲ့တာလား။ ဒါလည်း သိပ်မသေချာလှပြန်ဘူး။

စာဖတ်သူလူကြီးမင်းများရော၊ ဘယ်လို စဉ်းစားမိကြပါသလဲ။ အဖြေတစ်ခုခုကိုတော့ ကျွန်တော့်ကို “အခမဲ့”ရှာပေးကြပါလားဗျာ။

(အတွေးသစ်ဂျာနယ်၊ ၂၀ဝ၃ ခုနှစ် ဧပြီ ၂၈ – အတွဲ ၃၊ အမှတ် ၁၃၀) ၂၀၀၄ ခုနှစ် ဇန္န၀ါရီလထုတ် အတ္တကျော်ရဲ့ ဘဝတူရိယာ (မောဟပြေ ပုံတိုပတ်စများ ၂ စာအုပ် စာမျက်နှာ ၁၃၃ မှာ ဖော်ပြထားပါတယ်၊)

ဘ၀တစ်ကွေ့ ခဏတွေ့လိုက်တဲ့ ဆရာဇော်

28 January 2016

zaw-zaw-aungဆရာငြိမ်းကျော်ဆီ မကြာခဏ ရောက်ဖြစ်နေခဲ့တာ ၁၉၉၀ ပြည့်လွန်စ နှစ်များမှာ ဖြစ်ပါတယ်။ အဲတုန်းက ကျွန်တော် ဆူဒိုနင် ဖြစ်စပြုနေပါပြီ။ အတ္တကျော် ဖြစ်လာဖို့တော့ ဆယ်နှစ်လောက် လိုပါသေးတယ်။ ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုတွေကို စွဲလန်း နှစ်သက်ခဲ့ရာက ဆရာ့ဆီ ရောက်သွား၊ ဆရာ့နားမှာနေ၊ ဆရာပြောတာတွေ နာယူမှတ်သားပေါ့။

စကားစပ်လို့ ပြောရရင် ဆရာငြိမ်းကျော်က လက်ရေးလက်သား အင်မတန် သပ်ရပ်လှပသူပါ။ မင်အနက်နဲ့ အမြဲရေးပါတယ်။ မင်နက်သုံးသူဟာ စာရေးတာ မသပ်ရပ်ရင် အတော့်ကို အကြည့်ရဆိုးလှပါတယ်။ စကားစပ်လို့ပဲ ဆက်ပြောရရင် အဲလို မင်အနက်နဲ့ မသပ်မရပ်အနိုင်ဆုံး ဆရာကတော့ ဆရာ မောင်ဝဏ္ဏပါပဲ။

တစ်ရက်မှာ ဆရာငြိမ်းကျော်နဲ့ ကျွန်တော် ဘာကြောင့်မှန်း မသိ၊ အပြင်ထွက်ဖြစ်ကြပါတယ်။ သေချာတာကတော့ ၁၉၉၄ ခုနှစ် မတိုင်ခင် တစ်ချိန်မှာ ဖြစ်ပါတယ်။ ပြီးတော့ သောက်ဖြစ်တာက အရင်လား၊ နောက်မှ သောက်ဖြစ်တာလား မသိဘူးခင်ဗျ။ ဆရာ ဇော်ဇော်အောင့်ရဲ့ ကျိုက်ဝိုင်းဘုရားလမ်းနေအိမ် မြေနေရာလွတ်မှာ ဖွင့်ထားတဲ့ ဆိုင်ကလေးကို ရောက်သွားပါတယ်။ ဆရာဇော်နဲ့ ပထမဆုံး စတင် တွေ့ဆုံဖူးခြင်းပါပဲ။

ဆရာငြိမ်းကျော်နဲ့ ဆရာဇော်ဇော်အောင်တို့က အလွန်ရင်းနှီးကြသူတွေပါ။ ဟုတ် မဟုတ်တော့ မသိဘူး၊ ကြားဖူးတာကတော့ သူတို့ နှစ်ယောက်ဟာ အဲဒီ့ခေတ် အပစ်အခတ် အညှစ်အသတ် ၀တ္ထုတွေ၊ အချစ်အလွမ်း ၀တ္ထုတွေကို အားမရကြဘူး။ ဇာတ်အိမ်ရော၊ အရေးအသားကိုပါ အားမရတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး တစ်ယောက်က အချစ်ရေးမယ်၊ တစ်ယောက်က စုံထောက်ရေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စာပေနယ်ထဲကို ၀င်ချလာကြတယ်ဆိုတာပါပဲ။ နှစ်ယောက်စလုံးနဲ့ သိကျွမ်းခင်မင်ခဲ့ပါလျက်နဲ့ အဲလို ကြားဖူးခဲ့တာ မှန်မမှန် ပြန်မမေးခဲ့မိတာကို အခု သည်စာရေးတော့မှ နောင်တက ရနေမိရသေးတယ်။

သေချာတာကတော့ နှစ်ယောက်စလုံးရဲ့ စာအုပ်တွေ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်ချင်းက တစ်ထပ်တည်း နီးပါး တူနေခဲ့တာပါပဲ။

အဲ… ဆရာဇော့်ကို တွေ့ဖူးတော့ မြင်မြင်ချင်း ခင်မင်လေးစားသွားခဲ့ပါတယ်။ အသားညိုညို အရပ်ပြတ်ပြတ်နဲ့ ဆေးပေါ့လိပ် ခဲထားတဲ့ ဆရာ့ရဲ့အသွင်အပြင်က ပကတိ အညာသား ရိုးရိုးဘွင်းဘွင်းကြီးပါပဲ။ ဆရာက မုံရွာနယ်က ဆိုတာနဲ့ ကျွန်တော်လည်း ဆွေမျိုးစပ်ပါတယ်။ ကျွန်တော့်အိမ်သူက မုံရွာသူဖြစ်တဲ့အပြင် သူ့ဆွေမျိုးတွေက မြို့မှာ လူသိများတာမို့ ပြောလိုက်တာနဲ့ ဆရာက တန်းသိပါတယ်။ ကျွန်တော်အိမ်ထောင် မကျခင်ကတည်းက ကွယ်လွန်နှင့်ခဲ့သူ ကျွန်တော့် ယောက္ခထီးက ဆရာနဲ့ ခင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဲဒီ့နှစ်များမှာ ဆရာ့အိမ်ကို ကျွန်တော့်အိမ်သူနဲ့အတူလည်း တစ်ခေါက် နှစ်ခေါက် ရောက်ဖြစ်ခဲ့သေးတယ် ထင်ပါတယ်။ (သိပ်မမှတ်မိတော့ဘူးဗျ။ ကျွန်တော့် ဟာ့ဒစ်[စ်][ခ်]က ဘက်[ဒ်]ဆက္ခထာတွေနဲ့လေ။)

အဲဒီ့နောက်တော့လည်း ဆရာနဲ့ မဆုံဖြစ်တော့ပြန်ပါဘူး။ နှစ်တွေ အတော်ကြာတော့မှ ပြန်ဆုံတော့လည်း ဆရာက တန်း မှတ်မိပါတယ်။ ဆရာကိုတာနဲ့အတူ ဆရာ့ဆီ ရောက်ဖြစ်ခဲ့စဉ်က ဖြစ်ပါတယ်။ အချိန်ကာလတော့ မမှန်းဆတတ်တော့ဘူး။

zaw_zaw_aungမှတ်မှတ်ရရ ဆရာမောင်ဝဏ္ဏ မကွယ်လွန်ခင် ၈ နှစ်-၉ နှစ်လောက်မှာ ဆရာ မောင်ဝဏ္ဏက အိမ်တွင်းမှာ နှစ်ရှည်လများ အောင်းနေခဲ့ရာက အပြင်ထွက်ချင်လာတဲ့အခါ ဆရာဇော့်ဆီ သွားရအောင်လို့ ပြောတာနဲ့ ကျွန်တော်နဲ့ နှစ်ယောက်သား ဆရာဇော့်ဆီ ရောက်သွားခဲ့ကြပါသေးတယ်။ ဆရာဇော့်ကို ခေါ်ထုတ်ပြီး ဆရာ့အိမ်နဲ့ မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပြီး သူတို့ နှစ်ယောက် လေပစ်ကြတာကို ထိုင်မော့ပါတယ်။ အဲတုန်းကလည်း ဆရာမမာဘူးလို့ ကြားခဲ့ကြလို့ သွားဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နိုင်တဲ့အထိ ပြန်ပြီး ထူထူထောင်ထောင်ဖြစ်နေပါပြီ။

အဲဒါ ဆရာဇော်နဲ့ နောက်ဆုံး အတူထိုင်ခဲ့ဖူးခြင်းပါပဲ။ နောက်ပိုင်း ဆရာ မမာဘူးလို့ ကြားလိုက်ရပြန်သေးတယ်။ နောက်ကျတော့ ဆရာသုမောင်ရဲ့ ရက်လည်ဆွမ်းကျွေးမှာလား မသိ၊ ဆရာ့ကို ဆုံလိုက်ပါသေးတယ်။ အဲတော့ ဆရာက တုတ်ကောက်နဲ့ လူငယ်တွေက ဆရာ့ကို တွဲလို့။ ဆရာ့ကို နှုတ်ဆက်တော့ ဆရာက ကျွန်တော့်အိမ်သူ နေကောင်းလားလို့တောင် ပြန်မေးသွားသေးတယ်။ အဲဒါ ဆရာဇော့်ကို နောက်ဆုံးတွေ့လိုက်ခြင်းပါပဲ။

ဘာပဲပြောပြော ဆရာဇော်က ဆရာမောင်ဝဏ္ဏ၊ ဆရာသုမောင်၊ ဆရာငြိမ်းကျော်တို့ထက် လူ့ဘ၀မှာ ပိုပြီး ကြာကြာနေသွားလိုက်ရတာလည်း အမှန်ပါပဲ။ အဲဒါကို ဆရာမောင်ဝဏ္ဏသာ ရှိနေ၊ သိနေဦးမယ်ဆိုရင်တော့ သူက မိန်းမစကား နားထောင်တာကိုးဗျလို့ တဟားဟားနဲ့ ရယ်ပြီး ပြောလေမလားပဲ။

သည်ဆရာတွေနဲ့ သိခွင့်၊ စကားပြောခွင့်၊ ခင်မင်ရင်းနှီးခွင့်  ရခဲ့တာလေးတွေက ကြည်နူးစရာ အမှတ်တရလေးတွေပါ။ သို့သော် ဆရာ မောင်ဝဏ္ဏနဲ့ ဆရာမင်းလူ ညီအစ်ကို နှစ်ယောက်ကလွဲရင် ကျန်တဲ့ ဆရာတွေ မမာချိန်၊ သူတို့ရဲ့ နောက်ဆုံး အချိန်တွေမှာ အနားမှာ ရှိခွင့် မကြုံခဲ့ပါဘူး။

ခုတော့လည်း အားလုံးက လွမ်းစရာတွေ ဖြစ်ကုန်ပြီပေါ့ဗျာ။

ဆရာက အလံနီ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူလို့ သူများတွေ ပြောသံ ကြားဖူးပါတယ်။ အဲဒါကို ကျွန်တော် စိတ်မ၀င်စားခဲ့ဖူးပါဘူး။ ဆရာ့ကို မြန်မာစာနှံ့စပ်တဲ့ တက္ကသိုလ်ဆရာတစ်ယောက်၊ စာရေးဆရာကြီး တစ်ယောက်အနေနဲ့သာ မြင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဖြတ်သန်းတဲ့ခေတ်က အဲဒီ့အရောင်တွေက နည်းနည်း စကားပြောချင်တယ်။ ကျွန်တော့်ကိုတောင် တချို့က အလံနီတွေနဲ့ ပေါင်းနေတယ်လို့ အစွပ်စွဲခံခဲ့ရဖူးတယ်။ ကျွန်တော်ကိုယ်တိုင်က သိပ်နားမလည်ပါဘူး။ ဘာတွေ လာပြောနေမှန်းလည်း မသိဘူး။

ကျွန်တော်သိတာက ပုံနှိပ်စာလုံးတွေကို ဖန်တီးထုတ်လုပ်ထားတဲ့ ကျွန်တော် လေးစား၊ အားကျ၊ အထင်ကြီးရတဲ့ စာရေးဆရာတွေပဲလေ။

ဗမာတွေကတော့ ဗမာပီသစွာ ဂိုဏ်းဂနစိတ် ခပ်ကျဉ်းကျဉ်းနဲ့ စာပေနယ်မှာလည်း အုပ်စုဖွဲ့ချင်တတ်ကြတယ်လို့ပဲ အောက်မေ့ မိရပါတယ်။ အဲဒီ့ခေတ်က အလံနီက တစ်အုပ်စု၊ ဗကပက တစ်အုပ်စုပေါ့။ ကျွန်တော်ကတော့ ဘယ်သူ ဘာမှန်း သိပ်သိတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော် ဖတ်လို့ရတဲ့ စာရေးဆရာ၊ ဖတ်လို့ မရတဲ့ စာရေးဆရာပဲ ရှိပါတယ်။

စာပေဝေဖန်ရေး ခေါင်းစဉ်တပ်ပြီး အားအားရှိ ကွန်မြူနစ်ပေတံကြီးဖြစ်တဲ့ ပြည်သူဆိုတာကြီးနဲ့ ထုတ်ထုတ်တိုင်းတဲ့ အကျော်အမော် ဝေဖန်ရေးဆရာကြီးရဲ့ စာတွေဆိုရင် မသတီဘူး။ တစ်ခါ နှစ်ခါ ဖတ်ပြီး မဖတ်ဖြစ်တော့ဘူး။ အပျော်ဖတ်ဝတ္ထုတောင်မှ ပြည်သူ့ဘက်က မရပ်တာတွေ၊ ပြည်သူကို အကျိုးမပြုတာတွေ လျှောက်ပြောတတ်တဲ့ သူ့ဝစီစရိုက်ကို ကျွန်တော်မှ မခံစားတတ်တာလေ။

ဆရာဇော့်စာတွေကိုတော့ ကြိုက်တယ်။ အထူးသဖြင့် သူ့ရဲ့ စိတ်အလျဉ်ရေးနည်းနဲ့ လွှတ်ရေးသွားတဲ့ ၀တ္ထုပုံစံတွေက ဆန်းသစ်နေတော့ အတော်လေး ကြိုက်မိပါတယ်။

သို့သော် ဆရာကြီးရွှေဥဒေါင်း၊ ဆရာ သော်တာဆွေ၊ ဆရာ ၀င်းဦး၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာငြိမ်းကျော်တို့လိုတော့ ကျွန်တော့်အပေါ်မှာ ဆရာ့ အရေးအသားတွေက သြဇာ သက်ရောက်မှု မရှိခဲ့တာလည်း အမှန်ပါပဲ။ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းရရင် ဆရာ့စာတွေကို ကြိုက်ခဲ့တာက သူနဲ့ ခေတ်ပြိုင် ဆရာအောင်သင်းရဲ့ စာတွေကို ကြိုက်တာမျိုးနဲ့ တယ်မကွာပါဘူး။

ခုတော့ သည်ဆရာကြီး နှစ်ပါးလုံး လူ့ပြည်မှာ မရှိရှာကြတော့ဘူး။ ဘုံတစ်ဘုံဘုံ၊ ဘ၀တစ်ဘ၀ဘ၀မှာ သည်ဆရာကြီးနှစ်ယောက် ပခုံးချင်းဖက်ပြီး တဟားဟား ရယ်ပဲနေကြလေမလား၊ ဒါမှမဟုတ် ရန်ပဲ ထ ဖြစ်နေကြလေမလား ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါပေမယ့် အားလုံးကတော့ သံသရာခရီးကို ဆက်နှင်နေကြဆဲပါလေ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

( နေပြည်တော် -၂၈၀၁၁၆)

39-Day Prayer

25 December 2015

၃၉ ရက် မေတ္တာပို့ အဓိဋ္ဌာန် ဂါထာ

————————————————

 ခေါင်းစဉ်ဖတ်ပြီး “အတ္တကျော်”တစ်ယောက်တော့ လိုင်းပြောင်းသွားပြီလို့ မအောက်မေ့လိုက်ကြပါနဲ့။ ကျွန်တော် လိုင်းမပြောင်းတာကို လူကြီးမင်းများ အဆုံးအထိ ဖတ်ပြီးရင် သိလာကြပါလိမ့်မယ်။

မောင်နဲ့နှမ၊ သားနဲ့အမိ၊ လင်နဲ့မယား၊ အလုပ်ရှင်နဲ့ဝန်ထမ်း၊ ကိုယ်နဲ့ ကိုယ့်မိတ်ဆွေအစရှိတဲ့ ဆက်ဆံရေးဟူသမျှမှာ သူ့ကြောင့် ကိုယ့်စိတ် အနှောင့်အယှက်ဖြစ်ရတာ၊ ကိုယ့်ကြောင့် သူ့စိတ် မကြည်မသာ ဖြစ်ရတာတွေကို ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

တစ်ယောက်ယောက်ကို မကျေနပ်ဖြစ်သွားတိုင်း “ခွင့်လွှတ်လိုက်ပါ၊ မေတ္တာသာ များများပို့”ဆိုတဲ့ စကားကို ခဏခဏ ကြားဖူးကြမှာပါ။ ပြောလိုက်သူအတွက် အပြောရ လွယ်ကူလှသလောက် နာရသူအတွက်တော့ အင်မတန့်ကို ခက်ခဲလှပါတယ်။ အထူးသဖြင့် ခွင့်လွှတ်ဖို့ လွယ်ကူချင်တယ် ဆိုဦးတောင် “မေတ္တာပို့ဖို့”ကတော့ တော်တော့်ကို ခက်နေတတ်ပါတယ်။

ဘာကြောင့် ခက်တာလဲဆိုတာကို သုံးသပ်ကြည့်ကြရအောင်လား။

စာဖတ်သူများ အသေအချာ စဉ်းစားကြည့်ပါ။

တစ်ယောက်ယောက်က ကိုယ့်ကို အနာတရ ဖြစ်အောင် လုပ်လိုက်တဲ့ အခါ သူ့ကို မေတ္တာထားနိုင်ဖို့အတွက်က သူ့လုပ်ရပ်ကို မေ့ဖျောက်လိုက်ရ ပါတော့မယ်။ အဲဒါကြီးကိုမှ မေ့ဖျောက်ဖို့ဆိုတာက အင်မတိ အင်မတန် ခက်ခဲတတ်ပါတယ်။ ပြုလိုက်သူမှ တစ်ခဏ၊ ခံရသူမှာ တစ်ဘဝ ဆိုသလိုပါပဲ။ ခံလိုက်ရသူအတွက် မေ့ဖျောက်ပစ်ဖို့ အသည်းအသန် ကြိုးစားလေလေ၊ ပိုပြီး တနုံ့နုံ့ တွေးမိလေလေ ဖြစ်နေတတ်ပါတယ်။

တကယ်လို့များ တစ်ယောက်ယောက်က ကိုယ့်ကို “အနီရောင် ဆိုတာ ကိုမေ့လိုက်စမ်းပါ”၊ “အနီရောင်ဆိုတာကို မေ့လိုက်စမ်းပါ”၊ “အနီရောင်ဆို တာကို မေ့လိုက်စမ်းပါ”လို့ အထပ်ထပ် ပြောလာတယ် ဆိုပါစို့။ သူပြောတဲ့အတိုင်း ဘယ်လောက် ကြိုးစားပြီး မေ့ကြည့်ကြည့်၊ မျက်စိထဲမှာ ဖြစ်ဖြစ်၊ အတွေးထဲမှာ ဖြစ်ဖြစ် အဲဒီ့ အနီရောင်ကိုမှ မြင်နေ၊ တွေးနေဖြစ်တော့မှာ အသေအချာပါပဲ။

အဲသလိုပဲ စိတ်ခံစားမှုတွေနဲ့ ပြွမ်းတီးနေတဲ့ နာကျည်းစရာ၊ ဒေါသထွက်စရာ၊ စိတ်ထိခိုက်စရာ ဖြစ်ရပ်တစ်ခုခုကို ဇွတ်အတင်း မေ့ဖျောက်ဖို့ ကြိုးစားတဲ့အခါမှာလည်း ကြိုးစားလေ၊ မမေ့နိုင်လေဖြစ်နေတတ်ပါတယ်။

အဲတော့ အဲလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရတဲ့အခါမှာ ဘာလုပ်သင့်လဲ ဆိုတာကို ဆက်စဉ်းစားကြရအောင်။

ခွင့်လွှတ်လိုက်ပြီး မေ့ဖျောက်တာထက် စာရင် ခွင့်လွှတ်ပြီးတော့ အရှိအတိုင်း လက်ခံလိုက်တာက ပိုကောင်းပါတယ်။

ကိုယ့်အိမ်ထောင်ဖက်က အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်လိုက်တာမျိုး၊ ကိုယ့်မိတ်ဆွေက ကိုယ့်ကို နင့်နင့်သီးသီး ပြောလိုက်တာမျိုး၊ ကိုယ့်မိဘက ကိုယ့်ကို မဦးမချွတ် ဆိုလိုက်တာမျိုး၊ တစ်ခုခုကြောင့် နာကျင် ခံစားရတဲ့အခါမျိုး၊ ကိုယ့်ကို မချစ်တော့ဘူး၊ မကြင်နာတော့ဘူး၊ တန်ဖိုး မထားတော့ဘူးလို့ ခံစားရတဲ့အခါမျိုးတွေမှာ ဘယ်လို လုပ်ပြီး ခွင့်လွှတ်ရမလဲ၊ အဲဒီ့ခံစားချက်ကို ဘယ်လို ဖျောက်ပစ်ရမလဲလို့ လူတိုင်း သိချင်မှာပါ။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ အဖု အထုံးဖြစ်လာတဲ့အခါ အဲဒါကို ဖြေဖျောက်ဖို့အတွက် ခွင့်လွှတ်မှု တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အရှိအတိုင်း လက်ခံလိုက်ဖို့ပါ လိုပါတယ်။

ဟာ… ဘာတွေ လာပြောနေတာလဲ၊ ဘယ်လို အရှိအတိုင်း လက်ခံရမှာလဲလို့ မေးမယ်ဆိုရင် ကျွန်တော့်မှာ အဖြေရှိပါတယ်။

ကိစ္စအတော်များများမှာ လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ ခက်ခဲနေတာဟာ ကိုယ်ကိုယ်၌က တစ်ခုခုကို စွဲနေလို့သာ ဖြစ်ရတာပါ။ အဲဒီ့အစွဲတွေကလည်း ကိုယ်ခံစားနေရတာ၊ ကိုယ်နာကျင်တာဟာ မှန်ကိုမှန်တယ်၊ တရားကို တရားတယ်ဆိုတဲ့ အစွဲ၊ ကိုယ့်ကို အလေးပေးသင့်တယ် ဆိုတဲ့အစွဲ၊ လူမှန်ရင် ဘယ်ကဲ့သို့ ဘယ်ချမ်းသာ လုပ်သင့်လုပ်ထိုက်တယ် ဆိုတဲ့အစွဲ၊ ကိုယ်ခံစားရသလို သူလည်း ပြန်ခံစားစေချင်တယ်ဆိုတဲ့ အစွဲ၊ လက်တုံ့ပြန်ချင်တဲ့ အစွဲတွေပဲ ဖြစ်ပါတယ်။

အဲတော့ အဲလိုအစွဲတွေကြားထဲမှာ နစ်နေမိတာနဲ့အမျှ ဆက်ဆံရေးမှာ ဖြစ်လာတဲ့ အဖုအထုံးကို ဖြေဖို့ ခက်ခဲနေတော့မှာပါ။

မီးခဲကိုဘယ်သူမှ လက်ထဲမှာ ကိုင်မထားပါဘူး။ အလားတူပဲ၊ လေးလံတဲ့ဝန်ကိုလည်း ဘယ်သူမှ ကြာကြာ ထမ်းပိုးမထားချင်ဘူး။ အမြန်ဆုံး ကိုယ့်လက်ထဲက လွှတ်ချလိုက်ချင်တဲ့သူချည်းပါပဲ။ ပူလောင်မှု၊ နာကျင်မှု၊ လေးလံမှုတွေအားလုံးကို မခံချင်ဘူးဆိုရင် လွှတ်ချလိုက်ဖို့က လိုလာပါပြီ။

သည်အခါမှာ တစ်ဖက်သားကို ခွင့်လွှတ်ပြီး မေတ္တာသာ များများ ပို့ ရတော့မှာပါ။ မေတ္တာပို့နိုင်ဖို့အတွက် အထက်က ပြောတဲ့ အစွဲတွေကိုလည်း လွှတ်ချလိုက်ရတော့မှာပါ။

ဟင်… ပြောပြန်ပြီ၊ သူပြောတော့ လွယ်လွယ်လေး။ သည်မှာ ရင်နဲ့ မဆန့်အောင် ခံစားနေရတဲ့သူက ဘယ်လိုလုပ် မေတ္တာပို့ရမှာတုန်းလို့ တွေးများ တွေးနေမိပါသလား။

ဟုတ်ပါရဲ့…

ကျွန်တော်ကိုယ်တိုင်လည်း သူများတကာက မေတ္တာသာ များများ ပို့ ဆိုလို့ ပို့ကြည့်တယ်၊ မအောင်မြင်ပါဘူး။ ကိုယ့်ဘက်က မေတ္တာ ပို့နေတယ် ဆိုကတည်းက သင်းကို ကိုယ်လို ပြန်ခံစားစေချင်၊ ကိုယ့်မေတ္တာတွေ စူးစေချင်တဲ့ ရည်ရွယ်ချက်ကြီးက နောက်က ထက်ချပ်လိုက်နေတော့ ပို့လည်း ပို့ပို့ပဲ၊ ဘာမှ မပြောင်းလဲဘူး။

ဘာလို့လဲဆိုတော့ မေတ္တာပို့လို့သာ ဘေးလူတွေက ပြောတတ်ကြတာ။ မေတ္တာပို့နည်းကျတော့ ဘယ်သူကမှ ကျကျနန သင်မှ မပေးတာကိုး။ အများ သိထားတဲ့မေတ္တာပို့နည်းကလည်း “အရှေ့အရပ်၌ရှိသော လူနတ်ဗြဟ္မာ အနန္တ သတ္တဝါ တို့…” အစချီတဲ့ တရားတော်လာ မေတ္တာပို့နည်း ဖြစ်နေတော့ ဒေါသတွေ၊ နာကျင်ထိခိုက်မှုတွေကို လတ်တလော ရင်ဆိုင်နေရသူ ပုထုဇဉ်အတွက်ရော၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက်ပါ တော်တော်လေး အခက်တွေ့နိုင်တဲ့နည်း ဖြစ်နေပါတယ်။ အဲဒီ့ မေတ္တာပို့နည်းအတိုင်း တကယ့် စေတနာသန့်သန့်နဲ့ (ဝါ) သင်းလည်း ငါ့လို ပြန်ခံစားရပါစေဆိုတဲ့ စိတ်မျိုး မပါဘဲ လေးလေးနက်နက် ရွတ်နိုင်မယ်ဆိုရင်တော့ သိပ်ကောင်းပါတယ်။

ဒါပေမယ့် ကျွန်တော်ပြောသလိုပဲ၊ လက်တွေ့ ရင်ဆိုင် ခံစားနေရချိန်မှာ သည်နည်းက သိပ် တာမသွားနိုင်တဲ့အတွက် အနုဉာတ အန္ဓ ပုထုဇဉ်များအတွက် လွယ်ကူ အဆင်ပြေတဲ့ မေတ္တာပို့နည်းလေးကို တင်ပြလိုက်ချင်ပါတယ်။

ကျွန်တော့်မေတ္တာပို့နည်းကတော့ “၃၉ရက် မေတ္တာပို့ အဓိဋ္ဌာန်ဂါထာ”နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။

ကျွန်တော့် ဂါထာက ပါဠိပါဋ္ဌ်သားတွေ မပါပါဘူး။ ဥုံလည်း ခံစရာ မလိုဘူး။ နေ့စဉ်သုံး စကားနဲ့ နေ့စဉ် ရွတ်ဖို့ပဲ လိုပါတယ်။ တကယ် အလုပ် ဖြစ်တဲ့နည်းပါ။

တစ်ခုရှိတာက ၃၉ရက်လုံးလုံး တစ်ရက်မပျက် လုပ်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်၊ မြန်မြန် အဆင်ပြေသွားချင်ရင် အကြိမ်ရေ များများ ရွတ်ရပါမယ်။ အနားမှာ ဘယ်သူမှ မရှိဘဲ၊ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ အောက်ပါအတိုင်း ရွတ်ကြည့်ပါ။

“ကိုဟဝှာ/မဟဝှာရေ (ကိုယ့်ကိုနာကျင်ထိခိုက်ခံစားအောင်လုပ်တဲ့ သူရဲ့နာမည်ပါ။) ကျွန်တော့်ကို/ကျွန်မကိုရော၊ ကျွန်တော်/ကျွန်မ ချစ်ခင်သူတွေအပေါ်မှာပါ ခင်ဗျား/ရှင် ပြုခဲ့သမျှအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်/ကျွန်မ ခင်ဗျားအပေါ်မှာ ပြုခဲ့သမျှ အားလုံးအတွက် ကျွန်တော့်ကို/ကျွန်မကို ခွင့်လွှတ်ပါနော်။ ကျွန်တော်/ကျွန်မနဲ့ ခင်ဗျား/ရှင်နဲ့ ဆက်ဆံရေးကို တစ်က ပြန်စရအောင်ပါ”


ကိုဟဝှာ/မဟဝှာရေ (ကိုယ့်နာမည် ကိုယ်ပြန်ခေါ်တာ)၊ နင့်ကို ငါချစ်တယ်။ နင် သိပ်မွန်မြတ်တယ်၊ နင့်စိတ်ထား သိပ်ကောင်းတယ်”

ဒါလေးပါ။

ကျွန်တော့် ဂါထာလေးက အဲသလောက် ရိုးစင်းပါတယ်၊ ရှင်းလင်းပါတယ်။

ရင်ထဲမှာ နာကျင်ခံစားနေရချိန်မှာ ဒါတွေကိုပြောရတာတော့ အစ ပထမမှာတော့ အနည်းနဲ့အများ ခက်ချင် ခက်နေပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားပြီး ပြောကြည့်မယ်ဆိုရင် အတိုင်းမသိ ထိရောက်တာကို လက်တွေ့ သိရပါလိမ့်မယ်။

ကိုယ့်ကို နာကျင်ခံစားအောင် လုပ်ခဲ့သူကို ကျေးဇူးတင်လိုက်ခြင်းဟာ သူ့နေရာမှာ နေကြည့်လိုက်ခြင်း တစ်မျိုးပါပဲ။ တကယ်တော့ သူက ကိုယ့်ကို နာကျင်ခံစားအောင် လုပ်တယ်ဆိုရာမှာ သူ့အကြောင်းနဲ့သူပါ။ တစ်ဖက်ကလည်း ကိုယ့်ဘဝမှာ ကြုံဆုံရသမျှ အရာတိုင်း၊ အခက်အခဲတိုင်း၊ ဒုက္ခတိုင်းဟာ ကိုယ့်ကို ပိုရင့်ကျက်လာအောင်၊ ပိုခံနိုင်ရည် ရှိလာအောင်၊ ပိုအရည်အချင်း ရှိလာအောင်၊ ပိုမွန်မြတ်လာအောင် လုပ်ပေးနေတာတွေချည်းပါပဲ။

တစ်ခါ ကိုယ့်ကို ခွင့်လွှတ်ဖို့ သူ့ကို ပြောတာဟာ ကိုယ်နဲ့ သူနဲ့ရဲ့ဆက်ဆံရေးမှာ အဖုအထုံး ဖြစ်သွားရတာအတွက် ကိုယ့်မှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိနေကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတဲ့သဘောပါ။

“လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်”ဆိုတဲ့ ကလီရှေးလိုပါပဲ၊ သူနဲ့ ကိုယ်နဲ့ အဆင်မပြေတာဟာ သူ့တစ်ယောက်တည်း မကောင်းလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ကိုယ့်ဘက်ကလည်း ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ အမှားအယွင်း တစ်စုံတစ်ရာ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ကို ခွင့်လွှတ်ဖို့ သူ့ကို တောင်းပန်စကားပါ ထည့်ပြောရတာပါပဲ။

ကိုယ့်ကိုယ်ကိုယ် ချစ်ကြောင်း၊ ကိုယ် မွန်မြတ်ကြောင်း၊ ကိုယ်စိတ်ထား ကောင်းကြောင်း ရွတ်တာဟာ ကိုယ့်ကိုယ်ကိုယ် အားသစ်လောင်းတဲ့ အနေနဲ့ပါ။ လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင်ပဲ ပြုပြင်လို့ ရပါတယ်။ တခြားလူက ပြုပြင်ပေးလို့ မရပါဘူး။ အဲတော့ ကိုယ့်ကိုယ်ကိုယ် မောင်းတင်တဲ့ အနေနဲ့ အဲဒီ့အပိုဒ်ကို ထည့်ထားတာပါ။

အဲဒီ့ဂါထာလေးကို ရွတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ရော၊ တစ်ဖက်သားအပေါ်မှာပါ နားလည်မှု အသစ်တစ်ရပ် ဖြည်းဖြည်းချင်း ဖြစ်လာပါလိမ့်မယ်။ ရွတ်ရင်းနဲ့ တစ်ဖက်သားအပေါ်မှာ ထွက်နေတဲ့ေ ဒါသတွေ၊ စက်ဆုပ်မုန်းတီးမှုတွေကလည်း တစ်စတစ်စ လျော့ပါးလာတာကို တွေ့ရပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ခံစားချက်ကို ပြောင်းဖို့ အားထုတ်တဲ့ ဂါထာပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ သူနဲ့ ဆက်ဆံရေးကို သတိထားကြည့်မယ်ဆိုရင် ၃၉ရက်ကျော်လို့ ရက်၄၀ကို ရောက်ပြီ ဆိုတာနဲ့ ထူးခြားနေတာကို မလွဲမသွေ တွေ့ရတော့မှာပါ။

သည်မှာ မေးစရာတစ်ခု ရှိပါတယ်။ ဘာကြောင့် ၃၉ရက် လုပ်ခိုင်းတာလဲဆိုတဲ့ ကိစ္စပါ။ အဲဒါက စိတ်ပညာ သဘောအရပါပဲ။ အခု ကျွန်တော် ပြောလိုက်တဲ့ ဂါထာနဲ့ ရက်များဟာ မိမိစိတ်ကို မိမိ ပြန်အမိန့်ပေးတဲ့ auto-suggestion နည်းပါပဲ။ လူတစ်ယောက်အနေနဲ့ ဘာကိုပဲဖြစ်ဖြစ် အကျင့်တစ်ခုလို စွဲလာအောင် လေ့ကျင့်ယူဖို့ အနည်းဆုံး ရက်၃၀ကနေ ရက်၄၀အတွင်း နေ့စဉ်မပျက် ဆက်တိုက် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ၃၉ကို ရွေးလိုက်တာပါ။ ဘာဂမ္ဘီရ သဘောမှ မပါပါဘူး။

တကယ် လုပ်ကြည့်လိုက်တဲ့အခါ တစ်ဖက်သားကို မေတာပို့တယ်၊ မေတ္တာပို့တယ်လို့ တွင်တွင် ပြောနေတဲ့ကြားက သူ့ကို ကိုယ်လို ပြန်ခံစားစေချင်တဲ့ စေတနာတွေလည်း တဖြည်းဖြည်း ကင်းပပျောက်ကွယ်သွားတော့မှာနဲ့အမျှ ကိုယ် သူ့အပေါ်ထားတဲ့ စေတနာ မေတ္တာကလည်း တည့်လာ၊မှန်လာ၊ စင်ကြယ်လာပါတော့မယ်။

ကိုယ့် စေတနာ မေတ္တာ မှန်လာတာနဲ့အတူ တစ်ဖက်သားရဲ့ကိုယ့်အပေါ် ထားတဲ့ သဘောထားကလည်း သိသိသာသာ ပြောင်းလာမှာပါ။
ကျွန်တော်ထပ်ပြောပါ့မယ်။ ၃၉ရက်လေးပဲ လိုပါတယ်။ ၃၉ရက်တိတိ အဓိဋ္ဌာန်ဝင်ပြီး တစိုက်မတ်မတ် ရွတ်သွားမယ်ဆိုရင် စာဖတ်သူ လူကြီးမင်းရဲ့ ဆက်ဆံရေးဘဝ အကြီးအကျယ် ပြောင်းလဲသွားတော့မှာပါ။

မယုံဘူးလား…

မယုံရင် လက်တွေ့ စမ်းကြည့်လိုက်ကြပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

 

———————————————

(၁၉၉၉ခုနှစ်လောက်က သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလေးကို ပြန်လည်ဖော်ပြလိုက်တာပါ။ 
ဘယ်လုံးချင်းမှာမှ ပြန်မထည့်ဖြစ်ခဲ့ဘဲ ကျန်ရစ်နေခဲ့တာလေးမို့ အများအတွက် 
အသုံးတည့်လို တည့်ငြား ပြန်လည် တင်ဆက်လိုက်ပါတယ်။)

အဟောင်းထဲက အစုတ်တွေ – ၁၁

25 August 2015

မေလ ၃၀ ရက် ၂၀၁၅ ခုနှစ်

အစုတ်ထုပ်အဆက်။ ၀ါသနာပါသူများ ဂလုနိုင်ကြစေရန် အလို့ငှာ😛

အပေါက်ဆိုး ဒိန်ချဉ်

အမေက အဖေ့ကို လူပျိုကြီးနဲ့ ပေးစားပြီး ရန်တွေဖြစ်ကြတဲ့ အကြောင်းကို ပြောခဲ့ပြီးပါပြီ။

ပေးလည်း ပေးစားချင်စရာပဲဗျ။ လူပျိုကြီးက နည်းနည်း နွဲ့တယ်။ စကားပြောရင်လည်း အိညှက်အိညှက်နဲ့။ ၀တ်တာ စားတာလည်း သပ်သပ်ရပ်ရပ်။ အဖေကလည်း အဲဒီ့လူကြီးကို အတော်ခင်ပုံရတယ်။ အဲဒီ့လူကြီးက သူ့အစ်မတွေနဲ့ နေတာပါ။ ဖေဖေ့ထက် ၄-၅-၁၀ နှစ်လောက်တော့ ငယ်မယ် ထင်ပါတယ်။

သူတို့အိမ်လည်း မကြာခဏ ရောက်ဖူးပါတယ်။ လူပျိုကြီးရဲ့ ယောက်ဖက ရှေးဇာတ်မင်းသားကြီးလို ဆံပင်ကို နောက်လှန်ဖြီးထားတဲ့ ပုဂ္ဂိုလ်ကြီးပါ။ လူပျိုကြီးရဲ့ အစ်မကတော့ ခပ်ချောချောပေါ့။ သူတို့မှာ တစ်ဦးတည်းသော သမီးတစ်ယောက်လည်း ရှိတယ်။ ကျွန်တော့်ထက်တော့ ဆယ်နှစ်မက ကြီးမယ် ထင်ပါတယ်။ အဲဒီ့အစ်မကြီးကလည်း ဖြူဖြူချောချောပါ။

သူတို့က စမ်းချောင်းဘက်မယ် နေကြတယ်။ အဲဒါကြောင့်ပဲလားတော့ မသိဘူး၊ စမ်းချောင်း မကြီးကြီးလမ်းက ဒိန်ချဉ်ကို စွဲစွဲမက်မက် သွားသောက်ခဲ့ရတာကိုလည်း မှတ်မိလို့ နေပါတယ်။ မကြီးကြီးလမ်းလို့သာ ပြောတာပါ။ တကယ်တော့ ပြည်လမ်းနဲ့ ကျွန်းတောလမ်းကြား (ကျွန်တော် သဘောကျခဲ့ဖူးတဲ့၊ မမေ့နိုင်တဲ့ နှုတ်ခမ်းရှင်) နေထိုင်ရာ မကြီးကြီးလမ်း မဟုတ်ဘဲ ကျွန်းတောလမ်းနဲ့ ရှမ်းလမ်း (အခု ဗဟိုလမ်းခေါ်သလား မသိဘူး) ကြားက ဒိန်ချဉ်ဆိုင်ပါ။

ဒိန်ချဉ်ကတော့ တကယ်ကောင်းပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ပြင်ဆင်ရောင်းချပေးတဲ့ အဘိုးကြီးရော၊ သူ့သမီး နှစ်ယောက် (ထင်တယ်)ပါ အတော် မျက်နှာထား ဆိုးပါတယ်။ သူတို့ ဒိန်ချဉ် အလကား တိုက်နေရတာ ကျနေတာပဲ။ အဲဒီ့မျက်ခွက်မျိုးတွေနဲ့ဆို ပိုက်ဆံ မယူသင့်ဘူး ထင်တာပဲလေ။

ဆိုင်ကလေးက စုတ်စုတ်လေးပါ။ တစ်ခါတလေ ဆိုင်ထဲမှာ ထိုင်စရာ နေရာ မရလို့ ကားပေါ်တင် သောက်တဲ့အခါ သောက်ရပါတယ်။ ဆိုင်က စုတ်ပေမယ့် သူတို့ လုပ်တာ ကိုင်တာ အတော် သန့်ပါတယ်။ (ဗမာစံနဲ့ သန့်တယ်လို့ ပြောတာနော်… နိုင်ငံတကာ စံနဲ့တော့ ဟုတ်လောက်ဘူးဗျ။)

နောက်တစ်ခုက ညဘက် သွားသွားစားရတဲ့ ကုန်ဈေးတန်း ရေခဲမုန့်။ အဲဒါလည်း အဲဒီ့ခေတ်က အဆန်းပဲ။ ကားသွားရပ်လိုက်ရင် ဘာရေခဲမုန့် စားမလဲလို့ လာမေးတဲ့ လူငယ်လေးတွေ ရှိတယ်။ စားချင်တာ မှာလိုက်တယ်။ သူတို့က အပေါ်ထပ် (ဘယ်နှထပ်လဲတော့ မသိဘူး)က အခန်းကို သွားမှာတယ်။ ပြီးတော့ ယူလာပေးတယ်။ စားတယ်။

အဲဒီ့ ရေခဲမုန့်ကို အကောင်းလုပ်စားခဲ့ရတဲ့ ဘ၀တွေကို ပြန်သတိရပါတယ်။

ရေခဲမုန့်ဆိုလို့ ကလေးအရွယ် ပြည်သူပိုင် မသိမ်းခင်က မန္တလေး ရှားမီး မုန့်တိုက်က ရေခဲမုန့်နဲ့ ရေခဲချောင်း စားခဲ့ဖူးတာလည်း ရေးတေးတေးမှတ်မိတယ်။ ၈၃ လမ်းပေါ်မှာ မှတ်တယ်။ ၂၄ လမ်းထောင့်လား၊ ၂၅ လမ်းထောင့်လားတော့ သေချာ မမှတ်မိတော့ဘူး။ အဲဒီ့မှာ ရှားမီး မုန့်တိုက် ရှိတာကို မန္တလေးမှာ ကျောင်းတက်နေစဉ်က ဖြတ်သွားဖြတ်လာ တွေ့တွေ့နေခဲ့ဖူးပေမယ့် ရေခဲမုန့်၊ ရေခဲချောင်းတော့ တစ်ခါမှ မစားဖြစ်တော့ပါဘူး။

ကျွန်တော်က ရေခဲမုန့်တွေ ရေခဲချောင်းတွေ ကြိုက်လှတယ်လည်း မဟုတ်ဘူး၊ မကြိုက်ဘူးလည်း မဟုတ်ဘူး။ တွေ့တဲ့အခါ ကြုံတဲ့အခါ စားလိုက်တာပါ။ တစ်ခါတလေလည်း မစားချင်တော့ မစားဘူးပေါ့။ အဲဒါ ကလေးကတည်းကပါ။

ဒူးရင်းသီးရယ်၊ ကျွန်တော်ရယ်

နောက်တစ်ခုက ဒူးရင်းသီး။ ဒူးရင်းသီးအကြောင်းပြောတော့ အခု ရောက်နေတဲ့ ဆယ်တန်းကနေ တော်တော် နောက်ပြန်လှည့်ရတော့မယ်။ စိတ်ထင် ကျွန်တော် ငါးတန်းလောက်မှာ ဖြစ်မယ်။ အမေရယ်၊ အခုထက်ထိ မန္တလေးမှာ သက်ရှိ ထင်ရှားရှိနေဆဲ အမေ့အစ်မ တစ်ဝမ်းကွဲ ကြီးကြီးရီရယ်က ကျွန်တော့်ကို ရွှေစက်တော်ကို ခေါ်သွားခဲ့ကြပါတယ်။

တစ်ဘ၀လုံးမှာ အဲဒီ့တစ်ခါပဲ ရွှေစက်တော်ကို ရောက်ဖူးတာပါ။ ငါးတန်းလောက်လို့ ပြောရတာက အဲဒီ့တုန်းက ဓာတ်ပုံတွေကို စိတ်ထဲ မြင်ကြည့်လိုက်တဲ့အခါ ပုဆိုးနဲ့ ကလေးလေး ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်လာလို့ပါ။ ဘောင်းဘီတိုနဲ့ မဟုတ်တော့ဘူးကိုး။ အဲဒီ့ ဓာတ်ပုံတွေကိုလည်း စိတ်ထဲသာ ပြန်မြင်လို့ ရပါတော့တယ်။ အမေ ကျွန်တော့်ကို စိတ်နာနေတဲ့ အမေမဆုံးခင် ၁၇ နှစ်လောက် ကာလအတွင်းမှာ ရှိရှိသမျှ ဓာတ်ပုံတွေကို ဖျောက်ဖျက်ပစ်လိုက်လို့ ဘာအစအနမှ မကျန်တော့ပါဘူး။

ခြေတော်ရာကို ဖူးခဲ့ရတာ၊ တောင်တက်ရတာ၊ ကြည်နေတဲ့ ရေထဲမှာ စိမ်ခဲ့တာတွေကို ရေးတေးတေး မှတ်မိတယ်။ ဘတ်(စ်)ကား အိုကြီးနဲ့ တမောကြီး သွားခဲ့ရတာကိုလည်း မှတ်မိတယ်။ အဲတုန်းက ကျွန်တော့်ကို ချစ်ခဲ့၊ အရေးပေးခဲ့တဲ့ မန္တလေးသူ အစ်မကြီးတစ်ယောက်ကိုလည်း မှတ်မိတယ်။ ဘယ်သူမှန်းတော့ မသိတော့ဘူးဗျ။ ဒါပေမယ့် ကျွန်တော့်ကို ကြင်ကြင်နာနာ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တဲ့၊ ကျွန်တော့်ထက် ၁၅ နှစ်၊ နှစ် ၂၀ လောက်ကြီးတဲ့ အစ်မကြီးပါ။

အဲဒီ့ခေတ်က ခရီးသွားရတာ အတော်ကရိကထ များပါတယ်။ အိပ်ယာတွေ၊ စားစရာတွေပါ သယ်သွားကြရတာကိုး။ ထမင်း ဘာနဲ့ စားသလဲ မမှတ်မိတော့ပေမယ့် ဒူးရင်းသီးဆိုတာကို အဲဒီ့ ရွှေစက်တော်မှာ အလုံးလိုက် စမြင်ဖူးတာပါ။ အမေက အလွန်ကြိုက်သလို ကြီးကြီးရီကလည်း အလွန်ကြိုက်ပါတယ်။ သူတို့က ကောင်းလွန်းလို့ စားပါဆိုတာကို ကျွန်တော်က ခါးခါးသီးသီး ငြင်းပါတယ်။

ဘာဖြစ်လို့လဲ မသိဘူး။ အဲဒီ့ အနံ့ပြင်းပြင်းကို ကျွန်တော် မခံနိုင်ဘူး။ သည်မတိုင်ခင် ဒူးရင်းသီးမမြင်ဖူးခင်က ဒူးရင်းယိုကို အခါအားလျော်စွာ စားခဲ့၊ ကြိုက်ခဲ့ဖူးပေမယ့် ဒူးရင်းသီးနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့တော့ ကျွန်တော် ခါးခါးသီးသီး ငြင်းတဲ့အပြင် အနံ့မခံနိုင်လို့ သူတို့နားမှာတောင် မနေမိတော့ပါဘူး။ အဲလောက်ကို ဆိုးတာပါ။ ကြီးကြီးရီကတော့ “သည်ကောင် ဘယ်လို ကောင်လဲ မသိဘူး”လို့ ထောမနာပြုပါတယ်။

လွမ်းရတဲ့ စားစရာတွေ

ငယ်ငယ်က ကျွန်တော် အတော် ဂျီး(ကြေး)များပါတယ်။ ကလေးမို့ ငရုတ်သီး မစားနိုင်တာတော့ ထားပါတော့။ ဟင်းသီးဟင်းရွက်တွေလည်း စားလေ့ စားထ မရှိဘူး။ နံနံပင်လည်း အနံ့မခံနိုင်တဲ့ အထဲမှာ ပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက တအားကြိုက်တာက ပူစီနံ (သတ်ပုံမှန် – ပူဒီနာ)။ လွန်ခဲ့တဲ့ သုံးလလောက်မှာ မန္တလေးက ဆိုင်တစ်ဆိုင်မှာ ကျွန်တော် ပူဒီနာ စားပုံကြည့်ပြီး ဘေးမှာ ရှိနေတဲ့ မိတ်ဆွေကြီးက အံ့သြမဆုံးလို့ အိမ်ကျတော့ သူ့ဇနီးကို ပြောပြ၊ သူ့ဇနီးကတောင် ကျွန်တော့် စာအုပ်မျက်နှာစာ တစ်နေရာမှာ ကျွန်တော် ပူဒီနာ စားပုံကို မှတ်ချက် လာရေးသွားခဲ့ဖူးပါပေါ့လား။

မုန်ညင်း၊ ဆလတ်ရွက်လိုဟာမျိုးတွေလည်း မခံစားနိုင်ခဲ့ဘူး။ ကန်စွန်းရွက်ကြော်ဆိုလည်း ငယ်ငယ်တုန်းက သိပ်စားဖူးတာ မဟုတ်ဘူး။ ကန်စွန်းရွက်ချဉ်ရည်ပဲ စားဖူးတာ။ ကန်စွန်းရွက်ချဉ်ရည်မှ အမေချက်တဲ့ လက်ပံခေါင်းတို့၊ ဆီးသီးခြောက်တို့ ထည့်ချက်ထားတဲ့ ကန်စွန်းရွက်ချဉ်ရည်ဆို လွှတ်ကြိုက်ပဲ။

ပြောတော့မှ လွမ်းတောင် သွားတယ်။ လက်ပံခေါင်းနဲ့ ဆီးသီးခြောက်ထည့်ချက်ထားတဲ့ ကန်စွန်းရွက်ချဉ်ရည် မစားရတာ နှစ်ပေါင်း ၄၀ မကတော့ဘူး ထင်တယ်။

အဲ… ဒူးရင်းသီးနံ့သာ မခံနိုင်တာဗျ။ တညင်းသီးကျတော့ ဘယ်လို ကြိုက်မှန်း မသိဘူး။ အမေကလည်း တညင်းသီး တအားစားတဲ့သူဆိုတော့ တညင်းသီးပြုတ်များဆိုရင် ဆီလေး ဆားလေးနဲ့ သွားရည်စာ စားသလို အားတိုင်း စားတတ်သဗျ။ ကြိုက်လည်း ကြိုက်သဗျ။ တညင်းသီး ဆားရည်စိမ်၊ တညင်းသီးနု မီးဖုတ်တွေလည်း တွယ်တာပဲ။ ငယ်ငယ်က ကျွန်တော် မစားတတ်တာ တညင်းဝက်။ အမေကတော့ စားတာပဲ။ ကျွန်တော် အသက် တော်တော် ရတဲ့အထိ တညင်းဝက်ကို မစားတတ်ခဲ့ဘူး။

ပြင်သစ်စာသင်တန်းကို ပြင်သစ်သံရုံး ယဉ်ကျေးမှု ဌာနမှာ သွားတက်တဲ့အချိန် အသက်က ၂၀ ကို ကောင်းကောင်း ကျော်တော့မှ အတန်းထဲက တစ်ယောက်က တညင်းဝက်ကို ဆီပူလေးထိုးပြီး ကြော်စားရင် ကောင်းတယ်လို့ ပြောတာနဲ့ စမ်းပြီး ကျော်စားမိတော့မှ လျှာလည်သွားတာဗျား။

အမေ့ရဲ့ ဓနရှင်ပေါက်စဉာဉ်

ရယ်စရာ ပြောရဦးမယ်။ ကန်စွန်းရွက် ချဉ်ရည် စားရပေမယ့် ကန်စွန်းရွက်ကြော်၊ ပဲပင်ပေါက်ကြော် စတာတွေ မစားဖြစ်ခဲ့ရတဲ့အကြောင်းပေါ့။ အဲဒါတင် မကဘူးခင်ဗျ။ ကျွန်တော် ငယ်ငယ်က ဘဲဥ၊ ကြက်ဥဟင်းလည်း တစ်ခါမှ ကောင်းကောင်း ကန်းကန်း မစားဖူးခဲ့ပါဘူး။ အမေကမှ အဲဒါတွေ မကြော် မချက်တာကိုးခင်ဗျ။ ဘာလို့ မချက်သလဲဆိုတော့ အဲဒါတွေက ဆင်းရဲသားတွေ စားတာမို့လို့တဲ့ဗျား။

ကြက်ဥဆိုရင် မကျက်တကျက်ကြော်ပဲ စားခဲ့ရဖူးတယ်။ ဟင်းအနေနဲ့ သော်လည်းကောင်း၊ မွှေကြော်အဖြစ် သော်လည်းကောင်း အင်မတန်မှ စားရခဲလှပါတယ်။ အဲ… နောက်ပိုင်း ရန်ကုန်ရောက်ပြီး အိမ်မှာ သီးစုံ ပဲကုလားဟင်းချက်တဲ့အခါကျမှသာလျှင် အဲဒီ့ထဲမှာ ကြက်ဥ၊ ဘဲဥ အနည်းအပါး တွေ့ရပါတယ်။ ကြက်ဥ၊ ဘဲဥကို ဒုံးချက်ထားတဲ့ အမေ့လက်ရာတော့ ကျွန်တော် မှတ်မိသလောက် စားကို မစားခဲ့ဖူးဘူး။

မိသားစုက သုံးယောက်တည်း ရှိတာမို့ အဖေ ရုံးလုပ်တုန်းကလည်း လခ သိပ်မများပေမယ့် သားအမိ သားအဖ သုံးယောက် သားငါး မပြတ်စားနိုင်ခဲ့ပါတယ်။ လောပိတလို နေရာမျိုးမှာတောင် သိပ် အစားမဆင်းရဲခဲ့ရပါဘူး။ အဲတော့လည်း အမေက ကြီးကျယ်တာပေါ့ဗျာ။ သူကြီးကျယ်တော့ ကျွန်တော့်မှာ ကန်စွန်းရွက်ကြော်၊ ကြက်ဥဟင်း ကောင်းမှန်း မသိခဲ့ရတဲ့ ဘ၀ပေါ့။

အဖေကတော့ သူ ငယ်ငယ်တုန်းက ငါးပိဖုတ်ကလေးတစ်မျိုးတည်းနဲ့ ဖြစ်စေ၊ ထန်းလျက်နဲ့ ဖြစ်စေ ထမင်းစားခဲ့ရဖူးတဲ့ အကြောင်းတွေ မကြာခဏ ပြောပြခဲ့ဖူးပါတယ်။ အဖေက ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေခဲ့ရလေတာကိုး။

အမေ့ဆီကတော့ အဲဒါမျိုးတွေ မကြားဖူးဘူး။ လက်ဖက်သုပ်နဲ့ ထမင်းစားတယ်ဆိုတာလည်း မရှိသလောက်ပဲ။ အဲ… တစ်ခုတော့ ရှိတယ်။ အဲဒါက တစ်ခါတစ်လေ ညလယ်စာ အိမ်မှာ ဟင်းမကျန်တော့ရင် အဖေသင်ပေးတဲ့ ထမင်းစားနည်း။ အဲဒါကတော့ နို့ဆီလေးကို ဖျော်ပြီး ထမင်းပေါ် ဆမ်းစားတာဗျ။ အမယ်… အဲလိုကျတော့လည်း ၀င်တော့ သွားသားဗျ။

နောက်တစ်ခုက ထမင်းကို လက်ဖက်နဲ့ စားတဲ့ အကြော်စုံထည့်၊ ပုစွန်ခြောက်ထည့်၊ ဆီဆမ်း၊ ဆားဖြူး နယ်ပြီး ကြက်သွန်နီလေး တဂျွမ်းဂျွမ်းကိုက်စားတဲ့နည်း။ အဲဒါကျတော့ အဖေ့ဆီက ရတာလား၊ အမေ့ဆီက ရတာလား မသိတော့ဘူး။

ပြောတော့မှ သတိရလာလို့ လောပိတအထိ နောက်ကြောင်း နည်းနည်း ပြန်လှည့်လိုက်ဦးမယ်။ လောပိတမှာ နေတုန်းက သွားရည်စာက ပါးရှားတာမို့ အိမ်မှာ စိုက်တာလား၊ ပေါက်နေတာလား မသိတဲ့ ခရမ်းချဉ်သီး မှည့်မှည့် ထွားထွားကြီးတွေကိုလည်း သွားရည်စာအဖြစ် သကြားနဲ့ တို့တို့စားခဲ့ရတာလေးလည်း မှတ်မိလို့ နေပါသေးတယ်။ လောပိတ်ကို ခွာခဲ့တဲ့ နောက်ပိုင်းတော့ အဲလို တစ်ခါမှ ပြန်မစားဖြစ်တော့ပါဘူး။ စားချင်စိတ်လည်း မရှိတော့ဘူး။

မမေ့နိုင်တဲ့ ဒူးရင်းသီးနှစ်လုံး

ဒူးရင်းသီးကို ဘယ်တုန်းက စပြီး စားနိုင်သွားသလဲဆိုတာတော့ မမှတ်မိလှတော့ဘူး။ သေချာတာကတော့ အသက် တော်တော်ကြီးမှပါ။ စားလို့ဖြစ်တယ်၊ စားတယ်၊ သည်လောက်ပဲ အကြိုက်ကြီး မဟုတ်ဘူး။ မြင်ရင်၊ အနံ့ရရင် မနေနိုင်တဲ့အထဲမှာ တစ်ခါမှ မပါခဲ့ဖူးဘူး။

အဲ… ဒူးရင်းသီးနဲ့ ပတ်သက်လို့ မမေ့နိုင်တဲ့ ဖြစ်ရပ်တစ်ခုတော့ ရှိတယ်။ အဲဒါက ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲမှာ ထည့်မရေးဖြစ်ခဲ့တဲ့အကြောင်းပါ။ လူကတော့ ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲမှာ ပါပါတယ်။ “အသုဘမှာ တွေ့တဲ့ အချစ်”ပေါ့ခင်ဗျာ။ အဲ… အဲဒီ့အချစ်က တစ်ခါသားမှာ ဒူးရင်းသီး စားချင်ရှာပါတယ်။ အဲဒါနဲ့ နှစ်လုံးလားမသိ၊ ၀ယ်တဲ့ပြီး နှစ်ယောက်သား ထိုင်စားခဲ့တာပါ။

စားတဲ့နေရာကြောင့် မမေ့နိုင်တဲ့ အဖြစ် ဖြစ်သွားတာပါ။

မမေ့နိုင်လောက်အောင် ဘယ်နားမှာ သွားစားကြတယ် မှတ်တုံး။

အဲတုန်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အဖြစ် ထားထားတဲ့ ရန်ကုန်ဆေးရုံကြီး ၀င်းထဲက အဆောက်အအုံဘေး လှေကားထစ်မှာ နှစ်ယောက်သား ထိုင်စားခဲ့ကြတာ ခင်ဗျ။ သူ့အိမ် သယ်သွားပြီး စားလို့က နှစ်လုံးလောက်နဲ့က မလောက်ဘူးလေ။ သူ့အိမ်မှာက ဘောလုံးသင်း တစ်သင်းစာလောက် မိသားစုဝင်တွေ ရှိနေကြတာ၊ ကျွန်တော့်အိမ်ကျတော့လည်း သူ့ကို ခေါ်သွားလို့ မရဘူး။ အမေကမှ သူ့ကို မလိုလားဘဲကိုး။ အဲဒါနဲ့ လမ်းပေါ်တင် ကိစ္စပြီးလိုက်ကြရတာကလား။

အင်း… ပြန်ပြောရင် လွမ်းသေးတဲ့ သံယောဇဉ်နွမ်းကလေးပေါ့ ခညာ… :) 

အဲ… အဲလိုသာ စားခဲ့တာ တကယ်က ကျွန်တော်က ဒူးရင်းသီးကို မက်မက်စက်စက် မရှိလှဘူး။ တွေ့တဲ့အခါ၊ ကြုံတဲ့အခါ စားချင်ရင် စားတယ်၊ မစားတာက များသဗျ။ အဲဒါ မနှစ်ကအထိပဲ။ ကျွန်တော့် အိမ်သူကလည်း ဒူးရင်းသီးကြိုက်တယ်၊ သူ့သား (ကျွန်တော်နဲ့ မွေးတာပါလေ :P  ) ကလည်း ကြိုက်တော့ နှစ်တိုင်းလို စားတတ်ကြပါတယ်။ ကျွန်တော်ကတော့ အင်တင်ပါတင်၊ အလွန်ဆုံးမှ တစ်စိတ်လောက်ရယ်။ တစ်ခါတလေ လှည့်တောင် မကြည့်မိဘူး။

သည်နှစ်ကျမှ ဘာဖြစ်တယ် မသိဘူး။ ဒူးရင်းသီးကို စားချင်နေတယ်။ ကျွန်တော့်လိုပဲ ဒူးရင်းသီးကို အနံ့တောင် မခံနိုင်တဲ့ သမော်ဒီးကလည်း သည်နှစ်ကျမှ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ မင်းသမီး နန္ဒာလှိုင့်အမေ ရောင်းတဲ့ ဒူးရင်းသီးတွေ သုံးလေးလုံး မကြာမကြာ ၀ယ်ဝယ်လာတယ်။ ကျွန်တော် မက်မက်စက်စက် ဖြစ်လာတယ်ဗျ။ အသက်ကြီးလာလို့ သွေးတောင်းလာတာပဲလား၊ သေခါနီးမို့လို့ မတည့်တာကို သွေးတောင်းတာပဲလား၊ ဘုရားမှ သိတော့မယ် ထင်ပါတယ်။

မွေးသမိခင်ရဲ့ သဘောထားအမှန်

ကျွန်တော် မကြိုက်တာတွေ ကျန်သေးတယ်။ ပထမဆုံးက ဒန်ပေါက်။ ဒန်ပေါက်လည်း ကျွန်တော် မကြိုက်လှဘူး။ မကြိုက်ဆို ကြက်သားမှ ကျွန်တော် မကြိုက်တာကိုး။ နောက်တစ်ခုက ခေါက်ဆွဲကြော်။ အဲဒါကျ ၀က်သားနဲ့ ကြော်ကြော်၊ ကြက်သားနဲ့ ကြော်ကြော် မကြိုက်ဘူး။ ခေါက်ဆွဲရဲ့ အရသာကို မကြိုက်ခဲ့တာ။

ထောပတ်ထမင်း၊ အုန်းထမင်းကျတော့ ကြိုက်ပြန်သဗျ။ အုန်းထမင်းလေးနဲ့ ဆိတ်ပုဆိုးကြမ်း အရည်သောက် ဟင်းလေးနဲ့များဆို တယ်ကြိုက်။ သရက်သီးသနပ်ကလေး၊ ပူဒီနာ နိုင်းချင်းလေးနဲ့များ လွေးရလို့ကတော့ လာစမ်းဆိုတဲ့ အထဲက။ အရင် မန္တလေး ဈေးချိုအဟောင်းရှိတုန်းက နာရီစင်ထောင့် ဈေးချို မြောက်ဘက်တန်းမှာဆို မနက်ပိုင်း အုန်းထမင်းနဲ့ ငှက်ပျောသီးကြော်၊ အုန်းထမင်းနဲ့ ဆိတ်ပုဆိုးကြမ်း ရောင်းတဲ့ ဆိုင်ရှိခဲ့ဖူးတယ်။ အခုတော့ ဈေးချိုကြီး ပျက်စီးသွားတာနဲ့အတူ အဲဒီ့ဆိုင်တွေလည်း ဘယ်လိုက်ရှာရမှန်း မသိတော့ဘူး။

အဲဒီ့ ဆိတ်ပုဆိုးကြမ်းဟင်းဆိုလည်း မစားရတာ နှစ်ပေါင်း သုံးဆယ်လောက် ရှိပြီ။ အမေက အရင်က ချက်တတ်တယ်။ နောက်ပိုင်း ကျွန်တော်အိမ်ထောင်ကျတော့ အမေ့ကို ချက်ပေးပါလို့ တောင်းဆိုတော့ အလွဲ ချက်ပေးတယ်။ ဒါတင် မကသေးဘူး၊ ၀က်သားကို ပဲကြာဆံနဲ့ အလုံးလေးတွေ လုံးပြီး ချက်တဲ့ ၀က်သားလုံး အရည်သောက်ဟင်းဆိုလည်း အမေချက်တာက သိပ်စားကောင်းတယ်။ အဲဒါလည်း အိမ်ထောင်ကျပြီးမှ အမေ့ကို နှစ်ခါ၊ သုံးခါ ချက်ခိုင်းမိပြန်တော့ အလွဲ ချက်ပေးပြန်တယ်။

ကျွန်တော် သဘောပေါက်သွားပါတယ်။ အမေ့စိတ်ကို သိတာပါ။ သူ့နည်းကို သူတစ်ယောက်တည်း သေရာ ညောင်စောင်းအထိ ယူသွားမယ်၊ သူ့ချွေးမ ကျွန်တော့်ဇနီး မရလိုက်စေရဘူးလို့ ဘုရားမှာတောင် သစ္စာဆိုသွားလေသလားပဲ။

ကျွန်တော်ကလည်း စားပဲ စားတတ်တာ၊ မချက်တတ်တဲ့ကောင်ဆိုတော့ ခံပေါ့ဗျာ။ အခုတော့ ပဲကြာဆံနဲ့ ၀က်သားစင်းကောနဲ့ကို အလုံးအလုံးလေးတွေ ဖြစ်အောင် လုံးပြီး အရည်သောက်ကလေး ချက်တာကို ကျွန်တာ့်ဇနီး နည်းနည်း ကြိုးစားချက်တာ အမေ့လက်ရာကို မမီသည့်တိုင် အာသာတော့ အနည်းငယ် ပြေလာပါပြီ။

အဓိကက ဆီသတ်ပုံမှာ ကွာခြားတယ် ထင်တာပါပဲ။ ကျွန်တော့်ဇနီးက ဗမာဆီသတ်နည်းနဲ့ သတ်တာ။ အမေ့ဟင်းက တလုပ်မဆလာနဲ့ ဆီမပါသလောက် ရေပေါလောနဲ့ ချက်ထားတာ။ သည်စာကို ဖတ်မိသူတွေထဲက အဲဒါမျိုးကို စားလည်း စားဖူး၊ နည်းလည်း သိတယ်ဆိုရင် ရေးပြကြစမ်းပါဗျာ။

အဲဒီ့ဟင်းက ထမင်းနဲ့ စားရုံသာမကဘူး၊ သည်တိုင်းစားရင်လည်း ကောင်းသဗျ။ မန္တလေးကြာဆံချက် စားသလို ကြက်သွန်နီ ပါးပါးလှီးထည့်၊ ငန်ပြာရည်၊ ငရုတ်သီးအလှော်မှုန့် ထည့်၊ သံပရာရည် ညှစ်ထည့်ပြီ စားရင်လည်း လွှတ်ကောင်းပဲခင်ဗျ။

ကချလာမဟုတ်သော မော်လမြိုင်သား ရှာပုံတော်

ဆိတ်ပုဆိုးကြမ်းဟင်းကလည်း အရည်သောက်ပါပဲ။ အနီးစပ်ဆုံးကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မော်လမြိုင် ရောက်တုန်း မော်လမြိုင်ဈေးကြီးထဲမှာ စားခဲ့ရတဲ့ အမဲအူပြုတ်နဲ့ ခပ်ဆင်ဆင်ဗျ။ ကျွန်တော် ရန်ကုန်မှာ စားနေကျ ပေါက်ဖော်ကြီးရဲ့ အမဲအူပြုတ်က အဖြူထည်။ မော်လမြိုင်မှာ စားခဲ့ရတဲ့ အမဲအူပြုတ်က ငရုတ်ဆီရောင်လေးနဲ့၊ ဆီပြန်ဟင်းရောင်ဆိုပါတော့။ သို့ပေမယ့် ဆီက ပါလေကာပဲ။ အရည်သောက်။ အဲဒါကိုလည်း ကြက်သွန်နီ၊ ငန်ပြာရည်၊ ငရုတ်သီးအလှော်မှုန့်၊ သံပရာရည်ထည့်ပြီး စားရတာဗျား။ ကောင်းချက်ကတော့ ကမ်းကုန်ပဲ။

နောက်ပိုင်း မော်လမြိုင်ကို ကြိမ်ဖန်များစွာ ရောက်ပေမယ့် အဲဒါ ဘယ်နား လိုက်ရှာပြီး စားရမယ် မသိဘူး။ မော်လမြိုင်သား မိတ်ဆွေ အနည်းအပါးကို မေးမိတော့လည်း အဲဒီ့မောင်တွေက ကချလာတွေ၊ ဘာမှ ကောင်းကောင်းကန်းကန်း မသိကြဘူး။ ဘာတုံး၊ မော်လမြိုင်က အစားဆိုတာ။ မော်လမြိုင်မှာ ဆိုင်ကောင်းကောင်း သိချင်ရင် မော်လမြိုင်သားကို မေးတာထက် တခြားတစ်မြို့တစ်ရွာက ကားသမားကို မေးတာကမှ ပိုသိနိုင်ပေဦးမယ်။ ကျွန်တော် မေးမိသမျှ မော်လမြိုင်သားတွေကတော့ ဘာဆို ဘာမှ မသိတဲ့ သူတွေချည်း ဖြစ်နေတယ်။

ရှိသေးတယ်။ မော်လမြိုင်သားတွေကို မေးလို့ မရတဲ့ လက်ဖက်ရည်။ အဲဒါက “အစိမ်းဖောက် လက်ဖက်ရည်”ဆိုတာ၊ အဲဒါလည်း မော်လမြိုင်မှာပဲ လွန်ခဲ့တဲ့ ၄-၅-၆ နှစ်လောက်က သောက်ခဲ့ရဖူးတယ်။ အဲတုန်းက သံဖြူဇရပ်က ပြန်လာရင်း လမ်းမှာ ကြုံတဲ့ဆိုင်ကို ကားသမားနဲ့ ၀င်သောက်တာ။ မော်လမြိုင်ရဲ့ လူစည်ကားရာ နေရာလို့ပဲ မှတ်မိတယ်။ ဘယ်မှာလဲ မမှတ်မိတော့ဘူး။ အားပါး… ဆွေမျိုးမေ့အောင် ကောင်းသဗျ။

အစိမ်းဖောက်ဆိုတာက ဆိုင်မှာ ကြိုနှပ်ထားတဲ့ လက်ဖက်ရည် မဟုတ်ဘူး။ ၀ယ်သူက သောက်မယ်ဆိုတော့မှ လတ်လတ်ဆတ်ဆတ် နှပ်ပေးတဲ့ လက်ဖက်ရည်ဗျာ။ နည်းနည်းတော့ စောင့်ရတယ်။ သို့ပေမယ့် မကောင်း ခံနိုင်ရိုးလားဗျာ။ အဲဒါလည်း နောက်ပိုင်း မော်လမြိုင် ရောက်တော့ ရှာမိပါတယ်။ ရှာရုံမက ကချလာ မော်လမြိုင်သားတွေကိုလည်း မေးမိပါတယ်။ မသိကြဘူးဗျ။

သည်စာကို ဖတ်မိတဲ့ “ကချလာ မဟုတ်သော” မော်လမြိုင်သားများ ရှိတယ်ဆိုပါရင် မော်လမြိုင်က အမဲအူပြုတ် ဆိုင်ကောင်းကောင်းနဲ့ အစိမ်းဖောက် လက်ဖက်ရည်ဆိုင်ကောင်းကောင်းကို နတ်လမ်းလေး ညွှန်ပေးကြပါဦး ခင်ဗျား။

ဈေးချို မြောက်ဘက်တန်းမှာ ရတဲ့ ဆိတ်ပုဆိုးကြမ်းဟင်း၊ ချွေးမတော် နည်းမသိစေရဘူးလို့ သစ္စာဆိုသွားသော နည်းနဲ့ ကျွန်တော် လူပျိုဘ၀တုန်းက အမေ စိတ်လိုလက်ရ ချက်ချက်ကျွေးသွားတဲ့ ဆိတ်ပုဆိုးကြမ်း ဟင်းဟာလည်း အဲဒီ့ မော်လမြိုင် အမဲအူပြုတ်လိုပဲ ဆီလည်၊ ရေလည် အရည်သောက် ဟင်းကောင်းလေး တစ်ခွက်ပါပဲ။ မော်လမြိုင် အမဲအူပြုတ်စားသလိုပဲ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ သံပရာရည်များနဲ့ အလွန် စားလို့ကောင်းပေါ့ခင်ဗျာ။ ရှောက်ရွက်ကလေးများပါ နိုင်နိုင်ဖြူးလိုက်မယ်ဆိုရင်ဖြင့်….

အင်း… သည်တစ်ပိုင်းကလည်း အရသာရှိသော စာကို ရေးမိပြန်ပြီ ထင်ပါရဲ့။ မပြီးသေးဘူးနော်။ ကျွန်တော် မကြိုက်တဲ့ စားစရာတွေ ကျန်သေးတယ်။ ဒန်ပေါက်နဲ့ ခေါက်ဆွဲကြော်အကြောင်း ပြောရင်း တန်းလန်းကနေ ဆိတ်ပုဆိုးကြမ်းနဲ့ ၀က်သားကြာဆံလုံးဟင်းဘက် ရောက်သွားတာ။

နောက်တစ်ပိုင်းကျတော့မှ မကြိုက်တာလေးတွေကို စကားလက်စသတ်ရင်း အခန်းကူးနိုင်အောင် အားထုတ်ပါတော့မယ်။

သည်တစ်ပိုင်းမှာ ပြောကြတာ

Win Pa Pa Ko ဖတ်ရင်းနဲ့ ဟိုဟာစားချင်သလိုလို ဒီဟာစားချင်သလိုလို ဖြစ်လာပြီ ဆရာရေ🙂

Nge Thar မကြီးကြီးလမ်း (ကျွန်းတောလမ်း နဲ့ ရှမ်းလမ်းကြား) ပါဆရာ စမ်းချောင်းလမ်း ဟုတ်ဘူးခင်ဗျ စမ်းချောင်းလမ်းက ဗားကရာလမ်းနဲ့ အပြိုင် ပဒုမ္မာကွင်း တစ်ဖက်ခြမ်းက လမ်းခင်ဗျ ရှမ်းလမ်းကို အခု ဗဟိုလမ်းလို့ခေါ်နေပါတယ်

ATK သန်းဦး… သန်းဦး… ကျွန်တော်က ရှမ်းလမ်းကို မေ့နေတာ။ စမ်းချောင်းသူဆိုလို့ တစ်ဘ၀လုံး တစ်ယောက်ပဲ ကြိုက်ဖူးတော့ အဲဒီ့ဘက်တေ ကျွမ်းဖူးဂျ :P ပြင်လိုက်ပါပြီခည

Nge Thar တိန်

Nge Thar ဝက်သားလုံး ကြာဇံချက်က လွယ်ပါတယ် ရေကို ကြက်သွန်ဖြူရယ် ကြက်သွန်နီရယ် ဂျင်းအတက်လိုက် အရွယ်အနေတော်ကို ဆားနဲနဲနဲ့ ရေပွက်ပွက်ဆူအောင်တည် ပွက်ပွက်ဆူမှ ဝက်သားစင်းကော (ငရုပ်ကောင်း၊ ဆား ၊ ပဲငံပြာရည် စတာနဲ့ နယ်ပြီးသား) ကို လုံးပြီးထည့် အချိုရည် ကျလောက်ရင် ပဲကြာဇံ ရေစိမ်ထားတာထည့် ပဲကြာဇံ ကျက်ရင် ငရုပ်ကောင်းနဲ့ ကြက်သွန်ဖြူအစိမ်း၎-၅တက်လောက် ရောထောင်းထားတာကို ခပ် ကြိုက်တတ်ရင် တရုပ်နံနံပင် ခပ် ပြီးပြီ စားလို့ရပြီ (ကျွန်တော်တို့ စားနေကျနည်းပြောပြတာနော် တူလောက်မယ် ထင်လို့ )

ATK တူဝူးဂျ။ အမေချက်တာက ၀က်တားကို လုံးကတည်းက ပဲကြာဇံတွေပါ ထည့်လုံးတာ။ မရိုတေ့စကား ပြောရရင် ကျွန်တော်တို့ တားအမိက အဲဒီ့ဟင်းကို ဂွေးကျိဟင်းလို့ ခေါ်ပါတယ်။ ဂွေးကျိမှာ အမွှေးတွေ ငုတ်စိ ပတ်လည် ထွက်နေသလိုမျိုးမို့ပါ။ ပဲကြာဇံနဲ့ ၀က်သားလုံးကို ရောချက်တာ မဟုတ်ဘူး။ ၀က်သားလုံးမှာကိုက ပဲကြာဇံတွေ ထည့်လုံးတာ 😛

Nge Thar ဟင်းရည်ကရော အဖြူထည်ပဲလား

ATK အဖြူထည်မှုတ်ဖူး၊ ညိုညိုလေး။ ၀က်သားလုံးလေးကလည်း ညိုညိုရဲရဲ၊ ဟင်းရည်ကလည်း အဲဒီ့ ခါလာပဲ

Nge Thar အခြား ဘာအရွက်တွေ ပါသေးလဲဆရာ

ကျွန်တော်တို့ ချက်တဲ့ ဝက်သားလုံး နောက်တစ်မျိုးရှိတယ် သူက အရည်နဲ့ ဝက်သားလုံးပဲ ကျန်တာဘာမှ မပါဘူး ဝက်သားလုံးကိုတော့ တရုပ်မြက် ကျို့ချိုင် ကိုစဉ်းထားတာနဲ့ ရောနယ်ပါတယ်

ATK ဘာအရွက်မှ မပါဘူးဗျ။

Sanda Hlaing စားစရာကို အော့အော့တွေဖြစ်အောင် ပြောနိုင်တာ အဲ့အူးးးးအူးးးပဲ ရှိမယ်…🙂

ATK ပညတ်တွေပါလေ… ပရမတ်က ပါးစပ်ထဲ ထည့်ပြီး ချားဒါဗျဲဟာ😛

Sanda Hlaing ငှင်င်င်… ကြက်မောက်သီးလောက်လုပ် ရသားနဲ့ ဥပမာပေးစာရှားလို့…😦

Nge Thar ဟီး အဲလောက်ဆို ချက်တတ်ပြီ ထင်တယ် ဟုတ်တယ်ဆရာ ဘာဆိုဘာမှ မထည့်ဘူး အသားလုံးကို ရေနည်းနည်း ဆီနည်းနည်း နဲ့ ပြုပ်ပြီး ရေခန်းမှ မီးအေးအေးနဲ့ ဆီလေးနဲ့ အရောင်ရအောင် ကြော်ပြီး အရည်သောက်လို့ရအောင် ရေပြန်ထည့်တာ ကျွန်တော်တို့ မုံရွာ ဝက်အူချောင်း အလုံးကို ပြုပ်ကြော် လုပ်သလိုမျိုး

Yamin Nyi Nyi ဗိုက်စာလာပြီ😀

ATK အန်တီလေးးးး ဆလိမ်နဲ့ ဆာပါဗျ။ စလုံးနဲ့ မစာပါနဲ့။ ဆာတာကို တစာစာ ဟစ်ကြွေးနေမယ့်အစား အစာလေးကို အဆာပြေ စားလိုက်မယ်ဆိုရင် ဆာတာလည်း ပြေ၊ အစာလည်း ကျေပါလိမ့်မဗျားးးး 😀

Yamin Nyi Nyi ဗိုက်ဆာလာပြီ 😀😉

Saw Zar Li ဒါမှ ရသစာပေစစ်စစ် ရှလွတ် 😛

စု စုအေး မကြီးကြီးလမ်းဒိန်ချဉ်ကို သောက်ဖူးတယ်ဆရာ အခုတော့ရှိသေးလားမသိဘူး ကျမ သောက်တုန်းကတော့ ဆိုင်ကတော်တော်ကျယ်တယ် စားပွဲ လေးငါးလုံး ချလို့ရတယ် ဒိန်ချဉ်ဆရာကြီး မျက်နှာထားဆိုးတာလဲမှတ်မိတယ် ဒါပေမဲ့ ဆရာ့တုန်းက လူကြီးတော့မဟုတ်ဘူးထင်ပါ့ တ်ခမ်းမွှေးထူထူကြီးပါတာမှတ်မိနေတယ်

ATK နောင် ချမ်းသာသွားလို့ ဆိုင်ချဲ့တာလား မသိဘူး။ နှုတ်ခမ်းမွေးကြီးတော့ ခုမှ မြင်လာတယ်။

စု စုအေး သူ့ဆိုင်က အရမ်းရောင်းကောင်းတာတော့မှတ်မိတယ် ဘယ်လောက်လူများများ အရမ်းကြီးကြာအောင်မစောင့်ရတာလဲမှတ်မိတယ် ဒိန်ချဉ်ကို ကလေးသောက်တဲ့ ခွက်သေးက ကိုင်းမပါလို့ မကျေနပ်တာလဲမှတ်မိတယ် ဟီးဟီး

Sanda Thant ဖတ်ရ တယ်မြိန်တာပဲဆြာ

ဇွန်လ ၁ ရက် ၂၀၁၅ ခုနှစ်

ညနေစောင်းရင် ခရီးရှည်ထွက်ပါဦးမယ်။ ကျွန်တော့် အစုတ်ထုပ်လည်း အဲဒီ့အခါကျ ခဏနားရမယ့် သဘောရှိပါတယ်။ (ဒါပေမယ့် မပူပါနဲ့၊ ပိတ်သတ်ကြီးကို ဒါ့ပုံတွေနဲ့ ဆက်လက် နှိပ်စက်သွားမှာပါ။)

အခုတော့ ပြီးသလောက် တစ်ပိုင်း ဆက်တင်လိုက်ပါတယ်။

ကူ(လ်)ဖှီ

ရေခဲမုန့်အကြောင်း ပြောတုန်းက ကျန်သွားတာ တစ်ခုရှိတယ်။ အဲဒါက ကူ(လ်)ဖှီဆိုတာပဲ။

ရန်ကုန်ရောက်မှ ကြားဖူး၊ စားဖူးသွားတာ။ အတော်ကောင်းပဲ။ (ဗမာနာမည်… အဲ… မွန်နာမည် ဖြစ်လျက်နဲ့ ဗိုလ်ဆွန်ပက်လမ်းလို့ မျိုးချစ်စိတ် တလွဲရှင်သန်ပြီး အခြောက်တိုက် နာမည်အပြောင်းခံလိုက်ရတဲ့) မောင်ထော်လေးလမ်းနဲ့ ဖရေဇာထောင့်က ဆိုင်မှာ စ စားဖူးခဲ့တာ ကောင်းကောင်း မှတ်မိနေတယ်။ လမ်းတစ်ဖက်ခြမ်း (အနောက်ဘက်ခြမ်း)မှာက ဟိုထဲ(လ်) ဒ, ဆစ်ထီး ဆိုတာ ရှိခဲ့ဖူးတယ်။ အခုတော့ အဲဒီ့ နေရာတွေ ဘာတွေ ဖြစ်ကုန်မှန်းတောင် မသိတော့ပါဘူး။

ရန်ကုန်ရောက်စ ၁၉၆၇ ၀န်းကျင်လောက်မှာပဲ စားဖူးခဲ့ပြီး အဲဒီ့ ကူ(လ်)ဖှီနဲ့ အဝေးကြီး ဝေးသွားခဲ့တာ အတော်ကြာတယ်။ အဲတော့လည်း မေ့တာပေါ့။ အဲဒီ့ဆိုင်က ၇၀ ပြည့်လွန်နှစ်တွေအထိ ရှိနေခဲ့သေးပေမယ့် မစားဖြစ်တော့ဘူး။ ဘာကြောင့်မှန်းလည်း စဉ်းစားလို့တောင် ပေါ်မလာတော့ပါဘူး။ သည်လိုပဲ သူ့အလိုလို မစားဖြစ်တော့တာ ဖြစ်ပါလိမ့်မယ်။

နှစ်ပေါင်းများစွာကြာပြီး ကျွန်တော့်မှာ သားတွေ သမီးတွေတောင် ရလာတော့မှ ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထဲမှာ ကုလားကြီးတစ်ယောက်က လာအော် ရောင်းနေတော့မှ ကူ(လ်)ဖီကို ပြန်စားဖြစ်တယ်။ အဲတော့လည်း ငယ်ချစ်နဲ့ တွေ့ရသလိုပါပဲ။ မလိုင် ပျစ်ပျစ်နှစ်နှစ်နဲ့ အတော် စားလို့ ကောင်းပေတာပဲ။

သည်အကြောင်း ကျန်ခဲ့တယ်ဆိုပြီး ရေးမယ်လုပ်တော့ တိုက်တိုက်ဆိုင်ဆိုင် သမီးက ကူ(လ်)ဖီ ၀ယ်လာပြန်တယ်။ “လမ်းသင့်တဲ့ ခဖှေး”လို့ ဘာသာပြန်ရင် ရနိုင်မယ့် ဆိုင်က ၀ယ်လာတာပါ။ နို့မလိုင် ကူ(လ်)ဖီက နှစ်ခု၊ ချောခလက်(ထ်) ကူ(လ်)ဖီက နှစ်ခု။ ချောခလက်(ထ်)တော့ သားစားတဲ့အထဲက မြည်းကြည့်တာ ခံတွင်း မတွေ့လိုက်ဘူး။

ရန်ကုန်မှာ စားလို့ မကောင်းတာတွေ

ကူ(လ်)ဖီပြီးရင် တစ်ဆက်တည်း ပြောရမှာက ဖှာလူဒါ ဖြစ်ပါလိမ့်မယ်။ အဲဒါတော့ ငယ်ငယ်တုန်းက စားရတဲ့ အထဲမှာ ကောင်းကောင်း မပါခဲ့သလိုပဲ။ ကျွန်တော့်စိတ်ထဲမှာ သိပ်အမှတ်ထင်ထင် ရှိမနေဘူး။ မန္တလေးမှာ နေတုန်းက ဆယ်ခါ့ရံ တစ်ခါလောက် စားခဲ့ရတာ ဖြစ်ပါလိမ့်မယ်။ အုန်းသီးကို ခြစ်ပြီး ထည့်ပေးတာ မှတ်မိနေတယ်။

ဖှာလူဒါရယ်လို့ မှတ်မှတ်ထင်ထင် ဖြစ်လာတာက တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဆရာကြီး ဗိုလ်ချုပ် အောင်ကြီး ရန်ကုန်မှာ ရွှေလမင်း လက်ဖက်ရည်ဆိုင် စဖွင့်တဲ့ ၁၉၇၀ ပြည့်လွန်ကျတော့မှပါ။ သူက “အညာ ဖွာလူဒါ”ဆိုပြီး ကြော်ငြာရောင်းချခဲ့တာကိုး။ ဒါပေသည့် အဲဒါလည်း တစ်ခါလား၊ နှစ်ခါလားပဲ စားဖူးတယ်။ သိပ် ခံတွင်း မတွေ့ဘူး။ အဲဒီ့အချိန်မှာ သူ့ဆိုင်မှာ မက်မက်ခြိုက်ခြိုက် စားဖြစ်ခဲ့တာက ပဲပလာတာ။

ပြောရမယ်ဆိုရင် ရန်ကုန်မှာ စားရသမျှ အဆင်မပြေဆုံးက အဲဒီ့ ပလာတာတွေ၊ ထပ်တစ်ရာတွေပါပဲ။ ဘာကွာတာလဲ မသိဘူး။ ဂျုံနယ်တာပဲ ကွာတာလား၊ ဘာလားတော့ မသိဘူး။ မန္တလေးက လမ်းဘေး လက်ဖက်ရည်ဆိုင် ခပ်စုတ်စုတ်က ကြော်တဲ့ ထပ်တစ်ရာလောက်တောင် အရသာ မရှိဘူး။ နောက်တစ်ခုက ပဲနဲ့ စားတဲ့အခါ အဲဒီ့ပဲတွေရဲ့ အရသာကလည်း ရန်ကုန်ပဲကိုက လွဲနေတာလားတော့ မသိဘူး။ မန္တလေးအပါအ၀င် အထက်ဗမာပြည်မှာ စားရတာမျိုးလောက် စေးစေးပိုင်ပိုင် ဆိမ့်ဆိမ့်အိမ့်အိမ့် မရှိလှဘူးဗျ။

မန္တလေးနဲ့ ပတ်သက်လို့ ကလေးဘ၀ မမေ့နိုင်စရာက ရေခဲပလုတ်တုတ်ပါ။ မန္တလေးမှာတော့ ရေခဲပလုတ်တုတ်ပဲ ခေါ်ကြပါတယ်။ ရန်ကုန်မှာတော့ ရေခဲခြစ်ပေါ့။ မန္တလေး ရေခဲ ပလုတ်တုတ်ကလည်း အကျဗျ။ အုန်းသီးကို အမျှင်အမျှင်ဖြစ်အောင်လုပ်ပြီး ရေခဲတွေကြား ညှပ်ထည့်ပေးထားတယ်။ ကလေးကြိုက် သကြားရေကို အနီ၊ အစိမ်း၊ အ၀ါအဖြစ် ဆမ်းပေးတယ်၊ နို့ဆီလည်း ဆမ်းပေးလိုက်ပါတယ်။

ခုခေတ်လိုဆိုရင်ဖြင့် ကျန်းမာရေးနဲ့ တစ်စက်မှ မညီညွတ်တဲ့၊ ကလေးတွေ မစားအပ်တဲ့ စားစရာပေါ့ဗျာ။ မန္တလေးဆိုတာက ဖုန်ကလည်း ထူထူ၊ သကြားရည်ကို ဆေးဆိုးထားတာကလည်းပါ၊ နို့ဆီကိုလည်း အရင်းအတိုင်း ထည့်ပေးထားလေတော့ကာ ဘယ်လိုလုပ် ကလေးနဲ့ သင့်မှာတုံးနော်။ ကျွန်တော်တို့တုန်းကတော့ တွယ်တာပါပဲ။ ဘာမှလည်း ထူးထူးထွေထွေတွေ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ခေတ်က ကူးစက်စေတဲ့ ရောဂါဘယပဲ နည်းတာလား၊ ရှိနေတဲ့ ရောဂါဘယတွေကို မရှာတတ်သေးလို့လားတော့ မသိဘူး။

မအေတွေ့ ပါးစပ် လွှမ်းမိုးပုံ

တကယ့်တကယ်ကျတော့ ကျွန်တော်က အဲလို အချိုတွေထက် အချဉ်တွေကို ပိုကြိုက်တာ။ အချဉ်ထုပ်များတော့ ကြိုက်သလောက်လာ၊ စားမယ်ဆိုတဲ့အထဲက။ မန္တလေး အချဉ်ပေါင်းသည်များဆီက အချဉ်ပေါင်းစုံဆိုလည်း ကျွန်တော့် အသည်းစွဲ ဖြစ်ခဲ့ဖူးတာကလား။ တော်တော်လည်း စားနိုင်ခဲ့ဖူးပါတယ်။ ဆီးသီး၊ မရမ်းသီး၊ သရက်သီး၊ သင်္ဘောဆီးဖြူသီး၊ ကယားပြည်နဲ့ တောင်ကြီးမှာ နေတုန်းကဆို ပင်စိမ်းသီး၊ ရန်ကုန်ရောက်တော့ အချဉ်ထုပ်တွေထဲမှာ ရှောက်သီး၊ သံပရာသီးတောင် ပါလာတယ်။ ဘာလာလာ ကျွန်တော် တွယ်တာပဲ။ အဲလောက် အချဉ်ပေါင်းကို ကြိုက်တာ။

ဆီးဖြူသီးဆိုလည်း စားတာပါပဲ။ တန်ဆောင်မုန်းလဆိုရင် အမေက ဆီးဖြူသီးထောင်းကို ဟင်းတစ်မည်အဖြစ် ထည့်တတ်သလို ဆီးဖြူသီးပြုတ်နဲ့ ငါးပိကြော်ကိုလည်း သွားရည်စာအဖြစ် ကျွေးတတ်ပြန်သေးတယ်။ စားတာပဲ။

အမေနဲ့ ပတ်သက်လို့ ပြောရရင် မန္တလေးသူ အမေ့ရဲ့ အိမ်မှာ လက်ဖက်ကလည်း ဘယ်တော့မှ မပြတ်ဘူး။ အမေကလည်း နေ့စဉ်နီးပါး စားပါတယ်။ အမေစားတော့ ကျွန်တော်လည်း စားရပါတယ်။ ဧည့်သည်လာလည်း လက်ဖက်တစ်ပွဲကတော့ ရှေ့ရောက်လာတာပါပဲ။ အဲဒါကတော့ ချစ်စရာ မြန်မာဓလေ့လို့ ပြောရမယ် ထင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အထက်ကာရီက ရွှေဘိုနယ်ထဲက အတော်ခေါင်တဲ့ ရွာတစ်ရွာကို ရောက်သွားပါတယ်။ ကျွန်တော်တို့ စီးသွားတဲ့ ကားက ပျက်လို့လား၊ ဘာလားတော့ မမှတ်မိတော့ဘူး။ လမ်းဘေးက အိမ်တစ်အိမ်မှာ ခဏ ၀င်နားရပါတယ်။ အဲဒီ့မှာ ချက်ချင်းရောက်လာတာက လက်ဖက်ပွဲနဲ့ ရေနွေးကြမ်းပါပဲ။

အထက်အညာမှာတော့ ဧည့်သည် စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ဧည့်သည်လာပြီဆိုတာနဲ့ လက်ဖက်ပွဲက အမြဲ အသင့်ဖြစ်နေတတ်တယ်။ ရေနွေးကြမ်းလည်း အလားတူ။

လက်ဖက်နဲ့ ရေနွေးကြမ်း တည်ခင်းတဲ့ ဓလေ့ဟာ ချစ်စရာ မြန်မာ့ဓလေ့ကလေးပါ။ သို့ပေမယ့် အဲဒီ့ ဓလေ့က ကျွန်တော့်အိမ်မှာတော့ မရှိဘူးဗျ။ အတော် အံ့အားသင့်စရာ ကောင်းလှတယ်။

မရှိဆို ကျွန်တော့်အိမ်သူကမှ မေမေ့လို လက်ဖက်ကို မက်မက်စက်စက် မစားတတ်ရှာပဲကိုး။ သူ မစားတတ်ရှာဆို သူ့အမေကြီးကလည်း မက်မက်စက်စက်မှ မရှိရှာတာကိုး။ အဲတော့ သူ့အစ်မတွေရဲ့ အိမ်တွေမှာလည်း လက်ဖက်က အရံသင့် ရှိမနေတတ်ဘူး။ တော်တော်တော့ ဆန်းတယ်ဗျ။

အမေတွေရဲ့ အစားအသောက်ပုံစံက သားသမီးတွေကို လွှမ်းမိုးထားပုံ ရတယ်လို့တောင် ကောက်ချက်ချရမလို ဖြစ်ပါတယ်။ ကျွန်တော် အချဉ်ထုပ်တွေ၊ အချဉ်ပေါင်းတွေ စားတတ်တာက မေမေ့ဆီက ရတာပါ။ ကျွန်တော့် ယောက္ခမကြီးကတော့ အလွန် အချဉ်ကြောက်ပါတယ်။ မချစ်စု သရက်သီးက ကျွန်တော်တို့ လျှာမှာ ချိုချဉ်လေးပါ။ အဲဒါမျိုးဆိုရင် ကျွန်တော့် ယောက္ခမကြီးအတွက်က အလွန်ချဉ်နေပါပြီ။ အဲတော့ သူ အချဉ်ထုပ်တွေ၊ အချဉ်ပေါင်းတွေကို မမက်တာ သိပ်သေချာပါတယ်။ အဲတော့ ကျွန်တော့်အိမ်သူလည်း အချဉ်ထုပ်၊ အချဉ်ပေါင်းကို စားလေ့စားထ မရှိဘူးဗျ။ လက်ဖက်လည်း အဲလိုပဲ နေမှာပေါ့လေ။

ကျွန်တော်နဲ့ သူနဲ့ မညားခင် သူတို့ရဲ့ အလှူတစ်ခုမှာတော့ ထုံးစံမပျက်အောင် လက်ဖက်ပွဲ ပါလာပါတယ်။ အဲဒီ့ လက်ဖက်ပွဲထဲမှာ ပါမလာတာက ပုစွန်ခြောက်ခင်ဗျ။ ကျွန်တော်တို့ အိမ်က လက်ဖက်ပွဲပြင်ရင် ပုစွန်ခြောက်က ဇာတ်လိုက်ကျော်ဆိုတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်တာပေါ့ခင်ဗျာ။

စကားစပ်လို့ ပြောရရင်တော့ လက်ဖက်ကလေးကို ငါးကျည်းခြောက်ကလေးနဲ့ စားရင်လည်း အလွန်ကောင်းကြောင်းပါခင်ဗျား။

ကျွန်တော်ကတော့ မေမေ့သားပီပီ လက်ဖက်ကို ဘယ်လောက် ကြိုက်သလဲဆိုတော့ လွန်ခဲ့တဲ့ ခြောက်လကျော် သြစတြေးလျကအပြန် ဘန်ကောက်လေဆိပ်ရောက်တော့ ကျွန်တော့်အိမ်သူကို လှမ်းဖုန်းဆက်ပြီး အိမ်ပြန်ရောက်တာနဲ့ လက်ဖက်သုပ်စားချင်တဲ့အကြောင်း ကြိုမှာထားမိခဲ့တဲ့ အထိပါပဲ။

အစားအသောက်တွေအကြောင်း သည်နားမှာ တစ်ခန်းရပ်လို့ ကျွန်တော့် ဆယ်တန်း ပထမနှစ်ဆီ ပြန်သွားလိုက်ကြပါဦးစို့။

တစ်မတ် ငါးမူး တစ်မူး တစ်ပဲ

အဲဒီ့အချိန်က ကျွန်တော်ဟာ စာအုပ်ဖတ်တာနဲ့ ရုပ်ရှင်ကြည့်တာကို အသားကုန် လုပ်ပါတယ်။ စာအုပ်က စာအုပ်အငှားဆိုင်က ဖတ်တာပေါ့။ ရုပ်ရှင်ကတော့ ရုံမှာ သွားကြည့်ရတာပါ။ အိမ်က ပေးတဲ့ မုန့်ဖိုးနဲ့ ကျွန်တော် ကြည့်ချင်တဲ့ ရုပ်ရှင်ကား အရေအတွက်နဲ့က မမျှတော့ ကျွန်တော့်မှာ (အဲဒီ့အချိန်က) အနိမ့်ဆုံး အတန်းဖြစ်တဲ့ သုံးမတ်တန်း (၇၅ ပြားတန်း)က ကြည့်ရပါတယ်။

အခုခေတ် လူငယ်တွေက အကြွေ မကိုင်ဖူးရှာတော့ တစ်မတ်တွေ၊ ငါးမူးတွေ၊ သုံးမတ်တွေ မသိကြတော့ဘူး။ မကြာသေးခင်ကမှ ကျွန်တော့်သားရဲ့ သူငယ်ချင်းလေးက မေးလာတော့မှ သူတို့် သည်အသုံးအနှုန်းတွေနဲ့ မယဉ်ပါးမှန်း သတိထားမိပါတယ်။

တစ်မတ်ဆိုတာ တစ်ကျပ်ရဲ့ လေးပုံတစ်ပုံကို ခေါ်တာပါ။ ငါးမူးဆိုတာက တစ်ကျပ်ရဲ့ တစ်ဝက်၊ သုံးမတ်ဆိုတာက တစ်ကျပ်ရဲ့ လေးပုံ သုံးပုံပေါ့။

အဲဒီ့မှာ ပြဿနာရှိတာက တစ်ကျပ်ဟာ ဘယ်နှပြားရှိဆိုတာပါပဲ။ ကျွန်တော်တို့ လူဖြစ်တဲ့ ခေတ်မှာတော့ တစ်ကျပ်မှာ ပြား ၁၀၀ ရှိသွားပါပြီ။ အဲတော့ တစ်မတ်ဟာ ၂၅ ပြား၊ ငါးမူးဟာ ပြား ၅၀၊ သုံးမတ်က ၇၅ ပြားပေါ့။

ကျွန်တော်တို့ရှေ့က မျိုးဆက်ဖြစ်တဲ့ အဖေတို့ မျိုးဆက်မှာတော့ အင်္ဂလိပ်ခေတ်က ငွေကြေးကို သုံးစွဲခဲ့ရတယ်။ အဲဒီ့ ငွေ (အမှန်တော့ ရူပီး) တစ်ကျပ်က ဒဿမ စနစ်ကို မပြေင်းခင်မှာ ၆၄ ပြားရှိခဲ့ပါတယ်။ အဲတော့ တစ်မတ်က ၁၆ ပြား၊ ငါးမူးက ၃၂ ပြား၊ သုံးမှတ် ၄၈ ပြားပေါ့။ အဲဒီ့မှာ ဇာတ်လမ်းတစ်ခု ပိုလာတယ်။ အဲဒါက တစ်မူးဆိုတာပါ။ ပိုက်ဆံတစ်မူးဆိုတာ တစ်မတ်ရဲ့ တစ်ဝက်ဖြစ်တဲ့ ရှစ်ပြားကို ပြောတာဖြစ်သွားပါတယ်။ နှစ်မူးဆိုရင် တစ်မတ်ပေါ့ဗျာ။ ငါးမူးဆိုရင် ပြား ၄၀ မဟုတ်တော့ဘဲ တစ်ကျပ်ရဲ့ ထက်ဝက် ၃၂ ပြား (၀ါ) လေးမူးပဲ ရှိနေတာတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ဘူး။

သည်နေရာမှာ အမေ့ လက်သုံး ဥပမာတစ်ခုကိုလည်း မမေ့မလျော့ ထည့်ပြော လိုက်ချင်ပါသေးတယ်။ “အတူတူနဲ့ အနူနူပဲ”၊ “တစ်ခုနဲ့ တစ်ခု ဘာမှ မကွာဘူး”လို့ ပြောတဲ့အခါမျိုးမှာ မန္တလေးသူ ကျွန်တော့်အမ ပြောတတ်တဲ့ ဥပမာက “တစ်မူးနဲ့ ရှစ်ပြား၊ ဘာမှ မကွာဘူး”ဆိုတာပါပဲ။ ရှစ်ပြားကိုလည်း တစ်မူး ခေါ်တာမို့ တစ်မူးနဲ့ ရှစ်ပြားဟာ တန်ဖိုးချင်း တူပါတယ်၊ ဘယ်သူ့ ဘယ်သူမှ မသာပါဘူး။ “သူမသာ ကိုယ်မသာ”ဆိုတာမျိုးကို ပြောတဲ့အခါ အမေက အဲလို ပြောလေ့ ရှိပါတယ်။

အဲဒီ့မှာ ယနေ့ထက်တိုင် ကျွန်တော်တို့ဆီမှာ ဇာတ်ရှုပ်တာက ရွှေအလေးချိန်တွက်ရာမှာလည်း ပဲတွေ၊ မူးတွေ ပါလာပြန်တာပါပဲ။ အဲဒါကျတော့ တစ်ကျပ်မှာ ၁၆ ပဲ ရှိပြန်သဗျ။ နှစ်ပဲကို တစ်မူး၊ ၂ မူးကို တစ်မတ်၊ ၂ မတ်ကို ငါးမူး၊ နှစ်မူးကို တစ်ကျပ်ဆိုပြီး ရှိတာမို့ တစ်မူးက ၂ ပဲ၊ တစ်မတ်က ၄ ပဲ၊ ငါးမူးက ၈ ပဲ၊ တစ်ကျပ်က ၈ ပဲ ရှိပြန်သပေါ့။ ရွှေမှာက ထပ်ဇာတ်ရှုပ်ပြန်တာက တစ်ပဲမှာ ရှစ်ရွေးဆိုတဲ့ အချိန်အတွယ်တွေပါ ပါလာပြန်တာပဲ။ ဆိုတော့ ရွေးနဲ့ ပြောမယ်ဆိုရင် တစ်ကျပ်ဟာ ၁၂၈ ရှိသွားတော့တာပေါ့။ အသေးစိတ်သိချင်ရင်တော့ ရွှေသမားတွေသာ မေးကြည့်ပါတော့ဗျာ။

အဲဒီ့ အတိုင်းအတာ တွက်ချက်ပုံက လက်သမားတွေရဲ့ တစ်လက္မ ၁၆ စိပ်နဲ့ အမျိုးတော်သလားတောင် မသိဘူး။ တချို့ပေတံတွေမှာ ၁၆ စိပ်နဲ့ 16th ဆိုပြီး ပါတာ သတိထားမိကြလား မသိဘူး။ မြန်မာလက်သမား အများစု သုံးတဲ့ ပေတံမှာလည်း အဲဒီ့ အတိုင်းအတာတွေ ပါသလို တစ်မတ်၊ တစ်မူးဆိုတဲ့ စကားတွေလည်း ကြားရမှာပါ။ သူ့ကျတော့ ငါးမူးက ရှစ်စိပ်၊ တစ်မတ်က လေးစိပ်ရှိနေပြီး တစ်မူးကျတော့ တစ်မတ်ရဲ့ တစ်ဝက် နှစ်စိပ်ရှိပါတယ်။ တစ်စိပ်ကို တစ်ပဲလို့ ခေါ်တယ် ထင်တယ်။ သေချာချင်ရင် ဒါလည်း လက်သမားတွေကိုသာ မေးကြည့်ပါခင်ဗျား။

'တစ်လက်မှာ ၁၆ စိပ်။ နှစ်စိပ်က တစ်မူး၊ ၄ စိပ် (နှစ်မူး) က တစ်မတ်။ ၈ စိပ် (၄ မူး/နှစ်မတ်)က ငါးမူး။ ၁၂ စိပ် (၆ မူး) က သုံးမတ်။ လက်သမားတွေကတော့ အဲလို ခေါ်ကြတာပဲ။ သူတို့က တစ်စိပ်လို့တောင် မသုံးဘူး မှတ်တယ်။ တစ်စိပ်ကို တစ်ပဲလို့ ပြောသလားပဲ။ (သိသူများ ပြင်ပေးကြပါ။)'အချင်အတွယ် အတိုင်းအတာတွေက တော်တော်လည်း ဇာတ်ရှုပ်ပေတာပဲ။ ဂါလံရယ် လီတာရယ်၊ ဗြိတိသျှ စနစ်ရယ်၊ မက်ထရစ်စနစ်ရယ်၊ ဖာရင်ဟိုက်ရယ်၊ ဆယ်ဆစ်ယပ်(စ်)ရယ် အတော့်ကို ဇယားရှုပ်တာကလား။ အဲဒီ့ထဲမှာက မြန်မာက မြန်မာစနစ်နဲ့ တွက်ချက်တာတွေ၊ ရှေးထုံးအတိုင်း တွက်ချက်ဆဲတွေပါလာတဲ့အခါ တစ်ခါတစ်ခါ အတော် အူချာလည်နေရတယ်။

အမှန်တော့ သုံးမတ်တန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတဲ့အကြောင်း ပြောရင်းနဲ့ သုံးမတ်ကို ရှင်းပြတာပါ။

ပြာတွေတောင် လွင့်တော့မယ့် အခြေအနေ

လွမ်းတော့ လွမ်းစရာ ကောင်းသားဗျ။ ကျွန်တော်တို့ခေတ်က အကြွေကို တွင်တွင် သုံးနိုင်ခဲ့သေးတာကို။ တစ်ပြား၊ နှစ်ပြားကို သုံးလို့ မရခဲ့ပေမယ့် ငါးပြားပေးရင် ဘတ်(စ်)ကား နှစ်မှတ်တိုင်စာလောက် စီးလို့ရတဲ့ ခေတ်ကို ကျွန်တော်တောင် ကောင်းကောင်းမီ လိုက်ပါသေးတယ်။ အလားတူပဲ၊ ပြား ၆၀ ပိုက်ဆံအကြွေ၊ ပေးလိုက်စမ်းပါ သားတို့အမေဆိုတဲ့ သီချင်းထဲကလို သုံးဘီးကားစီးရင်လည်း မီတာချိုးတဲ့ စနစ်ရဲ့ အဖျား အနားလေးလည်း မီလိုက်သေးတယ်။

ပြောရတာတော့ မကောင်းဘူး။ ဦးစံလင်းဆိုတဲ့ လူကြီးရဲ့ လက်မှတ်နဲ့ “လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်”ဆိုတဲ့ စာတန်းပါ မြန်မာ ငွေစက္ကူများရဲ့ လက်ထက်က မြန်မာ ကျပ်ငွေကို ကမ္ဘာအရပ်ရပ်က ဘယ်နိုင်ငံမှာမဆို ပေါက်ဈေးအတိုင်း လဲလို့ ရခဲ့ဖူးပါတယ်။ အဲတုန်းက မြန်မာကျပ်က စတာလင် ငွေကြေး နယ်ပယ်မှာ ရှိခဲ့ပေတာကိုး။

အသေးစိတ်တော့ မပြောတတ်ဘူး။ ကျွန်တော် သိသလောက်ကတော့ မြန်မာပြည်မှာ လည်ပတ်နေတဲ့ ငွေကြေး ပမာဏနဲ့ ညီမျှတဲ့ ရွှေတွေကို အင်္ဂလန်က ဘဏ်မှာ အပ်နှံထားရတယ်ပေါ့။ အဲတော့ ငွေစက္ကူတွေကို ရိုက်ချင်တိုင်း ရိုက်လို့ မရဘူး။ ပြည်တွင်းမှာလည်ပတ်နေတဲ့ ငွေပမာဏထက် တိုးရိုက်ချင်ရင် နောက်ထပ် ရွှေသား အပေါင်ထားရတဲ့ စနစ်လို့ ပြောရမလားပဲ။ အဲတော့ တိုင်းပြည်တစ်ပြည်အတွင်းက ငွေကြေး ဖောင်းပွမှု နည်းပါးအောင် ထိန်းချုပ်ထားနိုင်ပါတယ်။

အဟဲ… ကိုနေ၀င်း လက်ထက်ကျတော့ ထင်ရာ အကုန်လုပ်ပစ်တယ်။ ဆိုရှယ်လစ်စီးပွားရေး ဘာညာ၊ အကြီးကြီးတွေ အော်ဟစ်ပြီး စတာလင် ငွေကြေးနယ်ပယ်က ခုန်ထွက်လိုက်တယ်။ အင်္ဂလန်မှာ အပေါင်ထား ထားတဲ့ ရွှေတုံးကြီးတွေကိုလည်း ပြန်ယူလိုက်တယ်။ အဲဒီ့ ရွှေတွေ ဘယ်ရောက်သွားသလဲဆိုတာလည်း ပွင့်လင်း မြင်သာမှု အင်မတန်ရှိတာဆိုတော့ ဘယ်သူမှ မသိတော့ဘူး။ အကုန်လုံး စုပ်စ၊ မြုပ်စပျောက်။

တိုင်းပြည် စီးပွားရေးအခြေအနေနဲ့ ငွေကြေးဖောင်းပွမှုကတော့ အများသိတော်မူတဲ့အတိုင်းပဲ။ ကျွန်တော် ထူးပြီး ရေးပြစရာ မလိုတော့ပါဘူး။

အကျိုးဆက်အနေနဲ့တော့ မြန်မာပြည်မှာ ငွေအကြွေစေ့ဆိုတာ ပျောက်ကွယ်သွားတော့တာပါပဲ။ တစ်ပြား၊ နှစ်ပြား ဝေးစွ၊ ငါးမူးစေ့၊ တစ်မတ်စေ့သာမက ကျပ် ၅၀၊ ကျပ် ၁၀၀ အကြွေစေ့အထိ ထွက်ဖူးတာ ကျွန်တော်တို့ တစ်နိုင်ငံပဲတောင် ရှိမလား မသိဘူး။ အခုဆို အဲဒီ့ ၅၀၊ ၁၀၀ အစေ့တွေတောင် ပြတိုက်မှာ လိုက်ရှာရမလို ဖြစ်နေပြီ။

ဘာလို့လဲ။

အဲဒီ့ ငွေအကြွေစေ့တစ်စေ့ ထွက်လာအောင် သွန်းလုပ်ယူရတဲ့ စရိတ်စကနဲ့ အဲဒီ့ ငွေကြေးတစ်စေ့မှာ ပါနေတဲ့ သတ္တုရဲ့ တန်ဖိုးက အဲဒီ့ အကြွေစေ့ပေါ်မှာ ရေးထွင်းထားတဲ့ တန်ဖိုးထက် မြင့်မားနေတာကိုး။ အလွယ်ပြောရင်ဗျာ၊ ကျပ်တစ်ရာတန် အကြွေစေ့ တစ်စေ့မှာ ပါတဲ့ သတ္တုဖိုးက ကျပ် ၈၀ လောက် ရှိနေပြီး သွန်းလုပ်ရတဲ့ စရိတ်စကက ကျပ် ၄၀ လောက် ကုန်ကျနေရင်ကို တစ်စေ့မှာ ကျပ် ၂၀ အရှုံးပေါ်နေပြီ မဟုတ်ပါလား။

အဲတော့လည်း ငွေအကြွေဆိုတာ သည်ခေတ် မြန်မာပြည်တွင်းက ဘယ်မှ မခွာဖူးတဲ့ လူငယ်များအတွက် ကိုင်ဖူး မြင်ဖူးဖို့ အင်မတန် ခက်ကုန်တော့တာပေါ့။

ငွေစက္ကူကတော့ ဘာပူစရာ လိုသလဲဗျာ။ လိုရင် ထပ်ရိုက်လိုက်ကြတာပေါ့။ စက်ရုံကြီး တစ်ရုံလုံး ရှိနေတာပဲဟာ။ အဲသလိုနဲ့ ကိုနေ၀င်း လက်ထက်မှာ လိုတိုင်း ထပ်ရိုက်လာလိုက်ကြတာများ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ကိုးဆယ်တန် အစရှိသဖြင့် အူကြောင်ကျား ငွေစက္ကူတွေ ဗုံးပေါလအော ထွက်လာခဲ့တော့တာပါပဲ။

တစ်ပြည်လုံးကို ဖျက်ချင်တိုင်း ဖျက်၊ သွက်သွက်လည်း ခါရော၊ ငါလုပ်တာ မင်းတို့ မကြိုက်ရင် ငါဖယ်ပေးမယ်၊ မင်းတို့ ဘာသာ ဆက်လုပ်ကြပေတော့ဆိုပြီး ဖုတ်ဖက်ခါ ထွက်ချသွားပါရောလား။ သူ့ဆီက လက်ပြောင်းယူလိုက်ရသူများ ခမျာမလည်း သူလေ့ကျင့်ပေးခဲ့တဲ့ လူကောင်းလူတော်မူ၊ တစ်နည်းအားဖြင့် တော်သူ၊ တန်သူကို နေရာမပေးရေး၊ ဘောင်းတော်ညိတ်၊ စိတ်တော်သိတတ်သူများကိုသာ နေရာပေးရေးမူ အတိုင်း ဆက်လက် လိုက်နာကျင့်သုံးတာကိုပဲ အမှန်မှတ်နေရှာတော့ တိုင်းပြည်ကြီးလည်း ဆီပူအိုးထဲကနေ မီးထဲ ကျ၊ ပြာဖြစ်လု နီးနီး အခြေအနေကို ရောက်နေကြတာပါ။

အဟဲ… ကောင်းတာတစ်ခုက ပြာပုံထဲကနေ ကြွေးကြော်သံ ပေါင်းစုံနဲ့ ဇာတိမာန်တွေ ထက်သန်ပြလိုက်ရင် တစ်ပြည်လုံးက အူကြောင်ကျားနဲ့ ဇာတိမာန်တွေ လိုက်ထက်သန်ရင်း အဲဒီ့ ဇာတိမာန် လေမုန်တိုင်းကြောင့် နောက်ဆုံးမှာ ပြာတွေတောင် လွင့်စင်ကုန်ပြီး ဖုန်းဆိုးမြေကြီးပဲ ကျန်ရစ်တော့မယ့် အခြေအနေပါ။

ရေးမယ့်သာ ရေးရတယ်၊ တကယ့်တကယ်ကျတော့ ဆရာ ဗန်းမော်တင်အောင် ပြောသလို၊ ကျွန်တော်ကရော ဘာများ တတ်နိုင်ပါဦးမည်နည်းပဲပေါ့။

ကိုယ်တွေ့ ခေတ်ပျက်ချိန် အစအဦး

အစုတ်ထုပ်ဖက် ပြန်သွားရရင်တော့ ကျွန်တော်တို့တုန်းက စတာလင် ငွေကြေးနယ်ပယ်က ထွက်ခါစ ပထမ ဆယ်နှစ်အတွင်းမှာမို့ အခုလောက်ကြီး ရုပ်ပျက် ဆင်းပျက် မဖြစ်သေးဘူး။ အကြွေတွေ ဘာတွေ ကိုင်သုံးလို့ ရသေးတယ်။ အိတ်ကပ်ထဲမှာ ငွေတစ်ဆယ်လောက် ရှိရင်ကို တလုပ်စားသောက်ဆိုင် ကောင်းကောင်းမှာ တက်ပြီး ဟင်းသုံးလေးပွဲ လွေးနိုင်ပါသေးတယ်။

အမှန်က ကျွန်တော်တို့ သတိမထားမိလို့။ အပျက်ကို ဦးတည်နေတာ အဲဒီ့ကတည်းကပါ။ ၁၉၇၃-၇၄ လောက်မှာ ကျွန်တော်တို့ အိမ်နဲ့ တအား ရင်းနှီးနေပြီး မိသားစုဝင်တွေလို ဖြစ်လာကြတဲ့ ကျိုင်းတုံသူ မမများက ဆယ်ပြားစေ့ အလေးစေ့တွေကို ၀ယ်ကြပါတယ်။

ဆယ်ပြားစေ့က နှစ်မျိုး ရှိခဲ့ဖူးတယ်။ တစ်ခုက ကြေးနဲ့ လုပ်ထားတာ။ လေးတယ်။ ကျောဘက်မှာ (ခေါင်းဘက်) ခြင်္သေ့တံဆိပ်နဲ့။ မျက်နှာစာ (ပန်းဘက်) မှာက ကနုတ်ပန်းနဲ့ ၁၀ါး (ဆယ်ပြား)လို့ ရေးထားတဲ့ စာတန်းနဲ့။

အပေါ့စေ့က ဒန်နဲ့ လုပ်ထားတာ။ ခေါင်းက ဗိုလ်ချုပ်အောင်ဆန်းခေါင်း၊ ပန်းက ကနုတ်ပန်းပဲ။ ၁၀ ပြားဆိုတဲ့ စာတန်းပါတယ်။ (ကံအားလျော်စွာ အင်တာနက်ထဲမှာ အကြွေစေ့ ပုံတွေ တွေ့လို့ ကူးတင်ပေးလိုက်ပါတယ်။)

'၁၉၇၀ ပြည့်လွန်စမှာ ထိုင်းတွေ သိမ်းကြုံးဝယ်သွားခဲ့တဲ့ မူလလက်ဟောင်း လွတ်လပ်ရေးခေတ် ဗမာအကြွေစေ့။ (ဆယ်ပြားစေ့ အလေးစေ့)'ခေါင်းပန်းလှန်တယ်ဆိုတဲ့ အသုံးတောင် အကြွေစေ့တွေ ကွယ်ပျောက်သွားတာနဲ့ မရှိတော့ဘူး။ အကြွေစေ့ကို ထောင်လိုက် ထောင်ပြီး မွှတ်နေအောင် မွှေ့လိုက်ကာ လက်ဝါးနဲ့ ဗျတ်ဆို ရိုက်ချလိုက်ပြီး ခေါင်းလား၊ ပန်းလားလို့ တစ်ဖက်လူကို မေးပြီး လောင်းကစား လုပ်ကြတဲ့ နည်းပေါ့။

အဲဒီ့ အပေါ့စေ့၊ ဒန်စေ့ကတော့ ဘာမှ အသုံးမ၀င်ဘူး။ ဒါပေမယ့် စခါစတုန်းက အလေးစေ့ ကိုးစေ့၊ ပြားကိုးဆယ်ဆိုရင် ကျိုင်းတုံက မမတွေက တစ်ကျပ်ပေးပြီး ၀ယ်တယ်။ ဆယ်ပြား မြတ်တော့ အဟုတ်မှတ်တာကိုး။ ဆယ်ပြားဆိုတာ နည်းမှတ်လို့လေ။ ကျွန်တော့်အတွက်ဆို ဒူးယားစီးကရက်တစ်လိပ် ၀ယ်လို့ ရတယ်၊ ဒါမှမဟုတ် ဆေးပေါ့လိပ်ဆိုရင် သုံးလိပ်လောက် ကောင်းကောင်းရတယ်။ ကျောင်းမှာ ဖျော်ရည်တစ်ခွက် သောက်လို့ရတယ်။ ၀က်သားတုတ်ထိုး တစ်ချောင်းလောက် စားလို့ ရတယ်။ မဆိုးဘူးပေါ့။

အဲဒီ့ကနေ ရှစ်စေ့ (ပြား ၈၀) ကို တစ်ကျပ်ပေးပြီး ၀ယ်လာတော့ ပြားနှစ်ဆယ်ကြီးများတောင် မြတ်လာပါရောလား။ နိပ်သပေါ့။ ကျွန်တော်ထင်တယ်၊ ပြား သုံးဆယ် အမြတ်အထိတောင် ရခဲ့ဖူးတယ် ထင်ပါတယ်။

အမှန်က အဲဒီ့ အကြွေစေ့တွေရဲ့ ကြေးသား တန်ဖိုးတွေက တက်လာတာပါ။ အဲဒီ့ အလေးချိန်လောက်ရှိတဲ့ ကြေးရဲ့ တန်ဖိုးက ဆယ်ပြားမကတော့လို့သာ အဲလို ပေးဝယ်တာပေါ့။ ပြီးတော့ တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းမှာ ပြန်ရောင်းတာပေါ့။ ထိုင်းက အလေးချိန်အလိုက် ပြန်ဝယ်ပြီး သူတို့အတွက် အသုံးတည့်တဲ့ တစ်နေရာရာမှာ ပြန်သုံးမှာပေါ့။

ဒါ့ကြောင့် ထိုင်းကို ရောက်လို့ တစ်ဘတ်၊ ငါးဘတ်၊ ဆယ်ဘတ်စတဲ့ အကြွေစေ့တွေကို ကိုင်သုံးတဲ့အခါ အဲဒီ့ အကြွေစေ့တွေထဲမှာ ကျွန်တော် ရောင်းလိုက်တဲ့ ဆယ်ပြားစေ့တွေက ကြေးသားတွေလည်း ပါနေနိုင်လောက်တာကို တွေးမိပြီး မချိပြုံးလေး ပြုံးမိရပါတယ်။

ဒန်ကျတော့ သူတို့က အဖက်မလုပ်ဘူး။ အဲဒီ့အချိန်မှာ ဒန်သားက တန်ဖိုး သိပ်မရှိသေးလို့နေမှာပေါ့။

'နောက်နှစ် ၂၀ လောက်အကြာမှာ ဗမာပြည်စီးပွားရေး ချွတ်ခြုံကျတော့မှာ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ ၀င်တော့မှာကို ပထမဆုံး စပြလိုက်တဲ့ နိမိတ်လက္ခဏာတွေ။ သူတို့ စကားနဲ့ ပြောရင် တိုင်းပြည်ကြီး ချောက်ထဲကျဖို့ တစ်လံလောက် အလိုပေါ့။'ခေတ်ပျက်ခြင်းရဲ့ အစ၊ ငွေကြေးဖောင်းပွမှုရဲ့ အစကို ကျွန်တော်တို့ မသိသားဆိုးရွားစွာ ဖြတ်သန်းခဲ့ပုံကို ပြောလိုရင်းပါ။ ကိုနေ၀င်းရဲ့ ကျေးဇူးပေါင်းစုံကတော့ ရေးလို့တောင် ကုန်နိုင်မယ် မထင်ပါဘူး။ တိုင်းပြည်ကို ဖျက်တဲ့နေရာမှတော့ သူဟာ ဧတဒဂ်ဘွဲ့တောင် ပေးထိုက်သူပဲ ထင်ပါတယ်။

ပြီးတော့မှ သူလုပ်တာ မဟုတ်ပါဘူး၊ သူ့အောက်က လူတွေ အသုံးမကျလို့ ဖြစ်တာလိုလို ပြောပြီး ဆုတ်ခွာ သွားပုံလေးကလည်း သင်းလှတယ်။

ရွှေလက်ညှိုးဟေ့ ဒို့ဗမာ

တယ်လည်း ဗမာပီသပေတာပဲလို့ ချီးကျူးရမလိုတောင် ဖြစ်သွားတယ်။ ဗမာမှန်ရင် ကိုယ့်အမှားကို ဘယ်တော့မှ ၀န်မခံဘူး၊ မတောင်းပန်ဘူး၊ အထက်စီးကနေ သူတစ်ပါးကိုသာ လက်ညှိုးထိုး၊ အပြစ်ဖို့တတ်ရမယ်လေ။ မဟုတ်ဘူးလားဗျာ။🙂

သူ့လေ့ကျင့်ပေါက်ဖွားမှုနဲ့ ပေါက်ဖွားလာတဲ့ သူ့သားမြေးညီနောင်များသည်လည်း အဲဒီ့ ဗမာချိုးပဲ ချိုးနေကြတာပဲ။ ၀န်ခံတယ်၊ တောင်းပန်တယ်ဆိုတာ ဘယ်နားလေးမှာ ကြားဖူးကြလို့တုန်း။ ကျွန်တော်တို့ လွဲသွားပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ မှားခဲ့ပါတယ်ခင်ဗျာလေးသာ ပြောကြည့်ကြပါလား၊ ရလိုက်မယ့် လူထု မေတ္တာတွေ။ အခုတော့ ဟုတ်ပေါင်ဗျာ၊ ထစ်ခနဲရှိ ကွန်မြူနစ်၊ ထစ်ခနဲရှိ အကြမ်းဖက်ဆူပူသူ။ လူငယ် ကျောင်းသားဆိုတာ ပခုံးပြောင်းတာဝန် ယူသွားမယ့် ကလျာဏမိတ္တတွေ မဟုတ်ဘူး။ ရန်သူတွေ၊ သူတို့ကို မှောင့်နေ၊ ဒုက္ခပေးနေသူတွေ။ သူတို့ကတော့ အမြဲတစေ ခြောက်ပစ်ကင်း သဲလဲစင်။ တော်တော်လည်း တရားကျဖို့ ကောင်းတဲ့ မောင်တွေဗျ။

အေးလေ… သည်မောင်တွေက ကိုနေ၀င်းရဲ့ လက်ရင်းတပည့်တွေဆိုတော့လည်း အပြစ်မဆိုသာပါဘူးလေ။

၁၉၇၄ မှာ မဆလအစိုးရအဖြစ် တော်လှန်ရေး ကောင်စီက လူဝတ်လဲပြီး ပေါ်ပေါက်လာတယ်။ ကိုနေ၀င်း စိတ်တိုင်းကျ၊ သူ့တပည့်ကျော် ပညာတတ် ရေလိုက်လွဲကြီးတွေနဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်လိုက်သေးတယ်။

အဲတုန်းက ကျွန်တော်က မဲရုံ လုပ်အားပေးအဖြစ်နဲ့ လုပ်ခဲ့ပုံ မှတ်မိသလောက်ကိုတော့ နောက်တစ်ပိုင်းမှ ရေးပြပါတော့မယ်။

(ဆက်ရန်)

သည်အပိုင်းမှာ ပြောကြတာ…
Soe Myat Myo Shweထပ်တစ်ရာ မဟုတ်လားဆရာ
Soe Myat Myo Shwe's photo.
Soe Myat Myo Shwe Or is ထပ်ထစ်ရာ correct ? I just honestly don’t know ပါ
ATK ညည်းမှန်ပါတယ်အေ။ စာလုံးပေါင်း မှားသွားတာ။ ပြင်လိုက်ပြီ။
Khin Myo ဆရာရေ …ဖတ်ပြီးတော့စားချင်တာစာရင်းလုပ်ကြည့်တာ အတော်များသွားတယ်…အဓိက မန်းလေးမှာပဲရတဲ့ အချဉ်ပေါင်း …ရေးရင်း သွားရည်ယိုလာပီ ရှလွတ်
Freddy Lynn နေ၀င်း.ပလာတာ.လက်ဖက်သုတ် အကြွေပေးလို့မရတော့ပါ..လို့များခေါင်းစဉ်တပ်ရမလားမသိ…လဖေ့ရည်သောက်ရင်းဖတ်လိုက်တာ ဗိုက်တာပြည့်သွားဒယ်..🙂
Alex Moe လဖက်သုပ် ကို ပုစွန်ခြောက်မပါမစားတတ် ဘူးဆရာရေ. ငယ်ငယ်ကတော့အကြွေတွေသုံးခဲ့ရသေး. ငါးမူးမခေါ်တတ်လို့ နှစ်မတ်ပေးလို့  တောင်းတာ. ဘိုးတော်ကြီးမျိုးဆက်တွေကတော့. အဖေကြီးလုပ်တာမှနိတယ်ကြီး ပြောနေတုန်းပဲ
ATK အွင်… ပုစွန်ခြောက်က ခတ္ထနာ လုပ်မထားဘူးလေ။ စားတာပဲလား 🙂😀😛
Alex Moe ကြိုက်ထှာကိုး. ဟီးးး တွင်းပိုးလည်းစားကြည့်ဖူးတယ်. ဖျာပုံပုဇွန်ခြောက်လောက်ကြိုက်ဘူး
ATK ငါးကျည်းခြောက်နဲ့ စားလည်း ကောင်းတယ်။ ငါးနှပ်ခြောက် (အာပြဲခြောက်) လတ်လတ်ဆတ်ဆတ် မီးဖုတ်ကလေးနဲ့ဆိုလည်း လက်ဖက်က ထူးရှယ်ပဲ ခည။
Vol Tin Share ပါရစေ အူးလေး။
Vol Tin ကလေးထဲကလက်ဖက်သုတ်ကြိုက်တာ။ လက်ဆကောင်းတဲ့ အဒေါ်အပျိုကြီးတွေကို ဆံပင်ဖြူနှုတ်ပေး နင်းနှိပ်ပေးနဲ့ သုပ်ကျွေးခိုင်းရတာ။ 
ပါးပါးလေးပုတ်သွားတဲ့ ပြာတွေတောင်လွင့်တော့မယ် အခြေအနေ၊ ကိုယ်တွေ့ခေတ်ပျက်ချိန်အစအဦး၊ ရွှေလက်ညှိုးဟေ့ ဒို့ဗမာ၊
လက်ဖက်သုပ်ကောင်းကောင်းစားလိုက်ရသလိုပဲ။

၂၀၁၅ ခုနှစ် ဇူလိုင် ၁၁ ရက်

ဗမာလော၊ မြန်မာလော

နောက်ဆုံး အစုတ်ထုပ်ကို ဇွန်လ ၁ ရက်နေ့က ရေးခဲ့တာပါ။ အခု ပြန်ဆက်မယ်လုပ်တော့ ဘယ်နားက စရမှန်း မသိဘူးတောင် ဖြစ်သွားတယ်။ အချိန်က တစ်လနဲ့ ဆယ်ရက်တောင် ကြာသွားခဲ့ပြီကိုး။

ဒါနဲ့ အဟောင်း ပြန်ဖတ်တော့မှ ရေးရေးပေါ်လာတယ်။ “ရွှေလက်ညှိုးဟေ့ ဒို့ဗမာ”ဆိုတာနဲ့ အဆုံးသတ်ထားတာ တွေ့ရပါတယ်။

သည်နေရာမှာ စကားစပ်လို့ ပြောလိုက်ဦးမယ်။ ကျွန်တော် “ဗမာ”လို့ သုံးသုံးနေတဲ့ ကိစ္စ။ အငြင်းပွားစရာ ဖြစ်နေပေမယ့် သည်နေရာမှာ ရှင်းဖို့ လိုလိမ့်မယ်။

“ဗမာ-မြန်မာ”ပြဿနာက ပညာမဲ့တွေ ထိပ်ရောက်လာသော ပဲခူးရေကြီးတဲ့ ခေတ်ကြီးမှာ ပေါ်ပေါက်လာတာပါ။ တစ်နည်းအားဖြင့် ပညာမဲ့တွေရဲ့ နိုင်ငံရေး အရောင်ဆိုးခံလိုက်ရတဲ့ ဗမာဝေါဟာရပါ။

အတိအကျပြောရင် ဗမာကို မြန်မာလုပ်တာ ၁၉၈၉ ခုနှစ်၊ ဗိုလ်စောမောင် လက်ထက်မှာပါ။ ဗိုလ်စောမောင်ကိုသာ သမိုင်းက မရကုပ်ကပ် ဖျောက်ဖျက်ပစ်ခဲ့ကြပေမယ့် သူမွှေခဲ့တဲ့ ဗမာကို မြန်မာပြောင်းတာကိုကျတော့ အခိုင်အမာ ဆက်လက် ကျင့်သုံးနေကြတာလည်း အတော့်ကို ဟာသမြောက်တယ်လို့ ဆိုရမယ် ထင်ပါတယ်။

အဲဒါကို ပြန်ဆန်းစစ်ရအောင်။ ဗမာစကားရဲ့ အဓိက မူက “ရေးတာ့အမှန် ဖတ်တော့အသံ”ဆိုတဲ့ မူပါပဲ။ ကြက်သီးထတယ်လို့ ရေးပေမယ့် အသံထွက်ရင် ကြက်သိန်းထပါတယ်။ ခြေထောက်လို့ ရေးပေမယ့် ခြီဒေါက်ကမှ အသံထွက်မှန်ပါ။ ဒါလောက်တော့ လက်ခံနိုင်မယ် ထင်ပါတယ်။

တစ်ဆင့် ဆက်တက်ရင် ပဲခူးလို့ ရေးပေမယ့် ဗဂိုးလို့ ဖတ်ပါတယ်။ နေပြည်တော်လို့ ရေးပေမယ့် နေပြီဒေါ်လို့ အသံထွက်ပါတယ်။ ပြည်မြို့လို့ ရေးပေမယ့် ပြေမြို့လို့ ပြောပါတယ်။ ယုတ်စွအဆုံး၊ ရန်ကုန်တောင်မှ ရံဂုံလို့ အသံထွက်ပါတယ်။ မြိတ်ကိုလည်း ဗိတ်လို့ အသံထွက်တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အဲတော့ မြန်မာဆိုတာဟာ အရေးစကားပါ။ အသံထွက်ကျတော့ ဗမာပါပဲ။ ဒါ အရှင်းကြီးပါ။

ဒါနဲ့ ပတ်သက်လို့ တော်တော် လွတ်လပ်ပွင့်လင်းတဲ့ အမြင်ရှိသူတစ်ယောက်ကတောင်မှ ကျွန်တော့်ကို လာပြောတာ ရှိသေးတယ်။ မြန်မာဆိုတာ တိုင်းရင်းသား တစ်ရပ်လုံးကို ကိုယ်စားပြုတယ်၊ ဗမာဆိုတာ ဗမာလူမျိုး ကွက်ကွက်ကလေးကိုပဲ ပြောတာ၊ ဒါ့ကြောင့် မြန်မာလို့ ရေးမှ မှန်မယ်၊ ဘာညာ…

သွားစမ်းပါ။ သမိုင်းသင်တာ မအအောင်လို့ဆိုတဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်းစကားကို ငှားသုံးရရင် သမိုင်းသာ ပြန်ဖတ်ဗျာလို့ ပြောလိုက်ချင်သား။ လွတ်လပ်ရေးခေတ်နဲ့ လွတ်လပ်ရေးရပြီးစမှာ အဲဒါကို ပြောင်းပြန်ပြောခဲ့တာ။ မြန်မာဆိုတာ မြန်မာလူမျိုး ကွက်ကွက်ကလေးကို ပြောတာ၊ ဗမာဆိုတာကမှ တိုင်းရင်းသားတစ်ရပ်လုံးကို ကိုယ်စားပြုတယ်ဆိုတဲ့ အယူအဆက လွတ်လပ်ရေးလှုပ်ရှားမှုကာလနဲ့ လွတ်လပ်ရေးပြီးစ ဗိုလ်နေ၀င်းမတိုင်ခင် ခေတ်တစ်ခေတ်မှာ ပြောခဲ့ပြန်တယ်။

ဒါဆို ဘယ်ဟာ အမှန်လဲ။ တုတ်ထမ်း ငြင်းနေကြမှာလား။ အဲဒါက အဲလောက် အရေးကြီးလို့လား။

ပြောရတာတော့ မကောင်းဘူးဗျ။ မဟုတ်တာကို အဟုတ်လုပ်၊ စာဖွဲ့၊ ဇာချဲ့ရမယ်ဆိုရင် ကျွန်တော်တို့ ရွှေဗမာတွေဟာ အထုံဝါသနာ တယ်ကြီးကြပေတာပဲ။

တကယ် အားစိုက်သင့်တာ

ဗမာမှန်တယ်၊ မြန်မာမှ မှန်တယ်ကိစ္စကို တစ်အိတ်လုပ်နေကြမယ့်အစား တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဘယ်လို တည်ဆောက်မလဲဆိုတာ မစဉ်းစားဘူး။ လွတ်လပ်ရေးရခဲ့တာ ၆၇ နှစ်ကျော်လို့ ၆၈ နှစ်ထဲ ချင်းနင်း ၀င်ရောက်လာခဲ့ပြီ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားမှုကြီးကဖြင့် ခုထက်ထိ အတောကို မသတ်နိုင်သေးဘူး။

တိုင်းရင်းသားတွေက ဖှက်ဒရယ်မူကို ကိုင်စွဲထားတယ်။ မြန်မာ့တပ်မတော်ဘက်မှာ တစ်ချိန်လုံး ရိုက်သွင်းခံထားရတဲ့ အမြင်က ဖှက်ဒရယ်ဆိုတာ ခွဲထွက်ရေး၊ တိုင်းပြည်ပြိုကွဲရေး လမ်းစပဲ ဖြစ်နေတယ်။ ပေါင်းစပ်စုစည်းရေး သဘောကို သူတို့ကို ဘယ်သူကမှ လမ်းမပြခဲ့ဘဲ တကယ့်အန္တရာယ်ကြီးလို သွန်သင်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ ကျေးဇူးတော်တွေပဲ။

ဒါပေမယ့် အဲဒီ့ အမြင်ဟာ မှားသလားဆိုတော့လည်း မမှားပါဘူး။ မှန်သင့်သလောက် မှန်ပါတယ်။ အပြည့်မမှန်တာ တစ်ခုပါပဲ။ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး မရှိရင် ဖှက်ဒရယ်ဟာ ခွဲထွက်ရေး ဘက်ကို ယိုင်သွားမှာပါ။ သူတစ်လူ ငါတစ်မင်းတွေ ဖြစ်ကုန်မှာပါ။ အရှေ့ဥရောပက ဖြစ်ရပ်တွေက ဒါကို သက်သေခံနေပါတယ်။

ဒါပေသည့် တစ်ဖက်ကလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့က အဲသလို ပြည်ထောင်စုတွေ အစိတ်စိတ် အမြွာမြွာပြိုကွဲသွားတာကို အားမပေးကြဘူး။ နိုင်ငံတကာ ဆက်ဆံရေးမှာ သက်ရောက်မှုတွေ သိပ်များလို့ အားမပေးကြတာ။

စိတ်ဝင်စားစရာ ကောင်းတာက ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံ ဥပဒေပဲ။ (သည်နေရာမှာလည်း “အုပ်ချုပ်ပုံ” တစ်လုံး တမင်ထည့်ရေးလိုက်ပါတယ်။ ဘာ့ကြောင့်ဆိုတာ နောက်ပိုင်းမှာ ရှင်းပါ့မယ်။) အဲဒီ့ ၂၀၀၈ “ဖွဲ့အုပ်ဥ”မှာ ဖှက်ဒရယ်ဆိုတဲ့ ဝေါဟာရကို တစ်လုံးမှ သုံးပင် သုံးမထားပေမယ့် နိုင်ငံတော် ဖွဲ့စည်းပုံ၊ ဒါမှမဟုတ် ပြည်ထောင်စု ဖွဲ့စည်းပုံဟာ ဖှက်ဒရယ် အတော်ဆန်တာကို တွေ့ရပါတယ်။ ပြည်ထောင်စု ဖွဲ့စည်းပုံ မှန်ပင် မှန်နေငြားသော်လည်း အာဏာခွဲဝေမှုပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်။ အထူးသဖြင့် ဘဏ္ဍာရေး အာဏာကိစ္စမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက တရားဥပဒေစိုးမိုးရေး ယိုယွင်းပျက်စီးနေတာ လူတိုင်းအသိပါ။ အဲဒါကို အချိန်မီ ပြန်လည် တည်ဆောက်ရမှာပါ။ တရားဥပဒေရှေ့မှောက်မှာ အားလုံး အညီအမျှသာ ဖြစ်မယ်ဆိုရင် တိုင်းရင်းသားတွေ မကျေနပ်စရာ ဘာအကြောင်းမှ ရှိတော့မှာ မဟုတ်ပါဘူး။

အဓိက လုပ်ရမယ့်ကိစ္စတွေကို နားလည်တတ်ကျွမ်းသူ ပြည်ပ ပညာရှင်တွေရဲ့ အကူအညီနဲ့ တိုင်ပင်ပြီး သေချာ ပြင်ဆင် ညှိနှိုင်းရေးဆွဲ၊ ပြတ်ပြတ်သားသား အကောင်အထည်ဖော်သွားမယ်ဆိုရင် လာမယ့် နှစ် ၂၀ မှာ ဗမာပြည်ပဲခေါ်ခေါ်၊ မြန်မာပြည်ပဲခေါ်ခေါ်၊ လူ့ဘုံတိုင်းပြည်ပဲခေါ်ခေါ်၊ ခေါ်ချင်တာခေါ်၊ တိုင်းရင်းသား အားလုံး ကျေကျေလည်လည် စုစုစည်းစည်းနဲ့ အားလုံး စိတ်ချမ်းချမ်းသာသာ နေနိုင်သွားမှာလည်းပဲ ဖြစ်ပါတယ်။

ပြောချင်တာက ဗမာ၊ မြန်မာဆိုတဲ့ ပညတ်တွေက အရေးမကြီးပါဘူး။ အဲဒါကို တုတ်ထမ်းငြင်းနေကြမယ့်အစား အနှစ်သာရရှိတဲ့၊ တကယ်လုပ်ရမယ့် အလုပ်တွေက ပိုအရေးကြီးကြောင်း မီးမောင်းထိုးပြချင်တာပါဗျာ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ

ဗမာမင်းများ အုပ်ချုပ်ပုံ စာတမ်းဆိုလား (အိမ်မှာ ရှိတယ်၊ ဘယ်နားမှာ ထားမိမှန်း မသိတော့ဘူး။ ထရှာရမှာ ပျင်းလို့ ရမ်းရေးလိုက်သဗျ။ အမှန်သိတဲ့သူတွေ ပြင်ပေးကြပါ) ရှိဖူးတယ်။ Constitution နဲ့ ပတ်သက်လို့ ဗမာမှာ အဲဒါ အနီးစပ်ဆုံးပဲ။

အင်္ဂလိပ်လိုတော့ ခန်းစထစ်ကျုရှင်း(န်)ပေါ့။ အဲဒါကို အင်္ဂလိပ်တို့ရဲ့ Cambridge Advanced Learner’s အဘိဓာန်မှာ အောက်ပါအတိုင်း အနက်ဖွင့်ပေးထားပါတယ်။
(a written document which forms) the set of political principles by which a state or organization is governed, especially in relation to the rights of the people it governs

Merriam-Webster အဘိဓာန်မှာတော့… the system of beliefs and laws by which a country, state, or organization is governed; : a document that describes this system လို့ ဆိုထားတယ်။

Macmillan အဘိဓာန်မှာလည်း a set of basic laws or principles for a country that describe the rights and duties of its citizensand the way in which it is governed လို့ ဖော်ပြထားပြန်တယ်။

Oxford အဘိဓာန်ကျတော့ A body of fundamental principles or established precedents according to which a state or other organization is acknowledged to be governed လို့ ဆိုပြန်တယ်။

အဲဒီ့ အဘိဓာန်တွေအားလုံးရဲ့ ဖွင့်ဆိုချက်ထဲမှာ တညီတညွတ်တည်း ပါနေတာက govern ဆိုတဲ့ ဝေါဟာရပဲ။ ဒါ့ကြောင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ”လို့ “အုပ်ချုပ်ပုံ”ကို ချန်လှပ်ပြီး ပြောရင် ခန်းစထစ်ကျုရှင်း(န်)ရဲ့ အနက်က မပြည့်စုံဘူးလို့ မြင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရေးတဲ့အခါ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”လို့ ရေးတာပါ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် “ဖွဲ့အုပ်ဥ”ကိုလည်း မြန်မာလို “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”လို့ပဲ သုံးစွဲခဲ့တာပါ။

“အုပ်ချုပ်ပုံ”ရယ်လို့ သတ်သတ်မှတ်မှတ်၊ စနစ်တကျ၊ စည်းကမ်းရှိရှိ လုပ်ချင်ပုံမရတဲ့ ဗိုလ်နေ၀င်း လက်ထက်ကျတော့မှပဲ ခန်းစထစ်ကျုရှင်း(န်)ရဲ့ မြန်မာဘာသာပြန်ခမျာ “အုပ်ချုပ်ပုံ”ဆိုတဲ့ မရှိမဖြစ် ဝေါဟာရ တစ်လုံး ချန်လှပ်ပြီး “ဖွဲ့စည်းအုပ်ပုံအခြေခံဥပဒေ”ရယ်လို့ ဖြစ်လာတော့တာပါ။

ဗမာပြည်ကြီးအတွက် ဇမ္ဗူဒီပါလက်ျာတောင်တောင်ကျွန်း သြဘာနိမိတ်ထွန်းတော့တာပေါ့။ “အုပ်ချုပ်ပုံ”ဆိုတဲ့ “ပုံစံ” “စနစ်”ဆိုတာ မရှိတော့ဘူး၊ အာဏာရှင်က ထင်တိုင်း ရမ်းကားတော့မယ့် နိမိတ်ဆိုတာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဘယ်သူမှ မရိပ်စားမိခဲ့ပါဘူး။

ဗိုလ်နေ၀င်းရဲ့ အရိုက်အရာကို ဆက်ခံကြသူများကျပြန်တော့လည်း ဗိုလ်နေ၀င်းလုပ်ခဲတဲ့ အလုပ်၊ သုံးခဲ့တဲ့ စကားတွေမှ ဘုရားကျင့်၊ ဘုရားဟောမှတ်ပြီး ဆက်လက်ကျင့်သုံးနေကြပါတော့တယ်။ ဗိုလ်အောင်ဆန်းနဲ့ လွတ်လပ်ရေးရပြီးစ ခေတ်ကာလဟာ ဘာမှ ပြန်ကိုးကားစရာကို မဟုတ်တော့ဘူး။ အဲဒါတွေ အကုန် အလွဲချည်းပဲလို့ ဗိုလ်နေ၀င်း ရိုက်သွင်းခဲ့တဲ့အတိုင်းသာ မှတ်ထင်နေကြပါတော့တယ်။ သည်လိုနဲ့ ၂၀၀၈ “ဖွဲ့အုပ်ဥ”အတွက် ဗမာ ဘာသာပြန် ဝေါဟာရမှာလည်း “အုပ်ချုပ်ပုံ”က ပါမလာတော့ဘူး။

မှတ်မိသမျှ ပထမဆုံး ဆန္ဒခံယူပွဲ

၁၉၇၀ ပြည့်လွန်တွေတုန်းကတော့ ကျွန်တော်လည်း ဒါတွေ ဘာသိဦးမှာလဲဗျာ။ ဆယ်တန်းပဲရှိသေးတား။ အဲဒီ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ”မဟာအတွက် ဆန္ဒခံယူပွဲလုပ်တော့ ကျွန်တော်မှ ၁၆ နှစ် ပြည့်ပြီးစ ရှိသေးတယ်။ ပြည့်ပြီးစဆိုတာတောင် အတိအကျ ပြောရင် ၁၆ နှစ်ပြည့်ပြီးတာ တစ်လမပြည့်သေးချိန်မှာ ၇၃ ဆန္ဒခံယူပွဲ ကျင်းပါတာပါ။

အဲဒီ့ ဆန္ဒခံယူပွဲမှာ ကျွန်တော်က မဲရုံလုပ်အားပေးပေါ့။ အမှန်တော့ မဲရုံမှာ လက်တို လက်တောင်း လုပ်ပေးရတဲ့ တောက်တိုမည်ရပါ။ ကျွန်တော်ကလည်း အိမ်ထဲ မနေရပြီးရော၊ သွားလုပ်တာပေါ့။

မဲပေးတဲ့သူတွေ လာကြ၊ ကန့်လန့်ကာ ကာထားတဲ့ အခန်းလေးထဲ ၀င်သွားကြ၊ ကျွန်တော်တို့တွေက ဟိုနား ယောင်ပေယောင်ပေ၊ သည်နား မိုးတိုးမတ်တတ်။

မှတ်မိတာကတော့ အဲဒီ့မဲပုံးတွေ ထမ်းပြီး ရန်ကုန်ဗဟိုစာတိုက်ကြီးကို သွားရတာပဲ။ အဲတုန်းက ကျွန်တော်တို့က လမ်း ၄၀ မှာ နေနေတာ။ စပါ့(ခ်)(စ်)လမ်းနဲ့ ကမ်းနားထောင့်က စာတိုက်ကြီးဆိုတာ ဘာမှ မဝေးဘူး။ သည်တိုင်း ခြေလျင် ထမ်းသွားရတာပေါ့။

ဟိုရောက်တော့ မဲပုံးထဲက မဲတွေ သွန်ချ၊ အဖြူပုံးထဲဟာတွေက တစ်ပုံ၊ အမည်းပုံးထဲက ဟာတွေက တစ်ပုံ၊ သတ်သတ်စီ ခွဲထည့်တာပေါ့။ သိတယ်။ အမေနဲ့ အဖေကတော့ ကန့်ကွက်မဲပဲ။ သို့ပေတည့် သွန်လိုက်ကတည်းက မြင်သာနေတာက အဖြူပုံးထဲက ထွက်တဲ့ မဲက ပိုများတယ်။ အမည်းပုံးထဲမှာက သိပ်မများလှဘူး။

ဇာတ်ပေါင်းတော့ အဲဒီ့ အုပ်ချုပ်ပုံစနစ် ပရမ်းပတာနဲ့ ခန်းစထစ်ကျုရှင်း(န်)မဟာဟာ လူထု ထောက်ခံမှု ၉၄.၄၅ ရာခိုင်နှုန်းနဲ့ အတည်ဖြစ်သွားပါရောလား။ ရာခိုင်နှုန်းကိစ္စကတော့ သံသယနည်းနည်း ရှိချင်စရာ ကောင်းပါတယ်။ ကျွန်တော့် မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတဲ့ အပုံကြီးတွေနဲ့ဆိုရင် ၉၅ အချိုး ၅ တော့ မကဘူးဗျ။ သွန်လိုက်ကတည်းက မြင်ရတဲ့ အမြင်အရ ပြောမယ်ဆိုရင် ကျွန်တော်တို့ မဲရုံမှာကို မရှိဘူးဆို ၇၀ အချိုး ၃၀ လောက်တော့ ရှိတာလည်း အမှန်ပဲ။

မဲတွေ ရေတော့လည်း ကျွန်တော်ပါ ၀င်ရေခဲ့ပါတယ်။ ကန့်ကွက်မဲက ဘယ်လောက်၊ ထောက်ခံမဲက ဘယ်လောက်ပေါ့ဗျာ။ မဲရုံမှူးတွေက အဲဒီ့ဂဏန်းတွေကို သူတို့ပုံစံမှာ ဖြည့်ကြရတာပ။ နှစ်တွေလည်း မနည်းမနော ကြာခဲ့ပြီဖြစ်တဲ့အပြင် အာရုံကလည်း အဲဒီ့ကတည်းက မရှိခဲ့တော့ ကိန်းဂဏန်းတွေလည်း မမှတ်မိတော့ဘူးပေါ့ဗျာ။ ဒါပေမယ့် သေချာတာကတော့ ၉၀ ရာခိုင်းနှုန်းတောင် ထောက်ခံတယ်ဆိုတာကတော့ ဟုတ်ကို မဟုတ်တာလည်း အမှန်ပဲ။ အနည်းဆုံး ကျွန်တော်တို့ မဲရုံနဲ့ ကျွန်တော်တို့ မြို့နယ်မှာပေါ့။

မည်သို့ပင်ဆိုစေကာမူ၊ သိတယ် မဟုတ်လား၊ ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ်လက်နဲ့ ကိုယ်ဝေတဲ့အပြင် သတင်းမီဒီယာ အားလုံးကလည်း ကိုယ်ပဲ ကိုင်ထားတာဆိုတော့ အားလုံးဟာ ဖြစ်စေသတည်းပေါ့။

ကြီးကြီးမေရဲ့ ခရမ်းချဉ်သီး

အဲဒီ့ကာလတွေက ရိုးစင်းလွန်းပါတယ်။ တံခါးပိတ်ဝါဒ စတင်နေပြီမို့ အစစအရာရာက ပါးရှား ပြတ်လပ်တယ်။

ကိုယ်တိုက် ဆပ်ပြာဆိုရင် ကာဘော်လစ် (Carbolic) ဆပ်ပြာကို သုံးရတာဗျ။ သွားတိုက်ဆိုးရင်လည်း ပက်ဆိုးဒင့်လို့ လူတကာ ခေါ်တဲ့ ပြည်တွင်းဖြစ် Pepsodent ပဲ။ ဒါတောင်မှ တော်လှန်ရေး ကောင်စီခေတ်မှာ ပြည်သူ့ဆိုင်လို့ ခေါ်ပြီး ဆိုရှယ်လစ်ခေတ်မှာ သမ၀ါယမဆိုင်လို့ ပြောင်းခေါ်တဲ့ အစိုးရဆိုင်တွေက ခွဲတမ်းနဲ့ ၀ယ်ရတာ။ မှောင်ခိုမှာတော့ လိုသလောက် ၀ယ်လို့ ရသပေါ့။

အဲဒီ့မတိုင်ခင် ကျွန်တော် မမီလိုက်တဲ့ အဲဒီ့ရှေ့နားလေး အချိန်တစ်ချိန်မှာ ဘီအီးဒီစီ ဆိုတာလည်း ရှိသေးတယ်။ ဗမာ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းပေါ့။ အဲဒါက စိတ်နဲ့တောင် မပြစ်မှားနဲ့လို့ သံကုန်ဟစ်ခဲ့လေသူ ဗိုလ်အောင်ကြီး လက်ရာလို့ ကြားဖူးပါတယ်။ သူကလည်း မခေပုံများ ဘီအီးဒီစီသာ မရှိတော့တယ်၊ အရက်ဖြူကို ဘီအီးလို့ ခေါ်တဲ့အထိ စွဲကျန်ရစ်ပါတယ်။ အဲဒီ့ ကော်ပိုရေးရှင်းက ထုတ်တဲ့ အရက်ဖြူ၊ အစိုးရဆိုင်မှာ ခွဲတမ်းနဲ့ ၀ယ်ရတဲ့ အရက်ဖြူကို ဘီအီးလို့ ခေါ်ခဲ့ပေတာကိုး။

သမဆိုင်ခေတ်မှာတော့ ကျွန်တော်လည်း အိမ်က ခိုင်းရင် သမဆိုင်ကို သွားရတယ်။ ဘာမှ လွမ်းစရာ မရှိပါဘူး။ ဗလာကျင်းနေတဲ့ မှန်ဘီရိုတွေ။ ခုခေတ် ၀င်းသူဇာဆိုင်က မှန်ဘီရိုတွေကမှ ပစ္စည်းလေး၊ ဘာလေး မြင်ရသေးတယ်။ အဲဒီ့ခေတ် သမဆိုင်က မှန်ဘီရိုတွေက ဟောင်းလောင်း။ ဆိုင်ထိုင် စာရေးတွေ၊ စာရေးမတွေကလည်း မျက်ခွက်တွေက အစ အချိုးမပြေ။

ဆန်လည်း အဲဒီ့ကပဲ ၀ယ်ခဲ့ရ မှတ်တယ်။ တော်တော် ချို့ငဲ့ခဲ့တာပေါ့။

ဆန်ဆိုလို့ လောပိတမှာ နေတုန်းက ဆန်ရှားတာကို ပြေးသတိရမိသေးတယ်။ တစ်ဘ၀လုံးမှာ အဲဒီ့ တစ်ခါပဲ စားဖူးတဲ့ ဆန်လုံးညိုတွေ စားခဲ့ဖူးတာကိုပါ။ ဒါပေမယ့် အဲတုန်းက ကလေးလည်း ကလေး၊ အမေကလည်း ထမင်းပူပူ၊ ဟင်းပူပူပဲ ကျွေးတာမို့ တောင်ယာဆန်၊ ဆန်လုံးညိုတွေက ကျွန်တော့်အတွက် စားလို့ ကောင်းတဲ့ ထမင်းပါပဲ။

ဆန်နဲ့ ပတ်သက်ရင် ကိုယ့်သားသမီးလေးတွေ စားစေချင်လို့ နယ်ကနေ ဆန်လေး လေး-ငါးပြီလောက် သယ်လာပေးတဲ့ မိခင်၊ ဘခင်တွေ ထောင်ကျကုန်တာလည်း အဲဒီ့ခေတ်ပဲပေါ့ခင်ဗျာ။

ကျွန်တော် စိတ်ပျက်တာက ကာဘော်လစ် ဆပ်ပြာပဲ။ အနံ့ကြီးက ဆေးရုံနန့်ကြီး ရသလိုပဲ။ ဒါပေမယ့် ဒါပဲ တိုက်စရာရှိတော့ ဒါနဲ့ပဲ တိုက်ပေါ့။

ကာဘော်လစ်ဆပ်ပြာအကြောင်း မန္တလေးက ကြီးကြီးမေတောင် သွားသတိရသေးတယ်။ သူတို့အကြောင်း ပြောတုန်းက ပြောခဲ့ပြီးပါပြီ။ သူတို့က တိုက်တန်းလျားလေးတစ်ခုမှာ နေကြတဲ့အကြောင်း။ အဲဒီ့ တိုက်တန်းလျား ဆိုတာက ဆယ်ပေ၊ ဆယ့်ငါးပေလောက်ရှိတဲ့ အခန်းလေးတွေကို မျက်နှာချင်းဆိုင် တန်းစီပြီး အလယ်မှာ လူသွားလမ်း ရှစ်ပေလောက် ထားထားတာ။ တိုက်မျက်နှာစာ အနောက်ဘက်ကို သူတို့က အိပ်ခန်း လုပ်ထားတယ်။ အရှေ့ဘက်၊ တိုက်နောက်ဖေးဘက်အခန်းတွေကျတော့ မီးဖိုချောင်ပေါ့။ ထမင်းစားခန်းနဲ့ ဧည့်ခန်းကတော့ အလယ်က လူသွားလမ်းပေါ့။

အဲဒါ တစ်ရက်မှာ မန်ကျည်းရွက်ချဉ်ရေ ချက်ပါရောလား။ ချဉ်ရေအိုး ဘေးမလှမ်းမကမ်းမှာက သုံးလက်စ ကာဘော်လစ်ဆပ်ပြာ နီနီရဲရဲ ပျော့ပျော့ပြဲပြဲလေးက ရှိနေတယ်။ သိပ်တော့ အတုံးမကြီးတော့ဘူးပေါ့။ ကြီးကြီးမေကလည်း အဲဒီ့အချိန်မှာ ငါးဆယ်ကို ကောင်းကောင်းကျော်ပြီဆိုတော့ မျက်လုံးကလည်း သိပ်မကောင်းတော့ဘူး။ သူ့မျက်လုံးထဲမယ် အဲဒါကို ကာဘော်လစ်လို့ မထင်ဘူး။ ခရမ်းချဉ်သီးလို့ ထင်လိုက်တာ။ သူ့ညီမတွေကတော့ နမော်နမဲ့နဲ့ ချဉ်ရည်ထဲ ထည့်မယ့် ခရမ်းချဉ်သီးကို ထည့်မသွားဘူးလို့ တွေးပြီး ဇိုးဇတ်နဲ့ အဲဒီ့ အတုံးလေး ချဉ်ရည်အိုးထဲ ပစ်ထည့်လိုက်ပါသတဲ့။

ညစာလည်း စားကြရော တစ်အိမ်လုံးက သည်မန်ကျည်းရွက်ချဉ်ရည်ကလည်း ဘာဖြစ်တယ် မသိဘူး၊ ကာဘော်လစ်စော် နံလိုက်တာလို့ ပြောကြပါသတဲ့။ ကြီးကြီးမေကလည်း သူ့ဝိုင်းဆူမှာစိုးလို့ မသိချင်ယောင်ဆောင်ပြီး အသာနေလိုက်ပါတယ်။ နောက်ကျတော့မှ သူပဲ အားလုံးကို ပြန်ဖွင့်ပြောပြတာပါ။ အဲတော့လည်း ရယ်ရယ်မောမောပေါ့။

ဖြစ်ရပ်တွေဟာ အဲလိုပါပဲ။ ဖြစ်နေတုန်း ခဏမှာတော့ စိတ်တိုချင်စရာပေမယ့် ကြာလာတော့လည်း ရယ်မောလို့ ရသွားတာပေါ့လေ။

ဆိုရှယ်လစ်ခေတ်ရဲ့ ယမ်းမီးခြစ်

အဲဒီ့ခေတ်မှာ ပါးရှားတာ နောက်တစ်မျိုးက ရေမွှေးပဲ။ အစိုးရ ထုတ်တဲ့ မဉ္ဇူရေမွှေးပဲ ရှိတယ်။

တစ်ရက်က စာအုပ်မျက်နှာစာမယ် ကျွန်တော်တင်ထားတဲ့ စာတိုတစ်ပုဒ်အောက်မှာ တစ်ယောက်က လာမေးသွားတယ်။ ပြန်တောင် မဖြေရသေးဘူး။

ဆိုရှယ်လစ်ခေတ်ဆိုတာ ဘာလဲလို့ ရှင်းပြပေးပါတဲ့။ ဟုတ်ကဲ့… အစစ အစိုးရက ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်ထား၊ ယမ်းမီးခြစ်မှသည် မော်တော်ကားအထိ ရှိရှိသမျှ လုပ်ငန်းကိုလည်း အစိုးရကပဲ လက်ဝါးကြီးအုပ် လုပ်ကိုင် ဆောင်ရွက်၊ နိုင်နင်းသလားဆိုတော့ မနိုင်နင်း၊ အလုပ်ဖြစ်သလားဆိုတော့ မဖြစ်၊ လူထုမှာတော့ စံမမီ အရည်အသွေး ညံ့တဲ့ ပစ္စည်းတွေ သုံးနေကြရတဲ့ ခေတ်ကို ဆိုရှယ်လစ်ခေတ်ဟု ခေါ်သည်ဟု ဖြေရမယ် ထင်ပါတယ်။

အဟုတ်ဗျ။

တခြားဟာ မပြောနဲ့၊ ယမ်းမီးခြစ်တောင် အပေါက်တည့်အောင် မထုတ်နိုင်တာ အဲဒီ့ဆိုရှယ်လစ်ခေတ်ပါဗျား။ အဲဒီ့မတိုင်ခင်က နတ်သမီး မီးခြစ်ဆိုတာ ရှိတယ်။ ဥတုသုံးပါး ခံသည်လို့ ရေးထားတယ်။ တကယ်လည်း နွေနွေ မိုးမိုး ဆောင်းဆောင်း အဲဒီ့ မီးခြစ်ဆံတွေက တစ်ချောင်းခြစ် တစ်ခြောင်းတောက်ပဲ။

ဆိုရှယ်လစ်ခေတ်ကျတော့ အဲဒီ့ မီးခြစ်စက်ရုံလည်း ပြည်သူပိုင် သိမ်းခံရတဲ့အထဲ ပါသွားတယ်။ ဥတုသုံးပါးတော့ ခံမြဲပါပဲ။ ခံပုံသာ မတူတော့တာ။ နွေနွေ မိုးမိုး ဆောင်းဆောင်း အဲဒီ့ထဲက မီးခြစ်ဆံတွေက မှိုတက်နေတယ်။ ယမ်းကလည်း အခြောင်းတိုင်း ပါချင်မှ ပါတာ။ တစ်ခါတလေ ဘူးထဲက မီးခြစ်ဆံ၊ ကံမကောင်းရင် တစ်ဘူးလုံး ကုန်မှ တစ်ခြောင်းလောက် ထတောက်တာမျိုး။ ဒါလည်း ခြစ်တတ်ဦးမှ။ အဲဒါ ဆိုရှယ်လစ်ခေတ်ရဲ့ အကောင်းဆုံး နိမိတ်ပုံပဲခင်ဗျ။

အမယ်… အထင်တော့ မသေးနဲ့။ အခုထက်ထိတောင် အဲဒီ့မီးခြစ်တွေ ထွက်နေသေးတယ်။ တစ်လောက နေပြည်တော်က ဟိုတယ်တစ်လုံးကို ရောက်တော့ အဲဒီ့ဟိုတယ် အိပ်ခန်းထဲမှာ ချပေးထားတယ်။ ကျွန်တော်လည်း အစဉ်အလာ မပျက် ယူခြစ်ကြည့်တယ်။ အဲဒီ့ နိုင်ငံတော် မီးခြစ်ကလည်း အစဉ်အလာ မပျက် မှိုတက်မြဲ၊ အစဉ်အလာမပျက် အချောင်း အစိတ်လောက်မှ တစ်ချောင်းတောက်မြဲ။

အဲဒါကို ခုထိ ဆက်ထုတ်နေသေးတယ်ဆိုတော့ ကျွန်တော်တို့ တိုင်းပြည် ခုထိ ဆင်းရဲနေတာလည်း ပြောစရာကို မလိုတော့ပါဘူးဗျာ။

အဲ… အဲဒီ့ဟိုတယ်ကလည်း နှယ်နှယ်တော့ မဟုတ်ဘူးနော။ ခယ်(မ်)ဖင်းစခီးတို့၊ ဟစ်(လ်)ထန်တို့၊ ဖာ့(ခ်) ရွိုင်ယယ်(လ်)တို့၊ လိပ်(ခ်)ဂါးဒင်းတို့လို နိုင်ငံတကာ ဟိုတယ်ကြီးတွေ နေပြည်တော်မှာ ပေါ်မလာခင်တုန်းက နေပြည်တော်က အကောင်းဆုံးဟိုတယ်တွေထဲမှာ ပါတဲ့ ဟိုတယ်ခင်ဗျ။ ဒါပေသည့် ချပေးထားတာကတော့ အဲဒီ့ ယမ်းမီးခြစ်ဘူး။

သည်အပိုင်းမှာ ပြောကြတာ…

Ei Yupar Winဖတ်ပြီး။ အဘွားပြောတဲ့ ဆိုရှယ်လစ်ခေတ်၊ အသိမ်းခံခဲ့ရတဲ့ စက်ရုံတွေ၊ လမ်းထိပ်က သမဝါယမနဲ့ အုန်းပင်မီးခြစ်ကို သတိရ။ ဗမာနဲ့ မြန်မာသဘောမှာ အခုခေတ်သုံးတဲ့ မြန်မာကိုပဲ လက်ခံလိုက်မိပြီဖြစ်ကြောင်းသတိပြုမိ။ အများညီတော့ ကျွဲဖြစ်သွားသလိုပေါ့။

အုပ်ချုပ်ရေးပိုင်းနဲ့ သမိုင်းကို ပြန်နွှေးဖြစ်။ ဒါပေမယ့် မဆွေးနွေးအားသေး။ နောင်မှ သမိုင်းထပ်ရှာဖတ်ရန်တေးထား။ အခုတော့ သက်ကြီးစကား သက်ငယ်ကြားနဲ့ ရောင့်ရဲနေ။ ^,^ အချိန်မရှိတာလည်းပါ။

Yuri Gallerကျွန်တော် ကတော့ မျက်နာသစ်ဖို့ ကာဘောလစ်ကို အကြိုက်ဆုံး ။ မရှိတော့မှ အခြားဆပ်ပြာသုံးတယ်။

ATKအနမ်းမခံချင်တဲ့ သဘောပေါ့ညော် 🙂

Alex Moeနတ်သမီးမီးခြစ် အနီလေးတွေ ငယ်ငယ်တုန်းကအမှတ်တရ. နောက်ပိုင်း ဆင်တံဆိပ် မီးခြစ် တရုတ်ကသွင်းတာလားမသိ. ဂက်စ်မီးခြစ်ကတော့ ဟုန်ပန်း က စက်ရုံထောင်ထုတ်တော့မှ သေချာကိုင်ဖူးတယ်မှတ်တာပဲ

ATKအွင်… နတ်သမီးမီးခြစ် မီလိုက်တယ်ဆို ဘာဘူ Moe အသက် မငယ်တော့ဘူးပဲ။ အနည်းဆုံး ၄၅။ သည်အချိန်အထိ မိန်းမမယူသေးတာ ချီးကျူးသဗျာ 😀

Alex Moeငင်. အဲ့လောက်မရှိသေးပါဘူး ဆြာရယ်. ငယ့်ငယ်လေးတုန်းကပါဆို.

ATKဆောတီး… နှစ်နှစ် သုံးနှစ် ပိုလိုက်မိတွားဒယ် 🙂

Alex Moeရနိကုန်လာရင် ဆြာကြိုက်တာလေးဝယ်ခဲ့မယ်

Alex Moe's photo.

ATKအွင်… အဲဒါ ရန်ကုန်က ထုတ်တာလေ။ ဆိတ်သားခြောက်၊ အမဲခြောက်ဆို ဟုတ်တုတ်တုတ်။ 🙂

Alex Moeဟုတ်လား. မန်းလေးကထုတ်တာမှတ်နေတာ. ဒါဆိုလည်း. ဆိတ်သားခြောက်ပေါ့ဆြာရယ်. ယူလာခဲ့မယ်

ATKမျှော်လင့်လျက်ပါ မြသီတာ 😀

Maung Thuraအူတူတူနဲ့သုံးပတ်ခံနတ်သမီး မီးခြစ်ကိုမေမြို့ခေါ်ပြင်ဦးလွင်က ဆောင်းသဇင်မှာလည်းပေးတယ်အကိုရ

Shwe Gyiဟုတ်တယ်ဗျ၊၊ ငယ်ငယ်တုန်းက ကျွန်တော့်အမေလည်း အဲ့ လိုပြောဖူးတယ်၊၊ (အနာပျောက်တဲ့ ပိုးသတ်ဆေးလိုမျိုးပါတယ်ဆိုလား)၊၊ဒါကိုပဲ တမင်တိုက်စေချင်လို့ ပဲလာ၊၊ သူလည်းတဆင့်စကား တဆင့်ကားတာလား၊၊ တကယ်လားတော့ ခုထိမသိသေးဘူး၊၊

ATKCarbolic ဆိုတာ cabolic acid နဲ့ ထုတ်ထားတာမို့ germicide ထဲမှာ ပါပါတယ်။ ပိုးသတ်ပေါ့ဗျာ။ သို့သော် virus တော့ သတ်နိုင်မှာ မဟုတ်ဘူးနော်။ သတိပေးတာ။ ခများက လူပျိုဂျီးဆိုတော့ ပိုးသတ်တယ်ဆိုပြီး ထင်ရာ လျှောက်လုပ်ရင် အကျိုးနည်းကုန်မစိုးလို့(စ်)😛

Shwe Gyiကတောက်… အဲ့ချက်တော့ နာထှာဘဲ၊၊ ဂုတော့ မျှော်လင့်ထားသမျှတွေ သဲထဲ သေးပေါက် သလိုဖစ်ကုန်ဘီဘော့ ဆြာရယ် 😛

‘Song Thiri’ခုမှ ဖတ်လို့ ပီးသွားကြောင်းနဲ့ ချာက ဆယ်တန်းကျောင်းသားဖစ်နေချိန်မှာ သာမီးကတော့ ဘယ်ငရဲဘုံမှာ ရှိနေသေးသတုန်း မသိ 😀

သို့ပေမယ့် ချာပြောတဲ့ ခေတ်ကိုတော့ အဖွားတို့ အမေတို့ ပြောလို့တော့ နားရည်ဝနေတာ ချာပြောတာတွေ မျက်လုံးထဲ မြင်ယောင်လာမိတယ်။ အဖိုးတို့ အဖွားတို့လက်ထက်က ပြည်သူပိုင် သိမ်းခံလိုက်ရတဲ့ အကြောင်းတွေရောပေါ့ 😀

K Yamone Aungအိမ်ထောင်စု စာအုပ်နဲ့ ဆန်ထုတ် (ဝယ်)ရတယ်  လူဦးရေနဲ့ အချိုးကျ ပေးတယ် တစ်ယောက် တစ်လ ၄ ပြည် ထင်တာဘဲ

Sandar Tinတခေတ်ကကိုယ်တိုင်ကြုံခဲ့ဘူးတာ အမှတ်ရမိပါတယ်ဆရာ။

Thor Zinကျေးဇူးပဲဆရာ၊ ဖတ်ရတာ အတော်တန်ဖိုးရှိပါဘိ။

၂၀၁၅ ဇူလိုင် ၂၈ ရက်

ဆိုရှယ်လစ်ခေတ်မှာ ဖျစ်ဖျစ်မြည်အောင် ကောင်းခဲ့တာ

ဆိုရှယ်လစ်ခေတ်မှာ အရည်အသွေးကောင်းတာ တစ်ခုကို မမေ့မလျော့ ထည့်မှ တရားမှာပေါ့။ အဲဒါကတော့ မန္တလေး အရက်ချက်စက်ရုံက ထုတ်တဲ့ အရက်တွေနဲ့ စောစောက ပြောတဲ့ ဘီအီး(ဒီစီ)အရက်ဖြူတို့ရဲ့ အရည်အသွေးကတော့ ထိပ်တန်းခင်ဗျ။ အဲဒါတော့ တကယ်ကို ကောင်းခဲ့တာပါ။

ကျွန်တော်နဲ့ အရက်နဲ့က ဘယ်လို ရေစက်လဲတော့ မသိဘူး။ ကျွန်တော့်အဖေက အရက်မသောက်ဘူး။ ဦးကြီးကိုကိုကတော့ သောက်တယ်။ ဒါပေသည့် သူသောက်တယ်ဆိုတာလည်း နေ့နေ့ညည သောက်နေတာ မဟုတ်ဘူး။ နာမည်ပျက်ကတော့ တကယ်ရှိအောင် သောက်တာ။ သူသောက်တာက ဆယ်ခါ့ရံ တစ်ခါ ဖြစ်လောက်ပါတယ်။ ဒါပေမယ့် သောက်ပြီဆိုရင် အကွဲသောက်တော့တာပဲ။ ပြီးတော့ လူမှန်း သူမှန်း မသိ။ ကျွန်တော့် ရှင်ပြုတုန်းက ငှားထားတဲ့ ကား တက်မောင်းလို့ တိုက်လာတာမျိုးအထိ ဖြစ်တယ်။ ပြီးရင် အိပ်ရာပေါ် လဲပါရောလား။ လဲပြှီဆိုရင် မသောက်တော့ပြန်ဘူး။ တမေ့တဆွေး နေပြန်ရော။ ပြန်သောက်ရင် အဲလိုပဲ ပြန်ဖြစ်ပေါ့။

အဲတော့ ဦးကြီးကိုကို အရက်သောက်ပုံက ကျွန်တော့်အတွက် အားကျစရာ၊ အတုခိုးစရာတော့ မဟုတ်တာ အမှန်ပဲ။ စိတ်ပျက်စရာကြီးရယ်။

ကျွန်တော် ကလေးဘ၀တုန်းက မန္တလေးမှာ ထန်းရည်တစ်ခါ မူးဖူးတယ်လို့တော့ ပြောကြတာပဲ။ ကျွန်တော်ကတော့ မှတ်ကို မမှတ်မိတော့ဘူး။

ကျွန်တော် ဖတ်တဲ့ ၀တ္ထုတွေ၊ ကြည့်တဲ့ ဓာတ်ရှင်တွေထဲမှာတော့ ဇာတ်လိုက်တွေ သောက်ကြတယ်။ ကျွန်တော် အရူးအမူး စွဲလန်းတဲ့ ၀င်းဦးကလည်း အရက်သောက်တဲ့အပြင် သူ့ဇာတ်ကားတွေမှာလည်း သူက သောက်ပြတယ်။ ဆရာသော်တာဆွေဆိုလည်း အရက်အကြောင်း တယ်ရေးပဲ။ အဲဒါတွေကြောင့်လားတော့ မသိဘူး၊ ကျွန်တော့် မသိစိတ် တစ်ထောင့်တစ်နေရာမှာ အရက်က ရှိနေတယ်။

ဒါပေမယ့် ဆယ်တန်းပထမနှစ်ရောက်တဲ့အထိ အရက် မသောက်ဖြစ်ခဲ့ပါဘူး။ အဲ… တစ်ခါတော့ သောက်မိတယ် ထင်တယ်။ အဲဒါ အဖေသိသွားတော့ ဘယ်နေမလဲဗျာ။ ဆော်ပလော်တီးတာပေါ့။ ဒါလည်း ကောင်းကောင်း မမှတ်မိတော့ဘူး။

ဆယ်တန်း ဒုတိယနှစ် တစ်နှစ်လုံးလည်း မသောက်ဖြစ်ခဲ့ပါဘူး။ အဲဒီ့နှစ် ဆယ်တန်းဖြေပြီး အိမ်ပေါ်က ဆင်းနေရချိန်မှာ မှတ်မှတ်ရရ ဘီယာတစ်လုံး ၀ယ်သောက်ဖူးတယ်။ မသောက်ဖူးလို့ မြည်းကြည့်တာ။ နိုင်ငံခြားဖြစ် ဘီယာ။ ကျွန်တော်ထင်တယ်၊ ဆင်းဂါးဆိုတဲ့ ထိုင်းဘီယာလားတောင် မသိဘူး။ ဘားလမ်းနဲ့ ဖရေဇာထောင့်က လမ်းဘေးဆိုင်မှာ တွေ့လို့ ၀ယ်သောက်တာ။

ကောင်းကောင်းကန်းကန်းမှ မသောက်တတ်သေးတာဗျာ။ ဘီယာကလည်း တစ်ဘူးတည်းဆိုတော့ ဘာဖြစ်မှာလဲ၊ အလတ်ကြီးပေါ့။

ငယ်နုတဲ့ စာဖတ်သူတွေက တွေးနေလိမ့်မယ်။ အစစအရာရာ ပါးရှားတယ်လို့လည်း ဆိုသေးရဲ့၊ အခုကျတော့ နိုင်ငံခြားဖြစ် ဘီယာက ဘယ်က ရောက်လာပြန်တာတုံးလို့။

အဲဒီ့ခေတ်မှာ မှောင်ခိုဆိုတာ ရှိပါတယ်။ နယ်စပ်ကနေ ပစ္စည်းတွေ ခိုးသွင်းတာပေါ့။ အဲဒီ့ ခိုးသွင်းတဲ့ ပစ္စည်းတွေကို ရန်ကုန်မှာ ဈေးတင်ပြီး ပြန်ရောင်းတာပေါ့။

အဲဒီ့ တစ်ခေတ်က မော်လမြိုင်မြို့ဟာ မှောင်ခိုဈေးကွက်ကြီးနဲ့ အရမ်းကို စည်ပင်ပါတယ်။ လေဟာပြင်ဈေး၊ နောက်ပိုင်း ပေါ်လာတဲ့ စိန်ဂျွန်းဈေးတို့ဟာ အဲဒီ့ မှောင်ခိုပစ္စည်းတွေ ရောင်းချတဲ့ ဈေးတွေပါ။

လေဟာပြင်ဈေးဆိုတာက အခု ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထာလမ်းကြား၊ ရွှေတိဂုံဘုရားလမ်းပေါ်မှာ ရှိတဲ့ ဈေးကြီးပါ။ စိန်ဂျွန်းဈေးဆိုတာက ပြည်လမ်းမရဲ့အစ၊ ဂျပန်ဆေးရုံလို့ ခေါ်တဲ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးရဲ့ ကျောဘက် မြေကွက်လပ်ကြီးမှာ ရှိနေခဲ့ဖူးတဲ့ ဈေးပါ။

အဲဒီ့ဈေးတွေမှာ တစ်ဖက်နိုင်ငံက ၀င်လာတဲ့ လူသုံးကုန် ပစ္စည်းပေါင်းစုံ ရှိပါတယ်။ အများဆုံးကတော့ အထည်အလိပ်ပါပဲ။ စားသောက်ကုန်လည်း ပါပါတယ်။ ဒါပေမယ့် ဘာတွေလဲဆိုတာ သိပ်မမှတ်မိတော့ဘူး။ တစ်ဖက်နိုင်ငံက သွင်းလာတဲ့ စားသောက်ကုန်ရယ်လို့ လောက်လောက်လားလား မှတ်မှတ်ရရ ဘာမှ မစားခဲ့ရဘူး ထင်တယ်။ လက်ပတ်နာရီတွေ ရှိတယ်ဗျာ၊ ခဆက်(ထ်)ဖွင့်စက်တွေ ရှိတယ်ဗျာ၊ အဲလောက်ပဲ မှတ်မိတယ်။

ကျွန်တော် ၀ယ်သောက်ခဲ့တဲ့ ဘီယာကတော့ ဘယ်က ဘယ်လို ၀င်တာလဲ မသိဘူး။ ကျွန်တော်က ငယ်ငယ်ကတည်းက အဲဒီ့ ရောဂါ ရှိတယ်။ နိုင်ငံခြားဖြစ် စီးကရက်နဲ့ အရက်ကို စိတ်ဝင်စားတဲ့ ရောဂါကို ပြောပါတယ်။

စီးကရက်ဆိုရင် အခု ရှန်ဂရီလာ တစ်ဖြစ်လဲ ကုန်သည်ကြီးများ ဟိုတယ်ရှိရာ တိုက်ခန်းဝများနဲ့ တိုက်လှေကားထစ်များ တစ်ကြောမှာ ဆိုင်လေးတွေ ရှိတယ်။ နိုင်ငံခြားဖြစ် ဒိုင်ယာရီတို့၊ မီးခြစ်တို့ ရောင်းကြတယ်။ စီးကရက်ဆိုင်လေးတွေလည်း ရှိတယ်။

မှတ်မှတ်ရရ ကျွန်တော် စ၀ယ်သောက်ဖူးတာ Rothmans ပဲ။ ဘူးလိုက် ၀ယ်မသောက်နိုင်ပါဘူးဗျာ။ အလိပ် ၂၀ ၀င် ဒူးယားတစ်ဘူးကို ၁ ကျပ် ပြား ၈၀ ပေးရတဲ့ခေတ်မှာ Rothmans တစ်ဘူးက ခုနစ်ကျပ်ရှိတာကို။ ဒါပေမယ့် သောက်ကြည့်ချင်တာပေါ့။ မနေနိုင်တော့ အလိပ်လိုက် ရောင်းတာကို ၀ယ်သောက်တာပါ။ တစ်လိပ်ကို ပြား ၄၀ လား ပေးရတယ်။

အဲလို သောက်သောက်ကြည့်ရင်းနဲ့ ကြိုက်လာတာ Kent ပဲ။ အဲတုန်းက Kent က အခုလို အပေါ့တွေချည်း ထုတ်တာ မဟုတ်သေးဘူး။ အပြင်းစားလည်း ရှိတယ်။ ကျွန်တော်က ဒူးယားနဲ့ စခဲ့လို့လားတော့ မသိဘူး။ ဆေးလိပ် ပေါ့ရင် သောက်လို့ မရဘူး။ ဒူးယားက ပရုတ်အေး ထုတ်သေးပေမယ့် အဲဒါလည်း ခံတွင်း မတွေ့ဘူး။ ပူရှိန်း ပူရှိန်း အရသာကို မကြိုက်တာ။

အရက်က အဖေလည်း မရှိ၊ ကားသမားဘ၀လည်း ရောက်တော့မှ တကယ်သောက်ဖြစ်တော့တာဗျ။ အဲဒါတော့ အဲဒီ့အပိုင်းကျတော့မှ ရေးပါတော့မယ်။

အဲဒီ့ဆိုရှယ်လစ်ခေတ်ကြီးမှာ ဖျစ်ဖျစ်မြည်အောင် ကောင်းခဲ့တာထဲမှာ ဒူးယားစီးကရက်လည်း ပါတယ်။ နောက်ပိုင်း ၁၉၈၀ ပြည့်လွန် နှစ်လယ်လောက် ရောက်တော့မှ ဒူးယားတွေလည်း ဘ၀ပျက်တော့တာ။ အစီခံ ကျွတ်ထွက်လို ကျွတ်ထွက်၊ အလိပ်ပြေတွေ ရောင်းလိုရောင်းနဲ့ ဖြစ်ချင်တိုင်း ဖြစ်ကုန်ပါတော့တယ်။ သို့ပေမယ့် ရမ်(မ်)နဲ့ အာမီရမ်(မ်)၊ တင်လဲဖြူ၊ အရက်ဖြူများကတော့ စံချိန်မီဆဲပါပဲ။

မန္တလေးမှာ ပျော်လိုက်တာ

ကျွန်တော် ဆယ်တန်း ပထမနှစ် ဖြေနေဆဲလား၊ ဖြေပြီးစမှာလား မသိဘူး၊ ဦးကြီးကိုကို လာလည်တယ်။ သူ့နှမ သူလွမ်းလို့ပဲလားတော့ မသိဘူး။ အဖေနဲ့ နေရတာဆိုတော့ မန္တလေးနဲ့က အဆက်ဖြတ်ထားသလို ဖြစ်နေတာလေ။ အဖေက အမေ့ကို အမျိုးတွေနဲ့ ပတ်သက်စေချင်တာမှ မဟုတ်တာကိုး။ ဒါပေမယ့် ဦးကြီးကိုကို ရောက်လာတော့လည်း ဘာမှ မဖြစ်ပါဘူး။

ဒါမှမဟုတ် ဖြစ်ကြသလားတော့ မသိဘူး။ အဲဒီ့မှာ အဖေနဲ့ အမေနဲ့ ကွဲကြကွာကြမယ် ဖြစ်ပါရောလား။ နောက်ဆုံးမှာတော့ အမေက ကားယူပြီး မန္တလေး ပြန်မယ် ဖြစ်ပါရော။ ဦးကြီးကိုကိုကလည်း အဖေ့ကို သိပ် ကြည့်ရပုံမပေါ်ဘူး။ အဲတော့လည်း ယာဉ်မောင်းတစ်ယောက်ရှာပြီး ကျွန်တော်တို့ တူဝရီး သားအမိ သုံးယောက်သား မန္တလေးကို သွားကြသည်ပေါ့။

ကျွန်တော်လား။ ပျော်တာပေါ့ဗျာ။ အဖေနဲ့မှ မနေချင်တာ။ အဖေနဲ့ နေနေရတဲ့ ဘ၀ကို စိတ်ညစ်တာက ဘာနဲ့မှ မတူဘူး။ အခုဆို အိုခေပြီပေါ့။

အိုက်လိုနဲ့ မန္တလေးကို ရောက်သွားတယ်။ မန္တလေးရောက်တော့ အမေက ဂစ်ထာတစ်လုံး ၀ယ်ပေးတယ်။ ပျော်စရာက ပိုကောင်းသွားပြီ။ ၈၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားက ဂစ်တာဆိုင်လေးမှာ ဦးကြီးကိုကို လိုက်ဝယ်ပေးတာပါ။ ကျပ် ၆၀ လား ပေးရပါတယ်။ ကျွန်တော့်ဘာသာ စမ်းစက်တီးကြည့်ပြီး ၀ယ်လာတာပေါ့။ ဂစ်ထာခေါ့(ဒ်)တွေ ပါတဲ့ စာအုပ်ကလေး တစ်အုပ်လည်း တစ်ခါတည်း ၀ယ်လာတယ်။ တီးပါပြီ တဗျန်းဗျန်း။

တကယ်တော့ ကျွန်တော်က ဂစ်ထာတီးဖို့ထက် သီချင်းဆိုဖို့ကို ပိုအားသန်တာ။ သည်တိုင်း အလွတ် အော်နေလို့က တယ်ဟန်မကျဘူး။ ဂစ်ထာလေးနဲ့ကျတော့ တင့်တယ်တာပေါ့လေ။

လားရှိုးသိန်းအောင် သီချင်းတွေက ကျွန်တော့် အသည်းစွဲတွေပဲ။ ပန်းဘုရင်မလေး၊ စပယ်ည၊ လယ်သူမလေး မောင့်ချစ်သူ၊ လွမ်းဘွယ်။ စိန်လွင့် သီချင်းတွေ ဖြစ်တဲ့ နွေကျောင်းပိတ်ရက် မလိုချင်ပါ၊ ရှမ်းစကား မတတ်တော့ ခက်တယ်၊ တက္ကသိုလ်အေးမောင်ရဲ့ မူယာမာယာ မိရွှေညာ၊ ကားပြာလေးကို မျှော်ရတယ်၊ အသက်မက ချစ်ရသူလေးရယ် အစချီ သီချင်းတွေလည်း တကြော်ကြော်ပေါ့။ ကျွန်တော့် အသံလုံးနဲ့ သိပ်မကွာတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ ဆိုဖြစ်တာပါ။

မန္တလေးမှာ ဦးကြီးကိုကိုက ကျွန်တော့်ကို ကားမောင်း သင်ပေးပါတယ်။ တကယ်တော့ မခက်လှပါဘူး။ ကျွန်တော့်အကျင့်က ကျွန်တော်စိတ်ပါပြီဆိုရင် ဘာကိုမဆို တစေ့တစောင်း အကဲခတ်ကြည့်နေတတ်တယ်။ အဲတော့လည်း ကားမောင်းတာကို အမြင်နဲ့ တော်တော် တတ်ပြီးသား ဖြစ်နေတယ်။ တကယ် တက်မောင်းတဲ့ အခါကျတော့ နှစ်ရက် သုံးရက်နဲ့ တတ်သွားပါတော့တယ်။

မန်းရာပြည့်ကွင်းထဲမှာ သွားသွားသင်ခဲ့ရတာကို မှတ်မိနေပါသေးတယ်။ အဲတုန်းက သင်ပေးတာ ကိုဘိုဘို ဆိုတဲ့ ဦးကြီးကိုကိုရဲ့ မိတ်ဆွေလေးလားတော့ မသိဘူး။ ကိုဘိုဘိုက အဲတုန်းက ဈေးချိုက နဂါးဆေးလိပ် အရောင်းဆိုင်မှာ ဆိုင်တာဝန်ခံ လုပ်နေတယ်နဲ့ တူတယ်။

မန္တလေးအိမ်မှာက ကားထားစရာ နေရာက သီးသီးသန့်သန့် မရှိဘူး။ လူဝင် လူထွက်၊ စက်ဘီးလောက်ပဲ သွင်းနိုင်တဲ့ မြောင်းကူး တံတားလေးပဲ ရှိတယ်။ ကားထားမယ်ဆိုရင် ၀င်ပေါက်ကို ပြင်ရဆင်ရမယ်။ ပြီးတော့ အိမ်ဘေး မြေကွက်လပ်မှာ ထားရမှာ။ အမိုးအကာလည်း မရှိဘူး။

ဒါနဲ့ ဆိုင်းတန်းရပ်က ကိုနိုင် အရင်နေခဲ့တဲ့အိမ်မှာ ထားရတယ်။

ဘ၀တစ်ကွေ့ ခဏတွေ့ခဲ့၊ ခင်ခဲ့ရဖူးသူ

ကိုနိုင်ဆိုတာက အမှတ် ၉ မှာ နေတုန်းက ကျွန်တော့်ကို ညီအရင်းလို ချစ်ပြီး သူ့အိမ် ခေါ်ခေါ်သွား၊ အမဲသားဟင်းနဲ့ ထမင်းတွေ ကျွေးတတ်တဲ့ အစ်ကိုကြီး ကိုနိုင်ထူးအောင်။

ချော်တော နည်းနည်း ငေါ့လိုက်ဦးမယ်။

အဲဒီ့ ကိုနိုင်က မိဘ (ကျွန်တော်ထင်တယ် အဖေ) ရှိသေးတယ်။ ဒါပေမယ့် အဒေါ်က သူ့ကို မွေးစားထားတာ။ သူ့အဒေါ်က လည်လည်ပတ်ပတ် ရှိတယ်။ အစတုန်းကတော့ ဆိုင်းတန်းရပ်ထဲမှာပဲ နေတာပေါ့။ ကျွန်တော် မန္တလေးနဲ့ ပြတ်သွားချိန်မှာ သူ့အဒေါ်ရဲ့ စီးပွားရေးက ဒီရေအလား တစ်ဟုန်ထိုး တိုးတက်လာတယ်။ မြို့လယ် မျက်နှာကြီးတွေ နေရာ အရပ်မှာ တိုက်ဝယ်လိုက်တယ်။ ကိုနိုင်လည်း အဲဒီ့ကို ပါသွားတာပေါ့။

ကိုနိုင်က တကယ်က စစ်ဗိုလ်လုပ်ချင်တဲ့သူ။ တစ်ဖက်ကလည်း သူက ကျောင်းစာမှာ ချွန်ချင်တယ်။ ဒါ့ကြောင့် ဆယ်တန်းမှာ သူ့စိတ်ကြိုက်အမှတ် မရနိုင်ရင် အအောင်မဖြေဘဲ ခြစ်ခြစ်ချခဲ့တာ ဘယ်နှနှစ်လဲ မသိဘူး။ ကျွန်တော့် စိတ်ထင် အနည်းဆုံး ၄ နှစ်လောက် ဖြစ်မယ် ထင်တယ်။ နောက်ဆုံး သူ စိတ်တိုင်းကျတဲ့ နှစ်မှ ဖြေတော့ တကယ်လည်း အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ပါတယ်။ ဗိုလ်သင်တန်းတက်ဖို့က အသက်က ကောင်းကောင်း လွန်သွားပြီ။ အဲဒီ့မှာတင် သူက ရန်ကုန် စက်မှု တက္ကသိုလ်ကို တက်ပါတော့တယ်။

ကျွန်တော် ကိုးတန်း၊ ဆယ်တန်းမှာ သူ ရန်ကုန် စက်မှုကို ရောက်လာတော့ ကျွန်တော့်ဆီ လာရှာပါတယ်။ ခက်တာက အဖေက သူ့ကို သိပ်ကြည့်မရပြန်ဘူး။ အဖေကတော့ အဲလိုပါပဲ၊ ကျွန်တော့် သူငယ်ချင်းတွေထဲက ဘိုနီ့ကိုလည်း ကြည့်မရဘူး။ သူ ကြည့်ရတဲ့ သူငယ်ချင်းဆိုလို့ ကျွန်တော်တို့လမ်းထဲက သူ့သူလျှို ပေါက်ဖော် တစ်ကောင်ပဲ ရှိမယ် မှတ်တယ်။

အဲဒီ့ကောင် ပေါက်ဖော်က ကျွန်တော်တို့နဲ့ တစ်လမ်းတည်း နေတာ။ ကျွန်တော့်ကို ခင်မင်သယောင်နဲ့ စွတ်ပေါင်း။ အတင်းကပ်၊ အတင်း မြှောက်ပေး၊ ပြီးတော့မှ ကျွန်တော် လုပ်သမျှ၊ ပြောသမျှ အဖေ့ဆီ အကုန် သံတော်ဦးတင်တဲ့ နွား။

ထားပါတော့။ ကိုနိုင့်ခမျာ အဖေ မကြည်မှန်း ရိပ်မိရှာတော့ အိမ်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး။ သူလာရင် ကျွန်တော့်ကို အကြောင်းကြားပြီး လမ်းထိပ်က စောင့်တယ်။ ကျွန်တော်က သွားတွေ့၊ လက်ဖက်ရည်ဆိုင်လေး ဘာလေးထိုင်၊ လေပန်းပေါ့။ အဲတုန်းက အဖေ့လက်အောက်မှာ ပြားဝပ်နေတဲ့ ကျွန်တော့်ဘ၀ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေပုံရတဲ့ ကိုနိုင့်မျက်နှာကို အခုမှ တရေးရေး ပြန်မြင်လာတယ်။ သူက ဘာမှတော့ မပြောရှာပါဘူး။

မန္တလေးကို အဲဒီ့အချိန်က ရောက်တော့ ကျွန်တော်က ကိုနိုင့်အိမ်မှာ အနေများတယ်။ များဆို သူ့အိမ်မှာက ရေလောင်းအိမ်သာနဲ့မို့ဗျ။ ရန်ကုန်မှာ အသားကျနေတော့ အိမ်က တွင်းအိမ်သာကြီးကို ကျွန်တော် မခံစားနိုင်တော့ဘူး။ ဒါနဲ့ ကျွန်တော်လည်း ကိုနိုင့်အိမ်မှာ အနေများတော့တာပါ။

ကိုနိုင့်အပေါင်းအသင်းတွေ တစ်ပုံကြီးကြားမှာ ဟေးလားဝါးလားနဲ့ တအားပျော်ပေါ့။ အဲဒီ့အချိန်က တကယ် ပျော်ခဲ့တာပါ။ မိုးမမြင် လေမမြင်လို့တောင် ပြောလို့ရတယ်။

ကိုနိုင့်ဘ၀ ကံအထဆုံး အချိန်လို့လည်း ဆိုနိုင်မယ်။ စက်မှုတက္ကသိုလ်ကျောင်းသား၊ အဒေါ်ကလည်း သိပ် စီးပွားတက်နေတဲ့ အချိန်ဆိုတော့ မန္တလေးမြို့မှာ ဂျစ်ကား တ၀ီဝီနဲ့ ကိုနိုင်တို့ တကယ်လျှမ်းနေချိန်ပေါ့ခင်ဗျာ။ တစ်အိမ်လုံးကလည်း သူပြောသမျှ အဟောဝတပဲ။ မြကို စိန်ရံထားတဲ့ လက်စွပ် တ၀င်းဝင်းနဲ့။ မန္တလေးက သမီးရှင်တွေ မျက်စိကျတဲ့ သူဌေးတူ စက်မှုတက္ကသိုလ် ကျောင်းတော်သားကြီးပေါ့။

လူကလည်း အဆိုကောင်း၊ အပြောကောင်း။ တကယ့် မန္တလေးသား စတိုင်ပဲ။ ဟန်ပန်ကို မှန်းကြည့်ချင်ရင် ကွယ်လွန်သူ မင်းသားကြီး ဇော်ဝမ်းရဲ့ အမူအရာနဲ့ တိုင်းထွာကြည့်လို့ ရလောက်ပါတယ်။

ဒါပေမယ့် ဘ၀ဟာ သိပ်အံ့သြစရာ ကောင်းတယ်။ ဒါမှမဟုတ် အမျိုးသမီးတွေရဲ့ စိတ်ဟာ အံ့သြစရာ ကောင်းလှတယ်လို့ပဲ ဆိုရမလား မသိဘူး။

ကိုနိုင့်ကို အသားကုန် မြှောက်စားတုန်းက အိမ်ရှေ့မင်းသားတစ်ပါးအလား မြှောက်စားခဲ့တဲ့ သူ့အဒေါ်ဟာ ကိုနိုင်လည်း သူကြိုက်တဲ့ မိန်းမ သူ့ဘာသာ ရွေးချယ်ပြီး ယူလိုက်ရော သူ သဘောမတူနိုင်တာလေး တစ်ချက်နဲ့ ပစ်ထားလိုက်တော့တာများ တစ်ချိန်က သူဌေးရပ်ကွက်မှာ လျှမ်းခဲ့တဲ့ ကိုနိုင့်ခမျာ ဆိုင်းတန်းရပ်က ဖြစ်ကတတ်ဆန်း အိမ်လေးပေါ်မှာ ချို့ချို့ငဲ့ငဲ့၊ စိတ်လက်မချမ်းမသာနဲ့ ဘ၀ဇာတ်သိမ်းသွားခဲ့ရရှာပါတယ်။

ဖြစ်ကတတ်ဆန်း အိမ်လေးလို့ ပြောရတာက ကျွန်တော် မန္တလေးမှာ ကျောင်းတက်တုန်းက သူတို့ နေခဲ့တဲ့ ပျဉ်ထောင်အိမ်ကြီးက မန္တလေးရဲ့ အကျော်ဇေယျ မီးထဲပါသွားတဲ့နောက် သူ့အဒေါ်က မြေနေရာ မပျောက်အောင်သာ စတိ ပြန်ဆောက်ထားတဲ့ အိမ်ဖြစ်နေလို့ပါပဲ။

နောက်တစ်ချက်က သူ့အဒေါ်က ဘယ်ကဲ့သို့ မြှောက်စားလိုက်သလဲတော့ မသိဘူး။ စက်မှု ပညာနဲ့ စက်မှုဘွဲ့ကို ပိုင်ပိုင်နိုင်နိုင် ရယူထားတဲ့ ကိုနိုင်ဟာ သူ့အဒေါ်ကလည်း သူ့ကို ခါထုတ်လိုက်ရော၊ စိတ်ဓာတ်တွေသာ အကျကြီး ကျရင်း ဘာအလုပ်မှ မလုပ်တော့ဘဲ ဖြစ်သလို နေသွားရင်းက ဘ၀ကို အရှုံးပေးသွားတယ်လို့တောင် ဆိုနိုင်ပါတယ်။

တော်တော့်ကို သံဝေဂ ယူထိုက်တဲ့ ဖြစ်ရပ်ပါပဲ။

ကျွန်တော့်ခမျာ မန်းရွှေမြို့မှာ မအားနိုင်ရှာ

ကျွန်တော်တို့ သားအမိ မန္တလေးကို ပြေးခဲ့ကြတဲ့ အခေါက်မှာတော့ ကိုနိုင် ခေါင်းချသွားတဲ့ အဲဒီ့အိမ်နေရာမှာ အမေ့ကားကို ထားခဲ့ရပါတယ်။ ထားဆို အဲဒီ့မှာ ဂိုဒေါင်လေးတစ်ခုက အသင့်ရှိနေလို့ပါ။ အဲဒီ့အချိန်က အဲဒီ့ အိမ်မှာ နေနေသူတွေကတော့ ကိုနိုင့် အစ်မပဲလား သေချာ မမှတ်မိဘူး

လစ်ပြီဆိုတာနဲ့ ကျွန်တော်က အဲဒီ့ကားကို အမေတို့၊ ဦးကြီးကိုကိုတို့ မသိအောင် ထုတ်မောင်းပါတယ်။

မှတ်မိသေးတော့တယ်။ ကိုနိုင့် သူငယ်ချင်းတွေ တစ်အုပ်တစ်မနဲ့ ကျွန်တော်တို့တွေ စစ်ကိုင်းသွားကြတော့ ကျွန်တော်က အပျော်လွန်ပြီး ကားဘောနက်ပေါ် တက်ထိုင်ပြီး ဟေးလားဝါးလား လုပ်ပါတယ်။ ကိုနိုင်က မောင်းတယ် ထင်ပါရဲ့။ ကောင်းကောင်း မမှတ်မိတော့ဘူး။

မှတ်မိတာကတော့ မြစ်ဆိပ်အဆင်း လမ်းတစ်နေရာမှာ ကျွန်တော်တို့ ကားအလာကို လမ်းဘေး ကပ်ပြီး ရှောင်ပေးတဲ့ အမယ်ကြီးတစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး ရေရွတ်လိုက်တဲ့ စကားပါပဲ။ ကျွန်တော့်နားနဲ့ကို ဆတ်ဆတ်ကြားလိုက်ရတာ ဖြစ်တဲ့အပြင် ကားပေါ်ပါတဲ့ ကိုနိုင်တို့ တစ်ဖွဲ့လုံးလည်း ကြားလိုက်ရပါတယ်။

အဲဒီ့ အမယ်ကြီး ကျွန်တော့်ကို မြင်ပြီး ရွတ်လိုက်တဲ့ စကားကတော့ခင်ဗျာ… ဟုတ်ကဲ့… “သြော်… သေတယ်ဆိုတာ ဒါမျိုးနေမှာ…”ပါတဲ့ ခင်ဗျား။

ကျွန်တော်တို့ ဇက အဲသလို။ အရပ်က သြဘာပေးရလောက်အောင် ကဲချက်ကတော့ ကမ်းကုန်ပါပဲ။

အဲဒီ့အချိန်က မန္တလေးမှာ ကျွန်တော် ပျော်တဲ့အထဲ ကိုနိုင်သာ မကပါဘူး။ ချစ်သူ့ရင်ခွင် ရှာပုံတော်ထဲက “မမ (မန္တလေး)”ကို သွားသွား ညှော်ရတာလည်း သိပ်ပျော်စရာ ကောင်းခဲ့ပါတယ်။

ချစ်သူ့ရင်ခွင်ထဲမှာ ရေးပြီးသားပေမယ့် မဖတ်ရသေးတဲ့သူတွေအတွက် အတိုချုပ် ပြန်နှူးရရင် အဲဒီ့မမရဲ့ဆိုင်က မမသန်းတို့ ဆိုင်နဲ့ မလှမ်းမကမ်းမှာ ရိပါတယ်။ မမသန်းရဲ့ မောင်လေးအနေနဲ့ ကျွန်တော့်ကို အလိုက်အထိုက် ဆက်ဆံနေတာ၊ ဘယ်ရမတုံး၊ မိန်းမမြင်ရင် မနေနိုင်တဲ့ ရောဂါအရင့်အမာနဲ့ ကျွန်တော်ဟာ သူ့ဆီ သွားသွား ကြောင်တော့တာပေါ့ဗျာ။

ဆိုင်တင် သွားကြောင်တာ မဟုတ်ဘူး။ အိမ်အထိပါ လိုက်ကြောင်သေးတာ။ ကျွန်တော် မျက်နှာရူးပဲ၊ ဘယ်နေပါ့မလဲနော်။

သူကလည်း မန်းသူပီပီ ၀င်းဦးဆို အသည်းစွဲ။ အဲတော့ သူ့ဆီမှာ ၀င်းဦးရဲ့ စန္ဒာမဂ္ဂဇင်း အတွဲ ၁ အမှတ် ၁ ကနေ နောက်ဆုံးထုတ်အထိ အပြည့်အစုံ ရှိတယ်။ အဲဒါ သွားသွားငှားဖတ်ရင်း သူ့ဆီ ရောက်နေတာ။ အိမ်မှာက အဲဒီ့အချိန်မှာ ဦးကြီးကိုကိုရဲ့ စက်ဘီးကလည်း ရှိနေပြန်တော့ အဲဒီ့ စက်ဘီးကလေးနဲ့ မမ နေထိုင်ရာ ရွှေပြည်ရပ်ကို နှင်ရတာပေါ့ ခင်ဗျာ။

စာကလည်း တအားဖတ်နေချိန်ဆိုတော့ စန္ဒာမဂ္ဂဇင်းသာ မကပါဘူး၊ ၈၁ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားလား၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြားလား၊ သေချာမမှတ်မိတော့တဲ့ စာအုပ်အငှားဆိုင် တစ်ဆိုင်က စာအုပ်တွေလည်း ၀ါးစားသလိုကို ဖတ်နေခဲ့တာပါ။ ၀တ္ထုတွေပေါ့။ တက္ကသိုလ်တင်မြင့်ဆို သိပ်ကြိုက်ပဲ။ သူ့ပင်တိုင် ဇာတ်ကောင် လေးလေးမြင့်ဆို ကျွန်တော့်မျက်စိထဲမှာ အတော့်ကို လှတာ။ အောင်ကျော်ကျော်တို့၊ လူအောင်တို့လို စာရေးဆရာတွေပါ မကျန် ဖတ်နေတဲ့အခိုက်ပေါ့။ မောင်မောင်မြင့်လွင်ရဲ့ အဖွဲ့အနွဲ့တွေလည်း လွှတ်သဘောကျ။

ကျွန်တော့်မှာ တစ်နေ့တစ်နေ့ အားကို မအားရဘူး။ ကိုနိုင်၊ ဈေးချို၊ စာအုပ်တွေ၊ ဂစ်ထာ၊ သီချင်း။ ၀တ္ထုတွေလည်း ရေးဖြစ်နေတယ်။ တစ်ပုဒ်မှတော့ အဆုံးမသတ်နိုင်ပါဘူး။ ဒါပေမယ့် ရေးတာကတော့ ရေးဖြစ်တာပေါ့။ ကဗျာတွေလည်း တစ်နေ့တစ်ပုဒ် မဟုတ်တောင် သုံးရက် တစ်ပုဒ်လောက် ရေးဖြစ်တယ်။ အချစ်အလွမ်းတွေပေါ့ဗျာ။

အဖေနဲ့များ ကွာပါ့

အဲဒီ့အခိုက်အတံ့မှာ ဖြစ်တာ တစ်ခုရှိသေးတယ်။

ကျွန်တော်က ဆေးလိပ်ကို အဲဒီ့အချိန်မှာ အတော်စွဲနေပြီ။ မသောက်ရ မနေနိုင်သလောက် ဖြစ်နေပြီ။ အိမ်မှာကျတော့ ခံတွင်းက တအားချဉ်တတ်နေပြီ။ အဲတော့ ညအိပ်ရာ ၀င်ချိန်၊ အကုန်လုံး မီးပိတ် အိပ်ကုန်ပြီဆိုရင် ခိုးသောက်တော့တာ။

တစ်ညသားမှာ ကျွန်တော် ဆေးလိပ်သောက်လို့ ကောင်းနေတုန်း အခန်းမီးက ဖျတ်ခနဲ လင်းလာတယ်။ ဦးကြီးကိုကိုက စောင့်ဖမ်းတာပါ။

ကျွန်တော့်ဖြင့် ပျာသွားတာပဲ။ အဖေ့လိုသာဆို ဘယ်ပြောကောင်းမလဲ၊ အသေ အဆော်ခံရတော့မှာလေ။

ဒါပေမယ့် ဦးကြီးကိုကိုက အေးဆေးပါ။

“မင်းလည်း ထိုက်သင့်တဲ့ အရွယ် ရောက်တန်သလောက် ရောက်နေပြီပဲ၊ ခိုးမသောက်ပါနဲ့ကွ။ မီးမီးထင်းထင်း စိတ်ပူရတယ်။ ဗြောင်ပဲ သောက်ပါမောင်ရာ…”တဲ့။

မေမေ့ရှေ့မှာဆိုတော့ တရားဝင် ပါမစ်ကျသွားတော့တာပေါ့။

အဲတော့လည်း မန္တလေးမှာ နေနေရတဲ့ အဲဒီ့အချိန်က ကျွန်တော့်ဘ၀ဟာ တကယ့်ကို မိုးမမြင် လေမမြင် ပျော်စရာ ကောင်းနေတော့တာပေါ့။

သည်အပိုင်းမှာ ပြောကြတာ

  • Oakker Seithu ဘီအီးဒီစီက သိပ်ကောင်းတယ်လို့ တစ်နေ့က မန္တလေး FM မှာ ဆရာမျိုးမြတ်သူနဲ့ ဆရာကြွက်(ဘယ်သူလည်းမသိဘူး) တို့ ပြောနေတာ ကြာလိုက်ရတယ်။ ယမကာ စကားဝိုင်းဆိုပြီး ပြောလိုက်ကြတာ။ :D ဆရာမောင်သော်ကတွေရော ချစ်ဒုက္ခ ဦးဘညွန့်တွေရော စုံလို့ပဲ။

    ခုခေတ်မှာတော့ အဲလိုမရှိတော့ဘူးလို့ ပြောတယ်။ 🙂

    ATK ကြွက်ဆိုတာ သိမ်းတင်သားဆိုတဲ့ နာမည်နဲ့ စာရေးတဲ့ ကိုကြွက်နီ။ ထူးအိမ်သင်ရဲ့ ဘော်ဒါ အရင်းခေါက်ခေါက်။ အပေအတေ။ ချစ်စရာလည်း အင်မတန် ကောင်းတဲ့သူ။
    Oakker Seithu ဟိုးအရင်တုန်းက ပစ္စည်းတွေက သိပ်ကောင်းခဲ့တယ်ထင်တယ်ဆရာ။ နောက် ဆရာပြောဖူးးတဲ့ ရေခဲသေတ္တာဆိုတာလည်း မြန်မာပြည်လုပ်ပဲထင်တယ်။ National တံဆိပ်လို့ ထင်တယ်ဗျ။

    ခုခေတ်ကတော့ မြန်မာလုပ်ဆို အိမ်ခင်းတဲ့ ကြွေပြားတောင်မကောင်းဘူး😀

    Baby Shwe Piguet ချဲ့မနေပါနဲ့ ရှင့်ဆေးလိပ်ဋီကာ၊ လူကြုံနဲ့ထဲ့ပေးပါ့မယ်။ 🙂
    ATK ကျေးဇူးဘာ မမဂျီး။ ပါရီက ဘယ်လိုမှ ၀ယ်သွားလို့ မရတာနဲ့ မဒရစ်ကျမှ စပိန် ဆေးလိပ်ဝယ်ရတယ်။ သူလည်း ကောင်းတာပဲခည 🙂
    Mai Xinh Dep ဆရာ့စာထဲမှာ ဖတ်ရလို့ ဆေးပြင်းလိပ်တွေ ဟိုတလောက ကြည့်တာ တစ်လိပ်ကို ဒေါ်လာငါးရာလောက်ရှိတယ်နော်။ အံ့ရော။ ဈေးကြီးထှာ။
    ATK သြော်…. တမီးဂလေးဂ ဒယ့်ဂို ၀ယ်လာပေးမို့ရားးးး အားနာဇာဂျီး(စ်) 🙂
    Mai Xinh Dep ၀ယ်ပေးချင်ထှာ။ တကယ်။ ဒါပေမဲ့ ငါးရာတောင်။
    ATK အိုက်လိုလေး ပြန်ရေးဖော်ရတာနဲ့ကို ကျေးဇူးဒေ လှိမ့်တင်နေဘာဘီအေ
    Mai Xinh Dep ဒယ် ဈေးတော်တာလေး ပြောင်းကြိုက်ပါလား 😛 ချိစ်ဆိုလဲ ဈေးကြီး အပြာရောင် လေဘယ်ကလဲ ဈေးကြီး
    ATK အယ်… အပြာရောင် မမက်ပါဝူးအေ။ စွေရောင်လောက်ဆို ချိုးပု(စ်) :D  လဂါး ပြောဒါနော်။ ဘာဆိုဘာမှ ခေါင်းထဲမထည့်ပါနဲ့။ ဒယ့်ဘ၀က ပြည့်ဇုံဘာဒယ်။ အခု တောင်ဂျီးက ဆန်အရက် တောက်နေဒါ။ ပန်းသီးလေးနဲ့ ချိ(စ်)လေးနဲ့။ 😀
    Mai Xinh Dep noted ဒယ်။ ဒယ် ၀က်ဆီဖတ်ကြိုက်လား။ ဗျက်နမ်မှာတွေ့ရင် ၀ယ်လာခဲ့မယ်။ ငရုတ်သီးနဲ့ကြော်ထားတာ ကျွတ်နေတာပဲ။ Mai Xinh Dep ရွှေရောင်ကိုတော့ ဈေးကြည့်လိုက်ဦးမယ်။ ဈေးမကြီးရင် ၀ယ်လာမယ်။ 😀
    ATK အဲ… ၀က်ဆီဖတ်လည်း ကြိုက်လှသလေ။ အလကားပြောတာနော်။ စွေရောင်ကို မစဉ်းစားနဲ့။ သိပ်ဝယ်ချင်ရင် အနက်နှစ်ထပ်ကွမ်းလောက်ဆို အိုစခေ။
    Mai Xinh Dep noted 
    Thet Mar တက္ကသိုလ် မောင်အောင်ဆွေ ဆိုတာ ကောမှတ်မိလား စုစုလှိုင် ဆယ့်ခြောက်နှစ် ရေးတာ လေ ရှိသေး ရေးသေးလား ငယ်ငယ်ကသိတ် ကြိုက်ခဲ့တာ
    ATK မှတ်မိတယ်။ အသံမကြားမိတော့တာလည်း ကြာပြီ။

 

အဟောင်းထဲက အစုတ်တွေ – ၁၀

29 May 2015

၂၀၁၇ ခုနှစ် မေလ ၂၇ ရက်

မျောက်လောင်းလည်ပြန်

ကိုင်း… ဆယ်တန်း ပထမနှစ်ဆီ ပြန်သွားလိုက်ကြပါဦးစို့။

အဲဒီ့ ဆယ်တန်းပထမနှစ်မှာ မှတ်မိနေတာက တစ်ခုတည်း ရှိတယ်။ အဲဒါကတော့ ရွှေတိဂုံဘုရားလမ်းမှာနေတဲ့ အတန်းဖော် သူငယ်ချင်းတစ်ယောက်နဲ့အတူ မြေနီကုန်းက နာမည်ကျော်ဆရာရဲ့ သင်္ချာကျူရှင်ကို သွားတက်ကြတာပဲ။

အဲဒီ့သူငယ်ချင်းရဲ့ အဖေက ပေါက်ဖော်ကြီး။ ပေါက်ဖော်ကြီးမှ အိမ်မှာနေရင် ဘောင်းဘီတိုနဲ့ စွပ်ကျယ်လက်ပြတ်နဲ့ နေတဲ့ ပေါက်ဖော်ကြီးပါ။ သူ့အမေကလည်း ပေါက်ဖော်သွေး တစ်ဝက်မက ပါတဲ့ ပေါက်ဖော်မကြီးပါပဲ။ အဲတော့ သူငယ်ချင်းကလည်း ပေါက်ဖော်သွေး အပြည့်နဲ့ပေါ့။ အသားက ဖြူရုံတောင် မကဘူး၊ နီစပ်စပ်တောင် ဖြစ်နေတယ်။ မျက်နှာကျကလည်း တကယ့် ပကတိ ပေါက်ဖော်မျက်နှာကျ။

သည်ကောင်က အမြဲတမ်း သပ်သပ်ရပ်ရပ် နေတယ်။ ဆယ်တန်းကတည်းက သူက သပ်သပ်ရပ်ရပ်။ အဲဒီ့ခေတ်က မော်လမြိုင်မှောင်ခိုက ၀င်တာလား၊ ဒါမှမဟုတ် အိန္ဒိယမှောင်ခိုက ၀င်တာလား မသိဘူး။ အင်မတန်ပူတဲ့ အသားနဲ့ လုပ်ထားတဲ့ ပုဆိုးတွေ ၀င်တယ်။ ဘာသားခေါ်လဲ မမှတ်မိတော့ဘူး။
သေချာတာကတော့ တော်တော့်ကို ပူပြီး အနံကြီး ကွင်းကျယ်တွေ လာတာ။ ပလေကတ် ပုဆိုးကွင်းတွေက အပြာရောင်တွေများသလောက် အဲဒီ့ပုဆိုးတွေကတော့ အညိုတွေဗျ။ ၀တ်ရတာ လေးလည်းလေး၊ ပူလည်းပူမို့ ကျွန်တော် ဘယ်တော့မှ မ၀တ်ဘူး။

သူငယ်ချင်းက အဲလိုပုဆိုးကို ကျကျနန သပ်သပ်ရပ်ရပ်ဝတ်တယ်။ သူ့ဆံပင်ပျော့ပျော့ကလည်း ပုံကျကျ သပ်သပ်ရပ်ရပ်။ လူကလည်း အင်မတန် အနေအေးတယ်။ ကျွန်တော်နဲ့တော့ တအားကို ခင်ပါတယ်။

ကျူရှင်ချိန်ရောက်ရင် ကျွန်တော်က သူ့အိမ်ကို ခြေလျင်လျှောက်သွား၊ သူ့ကို ၀င်ခေါ်ပြီး အမှတ် ၈ ကားကြီးစီး၊ ပြီးတော့ ကျူရှင်သွားကြပေါ့။ တစ်ခါတလေ စောနေရင် သူ့အိမ်ရှေ့ လူသွားစင်္ကြမှာ ထိုင်ပြီး လေပစ်ကြပေါ့။

ကျွန်တော့် ဗလွတ်ရွှတ်တ

တစ်ရက်ကျတော့ ကျွန်တော်တို့ ကျူရှင်က အပြန်မှာ ဘတ်(စ်)ကားပေါ်ကို ရှာဖွေရေးတွေ တက်လာကြတယ်။ အရပ်ဝတ်တွေနဲ့။

အဲဒီ့ခေတ်က ဘာမှန်း မသိဘူး။ အခုထက်ထိလည်း အဲဒီ့အကျင့်က သိပ်ပျောက်ချင်သေးတာ မဟုတ်ဘူး။ လူတွေကို တမင်သက်သက် ကျီးလန့်စာစား မဖြစ်ဖြစ်အောင် လုပ်ကြံဖန်တီးနေသလိုသာ ခံစားရတယ်။ ကားတွေကို ရပ်ပြီး တောင်စစ် မြောက်စစ် လုပ်တာ ပြောပါတယ်။ တစ်ခါမှလည်း သူတို့ ပြောတဲ့ ဖောက်ခွဲရေး ပစ္စည်းတို့ ဘာတို့ မိတယ်ဖြင့် မကြားဖူးပါဘူး။ ပုံမှန် သွားလာနေတဲ့သူတွေကို အခြောက်တိုက် အနှောင့်အယှက် ပေးတယ်လို့သာ ခံစားရပါတယ်။

တကယ်ဆို ထောက်လှမ်းရေးတွေအနေနဲ့က သတင်းအနံ့တွေ သေချာ ရထားကြမှာပါ။ ဘယ်လိုကားမျိုးကို ရှာရမယ်ဆိုတာကို သိနေလောက်ပါတယ်။ မသိရင်လည်း ထောက်လှမ်းရေးတွေ ညံ့သပေါ့။ ကျွန်တော် သိသလောက်တော့ မြန်မာ ထောက်လှမ်းရေးတွေ အဲသလောက် မညံ့ကြပါဘူး။

ထားပါတော့ဗျာ…

အဲလိုနဲ့ ရှာဖွေရေးတွေ တက်လာပြီး ဟိုရှာသည်ရှာ လုပ်သပေါ့။ သူတို့ရှာတာကလည်း လွယ်အိတ်တွေ ဘာတွေ ဖွင့်ဖွက်ပြီး ရှာတာမျိုးလည်း မဟုတ်ဘူးဗျ။ လွယ်အိတ်ပေါ်ကနေ စမ်းတာပါ။

အဲဒီ့အချိန်က မိုးတွင်းဆိုတော့ ကျွန်တော့် လွယ်အိတ်ထဲမှာ ခေါက်ထီးတစ်လက် ထည့်ထားတာပေါ့ဗျာ။ အဲဒါကို မောင်မင်းကြီးသားများက စမ်းမိပြီး မေးတော်မူတယ်။

“ဒါကြီးက ဘာကြီးတုန်း”တဲ့။

သိချင် လွယ်အိတ်ထဲ နှိုက်ကြည့်လိုက်ပေါ့။ အလွယ်လေးဟာကို။ အဲဒါကိုမှ မေးနေတော့ ဧည့်ထောက်ခံပြီး တယ်မပြောချင်လှဘူး။ စိတ်ထဲမှာလည်း ချဉ်တင်တင်ဖြစ်သွားတယ်။ ဒါနဲ့ ပြန်ဖြေလိုက်တယ်။

“ခြောက်လုံးပြူးဗျ…”

အဲဒီ့မှာတင် ကိုယ်တော်တွေ ပြူးပြူးပျာပျာနဲ့ ကျွန်တော့်နား ၀ိုင်းလာတယ်။ ရှာနေတဲ့ တစ်ယောက်က လွယ်အိတ်ကို ခုမှ ဖွင့်တဲ့ပြီး အလောသုံးဆယ် ဆွဲထုတ်တယ်။ စမ်းမိတာနဲ့ ခေါက်ထီးမှန်း သူသိသွားမှာပါ။

“ဟာ… မင်း လူကြီးတွေကို နောက်စရာလား၊ ဘာမှတ်တုံး၊ ၀တ္တရား နှောင့်ယှက်မှုနဲ့ ဖမ်းနိုင်တယ်ကွ…”

ဘာညာသာရကာ အာဏာ ပါဝါတွေ ပြပြီး ခြိမ်းခြောက်တော့တာပေါ့။ အမှန်တော့ ရှက်ရမ်းရမ်းတာပါ။

ကျွန်တော်က မျက်နှာပိုး သေသေနဲ့ပဲ ပြန်ပြောလိုက်ပါတယ်။ အူထဲမှာတော့ ရယ်ချင်နေတာက အလိပ်လိုက်၊ အခွေလိုက်ရယ်။

“ဦးလေးတို့ကလည်းဗျာ… ဘယ်သူက ခြောက်လုံးပြူးကြီးတော့ လွယ်အိတ်ထဲ သည်တိုင်းကြီး ထည့် သယ်လာမှာလဲဗျာ။ ဦးလေးလည်း ဖွင့်ကြည့်လို့ရလျက်သားနဲ့ ကျွန်တော့်ကို မေးတော့ ကျွန်တော်လည်း ဦးလေးကို ကြည့်ပြီး ချစ်သွားလို့ စလိုက်တာပါ။ စိတ်မဆိုးပါနဲ့ ဦးလေးရာ…”

ကလေးနဲ့ လူကြီး ဖြစ်နေတော့ အဲဒီ့မောင်တွေလည်း အောင့်သက်သက်နဲ့ မြည်တွန်တောက်တီးပြီး ကားပေါ်က ဆင်းသွား။ ကားကြီးလည်း ပြန်ထွက်၊ ကားပေါ်က လူတွေလည်း တအုံးအုံး ရယ်လို့ မဆုံး။ အတူပါ ပေါက်ဖော် သူငယ်ချင်းလည်း တခွိခွိရယ်ရင်း “အတော် ပြဿနာရှာတဲ့ကောင်”လို့ ကျွန်တော့်ကို သြဘာပေးမဆုံးပေါ့။

ပေါက်ဖော် ဗိုလ်ကြီး

အဲ… အဲဒီ့ ပေါက်ဖော်သူငယ်ချင်းက နှစ်ခြင်းပေါက် အောင်သွားတယ်ခင်ဗျ။ ပြီးတော့ ဘာလုပ်တယ် မှတ်တုံး။ စစ်တက္ကသိုလ်တက်တော်မူတယ်ဗျာ။ အပတ်စဉ် ၂၀ ပေါ့။

ကျွန်တော် တားသေးတယ်။

“ဟေ့ကောင်… မင့် ပေါက်ဖော် မျက်ခွက်ကြီးနဲ့ စစ်တပ်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူးကွာ”

သည်ကောင် ရယ်ကျဲကျဲပဲ လုပ်နေတယ်။ အဲဒီ့ကောင်က အဲလိုပဲ၊ အမြဲတမ်း မြုံစိမြုံစိ။

“မင်း သေမှာ မကြောက်ဘူးလား”

“လူပဲ သေမှာပေါ့ကွ။ ငါက စစ်တိုက်ရတာ သိပ်ဝါသနာပါတယ်ကွ…”

တားမရခဲ့ပါဘူး။ သင်း စစ်တက္ကသိုလ်တက်သွားတော့ ကျွန်တော်နဲ့ ဝေးသွားခဲ့ပါတယ်။

နောက် လေး-ငါး-ရှစ်နှစ်လောက်အကြာမှာတော့ ပြန်ဆုံတယ်။ စစ်တိုက်ရတာ ၀ါသနာပါတယ်ဆိုတဲ့ သတ္တ၀ါက ဆေးအဆင့်ကို မကျကျအောင် ချပြီး ရန်ကုန်မှာ ကုပ်ကတ်နေတယ်။ အဆင့်က ဗိုလ်ကြီး။

တကယ်က သူ့ခြေထောက်ကို နည်းနည်းပါးပါး လျှပ်ပြီး ကျည်ဆံလား၊ ဗုံးဆံလား မသိ မှန်ခဲ့တာ။ လူတစ်ကိုယ်လုံး အကောင်းဗျ။ အဲဒါနဲ့ ကျွန်တော်က ပြောမိပြန်ရော။

“ရှေ့တန်း ပြန်သွားလေကွာ… ရန်ကုန်မှာ ဘာလုပ်နေတာတုံး… မင့်တက်လမ်းက ရှိသေးတယ်လေ…”

အဟဲ… ဆယ်တန်းအောင်ပြီး သူ စစ်တက္ကသိုလ်တက်မယ် လုပ်လို့ ကျွန်တော်တားတုန်းက စစ်တိုက်ရတာ သိပ်ဝါသနာပါတယ် ဆိုတဲ့ ကောင်ရဲ့ ပါးစပ်က ထွက်လာတဲ့ စကားက လှတယ်။ ဟောသလို….

“သေနတ်မှန်တယ်ဆိုတာ ပုရွက်ဆိတ်ကိုက်တာ မဟုတ်ဘူး၊ နာတယ်ကွ။ မသွားတော့ဘူး”တဲ့ဗျား။

သူ ရန်ကုန်မှာ ရှိနေတော့ ကျွန်တော်တို့နှစ်ယောက် ပုလင်းတူ ဘူးဆို့ပေါ့။ နေ့တိုင်းလောက်နီးနီး တွေ့ဖြစ်၊ သောက်ဖြစ်တာများ အတော်တောင် ကြာသွားတယ်။ အဲဒီ့အချိန်က ဘိုနီလည်း သောက်နေသေးတော့ တစ်ခါတစ်လေ ကျွန်တော်တို့ နှစ်ယောက်သား ဘိုနီနဲ့လည်း သောက်ဖြစ်တယ်။

အများအားဖြင့်ကတော့ သူနဲ့ အင်မတန်ခင်တဲ့ သူ့လိုပဲ သေနတ်မှန်လာတဲ့ ဗိုလ်ကြီးတစ်ယောက်နဲ့ သောက်ဖြစ်တာက များပါတယ်။ အဲဒီ့ ဗိုလ်ကြီးကကျတော့ တကယ် တိုက်ချင် ခိုက်ချင်သေးတာ။ ဒါပေသည့် သူ့ဆေးအဆင့်က ဘယ်လိုမှ မရတော့ဘူး။ မိုင်းနင်းမိထားလို့ ခြေထောက်တစ်ဖက်လုံး ပါမသွားပေမယ့် ခြေချောင်း နှစ်ချောင်းလား၊ သုံးချောင်းလားမသိ မရှိတော့တာမို့ ဆေးအဆင့် မမီရှာတော့တာပါ။

ကံဆိုးလို့ မသေ ဉာဏ်တိုးတို့ အဖေ

သူက ကျွန်တော်တို့ထက် တစ်နှစ်၊ နှစ်နှစ်လောက် ကြီးမယ်။ အဲဒီ့မောင်က ချစ်ဖို့ကောင်းတယ်။ သူ့နာမည်ကို ဗိုလ်ပိန်လို့ပဲ ထားလိုက်ပါတော့။ ဗိုလ်ပိန်က သဘောကောင်းတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျွန်တော်တို့ နှစ်ယောက် ဒဏ်ကို အတော်ခံရှာတယ်။

တစ်ခါသားမှာ ကျွန်တော်နဲ့ ပေါက်ဖော်မင်းသားနဲ့ နှစ်ယောက်သား ကျွန်တော့်မော်တော်ဆိုင်ကယ်နဲ့ ဘိုနီ့အိမ်ဘက်သွားကြတယ်။ မူးတာကတော့ နှစ်ယောက်စလုံး မူးနေကြပြီ။ ကျွန်တော်က မောင်း၊ သူက နောက်ကထိုင်ပေါ့။ စကားလေး တပြောပြောနဲ့ လာလိုက်ကြတာ။ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရွှေဂုံတိုင်ကနေ မြောက်ဘက် တက်လာတဲ့အထိ အဖြောင့်။ အချိန်က ည ၈ နာရီ ကောင်းကောင်းကျော်နေပြီ။

ဘိုးဘွားရိပ်သာ အကျော်လေးမှာ သူ့ဆီက အော်သံကြားလိုက်တယ်။

“ဟေ့ကောင်… ရှေ့မှာ…”

သူ့စကားမဆုံးသေးဘူး။ ဘာဖြစ်သွားမှန်း မသိဘူး။ တစ်စုံတစ်ခုကို တိုက်လိုက်တာကို သိတယ်။

သိလိုက်ချိန်မှာ ကျွန်တော်က လမ်းဘေး ချောက်ထဲ ရောက်နေပြီ။ ငုတ်တုတ်ကလေး။ မှောင်မည်းလို့ရယ်။

ပေါက်ဖော်ဆီက အသံကြားရတယ်။

“အောင်သိန်းကျော်…”

“အေး… ငါ ဒီမှာ။ မင်း ဘာဖြစ်သွားသေးလဲ”

“ဘာမှ မဖြစ်ဘူး ထင်တယ်ကွ… မင်းရော…”

“အေး… ငါလည်း ဘာမှ မဖြစ်ဘူး။ အကုန် ကောင်းနေတယ် မှတ်တာပဲ…”

သူက ကျွန်တော့် အောက်တစ်ဆင့်အထိ ကျသွားတာ။ ကျွန်တော်က အလယ်မှာ။ ကျွန်တော့်အထက် တစ်ဆင့်မှာက ဆိုင်ကယ်။

ကျွန်တော်တို့လဲ လူးလဲ ထလိုက်ကြတယ်။ လက်စသတ်တော့ လမ်းဘေးက ချောက်ကို ကာပြီး အမှတ်အသား ပြထားတဲ့ အဖြူအနီကျား အုတ်တိုင်လေး နှစ်ပေသာသာလောက်ကို တိုက်ချလိုက်တာပါ။ ကျွန်တော်က တစ်ဖက်သားကို စကားပြောတဲ့အခါ မျက်နှာကြည့်ပြီး ပြောမှ အားရတတ်တယ်လေ။ အဲတော့လည်း မူးမူးနဲ့ နောက်က ကောင်ကို လည်ပြန်လှည့်ပြီး လေပေါရင်း ဆိုင်ကယ်စီးလေတော့ကာ ဖြစ်ပြီပေါ့။

ပွန်းတာ ပဲ့တာ စပ်ဖျင်းဖျင်းလောက်တော့ ရှိပေမယ့် နာတာ ကျင်တာ မရှိတော့ အရိုးတွေ ဘာတွေ ကျိုးကျက် မသွားတာ သေချာတယ်။ နာတာတော့ နည်းနည်းပါးပါး နာနေတာပေါ့။ သို့သော်လည်း အရက်ရှိန်လေးနဲ့ တစ်ကြောင်း၊ သွေးပူနေတာကတစ်ကြောင်း၊ နှစ်ယောက်စလုံး အေးအေးဆေးဆေး၊ ထော့နဲ့ ထော့နဲ့ပေါ့။ ဆိုင်ကယ်ကိုတော့ ပြန်ဆွဲတင်နိုင်လောက်အောင် အားက မရှိကြသေးဘူး။

အဲဒါနဲ့ နီးရာ အိမ်တစ်အိမ်ကို အကူအညီတောင်းပြီး ဖုန်းဆက်ရတယ်။ အဲဒီ့ခေတ်က ပါလေရာဖုန်းဆိုတာ ကြားတောင် မကြားဖူးသေးတဲ့ခေတ်။ ၁၉၈၀ ပြည့်လွန်စပေါ့။

ဗိုလ်ပိန့်ဆီ သူက လှမ်းဆက်တာပါ။ မကြာဘူး၊ ဗိုလ်ပိန်တို့ ညီအစ်ကိုနှစ်ယောက် ကားတစ်စီးနဲ့ ရောက်ချလာတယ်။

ဆိုင်ကယ်ကို ၀ိုင်းပြီး ဆွဲတင်လိုက်ကြတယ်။ ဆိုင်ကယ်က မောင်းမရတော့ဘူး။ ဒါနဲ့ ကားတစ်စီးငှားပြီး တင်ကြ၊ ဆိုင်ပို့ကြပေါ့။

ကိစ္စ၀ိစ္စလည်း ပြီးရော ဗိုလ်ပိန်က အားပါးတရ ထောမနာပြုပါတော့တယ်။

“မင်းတို့ နှစ်ကောင်… ကံဆိုးလို့ မသေတာကွ… ကံကောင်းရင် သေကို သေရမှာ…”တဲ့။

လွမ်းတယ် ဗိုလ်ပိန်

သူ ပြောမယ့်သာ ပြောတာပါ။ ကျွန်တော့် မော်တော်ဆိုင်ကယ် ပြန်ကောင်းပြီးတဲ့နောက် အတော်လေး ကြာသွားပြီး တစ်နေ့သောအခါမှာ သူ ဘယ်သွားချင်လို့ဆိုလား မသိဘူး၊ ကျွန်တော့်ကို အကူအညီတောင်းတာနဲ့ သူ့ကို ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ပို့ပါတယ်။

သူ့အိမ်က သံလွင်လမ်းမှာမို့ အပြန်မှာ ကျွန်တော်က တက္ကသိုလ်ရိပ်သာလမ်းအတိုင်း အရှေ့ဘက်ကနေ အနောက်ဘက်ကို မောင်းလာပြီး သံလွင်လမ်းထဲ ကွေ့အ၀င်မှာ အရှိန်နဲ့မို့ ဘယ်ဘက်ကို စောင်းလိုက်ပါတယ်။ နောက်မှာ ထိုင်လိုက်လာတဲ့ ဗိုလ်ပိန်က ဆိုင်ကယ် ဘယ်ဘက် စောင်းအသွားမှာ ကြောက်အားလန့်အားနဲ့ သူ့ကိုယ်ကို ညာဘက် အတင်း ပြန်မတ်လိုက်ပါရောလား။

အဲဒီ့မှာတင် ဟန်ချက်ပျက်ပြီး လဲပါလေရော။ သည်တစ်ခါကျတော့ ကျွန်တော်က အောက်က၊ ကျွန်တော့်အပေါ်မှာ ဆိုင်ကယ်၊ ဆိုင်ကယ်ပေါ်မှာ ဗိုလ်ပိန်က ခွလျက်သား။

အောင်မယ်မင်းတဲ့မှ မင်း။

သည်တစ်ခါကျတော့ အရက်က တစ်စက်မှ မသောက်ထားဘူး။ နေ့ခင်း ကြောင်တောင်ကြီးရယ်။ အလွန်ဆုံးမှ နာရီပြန် နှစ်ချက်လောက် ရှိဦးမယ်။

အီသွားတာ ကျွန်တော်ပဲ။ ဘယ်လိုက ဘယ်လို ဖြစ်တယ် မသိဘူး။ လဲနေရာက ပြန်အထလိုက်မှာ စကားပြောတော့ အသံတောင် မထွက်လာတော့ဘူး။ လန့်တောင် သွားတယ်။ ကျွန်တော့် အသံလောက် နှမျောစရာ ကောင်းတာ ဘယ်ရှိပါ့မလဲနော်။ :) 

ငါးမိနစ်လောက်နေမှ အသံပြန်ထွက်လာတယ်။ တော်ပါသေးရဲ့။ ကျိုးတာပြုတာတော့ မဖြစ်ပြန်ပါဘူး။ ဆိုင်ကယ်လည်း သည်တစ်ခါကျတော့ သိပ်အထိနာ မသွားဘူး။

ဗိုလ်ပိန်လည်း သည်တစ်ခါတော့ “တို့နှစ်ယောက် ကံဆိုးလို့ မသေတာ”လို့ မပြောတော့ပါဘူး။

အခုတော့ အဲဒီ့ ဗိုလ်ပိန်က အစိုးရ လုပ်ငန်းကြီးတစ်ခုမှာ ညွှန်မှူးလား ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တော့ သူ့ရုံးနား ရောက်လို့ တစ်ခါ ၀င်နှုတ်ဆက်လိုက်သေးတယ်။ ဖော်ဖော်ရွေရွေပါပဲ။

အဲဒီ့နောက်မှာတော့ တစ်မြို့တည်းနေပေမယ့် မတွေ့ဖြစ်ကြတော့ဘူး။ သူလည်း သူ့ဘ၀နဲ့သူ၊ အဘိုးကြီးအိုကြီး ဖြစ်နေရောပေါ့။ ကျွန်တော့်လိုတော့ ဘယ်နုနေပါတော့မလဲနော်။ :) 

ပေါက်ဖော်မင်းသား ဘ၀ ထွေလာ

ဟိုပေါက်ဖော်ဘက် ပြန်သွားရရင်တော့ အဲဒီ့ကောင် ကျွန်တော်နဲ့ အဲသလို တွဲနေရင်းက ရန်ကုန်မှာ နေနေတာ အတော်ကြာသွားပါတယ်။ နောက်ကျတော့ တပ်ကနေ အထုတ်ခံလိုက်ရတယ်ဆိုတာ ကြားလိုက်ရတယ်။

အဲဒီ့အချိန်မှာ သူနဲ့ ကျွန်တော်နဲ့က နည်းနည်း ဝေးနေတဲ့အချိန်။ ကျွန်တော်က ကျွန်တော့်ဇယားနဲ့ ကျွန်တော် ရှုပ်လို့ ကောင်းနေချိန်ပေါ့။

သည်ကောင်က မြုံစေ့မြုံစေ့နဲ့မို့လား မသိဘူး။ အတော်တော့ စွံသဗျ။ သူတွဲလိုက်တဲ့ မိန်းကလေးတွေထဲက နှစ်ယောက် သုံးယောက်လောက်နဲ့တောင် ခင်လိုက်သေးတယ်။ ကျွန်တော်က အဲဒီ့အချိန်က ဂေါ်မစွံ။

အဲလို အစွံကောင်းရာက မောင်မင်းကြီးသား တပ်မှူးတစ်ဦးရဲ့ သမီးဆိုလား၊ တူမဆိုလားနဲ့ ဇာတ်လမ်းတွေ ရှုပ်၊ ပြီးတော့ အတိုင်အတော ခံရ။ တပ်မှာက မိန်းမမှုဆို သည်းမခံဘူးဆိုတော့ သင်းကို အရေးယူလိုက်ပြီး တပ်က ထုတ်လိုက်တယ်လို့ တိုးတိုးသဲ့သဲ့ ကြားလိုက်ရတာပဲ။ သူ့မေးလို့ကတော့ ထုံးစံအတိုင်း မပွင့်တပွင့်ပြုံးပြီး မြုံစေ့ မြုံစေ့ လုပ်နေဦးမှာမို့ မေးမနေတော့ဘူး။

နောက် စင်္ကာပူဆိုလား ထွက်သွားသေးတယ်။ ပြန်လာတော့ ကျွန်တော့်တောင် အင်္ကျီတစ်ထည် လက်ဆောင်ပေးသေးရဲ့။ အဲဒါလည်း ဆယ်နှစ်တန်း ရောက်ပြီ ထင်ပါတယ်။ အဲဒီ့နောက်တော့ သူနဲ့ မဆုံဖြစ်တော့ဘူး။

တစ်ရက်မှာတော့ ကျွန်တော့်အိမ်သူက ပြန်ပြောပြတယ်။ ပေါက်ဖော်မင်းသားကို ရွှေတိဂုံဘုရားမှာ တွေ့ခဲ့တဲ့ အကြောင်း။ အမယ်… ကိုယ်တော်က ဘုရားနဲ့ တရားနဲ့ ဖြစ်နေပုံပဲဆိုပြီး သာဓုတောင် ခေါ်မိသေး။ အရက်သောက်ဖက် တစ်ယောက်လျော့ပြန်ပြီဆိုပြီး နည်းနည်းလည်း ကြေကွဲသွားရသေး… ဟေး… ဟေး…

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ထင်တယ်။ ရန်ကုန်လေဆိပ်မှာ ဆုံပြန်တယ်။ သူက သိုသိုသိပ်သိပ် ကွယ်ကွယ်ဝှက်ဝှက်ဆိုတော့လည်း ဘာလုပ်နေတယ်၊ ဘာကိုင်နေတယ်ဆိုတာ မေးမနေတော့ပါဘူး။ နှုတ်ဆက် နောက်ပြောင်၊ အဲဒါလောက်နဲ့ပဲ ပြီးသွားခဲ့တာပေါ့။

အင်း… ဆယ်တန်းပထမနှစ်တုန်းက သူငယ်ချင်းတစ်ယောက်အကြောင်း သည်မှာ တစ်ခန်းရပ်ပါမယ်။

သည်အပိုင်းမှာ ပြောကြတာ

Aung Myint Than ဆရာတို့ဆယ်တန်း ပထမနှစ်မှာ ဝတ်ကြတာ ဝက်ဝံပုဆိုးဖြစ်မယ်။ ဘက်ထရီလုပ်တဲ့သူတွေ အများဆုံး ဝတ်ကြတယ်။ အက်ဆစ်နဲ့ ထိလည်း တော်ရုံနဲ့ မပေါက်ဘူး။ ထူတာရယ် ပူတာရယ် လေးတာရယ် …. မီးပူတိုက်စရာမလိုဘူး။ မီးပူအရမ်းပူရင် ကပ်ပြီး ပေါက်တတ်တယ်။ အဲဒါမျိုးလား …

ATK ဟုတ်မယ် ထင်တယ်ခင်ဗျ။ Tetrex လို အထူစားကြီး။

Aung Myint Than's photo.Aung Myint Than သည်လို အဆင်မျိုးတွေလား … အဖေ့ဗီရိုထဲက သွားရှာလာတာ … တက်ထရက်ပုဆိုးလို့လည်း ခေါ်ကြတယ်။

ATK ဟုတ်ပါ့ဗျား

Baby Shwe Piguet ရှင့်အစုတ်ထုပ်ကိုဖတ်ပြီး တစ်ဆယ့်ခြောက်နှစ်သမီးအလား ခိုခိုးခွစ်ခွစ်ရယ်မိတယ်၊ ဒီလူဟာလေ အတော်ကိုပုံပြောတတ်တယ်။😀

Win Min Oo Comet ဆက်ပါဦးဆရာ စုပြီးစာအုပ်ထုတ်လို့ရအောင်ဆိုပြီး ဆင်ဆာတွေ မရေးပဲမနေနဲ့နော်.😀

၂၀၁၅ ခုနှစ် မေလ ၂၉ ရက်

ရှမ်းမလေးတွေ အချောရယ် ပေါတယ်

ဆယ်တန်း ပထမနှစ်ကနေ နောက်တစ်နှစ် ထပ်ဆုတ်ရင် ကိုးတန်း ပထမနှစ်၊ အဲလေ… ကိုးတန်းက တစ်နှစ်တည်းနဲ့ အောင်ခဲ့တာပါ။ အဲ… အဲတော့ ကိုးတန်းနှစ်ဆီ နည်းနည်း ပြန်သွားဖို့ လိုလိမ့်မယ်။

အဲဒီ့ ကိုးတန်းနှစ် ကျောင်းအားရက်တစ်ရက်မှာ အဖေက သူ့ကားပေါ် ကျွန်တော့်ကို ခေါ်သွားတယ်။ ကျွန်တော်လည်း လိုက်ပေါ့။ အဲလို သားအဖနှစ်ယောက် ကားဘီးတည့်ရာ လျှောက်မောင်းနေရင်းကနေ ဦးဝိစာရလမ်း၊ ဟံသာဝတီ အ၀ိုင်းဘက်ကနေ မြေနီကုန်းဘက် မောင်းအလာ လမ်းမှာ မိန်းကလေး တစ်သိုက်နဲ့ တွေ့သဗျ။

အဖေက အဲဒီ့မိန်းကလေးတွေကို ဘယ်သွားမလို့လဲလို့ မေးတော့ မိန်းကလေးတွေက မြို့ထဲလို့ ဖြေတယ် မှတ်တယ်။ အဲလိုနဲ့ တိုတိုပြောရင် အဲဒီ့ မိန်းကလေး ငါးယောက်လောက်က ကားပေါ် ရောက်လာတော့တာပါပဲ။

တကယ်တော့ သူတို့က မရမ်းခြံကျောင်း (ကမာရွတ် အထက ၂ ထင်တယ်) မှာ ကျောင်းအိပ်ကျောင်းစား နေနေတဲ့ ကျောင်းသူတွေ။ နယ်က လာကြတဲ့ မိန်းကလေးတွေပေါ့။ အဖေကလည်း ကျွန်တော့်အတိုင်းပဲ :)  မိန်းကလေးတွေနဲ့များဆို ဖြူးလို့။ အဲတော့ခဏချင်းမှာတင် ရင်းနှီးသွားကြတော့တာပေါ့။

သို့သော် ကျွန်တော့်အတိုင်း မဟုတ်တာက အဖေက သမီးအရွယ်လေးတွေကို သမီးလို သဘောထားတယ် မှတ်တယ်။ (အွင်… အဲလို ရေးလိုက်တော့ ကျွန်တော်က သမီးအရွယ်လေးတွေကို သမီးလို သဘောမထားဘူးလို ဖြစ်သွားတယ်နော်။ အဲဒါကျတော့ ဘယ်လို ပြောရမလဲ… ဟိုလေ… ဗမာလို ပြောရင်တော့ပေါ့လေ… ကျွန်တော်က ၁၆ နှစ်မှသည် ၆၀ ကျော်အထိ ကြည့်လို့သာ ကောင်း၊ အမျိုးသမီးကို အမျိုးသမီးလိုပဲ အရင်းအတိုင်း မြင်တတ်တဲ့ သဘာဝလေး ရှိတယ်ပေါ့ ခင်ဗျာ။ ကိုယ့်သမီး၊ ကိုယ့်နှမ၊ ကိုယ့်တူမ၊ ကိုယ့်အစ်မလို မမြင်တတ်ဘဲ အမှန်အတိုင်း မြင်တတ်တာလေးတစ်ခုပါဗျာ။ တစ်မျိုး မထင်ကြပါနဲ့နော်… :D )

အဲ… သမီးလို သဘောထားပြီး အဲဒီ့ မြို့ထဲသွားမယ်ဆိုတဲ့ မမတွေကို အိမ်အထိ ခေါ်လာလိုက်ပါရောလား ခင်ဗျာ။ မိန်းကလေးတွေကလည်း ရှမ်းပြည်နယ်၊ အထူးသဖြင့် ကျိုင်းတုံက လာတဲ့သူတွေက အများစု။ ကျွန်တော်တို့ကလည်း ကယားပြည်နယ်က လာကြတာဖြစ်တဲ့အပြင် အဖေနဲ့ အမေကလည်း သားသမီးချင်း စာနာစိတ်နဲ့ ရှိတာ ချကျွေးကြ၊ စားကြ သောက်ကြနဲ့ အဲဒီ့ အချိန်တိုလေးအတွင်းမှာတင် ရင်းနှီး ကုန်ကြပါရောလား။

သူတို့က ကျွန်တော့်ထက် တစ်တန်းကြီးတဲ့ ဆယ်တန်းကျောင်းသူတွေ။ အဲဒီ့ထဲက အဖွဲ့ခေါင်းဆောင်က တော်တော့်ကို လှတယ်။ ညိုညိုချောချော။ မျက်နှာ၊ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်း အကုန်လှတဲ့ တစ်ယောက်ပေါ့။ (ချစ်သူ့ရင်ခွင် ရှာပုံတော်မှာ သူ့ကို မမနမ်းခမ်းလင်းလို့ ထည့်ရေးခဲ့ပါတယ်။) အဲဒီ့ တစ်ယောက်က လွဲရင် ကျန်တဲ့သူတွေက ကျွန်တော့်မျက်စိထဲမှာ ပါမလုံ၊ ပုံမလာဘူး။

မည်သို့ပင်ဆိုစေကာမူ အဲဒီ့ကစပြီး အဲဒီ့ ကျောင်းသူများအဖွဲ့ဟာ ကျွန်တော်တို့ အိမ်ကို ရွှေလမ်း ငွေလမ်း ပေါက်သွားကြပါတော့တယ်။

မိန်းကလေးတွေနဲ့ ယဉ်ပါးရေးအတွက် အားထုတ်ပေးတဲ့ အဖေ

ကျွန်တော် ဆယ်တန်းရောက်တော့လည်း အဲဒီ့အဖွဲ့က အတော်များများ ဆယ်တန်းမှာပဲ ဒုတိယတစ်နှစ် ပြန်နေကြရပြန်တာမို့ အိမ်ကို ၀င်ဆဲ ထွက်ဆဲပါပဲ။ ရင်းနှီးမှုတွေလည်း ပိုလာသလို တစ်ခါတစ်လေ သူတို့တွေက အိမ်မှာ ညအိပ်ညနေပါ နေချင်လည်း နေကြတယ်။ ၁၂ ပေခွဲ ပေ ၅၀ တိုက်ခန်းလေးဆိုတော့လည်း အိမ်ရှေ့က ပြောတဲ့စကား အိမ်နောက်က အတိုင်းသား ကြားနေရတာမို့ ပွင့်လင်းမြင်သာနေတာပေါ့။ အဲတော့လည်း မဟုတ် တရုတ်တွေ ဘာတွေ ဖြစ်စရာ မရှိဘဲ သူတို့လည်း လုံလုံခြုံခြုံနေနိုင်တာပေါ့။

အဖေက ကျွန်တော့်အကဲကို သိပုံရတယ်။ ကျွန်တော် အဲဒီ့ဟာမတွေကို စိတ်မ၀င်စားတာကို ပြောပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ မမနမ်းခမ်းလင်းကကျတော့လည်း လူကြီး ဆန်တယ်၊ အနေတည်တယ်၊ ကျွန်တော့်ကို မောင်လေးလို့ ခေါ်ပြီး ခပ်တည်တည်နဲ့ ဆုံးမချင် ဆုံးမနေတတ်တာမို့ သူ့ကိုကျတော့ ကျွန်တော်က ကြိုက်ပေမယ့် မစရဲဘူး။ အဲတော့ အဖေက အဲဒါတွေနဲ့ ကျွန်တော် လုံးထွေးနေတာကို ပူပုံမရဘူး။

ကျွန်တော်က အဲဒီ့အချိန်မှာ ကျူရှင်မှာ မြင်လေသမျှ ဖြူနီပြာဝါ၊ ရန်ကုန်သူ ဆေးဆိုးပန်းရိုက်တွေကို သွားမွှန်လို့ ကောင်းနေတာလေ။ သည် တောပန်းတွေက မျက်စိထဲ ဘယ်ဝင်လာပါတော့မလဲနော်။

အဲဒီ့ ဆယ်တန်းပထမနှစ်မှာတော့ သူတို့က လွဲရင် မြင်သမျှ မိန်းကလေး နည်းနည်းလောက် ကြည့်ကောင်းရင်းကို ကြိုက်နေမိတာပါပဲ။

အခုမှ ပြန်စဉ်းစားကြည့်တော့ အဲဒီ့အုပ်စုထဲမှာ ကျွန်တော် ဆွတ်ရင် ညွတ်လာလောက်တဲ့သူ တစ်ယောက်စ နှစ်ယောက်စ ရှိတာကို သတိထားမိတယ်။ ဆယ်တန်းကျောင်းသား၊ လူပျိုပေါက်စမှာတော့ စိတ်က သန့်ရှင်းနေတယ်။ ကိုယ်မကြိုက်လည်း ချော်လဲ ရောထိုင်မလုပ်ဘူး၊ အလကားရ နည်းလားဆိုတဲ့ အောက်တန်းကျကျ စုတ်စုတ်ပဲ့ပဲ့ အတွေးမျိုးလည်း ခေါင်းထဲ ၀င်မလာသေးဘူး။

ဖြူစင်ခဲ့တဲ့ လူပျိုပေါက်

ပြောရင်းနဲ့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာတစ်ခုတောင် ပြန်သတိရသွားတယ်။ အဲတုန်းက အဖေက လူပျိုကြီး တစ်ယောက်နဲ့ အတော်တွဲနေတာ။ အဲဒီ့လူပျိုကြီးက တည်တည်တံ့တံ့၊ နူးနူးညံ့ညံ့ပါ။ အမေကတော့ ပေးစားစရာ မရှိ၊ အဖေနဲ့ အဲဒီ့လူပျိုကြီးကိုပါ ပေးစားပြီး ပြဿနာရှာတာမို့ အဖေတို့ အမေတို့ရဲ့ မစဲနိုင်သော ရန်ပွဲတွေထဲက ခေါင်းစဉ်တစ်ခုပေါ့။

အဲဒီ့ ကိုးတန်းနှစ် သီတင်းကျွတ်ကာလလား ဘာလားတော့ မသိဘူး။ အဲဒီ့လူပျိုကြီးက ပုဂံ ခရီးစဉ်တစ်ခု စီစဉ်တယ်ဗျ။ အဲတုန်းက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးက ၂၄ ယောက်စီး၊ မှန်လုံ ခရီးသည်တင် ကားသစ်လေးတွေ (မာဇဒါပဲ ထင်တယ်)ကို စတင်မိတ်ဆက် ငှားရမ်းပေးတယ်။ အဲဒါကို ငှားပြီး သွားကြဖို့ စီစဉ်တာ။

အဖေက သူ့မိတ်ဆွေလူပျိုကြီးနဲ့ဆိုတော့ စိတ်ချတယ်။ အဲတော့ ကျွန်တော် တစ်ယောက်တည်းကို ထည့်ပေးလိုက်ပါရောလား။

အဲဒီ့ ကားထဲမှာ ပါတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ထက် အသက် ၃-၄ နှစ်ကြီးမယ်။ အသားညိုညို၊ ထောင်ထောင်မောင်းမောင်း၊ ကိုယ်လုံးကိုယ်ထည် ထွားထွားစို့စို့ပေါ့။ ရုပ်ကတော့ ရွက်ကြမ်းရေကျိုပါပဲ။ အဲဒီ့ မမက ခရီးစဉ်တစ်လျှောက်မှာ ကျွန်တော့်ကို သိသိသာသာ ကပ်တယ်၊ အခွင့်အရေးတွေ ပေးတယ်၊ မြှူဆွယ်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော် ကိုးတန်းကျောင်းသားက သစ္စာရှင်၊ မေတ္တာရှင်လေ။ တစ်သက်မှာ တစ်ယောက်၊ တစ်ယောက်မှာ တစ်ချစ်တွေနဲ့ အူတူတူ လုပ်လို့ ကောင်းနေတဲ့အခိုက်ပေါ့။ အဲတော့ သူ ဘယ်လို မြှူမြှူ၊ ဘယ်လို အခွင့်အရေး ပေးပေး၊ ကျွန်တော့်ဘက်က တစ်လက္မမှ မကျူးကျော်ခဲ့ဘူး။ ကျွန်တော် သူ့ကို သွေးသားအရ စိတ်လှုပ်ရှားမိသည့်တိုင် ဘယ်လိုမှ ချစ်လို့ မရတာမို့ ရှောင်နိုင်ခဲ့ပါတယ်။

အဲတုန်းက သန့်စင်ခဲ့ပုံ ပြောပါတယ်။ ငယ်နုတဲ့အရွယ်ဟာ တကယ်သန့်စင်ခဲ့မှန်း အခုကျတော့ ပြန်တွေးမိတယ်။ အခုကျတော့ ကျွန်တော့်မှာ အောက်တန်းကျတဲ့၊ စုတ်ပဲ့တဲ့ စိတ်ဓာတ်အပြည့်နဲ့ ဖြစ်နေတာကိုလည်း ဘွားခနဲ တွေ့မိသွားတယ်။

စကားစပ်လို့ ပြောလိုက်ဦးမယ်။ မိတ်ဆွေ မိန်းကလေးတစ်ယောက်က မနေ့တစ်နေ့က စာအုပ်မျက်နှာစာမှာ ရေးတင်ထားတာလေး တွေ့လိုက်ရတယ်။

ယောက်ျားတွေဟာ မိန်းမတွေကို လိင်မှုရေးရာအသုံးချခံအဖြစ်သာ မြင်နေကြတာကို သူ စက်ဆုပ်တဲ့ အကြောင်း။

သူနဲ့ ခင်နေတဲ့ အမျိုးသားတစ်ယောက်က မှတ်ချက်ရေးသွားတာ တစ်ခုလည်း ဖတ်ရတယ်။ “လှလို့ ကြည့်တာပဲလေ”တဲ့။

အမှန်တော့ ရေးသူ မိန်းကလေးအပါအ၀င် အမျိုးသမီး အတော်များများဟာ ကျားသဘာဝကို နားကို မလည်လို့ အဲလို ရေးတာပါ။

မတူတာ မတူတာပဲဗျ

နည်းနည်း အကျယ်ချဲ့ရမယ်ဆိုရင် လူဖြူတွေ၊ လူမည်းတွေ၊ လူဝါတွေ၊ လူညိုတွေ အမျိုးမျိုး ကွဲပြားနေပါတယ်။ ကွဲပြားသည့်တိုင် အားလုံးဟာ လူတွေပါပဲဆိုတဲ့ အတွေးအမြင်၊ မခွဲခြားရေး၊ အသားအရောင်၊ ကိုးကွယ်မှု၊ ကိုယ်လက်အင်္ဂါချို့ယွင်းမှု၊ လိင်စိတ် ကိုင်းညွတ်မှုစတာတွေကို အခြေခံပြီး မနှိမ်ရေးဆိုတဲ့ အတွေးအမြင်က သတ်သတ်ပါ။

သို့ပေတည့် အဲဒီ့ ကွဲပြားမှုကြောင့် ရှိနေတဲ့ စရိုက်လက္ခဏာက သီးခြားတစ်ခုဖြစ်ပါတယ်။ ဥပမာ ပြောရရင် မွေးကတည်းက မျက်စိအမြင်အာရုံ မရှိသူ၊ မျက်စိကွယ်နေသူဟာ တခြား အကြားအာရုံ၊ အနံ့အာရုံ၊ အထိအတွေ့ အာရုံများမှာ တခြားသူတွေထက် ပိုထက်မြက်နေမှာ မလွဲပါဘူး။ အဲဒါဟာ သူ့ရဲ့ ပင်ကို အားသာချက်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အရောင်တွေ၊ အကွက်တွေကို မသိဖူး၊ မမြင်ဖူးတာပါပဲ။

တစ်နေ့ကပဲ မိတ်ဆွေ စာရေးဆရာကြီး တစ်ယောက်နဲ့ အချေအတင် စကားပြောရင်းက တစ်ချက်ကို ထောက်ပြခဲ့မိသေးတယ်။

သူက တစ်ပြည်လုံးက ကြည်ညို ဦးခိုက်ရတဲ့ ဆရာတော်ကြီးတစ်ပါးကတောင် နိုင်ငံရေးအရ ထင်ပေါ်သူ တစ်ဦးကို မျက်စိမှိတ်ထောက်ခံတဲ့အတွက် အဲဒီ့ ထင်ပေါ်သူဟာ အင်မတန် တော်ကြောင်း ပြောလိုက်တာပါ။

ဟား… ထောက်ခံပေးသူရဲ့ အရည်အချင်းနဲ့ ထောက်ခံပေးခြင်းခံရသူကို တိုင်းတာလိုက်တာမို့ ကျွန်တော် ဘ၀င်မကျ ဖြစ်သွားပါတယ်။

အဲတော့ ပြန်ပြောလိုက်တယ်။ ကိုယ့်ဆရာရဲ့ ဘုန်းကြီးက သာသနာ့နယ်မှာ လူချွန်လူမွန်တစ်ပါး ဖြစ်တာကို ငြင်းစရာ အကြောင်း မရှိပါဘူးလို့။ သို့ပေတည့် အဲဒီ့ ဘုန်းကြီးဟာ ဖိုမကိစ္စကိုတော့ နကန်းတစ်လုံး မသိတဲ့ ငယ်ဖြူသာ ဖြစ်ပါတယ်လို့ ပြောလိုက်တာပါပဲ။

ပြောချင်တာက တစ်နေရာမှာ တအားတော်တိုင်း ဘာသာရပ်အားလုံးကို တတ်ပွန်နှံ့စပ်လှပြီလို့ မအောက်မေ့စကောင်းတာကို ထောက်ပြလိုရင်းဖြစ်ပါတယ်။ ကျွန်တော့်ဥပမာက တော်တော်ကြမ်းပါတယ်။ သို့ပေမယ့် သည်အချက် မှားပါတယ်လို့လည်း ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

ပြောလက်စ ပြန်ကောက်ရင် လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ သည်အတွက် လူလူချင်း မခွဲခြားသင့်ဘူး၊ မနှိမ်သင့်ဘူးဆိုတဲ့ မူက သတ်သတ်ခတ်ခတ်ရှိပါတယ်။ ဒါပေမယ့် အဲဒီ့ မတူတာတွေကြားမှာ သီးခြား စရိုက်လက္ခဏာတွေက သတ်သတ်စီ ရှိနေတာတွေလည်း အများကြီးပါပဲ။

ပုံသေကားကျ မဟုတ်ပေမယ့် ဘုံထုတ်လို့ ရတဲ့ စရိုက်အထွေထွေ

သည်အထဲမှာမှ ပုံသေကားကျလို သတ်မှတ်လို့ ရတဲ့ အချက်တွေ ရှိပါသေးတယ်။ “တရုတ်လို ရှာ၊ ကုလားလို စု၊ ဗမာလို မဖြုန်းနဲ့”ဆိုတဲ့ ဆိုရိုးဟာ ပုံသေကားကျ သတ်မှတ်ထားတာပါ။ တရုတ်လည်း လူ၊ ကုလားလည်း လူ၊ ဗမာလည်း လူ၊ လူချင်းတူပေမယ့် လူမျိုးစရိုက်ကတော့ သီးခြားစီကို ရှိနေတာပါ။ ကနေ့ ကမ္ဘာအရပ်ရပ်၊ မူစလင် နိုင်ငံများပါ မကျန်မှာ တရုတ်တွေ ရှိနေသလို အဲဒီ့တရုတ်တွေကပဲ သူတို့ကျင်လည်ရာ အရပ်ဒေသရဲ့ စီးပွားရေးမှာ ဦးဆောင်သူတွေ ဖြစ်နေကြတာ အထင်အရှားပါ။ အဲဒါဟာ တရုတ်တို့ရဲ့ အရှာအဖွေ တော်လှတဲ့ စရိုက်ကို ထင်ဟပ်နေပါတယ်။ တရုတ်ဘိန်းစားတွေ၊ တရုတ်ငတုံးတွေလည်း ရှိပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပြီး အများစုကတော့ ထူးချွန်ထက်မြက်သူတွေ၊ စီးပွားရေး လာဘ်မြင်သူတွေ၊ လက်ရဲဇက်ရဲ ရှာတတ်ဖွေတတ်သူတွေပါပဲ။ ဒါဟာ လူမျိုးစရိုက်ပါ။

ကုလားတွေက အစုအဆောင်း သန်ကြပါတယ်။ အခုခေတ် ဗမာပြည်မှာ ကုလား လူဦးရေ နည်းသွားပြီမို့ တချို့က သတိထားချင်မှ ထားမိပါလိမ့်မယ်။

ကျွန်တော် ရှစ်တန်းမှသည် တက္ကသိုလ်ရောက်ချိန်အထိ စက်ကျတတ်တဲ့ တစ်နေရာ ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ လမ်း ၄၀ အိမ်အောက်ထပ်က တလုပ်တွေ ဖွင့်ထားတဲ့ အမျိုးသားဝတ် စက်ချုပ်ဆိုင် ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဖရေဇာ (အနော်ရထာ)လမ်းနဲ့ ၃၄ လမ်းထောင့်၊ ဖရေဇာလမ်းပေါ်မှာ ရှိပါတယ်။ အခု အဲဒီ့နေရာက Casio အရောင်းဆိုင် ဖြစ်နေတယ် မှတ်တယ်။ အရှေ့မြောက်ဘက် ထောင့်မှာ စပယ်ဦး တေးသံသွင်း ရှိခဲ့ဖူးတယ်။ အနောက်မြောက်ဘက်ထောင့်မှာက အဲဒီ့စက်ချုပ်ဆိုင်ပါ။

အဲဒီ့စက်ချုပ်ဆိုင်အ၀င်မှာ မှန်သေတ္တာလေးနဲ့ ရှေးဟောင်းပစ္စည်းအတိုအစတွေ ရောင်းဝယ်တဲ့ တမီ(လ်) ကုလားကြီးတစ်ယောက်ရှိတယ်။ အဲဒီ့ဆိုင်ကို ၀င်ထွက်နေတော့ အဲဒီ့ကုလားကြီးနဲ့လည်း ခင်နေတာပေါ့။ ကျွန်တော့်ရဲ့ ပင်ကိုစရိုက်ကိုက တွေ့တဲ့လူနဲ့ ရယ်မောသောရွှင် ပေါင်းသင်းတတ်တဲ့အခါ အဲဒီ့ ကုလားကြီးနဲ့ဆို ပြောမနာ ဆိုမနာ ခင်နေပါတော့တယ်။

အဲဒီ့ ကုလားကြီးရဲ့ နေ့စဉ် ထမင်းချိုင့်ကိုလည်း ကျွန်တော် မြင်နေရတယ်။ ထမင်းချိုင့်က လေးဆင့်ချိုင့်ကြီး ခင်ဗျ။ သုံးဆင့်မှာ ထမင်းအပြည့်ပါတယ်။ ကျန်တစ်ဆင့်မှာက ပဲဟင်းအပြည့်။ အဲဒါပဲ နေ့စဉ်။ ငရုတ်သီး အတောင့်ကြော်နဲ့ ဆားနဲ့က ပုလင်းနဲ့ သတ်သတ်ပါတယ်။ အဲဒါ သူတို့ နေ့စဉ် မညည်းမညူစားတဲ့ ထမင်းပါပဲ။ ကုလားကြီးရဲ့ သား၊ ကျွန်တော်နဲ့ မတိမ်းမယိမ်းဟာလည်း ဆိုင်မှာ မထိုင်ပေမယ့် ထမင်းစားချိန်ကျရင် သူ့အဖေဆီ ရောက်လာပြီး သားအဖနှစ်ယောက် ထမင်းကို ပဲဟင်း ရွှဲရွှဲဆမ်း၊ ငရုတ်သီးအတောင့်ကြော်နဲ့ ဆားနဲ့ လွေးကြတော့တာပါပဲ။

အဲဒါ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်၊ နေ့တိုင်းပါ။

ကုလားကြီးရဲ့ အရောင်းအ၀ယ်လည်း ကျွန်တော်တို့ မြင်နေရတာပါပဲ။ ကျိတ်ကျိတ်တိုး မဟုတ်ပေမယ့် သူ ခွင်တစ်ခါ မိလိုက်ရင် အမြတ်အစွန်း ဘယ်လောက်များတယ်ဆိုတာ ကျွန်တော်တို့ မှန်းလို့ ရနေပါတယ်။ သို့ပေမယ့် ကုလားကြီးဟာ ပပလွှားလွှား မနေဘဲ၊ မစားဘဲ ခြစ်ခြစ်ကုပ်ကုပ်ရှိလှတာကို သတိထားမိခဲ့ပါတယ်။

ဒါဟာ လူမျိုးအလိုက် စရိုက်အထွေထွေပါ။ မှားတာတွေ၊ မှန်တာတွေ၊ ကောင်းတာတွေ၊ ဆိုးတာတွေ မရှိပါဘူး။ ထူးခြားတဲ့ စရိုက်များကို ပြောလိုရင်းဖြစ်ပါတယ်။ လှေနံဓားထစ်၊ ပုံသေကားကျ တစ်သမတ်တည်း သတ်မှတ်လို့ မရသည့်တိုင် အများစုမှာ အဲဒီ့လို စရိုက်မျိုးတွေ ရှိနေတာကြောင့် လူမျိုးအလိုက် ဖြစ်နိုင်ချေများတဲ့ စရိုက်လို့ ပြောမယ်ဆိုလည်း ပြောလို့ ရပါလိမ့်မယ်။

တရုတ်ကုလားတွေသာ မဟုတ်ပါဘူး၊ ဥရောပသားတွေမှာလည်း စရိုက်တွေ ရှိကြတယ်လို့ ဥရောပသားတွေက လက်ခံထားကြပါတယ်။ အိုင်းရစ်(ရှ်) လူမျိုးတွေ ကပ်စေးနည်းတယ်၊ ရဟူဒီတွေ ထက်မြက်တယ်၊ အင်္ဂလိပ်တွေ လက်ပေါက်ကတ်တယ် စသဖြင့်ပေါ့ဗျာ။

ဒါက လူမျိုး/အသားအရောင် အလိုက်နော်။ ကျွန်တော်တို့ အာရှမှာတောင်မှ ထိုင်းတွေက ထုံတယ်၊ ပျင်းတယ်၊ ဖျင်းတယ်။ ဗမာတွေက ထက်တယ်၊ ရန်လိုတယ်။ လာအိုတွေက ထိုင်းတွေထက်တောင် ထုံသေး၊ ဖျင်းသေးတယ် စသဖြင့် ယေဘုယျပြောလို့ ရပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်မှာ စိုးလို့ ပြည်တွင်းက တိုင်းရင်းသားတွေကိုပါ ထည့်ပြောချင်ပေမယ့် မပြောတော့ပါဘူးနော်။ ကျွန်တော့် ဗိုက်ထဲမှာပဲ တိတ်တိတ်ကလေး သိမ်းထားလိုက်ပါတော့မယ်။ :) 

စိတ်ထဲ ဖြစ်ဖြစ်သွားတာ ခင်ဗျားတို့ ၀င်ကြည့်နိုင်လို့လား

အဲသလိုပဲ ကျား-မ တန်းတူ အခွင့်အရေးဆိုတာ မူအရ သတ်သတ်ခတ်ခတ် ရှိနေတာပါ။ သို့သော် ကျားနဲ့ မနဲ့ ဘယ်လိုမှ မတူတာလည်း ရှောင်လို့ မရတဲ့ အချက်ပါ။ ယောက်ျားတွေ ကိုယ်ဝန်မဆောင်နိုင်၊ မီးမဖွားနိုင်၊ ရင်သွေးကို နို့ချို မတိုက်ကျွေးနိုင်တာကိုက ရှင်းနေတဲ့အချက်ပါ။ အခုခေတ်မှာ သိပ္ပံနည်းနဲ့ ဇွတ်အတင်း ပြောင်းယူလို့ ရတာများ ရှိလာသည့်တိုင် မပြောင်းနိုင်သေးတာတွေလည်း အများအပြား ကျန်ပါသေးတယ်။

အဲတော့ကာ ယောက်ျားတို့ရဲ့ သဘာဝကိုက လိင်စိတ်အရာမှာ မိန်းမတွေ ဘယ်လိုမှ နားလည်မပေးနိုင်၊ မသိတတ်နိုင်တဲ့ ပွေလီမှုတွေ၊ ပြင်းထန်မှုတွေ ရှိနေပါတယ်။ လူမျိုးစရိုက်ကို ပြောခဲ့တုန်းကလို ယောက်ျား အားလုံး သိမ်းကြုံးပြီး လှေနံ ဓားထစ်လို့ မရစကောင်းပေမယ့် ယောက်ျားအများစုရဲ့ လိင်စိတ်ကတော့ သိပ်မကွာပါဘူး။ ၀န်ခံသူနဲ့ ၀န်မခံသူသာ ကွာလိမ့်မယ် ထင်ပါတယ်။

မိန်းမတစ်ယောက်ရဲ့ ရင်သား၊ တင်ပါး၊ ခြေသလုံး၊ ချိုင်းသား စတာတွေကို မြင်ပြီး ယောက်ျားတစ်ယောက်မှာ လိင်စိတ်နိုးကြားသွားတာကို ယောက်ျားချင်းမှသာ နားလည် စာနာနိုင်ပါတယ်။ မိန်းမတွေအနေနဲ့က ဘယ်လိုမှ နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။

မိန်းမတွေက ဟောဟို့လူ ရင်အုပ်ကားကား ကြွက်သားအဖုဖု ထုထုပြီး ခရာချင်စရာငယ်လို့သာ ဆိုကောင်း ဆိုမယ်၊ အဲဒါ လိင်စိတ်ကြောင့် ဖြစ်သူက အင်မတန်မှ နည်းပါလိမ့်မယ်။ မရှိဘူးလို့ မဆိုလိုပါ။ အသားချင်းထိရုံနဲ့၊ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ရဲ့ နှုတ်ခမ်းလောက်ကို မြင်ရုံနဲ့ လိင်စိတ်နိုးကြားသူ မိန်းမသားတွေလည်း တွေ့ဖူး၊ ကြားဖူးပါတယ်။ ဒါပေမယ့် အဲဒါက မဆိုစလောက် အနည်းစုပါ။ အများစုက ယောက်ျားလေးတွေ ချောတာ၊ အသားညိုတာ၊ အရပ်အမောင်း ကောင်းတာကို မျက်စိပသာဒသဘောအရ မက်မော နှစ်သက်ကြမှာပေမယ့် စိတ်ထဲကနေတော့ အတူခဏ အိပ်မကြည့်မိကြပါဘူး။ ဟုတ်ကဲ့လား မသိဘူး။

ယောက်ျားကတော့ မရဘူးခင်ဗျ။ ရင်သားတွေ၊ တင်ပါးတွေလို မြင်သာတာတွေကြောင့် လိင်စိတ်က နိုးသွားတာများ တစ်ခါတည်း မဟုတ်တမ်းတရား ပြစ်မှားဖူးတဲ့အထိ ဖြစ်ကုန်တတ်ပြန်ပါတယ်။ အထပ်ထပ် ပြောခဲ့တဲ့အတိုင်း ယောက်ျားတိုင်း အဲလို ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပေမယ့်၊ ၀န်ခံသူနဲ့ ၀န်မခံသူ ကွာကောင်းမှ ကွာမှာ ဖြစ်ပေမယ့် အများစုကတော့ အဲဒီ့အတိုင်းပါဗျား။

ချဉ်သီးကို မြင်တဲ့အခါ သွားရည်တွေ ကျလာသလို သူ့အလိုလို ဖြစ်လာတဲ့ စိတ်ကို ကျင့်ဝတ်များအရသာ ထိန်းနေကြပေမယ့် ဖြစ်သွားတဲ့ စိတ်ကတော့ တားဆီး ထိန်းကွပ်လို့ မရပါဘူး။ အဲတော့ကာ ယောက်ျားတွေ အတွက် မိန်းမတွေဟာ လိင်မှုရေးရာ အသုံးခံပစ္စည်းလို မြင်နေတဲ့ အမြင်ကလည်း ကမ္ဘာကြီး ပျက်တဲ့အထိ ရှိနေမှာပါ။ အသိ၊ သတိ၊ ဉာဏ်စတာတွေနဲ့ ထိန်းကွပ်ထားကြလို့သာ တချို့တွေက ဣနြေ္ဒအတိနဲ့ သမာဓိ ထိန်းနေကြမှာ ဖြစ်ပေမယ့် သူတို့ စိတ်တွေထဲတော့ ဘယ်သူမှ ၀င်ကြည့်လို့ မရတတ်နိုင်တာမျိုးမို့ မဖောက်ပြန်ဘူးလို့တော့ မပြောနိုင်ပါဘူး။

ဘုရားဟော ဇာတ်တော်ထဲက မုဒုလက္ခဏရှင်ရသေ့တောင် ဈာန်လျှောခဲ့ဖူးတာကို သတိရမယ်ဆိုရင် ယောက်ျားတို့ရဲ့ အဲဒီ့ စိတ်ဟာ တမင်ဖန်တီးယူတာ မဟုတ်ဘဲ သွေးထဲ သားထဲမှာ အလိုလိုရှိနေတဲ့ သဘာဝ တစ်ရပ်အဖြစ် နားလည် လာပါလိမ့်မယ်။ အဲလို နားလည်လာတဲ့အခါ ခွဲခြားဆက်ဆံမှု၊ နှိမ်ချမှုတွေ မရှိသင့်ဘူးလို့ ခံယူပြီး တန်းတူ နေရာပေးရဲတာ၊ ပေးတတ်တာ၊ ပေးနိုင်တာက သတ်သတ်၊ ယောက်ျားတို့ရဲ့ လိင်စိတ်က သတ်သတ်လို့ မြင်နိုင်သွားကြမယ် ထင်ပါတယ်။

အမလေး… မောတာဗျာ။

ကျွန်တော် တစ်စက်ကလေးမှ မကောင်းခဲ့ပါဘူးဗျာ

အမောဖြေပြီး ကျွန်တော့် အစုတ်ထုပ်ဘက် ပြန်ဆက်ရရင်တော့ အဲတုန်းက သန့်စင်ခဲ့ပေမယ့် အသက် ၃၀ ကျော်၊ အိမ်ထောင်ကျပြီးချိန်မှာ အဲလို အခွင့်အရေးမျိုးတွေ ရလာတဲ့အခါ ကျွန်တော်တစ်ကောင် တွေ့မရှောင်တွေ ဖြစ်ခဲ့တာကို ပြန်တွေ့လာရပါတယ်။

ကျွန်တော်ကတော့ ခြွင်းချက် အနည်းစု ယောက်ျားသားထဲမှာ ပါလိမ့်မယ် ထင်တယ်။ အဲဒီ့စိတ်က သူတကာထက် ပိုများ ပြင်းထန် သန်မာနေသလားတော့ မပြောတတ်ပါဘူး။

ကံကောင်းသွားတာတစ်ခုက… အထူးသဖြင့် ကျွန်တော်နဲ့ တွဲခဲ့ဖူးတဲ့ အမျိုးကောင်းသမီးတွေ ကံကောင်း သွားတာတစ်ခုက ကျွန်တော်ဟာ ကျွန်တော်နဲ့ တွဲသူတွေကို ဆိတ်ကွယ်ရာများဆီ ကြိမ်ဖန်များစွာ ခေါ်သွားဖူး၊ အတွင်းကျကျ ပတ်သက်ခဲ့ဖူးလင့်ကစား သူတို့ရဲ့ အပျိုရည်ကိုတော့ တစိုက်မတ်မတ် ထိန်းသိမ်းခဲ့တာပါပဲ။ အလွယ်တကူ မကျူးကျော်ခဲ့ပါဘူး။

အဲဒါကြောင့်လည်း ကျွန်တော့်ဘက်က သူတို့ကို စဖြတ်ရတဲ့အခါမျိုးတွေမှာ ကျွန်တော့် လိပ်ပြာက သန့်နေခဲ့ပါတယ်။

အဲဒါတစ်ခုကတော့ အတော်လေး ကောင်းသွားတယ်လို့ ဆိုရမယ်။ အဲဒါက အိမ်ထောင်မကျခင်က အဖြစ်တွေပေါ့။

အိမ်ထောင်ကျပြီး အဖြစ်တွေမှာကျတော့ ပြောခဲ့တဲ့အတိုင်း တွေ့မရှောင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ မလိမ်ခဲ့ဘူး။ အိမ်ထောင်ရှိလျက်နဲ့ လူပျိုယောင် မဆောင်ခဲ့ဘူးလို့ ဆိုလိုရင်း ဖြစ်ပါတယ်။ နောက်တစ်ခုက အတည်တကျ ပေါင်းသင်းပါ့မယ်၊ လက်ထပ်ပါမယ်လို့လည်း တစ်ခါဆို တစ်ခါဖူးမျှ ကတိက၀တ် ပေးပြီး ကျူးကျော်ခဲ့တာတွေ မဟုတ်ပါဘူး။ တချို့ကိုဆို ကြိုတောင် သတိပေးပါသေးတယ်။ သိပ်မကပ်နဲ့နော်၊ ကပ်လာလို့ ကျုပ်ဘက်က စိတ်မထိန်းနိုင်ရင် ကျုပ်အပြစ် မဟုတ်ဘူးလို့ ကြိုကန်ပစ်လိုက်တာပါ။ အဲဒီ့ကြားထဲကမှ သူတို့က ဇွတ်အတင်းကပ်လာတော့လည်း… အဲ… ကျွန်တော်က အားနာတတ်တယ်လေဗျာ🙂

အစုတ်ထုတ် သည်တစ်ပိုင်းကတော့ တွေးစရာတွေပဲ ပါသွားသလား၊ ဆဲစရာတွေပဲ များနေသလားတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ဘူး။ မည်သို့ပင်ဆိုစေ၊ ဆယ်တန်း ပထမနှစ်ကို ပြန်သွားရာက မေ့နေတဲ့ အကွက်ကလေးတချို့ အစို့ ပြန်ပေါက်လာသလို အဲဒီ့ထဲကမှာ ဖိုသဘာဝတစ်စိတ်တစ်ဒေသကိုတော့ ဆွေးနွေးတင်ပြနိုင်သွားခဲ့တယ်လို့ ယူဆမိပါတယ်။

သည်အပိုင်းမှာ ပြောကြတာ…

‘Song Thiri’ ဟိုအရင်ကလို အချိန်တိုင်း ဒီမျက်နှာစာအုပ်ကြီးပေါ် မရောက်ဖြစ်တာနဲ့ ဆြာ့ အစုပ်ထုတ်နဲ့တော့ နည်းနည်း အဆက်ပြတ်နေတယ်။ (ဝန်ခံပါတယ်) ဇာတ်လမ်းဆုံးသွားရင်တော့ အစအဆုံး ပြန်ရှာ ဖတ်ရမယ့်ကိန်း မြင်တယ်။ ဘယ်နပိုင်းလောက် လွတ်သွားလဲ မသိ။ အဆက်တွေလဲ မမှတ်မိတော့ပါ။😀

စကားမစပ်…. ဆြာက ကိုယ်ရေသိပ်သွေးတာနော်… (မွှန်ကြောင်း သိပ်ကြွားတာကို ပြောတာပါ) :P သာမီးကတော့ ယောကျာ်းတွေက အကုန်အတူတူပဲလို့ မြင်ပါတယ်။ :P (အပုန်းတို့ အပွင့်တို့တော့ ပါဝူးပေါ့ :P )

May Thandar Win😀 ဘယ်သူ့ကိုပြောသလဲ သိတယ်နော့ ဆရာ။ အပြင်ကျမှ ကော်ဖီသောက်ရင်း ငြင်းရမယ်။

ATK အွင်… ဂလောက် ဖုံးဖုံးဖိဖိ ရေးထားတာ ဘိုက ဘလို တိတွားရဗျန်ဒါဒုံး… ရှက်လိုက်ထှာအေ :P

May Thandar Win ဖုံးဖုံးဖိဖိအရေးအသား လိုသေးလို့ ဖြစ်မယ် :P

Win Min Oo Comet ဆရာနဲ့ကျွန်တော့ညီနဲ့တူတာတွေရှိတယ်ဗျ

ATK ဟုတ်ကဲ့ပါ အစ်ကို :)

Win Min Oo Comet မဟုတ်ပါဘူးဗျာ ကျွန်တော့ညီက ရောက်လေရာအရပ်မှာ တွေ့တဲ့ ကောင်မလေးတွေနဲ့ အဆင်ပြေပြီး သိပ်မကြာဘူး ကြိုက်ကုန်ကြတာကြီးပဲ.. 

ခုအိမ်ထောင်ကျပြီးတော့တောင် အတော်ပြောနေရတယ်.

ATK အဲလို ပြောလို့ ဆုံးမလို့ ရတာမျိုး မဟုတ်ဘူးဗျ။

အကောင်းဆုံး အကြံပေးမယ်။ အစ်ကိုက သူ့နှစ်ဆ အစွမ်းပြလိုက်။ ကလေးအဖေ အစ်ကို လုပ်ပြတာကို ကြည့်ပြီး သူ သင်ခန်းစာယူမယ်။ ပြီးရင် သူ့အလိုလို ပြင်သွားမှာ သေချာတယ်ဗျ။

မယုံဘူးလား။ လက်တွေ့စမ်းကြည့်လိုက်ပါ မောင်မင်း🙂😀😛

Win Min Oo Comet ဖျားဖျား

Wei Phyo Maung ဆရာအိမ်ထောင်ကျပြီးမှတွေ့မရှောင်ဖြစ်ခဲ့တာပတ်ဝန်းကျင်ကြောင့်လားဗီဇကြောင့်လား

ATK ကျွန်တော့် အဖြေ မရေးခင် မေးခွန်း တစ်ခု အရင်ပြန်မေးပါရစေ။ ဘာကြောင့်လို့ ထင်ပါသလဲလို့။

စိတ်ပညာမှာတော့ ဗီဇနဲ့ ပတ်ဝန်းကျင် Nature နဲ့ Nurture က တုတ်ထမ်း ငြင်းနေကြဆဲပါခင်ဗျား။

တခြားဟာတွေကို သိပ်မပြောချင်ပေမယ့် လိင်စိတ် (sexuality) ကတော့ ဗီဇကြောင့်ပဲလို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။ အထူးသဖြင့် လိင်တူချင်းတပ်မက်မှု (homosexuality) ကို သေချာ အနီးကပ် လေ့လာကြည့်တဲ့အခါမှာ အဲဒါကို သွားတွေ့ရပါတယ်။

သူက preference (သန်ရာ) လေ။ ဘာနဲ့ တူသလဲဆိုတော့ ဘယ်သန်နဲ့ ညာသန်လိုပေါ့။ ဇွတ်အတင်း ကျင့်ယူရင် ဘယ်သန်သမားဟာ ညာလက်ကို သုံးတတ်လာမှာပေမယ့် အရေးကျ ဘယ်လက်ပဲ ဖတ်ခနဲ ထွက်လာမှာပါ။ ကျင့်ယူတာက ပတ်ဝန်းကျင်၊ အရေးကျ ငေါငေါကြီး ပေါ်လာတာက ဗီဇပေါ့ခင်ဗျာ။

အဲဒါ ကျွန်တော့်အဖြေပါ။

Wei Phyo Maung ကျေးဇူးပါဆရာ။

ATK အွင်… ဘာ့ကြောင့် ထင်သလဲဆိုတဲ့ အမေးကျတော့ ပြန်လည်း ဖြေမတွားဝူး😦

Wei Phyo Maung ကျွန်တော်တကယ်မသိလို့ပါဆရာ။

ATK ဆောရီးပါဗျာ။ ကျွန်တော် ဆေးထိုးတာ မအောင်မြင်ဘူးပေါ့နော် grin emoticon

Wei Phyo Maung ဗီဇကြောင့်ဆို တို့ဆရာက အဘိုးနဲ့တူလို့ဖြစ်လိမ့်မယ်😛

Nann Kham Nway စကားစပ်လို့ ဘယ်သန်နဲ့ ညာသန်အကြောင်းကို ကျေးဇူးပြု၍ နည်းနည်းလောက် ရှင်းပြပေးပါလားဆရာ။ သမီးက ကလေးတစ်ယောက်ကို ညာသန်ဖြစ်အောင် သင်ပေး ကျင့်ပေးရမယ်လို့ ထင်ထားပါတယ်ဆရာ။ သည်နေ့ စကားတစ်ခွန်းကြားမိတာက လူကြီးက ကလေးကို မသင်စေဘဲနဲ့ ကလေးက သူ့ဘာသာသူ သန်ရာကို ယူပလေ့စေတဲ့။ အဲ့ဒါ ဆရာကရော ဘယ်လို သဘောရသလဲဆိုတာ နည်းနည်းလောက် ပြောပြပေးပါလားဆရာ။

ATK ဆောရီးပါ Daw Nann Kham Nway, မေးခွန်းနဲ့ မန့်ကို အခုမှ တွေ့ပါတယ်။

ညာသန်ဖြစ်အောင် သင်ပေး လေ့ကျင့်ပေးရမယ်လို့ (၁) ဘယ်သူက ညွှန်ကြား ထားပါသလဲ (၂) ဘာအတွက် အဲလို သင်ပေး လေ့ကျင့်ပေးမှာပါလဲ (၃) ကလေးက ဘယ်မသုံးတော့ဘဲ ညာသုံးလိုက်တဲ့အတွက် ဘာတွေ တိုးတက် ကောင်းမွန်လာမှာပါလဲ/ဘာတွေ ဆုတ်ယုတ်သွားနိုင်ပါသလဲ။

အဲဒီ့ မေးခွန်းတွေကို အရင်ဆုံး ဖြေကြည့်စေချင်ပါတယ်။

အများနဲ့ လိုက်လျောညီထွေ ဖြစ်မှ၊ အများ လုပ်နေတဲ့ အတိုင်း လုပ်နေမှ လူဖြစ်တာ မဟုတ်ဘူးဆိုတာလောက်ကလေးကို ဆင်ခြင်ကြည့်ပေးနိုင်မယ်ဆိုရင်…

Nann Kham Nway ဟုတ်ကဲ့ဆရာ.. သမီးလည်း ဆရာပြောသလိုပဲ ထပ်တူတွေးမိပါတယ်။ သမီး စာအရေးမှားသွားတယ်ထင်တယ် ဆရာ။ သမီးမေးချင်တာနဲ့ ရေးထားတာနဲ့ နည်းနည်းလွဲနေတယ်။ သမီးလည်း အရေးသိပ်မတတ်တော့ ပြောချင်တဲ့ အကြောင်းအရာ မရနိုင်ဘူးဖြစ်နေတယ် ဆရာ။ နောက်များ ဆရာကို လာတွေ့တဲ့ အခါကျမှပဲ တွေးမိတဲ့ အတွေးလေးတွေကို ပြန်မေးပါတော့မယ်ဆရာ။🙂

Nann Kham Nway တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်း သမီးလည်း လူနည်းစု လူများစုဆိုပြီး ဖြစ်နိုင်တဲ့ လူမျိုး စရိုက်တွေ အကြောင်း တွေးမိနေတာ။ အခု ဆရာ ပြောပြလိုက်တော့ ပိုရှင်းသွားတယ်။ ဗဟုသုတလည်းအများကြီးရတာမို့ သည်တစ်ခါ အစုတ်ထုပ်ကိုတော့ ပိုကြိုက်တယ် ဆရာ။🙂

ဟုတ်တယ်ဆရာ.. ကုလားတွေက ပဲဟင်းနဲ့ ငရုတ်သီးကို နေ့တိုင်းစားတာ(လူများစုပါ)။ ပဲဟင်းတစ်မျိုးတည်းကို ကောင်းကောင်းချက်ပြီးစားတာ။ ဘာကြောင့်လဲတော့ မသိဘူး၊ သူတို့ချက်တဲ့ လက်ရာကိုလည်း ဘယ်လက်ရာကမှ မမီဘူးလို့ ထင်ရတယ်။ သိပ်စားကောင်းတာ။

တရုတ်နဲ့ ကုလား စားတယ်ဆိုတဲ့ နေရာကတော့ စကားတောင်ပြောကြသေးတာ။ ဘာတဲ့.. ကုလားတွေက ဆိတ်တစ်ကောင်သတ်ရင် တစ်မျိုးလုံး တစ်ဆွေလုံး ဝိုင်းလို့ ဝေမျှစားကြပြီး တရုတ်တွေ ဝက်တစ်ကောင်ပေါ်ရင်တော့ အိမ်နှစ်အိမ်ပဲ မျှစားလိုက်တာတဲ့။😀

Shwe Gyi ဒါဆို စိတ်မှတ်မဲ့တုန့် ပြန်မှူ့ တွေက ဗီဇကြောင့်ပေါ့နော်၊၊ သတိနဲ့ ပြန်ထိန်းတာက ပတ်ဝန်းကျင်ကြောင့်ပေါ့၊၊

ATK အဲလိုတော့ အပြတ်ပြောလို့ မရပြန်ဘူး Ka Shwe. အတုမြင် အတတ်သင်ထားတဲ့ စိတ်မှတ်မဲ့ တုံ့ပြန်မှုတွေ ရှိသေးတယ်။ ဥပမာ… တစ်ခုခု မမျှော်လင့်တာ ဖြစ်တဲ့အခါ ယောင်ရမ်း မြည်တမ်းပုံပေါ့။ ဟဲ့… ပလုပ်တုတ်ဆိုတာ မအေ့ဆီက ကူးလာတဲ့ စိတ်မှတ်မဲ့ တုံ့ပြန်မှုမျိုးက အလွယ်ဆုံး ဥပမာပါ။ တခြား အကျင့်စရိုက်တွေကလည်း အတူနေ မိဘ အုပ်ထိန်းသူတွေဆီမှာ နေ့စဉ်နဲ့အမျှ မြင်နေရင်းက တမင် ကူးချတာ မဟုတ်ဘဲ အလိုလို ကိုယ်ထဲ စွဲနေတဲ့ တုံ့ပြန်မှုတွေ ဖြစ်နေတတ်ပြန်တယ်ဗျ။

Shwe Gyi ဆရာ့ရဲ့ တွေ့ မရှောင်ကိစ္စက ပတ်ဝန်းကျင်ကြောင့်လို့ ရော မဆိုနိုင်ပေဘူးလား၊၊ ဘာလို့ ဆို ဆရာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှ ဆိုတဲ့ အချက်က နည်းနည်းများသက်ဆိုင်နေမလားထင်မိတယ်၊၊ ဆိုလိုချင်တာက အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာ လိင်ကိစ္စကိုပိုရင်းနှီးလာပြီး(လူပျိုတုန်းကလို လက်လီမဟုတ်တော့ဘူး) ပိုပြီးခြေသွက်၊လက်သွက်ဖြစ်လာတာကရော အကြောင်းတခုမဖြစ်နိုင်ဘူးလားဆရာ၊၊ တွေးကြည့်တာပါ ဆြာ၊၊🙂

ATK ချစ်သူ့ရင်ခွင် ရှာပုံတော် မဖတ်ရသေးဘူး ထင်တယ်။ လူပျိုတုန်းကလည်း တွေ့မရှောင်ပါဘူး။ နောက်ဆုံးအဆင့်တစ်ခုကိုပဲ ကြောက်ကြောက်နဲ့ ဆင်ခြင်နေခဲ့တာလေ။🙂

Shwe Gyi ဖတ်ပြီးပါပြီဆရာ၊၊ ကျွန်တော်လဲ အဲ့နောက်ဆုံးအဆင့်တခုကိုပဲ ပြောတာပါ၊၊ ခုတော့သိပါပြီ ကြောက်လို့ ဆိုတာ၊၊ ဟီးးးး

ATK ခေတ်ချင်းက ကွာတာကိုးဗျာ။ ကျွန်တော်တို့ လူပျိုပေါက်စ ခေတ်တုန်းက အခုလို Ecee2 တွေ၊ အဖော်တွေ အလျှံပယ် မရှိခဲ့ဘူး မဟုတ်လား။ ရှိများ ရှိရင်တော့လည်း တစ်မျိုး ဖြစ်မှာပေါ့။

ကံကောင်းတာ တစ်ခုက ကျွန်တော်တို့ လူပျိုအရွယ်မှာ HIV မပေါ်သေးတာပဲဗျ။ မဟုတ်ရင် ခုလောက်ရှိ အရိုးဆွေးနေလောက်ပြီ။ 😀