Maung Wunna’s Autobiography (Volume 1)

thulokolo

“သူလိုကိုယ်လို မောင်ဝဏ္ဏ (၀-၁၉)”ဆိုတဲ့ ဆရာမောင်ဝဏ္ဏ ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ပထမတွဲထဲက ကောက်စာလေးကို ဖော်ပြလိုက်ရပြန်ပါတယ်။ ဆရာ မောင်ဝဏ္ဏရဲ့ ပရိသတ်များ စာမြည်းနိုင်အောင်လို့ပါပဲ။

————————————–

စက်ခေါင်း ၄၁၈

ကျွန်တော် ပြန်စဉ်းစားကြည့်တော့ အဲဒီ့ရုပ်ရှင်စက်သမားဘဝဟာ တော်တော် ပျော်စရာကောင်းပါလားလို့ ထင်မိတယ်။ ဟုတ်တယ်ဗျ။ ပင်ပန်းတာတော့ တကယ်ပင်ပန်းတယ်။ ဒါပေမယ့် တာဝန်က သိပ်မကြီးဘူး။ သိပ် စဉ်းစား တွက်ချက်နေစရာလည်း မလိုဘူး။ ကိုယ့်စက်ကိုယ် ဂရုတစိုက် ကိုင်၊ နည်းနည်းပါးပါး ဖောက်ရင်ပြင်၊ မနိုင်ရင် ဆရာကြီးတွေ သွားပြ။ ပြီးပြီ။

စက်သမားဘဝ ပျော်စရာကောင်းတာလေးတစ်ခု ရေးပါရစေ။ သည်အကြောင်း ကလျာမှာလား၊ သောင်းပြောင်းထွေလာမှာလား၊ နှစ်အတန်ကြာတုန်းက ရေးဖူးပါတယ်။

ရိုက်မယ့်ဇာတ်ကားက စက်ခေါင်း၄၁၈၊ မင်းသားက အစ်ကိုဇော်လွင်၊ မင်းသမီးက အစ်မတင်တင်အေး၊ ကျွန်တော်တို့ငယ်ငယ်က သိပ်သဘောကျခဲ့တဲ့ မင်းသားကြီး ဒိုင်ဗင်တင်လှလည်း ပါတယ်။ လူကြမ်းကတော့ ဦးမျိုးငြိမ်း၊ ဦးညိုအေးကြီး၊ အစုံပါပဲဗျာ။ တပျော်တပါးကြီးပေါ့။

အဲ… ဒါရိုက်တာကျတော့ တစ်ယောက်တည်း မဟုတ်ဘူးဗျ။ လေး ယောက်၊ ဟုတ်ကဲ့၊ လေးယောက်ပါခင်ဗျာ။ မြန်မာရုပ်ရှင်ရာဇဝင်မှာ ဒါရိုက်တာ လေးယောက်နဲ့ရိုက်တဲ့ ရုပ်ရှင်ကား အဲဒီ့တစ်ထုပ်ပဲရှိမယ်လို့ထင်တယ်။ ဒါရိုက်တာတွေက ဇမ္ဗူထွန်းဦးသိန်းလွင် (ဇမ္ဗူထွန်း မောင်သက်လွင်တို့ ဖခင်)၊ ဆရာ စိန်ဖေတင်၊ ဆရာ ချန်ပီယံတင်ညွန့်နဲ့ အမျိုးသားရုပ်ရှင်က ဆရာ ဦးသိန်းခိုင်။ အစတုန်းကတော့ သူ့အပိုင်းနဲ့သူ တာဝန်ခွဲပြီး ရိုက်ဖို့လို့ ထင်ပါတယ်။ ဦးသိန်းလွင်က ဒိုင်ယာလော့ခ် အက်တင်ကိစ္စ၊ ဦးသိန်းခိုင်က ကင်မရာ ရှုထောင့်ကိစ္စ၊ ဆရာစိန်ဖေတင်က သူ့ဇာတ်ညွှန်းလည်း ဖြစ်ပြန်၊ ပန်းချီလည်း ကျွမ်းကျင်ပြန်ဆိုတော့ scene အလှအပတွေကို ရွေးရိုက်ဖို့၊ ဆရာ ချန်ပီယံတင်ညွန့်ကတော့ ကင်မရာ လှည့်စားမှုကိစ္စ စသဖြင့် ဖြစ်မှာပေါ့။ နောက်တော့ နှစ်ရက်သုံးရက်လည်းရိုက်ပြီးရော၊ အရောရော အထွေးထွေးဖြစ်ပြီး ရှုပ်ကုန်ကြတော့တာပဲခင်ဗျ။ အယူအဆ မတူလို့ ငြင်းနေကြတာနဲ့ပဲ တော်တော်နဲ့ မပြီးတော့ဘူး။ ကျွန်တော်တို့ စက်သမားတွေဆိုတာ ဒါရိုက်တာ ခိုင်းရင် လုပ်ပေးရမယ့် တာဝန်ရှိတယ်။

စက်သမားဘဝ ပင်ပန်းပုံတစ်ခု နမူနာပြောချင်ပါတယ်။ ရုပ်ရှင်စက် အဖွဲ့ဟာ နံနက်စောစောထ၊ ထမင်းကျော်စား၊ ရေနွေးကြမ်းသောက် ပြီးရင် ကားပေါ်စက်တွေတင်၊ အဆင်သင့်လုပ်ထား၊ ဒါရိုက်တာက ဘယ်နားကို သွားမယ်ဆိုရင် ကားဆရာ မောင်းတဲ့အတိုင်း လိုက်သွား၊ အဲဒီ့နားမှာ စောင့်နေ။ ဒါရိုက်တာက ရောက်လာရင် ရိုက်ကွင်းရွေး၊ နေရာချ။ အဲဒီ့မှာ အဆင်သင့်လုပ်။ ရုပ်ရှင်ရိုက်တယ်ဆိုတာ အလင်းရောင်များများ လိုတယ်။ ဒါကြောင့် နေရိပ်ထဲ အေးအေးဆေးဆေး ရိုက်ရတယ်ဆိုတာ မရှိသလောက်ပဲ။ နေပူထဲရိုက်၊ နားတဲ့အချိန် သစ်ပင်ရိပ် ခြုံရိပ်ကလေးခို၊ သိပ်ပူရင် ရောင်ပြန် မှန်ပြားကို ခေါင်းပေါ် တင်ပြီး အရိပ်ခိုရတာ။ ထမင်းစားချိန် ခဏနား၊ ဆေးလိပ်လေး တစ်ဖွာလောက်သောက်၊ ပြီးတာနဲ့ ဆက်ရိုက်။ လက်ဖက်ရည် သောက်ချိန်မှာ အနားပေးချင်မှ ပေးတယ်။ ချိုင့်ကြီးတစ်လုံးထဲ လက်ဖက်ရည် ထည့်လာပြီး၊ မတ်ခွက်နဲ့ တစ်ယောက် တစ်ခွက်မော့လိုက်၊ ပြီးပြီ။ နေစောင်းတဲ့အထိ ရိုက်၊ ပြီးရင် အားလုံး ပြန်လို့ ရပေမယ့် စက်အဖွဲ့က ပစ္စည်းတွေ သိမ်း၊ သယ်ပိုး၊ ကားပေါ်တင်၊ တည်းတဲ့ဆီ ပြန်၊ စက်တွေပြန်ချ၊ ပြန်သိမ်း၊ ပြီးမှ ရေမိုးချိုး၊ ထမင်းစား။ ညဦးဘက် အနီးအနား လက်ဖက်ရည်ဆိုင် ရှိရင် ခဏတစ်ဖြုတ်သွား၊ စောစောအိပ်၊ မနက်စောစောထ၊ ထမင်းကြော်စားပြီး စက်တွေကားပေါ်တင်။ သည်လိုနဲ့ နားရက် မရှိပါဘူးဗျာ။ ဒါပေမယ့် တာဝန်က သိပ်မကြီးတော့ ပျော်ပါတယ်။

အဲ… တစ်ရက်တော့ ဒါရိုက်တာလေးယောက်အနက် တစ်ယောက်က ဘယ်လင်းနားက တောင်တစ်လုံးကို လက်ညှိုးထိုးပြပြီး “မနေ့က ငါ အဲဒီ့တောင်ပေါ် တက်ကြည့်ပြီးပြီ။ သိပ်လှတယ်။ သည်နေ့ scene ကို အဲဒီ့အပေါ် တက်ရိုက်မယ်”

ကျွန်တော်တို့ တောင်ပေါ်လှမ်းကြည့်တယ်၊ ဝှီး… တော်တော် မြင့်ပါလား။

“ဆိုင်းလင့်လား ဆရာ”(အသံမပါဘူး မဟုတ်လား)

“တော်ကီကွ”(အသံပါတယ်)

“ထော်လီ လိုမလား ဆရာ”

“လိုတာပေါ့ကွ”

သွားပြီ။ ဘာကျန်သေးလို့လဲ။ စက်ပစ္စည်းတွေအားလုံး တောင်ပေါ် ထမ်းတင်ရတော့တယ်။ ကျွန်တော်တို့ စက်အဖွဲ့ထဲက ခပ်ငေါ့ငေါ့ ပြောတတ်တဲ့ တစ်ယောက်က…

“ဇွန်းကော ဆရာ”

“လိုတာပေါ့”

အမှန်ကတော့ စက်တစ်ဖွဲ့လုံး တောင်ပေါ်တက်မှတော့ ဇွန်းလဲင့်စ် ကလေးပါ ပါသွားမှာ အမှန်ပါပဲ။ ဒါနဲ့ အဲဒီ့တစ်ယောက်က ထအော်တယ်။ စက်အဖွဲ့ တောင်ပေါ်တက်ရမယ်၊ “ထော်လီ၊ တော်ကီ၊ ဇွန်း”။ ဆိုလိုတာကတော့ ပါသမျှ စက်ပစ္စည်း အားလုံးပဲ။ အဲဒီတုန်းက ကျွန်တော်တို့ မီးစက်က ဂျာမနီ ဒီဇယ်မီးစက် လူခြောက်ယောက် မ ရတယ်။ ထော်လီ(ဒေါ်လီ)က သံလမ်း လေးဆက်၊ အကြမ်းခံအောင် သံပိုက်တွေနဲ့ လုပ်ထားတာ။ သံလမ်း တစ်ဆက်ကို လူနှစ်ယောက် မ ရတယ်။ စက်အဖွဲ့သား စုစုပေါင်းက ဆယ်ယောက်။ ရုပ်ရှင်ကင်မရာက လူနှစ်ယောက်၊ ထမ်းပိုးလျှိုထားတဲ့ သစ်သားခုံ ပေါ်တင်ပြီး မ ရတာ။ တောင်တက်ဆိုတော့ ပြုတ်ပြုကျမှာစိုးလို့ ဖြည်းဖြည်း မှန်မှန် သယ်ရတယ်။ အသံဖမ်းစက်က နှစ်ယောက် မ ရတယ်။ ကဲ…

ပြောနေကြာရော့၊ တစ်ခုပြီးတစ်ခု၊ တစ်ခေါက်ပြီး တစ်ခေါက် တင်။ ကျွန်တော်က အသံဖမ်းစက်ကို ထမ်းတက်။ ထရန်စဖော်မာဆိုတာ သံတုံးကြီး တစ်တုံးပါ။ အဲဒီ့သံတုံးကြီး နှစ်တုံးထည့်ထားတဲ့ သံသေတ္တာကို လူတစ်ယောက် နင့်နေအောင် မရတယ်။ သည်လိုနဲ့ ဖြည်းဖြည်း၊ ဖြည်းဖြည်း တက်လာကြတာ တောင်ထိပ်ရောက်ရော ဆိုပါတော့။ တချို့ပစ္စည်းတွေ နှစ်ခေါက်သုံးခေါက်သယ်ရတယ်။ တောင်ထိပ်မြေပြန့်နေရာလည်း ရောက်ရော ကျွန်တော် သဘောပေါက်လိုက်ပြီ။

ကျွန်တော်တို့စက်အဖွဲ့ဟာ ဒါရိုက်တာ ပေါင်းစုံနဲ့ လိုက်ရိုက်ဖူးတော့ အတွေ့အကြုံ များနေပြီ။ အဲဒီ့တောင်ထိပ်မှာ အသံထွက် ရုပ်ရှင်ရိုက်လို့ မဖြစ်နိုင်။ ရိုက်လို့ရသည်ထား၊ ရှုကွင်းရှုကွက် မကောင်းနိုင်။

ဒါရိုက်တာ ဆရာသမားက သူ့ဘာသာသူ တစ်ယောက်တည်း တက်ကြည့်တော့၊ တောင်ပေါ်ကနေ တောင်အောက်ကို ကြည့်။ လှသပေါ့ဗျာ။ ဒါပေမယ့် လူ့မျက်စိနဲ့ ကြည့်လို့လှနေတဲ့ နေရာတိုင်း ရုပ်ရှင်ရိုက်လို့  လှတာ မဟုတ်ဘူးခင်ဗျ။ တောင်ထိပ်က ပေလေးဆယ် ပတ်လည်လောက်ပဲ ရှိတယ်။ ကင်မရာကို အစွန်းသိပ်ကျတဲ့နေရာမှာ ထောင်လို့ မဖြစ်နိုင်ဘူး။ ယိုင်လဲရင် ကင်မရာ တောင်အောက် ကျသွားလိမ့်မယ်။ ပြီးတော့ အလင်းရောင် ပေးဖို့၊ မှန်ထိုးဖို့ နေရာ။ အသံဖမ်းတဲ့စက်နဲ့လူ နေဖို့နေရာ။ ကျွန်တော်တို့စက်အဖွဲ့ ထော်လီလမ်း ခင်းလိုက်ရင်ကို သရုပ်ဆောင် ရပ်ဖို့နေရာ မရှိတော့ဘူး။ ဘယ်နားများ ရိုက်မှာတုံး။ ကျွန်တော်တို့မှာ ချွေးဒီးဒီးကျအောင် တောင်ပေါ် တက်ခဲ့ပြီးမှ ဘာမှ ရိုက်လို့မရတဲ့နေရာ ရောက်နေမှန်း သိရတော့တယ်။

ဒါရိုက်တာများနဲ့ မင်းသား၊ မင်းသမီး မရောက်သေးဘူး။ ဇာတ်ပို့တချို့တော့ ရောက်ပြီ။ ကျွန်တော်ကလည်း အဲဒီ့အချိန်မှာ ရုပ်ရှင်ရိုက်နည်း စာအုပ်တွေ တော်တော် ဖတ်ထားပြီးပြီ။ လက်တွေ့လည်း လုပ်နေတာ။ မဖြစ်နိုင်တဲ့နေရာမှာ ဘာလုပ်ဖို့ ရိုက်မှာလဲ။ ဒါပေမယ့် ကျွန်တော်တို့ ပြောပိုင်ခွင့် မရှိ။ ဒါရိုက်တာက ကြိုက်ရင် ပြီးကြေး။ ခဏနေတော့ ဒါရိုက်တာ လေးယောက် ရောက်လာပါတယ်။ အဲဒီ့အထဲမှာ ဦးသိန်းခိုင် ဆိုတာက အမျိုးသား ရုပ်ရှင်က ကင်မရာ ဆရာကြီး၊ သူကတော့ သိသပေါ့။ ရောက်ရောက်ချင်း ခုန တောင်ပေါ်တက်ဖို့ ညွှန်ကြားတဲ့ ဒါရိုက်တာကို ပြောတော့တာပဲ။

“ခင်ဗျား၊ ဘယ်နားက ဘယ်လိုရိုက်မှာတုန်း”

“သည်ကလေဗျာ၊ နောက်ခံ scene ဘယ်လောက်လှသလဲ”

“ဟုတ်ပါပြီ၊ မျက်စိနဲ့ကြည့်တော့ လှတာပေါ့၊ ကင်မရာ ဘယ်နား ထားမလဲ”

“သည်မှာပဲပေါ့ဗျ”

“သည်ကရိုက်ရင် ခင်ဗျာ့တောင်အောက်ကို ဘယ်လိုလုပ် မြင်ရမလဲ”

“ငုံ့ကြည့်ရင် မြင်ရတာပေါ့ဗျ”

“ကင်မရာက လူလို ငုံ့ကြည့်လို့ ရတာ မဟုတ်ဘူးဗျ”

သည်လိုနဲ့ စကားများကြပါလေရော။ နောက် ကျွန်တော်တို့ဘက် လှည့်လာတယ်။

“ကဲ… ကိုယ့်လူတို့ ရိုက်လို့ မရဘူးလား”

“ရိုက်ချင်ရင်တော့ ရိုက်လို့ရပါတယ်”

“ဒါဖြင့် ရိုက်တာပေါ့ကွာ”

သည်လိုနဲ့ ကင်မရာ နေရာချလိုက်တယ်။ မင်းသား ဘယ်နားနေ၊ မင်းသမီးဘယ်နားနေ၊ လူစားဝင်ရပ်၊ ကပ်သီးကပ်သပ် မှန်ထိုး၊ ကင်မရာထဲကနေ ကြည့်လိုက်တော့ တောင်အောက်က လျှိုတွေ၊ မြောင်တွေ ဘာမှ မပါဘူး။ နောက်ခံက ကောင်းကင်ပြာပြာကြီး။

“မင်းတို့ ကင်မရာကို နည်းနည်းငိုက်ပေါ့ကွ”

“အဲဒါဆို မင်းသား၊ မင်းသမီး ခေါင်းတွေ မပါနိုင်တော့ဘူး”

“ကင်မရာမြှင့်ကွာ”

“ဒါအကုန်ပဲ၊ သည့်ထက် မြှင့်ချင်ရင် ရန်ကုန် ပြန်ပြီး ကမ္ဘာကျော်ငွေလှိုင် ဆီက ကရိန်းငှားပေတော့”

စက်အဖွဲ့သားတစ်ယောက်က မောမောနဲ့ ပြန်ပြောလိုက်တယ်။

“မင်းတို့ တော်တော်ပျင်းတဲ့ ကောင်တွေ”

“ဘာဗျ၊ ခင်ဗျား ကျုပ် မတဲ့ ထော်လီ လိုင်းတစ်လိုင်းပဲ မ ကြည့်ပါဦး”

ကျွန်တော်လည်း စကားမများရအောင် ဝင်ထိန်းလိုက်ရတယ်။

“ကဲ…ကဲ… တက်လာပြီးမှတော့ ရသလောက် ရိုက်တာပေါ့ဗျာ”

သည်လိုနဲ့ မင်းသားနဲ့ မင်းသမီးရောက်လာပါလေရော၊ ဟောဟဲလိုက်လို့။

အစ်ကိုဇော်လွင်က သူကိုယ်တိုင်ဒါရိုက်တာလုပ်ဖူးလေတော့…

“ခင်ဗျားတို့ဗျာ၊ သည်လိုမှန်းသိ၊ အောက်မှာပဲ စကိုင်းဘက်ဂရောင်းနဲ့ ရိုက်ရင်ရသားနဲ့”

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကင်မရာထဲက အကျယ်ဆုံး(wide) မှန်ဘီလူးနဲ့ ရိုက်သည့်တိုင်အောင် တောင်အောက်မြင်ကွင်းကို လှလှပပ မတွေ့ရနိုင်။ သည်လိုနဲ့ နှစ်ကပ်၊ သုံးကပ်ရိုက်ပြီး ပြန်ဆင်းခဲ့ကြရပြန်ပါရော။ ပစ္စည်းအလေးကြီးတွေ ပြန်သယ်ချ၊ အောက်ရောက်တော့ ခြေကုန်လက်ပန်းကျကုန်ပြီ။ နေလည်းပူလာပြီ။ ခဏတဖြုတ် နား၊ ထမင်းစား။

ပြီးတော့ ဆရာလေးယောက် ဆက်ငြင်းနေကြပြန်ပါလေရော။ ငြင်းလေ ကြိုက်လေပဲ။ သူတို့ငြင်းတော့ ကျွန်တော်တို့ နားရတာပေါ့။ အဲဒီနေ့ နည်းနည်း ပါးပါး ထပ်ရိုက်ပြီး ရှူတင်ဖြုတ်လိုက်တယ်။ လူတွေလည်း ယဲ့ယဲ့ပဲ ကျန်တော့တယ်။

ညကျတော့ ဒါရိုက်တာများငြင်းကြခုံကြ။ “တောင်ထိပ်တက်ပြီး ကလို့ဆပ်(close-up)ရိုက်တာ ခင်ဗျား တစ်ယောက်တည်းရှိတယ်”

ကျွန်တော်တို့က မောမောနဲ့အိပ်။

နောက်တစ်နေ့မနက်။

ဆရာတစ်ယောက်က… စက်အဖွဲ့ ရထားပေါ်တက်။ အဲဒီ့ဇာတ်ကားက ရထားကြီးတစ်စင်းနဲ့ သောင်းကျန်းသူနယ်မြေက ထွက်ပြေးလွတ်မြောက်တဲ့ ဇာတ်လမ်း။

ကျွန်တော်တို့၊ စက်တွေ၊ မီးစက်ကြီးအပါအဝင် ရထားနောက်နားတွဲ တစ်တွဲ ပေါ်တက်လိုက်တယ်။

“ရယ်ဒီပဲလားဟေ့”

“ရယ်ဒီပဲဆရာရေ့”

“ရထားထွက်မယ်၊ အလံပြခိုင်းတော့”

အဲဒီ့မှာ ဂတ်ဗိုလ်အဖြစ်ပါလာတဲ့ အမှုထမ်းက အလံပြ၊ စက်ဗိုလ်က မောင်းထွက်။ ဒါရိုက်တာ တစ်ယောက်က ကျွန်တော်တို့တွဲမှာ။ နောက်တစ်ယောက်နဲ့ ဇာတ်ပို့တချို့က နောက်တစ်တွဲမှာ။

ရထားကြီး သုံးလေးမိုင်လောက် မောင်းလာပြီးတော့…

“ရပ်တော့ဟေ့”

ရှေ့ကအသံ…

ရထားဆိုတာ ရပ်ဆိုရင် ကားလို ဘရိတ်အုပ်လို့ ရတာမှ မဟုတ်တာ။ အရှိန်လျှော့၊ ဘရိတ်တွဲက ဘရိတ်ဖမ်း၊ အလံပြ၊ ဘာညာ… အလုပ်က ရှုပ်သား။ ရပ်ဆိုတဲ့ နေရာကနေ တော်တော်ဝေးဝေးရောက်မှ ရထားကြီးရပ် သွားပါလေရော။ သည်တော့ “သည်နေရာမဟုတ်ဘူး၊ ခုန နေရာ ပြန်ဆုတ်”

ရထားကြီးပြန်ဆုတ်။ လိုချင်တဲ့နေရာနဲ့ မလှမ်းမကမ်းရောက်။ ရပ်။

“စက်အဖွဲ့ ဆင်း။ အောက်ကနေ ရိုက်မယ်”

“တော်ကီ ပါလား”

“ပါတယ်”

“ထော်လီတို့၊ ဇွန်းတို့ရော”

“ပါတယ်ကွာ၊ အကုန်ပါတယ်”

“ထော်လီ၊ တော်ကီ၊ ဇွန်းဟေ့”

ကျွန်တော်တို့ စက်တွေအကုန်ချ။ “ဘယ်နားက ရိုက်မလဲ ဆရာ”

“ဟိုနားက”

သူ ပြတဲ့နေရာသွား။ “မီးရထားက ဟိုက လာမယ်။ သည်ပြောင်းခင်းတွေ ကြားကနေ ရိုက်မယ်။ ရထားပေါ်မှာ ဒိုင်ယာလော့ခ်ပြောမယ်”

“ဟာ… ဒါဆို အသံက ရထားပေါ်မှာ နေရမှာပေါ့”

“သည်ကနေ လှမ်းဖမ်းပေါ့ကွာ”

“ရထားသံကြားထဲမှာ ဘယ်လိုလုပ် စကားက ပေါ်နိုင်မလဲ”

“ခွပဲကွာ”

“သည်လိုလုပ်ပါလား ဆရာ။ အက်တာတွေကို ဟိုပေါ်မှာ ပြောစရာရှိတာ ပြောခိုင်း၊ ပြီးမှ အသံသွင်းယူ။ နောက် ပါးစပ်ပေါက်ကိုက်ပြီး ထည့်ရင် ရပါတယ်”

ကျွန်တော်က အဖြစ်နိုင်ဆုံး ရှင်းပြတယ်။

“အေး၊ ဟုတ်ပြီ။ မင်းသားနဲ့ မင်းသမီးကို ဒိုင်ယာလော့ခ်ပေးလိုက်ကွာ”

တစ်ယောက်ထွက်သွား။ ပြန်လာ။

“မင်းသားနဲ့မင်းသမီး ပါမလာဘူး ဆရာ”

“ဟေ… မင်းသားနဲ့မင်းသမီး မပါဘဲ၊ ဘယ်လိုလုပ်ရိုက်ကြမလဲ”

“မသိဘူးလေ၊ ဆရာက ထွက်ဆိုတော့ ကျွန်တော်တို့လည်း အလံပြ ခိုင်းလိုက်တာပေါ့”

“(…)တဲ့၊ သွား မင်းဟာမင်း ပြန်ကြိုကွာ”

ရထားကြီး ရှူးရှူးရှဲရှဲနဲ့ ပြန်ထွက်။ ပြောတော့သာ လွယ်တာ။ ရထားဆိုတာ ချက်ချင်း ထွက်လို့ ရတဲ့ ယာဉ်မျိုး မဟုတ်ဘူး။ ကျွန်တော်တို့ အရိပ် ကောင်းကောင်းမှာ နားနေလိုက်တယ်။

ဇာတ်ပို့တွေလည်း ရထားပေါ်ကဆင်းပြီး သစ်ပင်ရိပ်မှာ ခိုနေကြတယ်။ ရထားကြီးကတော့ မင်းသားနဲ့မင်းသမီးကို သွားကြိုပြီ။

ရထားကြီးပြန်လာတယ်။ ဒါရိုက်တာတစ်ယောက်ရဲ့ လက်ထောက်က လာအော်ပြောတယ်။ “ဟိုမှာ မင်းသား၊ မင်းသမီးနဲ့ ဇာတ်ပို့တွေ ရိုက်မယ်။ ဇာတ်ပို့တွေ တက်။ ဇာတ်ပို့တွေ ရထားပေါ် တက်”

ကျွန်တော်တို့က အဲဒီ့ကိစ္စ မသိဘူး။ သစ်ပင်ရိပ်ကောင်းကောင်းမှာ ဒါရိုက်တာများနဲ့ မင်းသား၊ မင်းသမီးကို စောင့်ရင်း စကားတပြောပြောနဲ့ပေါ့။

ရထားကြီး ပြန်ထွက်သွားပြန်ပြီ။ အဲဒီ့ အသွားအပြန် နှစ်ခေါက်နဲ့တင် ရထားက ရှေ့တိုးရ၊ နောက်ဆုတ်ရ၊ သွားရ ပြန်ရမို့ ရေကုန်ပြီ။ မီးသွေးခေါင်း၊ ရေနွေးငွေ့အင်ဂျင်။ ရေမရှိရင် မောင်းလို့မရ။ သည်တော့ ရထားကြီးပြန်ရောက်လာ။ ရေထည့်ရမယ် ပြော။ ကျောက်ဆည်မှာ ရေသွားထည့်။

ကျွန်တော်တို့ စက်အဖွဲ့က သုံးမိုင်ကွာနေရာက သစ်ပင်ရိပ်မှာ။ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့နဲ့ ဒါရိုက်တာတွေက ကျွန်တော်တို့နဲ့ သုံးမိုင်လောက် ကွာတဲ့နေရာမှာ။

ဟိုမှာ သည်လိုဖြစ်သတဲ့ဗျား။

မင်းသားနဲ့ မင်းသမီးကို စကားပြောတွေ သင်၊ အိုက်တင်တွေ သင်၊ လူကြမ်းက ဝင်လာခဲ့ ကိစ္စတွေလုပ်။ အဲဒီတော့မှ တစ်ယောက်က “ကင်မရာ ဘယ်က ယူမလဲ”ဆိုတော့မှ…

“စက်အဖွဲ့ ဘယ်မှာလဲ”

“ပထမရိုက်မယ်ဆိုတဲ့ နေရာမှာ ကျန်ရစ်ခဲ့တယ်”

“ဟာ… ဘာလို့ပြန်လိုက်မလာတာလဲ”

“ဆရာတို့မှ မမှာဘဲ”

“သွားခေါ်ကွာ”

“မရဘူးဆရာ၊ ရထားက ရေသွားထည့်နေတယ်”

“ဘယ်မှာလဲ”

“ကျောက်ဆည်”

အဲဒီ့တော့ နေ့တစ်ဝက်ကျိုးပြီ။ ထမင်းစားချိန် ရောက်ပြီ။ နေ့လည် တစ်နာရီကျမှ ရထားပြန်လာ။ စက်တွေတင်။ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး ရှိတဲ့နေရာ သွားကြ။ စက်တွေချ။ ထမင်းစား။

ကျွန်တော်တို့ ထမင်းစားနေတုန်း (အခြားလူတွေအားလုံးစားပြီးပြီ) ဘယ်လိုက ဘယ်လို အဆက်အသွယ်၊ အဆုံးအဖြတ် မှားသလဲတော့ မသိဘူး။ ရထားကြီးက မင်းသား၊ မင်းသမီးတွေတင်ပြီး ပြန်ထွက်သွားပါလေရော။

စက်တွေတော့ပါသွားပါရဲ့။ စက်အဖွဲ့က နှစ်ယောက်ပဲ အစောင့်အဖြစ် ပြန်လိုက်သွားတယ်။

ကျွန်တော်တို့ ထမင်းစားပြီးတော့ ခေါ်နိုး၊ ခေါ်နိုးစောင့်နေတာ၊ လာ မခေါ်နိုင်တာနဲ့ ထွက်ကြည့်တော့ တစ်ဖွဲ့လုံး ရထားကြီးနဲ့ ထွက်သွားကြပြီ။ ကင်မရာမင်းနဲ့ အသံဖမ်းဆရာ၊ စက်အဖွဲ့သားတချို့ ပါမသွားဘူး။ ရထားပေါ်မှာ ရုပ်ရှင်ရိုက်စက်နဲ့ အစောင့် (ဘာမှမလုပ်တတ်တဲ့၊ မှန်ပဲ ထိုးတတ်တဲ့) နှစ်ယောက် ပါသွားလေရဲ့။

ပြန်လာမှ မေးကြည့်တော့ တော်တော် ဝေးဝေး နေရာအထိ သွားကြဆိုပဲ။ အဲဒီ့ရောက်တော့မှ ရထားရပ်။ “စက်အဖွဲ့ ဆင်း”ဆိုတော့မှ စက်အဖွဲ့မှာ နှစ်ယောက်တည်း။

“ကင်မရာမင်းရော”

“သူတို့ ထမင်းစားနေကြတယ် ဆရာ”

“ဘယ်သူမှ သွားမခေါ်ဘူးလား”

“ဆရာတို့မှ မခေါ်ခိုင်းဘဲ”

အဆဲမျိုးစုံဆဲရင်း ရထားကြီးနဲ့ တူပျော်ပျော်၊ ပြန်လည် ချီတက်ခဲ့ကြပါသတဲ့။

အဲဒီတော့ ညနေ လေးနာရီလောက်ရှိပြီ။ ကျွန်တော်တို့ ရထားပေါ်တက်၊ ရိုက်မယ့်နေရာကို သွား။ ရိုက်မယ့်နေရာကို ရောက်တော့ နေက ဝင်ချင်နေပြီ။

သည်လိုနဲ့ပဲ ရထားကြီး ပြောင်းခင်းကြားက ဖြတ်သွားပုံကို စိတ်ပြေ လက်ပျောက် အသံတိတ်တစ်ကပ်ရိုက်ပြီး အဲဒီ့နေ့ ရှုတင်နားလိုက်ရပါတော့တယ်။

New Lettwebaw Book: Maung Wunna’s Autobiography (Volume 3)

မနေ့က လက်တွဲေThuLoKoLo3ဖာ် စာအုပ်သစ်တစ်အုပ် ထွက်ပါတယ်။ အဲဒီ့စာအုပ်က “ပန်းတွေနဲ့ဝေ”တို့၊ “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း”တို့လို ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ အကယ်ဒမီ နှစ်ထပ်ကွမ်း ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ တတိယတွဲပါ။ ပထမတွဲ နှစ်တွဲကိုလည်း လက်တွဲဖော် စာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး အခု တတိယတွဲ ဆက်ထွက်လာတာ ဖြစ်ပါတယ်။ တတိယတွဲထဲက စာမြည်းလေးကို ဖတ်ရှု အားပေးတော်မူကြပါဦးခင်ဗျား။

——————————

ကျွန်တော် ပွဲဦးထွက်ရပါပြီ။ စာပေဟောပြောပွဲမှာ စစချင်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ပြောရပါတယ်။

ကျွန်တော်က ရုပ်ရှင်ရိုက်ပုံရိုက်နည်းအကြောင်း ပြောတယ်။ ပရိသတ်က ငြိမ်လို့။ ရုပ်ရှင်ရိုက်ရင်း ကြုံရတဲ့ ရယ်စရာ ပြောတယ်။ (သူလို ကိုယ်လို စာစု ရှေ့ပိုင်းမှာ ရေးခဲ့တဲ့ စက်အဖွဲ့မပါဘဲ ရုပ်ရှင်ရိုက်တဲ့အကြောင်း၊ လက်သီးထိုးခန်းအကြောင်း။) ပရိသတ်က မရယ်ဘူး။ (ရယ်စရာပြောလို့ ပရိသတ်က မရယ်ရင် ပြောရတဲ့လူ သိပ်မျက်နှာငယ်တာ ခင်ဗျ။)

ကျွန်တော် ဘာဆက်ပြောရမှန်းမသိဘူး။ ဒါနဲ့ ချာလီချက်ပလင်အကြောင်း ပြောတယ်။ မှားပါ့ခင်ဗျား။ ရွာမှာ ချာလီချက်ပလင်ရဲ့ ဟာသ ရုပ်ရှင်တွေ ကြည့်တဲ့လူ နည်းမှာပေါ့။ ရယ်စရာလို့ ထင်ရတာတွေ တစ်ခုပြီး တစ်ခု ပြောပေမယ့် ပရိသတ်က ငုတ်တုတ် တင်းခံနေတယ်။ နည်းနည်းလေးမှ မရယ်ဘူး။ ခွပဲ။ အဲဒီအချိန်မှာ ဆရာတော်က တစ်စခန်း ထပါတော့တယ်။ ဘုန်းကြီးက ဘာမပြော ညာမပြောနဲ့ ဟောပြောစင်ပေါ် တက်လာပြီး ကျွန်တော့် ပြောလက်စကို…

“ဟေ့ ဒကာစာရေးဆရာ… ခဏရပ်စမ်း”

ကျွန်တော် ကြောင်အမ်းအမ်းဖြစ်နေတုန်း မိုက်ကရိုဖုန်းကို ဆွဲယူတဲ့ပြီး…

”ဟေ့ ဒကာတွေ… မင်းတို့ကို သည်စာရေးဆရာက ရယ်စရာပြော နေတာကွ။ ရယ်စရာပြောရင် ရယ်ရတယ်။ မင်းတို့ တယ် အသုံးမကျတဲ့ ကောင်တွေ ဒါပဲ… ကဲ… ဒကာ စာရေးဆရာ ဆက်ဟော…”

ကျွန်တော်… “အဟမ်း အဟမ်း…”

ပရိသတ်… “ဝါး ဟား ဟား ဟား ဟား ဟား ဟား”

ကျွန်တော်… “ကျွန်တော် ပြောမလို့ ခုန..”

“ဝါး ဟားဟား”

ဘုန်းတော်ကြီး စင်ပေါ်တက်လာပြန်ပြီး…

“ဒါ ရယ်စရာ မဟုတ်သေးဘူး။ ခက်လိုက်တဲ့ အကောင်တွေ ဒါကြောင့် မင်းတို့ကို တောသားလို့ အပြောခံရတာ။ ရယ်စရာပြောမှ ရယ်ရတယ် မှတ်ထား။ ကဲ… ဒကာ ဆက်ပြော”

ကျွန်တော် ဆက်ပြောရပါတယ်။ လူကတော့ အူကြောင်ကြားဖြစ်နေပြီ။ ရယ်စရာ ဟာသတစ်ခု ပြောတယ်။ ပရိသတ်ရဲ့ ဟဒယကို မမိဘူး။ မရယ်ဘူး။ စာရေးဆရာက ရယ်စရာ ဟာသကလေးတွေ ညှပ်ပြောတယ် ဆိုတာ လူရွှင်တော် ပြက်လုံး ထုတ်သလို “မင်းသမီးအမေကြီး၊ ရှူးပေါက်တာ၊ နို့ဆီခွက်ဟာ ဆယ်ပြား ငါးလုံး”ဆိုတာမျိုး ပြောသင့်တာ မဟုတ်ဘူး ခင်ဗျ။ အကျိုးသင့် အကြောင်းသင့် သရော်တော်တော် ရယ်စရာတွေ ပြောရတာကိုး။ စာအကြောင်း ပေအကြောင်းလည်း ပြောရမှာ။

စာပေဟောပြောပွဲ နားထောင်လေ့မရှိသေးတဲ့နေရာမှာ တန်ရုံဟာသက တိုးမပေါက်ဘူးခင်ဗျ။

သည်တစ်ခါတော့ ဘုန်းတော်ကြီး ဒေါထပြီ။

စင်ပေါ်ကို ဘုန်းတော်ကြီး ပြန်တက်လာပြန်ရောခင်ဗျ။ (စဉ်းစားကြည့်ပါဗျာ။ စာရေးဆရာက ပြောလိုက် ဘုန်းတော်ကြီးက ဝင်ကြိမ်းလိုက် စာရေးဆရာက ဆက်ပြောလိုက်။ စင်ပေါ်မှာ စာရေးဆရာ တစ်လှည့် ဘုန်းတော်ကြီးတစ်လှည့် ဟောလိုက် ပြောလိုက် ကြိမ်လုံးနဲ့ ကြိမ်းလိုက် မောင်းလိုက်နဲ့။)

ဘုန်းတော်ကြီးက…

“အဲဒါပဲ မင်းတို့ကို ဗဟုသုတရစေချင်လို့ ငါက အပင်ပန်းခံပြီး စာရေးဆရာတွေ ရန်ကုန်က ရောက်ခိုက်ခေါ်လာတယ်။ မင်းတို့က ရယ်စရာ ပြောလို့ ရယ်ရမှန်း မသိဘူး။ တောသားတွေလို့ ပြောတော့လည်း မင်းတို့ နာတတ်သေးတယ်။ ကိုင်း…သည်တော့ သည်လိုလုပ် ဟောဒီမှာ ကြိမ်လုံး…”

ပရိသတ်ခမျာ အပ်ကျသံ ကြားရမတတ် ငြိမ်သွားရှာတယ်။ တချို့ အဖွားကြီးတွေ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို တံတွေးနဲ့ တို့ပြီး ငြိမ်းနေလေရဲ့။ “မီးသေတယ်”ဆိုတာ ဒါမျိုး ပြောတာ ထင်ပါရဲ့။ ဘုန်းတော်ကြီးက ဆက်မိန့်တယ်။

“သည်မယ်… ငါက ဟောဒီ ကြိမ်လုံး ကိုင်ပြီး ဟိုထောင့်မှာ ရပ်နေမယ်။ စာရေးဆရာက ရယ်စရာ ပြောရင် ငါက ကြိမ်လုံး မြှောက်ပြမယ်။ ဒါဆို ရယ်ကြ။ ကြိမ်လုံးကို ပြန်ချရင် ရယ်တာ ရပ်ကြ။ ဒါပဲ… ကိုင်း… ဒကာစာရေးဆရာ ဆက်ဟောပေတော့”

ကျွန်တော့်ဘက် မိုက်ကရိုဖုန်း လှမ်းချိန်ပေးပြီး ဘုန်းတော်ကြီးက စင်ထောင့်မှာ ကြိမ်လုံးကိုင်လျက် ရပ်နေပါကရော။

ပရိသတ်တော့မသိဘူး။ ကျွန်တော်တောင် ကျော နည်းနည်း ချမ်းလာတယ်။ အပြောမှား အဆိုမှား တစ်ခုခုဖြစ်ခဲ့ရင် ကြိမ်လုံးက ကျွန်တော်နဲ့ အနီးဆုံး။ ဘုန်းကြီးလက်သံပြောင်ပုံကို ကြားဖူးထားပြီပဲ ဥစ္စာ။ မကြောက်ဘဲ နေပါ့မလား။ ဘုန်းကြီးရဲ့ကြိမ်ဆိုတာ ကျောမရွေး ကြိမ်ခင်ဗျ။
ဒါနဲ့ပဲ ဆက်ပြော။

ရယ်စရာလို့ ဘုန်းကြီးက ယူဆရင် ကြိမ်လုံးကိုင်ထားတဲ့ လက်မြှောက် ပြ၊ ပရိသတ်က “ဝါးဟားဟား။” ကြိမ်လုံးပြန်ချ။ ရယ်သံ တိခနဲရပ်။ ဆက်ပြော။

ကျွန်တော်လည်း ပြောတတ်သလောက် ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။

နောက်ဆရာတစ်ယောက်။ သည်လိုပဲ ရယ်စရာ တစ်ခုခုပြော ဘုန်းကြီး ကြိမ်လုံးမြှောက်ပြ ရယ်ကြ၊ ကြိမ်လုံးပြန်ချ ပြန်ရပ်။

တချို့ဟာသကျတော့ တကယ် ရယ်ချင်လို့ ရယ်တာ၊ တချို့ဟာသကို သဘောမပေါက်ဘူး။ ဘုန်းကြီးကြိမ်လုံး အရှိန်အဝါနဲ့ ရယ်တာဆိုတော့ အရင်တုန်းက မြန်မာ့အသံ ဟဒယရွှင်ဆေးအခန်း ရယ်သံလိုပါပဲ။ “ဝါးဟားဟား ဟား ဟားဟား အွိ”ပေါ့။ တာဝန်အရ ရယ်ပေးရတယ်ပေါ့ဗျာ။

အဲ… ဆရာမောင်နေဝင်းဟောပြောတဲ့ အလှည့်ကျတော့ ပရိသတ်က ကျင့်သား နည်းနည်းရပါပြီ။ ရယ်စရာကို သဘောပေါက်ပြီး ရယ်လာကြပါပြီ။ ဆရာတော့်ကျေးဇူးပါပဲ။

ဆရာမောင်နေဝင်းက ဆရာ့ရဲ့နာမည်ကျော် ရသမြောက် ဝတ္ထုတိုတွေ ဖြစ်တဲ့ “မငွေရီ”ဝတ္ထုတိုတွေအကြောင်း ပြောပါတယ်။ မငွေရီဟာ စာမတတ်ဘူး။ ဒါကြောင့် ကမောက်ကမအဖြစ်တွေနဲ့ ကြုံရတယ်။ ဒါကို ဟာသစွက်ပြီး ပြောပါတယ်။ ပရိသတ်ရဲ့ ဟဒယကို ထိပါတယ်။ ရယ်ကြပါတယ်။

အားလုံး အဆင်တပြေဖြစ်လာပါပြီ။ သည်လိုနဲ့ ဆရာမောင်နေဝင်းက ဆရာ ပြောနေကျအတိုင်း မငွေရီ စာမတတ်လို့ လူလိမ်က လှည့်ဖျားတာ ခံလိုက်ရပြီး ချုန်းပွဲချငိုလောက်တဲ့အဖြစ်ကို ပီပီပြင်ပြင် ပြောပါတော့တယ်။

ပရိသတ်က ငြိမ်ပြီး နားထောင်နေတုန်း…

လွမ်းစရာ မျက်ရည်စို့စရာအခန်းလည်းရောက်ရော… ဆရာတော့် ချိုင်းကြား ခြင်ကိုက်ပါတော့တယ်။

ဆရာတော်လည်း ဆရာမောင်နေဝင်းရဲ့ဟောပြောချက်မှာ အာရုံဝင်စားနေခိုက်မို့ သတိလစ်ပြီး ချိုင်းကြားကခြင်ကို မောင်းဖို့ ကြိမ်လုံးကိုင်ထားတဲ့ လက် မြှောက်လိုက်မိပါရော။

ရင်ဆို့စရာ အလွမ်းခန်းပြောနေတုန်းမှာ…

“ဝါး ဟားဟားဟား…”

ရယ်သံကြီးက တခဲနက်ထွက်လာပါတော့တယ်။ ဆရာမောင်နေဝင်း ကြောင်ပြီး ရပ်နေတယ်။ ဆရာတော်လည်း ဖျတ်ခနဲ သဘောပေါက်သွားပြီး မိုက်ကရိုဖုန်း ရှေ့ကို ကြွလာတယ်။

“ဟေ့ကောင်တွေ ငါ့ချိုင်းကြား ခြင်ကိုက်လို့ လက်မြှောက်မိတာကွ ဒါ ရယ်စရာမဟုတ်ဘူး။ ငိုစရာ၊ ဘုန်းကြီးတောင် ရင်ထဲဆို့လာတယ် မင်းတို့ကွာ… အင်း… ငါကလည်း ငါပါပဲကွာ။ ကိုင်း.. ကိုင်း.. ဆက်ပြော စာရေးဆရာဒကာရေ ကောင်းတယ်ကွ။ ငါလည်း အောက်ဆင်းမှ ဖြစ်တော့မှာပဲ။ ကဲ… ပရိသတ်တို့ မင်းတို့လည်း ရယ်စရာရှိ ရယ်ကြ၊ ငိုစရာရှိ ငိုကြပေရော့ဟေ့…” အဲဒါ လော်စပီကာက ထွက်သွားတဲ့ အသံကြီးပါပဲ ခင်ဗျား။

For Babygirls to Learn

အပျိုမတွေ မငိုရလေအောင်

———————–

ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။

လူမှုရေးကိစ္စတွေ စေတနာ့ဝန်ထမ်း နားထောင်ပေး၊ ကူတွေးပေးတဲ့ အလုပ်ကလေး လုပ်နေတာ တစ်နှစ်ကျော်၊ နှစ်နှစ်နီးခဲ့ပြီဆိုတော့လည်း ကျွန်တော့်ဆီကို ရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့် အများစုကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။ အမျိုးသားတွေထဲကလည်း အခုနောက်ပိုင်းမှာတော့ အမျိုးသမီးအရေအတွက်လောက် မများဦးတောင် တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူးရတယ်။

လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။

သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ ကျွန်တော့်အတွက် ရေးစရာက ရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲ ယောက်ျားတွေရဲ့အချစ်ကို အကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့အတွက်လည်း ကျေနပ်ကြည်နူးမိသွားရတယ်။ (တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို ချီးမွမ်းခြေကျောက်လုပ်ကြတယ်။ ဘာလို့ ဖွင့်ချရတာတုန်းတဲ့ဗျား။)

ထားပါတော့လေ။ ကလေးမလေးရဲ့ ပြဿနာကိုပဲ ပြောရအောင်ပါ။

သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊ ဒုတိယနှစ် တက်နေတဲ့ကျောင်းသူလေး။ အဲဒါ သူ့ချစ်သူက သူ့ကို ဆိတ်ကွယ်ရာသွားဖို့ မရမက ခေါ်နေသတဲ့။ ကလေးမလေးကလည်း ငြင်းတယ်။ ကလေးမလေးရဲ့စကားက ရှင်းပါတယ်။

“သမီး အိမ်ထောင်မပြုချင်သေးဘူးဆရာ၊ သမီးမှာ ရည်မှန်းချက်တွေလည်း ဘာဆို ဘာမှ မပြည့်စုံသေးဘူး။ မိဘတွေကိုလည်း သမီး လုပ်ကျွေးချင်သေးတယ်”

သိပ်ကောင်းတဲ့ စကားလေး။

ဒါပေမယ့် သူ့ချစ်သူက ဇွတ်ခေါ်နေတယ်။ မလိုက်ရင် ချစ်သူနဲ့ ကွဲချင်ကွဲရလိမ့်မယ်တဲ့။ အဲဒါ ဘာလုပ်ရမလဲလို့ ကျွန်တော့်ကို လာတိုင်ပင်တာတဲ့။
ကျွန်တော် ဘယ်လို ပြောမယ် မှတ်သလဲ။ တစ်ခေါက်တလေတော့ လိုက်သွားပါ သမီးရယ်လို့ ပြောရမှာလား။ ဘယ်ဖြစ်ပါ့မလဲ။ ကျွန်တော့်မှာလည်း သမီးနဲ့။ ကိုယ့်သမီးလေးကိုသာဆို ပြောဖြစ်မယ့် စကားကိုပဲ ပြောရပါတယ်။

“မှန်လိုက်တာ။ သမီး သိပ်မှန်တာပေါ့။ ကိုယ့်ကိုယ်ကိုယ်ကို ကိုယ်ကိုယ်တိုင်က တန်ဖိုးထားမှ ရမှာ။ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ ထိန်းသိမ်းနိုင်တာ။ သမီး သိပ်တော်တာပဲ”လို့ ကျွန်တော် ချက်ချင်းပြောဖြစ်ခဲ့တယ်။

ကလေးမလေးက အချီးကျူးခံလိုက်ရလို့ ဝမ်းသာပုံ မပြဘူး။ မျက်လုံးလေး ပေကလပ်၊ ပေကလပ်နဲ့၊ ကျွန်တော့်ကို ကြည့်နေသေးတယ်။

“ဘာလဲ၊ သမီးက သူနဲ့ ကွဲသွားမှာ စိုးလို့လား”လို့ မေးလိုက်တော့ ခေါင်းလေး တဆတ်ဆတ်ညိတ်တယ်။

“ဒါဖြင့် သူ့အလိုကို လိုက်တော့မယ်ပေါ့”လို့ မေးပြန်တော့ ခေါင်းကို သွက်သွက်ခါတယ်။

“ဒါဆိုလည်း ရှင်းနေတာပဲ သမီးရယ်၊ အလိုမလိုက်လို့ ကွဲချင်လည်း ကွဲပါစေ။ ထိန်းသိမ်းရမှာက သမီးတာဝန်ပဲ”လို့ ပြောလိုက်ရပါတယ်။

အမှန်တော့ သည်ကလေးမလေး အပါအဝင် ဒါမျိုးကိစ္စနဲ့ ကျွန်တော့်ဆီ ရောက်လာသူတွေ လေး-ငါးယောက် မကတော့ပါဘူး။ သည်တစ်ယောက်ပဲ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်နဲ့ လာတွေ့ချိန်အထိ ထိန်းသိမ်း စောင့်ရှောက်နိုင်တာ တွေ့ရဖူးပါသေးတယ်။ ကျန်တဲ့သူတွေကတော့ ချစ်သူအလိုကျ မလိုက်လျောသင့်တာကို လိုက်လျောမိရာက စိတ်ညစ်ကုန်ရတဲ့သူတွေပါ။

သည်နေရာမှာ ယောက်ျားတွေအကြောင်းကို မိန်းကလေးတွေ သိအောင် ထပ်ပြောပြချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ယောက်ျားထဲက ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် သည်ကိစ္စနဲ့ ပတ်သက်လို့ တစ်စက်မှ မကင်းတဲ့အပြင် ရည်းစားသက်စေ့ထားခဲ့ဖူးသူ ဖြစ်တဲ့အတွက်လည်း သည်ကိစ္စနဲ့ ပတ်သက်ရင် အပိုင်ပြောလို့ ရမယ်ထင်ပါတယ်။

ကျွန်တော့်အသက် ၁၉နှစ်အရွယ်မှာ ရည်းစားအဖြစ် ပြောင်ပြောင်တင်းတင်း (သူ့ရှေ့ကဟာတွေက ခြေအေးဝမ်းရောင်တွေပါ)စတင် တွဲခဲ့သူမှသည် ၂၀ဝ၁ခုနှစ် နှစ်ဦးမှာ လမ်းခွဲလိုက်တဲ့ (အိမ်ထောင်ရှင်တန်မဲ့နဲ့ ထားခဲ့ဖူးတဲ့) ရည်းစားအထိ ရှိရှိသမျှ ရည်းစားအားလုံးကို ဟုတ်ကဲ့… “ဆိတ်ကွယ်ရာ”ကို ခေါ်သွားဖူးတာချည်းပါပဲ ခင်ဗျား။ [မယုံရင် ၁၉၇၆-၇၇ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း ထဲမှာ ကျွန်တော့် ပထမဆုံး ရည်းစားအဖြစ် ထားခဲ့ဖူးသူကို ဆိတ်ကွယ်ရာ အခေါ်ကောင်းလို့ ဒုက္ခများတဲ့အကြောင်း ရေးထားတဲ့ ကိုယ်တွေ့ ဝတ္ထုလေးကို ရှာသာ ဖတ်ကြည့်ကြပါ။ ကျွန်တော့်ရဲ့ ခြေရာပြိုးပြောက် လွမ်းပွင့် ကောက်သီ ကိုယ်တိုင်ကြုံဝတ္ထုတိုများ စာအုပ်ထဲမှာ ပါပါတယ်။]

ပြောချင်တာက သမီးရည်းစားရယ်လို့ ဖြစ်လာရင် ယောက်ျားတွေဟာ ဘာမှန်းကို မသိဘူး။ ဆိတ်ကွယ်ရာကိုမှ ခေါ်မသွားရရင် မနေတတ်ကြပါဘူး။ အဲ… လိုက်တဲ့သူက လိုက်လာပြီဆိုရင်လည်း အဲဒီ့ ကိုရွှေယောကျာ်းသားများဟာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတိုး တက်ဖို့လည်း တစ်စက်မှ ဝန်မလေးတတ်ကြပြန်ဘူး။

အဲ… ခေါ်ရာကို မလိုက်ဘူးဆိုရင်လည်း မျက်နှာတော်ညို၊ အလိုမကျဖြစ်ပြီး အမျိုးစုံ ဂျီကျ၊ ဂျစ်တိုက်၊ မောင့်ကို မချစ်လို့လား၊ မယုံလို့လား စသဖြင့် မျက်ရည်ခံထိုး၊ အမျိုးမျိုး ပပ်ချွဲနှပ်ချွဲ လုပ်တတ်တာလည်း အဲဒီ့ ကိုရွှေယောက်ျားသားများပါပဲ ခင်ဗျာ။

ဒါဟာ အခုမှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်ကတည်းကပါ။ “လရောင်ကို မကြောင်ဝံ့လို့၊ သစ်ပင်အောက်ကို မှောင်ခိုကာရယ်၊ နှစ်ယောက်သား တွေ့ကြရာဝယ်”ဆိုတဲ့ ဟိုး ရှေးရှေးကတည်းက ယောကျာ်းနဲ့မိန်းမ သမီးရည်းစားဘ ဝရောက်ကြပြီဆိုတာနဲ့ နှစ်ယောက်ချင်းသာ တွေ့ချင်တဲ့ အာသီသက အဖိုမှာရော အမမှာပါ ရှိတတ်စမြဲပါ။

ဒါပေမယ့် အမျိုးသမီးတွေ ချစ်သူနဲ့ နှစ်ယောက်ချင်း တွေ့ချင်တာက လွတ်လွတ်လပ်လပ် တွတ်ထိုးချင်လို့ပါ။ နွဲ့ချင်၊ မီချင်လို့ပါ။ ဒါပေမယ့် အစ်ကို ကာလသားများကတော့ သူတို့ ချိန်းတဲ့နောက် ကောက်ကောက် ပါအောင် လိုက်လာပြီဆိုကတည်းက သူလည်း ငါလိုပဲ၊ ငွေပင်လယ် လက်ပစ်ကူးချင်စိတ် အပြည့်နဲ့လို့ ထင်ကုန်တတ်ကြပါတယ်။ အဲသလို ထင်ကုန်အောင်လည်း မမတွေဖက်က ချစ်သူကို ချစ်တာလေး တစ်ခုတည်းနဲ့ပဲ မလိုက်လျောသင့်တာတွေ လိုက်လျောဖြစ်နေတတ်ကြတာကိုး။ အမှန်ကတော့ ယောက်ျားတွေမှာ ရှိတဲ့ စိတ်မျိုးနဲ့ တုံ့ပြန်တာထက် ကိုယ့်ချစ်သူ စိတ်ချမ်းသာစေချင်လို့ စုံလုံးကန်းပြီး ဇွတ်မှိတ်ကြတာက အများစုပါ။ သည်မှာတင် မိန်းမတွေများ နှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် အပြောခံကုန်ရတော့တာပါပဲ။

အခုခေတ်ကျတော့ ပိုဆိုးပါတယ်။ ဗီဒီယို စက်တွေ ပေါ်လာတဲ့အခါမှာ အိုးမကွာ၊ အိမ်မကွာလည်း ကြည့်စရာတွေက ပေါလာ၊ ဗှီစီဒီဆိုတဲ့ ဓာတ်ပြားလေးတွေကလည်း ပေါပေါလောလောနဲ့ဆိုတော့ ယောက်ျားလေးတွေမှာ အတုမြင်ဖို့က အရင်ခေတ်ကထက် ပိုလို့ လွယ်လာပါတော့တယ်။ အတတ်သင်ဖို့ကျတော့ ကိုယ်နဲ့ လက်ရှိတွဲနေတဲ့ ချစ်သူက ပစ်မှတ်ဖြစ်ကုန်ပြန်တယ်။

ကိုယ့်တုန်းကလည်း ရည်းစားရှိလာရင် ဆိတ်ကွယ်ရာမှာ တွေ့ဖို့ ချိန်းခဲ့တာချည်းဖြစ်ပေမယ့် ကိုယ့်နှမ၊ သူ့နှမ၊ ကိုယ့်သမီး၊ သူ့သမီးကျတော့ သတိ မပေးလို့က မဖြစ်တော့ဘူး။

အရွယ်ရောက်နေတဲ့ (၂၀ကျော်) မိန်းကလေးတွေ ကိုယ့်သဘောနဲ့ ကိုယ်လိုက်ချင်လို့ လိုက်သွားမယ်ဆိုလို့ကတော့ သဘောပါပဲ။ ကိုယ့်ကိုယ်ပိုင် လွတ်လပ်ခွင့်မို့ ဘယ်သူကမှ ကန့်ကွက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုတော့ မမများ ကိုယ့်ဘာသာ သေချာစဉ်းစား သိရှိထားသင့်ပါတယ်။

ဆိတ်ကွယ်ရာကို လိုက်မိပြီဆိုကတည်းက…

(၁)    ကိုယ့်ကို အလိုတူ အလိုပါအဖြစ် ယောက်ျားလေးဘက်က အလိုလို သတ်မှတ်လိုက်ပြီဆိုတာကို နားလည်ထားရပါမယ်။

(၂)    လက်ကလေးကိုင်ရုံ၊ နဖူးကလေး နမ်းရုံ၊ ပခုံးကလေး ဖက်ရုံလောက်နဲ့တင် ပြီးမှာ မဟုတ်ဘူးဆိုတာကိုလည်း ကြိုတင် တွက်ဆထားရပါမယ်။ သိပ်လျင်တဲ့ ယောကျာ်းသားတွေဆိုရင် ဝရုန်းသုန်းကား မဟုတ်ဘဲနဲ့ လက်ကလေးကိုင်ရင်း၊ နဖူးကလေး နမ်းရင်းနဲ့ အချိန်ဆွဲပြီး “ကျုံးသွင်း”တတ်ကြတာမို့ ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်မှာ ငိုက်ခနဲ ညွတ်ကျသွားမှန်း မသိလိုက်ရသူတွေလည်း ရှိတတ်တယ်။ ဒါတွေကို ကြိုမြင်ထားဖို့လိုတယ်။

ဒါက မလိုက်ခင်ကတည်းက သိနေရမှာပါ။ ဒါကို သိသိကြီးနဲ့ လိုက်ရင်တော့…

(၁)    အလိုတူလို့ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်

(၂)    မိမိစိတ် မိမိနိုင်နိုင်နင်းနင်းနဲ့ ဘယ်အတိုင်းအတာအထိ လိုက်လျောမယ်လို့ ပိုင်းဖြတ်ပြီး ရပ်သင့်တဲ့အချိန်ကျရင် တိခနဲ ရပ်နိုင်စွမ်း ရှိလို့ရင်လည်း ဖြစ်နိုင်ပါတယ်။

သည်နေရာမှာ “ဟင့်အင်း၊ လုံးဝ မလိုက်လျောနိုင်ဘူး”လို့ ပြောတာ (ဝါ) ငြင်းဆန်နိုင်တာဟာ အရည်အချင်းပါ။ အသိဉာဏ် ရှိတာပါ။ ရင့်ကျက်တာပါ။

နမူနာလေးနဲ့ ပြောပါရစေ။ ကလေးဘဝတုန်းက “မိဖြူနဲ့ ငါနဲ့ မခေါ်ဘူးဟ၊ နင်လည်း သူ့ကို မခေါ်နဲ့နော်”လို့ ပြောရင် လိုက်လျောမိတတ်ကြပါတယ်။ အရွယ်လေး ရလာတော့ အဲဒါမျိုးလာပြောရင် “ဘာဆိုင်လို့တုန်း၊ နင့်ဘာသာ မခေါ်ချင်မခေါ်နဲ့ပေါ့။ နင်မခေါ်တာနဲ့ ငါလည်း မခေါ်ဘဲနေရမယ်ဆိုတာကတော့ အဓိပ္ပာယ် မရှိဘူးဟာ”လို့ ပြောဖြစ်နေနိုင်ပါတယ်။ ဒါဟာ ရင့်ကျက်လာမှု၊ အသိဉာဏ်ရှိမှုကို ပြသတာ မဟုတ်ဘူးလား။

အလားတူပဲ၊ မူးယစ်ဆေးဝါးတစ်ခုခုကို စမ်းကြည့်ရအောင်လို့ သူငယ်ချင်းက အဖော်စပ်လာချိန်မှာလည်း “ဟင့်အင်း”လို့ ငြင်းနိုင်တာဟာ အသိဉာဏ်ရှိတာကို ပြတာပါပဲ။ ကလေးဘဝတုန်းက သူများ ပစ္စည်းသော၊ ဘာသော မသိ၊ လိုချင်ပြီဟေ့ဆိုရင် တဂွဲဂွဲ အော်ငိုတတ်ကြပေမယ့် အသက်ကလေး ရလာတာနဲ့အမျှ သူများပစ္စည်းကို ပေးသူက ပေးလို့ အလကား ရမယ်ဆိုရင်တောင် ချိန်ဆကုန်ကြတာ၊ ပေးကမ်းမှုရဲ့ နောက်ကွယ်က ငါးမျှားချိတ်ကိုပါ တွက်ကုန်ကြတာဟာ အသိဉာဏ်ရှိတာ၊ ရင့်ကျက်တာပါ။

ဒါကြောင့် ကိုယ့်ချစ်သူက အဆင့်တွေ ကျော်ဖို့ အားထုတ်တဲ့အခါမှာလည်း ကိုယ့်ဘက်က ယတိပြတ် ငြင်းပယ်နိုင်တာဟာ ကိုယ့်မှာ အသိဉာဏ် မနုံ့နဲ့ရာ၊ ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်ရှိရာ ရောက်တာမို့ ကိုယ် မလိုက်လျောနိုင်ရင် ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ရပါမယ်။ ငြင်းပယ်တတ်ရပါလိမ့်မယ်။

အဲ… အဲသလိုမှ မဟုတ်ဘဲ၊ လိုက်လည်း လိုက်သွားမိတယ်၊ ငြင်းဖို့ကလည်း အားနာတယ်၊ ကိုယ့်ချစ်သူက ကိုယ့်ကို အမျိုးစုံ ဂျီကျ၊ မျက်ရည်ခံထိုးတဲ့ဒဏ်ကို မခံနိုင်တော့လို့လည်း လိုက်လျောမိသွားတယ်ဆိုရင်တော့ ဖြစ်လာနိုင်ချေရှိတဲ့ အကျိုးဆက်တွေက တစ်စက်မှ မကောင်းလှပါဘူး။

(၁)    ကိုယ့်ချစ်သူက ကိုယ့်ကို တန်ဖိုးထားတော့မှာ မဟုတ်တော့ပါဘူး။ လုံးလုံး တန်ဖိုးမထားတော့တာမျိုး မဟုတ်ရင်တောင် ကိုယ့်ကို အရင်ကလောက် တန်ဖိုးထားတော့မှာ မဟုတ်တာတော့ သေချာပါတယ်။ လွယ်လွယ်နဲ့ရရင် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူ မှန်ရင် သိပ်တန်ဖိုးမထားတတ်တာ သဘာဝပါ။ ဒါကြောင့် ကိုယ့်ဘက်က လွယ်လွယ် လိုက်လျောမိလို့ ကိုယ့်ဈေးပျက်သွားတာ၊ သူ့ဘက်က တန်ဖိုးမထားတာဟာ စေ့စေ့တွေးရင် ကိုယ့်အပြစ်တွေချည်းပါ။

(၂)    တစ်ခါလိုက်လျောမိပြီဆိုတာနဲ့ အခါအခါ အထပ်ထပ်လိုက်လျောရတော့မှာလည်း သိထားဖို့ လိုတယ်။

(၃)    သည်အထဲမှာမှ အရေးအကြီးဆုံး အချက်၊ အဓိကအကျဆုံးအချက်က ကိုယ့်ချစ်သူဆိုပေမယ့် ကိုယ်နဲ့ တစ်အိမ်တည်း နေတာမဟုတ်ပါဘူး။ မနက်အိပ်ရာထက ညအိပ်ရာဝင်ချိန်အထိလည်း ကိုယ့်မျက်စိအောက်မှာ ရှိနေသူ မဟုတ်ပါဘူး။ ဒါကြောင့်သူ့နောက်ကြောင်း ရာဇဝင်ကို သူပြောသလောက်သာ သိထားရတာပါ။ သူဟာ ကိုယ့်ရှေ့မှာ ဘယ်လိုအမျိုးသမီးတွေနဲ့ ယဉ်ပါးခဲ့မှန်း ကိုယ် ဘယ်လိုနည်းနဲ့မှ အမှန်အတိုင်း မသိနိုင်ပါဘူး။ သည်အခါမှာ သူ့မှာ အိပ်ခ်ျအိုင်ဗှီဆိုတဲ့ ကုရာနတ္ထိရောဂါပိုး ရှိနေမယ်ဆိုရင် ကိုယ့်ကိုပါ အလိုလို ကူးစက်လာမယ့် အန္တရာယ်ကြီးက ကျောချမ်းစရာကြီးပါ။ အိပ်ခ်ျအိုင်ဗှီပိုး ရှိသူတွေမှာ ချိုပေါက်နေတာမဟုတ်ဘဲ သူလို ကိုယ်လို သွားသွားလာလာ၊ ကျန်းကျန်းမာမာမို့ ကိုယ့်ချစ်သူကို အမြင်နဲ့တင်၊ သူ့စကားတစ်မျိုးနဲ့တင် ယုံလို့မရဘူးဆိုတာ သတိချပ်ကြစေလိုပါတယ်။ အစီအစဉ်အတိုင်း အမှတ်စဉ်ထိုးပြီး ပြောနေလို့သာ ဒါက နံပါတ်(၃)ဖြစ်သွားတာပါ။ တကယ်တော့ သည်အချက်ဟာ ထိပ်ဆုံး နံပါတ်တစ်က သတိထားရမယ့် အချက်ပဲဖြစ်ပါတယ်။

(၄)    နောက်ထပ်အန္တရာယ်ကတော့ တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလို့ ခေါ်တဲ့ ကာလသားရောဂါ အမျိုးမျိုး ကူးစက်လာနိုင်စရာ ရှိတာတွေပါပဲ။ ဒါ့အပြင် ရေယုန်ပေါက်တာလို၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးလိုဟာတွေလည်း ကူးစက်လာနိုင်ပါတယ်။ ဒါတွေကလည်း လူကောင်းပကတိတွေဆီမှာ ခိုအောင်းနေနိုင်တဲ့ ရောဂါပိုးတွေပါပဲ။

(၅)    ရောဂါတွေပြီးတဲ့နောက် တခြားဆိုးရွားတဲ့အကျိုးဆက်ကတော့ ကိုယ်ဝန်ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိလာတဲ့အခါ မောင်မင်းကြီးသားများက တာဝန်ယူရင် တော်ရဲ့၊ တာဝန်မယူရင် မမများပဲ အကျိုးနည်းရမှာပါ။ တာဝန်ယူတဲ့အခါမှာလည်း ကဲတုန်းက သူတို့ပဲ ဇွတ်ကဲခဲ့သူ ယောကျာ်းသားများပေမယ့် ကိုယ်ဝန်ကြောင့် ယူလိုက်ရရင် အဲဒီ့မိန်းမအပေါ်မှာ အခြောက်တိုက် ညိုးတတ်တဲ့ယောက်ျားတွေလည်း မျက်စိနဲ့ တပ်အပ် မြင်ဖူးပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ကြောင့် ကိုယ့်ကို ယူလိုက်တဲ့ ယောက်ျားဟာ ကိုယ့်အပေါ်မှာ အလိုလို အသာစီး ယူသွားတတ်တယ်။ တာဝန်မယူတဲ့သူနဲ့ တွေ့တဲ့အခါမျိုးကျတော့ ဘဝပျက်သွားနိုင်တာ အထူး ရှင်းနေစရာ မလိုတော့ဘူး ထင်ပါတယ်။

ဒါကြောင့် ချစ်သူရည်းစား ထားနေကြတဲ့ မိန်းကလေးများအနေနဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို ဆိတ်ကွယ်ရာကို ခေါ်ရင်၊ ဆိတ်ကွယ်ရာမှာ တွေ့ဖို့ ချိန်းရင် သတိထားကြစေချင်ပါတယ်။ သည်အချက်တွေကို လေးလေးနက်နက် စဉ်းစား ဆင်ခြင်ကြစေချင်ပါတယ်။

သည်အတွက် ချစ်သူနဲ့ ကွဲရရင် ဘယ်လိုလုပ်မလဲလို့ မေးစရာရှိပါတယ်။ ကျွန်တော့်စာအစမှာ ဖော်ပြခဲ့တဲ့ ကလေးမလေးကလည်း ကျွန်တော့်ကို မေးသွားပါတယ်။

ကျွန်တော် ဖြေလိုက်ပါတယ်။ အဲသလို အလိုမလိုက်လို့ ကွဲသွားမှတော့ ကိုယ့်ချစ်သူဟာ ကိုယ့်ကို တကယ်ချစ်တာမဟုတ်မှန်း၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ်လက်နှီးနှောမှုကိုသာ လိုချင်မက်မောမှန်း အလိုလို သက်သေပြလိုက်ရာ ရောက်ပြီးသားမို့ တကယ်တမ်းမှာ အဲလိုလူမျိုးနဲ့ လွဲသွားတာဟာ လွမ်းစရာ တစ်စက်မှ မရှိပါဘူး။ နောက်တစ်ချက်က ချစ်သူတစ်ယောက် မရှိတော့ရင် နောက်တစ်ယောက်နဲ့ အစားထိုး လို့ရပါတယ်။ ကိုယ့်ရဲ့ ပျက်သွားတဲ့ ဘဝအနေအထားကိုတော့ ဘာနဲ့မှ အဖတ်ဆယ်လို့ မရနိုင်ပါဘူး။ ဆိုလိုတာက အပျိုရည်တစ်ခါပျက်ပြီးရင် အပျိုပြန်မဖြစ်နိုင်တော့ပါဘူး။

တစ်ယောက်တည်းကိုပဲ ချစ်ပြီး တစ်ယောက်တည်းနဲ့ပဲလက်ထပ်ချင်တယ်ဆိုတဲ့ အူကြောင်ကြောင် အယူအဆတွေကိုလည်း လက်ကိုင် မထားကြစေချင်ဘူး။ လူတွေအများကြီးနဲ့ ပေါင်းပြီးမှ ဘယ်ဟာက သူငယ်ချင်းကောင်း၊ ဘယ်ဟာက သာပေါင်း ညာစား၊ ဘယ်ဟာက အပေါ်ယံလို့ ဆုံးဖြတ်နိုင်တယ်။ ဆွေမျိုးတွေ တစ်လှေကြီး ကြားမှာလည်း ဘယ်သူက မိတ်ဆွေကောင်း၊ ဘယ်သူက အရေးဆို အားမကိုးရဘူး၊ ဘယ်သူက ဖက်လှဲတကင်း မနေတတ်ပေမယ့် အရေးကျ အားကိုးရတယ်စသဖြင့် နေရင်းနဲ့မှ သိလာရပါတယ်။ သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်၊ ဆရာသမားပဲဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊ လူတွေဖြစ်ကြတာမို့ လူအကြောင်းဟာ ပေါင်းရင်းနဲ့မှ သိလာပြီး ဘယ်သူကဖြင့် ကိုယ်နဲ့ အဆင်ပြေတယ်၊ အစပ်တည့်တယ်၊ ရေရှည်လက်တွဲနိုင်တယ်ဆိုတာကို အများထဲက ရွေးပြီးမှ ဆုံးဖြတ်ယူရတတ်စမြဲပါ။

ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ဆိုတာလည်း နတ်ပြည်က လာတဲ့သူတွေမဟုတ်ပါဘူး။ လူထဲက လူတွေချည်းပါပဲ။ အဲဒီ့ လူတွေထဲက လူတွေကိုမှ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆို ပိတောက်ဆိုပြီး လက်ထပ်သူနဲ့ ချစ်သူကို တစ်ယောက်တည်း ဖြစ်ချင်တယ်ဆိုတာဟာ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းရာ ကျပါတယ်။ မြန်မာလည်း မပီသပါဘူး။ ဘာလို့ဆို၊ ရှေးလူကြီးသူမတွေ ကိုယ်၌က ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လို့ ဆိုထားခဲ့တဲ့ မြန်မာစကားဟာ အင်မတန် ဓမ္မဓိဋ္ဌာန်ကျတဲ့ စကားဖြစ်နေလို့ပါပဲ။

အဲတော့ အပျိုမတို့အနေနဲ့ မိမိတို့ရဲ့ ချစ်သူရည်းစားက ကိုယ့်ကို ဆိတ်ကွယ်ရာမှာ တွေ့ဖို့ ချိန်းဆိုမယ်၊ ခေါ်သွားမယ်ဆိုရင် သဘောမလွယ်မိမှ ဒူးနဲ့ မျက်ရည် မသုတ်ရမှာကို တွေးတတ်နေစေချင်လှပါတယ်။

ထပ်ပြောပါရစေ…

ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်သာ ထိန်းသိမ်းနိုင်ကြမှာပါ။ ကိုယ့်အရည်အချင်းကိုလည်း ကိုယ်ကိုယ်တိုင်သာ မြှင့်တင်နိုင်ရိုး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝကိုလည်း ကောင်းအောင်၊ ဆိုးအောင် မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းမှာ ချမှတ်လိုက်တဲ့ ကိုယ့်ဆုံးဖြတ်ချက်ကသာ လုပ်နိုင်ပါတယ်။

ဒါကို စဉ်းစားမိကြမယ်ဆိုရင်…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

———————————-

(၂၀၀၃ခုနှစ် ဧပြီလထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

Notable Comments

လေးစားခင်မင်စွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျား

———————————

16 August 2009 နေ့စွဲနဲ့ တင်ထားတဲ့ A Language is a Vehicle (ဘာသာစကားသည် ယာဉ်၊ သင်ယူခြင်းမူ အရွယ်မဟူ)ဆိုတဲ့ Post ရဲ့ comment တွေက သိပ်မများပေမယ့် ဆွေးနွေးချက်လေးတွေက စိတ်ဝင်စားစရာကောင်းတယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီ့မှာ ရှည်ရှည်ဝေးဝေး ပြန်ဆွေးနွေးထားပါတယ်။ မြန်မာစာကို စိတ်ဝင်စားသူများ၊ မြန်မာစာကို တန်ဖိုးထားသူများအတွက် အတော်လေးလည်း စဉ်းစားစရာတွေ ရလာနိုင်မယ်ထင်တာမို့ မဖတ်ရသေးရင် ဖတ်ကြည့်ကြဖို့နဲ့ အဲဒီ့ comments များကိုပါ ဖတ်ကြည့်ကြဖို့ရော အင်တိုက်အားတိုက် ၀င်ရောက်ဆွေးနွေးကြဖို့ပါ လေးစားခင်မင်စွာ ဖိတ်မန္တက ပြုလိုက်ပါရစေလားခင်ဗျား။

Emails

၂၄-၀၈-၀၉ ည ၁၀း၅၃မှာ ကျွန်တော့်ဆီ ၀င်လာတဲ့ ဓာတ်ချောစာက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဆရာ
ကျွန်တော်က ဆရာ့စာဖတ်ပရိတ်သတ်တစ်ဦးပါ။ ဆရာ့ရဲ့ web site ကို ကျွန်တော် ရောက်ခဲ့တယ် ဆရာ။ comming soon လို အပြင်မှာလဲ parami meter taxi လို့ တွေ့နေရတယ် ဆရာ။ parami metered taxi နဲ့ paremi meter taxi ဘယ်ဟာ မှန်လဲဆိုတာ ပြောပြပေးပါဆရာ၊ နောက် မျိုးကြီးသီချင်း စီးရီးတိုင်တယ် နိစ္စဓူဝကို ဘယ်လို အသံထွက်လဲ ဆိုတာပါ ပြောပြပေးပါဆရာ။ နိတ်တဓူဝလို့ ထွက်လား နိတ်စဓူဝလို့ ထွက်လားဆိုတာ ကျေးဇူပြုပြီး စာပြန်ပေးပါဆရာ။

ကျေးဇူးတင်ပါတယ်
မိုးထွန်း
—————————————

ကျွန်တော့်ဘက်က ပြန်ကြားတဲ့ စာက သည်လိုပါ။

ကိုမိုးထွန်းခင်ဗျား

မီတာက နာမ်ပါ။ ကြိယာ မရှိပါဘူး။ ဒါ့ကြောင့် ပါရမီ မီတာ တက္ကစီက အမှန်လို့ ပြောလို့ရမယ် ထင်ပါတယ်။ ၂၀၀၇ခုနှစ်ပုံနှိပ်မူနဲ့ Cambridge Advanced Learner’s Dictionary 3rd Edition မှာ ပေးထားတဲ့ နမူနာတစ်ခုက a 15-metre yacht တဲ့။ ၁၅မီတာရှည်တဲ့ ရွက်လှေပေါ့။ အဲတော့ အဲဒါနဲ့ ချိန်ထိုးမယ်ဆိုရင် Parami Metre (Meter) Taxi က အမှန်လို့ ပြောနိုင်ပါလိမ့်မယ်။

နိစ္စဓူဝရဲ့ အသံထွက် အမှန်က /နစ်စါ့ဒူဝါ့/ဖြစ်ပါတယ်။ နေ့တဓူဝဆိုတာက လူသုံးများတဲ့ စကားလုံးသစ်တစ်လုံးလို့ပဲ ပြောရမလား မသိဘူး။ အမှားကြာတော့ အမှန်ဖြစ်နေတာလို့ပဲ ဆိုရမလား၊ အများညီလို့ ဤကို ကျွဲဖတ်နေတာမျိုးပဲလို့ ဆိုရမလားပဲ။ “မုသား”မပါ လင်္ကာမချော ဆိုတာမျိုးလိုပေါ့ဗျာ။ အမှန်က မုတ”မပါ လင်္ကာ မချောပါ။ သို့သော် မြန်မာစာကို နှိုက်နှိုက်ချွတ်ချွတ် မတတ်သူများက ကြားဖူးနားဝနဲ့ မုတကို မုသားလုပ်ပြီး စွတ်တွယ်တာကြီးက တအား တွင်ကျယ်သွားတော့ လူတွေ လိမ်ချင်တဲ့အခါ ဆင်ခြေကန်စရာ အဆိုတစ်ခုလို ဖြစ်သွားတာပဲ။

ကျွန်တော့် ဘလော့(ခ်)ထဲမှာသာ မေးထားခဲ့မယ်ဆိုရင် သိပ်ကောင်းမယ်။ ဒါမှ အများလည်း သိရတာပေါ့။ အခုလည်း ခင်ဗျား မေးထားတာလေးကို ဘလော့(ခ်)ထဲ ပြန်ထည့်ချင်ပါတယ်။ ခင်ဗျား သဘောတူမယ်ဆိုရင်ပေါ့။

တွေးဆ ဆင်ခြင်ကြည့်နိုင်ပါစေ
atk

—————————–

ကနေ့မနက်မှာ အဲဒီ့ ကိုမိုးထွန်းဆီက ကျွန်တော့်ဘလော့(ခ်)မှာ ပြန်ထည့်ဖို့ သဘောတူညီတဲ့ ဓာတ်ချောစာ ထပ်ရောက်လာတဲ့အတွက် ပြန်လည် တင်ဆက်ပေးလိုက်တာပါ။   မြန်မာစာကို ချစ်သူများအတွက် အသုံးများ တည့်မလားဆိုပြီးတော့ပါခင်ဗျား။

အဲ… အဲဒီ့ ပြန်စာ ပို့ပြီးတော့မှ ကျွန်တော့်မှာ ပြဿနာတက်နေတယ်။ စိတ်ထဲမှာ တစ်ခုခုမှားနေမှန်း သိလိုက်တယ်။ သေချာ စဉ်းစားတော့ meter ဆိုတဲ့ ကြိယာ ရှိကိုရှိရမယ်လို့ တွေးမိလာတာနဲ့ အဘိဓာန်ကို လှန်ရပြန်တယ်။ အဲဒီ့နောက်တော့ အောက်က အမှားပြင်ဆင်ချက်စာကို ကိုမိုးထွန်းဆီ ၂၀၀၉ သြဂုတ် ၂၆ ရက် မနက် လင်းအားကြီးမှာ ပို့ချမိရပြန်ပါတော့တယ်။

ကိုမိုးထွန်းခင်ဗျား

ကျွန်တော် မှားသွားလို့ အိပ်လို့တောင် မပျော်ဘူး။ metre က ကြိယာမရှိပေမယ့် meter ဆိုတဲ့ ကြိယာတော့ ရှိသဗျ။ “ဓာတ်ငွေ့၊ ရေ၊ လျှပ်စစ်၊ ခရီးမိုင်စတာများကို မီတာဆိုတဲ့ ကိရိယာနဲ့ တိုင်းထွာတာ”လို့ အနက်ရပါတယ်။

အဲလိုဆိုရင်တော့ Parami Meter Taxi ကိစ္စက နည်းနည်းတော့ ပြဿနာရှိသွားပြီ။ ကိုမိုးထွန်း ပြောသလို metered taxi က ပိုဖြစ်သင့်သလားဆိုတာ စဉ်းစားဖို့ ကောင်းလာတယ်။ ခက်တာက ကျွန်တော့် အဘိဓာန်ထဲမှာ အဲဒီ့အတွက် နမူနာ မပါသလို meter အတွက် နာမ၀ိသေသနလည်း မတွေ့မိပြန်ဘူး။ နာမ၀ိသေသနမရှိတဲ့ ကြိယာတွေကို နာမ၀ိသေသနလုပ်တဲ့အခါ -ing သော်လည်းကောင်း၊ -ed ကို သော်လည်းကောင်း ဖြည့်စွက်သုံးတယ်လို့တော့ နားလည်ထားပါတယ်။ cooking utensils (ချက်ပြုတ်ရာမှာ သုံးတဲ့ ပစ္စည်းပစ္စယတွေ)နဲ့ cooked meal (ချက်ပြုတ်ထားသော အစားအစာ)တို့ကြားမှာ နာမ၀ိသေသန သုံးပုံချင်း မတူဘူး။ အဲတော့ metering taxi ဆိုရင် ပိုမှန်မလားလို့ တွေးစရာဖြစ်လာတယ်။ metered taxi ဆိုရင် “မီတာမှတ်ထားပြီးဖြစ်သော”လို့ ဖြစ်နေမလားလို့ တွေးမိလို့လေ။

အဲတော့ အဲဒီ့ကိစ္စအတွက် “မသိဘူးဗျာ”လို့ ကျွန်တော် ဖြေမှ ရိုးသားပါလိမ့်မယ် ကိုမိုးထွန်းရေ။

လန်ဒန်သား ဗြိတိသျှစစ်စစ်တစ်ယောက်ကို မေးကြည့်ရင်တော့ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ ကျွန်တော် ကြုံရင်လည်း မေးထားပေးပါ့မယ်။ သိလာရင်လည်း ထပ်ရေးပါဦးမယ်။

လောလောဆယ်တော့ သည်လောက်နဲ့ပဲ ကျေနပ်ပါဦးလို့ တောင်းပန်လိုက်ပါရစေ

လေးစားစွာ
atk

Published Poem

cat-in-pool

ပြာသို နိုင်းချင်း

———–

(၁)
နှုတ်နဲ့ဖြစ်ဖြစ်
လက်နဲ့ဖြစ်ဖြစ်
ခဏပန်း ချစ်ပြတာမျိုးလောက်တော့
လူမပြောနဲ့
တိရစ္ဆာန်တောင် တတ်တယ်
ဥပမာ
ကြောင်….

(၂)
ခွေးလောက်မှ
အနှစ်မပါဘဲနဲ့
သိပ်ချစ်တာပဲလို့
လာမချွဲနဲ့
ဟဲ့…
ငါ့ အသည်းဟာ
ဗြောင်….

(၃)
ညောင်…
ညောင်…
ညောင်…

——————

တစ်သက်နဲ့တစ်ကိုယ် တစ်ခါသာ မဂ္ဂဇင်းကို ပေးဖူးတဲ့ ကဗျာဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်က “ရှေ့ပြေး”မဂ္ဂဇင်းရဲ့ အဖွင့်ကဗျာအဖြစ် ဖော်ပြခဲ့ဖူးတယ်။ “ဥတ္တရလမင်း”စာချစ်သူများအဖွဲ့က ရန်ကုန်မြို့ ကမ်းနားလမ်းက နန်းသီတာနေရာမှာ ဖွင့်ထားတဲ့ ရွှေဘဲ ဆိုင်မှာ ဧည့်ခံကျွေးမွေးစဉ်က သည်ကဗျာကို ရွတ်ပြမိတဲ့အခါမှာ “ငါ့ကို ပြန်ပို့ကြပါလေ”ဆိုတဲ့ ကဗျာဧတဒဂ် ဖန်မီးအိမ်ကဗျာဆရာကြီးက “အလာကြီးပဲ”လို့ မှတ်ချက်ချခဲ့ဖူးတယ်။

Teach Yourself English

july-sudoninသည်ဘလော့(ခ်)ကို မတင်ဖြစ်ခင် ပဝေသဏီ ၂၀၀၁ခုနှစ်လောက်ဆီက geocities ကနေ website တစ်ခု တင်ခဲ့ဖူးတယ်။ သို့ပေမယ့် ၂၀၀၃ခုနှစ် နောက်ပိုင်းမှာ update မလုပ်နိုင်ခဲ့ဘူး။ အခုထက်ထိလည်း ရှိပါသေးတယ်။ ဒါပေမယ့် geocities က မကြာခင် ရပ်နားတော့မယ်ဆိုတာနဲ့ သည် ဘလော့(ခ်)ကို အူယားဖားယား တင်ခဲ့ပါတယ်။

အခုကျတော့ ရွှေအမြုတေ မဂ္ဂဇင်းရဲ့ website http://shweamyutay.com ကို ၀င်ကြည့်မိရင်းကမှ ကျွန်တော့် ဘလော့(ခ်)မတိုင်မီကတည်းက ကျွန်တော့် အခွက်ကြီးနဲ့ ကျွန်တော့် စာတချို့ဟာ ရောက်နှင့်နေမှန်း တွေ့လိုက်ရပါတယ်။ ရွှေအမြုတေ စာမျက်နှာက Teen မဂ္ဂဇင်းတွေကို ၀င်ကြည့်မယ်ဆိုရင် ကျွန်တော်ရေးထားတဲ့ “ကိုယ်တိုင် လေ့လာ အင်္ဂလိပ်စာ” အခန်းဆက်ကို ဖတ်လို့ရပါလိမ့်မယ်။ အစက စပြီးတော့ မပါနိုင်ပေမယ့် ၂၀၀၈ အောက်တိုဘာလ၊ အမှတ်စဉ် ၃ကနေ ယနေ့ထက်တိုင်အထိ ပါနေတာမို့ အင်္ဂလိပ်စာကို လေ့လာလိုက်စားနေသူများအတွက် အသုံးတည့်လို တည့်ငြား နတ်လမ်းညွှန်လိုက်ပါတယ်။

Brand New Piece: Phone Story (Latest)

ဖုန်းဇော

————————————————

ဖုန်းသံမြည်လာတယ်။

“ဟယ်လို…”

“မိန်းမလား…”

“ရှင်…”

“မိန်းမလားလို့…”

“မ… မဟုတ်ပါဘူးရှင်။ ကျွန်မ သည်အိမ်က အိမ်ဖော်ပါ”

“ဪ… အေး… အေး။ မင်း မမလေးရော ရှိလား”

“ဟုတ်… ရှိပါတယ်ရှင့်”

“မမလေးကို ခေါ်ပေးကွာ။ အရေးကြီးလို့….”

“ရှင်… မမလေးက သူ့အမျိုးသားနဲ့ အိပ်နေပါတယ်ရှင်။ မခေါ်ပေးရဲဘူးရှင့်”

“ဘာ… သူ့ယောက်ျားနဲ့… ဟုတ်လား”

“အင်းလေ… မဟုတ်ဘူးလား…”

“ဘယ်ကလာ… သည်မယ်… ငါကမှ သူ့ယောက်ျား။ ကောင်မက တော်တော် လင်ပေါနေတယ် မှတ်တယ်။ အခု လင်ငယ်နဲ့ အကြည်ဆိုက် နေတယ်ပေါ့။ တောက်… သေမယ့်သာမှတ်။ ဟေ့… ဟေ့… မင်းအခုချက်ချင်း အဲဒီ့အခန်းထဲဝင်ပြီး အဲဒီ့ကောင်မကိုရော၊ သူ့အကောင်ကိုရော သွားသတ်စမ်းကွာ…”

အိမ်ဖော်မလေး ဆတ်ခနဲ တုန်သွားပြီးမှ…

“ရှင်… မ… မလုပ်ပါရစေနဲ့ရှင်…”

“တောက်… နင်ပါ သူတို့နဲ့ အတူ သေချင်လို့လား။ ငါ အခု ချက်ချင်း ပြန်လာလိုက်ရ သုံးလောင်းပြိုင်ဖြစ်သွားလိမ့်မယ်။ သွားစမ်း၊ သွားစမ်း၊ အိမ်ရှေ့ အလှပြစင်ရဲ့ အပေါ်ဆုံး အံဆွဲထဲမှာ သေနတ်ရှိတယ်။ မောင်းလဲ တင်ထားပြီးသား။ ကျည်လဲ အပြည့်ပဲ။ ကြားလား…”

“ဟုတ်… ဟုတ်ကဲ့ရှင့်…”

“အဲဒီ့ သေနတ်ယူပြီး နှစ်ယောက်စလုံးကို ပစ်သတ်။ ဖြစ်သမျှ ငါရှင်းမယ်။ ကြားလား…”

“ဟုတ်… ဟို… ဟိုလေ…”

“ဟိုလေတွေ၊ သည်လေတွေ လုပ်မနေနဲ့။ နင်ပါသေချင်လို့လား”

“မ… မဟုတ်ပါဘူးရှင်…”

“ဒါဆို… သွား… သွားသတ်ချေ”

“ဟုတ်… ဟုတ်… သွား… သွားပါ့မယ်”

ခဏအကြာတွင် ဒိုင်းခနဲမြည်သော သေနတ်သံနှစ်ချက်ကို ကြားလိုက်ရသည်။ အိမ်ဖော်မလေးက ဘေးတွင်ချထားသော တယ်လီဖုန်းကို ပြန် ကောက်ကိုင်လိုက်သည်။

“ပြီး… ပြီးပါပြီရှင်။ ကျ… ကျွန်မ ဘာဆက်လုပ်ရမလဲရှင့်”

“အေး… ပြီးရင် ဂုံနီအိတ်နဲ့ အလောင်းတွေကို ထုတ်ပြီး အိမ်ရှေ့ကို ဆွဲထုတ်လာခဲ့… ပြီးရင် ငါ့ကို ပြန်ပြော…”

“ဟုတ်…”

အတန်ကြာပြီးနောက်…

“ပြီး… ပြီးပါပြီရှင့်။ ဘာဆက်လုပ်ရပါမလဲရှင့်…”

“ပြီးရင် အိမ်ရှေ့က ရေကန်ထဲ ခဏချထား။ ငါ အခုပြန်လာခဲ့မယ်”

“ရှင်… ဘာကြီး… ဘယ်ထဲကို ချရမယ်…”

“ရေကန်ဟေ့… ရေကန်။ နင် နားပင်းနေလား။ တောက်… သည်မှာ ဒေါသထွက်နေရတဲ့အထဲ…”

“ဟို… ဟိုလေ… အိမ်ရှေ့မှာ ရေကန်မရှိဘူးရှင့်…”

“ဘာ… ဘာပြောတယ်…”

“အိမ်… အိမ်ရှေ့မှာ ရေကန်မရှိဘူးရှင့်။ လမ်းမကြီးပဲ ရှိတယ်”

“အယ်… သေ… သေချာရဲ့လား…”

“သိပ်သေချာပါတယ်ရှင်”

“ဒါ… ဒါဖြင့် အဲဒီ့ဖုန်းနံပါတ်က ၁၂၃၄၅၆၇၈ မဟုတ်ဘူးလား”

“မဟုတ်ဘူးရှင့်… ၁၂၃၄၅၆၇၇ ပါ”

“ဟောဗျာ… အင်း… ဘယ်လို ပြောရမလဲ။ ဆောရီးပါနော်။ ဖုန်းမှားသွားလို့… အင်း… အဲ… ဒါ… ဒါပဲနော်”

“ဂွပ်”

🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂

ကျွန်တော့်ဆီကို လှမ်းပို့လိုက်တဲ့ ဓာတ်ချောစာထဲက ဟာသလေးပါ။

ဟာသကို တခုတ်တရ စာဖွဲ့ရတာက အဲဒါမျိုး ကျွန်တော်လည်း ကြုံဖူးလို့ပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်က ဖြစ်ပါတယ်။ အဲတုန်းက ကျွန်တော့်ဖုန်းနံပါတ်က ၈၂၅၂၄။ အဲဒီ့ဖုန်းက ခဏခဏ မှားတတ်တယ်။ ဖုန်း မှားတာကို လျှာအရှည်ကောင်းလို့ အသည်းတစ်ခြမ်း ပွန်းသွားဖူးတဲ့ အကြောင်းတော့ ဝတ္ထုတောင် ရေးပြီးခဲ့ပါပြီ။

အခုသည်ဟာသလေးကို ဖတ်ပြီး ပြန်သတိရတာကတော့ လူတွေရဲ့ လောကြီးတတ်ပုံပါ။ အမေက ဖုန်းကိုင်ပြီး ဟဲလိုလို့ ထူးလိုက်တဲ့အခါ တစ်ဖက်က မိန်းမက “ဟဲ့… နင့်အမေရှိလား” ဆိုတာမျိုးနဲ့ အမေကြုံခဲ့ဖူးပါတယ်။ အမေလည်း ကျွန်တော့်အမေပဲဗျာ၊ ဘယ်ခေမလဲ၊ စိတ်တိုတိုနဲ့၊ “နင့်အမေတော့ မရှိဘူးဟဲ့။ အခုဖုန်းကိုင်တာ နင့်အဘွား”လို့ ပြောပြီး ဂွပ်ဆို ဖုန်းချလိုက်ရဖူးတာမျိုးက အခါခါ။

ကျွန်တော် ကြုံတာကတော့ တစ်မျိုး။ “အဘလား“ဆိုတာ ခဏခဏ ကြုံရတာ။ မှားပါတယ်လို့ ပြေပေမယ့်လည်း ဆက်မှားလို့ ကောင်းနေကြတဲ့ အကြိမ်ရေက များလာတော့ စိတ်က နောက်လာတယ်။

တစ်ရက်မှာ အဲသလို ကြုံလိုက်ရပြန်တယ်။ မနက် စောစောစီးစီးကြီး ခင်ဗျ။ မှတ်မိသေးတော့တယ်။ ဖုန်းထမြည်တော့ အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်ပြီး ထူးလိုက်တယ်။

“ဟယ်လို…”

တစ်ဖက်က…

“အဘလား…”
“အေး… ပြော…”
“သည်… သည်လိုပါ အဘ… ကျွန်… ကျွန်တော်တို့စက်လှေ ပင်လယ်ဝမှာ မြ… မြ… မြုပ်သွားလို့ အကြောင်းကြားတာပါ…”

ကျွန်တော် ခေါင်းမွေးထောင်သွားတယ်။ စိတ်ပေါက်ပေါက်နဲ့ ထင်ရာ ပြောလိုက်တာ ဟိုဘက်က လူက အသည်းအသန်။ သည်အချိန်မှ ဖုန်းမှားနေတယ် ပြောလိုက်ရင် တစ်ဖက်က ဆဲချင်ဆဲသွားနိုင်တယ်။ အဲတော့… ဆက်ကြိတ်ပေါ့။

“ဟ… ဘယ်လိုဖြစ်သွားရတာတုံး”

“အဲဒါတော့ ကျွန်တော်လည်း အသေးစိတ် မသိဘူးခင်ဗျ။ အဲ… အဲဒါ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲလို့ အဘကို မေးတာပါခင်ဗျ”

“မေးနေရသေးလားကွ… ဘာဆက်လုပ်ရမယ်ဆိုတာ မင်းတို့ မသိဘူးလား။ ခက်တဲ့ကောင်တွေကွာ…”

“သိ… သိတော့ သိပါတယ်ခင်ဗျ… ဒါ…. ဒါပေမယ့်”

“အေး… သိရင် သိတဲ့အတိုင်းဆက်လုပ်။ ဒါပဲ”

“ဂွပ်”

ကျွန်တော် ဖုန်းကို အမြန်ပြန်ချခဲ့ရဖူးပါတယ်။

အဲဒါကတော့ တကယ့်အဖြစ်အပျက်ပါ။ လုပ်ဇာတ်ဟာသ လုံးလုံး မဟုတ်ပါဘူး။

ဒါပေမယ့် ဓာတ်ချောစာက ရလာတဲ့ ဟာသမှာရော၊ ကျွန်တော့် ကိုယ်တွေ့အဖြစ်အပျက်မှာပါ ပြဆိုနေတဲ့အချက်က တစ်ချက်တည်း ရှိပါတယ်။ အဲဒါကတော့ လူတွေရဲ့ ကိုယ့်ဇောနဲ့ကိုယ် လောလို့ ပျာလို့ ကောင်းနေတတ်တဲ့ သဘာဝပါပဲ။

အဲဒီ့ လောပျာမှုဟာ တယ်လီဖုန်းဆက်ချိန်မှာ အလွန် သတိထားအပ်ပါတယ်။ ခေတ်မီ ဆက်သွယ်ရေး ကိရိယာတွေဖြစ်ပေမယ့် သူ့မှာလည်း အမှားအယွင်း ရှိနေနိုင်သလို ကိုယ့်ဘက်ကလည်း လောပျာနေတဲ့အတွက် နံပါတ် မှားနှိပ်မိတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ သည်အခါမှာ တစ်ဖက်က ဖြေကြားတဲ့သူဟာ ကိုယ်ဆက်သွယ်လိုတဲ့ ဖုန်းဘက်က ဟုတ်မယ်လို့ အပိုင်တွက်ရင် အမှားကြီး မှားသွားနိုင်ပါတယ်။

သို့ဖြစ်လင့်ကစား လူတချို့ကတော့ အဲဒီ့အကျင့်ကို ပြင်နိုင်ခက်ခဲ ဖြစ်နေတတ်ကြပါတယ်။ အခု ကျွန်တော် တင်ပြလိုက်တဲ့ ဟာသလေးနဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးကို ဖတ်ရှုဖြစ်သွားကြတဲ့ စာဖတ်သူ လူကြီးမင်းများထဲမှာ အဲသလို ခပ်လောလောနဲ့ ဖုန်းထဲမှာ ပြောချင်ရာ စွတ်ပြောမိတတ်သူ တစ်ဦးတစ်လေများ ပါလာခဲ့မယ်ဆိုရင် ဆင်ခြင်နိုင်တန်ကောင်းရဲ့ဆိုတဲ့ အတွေးနဲ့ ဘာမဟုတ်တာလေးကို စာတစ်ပုဒ် လုပ်လိုက်ရကြောင်းပါ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၆၀၈၀၉)

————————————————————————

၂၄-၈-၂၀၀၉ (တနင်္လာနေ့)မှာမှ ထွက်လာမယ့် အတွေးသစ်ဂျာနယ် အတွဲ ၁၀၊ အမှတ်စဉ် ၄၅ မှာ ဖော်ပြထားတာလေး ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့(ခ်)မှာ စကတည်းက အဟောင်းတွေကိုချည်း ပြန်ဖော်ပြနေတာမို့ သည်တစ်ခေါက် အပြောင်းအလဲလေး ဖြစ်သွားအောင် နောက်တစ်ပတ် တနင်္လာနေ့မှာမှ ထွက်လာမယ့် ဂျာနယ်ထဲက အသစ်ကြပ်ချွတ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ အဲ… ဟို တယ်လီဖုန်း တစ်ခြမ်းပဲ့ ဇာတ်လမ်းရဲ့ ဒုတိယပိုင်းကိုတော့ ဘလော့(ခ်)မှာ ဆက်လက် မဖော်ပြတော့ဘဲ ကျွန်တော့်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ”ဆိုတဲ့ ကိုယ်တိုင်ကြုံဝတ္ထုတိုများ စာအုပ်ကိုပဲ ၀ယ်ယူဖတ်ရှုကြပါလို့များ မေတ္တာရပ်ခံလိုက်မယ်ဆိုရင်… ပရိသတ်ကြီးက ကျွန်တော့်ကို မေတ္တာတွေ အတုံးလိုက် အတစ်လိုက် ၀ိုင်းပို့ကြမလား မသိဘူးနော်… (တစ်ဖက်သားကိုလည်း အားနာနေရသေးတယ်လေ… ငှဲ… ငှဲ… ငှဲ…)

Points to Ponder

ရှေ့တင်နှင့် ကွယ်ရာ

———————————————–

ထိုပွဲမှာ ကျွန်တော်က ဧည့်မြှောင်။

ဦးရွှေဉာဏ်နှင့် ကိုကြည်မြမည်သော ကျွန်တော့် မိတ်ဆွေနှစ်ဦးကို ဂုဏ်ပြုသည့် ညစာစားပွဲ။ အစားအသောက် ဖွယ်ရာသော ဆိုင်တစ်ဆိုင်မှာ တည်ခင်းသည့်ပွဲ။

ညစာစားပွဲဖြစ်လင့်ကစား ယမကာ မပါ။ အချိုရည်သောက်သူက သောက်၊ ရေသန့်သောက်သူက သောက်၊ ရေနွေးကြမ်းသောက်သူက သောက်။

စီစဉ်ကျင်းပပေးသည့် အဖွဲ့မှ ဦးဆောင်သူက ကျွန်တော့်မိတ်ဆွေနှစ်ဦးကို ဂုဏ်ပြုစကား၊ ကျေးဇူးတင်စကားတွေ ပြောသည်။ ထို့နောက် တစ်ယောက် တစ်ယောက် မိတ်ဆက်ကြ၊ စကားစမြည် ပြောကြရင်း ညစာဝိုင်းလေးက စိုပြည်နေသည်။ စုစုပေါင်း လူနှစ်ဆယ်၊ အစိတ်လောက်တော့ ရှိမည်။

ဦးရွှေဉာဏ်နှင့် ကိုကြည်မြတို့က ထိုအဖွဲ့လေးအတွက် မေတ္တာဖြင့် ကူညီခဲ့ကြသည်ကို ကျေးဇူးတင်သော ပွဲ၊ ဂုဏ်ပြုသောပွဲဟု အလွယ်ပြောနိုင်ပါသည်။

ကျွန်တော်တို့ စားလို့သောက်လို့ ပြီးခါနီးတွင် ဆိုင်ထဲသို့ လူတစ်ဦး ဝင်လာသည်။ အသားညိုညို၊ အရပ်မြင့်မြင့်၊ ဗိုက်ပူပူ၊ လူဝ၀၊ မျက်လုံးပြူးပြူး၊ နဖူး ပြောင်ပြောင်။ တစ်ခါမြင်ရုံနှင့် မှတ်မိလွယ်သော အလုံးအဖန်နှင့် မျက်နှာကျ။

ဦးရွှေဉာဏ်က စားပွဲတစ်ဖက်ခြမ်းဆီမှ ဆိုင်တွင်းသို့ ဝင်လာသည့် ထိုသူကို ကြည့်နေပြီး ထိုသူ ခပ်လှမ်းလှမ်းသို့ ရောက်ခါမှ လှမ်းခေါ်လိုက်ပါသည်။

“ဟေ့…ဇော်မင်း… ဇော်မင်း မဟုတ်လား…”

ဝင်လာသူက လှည့်ကြည့်သည်။ ထို့နောက် ကျွန်တော်တို့ ဝိုင်းထိုင်နေကြရာ စားပွဲရှည်၏ သည်ဘက်ခြမ်း ခြေရင်းဆီမှ ပြန်လျှောက်လာသည်။ ဂုဏ်ပြုခံတွေက ခေါင်းရင်းဘက်မှာ ထိုင်နေပါသည်။ ဇော်မင်းဆိုသူ၏ မျက်နှာထားနှင့် ကိုယ်အမူအရာမှာ တမင် ရိုကျိုး ပျပ်ဝပ်ပြနေသော ပုံပန်း ဖြစ်နေလေသည်။

“မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်ဇော်မင်း မဟုတ်ပါဘူး။ ကျွန်တော်က ဦးရွှေဉာဏ်ရဲ့ တပည့်ပါခင်ဗျာ”

မိတ်ဆွေကြီး ဦးရွှေဉာဏ်ကား အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သည်။ အသက်က ခုနစ်ဆယ်ခန့် ရှိနေပါလေပြီ။ ဝန်ထမ်းလောကမှာ တစ်ဘဝလုံး ကျင်လည်ခဲ့သူမို့ သူ့မှာ အသိအကျွမ်း တပည့်တပန်း ပေါများနေလေမည်မှာ မြေကြီး လက်ခတ်မလွဲပေ။

အနှီ ဇော်မင်းဆိုသူ ပုဂ္ဂိုလ်က ကျွန်တော်တို့ ဝိုင်းထိပ်မှာ ဝင်ထိုင်သည်။ မူလက ဝိုင်းထိပ်ကို နေရာယူထားသော တည်ခင်းဧည့်ခံသည့်အဖွဲ့၏ ခေါင်းဆောင်က သူ့ကို နေရာပေးလိုက်ခြင်းပင်ဖြစ်သည်။

ထိုင်ပြီးသည်နှင့် ဇော်မင်းက အာပေါင်အာရင်းသန်သန်၊ အာဝဇ္ဇာန်းရွှင်ရွှင် စတင် ပြောဆိုလေတော့သည်။ ရေပက်မဝင်။ တစ်ဝိုင်းလုံး တသောသော ရယ်ကြသည်။ အမှန်မှာ ကျွန်တော်မှ လွဲ၍ ကျန်တစ်ဝိုင်းလုံးက အနှီဇော်မင်း ဆိုသူအား မည်သူမည်ဝါမှန်း သိနေကြပုံပင်။ ဇော်မင်းကလည်း ကျွန်တော်မှ လွဲ၍ အားလုံးကို သိနေပုံရပါသည်။

သူက တစ်ဝိုင်းလုံးကို ဦးဆောင်နေသည်။ ပုံတိုပတ်စတွေလည်း ပါသည်။ အတွေ့အကြုံတွေလည်း ပါသည်။ ကြမ်းတမ်း ရင့်သီးသော စကားလုံးတွေလည်း ပါသည်။ ဝိုင်းထဲမှ သူနှင့် ရင်းနှီးသိကျွမ်းပြီးသူများကို ကျီစယ်သောစကားတွေက အများဆုံး။ သူ အကျီစယ်ဆုံးကတော့ ဦးရွှေဉာဏ့်ကိုပင်။

“ခင်ဗျားတို့က ဦးရွှေဉာဏ့်ကို ဂုဏ်ပြုညစာ ကျွေးတာဆိုတော့ တစ်ခါက ပညာရေးမှူးတစ်ယောက် နယ်ပြောင်းရတဲ့အခါ သူ့ဝန်ထမ်းတွေက ဂုဏ်ပြုညစာ ကျွေးတာကို သွားသတိရတယ်။ အဲဒီ့ ပညာရေးမှူးက တကယ် ပြဿနာရှာတဲ့ သူ၊ ဆီလို အပေါက်ရှာတတ်တဲ့သူဆိုတော့ သူ နယ်ပြောင်းရတာကို ဝမ်းသာအားရနဲ့ ညစာကျွေးတာ။ သူကတော့ မြိန့်မြိန့်ကြီးပေါ့။ သူ့ဝန်ထမ်းတွေကတော့ ဝမ်းသာလုံးဆို့ပြီး သည်လူ ပြောင်းသွားတာ ကောင်းလင့်တည်းဆိုတဲ့ အမှတ်နဲ့ ကျွေးနေတာ။ အခု ခင်ဗျားတို့ ဦးရွှေဉာဏ်ကို ကျွေးတာလည်း အဲဒါမျိုးပဲလားတော့ မသိဘူး”

ဦးရွှေဉာဏ်က တဟဲဟဲ ရယ်လို့သာ နေပါသည်။ ဇော်မင်းဆိုသူအား ပခုံးလေး ပုတ်၊ ကျောလေး သပ်ရင်း ပြုံး၍သာ နေသည်။ တစ်စက်မှ ခွန်းတုံ့မပြန်။

စိတ်ထင် မိနစ်၂၀ခန့် ကြာသွားပါသည်။ ထိုအချိန်မှာ အနှီကိုဇော်မင်းကို သူ့ဇနီးက မျက်ရိပ်ပြ၍ လာခေါ်သွားသဖြင့် ကိုဇော်မင်းလည်း ကျွန်တော်တို့ဝိုင်းကို နှုတ်ဆက်ကာ ကုပ်ကုပ်ကုပ်ကုပ်နှင့် သူ့ဇနီးခေါ်ရာသို့ ပါသွားပါတော့သည်။

ကျွန်တော်တို့ ညစာဝိုင်းလည်း စခန်းသိမ်းချိန်သို့ အလိုလိုရောက်သွားလေ တော့သည်။ တစ်ယောက်တစ်ယောက် နှုတ်ဆက်ကြ၊ လက်ဆွဲ ဝှေ့ရမ်းကြနှင့် ပြီးသွားသည်။

အပြန်လမ်းမှာတော့ ကျွန်တော်နှင့် မိတ်ဆွေကြီးနှစ်ယောက်။ ယာဉ်မောင်း လူငယ်က ကားကို ဂရုတစိုက် မောင်းနေသည်။ ကားထွက်ခါစမှာပင် ကိုကြည်မြ က တစ်စခန်းထသည်။

“ကိုဇော်မင်းဆိုတဲ့လူကိုတော့ ကျွန်တော် မကြိုက်ဘူးဗျာ။ ဘယ့်နှယ်ဗျာ၊ သူ့နေရာလည်း မဟုတ်ဘဲနဲ့ အတင်းဝင်လာပြီး ပွဲဖျက်တယ်။ ပြီးတော့ သည်ပွဲက ဆရာဦးရွှေဉာဏ်ကို ဂုဏ်ပြုတဲ့ပွဲ။ အဲဒါ ဆရာဦးရွှေဉာဏ်ကိုမှ သူက အသားလွတ် နှက်နေတော့ ဘယ်ကောင်းမလဲ။ ပရိသတ်က ဆရာ ဦးရွှေဉာဏ်ကို အကြည်ညိုပျက်သွားနိုင်တာပေါ့။ သည်လူဗျာ…”

ကျွန်တော်က ဧည့်မြှောင်ဖြစ်သဖြင့် ပွဲကြည့်ပရိသတ်ဖြစ်နေခဲ့သည်။ သည်တော့လည်း ပွဲကြည့်ပရိသတ်ပီပီ ဝင်အာချောင်မိရပါတော့သည်။

“ဆရာဦးရွှေÓဏ်ကို အကြည်ညို မပျက်နိုင်ပါဘူးဗျာ။ သူ့ဝသီစရိုက်နဲ့သူ ဆိုတော့ ကျန်တဲ့ပရိသတ်ကလည်း ဘယ်ဟာ မှန်ကင်း၊ ဘယ်ဟာ ထင်းဆိုတာ သိနေကြမှာပါပဲ ကိုကြည်မြရဲ့…”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျေကို မကျေနပ်ဘူးဗျ…”

ခက်တော့နေပြီ။ ကိုကြည်မြ အမှန်ပင် ဒေါပွနေပါသည်။ သည်တော့လည်း ဟုတ်ကဲ့… ပွဲကြည့်ပရိသတ်က ရွှေပြည်အေး တရား ဟောချင်သွားရပြန်သည်။

“ဆရာတော် ဦးဇောတိကရဲ့ စကားလေးကို ပြန်ကိုးကားပါရစေ ကိုယ့်ဆရာရေ။ သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝ ဟာ သူများပါးစပ်ထဲမှာပဲ နစ်မွမ်းသွားလိမ့်မယ်ဗျို့…”

ကျွန်တော့်ရွှေပြည်အေးတရားက ကိုကြည်မြကို မအေးစေပါ။

“ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ ကိုယ် မကြိုက်တာကို မကြိုက်ဘူးလို့ ပြောရဲတဲ့ သတ္တိတော့ ရှိရမှာပေါ့ဗျ။ မဟုတ်ဘူးလား”

အလဲ့ကွဲ့။ အဲဒါမှ ပြဿနာပဲ။ သူ့စကားကို ကျွန်တော် အလွန် သဘောကျသွားပါသည်။ ကျွန်တော့်နှုတ်ကလည်း ဘရိတ် အုပ်လို့ မရတော့။

“ခင်ဗျားကို ခွတိုက်ပြောတာတော့မဟုတ်ဘူးနော် ကိုကြည်မြ။ ဒါပေမယ့် ခင်ဗျား ပြောသလိုသာ ကိုယ်မကြိုက်တာကို မကြိုက်ဘူးလို့ ပြောရဲတဲ့ သတ္တိ ခင်ဗျားမှာ အမှန်သာရှိမယ်ဆိုရင် စောစောက ထမင်းဝိုင်းမှာကတည်းက တစ်ခါတည်း ပြောခဲ့ပါတော့လား။ အခုကျမှ ကျွန်တော်တို့ကို လာပြောနေတာကြီးကကျတော့ ခင်ဗျားစကားနဲ့ ဆန့်ကျင်နေပြန်သဗျို့…”

ကိုကြည်မြကလည်း မခေပါ။ ချက်ချင်း ချေပသည်။

“အဲသလို ပြောလိုက်ရင် ဝိုင်းပျက်သွားမှာ စိုးလို့ပေါ့ဗျ။ ကျွန်တော်လေ ပြောထည့်လိုက်ချင်သမှ၊ လျှာ့ကို ယားလို့…”

သူ့အတွက် ထွက်ပေါက်ကို ကျွန်တော်ရှာပေးလိုက်ပါသည်။

“အဲလိုဆိုလည်း အမှန်တော့ လွယ်လွယ်လေးပဲ ကိုကြည်မြရဲ့။ ကိုဇော်မင်းလိုပဲ ရယ်သလို မောသလို၊ ရွှန်းသလို၊ ပြက်သလိုလေး ပြောရင်း သူ့ကို သာသာနဲ့ နာနာ နှက်လိုက်လို့ ရတာပေါ့ ကိုကိုရဲ့”

သည်တစ်ခါတော့ ကိုကြည်မြ ချက်ချင်း မတုံ့ပြန်အားပါ။ သူ တွေသွားပါသည်။ ပြီးတော့မှာ သူပြောသည်။

“ဟုတ်တယ်။ ခင်ဗျားပြောတာ ဟုတ်တယ်။ ကျုပ် ဝန်ခံတယ်။ ကျုပ်မှာ အဲလို ပြောတတ်တဲ့ အရည်အချင်းမျိုး မရှိဘူး။ အဲဒါကို ဝန်ခံတယ်ဗျာ…”

ဒါပါပဲ။ ကျွန်တော့်ဇာတ်လမ်းလေးက ဒါပါပဲ။

မကြိုက်တာကို မကြိုက်ကြောင်း လူတိုင်း ပြောနိုင်ပါသည်။ ငါးပိရည် မကြိုက်ဘူးဗျာ၊ နံနံပင် မကြိုက်ဘူးဗျာ၊ သည်အရောင် မကြိုက်ဘူးရှင့်၊ သည်ဆံပင်ပုံ မကြိုက်ဘူးရှင့်စသဖြင့် လူတိုင်းမှာ ကြိုက်ခွင့်၊ မကြိုက်ခွင့်ရှိသလို ပြောခွင့်လည်း ကောင်းကောင်း ရှိပါသည်။

လူတွေနှင့် ပတ်သက်လာသောအခါတွင်မူ ကြိုက်ခွင့်၊ မကြိုက်ခွင့်က ဆက်လက် တည်မြဲနေသည့်တိုင် ပြောခွင့်ကတော့ ပြောင်းသွားပါပြီ။ အထက်က ဥပမာလို ကာလ ဒေသ ပယောဂကြောင့်လည်းကောင်း၊ မျက်နှာ နာစရာတွေ၊ ထောက်ထားစရာတွေကြောင့်လည်းကောင်း ကျွန်တော်တို့တွေသည် လူတွေနှင့် ပတ်သက်လာလျှင် မကြိုက်လှသည့်တိုင် မကြိုက်တာကို နှုတ်မှ အတိအလင်းထုတ်ဖော် ပြောရန် ဝန်လေး နေမိတတ်ကြရစမြဲသာဖြစ်သည်။

အကယ်၍သာ ကိုကြည်မြက “မကြိုက်တာကို မကြိုက်ဘူးလို့ ပြောခွင့် တော့ရှိရမယ်ဗျို့”ဟုသာ ဆိုခဲ့ပါမူ ကျွန်တော် သူ့ကို ပစ်ထောက်ခံမိခဲ့မည်သာ ဖြစ်သည်။ ဟုတ်သလေ၊ သူ့မှာ မကြိုက်ခွင့်ရှိသလို မကြိုက်တာကိုလည်း (ကွယ်ရာမှာ ဖြစ်စေဦးတော့) မကြိုက်ဘူးဟု ပြောခွင့်ရှိပါသည်။

သို့သော် ကိုယ့်လူက စကားလုံး အသုံးအနှုန်း မှားသွားသည်။ သူ့စကားလုံးက တစ်ဆိတ်ကြီးသွားသည်။ “ပြောရဲတဲ့သတ္တိ”ဆိုပဲ။

သည်မှာတင် ကျွန်တော်တစ်ယောက် မအောင့်အဉ်းနိုင်တော့ဘဲ သူ့ကို ထောက်ပြမိသွားရခြင်း ဖြစ်လေသည်။

“သတ္တိ”ကျတော့ လူတိုင်းမှာ မရှိ။ ငဲ့စရာတွေ၊ ထောက်စရာတွေ၊ လောဘတွေ၊ မောဟတွေ၊ ဘယာဂတိတွေက သတ္တိကို ဖုံးလွှမ်းထားသည်။ သည်အခါမှာ ထွက်ပေါက်က လိုလာသည်။ အခြေအနေတစ်ရပ်ကို ကိုယ် မနှစ်လိုတော့သည့်အခါ ထိုအခြေအနေကို ပညာသားပါပါနှင့် ပြောင်းလဲသွားအောင် အားထုတ်ခြင်းပင် ဖြစ်တော့သည်။

အထက်က ဖြစ်ရပ်တွင် ကိုဇော်မင်းသည် ဗလွတ်ရွှတ်တ၊ ဟောင်ဖွာ ဟောင်ဖွာနှင့် လူတကာကို လှည့်လည် နှိပ်ကွပ်နေသည်။ သည်လို အခြေအနေမျိုးကို ကိုယ်မနှစ်လိုတော့ပါက ပြင်ယူသည့် နည်းလမ်းမှာ လွယ်လှသည်။ သူ့ နည်းတူပင် ဗလွတ်ရွှတ်တတွေ၊ ဟောင်ဖွာ ဟောင်ဖွာတွေ ထလုပ်ကာ ရေပက် မဝင်ဖြစ်နေသော သူ့နေရာကို အသာဝင်ယူလိုက်ခြင်းဖြင့် သူ့ကို နောက်တန်း ပြန်ပို့လို့ရပါသည်။

ချရေးလိုက်တော့ အလွယ်လေး။ လက်တွေ့တွင်မူ ထိုသို့ ပညာသားပါပါ ပြန်လည် ထိန်းသိမ်းတတ်ဖို့မှာ မလွယ်ပါ။ ကျွန်တော်လည်း ကိုကြည်မြနှယ် ဝန်ခံရပါလျှင် နည်းကိုသာ သိပါသည်။ လက်တွေ့တွင် ထိုနည်းကို အခါခပ်သိမ်း ချမသုံးနိုင်သေးပါ။

အမှန်တော့ အလေ့အကျင့်ပင်ဖြစ်သည်။ ပညာသားပါပါနှင့် တစ်ဖက်သားကို ပိဿလေးနှင့် ဘေးပစ်သလိုလည်း မဖြစ်စေဘဲ မိမိ မနှစ်သက်သည်ကို မနှစ်သက်ကြောင်း တိတိလင်းလင်း ပြောတတ်အောင် လေ့ကျင့်ထားလျှင် ရပါသည်။ ထို့အတူ မိမိ၏ရပ်တည်မှုကို အခိုင်အမာပြောတတ်ရန်လည်း လေ့ကျင့်ယူလျှင် ရပါသည်။ ဒါ ကျွန်တော့်စကားမဟုတ်ပါ။ သုတေသနအသီးသီးအရ ပေါ်ထွက်လာသော စီမံခန့်ခွဲရေးနယ်ပယ်မှ ဆက်သွယ်အသိပေးပြောကြားမှု ဘာသာရပ်တွင် အထင်အရှား ဆိုထားသော စကားပင်ဖြစ်ပါသည်။

မည်သို့လေ့ကျင့်မည်နည်း။

ပထမဆုံးကတော့ ကိုယ်မကြိုက်တာ၊ ကိုယ်သဘောမတွေ့တာကို ကွယ်ရာကျမှ အထုတ်ဖြည်တတ်သော အလေ့အကျင့်ကို အရင်ဦးဆုံး ဖျောက်ရမည် ဖြစ်သည်။ ကွယ်ရာမှာ ပြောနေမည့်အစား ရှေ့တင် မပြောဖြစ်ခဲ့သည့် အကြောင်းရင်းများကို ပြန်ဆင်ခြင်ရမည်မှာ ဒုတိယအဆင့် ဖြစ်သည်။ စောစောက ကိုကြည်မြ ပြောသလို ပွဲပျက်သွားမှာ စိုးလို့ဟူသော အကြောင်းရင်းမျိုးကို ရသည့်အခါ တတိယဆင့်အနေဖြင့် ပွဲမပျက်အောင် ဘယ်လို ပြောမလဲဟူသော နည်းလမ်းကို စဉ်းစားရပါတော့မည်။

နည်းလမ်းကို ရှာတွေ့ပြီဆိုသည်နှင့် အလားတူ ဖြစ်ရပ်မျိုးနှင့် နောက်တစ်ခါ ထပ်ကြုံရသည့်အခါ ထိုနည်းအတိုင်း ချပြောကြည့်ခြင်းမှာ နောက်ဆုံးအဆင့် ပင်ဖြစ်ပါသည်။

ကျွန်တော်သာ ကိုကြည်မြနေရာမှာဆိုလျှင် ဘာလုပ်မည်နည်းဟု မေးစရာ ရှိပါသည်။ အမှန်တော့ ထိုစဉ်က ထိုပွဲမှာ ငေါက်ခနဲ ပေါ်လာသော ဇော်မင်းကို ကျွန်တော်လည်း သိပ်မကြည်လင်လှပါ။ သို့သော် ဆိုခဲ့သည့်အတိုင်း ကျွန်တော်က ဧည့်မြှောင်။ ပြီးတော့ ကျွန်တော့်နယ်ပယ်လည်း မဟုတ်။ ဘောလုံးစကားနှင့် ပြောလျှင် ကွင်းက ကျွန်တော့်အတွက် စိမ်းနေသည်။

သည်တော့ ကျွန်တော် ဘာလုပ်တယ် မှတ်ပါသနည်း။ ပထမဆုံးက အိတ်ထဲမှ ကင်မရာကို ထုတ်ကာ အာပေါင်အာရင်း သန်နေသော ကိုဇော်မင်းကို ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်လိုက်သည်။ ထို့နောက် သူ့စကားကို စိတ်ဝင်တစား နားထောင်ပြပြီး သူ့စကားအတိုင်း အလိုက်သင့် ခေါင်းညိတ်တာ၊ ပြုံးတာ၊ အံ့အားသင့်တာ၊ ရယ်မောတာများကို ဟန်ပါပါလုပ်ပေးလိုက်ပါသည်။ စကားစ သတ်ပြီး သူနေရာမှ ထချိန်တွင် ကျွန်တော်က ဦးဆောင်ကာ သူ့ကို လက်ခုပ် ဩဘာပေးလိုက်သည်။ ထိုရောအခါ ကျန်သူတွေလည်း မနေသတော့ဘဲ လက်ခုပ်တဖြောင်းဖြောင်း တီးကြရတော့သည်။

ကိုဇော်မင်း ကျေနပ်သွားလေပြီ။ စားပွဲမှအခွာတွင် မျက်နှာစိမ်းဖြစ်နေလေ သူ ကျွန်တော့်ပခုံးကိုပင် ပုတ်ကာ သူက နှုတ်ဆက်သွားပါလေသည်။

ကျွန်တော်ကဖြင့် ဝမ်းထဲက ကျိတ်ရယ်နေခဲ့ပါသည်။ အမှန်တော့ သူ့ကို ဘီးတပ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်တော့် လုပ်ပေါက်ကြောင့် သူ့ကိုယ်သူ အတော် အဟုတ်မှတ်ချေတော့မည်။ ထိုအခါ သူ့ဝစီစရိုက်ကိုလည်း ပြင်ရကောင်းမှန်း သိတော့မည် မဟုတ်ချေ။ မပြင်လျှင် ထိုပုဂ္ဂိုလ်သည် တစ်ချီမဟုတ် တစ်ချီတွင် နှုတ်ကြောင့်ပင် မုချသေရပေလိမ့်မည်။

ဒါက ထိုအခြေအနေကို ကျွန်တော့်နည်းနှင့် ကျွန်တော်တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်။

ထိုနေ့ညခင်းက မိတ်ဆွေ သုံးဦးရှိသည်။ ကာယကံရှင် ဦးရွှေဉာဏ်ကလည်း ပြုံးကာ ရယ်ကာ၊ ပုတ်ခါသပ်ခါဖြင့် ရေငုံခေဲ့သည်။ ကျွန်တော်ကလည်း အထက်က နည်းအတိုင်း နေခဲ့သည်။ ကျန်တစ်ဦးကတော့ ထိုသူ့အပေါ် မကြည်လင်ကြောင်းကို အချင်းချင်းကျတော့မှ ဒေါသတကြီး ပေါက်ကွဲပြနေခဲ့ပါသည်။

သတ္တုချလျှင် ကျွန်တော်တို့ သုံးဦးစလုံး သူ့နည်းနှင့်သူ မှန်နေကြသူချည်းသာဖြစ်သည်။ ကိုကြည်မြ မှားသည်။ ဦးရွှေဉာဏ်မှားသည်။ ကျွန်တော်သာ အမှန်ဟုဆိုရန် လုံးဝ မသင့်လှချေ။

ကိုကြည်မြ မှားသွားသည်ကား စကားလုံး အသုံးအနှုန်းသာ ဖြစ်ပါသည်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၇၀၈၀၈ – မြိတ်မြို့တွင် ရေးသည်)

—————————————————————————

(၂၀၀၈ခုနှစ် စက်တင်ဘာလ ပထမပတ်ထုတ် အတွေးသစ်ဂျာနယ်မှာ ရေးခဲ့တာလေးကို ပြန်လည် ဖော်ပြလိုက်တာပါ။)

Peanuts & Garlic

မြေပဲလှော်နဲ့ ကြက်သွန်ဖြူ

———————————————————————————————-


တနင်္ဂနွေတစ်ရက်မှာ ကျွန်တော် ငယ်စဉ်ကတည်းက နှစ်သက်စွဲလန်းခဲ့တဲ့ တေးသီချင်းများဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့တော် အက်(ဖှ်)အယ်(မ်) ရေဒီယို အသံလွှင့်ဌာနက လွှင့်ဖို့ ပြောလာတာနဲ့ ကျွန်တော်လည်း သူတို့ စတူဒီယိုမှာ အသံ သွားသွင်းပါတယ်။ စတူဒီယိုက ရန်ကုန်မြို့ လှည်းတမ်းလမ်းဆုံမှာ ရှိတယ်။

အသံသွင်းပြီး အပြန်မှာတော့ အတော်ဆာနေပြီ။ မနက် အိမ်က ထွက်ကတည်းက ကော်ဖီခွက်ကြီး တစ်ခွက်သာ သောက်ခဲ့ပြီး စတူဒီယိုကို ရောက်ခဲ့တာပါ။ အသံသွင်းတာက လိုသည်ထက် ပိုကြာသွားတယ်။ ကြာဆို ကျွန်တော်က မိကျောင်းသား၊ လျှာက ခပ်ရှည်ရှည်ဆိုတော့ သူများတွေ တစ်ကြိမ်၊ မိနစ် ၃၀လောက် လွှင့်ရုံနဲ့ ပြတ်မယ့်အစီအစဉ်ဟာ ကျွန်တော်နဲ့ကျမှ နှစ်ကြိမ်ခွဲပြီး တစ်နာရီလောက် လွှင့်ရမယ့် အစီအစဉ် ဖြစ်သွားပါတော့တယ်။

အသံသွင်းပြီးတော့လည်း သူတို့တွေနဲ့ ဆက်ထိုင်ပြီး စကားတွေ ပြောနေဖြစ်သေးတယ်။ ဝန်ထမ်းတွေက လူငယ်လေးတွေဆိုတော့ လူငယ်တွေကို အခွင့်သာတိုင်း စကားပြောချင်နေမိတဲ့ ကျွန်တော့်အတွက် အချိန်ကို မနှမျောမိတော့ဘူး။ အကျိုးဆက်ကတော့ သူတို့ စတူဒီယိုက ပြန်ထွက်ချိန်က အတော် နောက်ကျနေပြီ။ သည်အထဲ လှည်းတန်းကို သွားမှာဆိုတော့ ဇနီးသည်က ဆကာကြီး မုန့်ဟင်းခါးလေး ဝယ်ခဲ့ပေးဖို့ မှာလိုက်သေးတယ်။ အဲတော့ အိမ်အတွက် မုန့်ဟင်းခါး ဝင်ဝယ်လိုက်ရသေးသပေါ့။

ဆာနေတဲ့ ကျွန်တော့်မှာ မုန့်ဟင်းခါးနံ့ရတော့ ပိုလို့ ဆာလာပါတယ်။ အချိန်က မွန်းလွဲနေပြီမို့ အိမ်ပြန်ရောက်မှပဲ ထမင်းစားဖို့ စိတ်ကူးလိုက်ပြီး ကားကို အိမ်ဘက် ပြန်လှည့်လိုက်ပါတယ်။

တနင်္ဂနွေနေ့ပင် ဖြစ်လင့်ကစား လှည်းတန်းလမ်းဆုံမှာတော့ ယာဉ်ကြောက ကျပ်သိပ် ရှုပ်ထွေးနေတယ်။ ကျွန်တော်က လှည်းတန်းလမ်းအတိုင်း အရှေ့ဘက်ကို ပြန်တက်ရမှာ။ အမှန်က ကျွန်တော့်အိမ်နဲ့ လှည်းတန်းလမ်းမနဲ့က တစ်ဖြောင့်တည်း။ ကျွန်တော်က တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ နေတာဆိုတော့ အရှေ့ထိပ်နဲ့ အနောက်ထိပ်လို ဖြစ်နေတာပေါ့။

ယာဉ်ကြောသာ ရှင်းပြီး ပုံမှန်အတိုင်းသာ သွားရမယ်ဆိုရင် အိမ်ကို ငါးမိနစ်လောက်အတွင်းမှာ ရွှတ်ခနဲ ရောက်သွားနိုင်ပါတယ်။ အခုတော့ တစ်ချိန်က ကမာရွတ်အဝိုင်းကြီး ရှိခဲ့ဖူးတဲ့ လှည်းတန်းလမ်းဆုံ အချက်ပြမီးတိုင်မှာ မီးနီက အကြာကြီး မိနေတယ်။

အဲဒီ့အချိန်မှာ ကျွန်တော့်မျက်စိအောက်ကို မြေပဲဆားလှော်သည် လူငယ်လေးတစ်ယောက် ရောက်လာပါတယ်။ မြေပဲဆားလှော် အထုပ် ပိစိလေးတွေကို နှစ်တောင်လောက် မြင့်တဲ့ ပလတ်စတစ်အိတ်ကြီးထဲမှာ စီစီရီရီ ထည့်ထားတယ်။ ပလတ်စတစ်အိတ်ကြီးက ဝိုင်းဝိုင်းကြီးဆိုတော့ တောင်းလိုဖြစ်နေတာပ။

တောင်းထက်သာတာက တိုးလျှိုပေါက် မြင်နေရတာပဲ။ အမြင်နဲ့တင် စားချင့်စဖွယ် ဖြစ်နေတာကတစ်ကြောင်း၊ ဝမ်းလည်း ဟာနေတာက တစ်ကြောင်းတို့ကြောင့် မြေပဲလှော်ဝါးဖို့ စိတ်ကူးလိုက်မိရပြီး ဈေးသည်ကို လှမ်းခေါ်လိုက်တယ်။ ဈေးမေးလိုက်တော တစ်ထုပ်တစ်ရာတဲ့။ ငါးရာဖိုးခြောက်ထုပ်ပေးမယ် လို့ ပြောပါတယ်။

ကျွန်တော့်အိတ်ထဲမှာက တစ်ထောင်တန်တွေချည်းပဲဖြစ်နေတယ်။ ငါးရာတန်က မရှိဘူး။ မီးပွိုင့်က အချိန်မရွေး စိမ်းသွားနိုင်တာမို့ အမ်းတာတွေ ပြုတာတွေ မလုပ်ချင်တာနဲ့ တစ်ထောင်ဖိုးပဲ ဝယ်ချလိုက်ပါတယ်။ သူက မြေပဲလှော် ထုပ်ကလေးတွေ ရေတွက်ပြီး ပေး၊ ကျွန်တော်က တစ်ထောင်တန် ပေးပြီးသွားပေမယ့် မီးက တကယ့်တကယ် မစိမ်းသေးပါဘူး။

မြေပဲလှော်ထုပ်ကို ဖောက်တယ်၊ ဝါးတယ်။ မြေပဲဆားလှော်သာမက ကြက်သွန်ဖြူလှော် ကြွပ်ကြွပ်ကလေးတွေပါ နိုင်းချင်းထည့်ထားတော့ စားလို့ အဆင်ပြေနေသလိုပါပဲ။ ဟာနေတဲ့ ဝမ်းအတွက် ဘာမှ ထူးပြီး မထောင်းသာပေမယ့် တစ်ခုခု ပါးစပ်ထဲ ထည့်လိုက်ရတဲ့အတွက် ဆာတယ်ဆိုတဲ့ အာလျကတော့ အထိုက်အလျောက် ပြေသွားပါတယ်။

သည်လိုနဲ့ ကျွန်တော်လည်း မြေပဲဆားလှော် တစ်ထုပ်ပြီး တစ်ထုပ် ဖောက်စားရင်း အိမ်ပြန်ရောက်ခဲ့တယ်လို့ပဲ အလွယ် ပြောကြပါစို့ရဲ့။ ကားမောင်းရင်း စားနေတာဖြစ်တာမို့ တစ်ကြောင်း၊ လှည်းတန်းလမ်းဆုံနဲ့ ကျွန်တော့်အိမ်က သိပ်အဝေးကြီး မဟုတ်တာမို့ တစ်ကြောင်း၊ စုစုပေါင်းမှ တစ်လက်မလောက် အနံ၊ တစ်လက်မခွဲလောက် အလျားသာ ရှိတဲ့ မြေပဲဆားလှောက်ထုပ်လေး သုံး ထုပ်လောက်သာ လမ်းမှာ ကုန်ခဲ့ပါတယ်။ ကားမောင်းရင်းနဲ့ စားတာဖြစ်လို့လားတော့ မသိဘူး၊ အရသာလည်း သိပ်မိမိရရ မခံစားဖြစ်ခဲ့တာလည်း အမှန်ပါ။ စားတယ်၊ ဝါးတယ်ပေါ့။ သည်လောက်ပဲ။

ပြဿနာက အဲဒီ့နောက် သုံးရက်လောက်အကြာမှာ ဖြစ်တာ။ ကျွန်တော်က အဲဒီ့ မြေပဲဆားလှော်ထုပ်တွေကို မေ့တောင် မေ့တေ့တေ့ဖြစ်နေပြီ။ သို့ပေမယ့် သုံးရက်လောက်အကြာ၊ တစ်ညခင်းမှာတော့ အဲဒီ့အထုပ်ကလေးတွေပေါ် မျက်စိက ရောက်သွားတယ်။

ဒါနဲ့ ယူစားမိပြန်ရော ဆိုပါတော့။ (ကျွန်တော်က မြေပဲတို့၊ သီဟိုစေ့တို့၊ သစ်ကြားသီးတို့၊ ဖရုံစေ့တို့၊ နေကြာစေ့တို့လို သစ်ဆိမ့်စေ့တွေကို မက်မက်စက်စက် စားတတ်ပါတယ်။)

သည်တစ်ခါ အဲဒီ့အထုပ်ကို ယူစားတော့ တစ်မျိုးဖြစ်သွားတယ်။ ပထမတော့ အဟုတ်ဗျ။ သို့ပေမင့် စားရင်းနဲ့ အဆင်မပြေတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ့ထဲမှာ မြေပဲဆားလှော်က ၁၄-၅စေ့လောက်သာ ပါပြီး၊ ကြွပ်နေပြီဖြစ်တဲ့ ကြက်သွန်ဖြူ ဆားလှော်ကလည်း ဆတူလောက် ပါနေတာပါပဲ။

စာဖတ်သူ လူကြီးမင်းများ ကြုံဖူးကြမလားမသိဘူး။ မြေပဲဆားလှော်တို့၊ နေကြာစေ့လှော်တို့တွေထဲမှာ အနံ့ကောင်းအောင် ထည့်ထားတဲ့ ကြက်သွန်ဖြူလှော်လေး တစ်စေ့တစ်လေ၊ နှစ်စေ့နှစ်လေလောက်များ ပါလာတဲ့အခါ အဲဒီ့ ကြက်သွန်ဖြူလှော်လေးက အလွန်စားလို့ ကောင်းနေတတ်တာကို ပြောပါတယ်။ စားလက်စ မြေပဲ၊ နေကြာစေ့ရဲ့ အရသာကနေ ခဏတဖြုတ် အလှည့်အပြောင်း ဖြစ်သွားပြီး ကြက်သွန်ဖြူလှော်ရဲ့ အရသာကို ခံစားလိုက်ရတာမျိုးပါ။

တခြားသူတွေတော့ မသိဘူး၊ ကျွန်တော်တော့ အဲဒါလေးကို သဘောကျ မိတတ်တယ်။

အခုလည်းပဲ ကျွန်တော် ဝယ်လာတဲ့ မြေပဲဆားလှော်ထုပ်တွေထဲမှာ ကြက်သွန်ဖြူတွေ နိုင်းချင်းထည့်ထားမှန်း အဝေးက မြင်သာနေတာမို့ ကျွန်တော်လည်း ဝယ်ချမိခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် အခု တကယ် စားတဲ့အခါကျတော့ အဆင်က မပြေတော့ဘူး။ ပြောခဲ့သလို မြေပဲလှော်တွေ အများကြီးထဲမှာ ကြက်သွန်ဖြူလှော်လေး တစ်စေ့၊ နှစ်စေ့လောက် ပါလာတယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ အခုကျတော့ မြေပဲနဲ့ ကြက်သွန်ဖြူက ဆတူဖြစ်နေပါတယ်။ အဲလိုမှ မဟုတ်ရင်လည်း ကြက်သွန်ဖြူကတောင် မြေပဲထက် ပိုများနေသလားပဲ။

စားခါစတုန်းကတော့ ဟုတ်သလိုဖြစ်နေပေမယ့် တဖြည်းဖြည်းနဲ့ ကြက်သွန်ဖြူလှော်တွေချည်းသာ စားရသလို ဖြစ်လာတဲ့အခါ ပါးစပ်ထဲမယ် ဖွယ်တယ်တယ် ဖြစ်လာတယ်။ နောက်ဆုံးမှာတော့ ကြက်သွန်ဖြူလှော်တွေကို ဖယ်လိုက်ပြီး တိုရေရှားရေ ဖြစ်နေလေတဲ့ မြေပဲဆံ ညိုညိုလေးတွေကိုပဲ ရွေးစားနေ ဖြစ်ရပါတော့တယ်။ နောက်တစ်ထုပ် ထပ်ဖောက်တော့လည်း အလားတူပဲ၊ ကြက်သွန်ဖြူလှော်တွေကိုဖယ်၊ မြေပဲဆံတွေပဲ ရွေးစား။

စားရင်းနဲ့ စိတ်ထဲမှာ လှုပ်ခနဲ ဖြစ်သွားတယ်။ “အတိုင်းအချင့်”ဆိုတဲ့ ဝေါဟာရကလည်း ခေါင်းထဲမှာ ဝေ့ခနဲ ပေါ်လာပါတယ်။
မြေပဲဆားလှော်မှာ အနံ့သင်းအောင် ကြက်သွန်ဖြူလေး ထည့်လှော်တာ ကောင်းပါတယ်။ အဲဒီ့ ကြက်သွန်ဖြူလေး တစ်မြွာနှစ်မြွာက မြေပဲလှော်ထုပ်ကြီး တစ်ထုပ်ထဲမှာ ပါလာမယ်ဆိုရင်တော့ မြေပဲလှော်စားရင်း ကြက်သွန်ဖြူလေး ဖောက်ဝါးရတာကိုက အရသာ ထူးနေတတ်ခဲ့ဖူးတယ်။

သို့ပေမယ့် မြေပဲလှော်နဲ့ ကြက်သွန်ဖြူ ဆတူလောက်ဖြစ်နေတာ၊ ကြက်သွန်ဖြူက မနိုင်ရင်ကာ များလွန်းနေတာကျတော့ မြေပဲလှော်ရဲ့ အရသာက အကြီးအကျယ် ပျက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိုးအဆ လွဲနေလို့ပါ။

ကျွန်တော်တို့ ဘဝတွေမှာရော… အဲလိုပဲ အချိုးအဆ လွဲနေတာ မရှိပေဘူးလား။ ငယ်ဘဝတုန်းက ကျောင်းစာနဲ့ အပျော်အပါးကြားမှာ အချိုးအဆ လွဲခဲ့တာတွေ ရှိတယ်။ ကျောင်းစာတွေ တအား များပြီး အပျော်အပါးတွေ တအား နည်းသွားတဲ့အခါ ကျောင်းစာမှာတော့ ချွန်ပါရဲ့၊ ကျန်တဲ့နေရာတွေမှာ ကချလာ ဖြစ်နေတဲ့သူတွေ သည်ဒွန္နယာကြီးမှာ အများကြီးရှိပါတယ်။ အပျော်အပါး အချိုးအဆ လွန်သွားလို့ ကျောင်းစာမှာ ထိုက်သင့်သလောက် မအောင်မြင်တဲ့သူတွေလည်း ရှိတာပဲ။

မိဘနဲ့ သားသမီးကြားမှာရော၊ ချစ်တာနဲ့ အလိုလိုက်တာရဲ့ အချိုးအဆက အတော် စကားပြောတယ်။ ချစ်တာက မြေပဲ၊ အလိုလိုက်တာက ကြက်သွန်ဖြူ။ မြေပဲများရမယ့်နေရာမှာ ကြက်သွန်ဖြူကပါ မြေပဲနဲ့ ဆတူဖြစ်နေရင် မြေပဲဆား လှော်အရသာပျက်သလိုပဲ အချစ်ခံရသူရဲ့ ဘဝပါ ပျက်သွားနိုင်ပြန်တယ်။

ဟောကြ ပြောကြတဲ့အခါ၊ သင်ကြ ကြားကြတဲ့အခါမှာလည်း ကိုယ့်ပရိသတ် အာရုံနိုးနေအောင် အရွှမ်းလေးတွေ ဖောက်တန် ဖောက်ရတယ်။ အရွှမ်းက ကြက်သွန်ဖြူ၊ ပို့ချမယ့် အကြောင်းအရာက မြေပဲ။ သူ့အတိုင်းအဆနဲ့သူ မှန်နေမှ ကောင်းတာ။ အရွှမ်းတွေ သိပ်များသွားရင် ပို့ချမယ့် အကြောင်းအရာဆီ မရောက်နိုင်တော့ပြန်ဘူး။

ဆက်တွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဖြတ်သန်းရင်ဆိုင်နေကြတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘဝတွေ အားလုံးထဲက နေ့စဉ်ကိစ္စ အထွေထွေမှာလည်း အဲဒီ့ အတိုင်းအချင့်က အတော် စကားပြောတယ်။ အချိန်အဆ မှန်နေ၊ ကိုက်နေတဲ့အခါ အားလုံးက အဆင်ပြေနေတယ်။ အချိန်အဆ လွဲသွားတဲ့အခါ အရာက မရောက်တော့ဘူး။

မြေပဲဆားလှော် တစ်ထောင်ဖိုး ဝယ်စားမိရာကနေ သည်အတွေးတွေ ပေါ်လာတာမို့ လှည်းတန်းလမ်းဆုံက မြေပဲလှော်သည်လေးကို ကျေးဇူးတင်ရပါမယ်။

တစ်ဆက်တည်းမှာပဲ “မြေပဲလှော်နဲ့ ကြက်သွန်ဖြူ”ဆိုတဲ့ စာတန်းလေးကို အိမ်မှာ ချိတ်ဆွဲထားရင် ကောင်းမလားလို့လည်း စဉ်းစားနေမိရပါတော့တယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၈၀၈၀၈)

————————————————————————————————

(၂၀၀၈ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်မှာ ထုတ်ဝေတဲ့ “အတွေးသစ်ဂျာနယ်”မှာ ဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)