Excerpts from a new book of Atta Kyaw

handoutတချို့နိုင်ငံတွေက ချမ်းသာပြီး တချို့နိုင်ငံတွေက ဆင်းရဲကြတယ်။ အဲသလို ဖြစ်ရခြင်းအကြောင်းရင်းဟာ အဲဒီ့ နိုင်ငံတွေရဲ့ သက်တမ်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။

သည်အချက်ကို အိန္ဒိယနဲ့ အီဂျစ်ဆိုတဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်း ရှိခဲ့တဲ့ နိုင်ငံတွေက သက်သေထူနေပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းတွေက နှစ်ပေါင်း ထောင်ချီနေပြီ ဖြစ်ပေမယ့်  ချမ်းသာတဲ့ အထဲမှာ အဲဒီ့နှစ်နိုင်ငံမှ မပါသေးဘဲကိုး။

ကနေဒါ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က ဘာမှ စာမဖွဲ့လောက်တဲ့ တိုင်းပြည်တွေပါ။ အခုကျတော့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ၊ ချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်နေကြပါပြီ။

တစ်ခါ၊ နိုင်ငံတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ အဲဒီ့နိုင်ငံတွေမှာ ရှိတဲ့ သယံဇာတ သဘာဝ အရင်းအမြစ်တွေနဲ့လည်း ဘယ်လိုမှ မပတ်သက်ဘူး။

ဂျပန်နိုင်ငံဆိုရင် သုံးနိုင်တဲ့ မြေက ခပ်ရှားရှား။ ဂျပန်မြေရဲ့ ၈၀% က တောင်ကုန်း ထူထပ်တယ်။ စိုက်ပျိုးဖို့လည်း မသင့်တော်၊ မွေးမြူရေးလည်း လုပ်လို့မရ။ ဒါပေမယ့် အဲဒီ့ ဂျပန်ဟာ ကမ္ဘာ့စီးပွားရေးရဲ့ ဒုတိယ နေရာမှာ ရယူ ပိုင်စိုးထားပါတယ်။ ဂျပန်နိုင်ငံက ရေပေါ် စက်ရုံကြီး တစ်ရုံနဲ့ အလွန် တူတယ်။ တစ်ကမ္ဘာလုံးက ကုန်ကြမ်းတွေကို တင်သွင်းလာပြီး သူတို့ စီမံ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို ကမ္ဘာအနှံ့ ပြန်တင်ပို့နေတဲ့ စက်ရုံကြီးပဲပေါ့။

နောက် ဥပမာတစ်ခုက ဆွစ်ဇာလန်ပဲ။ အဲဒီ့ တိုင်းပြည်မှာ ကိုကိုးပင်တွေ မစိုက်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ အကောင်းဆုံး ချောကလက်ကကျတော့ ဆွစ်ဇာလန်က ထွက်တာခင်ဗျ။ နိုင်ငံလေးက သေးရတဲ့ အထဲမှာ စိုက်ပျိုး မွေးမြူရေးကို တစ်နှစ်မှ လေးလပဲ လုပ်နိုင်တဲ့ နိုင်ငံ။ သို့ပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အဲဒီ့နိုင်ငံက ထုတ်တဲ့အပြင် အရည်အသွေးကျတော့လည်း ပထမတန်း။ လုံခြံတယ်၊ စနစ်ကျတယ်၊ အလုပ် လုပ်ကြတယ်ဆိုတဲ့ နိုင်ငံရဲ့ ပုံရိပ်ကို ဆွစ်ဇာလန်က ဖော်ကျူးထားပါတယ်။

ဆင်းရဲတဲ့ နိုင်ငံက ထိတ်ထိတ်ကျဲတွေနဲ့ ထိတွေ့ ဆက်ဆံဖူးကြတဲ့ ချမ်းသာတဲ့နိုင်ငံသား ထိတ်ထိတ်ကျဲတွေက ပြောကြတယ်။ ဉာဏ်ရည်ချင်းလည်း ချမ်းသာတဲ့ နိုင်ငံသားနဲ့ ဆင်းရဲတဲ့ နိုင်ငံသား ဘာမှ သိသိသာသာ ကွာခြား မနေပါဘူးတဲ့။

လူမျိုးတွေ၊ အသားအရောင်တွေကလည်း တကယ့် တကယ်ကျတော့ သည်ကိစ္စမှာ သိပ် အရေး မကြီးပါဘူး။ သူတို့ မိခင်နိုင်ငံတွေမှာ လူပျင်းတွေလို့ အသတ်မှတ်ခံထားရတဲ့သူတွေဟာ ချမ်းသာ ကြွယ်ဝတဲ့ ဥရောပနိုင်ငံတွေကို သွားအလုပ်လုပ်ကြတဲ့အခါမှာကျတော့ တကယ့်ကို လုပ်ရည်ကိုင်ရည် ကောင်းတဲ့ လုပ်သား စွမ်းအားစုတွေ ဖြစ်နေကြတယ်။

ဒါဖြင့် ဘာတွေ ကွာခြား နေတာတုံး။

ကွာခြားနေတာက လူတွေရဲ့ ”သဘောထား” ပါပဲ။ လူတွေရဲ့ သဘောထား ဆိုတာကလည်း ပညာရေး၊ ယဉ်ကျေးမှုအရ နှစ်ပေါင်းများစွာ အညှိတွယ်၊ ချိုးတက်နေတဲ့ အကျင့်စရိုက်ကို အခြေခံတာပါ။

ချမ်းသာပြီး ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံက လူတွေရဲ့ အကျင့်စရိုက်ကို ခွဲခြမ်း စိတ်ဖြာ လေ့လာကြည့်လိုက်တဲ့အခါ လူအများစုဟာ သူတို့ရဲ့ နေ့စဉ်ဘ၀မှာ အောက်ဖော်ပြပါ  မူတွေကို စွဲစွဲမြဲမြဲ လိုက်နာ ကျင့်သုံးကြတာ တွေ့ရပါတယ်။

၁။  အခြေခံမူအဖြစ် ကျင့်သုံးကြတဲ့ ကိုယ်ကျင့်တရား

၂။  ဖြောင့်မတ် တည်ကြည်မှု

၃။  တာဝန်ယူတတ်မှု

၎။  ဥပဒေ စည်းမျဉ်းများကို လေးစားမှု

၅။  အခြားနိုင်ငံသားများရဲ့ အခွင့်အရေးကို လေးစားမှု

၆။  အလုပ်ကို ချစ်ခင်မြတ်နိုးမှု

၇။  စုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ ကျားကုပ်ကျားခဲ အားထုတ်မှု

၈။  မဖြစ်မနေ ဆောင်ရွက်လိုတဲ့ ဆန္ဒ

၉။  တိကျမှု

ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ သည်မူတွေကို နေ့စဉ်ဘ၀မှာ လိုက်နာကျင့်သုံးနေတဲ့သူက လူနည်းစုသာ ဖြစ်နေပါတယ်။

ကျွန်တော်တို့ ဆင်းရဲနေတာဟာ ကျွန်တော်တို့မှာ သယံဇာတ သဘာဝ အရင်းအမြစ်တွေ မရှိလို့ မဟုတ်သလို သဘာဝတရားကြီးက ကျွန်တော်တို့အပေါ်မှာ ရက်စက်လို့၊ မထောက်ထားလို့လည်း မဟုတ်ပါဘူး။

ကျွန်တော်တို့ ဆင်းရဲနေရတာဟာ ကျွန်တော်တို့ရဲ့ သဘောထားတွေ နုံ့နဲ့လို့သာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆင်းရဲနေတာဟာ ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ လူ့ဘောင်တွေမှာ လက်တွေ့ အလုပ်ဖြစ်နေတဲ့ သည်အခြေခံမူတွေကို နိစဓူဝ စွဲစွဲမြဲမြဲ မလိုက်နာ မိကြလို့၊ အဲဒီ့ အခြေခံမူတွေကို လူတိုင်းရဲ့ ရင်ထဲမှာ စွဲမြဲ ကျင့်သုံးလာအောင် လမ်းမညွှန်မိကြလို့သာ ဖြစ်ပါတယ်။

သည်စာကို တခြားသူတွေဆီ လက်ဆင့်မကမ်း မဖြန့်ဝေဘူးဆိုလည်း ခင်ဗျား ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ခင်ဗျားအိမ်က ခွေးတွေ၊ ကြောင်တွေလည်း သေမှာ မဟုတ်၊ ခင်ဗျားလည်း အလုပ်ပြုတ်မှာ မဟုတ်၊ နောက် ခုနစ်နှစ်တာအတွင်း ကံဆိုး မိုးမှောင်ကျမှာလည်း မဟုတ်၊ ဖျားနာမှာလည်း မဟုတ်ပါဘူး။

ကိုယ့်နိုင်ငံ ကိုယ်ချစ်တယ်ဆိုရင်တော့ သည်စာကို လူအများ စဉ်းစားလို့ရအောင် ဖြန့်ဝေ ပေးစေချင်ပါတယ်။ ပြီးရင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အမူအကျင့်တွေ၊ သဘောထားတွေကို ပြောင်းလဲပစ်ပြီး အလုပ်တွေ လုပ်လိုက်ကြပါစို့လားဗျာ။

မိုးထိအောင် လှေကားထောင်နည်း

(၂၀၀၉ခုနှစ် သြဂုတ်လ ၅ရက်နေ့မှာ စတင်ဖြန့်ချိလိုက်တဲ့ အတ္တကျော်ရဲ့ “မိုးထိအောင် လှေကား ထောင်နည်း” စာအုပ်ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ အဲဒီ့စာအုပ်ထဲမှာ “တစ်ဒင်္ဂချင်းစီ ဦးဆောင်မှု၊” “လူရည်လည်အောင် နေထိုင်နည်း၊” “လိမ်လည်မှု၊ အလွဲသုံးစားမှုနဲ့ အကျင့်ပျက် ခြစားခြင်းဆိုသည်မှာ၊” “အဝေဖန်ခံနည်း နိသရည်း၊” “မုသားရဲ့ အခြားတစ်ဖက်”နဲ့ “သိမ်းစွန်ငှက်နဲ့ ကျောပိုးအိတ်” အစရှိတဲ့ အောင်မြင်ရေး အတွက် အခြေခံကျကျနဲ့ အရေးတကြီး လိုအပ်ချက်များကို ဆွေးနွေး တင်ပြထားပါတယ်။ တန်ဖိုးက ကျပ် ၃၀၀၀၊ ငါးအုပ်နဲ့ အထက်မှာယူမယ်ဆိုရင်တော့ ၁၅% လျှော့ပေးပါမယ်။)