Skip to content

Let’s Open Our Mind’s Eye

11 August 2009

စိတ်မျက်စိကို ဖွင့်ရအောင်

——————————————–

???????????????????????????????မိတ်ဆွေစာတည်းတစ်ယောက်က ကျွန်တော့်ကို ပြောပြတယ်။ လူငယ် လက်သစ်စာနယ်ဇင်း ဆရာမလေးတစ်ယောက်က  ဆရာလူထုစိန်ဝင်းကို မကျေမနပ်နဲ့ “ကွယ်ရာက” ပြန်ပြောတဲ့စကားတဲ့။ လူငယ်တွေနဲ့ အထိအတွေ့ အလွန်များပြီး လူငယ်တွေအပေါ် စေတနာထားတဲ့ ဆရာဦးစိန်ဝင်းက လူငယ်တွေကို စာများများ ဖတ်ကြဖို့ သူ့စာတွေထဲမှာ အခါအားလျော်စွာ တိုက်တွန်းတတ်တယ်။ အဲဒါကို မကျေနပ်တာတဲ့။ အဲဒီ့ကလေးမက “အင်တာနက်ထဲမှာ ကျွန်မတို့တွေ နေ့စဉ်ဖတ်နေတဲ့ စာတွေကို အဲဒီ့ဆရာ ဖတ်ဖူး၊ မြင်ဖူးလို့လား”လို့  ပြန်ပြောတယ်ဆိုပဲ။

အကြောင်းမသိရင် အဲဒီ့ကလေးမလေး စကားက ဟုတ်သလိုလိုပါ။ အကြောင်း သိရင်တော့ အဲဒီ့စကားက အတော်လေး အံချော်နေတာကို တွေ့ရပါတယ်။ ကျွန်တော့်ကိုသာ အဲဒီ့စကားမျိုး တိုက်ရိုက်လာပြောရင် အဲဒီ့ ကလေးမလေးကို အားနာနာနဲ့ ပထမဆုံး မေးမိမှာက “ညည်း အင်္ဂလိပ်စာ ဘယ်လောက်များ တတ်လို့လဲဟင်…”လို့သာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း တရုတ်စာ၊ ပြင်သစ်စာ၊ စပိန်စာလို တခြား အများသုံး ဘာသာစကား တစ်ခုခုကိုများ တစ်ဖက်ကမ်းခတ် တတ်ပွန်နေပါသလားလို့ မေးရတော့မှာပါ။

မှန်ပါတယ်။ အင်တာနက်ထဲမှာ “သတင်းအချက်အလက်တွေ” အများကြီး ရှိပါတယ်။ သို့ပေတည့် အဲသလို အောတိုက်နေတဲ့ သတင်း အချက်အလက်တွေ အားလုံးဟာ ကမ္ဘာမှာ လူသုံးများတဲ့ ဘာသာစကားတွေနဲ့ ရေးထားတာတွေပါ။ မြန်မာလို ရေးထားတာတွေ မဟုတ်ပါဘူး။ အဲတော့ ကမ္ဘာ့လူသုံးများ ဘာသာစကားတစ်ခုခုကို တတ်ကျွမ်းမှသာလျှင် အဲဒါတွေကို ဖတ်ရှုနိုင်မှာလည်း သေချာနေပါတယ်။ ဒါက ပထမဆုံး အချက်ပါ။

ဒုတိယအချက်ကတော့ အဲဒီ့အင်တာနက်ထဲမှာ ရှိနေတာက “သတင်း အချက်အလက်”တွေသာ ဖြစ်ပါတယ်။ “ရသစာပေ”တွေ မဟုတ်ပါဘူး။ ရသစာပေတွေ လုံးလုံး မရှိဘူးလို့တော့ မပြောလိုပါဘူး။ ရှိတန်သလောက် ရှိပါတယ်။ သို့ပေမယ့် တကယ့် ရသမြောက် ဝတ္ထုရှည်ကြီးတွေ ကျရင်တော့ အလကား ဖတ်လို့ မရတော့ဘူး။ ပိုက်ဆံပေး ဝယ်ပြီး ဖတ်မှ ရနိုင်တာတွေ ဖြစ်ကုန်ပါတယ်။ ရသမြောက် ဝတ္ထုရှည်အကုန်လုံးလည်း အင်တာနက် ထဲမှာ မရနိုင်ပါဘူး။ ရှိနေတဲ့ ရသစာတွေက အတိုအထွာလေးတွေပါ။ (ကျွန်တော် ကိုယ်တိုင် အဲဒီ့အတိုအထွာတွေထဲက တချို့ကို ဘာသာပြန်ပြလာခဲ့တာ ၁၉၉၉ ခုနှစ်ကတည်းကပါ။)

တတိယအချက်ကတော့ နည်းပညာပေါက်ကွဲမှုခေတ်၊ သတင်းအလျှံပယ်ခေတ်ရဲ့ သဘာဝပဲဖြစ်ပါတယ်။ သည်အချက်က အင်မတန် အရေးကြီးပါတယ်။ သည်အချက်ကြောင့်လည်း သည်စာကို ရေးဖြစ်ရတော့တာပါ။

သတင်းအလျှံပယ်ခေတ်မှာ သတင်းအချက်အလက်(information)နဲ့ အသိပညာ (knowledge)က တကယ့်ကို အလျှံပယ်ဖြစ်သလို လူတိုင်း လက်လှမ်းမီနိုင်တဲ့ အရာဖြစ်လာပါပြီ။ ဆိုကြပါစို့၊ ဂရိနိုင်ငံသမိုင်းကို သိချင်တယ်၊ ဒါမှမဟုတ် နောက်ဆုံးပေါ် ဆေးဝါးတစ်ခုအကြောင်း သိချင်တယ် ဆိုပါစို့။ တစ်ချိန်တုန်းက အဲဒါမျိုး သိချင်ရင် အတော့်ကို ကရိကထ များလှပါတယ်။ သမိုင်းကို သိချင်တဲ့အခါ စာကြည့်တိုက်ကြီးတွေကို အားကိုးရတယ်။ နောက်ဆုံးပေါ် ဆေးဝါးအကြောင်း သိချင်တဲ့အခါ အဲဒီ့ ဆေးဝါးအကြောင်း ပါတဲ့ ဆေးပညာ စာနယ်ဇင်း တစ်ခုခုကို မနည်း လိုက်ရှာရတယ်။ အဆက်အသွယ်လည်းကောင်း၊ အချိန်လည်းပေးနိုင်မှ အဲဒါတွေကို သိနိုင်တယ်။ ကျေးရွာလေးမှာ နေထိုင်သူတစ်ယောက်အနေနဲ့ အဲဒါမျိုးတွေကို သိချင် ဖတ်ချင်နေရင် ဘယ်လိုမှ လွယ်လွယ်ကူကူ မသိနိုင် မဖတ်နိုင်ခဲ့ဘူး။

အခု သတင်းအချက်အလက်အလျှံပယ်ခေတ်မှာကျတော့ အဲလို မဟုတ်တော့ဘူး။ ဟိုး ဇနပုဒ်မှာ နေထိုင်လင့်ကစား အင်တာနက်ကို လက်လှမ်းမီ နေပြီဆိုတာနဲ့ တစ်ပြိုင်နက် ဘာသိချင်သလဲ၊ သက်ဆိုင်ရာ ဘာသာစကားကိုသာ တတ်ကျွမ်းမယ်ဆိုရင် မိနစ်ပိုင်းအတွင်းမှာ လိုချင်တာကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်နေပါပြီ။ သိရနိုင်ပါပြီ။ ဒါဟာ သတင်းအချက်အလက် အလျှံပယ်ခေတ်ရဲ့ အားသာချက်ပါ။

အဲဒီ့ အားသာချက်နဲ့အတူ ဒွန်တွဲနေတာကတော့ သတင်း အချက်အလက်တွေ၊ အသိပညာတွေကို သိရှိထားခြင်းဟာ ဘာမှ အရေးမပါတော့ပါဘူး။ ဆိုလိုတာက ဗဟုသုတ စုံလင်ရုံနဲ့ လူတော မတိုးနိုင်တော့ပါဘူး။ အတွေ့အကြုံရင့်ကျက်ရုံနဲ့လည်း လူလုပ်လို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတွေ့အကြုံ နုနယ်လှပြီး ဗဟုသုတ နည်းပါးသူတစ်ယောက်အနေနဲ့လည်း သူ သိချင်တာကို မိနစ်ပိုင်းအတွင်းမှာ အလွယ်တကူ ရှာဖွေ သိရှိလာနိုင်နေတဲ့ ခေတ်ကာလကြီး ဖြစ်နေလို့ပါပဲ။ လန်ဒန်က မြို့ကြီးသား တစ်ယောက် သိနိုင်တာကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကျေးရွာလေးက တောသားလေး တစ်ယောက်လည်း အချိန်မဆိုင်းဘဲ သိနိုင်နေတဲ့ ခေတ်ကြီးပါ။ သည်တော့ တောသားလေးအပေါ်မှာ မြို့ကြီးသားက ငါသိ၊ ငါတတ် သွားလုပ်လို့ မရတော့ဘူး။

အလားတူပဲ၊ ကိုယ့်ဆီ လာပြီး ဈေးဝယ်တဲ့သူ၊ အလုပ်အပ်တဲ့သူကို လှိမ့်လို့၊ ဖြီးလို့ မရတော့ဘူး။ သူက ကိုယ့်ဆီ မလာခင်ကတည်းက သူ ဝယ်မယ့် ပစ္စည်းအကြောင်းတွေ၊ ဈေးနှုန်းတွေကိုဖြစ်စေ၊ ကိုယ့်အလုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုဖြစ်စေ အင်တာနက်ထဲမှာ ကြိုတင် ရှာဖွေ သိရှိထားနိုင်ပါပြီ။ ဆိုကြပါစို့၊ စင်္ကာပူနိုင်ငံက ကျောင်းတစ်ကျောင်းမှာ ကျောင်းအပ်ချင်တယ်ဆိုပါစို့။ ဆိုင်ရာ ဘာသာစကားကိုသာ တတ်ကျွမ်းမယ် ဆိုရင် အဲဒီ့ကျောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ထဲကတစ်ဆင့် အပြည့်အစုံ သိနိုင်နေပြီ။ ဒါတင်မကသေးဘဲ၊ အဲဒီ့ကျောင်းကို တိုက်ရိုက်လှမ်းဆက်သွယ် ပြီး စုံစမ်းနိုင်နေပြီ။ ကြားပွဲစား ပြောသမျှကို ယုံနေစရာ မလိုတော့ဘူး။

တစ်နေ့က ကျွန်တော့်အိမ်သူ တာချီလိတ်ကို အလည်သွားတယ်။ ကျွန်တော်က အလုပ် မပြတ်တာနဲ့ ရန်ကုန်မှာ ကျန်ရစ်တယ်။ သူက ကျွန်တော့်ဆီ တာချီလိတ်ကရော၊ မိုင်းလားကရော၊ မယ်ဆိုင်ကပါ ဖုန်းတွေ ပြန်ပြန်ဆက်နေတယ်။ သူ့အသံကို ကြည်ကြည်လင်လင် ကြားနေရတယ်။ တစ်ချိန်တုန်းက၊ ဟိုးလွန်ခဲ့တဲ့ နှစ်၂၀ ကျော်တုန်းကဆို ဘယ်လိုမှ မဖြစ်နိုင်တာကြီးက အခုတော့ လွယ်ကူနေပြီ။

တာချီလိတ်ရဲ့ တာလောဈေးထဲက ပစ္စည်းတစ်မယ်ရဲ့ ရောင်းဈေးကို စက္ကန့်မဆိုင်းဘဲ ရန်ကုန်က သိနိုင်နေသလို ကမ္ဘာတစ်ခုလုံး ကြိုက်တဲ့နေရာကလည်း သိနိုင်နေပြီ။ ခေတ်ကြီးက နည်းပညာရဲ့ စောင်မမှုကြောင့် တအားကို ပြောင်းသွားပြီ။ သိချင်တာ သိရဖို့ သိပ်ကို မြန်ဆန်လွယ်ကူသွားပြီ။
ပြောချင်တာက သတင်းအချက်အလက်နဲ့ အသိပညာဟာ မည်သူမဆို ပေါပေါပဲပဲနဲ့ အလွယ်တကူ ရရှိနိုင်တဲ့ အရာတွေ ဖြစ်လာတာနဲ့အညီ အဲဒီ့ သတင်းအချက်အလက်နဲ့ အသိပညာတို့ရဲ့ တန်ဖိုးကလည်း အဆမတန် ကျဆင်းသွားပါတော့တယ်။

အသိပညာ ပြည့်စုံခြင်းဟာ မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ သို့ပေမယ့် အသိတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး၊ ရပ်တည်လို့ မရတော့ဘူး။ ဆိုခဲ့တဲ့အတိုင်း ကိုယ်သိသလို မည်သူမဆို သိနိုင်နေတဲ့ ခေတ်ကြီးထဲမှာ ကိုယ်သိထားသလောက်ဟာ ဘာမှ တန်ဖိုး မရှိတော့ဘူး။

အသိပညာကို လူတိုင်း အလွယ်တကူ ရနိုင်ပေမယ့် လူတိုင်း မရနိုင်တာက “ဉာဏ်ပညာ အမြော်အမြင်”(wisdom)နဲ့ “အတွေးသစ်အမြင်သစ်” (creativity) ပါပဲ။ အဲဒါကိုကျတော့ ဘယ် နည်းပညာ၊ ဘယ် ကွန်ပျူတာကမှ  စီမံပြုပြင်မပေးနိုင်တော့ဘူး။ ဖန်တီး ထုတ်လုပ်မပေးနိုင်တော့ဘူး။

အသိပညာ (knowledge)ကနေ ဉာဏ်ပညာ (wisdom)ဖြစ်လာဖို့အတွက် အဆင့် တစ်ဆင့် လိုတယ်။ အဲဒါက တွေးတောဆင်ခြင်မှု (thinking and reflecting) ပဲ။

အဲဒီ့တွေးတောဆင်ခြင်မှုအတွက်ကျတော့ အလေ့အကျင့်လိုတယ်။ တွေးတောတယ်၊ ဆင်ခြင်တယ်ဆိုတာ စိတ်နဲ့ လုပ်ရတဲ့ အလုပ်။ တွေးကျင့်၊ ဆင်ခြင်ကျင့်လေး အထုံစွဲနေမှ တွေးလို့တတ်တယ်၊ ဆင်ခြင်လို့ တတ်တယ်။  အကျင့်မရှိရင် မတွေးဖြစ်ဘူး။ အဲဒါ စိတ်ရဲ့ သဘာဝပဲ။

နမူနာ ပြောပါရစေ။ ဂဏန်းပေါင်းစက်တွေ တအားပေါလာတဲ့ခေတ်မှာ  ၅၀ဝ ကို ၁၈ နဲ့ မြှောက်မယ်ဆိုရင်တောင် ဂဏန်းပေါင်းစက်ကိုပဲ အားကိုးနေကြပြီ။ အဲလို ဂဏန်းပေါင်းစက်ကို အားကိုးကျင့်က သိပ်များလာတဲ့အခါ အဲဒီ့အတွက်အချက်ကိုပဲ စိတ်တွက် တွက်တဲ့အခါ အချိန်က ပိုကြာနေတတ် ပါတယ်။ ဦးနှောက်က စိတ်တွက် တွက်တဲ့ အလေ့အထမှ မရှိတော့တာကိုး။

နောက်ထပ် နမူနာတစ်ခုက ဖုန်းနံပါတ်ကို စာအုပ်ထဲမှာ ရေးမှတ်တာပါ။ ဒါမှမဟုတ် အခုခေတ် တယ်လီဖုန်းတွေထဲမှာ ဖုန်းနံပါတ်တွေကို အလွယ်တကူ မှတ်သား သိုလှောင်ထားနိုင်တဲ့ စနစ်တွေ တွဲပါနေတာမို့ ဖုန်းထဲမှာ မှတ်ထားတာပါ။ အဲသလို မှတ်တော့ ဘာဖြစ်တုံး။ ဟုတ်ကဲ့… အရေးဆို စာအုပ်ပြန်လှန်ရ၊ ဖုန်းကို ဖွင့်ကြည့်ရနဲ့ အတော် ကရိကထ များကုန်ပါတယ်။

အရင်က ကျွန်တော့်ခေါင်းထဲမှာ ဖုန်းနံပါတ် အတော်များများကို အလွတ် ရနေတယ်။ ဆက်နေကျ လူတွေ၊ ရုံးတွေရဲ့ ဖုန်းတွေဟာ ခေါင်းထဲမှာ အသင့်ရှိနေတယ်။ စာအုပ်ထဲမှာ မှတ်တဲ့အကျင့်၊ ဖုန်းထဲမှာ မှတ်တဲ့အကျင့်က ရှိလာတော့ ခေါင်းက ဘာမှ မမှတ်တော့ဘူး။ ဆက်နေကျ ဖုန်းကိုတောင်  ဆယ်ခါ ဆက်မယ်ဆိုရင် ဆယ်ခါလုံး ပြန်ကြည့်နေရတယ်။ ပိုဆိုးတာက ဖုန်းနဲ့ မှတ်တဲ့ စနစ်မှာ နာမည်နဲ့ နံပါတ်နဲ့ တွဲမှတ်ထားတာပဲ။ အဲတော့ ဖုန်းဆက်ချင်ရင် အဲဒီ့လူရဲ့ နာမည်ကို ရှာပြီး ဆက်လိုက်ရုံပဲ၊ သူ့ ဖုန်းနံပါတ် ဂဏန်းတွေကို နှိပ်နေစရာတောင် မလိုတော့ဘူး။ အဲတော့ ဂဏန်းတွေက ခေါင်းထဲကို ဝင်မလာတော့ဘူး။ ဝင်မလာတော့ မမှတ်မိတော့ဘူး။

ဒါတွေဟာ ဦးနှောက်ရဲ့ “ကျင့်သားရလွယ်ပုံ”တွေကို ထင်ဟပ်စေတဲ့ နမူနာပါပဲ။

အဲတော့ ကျွန်တော်ပြောနေတဲ့ တွေးတောဆင်ခြင်မှုဟာလည်း အကျင့် လိုတယ်ဆိုတာ စာဖတ်သူ လူကြီးမင်း လက်ခံနိုင်လောက်ပြီ ထင်ပါတယ်။ တွေးတောဆင်ခြင်မှုဆိုတာ စိတ်က လုပ်ရတာ။ တတိယမျက်လုံးလို့ ခေါ် တဲ့ အာရုံဝင်စားမှုနဲ့ လုပ်ရတာ။

အဲဒီ့အာရုံဝင်စားမှုအတွက် အကျင့်လိုတယ်။ တတိယ မျက်လုံးကို သုံးတဲ့ အကျင့် ရှိထားလို့ လိုတယ်။

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို စိတ်ဝင်တစားနဲ့ မလွတ်တမ်း စောင့်ကြည့်နေသူတွေအနေနဲ့ တတိယမျက်လုံးကို သုံးတဲ့အကျင့်က မရှိနိုင်တော့ဘူး။ သတင်းအချက်အလက်တွေကို အင်တာနက်ထဲမှာ အငမ်းမရ ဖတ်ရှုနေသူ တွေလည်း အတူတူပဲ၊ တတိယမျက်လုံးက သေသွားနိုင်တယ်။

ဇာတ်လမ်းတွဲကို ပကတိမျက်လုံးနဲ့ ကြည့်နေတာ၊ အွန်စောဆိုလည်း အွန်စောဆိုတဲ့ ကိုရီးယားရုပ်ကိုပဲ မြင်နေတယ်၊ ချန်ဂင်ဆိုလည်း သူပြတဲ့ အရုပ်ကိုပဲ မြင်နေတယ်။ အဲဒီ့အထဲမှာ မျောပါနေတယ်။ ရသ မြောက်တာကိုး။ အဲဒီ့ရသကို ခံစားနေရင်းနဲ့ တတိယမျက်လုံးက အလိုလို သေသွားတာကို သတိမထားမိကြဘူး။

အဲဒီ့ဇာတ်လမ်းကို ရုပ်မြင်သံကြားဇာတ်လမ်းအနေနဲ့ မဟုတ်ဘဲ ရသ စာတစ်အုပ်အနေနဲ့ ဖတ်မယ်ဆိုပါစို့။ တတိယမျက်လုံးက အလိုလိုပွင့်လာပြီ။  စာထဲမှာ အရုပ် ရှိမနေဘူးလေ။ အဲတော့ စိတ်မျက်စိက အလိုလို အလုပ် လုပ်ရပြီ။ အွန်စောဆိုတာကို စိတ်မျက်လုံးထဲမှာ ရုပ်လုံး ဖော်ကြည့်ရတယ်၊ ရုပ်သံထဲမှာ ပြထားတဲ့ အွန်စောထက် အဆပေါင်း တစ်သိန်း ပိုချောတဲ့သူလည်း ဖြစ်နေနိုင်သလို အွန်စောဟာ ကိုယ်လည်း ဖြစ်နိုင်သွားပြီ။

အဲလိုနဲ့ ရသစာ များများဖတ်သူဟာ စိတ်ကို အလုပ်ပေးတဲ့ အတတ်ကို သင်ယူစရာ မလိုလိုဘဲ အလိုလို ကျွမ်းကျင်လာပါတော့တယ်။ ထစ်ခနဲရှိ တွေးယူတဲ့အကျင့်၊ ဆင်ခြင်တဲ့ အကျင့်ကလည်း အထုံစွဲလာပါတော့တယ်။
ရေးရင်းနဲ့ ဝါရင့်စာရေးဆရာတစ်ဦး အမှတ်တမဲ့ ပြောလိုက်တဲ့စကားက ခေါင်းထဲ ပေါ်လာပြန်တယ်။ သူက ကနေ့ခေတ် လူတွေ စာမဖတ်ဘူးလို့ မပြောပါနဲ့တဲ့။ ည ခုနစ်နာရီနဲ့ ရှစ်နာရီကြားမှာ မြန်မာပြည်က လူအများ စာဖတ်နေကြပါတယ်တဲ့။ ကိုရီးယားကားတွေ ကြည့်ရင်း အောက်က စာတန်း ထိုးတွေကို အမီ လိုက်ဖတ်နေကြတာကို သူက ထောက်ပြတာပါ။

ဒါလည်း အမှတ်တမဲ့ဆိုရင် ဟုတ်သလိုလိုပဲ။ လူတွေ စာဖတ်နေကြတာတော့ မှန်တယ်။ ဒါပေမယ့် ရုပ်သံမှာ ထိုးတဲ့စာတန်းကို အမီ လိုက်ဖတ်ရင်းက အရုပ်ကိုလည်း ကြည့်ရသေးတယ်၊ ဇာတ်လမ်းကြောကို မိအောင်လည်း လိုက်နေရသေးတယ်ဆိုတော့ အဲဒီ့အချိန်မှာ သူတို့စိတ်က မနားဘူး။ စာလုံးတွေ ဝါကျတွေကို ဖတ်နေကြတာမှန်ပေမယ့် ကျွန်တော် ပြောတဲ့ စိတ်မျက်စိ (ဝါ) တတိယမျက်လုံးကို သုံးခွင့် မရတဲ့နည်း၊ တစ်နည်းပြောရရင် စိတ်မျက်စိကို သေစေတဲ့ နည်းနဲ့သာ ဖတ်နေကြတာပါ။

အဲဒါဟာ စာအုပ်စာပေကို ဖတ်ရှုခြင်းနဲ့ ကွာခြားချက်ပဲ။ စာအုပ်စာပေကို ဖတ်တဲ့အခါကျတော့ ကိုယ်ရပ်ချင်တဲ့အချိန်မှာ ရပ်ထားလိုက်လို့ရတယ်၊ ကိုယ်ဖတ်ချင်တာကို နောက်ကြောင်းပြန် ဖတ်လို့ရတယ်။ စိတ်က အလုပ် လုပ်နေရတယ်။ စာအုပ်ပြီးသွားရင်တောင် စိတ်က ဆက်အလုပ်လုပ်လို့ ကောင်းချင် ကောင်းနေတတ်ပြန်သေးတယ်။ စိတ်မျက်စိထဲမှာ မြင်ယောင်လို့ မဆုံး ဖြစ်နေနိုင်ပြန်သေးတယ်။

ချုပ်ရရင်တော့ အဲဒီ့ဝါရင့်စာရေးဆရာ ပြောဖူးတဲ့စကား၊ အစမှာ ရေးပြခဲ့တဲ့ လက်သစ်စာနယ်ဇင်းဆရာမလေးက ဆရာလူထုစိန်ဝင်းကို ကွယ်ရာကနေ ခံပက်တဲ့စကားတွေ အားလုံးဟာ မမှားပေမယ့် အပြည့်မမှန်ဘူးဆိုတာကို ပြောချင်တာပါ။ သူတို့စကားတွေအရ စာတွေကို ဖတ်တော့ ဖတ်နေကြတယ်၊ ဒါပေမယ့် ပကတိမျက်လုံးနဲ့ ဖတ်တိုင်း စာဖတ်တာ မမည်သလို စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း ဘယ်လိုနည်းနဲ့မှ ရနိုင်မှာ မဟုတ်ပါဘူး။

စာဖတ်တယ်ဆိုတာဟာ စိတ်ကို အလုပ်ပေးဖို့ပါ။ တတိယမျက်လုံး ရှင်သန်လာစေဖို့ပါ။ ဆရာလူထုစိန်ဝင်းက စာများများ ဖတ်ခိုင်းတာဟာ ရသစာပေတွေကို နာနာဖတ်ခိုင်းတာလို့ ကျွန်တော် ယူဆမိပါတယ်။ ဒါမှလည်း တွေးကျင့်၊ ဆင်ခြင်ကျင့်ရလာမယ်လို့ ကျွန်တော် ယုံကြည်သလို ဆရာလူထု စိန်ဝင်းကလည်း ယုံကြည်ထားလို့ ဖြစ်ပါလိမ့်မယ်။

အဲဒီ့ကလေးမလေး ခံပက်တဲ့ စကားမှာကိုက အတွေးမပါ၊ ဆင်ခြင်မှု မပါတာကို ရိပ်ခနဲ တွေ့ရနိုင်ပါတယ်။ အတွေးပါရင်၊ ဆင်ခြင်မှု ရှိနေရင် သည်စကားမျိုးကို အလွယ်တကူ ပြောဖြစ်လိမ့်မယ်မထင်ဘူး။ ဟိုဆရာက ဘာဖြစ်လို့ သည်စကားပြောတာလဲ၊ သူက စေတနာနဲ့ ပြောတာလား၊ သက်သက်မဲ့ နှိပ်ကွပ်နေတာလား၊ ဘယ်သူ့အကျိုးအတွက် ပြောနေတာလဲ စတာတွေကို တွေးဖြစ်ခဲ့မယ်၊ ဆင်ခြင်ကြည့်ဖြစ်ခဲ့မယ်ဆိုရင် သည်လိုစကားမျိုး သူ့ပါးစပ်က လွယ်လွယ် ထွက်မလာနိုင်ပါဘူး။

အဲဒီ့အတွက် အဲဒီ့ကလေးမလေးကို အပြစ်မတင်ချင်ဘူး။ တင်လည်း မတင်ရက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခမျာမယ် တွေးကျင့်၊ ဆင်ခြင်ကျင့်မှ မရှိခဲ့ရှာတာကိုး။ ဘာဖြစ်လို့ တွေးကျင့် ဆင်ခြင်ကျင့် မရှိရတာလဲဆိုရင်တော့ ငယ်ကတည်းက ပြင်ပစာပေ၊ ဒါမှမဟုတ် ရသစာပေ အဖတ်အရှု နည်းခဲ့တာမို့ပဲဆိုတာ မှန်းဆနိုင်ပါတယ်။ အပြင်စာဖတ်ခြင်းကို အားမပေးတဲ့ မိဘအသိုင်းအဝိုင်း၊ ကျောင်းနေဝန်းကျင်များက ကနေ့လူငယ်တွေရဲ့ တတိယမျက်လုံးကို တိမ်ဖုံးနေစေပါတယ်။

အဲတော့ အတော်များများဟာ လူတိုင်း အလွယ်တကူ ပေါပေါပဲပဲ ရနိုင်တဲ့ အသိပညာနဲ့ သတင်းအချက်အလက်တွေကို လက်လှမ်းမီနိုင်၊ သိရှိနိုင်တာကိုပဲ အဟုတ်ကြီးထင်၊ ငါ့ပြင်မရှိ အောက်မေ့နေမိတတ်ကြပါတယ်။ ထပ်ပြောပါရစေ၊ လူတိုင်း အလွယ်တကူ ပေါပေါပဲပဲ ရနိုင်တဲ့ အသိပညာနဲ့ သတင်း အချက်အလက်များဟာ လူတစ်ယောက်အတွက် ဘာမှ တန်ဖိုးမရှိတော့ပါဘူး။ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ သည် ခေတ်ကြီးမှာ လူတစ်လုံး သူတစ်လုံး ဖြစ်ဖို့ အသိပညာတွေ၊ သတင်းအချက်အလက်တွေနဲ့လည်း ဖေးမထားလို့ မရနိုင်တော့ပါဘူး။ ဉာဏ်ပညာရှိမှ၊ အတွေးသစ်အမြင်သစ်တွေ ဖော်ယူ သုံးစွဲတတ်မှ သူများ နောက်မြီးဆွဲဘဝက လွတ်မြောက်နိုင်၊ သတင်းအချက်အလက် အလျှံပယ်ခေတ်ကြီးမှာ အများနဲ့ ယှဉ်နိုင်မှာပါ။

သည်အတွက် တွေးတောဆင်ခြင်တဲ့ အလေ့အထလေးကို မွေးယူဖို့ လိုပါတယ်။ အဲဒီ့အလေ့လေးရဖို့အတွက် တတိယမျက်လုံး (ဝါ) စိတ်မျက်စိ ကို ရှင်သန်နေအောင် လုပ်ရပါမယ်။ အဲသလို လုပ်ဖို့အတွက် စာအုပ်စာပေကို စိတ်မျက်စိနဲ့ ဖတ်တဲ့အကျင့်လေး စွဲသွားအောင် ဦးဆုံးလုပ်ရပါတော့မယ်။

ကျွန်တော့် ဆွေးနွေးချက်ကို စာဖတ်သူ လူကြီးမင်းရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ကြည့်စေချင်ပါတယ်။ စိတ်မျက်စိနဲ့ စာဖတ်ခြင်းဟာ ဘဝအတွက်၊ လူတစ်လုံး သူတစ်လုံး ဖြစ်လာဖို့အတွက် တကယ် အရေးပါတယ်၊ မပါဘူးဆိုတာကိုလည်း သေချာ တွေးကြည့်ဖို့လည်း မေတ္တာရပ်ခံပါရစေ။

ဟုတ်ကဲ့… ကျွန်တော်ပြောတာကို သဘောတူတယ်၊ လက်ခံနိုင်တယ် ဆိုရင်တော့ စာဖတ်သူလူကြီးမင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကလေးသူငယ်လေးတွေ၊ လူငယ်လူရွယ်လေးတွေ စိတ်မျက်စိနဲ့ စာဖတ်ဖြစ်လာအောင် ကိုယ်စွမ်းသလောက် ဝိုင်းဝန်းဖေးမရင်း လက်တွဲခေါ်လိုက်ကြပါစို့လားခင်ဗျာ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၅၁၂၀၈)

—————————————————————————————————————————————————

(၂၀ဝ၉ခုနှစ်  ဇွန်လထုတ် ကလျာမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို အစအဆုံး ပြန်လည် ဖြော်ပလိုက်တာ ဖြစ်ပါတယ်။)
Advertisements
10 Comments leave one →
  1. santhaw80 permalink
    11 August 2009 9:11 pm

    ကောင်းဆရာရယ် ထိပါပေ့

    ကျွန်တော်တော့ကြိုက်တယ်။ဆရာရေးတာကို ဒါပေမယ့်လူငယ်တွေဟာ

    လူကြီးတွေကိုမကြိုက်ကြဘူး ကျွန်တော်ပြန်ပြောချင်တယ် နင်တို့လည်းတစ်နေ့အသက်ကြီးမှာပါဘဲလို့

    ထဆဲမလားတောင်မသိဘူး။

    • lettwebaw permalink
      11 August 2009 9:53 pm

      ကြိုက်တာ မကြိုက်ဘူးဆိုတာကို သည်အတိုင်း အသားလွတ် မဆုံးဖြတ်တဲ့ လူငယ်တွေလည်း အများကြီးရှိပါတယ်။ လူငယ်ပီပီ စူးစမ်းလေ့လာကြည့်ပြီး သူတို့ ကိုယ်ပိုင် ဦးနှောက်နဲ့ ဆင်ခြင်ကြကာ ကြိုက်တယ် မကြိုက်ဘူးလို့ ဆုံးဖြတ်တတ်တဲ့ လူငယ်တွေ အများကြီး ကြုံဖူးတယ်။ ကြုံနေရတယ်။ လူကြီးတွေကို မကြိုက်ဘူးဆိုတဲ့နေရာမှာ လူကြီးတွေဘက်က conservative သိပ်ဖြစ်လွန်းတဲ့အခါမှာ ဖြစ်နိုင်ပါတယ်။ လူကြီးတွေအနေနဲ့ လူငယ်တွေကို ငါတို့လည်းပဲ သူတို့ အရွယ်တုန်းက သူတို့လိုစိတ်မျိုးနဲ့သာ နေခဲ့တာပါကလားဆိုတဲ့ ဆင်ခြင်တုံတရားနဲ့ ပြောအပ်တဲ့ စကားကို မျှတတဲ့ စိတ်ထားနဲ့ ပြောသွားမယ်ဆိုရင် လူငယ်နဲ့ လူကြီးကြားက အဟပ်ကွာမှုဟာ အလိုလို ပြေလျောသွားမယ်လို့ ကျွန်တော် ယုံပါတယ်။ ကျွန်တော်နဲ့ လူငယ်အတော်များများ ကြားမှာ အပြန်အလှန်လေးစား ချစ်ခင်နေတာလည်း အမှန်ပဲလေ။

  2. အိအိ permalink
    11 August 2009 9:32 pm

    ကောင်းတယ်ဆရာ.. အင်တာနက်စွဲနေသူတိုင်းဖတ်သင့်တဲ့ ဆောင်းပါးပဲ။

  3. 11 August 2009 11:56 pm

    ဟုတ်တယ် စာအုပ်ဖတ်တာကိုပဲ ပိုကြိုက်တယ်။ ကိုယ့်သားကိုလဲ စာအုပ်များများဖတ်နိုင်အောင် ကြိုးစားရဦးမယ်။

  4. အောင်ဖြေအေး permalink
    13 August 2009 12:58 am

    ဆရာ
    ကျန်းမာပါစေ ။ ဘေးရန်ကင်းပါစေ ၊
    ကျေးဇူးတင်ပါတယ်ဆရာ ၊ ငယ်ငယ်ကတည်းကစမြန်မာစာပေဖတ်ရှုခဲ့တယ် ၊ သတင်းနည်းပညာခေတ်မှာသတင်းနည်းပညာနောက်ကိုလိုက်ရင်း ၊ မြန်မာစာဖတ်အားနည်းသွားခဲ့ရတယ် ၊ အသိညဏ်အားတွေဖြစ်တည်ဖို့နည်းခဲ့ရတယ်ပေါ့ ၊ ဆရာရဲ့ယခုစာပေကိုလေ့လာရမှ ၊ ကျနော်ရဲ့အသိညဏ်တွေအားပြန်ဖြည့်ဖို့နှင့်အသိညဏ်တရားတွေတိုးတက်နေစေဖို့အတွက်မြန်မာစာဖတ်ရင်းတရားမှတ်နိင်ရမယ်တွေးမိတယ် ။
    အောင်ဖြေအေး
    အောင်ဆန်းစုကြည်အသင်းအဖွဲ့ . @ ဂျီမေး . ကမ်
    bowling green kentucky united states

  5. 14 August 2009 2:04 pm

    မော်နီတာရှေ့ကြီးထိုင်ဖတ်ရတာ စာအုပ်ကို ကိုင်ဖတ်ရတာလောက်တော့ အရသာမရှိပါဘူး.. ပြီးတော့ အင်တာနက်မှာ ဖတ်ပေမယ့်လည်း အမှန်တွေ အကျိုးရှိတာတွေ ကိုတော့ မနည်းရှာဖွေစိစစ်ဖတ်တတ်မှရတာ.. ဆရာပြောသလိုပဲ အာရုံဝင်စားမှုအနေနဲ့လည်း အားလျော့တာပါပဲ..

  6. tak permalink
    16 August 2009 6:19 pm

    အင်း ကျီး နဲ့ ဘုတ် ပုံ ပြင် ထဲ က အတိုင်း ပါ လား

  7. whitelay permalink
    20 August 2010 12:22 pm

    ကောင်းပါတယ်ဆရာ….

  8. shwe gyi permalink
    7 July 2011 8:44 pm

    ပညာသားပါတယ်ဆရာ..
    facebook မှာshare လိုက်ပါပြီ။

  9. Naing Aung permalink
    5 October 2011 10:32 am

    အတွေးခေါ်အတွက်ဆိုရင်တော့… 100% လက်ခံပါတယ်..
    ဒါပေမမယ်.. နည်းပညာ အတွက်ဆိုရင်တော့..သူများထွင်ထားတာတွေကို အပြေးအလွားအမှီလိုက်သုံးနေရတဲ ကျန်တော်တိုလို မြန်မာနိုင်ငံမှာ.. internet ဆိုတာမမရှိရင် မျက်စေကန်းနေတဲ သူနဲ တူနေမှာပေါ ဆရာ…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: