Language: Correct Pronunciations

ရေးတော့လည်း အမှန်၊ ဖတ်တော့လည်း အမှန် ဒွန္နယာ
——————————————————————————–

မြန်မာစာဆရာတွေ ရေးဖို့ကောင်းတဲ့ ကိစ္စပေမယ့် မရေးကြလို့ ကျွန်တော်က မနေနိုင်မထိုင်နိုင် ဝင်ရေးလိုက်ရပါဦးမယ်။ ဆရာတာ (ကိုတာ) ပြောသလို ဆိုရင်တော့ “ယားလို့ရေးတာ“ ပေါ့ခင်ဗျာ။ ဆရာတာကတော့ သူ စာရေးတာ ယားလို့ ရေးတာတဲ့၊ မကြာသေးခင်က ထွက်တဲ့ “ကျွန်တော်သည် မျောက်ကဆင်းသက်၏” ဆိုတဲ့ စာအုပ်ထဲမယ် ဖတ်လိုက်ရတာပါပဲ။

သူက လူလည်လုပ်ပြီး ဘာယားလို့ စာရေးတယ်ဆိုတာ အတိအလင်း ပြောမသွားပါဘူး။ ကျွန်တော်ကတော့ သူ့လောက် လူရေလည်ဖို့ နေနေသာသာ၊ လူရေလည်တဲ့ နေရာမှာ သူ့ခြေဖျားတောင် မမီနိုင်တဲ့ ခွတီးခွကျ ကောင်စားမျိုးမို့ ကိုယ်ယားတာ ဘာယားတာလဲဆိုတာ ရိုက်မစစ်ဘဲ ဖြောင့်ချက် ပေးလိုက်ချင်ပါတယ်။

ဟုတ်ကဲ့…

အူယားလွန်းလို့ပါပဲခင်ဗျား။

မြန်မာစကားကို ရေးတဲ့အတိုင်း ဖတ်ဖတ် နေတဲ့ ပြဿနာပါပဲ။ နားထဲကို ထော်လော် ကန့်လန့်ကြီး ဝင်ဝင်သွားလို့ အူယားနေတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်ကျော်က မန္တလေးကို ရောက်တော့ ကျွန်တော့် အဘိုးလေးကလား၊ အဘွားလေးကလား မသိဘူး၊ “သည်ကောင် စကားပြောတာ အဆန်းပဲ၊ လွမ်းလို့တဲ့” ဆိုပြီး မှတ်ချက်ချဖူးပါတယ်။ အဲတုန်းက ကျွန်တော် ဆယ်ကျော်သက်ပါ။  အဲဒီ့အချိန်ကတည်းက ကိုယ့်အမှား ကိုယ်သိခဲ့ပါတယ်။ ကျွန်တော်က ရန်ကုန်မှာ နည်းနည်း အနေကြာသွားတော့ ရေးထားတဲ့အတိုင်း အသံ ထွက်မိနေတတ်တာကိုပါ။

“လွမ်း”ဆိုတဲ့ စကားလုံးရဲ့ အသံထွက် အမှန်က /လွန်း/သာ ဖြစ်ပါတယ်။ အလားတူပဲ၊ ဝမ်းပိုက်လို့ ရေးပေမယ့် ဖတ်တဲ့အခါ /ဝန်းဗိုက်/လို့ပဲ အသံ ထွက်ပြန်ပါတယ်။ စွမ်းရည် ဆိုတာလည်း ဖတ်တော့ /စွန်းရေ/ပါ။ (အသံထွက်များကို ရေးတဲ့အခါမှာ သဒ္ဒဗေဒ နည်းအရ မျဉ်းစောင်းခံပြီး ရေးပြ ထားပါတယ်။)

ဒါပေမယ့် ကဗျာလင်္ကာမှာတော့ ရှေ့က “အမ်း”ကာရံ ခံထားတဲ့အခါမှာ လွမ်း၊ ဝမ်း၊ စွမ်းဆိုပြီး ရေးထားတဲ့အတိုင်း ဖတ်ခွင့် ခြွင်းချက်တော့ ရှိတယ်လို့ မှတ်သားဖူးပါတယ်။

“စွမ်းရည်”ကို ရေးရင်းနဲ့ “ထန်းရည်”တို့၊ “ထန်းလျက်”တို့ကို သွားသတိရပါသေးတယ်။ အသံထွက်တော့ /ထရေ/တဲ့၊ /ထညက်/တဲ့ ခင်ဗျ။
ဟော… “အရည်သောက်လေးချက်ပါလား” လို့ ပြောတဲ့ အခါမှာလည်း ဘယ်သူကမှ /အရီသောက်/လို့ မပြောပါဘူး၊ /အရေ/လို့သာ ဖတ်ပါတယ်။

အခုတလောမှာ နားကြားပြင်း အကပ်ဆုံး ပြဿနာက နှစ်လုံးဆင့်တွေကို ဖတ်နေကြပုံပါ ပဲ။ “သေသေချာချာ“ကို ရေးထားတဲ့ အတိုင်း ဖတ်တာမျိုးကို ပြောတာပါ။ အသံထွက်အမှန်က /သေသှေချာဂျာ/ပါ။ ရှေ့အလုံးကို ဖော့ထားပေမယ့် နောက်အလုံးတွေကျ အသံပြင်းနဲ့ ပြောတဲ့ စကားမျိုးပါ။
/မှန်မှန်ကန်ဂန်/၊ /ပျော့ဗျော့ပြောင်း ဗြောင်း/၊ /တင်းဒင်းမာမာ/၊ /ခက်ခက်ခဲဂဲ/၊ /ကြီးဂျီးမားမား/၊ /စီးဇီးပိုင်ဗိုင်/၊ /ထူဒူထဲဒဲ/၊ /ခွဲဂွဲခြားဂျား/၊ /ကွဲဂွဲပြားဗျား/…

ရေးပြရင် မနည်းမနောရှိပါလိမ့်မယ်။

တချို့က အဲဒါကို စကားမပီဘူးလို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး၊ အသံထွက် မမှန်တာ သက်သက်ပါ။ စကား မပီဘူးဆိုတာက ကလေးများလို ဗျာလို့ ပြောရမယ့်နေရာမှာ /ဂျာ/လို့ ပြောတာမျိုးပါ။

အဲလိုပဲ၊ “အစေ့”ဆိုတဲ့ ဝေါဟာရကို အသံထွက်တဲ့အခါမှာလည်း အလွဲတွေ ကြားရပြန်ပါတယ်။ အဲဒီ့ ဝေါဟာရကလည်း အထက်မှာ ရေးခဲ့တဲ့ “အရည်”လိုပါပဲ။ အသံထွက်နဲ့ ရေးထုံးက သပ်သပ်စီပါ။ /အစေ့အညှောက်/ လို့ အသံမထွက်ပါဘူး။ /အစိအညှောက်/လို့ သာ အသံထွက်ပါတယ်။ သရက်စေ့လို့ ရေးပေမယ့် ဖတ်တဲ့အခါ /သရက်စိ/လို့ပဲ ဖတ်ရတာမျိုးပါ။ /သီဟိုဇိ/၊ /ဇဗဇိ/ (စပါးစေ့)၊ /နေကြာဇိ/စတာတွေလည်း အလားတူပါပဲ။
စပါးစေ့/ဇဗဇိ/ပါလာတော့ စပါးလုံးကို လည်း သွားသတိရပါတယ်။ /ဇဗလုံး/လို့သာ ဖတ်ကြမြဲပါ။

အခုတော့ ဘယ်သူက ဘယ်လိုလုပ်တယ် မသိပါဘူးဗျာ။

“ရယ်စရာ”ဆိုတာကိုလည်း ဘယ်သူကမှ /ရီဇရာ/လို့ မဖတ်တော့ဘူး။ ခပ်တည်တည်ပဲ၊  /ရယ်ဇရာ/တဲ့ခင်ဗျ၊ တချို့ကဆို သည့်ထက် တောင်ဆိုသေးတယ် /ရယ်ရာ/လို့တောင် စလုံးသံ အပျော့နဲ့ အသံထွက်တဲ့အထိ ကြားဖူးသေးတယ်။

သား သူငယ်ချင်း ကောင်လေးတစ်ယောက်ရဲ့ နာမည်က “ဝေလျှံ”တဲ့။ ကျွန်တော်က သူ့ကို /ဝေရှန်/လို့ တွေ့စကတည်းက အမှန်အတိုင်းခေါ်တယ်။ သုံးခေါက်မြောက်ကျတော့ ကလေးက ပြောတယ်။ သူ့အမေက ပြောတယ်တဲ့။ သူ့နာမည်က /ဝေလှယံ/လို့ ခေါ်ရတယ်လို့ မှာလိုက်တယ်တဲ့။ ကလေးကို ပြန်ပြောမိတယ်။ “သားတို့က လေးထပ်မှာ နေတာမဟုတ်လား။ အဲဒါဆို အပေါ်ကို ရေစက်နဲ့ ရေတင်ရတယ်လေ။ အဲဒါဆိုရင် အပေါ်က တိုင်ကီထဲမှာ ရေပြည့်သွားတဲ့အခါ သားအမေက “ရေစက်ပိတ်လိုက်ဟေ့… ရေတွေ လှယံနေပြီ”လို့ ပြောသလား၊ “ရေတွေ /ရှန်နေဗျီ/”လို့ ပြောသလား။ သားအမေလည်း ရေတွေ လှယံနေပြီလို့ ပြောတဲ့နေ့ ကျရင်း သားကိုလည်း ဦးဦးက သားကို ဝေ/လှယံ/လို့  သားမေမေ ခေါ်စေချင်တဲ့ အတိုင်း ခေါ်မယ်လို့ ပြန်ပြောလိုက်နော် သား”လို့ ကျွန်တော် ပြောလိုက်ခဲ့ဖူးတယ်။ နောက်ပိုင်းကျတော့ အဲဒီ့ကလေးကို ဝေရှန်လို့ ခေါ်ပေမယ့် ဘယ်သူမှ စောဒက မတက်တော့ဘူး။ မှတ်ကရော…

အဲဒါက လူနာမည်။ ဆိုင်နာမည်တစ်ခုမှာလည်း အဲသလို “လျှံ”က ပါနေတယ်။ အမယ်… သူက အဲဒီ့ဆိုင်နာမည်ကို ဘိုလို ရေးထားသေးတယ်။ Hlyan တဲ့ခင်ဗျား။  မြန်မာစကား မတတ်တဲ့ နိုင်ငံခြားသားတစ်ယောက်အတွက်တော့ သူဖြစ်စေချင်သလို /လှယံ/လို့ အသံထွက်မှာ မဟုတ်ပါဘူး။ အလွန်ဆုံးမှ /ဟလရန်း/လို့ ထွက်ပါလိမ့်မယ်။  အဲဒီ့ဆိုင်က ၀န်ထမ်းတွေနဲ့ ဆိုင်ရှင်ကိုလည်း သားသူငယ်ချင်းလေးကို ပြောသလို ဆိုင်အတွက် ရေတင်တဲ့အခါ ရေတွေ လှယံနေပြီ၊ ရေတွေ လှယံနေပြီလို့ ပြောကြပါလားဟဲ့လို့ သွားသင်ချင်စိတ်က ပေါက်လာတယ်။ အဟုတ်…

စာအုပ်ဆိုင်တွေမှာလည်း /ရွှေအမဒေ/ မဂ္ဂဇင်း ထွက်ပြီလားလို့ သွားမေးရင် မသိကြဘူး၊ /ရွှေအမြုတေ/လို့ ပြောမှ နားလည်ကြတယ်။
တော်တော့်ကို စိတ်ညစ်စရာ ကောင်းအောင် အသံထွက်တွေ လွဲကုန်ကြတာ ဘာကြောင့်လဲလို့ စဉ်းစားနေမိတာ အတော်ကြာပြီ။

ဟိုးတစ်လောတုန်းက သောင်းပြောင်းထွေလာမဂ္ဂဇင်းထဲမှာ ဆရာကြပ်ကလေး ရေးထားတာ ဖတ်လိုက်ရတော့မှ အဖြေကို သိလိုက်ပါ တယ်။

ဆရာကြပ်ရဲ့ သုံးသပ်ချက်ကတော့ အခုခေတ်အေ မတွေ စကား သိပ်မပြောတော့ဘဲ စာ အဖတ်များ ကုန်လို့တဲ့။ ရှေးတုန်းက အမေတွေကတော့ စာ သိပ်မတတ်ရှာကြဘူး။ အဲတော့ ဗဟုသုတတွေကို တစ်ဆင့်စကားနဲ့  နာယူ မှတ်သားခဲ့ကြ၊ ကိုယ့်သားသမီးတွေကိုလည်း စကားနဲ့ ပဲ ပြန်လည်ပြောပြ သွန်သင်ကြတာကိုး။

ခုခေတ်မအေတွေကတော့ စာတွေတတ်ကုန်ကြပြီ။ ရေးတတ်၊ ဖတ်တတ်တာကို ပြောပါတယ်။ အဲတော့ စာအုပ်တွေဖတ်ရင်း မျက်စိကပဲ အလုပ် လုပ်တော့တယ်၊ နားက သိပ် အလုပ် မလုပ်တော့တဲ့အတွက် အသံမှန်တွေကို မကျက်မိ၊ မစွဲမိကြတော့ဘူး။ ကိုယ့်သားသမီး ကိုယ် ပြောချင် ဆိုချင်ရင်လည်း စာဖတ်ထားတဲ့အတွက် ဝေါဟာရတော့ ကြွယ်ပါရဲ့၊ နားစောင့်က မကောင်းခဲ့တော့ ရေးထားတဲ့အတိုင်း အသံထွက်ပြီး ပြောမိကုန်ကြရော။ သူတို့ စကားကို မှတ်သားရတဲ့ သားသမီးများ ခမျာလည်း အမှားကို အမှန်ထင်ရင်းနဲ့ အမှားကိုပဲ ဆက်တိုက် လက်ဆင့် ကမ်းလာလိုက်တာ အခုတော့ အမှန်အတိုင်း အသံထွက်ရင်ပဲ ကိုယ်က မှားနေသလိုလို ဖြစ်ကုန်ပါပေါ့လားဟရို့…။

—————————————————–

(၂၀၀၀ပြည့်နှစ်ပတ်ဝန်းကျင်က သတင်းစုံလား၊ အလင်းတန်းလား မမှတ်မိတော့တဲ့ ဂျာနယ်တစ်စောင်မှာ ရေးခဲ့ဖူးတာလေးကို ပြန်လည် ဖော်ပြလိုက်တာပါ။ စကားစပ်ခိုက် ပြောလိုက်ရရင် “လက်တွဲဖော်” စာအုပ်တိုက် နာမည်ကို အင်္ဂလိပ်လို အသံထွက်တဲ့အခါ Lettwè Baw လို့ ပေါင်းပါတယ်။ ဒါကိုပဲ တချို့က လူတတ်လုပ်ပြီး Lat Twe Phaw လုပ်ချင်ကြသေးတယ်။ သူတို့ လုပ်ပုံနဲ့ဆိုရင် ကျွန်တော့် /လက်တွဲဘော်/ စာအုပ်တိုက်ဟာ /လတ်တွဲဖော်/ဆိုတဲ့ အသံလွဲကြီးနဲ့ ဖြစ်နေရှာမှာကို မသိရှာကြဘူးခင်ဗျ။ အော်… သူတို့တွေက “အဖော်”ကို တွင်တွင် သုံးနေကြတဲ့ ခေတ်ရဲ့ လူသားတွေ ဆိုတော့လည်း “ဖော်”ဆိုတိုင်း ဖဦးထုပ်သံနဲ့မှ အမှန်မှတ်ကုန်ကြသား မသိပေါင်ဗျာ။ လုပ်ဖော်ကိုင်ဖက်လို့ ရေးပေမယ့် ဖတ်တော့ /လုပ်ဖော်ကိုင်ဘက်/၊ ကူဖော်လောင်ဖက်လို့ ရေးပေမယ့် ဖတ်တဲ့အခါ /ကူဘော်လောင်ဘက်/ဆိုတာတွေကို သတိချပ် သင့်တယ် ထင်တာပါပဲခင်ဗျား။)