Language: Correct Pronunciations

ရေးတော့လည်း အမှန်၊ ဖတ်တော့လည်း အမှန် ဒွန္နယာ
——————————————————————————–

မြန်မာစာဆရာတွေ ရေးဖို့ကောင်းတဲ့ ကိစ္စပေမယ့် မရေးကြလို့ ကျွန်တော်က မနေနိုင်မထိုင်နိုင် ဝင်ရေးလိုက်ရပါဦးမယ်။ ဆရာတာ (ကိုတာ) ပြောသလို ဆိုရင်တော့ “ယားလို့ရေးတာ“ ပေါ့ခင်ဗျာ။ ဆရာတာကတော့ သူ စာရေးတာ ယားလို့ ရေးတာတဲ့၊ မကြာသေးခင်က ထွက်တဲ့ “ကျွန်တော်သည် မျောက်ကဆင်းသက်၏” ဆိုတဲ့ စာအုပ်ထဲမယ် ဖတ်လိုက်ရတာပါပဲ။

သူက လူလည်လုပ်ပြီး ဘာယားလို့ စာရေးတယ်ဆိုတာ အတိအလင်း ပြောမသွားပါဘူး။ ကျွန်တော်ကတော့ သူ့လောက် လူရေလည်ဖို့ နေနေသာသာ၊ လူရေလည်တဲ့ နေရာမှာ သူ့ခြေဖျားတောင် မမီနိုင်တဲ့ ခွတီးခွကျ ကောင်စားမျိုးမို့ ကိုယ်ယားတာ ဘာယားတာလဲဆိုတာ ရိုက်မစစ်ဘဲ ဖြောင့်ချက် ပေးလိုက်ချင်ပါတယ်။

ဟုတ်ကဲ့…

အူယားလွန်းလို့ပါပဲခင်ဗျား။

မြန်မာစကားကို ရေးတဲ့အတိုင်း ဖတ်ဖတ် နေတဲ့ ပြဿနာပါပဲ။ နားထဲကို ထော်လော် ကန့်လန့်ကြီး ဝင်ဝင်သွားလို့ အူယားနေတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်ကျော်က မန္တလေးကို ရောက်တော့ ကျွန်တော့် အဘိုးလေးကလား၊ အဘွားလေးကလား မသိဘူး၊ “သည်ကောင် စကားပြောတာ အဆန်းပဲ၊ လွမ်းလို့တဲ့” ဆိုပြီး မှတ်ချက်ချဖူးပါတယ်။ အဲတုန်းက ကျွန်တော် ဆယ်ကျော်သက်ပါ။  အဲဒီ့အချိန်ကတည်းက ကိုယ့်အမှား ကိုယ်သိခဲ့ပါတယ်။ ကျွန်တော်က ရန်ကုန်မှာ နည်းနည်း အနေကြာသွားတော့ ရေးထားတဲ့အတိုင်း အသံ ထွက်မိနေတတ်တာကိုပါ။

“လွမ်း”ဆိုတဲ့ စကားလုံးရဲ့ အသံထွက် အမှန်က /လွန်း/သာ ဖြစ်ပါတယ်။ အလားတူပဲ၊ ဝမ်းပိုက်လို့ ရေးပေမယ့် ဖတ်တဲ့အခါ /ဝန်းဗိုက်/လို့ပဲ အသံ ထွက်ပြန်ပါတယ်။ စွမ်းရည် ဆိုတာလည်း ဖတ်တော့ /စွန်းရေ/ပါ။ (အသံထွက်များကို ရေးတဲ့အခါမှာ သဒ္ဒဗေဒ နည်းအရ မျဉ်းစောင်းခံပြီး ရေးပြ ထားပါတယ်။)

ဒါပေမယ့် ကဗျာလင်္ကာမှာတော့ ရှေ့က “အမ်း”ကာရံ ခံထားတဲ့အခါမှာ လွမ်း၊ ဝမ်း၊ စွမ်းဆိုပြီး ရေးထားတဲ့အတိုင်း ဖတ်ခွင့် ခြွင်းချက်တော့ ရှိတယ်လို့ မှတ်သားဖူးပါတယ်။

“စွမ်းရည်”ကို ရေးရင်းနဲ့ “ထန်းရည်”တို့၊ “ထန်းလျက်”တို့ကို သွားသတိရပါသေးတယ်။ အသံထွက်တော့ /ထရေ/တဲ့၊ /ထညက်/တဲ့ ခင်ဗျ။
ဟော… “အရည်သောက်လေးချက်ပါလား” လို့ ပြောတဲ့ အခါမှာလည်း ဘယ်သူကမှ /အရီသောက်/လို့ မပြောပါဘူး၊ /အရေ/လို့သာ ဖတ်ပါတယ်။

အခုတလောမှာ နားကြားပြင်း အကပ်ဆုံး ပြဿနာက နှစ်လုံးဆင့်တွေကို ဖတ်နေကြပုံပါ ပဲ။ “သေသေချာချာ“ကို ရေးထားတဲ့ အတိုင်း ဖတ်တာမျိုးကို ပြောတာပါ။ အသံထွက်အမှန်က /သေသှေချာဂျာ/ပါ။ ရှေ့အလုံးကို ဖော့ထားပေမယ့် နောက်အလုံးတွေကျ အသံပြင်းနဲ့ ပြောတဲ့ စကားမျိုးပါ။
/မှန်မှန်ကန်ဂန်/၊ /ပျော့ဗျော့ပြောင်း ဗြောင်း/၊ /တင်းဒင်းမာမာ/၊ /ခက်ခက်ခဲဂဲ/၊ /ကြီးဂျီးမားမား/၊ /စီးဇီးပိုင်ဗိုင်/၊ /ထူဒူထဲဒဲ/၊ /ခွဲဂွဲခြားဂျား/၊ /ကွဲဂွဲပြားဗျား/…

ရေးပြရင် မနည်းမနောရှိပါလိမ့်မယ်။

တချို့က အဲဒါကို စကားမပီဘူးလို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး၊ အသံထွက် မမှန်တာ သက်သက်ပါ။ စကား မပီဘူးဆိုတာက ကလေးများလို ဗျာလို့ ပြောရမယ့်နေရာမှာ /ဂျာ/လို့ ပြောတာမျိုးပါ။

အဲလိုပဲ၊ “အစေ့”ဆိုတဲ့ ဝေါဟာရကို အသံထွက်တဲ့အခါမှာလည်း အလွဲတွေ ကြားရပြန်ပါတယ်။ အဲဒီ့ ဝေါဟာရကလည်း အထက်မှာ ရေးခဲ့တဲ့ “အရည်”လိုပါပဲ။ အသံထွက်နဲ့ ရေးထုံးက သပ်သပ်စီပါ။ /အစေ့အညှောက်/ လို့ အသံမထွက်ပါဘူး။ /အစိအညှောက်/လို့ သာ အသံထွက်ပါတယ်။ သရက်စေ့လို့ ရေးပေမယ့် ဖတ်တဲ့အခါ /သရက်စိ/လို့ပဲ ဖတ်ရတာမျိုးပါ။ /သီဟိုဇိ/၊ /ဇဗဇိ/ (စပါးစေ့)၊ /နေကြာဇိ/စတာတွေလည်း အလားတူပါပဲ။
စပါးစေ့/ဇဗဇိ/ပါလာတော့ စပါးလုံးကို လည်း သွားသတိရပါတယ်။ /ဇဗလုံး/လို့သာ ဖတ်ကြမြဲပါ။

အခုတော့ ဘယ်သူက ဘယ်လိုလုပ်တယ် မသိပါဘူးဗျာ။

“ရယ်စရာ”ဆိုတာကိုလည်း ဘယ်သူကမှ /ရီဇရာ/လို့ မဖတ်တော့ဘူး။ ခပ်တည်တည်ပဲ၊  /ရယ်ဇရာ/တဲ့ခင်ဗျ၊ တချို့ကဆို သည့်ထက် တောင်ဆိုသေးတယ် /ရယ်ရာ/လို့တောင် စလုံးသံ အပျော့နဲ့ အသံထွက်တဲ့အထိ ကြားဖူးသေးတယ်။

သား သူငယ်ချင်း ကောင်လေးတစ်ယောက်ရဲ့ နာမည်က “ဝေလျှံ”တဲ့။ ကျွန်တော်က သူ့ကို /ဝေရှန်/လို့ တွေ့စကတည်းက အမှန်အတိုင်းခေါ်တယ်။ သုံးခေါက်မြောက်ကျတော့ ကလေးက ပြောတယ်။ သူ့အမေက ပြောတယ်တဲ့။ သူ့နာမည်က /ဝေလှယံ/လို့ ခေါ်ရတယ်လို့ မှာလိုက်တယ်တဲ့။ ကလေးကို ပြန်ပြောမိတယ်။ “သားတို့က လေးထပ်မှာ နေတာမဟုတ်လား။ အဲဒါဆို အပေါ်ကို ရေစက်နဲ့ ရေတင်ရတယ်လေ။ အဲဒါဆိုရင် အပေါ်က တိုင်ကီထဲမှာ ရေပြည့်သွားတဲ့အခါ သားအမေက “ရေစက်ပိတ်လိုက်ဟေ့… ရေတွေ လှယံနေပြီ”လို့ ပြောသလား၊ “ရေတွေ /ရှန်နေဗျီ/”လို့ ပြောသလား။ သားအမေလည်း ရေတွေ လှယံနေပြီလို့ ပြောတဲ့နေ့ ကျရင်း သားကိုလည်း ဦးဦးက သားကို ဝေ/လှယံ/လို့  သားမေမေ ခေါ်စေချင်တဲ့ အတိုင်း ခေါ်မယ်လို့ ပြန်ပြောလိုက်နော် သား”လို့ ကျွန်တော် ပြောလိုက်ခဲ့ဖူးတယ်။ နောက်ပိုင်းကျတော့ အဲဒီ့ကလေးကို ဝေရှန်လို့ ခေါ်ပေမယ့် ဘယ်သူမှ စောဒက မတက်တော့ဘူး။ မှတ်ကရော…

အဲဒါက လူနာမည်။ ဆိုင်နာမည်တစ်ခုမှာလည်း အဲသလို “လျှံ”က ပါနေတယ်။ အမယ်… သူက အဲဒီ့ဆိုင်နာမည်ကို ဘိုလို ရေးထားသေးတယ်။ Hlyan တဲ့ခင်ဗျား။  မြန်မာစကား မတတ်တဲ့ နိုင်ငံခြားသားတစ်ယောက်အတွက်တော့ သူဖြစ်စေချင်သလို /လှယံ/လို့ အသံထွက်မှာ မဟုတ်ပါဘူး။ အလွန်ဆုံးမှ /ဟလရန်း/လို့ ထွက်ပါလိမ့်မယ်။  အဲဒီ့ဆိုင်က ၀န်ထမ်းတွေနဲ့ ဆိုင်ရှင်ကိုလည်း သားသူငယ်ချင်းလေးကို ပြောသလို ဆိုင်အတွက် ရေတင်တဲ့အခါ ရေတွေ လှယံနေပြီ၊ ရေတွေ လှယံနေပြီလို့ ပြောကြပါလားဟဲ့လို့ သွားသင်ချင်စိတ်က ပေါက်လာတယ်။ အဟုတ်…

စာအုပ်ဆိုင်တွေမှာလည်း /ရွှေအမဒေ/ မဂ္ဂဇင်း ထွက်ပြီလားလို့ သွားမေးရင် မသိကြဘူး၊ /ရွှေအမြုတေ/လို့ ပြောမှ နားလည်ကြတယ်။
တော်တော့်ကို စိတ်ညစ်စရာ ကောင်းအောင် အသံထွက်တွေ လွဲကုန်ကြတာ ဘာကြောင့်လဲလို့ စဉ်းစားနေမိတာ အတော်ကြာပြီ။

ဟိုးတစ်လောတုန်းက သောင်းပြောင်းထွေလာမဂ္ဂဇင်းထဲမှာ ဆရာကြပ်ကလေး ရေးထားတာ ဖတ်လိုက်ရတော့မှ အဖြေကို သိလိုက်ပါ တယ်။

ဆရာကြပ်ရဲ့ သုံးသပ်ချက်ကတော့ အခုခေတ်အေ မတွေ စကား သိပ်မပြောတော့ဘဲ စာ အဖတ်များ ကုန်လို့တဲ့။ ရှေးတုန်းက အမေတွေကတော့ စာ သိပ်မတတ်ရှာကြဘူး။ အဲတော့ ဗဟုသုတတွေကို တစ်ဆင့်စကားနဲ့  နာယူ မှတ်သားခဲ့ကြ၊ ကိုယ့်သားသမီးတွေကိုလည်း စကားနဲ့ ပဲ ပြန်လည်ပြောပြ သွန်သင်ကြတာကိုး။

ခုခေတ်မအေတွေကတော့ စာတွေတတ်ကုန်ကြပြီ။ ရေးတတ်၊ ဖတ်တတ်တာကို ပြောပါတယ်။ အဲတော့ စာအုပ်တွေဖတ်ရင်း မျက်စိကပဲ အလုပ် လုပ်တော့တယ်၊ နားက သိပ် အလုပ် မလုပ်တော့တဲ့အတွက် အသံမှန်တွေကို မကျက်မိ၊ မစွဲမိကြတော့ဘူး။ ကိုယ့်သားသမီး ကိုယ် ပြောချင် ဆိုချင်ရင်လည်း စာဖတ်ထားတဲ့အတွက် ဝေါဟာရတော့ ကြွယ်ပါရဲ့၊ နားစောင့်က မကောင်းခဲ့တော့ ရေးထားတဲ့အတိုင်း အသံထွက်ပြီး ပြောမိကုန်ကြရော။ သူတို့ စကားကို မှတ်သားရတဲ့ သားသမီးများ ခမျာလည်း အမှားကို အမှန်ထင်ရင်းနဲ့ အမှားကိုပဲ ဆက်တိုက် လက်ဆင့် ကမ်းလာလိုက်တာ အခုတော့ အမှန်အတိုင်း အသံထွက်ရင်ပဲ ကိုယ်က မှားနေသလိုလို ဖြစ်ကုန်ပါပေါ့လားဟရို့…။

—————————————————–

(၂၀၀၀ပြည့်နှစ်ပတ်ဝန်းကျင်က သတင်းစုံလား၊ အလင်းတန်းလား မမှတ်မိတော့တဲ့ ဂျာနယ်တစ်စောင်မှာ ရေးခဲ့ဖူးတာလေးကို ပြန်လည် ဖော်ပြလိုက်တာပါ။ စကားစပ်ခိုက် ပြောလိုက်ရရင် “လက်တွဲဖော်” စာအုပ်တိုက် နာမည်ကို အင်္ဂလိပ်လို အသံထွက်တဲ့အခါ Lettwè Baw လို့ ပေါင်းပါတယ်။ ဒါကိုပဲ တချို့က လူတတ်လုပ်ပြီး Lat Twe Phaw လုပ်ချင်ကြသေးတယ်။ သူတို့ လုပ်ပုံနဲ့ဆိုရင် ကျွန်တော့် /လက်တွဲဘော်/ စာအုပ်တိုက်ဟာ /လတ်တွဲဖော်/ဆိုတဲ့ အသံလွဲကြီးနဲ့ ဖြစ်နေရှာမှာကို မသိရှာကြဘူးခင်ဗျ။ အော်… သူတို့တွေက “အဖော်”ကို တွင်တွင် သုံးနေကြတဲ့ ခေတ်ရဲ့ လူသားတွေ ဆိုတော့လည်း “ဖော်”ဆိုတိုင်း ဖဦးထုပ်သံနဲ့မှ အမှန်မှတ်ကုန်ကြသား မသိပေါင်ဗျာ။ လုပ်ဖော်ကိုင်ဖက်လို့ ရေးပေမယ့် ဖတ်တော့ /လုပ်ဖော်ကိုင်ဘက်/၊ ကူဖော်လောင်ဖက်လို့ ရေးပေမယ့် ဖတ်တဲ့အခါ /ကူဘော်လောင်ဘက်/ဆိုတာတွေကို သတိချပ် သင့်တယ် ထင်တာပါပဲခင်ဗျား။)

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

25 thoughts on “Language: Correct Pronunciations”

  1. ဟုတ်ပဗျားး.. ရွှေအမဒေကိစ္စတော့ ခဏခဏ ပြဿနာကြုံ..
    လွမ်း စွမ်းကတော့ အစစာလုံးဆိုရင် -မ် သံထွက်လို့ ရသဗျ..။ ကျမကိုယ်တိုင် -န် သံ ထွက်ရတာ မကြိုက် ;D
    ပြီးတော့ အသုံးတွင်စကားလုံးဆိုတာလည်း ရှိသေးသတဲ့။ ဒါကြောင့် နိစ္စဓူဝတောင် နေ့တဓူဝလို့ အသုံးတွင်စကားလုံးအနေနဲ့ လက်ခံရမယ်တဲ့။ မြန်မာစာမှာကလည်း ရေးတာနဲ့ ဖတ်တာ ကွဲတာတွေက တခါတလေမှာ နည်းစနစ်တကျ ရှင်းပြလို့ ရတာ မဟုတ်လေတော့ Why ဆိုရင် အဖြေပြန်မရှိတာနဲ့ပဲ လက်ခံနေရတာ ထင်ပါရဲ့..။ အဲဒါလေး မဂ္ဂဇင်းထဲမှာလည်း ရေးလေဗျ…

  2. အင်း.. နားစောင့်ကောင်းအောင် အသံထွက်မှန်တဲ့လူတွေပြောတာနားထောင်ရမယ်..တော်နေကြာ.. ကလေးကို စာရေးသလိုပြောမိနေရင် မခက်ပါလား။

  3. အင်္ဂလိပ်မှာလည်း aspirated နဲ့ unaspirated ခွဲရတာပါပဲ။ t ကို တီ သံလား.. ထီ သံလား။ k ကို က သံ လား ခ သံ လား ဆိုတာ။ ဒါပေမယ့် သူတို့က ဖော်မြူလာ ရှိတယ်။

    မြန်မာစာ အသံထွက်မှာ ရေးထားတာနဲ့ မတူဘဲ voiced နဲ့ voiceless ကို အမှန်အကန် အသံထွက်တာနဲ့ ပတ်သက်လို့ ဖော်မြူလာရှိရမယ်လို့ လိုက်ရှာကြည့်ဖူးတယ်။ မြန်မာစာအသံမှာက ရှေ့စာလုံးအသံထွက်ပုံ က နောက်ကပ်ပါလာတဲ့ စကားကို သက်ရောက်မှုရှိသလို နောက်စာလုံးကလည်း ရှေ့ကို ပြန်သက်ရောက်နေတယ်လို့ ထင်မိတယ်။ သံပြင်း သံတင်း သံညှင်း ဖြစ်တာတွေနဲ့လည်း ဆိုင်တယ် လို့တွေ့ခဲ့တယ်။

    ဆရာပြောခဲ့တဲ့ စကားနှစ်လုံးထပ်တိုင်းကိုတော့ နောက်က voiced သံ လိုက်တယ်လို့ မထင်ခဲ့မိဘူး။ ဥပမာ.. နှစ်လုံး မထပ်ဘဲ တစ်လုံးတည်း ဆိုရင်တော့ သေချာကို သေဂျာ လို့ထွက်တယ်.. ဒါပေမယ့် သေသေချာချာ ဆိုရင် သေသေချာချာ လို့ပဲ ထွက်တယ်လို့ ထင်ခဲ့တယ်။ (ကျနော် မှားတာ ဖြစ်နိုင်ပါတယ်။)

    ဖော်မြူလာက တခါတလေ အမြဲ မဟုတ်ပြန်ဘူး။ ဥပမာ ရှေ့က အသံထွက် “ကာ” ချင်း အတူတူ ကာပြန် .. ဆိုတာကို ကာဗြန် လို့ထွက်ပေမယ့် ကာတွန်းကျတော့ ကာတွန်းပဲ ထွက်တာမျိုးကျတော့ ကာတွန်းက မွေးစားစကားလုံးမို့လား လို့ ထင်မိပြန်ရော။

    ဒါတောင် စကားလုံး အဆင့်ပဲ။ ၀ါကျ အဆင့်ဆိုရင် ပိုရှုပ်မယ်။

    သာမန်အားဖြင့် အသံထွက်မှာ မြန်မာသံအများစုဟာ ရေးတာနဲ့ ကွဲပြီး ဃောသ voiced သံတွေ ထွက်နေတာ လေထွက်ရတာ အားစိုက်ရတာ လွယ်လို့ဖြစ်မယ်။ (ပျင်းလို့ဖြစ်မယ်) လွယ်ကူမှုကို အရင်းခံပြီး ဖြစ်လာတဲ့ အသံထွက်တွေဆိုရင်တော့ သေဂျာ လို့ ထွက်ရတာ လွယ်သလို သေသေချာချာလို့ နှစ်လုံးထပ်ရတာ လွယ်ပါတယ်။ သေသှေချာဂျာ ဆိုရင် ခက်မနေပေဘူးလား။

    ဦးနှောက်စားတယ်ဗျို့။ မြန်မာစာဌာနက ပြုစုထားတဲ့ စာတမ်းတွေတော့ ရှိမယ်ထင်ပါတယ်။

  4. ဖတ်တော့သွားတာပဲ တချို့စကားလုံးတွေ ကိုယ်တိုင်လဲ မှားတယ်။ တတ်နိုင်ပါဘူးလေ။ သိသလောက်တော့ ပြင်ကြည့်ဦးမယ်။

  5. ပန်ပန်ပြောသလိုတော့ မဟုတ်သေးဘူးထင်တယ်။
    သေချာတယ် … ဆိုရင်တော့ သေဂျာဒယ်လို့ပြောတယ်။ သေချာကြည့် ဆိုရင် သေချာကြည့်လို့ပဲ ပြောတယ်မဟုတ်လား။
    သေသေချာချာ ဆိုရင် ဆရာပြောသလို သေသှေချာဂျာ လို့ပဲ ပြောကြတာများတာပဲ။
    မြန်မာအသံထွက်မှာ ရေးတာနဲ့ကွဲတဲ့ အသံထွက်တာက လွယ်လို့ဖြစ်လာတာတော့ မဟုတ်ဘူး။ သူလဲ အကြောင်းတော့ရှိတယ်။ အရင်ကဖတ်ဖူးတယ်။ ခုတော့မေ့ပြီ။
    ကိုးကားစာအုပ်လဲ အနားမရှိတော့ … 😦

    ဒါနဲ့ဆရာရေ … နာမည်ကိုတော့ အမှန်မဖတ်ဘူးလား။
    ဥပမာ .. ဘူးသီးကြော်ကို ဘူးသှီးဂျော်၊ ရွှေကြည်ဆနွင်းမကင်းကို ရွှေဂျီလို့ဖတ်ပေမဲ့ အုန်းကျော် သိန်းကျော် မှာ ကျော်လို့ပဲဖတ်တယ်။ လူနာမည် ရွှေကြည်ကိုလဲ ရွှေကြည်ပဲ ဖတ်တာနော်။
    ဝေလျှံကို ဝေရှန်လို့ဆိုတော့ ကြားရတာ တမျိုးကြီးပဲ။
    စိန်လျှံ (စားသောက်ဆိုင်) ကိုလဲ ကျမတို့တော့ စိန်ရှန်လို့မဖတ်ဖြစ်ဘူး။
    စဉ်းစားရင်း ခေါင်းစားလာပြီ။ 😀

  6. ဟုတ်တယ် မမေ.. သေချာကြည့်ကျတော့ နောက်ကပါတဲ့ ကြည့်ကြောင့် ပြန်ချာ သွားရတာဖြစ်မယ်။ဆရာဦးထွန်းမြင့်ရေးထားတဲ့ rule လေးတစ်ခု အကြမ်းဖျဉ်းဖတ်ဖူးတယ်။ သိပ်အသေးစိတ်တော့ မဟုတ်ပြန်ဘူး။ စာအုပ်တွေ အနားမှာ မရှိတာလည်း ဆိုးတယ်။

    သေသှေချာဂျာကို ကျနော် တလျှောက်လုံး သေသေချာချာ လို့ပဲ ထင်နေတာ။ သတိမထားမိခဲ့ဘူး။ မှားပေါ့ 😦 . အခုမှ အထပ်ထပ် ရွတ်ကြည့်နေတယ်။ 🙂

    နေထိုင်ကြီးပြင်းခဲ့တဲ့ဒေသ နဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ ထွက်ချင်ပေမယ့် စကားမပီတာက ရှိသေးတယ်။ ကျနော်ဆို တ နဲ့ သ ကိုလည်း ပီအောင် အားစိုက်ပြောရတယ်။ ကျန်တာတွေတော့ ပီပါတယ်။ ဟီး…။

    မမေပြောမှ နာမည်တွေမှာ အသံထွက်တာ ကွဲတာကိုလည်း သတိပြုမိတယ်။ တော်တော်စိတ်ဝင်စားစရာပဲ။

    1. တနဲ့ သ မပီတာကို အထူးတလည် အားစိုက်စရာ မလိုပါဘူး။ သကို ပြောတဲ့အခါ လျှာဖျားလေးကို သွားကြားထဲမှာ ညှပ်ပြီးမှ ပြောတဲ့ အကျင့်လေး လုပ်လိုက်ရုံနဲ့ လွယ်လွယ်ကူကူ ပြင်လို့ရပါလိမ့်မယ်။ အဲဒါလေးကို ဂရုစိုက်လိုက်ရင် အားစိုက်ရတာ သက်သာသွားပါလိမ့်မယ်လို့ အကြံပြုပါရစေခင်ဗျား။

  7. မြန်မာစာအဖွဲ့က ၂၀၀၈ခုနှစ် သြဂုတ်လမှာ ဒုတိယအကြိမ်တည်းဖြတ်ပုံနှိပ်ထုတ်ဝေထားတဲ့ မြန်မာအဘိဓာန်မှာတော့ “လျှံ”ကို /ယှန်/လို့ အသံထွက်ပေးထားပါတယ်။ နှစ်မျိုးထွက်နိုင်တဲ့ “လျှပ်တစ်ပြက်”လိုဟာမျိုးဆိုရင် /လှယတ်ဒဗျက်၊ ယှတ်ဒဗျက်/လို့ ပေးထားတာ တွေ့ရတဲ့အတွက် “လျှံ”ဟာ ခြွင်းချက်မရှိဘူးလို့ “ယူသော် ရ၏” ပေါ့ခင်ဗျာ။ နာမည်တွေမှာ ခြွင်းချက်ဆိုတာ နည်းနည်းတော့ မဟုတ်သေးဘူးထင်ပါတယ်။ ကျွန်တော့်နာမည်ရင်းက အောင်သိန်းကျော်ပါ။ ဘယ်သူမှ ကျွန်တော့်ကို အောင်သိန်းကျော်လို့ မခေါ်ဘူးဘူး။ အောင်သိန်းဂျော်လို့ပဲ ခေါ်ကြပါတယ်။ မိုးကျော်ဆိုလည်း မိုးဂျော်၊ ထွန်းကျော်ဆိုလည်း ထွန်းဂျော်ပဲ အခေါ်များတယ်လို့ ထင်ပါတယ်။ ရှိသေးတယ်။ “ထွန်း”ရဲ့ အသံ။ ကျော်ထွန်းကို /ကျော်ဒွန်း/လို့ ပြောတာမျိုးပေါ့။ နေထွန်းလည်း /နေဒွန်း/လို့ ခေါ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေလေး “နေထွန်းနိုင်”ကိုကျတော့ ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့အတိုင်း ခေါ်နေပါတယ်။ အားလုံးကလည်း အဲလိုပဲ ခေါ်ကြတယ်။ ကျွန်တော့်မှာလည်း မြန်မာစာအဘိဓာန်အပြင် တခြားစာအုပ် မရှိဘူးဖြစ်နေတယ်။ အမှန်က ဂရုတွေ၊ လဟုတွေ၊ ဘာညာဆိုပြီး သူ့စည်းနဲ့ သူရှိပါလိမ့်မယ်။ အမှန်က ပညာရှင်တွေ ပြောရမယ့် ကိစ္စဗျ။ ပြောလည်း ပြောသင့်တယ် ထင်တယ်လေ။ ဒါပေမယ့် ဘာဖြစ်လို့လဲ မသိဘူး၊ ပညာရှင်တွေက လက်ရှောင်နေကြတယ်။ ကျွန်တော် အဲဒါကို ရေးခဲ့တာ ဆယ်နှစ်နား နီးလာပေမယ့် ဘယ်သူကမှ ဆွေးနွေးလာတာ မတွေ့ရဘူး။ အခု ဘလော့(ခ်)ပေါ်ရောက်မှာ ၀ိုင်းဆွေးနွေးလာကြတာမို့ ဒါ ပထမဆုံးပဲ။ သည်လိုကျတော့လည်း အလက်ထရောနစ် မီဒီယမ်က ချစ်ဖို့အကောင်းသား။ (နာမည်အရင်း ဖော်စရာ မလိုတာကိုက အားသာချက်ဖြစ်နေလို့လည်း ဖြစ်နိုင်ပါရဲ့။) ဘာပဲဖြစ်ဖြစ်၊ အခုလို ဆွေးနွေးကြတာကို တအားကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အားတက်သရော ၀ိုင်းဝန်းဆွေးနွေးကြမယ့်သူများကိုလည်း မျှော်လင့်နေမိပါတယ်။

    1. ဟုတ်တယ်ဆရာရေ … ဒီနေ့ ခရီးတခုသွားရင်း အဲဒါကိုပဲ တလမ်းလုံးတွေးနေမိတာ။ တလမ်းလုံးစဉ်းစားလာတဲ့ စကားလုံးတွေ အများကြီးပဲ။
      ဥပမာဆို … သိန်းတန်ကို သိန်းဒန်ပဲခေါ်ကြတာပဲနော်။ ကျော်ကျော် ဆိုရင် ကျော်ကျော်ပဲ ခေါ်ပြီး ကျော်ကြီးကျတော့ ကျော်ဂျီးတဲ့။
      ဆရာပြောသလို ဂရု၊ လဟု ရှိမှာပဲ။ ပညာရှင်တွေ မမြင်လို့ မပြောတာနေမယ်။ ဆရာမြင်အောင် လက်တို့လိုက်ပါလား။ 🙂

  8. ဖတ်ဘဲလာဖတ်ပါတယ်။ ဆွေးနွေးဘို့ညာဏ်ရည်မမီပါ။

  9. ပထမဆုံးအနေနဲ့ ရေးဖေါ်ရတဲ့အတွက် အထူးကျေးဇူးတင်လိုက်ပါတယ်။ ဘလော့ပေါ်မှာတော့ လူအတော်များများက ပါဝင်ဆွေးနွေးလေ့ရှိတာကို သတိပြုမိပါတယ်။ နံမည်ရင်းမဖေါ်ရတာထက် လွယ်ကူနီးစပ်မှုလို့ထင်မိပါတယ်။ အခုကြည့်လေ။ အရင် ၁၀နှစ်လောက်က ကျွန်တော် မဖတ်မိ၊ လက်လှမ်းမမီခဲ့တဲ့ စာစု တခုက ကိုယ့်ရှေ့မှာ အလွယ်တကူ ဖတ်နိုင်နေသလို အလွယ်တကူ မှတ်ချက်ပေးလို့ ရတဲ့အခွင့်အရေးကြောင့် အခုရေးနေပြီ။ ကိုယ်ရေးပြီး ဝေဖန်တာကို ကိုယ်တိုင် ချက်ချင်းမြင်နိုင်သလို သက်ဆိုင်သူကလဲ အချိန်မဆိုင်း မြင်တွေ့ပြန်ကြားနိုင်တာ အလက်ထရောနစ်မီဒီယာရဲ့ အားသာချက်ပါပဲ။ ရေးသူနဲ့ ဖတ်သူ အကြား ဘာ အတားအဆီးမှ မရှိ၊ အယ်ဒီတာတောင် ကြားက ခံမနေဘူးလေ။ အဲသလို လွယ်ကူမူကြောင့်လဲ မြန်မာစာနဲ့ရေးတဲ့ ဘလော့တွေဟာ အခုဆို ရာဂဏန်း တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။ ပုံနှိပ် မီဒီယာ မှာ ပါနိုင်မှ ဆိုရင် ဒီဘလော့ဂါလေးတွေ ဒီလောက် မြန်မာလို ရေးဖြစ်မှာ မဟုတ်ပါဘူး။ များလာတဲ့ မြန်မာစာ အရေးအသား တွေကြောင့်လဲ မြန်မာစာ ဆိုင်ရာသိသင့်သိထိုက်တဲ့ စံနှုန်း တွေကို ပိုမိုရေးသားဖို့လိုလာတယ် လို့ယူဆမိပါတယ်။ ဆရာအတ္တကျော် သိနားလည်သလောက် မြန်မာစာ မြန်မာမှုတွေ ဆက်ရေးပေးဖို့ တောင်းဆို ချင်တာပါပဲခင်ဗျာ။ ကြိုတင်ကျေးဇူးတင်ပါတယ်။

    1. ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့်ကို အလင်းရောင်ပေးတဲ့အတွက်ပါ။ တစ်ဆက်တည်းမှာ ကျွန်တော့်ဘလော့(ခ်)အတွက် ကျွန်တော့်မှာ တာဝန်လည်း ပိုကြီး သွားပါတယ်။ အထူးသဖြင့် မြန်မာစာနဲ့ ပတ်သက်လို့ပေါ့။ မူလကတည်းက ရေးထုံး၊ သတ်ပုံများကို ကျွန်တော် ဂရုစိုက်ခဲ့ပါတယ်။ အခု သည့်ထက်မက ဂရုစိုက်ရတော့မယ်ဆိုတာ ပိုမြင်လာမိပါတယ်။ တစ်ဆက်တည်းမှာပဲ သည်ကနေ့အတွက် ဆက်တင်ရမယ့် post ကိုလည်း ဆုံးဖြတ်လို့ရသွားပါတယ်။ ဖတ်ရှုတော် မူကြပါဦးခင်ဗျား။

      1. ကိုကြီးကျော်ပြောသွားတဲ့အထဲမှာ ထူးဆန်းတာလေးတစ်ခုကတော့ စွမ်းရည်ကို/စွန်းရေ/ လို့အသံထွက်တဲ့ကိစ္စလေးပါဘဲ။ ထူးတော့နဲနဲထူးဆန်းသလိုပဲ အောင်မောင်းတို့တော့ ဗမာစကားပြောလာတာသေခါတောင်နီးနေပြီ စွမ်းရည်သတ္တိကို တစ်ခါမှ /စွန်းရေသတ်တိ/ လို့ အသံမထွက်မိဘူး။ မသေခင်တော့ အသံထွက်အမှန်ပြင်နိုင်အောင် ကြိုစားပါအုံးမယ်ခင်ဗျာ။ ကိုကြီးကျော်ကို အလွန်ကျေးဇူးတင်ပါတယ်။

  10. အရင် ဒီနေရာကို ပထမဆုံးရောက်လာတော့ လက်တွေ့ဘော ဆိုပြီး ဖတ်မိတယ်။ ဘယ့်နှယ် ဒီတစ်ယောက်ကလဲ ပေးစရာ နာမည်ရှားလို့ဆိုပြီး ကတ်သီးကတ်သပ် တွေးမိသေးတယ်ဗျာ..။

  11. ဆရာခင်ဗျား မီ နှင့် မှီ၊ ပင်ကို နှင့် ပင်ကိုယ် ကိုလည်းရှင်းပြပါအုံး။အင်းစာလုံးပေါင်းမှန်ရဲ့လားမသိဗျာ။

    1. မသွားမီ၊ မလာမီ၊ မတိုင်မီ (၀ါ) မနဲ့တွဲပြီး အချိန်မတိုင်သေးခင်လို့ ပြောတဲ့အခါ “မီ”ကို သုံးပါတယ်။ လက်လှမ်းမီတာကိုလည်း “မီ”နဲ့ပဲ သုံးပါတယ်။ “မှီ”က ကျတော့ တစ်စုံတစ်ရာကို ယှဉ်ကပ်အားပြုတာ၊ အားကိုးအားထားပြုတာကို ပြောလိုတဲ့အခါမှာ သုံးပါတယ်။ ဒါ မြန်မာအဘိဓာန်ရဲ့ ဖွင့်ဆိုချက်ပါ။ အဲ… အသံကျတော့ နှစ်ခုစလုံးအတွက် လုံးဝ ပေးမထားဘူးခင်ဗျ။ သည်တော့ ရေးထားတဲ့အတိုင်းပဲ အသံထွက်တယ်လို့ ယူဆရမှာပါ။

      အဘိဓာန်အရရော ကျွန်တော် နားလည်သလောက်ပါ “ပင်ကို”ပဲ ရှိပါတယ်။ “ပင်ကိုယ်”ကို မတွေ့မိပါခင်ဗျား။ ပင်ကိုရဲ့ အသံထွက်ကတော့ /ပင်ဂို/လို့ အဘိဓာန်က ပေးထားသလို ကျွန်တော်တို့လည်း အဲဒီ့အတိုင်းပဲ ပြောနေကျပါ။

  12. လျှံ is usually pronounced as /လှယံ/ in the following cases (when the word carries the meaning of light/brightness rather than spill/overflow).
    အလျှံပြောင်ပြောင်၊ အိုလျှံညီးလင်း

    But, I am not sure whether the correct spelling of the word with the meaning of light/brightness isလျှန် and not လျှံ.

    1. ဟုတ်သဗျ။ မီးလျှံကို ပမာဒ လေခပြီး ကျန်သွားတယ်။ မီးလျှံကျတော့ /မီးယှန်/လို့ အသံမထွက်ပါဘူး။ /မီးလယန်/လို့သာ တစ်သက်လုံး အသံထွက်ခဲ့တာ ဖြစ်သလို မြန်မာစာအဖွဲ့ရဲ့ အဘိဓာန်က ပေးထားတဲ့ အသံထွက်ကလည်း အဲဒီ့အတိုင်းပါပဲ။ ၀ိဝါဒ ကွဲစရာ မရှိပါဘူး။ သည်အတွက် သည်အချက်ကို ထောက်ပြပေးသူ ကိုကိုလေး “ကိုလေး”ကို အထူး ကျေးဇူးဥပကာရ တင်ရှိပါကြောင်း လေးစားစွာ မှတ်တမ်းတင်အပ်ပါတယ်။

  13. ဆရာ … ကျေးဇူးတင်ပါတယ်။

    နည်းနည်းလေး ထပ်ကွန့်ကြည့်ပါရစေ။
    “ထန်း” အတွက် /ထ/ ရော /ထန်း/ ပါ နှစ်သံစလုံး မှန်တယ်ထင်ပါတယ် (ချွင်းချက်အချို့မှလွဲ၍) ။

    /ထ/ အသံ

    ထန်းပင် – /ထပင်/ – ကြားဖူးသည်။ ဥပမာ – /ထပင်မြစ်/ (အညာမှလူများ ထန်းမြစ် ကိုဤသို့ခေါ်ကြသည်။) သို့သော် /ထပင်/ ဟုသက်သက် ခေါ်ခြင်းကိုမကြားဘူးပါ။
    ထန်းလက် – /ထလက်/ – ကြားဖူးသည်။
    ထန်းရွက် – /ထရွက်/ – ကြားဖူးသည်။ ဥပမာ – /ထရွက်ပတီး/ (သီချင်းအမည်)။
    ထန်းတော – /ထတော/ – ကြားဖူးသည်။ ဥပမာ – အိမ်ရှေ့မင်း/ထတော/ (မန္တလေးအနီးရှိ ထန်းတော)။
    ထန်းမြစ် – /ထမြစ်/ – မကြားဖူးပါ။ /ထပင်မြစ်/ ကိုသာကြားဖူးပါသည်။
    ထန်းလျော (ထန်းပင်ပေါ်မှကျသည်) – / ထလျော/ – မကြားဖူးပါ။
    ထန်းလျက် – / ထညက်/ – ကြားဖူးသည်။

    /ထန်း/ အသံ

    ထန်းပင် – /ထန်းပင်/ – ကြားဖူးသည်။ ဥပမာ – မိုးတိမ်ယံကာကွယ် ရွာလည်ပြင်လမ်းမှလ /ထန်းပင်/ /ထန်းလက်/ /ထန်းရွက်/ တွေက အသွယ်သွယ်ပါ မောင်ရယ် (လေဘာတီဒေါ်မြရင် သီချင်းမှ)
    ထန်းလက် – /ထန်းလက်/ – ကြားဖူးသည်။ ဥပမာ – အထက်ပါအတိုင်း။
    ထန်းရွက် – /ထန်းရွက်/ – ကြားဖူးသည်။ ဥပမာ – အထက်ပါအတိုင်း။
    ထန်းတော – /ထန်းတော/ – ကြားဖူးသည်။ ဥပမာ – ကိုသာဗြောရဲ့/ထန်းတော/လည် (စိုင်းစိုင်းခမ်းလှိုင် သီချင်းမှ)
    ထန်းမြစ် – /ထန်းမြစ်/ – ကြားဖူးသည်။
    ထန်းလျော – / ထန်းလျော/ ကြားဖူးသည်။
    ထန်းလျက် – / ထန်းညက်/ – မကြားဖူးပါ။

  14. အလွဲတွေအများကြီးပါ။ ပြောမဆုံးပေါင် တောသုံးထောင်၊ ပြောလို့မဆုံး၊ ရေးလို့ကုန်မယ် မထင်ပါဘူး။ အမှားကို အမှန်ဖြစ်စေချင်တဲ့ စေတနာကို အသိအမှတ်ပြု၊ လေးစားပါတယ်။
    တခုတော့ စောဒကငယ်လေးတက်ပါရစေ။
    စေတနာက အမှားကို အမှန်ဖြစ်စေချင်တာဆိုရင် လေသံကလည်း စေတနာကို ရောင်ပြန်ဟပ်မယ်ဆို ပိုကောင်းမယ်လို့ ထင်ပါတယ်။ ပြောကြတာတော့ ရှိပါတယ်။ မြန်မာလူမျိုးက တခါတခါ ခပ်ကြမ်းကြမ်းပြောမှ နားဝင်တယ်တဲ့။ ကျနော်ကတော့ မြန်မာလူမျိုးအစစ်ပါ။ ရေမရောပါဘူး။ ရိသလို ထေ့သလိုနဲ့ အမှားကို ထောက်ပြတာထက် ရိုးရိုးရှင်းရှင်းလေး ထောက်ပြရင် ပိုကောင်းမလားလို့ပါ။ တတ်သိသူတွေကို ဆရာလုပ်တာတော့ မဟုတ်ရပါခင်ဗျာ။

    1. ကောင်းသဗျာ။ သည်အဆိုကို ခြွင်းချက်မရှိ လက်ခံပါတယ်။ ငယ်တုန်းကတော့ ငယ်တဲ့အလျောက် နည်းနည်း ရမ်းမိခဲ့လေသပေါ့ဗျာ။ ပြီးတော့လည်း အဲဒီ့ ထေ့တတ်တာက ကျွန်တော့်သွေးထဲ သားထဲမှာ ရှိတဲ့ ဉာဉ်ဆိုးလေးပါ။ အခုလည်း အဲဒီ့ဉာဉ်ဆိုးလေး ပြူတစ်ပြူတစ်ဖြစ်ဖြစ်နေတာ တွေ့ရမှာပါ။ ဆင်ခြေပေးတာ မဟုတ်ဘူးနော်။ အခုလို အပြုသဘောဆောင်တဲ့ အကြံပေးတာမျိုးကို တကယ့်ကို လှိုက်လှိုက်လှဲလှဲနဲ့ လေးလေးစားစား ကြိုဆိုအပ်ပါတယ်။
      အခုနောက်ပိုင်းမှာ ကျွန်တော့်လေ ကျွန်တော် စိတ်မချတဲ့အခါ မဂ္ဂဇင်း၊ ဂျာနယ်ဆီ မပို့ခင် အိမ်က ကျွန်တော့်စာတည်းများဖြစ်တဲ့ ကျွန်တော့်အိမ်သူနဲ့ ကျွန်တော့် သားတော်မောင်ကို စိစစ်စေပါတယ်။ သူတို့က သည်နေရာမှာ လေပြင်းနေတယ်၊ သည်နေရာကဖြင့် ဖြုတ်သင့်တယ်ဆိုတဲ့ အကြံပြုချက်များကို လိုက်နာပြီးမှ စာနယ်ဇင်းကို ပေးဖြစ်နေပါတယ်။ ပြောချင်တာက ကျွန်တော်ကိုယ်တိုင်ကလည်း အခု အကြံပြုချက်မလာခင်ကတည်းက ကိုယ့်အပြစ်ကိုယ် မြင်နေမိတဲ့အကြောင်းပါ။ ကိုထက်အောင်ကို အလွန်တရာ ကျေးဇူးတင်ကြောင်း ထပ်လောင်းမှတ်တမ်းတင်ပါရစေ။

  15. အသံထွက်အမှန်တွေကို ခုမှပဲ သိတော့တယ်။ ကိုယ်တိုင်မှားနေတာလေးတွေလဲ ရှိသေးတယ်။း)

  16. မနေ့က ဣတ္ထိယကားကြည့်တော့ ခါတော်မှီကို Kha Daw Mi လို့ပေါင်းတော့ ဆရာ့သွားသတိရသေးတယ်။း)

  17. စာလုံးပေါင်းတွေက သေချာမသိတာတွေရော။ ဒေသကွာတာတွေရောနဲ့ ဘယ်ဟာကို အမှန်မှန်းကို မသိတော့ဘူး။ ဒီဟာတွေလည်း ခု ဖတ်တော့မှကို ဒီလို အသံထွက်ရမှန်း သိတော့တယ်။ မြန်မာတွေရဲ့ ဦးလေး၊ အဒေါ်တွေကို ခေါ်တာကိုလည်း ဘယ်လိုခေါ်ခေါ် ရတယ်မှတ်နေတာ။ အမေ့ မောင်တွေကိုလည်း ဦးလေးပဲ၊ အဖေ့ညီတွေကိုလည်း ဦးလေးပဲခေါ်တာ မှားနေမှန်းကို မသိဘူး။ ခုမှကို သိရတယ်။ အမေကလည်း မသိလို့နေမှာ ပြင်မပေးဘူး။ ကိုယ်တိုင်လည်း ဒေသစုံ လူစုံတော့ အတူနေတဲ့သူတွေရဲ့ လေတွေကို အတုခိုးမိခဲ့တာက ရှိသေးတယ်။ ကိုယ်က အမှန်လား၊ သူတို့က အမှန်လားကို မသိတော့ဘူး။

  18. ကျွန်တော်လည်း lettwebaw ကိုနားမလည်ဘူးဗျ အခုမှရှင်းတော့တယ်ဟဲဟဲ …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s