A Language is a Vehicle

ဘာသာစကားသည် ယာဉ်၊ သင်ယူခြင်းမူ အရွယ်မဟူ

——————————————————

တစ်ရက်က စာရေးစ လူငယ်စာရေးသူလေးတစ်ဦးနှင့်ဆုံသည်။ သူ့ဝတ္ထုတိုလေးတစ်ပုဒ်ကို ဖတ်လိုက်ရပြီးပြီမို့ အားပေးစကား ပြောလိုက်ရင်း သူ့စကားပြေ မချောပြေမှုကို ထောက်ပြဖြစ်သည်။ အထူးသဖြင့် သူ့ဝတ္ထုထဲမှာ ထောင်းထောင်းထအောင် ပါနေသော “သူမ”များကိုပင် ဖြစ်ပါသည်။ အမှန်တော့ သူတင်မဟုတ်၊ အခုခေတ် စာရေးသူအတော်များများက ထို“သူမ”ကို ခံတွင်းတတွေ့ သုံးနေကြသည်။

အမှန်က “သူမ”ဆိုသော အသုံးမှာ မွေးစားထားသော အသုံးသာဖြစ်သည်။ ဘာသာပြန် အသုံးသာ ဖြစ်သည်။ မယုံလျှင်ကြည့်ပါ၊ မိန်းကလေး တစ်ယောက် အဆင်ဆန်းလေး တစ်ခုဝတ်လာသည်ကို ဘေးမှမြင်နေသော ပရိသတ်က တီးတိုးပြောသည်ဆိုပါစို့။ မိန်းမချင်း တီးတိုးပြောရာတွင် “သူဝတ်ထားတာလေးက လှလိုက်တာ”ဟုသာ ပြောပါလိမ့် မည်။ မည်သူမှ “သူမဝတ်ထားတာလေးက လှလိုက်တာ”ဟု မပြောသည်မှာ သေချာလှပါသည်။

ထားပါဦး၊ ထိုမိန်းကလေးကို ငမ်းနေသော ယောကျာ်းသားချင်း ပြောရာတွင်လည်း “သူ့မျက်လုံးလေးတွေက ကြည်လို့”ဟုသာ ပြောပါလိမ့်ဦးမည်။ အဘယ်ပုရိသမှ “သူမ မျက်လုံးလေးက ကြည်လို့”ဟု ပြောမည် မဟုတ်သည်မှာလည်း မုချဖြစ်သည်။

ဆိုလိုသည်က အနှီ“သူမ”သည် လူမပြောသောစကားလုံးသာ ဖြစ်သည်။ စာရေးဆရာတချို့က အင်္ဂလိပ် ဝေါဟာရ ဖြစ်သော she နှင့် her တို့ကို ဘာသာပြန်ကာ အုပ်နေခဲ့ကြရာမှ အစပြုပြီး ထိုဝေါဟာရက မြန်မာစာထဲတွင် ပြူးကြောင်ကြောင်နှင့် ယောင်တိယောင်န တွင်ကျယ်နေခြင်းလည်း ဖြစ်ပါသည်။

ထိုနည်းတူ ကြောင်တောင်တောင် မွေးစား နာမ်စားတစ်လုံး ရှိ ပါသေးသည်။ ယင်းမှာ “သင်”ဖြစ်သည်။ ရှေးဟောင်းစာများတွင် “အသင်”ဟူသော ဝေါဟာရရှိသဖြင့် “သင်”ကလည်း မြန်မာစာလုံး စစ်စစ်နှယ်ဖြစ်နေသည်။ အမှန်က you ကို ဘာသာပြန်လိုက်ခြင်းသာ ဖြစ်နေပြန်သည်။

ယေဘုယျပြောနေသော ဝါကျများတွင် you ကို “သင်”ဟုသာ ဘာသာပြန်လျှင် စာမချောနိုင်တော့ပါ။ နမူနာပြပါမည်။
It’s easier to cycle with a wind behind you. ဟူသော  ဝါကျလေးကို ဘာသာပြန်သောအခါ “လေက ကိုယ့်နောက်က တိုက်နေတဲ့အခါ စက်ဘီးနင်းရတာ ပိုသွက်တယ်”ဟု ရပါလိမ့်မည်။ သို့ရာတွင် စာသံပေသံဟု အမှတ်မှားစေနိုင်သော ဘာသာပြန်နည်းမျိုးကား “လေက သင့်နောက်က တိုက်နေတဲ့အခါ စက်ဘီးနင်းရတာ ပိုသွက်တယ်”ဟု ဖြစ်သွားပါလိမ့်မည်။

အထက်ပါ ဘာသာပြန်နှစ်ခုကို ယှဉ်ကြည့်ပါ။ လိုအပ်လျှင် အသံ ထွက် ဖတ်ကြည့်ပါ။ ဘယ်သင်းက နားထဲသို့ လျှောခနဲ ဝင်သလဲဆိုတာကို ကျွန်တော်က နွားရှေ့ ထွန်ကျူးနေစရာ လိုမည်မထင်ပါ။ ထိုနည်းတူ ဘယ်သင်းက မြန်မာဆန်သလဲဆိုတာလည်း ထင်ရှားပါသည်။

ထိုအချက်များကို ကျွန်တော်က ပြောပြသောအခါ အနှီစာရေးသူ လူငယ်က ကျွန်တော့်ကို စောဓက ပြန်တက်ပါသည်။ စာရေးဆရာမကြီးတစ်ဦး ရေးထားသည်ကို သူဖတ်ဖူးကြောင်း၊ ရှေးဟောင်း ဂရိစာပေများ တိမ်ကောရသည်မှာ ဂန္ထဝင်ကို ဖက်တွယ်လွန်းခဲ့၍သာ ဖြစ်သည်ဟု ထိုစာရေးဆရာမကြီးက ရေးခဲ့ကြောင်း၊ လူငယ်များအနေနှင့် ဂန္ထဝင်လမ်းကြောင်းမှ ခွဲထွက်ပြီး အသစ်များကို စွန့်ဦး တီထွင်သင့်ကြောင်းများဖြင့် သူက ကျွန်တော့်ကို ပြန်ပြောပါသည်။

ထိုအချက်ကို ကျွန်တော် မငြင်းပါ။ သူ ရောထွေးနေခြင်းသာ ဖြစ်ပါသည်။ သူတင်မကသေးဘဲ အခြား လူငယ်စာရေးဆရာများနှင့် လူကြီးစာရေးဆရာ တချို့ပင် ထိုအချက်ကို ရောထွေးနေသည်ဟု ထင်သဖြင့် ယခုဆောင်းပါးကို ရေးဖြစ်ရပါသည်။

ပထမအချက်က ပါဠိ၊ သင်္သကရိုဋ်နှင့် လက်တင်ဘာသာများ တိမ်ကောသွားသည်မှာ စည်းကမ်းကြီးလွန်း၍ဖြစ်သည်ဟု ကျွန်တော် မှတ်သားဖူးပါသည်။ ဆိုလိုသည်က အသုံးအနှုန်းကို ထွင်ခြင်း၊ ကွန့်ခြင်းအလျဉ်းမရှိခဲ့ဘဲ မူသေသုံးခဲ့သောကြောင့် ဖြစ်ပါသည်။ အသက်ရှင်နေသော ဘာသာစကား (living language) တွင်မူ ယင်းသို့ မဟုတ်ပါ။ အမြဲတစေ ပြောင်းလဲနေသော သဘောရှိသည်။ ဆိုကြပါစို့၊ အလွယ်ဆုံး ဥပမာ ဆောင်ရလျှင် တစ်ချိန်က အင်္ဂလိပ်စကားလုံး တွင် gay ဟူသောအသုံးမှာ “ချစ်စရာကောင်းတဲ့”ဟူသော အနက်မျိုးဆန်ဆန်ဖြင့် တွင်ကျယ်ခဲ့ပါသည်။ ယနေ့ခေတ်တွင်မူ ယင်းဝေါဟာရသည် မူရင်းအနက်အတိုင်း အကောင်းဘက်မှာ မဟုတ်တော့ပါ။ ယင်းဝေါဟာရသည် မိန်းမလျာကို ရည်ညွှန်းသော စကားလုံးစစ်စစ် ဖြစ်သွားခဲ့ပါပြီ။

ထို့အတူ cyberspace တို့၊ website တို့လို ဝေါဟာရအသစ်တွေ၊ log in, log out လို၊ undo လို ကြိယာသစ်တွေလည်း တစ်ပုံတစ်မ ပွားနေပါသေးသည်။

ထို့အတူ မြန်မာစကားတွင်လည်း တစ်ချိန်က မြာ၊ မဒီဟူသော အသုံးများ ရှိခဲ့ပါသည်။ ကျွန်တော်တို့ ငယ်ငယ်က “ဇေ“ဟူသော ဗန်းစကားကိုလည်း တော်တော်လေး ခံတွင်းတွေ့စွာ ပြောခဲ့ဖူးပါသည်။ ယခုသော် ထိုအသုံးများ တစ်လုံးမှ မတွင်ကျယ်တော့ပါ။ ကျွန်တော် တို့ ငယ်ငယ်က ပိုက်ဆံကို “ဝက်၊” ဘိုင်ကျနေလျှင် “ဝက်ခမ်းတယ်” ဟု သုံးခဲ့ကြပါသေးသည်။ ထို့နောက်ပိုင်းတွေင် “ဝေါ“ဟုလည်း သုံးလိုက်ကြသေးသည်။

ယနေ့ လူငယ်များမှာမူ ထိုအသုံးများကို ယောင်၍ပင် မသုံးတော့ပါ။ သူတို့အတွက် ပိုက်ဆံသည် “ရေ၊” ပိုက်ဆံပြတ်ခြင်းသည် “ရေခမ်း”ခြင်းသာ ဖြစ်နေပါတော့သည်။ ဒါကလည်း ဘယ်အထိ တွင်ကျယ်နေမည်မှန်းမသိပါ။ အချိန်တန်လျှင် သူ့ဘာသာ ပြောင်းလဲသွားမည်သာ ဖြစ်ပါသည်။
“ခေါက်ထား”ဆိုသော ဗန်းစကားဆိုလျှင် သီချင်းတောင် ဖြစ်ခဲ့သည်အထိ တွင်ကျယ်ခဲ့သော်လည်း ယနေ့ မသုံးတောပါ။ သူ့အစား “နားစမ်းပါ” ဆိုတာက အလိုလို ဝင်လာပါသည်။

ပြောရလျှင် အများကြီးရှိပါသည်။ ဗန်းစကားထဲမှ တချို့ဆိုလျှင် ယနေ့တိုင် တွင်ကျယ်နေပါတော့သည်။ အထက်မှ ဥပမာထဲက “ဘိုင်ကျ”ဆိုလျှင် ယနေ့ထက်တိုင် တွင်ကျယ်ဆဲ အတီတေက ဗန်းစကား ဖြစ်ပါသည်။

ဗန်းစကားမဟုတ်ဘဲ တီထွင်သုံးစွဲသော စကားလုံးသစ်များကလည်း ဘာသာစကားတစ်ခုကို အသက်ရှင်စေပါသည်။ ပမာဆောင်ရလျှင် “ဆန္ဒစောတယ်”ဆိုသော စကားမှာ ဂန္ထဝင်စာပေများမှာရော၊ ရှေးစာများမှာပါ မတွေ့ရသော်လည်း တီထွင်သုံးစွဲရင်းဖြင့် တွင်ကျယ်လာသော စကားလုံးမျိုးဖြစ်ပါသည်။ အလားတူပင် ခံစားချက် “ထိရှ” သည်ဟူသော စကားလုံးမျိုးမှာလည်း ထွင်သုံးသော စကားလုံးများ ဖြစ်ပါသည်။
တစ်ဖန် ရှင်သန်နေသော ဘာသာစကားတွင် မွေးစားစကားလုံးတွေလည်း ရှိရပါဦးမည်။ ဆင် (ရှမ်းဘာသာမှ ဆင်းသက်သည်)၊ အာလူး (အိန္ဒိယစကားမှ လာသည်)၊ ဆိုင်းဘုတ်၊ ကွန်ပျူတာစသည်တို့မှာ မွေးစားစကားလုံးများဖြစ်ပါသည်။

အထက်က လူငယ်စာရေးသူ စောဓက တက်သောအချက်မှာ ဤအချက်ကို ဆိုလိုသည်ဟု ကျွန်တော် နားလည်ပါသည်။ သို့သော် သူ နားလည်နေသည်မှာက “ရေးထုံးပယ်ရေး”ဖြစ်နေတော့ရာ ကျွန်တော့် စကားကို သူ့အစွဲနှင့် အနက်ဖွင့်သလို ဖြစ်နေပါတော့သည်။ ကျွန်တော်က တီထွင်သုံးစွဲသည်ကို အလွန် အင်မတန် အားပေးလိုလှပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း တချို့ဝါကျများတွင် ထိုသို့ ထွင်သုံးခဲ့ဖူးပါသည်။ အနီးစပ်ဆုံး ပြောရလျှင် တစ်ခါက ဘာသာပြန်ဆောင်းပါးတစ်ခုတွင် “ရွှေကျိုးနည်း”ဟု ကျွန်တော်ရေးခဲ့ဖူးပါသည်။ မြန်မာ ပြောစကားတွင် ယင်းကို အဆဲစကားလုံးတစ်လုံးနှင့် ရောနှော သုံးတတ် ကြပါသည်။ အလွန်ကောင်းသည်ဟု ပြောရာတွင် “ေ-ာက်ကျိုးနည်း ကောင်း”ဟု သုံးတတ်ရာ ကျွန်တော်က ယင်းနေရာတွင် “ရွှေကျိုးနည်း ကောင်းတယ်”ဟု ကွန့်ကာ သုံးကြည့်လိုက်ခြင်းဖြစ်သည်။

ကျွန်တော့်ဝတ္ထုတစ်ပုဒ်တွင်လည်း “ရေတံခွန်နှင့်ဝေးလာခဲ့သဖြင့် ရေစီးသံက သဲ့လာသည်”ဟု သုံးလိုက်ဖူးပါသည်။ ကျွန်တော့်ကိုယ် ကျွန်တော် တီထွင်ပါရဂူ ဖိုးဆိတ်ဖြူအဖြစ်သော်လည်းကောင်း၊ မြန်မာစာ ကျွမ်းလှပြီဟု သွေးနားထင် ရောက်သောစိတ်နှင့်သော်လည်းကောင်း ဤ ဥပမာများကို ဆောင်လိုက်ခြင်းမဟုတ်ပါ။ ရေးရင်းနှင့် ခေါင်းထဲသို့ အလွယ်တကူဝင်လာသော ဥပမာများအဖြစ်သာ ပြဆိုလိုရင်းဖြစ်ပါသည်။

ဆိုလိုသည်မှာ ရှင်သန်နေသော ဘာသာစကားဖြစ်ဖို့အတွက် အသစ်ထွင် သုံးစွဲနေခြင်းများမှာ မလွဲမသွေ ရှိအပ်ပါသည်။ ထိုသို့ ထွင်သုံးရာတွင် “ဘာသာပြန်အသုံး”မှာလည်း လိုအပ်နေစမြဲ ဖြစ်သည်။ ဆရာဒဂုန်တာရာ၏  “ရွှေအိုရောင်”မှာ ဘာသာပြန်အသုံးဖြစ်သော်လည်း တွဲဖက်ပုံလည်း လှ၊ ပါရှိသော စကားလုံး၃လုံးစလုံးမှာလည်း မြန်မာဝေါဟာရ စစ်စစ်တွေဖြစ်နေသဖြင့် လှပနေသည်ကို နမူနာပြလိုပါသည်။

သို့သော် “သူမ”ကျတော့ အတော်ထောင့်သည်ကို နားက အလို လိုသိနေပါသည်။ ဒါမျိုးကျတော့ မယူကောင်းပါ။ ကံဟောဝါကျများ (Passive Sentences) ကိုလည်း တချို့တွေက “…ခြင်း ခံရသည်”ဟု ခပ်တည်တည် ဘာသာပြန်တတ်ကြပါသည်။

ဆိုကြပါစို့…၊ Paddy is grown in delta. ဟူသောဝါကျကို  ယင်းနည်းအတိုင်း ဘာသာပြန်လျှင် “စပါးသည် မြစ်ဝကျွန်းပေါ်တွင် စိုက်ခြင်းကို ခံရသည်” ဟုသာ ဖြစ်လာပါလိမ့်မည်။ ဘယ်မြန်မာမှ ထိုသို့ မပြောပါ၊ မရေးပါ။ “မြစ်ဝကျွန်းပေါ်တွင် စပါးစိုက်သည်၊” သို့ မဟုတ်၊ “စပါးကို မြစ်ဝကျွန်းပေါ်တွင် စိုက်သည်”ဟုသာ မြန်မာက ပြောပါလိမ့်မည်။

ပြောလိုသည်မှာ ဘာသာပြန် သုံးလိုက်တိုင်း အသစ်မဖြစ်ဘဲ ထောင့်သွားတတ်သည့် သဘောကိုပင်ဖြစ်ပါသည်။

လူငယ်စာရေးဆရာများ၏ အသစ်ထွင်ချင်သည့်စိတ်ကို ကျွန်တော် လေးစားပါသည်။ သို့သော် မြန်မာသည် မြန်မာသာဖြစ်သလို မြန်မာ ဘာသာစကားသည်လည်း မြန်မာစကားသာဖြစ်သည်။ သူ့အလှနှင့်သူ ရှိနေသည်သာဖြစ်သည်။ မြန်မာစာမှ လှသည်၊ ပြင်သစ်စာမှ လှသည်၊ တရုတ်စာမှ လှသည်ဟု မတွေးသင့်ဟု ထင်ပါသည်။

လူတစ်မျိုးစီမှာ သူ့အလှနှင့်သူ၊ သူ့ယဉ်ကျေးမှုနှင့်သူ၊ သူ့စရိုက်နှင့်သူ ရှိသလို ဘာသာစကားတစ်မျိုးစီမှာလည်း သူ့ထုံးနှင့်သူ၊ သူ့ အလှနှင့်သူ ရှိပါသည်။

ကျွန်တော်သည် ပြင်သစ်စာပေဆိုင်ရာ ဘွဲ့လက်မှတ်တစ်ခု ရခဲ့ဖူးသလို အင်္ဂလိပ်စာကိုလည်း သေစာရှင်စာမျှ တတ်ပါသည်။ အင်္ဂလိပ် ဘာသာမှ မြန်မာလို အကြိမ်ကြိမ် ပြန်ဆိုဖူးသလို မြန်မာမှ အင်္ဂလိပ်သို့လည်း အမြောက်အများ ပြန်ဆိုခဲ့ဖူးပါသည်။ မြန်မာဘာသာကိုလည်း ပြင်သစ်လို အနည်းအကျဉ်း ပြန်ကြည့်ဖူးပါသည်။

သို့ပြန်ဆိုရာတွင် ဘာသာစကားတစ်ခု၏ အလှကို တိုင်းတပါး ဘာသာစကားတစ်ခုနှင့် ဘယ်လိုမှ လိုက်မမီသည်များကို အကြိမ်ကြိမ် ကြုံရပါသည်။ ဥပမာပြပါဦးမည်။

“ကမ်းငွေသောင်”ဆိုသော မြန်မာ စာလုံးတစ်ခုကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုလျှင် Silvery Beach ထက် နည်းနည်းမှ ပိုလို့ မရတော့ပါ။  မှားသည် ဟုလည်း မဆိုနိုင်ပါ။ သို့ရာတွင် “ကမ်းငွေသောင်”၏ လင်္ကာရသကိုလည်း ဘယ်လိုမှ ခံစားရမည် မဟုတ်တော့ပါ။

အလားတူပင် နဘေထပ် သုံးသော အသုံးမှာ ကျွန်တော်တို့မြန်မာ စကားလို တစ်လုံးတစ်သံ ဘာသာစကားမျိုးမှာမှ လုပ်လို့ရပါသည်။ ဥရောပ ဘာသာစကားများကဲ့သို့ တစ်လုံးတည်းကို အသံပေါင်းများစွာ ထွက်နိုင်သော ဘာသာစကားမှာ နဘေထပ်လို့ မရပါ။

တစ်လုံးတစ်သံနှင့် တစ်လုံးကို အသံပေါင်းများစွာ ထွက်သည်ဆိုခြင်းကို နားထွေးနေသည်ဆိုပါက ရှင်းပါရစေဦး။ အင်္ဂလိပ်စကားမှာ  go ကို /ဂို့/ /ဂို/ /ဂိုး/ဟု ကြိုက်သလို ထွက်၍ရပါသည်။ မြန်မာစကားမှာ /သွ/ /သွာ/ /သွား/လုပ်လို့မရဘဲ /သွား/ဟုသာ ထွက်နိုင်အောင် အကန့်အသတ် ရှိခြင်းကို ဆိုလိုပါသည်။

တစ်ဖက်ကပြောလျှင် ဘာသာခြားစကားတစ်ခုဆီက အလှကို လည်း တိုက်ရိုက်ဘာသာပြန်လို့မရနိုင်ပါ။ အလွယ်ဆုံးဥပမာပြရလျှင် ၄-၅နှစ်သား ကလေးတစ်ယောက်ကို အင်္ဂလိပ်က young man ဟု ချစ်စနိုးခေါ်ပါသည်။ “လူကလေး”ဟု ဘာသာပြန်လိုက်လျှင် တက်တက် စင်ပါတော့မည်။ အမယ်ကြီးအိုတစ်ယောက်ကိုကျတော့ ချစ်စနိုးနှင့် အင်္ဂလိပ်က old girl ဟု ခေါ်ပြန်ပါသည်။ “ကောင်မလေးကြီး”ဟု ဘာသာပြန်လိုက်လျှင် အဘယ်မျှ လွဲနေမည်လဲ။

သို့သော် သူ့အသုံးနှင့်သူတော့ လှနေပါသည်။ မြန်မာလို အလှ သုံးလိုက ချာတိတ်ကို “ကိုယ်တော်လေး၊” အမယ်ကြီးကို “ဖွားဖွား ၁၆နှစ်”ဟု သုံးလေမှ အင်္ဂလိပ်ဘာသာစကားထဲက အရသာနှင့် နီးစပ်သွားမည် ဖြစ်သည်။ သို့တိုင် သူ့ဘာသာစကားထဲကအလှနှင့် နီးစပ်ရုံသာ ရှိသည်၊ မူရင်းလောက်တော့ မလှနိုင်ပါ။

ဂျယ်ရီ လူးဝစ်(စ်)၏ရုပ်ရှင်တစ်ကားတွင် ကြားလိုက်ရဖူးသည်။ I’m driving only, but he is steering. တဲ့။ ကျွန်တော် ဘာသာပြန် ကြည့်သောအခါ တော်တော် အူယားစရာကောင်းအောင် ထောင့်နေသော ဘာသာပြန်ကိုရသည်။ “ကျွန်တော်က မောင်းရုံမောင်းနေတာ၊ သူက စတီယာရင်ကို ထိန်းလို့”ဟူ၍ ဖြစ်နေရာ ဘယ်လိုမှ မလှတော့ ပါ။ အမှန်က “ကျွန်တော်က မောင်းနေပြီး သူက ဘေးမှထိုင်ကာ လမ်းညွှန်နေတာ” ဟူသော အနက်ကို အင်္ဂလိပ်စကား အလှဖြင့် သုံးချလိုက်ခြင်းသာဖြစ်ပါသည်။

ဘာသာစကားတိုင်းမှာ သူ့အလှလေးတွေနှင့်သူ ရှိခြင်းကို ဥဒါဟရုဏ် ဆောင်လိုရင်းသာ ဖြစ်ပါသည်။

ထိုအခါ ဘာသာပြန်စာလုံးတိုင်း အလုပ်မဖြစ်နိုင်သည်မှာ သေချာသော အချက်ဖြစ်ပါသည်။

မြန်မာစာရေးဆရာများသည် မြန်မာစကားကို ကြားခံအဖြစ် အသုံးပြုကာ မိမိတို့၏အနုပညာများ၊ မိမိတို့ပြောချင်သော အချက်အလက်များကို မြန်မာစာဖတ်သူမျာအား  ပေးအပ်နေကြသည်ချည်းဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာဘာသာစကားကို ချောပြေလှပအောင် သုံးနိုင်လေလေ၊ မိမိပေးလိုသော အနုပညာတွေ၊ သတင်းအချက်အလက်တွေ ပို၍ ထဲထဲဝင်ဝင် ရောက်နိုင်လေလေဆိုသော အချက်ကို မမေ့စကောင်းပါ။ တစ် နည်းအားဖြင့် ဘာသာစကားတည်းဟူသော ယာဉ်ကို အသုံးပြုလျက် မိမိတို့၏ရောင်းကုန်များကို စားသုံးသူ ပရိသတ်ထံ ဖြန့်ဝေနေခြင်းမျိုး ဖြစ်ပါသည်။

မိမိအသုံးပြုသော ယာဉ်က တုန့်နေလျှင် ပရိသတ်ထံ အရောက်နှေးပါလိမ့်မည်။ မိမိအသုံးပြုသော ယာဉ်က ရှေ့မတိုးလျှင် မိမိ ရောင်းကုန်က ပရိသတ်ထံ မရောက်သဖြင့် ပုပ်သိုးကုန်ပါလိမ့်မည်။ မိမိယာဉ်ကို ပြင်လိုက်လျှင် မာနကို ချလိုက်ရာ ကျမည်စိုးလှသဖြင့် ထိုယာဉ်ကြီး ခရီး မပေါက်မှန်းသိလျက်နှင့် မပြင်ဆင်ဘဲ နေခဲ့သောကြောင့် နောက်ဆုံးတွင် လုံးလုံး ရပ်လိုက်ရသူများလည်း ရှိခဲ့ပါသည်၊ ရှိနေပါသည်၊ ရှိနေပါလိမ့်ဦးမည်။

ကျွန်တော်ကတော့ လက်လှမ်းမီသမျှ ဥပမာလေးတွေထုတ်ကာ စာရေးဝါသနာရှင်များအတွက် တတ်စွမ်းသမျှ ဆွေးနွေးကြည့်လိုက်ခြင်းသာ ဖြစ်ပါသည်။ အမှန်ကတော့ ဆရာမောင်ခင်မင်တို့လို ဘာသာစကား ပညာရှင်များက အကျယ်တဝင့် ပြောခဲ့ပြီးသော ကိစ္စများလည်းဖြစ်ပါသည်။
မြန်မာဘာသာစကားကို ချောချောပြေပြေရေးမိလျှင်ပင် ခေတ်မမီ၊ ဂန္ထဝင်ထဲမှာ ကျန်ရစ်ခဲ့ပြီဟု အထင်ရောက်နေသော စာရေးသူလူငယ်များကို တွေ့ရသောအခါ ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်ရလွန်း၍ ရေးလိုက်ရခြင်းဖြစ်ပါသည်။ လူနားမလည်အောင်၊ ဖတ်လို့မချောအောင် အတတ်နိုင်ဆုံးရေးမှ ခေတ်မီသည်ဟု ထင်နေသည်ဆိုလျှင် ထိုသို့ထင် သူသည် ဉာဏ်မရှိ၍သာ ဖြစ်ရမည်ဟု ကျွန်တော်ကတော့ ပက်ပက်စက်စက်ကြီးကို ပြောလိုက်ချင်ပါသည်။

ယနေ့ကမ္ဘာတွင် အရောင်းရဆုံး ဝတ္ထုများနှင့် လူသိအများဆုံး စာရေးဆရာများ၏ ဝတ္ထုတိုများထဲမှတချို့ကို ကျွန်တော် ဖတ်ဖြစ်ခဲ့၊ ဖတ်ဖြစ်နေပါသည်။ စာပေပုံစံသစ်ဖြစ်နေသည်က မှန်ပါသည်။ သရုပ်မှန် လမ်းရိုးဟောင်းကို ဆင့်ကာထွင်ပြီး ရေးသားနေသည်လည်း မှန်ပါသည်။ သို့ရာတွင် အင်္ဂလိပ်စာကို ကချော်ကချွတ်ဖြစ်အောင် ရေးထားသည်များကိုတော့ တွေ့ကို မတွေ့ရပါ။ သူ့ထုံးနှင့်သူ သတ်ပုံမှန်မှန်၊ သဒ္ဒာနည်းကျကျ၊ အရသာရှိရှိ ဖတ်ရအောင် ဘာသာစကားကို လှလှပပ သုံးထားသည်များကိုသာ တွေ့ရပါသည်။

လူငယ်စာရေးဆရာများ၏ အားနည်းချက်မှာ နိုင်ငံတကာစာပေကို လေ့လာ ဖတ်ရှုနိုင်လောက်အောင် ဘာသာစကားဝမ်းစာ မပြည့်ကြခြင်းလည်း ဖြစ်ပါသည်။ သို့ဆိုလိုက်သည့်အတွက် “အင်္ဂလိပ်စာမတတ်လျှင် စာရေးဆရာ မဖြစ်တော့ဘူးလား”ဟု စကားကပ်ရန် ဝါသနာပါသူများက ကျွန်တော့်ကို စောဒက တက်ကြပါလေဦးမည်။

ဆရာသော်တာဆွေသည် အင်္ဂလိပ်စာ မတတ်ဘဲနှင့် စာရေးဆရာ ဖြစ်ခဲ့ပါသည်။ သို့ရာတွင် စာရေးဆရာအဖြစ် အောင်မြင်လာသောအခါ အင်္ဂလိပ်စာကို အသက်ကြီးမှ မရှက်မကြောက်ပြန်သင်ယူခဲ့သည့်အချက်ကို လုံးဝမမေ့သင့်ပါ။ ဆရာသော်တာဆွေ ဘာကြောင့် အင်္ဂလိပ်စာ ပြန်သင်သည်ဟု ထင်ပါသနည်း၊ ကျူရှင်မှာ ဗရုတ်ကျချင်လို့လား၊ အမေကျော် ဒွေးတော်လွမ်းချင်လို့လား၊ တစ်ခုမှ မဟုတ်ပါ။ အင်္ဂလိပ်စာ တတ်ပါမှ ကမ္ဘာ့စာပေကို ထဲထဲဝင်ဝင် လေ့လာနိုင်မည်ကို သိလိုက်သောကြောင့် အသက်ကြီးမှ ပြန်သင်ယူခဲ့ခြင်းသာဖြစ်ပါသည်။

စာရေးဝါသနာပါသူသည် စာစုံ ဖတ်ဖို့ လိုပါသည်။ မြန်မာစာ တစ်မျိုးတည်းတတ်၊ မြန်မာစာ တစ်မျိုးတည်း သိရုံနှင့် စာရေးဆရာ မဖြစ်တော့ဘူးလားဟု စကား မကပ်စေချင်ပါ။ ဖြစ်ပါလိမ့်မည်၊ ဝါးလုံးခေါင်းထဲတွင်တော့ ဖြစ်နေပါလိမ့်မည်ဟု ကျွန်တော်ကလည်း ပြန်ကပ်ချင် စိတ်ပေါက်သွားပါလိမ့်မည်။

မိမိကိုယ်ကို ကောင်းသထက် ကောင်းအောင်၊ မိမိရေးသော စာတွေကို ကောင်းသထက် ကောင်းအောင် ကြိုးစားချင်စိတ် ရှိနေသမျှ ကာလပတ်လုံး မည်သည့်စာရေးသူမဆို ဖတ်မှတ် လေ့လာနေရမည်သာဖြစ်ပါ သည်။ ထင်းရူးပင်ရိပ်ဆရာ မောင်သာနိုးဆိုလျှင် ယနေ့ထက်တိုင် စာအုပ်တွေကို သည်းသည်းမည်းမည်း ဖတ်နေဆဲ ဖြစ်သည်ကို တွေ့နေရပါသည်။ ဆရာ့အသက်က ၆၀တန်းကို ရောက်နေပါပြီ။ ဆရာဖတ်ထားသော စာအုပ်တွေကလည်း သိန်းနှင့်ပင် ချီနေလောက်ပါပြီ။ သို့ရာတွင် ဆရာသည် ယနေ့ထက်တိုင် သူနှံ့စပ်သော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ရသစာပေများကို အရသာခံဆဲ၊ စူးစိုက် လေ့လာဆဲဖြစ်သည်ကို သူစာကြည့်တိုက်တစ်ခုသို့ မှန်မှန်လာခြင်းဖြင့် သက်သေထူနေပါသည်။

Financial Times လို သိက္ခာလည်း ရှိကာ အင်မတန်လည်း ကိန်းကြီး ခမ်းကြီးနိုင်သော အင်္ဂလိပ်လူမျိုးတို့က ထုတ်ဝေသည့် သတင်းစာမျိုးတွင် မြန်မာလူမျိုးထဲက ရေးပို့သော သတင်းများကို အရင်းအတိုင်း ပြန်ဖော်ပြခံရသည့် သတင်းထောက် ယူပီအိုင် ဦးချစ်ထွန်းဆိုလျှင် အသက်၇၀ကျော်၊ ၈၀နားကပ်နေသည့်တိုင် စာအုပ်ပုံကြီးကြားတွင် နစ်မွန်းနေသည်ကို မျက်ဝါးထင်ထင် မြင်ဖူးပါသည်။
ဦးချစ်ထွန်း၏အိမ် တစ်အိမ်လုံးမှာ စာအုပ်တွေနှင့် ပွနေသလို တစ်ချိန်လုံးလည်း စာဖတ်နေသူဖြစ်ပါသည်။ အမှန်က သူ့အဆင့်၊ သူ့အရေးအသားသည် ဒေါင်ဒေါင်မြည် အင်္ဂလိပ်စာဖြစ်ပါသည်။ သာမန် အင်္ဂလိပ်လူမျိုးတစ်ယောက်ထက် အဆများစွာ သာလွန်ပြီး လှလှပပ ရေးသားတတ်သော ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ပါသည်။ သို့ရာတွင် ထိုဦးချစ်ထွန်းသည် သူ့ဝမ်းစာ သူပြည့်အောင်ဖြည့်နေသည်ကိုချည်း ကျွန်တော် တွေ့ခဲ့ရဖူးပါသည်။ သူသည် ရသစာရေးသူပင် မဟုတ်ပါ၊ သတင်းဆောင်းပါးရေးသူသာဖြစ်ပါသည်။ သို့ရာတွင် အထက်ကဆိုခဲ့သလို သူက နိုင်ငံတကာ တန်းဝင်ပါသည်။ ဝါးလုံးခေါင်းအပြင်ကလည်း ဖြစ်ပါသည်။

မြန်မာပြည်မှာ သူက မထင်ရှားလှသောလည်း ကမ္ဘာ့သတင်းစာဖတ် ပရိသတ်ကတော့ သူ့နာမည်အတိုကောက် MCT ကိုသော်လည်းကောင်း၊ “ချစ်ထွန်း”ကိုသော်လည်းကောင်း ကောင်းစွာ သိကြပါသည်။ သို့ဖြစ်သဖြင့် သူ့ကို ဝါးလုံးခေါင်း အပြင်ကဟု ဆိုလိုက်ရခြင်းလည်း ဖြစ်ပါသည်။
ကျွန်တော်ကတော့ လူငယ်စာရေးဆရာတွေကို လေလုံးတွေ စွတ်ထွား၊ ဟိုနားလပ်လျားလပ်လျား၊ သည်နား ယောင်ယောင်ယောင်ယောင် လုပ်နေမည့်အစား လက်လှမ်းမီသမျှ စာတွေကို နင်းကန် ဖိဖတ်နေစေချင်လှပါသည်။ အချင်းချင်းဆော်ဖို့၊ ကလိဖို့၊ ရိဖို့ ထွက်သမျှ ဂျာနယ်၊ မဂ္ဂဇင်းတွေ လျှောက်ဖတ်နေတာမျိုးကို မဆိုလိုပါ။ ထိုစာတွေ ဖတ်နေသမျှတော့ ဆူလွယ်နပ်လွယ် စာမူတစ်ပုဒ်တော့ ထွက်ချင်ထွက်လာမည် ဖြစ်သော်လည်း တကယ်တမ်းတွင် ဘာအရည်၊ ဘာအဖတ်မျှ ရမည်တော့ မဟုတ်ပါ။

ရောက်နေသောနေရာ၊ ရနေသော ဘဝကို တင်းတိမ် ရောင့်ရဲတတ်လျှင်တော့ “အင်္ဂလိပ်စာတတ်မှ စာရေးဆရာဖြစ်တာမဟုတ်ဘူး”ဟု ကြွေးကြော်သည်မှာ မှန်ပါသည်။ မိမိကိုယ်ကို လက်ရှိအနေအထားထက် ပိုမိုပြောင်လက်လာအောင် တိုက်ချွတ်လိုလျှင်တော့ အင်္ဂလိပ်စာတင်မက၊ တရုတ်စာလည်း သင်သင့် သင်ရပါမည်၊ ဟင်ဒီစာလည်း တတ်ထားလျှင် ကောင်းမည်သာ ဖြစ်ပါသည်။

“အင်္ဂလိပ်စာတတ်မှ စာရေးဆရာဖြစ်မည်ဆိုလျှင် အင်္ဂလန်နိုင်ငံက လူတွေ အားလုံး စာရေးဆရာဖြစ်ကုန်မှာပေါ့”ဟူသော အောက်ကလိအာ စကားမျိုးမှာ စပျစ်သီးကို ချဉ်သည်ဟုပြောသော မြေခွေး၏ စိတ်၊ မြေခွေး၏ အမြင်၊ မြေခွေး၏ ရပ်တည်ချက်မျိုးနှင့် ပြောခြင်းမျိုးသာ ဖြစ်ပါသည်။
ဝန်ကြီးပဒေသရာဇာခေတ်ကပင် ဘာသာခြားစကားကို သင်ကြားအပ်သည်မှတ်ဟု ဆုံးမထားသည်များ ရှိခဲ့သည်မှာ ပေါချာချာ အယူအဆတော့ မဟုတ်နိုင်ပါ။ ယနေ့ခေတ်လို လမ်းဘေးက ယာဉ်စည်းကမ်း ထိန်းသိမ်းရေး လမ်းညွှန်အမှတ်အသားများကိုပင် အင်္ဂလိပ်ဘာသာဖြင့် ပြောင်းလဲ ရေးသားနေသော ကာလမျိုးတွင် ဘာသာခြားစာများကို မျက်စိစုံမှိတ်ကာ မပစ်ပယ်ထိုက်တော့ပါ။

ယခုသော် လူငယ်စာရေးဆရာများက နိုင်ငံတကာစာပေကို လက်လှမ်းမီနိုင်သောအနေအထားတွင် ရှိမနေကြပါ။ လက်ထဲရောက်လာလျှင်ပင် အရသာ ခံရန်ဝေးစွ၊ တစ်မျက်နှာ ပြည့်အောင် ဖတ်ဖို့ပင် ခက်ခဲနေလေအောင်  ဘာသာစကားတံတိုင်းက သူတို့ကို ပိတ်ဆို့ထားပါသည်။ သို့ဖြစ်သဖြင့် ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲ၊ ဘယ်လို တိုးတက် ပြောင်းလဲနေသလဲကို သူတို့တွေ မသိနိုင်တော့ဘဲ ခေတ်ကြီး၏ နောက်မှာ များစွာ မျက်ခြေပြတ် ကျန်နေပါတော့သည်။

ထိုအခါ စာအစတွင် ကျွန်တော့်ကို စောဒက တက်ရာမှာ သုံးခဲ့သလို မြန်မာ စာရေးဆရာကြီးများ၏ စေတနာနှင့် အရေးအသားများကို ဖတ်ရုံသာ ဖတ်ပြီး ထင်သလို အနက်ကောက်ကာ ထင်သလို စွတ်လုပ်နေသော အဆင့်မှာ ရပ်နေသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေရပါသည်။ ထို့အပြင် စေတနာနှင့် ပြောသူတို့၏ စကားများကိုလည်း ချင့်ချိန်ကြည့်ရန်ပင် ဉာဏ်က မမီတော့ပဲ အရူးချေးပန်း လက်သရမ်းကုန်ကြပါတော့သည်။

အမှန်က ဘာသာစကားသည် ယာဉ်တစ်မျိုးသာဖြစ်ပါသည်။ ကိုယ်က မြန်မာလို ရေးသားတော့မည်ဆိုရင် မြန်မာစာ၊ မြန်မာစကားကို နိုင်နိုင်နင်းနင်း ထိထိရောက်ရောက် သုံးစွဲနိုင်မှ အားသာမည်ဖြစ်ပါသည်။ ကချော်ကချွတ် မြန်မာစကားနှင့်ဆိုလျှင် ကိုယ်တင်ပြချင်သည့် အကြောင်းအရာ ဘယ်လောက်ကောင်းကောင်း၊ စာဖတ်သူအား ကိုယ့်အကြောင်းအရာနောက် ကောက်ကောက်ပါလာအောင် စကားပြေက မဆွဲဆောင်နိုင်သဖြင့် “ပေးလကားကြီး”ဖြစ်သွားနိုင်သည်ကို သတိချပ်သင့်ပါသည်။

ဘာသာစကားသည် ယာဉ်တစ်မျိုးဖြစ်သကဲ့သို့ သင်ယူခြင်းသည်လည်း မည်သည့်အရွယ်တွင်မဆို လုပ်ထိုက်သော အလုပ်မျိုးသာ ဖြစ်ပါသည်။
ကျွန်တော်ကတော့ လမင်းကို လက်ညိုးထိုးပြမိပြန်ပါပြီ။

လမင်းကို မကြည့်ဘဲ လက်ညိုးကိုသာ ကြည့်ကာ ထင်ရာ ပြန်ပြောကြလျှင်လည်း ကျွန်တော်ကတော့  ပြုံးနေမိဦးမည်သာ ဖြစ်ပေသည်။

ကျွန်တော် ဘာကို ဆိုလိုမှန်း နားမရှင်းက မူရင်း တရုတ်စကားပုံ လေးနှင့် အဆုံးသတ်လိုပါသည်။

“လမင်းကို လက်ညိုးထိုးပြတဲ့အခါ ငတုံးတွေက လက်ညိုးကိုပဲ မဲကြည့်တတ်ကြတယ်”ဟူသတည်း။                 ။

————————————————

(၂၀၀၀ပြည့်နှစ် အလယ်ပိုင်းက စာရေးသူကိုယ်တိုင် မမှတ်မိတော့တဲ့ မဂ္ဂဇင်းတစ်စောင်မှာ ပုံနှိပ်ဖော်ပြခဲ့တာလေးကို တင်ဆက်လိုက်တာပါ။ လွန်ခဲ့တဲ့ ၉နှစ်ကဆိုတော့လည်း ငယ်မူလက်ရာလို့ ဆိုနိုင်ပေမပေါ့ဗျာ)