Hot Item

ချစ်ခင်လေးစားရသော အသင်းအပေါင်းများစွာတို့ကို တမင့်တမင် အလေးထားလျက် အတင်းအကြောင်းကြားလိုသည်မှာ

အများပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အထူးခံယူနေရသော “တယ်လီဖုန်း တစ်ခြမ်းပဲ့”ဇာတ်လမ်းရဲ့ ပထမပိုင်းကို တင်ဆက်လိုက်ပါပြီ။ ညာဘက်က Pages ဆိုတဲ့ ခေါင်းစဉ်အောက်က Phone Story (Part 1) ဆိုတာလေးကို နှိပ်လိုက်မယ်ဆိုရင် အပြည့်အစုံ ဖတ်ရှုနိုင်ကြပါလိမ့်မယ်ခင်ဗျား။

အဲ… တကယ့် “အနှစ်”ဖြစ်တဲ့ “ဒုတိယပိုင်း”ကတော့ မကြာမီ… လာမည်… မျှော်… အော်… ဟော်… ဟော်… ပါ။

ပထမပိုင်းကို ဖတ်ပြီး ပြန်ရလာတဲ့ ဝေဖန်ချက် comments များပေါ်မှာ မူတည်ပြီး ဒုတိယပိုင်းကို ပရိသတ်ကြီးက အလိုရှိ မရှိ ဆင်ခြင် ချိန်ဆပြီးကာမှ တင်ဆက်မယ်လို့ စိတ်ကူးထားပါတယ်နော်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေခင်ဗျား
အတ္တကျော်

39 Day Prayer

၃၉ရက် မေတ္တာပို့ အဓိဋ္ဌာန် ဂါထာ

————————————————

ခေါင်းစဉ်ဖတ်ပြီး “အတ္တကျော်”တစ်ယောက်တော့ လိုင်းပြောင်းသွားပြီလို့ မအောက်မေ့လိုက်ကြပါနဲ့။ ကျွန်တော် လိုင်းမပြောင်းတာကို လူကြီးမင်းများ အဆုံးအထိ ဖတ်ပြီးရင် သိလာကြပါလိမ့်မယ်။

မောင်နဲ့နှမ၊ သားနဲ့အမိ၊ လင်နဲ့မယား၊ အလုပ်ရှင်နဲ့ဝန်ထမ်း၊ ကိုယ်နဲ့ ကိုယ့်မိတ်ဆွေအစရှိတဲ့ ဆက်ဆံရေးဟူသမျှမှာ သူ့ကြောင့် ကိုယ့်စိတ် အနှောင့်အယှက်ဖြစ်ရတာ၊ ကိုယ့်ကြောင့် သူ့စိတ် မကြည်မသာ ဖြစ်ရတာတွေကို ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

တစ်ယောက်ယောက်ကို မကျေနပ်ဖြစ်သွားတိုင်း “ခွင့်လွှတ်လိုက်ပါ၊ မေတ္တာသာ များများပို့”ဆိုတဲ့ စကားကို ခဏခဏ ကြားဖူးကြမှာပါ။ ပြောလိုက်သူအတွက် အပြောရ လွယ်ကူလှသလောက် နာရသူအတွက်တော့ အင်မတန့်ကို ခက်ခဲလှပါတယ်။ အထူးသဖြင့် ခွင့်လွှတ်ဖို့ လွယ်ကူချင်တယ် ဆိုဦးတောင် “မေတ္တာပို့ဖို့”ကတော့ တော်တော့်ကို ခက်နေတတ်ပါတယ်။

ဘာကြောင့် ခက်တာလဲဆိုတာကို သုံးသပ်ကြည့်ကြရအောင်လား။

စာဖတ်သူများ အသေအချာ စဉ်းစားကြည့်ပါ။

တစ်ယောက်ယောက်က ကိုယ့်ကို အနာတရ ဖြစ်အောင် လုပ်လိုက်တဲ့ အခါ သူ့ကို မေတ္တာထားနိုင်ဖို့အတွက်က သူ့လုပ်ရပ်ကို မေ့ဖျောက်လိုက်ရ ပါတော့မယ်။ အဲဒါကြီးကိုမှ မေ့ဖျောက်ဖို့ဆိုတာက အင်မတိ အင်မတန် ခက်ခဲတတ်ပါတယ်။ ပြုလိုက်သူမှ တစ်ခဏ၊ ခံရသူမှာ တစ်ဘဝ ဆိုသလိုပါပဲ။ ခံလိုက်ရသူအတွက် မေ့ဖျောက်ပစ်ဖို့ အသည်းအသန် ကြိုးစားလေလေ၊ ပိုပြီး တနုံ့နုံ့ တွေးမိလေလေ ဖြစ်နေတတ်ပါတယ်။

တကယ်လို့များ တစ်ယောက်ယောက်က ကိုယ့်ကို “အနီရောင် ဆိုတာ ကိုမေ့လိုက်စမ်းပါ”၊ “အနီရောင်ဆိုတာကို မေ့လိုက်စမ်းပါ”၊ “အနီရောင်ဆို တာကို မေ့လိုက်စမ်းပါ”လို့ အထပ်ထပ် ပြောလာတယ် ဆိုပါစို့။ သူပြောတဲ့အတိုင်း ဘယ်လောက် ကြိုးစားပြီး မေ့ကြည့်ကြည့်၊ မျက်စိထဲမှာ ဖြစ်ဖြစ်၊ အတွေးထဲမှာ ဖြစ်ဖြစ် အဲဒီ့ အနီရောင်ကိုမှ မြင်နေ၊ တွေးနေဖြစ်တော့မှာ အသေအချာပါပဲ။

အဲသလိုပဲ စိတ်ခံစားမှုတွေနဲ့ ပြွမ်းတီးနေတဲ့ နာကျည်းစရာ၊ ဒေါသထွက်စရာ၊ စိတ်ထိခိုက်စရာ ဖြစ်ရပ်တစ်ခုခုကို ဇွတ်အတင်း မေ့ဖျောက်ဖို့ ကြိုးစားတဲ့အခါမှာလည်း ကြိုးစားလေ၊ မမေ့နိုင်လေဖြစ်နေတတ်ပါတယ်။

အဲတော့ အဲလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရတဲ့အခါမှာ ဘာလုပ်သင့်လဲ ဆိုတာကို ဆက်စဉ်းစားကြရအောင်။

ခွင့်လွှတ်လိုက်ပြီး မေ့ဖျောက်တာထက် စာရင် ခွင့်လွှတ်ပြီးတော့ အရှိအတိုင်း လက်ခံလိုက်တာက ပိုကောင်းပါတယ်။

ကိုယ့်အိမ်ထောင်ဖက်က အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်လိုက်တာမျိုး၊ ကိုယ့်မိတ်ဆွေက ကိုယ့်ကို နင့်နင့်သီးသီး ပြောလိုက်တာမျိုး၊ ကိုယ့်မိဘက ကိုယ့်ကို မဦးမချွတ် ဆိုလိုက်တာမျိုး၊ တစ်ခုခုကြောင့် နာကျင် ခံစားရတဲ့အခါမျိုး၊ ကိုယ့်ကို မချစ်တော့ဘူး၊ မကြင်နာတော့ဘူး၊ တန်ဖိုး မထားတော့ဘူးလို့ ခံစားရတဲ့အခါမျိုးတွေမှာ ဘယ်လို လုပ်ပြီး ခွင့်လွှတ်ရမလဲ၊ အဲဒီ့ခံစားချက်ကို ဘယ်လို ဖျောက်ပစ်ရမလဲလို့ လူတိုင်း သိချင်မှာပါ။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ အဖု အထုံးဖြစ်လာတဲ့အခါ အဲဒါကို ဖြေဖျောက်ဖို့အတွက် ခွင့်လွှတ်မှု တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အရှိအတိုင်း လက်ခံလိုက်ဖို့ပါ လိုပါတယ်။

ဟာ… ဘာတွေ လာပြောနေတာလဲ၊ ဘယ်လို အရှိအတိုင်း လက်ခံရမှာလဲလို့ မေးမယ်ဆိုရင် ကျွန်တော့်မှာ အဖြေရှိပါတယ်။

ကိစ္စအတော်များများမှာ လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ ခက်ခဲနေတာဟာ ကိုယ်ကိုယ်၌က တစ်ခုခုကို စွဲနေလို့သာ ဖြစ်ရတာပါ။ အဲဒီ့အစွဲတွေကလည်း ကိုယ်ခံစားနေရတာ၊ ကိုယ်နာကျင်တာဟာ မှန်ကိုမှန်တယ်၊ တရားကို တရားတယ်ဆိုတဲ့ အစွဲ၊ ကိုယ့်ကို အလေးပေးသင့်တယ် ဆိုတဲ့အစွဲ၊ လူမှန်ရင် ဘယ်ကဲ့သို့ ဘယ်ချမ်းသာ လုပ်သင့်လုပ်ထိုက်တယ် ဆိုတဲ့အစွဲ၊ ကိုယ်ခံစားရသလို သူလည်း ပြန်ခံစားစေချင်တယ်ဆိုတဲ့ အစွဲ၊ လက်တုံ့ပြန်ချင်တဲ့ အစွဲတွေပဲ ဖြစ်ပါတယ်။

အဲတော့ အဲလိုအစွဲတွေကြားထဲမှာ နစ်နေမိတာနဲ့အမျှ ဆက်ဆံရေးမှာ ဖြစ်လာတဲ့ အဖုအထုံးကို ဖြေဖို့ ခက်ခဲနေတော့မှာပါ။

မီးခဲကိုဘယ်သူမှ လက်ထဲမှာ ကိုင်မထားပါဘူး။ အလားတူပဲ၊ လေးလံတဲ့ဝန်ကိုလည်း ဘယ်သူမှ ကြာကြာ ထမ်းပိုးမထားချင်ဘူး။ အမြန်ဆုံး ကိုယ့်လက်ထဲက လွှတ်ချလိုက်ချင်တဲ့သူချည်းပါပဲ။ ပူလောင်မှု၊ နာကျင်မှု၊ လေးလံမှုတွေအားလုံးကို မခံချင်ဘူးဆိုရင် လွှတ်ချလိုက်ဖို့က လိုလာပါပြီ။

သည်အခါမှာ တစ်ဖက်သားကို ခွင့်လွှတ်ပြီး မေတ္တာသာ များများ ပို့ ရတော့မှာပါ။ မေတ္တာပို့နိုင်ဖို့အတွက် အထက်က ပြောတဲ့ အစွဲတွေကိုလည်း လွှတ်ချလိုက်ရတော့မှာပါ။

ဟင်… ပြောပြန်ပြီ၊ သူပြောတော့ လွယ်လွယ်လေး။ သည်မှာ ရင်နဲ့ မဆန့်အောင် ခံစားနေရတဲ့သူက ဘယ်လိုလုပ် မေတ္တာပို့ရမှာတုန်းလို့ တွေးများ တွေးနေမိပါသလား။

ဟုတ်ပါရဲ့…

ကျွန်တော်ကိုယ်တိုင်လည်း သူများတကာက မေတ္တာသာ များများ ပို့ ဆိုလို့ ပို့ကြည့်တယ်၊ မအောင်မြင်ပါဘူး။ ကိုယ့်ဘက်က မေတ္တာ ပို့နေတယ် ဆိုကတည်းက သင်းကို ကိုယ်လို ပြန်ခံစားစေချင်၊ ကိုယ့်မေတ္တာတွေ စူးစေချင်တဲ့ ရည်ရွယ်ချက်ကြီးက နောက်က ထက်ချပ်လိုက်နေတော့ ပို့လည်း ပို့ပို့ပဲ၊ ဘာမှ မပြောင်းလဲဘူး။

ဘာလို့လဲဆိုတော့ မေတ္တာပို့လို့သာ ဘေးလူတွေက ပြောတတ်ကြတာ။ မေတ္တာပို့နည်းကျတော့ ဘယ်သူကမှ ကျကျနန သင်မှ မပေးတာကိုး။ အများ သိထားတဲ့မေတ္တာပို့နည်းကလည်း “အရှေ့အရပ်၌ရှိသော လူနတ်ဗြဟ္မာ အနန္တ သတ္တဝါ တို့…” အစချီတဲ့ တရားတော်လာ မေတ္တာပို့နည်း ဖြစ်နေတော့ ဒေါသတွေ၊ နာကျင်ထိခိုက်မှုတွေကို လတ်တလော ရင်ဆိုင်နေရသူ ပုထုဇဉ်အတွက်ရော၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက်ပါ တော်တော်လေး အခက်တွေ့နိုင်တဲ့နည်း ဖြစ်နေပါတယ်။ အဲဒီ့ မေတ္တာပို့နည်းအတိုင်း တကယ့် စေတနာသန့်သန့်နဲ့ (ဝါ) သင်းလည်း ငါ့လို ပြန်ခံစားရပါစေဆိုတဲ့ စိတ်မျိုး မပါဘဲ လေးလေးနက်နက် ရွတ်နိုင်မယ်ဆိုရင်တော့ သိပ်ကောင်းပါတယ်။

ဒါပေမယ့် ကျွန်တော်ပြောသလိုပဲ၊ လက်တွေ့ ရင်ဆိုင် ခံစားနေရချိန်မှာ သည်နည်းက သိပ် တာမသွားနိုင်တဲ့အတွက် အနုဉာတ အန္ဓ ပုထုဇဉ်များအတွက် လွယ်ကူ အဆင်ပြေတဲ့ မေတ္တာပို့နည်းလေးကို တင်ပြလိုက်ချင်ပါတယ်။

ကျွန်တော့်မေတ္တာပို့နည်းကတော့ “၃၉ရက် မေတ္တာပို့ အဓိဋ္ဌာန်ဂါထာ”နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။

ကျွန်တော့် ဂါထာက ပါဠိပါဋ္ဌ်သားတွေ မပါပါဘူး။ ဥုံလည်း ခံစရာ မလိုဘူး။ နေ့စဉ်သုံး စကားနဲ့ နေ့စဉ် ရွတ်ဖို့ပဲ လိုပါတယ်။ တကယ် အလုပ် ဖြစ်တဲ့နည်းပါ။

တစ်ခုရှိတာက ၃၉ရက်လုံးလုံး တစ်ရက်မပျက် လုပ်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်၊ မြန်မြန် အဆင်ပြေသွားချင်ရင် အကြိမ်ရေ များများ ရွတ်ရပါမယ်။ အနားမှာ ဘယ်သူမှ မရှိဘဲ၊ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ အောက်ပါအတိုင်း ရွတ်ကြည့်ပါ။

“ကိုဟဝှာ/မဟဝှာရေ (ကိုယ့်ကိုနာကျင်ထိခိုက်ခံစားအောင်လုပ်တဲ့ သူရဲ့နာမည်ပါ။) ကျွန်တော့်ကို/ကျွန်မကိုရော၊ ကျွန်တော်/ကျွန်မ ချစ်ခင် သူတွေအပေါ်မှာပါ ခင်ဗျား/ရှင် ပြုခဲ့သမျှအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်/ကျွန်မ ခင်ဗျားအပေါ်မှာ ပြုခဲ့သမျှ အားလုံးအတွက် ကျွန်တော့်ကို/ကျွန်မကို ခွင့်လွှတ်ပါနော်။ ကျွန်တော်/ကျွန်မနဲ့ ခင်ဗျား/ရှင်နဲ့ ဆက်ဆံရေးကို တစ်က ပြန်စရအောင်ပါ”


“ကိုဟဝှာ/မဟဝှာရေ (ကိုယ့်နာမည် ကိုယ်ပြန်ခေါ်တာ)၊ နင့်ကို ငါချစ်တယ်။ နင် သိပ်မွန်မြတ်တယ်၊ နင့်စိတ်ထား သိပ်ကောင်းတယ်”

ဒါလေးပါ။

ကျွန်တော့် ဂါထာလေးက အဲသလောက် ရိုးစင်းပါတယ်၊ ရှင်းလင်းပါတယ်။

ရင်ထဲမှာ နာကျင်ခံစားနေရချိန်မှာ ဒါတွေကိုပြောရတာတော့ အစ ပထမမှာတော့ အနည်းနဲ့အများ ခက်ချင် ခက်နေပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားပြီး ပြောကြည့်မယ်ဆိုရင် အတိုင်းမသိ ထိရောက်တာကို လက်တွေ့ သိရပါလိမ့်မယ်။

ကိုယ့်ကို နာကျင်ခံစားအောင် လုပ်ခဲ့သူကို ကျေးဇူးတင်လိုက်ခြင်းဟာ သူ့နေရာမှာ နေကြည့်လိုက်ခြင်း တစ်မျိုးပါပဲ။ တကယ်တော့ သူက ကိုယ့်ကို နာကျင်ခံစားအောင် လုပ်တယ်ဆိုရာမှာ သူ့အကြောင်းနဲ့သူပါ။ တစ်ဖက်ကလည်း ကိုယ့်ဘဝမှာ ကြုံဆုံရသမျှ အရာတိုင်း၊ အခက်အခဲတိုင်း၊ ဒုက္ခတိုင်းဟာ ကိုယ့်ကို ပိုရင့်ကျက်လာအောင်၊ ပိုခံနိုင်ရည် ရှိလာအောင်၊ ပိုအရည်အချင်း ရှိလာအောင်၊ ပိုမွန်မြတ်လာအောင် လုပ်ပေးနေတာတွေချည်းပါပဲ။

တစ်ခါ ကိုယ့်ကို ခွင့်လွှတ်ဖို့ သူ့ကို ပြောတာဟာ ကိုယ်နဲ့ သူနဲ့ရဲ့ဆက်ဆံရေးမှာ အဖုအထုံး ဖြစ်သွားရတာအတွက် ကိုယ့်မှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိနေကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးတဲ့သဘောပါ။

“လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်”ဆိုတဲ့ ကလီရှေးလိုပါပဲ၊ သူနဲ့ ကိုယ်နဲ့ အဆင်မပြေတာဟာ သူ့တစ်ယောက်တည်း မကောင်းလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ကိုယ့်ဘက်ကလည်း ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ အမှားအယွင်း တစ်စုံတစ်ရာ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ကို ခွင့်လွှတ်ဖို့ သူ့ကို တောင်းပန်စကားပါ ထည့်ပြောရတာပါပဲ။

ကိုယ့်ကိုယ်ကိုယ် ချစ်ကြောင်း၊ ကိုယ် မွန်မြတ်ကြောင်း၊ ကိုယ်စိတ်ထား ကောင်းကြောင်း ရွတ်တာဟာ ကိုယ့်ကိုယ်ကိုယ် အားသစ်လောင်းတဲ့ အနေနဲ့ပါ။ လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင်ပဲ ပြုပြင်လို့ ရပါတယ်။ တခြားလူက ပြုပြင်ပေးလို့ မရပါဘူး။ အဲတော့ ကိုယ့်ကိုယ်ကိုယ် မောင်းတင်တဲ့ အနေနဲ့ အဲဒီ့အပိုဒ်ကို ထည့်ထားတာပါ။

အဲဒီ့ဂါထာလေးကို ရွတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ရော၊ တစ်ဖက်သားအပေါ်မှာပါ နားလည်မှု အသစ်တစ်ရပ် ဖြည်းဖြည်းချင်း ဖြစ်လာပါလိမ့်မယ်။ ရွတ်ရင်းနဲ့ တစ်ဖက်သားအပေါ်မှာ ထွက်နေတဲ့ေ ဒါသတွေ၊ စက်ဆုပ်မုန်းတီးမှုတွေကလည်း တစ်စတစ်စ လျော့ပါးလာတာကို တွေ့ရပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ခံစားချက်ကို ပြောင်းဖို့ အားထုတ်တဲ့ ဂါထာပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ သူနဲ့ ဆက်ဆံရေးကို သတိထားကြည့်မယ်ဆိုရင် ၃၉ရက်ကျော်လို့ ရက်၄၀ကို ရောက်ပြီ ဆိုတာနဲ့ ထူးခြားနေတာကို မလွဲမသွေ တွေ့ရတော့မှာပါ။

သည်မှာ မေးစရာတစ်ခု ရှိပါတယ်။ ဘာကြောင့် ၃၉ရက် လုပ်ခိုင်းတာလဲဆိုတဲ့ ကိစ္စပါ။ အဲဒါက စိတ်ပညာ သဘောအရပါပဲ။ အခု ကျွန်တော် ပြောလိုက်တဲ့ ဂါထာနဲ့ ရက်များဟာ မိမိစိတ်ကို မိမိ ပြန်အမိန့်ပေးတဲ့ auto-suggestion နည်းပါပဲ။ လူတစ်ယောက်အနေနဲ့ ဘာကိုပဲဖြစ်ဖြစ် အကျင့်တစ်ခုလို စွဲလာအောင် လေ့ကျင့်ယူဖို့ အနည်းဆုံး ရက်၃၀ကနေ ရက်၄၀အတွင်း နေ့စဉ်မပျက် ဆက်တိုက် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ၃၉ကို ရွေးလိုက်တာပါ။ ဘာဂမ္ဘီရ သဘောမှ မပါပါဘူး။

တကယ် လုပ်ကြည့်လိုက်တဲ့အခါ တစ်ဖက်သားကို မေတာပို့တယ်၊ မေတ္တာပို့တယ်လို့ တွင်တွင် ပြောနေတဲ့ကြားက သူ့ကို ကိုယ်လို ပြန်ခံစားစေချင်တဲ့ စေတနာတွေလည်း တဖြည်းဖြည်း ကင်းပပျောက်ကွယ်သွားတော့မှာနဲ့အမျှ ကိုယ် သူ့အပေါ်ထားတဲ့ စေတနာ မေတ္တာကလည်း တည့်လာ၊မှန်လာ၊ စင်ကြယ်လာပါတော့မယ်။

ကိုယ့် စေတနာ မေတ္တာ မှန်လာတာနဲ့အတူ တစ်ဖက်သားရဲ့ကိုယ့်အပေါ် ထားတဲ့ သဘောထားကလည်း သိသိသာသာ ပြောင်းလာမှာပါ။
ကျွန်တော်ထပ်ပြောပါ့မယ်။ ၃၉ရက်လေးပဲ လိုပါတယ်။ ၃၉ရက်တိတိ အဓိဋ္ဌာန်ဝင်ပြီး တစိုက်မတ်မတ် ရွတ်သွားမယ်ဆိုရင် စာဖတ်သူ လူကြီးမင်းရဲ့ ဆက်ဆံရေးဘဝ အကြီးအကျယ် ပြောင်းလဲသွားတော့မှာပါ။

မယုံဘူးလား…

မယုံရင် လက်တွေ့ စမ်းကြည့်လိုက်ကြပါခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

———————————————

(၁၉၉၉ခုနှစ်လောက်က သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလေးကို ပြန်လည် ဖော်ပြလိုက်တာပါ။ ဘယ်လုံးချင်းမှာမှ ပြန်မထည့်ဖြစ်ခဲ့ဘဲ ကျန်ရစ်နေခဲ့တာလေးမို့ အများအတွက် အသုံးတည့်လို တည့်ငြား ပြန်လည် တင်ဆက်လိုက်ပါတယ်။)