Brand New Piece: Phone Story (Latest)

ဖုန်းဇော

————————————————

ဖုန်းသံမြည်လာတယ်။

“ဟယ်လို…”

“မိန်းမလား…”

“ရှင်…”

“မိန်းမလားလို့…”

“မ… မဟုတ်ပါဘူးရှင်။ ကျွန်မ သည်အိမ်က အိမ်ဖော်ပါ”

“ဪ… အေး… အေး။ မင်း မမလေးရော ရှိလား”

“ဟုတ်… ရှိပါတယ်ရှင့်”

“မမလေးကို ခေါ်ပေးကွာ။ အရေးကြီးလို့….”

“ရှင်… မမလေးက သူ့အမျိုးသားနဲ့ အိပ်နေပါတယ်ရှင်။ မခေါ်ပေးရဲဘူးရှင့်”

“ဘာ… သူ့ယောက်ျားနဲ့… ဟုတ်လား”

“အင်းလေ… မဟုတ်ဘူးလား…”

“ဘယ်ကလာ… သည်မယ်… ငါကမှ သူ့ယောက်ျား။ ကောင်မက တော်တော် လင်ပေါနေတယ် မှတ်တယ်။ အခု လင်ငယ်နဲ့ အကြည်ဆိုက် နေတယ်ပေါ့။ တောက်… သေမယ့်သာမှတ်။ ဟေ့… ဟေ့… မင်းအခုချက်ချင်း အဲဒီ့အခန်းထဲဝင်ပြီး အဲဒီ့ကောင်မကိုရော၊ သူ့အကောင်ကိုရော သွားသတ်စမ်းကွာ…”

အိမ်ဖော်မလေး ဆတ်ခနဲ တုန်သွားပြီးမှ…

“ရှင်… မ… မလုပ်ပါရစေနဲ့ရှင်…”

“တောက်… နင်ပါ သူတို့နဲ့ အတူ သေချင်လို့လား။ ငါ အခု ချက်ချင်း ပြန်လာလိုက်ရ သုံးလောင်းပြိုင်ဖြစ်သွားလိမ့်မယ်။ သွားစမ်း၊ သွားစမ်း၊ အိမ်ရှေ့ အလှပြစင်ရဲ့ အပေါ်ဆုံး အံဆွဲထဲမှာ သေနတ်ရှိတယ်။ မောင်းလဲ တင်ထားပြီးသား။ ကျည်လဲ အပြည့်ပဲ။ ကြားလား…”

“ဟုတ်… ဟုတ်ကဲ့ရှင့်…”

“အဲဒီ့ သေနတ်ယူပြီး နှစ်ယောက်စလုံးကို ပစ်သတ်။ ဖြစ်သမျှ ငါရှင်းမယ်။ ကြားလား…”

“ဟုတ်… ဟို… ဟိုလေ…”

“ဟိုလေတွေ၊ သည်လေတွေ လုပ်မနေနဲ့။ နင်ပါသေချင်လို့လား”

“မ… မဟုတ်ပါဘူးရှင်…”

“ဒါဆို… သွား… သွားသတ်ချေ”

“ဟုတ်… ဟုတ်… သွား… သွားပါ့မယ်”

ခဏအကြာတွင် ဒိုင်းခနဲမြည်သော သေနတ်သံနှစ်ချက်ကို ကြားလိုက်ရသည်။ အိမ်ဖော်မလေးက ဘေးတွင်ချထားသော တယ်လီဖုန်းကို ပြန် ကောက်ကိုင်လိုက်သည်။

“ပြီး… ပြီးပါပြီရှင်။ ကျ… ကျွန်မ ဘာဆက်လုပ်ရမလဲရှင့်”

“အေး… ပြီးရင် ဂုံနီအိတ်နဲ့ အလောင်းတွေကို ထုတ်ပြီး အိမ်ရှေ့ကို ဆွဲထုတ်လာခဲ့… ပြီးရင် ငါ့ကို ပြန်ပြော…”

“ဟုတ်…”

အတန်ကြာပြီးနောက်…

“ပြီး… ပြီးပါပြီရှင့်။ ဘာဆက်လုပ်ရပါမလဲရှင့်…”

“ပြီးရင် အိမ်ရှေ့က ရေကန်ထဲ ခဏချထား။ ငါ အခုပြန်လာခဲ့မယ်”

“ရှင်… ဘာကြီး… ဘယ်ထဲကို ချရမယ်…”

“ရေကန်ဟေ့… ရေကန်။ နင် နားပင်းနေလား။ တောက်… သည်မှာ ဒေါသထွက်နေရတဲ့အထဲ…”

“ဟို… ဟိုလေ… အိမ်ရှေ့မှာ ရေကန်မရှိဘူးရှင့်…”

“ဘာ… ဘာပြောတယ်…”

“အိမ်… အိမ်ရှေ့မှာ ရေကန်မရှိဘူးရှင့်။ လမ်းမကြီးပဲ ရှိတယ်”

“အယ်… သေ… သေချာရဲ့လား…”

“သိပ်သေချာပါတယ်ရှင်”

“ဒါ… ဒါဖြင့် အဲဒီ့ဖုန်းနံပါတ်က ၁၂၃၄၅၆၇၈ မဟုတ်ဘူးလား”

“မဟုတ်ဘူးရှင့်… ၁၂၃၄၅၆၇၇ ပါ”

“ဟောဗျာ… အင်း… ဘယ်လို ပြောရမလဲ။ ဆောရီးပါနော်။ ဖုန်းမှားသွားလို့… အင်း… အဲ… ဒါ… ဒါပဲနော်”

“ဂွပ်”

🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂

ကျွန်တော့်ဆီကို လှမ်းပို့လိုက်တဲ့ ဓာတ်ချောစာထဲက ဟာသလေးပါ။

ဟာသကို တခုတ်တရ စာဖွဲ့ရတာက အဲဒါမျိုး ကျွန်တော်လည်း ကြုံဖူးလို့ပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်က ဖြစ်ပါတယ်။ အဲတုန်းက ကျွန်တော့်ဖုန်းနံပါတ်က ၈၂၅၂၄။ အဲဒီ့ဖုန်းက ခဏခဏ မှားတတ်တယ်။ ဖုန်း မှားတာကို လျှာအရှည်ကောင်းလို့ အသည်းတစ်ခြမ်း ပွန်းသွားဖူးတဲ့ အကြောင်းတော့ ဝတ္ထုတောင် ရေးပြီးခဲ့ပါပြီ။

အခုသည်ဟာသလေးကို ဖတ်ပြီး ပြန်သတိရတာကတော့ လူတွေရဲ့ လောကြီးတတ်ပုံပါ။ အမေက ဖုန်းကိုင်ပြီး ဟဲလိုလို့ ထူးလိုက်တဲ့အခါ တစ်ဖက်က မိန်းမက “ဟဲ့… နင့်အမေရှိလား” ဆိုတာမျိုးနဲ့ အမေကြုံခဲ့ဖူးပါတယ်။ အမေလည်း ကျွန်တော့်အမေပဲဗျာ၊ ဘယ်ခေမလဲ၊ စိတ်တိုတိုနဲ့၊ “နင့်အမေတော့ မရှိဘူးဟဲ့။ အခုဖုန်းကိုင်တာ နင့်အဘွား”လို့ ပြောပြီး ဂွပ်ဆို ဖုန်းချလိုက်ရဖူးတာမျိုးက အခါခါ။

ကျွန်တော် ကြုံတာကတော့ တစ်မျိုး။ “အဘလား“ဆိုတာ ခဏခဏ ကြုံရတာ။ မှားပါတယ်လို့ ပြေပေမယ့်လည်း ဆက်မှားလို့ ကောင်းနေကြတဲ့ အကြိမ်ရေက များလာတော့ စိတ်က နောက်လာတယ်။

တစ်ရက်မှာ အဲသလို ကြုံလိုက်ရပြန်တယ်။ မနက် စောစောစီးစီးကြီး ခင်ဗျ။ မှတ်မိသေးတော့တယ်။ ဖုန်းထမြည်တော့ အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်ပြီး ထူးလိုက်တယ်။

“ဟယ်လို…”

တစ်ဖက်က…

“အဘလား…”
“အေး… ပြော…”
“သည်… သည်လိုပါ အဘ… ကျွန်… ကျွန်တော်တို့စက်လှေ ပင်လယ်ဝမှာ မြ… မြ… မြုပ်သွားလို့ အကြောင်းကြားတာပါ…”

ကျွန်တော် ခေါင်းမွေးထောင်သွားတယ်။ စိတ်ပေါက်ပေါက်နဲ့ ထင်ရာ ပြောလိုက်တာ ဟိုဘက်က လူက အသည်းအသန်။ သည်အချိန်မှ ဖုန်းမှားနေတယ် ပြောလိုက်ရင် တစ်ဖက်က ဆဲချင်ဆဲသွားနိုင်တယ်။ အဲတော့… ဆက်ကြိတ်ပေါ့။

“ဟ… ဘယ်လိုဖြစ်သွားရတာတုံး”

“အဲဒါတော့ ကျွန်တော်လည်း အသေးစိတ် မသိဘူးခင်ဗျ။ အဲ… အဲဒါ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲလို့ အဘကို မေးတာပါခင်ဗျ”

“မေးနေရသေးလားကွ… ဘာဆက်လုပ်ရမယ်ဆိုတာ မင်းတို့ မသိဘူးလား။ ခက်တဲ့ကောင်တွေကွာ…”

“သိ… သိတော့ သိပါတယ်ခင်ဗျ… ဒါ…. ဒါပေမယ့်”

“အေး… သိရင် သိတဲ့အတိုင်းဆက်လုပ်။ ဒါပဲ”

“ဂွပ်”

ကျွန်တော် ဖုန်းကို အမြန်ပြန်ချခဲ့ရဖူးပါတယ်။

အဲဒါကတော့ တကယ့်အဖြစ်အပျက်ပါ။ လုပ်ဇာတ်ဟာသ လုံးလုံး မဟုတ်ပါဘူး။

ဒါပေမယ့် ဓာတ်ချောစာက ရလာတဲ့ ဟာသမှာရော၊ ကျွန်တော့် ကိုယ်တွေ့အဖြစ်အပျက်မှာပါ ပြဆိုနေတဲ့အချက်က တစ်ချက်တည်း ရှိပါတယ်။ အဲဒါကတော့ လူတွေရဲ့ ကိုယ့်ဇောနဲ့ကိုယ် လောလို့ ပျာလို့ ကောင်းနေတတ်တဲ့ သဘာဝပါပဲ။

အဲဒီ့ လောပျာမှုဟာ တယ်လီဖုန်းဆက်ချိန်မှာ အလွန် သတိထားအပ်ပါတယ်။ ခေတ်မီ ဆက်သွယ်ရေး ကိရိယာတွေဖြစ်ပေမယ့် သူ့မှာလည်း အမှားအယွင်း ရှိနေနိုင်သလို ကိုယ့်ဘက်ကလည်း လောပျာနေတဲ့အတွက် နံပါတ် မှားနှိပ်မိတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ သည်အခါမှာ တစ်ဖက်က ဖြေကြားတဲ့သူဟာ ကိုယ်ဆက်သွယ်လိုတဲ့ ဖုန်းဘက်က ဟုတ်မယ်လို့ အပိုင်တွက်ရင် အမှားကြီး မှားသွားနိုင်ပါတယ်။

သို့ဖြစ်လင့်ကစား လူတချို့ကတော့ အဲဒီ့အကျင့်ကို ပြင်နိုင်ခက်ခဲ ဖြစ်နေတတ်ကြပါတယ်။ အခု ကျွန်တော် တင်ပြလိုက်တဲ့ ဟာသလေးနဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးကို ဖတ်ရှုဖြစ်သွားကြတဲ့ စာဖတ်သူ လူကြီးမင်းများထဲမှာ အဲသလို ခပ်လောလောနဲ့ ဖုန်းထဲမှာ ပြောချင်ရာ စွတ်ပြောမိတတ်သူ တစ်ဦးတစ်လေများ ပါလာခဲ့မယ်ဆိုရင် ဆင်ခြင်နိုင်တန်ကောင်းရဲ့ဆိုတဲ့ အတွေးနဲ့ ဘာမဟုတ်တာလေးကို စာတစ်ပုဒ် လုပ်လိုက်ရကြောင်းပါ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၆၀၈၀၉)

————————————————————————

၂၄-၈-၂၀၀၉ (တနင်္လာနေ့)မှာမှ ထွက်လာမယ့် အတွေးသစ်ဂျာနယ် အတွဲ ၁၀၊ အမှတ်စဉ် ၄၅ မှာ ဖော်ပြထားတာလေး ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့(ခ်)မှာ စကတည်းက အဟောင်းတွေကိုချည်း ပြန်ဖော်ပြနေတာမို့ သည်တစ်ခေါက် အပြောင်းအလဲလေး ဖြစ်သွားအောင် နောက်တစ်ပတ် တနင်္လာနေ့မှာမှ ထွက်လာမယ့် ဂျာနယ်ထဲက အသစ်ကြပ်ချွတ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ အဲ… ဟို တယ်လီဖုန်း တစ်ခြမ်းပဲ့ ဇာတ်လမ်းရဲ့ ဒုတိယပိုင်းကိုတော့ ဘလော့(ခ်)မှာ ဆက်လက် မဖော်ပြတော့ဘဲ ကျွန်တော့်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ”ဆိုတဲ့ ကိုယ်တိုင်ကြုံဝတ္ထုတိုများ စာအုပ်ကိုပဲ ၀ယ်ယူဖတ်ရှုကြပါလို့များ မေတ္တာရပ်ခံလိုက်မယ်ဆိုရင်… ပရိသတ်ကြီးက ကျွန်တော့်ကို မေတ္တာတွေ အတုံးလိုက် အတစ်လိုက် ၀ိုင်းပို့ကြမလား မသိဘူးနော်… (တစ်ဖက်သားကိုလည်း အားနာနေရသေးတယ်လေ… ငှဲ… ငှဲ… ငှဲ…)