ဖုန်းဇော
————————————————
ဖုန်းသံမြည်လာတယ်။
“ဟယ်လို…”
“မိန်းမလား…”
“ရှင်…”
“မိန်းမလားလို့…”
“မ… မဟုတ်ပါဘူးရှင်။ ကျွန်မ သည်အိမ်က အိမ်ဖော်ပါ”
“ဪ… အေး… အေး။ မင်း မမလေးရော ရှိလား”
“ဟုတ်… ရှိပါတယ်ရှင့်”
“မမလေးကို ခေါ်ပေးကွာ။ အရေးကြီးလို့….”
“ရှင်… မမလေးက သူ့အမျိုးသားနဲ့ အိပ်နေပါတယ်ရှင်။ မခေါ်ပေးရဲဘူးရှင့်”
“ဘာ… သူ့ယောက်ျားနဲ့… ဟုတ်လား”
“အင်းလေ… မဟုတ်ဘူးလား…”
“ဘယ်ကလာ… သည်မယ်… ငါကမှ သူ့ယောက်ျား။ ကောင်မက တော်တော် လင်ပေါနေတယ် မှတ်တယ်။ အခု လင်ငယ်နဲ့ အကြည်ဆိုက် နေတယ်ပေါ့။ တောက်… သေမယ့်သာမှတ်။ ဟေ့… ဟေ့… မင်းအခုချက်ချင်း အဲဒီ့အခန်းထဲဝင်ပြီး အဲဒီ့ကောင်မကိုရော၊ သူ့အကောင်ကိုရော သွားသတ်စမ်းကွာ…”
အိမ်ဖော်မလေး ဆတ်ခနဲ တုန်သွားပြီးမှ…
“တောက်… နင်ပါ သူတို့နဲ့ အတူ သေချင်လို့လား။ ငါ အခု ချက်ချင်း ပြန်လာလိုက်ရ သုံးလောင်းပြိုင်ဖြစ်သွားလိမ့်မယ်။ သွားစမ်း၊ သွားစမ်း၊ အိမ်ရှေ့ အလှပြစင်ရဲ့ အပေါ်ဆုံး အံဆွဲထဲမှာ သေနတ်ရှိတယ်။ မောင်းလဲ တင်ထားပြီးသား။ ကျည်လဲ အပြည့်ပဲ။ ကြားလား…”
“ဟုတ်… ဟုတ်ကဲ့ရှင့်…”
“အဲဒီ့ သေနတ်ယူပြီး နှစ်ယောက်စလုံးကို ပစ်သတ်။ ဖြစ်သမျှ ငါရှင်းမယ်။ ကြားလား…”
“ဟုတ်… ဟို… ဟိုလေ…”
“ဟိုလေတွေ၊ သည်လေတွေ လုပ်မနေနဲ့။ နင်ပါသေချင်လို့လား”
“မ… မဟုတ်ပါဘူးရှင်…”
“ဒါဆို… သွား… သွားသတ်ချေ”
“ဟုတ်… ဟုတ်… သွား… သွားပါ့မယ်”
ခဏအကြာတွင် ဒိုင်းခနဲမြည်သော သေနတ်သံနှစ်ချက်ကို ကြားလိုက်ရသည်။ အိမ်ဖော်မလေးက ဘေးတွင်ချထားသော တယ်လီဖုန်းကို ပြန် ကောက်ကိုင်လိုက်သည်။
“ပြီး… ပြီးပါပြီရှင်။ ကျ… ကျွန်မ ဘာဆက်လုပ်ရမလဲရှင့်”
“အေး… ပြီးရင် ဂုံနီအိတ်နဲ့ အလောင်းတွေကို ထုတ်ပြီး အိမ်ရှေ့ကို ဆွဲထုတ်လာခဲ့… ပြီးရင် ငါ့ကို ပြန်ပြော…”
“ဟုတ်…”
အတန်ကြာပြီးနောက်…
“ပြီး… ပြီးပါပြီရှင့်။ ဘာဆက်လုပ်ရပါမလဲရှင့်…”
“ပြီးရင် အိမ်ရှေ့က ရေကန်ထဲ ခဏချထား။ ငါ အခုပြန်လာခဲ့မယ်”
“ရှင်… ဘာကြီး… ဘယ်ထဲကို ချရမယ်…”
“ရေကန်ဟေ့… ရေကန်။ နင် နားပင်းနေလား။ တောက်… သည်မှာ ဒေါသထွက်နေရတဲ့အထဲ…”
“ဟို… ဟိုလေ… အိမ်ရှေ့မှာ ရေကန်မရှိဘူးရှင့်…”
“ဘာ… ဘာပြောတယ်…”
“အိမ်… အိမ်ရှေ့မှာ ရေကန်မရှိဘူးရှင့်။ လမ်းမကြီးပဲ ရှိတယ်”
“အယ်… သေ… သေချာရဲ့လား…”
“သိပ်သေချာပါတယ်ရှင်”
“ဒါ… ဒါဖြင့် အဲဒီ့ဖုန်းနံပါတ်က ၁၂၃၄၅၆၇၈ မဟုတ်ဘူးလား”
“မဟုတ်ဘူးရှင့်… ၁၂၃၄၅၆၇၇ ပါ”
“ဟောဗျာ… အင်း… ဘယ်လို ပြောရမလဲ။ ဆောရီးပါနော်။ ဖုန်းမှားသွားလို့… အင်း… အဲ… ဒါ… ဒါပဲနော်”
“ဂွပ်”
🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂
ကျွန်တော့်ဆီကို လှမ်းပို့လိုက်တဲ့ ဓာတ်ချောစာထဲက ဟာသလေးပါ။
ဟာသကို တခုတ်တရ စာဖွဲ့ရတာက အဲဒါမျိုး ကျွန်တော်လည်း ကြုံဖူးလို့ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်က ဖြစ်ပါတယ်။ အဲတုန်းက ကျွန်တော့်ဖုန်းနံပါတ်က ၈၂၅၂၄။ အဲဒီ့ဖုန်းက ခဏခဏ မှားတတ်တယ်။ ဖုန်း မှားတာကို လျှာအရှည်ကောင်းလို့ အသည်းတစ်ခြမ်း ပွန်းသွားဖူးတဲ့ အကြောင်းတော့ ဝတ္ထုတောင် ရေးပြီးခဲ့ပါပြီ။
အခုသည်ဟာသလေးကို ဖတ်ပြီး ပြန်သတိရတာကတော့ လူတွေရဲ့ လောကြီးတတ်ပုံပါ။ အမေက ဖုန်းကိုင်ပြီး ဟဲလိုလို့ ထူးလိုက်တဲ့အခါ တစ်ဖက်က မိန်းမက “ဟဲ့… နင့်အမေရှိလား” ဆိုတာမျိုးနဲ့ အမေကြုံခဲ့ဖူးပါတယ်။ အမေလည်း ကျွန်တော့်အမေပဲဗျာ၊ ဘယ်ခေမလဲ၊ စိတ်တိုတိုနဲ့၊ “နင့်အမေတော့ မရှိဘူးဟဲ့။ အခုဖုန်းကိုင်တာ နင့်အဘွား”လို့ ပြောပြီး ဂွပ်ဆို ဖုန်းချလိုက်ရဖူးတာမျိုးက အခါခါ။
ကျွန်တော် ကြုံတာကတော့ တစ်မျိုး။ “အဘလား“ဆိုတာ ခဏခဏ ကြုံရတာ။ မှားပါတယ်လို့ ပြေပေမယ့်လည်း ဆက်မှားလို့ ကောင်းနေကြတဲ့ အကြိမ်ရေက များလာတော့ စိတ်က နောက်လာတယ်။
တစ်ရက်မှာ အဲသလို ကြုံလိုက်ရပြန်တယ်။ မနက် စောစောစီးစီးကြီး ခင်ဗျ။ မှတ်မိသေးတော့တယ်။ ဖုန်းထမြည်တော့ အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်ပြီး ထူးလိုက်တယ်။
“ဟယ်လို…”
တစ်ဖက်က…
“အဘလား…”
“အေး… ပြော…”
“သည်… သည်လိုပါ အဘ… ကျွန်… ကျွန်တော်တို့စက်လှေ ပင်လယ်ဝမှာ မြ… မြ… မြုပ်သွားလို့ အကြောင်းကြားတာပါ…”
ကျွန်တော် ခေါင်းမွေးထောင်သွားတယ်။ စိတ်ပေါက်ပေါက်နဲ့ ထင်ရာ ပြောလိုက်တာ ဟိုဘက်က လူက အသည်းအသန်။ သည်အချိန်မှ ဖုန်းမှားနေတယ် ပြောလိုက်ရင် တစ်ဖက်က ဆဲချင်ဆဲသွားနိုင်တယ်။ အဲတော့… ဆက်ကြိတ်ပေါ့။
“ဟ… ဘယ်လိုဖြစ်သွားရတာတုံး”
“အဲဒါတော့ ကျွန်တော်လည်း အသေးစိတ် မသိဘူးခင်ဗျ။ အဲ… အဲဒါ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲလို့ အဘကို မေးတာပါခင်ဗျ”
“မေးနေရသေးလားကွ… ဘာဆက်လုပ်ရမယ်ဆိုတာ မင်းတို့ မသိဘူးလား။ ခက်တဲ့ကောင်တွေကွာ…”
“သိ… သိတော့ သိပါတယ်ခင်ဗျ… ဒါ…. ဒါပေမယ့်”
“အေး… သိရင် သိတဲ့အတိုင်းဆက်လုပ်။ ဒါပဲ”
“ဂွပ်”
ကျွန်တော် ဖုန်းကို အမြန်ပြန်ချခဲ့ရဖူးပါတယ်။
အဲဒါကတော့ တကယ့်အဖြစ်အပျက်ပါ။ လုပ်ဇာတ်ဟာသ လုံးလုံး မဟုတ်ပါဘူး။
ဒါပေမယ့် ဓာတ်ချောစာက ရလာတဲ့ ဟာသမှာရော၊ ကျွန်တော့် ကိုယ်တွေ့အဖြစ်အပျက်မှာပါ ပြဆိုနေတဲ့အချက်က တစ်ချက်တည်း ရှိပါတယ်။ အဲဒါကတော့ လူတွေရဲ့ ကိုယ့်ဇောနဲ့ကိုယ် လောလို့ ပျာလို့ ကောင်းနေတတ်တဲ့ သဘာဝပါပဲ။
အဲဒီ့ လောပျာမှုဟာ တယ်လီဖုန်းဆက်ချိန်မှာ အလွန် သတိထားအပ်ပါတယ်။ ခေတ်မီ ဆက်သွယ်ရေး ကိရိယာတွေဖြစ်ပေမယ့် သူ့မှာလည်း အမှားအယွင်း ရှိနေနိုင်သလို ကိုယ့်ဘက်ကလည်း လောပျာနေတဲ့အတွက် နံပါတ် မှားနှိပ်မိတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ သည်အခါမှာ တစ်ဖက်က ဖြေကြားတဲ့သူဟာ ကိုယ်ဆက်သွယ်လိုတဲ့ ဖုန်းဘက်က ဟုတ်မယ်လို့ အပိုင်တွက်ရင် အမှားကြီး မှားသွားနိုင်ပါတယ်။
သို့ဖြစ်လင့်ကစား လူတချို့ကတော့ အဲဒီ့အကျင့်ကို ပြင်နိုင်ခက်ခဲ ဖြစ်နေတတ်ကြပါတယ်။ အခု ကျွန်တော် တင်ပြလိုက်တဲ့ ဟာသလေးနဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးကို ဖတ်ရှုဖြစ်သွားကြတဲ့ စာဖတ်သူ လူကြီးမင်းများထဲမှာ အဲသလို ခပ်လောလောနဲ့ ဖုန်းထဲမှာ ပြောချင်ရာ စွတ်ပြောမိတတ်သူ တစ်ဦးတစ်လေများ ပါလာခဲ့မယ်ဆိုရင် ဆင်ခြင်နိုင်တန်ကောင်းရဲ့ဆိုတဲ့ အတွေးနဲ့ ဘာမဟုတ်တာလေးကို စာတစ်ပုဒ် လုပ်လိုက်ရကြောင်းပါ ခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၆၀၈၀၉)
————————————————————————
၂၄-၈-၂၀၀၉ (တနင်္လာနေ့)မှာမှ ထွက်လာမယ့် အတွေးသစ်ဂျာနယ် အတွဲ ၁၀၊ အမှတ်စဉ် ၄၅၃ မှာ ဖော်ပြထားတာလေး ဖြစ်ပါတယ်။ ကျွန်တော့် ဘလော့(ခ်)မှာ စကတည်းက အဟောင်းတွေကိုချည်း ပြန်ဖော်ပြနေတာမို့ သည်တစ်ခေါက် အပြောင်းအလဲလေး ဖြစ်သွားအောင် နောက်တစ်ပတ် တနင်္လာနေ့မှာမှ ထွက်လာမယ့် ဂျာနယ်ထဲက အသစ်ကြပ်ချွတ်လေးကို ဖော်ပြပေးလိုက်ပါတယ်။ အဲ… ဟို တယ်လီဖုန်း တစ်ခြမ်းပဲ့ ဇာတ်လမ်းရဲ့ ဒုတိယပိုင်းကိုတော့ ဘလော့(ခ်)မှာ ဆက်လက် မဖော်ပြတော့ဘဲ ကျွန်တော့်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ”ဆိုတဲ့ ကိုယ်တိုင်ကြုံဝတ္ထုတိုများ စာအုပ်ကိုပဲ ၀ယ်ယူဖတ်ရှုကြပါလို့များ မေတ္တာရပ်ခံလိုက်မယ်ဆိုရင်… ပရိသတ်ကြီးက ကျွန်တော့်ကို မေတ္တာတွေ အတုံးလိုက် အတစ်လိုက် ၀ိုင်းပို့ကြမလား မသိဘူးနော်… (တစ်ဖက်သားကိုလည်း အားနာနေရသေးတယ်လေ… ငှဲ… ငှဲ… ငှဲ…)
ဆရာ လို မျိုး အဖြစ်ပျက် တွေ ခဏခဏ ကြုံဘူးပါတယ် ဆရာတကယ်လဲ ရီရပါတယ်
ကျွန်မတုန်းက ဆို ရည်းစာ ကို စိတ်ဆိုးဆိုးနဲ့  ဖုန်းကိုနှိပ်လိုက်တယ်
ရှင်က ဘာသဘောလဲ ရှင်ခု ဘယ်မှာလဲ ရှင်ကျွန်မ ကိုဘာအချိုးချိုးတာလဲစုံနေအောင်တရပ်စပ်ပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး မှ
ဖုန်းမှားနေတယ်ခင်ဗျ တဲ့ ကဲ ဆရာရယ် ကျွန်မမှာ ငိုလိုက်ပြောလိုက်ရတာ သူ က ငြိမ် ပြီးနားထောင်နေတယ်သိလား ရှင်ဘာလို့ ကျွန်မကိုပြန်မပြောတာလဲ ဆိုမှ အဲဒီတခွန်းကိုပြန်ပြောတယ်ဆရာရယ်
ဆရာကတော့ လုပ်ပြီ…..အဲ့ဒီပို့စ် ဘယ်တော့တင်မလဲဆိုပြီး စောင့်ဖတ်နေပါတယ်ဆိုမှး(
အရင်တုန်းက ရေနံချောင်းနဲ့ ချောက်မှာ ဘီအိုစီ ကုမ္ပဏီတွေ ရှိစဉ်တုန်းက အဖိုးက ဒုတိယ အင်ဂျင်နီယာချုပ်ပါ။ သူ့အထက်မှာ ဦးရွှေဖြူဆိုတဲ့ အင်ဂျင်နီယာချုပ် ရှိပါတယ်။ အထက်မြန်မာပြည် ဘီအိုစီအတွက် cheif သဘောမျိုးနေမှာပေါ့ ဆရာရယ်။
ဖိုးဖိုးအိမ်မှာက ရွာက ကောင်မလေးတစ်ယောက် ရှိတယ်တဲ့။ တစ်နေ့မှာ ဖုန်းလာရော …
ရွှေဖြူ။ ။ ဦးအုန်းရွှေနဲ့ ပြောချင်လို့ပါ
ကောင်မလေး။ ။ အခုပြောတာ ဘယ်သူလဲ
ရွှေဖြူ။ ။ ကျွန်တော် ရွှေဖြူပါ ..
ကောင်မလေး။ ။ အေး .. ရွှေဖြူဆိုရင် ခဏ ကိုင်ထား …. ဘဘရေချိုးနေတယ်
အဲလိုပြောလိုက်လို့ ဖိုးဖိုး ဘယ်လို ရှင်းလိုက်ရလဲလို့တော့ မကြားဖူးပါဘူး။
xxxxx
နောက်တစ်ခုကတော့ မေမေ ကြုံတာပါ။ မေမေက ဖုန်းထဲမှာ အသံက မဆိုစလောက် အနည်းငယ် မာပါတယ်။ အိမ်မှာ ည ၈ နာရီလောက်ကို ဖုန်းဆက်ရင် ဒယ်ဒီ့ကို ရုံးက လူတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ဆက်တာပါ။ ရုံးက လူတွေကတော့ “ဆရာ”တပ် ခေါ်ကြပြီး၊ သူငယ်ချင်းတွေကတော့ “ကို”တပ် ခေါ်ကြပါတယ်။
တစ်နေ့မှာ ဒယ်ဒီ့နံမည်ကို ရှေ့က “ကို”တပ်ခေါ်တဲ့ ဖုန်းတစ်ခု လာပါတယ်။ ဒယ်ဒီနဲ့ မေမေက ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ ဒယ်ဒီ့ သူငယ်ချင်းဆိုတာကလည်း မေမေ့သူငယ်ချင်းပါပဲ။ အဲဒါနဲ့ မေမေက မေးလိုက်တယ်… ခု ပြောနေတာ ဘယ်သူလဲပေါ့…
ဖြေတဲ့သူကလည်း အင်မတန် မွန်ရည်ပါတယ် “ကျွန်တော် မောင်မောင်သိမ်းပါ ခင်ဗျာ”တဲ့။
မေမေ့ခမျာ မာသွားမိတဲ့ သူ့အသံကို နည်းနည်း အားနာသွားမလားပဲ။
(ဒယ်ဒီက အခုတော့ အငြိမ်းစား ယူပြီးပါပြီ။ အရင်တုန်းကတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနမှာ အလုပ်လုပ်ပါတယ်။
အဲဒီ့ “ကျွန်တော် မောင်မောင်သိမ်း”က မွေး/ရေ ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်း ပါ။)
အရာကြီးတစ်ချို့ က စကားပြောရင် အင်မတန်ယဉ်ကျေးကြတာကို ကြုံ ဖူးပါတယ်။ကိုယ့်ထက်ငယ်တဲ့ (အသက်ရောရာထူးပါငယ်တဲ့)သူကိုတောင် ” ကို “တပ်ပြီးခေါ်ရဲလောက်အောင်မာန်မာနကင်းကြတယ်။
ဒါနဲ့ ဆရာ… အပေါ်က ဆရာ ရတဲ့ ဟာသမှာလေ… ဖုန်းက မှားမယ့်သာ မှားတာ အိမ်ရှေ့မှာ အလှပြစင် ရှိတာလည်းတူတယ်၊ သေနတ်ကို အလှပြစင်ရဲ့ အပေါ်ဆုံး အံဆွဲမှာ ထည့်ထားတာလည်း တူတယ်နော်… 😀 သဘောကျလို့ နောက်တစ်ခေါက် ပြန်ဖတ်တော့မှ သမီးသတိထားမိသွားတာ…
အဟဲ လာတူနေတယ် ဆရာရေ…
အလုပ်ကိတ်စနဲ့ ခရီထွက်ရတော့.. ကျနော် သူဌေးနဲ့တူတူပေါ့..ကျနော် နာမည်ကလည်း..အောင်အောင်၊ သူဌေးနာမည်ကလည်း ဦးအောင်အောင်ပါပဲ…အဲဒါ တစ်ညမှာ သူငယ်ချင်းက ကျနော် ဒီမြို့ရောက်နေတယ်ကြားလို့..ကျနော် ရုံးဖုန်းကို ဆက်ပါတယ်..ည ၁၁ လောက်မှ.. ဖုန်းနားမှာနေတဲ့ ကောင်လေးကို ..အောင်အောင်နဲ့ တွေချင်လို့ ဆိုပြီး သူငယ်ချင်းကပြောတယ်. ဟိုကလည်း ကျနော် လွဲမပေးပဲနဲ့..ကျနော် သူဌေးကို လွဲပေးလိုက်တာ. သူငယ်ချင်းတွေက အောင်အောင်ခေါ်ပြီး..အလုပ်ထဲမှာ နာမည်အပြည့်အစုံခေါ်တာကိုး..အဲဒါသူဌေးလဲ ဖုန်းကိုင်ရော်..သူဌေးက ဟုတ်ကဲ့ အောင်အောင်ပါပေါ့.. ..ဟိုကလည်း..အောင်အောင်လား အူကြောင်ကြောင်လုပ်မနေနဲ့….ငါမင်းအဖေတဲ့ အဲဒီမှာ သူဌေးလဲ ကြောင်သွားတာပေါ့…ဒီအချိန် ကြီး မင်းအဖေတဲ့..အဲဒါနဲ့ ဆက်မေးတဲ့ ဘယ်သူပါလဲပေါ့…….ဟိုကလည်း ကြောင်မနေနဲ့ ငါ..မင်ယောက်ဖ..ဘယ်သူပါပေါ့…အဲဒီကျမှာ သူဌေးလည်း..ဒါဟိုကောင်နဲ့မှားတာဆိုပြီး..ဖုန်းပြောင်းဆက်ခိုင်တယ်……ကျနော်မနက်ရောက်မှာ..မနည်းတောင်းပန်…သူငယ်ချင်းကိုလဲ ဖုန်းဆက်တောင်းပန်ခိုင်း….ဒါတောင်..သူဌေးက သိပ်မကျေနပ်ဖူး..အခါကြုံတိုင်းဒါပဲ..ပြန်ပြောနေတာ…
ဖုန်းမှားတာက မှားလို့ရပါတယ်..ဖုန်းမှားနေပါတယ်ရှင် လို့ ပြန်ပြောလိုက်ရင် ဆောရီးတစ်ခွန်းတောင် ပြောဖော်မရဘဲ ဂွပ် ဆိုပြီး နားအူမတတ် ဖုန်းချခံရတာတော့ စိတ်ဆိုးတယ်…
အဲဒါကတော့ ဖုန်းယဉ်ကျေးမှုကို နားမလည်တဲ့ သူ့အဆင့်(level of being) ကိုဖော်ပြလိုက်တာပဲပေါ့ hsu hsu ရယ်။ ခွေးလွှတ်ပေးလိုက်ပါ။
ကျမကြုံတာ.. ကျမဖေဖေနဲ့ပါ။ ၁၉၈၃ ခုလောက်ကပေါ့။ ဖေဖေ တနေ့ အပြင်သွားရင်း ကိစ္စတခု ရှိလို့ ကျမအမအကြီးဆုံးကို အပြင်ကနေ ဖုန်းလှမ်းဆက်ပါတယ်။ ဖုန်းကိုင်တာ ကျမပါ။ အဖေက ဘာပြောလဲဆိုတော့ “နီနီအောင်ဌေးနဲ့ ပြောချင်လို့ပါ”တဲ့။ ကျမက ဘယ်သူလဲလို့ ပြန်မေးလိုက်တော့ “သူ့အဖေပါ”တဲ့။ “လာမရွှီးနဲ့”လို့ ပြောပြီး ဖုန်းကို ဂွပ်ခနဲ ချလိုက်တာ ကျမပေါ့။ အဲဒီထဲက အဖေက ပြောလို့ကို မဆုံးတော့ဘူး။ “ငါ့သမီးက ကြည့်တော့ အေးအေးနဲ့ ကြောက်တတ်တယ် ထင်တာ။ တယ်စွာတာပဲ”တဲ့။
အရမ်း လေးစားမိသွားရပါပြီဗျာာာာာ… တစ်ဆက်တည်းမှာ အဲလို သမီးမျိုး မမွေးမိတဲ့အတွက်လည်း ကြည်နူးမိသလိုပဲ… 😀 😛
ကိုယ့်အဖေ ဒယ်ဒီပါပါဖာဿးားကြီးရဲ့ ဖုန်းထဲကအသံကိုတောင် တစ်ခါမှမကြားဖူးဘူးလား မိရွှေညိုရယ်။ဖြစ်မှဖြစ်ရလေ။
ဆရာရေ ကျွန်မလည်း အဲလို ခဏခဏ ကြုံဖူးပါတယ် ဘယ်လောက်ပဲ ဖုန်းမှားပါတယ်ပြောပြော လက်မခံကြလို့ ဒေါသတကြီး ဖုန်းချလိုက်ရတဲ့ အထိပါ…. ခု ဆရာ့ပိုစ့်လေးကို အဲလိုလူတွေ များများဖတ်မိပါစေလို့ ဆုတောင်းပါတယ်ရှင့်