မနေ့က လက်တွဲဖော် စာအုပ်သစ်တစ်အုပ် ထွက်ပါတယ်။ အဲဒီ့စာအုပ်က “ပန်းတွေနဲ့ဝေ”တို့၊ “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း”တို့လို ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ အကယ်ဒမီ နှစ်ထပ်ကွမ်း ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ တတိယတွဲပါ။ ပထမတွဲ နှစ်တွဲကိုလည်း လက်တွဲဖော် စာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး အခု တတိယတွဲ ဆက်ထွက်လာတာ ဖြစ်ပါတယ်။ တတိယတွဲထဲက စာမြည်းလေးကို ဖတ်ရှု အားပေးတော်မူကြပါဦးခင်ဗျား။
——————————
ကျွန်တော် ပွဲဦးထွက်ရပါပြီ။ စာပေဟောပြောပွဲမှာ စစချင်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ပြောရပါတယ်။
ကျွန်တော်က ရုပ်ရှင်ရိုက်ပုံရိုက်နည်းအကြောင်း ပြောတယ်။ ပရိသတ်က ငြိမ်လို့။ ရုပ်ရှင်ရိုက်ရင်း ကြုံရတဲ့ ရယ်စရာ ပြောတယ်။ (သူလို ကိုယ်လို စာစု ရှေ့ပိုင်းမှာ ရေးခဲ့တဲ့ စက်အဖွဲ့မပါဘဲ ရုပ်ရှင်ရိုက်တဲ့အကြောင်း၊ လက်သီးထိုးခန်းအကြောင်း။) ပရိသတ်က မရယ်ဘူး။ (ရယ်စရာပြောလို့ ပရိသတ်က မရယ်ရင် ပြောရတဲ့လူ သိပ်မျက်နှာငယ်တာ ခင်ဗျ။)
ကျွန်တော် ဘာဆက်ပြောရမှန်းမသိဘူး။ ဒါနဲ့ ချာလီချက်ပလင်အကြောင်း ပြောတယ်။ မှားပါ့ခင်ဗျား။ ရွာမှာ ချာလီချက်ပလင်ရဲ့ ဟာသ ရုပ်ရှင်တွေ ကြည့်တဲ့လူ နည်းမှာပေါ့။ ရယ်စရာလို့ ထင်ရတာတွေ တစ်ခုပြီး တစ်ခု ပြောပေမယ့် ပရိသတ်က ငုတ်တုတ် တင်းခံနေတယ်။ နည်းနည်းလေးမှ မရယ်ဘူး။ ခွပဲ။ အဲဒီအချိန်မှာ ဆရာတော်က တစ်စခန်း ထပါတော့တယ်။ ဘုန်းကြီးက ဘာမပြော ညာမပြောနဲ့ ဟောပြောစင်ပေါ် တက်လာပြီး ကျွန်တော့် ပြောလက်စကို…
“ဟေ့ ဒကာစာရေးဆရာ… ခဏရပ်စမ်း”
ကျွန်တော် ကြောင်အမ်းအမ်းဖြစ်နေတုန်း မိုက်ကရိုဖုန်းကို ဆွဲယူတဲ့ပြီး…
”ဟေ့ ဒကာတွေ… မင်းတို့ကို သည်စာရေးဆရာက ရယ်စရာပြော နေတာကွ။ ရယ်စရာပြောရင် ရယ်ရတယ်။ မင်းတို့ တယ် အသုံးမကျတဲ့ ကောင်တွေ ဒါပဲ… ကဲ… ဒကာ စာရေးဆရာ ဆက်ဟော…”
ကျွန်တော်… “အဟမ်း အဟမ်း…”
ပရိသတ်… “ဝါး ဟား ဟား ဟား ဟား ဟား ဟား”
ကျွန်တော်… “ကျွန်တော် ပြောမလို့ ခုန..”
“ဝါး ဟားဟား”
ဘုန်းတော်ကြီး စင်ပေါ်တက်လာပြန်ပြီး…
“ဒါ ရယ်စရာ မဟုတ်သေးဘူး။ ခက်လိုက်တဲ့ အကောင်တွေ ဒါကြောင့် မင်းတို့ကို တောသားလို့ အပြောခံရတာ။ ရယ်စရာပြောမှ ရယ်ရတယ် မှတ်ထား။ ကဲ… ဒကာ ဆက်ပြော”
ကျွန်တော် ဆက်ပြောရပါတယ်။ လူကတော့ အူကြောင်ကြားဖြစ်နေပြီ။ ရယ်စရာ ဟာသတစ်ခု ပြောတယ်။ ပရိသတ်ရဲ့ ဟဒယကို မမိဘူး။ မရယ်ဘူး။ စာရေးဆရာက ရယ်စရာ ဟာသကလေးတွေ ညှပ်ပြောတယ် ဆိုတာ လူရွှင်တော် ပြက်လုံး ထုတ်သလို “မင်းသမီးအမေကြီး၊ ရှူးပေါက်တာ၊ နို့ဆီခွက်ဟာ ဆယ်ပြား ငါးလုံး”ဆိုတာမျိုး ပြောသင့်တာ မဟုတ်ဘူး ခင်ဗျ။ အကျိုးသင့် အကြောင်းသင့် သရော်တော်တော် ရယ်စရာတွေ ပြောရတာကိုး။ စာအကြောင်း ပေအကြောင်းလည်း ပြောရမှာ။
စာပေဟောပြောပွဲ နားထောင်လေ့မရှိသေးတဲ့နေရာမှာ တန်ရုံဟာသက တိုးမပေါက်ဘူးခင်ဗျ။
သည်တစ်ခါတော့ ဘုန်းတော်ကြီး ဒေါထပြီ။
စင်ပေါ်ကို ဘုန်းတော်ကြီး ပြန်တက်လာပြန်ရောခင်ဗျ။ (စဉ်းစားကြည့်ပါဗျာ။ စာရေးဆရာက ပြောလိုက် ဘုန်းတော်ကြီးက ဝင်ကြိမ်းလိုက် စာရေးဆရာက ဆက်ပြောလိုက်။ စင်ပေါ်မှာ စာရေးဆရာ တစ်လှည့် ဘုန်းတော်ကြီးတစ်လှည့် ဟောလိုက် ပြောလိုက် ကြိမ်လုံးနဲ့ ကြိမ်းလိုက် မောင်းလိုက်နဲ့။)
ဘုန်းတော်ကြီးက…
“အဲဒါပဲ မင်းတို့ကို ဗဟုသုတရစေချင်လို့ ငါက အပင်ပန်းခံပြီး စာရေးဆရာတွေ ရန်ကုန်က ရောက်ခိုက်ခေါ်လာတယ်။ မင်းတို့က ရယ်စရာ ပြောလို့ ရယ်ရမှန်း မသိဘူး။ တောသားတွေလို့ ပြောတော့လည်း မင်းတို့ နာတတ်သေးတယ်။ ကိုင်း…သည်တော့ သည်လိုလုပ် ဟောဒီမှာ ကြိမ်လုံး…”
ပရိသတ်ခမျာ အပ်ကျသံ ကြားရမတတ် ငြိမ်သွားရှာတယ်။ တချို့ အဖွားကြီးတွေ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို တံတွေးနဲ့ တို့ပြီး ငြိမ်းနေလေရဲ့။ “မီးသေတယ်”ဆိုတာ ဒါမျိုး ပြောတာ ထင်ပါရဲ့။ ဘုန်းတော်ကြီးက ဆက်မိန့်တယ်။
“သည်မယ်… ငါက ဟောဒီ ကြိမ်လုံး ကိုင်ပြီး ဟိုထောင့်မှာ ရပ်နေမယ်။ စာရေးဆရာက ရယ်စရာ ပြောရင် ငါက ကြိမ်လုံး မြှောက်ပြမယ်။ ဒါဆို ရယ်ကြ။ ကြိမ်လုံးကို ပြန်ချရင် ရယ်တာ ရပ်ကြ။ ဒါပဲ… ကိုင်း… ဒကာစာရေးဆရာ ဆက်ဟောပေတော့”
ကျွန်တော့်ဘက် မိုက်ကရိုဖုန်း လှမ်းချိန်ပေးပြီး ဘုန်းတော်ကြီးက စင်ထောင့်မှာ ကြိမ်လုံးကိုင်လျက် ရပ်နေပါကရော။
ပရိသတ်တော့မသိဘူး။ ကျွန်တော်တောင် ကျော နည်းနည်း ချမ်းလာတယ်။ အပြောမှား အဆိုမှား တစ်ခုခုဖြစ်ခဲ့ရင် ကြိမ်လုံးက ကျွန်တော်နဲ့ အနီးဆုံး။ ဘုန်းကြီးလက်သံပြောင်ပုံကို ကြားဖူးထားပြီပဲ ဥစ္စာ။ မကြောက်ဘဲ နေပါ့မလား။ ဘုန်းကြီးရဲ့ကြိမ်ဆိုတာ ကျောမရွေး ကြိမ်ခင်ဗျ။
ဒါနဲ့ပဲ ဆက်ပြော။
ရယ်စရာလို့ ဘုန်းကြီးက ယူဆရင် ကြိမ်လုံးကိုင်ထားတဲ့ လက်မြှောက် ပြ၊ ပရိသတ်က “ဝါးဟားဟား။” ကြိမ်လုံးပြန်ချ။ ရယ်သံ တိခနဲရပ်။ ဆက်ပြော။
ကျွန်တော်လည်း ပြောတတ်သလောက် ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။
နောက်ဆရာတစ်ယောက်။ သည်လိုပဲ ရယ်စရာ တစ်ခုခုပြော ဘုန်းကြီး ကြိမ်လုံးမြှောက်ပြ ရယ်ကြ၊ ကြိမ်လုံးပြန်ချ ပြန်ရပ်။
တချို့ဟာသကျတော့ တကယ် ရယ်ချင်လို့ ရယ်တာ၊ တချို့ဟာသကို သဘောမပေါက်ဘူး။ ဘုန်းကြီးကြိမ်လုံး အရှိန်အဝါနဲ့ ရယ်တာဆိုတော့ အရင်တုန်းက မြန်မာ့အသံ ဟဒယရွှင်ဆေးအခန်း ရယ်သံလိုပါပဲ။ “ဝါးဟားဟား ဟား ဟားဟား အွိ”ပေါ့။ တာဝန်အရ ရယ်ပေးရတယ်ပေါ့ဗျာ။
အဲ… ဆရာမောင်နေဝင်းဟောပြောတဲ့ အလှည့်ကျတော့ ပရိသတ်က ကျင့်သား နည်းနည်းရပါပြီ။ ရယ်စရာကို သဘောပေါက်ပြီး ရယ်လာကြပါပြီ။ ဆရာတော့်ကျေးဇူးပါပဲ။
ဆရာမောင်နေဝင်းက ဆရာ့ရဲ့နာမည်ကျော် ရသမြောက် ဝတ္ထုတိုတွေ ဖြစ်တဲ့ “မငွေရီ”ဝတ္ထုတိုတွေအကြောင်း ပြောပါတယ်။ မငွေရီဟာ စာမတတ်ဘူး။ ဒါကြောင့် ကမောက်ကမအဖြစ်တွေနဲ့ ကြုံရတယ်။ ဒါကို ဟာသစွက်ပြီး ပြောပါတယ်။ ပရိသတ်ရဲ့ ဟဒယကို ထိပါတယ်။ ရယ်ကြပါတယ်။
အားလုံး အဆင်တပြေဖြစ်လာပါပြီ။ သည်လိုနဲ့ ဆရာမောင်နေဝင်းက ဆရာ ပြောနေကျအတိုင်း မငွေရီ စာမတတ်လို့ လူလိမ်က လှည့်ဖျားတာ ခံလိုက်ရပြီး ချုန်းပွဲချငိုလောက်တဲ့အဖြစ်ကို ပီပီပြင်ပြင် ပြောပါတော့တယ်။
ပရိသတ်က ငြိမ်ပြီး နားထောင်နေတုန်း…
လွမ်းစရာ မျက်ရည်စို့စရာအခန်းလည်းရောက်ရော… ဆရာတော့် ချိုင်းကြား ခြင်ကိုက်ပါတော့တယ်။
ဆရာတော်လည်း ဆရာမောင်နေဝင်းရဲ့ဟောပြောချက်မှာ အာရုံဝင်စားနေခိုက်မို့ သတိလစ်ပြီး ချိုင်းကြားကခြင်ကို မောင်းဖို့ ကြိမ်လုံးကိုင်ထားတဲ့ လက် မြှောက်လိုက်မိပါရော။
ရင်ဆို့စရာ အလွမ်းခန်းပြောနေတုန်းမှာ…
“ဝါး ဟားဟားဟား…”
ရယ်သံကြီးက တခဲနက်ထွက်လာပါတော့တယ်။ ဆရာမောင်နေဝင်း ကြောင်ပြီး ရပ်နေတယ်။ ဆရာတော်လည်း ဖျတ်ခနဲ သဘောပေါက်သွားပြီး မိုက်ကရိုဖုန်း ရှေ့ကို ကြွလာတယ်။
“ဟေ့ကောင်တွေ ငါ့ချိုင်းကြား ခြင်ကိုက်လို့ လက်မြှောက်မိတာကွ ဒါ ရယ်စရာမဟုတ်ဘူး။ ငိုစရာ၊ ဘုန်းကြီးတောင် ရင်ထဲဆို့လာတယ် မင်းတို့ကွာ… အင်း… ငါကလည်း ငါပါပဲကွာ။ ကိုင်း.. ကိုင်း.. ဆက်ပြော စာရေးဆရာဒကာရေ ကောင်းတယ်ကွ။ ငါလည်း အောက်ဆင်းမှ ဖြစ်တော့မှာပဲ။ ကဲ… ပရိသတ်တို့ မင်းတို့လည်း ရယ်စရာရှိ ရယ်ကြ၊ ငိုစရာရှိ ငိုကြပေရော့ဟေ့…” အဲဒါ လော်စပီကာက ထွက်သွားတဲ့ အသံကြီးပါပဲ ခင်ဗျား။
ဟားဟားဟား…
(ရယ်စရာ ကောင်းလို့ အမှန်တကယ် ရယ်သွားတာပါဗျို့)
🙂
ဟားဟားဟား လို့ ပန်ဒိုရာလို ရယ်ရမလား။
ဟီးဟီးဟီး လို့ သွားကလေးဖြီးပြီးရယ်ရမလား။
ခစ်ခစ်ခစ် လို့ အပျိုမဒမ်းလေးတွေလို ပါးစပ်ကလေး လက်ကာပြီး ရယ်ရမလား။
ဘယ်လိုပဲရယ်ရယ် … ရယ်ရတာတော့ အမှန်ပါပဲ။
ဆရာမောင်ဝဏ်ဏ (ပါဌ်ဆင့်ရိုက်မရလို့) ရဲ့ ဖန်တီးမှုတွေကိုတော့ အကုန်နီးပါးကြိုက်ပါတယ်။
အဲဒီစာအုပ်တွေ အီးဘွတ်ရရင် ကောင်းမယ်နော်။
(ebook ကိုပြောတာပါ။ ဆရာ့လို အသံထွက်အတိုင်း ပီပီပြင်ပြင် မြန်မာလို စာလုံးပေါင်းပြီး လိုက်မရေးတတ်လို့ အီးဘွတ်လို့ဘဲ ရေးလိုက်တယ်။)
အေးဗျာ… ကျွန်တော်လည်း ebook လုပ်ပေးချင်လှပါတယ်။ သိပ်လည်း အခဲယဉ်းကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် လူဦးရေ သန်း ၅၀ကျော်နေထိုင်တဲ့ တိုင်းပြည်မှာ ဆရာမောင်ဝဏ်ဏရဲ့ သူလိုကိုယ်လို ပထမတွဲက ၁၂၀၀ကျော်လေး ရောင်းရတယ်၊ ဒုတိယတွဲက ၅၀၀ကျော်လေးပဲ ရောင်းရတယ်။ ဒါ့ကြောင့် အခု တတိယတွဲကို အုပ်ရေ ၅၀၀ပဲ ရိုက်ထားပါတယ်။ ebook ပါ ထွက်လာမယ်ဆိုရင် ၃၀၀လောက်မှ ရောင်းရတော့မလားလို့ တွေးပူ ထိတ်လန့်နေမိတာမို့ မလုပ်ရဲသေးတာပါ။ အဝေးရောက်များကို အားလည်းနာပါတယ်။ သို့သော် တချို့နိုင်ငံတွေမှာတော့ မြန်မာစာအုပ်တွေကို ရောင်းဝယ်ဖောက်ကားပေးနေသူများ ရှိနေကြပါတယ်။ သူတို့ကတစ်ဆင့် ဓာတ်စာအုပ်မဟုတ်ဘဲ ပုံမှန်စာအုပ်လေးများ ၀ယ်ယူဖတ်ရှုအားပေးတော်မူကြမယ်ဆိုရင်ဖြင့်…
အင်း … အဲဒါလည်း ဟုတ်ပါတယ် ဆရာရေ။ ကျမအဖေလည်း စာအုပ်ထုတ်ဝေရေးလုပ်တာမို့ ကိုယ်ချင်းစာပါတယ်။
အဲဒီလို စာအုပ်ကောင်းတွေ ဘာလို့ အရောင်းခဲယဉ်းတာပါလိမ့်နော်။ စိတ်မကောင်းစရာပဲ။
လူဦးရေ သန်း ၅၀ ကျော်နဲ့ အုပ်ရေ ၅၀၀ ကိုယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် အင်မတန်ကို နည်းတဲ့ ပမာဏပါ။
ကြာရင် print media အခန်းကဏ္ဍ မှေးမှိန်သွားမှာတောင် စိုးရပါတယ်။
ကျမလည်း အဝေးရောက်နေလို့သာ ebookကို တောင်းဆိုမိတာပါ။ တကယ်တမ်း စာအုပ်ကို ကိုင်ဖတ်ရတာသာ ပိုပြီး နှစ်သက်အားရမိပါတယ်။
ဟား ဟား
ဘယ်မှာဖြစ်သွားတာပါလိမ့်။ သိအောင် ဖတ်ရတော့မှာပဲ။ သူတို့ ညီအစ်ကိုတွေကို ကြိုက်ကိုကြိုက်တာ။ ရေးတာတွေ တွေးတာတွေ နေတာထိုင်တာတွေ သဘာဝကျလွန်းလို့။ လူသားဆန်တယ်လို့ မြင်တယ်။ ဘ၀ဆန်တယ်ပေါ့။
အီး ဘုတ် ရရင်တော့ ကော်ပီ ကူးထားမှာပဲ။ copy, paste က သိပ်ဝါသနာပါတာ။
ပန်ဒိုရာလို တဟားဟားအော်ရယ်သွားပါတယ်… စာအုပ်ဖတ်နိုင်အောင် ကြိုးစားလိုက်ဦးမယ်။
မရီရတာ. အတော်ကြာပါပြီ၊ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ပါ့မယ်…
ဝယ်လို့လည်း မရဘဲနဲ့။ ဆိုင်တွေက သိတောင်မသိဘူး။ သူလိုကိုယ်လိုမောင်ဝဏ်ဏ နောက်ထွက်တဲ့အပိုင်းလို့ပြောတာ မသိဘူးတဲ့။ ဘယ်လိုဖြစ်တာပါလိမ့်။ မုံရွာမှာတော့ မေးလို့ကိုမရခဲ့ဘူး။
ဖြစ်တတ်ပါတယ်။ စာအုပ်ဆိုင်တွေက စာအုပ်ဆိုင်တွေပေါ့။ စာဖတ်သူတွေမှ မဟုတ်တာ။ ပထမပိုင်း၊ ဒုတိယပိုင်းရော မေးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်ကွယ်… သွပ်… သွပ်… သွပ်
ဆရာရေ…ရီရလွန်းလို့ မျက်ရည်တောင်ထွက်တယ်။ ဆရာ August ထဲကတင်ထားပေမဲ့ အရင်ကတင်ထားတဲ့ blog တွေကို အခုမှပဲဖတ်ရတယ်။ ရန်ကုန်ပြန်ရောက်ရင်တော့ စာအုပ်တွေ ၀ယ်ရအုံးမယ်။ အပေါ်က comment အရ ဆရာမောင်ဝဏ္ဏ စာအုပ်က ၀ယ်ရခက်နေသလိုပဲ။