Who Dares?

မည်သူ ငြင်းဝံ့ပါသနည်း

(၁)
၂၀ဝ၃ခုနှစ် ဇွန်လ၏ ပထမပတ်တွင် ကျွန်တော့်ထံ ဖုန်းဝင်လာပါသည်။ အထင်ကရ အပတ်စဉ်ထုတ်တစ်စောင်မှဟုဆိုသဖြင့် ဖုန်းကို လက်ခံလိုက်ပါသည်။ ကျွန်တော့်ကို အင်တာဗျူးချင်လို့ပါဟု တစ်ဖက်က ပြောပါသည်။

မိန်းကလေးသာဆိုလျှင် တောင်းတစ်လုံးနှင့် လိုက်ကောက်နေရလောက်သည်အထိ အင်မတန် သဘောလွယ်လှသော ကျွန်တော် ဖိုးကျိုင်းတုတ်ကလည်း အိုက်တင်ပင် မခံပါ။ ရပါတယ်၊ ဗျူးပါခင်ဗျားပေါ့။ အချိန် တောင်းတော့လည်း ကိုယ်က အားနေတော့ လွယ်လင့်တကူပင် ပေးလိုက်ပါသည်။

မကြာပါ။ ကျွန်တော့်ဆီသို့ ဘောင်းဘီရှည်ဝတ် ကလေးမလေး တစ်ယောက် ပေါက်ချလာပါသည်။ သွက်သွက်လက်လက်ကလေး။ ရည်ရည်မွန်မွန်၊ နှိမ့်နှိမ့်ချချလေး။

သူက သူ့လိပ်စာကဒ်ပြားကို ထုတ်ပေးပါသည်။ သူကိုယ်စားပြုရာ စာစောင်၏ လိပ်စာကပ်ပြားနှင့် သူ့အမည်ကို ရေးထားပါသည်။ သူ့ရာထူးကမူ သတင်းထောက်တဲ့။

သူ မေးမည်ဆိုတော့ ကျွန်တော်လည်း ကျွန်တော့်အသံဖမ်းစက်ကို ထုတ်ယူကာ အသင့်ပြင်ထားလိုက်ပါသည်။ တစ်ခုခု ချွတ်ချော်ပါက ခိုင်ခိုင်လုံလုံ တည့်မတ်နိုင်ရန်ပင် ဖြစ်သည်။

ကလေးမလေးက အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသော လျှောက်လွှာစာရွက်တို တစ်ရွက်ကို ကြည့်ကာ၊ ကြည့်ကာ မေးသွားပါသည်။ ကျွန်တော်ကလည်း အိပ်သွန်ဖာမှောက်ပင် ပြောပါသည်။

စုစုပေါင်း တစ်နာရီမျှ ကြာပါသည်။

ပြီးတော့ ကျွန်တော်လည်း သူ့ကို ပြန်ဗျူးကြည့်မိရသည်။ ၂၁နှစ်သာ ရှိသေးသည်တဲ့။ အို… ငယ်ငယ်လေးပဲ။ ကလေးတွေ ကံကောင်းကြသားလို့သာ တွေးလိုက်မိရသည်။ တို့တုန်းက သည်လိုအခွင့်အရေးတွေ မရှိခဲ့ဘူးဟု မုဒိတာ စကားလည်း ဆိုလိုက်မိသည်။

(၂)
နောက်တစ်ပတ်အကြာတွင် ကျွန်တော့်ထံ ဖုန်းတွေ ဆက်တိုက်ဝင်လာပါသည်။ ကျွန်တော့်ကို မေ့နေသူများက ထိုစာစောင်ပါ ကျွန်တော့်ဓာတ်ပုံကို တွေ့မှ သတိတရနှင့် လှမ်းနှုတ်ဆက်ကြတာလည်း ပါသည်။

ကျွန်တော့်ကို ထိုကလေးမလေး ကိုယ်တိုင်ပဲ ဓာတ်ပုံ ရိုက်ယူသွားခဲ့ပါသည်။ ဘယ်အပတ်ထုတ်မှာ ပါမှာလဲဟု ကျွန်တော် မေးခဲ့သည်။ သူက နောက် နှစ်ပတ်လောက်နေရင်ဟု ပြောသွားခဲ့သည်။ ထို့အပြင် မည်သည့်အပတ်ထုတ်စာစောင်တွင် ပါသည်ကိုလည်း ကျွန်တော့်အား ဖုန်းဆက် အကြောင်းကြားဦးမည်ဟု သူ့သဘောနှင့်သူ ကတိကဝတ်ပြုသွားသေးသည်။

ကျွန်တော့်မှာ မိတ်ဆွေများက ဖုန်းဆက်လာသောအခါတွင် ထိုအင်တာဗျူးပါလာသည်ဟု နားလည်လိုက်ပါသည်။

တစ်ယောက်ကမူ ကျွန်တော့်အား “ဆူးဒူးနင်း”ဟု စတင် ခေါ်ဝေါ်ကာ နှုတ်ဆက်သည်။ ကျွန်တော့် အင်တာဗျူးကို အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော စာစောင်မှာ ဖော်ပြထားသတဲ့။ ကျွန်တော့် နာမည်ကိုလည်း “ဆူးဒူးနင်း”ဟု အင်္ဂလိပ်လို စားလုံးပေါင်းထားသတဲ့။ ပြောသူက ထိုစာစောင်မှ တာဝန်ခံများအား တော်တော့်ကို ပစ်ပစ်နှစ်နှစ် ပြောနေပါသည်။ အယ်ဒီတာမင်းများက ဆူဒိုနင်ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာလောက်တောင် မသိကြဘူးလား ဆိုတာအထိ ပါသည်။

ကျွန်တော်ကတော့ ဘာမှမဖြစ်ပါ။ ထိုစာစောင်သည် မှားသည့် နေရာတွင် သူမတူအောင် ပြောင်မြောက်ပါသည်။ ဒေါ်အိုင်ရင်းတင်လှကို ရုပ်ရှင်မင်းသမီးဟုလည်း ညွှန်းဖူးသည်။ အသားဖြူဖြူ၊ တရုတ်မျက်နှာကျနှင့်လူကိုလည်း ညောင်ဦးသားစာရေးဆရာ ကိုရိုးကွန့်ဟူပြီး ပုံစာအမှား ထိုးဖူးသည်။ ဒါက မှတ်မိသလောက် လက်တန်းပြောခြင်းသာ ဖြစ်သည်။

အဲတော့လည်း ဆူဒိုနင်ကို “ဆူးဒူးနင်း”လုပ်လိုက်တာ သူတို့ အတွက်တော့ ထမင်းစားရေသောက်မျှသာ ဖြစ်ချိမ့်မည်ဟု တွေးမိခြင်းနှင့်အတူ ရယ်သာ ရယ်နေမိပါသည်။

ခက်သည်က ထိုအချိန်အထိ ကျွန်တော့်မှာ ထိုစာစောင်ကို မမြင်သေးပါ။ ဆူးဒူးနင်းသတင်းကို ကျွန်တော့်အား ဆက်သွယ်ပြောကြားချိန်တွင် ကျွန်တော်က မိတ်ဆွေတစ်ဦး၏ အိမ်သို့ရောက်နေသည်။ ကံအားလျော်စွာ ထိုအိမ်မှာက ထိုစာစောင် ရှိနေသည်ဆို၍ တောင်းကြည့်ရသည်။

တွေ့ပါပြီခင်ဗျာ။ ကျွန်တော့် မျက်ခွက်ကြီး စပ်ဖြီးဖြီးနှင့်။ အောက်မှာက “ဆူးဒူးနင်း၊ စာရေးသူ”တဲ့ခင်ဗျ။ Sue Do Nin လို့ ပေါင်းထားသည်။

ဘုရား၊ ဘုရား။ Sue ဆိုတာ အင်္ဂလိပ်နာမည် ဆူဇန်ရဲ့ အတိုကောက် ခင်ဗျ။ ဘယ့်နှယ်က ဘယ့်နှယ် သည်ယောက်ျားကြီးက မိန်းမနာမည် မှည့်ထားတာလဲလို့ မြန်မာစာမတတ်သည့် စာဖတ်ပရိသတ်မှာ တွေးကုန်လောက်သည်။ သေဟဲ့ နန္ဒိယ။

ဘောင်းဘီရှည်ဝတ်လျက်လာသော မိန်းကလေးတစ်ယောက် သည်လောက်တော့ မမှားတန်ကောင်းဘူးထင်သဖြင့်၊ သူ့ဂိုက်ကလည်း အတော်လေး ကျနေသဖြင့် စာလုံး ပေါင်းမပေးလိုက်မိ။ သူကလည်း သူ့ဘောင်းဘီရှည်နှင့်သူ အင်္ဂလိပ်စာလုံးပေါင်းလောက်တော့ အလွယ်လေး မှတ်သွားရှာသလားတော့ မသိ။

ခက်တာက ကျွန်တော့်မှာ ယောက်ျားကြီးတန်မဲ့နှင့် မိန်းမနာမည်ကြီးနှင့် ဖြစ်နေခြင်းပင်။

(၃)
၁၉၈၉ခုနှစ်တုန်းက သည်နာမည်နှင့် ပတ်သက်ပြီး တစ်ခါ ရှင်းဖူးပါသည်။ လွန်ခဲ့သည့် ၁၄နှစ်က ဖြစ်ရာ ကျွန်တော့်ကို လာဗျူးသူ သူငယ်မလေးမှာ ထိုအချိန်က ခုနစ်နှစ်သမီးသာ ရှိပါဦးမည်။ ထိုအရွယ်သည် မဂ္ဂဇင်းတွေလည်း ဖတ်နိုင်သေးသည့်အရွယ် မဟုတ်သည့်အတွက် သူ မသိသည်မှာ လွန်စွာမှ တရားပါသည်။

ကျွန်တော့်မှာလည်း သွားလေရာမှာ သည်နာမည်ကိစ္စပဲ ခဏခဏ အမေးခံနေရဆဲဖြစ်သည်။ လွန်ခဲ့သည့် ၁၅နှစ်တုန်းက စိတ်နှင့်၊ ကိုယ့်ဘာသာ ထင်သလို ပေးချခဲ့သော ထိုနာမည်က လာတွင်ကျယ်နေသည့်အတွက် ကိုယ့်ဘာသာကိုယ်လည်း အတော့်ကို စိတ်ပျက်လှပါသည်။ (တကယ် ပြောတာပါဗျာ…)

ကိုင်း… လွန်ခဲ့သော ၁၄နှစ်က တစ်ခါရှင်းပြီးသား ကိစ္စကို ယခု တစ်ခါ ထပ်ရှင်းပါဦးမည်။ ဆူဒိုနင်ဆိုသည်မှာ Pseudonym ဟူသော ဝေါဟာရကို အသံ ဖလှယ်ထားခြင်းဖြစ်ပါသည်။ အသံထွက်အမှန်မှာ /ဆျူဒနင်(မ်)/ဖြစ်ပါသည်။ အင်္ဂလိပ်စာလုံးဖြစ်သော်လည်း အမှန်မှာ မြန်မာစာမှ ပါဠိသက် ဝေါဟာရများနှယ် ဂရိဘာသာစကားမှ ဆင်းသက်လာသော စကားလုံးဖြစ်ပါသည်။ Pseudo ကို မြန်မာစာအဖွဲ့က ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် “အယောင်ဆောင်၊ အတုအယောင်၊ အတု” ဟု ဖွင့်ဆိုထားပါသည်။ Pseudonym ကို ယင်းအဘိဓာန်ကပင် “အမည်ဝှက်၊ နာမည်လွှဲ၊ ကလောင်အမည်”ဟု ပေးထားပါသည်။ အင်္ဂလိပ်ဝေါဟာရ အစစ် မဟုတ်မူပါ။ ပြင်သစ်ဘာသာဖြင့်မူ Pseudonyme ဟု စာလုံး ပေါင်းပါသည်။ ဂရိသက် ဝေါဟာရသာ ဖြစ်ပါသည်။

သည်ကိစ္စကို လွန်ခဲ့သော ၁၄နှစ်က မဟေသီမဂ္ဂဇင်းမှတစ်ဆင့် အကျယ်တဝင့် တစ်ခါ ရှင်းခဲ့ပြီးပါပြီ။ သို့သော် ကျွန်တော့်အား လာဗျူးသွားသည့် သူငယ်မနှယ် နှောင်းလူများအတွက် နှစ်ထပ်ရှိလျှင် မှတ်မိလေမလားဟူသော အတွေးနှင့် ထပ်ရှင်းလိုက်ရခြင်းပင် ဖြစ်ပါသည်။

စာနယ်ဇင်းမှာ အဘယ်မျှပင် ရှင်းရှင်း၊ အပြင်လောကမှာ လူချင်း သိသွားတိုင်းလည်း ကျွန်တော့်မှာ သဟာကိုပဲ အဖန်ဖန် ရှင်းပြနေရစမြဲမို့ အသားတောင် ကျနေပါပြီ။

(၄)
ကျွန်တော်နှင့် ထိုအင်တာဗျူးက သည်မျှနှင့် မပြီးပါ။

ကြည့်လိုက်တော့ အင်တာဗျူးပုံစံ (ဝါ) အမေးအဖြေပုံစံမျိုးဖြင့် ဖော်ပြထားခြင်းလည်းမဟုတ်မူပါ။ ကျွန်တော့်ကို တစ်နာရီမျှ မေးသွားသမျှထဲက သူတို့ လိုချင်တာလေးတွေကို ကောက်နုတ်ကာ လေးလက်မ၊ တစ်ကော်လံစာမျှသာ ဖော်ပြထားခြင်း ဖြစ်နေပြန်သည်တမုံ့။

အင်း… ခံရပြီဟေ့ဆိုရင် ကျွန်တော်ချည်းဖြစ်လို့ နေပြန်ပါပကော။ အညာသားမို့လို့ ခံလိုက်ရသည်ဟု ပြောရအောင်ကလည်း လာဗျူးသူ ကလေးမလေးကလည်း အညာသူ၊ မုံရွေးသူခင်ဗျ။ အေးလေ… သူတို့ ရွာက ကျုပ်တို့ မန္တလေးအထက် မိုင် ၈၀ ကျော်က ဆိုတော့လည်း ပြောင်းတစ်လုံး ပိုရှူသွားတာနေမှာဟု ရယ်စရာ တွေးလိုက်မိရပါသည်။

အမှန်က ကျွန်တော်နားလည်မှု လွဲသွားခြင်းသာ ဖြစ်လောက်ပါသည်။

ရောင်းကြ ဝယ်ကြရာတွင် “ဝယ်သူ သတိ”ဟူသော ဆောင်ပုဒ်တစ်ခု ရှိပါသည်။ အင်တာဗျူးခံသည့်အခါတွင်လည်း အဗျူးခံသူဘက်က သတိ ထားရမည်သာ ဖြစ်သည်။ သေချာဃန စူးစမ်းရမည်သာဖြစ်သည်။

အခု ကျွန်တော့်အင်တာဗျူးကို မည်သည့်ပုံစံနှင့် ဖော်ပြမည်ကို ကျွန်တော်မမေးမိခဲ့။ အင်တာဗျူးကို အင်တာဗျူးလို ဖော်ပြမည်ဟုသာ ကျွန်တော့်အတွေးနှင့် ကျွန်တော် ယုံမှတ်ထားလိုက်မိသည်။

တကယ်ဖော်ပြထားသည်က သူမေးတာတစ်ခုမှ မပါ။ သူတို့ ခေါင်း စဉ်တပ်ထားသောကိစ္စအတွက် ကျွန်တော်က ကျွန်တော့်အမြင်ကို ကရား ရေလွှတ်ထားဘိသကဲ့သို့ ဖော်ပြထားခြင်းသာ ဖြစ်ပေသည်။

ကောင်းပါသည်။ ထိုအတွက် မကျေနပ်စရာမရှိပါ။

သို့သော် ကျွန်တော် လေကုန်ခံထားရသည်၊ အချိန်ကုန်ခံထားရသည်ကိုတော့ လွှတ်နှမျော သွားမိသည်လည်းအမှန်ပါ။ ထို့အပြင် ကျွန်တော့် ရေစီးကမ်းပြို စေတနာတွေကို ထိုမျှလောက်ဖြင့် စာဖတ်သူတွေ မမြင်နိုင်ပါ။

အိုး… ဘာ ခက်တာလိုက်လို့။

ကျွန်တော်က စာရေးနေတဲ့သူပဲ။ အသံလည်း ဖမ်းထားလိုက်သားပဲ။  ကိုယ့်အင်တာဗျူးကို သူက အစအဆုံး မဖော်ပြလည်း ဘာအရေးလဲ။ ကိုယ့်ဘာသာ အသံဖမ်းစက် ပြန်ဖွင့်ပြီး တစ်လုံးစီ ပြန်ချရေးရုံရှိတာပေါ့။

အမယ်… ဟိုလိုသာ သူက အစအဆုံး ဖော်ပြရင် စာမူခက သူပဲ ရမှာ။ အခုတော့ ဖြေသူ ကျွန်တော်က အစအဆုံး ပြန်ရေးလိုက်တော့ စာမူခလည်း ကျွန်တော်ပဲ ရမှာ။ ဘယ့်ကလောက် နိပ်လိုက်ပါသလဲ။

(၅)
ကိုယ့်အင်တာဗျူးကို ကိုယ်ကိုယ်တိုင် အစအဆုံး ပြန်ရေးပြကာ စာမူခ ရသည့် စာရေးသူဟူ၍ ဤမဟာ ဘဒ္ဒကမ္ဘာတွင် ကျွန်တော် ဆူးဒူးနင်း၊ အဲလေ… ကျွန်တော် ဆူဒိုနင်တစ်ယောက်သာ ရှိလောက်ပါသည်။

(မုံရွေးသူ ကလေးမရေ သာဓုသာ ခေါ်လိုက်ပေရော့…)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၂၀၀၃ခုနှစ် ဇွန်လအတွင်းက အလင်းတန်းဂျာနယ်မှာ သုံးပတ်ဆက်တိုက် ဖော်ပြခဲ့တဲ့ စာမူကို ပြန်လည် တင်ဆက်တာပါ။  အင်တာဗျူးအကြောင်းအရာမှာ မြန်မာစာပေနယ်မှ ကလေးစာပေရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ အပြည့်အစုံကို ဖတ်လိုပါက ညာဘက်က Pages အောက်မှ Interview with MT ဆိုတာလေးကို Click လုပ်ပြီး ဖတ်ရှုတော်မူကြပါခင်ဗျား။

Author: lettwebaw

A prolific Burmese writer whose main work is non-fiction with many articles and books on psycho-social and health issues including sex education for teenagers, proper etiquette, child rearing practices and marriage counselling tips. Another nom de plume is "Pseudonym."

One thought on “Who Dares?”

  1. သူကလည်း သူ့ဘောင်းဘီရှည်နှင့်သူ အင်္ဂလိပ်စာလုံးပေါင်းလောက်တော့ အလွယ်လေး မှတ်သွားရှာသလားတော့ မသိ။

    အဲတာ ဖတ်ပြီးရီလိုက်ရတာ ဆရာရေ

Leave a Reply to နှင်း Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s