Latest in The Ray of Light

rol-570-article_imgဓာတ်ချောစာတွေ ပလူပျံနေတဲ့ ခေတ်ကြီးထဲက စာရေးသူများ

၂၀ဝ၉ခုနှစ် ဩဂုတ်လ၁၇ရက်ထုတ် အလင်းတန်းဂျာနယ်ထဲက ဆရာ ဆွေမြင့်စောရဲ့ “ဝတ္ထုတစ်ပုဒ်၏ နိဒါန်း၊ ဝတ္ထုတစ်ပုဒ်ရဲ့ နိဂုံးနှင့် ဖန်တီးမှုမှတ်တိုင်”ကို ဖတ်ပြီး ပြောစရာလေး နည်းနည်း ရှိလာပါတယ်။

အဲဒီ့ထဲက ခင်ဗျားကိုယ်တိုင်ပါလို့ရတဲ့ ဝတ္ထုရယ်၊ မဂ္ဂဇင်းတစ်စောင်ထဲက နေရစ်တော့ သူထားခဲ့တယ်ဆိုတဲ့ ဝတ္ထုတိုရယ်တို့ စိတ်ကူး တူနေသလားဆိုတဲ့ ပြဿနာပါ။ အဲဒါတွေကို ဖတ်မိတော့ ၂၀ဝ၈ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ထုတ် “အတွေးသစ်”ဂျာနယ်မှာ ကျွန်တော် ရေးခဲ့တာလေးနဲ့ တစ်ထပ်တည်း သွားတူနေပါတယ်။ ကျွန်တော့် ခေါင်းစဉ်ကကျတော့ “လူပါတဲ့ခင်ဗျား”ဖြစ်ပါတယ်။

အတွေးသစ်ဂျာနယ်မှာ ပုံနှိပ်ဖော်ပြတဲ့ အချိန်နဲ့တွက်ရင် ဝတ္ထုရော၊ ဝတ္ထုတိုပါ တစ်နှစ်လောက် နောက်ကျနေတာ တွေ့ရပါလိမ့်မယ်။ သို့ပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ မဥပါဒ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ အခုကာလမှာ ခေတ်စားနေတဲ့ “ပလူပျံ”ဓာတ်ချောစာတွေထဲမှာ ပွထနေတဲ့ အကြောင်းအရာ ဖြစ်နေလို့ပါပဲ။

ဟုတ်ကဲ့… အီးမေး(လ်)လို့ ခေါ်တဲ့ ဓာတ်ချောစာတွေက မြန်မာတွေ ကြားမှာ အခုမှ အတော် ခေတ်စားလို့ နေပါတယ်။ သူက ထိုင်ရာက မထ စာပို့လို့ ရတဲ့ အပြင် ခလုတ်ကလေး တစ်ချက်နှိပ်ရုံနဲ့ လူပေါင်းများစွာဆီကို ချက်ချင်း တန်းပို့လို့ရတဲ့ စနစ်ဖြစ်နေတဲ့အတွက် chain mail လို့ခေါ်တဲ့ မီးခိုးကြွက်လျှောက် စာတွေက ပလူပျံနေပါတယ်။

အဲသလို ဓာတ်ချောစာနဲ့ ရောက်ရောက်လာတဲ့ အတိုအထွာလေးတွေထဲက သင့်နိုးရာရာလေးတွေကို ဘာသာပြန်ဖော်ပြရင်းက ကျွန်တော့်ရဲ့ “အတ္တကျော်” ဆိုတဲ့ ကလောင်အမည်တစ်ခု  မွေးဖွားလာခဲ့တာ ၂၀ဝ၀ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်မှာပါ။ အဲဒါတွေကို စုပေါင်းပြီး လုံးချင်း ထုတ်လာတာဆိုရင်လည်း အခုဆိုရင် လေးအုပ်တောင် ရှိသွားပါပြီ။

ဆရာ ဆွေမြင့်စော ဖတ်လိုက်ရတဲ့  စာရေးသူနှစ်ဦးရဲ့ စိတ်ကူးလိုလို ဘာလိုလို မျက်မမြင်ကိစ္စလေးကလည်း ကျွန်တော့်ဆီမှာ ရောက်နေတာ တော်တော် ကြာနေပါပြီ။ ဘယ်သူက ကျွန်တော့်ဆီ ပို့လိုက်မှန်းတောင် မသိတော့ပါဘူး။ အဲဒါလေးကို ဘာသာပြန်ပြီး ဆိုခဲ့တဲ့အတိုင်း ၂၀ဝ၈ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ထုတ် အတွေးသစ်ဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

အဲတော့ကာ သည်ကိစ္စဟာ အထက်က ဆရာနှစ်ဦး စိတ်ကူးတူနေတာလည်း မဟုတ်သလို တစ်ယောက်က တစ်ယောက်ကို ကူးချတာ၊ ပုံပွားတာမျိုးလည်း မဟုတ်ဘူးလို့ ကျွန်တော်က ကြားက ဝင်ပြီး လျှောက်လဲချက် ပေးလိုလှပါတယ်။ ဘာသာပြန်တာချင်း တူသွားတာလို့ပဲ ပြောနိုင်ပါလိမ့်မယ်။ ဘာသာပြန်ထားတာပါလို့ ဝန်မခံကြတာ တစ်ခုပဲ ရှိပါတယ်။ ဒါလည်း ပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဆရာကြီးရွှေဥဒေါင်းတို့ လက်ထက်ကတည်းက ဘာသာပြန်တာကို ဘာသာပြန်တာပါလို့ မပြောဘဲ ပင်ကိုရေးကဲ့သို့ ရေးလာကြတဲ့ အစဉ်အလာကြီးက ရှိနေပြီးသားမို့ သူတို့ကို အပြစ်တင်ရင် ဟိုဆရာကြီးတွေပါ စက်ကွင်းမလွတ် ဖြစ်ကုန်ပါလိမ့်မယ်။

ကျွန်တော်ကတော့ ကြုံရပေါင်းများလို့ ဟုံနေပါပြီ။ ဆိုခဲ့တဲ့ အလင်းတန်း ဂျာနယ်က အတ္တကျော်ရဲ့ ပထမဆုံး စာမူဖြစ်တဲ့ “ခင်မင်မှု သံမှိုများ”ဆိုတဲ့ ဓာတ်ချောစာက အကြောင်းအရာလေးပဲ နောက် နှစ်ပေါင်းများစွာအကြာမှာ အလင်းတန်းဂျာနယ်နဲ့ တစ်ဖွဲ့တည်းဖြစ်လေတဲ့ ဖူးငုံမဂ္ဂဇင်းမှာ ဆရာမ မြနှောင်းညိုက ဘာသာပြန်ပြီး ပြန်ဖော်ပြတဲ့အခါ ဖူးငုံက ဖော်ပြပေးလိုက်တာကို တွေ့ရခဲ့ဖူးပါတယ်။ ဒါ့အပြင် အဲဒါကိုပဲ အတွေးသစ် ဂျာနယ်မှာ တစ်လောဆီက ဆရာ ကောင်းသန့်ကလည်း ရေးပြန်ပါတယ်။

ကျွန်တော့်ဟာ ကူးချကြတာပါလို့ ပြောရအောင် မူရင်းကို ပိုင်တာက ကျွန်တော်လည်း မဟုတ်သလို ဘယ်သူ ပိုင်မှန်းလည်း မသိတဲ့အတွက် အဟေဝတ ကောင်းလေစွလို့သာ အောက်မေ့လိုက်ပါတယ်။

ရှိပါသေးတယ်။ အဲဒါက ကျွန်တော်ပါ။ ကျွန်တော့်ရဲ့ “ဆေးရုံမှာ”ဆိုတာလေး ဝ၅-ဝ၆-၂၀ဝ၀ ထုတ် အလင်းတန်းဂျာနယ်မှာ ပါလာတဲ့အခါ စာဖတ်သူတချို့က အဲဒါ ဆရာဖေမြင့်ရဲ့ “နှလုံးသားအာဟာရ”ထဲမှာ ပါပြီးသား ဖြစ်ကြောင်း ပြောလာကြပါတယ်။ ကျွန်တော့်ခမျာက ဆရာဖေမြင့်ရဲ့ “နှလုံးသား အာဟာရ”ကို အဲတော့မှ စ ကြားဖူးတာပါ။ ကျွန်တော့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာကိုသာ ပင်တိုင်ထားခဲ့တာမို့ သွားတူနေတော့တာပါ။ အဲဒါမျိုး ဆရာ ဖေမြင့် ရေးပြီးသားနဲ့ ဆင်နေတာက နောက်ပိုင်းမှာ နှစ်ပုဒ်လား၊ သုံးပုဒ်လား ပါသွားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ သုံး-လေးလလောက်က မဂ္ဂဇင်းတစ်စောင်မှာ ဆရာ ထက်မြက်က မင်းထက်မောင်ရဲ့ စာလေးတစ်ပုဒ်ကို ချီးမွမ်းထားပြန်တယ်။ အဲဒီ့ စာကို ဖတ်ကြည့်တော့ ၂၃-၁၀-၂၀ဝ၀ထုတ် အလင်းတန်းဂျာနယ်မှာ ကျွန်တော် ဖော်ပြခဲ့တဲ့ “ပန်းသီးပင်”ခေါင်းစဉ်ပါ အကြောင်းအရာဖြစ်နေတဲ့အပြင် ၂၀ဝ၂ခု  စက်တင်ဘာမှာ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀ဝ၆ အောက်တိုဘာမှာ ဒုတိယအကြိမ်အဖြစ်လည်းကောင်း ထုတ်ဝေထားတဲ့ ကျွန်တော့်ရဲ့ “နေပျော်တဲ့ဘဝ၊ ကြည်မြတဲ့ဘဝင်၊ ရွှင်လန်းတဲ့စိတ်”စာအုပ်ထဲမှာလည်း ဖော်ပြထားတာ ဖြစ်နေပြန်ပါတယ်။ (ဆရာထက်မြက်ဆိုတာ အင်မတန် စာဖတ်နာတဲ့ ဆရာကြီးပါ။ သူလိုလူမျိုးတောင် မျက်စိလျှမ်းသွားတဲ့ အချက်ကို သတိချပ်စေလိုပါတယ်။)

သို့ပေမယ့် ဆိုခဲ့တဲ့အတိုင်း မူရင်း ပိုင်ရှင်က ကျွန်တော်လည်း မဟုတ်သလို ဘယ်သူပိုင်မှန်းလည်း မသိတော့ကာ ယောနိသော မနသီကာရ လိုက်ရပြန်တယ်။

နောက်ဆုံးကတော့ မကြာသေးဘူး။ ၂၀ဝ၉ခုနှစ် ဇွန်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းထဲက ဆရာနတ်မှူးရဲ့ ရသစာတမ်းထဲမှာ ပါလာတာ။ အဲဒီ့ ရသစာတမ်းရဲ့ အဖွင့်က အကြောင်းအရာဟာ ၁၄-ဝ၇-ဝ၈ နေ့ထုတ် အတွေးသစ်ဂျာနယ်မှာ “ရင်ဝကို ထိုးဆောင့်တဲ့ ဓာတ်ချောစာတစ်စောင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ရေးခဲ့ပြီးဖြစ်သလို မကြာသေးခင်က ထွက်လာတဲ့ ကျွန်တော့်ရဲ့ “မိုးထိအောင် လှေကား ထောင်နည်း”လုံးချင်းစာအုပ်မှာလည်း နောက်ဆုံးအပုဒ်အဖြစ် ထည့်သွင်း ဖော်ပြထားတဲ့ ဓာတ်ချောစာ ဘာသာပြန်ချက် ဖြစ်လို့နေပါတယ်။

ဆရာနတ်မှူးလည်း သူ့ဆီကို ရောက်လာတဲ့ ဓာတ်ချောစာကို အခြေခံပြီး ရသစာတမ်းကို ရေးဖွဲ့ခဲ့တာလို့ပဲ နားလည်ယူလိုက်ပါတယ်။

အဲတော့ဗျာ… ချုပ်လိုက်ရင် ဓာတ်ချောစာတွေ ပလူပျံနေတဲ့ သည်ခေတ် သည်ကာလကြီးမှာ အတွေးတူတာလည်း မဟုတ်၊ စိတ်ကူးချင်းထပ်တာလည်း မဟုတ်၊ တစ်ယောက်က တစ်ယောက်ဆီက ကူးချကာ ပုံမှားရိုက်တာလည်း မဟုတ်မူဘဲ ကိုယ့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာကို အခြေခံပြီး ရေးချင်စိတ်တွေ ချောင်းချောင်းထလာကာ ရေးလိုက်ကြရင်းက ရိုးသားစွာ တိုက်ဆိုင် ကုန်ကြပေတာပဲလို့သာ တွေးသင့်ပြီလို့ ထင်မြင်မိပါတယ်။

ရယ်ရတာ တစ်ခုရှိပါသေးတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ ကျွန်တော့် ဆီကို အဲလို မီးခိုးကြွက်လျှောက် ဓာတ်ချောစာတစ်စောင် ရောက်လာရာမှာ ကျွန်တော့်ရဲ့ အထက်က “နေပျော်တဲ့ဘဝ…” စာအုပ်ထဲက အကြောင်းအရာတစ်ခုကိုပဲ ကာတွန်းရုပ်ရှင်လေးတွေနဲ့ ပူးတွဲကာ အင်္ဂလိပ်လို ဖော်ပြထားတာ ဖြစ်နေပြန်ပါတယ်။ လူငယ်လေးတွေက ပို့ပေးလိုက်တာပါ။ သူတို့က အခုမှ အသစ်အဆန်း လုပ်နေပေမယ့် ကျွန်တော်က အဲဒီ့ အင်္ဂလိပ်လိုကို လွန်ခဲ့တဲ့ ၉နှစ်ကတည်းက ဖတ်ပြီးရုံမကတဲ့အပြင် ဘာသာပြန်ပြီးလို့ စာမူခတောင် ဂျာနယ်မှာတစ်ခါ၊ လုံးချင်းမှာ နှစ်ခါ၊ ပေါင်း သုံးခါတိတိ ရပြီးနေပါပြီ။ သို့သော် သူတို့ခမျာများမှာက ကျွန်တော့်စာတွေကို မဖတ်ဖူးရှာကြဘူးလေ။

အဲတော့ဗျာ… ဆရာ ဆွေမြင့်စောအပါအဝင် သူခိုးဖမ်းဖို့ ဝါသနာထုံကြသူများအနေနဲ့ ကျွန်တော် တင်ပြခဲ့တဲ့အချက်ကလေးတွေကို ထည့်စဉ်းစားပေးကြမယ်ဆိုရင်ဖြင့် ဆရာတို့အတွက်လည်း သိပ် ဦးနှောက်မစား၊ စာဖတ်သူတွေလည်း သဘောပေါက်၊ ကာယကံရှင်တွေလည်း မိမိတို့ ဘယ်က ယူထားတယ်ဆိုတာလေးကို အကိုးအကားလေးနဲ့ ဖော်ပြချင်စိတ်ကလေးများ ပေါက်လာခဲ့ကြသည်ရှိသော်… ဆိုတဲ့ မဝံ့မရဲအတွေးလေးနဲ့ သည်စာကို ရေးလိုက်ရပါကြောင်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၇၀၈၀၉)

—————————————————————
မနေ့က ထွက်လာတဲ့ ၀၇-၀၉-၀၉ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၅၇၀ မှာ ဖော်ပြထားတာလေးကို တင်ဆက်လိုက်တာပါ။ နောက်ဆက်တွဲ ဆက်ပြောရရင် ကျွန်တော့်ဆီကို လူငယ်လေးတွေ ပေးပို့နေတဲ့ မီးခိုးကြွက်လျှောက် ဓာတ်ချောစာနောက်ထပ် နှစ်စောင်မှာလည်း အဲဒီ့ “နေပျော်တဲ့ဘ၀ စာအုပ်ထဲက” အကြောင်းအရာကို သူတို့ဘာသာ ဘာသာပြန်ထားတာလေးတွေ ဖြစ်နေပြန်တာ တွေ့ရပါတယ်။ ကောင်းတာလေးကို မျှဝေချင်တဲ့ စေတနာကို ခံစားမိရသလို တစ်ဖက်ကလည်း လူငယ်တွေရဲ့ စာဖတ်အား တအားကျဆင်းနေတာကို သက်သေထူသလို ဖြစ်နေတဲ့အတွက် ရင်ထဲမှာ မချိလှဘူး။