Skip to content

Are you sure you’re going to die on a holiday?

10 September 2009

ခန္ဓာကိုယ် လှူလိုက ရုံးဖွင့်ရက်မှာ သေသင့်လှ

KBC090910_3၁၉၈၉ခုနှစ်၏ နောက်ဆုံးရက်တွင် ကျွန်တော့်အဘိုးလေးတစ်ဦး ကွယ်လွန် အနိစ္စ ရောက်ခဲ့တုန်းက စတင် ကြုံတွေ့ဖူးခြင်းဖြစ်ပါသည်။ ထိုအဘိုးလေးသည် သူ၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်သို့ လှူဒါန်းရာတွင် ကျွန်တော်တို့အမျိုးထဲမှာ ပထမဆုံးဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော် မန္တလေးမှာ ရှိနေခဲ့ပါသည်။ အဘိုး၏ ရုပ်ကလာပ်ကို မန္တလေး ဆေးတက္ကသိုလ်အရောက် ပို့ဆောင်ပေးခဲ့သူမှာ ကျွန်တော်တစ်ဦးတည်းသာ ဖြစ်ပါသည်။ ဘယ်သူဆို ဘယ်သူမှ မပါပါ။ သို့သော် အစစအရာရာ အဆင်ပြေပြေ၊ ချောချောမောမောပင် ဖြစ်သည်။

နောက်တစ်ဦးမှာ ၂၀ဝ၀ပြည့်နှစ်တွင် ကွယ်လွန်တိမ်းပါးသွားသော ကျွန်တော့်ဦးကြီးဖြစ်သည်။ ထိုဦးကြီးမှာ မေမေ့တစ်ဦးတည်းသော သားချင်း၊ မေမေ့အစ်ကိုဖြစ်သလို ကျွန်တော့်အတွက်လည်း တစ်ဦးတည်းသော ဆွေမျိုး ရင်းချာဖြစ်ပါသည်။ သူမှတစ်ပါး ကျွန်တော့်မှာ တခြား ဆွေရင်းမျိုးရင်း မရှိပါ။ ထိုဦးကြီးကလည်း မန္တလေးတွင်သာ နေပါသည်။

သူကွယ်လွန်သောအခါ ကျွန်တော်တို့ မန္တလေးကို အပြေးအလွှား သွားပါသည်။ သို့သော် သူ့ရုပ်ကလာပ်ကို မမြင်လိုက်ရပါ။ သူလှူဒါန်းထားခဲ့ရာ  မန္တလေးဆေးတက္ကသိုလ်ကပင် နေ့ချင်း လာရောက် သယ်ယူသွားလေပြီဟု သိရှိရပါသည်။ သူ့မှာ ကျန်ရစ်သူက သူ့ဇနီးတစ်ဦးသာ ရှိသည်။ တခြား သားထောက်သမီးခံ မရှိ။ တူ၊ တူမ အရင်းအချာထဲကဆိုလျှင်လည်း ရန်ကုန်တွင် အခြေချနေထိုင်သည့် ကျွန်တော်တစ်ဦးတည်းသာ ရှိပေရာ သူ့အနီးတွင် ရှိသည့် အမယ်ကြီး ကရိကထ နည်းလေအောင် ဦးကြီးက ထိုသို့ စီစဉ်ထားခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော် နားလည်ပါသည်။

ဦးကြီးကား ကျွန်တော်တို့အမျိုးထဲမှ ခန္ဓာကိုယ် လှူဒါန်းသူ ဒုတိယ တစ်ယောက် ဖြစ်ပါသည်။

ကျွန်တော်တို့မှာက “အယာသော”ဟု ဘုရားဟောသည့် “အခြွေအရံ နည်းခြင်း”တည်းဟူသော လောကဓံကို မျိုးနှင့်ရိုးနှင့် ခံရသည်ဟု ပြောရမတတ်ပင်ဖြစ်သည်။ အထက်တွင် အစချီခဲ့သော အဘိုးလေးမှာ ဇနီးမယားလည်း မရှိ၊ သားထောက် သမီးခံလည်း မရှိသလို ကျွန်တော့် ဦးကြီးမှာ ဇနီးမယား ရှိပင်ရှိငြား သားသမီး မထွန်းကား။ ရှားရှားပါးပါး ရှိထားသည့် နှမတစ်ယောက်နှင့် တူတစ်ယောက် (ကျွန်တော်)မှာလည်း တစ်ရပ်တစ်ကျေးတွင် နေထိုင်သူများ ဖြစ်နေခဲ့သည်။

ကျွန်တော်တို့မှာလည်း ထို့အတူပင်။ ရန်ကုန်မြို့ကြီးမှာ ကျွန်တော်တို့ ဆွေမျိုးရင်းချာဆို၍ သားအမိနှစ်ယောက်မှတစ်ပါး အခြား မရှိ။ ထိုသားအမိ နှစ်ယောက်ကလည်း တစ်အိမ်စီ နေထိုင်ကြသည်။ မေမေက မြို့လယ်မှာ၊ ကျွန်တော်က ဆင်ခြေဖုံးမှာ။ (နောင် အေးအေးဆေးဆေးကျတော့မှ ကျွန်တော့်မိခင်၏ ဖြစ်စဉ်ကို မှတ်တမ်းတင်ပါမည်။)

သည်တော့လည်း မေမေသည် သူသေလျှင် သည်လိုပဲ တစ်ယောက်တည်း လူမသိ သူမသိ သေလွန်သွားရလိမ့်မည်ဟု တွက်ဆ မျှော်လင့်ခဲ့ဟန်တူပါသည်။ သူက သေဆုံးနေ၊ နောက်တစ်ရက်ကျမှ အရပ်က သိကြ။ အဲတော့မှ ကျွန်တော့်ထံ အကြောင်းကြား၊ ဘာ၊ ညာ…။ ထိုသို့ပင် မေမေ တွေးမြင် မျှော်လင့်ခဲ့သည်။ အရပ်ထဲမှ နှစ်ပေါင်း သုံးဆယ်ကျော်ကတည်းက ခင်မင်ရင်းနှီးထားသူ မိသားစုကို မေမေ့အိမ်သော့ပင် အပ်နှံထားသည်။ မေမေ့ကို မမြင်လျှင်၊ မေမေ့အိမ်တံခါးတွေ ပွင့်မလာခဲ့လျှင် ဖွင့်ဝင်ပြီး အကျိုးအကြောင်း သိရအောင် လုပ်နိုင်ရန်ပင်ဖြစ်ပါသည်။

သို့ဖြစ်သဖြင့် မေမေသည်လည်း သူ့ကိုယ်ခန္ဓာကိုလည်း လှူဒါန်းထားသည်မှာ ၂၀ဝ၀ပြည့်နှစ်ကတည်းက ဖြစ်သည်။ သူ၏ သွေးသားရင်းချာဖြစ်သူ ကျွန်တော်က ထိုကိုယ်ခန္ဓာကို သက်ဆိုင်ရာ ဌာနသို့ အရောက် ပေးပို့ရန် တာဝန်ယူပါကြောင်း ဝန်ခံကတိပြု လက်မှတ် ရေးထိုးပေးခဲ့ရပါသည်။

သို့သော် လောကသည် မျှော်လင့်သလို ဘယ်တော့မှ မဖြစ်တတ်ပါ။ မမျှော်လင့်တာတွေပဲ သည်းသည်းမည်းမည်း ဖြစ်တတ်သော သဘာဝက သည်လောကကြီးမှာ ရှိပါလေသည်။

ကျွန်တော့်မေမေမှာ နှလုံး၊ သွေးတိုး၊ ဆီးချိုစသည့် အသက်ကြီးလျှင် လူအတော်များများ ခံစားရသော ရောဂါအခံ တစ်စိုးတစ်စိမျှ မရှိပါ။ ထို့ ကြောင့်လည်း နေချင်သလို နေကာ၊ စားချင်သလို စားတတ်ပါသည်။ ထိုသို့  အစားမှားမှုဒဏ်ဖြင့် မေမေ နေမကောင်း ထိုင်မသာဖြစ်ကာ အိပ်ရာထဲမှာ လဲနေသောအခါ ကျွန်တော်က မေမေ့ကို ကျွန်တော့်အိမ်သို့ ခေါ်လာခဲ့ရပါသည်။

အသေးစိတ်တွေ မရေးတော့ပါ။ လိုရင်းကို ခြုံ့လိုက်ရလျှင် ကျွန်တော့် အိမ်တွင် နှစ်ပတ်နီးပါးမျှ ဝမ်းချုပ်သော ဝေဒနာကို အလူးအလဲ ခံစားပြီးနောက် (ကန်တော့ပါရဲ့) နောက်ဆုံး စမြင်းတုံးကို ညှစ်ထုတ်အပြီးတွင် လူ့လောကကိုပါ အမှတ်မထင် စွန့်ခွာသွားပါလေတော့သည်။

လူ့လောကကြီး၏ ဆန်းကျယ်မှုကား အံ့ဩကုန်နိုင်ဘွယ်ဟုပင် ဆိုရ မတတ်ဖြစ်သည်။ မေမေကွယ်လွန်သောနေ့သည် ကျွန်တော့် ၄၈နှစ်ပြည့် မွေးနေ့ (နိုဝင်ဘာ ၂၄)ဖြစ်နေပါသည်။ ထိုမွေးနေ့ကို ကျော်လွန်ပြီး နောက်တစ်ရက် ကူးခါစ မိနစ်ပိုင်းတွင် မေမေ ကွယ်လွန်သွားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပေရာ ရက်အားဖြင့် ပြောလျှင်မူ မေမေ ကွယ်လွန်သောနေ့မှာ နိုဝင်ဘာ ၂၅ရက်နေ့ (ယခုနှစ်အတွက် အမျိုးသားနေ့) ဖြစ်လို့နေပါသည်။

ပြဿနာက ကျွန်တော်တို့မှာ အတွေ့အကြုံ မရှိခြင်းပင်ဖြစ်သည်။ ရန်ကုန်မှာ ကျွန်တော့် ဆွေမျိုးရင်းချာထဲက ဈာပနမှာ ဒါ ဒုတိယအကြိမ် ဖြစ်သည်။ ပထမအကြိမ်က ကျွန်တော့်မေမေ၏ မိခင်၊ ကျွန်တော့်အဘွား ကွယ်လွန်ချိန်၊ ဟိုး… လွန်ခဲ့သော ၃၄နှစ်ကျော်က ဖြစ်ပါသည်။ သည်တော့ ဘယ်က စပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိချေ။

ပထမဆုံးလုပ်သည်က မေမေ့အိမ်ကို ပြေးပြီး ခန္ဓာကိုယ် လှူဒါန်းထားသည့် စာရွက်စာတမ်းများကို ယူရသည်။ ထိုစာရွက်ပေါ်တွင် ကျွန်တော့်လက်မှတ် ပါရှိသည် မှန်သော်လည်း၊ ထိုစာရွက်၏ ကျောဘက်တွင် ဖော်ပြထားသော စည်းကမ်းချက်များကို ဖတ်ရှုပြီးမှ ထိုလက်မှတ်ကို ထိုးဖြစ်ခဲ့သည် မှန်သော်လည်း ငါးနှစ်ကျော် ကြာသောအခါ ထိုစည်းကမ်းချက်များကို မေ့သွားပြီဖြစ်သဖြင့် ပြန်ဖတ်ရပါသည်။

ကျွန်တော့်အတွက် အရေးကြီးသွားသောအချက်ကို အောက်ပါအတိုင်း တွေ့ရပါသည်။

“၄။    အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွင် ခန္ဓာကိုယ်လှူဒါန်းထားသူ သေဆုံးပါက သူ၏ ဆွေမျိုးသားချင်းများက မိမိတို့ အစီအစဉ်ဖြင့် သေဆုံးသူအား အအေးတိုက်တွင် ထားပြီး ကျောင်းဖွင့်ရက် ရောက်မှသာ ခန္ဓာဗေဒဌာနသို့ အကြောင်းကြားပေးပြီး ခန္ဓာဗေဒဌာနသို့ အရောက်ပေးပို့ရပါမည်။”

ထို “လိုက်နာရန်အချက်“က ကျွန်တော့်ကို အတော် အုံးစားပါသည်။ ဆိုခဲ့သည့်အတိုင်း မေမေကွယ်လွန်သည်မှာ ယခုနှစ် အမျိုးသားနေ့ထဲသို့ ချင်းနင်းဝင်ရောက်စ မိနစ်ပိုင်းတွင်ဖြစ်ပါသည်။ ယခုနှစ်အမျိုးသားနေ့က သောကြာနေ့တွင် ကျရောက်သည်။ သို့ဖြစ်ရာ ရုံးပိတ်ရက် သုံးရက်တိတိ ခံနေပါတော့သည်။

အဲ… ပြောဖို့ တစ်ခု ကျန်ပါသည်။ မေမေတို့များ ထောင့်စေ့လိုက်ပုံကတော့ ထိုခန္ဓာကိုယ် လှူဒါန်းသည့် စာရွက်စာတမ်းများ ထည့်ထားရာ ပလတ်စတစ်အိတ်ထဲတွင် တစ်ထောင်တန် အသစ်ကျပ်ချွတ် ငါးရွက်ကိုလည်း ထည့်ပေးထားခဲ့ပါသေးသည်။ ကြွင်းကျန်ရစ်သော သူ့ရုပ်ကလာပ်အား လိုရာအရောက် ပို့ဆောင်ရာတွင် လိုအပ်သော စရိတ်စကကို ရည်ရွယ်ထားမှန်း သိသာပါသည်။

ကျွန်တော့်မှာတော့ ရုံးပိတ်ရက် သုံးရက် ခံနေသောကြောင့် ဘာဆက်လုပ်ရမည်မသိ ဖြစ်နေပါတော့သည်။ ထိုအခါ နာရေးကိစ္စများတွင် အားတက်သရော ကူညီပေးတတ်သူ ဆရာမြတ်ခိုင်၏ မျက်နှာကြီးကို တန်းမြင်လိုက်မိရသည်။ သူ့ကို ဖုန်းဆက်တော့ သူ့မှာက ခန္ဓာကိုယ် လှူသည့်ကိစ္စနှင့် ပတ်သက်ပြီး ဘာအတွေ့အကြုံမျှ မရှိကြောင်း ပြောပါသည်။ သူက နာရေး ကူညီမှုအသင်းကို အကူအညီတောင်းရန် အကြံပေးသည်။ ဇာတ်လိုက်မင်းသား ကျော်သူထံ ဆက်ရန်လည်း ဖုန်းနံပါတ်ပေးသည်။ ကိုကျော်သူ့ ဖုန်းကို ဆက်တော့ “လူကြီးမင်း”နှင့်တွေ့နေသည်။

ထိုနေ့ကမှ နာရေးကူညီမှုအသင်းဖုန်းများကလည်း တစ်လုံးမျှ ခေါ်မရ ဖြစ်နေသည်။ ကျွန်တော့်ဖုန်းကိုက အပြင်လိုင်းကို မထွက်တာလားတော့ မသိချေ။ အတော်ကြီး စိတ်ရှည်လက်ရှည်နှင့် ကြိုးစားပမ်းစား ဆက်လေတော့မှ နာရေးကူညီမှုအသင်းကို အဆက်အသွယ်ရသည်။ သူတို့ကလည်း ထိုသို့ ခန္ဓာကိုယ် လှူဒါန်းထားသည်ဆိုလျှင် သက်ဆိုင်ရာတက္ကသိုလ်နှင့် အရင် ဆက်သွယ်ရန် အကြံပေးပါသည်။ အဆင်မပြေလျှင်တော့ ကူညီပေးမည်ဟု ဖော်ရွေစွာ အကြောင်းပြန်ပါသည်။

သို့ဖြင့် သက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှိရာကို လူလွှတ်ပြီး အစုံစမ်းခိုင်း ရသည်။ လိုရမည်ရ ငွေတစ်သောင်းလည်း လက်ထဲ ထည့်ပေးလိုက်သည်။  ဆရာဒါရိုက်တာမောင်ဝဏ္ဏ၏ သားကြီးဩရသ၊ မင်းသားသစ်လေး ပြေဇင် ကို သူ့အမေက လွှတ်ပေးထားသဖြင့်သာ တော်တော့သည်။ ကိုပြေဇင်လေးက ကားရော၊ လူပါတစ်နေကုန် ကူညီပေးလေရော ဆေးတက္ကသိုလ်သို့လည်း သူပင် သွားပါသည်။

အတော်ကြာတော့ ပြန်လာကြသည်။ အနှီဆေးတက္ကသိုလ်နှင့် တွဲဖက်ထားသော အထွေထွေရောဂါကု ဆေးရုံကြီး၏ အအေးခန်း (ရေခဲတိုက်)တွင်  ရုပ်ကလာပ်ကို ရုံးပိတ်ရက်အတွင်း လက်ခံထားပေးမည်။ ထိုအအေးခန်းမှပင် လာရောက်သယ်ယူပေးမည်ဟု သိလာရပါသည်။ ထိုအတွက် ကျသင့်ငွေမှာမူ ကျပ်ခြောက်သောင်းဖြစ်လေသည်။ ထိုနေ့က ခေါင်းရှုပ်နေသဖြင့် ကိုပြေဇင်နှင့် အတူသွားသူက ကျွန်တော့်ကို ပြန်ပေးသည့် စက္ကူစုတ်လေးအား ဘယ်နားထားလိုက်မိမှန်း မသိတော့ပါ။ ထိုစက္ကူစုတ်လေးပေါ်မှာတော့ အအေးခန်းတွင် သုံးရက် ထားခက ဘယ်ရွေ့ဘယ်မျှ၊ သယ်ယူစရိတ်က ဘယ်လောက်ဟု အတိအကျ တွက်ချက်ပြီး စုစုပေါင်း ခြောက်သောင်းဟု ရေးသားထားသည်ကိုတော့ မြင်လိုက်ပါသည်။ ပြေစာလည်း မဟုတ်ပါ၊ သာမန် ရွက်ကြမ်း ရေချို စက္ကူတစ်စပေါ်တွင် ရေးခြစ်ထားခြင်းသာ ဖြစ်ပါသည်။ စရံငွေ သုံးသောင်း စိုက်ပေးခဲ့ရသည်ဟု ပြောသဖြင့် ကျွန်တော်လည်း ငွေသုံးသောင်း ထုတ်ပေးလိုက်ပါသည်။

ထိုအအေးခန်းမှ နိဗ္ဗာန်ယာဉ်က နေ့ခင်း နှစ်နာရီခန့်တွင် ကျွန်တော့် အိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါသည်။ ယာဉ်မောင်းလား၊ ဘာလားမသိ တစ်ယောက်တက်လာသည်။ “ကဲ… သယ်ကြတော့”ဟု ပြောသည်။ “ဟင်… သယ်မပေးဘူးလား”ဟု မေးတော့မှ ကောင်လေးတွေကို သယ်ခိုင်းလျှင် ပိုက်ဆံပေးရမည်ဟု ဆိုပါသည်။ ဘယ်လောက်လဲဆိုတော့ တစ်ယောက် နှစ်ထောင်နှင့် နှစ်ယောက်စာတဲ့။ ဟုတ်ကဲ့… ရော့… ရော့… ငါးထောင် ယူလိုက်တော့ဗျာဟုဆိုကာ တစ်ထောင်တန် ငါးရွက်ကို ထည့်ပေးလိုက်သည်။

အမှန်တကယ် သယ်ယူသောအခါ ရုပ်အလောင်းတို့၏ ထုံးစံအတိုင်း မနိုင်ရင်ကာ လေးလံနေပေရာ ထိုယာဉ်မောင်းရော၊ ကိုပြေဇင်ပါ ကူညီ သယ်ပိုးတော့မှ သယ်လို့ ချလို့ ရသွားပါတော့သည်။ လိုက်လံ အပ်နှံရဦးမည်ဟုဆိုသဖြင့် ကျွန်တော်လည်း ကိုပြေဇင့်ကားနှင့်ပင် အအေးတိုက်သို့ လိုက်ရသည်။ ဟိုရောက်တော့ ပထမဆုံး လုပ်သည်မှာ ပိုက်ဆံတောင်းသည့် အလုပ်ပင်။ ကျန်ငွေ သုံးသောင်းကို တောင်းခြင်းဖြစ်သည်။ ကျွန်တော်လည်း အသင့်ယူလာသည့် ငွေကို ထုတ်ပေးလိုက်ပါသည်။ ဘာပြေစာမှလည်း မဖြတ်ပါ။ ကျွန်တော့်ကိုမူ တစ်နေရာတွင် လက်မှတ် ထိုးခိုင်းပါသည်။ ထို စာအုပ်မှာ အအေးခန်းသို့ ရုပ်အလောင်း အဝင်အထွက် မှတ်တမ်း စာရင်း ပြုစုထားသော စာအုပ်သာ ဖြစ်မှန်းလည်း ကျွန်တော် သိလိုက်ပါသည်။

တနင်္လာနေ့တွင် ပြန်လာပြီး ရုပ်အလောင်းကို ထုတ်ယူ၊ ထို့နောက် မှန်မမှန် ကြည့်ရှု၊ မှန်ကန်ကြောင်း လက်မှတ်ထိုးပြီး ထုတ်ယူကာ သက်ဆိုင်ရာ တက္ကသိုလ်ကို လွှဲပြောင်းပေးရမည်ဟုလည်း သိရပါသည်။

ကဲ… နေရစ်ခဲ့တော့ မေမေရေ။

ဇာတ်လမ်းက အခုထိ မဆုံးသေးပါ။ ပရိဒေဝ တောက်လောင်နေသော ထိုသုံးရက်ကို ဖြတ်ကျော်ပြီး သကာလ တနင်္လာနေ့တွင် ထိုတက္ကသိုလ်ကို ပြေးရပြန်သည်။ သက်ဆိုင်ရာ လက်ခံပေးသူ ဝန်ထမ်းထံ လှူဒါန်းထားသည့် စာရွက်ကို ထုတ်ပြရာ ထိုပုဂ္ဂိုလ်က စာရွက်ကို အခုမှ မြင်ဖူးသည့်နှယ် သေချာ  ဖတ်ရှုပါသည်။ မျက်နှာစာမှ ဖြည့်သွင်းထားချက်များကိုသာ မဟုတ်ပါ၊ ကျောဘက်မှ “လိုက်နာရန် အချက်များ”ကိုပါ တစ်လုံးချင်း ဖတ်နေသည့်နှယ် အချိန်ဆွဲ ဖတ်ရှုနေသည်ကို ရင်ဆိုင်ရပါသည်။

ထိုဝန်ထမ်း၏ ဥပဓိရုပ်နှင့် အဝတ်အစားကြောင့် သူသည် အလွန်ဆုံး ရှိလှမှ ဋ္ဌာနခွဲ စာရေးကြီး အဆင့်လောက်သာ ဖြစ်ပါလေမည်။ သို့သော် သူ့မင် သူ့မောင်းမှာမူ ဧရာမ တာဝန်ကြီးကို ယူထားရသူနှယ် ဟိတ်ဟန် ကြီးလွန်းနေပေသည်။ သူ့ဌာနမှ ထုတ်ထားသော ပုံစံကိုသာမက ထိုပုံစံပေါ်ပါ စည်းကမ်းချက်များကိုပါ ပြန်အလွတ်ကျက်နေသော သူ့သဘောကို ကျွန်တော် ဉာဏ်မမီနိုင်တော့ပါ။ စိတ်လည်း တိုလာပါသည်။

“ကဲ… ကိုယ့်ဆရာ၊ ဘာဖြစ်ချင်သလဲ ပြော၊ ကျွန်တော့်ဘက်က ဘာများ လုပ်ပေးဖို့ လိုသလဲ ပြော”ဟု ကျွန်တော်က သုန်သုန်မှုန်မှုန်နှင့် ဆောင့်ကြီးအောင့်ကြီး လုပ်လိုက်တော့မှ မောင်မင်းကြီးသား အချိုး ပြင်သွားပါသည်။ ရုံးပိတ်ရက်တွေ ခံနေသဖြင့် ကျွန်တော့်မှာ သေစာရင်း မထုတ်ရသေးပါ။ သင်္ဂြိုဟ်ခွင့် လက်မှတ်သာ ရပါသေးသည်။ ထိုအချက်ကို သူက ကိုင်ပြီး ပြောပါသည်။ ရုံးပိတ်ရက်ကို ထောက်ပြ လိုက်တော့မှ သင်္ဂြိုဟ်ခွင့်လက်မှတ်ဖြင့် လက်ခံပေးထားမည်၊ သေစာရင်းမိတ္တူကို လာပို့ပေးပါမည်ဟု နှစ်ဦးနှစ်ဖက် သဘောတူလိုက်ကြပါသည်။

သို့ဖြင့် တွန်းလှည်းကြီး တစ်စီးဖြင့် ရေခဲတိုက်သို့ ကူးသွားကြသည်။ တွန်းလှည်းတွန်းသူ ဝန်ထမ်းသုံးဦးက ဘာမှ မပြောသော်လည်း ကျွန်တော်က အလိုက်သိစွာပင် တစ်ယောက်လျှင် တစ်ထောင် ပေးလိုက်ပါသည်။ မိမိ ဌာနမှ ထုတ်ထားသော ပုံစံကို အလွတ် ပြန်ကျက်ဖော်ရသည့် ထိုတာဝန်ခံအားလည်း ဆုချသည့်အနေဖြင့် ငွေနှစ်ထောင် ပေးလိုက်ပါသေးသည်။

ဟိုရောက်တော့ ကျွန်တော်တို့မှာ အကြာကြီး ထိုင်စောင့်နေရသေးသည်။ ရေခဲတိုက်ဝန်ထမ်းတစ်ဦးက ကျွန်တော်တို့ကို ချပေးသော ထိုင်ခုံများမှာ ထိုင်ကြသည်။ ထိုဝန်ထမ်းကိုလည်း ဘာရယ်မဟုတ် ငွေတစ်ထောင် ထုတ်ပေးလိုက်ပါသည်။ လှူတာပေါ့လေကွယ်။

တစ်နာရီခန့်စောင့်ပြီးတော့မှ မေမေ့ ရုပ်အလောင်း ထွက်လာပါသည်။ ထိုအခါ ခုံချပေးသူ ဝန်ထမ်းက ဟို… လက်အိပ်နဲ့ လူတွေကိုလည်း လက်ဖက်ရည်ဖိုး ပေးလိုက်ပါဦးဟု လာပြီး လက်တို့ပါသည်။ စောစောက ကိုယ့် သဒ္ဓါနှင့် ကိုယ်ပေးနေတုန်းက ကြည်ဖြူသော်လည်း ယခုလို လာအပြောခံရသောအခါတွင်မူ စိတ်ချဉ်က ပေါက်သွားရပါသည်။ အမှန်က သူ မပြောလည်း ကျွန်တော့်ဘက်က ပေးရန် ရည်သန်ပြီးသားဖြစ်သည်။ အဲဒါကိုမှ လာလောဆော်တော့ မပေးတော့ ဘာလုပ်ချင်တုန်းဗျာဟု ပြောချင်စိတ်ပင် ပေါက်သွားရပါတော့သည်။

သို့သော် နာရေးကိစ္စဖြစ်နေသဖြင့် ကျွန်တော့်စိတ်ကို အတတ်နိုင်ဆုံး ပြန်ဆန့်ထုတ်လိုက်ကာ ဟုတ်ကဲ့ဟု ဆိုပြီးသကာလ ငွေသုံးထောင်ကို ထုတ်ပေးလိုက်ပါသည်။

ရေခဲတိုက်ထဲတွင် သုံးရက်တာ လဲလျောင်းခဲ့ပြီးဖြစ်သော မေမေကမူ အပြင်တွင် ဘာတွေဖြစ်နေမှန်း သိတော့မည် မဟုတ်ပါ။ အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း သူ့ကိုယ်ခန္ဓာက သူလှူဒါန်းလိုသော ဆိုင်ရာတက္ကသိုလ်ဆီ သို့ ဒုတ်ဒုတ်ထိ ရောက်သွားပါလေပြီ။

အစတွင် ရေးခဲ့သည့်အတိုင်း ၁၉၈၇ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးရက်မှာ ကွယ်လွန်တိမ်းပါးသွားခဲ့သည့် အဘိုးလေး၏ ခန္ဓာကိုယ်ကို မန္တလေး ဆေးတက္ကသိုလ်သို့ ကျွန်တော်ကိုယ်တိုင် ပေးပို့ လှူဒါန်းခဲ့စဉ်က သည်ဒုက္ခတွေ ကျွန်တော်မခံခဲ့ရပါ။ သည်နှယ် ပိုက်ဆံတွေလည်း မကုန်ခဲ့ရပါ။ သည်နှယ် လက်ဖက်ရည်ဖိုးပေးလိုက်ပါဦးဟုလည်း လောအဆော်မခံခဲ့ရပါ။

ဒါတွေကို သိထားသည့်အတွက် ကျွန်တော့်မေမေကလည်း သူ ကွယ်လွန် တိမ်းပါးသွားသည့်အခါတွင် ကျန်ရစ်သူ တစ်ဦးတည်းသား ကျွန်တော်၊ အခြွေအရံ နည်းလှသည့် ကျွန်တော်တစ်ယောက် ကရိကထလည်း နည်း၊ စရိတ်စကလည်း သက်သာစေရန် ရည်သန်လျက် သူ့ခန္ဓာကို ပေးပို့ လှူဒါန်းခဲ့သည်ဟု တွက်ဆနိုင်ပါသည်။ ထိုမျှမကသေး၊ သူ့ခန္ဓာကို လှူသည့် ဌာနသို့ အရောက်ပို့သည့်အခါ မလိုလဲ လိုလဲ သုံးနိုင်ရန် ငွေတစ်ထောင်တန် အသစ်ကျပ်ချွတ်ကလေး ငါးရွက်ကိုပင် အရံသင့် ထားပေးခဲ့ရှာပါသည်။

အကယ်၍သာ မေမေ ကွယ်လွန်သောရက် တစ်ရက်စောလျှင်၊ သို့တည်းမဟုတ် သည့်ထက် သုံးရက်တာမျှ နောက်ကျပြီးမှ ကွယ်လွန်လျှင်မူ သည်သို့ ဖြစ်ချင်မှ ဖြစ်မည်ကိုလည်း ဆင်ခြင်မိရပါသည်။ သို့ဖြစ်ပေရာ ခန္ဓာကိုယ်လှူဒါန်းထားသူများ၊ လှူဒါန်းလိုသူများအနေဖြင့် ရုံးဖွင့်ရက်ကို တွက်ချက်ပြီး သေနိုင်မှ တန်ကာကျမည်ဟူသော နီတိတစ်ရပ်က ကျွန်တော့် ခေါင်းထဲတွင် အလိုလိုပေါ်လာပါသည်။

ကွယ်လွန်ပြီးနောက် ကျန်ရစ်သော ခန္ဓာကိုယ် အပုပ်ကောင်ကြီးမှာ ဘာမှ အသုံးမတည့်၊ အရာမဝင်တော့ပါ။ ထိုခန္ဓာကြီးအား ဆေးကျောင်းသားများ ပညာသင်ကြားရာတွင် ပြန်လည် အသုံးချနိုင်သည့် အခွင့်အရေးအဖြစ် ခန္ဓာကိုယ် လှူဒါန်းသော ဓလေ့တစ်ရပ် ပေါ်ထွန်းလာသည်မှာ အလွန်ပင် ကြည်နူးစရာကောင်းလှပါသည်။ လောလောဆယ်မှာတော့ လှူဒါန်းသူ အင်အား များပြားလွန်းနေသဖြင့် လှူဒါန်းမှုပုံစံများ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းထားသည်ဟု သိရပါသည်။ ယခင်၊ ကျွန်တော့်မိခင်ကြီး လှူဒါန်းစဉ် ၂၀ဝ၀ပြည့်နှစ်လောက်ဆီက ထုတ်ပေးထားသော ပုံစံများ ရှိပါကမူ လက်ခံပေးနေဆဲ ဟုကြားသိခဲ့ရပါသည်။ ပုံစံသစ်များမူ ထုတ်မပေးမူတော့ပါ။

မည်သို့ပင်ဖြစ်စေ၊ ထိုအလှူမှာလည်း မွန်မြတ်သော အလှူဟုကျွန်တော်  ခံယူပါသည်။ အသုံးမတည့် အရာမဝင်တော့သော ရုပ်အလောင်းအား ပညာရေးကိစ္စအတွက် အသုံးချရန် လှူဒါန်းခြင်းဖြစ်သဖြင့် အင်မတန် သာဓုခေါ်ထိုက်ပါသည်။ အစက ကျွန်တော်ကိုယ်တိုင်ပင်လျှင် (မျိုးရိုးအစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့်) ထိုသို့ လှူဒါန်းလိုစိတ်များ ပေါ်ပေါက်ခဲ့ဖူးပါသည်။

သို့ရာတွင် ယခု ကျွန်တော့်မေမေ၏ကိုယ်ခန္ဓာအား လှူဒါန်းရာ၌ ကြုံဆုံလိုက်ရသော အတွေ့အကြုံအရ ထိုသို့ လှူဒါန်းမည်ဆိုပါက ရုံးဖွင့်ရက်တွင် မိမိရရ သေပေးနိုင်မှသာ ကျန်ရစ်သူ မိသားစုများ ကရိကထ၊ စရိတ်စကများ နည်းပါး သက်သာနိုင်မည့်အရေးကို တွေးမိသွားရပါသည်။

ခက်တာက သေမင်းနှင့် ကျွန်တော်တို့ကြားမှာ ပဋိဉာဉ်ထားလို့ မရတတ်နိုင်ခြင်းပင် ဖြစ်ပါသည်။ ရုံးဖွင့်ရက်မှာမှ ကျွန်တော့်ကို လာခေါ်ပါမည်ဟု သေမင်းက ကျွန်တော့်ကို ကတိပေးပြီး ဝန်ခံကတိပြု လက်မှတ်ထိုးမည်ဆိုပါမူ ပညာကို ဦးထိပ်ထားသူ ကျွန်တော်သည်လည်း ကျွန်တော့်ခန္ဓာကိုယ်ကို ပညာအကျိုးအတွက် လှူထားရစ်ခဲ့ချင်ပါသည်။

ယခုတော့ ကိုရွှေသေမင်းက ကတိပေးလိမ့်မည်လည်း မဟုတ်ပါ။ လက်မှတ်ထိုးလေမည်လည်း မဟုတ်ပါ။

သို့ဖြစ်ပေရာ သဒ္ဓါစိတ်က မည်မျှ နှိုးဆော်နှိုးဆော် “နောက်တစ်ခါ ဒူနာတေး ကြောက်လှချည့်လေး”ဟု ဆိုရမည်သာ ဖြစ်သဖြင့် ကျွန်တော် သေလွန်သောအခါ နာရေးကူညီမှုအသင်းကိုသာ အကူအညီတောင်းကြပြီး သကာလ မီသင်္ဂြိုဟ်ခြင်းသာ ပြုလိုက်ကြပါတော့ရန် မိသားစုအား မေတ္တာ ရပ်ခံ ထားလိုက်ရပါတော့သတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်

———————————————–

၂၀၀၅ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့တာလေးကို ပြန်တင်ဆက်လိုက်တာပါ။ ကနေ့ ကျွန်တော့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာတစ်စောင်မှာ ကိုယ်ခန္ဓာ လှူဒါန်းလိုတဲ့ လူငယ်လေးတစ်ယောက်ရဲ့စာနဲ့ မန္တလေးဆေးတက္ကသိုလ်ရဲ့ ခန္ဓာကိုယ်လှူဒါန်းမှု လျှောက်လွှာ ပုံစံလေး မြင်လိုက်ရလို့ ဒါကို သတိရပြီး ကျွန်တော့် ကွန်ပျူတာထဲက စာမူဟောင်းတွေထဲမှာ ပြန်ရှာ တင်ဆက်လိုက်ရတာပါပဲ။

Advertisements
4 Comments leave one →
  1. ဝေေ၀ permalink
    11 September 2009 4:48 pm

    တော်ပြီ…လှူချင်ပေမဲ့လည်း မလှူတော့ဘူး ဘကြီးရေ

  2. maynyane permalink
    12 September 2009 10:41 pm

    အမလေး ငိုပဲ ငိုရမလားး.. ပြုံးပဲ ပြုံးရမလားပဲ..
    အင်း တကယ်တော့လည်း အချက်က “င၀ိုင်း” ပြဿနာပါပဲဗျာ..။
    ငတ်ကြရှာသကိုးးး

  3. 17 September 2009 10:08 pm

    အင်း ဆရာပြောမှပဲ ကျွန်တော်တောင် မလှူဖို့  ဆုံးဖြတ်လိုက်ပြီ။
    အစ က ကျွန်တော် လဲ သေရင်တော့  လှူခဲ့ မလို့  စဉ်းစားထားတာလေ..။
    လှူတဲ့ သူတွေ ကိုလည်း လေးစားနေခဲ့ တာ..။
    အင်း…..အခုတော့ ….။
    လေးစားစွာဖြင့်
    ကိုမျိုး

  4. အေး permalink
    19 September 2009 11:14 pm

    အင်း………..ဒီလိုပါပဲလို့ပြောရမှာပါ။ ဒီလိုတွေနဲ့ မြင်ရကြားရတာများနေပြီဆိုတော့ ဒီလိုပါပဲလို့ လက်ခံတတ်လာတာ ကြာပြီလေ။

    ညီမလေးတစ်ယောက် ဆေးရုံတက်ရတုံးက လိုက်သွားရဘူးတယ်။ အရေးပေါ်ကနေ ဦးနှောက်နဲ့အာရုံကြောကို ကားနဲ့ရွှေ့တာ ထရော်လီ တွန်းတဲ့သူက တိုးတိုးနဲ့ ကပ်တောင်းတာ မြင်ခဲ့ရတယ်။ အော်…ဟုတ်တယ်။ သူက တွန်းပေးရတာကိုး။ နောက် ကားသမားနဲ့ နောက်က အကူအရွယ်လတ် အစ်ကိုကြီးက လိုတာထက်ပိုကူညီနေတော့ တောင်းတော့မယ်လို့ စိတ်ထဲက အလိုလိုသိနေတယ်။ ပေးရမှာပေါ့။ သူတို့က ကားမောင်းပေးရတာနဲ့ အတင်အချလုပ်ပေးရတာကိုး။ (လူနာရှင်အတွက် တောင်းပန်ပြီး ဈေးဆစ်ခဲ့ရသေးတယ်။ ဘယ်လောက်တန်မှန်းက တကယ်က သိတာမဟုတ်ဘူး။ ရမ်းဆစ်တာ။ ဟား …ဟား။ )နောက် ကျွန်တော်တို့အဖွဲ့တွေက လူနာမေးတွေက အဖွဲ့လိုက်တွေ တစ်သဲသဲနဲ့ဖြစ်နေတယ်။ အ၀င်မှာ လူတစ်ယောက်က ခုံတစ်လုံးနဲ့ထိုင်နေတယ်။ လက်ထဲမှာ ပိုက်ဆံတွေလည်း ကားစပယ်ယာလိုကိုင်ထားတယ်။ ပေးလိုက်မယ်။ သူတို့ စည်းကမ်းတွေက ဘာတွေလည်းမသိဘူး။ ဧည့်ချိန်လား ဘာလားလည်းလဲ မသိဘူး။ တို့က လူတွေကများတာဆိုတော့ဆိုပြီး ၀င်တိုင်း ပေးလိုက်တယ်။ အပြောခံရသက်သာအောင်လို့ ဆိုပြီး။ လူနာ့ရှင်ကောင်လေးက မြန်မာစကား မလည်ဝယ်ဘူး။ အဲဒီဂိတ်စောင့်ကို အပြင်နဲ့ ၀င်တိုင်းထွက်တိုင်း ပေးရမယ်ထင်ရှာပြီး အ၀င်အထွက်တိုင်းပေးနေတယ်တဲ့။ မပေးရဘူးလို့….လူများမှ ပေးရတယ်လို့ တိုးတိုး ကပ်သင်ခဲ့တယ်။ အဲဒါကို ရန်ကုန်သူစစ်စစ် အပျိုကြီးတစ်ယောက်ကိုပြောပြတော့ ပေးရမှာပေါ့။ ဒါ ထုံးစံပဲဟာတဲ့။ သြော်..ဟုတ်ကဲ့..ဟုတ်ကဲ့။ ပေးရမယ်မှန်းသိပါတယ်။ အံ့သြလို့ပါလို့။

    ဒီလိုတွေချည်းပါပဲ။ ရထားလက်မှတ်ဝယ်လည်း ဒီလိုပါပဲ။ ဘဏ်ငွေသွင်းရင်လည်း ဒီလိုပါပဲ။ ရုံးပုံစံ formal တွေကို မုန်းမိတဲ့အထိ၊ ရုံးတွေကို ၀င်ထွက်ချင်စိတ် ကုန်တဲ့အထိ၊ ………………………..လုပ်ချင်စိတ်ကုန်တဲ့အထိပါဗျား……………….ဟား ဟား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: