Lu Du Sein Win: Making the Most of Difference

LuduSW

မတူပေမယ့် တွဲလို့ရပါတယ်

လူထုစိန်ဝင်း

ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလို့ ထင်ပါတယ်။ ပန်းဝေသီမဂ္ဂဇင်းကို စာရေးဆရာ ကြည်လင်အေး ကိုင်ပေးနေတဲ့ အချိန်ကပါ။ ပန်းဝေသီမှာ ရေးခဲ့တဲ့ စာတစ်ပုဒ်နဲ့ ပတ်သက်ပြီး စာရေးဆရာ ဆူဒိုနင်က သဘောမတူတဲ့အကြောင်း တုံ့ပြန်ရေးပါတယ်။ အဲဒီရေးတဲ့စာကို သူက မဂ္ဂဇင်းတိုက် မပို့ဘဲ လူယဉ်ကျေး ပီသစွာ ကျွန်တော့်ဆီ လာပေးပါတယ်။ ဖတ်ကြည့်ပြီး ဆရာခွင့်ပြုနိုင်မှ မဂ္ဂဇင်းတိုက်ကို ပေးလိုက်ပါ။ ဆရာ ခွင့်မပြုနိုင်ရင် သည်အတိုင်း ထားလိုက်ပါလို့ ပြောပါတယ်။

မတူတာရှိသလို တူတာရှိ

သူ့စာကို ဖတ်ကြည့်ပြီးတဲ့အခါ “ထည့်သင့်ပါတယ်”လို့ မှတ်ချက်ရေး လက်မှတ်ထိုးပြီး မဂ္ဂဇင်းတိုက်ကို ပေးလိုက်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီ့ ဆောင်းပါး မဂ္ဂဇင်းမှာ ပါမလာခဲ့ဘူး။ အဲဒီနောက် ဆူဒိုနင်နဲ့ အရင်ကထက် ပိုခင်သွားပါတယ်။ အဲဒီ့အချိန်က သူအလုပ်လုပ်နေတဲ့ ဌာနနဲ့လည်း နီးနေလေတော့ မကြာမကြာ သူရောက်လာလေ့ရှိပါတယ်။

စာကြောင်းပေကြောင်း၊ နိုင်ငံရေးအကြောင်းတွေ ပြောဖြစ်ကြပါတယ်။ ကျွန်တော့်ဆောင်းပါးထဲက အယူအဆကို သူ သဘောမတူလို့ မတူကြောင်း တုံ့ပြန် ရေးသားခဲ့ပေမယ့် စာပေသမားချင်းဆိုတော့ သဘောထားချင်းတူညီတာတွေလည်း အများကြီးရှိပါတယ်။ နိုင်ငံ့အရေး၊ ကမ္ဘာ့အရေး စိတ်ဝင်စားတာချင်းလည်း တူကြတော့ အဲဒီ့နယ်ပယ်မှာလည်း သဘောတူတာတွေ ရှိသလို မတူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူနဲ့ စကားပြောလို့ ရပါတယ်။ ကိုယ့်ယုံကြည်မှုကို သူက လေးစားသလို သူ့ယုံကြည်မှုကို ကိုယ်က လေးစားလေတော့ မတူတဲ့အတွက် အခင်မင် မပျက်ရုံသာမက သူက တုံ့ပြန်စာရေးပြီးမှ ပိုတောင် ခင်မင်ရင်းနှီးသွားခဲ့ပါတယ်။

ပါဝါမာန်တက်လို့

တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူ၊ သဘောထားချင်း မတိုက်ဆိုင်တိုင်းသာ အငြင်းပွား ရန်ဖြစ်နေရမယ်ဆိုရင် လူတွေမှာ မိတ်ဆွေဆိုတာ ဘယ်ရှိနိုင်တော့မှာလဲ။ မိဘနဲ့ သားသမီး၊ တစ်အူထုံ့ဆင်း မောင်နှမ ရင်းများတောင် အကြိုက်ချင်း၊ စရိုက်ချင်း၊ ၀ါသနာချင်း တူကြတာမှ မဟုတ်တာ။ အဲဒီလို မတူတာတွေကို တူအောင် ဇွတ်အတင်း လုပ်ယူလို့လည်း မရနိုင်ပါဘူး။ ငါကြိုက်တာမှ ကောင်းတယ်၊ သူ ကြိုက်တာ မကောင်းဘူးလို့လည်း ပြောလို့ မရပါဘူး။ မြိတ်သား ထားဝယ်သားက ပင်လယ်ငါးမှ ကောင်းတယ် ထင်သလို မန္တလေးသား၊ မုံရွာသားကလည်း ရေချိုငါးမှ ကောင်းတယ် ထင်မှာပဲ။ ဒါက သဘာဝမို့ အငြင်းပွားနေလို့ ဘယ်ဖြစ်မှာလဲ။

သည်သဘာဝကို နားလည်သဘောပေါက်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်ဖြစ်စေ၊ နိုင်ငံတစ်ခုနဲ့ တစ်ခုဖြစ်စေ အငြင်းပွားကြ၊ တိုက်ကြ ခိုက်ကြတဲ့ အကြောင်းရင်းက မတူတာတွေကို တူအောင် ဇွတ်အတင်း လုပ်ယူခဲ့ကြလို့ ဖြစ်တယ်။

မိတ်ဆွေဖွဲ့တာ ကောင်းတယ်

လူတွေအချင်းချင်း မိတ်ဆွေအဖြစ် ရင်းနှီးချစ်ခင်နေရတာ အင်မတန် စိတ်ချမ်းသာပါတယ်။ သူ ဒုက္ခရောက်ရင် ကိုယ်က ကူလိုက်၊ ကိုယ်ဒုက္ခရောက်ရင် သူက ကူလိုက်နဲ့ အပြန်အလှန် ရိုင်းပင်း ကူညီနေရတာ မင်္ဂလာရှိလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်မိတိုင်း ရန်ဖြစ်ပြီး ရန်သူကြီးတွေလို နေရတာ တကယ်တော့ ကိုယ့်အတွက်လည်း အလိုလိုနေရင်း စိတ်ဆင်းရဲနေရတာပါ။ ဘာမှ ကောင်းတာ မရှိပါဘူး။ မိတ်ဆွေဖွဲ့တာ ကောင်းတယ်၊ ရန်သူရှာတာ မကောင်းပါဘူး။ ကိုယ်နဲ့ မတူတာနဲ့ ရန်သူဖြစ်စရာ မလိုပါဘူး။ မတူတာတွေကို အသာထားလိုက်ပြီး တူတာတွေကိုပဲ ပြောကြ ဆိုကြ အတူ တွဲလုပ်ကြရင် ပျော်စရာ ကောင်းမှာပါ။

စာပေလောကသားတွေပဲ အခြေခံတရားကြီးက တူနေတယ် မဟုတ်လား။ စာရေးပြီး လူတွေရဲ့ စိတ်နှလုံး သိမ်မွေ့ ယဉ်ကျေးလာအောင် လုပ်မယ်၊ လူ့လောကထဲက အကျည်းတန် အရုပ်ဆိုးတဲ့ အနိဋ္ဌာရုံ အားလုံး ပျောက်ကွယ်သွားအောင် လုပ်မယ်၊ ကမ္ဘာကြီး ငြိမ်းချမ်း သာယာပြီး နေချင်စရာ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေက စာရေးဆရာတိုင်းရဲ့ ရင်ထဲမှာ အစဉ် ကိန်းအောင်းနေတဲ့ တရားတွေပဲ ဖြစ်တယ်။ သည်တရားတွေနဲ့ ပြည့်စုံ ညီညွတ်တဲ့ စာတွေရေးထုတ်ဖို့ စာရေးသူ အားလုံး ကြိုးစားနေကြတာပဲ။ ဘယ်ပုံစံနဲ့ ရေးရေး၊ ဘယ်စနစ်ကို ကျင့်သုံး ကျင့်သုံး၊ အန္တိမ ရည်မှန်းချက်က အထက်ပါ တရားတွေနဲ့ ပြည့်စုံတဲ့ စာကောင်းပေမွန်တွေ ရေးထုတ်နိုင်ဖို့သာ ပဓာနဖြစ်ပါတယ်။

စေတနာမပါ အကောင်းမထွက်

ဘာအခြေခံတရားမှလည်း မရှိ၊ အများအတွက်ဆိုတဲ့ စေတနာမျိုးလည်း မရှိတဲ့သူမျိုးတွေကော မရှိနိုင်ဘူးလား။ အဲဒီလူမျိုးတွေကို ဘယ်လို သဘောထားမလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်၊ ရှိနိုင်ပါတယ်၊ ရှိကို ရှိပါတယ်။ ကိစ္စမရှိပါဘူး။ မပူပါနဲ့။  သည်လိုလူစားမျိုးတွေနဲ့ သူတို့ရေးတဲ့စာမျိုးတွေက ဘယ်တော့မှ သြဇာကြီးမားတဲ့ နေရာကို မရောက်ပါဘူး။ စာဖတ်ပရိသတ်က ခွဲခြား သိနိုင်စွမ်း ရှိကြပါတယ်။ စေတနာ မပါရင် ဘယ်တော့မှ စာကောင်း မထွက်ပါဘူး။ အဲဒီ့စာမျိုးတွေနဲ့ ရေးသူတွေဟာလည်း သူ့လုပ်ရပ်နဲ့ ထိုက်တန်တဲ့ နေရာကို သူ့ဟာသူ ရောက်သွားမှာပါ။ လေကုန်ခံပြီး ဘာမှ ၀င်ပြောနေစရာ မလိုပါဘူး။

လုပ်ရပ်ကြည့်ပြီး သိတယ်

စာပေမှာတင် မဟုတ်ပါဘူး။ လူမှုရေးနယ်ပယ်၊ နိုင်ငံရေး နယ်ပယ်တို့မှာလည်း အလားတူပါပဲ။ အများအကျိုးအတွက်ဆိုတဲ့ စေတနာနဲ့ လုပ်သူမှန်သမျှ၊ လုပ်ရပ်မှန်သမျှကို လူအများက နှစ်လိုကြမှာ ဖြစ်ပါတယ်။ စေတနာ ပါမပါ ဆိုတာလည်း လုပ်ရပ်ကို ကြည့်ပြီး သိပါတယ်။ (Action speaks louder than words.) လက်တွေ့လုပ်ရပ်က စကားလုံးတွေထက် ပိုပြီး ထင်ရှားတယ်ဆိုတဲ့ စကားလိုပါပဲ၊ စေတနာပါလို့ မဟုတ်ဘဲနဲ့ ကိုယ်ကျိုးစီးပွားကို မျှော်ကိုးပြီး လုပ်ပြရင်လည်း လူအများက တစ်ချိန်မှာ သိလာကြမှာ သေချာပါတယ်။

လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်ဆိုတာက စာပေနယ်ထက် ပိုပြီး ကျယ်ပြန့်တာဖြစ်လေတော့ အခွင့်အရေး ရှာတဲ့ အတုအယောင်သမားတွေ ပိုများပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ သည်လိုလူမျိုးတွေ ခေတ် အဆက်ဆက်မှာ အများကြီး ရှိခဲ့သလို ကမ္ဘာမှာလည်း အများကြီး ရှိနေပါတယ်။

သည်လိုလူမျိုးတွေကို ကြည့်ပြီး လူမှုရေး လုပ်ရတာ၊ နိုင်ငံရေး လုပ်ရတာ စိတ်ပျက်စရာကြီးပါပဲဆိုပြီး ကျောခိုင်း မသွားပါနဲ့။ ကိုယ့်စေတနာ၊ ကိုယ့်မေတ္တာ တွန့်တို မသွားပါနဲ့။ ပျက်ယွင်း မသွားပါနဲ့။ အများ မိုးခါးရေ သောက်နေတာပဲဆိုပြီး ကိုယ်ပါ မိုးခါးရေ လိုက်မသောက်ပါနဲ့။ ကိုယ်သောက်ရင် ကိုယ်ပါ အရူးဖြစ်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ အရူးလုပ်မလားဆိုရင် သင်ဘာကို ရွေးချယ်မှာလဲ၊ စဉ်းစားထားဖို့ လိုပါတယ်။

စာဖတ်သူက သတ်မှတ်တာ

လူဆိုတာ ကိုယ့်ဘ၀ကိုယ် ဖန်တီးကြတာ ဖြစ်ပါတယ်။ ဘယ်သူကမှ ဖန်တီးပေးလို့ မရဘူး။ ကိုယ့်ဖန်တီးမှု၊ ကိုယ့်လုပ်ရပ်ကို ကြည့်ပြီး ဘေးလူများက လူဆိုးလား၊ လူကောင်းလား၊ လူယဉ်ကျေးလား၊ လူရိုင်းလား သတ်မှတ်တာဖြစ်တယ်။ စာရေးဆရာတစ်ယောက်ကိုလည်း သူရေးတဲ့ စာတွေကို ကြည့်ပြီး စာဖတ်ပရိသတ်က ဆုံးဖြတ်ပါလိမ့်မယ်။ စာရေးဆရာဆိုတဲ့ နေရာဆိုတာ ကိုယ့်ဟာကိုယ် တက်ယူလို့ ရတာမျိုး မဟုတ်ဘူး။ တစ်ဦးတစ်ယောက်က တင်ပေးလို့လည်း မရပါဘူး။ စာဖတ်ပရိသတ်က သတ်မှတ်ပေးတာပါ။

နမူနာကောင်း

လူတိုင်းဟာ သူ့လမ်း သူလျှောက်၊ သူ့သမိုင်း သူရေးကြတာချည်းပါပဲ။ သူလမ်း ကိုယ့်လမ်း မတူလို့ဆိုပြီး ငြင်းခုံနေလို့ အဖြေထွက်လာမှာ မဟုတ်ပါဘူး။ ငြင်းခုံမယ့်အစား ဆွေးနွေး ညှိနှိုင်းတာက ပိုကောင်းပါတယ်။ သူက လျှော့တန်တာ လျှော့၊ ကိုယ်က ဆုတ်တန်တာ ဆုတ်ပေါ့။ ညှိလို့ မရသေးတဲ့ မတူ ခြားနားတာတွေကို အသာ ဘေးဖယ်ထားပြီး တူတာတွေကို အတူတူ တွဲလုပ်နိုင်ပါတယ်။ ဒါမှလည်း အလုပ်လုပ်ဖြစ်မှာပါ။ မတူတာတွေကိုသာ ရှေ့တန်းတင်ပြီး ငြင်းခုံနေမယ်ဆိုရင်တော့ အချိန်ကုန် လူပန်းပြီး ဘယ်သူမှ အကျိုး မရှိပါဘူး။

အတူတူ တွဲလုပ်မယ်ဆိုရင်တော့ လုပ်ရင်းက တစ်ယောက်အကြောင်း တစ်ယောက်ပိုသိ၊ ပိုနားလည်လာပြီး အရင်က အမြင်တူနိုင် ဖြစ်နေတာတွေပါ ပပျောက်ကောင်း ပပျောက်သွားနိုင်ပါတယ်။ ဒါက လူယဉ်ကျေးများရဲ့ နည်းပါ။

ဆောင်းပါး အစမှာ ပြောခဲ့သလို အမြင်မတူတာကို လူကြီးလူကောင်းတစ်ယောက်လို တုံ့ပြန်ခဲ့တဲ့အတွက် စာရေးဆရာ ဆူဒိုနင်နဲ့ အရင်ကထက် ပိုပြီး ခင်မင် ရင်းနှီးသွားခဲ့ကြတယ်ဆိုတာက အထင်ရှားဆုံး နမူနာ ဖြစ်တယ် မဟုတ်ပါလား ခင်ဗျား။

————————————-

(၂၀၀၉ သြဂုတ်လ ၃ ရက်နေ့ ထုတ် Weekly Eleven Journal မှာ ဆရာ လူထုစိန်ဝင်းက ကျွန်တော့်ကို နမူနာ ပြပြီး ရေးခဲ့တာလေးကို အစအဆုံး ပြန်လည် ကူးယူဖော်ပြလိုက်တာဖြစ်ပါတယ်။ နောက်တစ်ပတ် သြဂုတ် ၁၀ ရက်နေ့ထုတ် အဲဒီ့ ဂျာနယ်မှာပဲ ဆရာ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ကျွန်တော် ပြန်ရေးထားတဲ့ “မတူပေမယ့် တွဲလို့ရတတ်နိုင်သော်လည်း…”ဆိုတာကိုလည်း ဆက်လက်ဖော်ပြထားပါတယ်။ အခု Post မှာ တွဲတင်ထားတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ ဓာတ်ပုံက ၂၀၀၉ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီလောက်က ကျွန်တော် ကိုယ်တိုင် ရိုက်ယူလာခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဆရာဦးစိန်ဝင်းကို လူကိုယ်တိုင် သွားရောက် ကန်တော့ရင်း ရိုက်ယူလာခဲ့တာပါ။ ကျွန်တော်နဲ့အတူ ဆရာမောင်ဝဏ္ဏလည်း ပါခဲ့ပြီး ဆရာတို့ နှစ်ယောက် မတွေ့ဖြစ်ကြတာ ၂၁နှစ်ကျော်ခဲ့ရာက အဲဒီ့နေ့ကမှ ပြန်ဆုံကြတာမို့ ကြည်နူးစရာကောင်းလှပါတယ်။)