Though we can make a difference

KBC090910_4မတူပေမယ့် တွဲလို့ရတတ်နိုင်သော်လည်း

ဆူဒိုနင်

ဆရာလူထုစိန်ဝင်းရဲ့ “မတူပေမယ့် တွဲလို့ရပါတယ်”ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က ဖြည့်စွက်ပြောဖို့ လိုအပ်မယ်ထင်လို့ ပြောပါရစေ။

ပထမဆုံးတစ်ချက်က ဆရာနဲ့ ကျွန်တော်နဲ့ ပထမဆုံးအကြိမ် စတွေ့ခဲ့တဲ့ ကာလကို ဆရာက ဆယ်နှစ်လောက်ရှိပြီလို့ ပြောခဲ့ပါတယ်။ တကယ်က ဆယ်နှစ်ကျော်ပါပြီ။ အတိအကျ ပြောရင် ၁၉၉၆ခုနှစ်ပါ။ ၁၃နှစ်တောင် ရှိခဲ့ပါပြီ။

သည်အချက်က အရေးကြီးပါတယ်။ အဲဒီ့အချိန်မှာ ကျွန်တော့်ကလောင်သက်က ဆယ်နှစ်မပြည့်သေးပါဘူး။ ရှစ်နှစ်မျှသာ ရှိပါသေးတယ်။ လူသက်ကလည်း ၄၀မပြည့်တတ်သေးဘူး။ ၃၉နှစ်ထဲ ရောက်ခါစပါ။

တစ်နည်းပြောရရင် ကြွစောင်းစောင်းနဲ့ ထင်သလို ရမ်းကားလို့ကောင်းတဲ့ အရွယ်ပဲ ဆိုပါစို့။ (အခုလည်း ကျွန်တော် တစ်ခါတစ်ခါ ရမ်းကားမိတုန်းပါပဲ။ အရင်တုန်းက အခုထက် အဆပေါင်း ငါးရာလောက် ပိုဆိုးပါတယ်။)

ဆရာဦးစိန်ဝင်းဆိုတာက တကယ့် ဝါရင့်သတင်းစာဆရာကြီးပါ။ ကျွန်တော့်အဖေအရွယ်ပါ။ ကလောင်သက်ချင်းရော၊ လူသက်ချင်းရော မယှဉ်သာအောင် ကွာခြားလှပါတယ်။

ဒါပေမယ့် ငယ်စိတ်ငယ်သွေး ငယ်မာန်အပြည့်နဲ့ ကျွန်တော်ဟာ ဆရာ ရေးလိုက်တဲ့ စာတစ်ပုဒ်(ဘာအကြောင်းလဲ မမှတ်မိတော့ပါ)ထဲက အပိုင်း တစ်ပိုင်းကို ဘဝင်မကျဖြစ်မိတဲ့ အတွက်ကြောင့် စိတ်လိုက်မာန်ပါတွေ ပြန်ရေးမိသွားတယ်။ ရေးပြီးတော့ အဲဒီ့အချိန်က ပန်းဝေသီမဂ္ဂဇင်းကို တာဝန်ယူထားတဲ့ ဆရာကျော်စိုးဝင်းလက်ထဲကို ထည့်လိုက်တယ်။ ဆရာကျော်စိုးဝင်းက ဖတ်ကြည့်ပြီးတော့ တွန့်သွားပုံရတယ်။ သူက ဆရာဦးစိန်ဝင်းကို သွားပြကြည့်ပါလား၊ ဆရာဦးစိန်ဝင်းက သဘောတူရင် သူထည့်ပေးမယ်လို့ ပြောပါတယ်။ အမှန်ကတော့ ကိုကျော်စိုးဝင်းက လူလည်။ သူ့လုပ်နည်းလုပ်ဟန်က ခေတ်စကားနဲ့ ပြောရင် “လန်ထွက်နေတယ်။” မျောက်အမြီးနဲ့ မျောက်ကို ပြန်ချည်တာပေါ့။

ကျွန်တော်လည်း ဘာမှ မစဉ်းစားဘဲ တစ်ခါမှ မမြင်ဖူးတဲ့ ဆရာဦးစိန်ဝင်းဆီ ရောက်သွားတယ်။ ဆရာ့လက်ထဲ စာမူထည့်တယ်။ ဆရာက ဖတ်ကြည့်တယ်။ ပြီးတော့ ဆရာ့ဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ကျွန်တော့်စာမူကို ဖော်ပြဖို့ ဆရာ့ဘက်က သဘောတူခွင့်ပြုပါကြောင်း မှတ်ချက်ရေးသားပြီး လက်မှတ်ထိုး ပေးပါတယ်။ သို့ပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီ့စာမူဟာ ပုံနှိပ်ဖော်ပြတဲ့အဆင့်ကို ရောက်မလာခဲ့ဘူး။

အခု ဆရာဦးစိန်ဝင်းက သူ့ဆောင်းပါးမှာ ကျွန်တော့်ကို ချီးကျူးထားတာတွေ ဖတ်ရတော့ ကျွန်တော် တော်တော် မချိမဆန့်ခံစားရပါတယ်။ အမှန်က အဲဒီ့အချိန်၊ အဲဒီ့အရွယ်တုန်းက ကျွန်တော်ဟာ မာန်လေးတဝင့်ဝင့်နဲ့ သိပ်ကို ထောင်လွှားလို့ ကောင်းနေတဲ့အချိန်ပါ။ စာရေးတာလည်း ကလောင်တဝင့်ဝင့်နဲ့၊ ဟိုလူ့ငြိ၊ သည်လူ့ငြိနဲ့မို့ အဲဒီ့အချိန်က စာပေနယ်ကို ခဏအလည်လာသွားကာ အခုအခါမှာတော့ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်က မဆင်းတော့လေတဲ့ ရောင်းရင်းကြီး ကိုမျိုးမြတ်သူကတောင် ကျွန်တော့်ကို “ဆူးလှည်းကြီး”လို့ ကင်ပွန်းတပ်ခဲ့ရတဲ့ အချိန်မျိုးပါ။

ဆရာဦးစိန်ဝင်းရဲ့ ဆောင်းပါးအပေါ်မှာ ကျွန်တော် တုံ့ပြန်ရေးသားထားတာတွေက တော်တော်ကြီး ပြင်းထန်ပါတယ်။ ကြမ်းတမ်းလှပါတယ်။ အဲဒါတွေကို ဆရာက ကနေ့ ပြန်ရေးပြရာမှာ ချန်လှပ်ထားခဲ့ပါတယ်။ ကျွန်တော့်ကို အားနာလို့ ဖြစ်ပါလိမ့်မယ်။

သည်နေရာမှာ ဆရာဦးစိန်ဝင်းရဲ့ တုံ့ပြန်ပုံက အရေးကြီးလှပါတယ်။ ဆရာ ဦးစိန်ဝင်းက ကျွန်တော့်ကို “လူယဉ်ကျေး ပီသတယ်”လို့ သူ့ဆောင်းပါးထဲမှာ မွှမ်းထားတယ်။ မဟုတ်ပါဘူး။ ကျွန်တော်က ဆိုခဲ့တဲ့အတိုင်း ကြွစောင်းစောင်းနဲ့ အောက်ခြေလွတ်နေတဲ့ အကောင်ပါ။

ဆရာဦးစိန်ဝင်းက ကျွန်တော့်ထက် အသက်ရော၊ သမ္ဘာရော၊ ဝါရော၊ ပညာပါ မယှဉ်သာအောင် မြင့်မားလှပါတယ်။ ဆရာ့စကားနဲ့ပြောရင် ပါဝါအရာမှာ ဆရာဦးစိန်ဝင်းက ဆင်ဆိုရင် ကျွန်တော်က အလွန်ဆုံးမှ ခပ်ဝ၀ ကြောင်တစ်ကောင်လောက်ပဲ ရှိပါလိမ့်မယ်။ ဆိတ်လောက်တောင် မဟုတ်ပါဘူး။

အထက်က ပြောခဲ့သလို ကိုကျော်စိုးဝင်းက ကျွန်တော့်ကို ပြန်ချည်လိုက်ချိန်မှာ ကျွန်တော်က ပင်ကိုသဘာဝအရကို နောက်ကျောကို ဓားနဲ့ ထိုးတတ်သူမျိုးမဟုတ်ဘဲ ကိုယ်ရေးတဲ့စာကို ကိုယ့်ဘာသာ တိတိလင်းလင်း တာဝန်ယူချင်တဲ့ စိတ်ရင်းနဲ့ ဆရာ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့တာ တစ်ခုပဲ ကျွန်တော့်ဘက်က လုပ်ခဲ့တာ ရှိပါတယ်။

အဲဒီ့အချိန်မှာ ဆရာ့ “အခံ”က သိပ်စကားပြောသွားပါပြီ။ ဆရာ့မူရင်း ဆောင်းပါးမှာ အဲဒီ့အချက်ကို ဆရာက ချန်လှပ်ခဲ့ပါတယ်။ မချန်လို့လည်း မဖြစ်ပါဘူး။ သိုးဆောင်းဘာသာစကားနဲ့ “ကိုယ့်နှဲကိုယ် ဖိမှုတ်”ဆိုသလို ကိုယ့်ကိုယ်ကိုယ် ဖော်တဲ့ မသူတော်ထဲမှာ ဆရာဦးစိန်ဝင်း မပါခဲ့သလို အခု ကျွန်တော်နဲ့ အကြောင်းကို ရေးရာမှာလည်း သူ့ဘက်က တစ်ခြမ်းကို သိသိသာသာ လက်ရှောင်ထားခဲ့ပါတယ်။

ဆရာ့ဘက်ကသာ ကျွန်တော့်အရေးအသားတွေကို လုံးကောက်လိုက်ခဲ့မယ်၊ ကျွန်တော်လက်ညှိုးထိုးပြခဲ့တဲ့ လမင်းကို မကြည့်ဘဲ ကျွန်တော့်လက်ညှိုးကိုပဲ မဲပြီး ကြည့်ခဲ့မယ်ဆိုရင် ဆရာနဲ့ ကျွန်တော်နဲ့ အခုလို ခင်မင်ရင်းနှီးသွားတဲ့ အဆင့်ကို ဘယ်လိုနည်းနဲ့မှ ရောက်လာစရာ အကြောင်းမရှိပါဘူး။ ဆရာက ကျွန်တော့်စာကြောင်းတွေကြားထဲက အနက်အဓိပ္ပာယ်၊ တစ်နည်းပြောရင် ကျွန်တော်ပါးချင်တဲ့ သတင်းစကားကို လှစ်ခနဲ မြင်လိုက်ပုံရပါတယ်။ တစ်ဖက်ကလည်း (အထက်က ကိုမျိုးမြတ်သူရဲ့ ဖခင်) ဆရာသန်းဆွေရဲ့ နှုတ်ခမ်းကို ခုံဖိနပ်နဲ့ တင်စားတဲ့အထိ လက်သံပြောင်ခဲ့တဲ့ ဆရာ သော်တာဆွေတို့ရဲ့ ခေတ်ကို ဖြတ်သန်းခဲ့သူပြီပြီ ကျွန်တော် ရမ်းရမ်းကားကား ကလောင်သရမ်းတာလောက်ကိုလည်း မှုပုံ သိပ်မရပါဘူး။

အဲဒါကြောင့် ဆရာ့ဘက်က လူကြီးလူကောင်းဆန်ဆန် တုံ့ပြန်ခဲ့တယ်လို့ ကျွန်တော် သဘောပိုက်ပါတယ်။ ဆရာက စတွေ့ချိန်ကတည်းက နွေးထွေးနေတယ်။ လှိုက်လှဲနေတယ်။ ပျူငှာနေပါတယ်။ ဆရာ့ဘက်က ကျွန်တော်လို ငမျောက်ငချောက်ကို တလေးတစားနဲ့ နေရာပေးပြီး ဆက်ဆံခဲ့ပါတယ်။ (အဲဒါ အဲဒီ့ခေတ် ဆရာကြီးတွေ အကုန်လုံးပါပဲ။ ဆရာ အထောက်တော်လှအောင်၊ ဆရာစိန်ခင်မောင်ရီ၊ ဆရာသော်တာဆွေမှသည် ဆရာသာဂဒိုး၊ ဆရာ အောင်ပြည့်၊ ဆရာမောင်ဝဏ္ဏ၊ ဆရာသုမောင်၊ ဆရာမင်းလူ၊ ဆရာ လယ်တွင်းသား စောချစ်တို့အထိ ကျွန်တော်ကြုံဖူးသမျှ အဲဒီ့ခေတ်ကို ကောင်းကောင်း သိမီလိုက်သူ လူကြီးသူမတွေ အားလုံးဟာ ကျွန်တော်လို ငမျောက်ငချောက် ထင်တိုင်းကျဲတာကို ခွင့်လွှတ်ပြုံးလေးနဲ့ နွေးနွေးထွေးထွေး လေးလေးစားစား တုံ့ပြန် ဆက်ဆံခဲ့ကြသူချည်းပါပဲ။)

အဲဒီ့အခါမှာ မူလက မာန်တဝင့်ဝင့်နဲ့ ကြွစောင်းစောင်း ကျွန်တော်တစ်ကောင် အလိုလို အပိုးကျိုးသွားပါတော့တယ်။ ဟုတ်တယ်လေ။ ဆင်ပါဝါကြီးက ကြောင်ဝတုတ်လေးကို “မင်းလိုကောင်ကများ ရာရာစစ”ဆိုတာမျိုး တစ်ကွက်မှ မပါဘဲ အေးချမ်းကြည်သာစွာ တုံ့ပြန်ခဲ့တာမို့ ဆရာနဲ့ ကျွန်တော်တို့ မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ စကားတွေ အခါများစွာ ပြောဖြစ်တဲ့အထိ ခင်မင် ရင်းနှီးသွားခဲ့ပါတယ်။

အဲတော့ ဆရာပြောသလို မတူပေမယ့် တွဲလို့ရတယ်ဆိုတဲ့အချက်ကို ကျွန်တော် ခြွင်းချက်မရှိ ထောက်ခံပါတယ်။ သို့ပေမယ့် ဖြည့်စွက်ချင်တာက ဆင်ပါဝါဘက်က ငမျောက်ငချောက် ဘက်ကို ငဲ့ညှာ ထောက်ထားတဲ့စိတ်၊ စာနာတဲ့စိတ်၊ ခွင့်လွှတ်တဲ့စိတ် မွေးနိုင်မှသာလျှင် မတူပေမယ့် တွဲလို့ရမှာပါ။ ဆင်ပါဝါတွေဘက်ကလည်း ငမျောက်ငချောက်လို ရှိစုမဲ့စု မာန်လေးတွေ ထည်ပြနေမယ်ဆိုရင်တော့… အင်း… သိပ်မလွယ်လှဘူးဆိုတဲ့ ကိုယ်တွေ့သိတွေ ကျွန်တော့်မှာ အများကြီး ရှိပါတယ်။

အနီးစပ်ဆုံး နမူနာက ကျွန်တော်ရေးတဲ့ စာတစ်ပုဒ်ကြောင့် ရှိသမျှအင်အားကို ဘက်ပေါင်းစုံက အစွမ်းကုန် ထုတ်သုံးကာ ကျွန်တော့်ဘဝကြီး ယိုင်လဲသွားအောင် ထိုးနှက်ခဲ့ဖူးတာမျိုးအထိ ကျွန်တော် ကိုယ်တိုင် ကြုံဖူးလိုက်တာ အဲဒီ့နောက် ခြောက်နှစ်အကြာ၊ ၂၀ဝ၂ခုနှစ်မှာပါ။

သည်တော့ကာ ဆရာဦးစိန်ဝင်းရေးသွားသလို ကျွန်တော် တော်လို့၊ ကျွန်တော် လူယဉ်ကျေးပီသလို့ မတူပေမယ့် တွဲလို့ရခဲ့တာ မဟုတ်ဘဲ ဆရာဦးစိန်ဝင်းဘက်က အခံကောင်းလို့၊ သဘောထားပြည့်ဝလို့၊ လူကြီးလူကောင်း ပီသလွန်းလို့သာ၊ တစ်နည်းပြောရရင် ဆရာဦးစိန်ဝင်းဘက်က (ဆရာ့စကားနဲ့ပဲ ပြန်ပြောရရင်) ပါဝါမာန်မတက်ခဲ့လို့သာ မတူပေမယ့် တွဲလို့ရသွားတာ ဖြစ်ပါကြောင်း ကျွန်တော့်ဘက်က ဖြည့်စွက်ပြောလိုက်ချင်ပါတယ်။

ဆရာ့လိုပဲ ဥပမာဆောင်ရရင် ဆရာရော ကျွန်တော်ပါ ရန်ကုန် အခြေစိုက် မန္တလေးသားတွေပါ။ သို့ပေမယ့် ဆရာက မုန့်တီမှ ကြိုက်တယ်၊ ကျွန်တော်က မြီးရှည်မှ ကြိုက်တယ်။ ပိုက်ဆံကိုင်ထားတာက ဆရာ။ ကျွန်တော့်ကို မုန့်တီ ကျွေးတယ်။ ကျွန်တော် မစားဘူး။ ကျွန်တော်က မြီးရှည်မှ ကြိုက်တယ်လို့ ပြောမိတယ်။ ဆရာက ကျွန်တော့်ကို လက်ခံကာ ဒါဆို မင်းလည်း မြီးရှည်စား၊ ငါလည်း မုန့်တီစားမယ်ဆိုပြီး သဘောထားကြီးပေးခဲ့တာပါ။ တစ်နည်းပြောရင်တော့ အပြန်အလှန် လေးစားမှုပေါ့။

(သည်ဆောင်းပါးနဲ့ ဆရာလူထုဦးစိန်ဝင်းကိုလည်း ဂါရဝတရား၊ နိဝါတ တရားရှေ့ထားကာ ဆရာ့အပေါ်မှာ မနောကံ၊ ဝစီကံ၊ ကာယကံများနဲ့ ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ပါမယ့်အကြောင်း ထပ်လောင်း ဝန်ချတောင်းပန်ရင်း ရှိခိုး ကန်တော့လိုက်ပါတယ်ခင်ဗျား။)

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(ဝ၃၀၈၀၉)

——————————————————-

(၂၀၀၉ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် Weekly Eleven Journal မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။ ၂၀၀၉ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် Weekly Eleven Journal မှာ ဖော်ပြခဲ့တဲ့ ဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါးအကျယ်ကို ဖတ်လိုရင် အောက်မှာ ကပ်လျက်ဖော်ပြထားပါတယ်။)