Skip to content

Freedom of Expression (Australian Version)

16 September 2009

၂၀၀၃ခုနှစ် မတ်လ ၂၃ရက်နေ့တွင် ဆူဒိုနင်/အတ္တကျော်အား ပြည်တောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သြစတြေးလျ သံရုံး၏ ပြန်ကြားရေးနှင့် သုတေသန တာဝန်ခံ ရာထူးမှ ထုတ်ပယ်သည်အထိ အရေးယူလောက်အောင် အလုပ်ရှင် သြစတြေလျံ သံကြီးတမန်ကြီးများ ရာဇမာန်ရှသွားခဲ့ရသည့် မူရင်း မဟာ သတင်းဂျာနယ်ပါ ဆောင်းပါးလေးကို စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ရန် အလို့ငှာ ပြန်လည်ဖော်ပြလိုက်ပါသည်။


မာနနှင့် မူ၊ မတူရေးချ မတူ

ဆူဒိုနင်

များမကြာသေးမီက ဖြစ်ပါသည်။

နိုင်ငံခြားအဖွဲ့အစည်းတစ်ခုက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သဖြင့် မြန်မာပြည်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်းမှ တစ်ဆင့် ပြည်တွင်းရှိ နိုင်ငံခြားသတင်းဌာန ကိုယ်စားပြု သတင်းစာဆရာကြီးများကို “ဖိတ်စာဖြင့်” ဖိတ်ကြားခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်မည့်အချိန်က ညနေငါးနာရီခွဲ၊ စကောစက အချိန်ဖြစ်သည်။ စကောစကအချိန်ဟု ဆိုရသည်မှာ သာမန်ရုံးချိန် မဟုတ်သောကြောင့်တည်း။

သတင်းသမားဟူသည်က သတင်းနှင့် ပတ်သက်လာလျှင် အချိန်အခါ ရွေးလို့ ရစကောင်းသည်မျိုး မဟုတ်သဖြင့် ဆိုင်ရာသတင်းထောက်များ အားလုံးသည် ဖိတ်ကြားရာနေရာသို့ အသက အသက ရောက်ရှိလာခဲ့ပါသည်။ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှ ဖိတ်ကြားခြင်းဖြစ်သည့်အတွက်လည်း ဖိတ်ကြားချိန်ထက် ၁၅မိနစ်၊ နာရီဝက်မျှ စောကာလည်း ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် သတင်းစာ ရှင်းလင်းပွဲ လုပ်သည့်အခါများတွင် မိမိ ရောက်နေကျ နေရာမဟုတ်က သတင်းသမားတို့အနေဖြင့် နေရာကို အကဲခတ် စူးစမ်းရသေးသည်။ ဓာတ်ပုံဆရာများအနေဖြင့် အခန်းဖွဲ့စည်းပုံနှင့် မီးအလင်းအမှောင်က အရေးကြီးသည်။ ထိုအချက်များကို သတင်းစာ ရှင်းလင်းပွဲ မစမီ ကြိုတင်စူးစမ်းရသည်။ အသံဖမ်းမည့်သူများအနေဖြင့်လည်း မည်သည့်နည်းဖြင့် ရှင်းလင်းမည်ကို ကြိုတင်သိရှိရန် လိုအပ်တတ်သည်။ အသံချဲ့စက်သုံးပါက မိမိ၏ အသံဖမ်းစက်ကို အသံထုတ်အိမ် အနီးအနားမှာ ထားရမည်။ အသံချဲ့စက် မသုံးဘူးဆိုလျှင်လည်း အသံများ အရအမိ ပါစေရန် ရှင်းလင်း ပြောကြာသူနှင့် အနီးဆုံးနေရာတွင် နေရာယူရမည်စသဖြင့် ကြိုတင် ပြင်ဆင်ရန် လိုအပ်သည်။ ထို့ကြောင့် သတင်းစာရှင်းလင်းပွဲများမှာ သတင်းသမားတို့ တင်တင်ကြိုကြို ရောက်နေဖို့ လိုသည်။

သို့သော် ထိုသို့ရောက်ရှိလာသောအချိန်တွင် ဖိတ်ကြားသည့် အဖွဲ့အစည်းက လုံခြုံရေးကို အကြောင်းပြပြီး ဝင်ခွင့်မပေးပါ။ ထို့အပြင် ဖိတ်ထားသည်က ငါးနာရီခွဲမှသာ ဖြစ်သည့်အတွက် စောပြီး ရောက်လာသူများပင် မှားယွင်းနေလေသယောင် အပြောအဆိုမျိုးကို ပြောလိုက်ပါသေးသည်။ လက်တွေ့တွင် သတင်းစာရှင်းလင်းပွဲတွင် တာဝန်ယူရှင်းလင်းမည့်သူက ချိန်းဆိုချိန်အတိုင်း အတိအကျ ရောက်မလာနိုင်ခြင်းသာဖြစ်ပါသည်။ ထိုသူ ရောက်လာချိန်မှာ ချိန်းဆိုဖိတ်ကြားချိန်ထက် နာရီဝက်ခန့် နောက်ကျပါသည်။

မည်သို့ပင်ဆိုစေ၊ သက်ဆိုင်ရာနေရာအတွက် တာဝန်ရှိသူ နိုင်ငံခြားသားက ဖိတ်ကြားခံစာနယ်ဇင်းဆရာများ တင်ကြို ရောက်ရှိနေသည့်အတွက် မှားယွင်းနေသယောင် ပြောဆိုခဲ့ပါသည်။ ထိုမျှမကသေး သူတို့ ဖိတ်ကြားချိန်ဖြစ်သော ညနေ ငါးနာရီခွဲသွားသည့်တိုင်လည်း ဝင်ခွင့် လုံးဝမပေးခဲ့ပါ။ တာဝန်ယူ ရှင်းလင်းမည့်သူ အမှန်တကယ် ရောက်ရှိလာပြီး အတန်ကြာမှ စာနယ်ဇင်းဆရာကြီးများ ထိုနေရာသို့ ဝင်ခွင့်ရခဲ့ပါသည်။

စာနယ်ဇင်းဆရာကြီးများမှာ ထိုနေရာအနီး လမ်းမပေါ်တွင် အခြေအနေမဲ့များနှယ် မတ်တတ်ရပ် စောင့်ဆိုင်းနေခဲ့ကြရလေသည်။

ထိုအချိန်အတွင်း အနှီစာနယ်ဇင်းဆရာများအကြား ဖြစ်ပွားခဲ့သော အငြင်းပွားမှုတစ်ရပ် ရှိခဲ့ပါသည်။ ယင်းကို ပြောလိုသဖြင့် အစချီနေရခြင်းလည်း ဖြစ်လေသည်။

ကမ္ဘာ့အကြီးဆုံး သတင်းဌာနဟူ၍ လက်ညိုးထိုးကာ ပြောလျှင် သုံးခုသာ ရှိပါသည်။ တစ်ခုမှာ အမေရိကန်နိုင်ငံ၊ နောက်တစ်ခုမှာ ဗြိတိန်နိုင်ငံနှင့် နောက်တစ်ခုမှာ ပြင်သစ်နိုင်ငံတို့မှဖြစ်ပါသည်။ မြန်မာပြည်တွင်လည်း ယင်းသတင်းဌာနများကို ကိုယ်စားပြုနေသည့် မြန်မာလူမျိုး သတင်းစာဆရာကြီးများ ရှိပါသည်။

ထိုသတင်းဌာနသုံးခုအနက်မှ တစ်ခုသော သတင်းဌာနကို ကိုယ်စားပြုသည့် သတင်းစာဆရာကြီးက ယခုဖြစ်ရပ်ကို လုံးဝ မကျေနပ်ပါ။ အထူးသဖြင့် မြန်မာလူမျိုးများအပေါ် အသားလွတ် လူဝါးဝသည့် သဘောထားဟု မြင်ပါသည်။ ဖိတ်စာဖြင့် ဖိတ်ကြားသည့်ကိစ္စလည်းဖြစ်၊ သတ်မှတ်ချိန်ထက်လည်း ကျော်လွန်နေပါလျက်ကနှင့် လုံခြုံရေးကို အကြောင်းပြကာ ဝင်ခွင့် မပေးဘဲထားခြင်းမှာ အခြေအမြစ် မရှိဟု သူက ယူဆပါသည်။ ထို့ထက် ပိုသည်မှာ ဖိတ်ကြားသူက နိုင်ငံခြားသားများဖြစ်နေပြီး ဖိတ်ကြားခံများက မြန်မာများဖြစ်နေခြင်းပင်။ ဖိတ်ကြားခံထဲတွင် နိုင်ငံခြားသားများသာ ပါပါက ထိုသို့ ဖြစ်မည် မဟုတ်သည်ကလည်း သေချာသလောက်ဟု သူက တွေးလိုက်ပါသည်။ ထိုရောအခါ မြန်မာဟူသော ဇာတိမာန်ကလည်း ဟုန်းခနဲ ကြွတက်လာပါတော့သည်။

ထို့ကြောင့် ထိုသတင်းစာရှင်းလင်းပွဲကို မတက်တော့ရန် အားလုံးကို သူက မေတ္တာရပ်ခံလိုက်ပါသည်။

မှန်ပါသည်။ အားလုံးတစ်ညီတစ်ညွတ်တည်း မတက်တော့လျှင် မြန်မာတို့အပေါ် အသားလွတ် နှိမ်သည့် နိုင်ငံခြားသားတို့၏ လုပ်ရပ်ကို မြန်မာတို့ကလည်း ထိရောက်စွာ ရှုံ့ချရာရောက်သွားမည်လည်း အမှန်ပင်ဖြစ်သည်။ သူတို့ဘက်က ပေးလိုသည့် သတင်း၊ ရှင်းလိုသည့် အချက်အလက်များကို အားလုံးက သတင်းမရေးဘဲ နေလိုက်နိုင်သည်။ သူတို့ဘက်က မချေငံသည့် ကိစ္စကိုသာ သတင်း ရေးကြမည်ဆိုလျှင် အနှီနိုင်ငံခြားအဖွဲ့အစည်းသည် ကမ္ဘာ့အလယ်တွင် အရှက်ကွဲရတော့မည်လည်း ဖြစ်နေပေသည်။

ထိုအချက်ကို မြင်သူ အနှီသတင်းစာဆရာကြီးက အားလုံးကို မေတ္တာရပ်ခံရာ တက်ရောက်လာသူ တစ်ဝက်ခန့်ကလည်း သဘောတူကြပါသည်။ သို့ရာတွင် အထက်က ဆိုခဲ့သော ကမ္ဘာ့အကြီးဆုံး သတင်းဌာနကြီး သုံးခုအနက်မှ နှစ်ခုကမူ ထိုသဘောတူသည့်အထဲတွင် မပါပါ။

မပါသည့်အပြင် ထိုနှစ်ဦး၏အနက်မှ တစ်ဦးက ပြောသောစကားက စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းကား… “သတင်းသမားဆိုတာ မာန မထားသင့်ဘူး”ဟူသတည်း။

ရုတ်တရက်ကြည့်သော် ထိုစကားမှာ ဟုတ်တုတ်တုတ် ဖြစ်ပါသည်။ ထို့အပြင် ယေဘုယျအားဖြင့်လည်း မှန်ကန်သောစကားလည်း ဖြစ်ပါသည်။ သတင်းသမားသည် မာနကြီးနေလို့ မရပါ။ မိမိလိုချင်သည့် သတင်းရဖို့ အတွက် အောက်ကျနောက်ကျ ခံသင့်လည်းခံ၊ အဟိန်းအဟောက် ခံသင့်လည်းခံ၊ အဆူအကြိမ်း ခံသင့်လည်း ခံရမည်မှာ အမှန်ပင်ဖြစ်ပါသည်။

သို့ရာတွင် ယခုကိစ္စမှာမူ ယင်းစကားနှင့် စပ်ဆိုင်ခြင်းအလျဉ်း မရှိတော့ပါ။ မာန (pride) နှင့်မဆိုင်တော့ပါ။ ယခုကိစ္စမှာ “မူကိစ္စ” (an issue of principles) ဖြစ်သွားပါပြီ။ အဘယ်ကြောင့်ပါနည်း။

သတင်းသမားများဘက်က လိုချင်သဖြင့် ဇွတ်တိုးသွားသော အခမ်းအနား မဟုတ်ပါ။ သူတို့ဘက်မှ ပေးချင်သဖြင့် တကူးတက ဖိတ်သော အခမ်းအနား ဖြစ်ပါသည်။ လိုချင်သဖြင့် သွားသောအခါမျိုးတွင် မာနထားပါက ထားသူဘက်က အလွန် ဖြစ်ပါလိမ့်မည်။ ပေးချင်လို့ ဖိတ်သဖြင့် သွားရသောအခါတွင်မူ ဖိတ်ကြားခံအနေဖြင့် အလိုလိုကို တင့်တယ်နေပြီး ဖြစ်ပါသည်။ ထိုအခြေအနေမှာ ဖိတ်ကြားခံကို ကြမ်းပိုး သူခိုးနှယ် မယုံသင်္ကာ သဘောထားမျိုးထားကာ အခြေအမြစ် မရှိလှသော လုံခြုံရေးကို အကြောင်းပြပြီး သတ်မှတ်နေရာသို့ သတ်မှတ်ချိန် ကျော်သည့်တိုင် ဝင်ခွင့်မပေးဘဲ ထားခြင်းမှာ အသားလွတ် စော်ကားခြင်း မည်ပါသည်။ ဤအခြေအနေမျိုးမှာတော့ မာန ရှိရပါလိမ့်မည်။ ယင်းအခြေအနေမှာ မာန မထားပါက သတင်းသမားများကို ဘယ်သူကမှ လေးစားတော့မည် မဟုတ်ပါ။

ဖော်ပြခဲ့သော အခြေအနေတွင် ပိုဆိုးသော အကြောင်းတစ်ရပ် ပါနေပါသေးသည်။ ယင်းကား သတင်းသမားများသည် မြန်မာများ ဖြစ်နေကာ သတင်းသမားများအပေါ် မချေမငံဆက်ဆံသူများမှာ မျက်နှာဖြူ နိုင်ငံခြားသားများ ဖြစ်နေပါသည်။ ထိုအခါ မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းရမည့် ဝန်တာတစ်ခုက အလိုလို ပိုလာပါတော့သည်။ ထိုနေရာမျိုးတွင် မာနမထားသင့်ဘူးဟူသော စကားကို ပြောခြင်းမှာ အကျည်းတန်လှစွာပင်၊ မှားယွင်းနေပါတော့သည်။

ဇာတ်လမ်းကို ပြန်ဆက်ရသော် ဆိုခဲ့သည့်အတိုင်း သတင်းဌာနကြီး သုံးခုအနက်မှ နှစ်ခုက သဘောမတူသဖြင့် ထိုပွဲကို မတက်ရန် မေတ္တာရပ်ခံသူဘက်မှ အားနည်းသွားပါသည်။ ထိုသတင်းဌာနကြီး သုံးခုမှာ တစ်ခုနှင့် တစ်ခု အပြိုင်ဖြစ်နေကြသဖြင့် သူတစ်ဦးတည်း မတက်လျှင် သူ့ဘက်ကသာ နစ်နာရန် အကြောင်းရှိသွားသဖြင့် မာန်လျှော့လိုက်ရပါတော့သည်။

သတင်းထောက်များအသင်း နာယကကြီးကတော့ လုပ်စရာရှိသည်ကို လုပ်သွားပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ယင်းဖြစ်ရပ်အပေါ် တရားဝင် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါသည်။ သို့တိုင်အောင် တာဝန်ရှိသူ နိုင်ငံခြားသားများကတော့ ဆင်ဝှေ့ရန်ရှောင်သာ လုပ်သွားကြပါသည်။ တိတိပပ တောင်းပန်ခြင်းမျိုးလည်း မပြုခဲ့ပါ။ စောင့်နေရသည့်အတွက် တောင်းပန်ကြောင်းမျှလောက်သာ သာမန်ကာ လျှံကာလုပ်လိုက်ကြပါသည်။ သူတို့ ဘက်က ရိုင်းပြမှုကို တာဝန်မယူခဲ့ကြပါ။

ဇာတိမာန်ဆိုသည်မှာ လူတိုင်းတွင် ငုပ်လျှိုးနေသော အရာမျိုး ဖြစ်ပါသည်။ ထိုမာန်မှာ ပေါ်သင့်သည့်အချိန်တွင် အလိုလို ပေါ်လာတတ်ပါသည်။ ပေါ်သင့်ပါလျက်နှင့် မပေါ်လာသောအခါ ထိုသူများကို ကျွန်စိတ်ပေါက်နေသူများဟုသာ ကျွန်တော်ကဖြင့် ပစ်ပစ်နှစ်နှစ်ကြီးကို ရှုတ်ချနေချင်မိရပါတော့သည်။


ပြည်တွင်းမှ ရေးဖော်ရေးဖက်၊ လုပ်ဖော်ကိုင်ဖက် သတင်းသမားများ ဝိုင်းဝန်းစဉ်းစားနိုင်ကြစေရန် အလို့ငှာ မကြာသေးခင်က အမှန်တကယ် ဖြစ်ပွားခဲ့သော ကိစ္စကို ဖော်ချဖွင့်ထုတ်လိုက်ရခြင်းဖြစ်ပါသည်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်

(၂၄-၁၀-၀၂ နေ့ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မူရင်းဆောင်းပါးမှာ သံရုံးနာမည်ကို ထည့်မရေးခဲ့ပါဘူး။ ဖြစ်စဉ်အမှန်က အဲဒီ့အချိန်က သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး အလက်ဇန္ဒာ ဒေါင်နာ မြန်မာပြည်ကို လာရောက်နေစဉ် ၂၀၀၂ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ငါးနာရီခွဲမှာ ရန်ကုန်မြို့ ကမ်းနားလမ်း အမှတ် ၈၈ မှာ ရှိတဲ့ သြစတြေးလျ သံရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့နောက် တစ်လခန့် အကြာမှာတော့ သြစတြေးလျသံရုံးရဲ့ သံတမန်ထဲက ရာထူးအနိမ့်ဆုံး တတိယအတွင်းဝန်က မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းကို သတင်းစာ ရှင်းလင်းပွဲနေ့က ၀င်ခွင့်မပေးဘဲ ထားခဲ့မိတဲ့ ဖြစ်ရပ်အတွက် တောင်းပန်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် မတ်လ ၂၃ရက်နေ့မှာတော့ ကျွန်တော့်ကို သည်ပြစ်မှုကြောင့် အလုပ်က ထုတ်ပယ်လိုက်ပါတယ်။ သို့ပေမယ့် အကျင့်စာရိတ္တ ပျက်ပြားလို့ အလုပ်က ထုတ်ပယ်တာ မဟုတ်တဲ့အတွက် ကျွန်တော့်ရဲ့ လုပ်သက်ခံစားခွင့်များကို အပြည့်အ၀ ပေးခဲ့ကြရပါတယ်။

အသက်မွေးဝမ်းကျောင်း အလုပ်က ပြုတ်စေတဲ့အထိ “ပြောင်မြောက်”ခဲ့တဲ့ စာလေးမို့ အမှတ်တရ ပြန်လည် ဖော်ပြလိုက်တာပါ။)

Advertisements
8 Comments leave one →
  1. 16 September 2009 9:29 am

    လာလည်ပါတယ်။ ဆရာ့စာပေတွေကို တလေးတစားဖတ်နေတဲ့သူပါ။ အခုတော့ အဝေးရောက်နေတော့ ကိုယ့်အိမ်ကိုယ် ပြန်ရောက်တော့မှပဲ ဖတ်ရတော့မှာပဲဆ၇ာ။ အခုလို အွန်လိုင်းကနေ ဖတ်ရတာ စာအုပ်ကိုင်ဖတ်ရတာလောက် အရသာ မရှိဘူးဆရာ။ လေးစားစွာဖြင့်..နေသစ်မှူး

  2. ဝေေ၀ permalink
    16 September 2009 3:00 pm

    တကယ်ကိုပြောင်မြောက်ပါပေတယ်…ဘကြီးရေ

  3. 16 September 2009 8:50 pm

    ဒါကတော့ ကျမလဲ စာရေးဆရာနဲ့ သဘောထားတထပ်တည်းပဲ။ အဲဒီနေ့က အကုန်ပြန်သွားလိုက်ရင် နောက် ကျောလို့မရတော့ဘူးပေါ့။
    ပြီးတော့ ဗမာတွေမို့ ဒီလိုလုပ်ရဲတာ.. သိသာတာပဲ။ ဒီစာအတွက် အလုပ်က ထုတ်ပစ်တာလဲ မဟုတ်သေးဘူးနော်… ဒါလား နိုင်ငံကြီးသား ဆိုတာ။

  4. Aung Soe U permalink
    18 September 2009 4:20 pm

    Uncle
    Thanks for reading this. Sometime working with those expatriates is really awkward.
    You are brave than me.
    Hoping to seeing you;
    Aung Soe U ( Nay Lin’s friend )

  5. စိုးမြတ်မျိုးရွှေ permalink
    11 October 2009 12:58 am

    သမီးစိတ်ဝင်စားတာက ဆရာရေးတယ်ဆိုတာ သူတို့က ဘယ်လို သိသွားတာလဲ

    • lettwebaw permalink
      11 October 2009 12:53 pm

      ဇာတ်လမ်းက ရှင်းပါတယ်။ သည်စာထဲက “သတင်းသမားဆိုတာ မာနာ မထားသင့်ဘူး”ဆိုပြီး သိက္ခာမဲ့ အလုပ်ကို လုပ်ခဲ့သူက သည်လို အရေးခံလိုက်ရတာကို မကျေနပ်လို့ ကျွန်တော့်ကို ဖုန်းဆက်ပြီး ချဲပါတယ်။ ပြီးတော့ သူကပဲ သည်ကိစ္စကို ကျွန်တော့် သံရုံးကို သတင်းပို့တဲ့အပြင် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းကို စည်းရုံးကာ မဟာဂျာနယ်မှာ တုံ့ပြန်ကြေညာချက်တစ်ရပ် ထုတ်တယ်။ ကျွန်တော့်ကို အပုပ်ချတဲ့ အစည်းအဝေး တစ်ရပ်ကိုလည်း အသင်းမှာ ကျင်းပသေးတဲ့အပြင် စာပေစိစစ်ရေးက တစ်ဆင့် ကျွန်တော့်ကို ပိတ်ဆို့အရေးယူဖို့၊ အဲဒီ့အချိန်က ရှိနေတဲ့ တပ်မတော် ထောက်လှမ်းရေးက ကျွန်တော့်ကို ဖမ်းဆီးချုပ်နှောင်ပေးဖို့အထိ လက်ကုန် ကြိုးစားပါတော့တယ်။ ခက်တာက ကျွန်တော်က မြန်မာတွေအပေါ် နိုင်ငံခြားသားတွေက ခွဲခြားဆက်ဆံမှုကို မခံမရပ်ဖြစ်လို့ ရေးတာဖြစ်နေတဲ့အတွက် တခြားနည်းတွေက မအောင်မြင်ခဲ့ပေမယ့် သဘောထားနုပြီး မဟာအရှက်တော်ကွဲသွားရတဲ့ အဲဒီ့အချိန်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးက ကျွန်တော့်ကို အလုပ်က ထုတ်လိုက်တာပါပဲ။

      ရယ်စရာကောင်းတာ တစ်ခုက နောက် ၃-၄ နှစ်အကြာမှာ ဒါတွေကို ဦးစီး လှုံ့ဆော်ဆောင်ရွက်ခဲ့သူက ကျွန်တော်နဲ့ အမှတ်မထင် ဆုံချိန်မှာ ဒါတွေကို သူလုပ်ခဲ့တာ မဟုတ်ပါဘူး၊ အခုလို ဖြစ်သွားတာ ကျွန်တော့်အတွက် ကံကောင်းတာပဲ၊ စာပေနယ်မှာ ပိုခိုင်လာတာပါပဲဆိုပြီး လေပြည် လာထိုးတာပါ။ ရွှေပီသတဲ့ သူ့စိတ်ဓာတ်ကို ပြတာပါပဲ။ အမြစ်ပြတ်ချေမှုန်းရေး ဘာညာဆိုတဲ့ စိတ်တွေက ရွှေတွေရဲ့ သွေးသားထဲမှာ စိမ့်ဝင်နေတာ ထင်ရှားတဲ့ သာဓက တစ်ခုပေါ့လေ။ သည်စိတ်ဓာတ်တွေနဲ့ကတော့ အရာရာဟာ မျှော်တိုင်းဝေးနေတော့မှာလည်း အမှန်ပါ။

  6. pyaesone permalink
    4 December 2009 11:54 pm

    ဆရာရေ….
    သမီးတော့ ဖတ်နေရင်းနဲ့
    “ စာနယ်ဇင်းသမားဆိုတာမာနမထားသင့်ဘူး”ဆိုတဲ့နေရာလည်း ရောက်ရော…
    အဲဒီလူက မြန်မာလူမျိုးဟုတ်ရဲ့လားဆိုတာကို ချက်ချင်းတွေးလိုက်မိပါတယ်….

    • lettwebaw permalink
      4 December 2009 11:56 pm

      မဟုတ်ဘူးခင်ဗျ.. ကုလားပြည်နဲ့ ရေခြေချုင်းဆက်နေသော မြန်မာလူမျိုးထဲက တိုင်းရင်းသား…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: