In Ever Loving Memory of Saya Kan Chun


ကျန်ရစ်သူ ကျွန်တော်တို့မှာသာ…

 

အတ္တကျော်

ဆရာကံချွန် ကွယ်လွန်သွားကြောင်းကို ကွယ်လွန်ပြီး နောက်တစ်ရက်မှ ကျွန်တော်သိရတယ်။ ရင်ထဲမှာ ဆို့ခနဲ ဖြစ်သွားတယ်။ တစ်လောဆီက သူ့ကို သတိရလို့ ဖုန်းလှမ်းဆက်တော့ သူ ဆေးရုံက ဆင်းလာခါစဆိုတာ သိရတယ်။ သိပ် နေမကောင်းဘူးပေါ့။ သည်လောက်ပဲ။ ဒါနဲ့ သူနဲ့ ပိုရင်းတဲ့ ဆရာမောင်ဝဏ္ဏကို ပြောပြမိတော့ ဆရာမောင်ဝဏ္ဏက ကျွန်တော့်ထက် ပိုပြီး စုံစုံ သိနေတယ်။ ဆရာ့ အပြောအရ ဆရာကံချွန့်အခြေအနေ မကောင်းဘူးတဲ့။

ကျွန်တော်နဲ့ ဖုန်းပြောတုန်းမှာတော့ ဆရာကံချွန်က အလုပ်တွေ အများကြီး လုပ်စရာ ရှိသေးတဲ့အကြောင်း ပြောတာကို အမှတ်ရနေတယ်။ အဲဒါ သူနဲ့ ကျွန်တော်နဲ့ ဆုံတာ နောက်ဆုံးပါပဲ။

အမှန်မှာတော့ ဆရာ ကံချွန်နဲ့ လူချင်း သေချာသိခဲ့တာ ၂၀ဝ၅ခုနှစ်ကမှပါ။ သို့သော် တစ်ယောက်စာ တစ်ယောက် ရင်းနှီးနေလို့လားတော့ မသိဘူး၊ ခဏချင်းနဲ့ တအား ရင်းနှီးသွားကြပါတယ်။ သို့သော် ဆရာနေတာက မန္တလေး၊ ကျွန်တော်နေတာက ရန်ကုန်ဆိုတော့ ထပ်ဆုံဖို့က အခက်သား။

၂၀ဝ၆-၂၀ဝ၇လောက်အထိက ကျွန်တော်က မန္တလေးကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားဖြစ်နေတာမို့ အဆင်သင့်တဲ့အခါ ဆရာကံချွန့်ဆီ ဝင်ဖြစ်တယ်။ မဝင်ဖြစ်တောင် ဖုန်းဆက်ဖြစ်တယ်။ မေ့လောက်ရင် တစ်ခါလောက် ရန်ကုန်နဲ့ မန္တလေး ဖုန်းနဲ့ လေကန်ဖြစ်တယ်။ သည်လောက်ပါပဲ။

သို့ပေမယ့် ကျွန်တော် ဆရာကံချွန့်ကို အင်မတန် ချစ်သွားစေတဲ့ အဖြစ်တစ်ခုက ကျွန်တော်တို့ ကြားမှာ ရှိသွားခဲ့ပါတယ်။ အဲဒါလေးက လူသိရှင်ကြားလို့ တစ်ဖက်က ဆိုနိုင်ပေမယ့် လူ သိပ်မသိလိုက်တာလည်း ဖြစ်နိုင်နေပြန်တယ်။ တစ်ဆက်တည်းမှာ အတုခိုးစရာ အင်မတန်မှ ကောင်းလှတဲ့ ဆရာကံချွန့်ရဲ့ လုပ်ရပ်ကလေးမို့ ဆရာ့ကို လွမ်းလွမ်းနဲ့ အဲဒါလေးကို တင်ပြလိုက်ပါရစေ ခင်ဗျား။

ဖြစ်ပုံက သည်လိုပါ။ အများသိတော်မူတဲ့အတိုင်း ကျွန်တော့်မှာ ကိုယ်ပိုင်စာအုပ်တိုက် ရှိပါတယ်။ အဓိကက ကျွန်တော့်စာအုပ် ကျွန်တော် ထုတ်တာပါပဲ။ သို့သော် တခြား ဆရာများရဲ့ စာအုပ်များကို ထုတ်ချင်တဲ့ အာသီသကလည်း ကျွန်တော့်မှာ အပြင်းသား။ သို့သော် နှုတ်ခမ်းမွှေး မနိုင်ဘဲ ဘီယာ မော့ချင်တတ်သူလိုဖြစ်နေပါတယ်။ မကြာသေးခင်က ထွက်သွားတဲ့ ဆရာသုမောင်ရဲ့ “ဟိုတစ်စ သည်တစ်စ မောင်ဗလ”ဆိုရင် ဆရာသုဆီက စာမူ ယူထားပြီး သုံးနှစ်ကျော်ကာမှ စာအုပ်ဖြစ်လာတာမျိုးပါ။ ကျွန်တော့်စာအုပ်တိုက်က ထုတ်တဲ့ ဆရာမောင်ထွန်းဦး(မိုးကုတ်) စာအုပ်ဆိုလည်း တစ်နှစ်ကျော်ကြာမှ ထွက်နိုင်ပါတယ်။

ဒါလည်း အမှတ်မရှိပါဘူး။ ကျွန်တော်တို့က စာမူ တောင်းမိတတ်ပါသေးတယ်။ အဲဒီ့ထဲမှာ ကျွန်တော် သိပ်ထုတ်ချင်နေတဲ့ စာအုပ်တစ်အုပ်က ဆရာ တက္ကသိုလ်ထွန်းနောင်ရဲ့ “ဆိုခဲ့ရ ကျွန်တော့်ဘဝပါဗျာ” ဆိုတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိပါ။ အဲဒါကို ဆရာထွန်းနောင်က မဟာမဂ္ဂဇင်းမှာ အခန်းဆက် ရေးခဲ့တာပါ။ စတီရီယို ခေတ်ဦး သမိုင်းလို့ ဆိုနိုင်ပါလိမ့်မယ်။ စတီရီယိုလမ်းသစ်ကို စတင် ဖောက်ခဲ့သူဖြစ်တဲ့ ဆရာထွန်းနောင် ကိုယ်တိုင်က ရေးထားတာမို့ အင်မတန့်ကို တန်ဖိုးရှိတဲ့ အကြောင်းအရာပါ။ အဲဒါကို ထုတ်ချင်တော့ ဆရာ့ဆီက တောင်းခဲ့ပါတယ်။ ဆရာကလည်း ကြည်ကြည်ဖြူဖြူ ပေးခဲ့ပါတယ်။ (ကနေ့အထိ စာအုပ် ဖြစ်မလာတတ်နိုင်သေးတာကတော့ ကျွန်တော့် နှုတ်ခမ်းမွေး မနိုင်မှုပါ။)

ဆရာထွန်းနောင်ရဲ့ စာမူ တစ်နေရာမှာတော့ ၁၅-၅-၇၁နေ့စွဲပါ ရှုဒေါင့် (ဟိုတုန်းက သတ်ပုံအတိုင်း ဖော်ပြလိုက်တာပါ။ သတ်ပုံမှန်က “ရှုထောင့်” ဖြစ်ပါတယ်။) ဂျာနယ်ထဲမှာ “မောင်ကံချွန်”ဆိုတဲ့ စာရေးဆရာက “တက္ကသိုလ် ထွန်းနောင်သို့ အိတ်ဖွင့်ပေးစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီ့အချိန်က ပရိသတ်ရဲ့ အားပေးမှုကို ရယူနေတဲ့ ဆရာထွန်းနောင်ကို ကောင်းကောင်း တွယ်ထားတဲ့ အကြောင်းကို ဖတ်ရပါတယ်။ ဒါမျိုးကျ ကျွန်တော်လည်း မနေနိုင်တော့ဘူး။ သည်မှာတင် ဆရာကံချွန့်ကို လှမ်းဖုန်းဆက်မိရပါတော့တယ်။

အဲဒါကို ဆရာကံချွန်က ၂၀ဝ၅ခုနှစ် ဒီဇင်ဘာလထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ “ကံချွန်ရဲ့ ဆူးလှည်း – တက္ကသိုလ်ထွန်းနောင် ဖတ်ဖို့”ဆိုတဲ့  ခေါင်းစဉ်နဲ့ အောက်ပါအတိုင်း ရေးခဲ့ပါတယ်။ ဆရာကံချွန့် ဆောင်းပါးကို ဦးစွာ ဖော်ပြပါရစေ။

KanChun၁၆၊၉၊၂၀ဝ၅ ရက်နေ့ ၁၁နာရီလောက်မှာ အတ္တကျော် (atk) ဖုန်းဆက်တယ်။ atk က သူပြောချင်တဲ့ အကြောင်းအရာကို အရေးမကြီးသလို ပြောပြီး အရေးမကြီးတာတွေကို များများပြောပါတယ်။ ဒါ သူ့အကျင့်လေ။ အရေးကြီးတာလို့ ယူဆထားတာကို ပြောရမှာ အားနာပုံရပါတယ်။

အဲဒါကတော့ ဆရာ တက္ကသိုလ်ထွန်းနောင် ရေးတဲ့ ဆောင်းပါးတွေကို စုထုတ်မယ်ပေါ့။ အဲဒီမှာ ဆရာထွန်းနောင်က ကံချွန့် နာမည် ထည့်ရေးထားတာ ပါတယ်။ မဟာဂျာနယ်ထဲမှာ ရေးတဲ့ဆောင်းပါးပါ။ သိတယ်မဟုတ်လားတဲ့။ မဖတ်ရသေးဘူးလားတဲ့။ ဟင့်အင်း။ စာရေးဆရာဖြစ်ပြီး စာမဖတ်တဲ့ လူတစ်ယောက် တိုးပြီတဲ့။ ဟုတ်ပါတယ်။ ကံချွန်ရဲ့ အချိန်ဇယားမှာ စာရေးချိန်က ၉၀ ရာနှုန်း နေရာ ယူထားပါတယ်။ ၁၀ ရာနှုန်း စာစုံအောင် လိုက်မဖတ်နိုင်ပါဘူး။ (မဖတ်ချင်တာမဟုတ်ပါ) မဖတ်ဖြစ်တဲ့အထဲမှာ မဟာလည်း ပါသွားပါတယ်။ ဖတ်ဖြစ်တာက လက်ဆောင်ရတဲ့ ဂျာနယ် မဂ္ဂဇင်းတွေပဲ။

atk က “လေးလေး…သူ့ကို ဝေဖန်ဖူးတယ်နော်”တဲ့။ ဝေဖန်ဖူးတယ်။ ရှုဒေါင့်ဂျာနယ် (ယခင်စာလုံးပေါင်း) ကပါ။ မဟာမှာ အဲဒီဝေဖန်တာတွေ ထုတ်ပြပြီး ပြန်ရေးထားတယ်ပေါ့။ အဲဒါကို သူလုပ်မယ့် စာအုပ်မှာ ထည့်မယ်ပေါ့။ သည်အခါ ကံချွန်က…

“ထည့်ပါ…ကောင်းပါတယ်။ အဲဒီတုန်းက ကံချွန်ရဲ့ တက္ကသိုလ် ထွန်းနောင်အပေါ် အမြင်ကို ထည့်သလို သည်နေ့ ကံချွန်ရဲ့ တက္ကသိုလ် ထွန်းနောင်အပေါ် အမြင်လည်း ထည့်ပါ ရေးပေးပါ့မယ်”

“ဟာ…တကယ်လား”

“တကယ်ပါ”

“မဟာကို ရှာဖတ်လိုက်ပါဦး”

“မဖတ်တော့ဘူး။ ဖတ်ရင် တက္ကသိုလ်ထွန်းနောင်က ရေးတာကို အကြောင်းပြုပြီး ပြန်ရေးတယ် ဖြစ်မှာစိုးလို့။ မဖတ်ဘဲ ရေးရတာကိုပဲ လိပ်ပြာသန့်တယ်။ ဒါက ကျွန်တော်ရဲ့ သည်နေ့ ခံယူချက်၊ သဘောထား အမြင်ဆိုတာ ရှင်းနေမယ်။ ခင်ဗျား ဆရာထွန်းနောင် တွေ့ရင်သာ ပြောလိုက်ပါ”

“သည်နေ့ အမြင်က ဘယ်လိုလဲ”

“ဟိုတုန်းကနဲ့ ဆန့်ကျင်ဘက်ပဲ”

“အဲဒါ တစ်နေရာရာမှာ ရေးပါလား”

ဒါတွေက ကံချွန်နဲ့ atk ဖုန်းနဲ့ ပြောဖြစ်တဲ့ စကားတွေပါ။ ဖုန်းပြောပြီး တစ်နာရီလောက်ကြာမှ ဂျာနယ်၊ မဂ္ဂဇင်း တစ်နေရာရာကနေ တရားဝင် ရေးသင့် ပြောသင့်တယ်လို့ မြင်လာတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးက (ထင်တယ်) ဝေဖန်ခဲ့တုန်းက ကံချွန်ရဲ့အမြင်ကို ဂျာနယ် စာမျက်နှာထက်ကနေ ရေးခဲ့တာပဲ။ သည်နေ့ သူ့အပေါ်ဆိုတာထက် သူဆိုခဲ့တဲ့ ဂီတအမျိုးအစားအပေါ် ထားတဲ့ သဘောထားကိုလည်း စာမျက်နှာထက်ကပဲ ရေးသင့်တယ်။ ဒါမှ တရားရာ ကျမယ်လို့ ယုံကြည်လို့ ရေးလိုက်တာပါ။

ခေတ်ပေါ်ဂီတသစ် တစ်ခုကို ဗြုန်းစားကြီး တွေ့လိုက်ရတုန်းက ဟီးနိုး ကားရှည်ကိုတောင် ရန်ကုန်က ဘုရားဖူးလာမှ တွေ့ဖူးတဲ့ ကံချွန်ဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ လဆင်းယာဉ်ကို တွေ့လိုက်ရသလို ဖြစ်သွားခဲ့ပါတယ်။ ဒုက္ခပါပဲ။ ဘာကြီးမှန်း မသိဘူး။ သည်ဟာကြီးရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ လိုမယ်ပေါ့။ ကြိုတင် ပြင်ဆင်ထားတာ မမှားဘူး။ ရမ်း လက်ခံလို့ မဖြစ်ဘူး။ ရည်းစား လိုချင်တာပဲ။ အမေကို ပူဆာရသလား။ ဒါဟာ အမေ မသိအောင် ရည်းစားထားတဲ့ အစဉ်အလာကို ချိုးဖောက်တာပဲ။ လက်မခံနိုင်ဘူး။

အဲသလို အဲသလို ခံစားရချိန်ဟာ ကံချွန် အသက် နှစ်ဆယ်ကျော်။ ကံချွန်ရဲ့ပညာအရည်အချင်းက ဆယ်တန်းမအောင်။ နေရတာက မန္တလေး ဆိုပေမယ့် မြို့ပခုံးသာ။ ရွာဓလေ့ ကြားမှာ။ ရွာလယ်က ရေတွင်းကုန်းမှာ ထိုင်ပြီး ချစ်ပြုံးနှင်းဆီ တစ်လှည့်၊ မခင်နှင်းဆီ တစ်လှည့် အော်နေသူတွေ ကြားမှာ ကံချွန်က ချောကလျာကို ကြိုက်တာနဲ့တင် တော်တော် ခေတ်မီတာပဲလို့ အသတ်မှတ်ခံ ထားရချိန်။ ပြား ၆၀ ကောင်ပေါ့။ (ကျပ်မပြည့်ဘူးလို့ ဆိုလိုတာပါ။) စာရေး စာဖတ်ကတော့ ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ စာရေးဆရာ မြင့်ကျော်ရဲ့ ဝတ္ထုတွေဖတ်ပြီး စိတ်ထဲမှာ သနားလာလို့ အစ်မသာ ရှိရင် ပေးချင်တဲ့ အကြောင်း စာရေးဖူးတယ်။ ဇာတ်ကောင်တွေက စာရေးသူကို ကိုယ်စားပြုနေတာလို့ ထင်ထားတာကိုး။ ကံချွန်က အသည်း နုတယ်လေ။ သူက လွမ်းပြတော့ ကံချွန်က ငိုချင်တာပေါ့။ အဲသလို ငတိဟာ တစ်ခုသော မန္တလေးသင်္ကြန်မှာ “အခါတော်ရောက်ချိန် နီးလို့လာပေ”ဆိုတဲ့ တေးသံကို နားထောင်ဖို့ ချီတက်လာတုန်း ဗြုန်းဆို ”မာမီရယ် ရှာပေးကွယ်”ဆိုလာတဲ့ တက္ကသိုလ် ထွန်းနောင်နဲ့ ဆုံလိုက်ရတော့တာပါပဲ။

ဆရာ ကိုထွန်းနောင်….

အဲဒီတုန်းက ရေးခဲ့တဲ့ ဆောင်းပါးရှင်ကံချွန်ရဲ့ အတွေးအခေါ် အယူအဆ အသိဉာဏ်ကို တက္ကသိုလ်ထွန်းနောင် မှန်းဆ ပုံဖော်လို့ ရလောက်ပါပြီ။ “သဘောထားပုံ”ဟာ အဲဒီလူရဲ့ ဘဝအခြေအနေ တစ်ခုလုံးမှာ အခြေခံတယ်ဗျာ။ လူတစ်ယောက်ရဲ့ ဘဝအခြေအနေဟာ အပြောင်းအလဲ မရှိရင် အတွေးအခေါ်ဟာလည်း ပြောင်းလဲမှာမဟုတ်ပါဘူး။ ခုတော့ ကျွန်တော်ဟာ အသက် ၆၀ ပြည့်တော့မယ့်အချိန်မှာ မမျှော်လင့်ဘဲ အင်တာနက်ခေတ်၊ စလောင်းခေတ်၊ ကွန်ပျူတာခေတ်၊ အီးမေးလ်ခေတ် ဆိုတာမျိုးနဲ့ ရင်ဆိုင်နေရပြီ။ ကံချွန်ဆိုတဲ့ ငတိက ခေတ်မီအောင် ကြိုးစားတာ မဟုတ်ပေမယ့် မြို့သစ်က လမ်းဘေး လက်ဖက်ရည်ဆိုင်မှာကိုပဲ ကမ္ဘာတစ်ဘက်ခြမ်းမှာ ကန်တဲ့ ဘောပွဲ ငုတ်တုတ် ထိုင်ကြည့်လို့ ရနေပြီကိုး။ နိုင်ငံတကာ တေးသံရှင်တွေရဲ့ စတိတ်ရှိုးတွေကို မျက်တောင်မခတ်တမ်း ငေးလို့ ရနေပြီကိုး။

ကျွန်တော် တက္ကသိုလ်ထွန်းနောင်ကို ရေးခဲ့မိတဲ့အတွက် အမြတ်တစ်ခုပဲ ဘဝအတွက် ရလိုက်ပါတယ်။ အဲဒါကတော့ ခံစားမှုကို အကြောင်းပြုပြီး ရေးခြင်းဟာ “အမှား” မကင်းနိုင်ဘူး။ ဒါကြောင့် အချိန်ကာလ တစ်ခုထိ စောင့်ကြည့်ရမယ့် အရာတွေကို မဝေဖန်သင့်ဘူးဆိုတဲ့ အသိ ရလိုက်တာ အမြတ်ပါပဲ။ ကျွန်တော် အဲဒီ အမြတ်ရဖို့ ဆရာတက္ကသိုလ်ထွန်းနောင် ပေးဆပ်လိုက်ရတဲ့ နစ်နာဆုံးရှုံးမှုကို စိတ်မကောင်းလည်း ဖြစ်ခဲ့တယ်။ အားလည်း နာခဲ့တယ်။ ခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကတည်းက။

ကာတွန်းမောင်ဝဏ္ဏ အိမ်မှာ ကိုစံမြင့် (တက္ကသိုလ်ထွန်းနောင်ရဲ့ ဦးလေး)နဲ့ ဆုံကြကတည်းက။ ဆူးကို အပ်နဲ့ ထွင်းရမယ့်အစား ပုဆိန်နဲ့ ပေါက်သလို ဖြစ်ခဲ့တဲ့ အရေးအသားအတွက် တောင်းပန်ချင်ခဲ့တာပါ။ ပုဂ္ဂိုလ်ရေး အာဃာတ မရှိပေမယ့် ထိခိုက် နစ်နာသွားရပြီ ဆိုတာကို သိနေခဲ့လို့ပေါ့။ ပြီးတော့ အသစ် မွေးဖွားလာတဲ့ အနုပညာသစ် တစ်ရပ်အပေါ်မှာလည်း အချိန်ပေး စောင့်ကြည့်တာ မလုပ်ခဲ့မိလို့ပေါ့။

ဦးထွန်းနောင်….

atk ဖုန်းဆက်လို့ သည်စာကို ရေးဖြစ်သွားတာပါ။ ကျွန်တော်ကတော့ atk ကို ကျေးဇူးတင်တယ်ဗျာ။ ခင်ဗျားအပေါ် ဆိုတာထက် အနုပညာအသစ် တစ်ခုအပေါ် ကိုယ် နားမလည်တာနဲ့ အဆိုးမြင်ခဲ့ဖူးတာကို ဝန်ခံခွင့်ရလို့ ကျွန်တော်က ကိုယ် မှန်တယ်လို့ ယူဆတာကို ရေးခဲ့သလို ကိုယ်လွန်သွားခဲ့တယ်၊ ကျွံသွားခဲ့တယ်၊ မှားသွားခဲ့တယ်လို့ မြင်ရင်လည်း ချက်ချင်း ပြင်ဖို့ ဝန်မလေး ပါဘူး။ (ခင်ဗျားနဲ့ ကိစ္စမှာတော့ အများကြီး နောက်ကျသွားတယ်)။

စာကြွင်း။    ။ ခင်ဗျား ရေးထားတာ ကြုံရင် ဖတ်ကြည့်ပါဦးမယ်။ သည်ဆောင်းပါး (ပေးစာ) မရေးခင်အထိ မဖတ်တာကတော့ သည်ဆောင်းပါးဟာ ဘယ်လို ရိုက်ခတ်မှုမှ မပါတဲ့ ကျွန်တော်ရဲ့ ဆန္ဒ သဘောထား အမှန် ဖြစ်ချင်လို့ပါပဲ။

ကံချွန်
၁၆၊၉၊၂၀ဝ၅

ကျွန်တော် ဘာ့ကြောင့် ဆရာကံချွန့်ကို ချစ်သွားသလဲဆိုတာ စာဖတ်သူ လူကြီးမင်းများ ရိပ်စားမိကြလိမ့်မယ် ထင်ပါတယ်။

ဆရာကံချွန့်ဆောင်းပါးက တိုပါတယ်။ ကျစ်လစ်ပါတယ်။ ဒါပေမယ့် စကားတွေ အများကြီး ပြောသွားတယ်။ ကျွန်တော်နဲ့ ဖုန်းပြောခန်းမှာ သူရေးသွားသလိုပဲ ဟိုးအရင်က သူ့အမြင်နဲ့ ကနေ့ သူ့အမြင် ဆန့်ကျင်ဘက် ဖြစ်နေတာကို ဆရာက ဝန်ခံတယ်။ ကျွန်တော်က အဲဒါကို တစ်နေရာရာမှာ ရေးပါလားလို့ ဆရာကံချွန့်ကို ပြောမိတယ်။

ဆရာက တကယ့်ကို အဲဒါကို ရေးချလိုက်ပါတယ်။ ရေးချတဲ့အခါမှာ ဆရာကံချွန်က ဟိုအချိန်က သူ့အခြေအနေကို လှစ်ခနဲ ပြသွားတယ်။ အဲတုန်းက အမြင်နဲ့ ကနေ့အမြင်က မတူနိုင်တော့ဘူး။ ဒါကို သုံးသပ်ပြရင်း ခံစားမှုကို အကြောင်းပြုပြီး စာရေးရင် အမှားမကင်းနိုင်တာ၊ အချိန်ကာလတစ်ခုအထိ စောင့်ကြည့်သင့်တဲ့အရာတွေကို မဝေဖန်သင့်တာများကို အဓိက အချက်များ အဖြစ် ကောက်ချက် ဆွဲလိုက်တယ်။ ပြီးတော့ သူမှားခဲ့တာကို ဝန်ခံသွားပါတယ်။

ဆရာကံချွန် ကွယ်လွန်ပြီဆိုတဲ့ သတင်းကို ရရချင်းမှာ သည်အချက်တွေက ကျွန်တော့် ခေါင်းထဲမှာ ပေါ်လာတယ်။ တစ်ဆက်တည်းမှာပဲ ဆရာကံချွန် တစ်ယောက် မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားမယ် ဆိုတာလည်း မလွဲဘူးလို့ ကျွန်တော် တွေးနေမိတယ်။

ဆရာ့စာထဲမှာ “လိပ်ပြာသန့်တယ်”ဆိုတဲ့ အသုံးပါတယ်။ ဆရာဟာ ဖြူစင်သူတစ်ဦး ဖြစ်သလို လိပ်ပြာသန့်လိုသူ တစ်ဦးဖြစ်ကြောင်း အထက်က ဆောင်းပါးနဲ့တင် ထင်ရှားနေပါပြီ။ ဒါ့အပြင် ဆရာဟာ မိမိ အမှားကိုလည်း ပြန်မြင်နိုင်သလို ဝန်ခံဖို့လည်း လက်မနှေးခဲ့ဘူး။ ဆရာထွန်းနောင်အပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စာကြွေးတင် သွားခဲ့တာကိုလည်း စာနဲ့ပဲ မိမိရရ ပြန်ဆပ်သွားခဲ့ပါတယ်။ သည်တော့ ဆရာ့မှာ လိပ်ပြာက သန့်သထက် သန့်နေမှာ ဖြစ်တာမို့ ဘဝကူးကလည်း မလွဲမသွေ ကောင်းနေတော့မှာပါ။

ကျွန်တော်တော့ ဆရာကံချွန့်ကို အရမ်း အားကျမိသလို အတုလည်း ခိုးနေမိပါတယ်။ ကျွန်တော်တို့လည်း နှေးတာနဲ့ မြန်တာပဲ ကွာမှာပါ၊ ဆရာကံချွန့် နောက်ကို တစ်နေ့မဟုတ် တစ်နေ့တော့ မလွဲမသွေ လိုက်ကြရမှာပါ။ ဒါပေမယ့် ဆရာကံချွန့်လို ကျွန်တော်တို့တွေ တကယ် လိပ်ပြာ တကယ် သန့်သန့်နဲ့ ဘဝကူးနိုင်၊ မကူးနိုင်ဆိုတာကျတော့ ကျွန်တော်တို့ရဲ့ မနောကံ၊ ဝစီကံ၊ ကာယကံများအပေါ်မှာ တည်နေမယ်လို့ တွေးနေမိရပါတယ်။

ဆရာကံချွန်ကတော့ ကျွန်တော်တို့ကို လမ်းကောင်းလေးတစ်ခု ပြကာ သံသရာခရီးကို ဆက်နှင်သွားပါပြီ။

ကျန်ရစ်သူ ကျွန်တော်တို့မှာသာ…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
စာပြီးနေ့နဲ့ အချိန် – ၂၂၀၈၀၉ (ဝ၂၄၁)

———————————————————–

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက် ထုတ် Bi Weekly Eleven Journal အမှတ် ၂၆ အတွဲ ၂မှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။ Comment လေးတွေ ရေးကြပါဦး လူကြီးမင်း အပေါင်းတို့ရေ…. အခုတစ်လော လာလည်သူ အင်အားက သိပ်လျော့မသွားပေမယ့် comment က သိသိသာသာ လျော့နေတော့ ပို့(စ်)တင်ရတာ ဘယ်လိုကြီးမှန်း မသိ၊ အားမလို အားမရ ဖြစ်နေရပါတယ်။ ပရိသတ်မင်းများဆီက ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ်၊ ယုတ်စွအဆုံး ဆဲတာလေးမှဖြစ်ဖြစ် မခံရဘူးဆိုရင် စာရေးတဲ့သူများမှာ အစာမကြေ ရင်မချောင် ဖြစ်ရတတ်တယ် ဆိုတာကို နားလည်ပေးတော်မူကြပါခင်ဗျာ။ ကျွန်တော့်ကို သနားသောအားဖြင့် ရေးကြပါနော်…
(သနားကြပါခင်ဗျား)