Skip to content

On Contemporary Burmese Literature

21 September 2009

KBC090910_5

ကြိတ်မနိုင် ခဲမရ

ဆူဒိုနင်


နိဒါန်း

၁၉၉၈ခုနှစ်၊ မိုးမိုး(အင်းလျား)အမှတ်တရ ဝတ္ထုတို ဆုပေးပွဲရယ်၊ ဆုပေးပွဲအပြီး နောက်တစ်ရက် ရှမ်းကန်-၃ စားသောက်ဆိုင်မှာ လုပ်တဲ့ ဆုရသူများနဲ့ မိတ်ဆုံစားပွဲရယ်မှာ ပြောဖြစ်နေကြတဲ့ စကားတွေကြောင့် အခုဆောင်းပါးကို ရေးဖြစ်သွားတယ်လို့ စကားပလ္လင်ခံလိုက်ချင်ပါတယ်။

မိုးမိုး(အင်းလျား) အမှတ်တရ ဝတ္ထုတို ဆုပေးပွဲများရဲ့ အစဉ်အလာအတိုင်း ဆုရွေးချယ်ရေး အဖွဲ့ဝင်များဟာ တက်ရောက်လာတဲ့ ပရိသတ် စိတ်ဝင်စားသည်ဖြစ်စေ၊ အိပ်ငိုက်နေသည် ဖြစ်စေ၊ ရယ်မောနေသည် ဖြစ်စေ၊ သန်းဝေနေသည် ဖြစ်စေ စဉ်းငယ်မျှ ဂရုမထားဘဲ သူတို့ တစ်နှစ်တာလုံးလုံး အောင့်ထားခဲ့ရသမျှ အတိုးချပြီး စကားမိုးတွေ တအိအိ ရွာချပါတယ်။ စနေမိုးလို မပြီးနိုင်၊ မစီးနိုင် ရွာသွန်းခဲ့တဲ့ သည်နှစ် စကားမိုးထဲမှာ ဆရာပါရဂူရဲ့ စကားတွေက ဝတ္ထုတို ရေးသူတွေ၊ ဝတ္ထုတိုကို သံယောဇဉ်ရှိသူတွေ၊ မြန်မာစာကို ချစ်သူတွေကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

စကားလုံးအတိအကျတော့ ကျွန်တော် မမှတ်မိဘူး။ ဆရာပါရဂူ့ စေတနာက မြန်မာ ဝတ္ထုတိုတွေ ကမ္ဘာ့အဆင့် မီစေချင်တဲ့ စေတနာလို့တော့ နားလည်ပါတယ်။ ဒါပေမယ့် ဆရာပါ ပြောတဲ့ စကားက နည်းနည်း ထွေးသွားတော့ မြန်မာ ဝတ္ထုရေးဆရာထဲမှာ အင်္ဂလိပ်လို ရေးတဲ့သူ နည်းတယ်ဆိုတဲ့ မှတ်ချက်ကြီးကသာ ငေါငေါကြီး ပေါ်လာခဲ့ပြီး အားလုံး ကသိကအောက် ဖြစ်သွားကြတယ်။ တစ်ဆက်တည်းမှာပဲ အိမ်နီးချင်း အိန္ဒိယမှာဆိုရင် အင်္ဂလိပ်လို ရေးတတ်သူတွေ များတဲ့အတွက် အိန္ဒိယ ဝတ္ထုတွေဟာ ကမ္ဘာ့စာပေမှာ တစ်နေရာ ရထားကြောင်းကိုပါ ဆရာပါက မြန်မာစာပေကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ပြောသွားပါသေးတယ်။

ဒါပေမယ့် အဲဒီ့ကတည်းက ကျွန်တော့် စိတ်ထဲ ဘဝင်မကျဘူး။ နောက်တစ်ရက်ကျတော့ ရှမ်းကန်မှာ လုပ်တဲ့ မိတ်ဆုံစားပွဲမှာ သည်ကိစ္စက တစ်ပတ် လည်လာတယ်။ ဆရာပါခမျာ သူပြောတာ ဟိုလိုမဟုတ်ဘူး၊ သည်လိုပါလို့ ပြန်ရှင်းရပါတော့တယ်။

ဖြစ်ချင်တော့ အဲဒီ့ပွဲမှာ ရှိနေတဲ့ ဆရာ ဦးအောင်သင်းကလည်း တစ်စခန်း ထတယ်။ ဆရာပါက မြန်မာဝတ္ထုတွေကို အင်္ဂလိပ်ဘာသာပြန်ဖို့လည်း လိုအပ်နေတယ်လို့ အပြောမှာ ဦးအောင်သင်းက ထတဲ့ပြီး ကျွန်တော့်ကို လက်ညိုး ငေါက်ငေါက်ထိုးလို့ သူ့ ပင်ကိုဟန်အတိုင်း မာန်ပါပါနဲ့ “အဲဒါ မင့်အလုပ်၊ မင်းလုပ်ရမယ့် အလုပ်ကွ“လို့ ဆော်ထည့်လိုက်ပါရောလား။

ဂျာနယ်တစ်စောင်မှာတောင် သည်ကိစ္စက ကျွန်တော့် မျက်ခွက်ကို အနီးကပ် ရိုက်တဲ့ ပုံကြီးနဲ့၊ “ဦးအောင်သင်းက ယုံကြည်စွာ တာဝန်ပေးအပ်ခြင်း ခံရသူ”ဆိုတဲ့ ပုံစာကြီးနဲ့ တွေ့လိုက်ရသေးတယ်။ ကလေးပြော ပြောရရင်တော့ “စိတ်ညစ်တဲ့အထဲမှာ အဲဒါလည်း ပါတယ်”လို့ ကြုံးအော်မိမတတ်ပါပဲ။

အဲဒီ့ပွဲမှာတော့ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ပြောတန်သလောက် ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် သည်ကိစ္စဟာ လိပ်ခဲတည်းလည်းနဲ့ ရင်ထဲမှာ ကျန်နေဆဲမို့ စာဖတ်သူအများ ဖတ်ရအောင် ရေးလိုက်ရပါတော့မယ်။ အထူးသဖြင့် ဝတ္ထုတိုအပေါ် သံယောဇဉ်ရှိသူ အများစုကို ကျွန်တော် ပြောချင်နေမိတဲ့စကားတွေပါ။

မြန်မာစာပေကို အင်္ဂလိပ်လိုရေးဖို့ကိစ္စ

ပထမဆုံးအချက်က အဲဒီ့ပွဲမှာပဲ ဆရာကျော်ရင်မြင့်က ပြောသွားပါတယ်။ မိုးမိုး(အင်းလျား) အမှတ်တရ ဝတ္ထုတို ပြိုင်ပွဲ ကျင်းပခဲ့တာ ၅ နှစ် ရှိပြီ ဖြစ်ပေမယ့် ဆုရ ဝတ္ထုတွေကို ကြည့်လိုက်ရင် လွန်ခဲ့တဲ့ ၅နှစ်က ဝတ္ထုတိုတွေထက် သိသိသာသာ တိုးတက်လာတာ မတွေ့ရတဲ့အကြောင်း သူက အကျယ်တဝင့် ပြောသွားတာပါ။

ဆရာပါက မြန်မာဝတ္ထုတွေကို နိုင်ငံတကာအဆင့် မီစေချင်တယ်၊ ဆရာကျော်ရင်မြင့်က မြန်မာ ဝတ္ထုတိုတွေဟာ လွန်ခဲ့တဲ့ ၅  နှစ်ကအတိုင်းပဲ ရှိနေသေးတယ်လို့ သုံးသပ်တယ်။  တရားကိုယ်အားဖြင့် တူပါတယ်။

ဝတ္ထုတိုအကြောင်း ဘာမှ မပြောခင် ဆရာပါ လွဲနေတာကို အရင်ဆုံး ပြောပါရစေ။ (ဟိုပွဲမှာတော့ ပြောခဲ့ပြီးပါပြီ။)

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်လို ရေးနိုင်တဲ့ စာရေးဆရာတွေ ပေါများတဲ့ ကိစ္စပါ။ ဒါက ကျွန်တော်တို့ ဘယ်လိုမှ အားကျစရာ မလိုသလို လိုက်လို့လည်း မမီနိုင်တဲ့ ကိစ္စမို့ လွဲနေတယ်လို့ ပြောလိုက်ရတာပါ။

အိန္ဒိယနိုင်ငံက ကြီးသလောက် လူမျိုးကွဲတွေ၊ အယူကွဲတွေ၊ ဇာတ်ကွဲသူတွေ အများကြီးပါ။ ကျွန်တော်တို့မှာ တိုင်းရင်းသား လူမျိုးပေါင်း ၁၁၃ မျိုး ရှိတယ်ဆိုရင် သူတို့ဆီ မှာ ၁၁၃၀ လောက် ရှိပါလိမ့်မယ်။ ဘာသာစကားကလည်း  အမြောက်အများ ကွဲပြားပါတယ်။ သည်အခြေအနေကြောင့် အိန္ဒိယဟာ လွတ်လပ်ရေး ရခဲ့တာ နှစ် ၅၀ ကျော် ကြာခဲ့ပေမယ့် ယနေ့အထိ အင်္ဂလိပ်စာကို ရုံးသုံး ဘာသာစကားအဖြစ် တရားဝင် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကျောင်းတွေမှာလည်း ဘာသာစုံ အင်္ဂလိပ်လိုသာ သင်ကြားပါတယ်။

သည်အတွက် အိန္ဒိယက စာတတ်သူတွေ အားလုံးဟာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားနဲ့ ယဉ်ပါးနေကြတာ အဆန်း မဟုတ်ပါဘူး။ သူတို့ စာရေးဆရာများလည်း အတူတူပါပဲ။ သူ့မိခင်ဘာသာစကား (ဥပမာ – ဟင်ဒီဘာသာ) နဲ့ ရေးမယ်ဆိုရင် သူ့နိုင်ငံထဲက ဟင်ဒီစာ တတ်သူ လူနည်းစုသာ ဖတ်ခွင့်ရမှာပါ။ အင်္ဂလိပ်လို ရေးမှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖတ်ရမှာပါ။

ကျွန်တော်တို့က “မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား”ဆိုတဲ့ မျိုးချစ်စိတ် အပြည့်နဲ့ တိုင်းပြည်မှာ နေကြသူတွေပါ။ အဲတော့ ကျွန်တော်တို့ စာရေးဆရာတွေ မြန်မာလိုပဲ ရေးနိုင်နေတာ မဆန်းပါဘူး။ သူတို့လိုသာ မိခင် ဘာသာက တစ်ခု၊ ရုံးသုံးဘာသာက ဥရောပ ဘာသာစကား တစ်ခုခု ဖြစ်နေမယ်ဆိုရင်တော့လည်း တစ်မျိုးပေါ့။

ဒါကြောင့် သူတို့စာရေးသူတွေ အင်္ဂလိပ်လို ရေးတာကို အားကျခိုင်း၊ အတုယူခိုင်းမယ်ဆိုရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်တာမို့ သည်အချက်ကို လွဲနေတယ်လို့ ပြောလိုက်ရတာပါပဲ။ ဒါမှမဟုတ် ဆရာပါ သတိ လစ်သွားတယ်လို့ ပြောနိုင်ပါတယ်။

ဆရာဦးအောင်သင်းပြောတဲ့ ဘာသာပြန်ကိစ္စကိုတော့ ဝတ္ထုအကြောင်း ပြောပြီးမှ ဆက်ပါတော့မယ်။

မြန်မာဝတ္ထုများရဲ့အခြေအနေ

သည်ပွဲမှာ ဝတ္ထုတိုကို အဓိကထားပြီး ပြောသွားကြတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ ဝတ္ထုတို၊ ဝတ္ထုရှည် ခွဲမနေတော့ဘဲ မြန်မာဝတ္ထုလို့ပဲ အားလုံး ခြုံပြီး ပြောချင်ပါတယ်။

ဝတ္ထုတို ရွှေခေတ် ရောက်ပြီ၊ ဘာ၊ ညာဆိုတာ တစ်ချိန်က အတော် ကျယ်ကျယ်လောင်လောင် ပြောခဲ့ကြတဲ့ စကားတွေပါ။ ပန်းတိုင် မရောက်သေးဘူး၊ တက်ထောင်ချင်တဲ့ အသံမျိုးတွေပါ။

ကျွန်တော် ခဏ၊ ခဏ စဉ်းစားနေမိတယ်။ လူကျတော့ ပျော့စိစိနဲ့၊ နာမည်ကျတော့ “သံခဲ”လို့ အပေးခံရတဲ့ ကလေးလို ကျွန်တော်တို့မှာလည်း ဘုန်းမရှိဘဲနဲ့ တုံးများ ပိနေသလား ဆိုတာကိုပါ။ အခုလည်းကြည့်… ဝတ္ထုတိုလေးတွေ ရေးတဲ့ သူလည်း နည်းနည်း များလာရော၊ ဝတ္ထုတို ရွှေခေတ်တွေ၊ ဘာတွေ လျှောက်အော်လိုက်ပါရောလား။

အခုကျတော့ ဝတ္ထုတိုတွေ ဘယ်နားရောက်နေလဲ။ အဲဒီ့ အော်ခဲ့သူတွေကို တိုးတိုးလေး ကပ်မေး ကြည့်ချင်နေမိပါတယ်။

အလားတူပဲ၊ ဝတ္ထုရှည်ကရော လောက်လောက်လားလား၊ ဘယ်နှစ်ပုဒ် ထွက်လာခဲ့လို့လဲ၊ ပရိသတ် ရင်မှာ တင်ကျန်ရစ်လို့လဲ။ ခြစ်ခြစ်ကုပ်ကုပ် ရေမှ ၁၉၈၈ကနေ ၁၉၉၈ ၁၀နှစ်တာ ကာလအတွင်းမှာ ဆရာမဝင်းဝင်းလတ်ရဲ့ “အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ”လေး တစ်ပုဒ်ပဲ အဟုတ် ကျန်ရစ်တာ ရှိတယ်။

ရေးနေတဲ့သူတွေကတော့ ရေးနေကြတာပဲ။ အားထုတ်နေသူတွေကလည်း အားထုတ်နေကြတာပဲ။ ဝတ္ထုတို ရေးဖို့ ကြိုးစားသူတွေ များလာတယ်။ ရေးဟန် ကောင်းကောင်းနဲ့ ပိုင်ပိုင်နိုင်နိုင် ရေးတတ်သူတွေလည်း ပေါလာတယ်။ ဒါကို ကျွန်တော်တို့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဘယ်နှပုဒ် ကျန်ရစ်သလဲ။

ဥတ္တရလမင်းအဖွဲ့က ခံစားသူအကြိုက် မဂ္ဂဇင်း ဝတ္ထုတိုများ ဆိုပြီး ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇ ရယ်လို့ နှစ်နဲ့ပိုင်းပြီး ထုတ်တယ်။ ပထမ နှစ်နှစ်မှာ နှစ်အုပ် ထုတ်နိုင်ပေမယ့် ၁၉၉၇ ခုနှစ် အတွက်ကျတော့ တစ်အုပ်ပဲ ထွက်လာနိုင်ခဲ့တယ်။ ဥတ္တရလမင်းအဖွဲ့က ရေးတဲ့ အမှာစာမှာလည်း ပါတယ်။ သူတို့ စိတ်ကြိုက်က သည်လောက်ပဲ ရှိတော့လို့တဲ့။ စာဖတ်သူအနေနဲ့ ခံစားလို့ရတာ အဲသလောက်ပဲ ရှိတော့သတဲ့။ ရှင်းရော…

ကျွန်တော်ကတော့ ဝတ္ထုတိုတွေ မဖတ်ဖြစ်တာတောင် အတော်ကြာပြီ။ မဖတ်ဆို၊ ကျွန်တော့်အတွက် ဘာမှ မထူးလို့ပါပဲ။ ခံစားလို့ မရဘူးဆိုရင် ပိုမှန်မလားပဲ။ ပိုဆိုးတာက စာရေးတဲ့သူတွေကို သိသွားတာပါ။ စာထဲမှာ သိနေရတုန်းက အကောင်း၊ လူချင်း သိတဲ့အခါကျတော့မှ ကိုယ် ထင်ထားတဲ့ ဆရာနဲ့ တခြားစီ ဖြစ်နေတာ မျက်ဝါးထင်ထင် မြင်ဖြစ်ပြီး တရားမင်ခဲ့မိသမျှ အောင်မယ်မင်း၊ မှားပါပေါ့ အရပ်ကတို့ရယ်တွေ ဖြစ်တာများတော့ တော်ရုံဆို ဖတ်ကို မဖတ်ချင်တော့ဘူး။ လူလစ်ရင် လစ်သလို ခွက်ပုန်း ချတတ်မှန်း သိနေတော့လည်း လူထူရင် ဘုရားတရားအကြောင်း မနားတမ်း ပြောတတ်သူရဲ့တရားကို ဘယ်လိုမှ နာလို့ မရသလိုပါပဲ။

သည်ကြားထဲကမှ လူပြော သူပြောများတဲ့ ဝတ္ထုလေးတွေဆို ဖတ်မိတယ်။ သိပ်ကောင်း၊ အဟုတ်ကောင်း၊ တကယ်ကောင်း ဆိုတာတွေပါ။

အဲဒီ့မှာ ဘာသွားတွေ့သလဲဆိုတော့ ဝတ္ထုတိုဆရာတွေဟာ ဝတ္ထုတို ရေးတဲ့ အလုပ် မလုပ်တော့ဘဲ ကာတွန်းဆရာ့ အလုပ်၊ လူရွှင်တော့် အလုပ်ကို ဝတ္ထုတိုဆိုတဲ့ ခေါင်းစဉ်အောက်က လုပ်နေတယ်လို့ သွားမြင်တော့တာပါ။ ဆိုကြပါစို့၊ သူတို့နဲ့ မတည့်တဲ့သူ တစ်ယောက်ရှိတယ်။ အဲဒီ့သူကို စောင်းချိတ်ပြီး ရေးတာမျိုး၊ ဒါမှမဟုတ်လည်း စာဖတ်သူ အများစု မနှစ်မျို့လောက်ဘူးလို့ တွက်ထားတဲ့ အရာတစ်ခုခုကို ကလော်သလိုလို၊ ထေ့သလိုလို ငေါ့သလိုလို ရေးတာမျိုး။ အဲဒါက တက်ကို မလာတော့ဘူး။ (ကျွန်တော်ကိုယ်တိုင်လည်း အဲလို ဝတ္ထုတိုတွေ ရေးခဲ့ဖူးတာ ဝန်ခံပါတယ်။)

အမှန်က အဲလို အလုပ်မျိုးဆိုတာ ဝတ္ထုတိုဆရာရဲ့အလုပ် မဟုတ်ပါဘူး။ ကာတွန်းဆရာတို့၊ သရော်စာရေးသူတို့၊ လူရွှင်တော်တို့ လုပ်ကြပါလိမ့်မယ်။ ဝတ္ထုဆိုတာက လူအကြောင်း ရေးတာ။ လူဆိုရာမှာ ငဖြူ၊ ငမည်း မရှိဘူး၊ လူ မျိုး၊ ဘာသာ မရွေးဘူး၊ ချမ်းသာ ဆင်းရဲ မရွေးဘူး။ လူ့သဘာဝ လူ့စရိုက်ကို ထင်ရှားအောင် ဖွဲ့ဆိုနိုင်မယ်ဆိုရင် အဲဒါ ဝတ္ထု  ဖြစ်လာပါလိမ့်မယ်။

အခုဟာက လက်ဝဲတိမ်း ဝတ္ထုတိုတွေ ခေတ်စားချိန် ကာလတုန်းကလို ဘဝသရုပ်ဖော် စာပေဆိုရင် ဆင်းရဲ မွဲတေတဲ့ အနိဋ္ဌာရုံကို များများ ရေးမှဆိုတဲ့ အတွေးမျိုးတွေနဲ့ ပလူပျံအောင် ရေးခဲ့ကြတာမျိုးဖြစ်နေတယ်။ အဲဒီ့ ဆင်းရဲ မွဲတေတဲ့ဘဝကို ကျော်လွှားနိုင်အောင် ဘယ်လို လုပ်မယ်၊ ဘယ်လို စိတ်မျိုး၊ ဇွဲမျိုးတွေ ကိန်းသင့်တယ် စသဖြင့် စာရေးသူက ပြောမပေးဘူး၊ ပြောလည်း မပြောတတ်ဘူး။ သူတတ်တာက သူ့ဝတ္ထု ပုံနှိပ် ဖော်ပြခံရဖို့ရယ်၊ သူ့ကို ဘဝသမားလို့ ရေးဖော်တွေက ကျောသပ်ရင်သပ် လုပ်တာ ခံရဖို့ရယ်အတွက်ပဲ။ ကျန်တာတွေကတော့ အားထုတ်ရကောင်းမှန်းလည်း မသိဘူး၊ အားလည်း မထုတ်ဘူး။

အခုလည်း အလားတူပဲ၊ အစောင်းအချိတ်စာပေတွေ ခေတ်စားတယ်လို့ပဲ ပြောလိုက်ချင်ပါရဲ့။ ဟိုဝတ္ထုလေး ကောင်းလှချည့်ဆိုလည်း စောင်းထား၊ ချိတ်ထားတာ၊ သည်ဝတ္ထုလေး ဟုတ်လှချည့်ဆိုလည်း ကလော်ထား၊ ထေ့ထားတာက  တက်ကို မလာတော့ဘူး။

အဲဒါက ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက ကိစ္စတွေ။ အဲလို ပုဂ္ဂလိက ကိစ္စတွေနဲ့ ကျွန်တော်တို့ရဲ့ စာပေက နိုင်ငံတကာ အဆင့် ဘယ်မီနိုင်ဦးမှာလဲ။ အဲဒါကို မီစေချင်ဇောနဲ့ ဇွတ် မီခိုင်းနေရင်လည်း ခိုင်းတဲ့သူသာ ကိုယ့်ဇောနဲ့ ကိုယ် နှလုံးရောဂါ ရသွားပါလိမ့်မယ်။

ဝတ္ထုတိုကို သံယောဇဉ် ရှိတဲ့သူတွေ အားလုံး အတည့်အတိုင်း မြင်ကြစေချင်တာပါ။

လူနားမလည်အောင်ရေးတဲ့ကိစ္စ

နောက်တစ်ခုက လူနားမလည်အောင် ရေးတဲ့ ဝတ္ထုတွေ ကိစ္စ။ စာဖတ်တယ်ဆိုတာ စိတ်အညောင်းပြေအောင် ဖတ်ကြတာက များတယ်။ လူနားမလည်အောင် ရေးထားရင် သူ ဘာပြောချင်တာလဲဆိုတာ စဉ်းစားနေရတာကိုက ဝန်ပိုလာတယ်။ ပဟေဠိ ဖြေသလိုမျိုး အဖြေမှန် ရတဲ့အခါ ပျော်သွားတဲ့ ခံစားမှုမျိုးကတော့ အဖြေရှိတဲ့ စာတွေကို ဖတ်ရတဲ့အခါမှာ  ရှိနိုင်သပေါ့။ ဒါပေမယ့် တစ်ပုဒ်လုံး တစ်ကြောင်းမှ နားမလည်ဘဲ ဖတ်လိုက်ရပြီ ဆိုရင်တော့ နဂိုက ညောင်းနေတဲ့ စိတ်ဟာ လေးလံ ကိုက်ခဲလာပါတယ်။ အဲဒီ့အခါ အဲဒီ့စာမျိုးကို ပရိသတ် မဖတ်ပါဘူး။

အဲဒါ ပရိသတ်က နိမ့်လို့ဆိုပြီး အဲလိုစာမျိုး ရေးသူတွေ က ကိုယ့်အပြစ်ကို သူ့အပြစ် လုပ်ပြပါလိမ့်ဦးမယ်။ ကဲ…  ပရိသတ်က နိမ့်တယ်ဆိုရင် အဲဒီ့နိမ့်တဲ့ ပရိသတ်ကိုမှ အမြင့်စားတွေ သွားပေးတဲ့ သူကရော မူမှန်တယ်လို့ ဆိုနိုင်ပါ့မလား။ ခါးဝတ်အင်္ကျီတောင် ကိုယ်မှာ မကပ်တဲ့ စိတ္တဇ ဝေဒနာသည်ကို စိန်လက်စွပ် သွားပေးတယ်ဆိုရင် ပေးတဲ့သူလည်း မူမမှန်တဲ့ သဘောပါပဲ။

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အစရှိတဲ့ အနုသုခုမ အားလုံးဟာ ပရိသတ်ကို မီပြီး ရပ်တည်နေရတာပါ။ ပရိသတ်ကမှ အားမပေးရင် ဘယ်လိုမှ အသက်ရှည်မှာ မဟုတ်ပါဘူး။ ပရိသတ်အလိုကို မလိုက်ဘဲ ထင်တာ မြင်တာ စွတ်လုပ်လို့ စင်ပေါ်မှာ နေခွင့် ဆုံးရှုံးသွားလေတဲ့ အနုပညာသည်တွေ နယ်ပယ် ပေါင်းစုံမှာ အများကြီးပါပဲ။ အဲဒါကိုမှ ပရိသတ်ကို စော်စော်ကားကား၊ ကိုယ်ကမြ င့်နေတာ၊ ပရိသတ်က နိမ့်နေတာလို့ တွေးမယ်ဆိုရင်တော့ စိတ်ဝေဒနာ ခံစားနေရသူကို စိန်လက်စွပ် ကမ်းတဲ့ မူမမှန်သူနဲ့ သိပ်မကွာပါဘူး။

ပရိသတ်က နိမ့်တယ်လို့ ယူဆရင် ပရိသတ် လိုက်နိုင်တဲ့အဆင့်အထိ မိမိကိုယ်ကို နှိမ့်ချပြီး ကိုယ့်ဘက် ပါအောင် ဆွဲယူနိုင်မှ ပညာရှင် ပီသမှာပါ။

၉၈-ဒီဇင်ဘာထုတ် ရွှေအမြုတေ မဂ္ဂဇင်းထဲမှာ ဆရာ ဘိုဘိုလန်းစင်ရဲ့ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်ရတယ်။ မြန်မာဝတ္ထုကို မြန်မာ နားမလည်အောင် ရေးနေကြတဲ့ ခေတ်မှာ နိုင်ငံခြား ဝတ္ထုတွေကို မြန်မာ့နားနဲ့ အံဝင်အောင် ဖန်တီးနိုင်ခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းသို့ ဦးညွှတ်လျက် ဆိုလားပဲ၊ အဆုံးမှာ ရေးထားတာ။

မှန်ပါတယ်။ နိုင်ငံတကာစာပေ၊ အထူးသဖြင့် အင်္ဂလိပ် ဘာသာနဲ့ ရေးထားတဲ့ စာကြီးပေကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းက (မြန်မာ တစ်ယောက်အနေနဲ့) အင်မတန် နှံ့စပ်လှပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ သူ့ဘဝ တစ်သက်တာလုံးမှာ စာဖတ်သူကို သူတော်ကြောင်း၊ သူတတ်ကြောင်း ပြဖို့အတွက် လူနားမလည်အောင် ရေးတဲ့နည်းနဲ့ နည်းနည်းကမှ ဒုက္ခ ပေးမသွားခဲ့ပါဘူး။ သူ့ဝတ္ထုကို လူပြိန်း နားလည်အောင် ရှင်းရှင်းပြေပြေ ရေးပြခဲ့တာချည်းပါပဲ။

ကနေ့ အသက်နှစ်ဆယ်ကျော်၊ ခေတ်ရေစီးထဲမှာ ပျော် ရွှင် မျောပါနေသူ လူငယ်တစ်ယောက်ရဲ့လက်ထဲကို ဆရာကြီးရဲ့ ဦးစံရှား ဝတ္ထုထဲက စာမျက်နှာ ၃၀ လောက် ရှိတဲ့ ဝတ္ထုတို တစ်ပုဒ်ရယ်၊ ဆရာမောင်သာနိုးရဲ့ “ထင်းရူးပင်ရိပ်” ထဲက စာကြောင်းရေ ၃၀ လောက်သာ ရှိတဲ့ ဘာသာပြန် ကဗျာ တစ်ပုဒ်ရယ် ယှဉ် ဖတ်ခိုင်းကြည့်ပါ။ ပြီးတော့ ဘယ်လိုနေလဲလို့ မေးကြည့်ပါ။

အဖြေကို ကျွန်တော် ပေးစရာ မလိုဘူး ထင်ပါတယ်။

စေတနာအရာမှာ ဆရာမောင်သာနိုးလည်း ဆရာရွှေဥဒေါင်းထက် မလျော့တာကို နားလည်နိုင်ပါတယ်။ မြန်မာ စာဖတ် ပရိသတ်ကို ကမ္ဘာ့စာပေနဲ့ မိတ်ဆက် ပေးချင်တဲ့ စေတနာဇောပါ။ ဒါပေမယ့် ဆရာရွှေဥဒေါင်းက ကြောင်းကျိုး ဆီလျော်အောင် တွေးပြီး ဘယ်လို လုပ်ရမယ်ဆိုတာကို ရှင်းရှင်း ပြတ်ပြတ် သိတယ်၊ တစ်နည်းအားဖြင့် မဟာဗျူဟာကို နိုင်နင်းတယ်။

ဆရာနိုးကတော့ အသစ်ကို လုပ်ပြချင်တဲ့ ဇောက ကြီးနေတယ်။ ပရိသတ်ကို ငဲ့ဖို့ အထုံဝါသနာမပါဘူး။ ပရိသတ်ကို ဒါလေးမှ မသိရကောင်းလား၊ နားမလည်ရကောင်းလား ဆိုတဲ့ ကရုဏာ တစ်ဆနဲ့ ဒေါသော ၅ ဆ ရောထားတဲ့ ကရုဏာ ဒေါသောတွေ များနေတယ်။

သည်တော့ ဆရာနိုးရဲ့ စာထက် စာရင် ဆရာကြီးရဲ့စာတွေက လူတွေထဲကို ထဲထဲဝင်ဝင် ပျံ့သွားတယ်။ ဆရာနိုး စာကတော့ အဲဒီ့ဘက်ကို စိတ်သန်သူ လူနည်းစုကသာ  တခုတ်တရ ဖတ်ယူကြရတယ်။

ပြဿနာက ရှေ့ဆရာ တချို့က မွှေထားလိုက်ကြတော့ တော်ရုံတန်ရုံ စာပေဝါသနာပါသူ လူငယ်တွေအနေနဲ့ လူနားလည်အောင် ရေးမိရင်ပဲ လူငယ် မဟုတ်နိုင်တော့သလိုလို၊ လူနားမလည်အောင် ရေးမှပဲ ခေတ်မီတော့မလိုလို ထင်ကုန်ပြီး အတတ်ဆန်းထွင်၊ ကော့ကော်ကန်ကားတွေ လျှောက်လုပ်ပြနဲ့ လူနားမလည်အောင် ရေးတဲ့စာတွေက တစ်စခန်း ထလာတယ်။

သည်အခါမှာ ဝတ္ထုတို/ရှည်တွေထဲမှာ အကောင်းဆိုတာ မူးလို့မှ ရှူစရာ မရှိအောင် နည်းပါးလာပါတော့တယ်။

တကယ်ကောင်းရင်

သည်ဆောင်းပါးကို ရေးနေချိန်မှာပဲ ဖတ်သူ့အနှစ် မဂ္ဂဇင်းနဲ့ အာရှအပတ်စဉ် မဂ္ဂဇင်းတို့မှာ ကမ္ဘာကျော်နေတဲ့ ဗီယက်နမ် စာရေးဆရာမ တစ်ယောက် အကြောင်းနဲ့ တရုတ် စာရေးဆရာမ တစ်ယောက် အကြောင်းကို ဖတ်လိုက်ရတယ်။

သေချာတာတစ်ခုက အဲဒီ့ကမ္ဘာကျော် စာရေးဆရာမ နှစ်ယောက်စလုံးဟာ ဆရာပါ ပြောခဲ့သလို အင်္ဂလိပ်လို ရေးခဲ့လို့ ကမ္ဘာကျော်သွားတာ မဟုတ်ပါဘူး။ သူတို့ မိခင်ဘာသာစကားတွေဖြစ်တဲ့ ဗီယက်နမ်လို၊ တရုတ်လို ရေးခဲ့တာဖြစ်ပေမယ့် စာတွေက တကယ် ကောင်းနေတဲ့အတွက် ဘာသာ မပြန်ရ မနေနိုင်သူတွေ အလိုလို ပေါ်လာပြီး ဘာသာပြန်ပေးရာက ထင်ရှားသွားတဲ့သူတွေပါ။

မြန်မာဝတ္ထုလည်း အတူတူပါပဲ။ တကယ်သာ ကောင်းပါစေ၊ ပြန်ဆိုမယ့်သူတွေ အများကြီးရှိပါတယ်။ ပြန်လည်း ပြန်ခဲ့တဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။ အရေးကြီးတာက ကောင်းဖို့ပါ။

ကျွန်တော်နဲ့ဘာသာပြန်ကိစ္စ

ဆရာဦးအောင်သင်းက ကျွန်တော့်ကို အဲဒါ မင်းလုပ်ရမယ့် အလုပ်လို့ ပြောတာကတော့ ပုဂ္ဂိုလ်ရေး နည်းနည်း ဆန်ပါတယ်။ ကျွန်တော်က အင်္ဂလိပ်စာကို သေစာရှင်စာလောက် တတ်ပါတယ်။ အင်္ဂလိပ်စကားကို နေ့စဉ် ပြောဆို သုံးစွဲနေရတဲ့ အသိုင်းအဝိုင်းထဲမှာ ရောက်နေခဲ့တာ ကြာပြီဖြစ်သလို မြန်မာစာကို အင်္ဂလိပ်လို ပြန်ဆိုရတဲ့ အလုပ်ကိုလည်း အသက်မွေး ဝမ်းကျောင်းအရ ကြိုးကြား လုပ်ဖြစ်နေပါတယ်။

အဲဒါကို ရည်ညွှန်းပြီး ဆရာ ဦးအောင်သင်းက ပြောတာပါ။ ဆရာ ကျွန်တော့်ကို အထင်ကြီးတဲ့အတွက် ကျွန်တော် ကျေးဇူးတင်သလို ရှက်လည်း ရှက်လှပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တတ်တာက လူနားလည်အောင် ပြောနိုင် ရေးနိုင်ရုံလောက် အင်္ဂလိပ်စာ တတ်တာပါ။ ရသစာပေကို ဘာသာပြန်နိုင်ဖို့အတွက်က အဲလောက်နဲ့ မလုံလောက်ပါဘူး၊ မိခင်ဘာသာစကားလောက် နီးနီး တစ်ဖက်ကမ်းခတ် တတ်ပွန်နေမှ ဖြစ်တာပါ။ အဲလောက် မတတ်ကျွမ်းသေးမှန်း ကျွန်တော့်ကိုယ် ကျွန်တော် အသိဆုံးမို့ ဆရာသင်းက အဲလို ပြောချလိုက်တော့ ရှက်တယ်လို့ ရေးရတာပါ။

ဒါပေမယ့် အထက်မှာ ရေးခဲ့သလိုပါပဲ။ တကယ်သာ ကောင်းရင် ကျွန်တော် မပြန်လည်း ပြန်မယ့်သူတွေ ဟောတစ်ယောက် ဟောတစ်ယောက် ပေါ်လာမှာ သေချာပါတယ်။

မြန်မာဝတ္ထုများ နိုင်ငံတကာအဆင့်မီဖို့

အဲဒါအတွက်ကတော့ ကျွန်တော်တို့  မြန်မာ ဝတ္ထုတိုသမားတွေရဲ့ စိတ်ဓာတ်က အရင် စဖို့ လိုတယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။

နမူနာလေးနဲ့ ပြောပါရစေ။

တစ်ရက်က မျက်နှာဖြူ သံတမန် တစ်ယောက်ရဲ့ဧည့်ခံပွဲမှာ စာရေးသူတွေ တစ်လှေကြီးနဲ့ ဆုံပါတယ်။ အဲဒီ့ စာရေးသူတွေထဲမှာ နိုင်ငံခြားပြန် ကာတွန်းဆရာ၊ ဆောင်းပါးရှင်၊ ဝတ္ထုဆရာ၊ စာတည်းတွေ ပါသလို နိုင်ငံခြားကို သူတို့လိုပဲ အခမဲ့ သွားဖို့ အားထုတ်နေတဲ့ စာရေးသူတွေလည်း ပါပါတယ်။

ဧည့်ခံပွဲချိန်ရဲ့ အလယ် တည့်တည့်လောက်မှာ မျက်နှာဖြူ အမျိုးသမီးတစ်ယောက်က ဝင်လာပါတယ်။ သည်အခါ မှာ ကျွန်တော်နဲ့ စကားပြောနေသူ စာရေးဆရာက ကျွန်တော့် ခြေဖျားကိုတောင် တက်နင်းပြီး အဲဒီ့ မျက်နှာဖြူမကို အူယားဖားယား သွားနှုတ်ဆက်ပါတယ်။

သူတင်လားဆိုတော့ မဟုတ်ပါဘူး၊ ကျန်တဲ့ နိုင်ငံခြားပြန်များ၊ နိုင်ငံခြား သွားမယ့်သူများကပါ သူ့လိုပဲ အူယား ဖားယားပါ။ ဟိုခမျာမှာ ဧည့်ခံပွဲ ကျင်းပရာ အိမ်ထဲကို ဝင်ဖို့ကိစ္စမှာ မဝင်နိုင်သေးဘဲ သူ့ကို ဆီးပြီး အူယားဖားယား နှုတ်ဆက်နေသူများက ပိတ်နေတဲ့ အတွက်ကြောင့် အိမ်ပေါက်ဝမှာပဲ တစ်နေပါတယ်။ နောက်ဆုံးမှာ ဝိုင်းနေသူတွေကို ဇွတ်တောင်းပန်ပြီး အတင်း တိုးထွက်သွားမှ သက်သာရာ ရသွားရှာပါတော့တယ်။

ကျွန်တော့် မျက်စိထဲမှာ တော်တော့်ကို အချိုးမပြေတဲ့ အဖြစ်မို့ နှုတ်ဆက်ပြီး ပြန်လာသူ ကာတွန်းဆရာကို ခင်ဗျားတို့ကလည်းဗျာ၊ နည်းနည်းလေးမှ ဣနြေ္ဒ မရဘူးလို့ ကျွန်တော့် ထုံးစံအတိုင်း မနေနိုင်၊ မထိုင်နိုင် ပြောလိုက်မိရပါတယ်။

ကာတွန်းဆရာ ချက်ချင်း မျက်ထောင့်နီသွားပါတယ်။

“ခင်ဗျားတို့က ကျင့်ဝတ်တွေ သိနေတော့ မလွတ်လပ်ဘူးပေါ့။ ကျွန်တော်ကတော့ ရှင်းတယ်။ နှုတ်ဆက်ချင်တဲ့စိတ် ပေါ်လာတယ်၊ သွား နှုတ်ဆက်တယ်၊ ဘာဖြစ်လဲ။ ကျွန်တော်က မြန်မာပဲ၊ မြန်မာဟာ မြန်မာစိတ်ပဲ ရှိတယ်”လို့ ပြန်ပြောပါတယ်။

အားပါး၊ အကြီးကြီးပဲ။ မျက်နှာဖြူတို့ရဲ့ဧည့်ခံပွဲအလယ်မှာ ဇာတိမာန် တက်ကြွနေသူရဲ့ မာန်အပြည့်နဲ့ အသံကို အခုလို ကြားလိုက်ရတာဟာ ငိုအားထက် ရယ်အားသန်ပါပဲ။

ကျွန်တော့် ခြေဖျားကို တက်နင်းသွားသူ စာရေးဆရာကတော့ သူ့ထုံးစံအတိုင်း စပ်ဖြီးဖြီးနဲ့ ကျွန်တော်တို့ကို စာသင်ပေးတဲ့ ဆရာမမို့ သွား နှုတ်ဆက်တာပါလို့ ပြောပါတယ်။

ကျွန်တော် မပြောချင်တော့ဘူး။ စာရေးဆရာများရဲ့ အင်္ဂလိပ်စာ သင်တန်းဆိုတာ ၂လ၊ ၃လသာသာပဲ ကြာတာပါ။ ထားပါ၊ ဘယ်လောက်ကြာကြာ၊ ဆရာဟာ ဆရာပဲမို့ မြန်မာစိတ်နဲ့ ဂါရဝပြုတယ် ဆိုတာအထိ ကျွန်တော် လက်ခံပါတယ်။

ခက်တာက ဟိုဆရာမက မျက်နှာဖြူမ။ အသက်ကလည်း ဘာမှ ရှိဦးမှာမဟုတ်ဘူး၊ အလွန်ဆုံးမှ အစိတ်၊ ၃၀ လောက် ရှိမှာ။ နောက်တစ်ခုက အဲဒီ့ ဧည့်ခံပွဲမှာ လူကလည်း များများစားစား ရှိတာ မဟုတ်ဘူး။ လွန်ရော၊ ကျွံရော အစိတ်၊ ၃၀ လောက် ရှိတာ။ အခန်းလေးက ကျဉ်းကျဉ်းလေးရယ်။ အိမ်ထဲ ရောက်အောင် စောင့်ပြီးမှ၊ သူ့ဘာသာ နေသားတကျ ဖြစ်အောင် စောင့်ပြီးမှ ဂါရဝပြုရုံမကလို့ လက်အုပ်ပဲ ချီချီ ကျွန်တော့်အပူ တစ်ပြားဖိုးမှ မပါပါဘူး။

အခုတော့ဗျာ… မိမိရဲ့ ဂါရဝတရားက တစ်ဖက်သားမှာ အနှောင့်အယှက် ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာတောင် မစဉ်းစားဘဲ ကဲနေကြလေတော့ ဟိုခမျာ အပေါက်ဝမှာ တစ်လစ်ကြီး ဖြစ်နေပါတယ်။ မြန်မာစာပေနယ်က တချို့သော ဆရာများ  (ဆရာမတွေလည်း ပါတယ်နော်) မျက်နှာကြီး ဆာပုံကတော့  အံမယ်မင်း… ကျွန်တော်ဖြင့် မြင်ရတာနဲ့ကို ရှက်နေပါတော့တယ်။

ကျွန်တော်လည်း အဖေ ဗမာ၊ အမေ ဗမာဆိုတဲ့ မြန်မာလူမျိုးစစ်စစ်ပါပဲ။ ကျွန်တော့်ဇာတိမာန်က မျက်နှာဖြူကို ဘယ်တော့မှ မျက်နှာချို မသွေးဘူးဆိုတဲ့ သတိအပြည့်နဲ့ ဇာတိ မာန်မျိုးပါ။ သူတို့ကို လူတွေလို့ပဲ မြင်ပါတယ်။ သူတို့က တန်းတူရည်တူ ဆက်ဆံရင် ကျွန်တော် တန်းတူ ဆက်ဆံမယ်၊ သူတို့က ယဉ်ကျေးရင် ကျွန်တော်လည်း ယဉ်ကျေးမယ်၊ သူတို့ ရိုင်းပြရင် ကျွန်တော်လည်း ခပ်တင်းတင်းပဲ နေမယ် ဆိုတဲ့ စိတ်မျိုးနဲ့ ဇာတိမာန်ပါ။

ဆိုလိုတာက လူ့သိက္ခာ၊ လူ့မာန ရှိတဲ့ မြန်မာစိတ်ပါ။

မြန်မာစကား နားမလည်သူ တစ်ယောက်ကို မြန်မာလို သွားပြောတာဟာ အဓိပ္ပာယ် မရှိသလို မြန်မာစရိုက်နဲ့ လုံးဝ ခြားနားတဲ့ နိုင်ငံခြားသား တစ်ယောက်ကို မြန်မာစရိုက်အတိုင်း နှိမ့်ချ ရိုကျိုးပြနေတာဟာလည်း အင်မတန် ခွကျလှပါတယ်။ ပိုဆိုးတာက မြန်မာတွေရဲ့ ယဉ်ကျေးသမှုနဲ့ ရိုကျိုးတာကို နိုင်ငံခြားသားတွေက မြန်မာတွေဟာ အတော့်ကို ညံ့တာပဲ၊ ကျွန်ခံချင်တာပဲလို့ တွေးဖြစ်အောင် တွေးသွားတတ်ကြတာပါ။

မြန်မာတွေ အဲလို လုပ်လို့ ငါမှ ငါဆိုပြီး သွေးနားထင်ရောက်ကုန်တဲ့ မြန်မာတွေရော၊ နိုင်ငံခြားသားတွေရော ရိုက်သတ်လို့ မကုန်အောင် ပေါပါတယ်။

ဘေးချော်သွားပြီလို့ မတွေးကြပါနဲ့။

ကျွန်တော်တို့ စိတ်ဓာတ်တွေက ခုန ကာတွန်းဆရာ ခပ်တည်တည်နဲ့ အုပ်လိုက်တဲ့ မြန်မာစိတ်ဆိုတဲ့ ခပ်သိမ်သိမ်ငယ်ငယ် စိတ်မျိုးတွေနဲ့ ရှိနေလေသမျှ ကျွန်တော်တို့ လူမှုဘဝကို ရောင်ပြန်ဟပ်နေတဲ့ ဝတ္ထုတွေကလည်း သိမ်သိမ်ငယ်ငယ်နဲ့ လူတောသူတော မတိုးအောင် ဖြစ်နေတော့မှာပါ။

ဝတ္ထုတွေ နိုင်ငံတကာ အဆင့်မီချင်တယ် ဆိုရင် လူတွေကလည်း ပေမီ၊ ဒေါက်မီတဲ့ စိတ်နဲ့မှ ဖြစ်မှာပါ။ တစ်နည်းအားဖြင့် နိုင်ငံတကာ စိတ်၊ နိုင်ငံတကာ အတွေး၊ နိုင်ငံတကာ အမြင် ရှိနေဖို့ လိုပါတယ်။ နိုင်ငံတကာက လူတွေ ဘယ်လို တွေးကြသလဲ၊ နိုင်ငံတကာက လူတွေ ဘယ်လို စိတ်ထားကြသလဲ၊ နိုင်ငံတကာမှာ ဘယ်လို အမြင်မျိုးတွေနဲ့ နေကြသလဲဆိုတာ မပြတ် စူးစမ်းပြီး ကိုယ်တိုင် ကျင့်ကြံယူဖို့ပါ။

ပုံသဏ္ဍာန် သစ်ဖို့ထက် စိတ်ကူး သစ်ဖို့ လိုပါတယ်၊ အတွေးအမြင် သစ်ဖို့ လိုပါတယ်။ နိုင်ငံတကာဆိုရာမှာ အနောက်နိုင်ငံတွေချည်း မဟုတ်ပါဘူး၊ ဖွံ့ဖြိုးနေတဲ့ အရှေ့နိုင်ငံများပါ ပါဝင်ပါတယ်။

ပြောစရာ တစ်ခုတော့ ရှိပါတယ်။

မင်း သည်လောက် ပြောနေတာ၊ မင်းကိုယ်တိုင် ပေမီ ဒေါက်မီ ဝတ္ထုတွေ ရေးပါလားဆိုတဲ့ စကားမျိုးပြောလာရင်တော့ ကျွန်တော့်မှာ ဝန်ခံစရာ ရှိပါတယ်။ ကျွန်တော် အင်မတန် ဝတ္ထု ရေးချင်ပါတယ်၊ ဒါပေမယ့် ဝတ္ထု ရေးနိုင်တဲ့ အနုပညာအားမျိုး ကျွန်တော့်မှာ  ခိုင်ခိုင်မာမာ မရှိဘူး ဆိုတဲ့အကြောင်းပါ။

နောက်တစ်ခုက အထက်မှာ ဆရာနိုးအကြောင်း ပြောတုန်းက ရေးချလိုက်သလို ကျွန်တော်ကိုယ်တိုင်လည်း ကရုဏာ တစ်ဆ၊ ဒေါသော ၅ ဆလောက်နဲ့ သည်ဆောင်းပါးကို ရေးတာပါလို့ ဝေဖန်ကြမယ်ဆိုလည်း ကျွန်တော်ကတော့ ပျော်ပျော်ကြီး ဝန်ခံလိုက်ပါဦးမယ်။

မှန်ပါတယ်။

ကျွန်တော်တစ်ယောက် ဒေါသတွေ ပေါက်ကွဲနေခဲ့တာ တော်တော့်ကို ကြာခဲ့မှကိုး။      ။

———————————

(၁၉၉၉ခုနှစ် နှစ်ဦးပိုင်းထုတ် “ရွှေအမြုတေ” မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။ သည်ဆောင်းပါးရဲ့ သက်တမ်းက ဆယ်နှစ် ရှိပါပြီ။ သို့ပေမယ့် ဆောင်းပါးပါ အနေအထားက တက်လာပြီ မလာဘူးဆိုတာလည်း အားလုံး ချိန်ဆနိုင်ကြလိမ့်မယ်လို့ မမှိတ်မသုန် ယုံကြည်နေပါတယ်။)

Advertisements
2 Comments leave one →
  1. 22 September 2009 2:44 am

    ဆရာရေ …
    ဆရာ့ဆောင်းပါနဲ့ ပတ်သက်ပြီး ပြောချင်တာတွေက အများကြီး။ ရှည်ရှည်ဝေးဝေး ကွန်မန့်ရေးပြီးမှ မတင်ချင်တော့တာနဲ့ ပြန်ဖျက်လိုက်ပါတယ်။
    ဆရာ့အီးမေးလ် လိပ်စာ သိချင်ပါတယ်။ သရဖူမဂ္ဂဇင်းထဲမှာ ဆရာဖော်ပြထားတယ်ဆိုတာ သိပေမဲ့ သရဖူကို လက်လှမ်းမမီတဲ့ နေရာကို ရောက်နေလို့ပါ။
    တခုလောက် ဒီထဲမှာပြောချင်တာက … ဆရာ့မှာ ၀တ္ထုရေးလောက်တဲ့ အနုပညာအား မရှိဘူး ဆိုတာကိုပါ။
    သရဖူမှာ ရေးခဲ့တဲ့ ဇာတ်လမ်းတွေအရ … ဆရာ့မှာ အနုပညာအားက ရှိနေပါတယ် … ရေးဖို့သာ လိုပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ရှင်။

  2. komyintmyat permalink
    22 September 2009 6:23 pm

    ဆယ်စုနှစ်ကြာသော်လည်း မပြောင်းလဲလာဘူးဆိုတာက အကျင့်တွေက အရိုးစွဲနေပြီလေဆရာရဲ့။ ကျွန်တော်တို့ အစစအရာရာ အပြောင်းအလဲလုပ်ဖို့လိုအပ်နေပါတယ်။ ဘယ်နေရာကနေစပြောင်းရမလဲလို့ မေးလာမယ်ဆိုရင်တော့… အားလုံး စည်းစည်းလုံးလုံးဖြစ်ဖို့ကနေ စဖို့လိုမယ်ထင်ပါတယ်။ ဒီလူက ဟိုလူ့ကို အပြစ်ပြော ဟိုလူက ဒီလူ့ကို ပြန်အပြစ်ပြောနေတာတွေမလုပ်ကြတော့ပဲ။ ဟိုလူကို ဒီလူက လမ်းညွှန်။ ဒီလူကို ဟိုလူက ပြန်လမ်းညွှန်ခြင်းကနေအစပြုရင် မကောင်းပေဘူးလားခင်ဗျာ။ ကျွန်တော်တို့အားလုံးဟာ တစ်ခရီးတည်းသွားနေကြသူတွေအချင်းချင်းပါပဲခင်ဗျာ။ ကမ္ဘာမှာ မြန်မာဟေ့ဖြစ်ဖို့က အဓိကပဲမဟုတ်လားခင်ဗျ။ သူ့ကို ကိုယ်ကလေးစား သူလေးစားအောင် ကိုယ်ကနေထိုင်…. အဲ့ဒီလိုသွားကြရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ ကျွန်တော်ဆိုလိုတာ မြန်မာစာပေတစ်ခုတည်းမဟုတ်ပါဘူး။ နိုင်ငံ့အရေး…. လူမှုရေး….အစစအရာရာမှာပေါ့….

    ကျွန်တော်ကိုယ်တိုင်လည်း သူများကို ထေ့ထေ့ငေါ့ငေါ့လေးပြောဆိုလိုက်ရမှ ထိထိမိမိရှိတယ်။ အာသာပြေတယ်လို့ ထင်နေသူတစ်ယောက်ပါပဲ။ အဲ့ဒီလို ထင်နေတာကိုက မှားနေတာလေ။ အဲ့ဒီအရသာကို ကြိုက်နေတာကိုက မှားနေတာလေ။ မှားမှန်းလည်းသိပါတယ်။ ပြောချင်ဇောများသွားတဲ့အခါမှာ ပြောဖြစ်၊ ပြောဖြစ်တဲ့အခါမှာ အဲ့ဒီလို ထေ့ထေ့ငေါ့ငေါ့တွေပါသွားရော…. တစ်ဖက်သား နားဝင်မလွယ်။ နားဝင်မလွယ်တော့ မပြင်….

    နားဝင်လာအောင် ပြောတတ်ဆိုတတ်ဖို့ ကျွန်တော်တို့ ကျင့်ကြရအောင်….. ဂရုဏာဒေါသမဟုတ်ပဲ…. ဂရုဏာတွေချည်းပဲပေးကြရအောင်လားခင်ဗျာ။

    ဒီနေရာမှာ ဒီလိုလေးလိုနေတယ် ဒီလိုလေးပြင်လိုက်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ဘယ်လိုပြင်ရင်ကောင်းမယ်ထင်ကြပါသလဲ ၀ိုင်းဝန်းအကြံပေးကြပါဦးဆိုတာမျိုးလေးတွေ ပြောင်းရေးရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်ခင်ဗျာ။

    ဆရာ နမူနာပြထားတဲ့အထဲက ကာတွန်းဆရာ….စာရေးဆရာတို့ကိုလည်း အခြားသောနည်းလမ်းနဲ့ နားဝင်လွယ်အောင် မည်ကဲ့သို့ပြောဆိုပြီး သူတို့ပြင်ချင်လာအောင် ပြင်ဖြစ်သွားအောင်အတွက် မဟာဗျူဟာလိုပါလိမ့်မယ်ခင်ဗျာ။ ထိုမဟာဗျူဟာကိုတော့ ဆရာရှာဖွေနိုင်မည်ဟု ကျွန်တော်ထင်ပါတယ်။ ဘယ်သူ့ကို ဘယ်လိုပြောလို့ရပြီး ဘယ်သူ့ကိုတော့ ဘယ်လိုပြောမှရမယ်ဆိုတာ တစ်ယောက်ချင်းနဲ့ဆိုင်မယ်လို့ထင်ပါတယ်။

    ကျွန်တော် ဒီ commnet ကိုရေးတာ အချိန် ၁ နာရီကျော်ကြာပါတယ်။ ကျွန်တော့် comment ဒီနေရာမှ ရပ်ပါရပါစေခင်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: