Heated Discussion

Mexico White Tigersကျွန်တော့်ရဲ့ “ကြိတ်မနိုင် ခဲမရ” (On Contemporary Burmese Literature) ဆိုတဲ့ ပို့(စ်)မှာ ကျွန်တော့်ထက် ဘလော့ဂါ ၀ါရင့်သူ ဆရာမ မေဓာဝီက comment ရေးပြီးမှ ပြန်ဖျက်ပစ်ခဲ့တယ်၊ ကျွန်တော့် email ကိုလည်း တောင်းခဲ့ပါတယ်။ ဆရာမကို ကျွန်တော် မေး(လ်)ပို့ခဲ့တယ်။ ဖျက်လိုက်တဲ့ comment ကိုလည်း နှမျောမိတဲ့အကြောင်း ရေးလိုက်မိသွားတယ်။ သည်အခါ ဆရာမဆီကနေ ကျွန်တော့်ဆီကို မေး(လ်) ပြန်ဝင်လာတယ်။ ဆရာမပြောတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ ကောင်းနေပေမယ့် ဆရာမက ဘလော့(ဂ်)မှာ မတင်စေချင်ဘူး။ ကျွန်တော်လည်း ဆရာမ ပြောတာကို ပြန်ဆွေးနွေးပြီး မေး(လ်)ပို့ရင်း ဘလော့(ဂ်)မှာ တင်ချင်တဲ့အကြောင်း ထပ်ပြောမိတယ်။ နောက်ဆုံးမှာ ဆရာမက ခွင့်ပြုလာတာမို့ ကျွန်တော်တို့ချင်းကြားက အပြန်အလှန် ဆွေးနွေးချက်တွေကို တင်လိုက်ပါတယ်။

ဘယ်သူနဲ့မှ ပြဿနာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ဆွေးနွေးအပ်တဲ့ အကြောင်းအရာတစ်ခုကို အခြေအတင် ဆွေးနွေးငြင်းခုန်ကြရင်း အဖြေကို ၀ိုင်းရှာကြစေချင်လို့ပါ။

အခု ပို့(စ်)ကို ဖတ်ဖြစ်သွားကြသူများ အားလုံးလည်း အားတက်သရော ၀ိုင်းဝန်းဆွေးနွေးကြစေချင်တာကတော့ အဓိက ရည်ရွယ်ရင်းပါပဲ။

ကဲ… ဆရာမ မေဓာဝီရဲ့ comment ပါ email ကို အရင်ဆုံး ဖတ်ကြည့်တော်မူကြပါခင်ဗျား။

< လွတ်လပ်စွာ သဘောထားကွဲလွဲပြီး ပျော်ရွှင်စွာ ဆွေးနွေးငြင်းခုန်ရတဲ့ အရသာကို  ခံစားဖြစ်အောင် ခံစားကြည့်လိုက်ကြစမ်းပါလားခင်ဗျာ >


From:     May Darwii

To:          ATK

Date:      Wed, Sep 23, 2009 at 2:22 AM

subject:  Deleted Long Comment

မြန်မာစာပေကို အင်္ဂလိပ်လို ရေးဖို့ ကိစ္စ ကျမလည်း စဉ်းစားမိဖူးတယ်။

အရင်တုန်းက ဆရာတချို့ ရေးခဲ့ကြဖူးတယ် ထင်တယ်။ ကျမ မှတ်မိသလောက် ဦးနုရေးတယ်၊ ဒေါ်ခင်မျိုးချစ် ရေးတယ်၊  အခုခေတ်မှာ မြန်မာတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်း နိမ့်သွားလို့များ မရေးကြတော့သလားလို့ တွေးမိဖူးပါတယ်။ စာပေတွင်မကဘူး ဂီတ (သီချင်း) ကိုပါ အင်္ဂလိပ်လို ဆိုစေချင်တဲ့ ဆန္ဒဖြစ်မိတယ်။ နိုင်ငံတကာ အဆင့်မီလို မီငြားပေါ့ ဆရာရေ။ မဟုတ်ရင် ကိုယ့်တိုင်းပြည်က အနုပညာတွေဟာ ၀ါးလုံးခေါင်းလေးထဲမှာ ကွက်ကွက်ကလေး သာနေတဲ့ လလို ဖြစ်နေသလားလို့ပါ။

အင်္ဂလိပ်စာက မိခင်ဘာသာစကားလည်း မဟုတ်၊ ရုံးသုံးလည်း မဟုတ်တော့ အင်္ဂလိပ်လို မရေးနိုင်တာ ခဏထား၊ မြန်မာစာကို မြန်မာလို ကျကျနန အဆင့်မြင့်မြင့် ရေးနိုင်ဖို့ကို အရင် တွေးကြည့်မိပြန်တယ်။  ကျမတို့ တိုင်းပြည်က မြန်မာစာသည် ဒို့စာ … စသဖြင့် ကြွေးကြော်နေပေမဲ့လို့ မြန်မာစာ မြန်မာစကားကိုလည်း ဟုတ်ဟုတ်ငြားငြား လေ့လာပြီး နားလည်တဲ့သူက အရှားသား။ အဲဒီလို ကြွေးကြော်သလို လက်တွေ့ ကိုယ့်စာကို ချစ်ပြီး ကိုယ့်စာ တန်ဖိုးကို မြှင့်တင်ကြမယ်ဆိုရင်တော့ ကောင်းပါရဲ့ ဆရာ။ ခုဟာက နာမည်ရ ဆရာ/မ တချို့တောင် မြန်မာ စကားပြေကို သဒ္ဒါမှန်မှန် အသုံးအနှုန်းမှန်မှန် ပြေပြစ်အောင် မရေးကြတော့ဘဲ မဟုတ်လား။

၁၉၉၀ကျော် ကာလတွေတုန်းက ၀တ္ထုတို ရွှေခေတ်ဆိုပြီး ကြွေးကြော်သံတွေ ကြားခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ၀တ္ထုကို အသားပေးတဲ့ မဂ္ဂဇင်းတွေလည်း များတာကိုး။ ကလောင်သစ်တွေ တင်ပေးတဲ့ မဂ္ဂဇင်းတွေလည်း ရှိတယ်။ နောက်ပိုင်းတော့ မဂ္ဂဇင်းဆို လေးရောင်ခြယ် ကြော်ငြာတွေနဲ့ ထူနေတဲ့ အထူထုတ် မဂ္ဂဇင်းမျိုးလောက်သာ ဈေးကွက်မှာ နေရာရပြီး ၀တ္ထုကို အသားပေးတဲ့ မဂ္ဂဇင်းမျိုးက ရောင်းတမ်း မ၀င်သလို ဖြစ်နေတော့ မြန်မာဝတ္ထု ရေးတဲ့သူတွေလည်း အားလျော့ပြီး မရေးကြတော့တာများလား စဉ်းစားမိပါတယ်။ ၀တ္ထုရှည်မှာ အောင်မြင်တဲ့သူတွေလည်း မဂ္ဂဇင်း ၀တ္ထုတိုတွေနဲ့ စရတာပဲမို့ ၀တ္ထုတို အထွက် နည်းရင် ၀တ္ထုရှည်လည်း အထွက်နည်းမယ်လို့ ထင်တာပဲ။

နောက်တခုက စာမူခ။

(ဆရာ) သော်တာဆွေ့ စာထဲမှာ ၁၉၅၀ ၀န်းကျင်လောက်တုန်းက သူရေးတဲ့ ၀တ္ထုအတွက် စာမူခ ၅၀၀ – ၆၀၀ လောက် ရတယ်လို့ ဖတ်ခဲ့ဖူးတယ်။ အဲဒီခေတ်က ၀တ္ထုတပုဒ် ရေးရင် တလလောက် ထိုင်စားနိုင်တယ်။

၁၉၈၉ မှာ ကျမရဲ့ ပထမဆုံး ၀တ္ထုတိုလေး အတွက် စာမူခ ၁၅၀ ကျပ် ရပါတယ်။ ကလောင်သစ်မို့ အဲဒီလောက်ပဲ ပေးတာလို့ ထင်ပေမဲ့ ကလောင် ၀ါရင့်ကြီးတွေကိုလည်း အဲဒီအချိန်က ၅၀၀ ထက်ပိုပေးတဲ့ မဂ္ဂဇင်း မရှိပါဘူး။ မှတ်မှတ်ရရ စားဖျော်က ထုတ်တဲ့ ရွှေဝတ်မှုန် မဂ္ဂဇင်းက ၃၀၀ ပေးလို့ တော်တော်လေး ၀မ်းသာခဲ့ရဖူးတယ်။ သက္ကရာဇ် ၂၀၀၀ ကျော်ကျော် ကာလတွေမှာတော့ စာမူခက ၁၅၀၀၊ ၂၀၀၀ လောက် ဖြစ်သွားပြီလို့ မှတ်မိနေပါတယ်။

စာမူခသည်လည်း စာပေဖန်တီးမှုကို တနည်းတဖုံ အကျိုးသက်ရောက်မှု ရှိတယ် မဟုတ်လား ဆရာ။ စာပေနဲ့သာ အသက်မွေးသူတယောက်ဟာ အရင်ခေတ်က တလကို ၃-၄ ပုဒ် စိတ်ကြိုက် ဆန်ခါတင် ရေးပြီး ထိုင်စားနိုင်ပေမဲ့ ခုခေတ်မှာတော့ အဲဒီလောက်နဲ့ အဆင်မပြေနိုင်တော့ဘူး။ ဒီတော့ များများ ရေးရမယ်၊ များများရေးတော့… quantity များသလို quality ကောင်းရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ ဆရာ။

လူနားလည်အောင် ရေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာပြောတာကို ထောက်ခံပါတယ်။ စကားပြေဆိုတာ ပြေပြစ် ချောမွေ့နေရမယ်။ လူတိုင်း နားလည်စေရမယ်လို့ သဘောပေါက်ပါတယ်။

ယေဘုယျ ပြောရင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် အခုအနေအထားက တက်မလာသေးပါဘူး။ ဒါပေမဲ့လည်း ဘာသာပြန်ရလောက်အောင် အဆင့်မမီတာ လုံးဝမရှိဘူးတော့လဲ မဟုတ်ဘူး ထင်ပါတယ်ဆရာ။

နောက်ပြီး … အခု ဒီဘက်နှစ်တွေမှာ ၀မ်းသာစရာ ကောင်းတာက ဘလော့တွေပေါ်လာတော့ လူငယ် လူရွယ် တော်တော်များများ စာရေး စာဖတ်ကို အရင်ထက်ပိုပြီး အာသန်လာကြတာ တွေ့ရတယ်။ ကိုယ့် အသိုင်းအ၀ိုင်းလေးထဲမှာ အချင်းချင်း အားပေးရင်းပဲဖြစ်ဖြစ် သူ့စာ ကိုယ့်စာ ဖတ်ကြပြုကြရင်း … မြန်မာစာကို စိတ်ဝင်စားလာကြတာ အားရစရာပဲ။

ဘလော့တွေကို ဆရာ လေ့လာကြည့်ပါ။ စာပေလောကမှာ နာမည်ရှိပြီးသားသူတွေ ရေးတဲ့ ဘလော့တွေကတော့ ပြောစရာ မရှိဘူးပေါ့လေ … တချို့ ၀ါသနာရှင်တွေ ရေးတာ မချီးကျူးဘဲ မနေနိုင်အောင် တော်တော်လေး ကောင်းပါတယ်။

နောက်တခုက ဆရာ ရေးထားတဲ့အတိုင်း နိုင်ငံခြားသား တယောက်ကို ၀ိုင်းပြီး တရားလွန် တရားမင်း ဂါရ၀ ပြုနေကြတာတော့ မကောင်းပါဘူး။ ဒီနေရာမှာ … ကျမကြားဖူးတာလေး တခုပြောပါရစေဦး။ ကျောင်းသားမိဘ တယောက် ပြန်ပြောပြတာပါ။ နွေရာသီ (***) ကျောင်းမှာ ကျောင်းတက်ပြီး အစိုးရကျောင်းလည်း ပုံမှန် တက်နေတဲ့ ကလေးတယောက်က (***) က နိုင်ငံခြားသား ဆရာမရှေ့က အဖြတ် ခါးလေးညွှတ် ခေါင်းလေး ငုံ့သွားတော့ အဲဒီဆရာမက ပြန်ခေါ်ပြီး လူအချင်းချင်း ဦးညွှတ်စရာမလိုဘူး မတ်မတ် လျှောက်ပြီး ပြန်ဖြတ်ပါလို့ ပြောသတဲ့။

ပြောပြသူက သူကိုယ်တိုင် မြင်ခဲ့ ကြားခဲ့ရတာပါ။ သူက အဲဒီလိုသာဆို မြန်မာ့ယဉ်ကျေးမှုတွေ လူ့ကျင့်ဝတ် နီတိတွေ ပျောက်ကုန်တော့မှာ စိုးရိမ်သတဲ့၊ အဲဒီကျောင်းမှာလည်း သူ့ကလေးကို မထားလိုတော့ဘူးလို့ ဆိုပါတယ်။

ဆိုတော့… ဆရာရယ်… မြန်မာတွေရဲ့ ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်တွေဟာ ဗုဒ္ဓဘာသာကို အခြေခံထားတာ မဟုတ်လား။ ဂါရဝေါစ နိဝါတောစ မင်္ဂလာကိုတော့ မပျောက်စေချင်ပါဘူး။ ကျမအခု အနောက်နိုင်ငံမှာ စာသင်နေတော့ ကျောင်းသားတွေက ဆရာကို မလေးစားကြတာတွေ အများကြီးတွေ့ရတယ်။ အဲဒီလိုတွေ မြင်ရရင် ဆရာဂိုဏ်းသင့်မှာ သူတို့ကိုယ်စား စိုးရိမ်မိပါတယ်။ ဆရာပြောသလို တအား လွန်လွန်ကဲကဲ လုပ်တာမျိုးကတော့ မဖြစ်သင့်ပါဘူး၊ ဂါရ၀တရားကနေ ဖားတဲ့ အဆင့် ဖြစ်သွားတာကိုး။

ဒီလိုပဲ မြန်မာစာပေမှာလည်း သိမ်သိမ်ငယ်ငယ် ရေးတာမျိုးမဟုတ်ဘဲ ဆင်းရဲတဲ့ ကျေးလက် ဒေသအကြောင်းလေးတွေပဲ ဖြစ်ဖြစ် ဖတ်ချင်စဖွယ် ရေးရင် ဘာသာပြန်လို့ အဆင်ပြေမယ် (အဆင့်မီမယ်) ထင်တာပါပဲ။ ဥပမာ ဆရာမ ခင်ခင်ထူးတို့လို့ ဆရာနေ၀င်းမြင့်တို့လိုပေါ့။ ချစ်ရာ မြတ်နိုးစရာ ကိုယ့်ယဉ်ကျေးမှုအကြောင်းလည်း နိုင်ငံတကာက သိစေချင်တယ်။ ဒါကြောင့် ကျမ သဘောကတော့ နိုင်ငံတကာစိတ် နိုင်ငံတကာ အတွေးအမြင်ကို တမင် လုပ်ယူမနေဘဲ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဒေသ ကိုယ့်နိုင်ငံ ကိုယ့်ပတ်ဝန်းကျင်က အဖြစ်အပျက် အမှန်တွေကို ရိုးရိုးသားသား ရေးရင် အဲဒီစာဟာ အဆင့်မီတဲ့ စာတပုဒ် ဖြစ်မယ် ထင်ပါတယ်။ ပြီးတော့ ၀တ္ထုရေးဆရာဟာ တက်ကျမ်းဆရာ မဟုတ်တဲ့အတွက် အောင်မြင်အောင် ကြီးပွား ချမ်းသာအောင် ဘယ်သို့ဘယ်ပုံ နေပါထိုင်ပါ ဆိုတာ သိသိသာသာ (အတုံးလိုက် အတစ်လိုက်) ရေးဖို့မလိုပါဘူး။ သူ့ ၀တ္ထုအလိုက် ဇာတ်ကောင်စရိုက် အမျိုးမျိုးကို ဖန်တီးပြီး ပြောချင်တာကို ခပ်ပါးပါး သရုပ်ဖော်သွားမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

တော်တော်လည်း ရှည်သွားပြီ ဆရာရေ … ။ ဒီမှာတွင် ရပ်လိုက်ပါတော့မယ်။ ဆရာဖတ်ဖို့သာ ပို့ပေးရကြောင်းပါ။ ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်ရှင်။

လေးစားစွာဖြင့်

မေဓာဝီ

အဲဒီ့ မေး(လ်)ကို ကျွန်တော် ပြန်ကြားခဲ့တာကတော့ သည်လိုပါ။

From:     ATK

To:          May Darwii

Date:      Wed, Sep 23, 2009 at 2:05 PM

subject:  Ref: Deleted Long Comment

အန်တီမေ

အန်တီမေ့ comment တွေမှာ စာပေနဲ့ ပတ်သက်လို့ ၀ိဝါဒကွဲစရာ မရှိပါဘူး။ ကျွန်တော် ဆွေးနွေးချင်တာက ကျောင်းသား မိဘတစ်ယောက် ပြန်ပြောပြတယ်ဆိုတဲ့ ကိစ္စလေးပါ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့်ကို ပစ္ဆိမာရုံစာသင်တိုက်မှာ ဖွင့်ထားတဲ့ အခမဲ့ ပညာဒါနသင်တန်းကနေ ဒုတိယအကြိမ် ခေါ်ပြီး ဟောပြောဖို့ ကမ်းလှမ်းလာပါတယ်။ ဘယ်သူတွေကို ဟောရမှာလဲဆိုတော့ ၁၀ တန်းအောက် ကလေးတွေတဲ့။ နွေရာသီ “ယဉ်ကျေးလိမ္မာ”သင်တန်းသားတွေတဲ့ကျွန်တော် ချက်ချင်းပဲ “မယဉ်ကျေးကြပါနဲ့၊ မလိမ္မာကြပါနဲ့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောရင် ရမလားလို့ မေးလိုက်မိတယ်။ လာဖိတ်တဲ့သူ လန့်သွားတယ်။ ကျွန်တော် ရှင်းပြလိုက်တော့ ဆရာရယ် တစ်ခုပဲ လုပ်ပါ၊ “မလိမ္မာကြပါနဲ့”လောက်ဆိုရင် မရဘူးလားလို့ ဈေးဆစ်တော့ ကျွန်တော် လျှော့ပေးလိုက်တယ်။ တကယ်လည်း အဲဒီ့ ခေါင်းစဉ်နဲ့ ဟောခဲ့ပါတယ်။

အန်တီမေ မျက်လုံး ပြူးနေပြီထင်တယ်။

ဟုတ်တယ် အန်တီမေ။ ကျွန်တော်တို့ ကလေးတွေကို “ဟန်တွေ၊” “အမူအရာတွေ” သင်ပေးနေတယ်လို့ ကျွန်တော် ခံစားနေရတာ ကြာပြီဗျ။ အင်မတန် ပျပ်ဝပ် ရိုသေတဲ့ ဟန်တွေနဲ့ ကိုယ်အမူအရာတွေပဲ သင်ပေးနေကြတာ။ ရှေ့တင်မှာ အထက်အရာရှိကို တအား ပျပ်ဝပ် ရိုကျိုးပြနေပြီး ကွယ်ရာကနေ “နွားကြီး”လို့ ခေါ်တာ ကျွန်တော် နားနဲ့ ဆတ်ဆတ် ကြားဖူးတဲ့အကြောင်း စာတစ်ပုဒ်တောင် ရေးဖူးသေးတယ်။ မိဘကိုလည်း ရှေ့တင် တအား ရိုသေပြပြီး ဘိန်းစွဲနေတဲ့ အသက် ၃၈နှစ်အရွယ် သားတစ်ယောက်ရဲ့ မိသားစုကလည်း ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေတယ်။ သူတို့ မိသားစုလောက် ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးဖွယ်ရာတာ ရှိမယ်တောင် မထင်ဘူး။ သို့သော် မိသားတစ်စုလုံးဟာ ပျက်ချင်တိုင်း ပျက်နေကြတာလည်း အမှန်ပဲ။

အဖြေကို ရှာကြည့်တဲ့အခါ ကျွန်တော်တို့ အာရှသားတွေမှာ ပျောက်ဆုံးနေတဲ့ အရာတစ်ခုကို သွားတွေ့တယ်။ အဲဒါက “လေးစားမှု”ပဲ။ ရိုသေတာကို သင်ရင် အသက်အရွယ်၊ ဂုဏ်၊ ပညာ ကြီးသူကို ရိုသေရမယ်ဆိုတဲ့ “သညာသိ”ကို ရသွားစေတယ်။ လေးစားမှုကျတော့ ပုဂ္ဂိုလ်၊ သတ္တ၀ါ ဆင်းရဲ ချမ်းသာ မရွေးတော့ဘူး။ ကျွန်တော်တို့ ခမျာများမှာက ရိုသေတာကိုချည်း ဖိအသင်ခံထားရတော့ လေးစားမှုက ဘယ်ဆီနေမှန်း မသိဘူး။ ဆိုရိုးကလည်း အလွဲ၊ (ဘယ်သူမှလည်း အဲဒီ့ ဆိုရိုးကို တခုတ်တရ ထုတ်မသုံးကြပါဘူးလေ) ဘာတဲ့… “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား”တဲ့။ လွဲချက်က ကမ်းကုန်ပဲ။

အမှန်က သနားစရာမလိုသလို ရိုသေစရာ မလိုဘူးလို့လည်း ကျွန်တော်တော့ ခံယူတယ်။ လေးစားမှုလေးပဲ အဓိကကျတာပါ။ ကျွန်တော်တို့မှာက ထစ်ခနဲရှိ၊ ကုသိုလ်၊ အကုသိုလ်၊ ဂိုဏ်းသင့်မယ်ဆိုတဲ့ ခြောက်လုံးများနဲ့ ပိတ်လှောင်ခံထားရတော့ အားလုံး လွဲနေတယ်။ ကျွန်တော့် သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ စာအုပ်ထဲမှာ ပါပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ သံပေါက်ပါ။ “မည်သူ့ကိုမျှ မညှာကြနဲ့၊ မိဘ ဆရာ ဆိုစေကာလည်း၊ သူဟာ ဗာလ၊ ပဏ္ဍိတဟု၊ ကျနစင်စစ်၊ တွေ့တိုင်းစစ်၊ စနစ်ကျစေကွဲ့”တဲ့။ မိဘဆိုပေမယ့် လမ်းလွဲနေတဲ့ မိဘတွေ အများကြီးပါ၊ (ဥပမာ ဆရာသာဓုရဲ့ မိခင်ကြီးပေါ့။ ဒါမှမဟုတ် ကျွန်တော့်အဖေပေါ့။ သည့်ထက်ပြောရင်တော့ သုဒ္ဒောဒန မင်းကြီးပေါ့။) မိဘဖြစ်တိုင်း အရာခပ်သိမ်း မှန်နေမှာ မဟုတ်သလို ဆရာဖြစ်တိုင်းလည်း အလုံးစုံကို ထိုးထွင်း သိမြင်နေသူ မဖြစ်နိုင်လောက်ဘူးဆိုတာတော့ အန်တီမေလည်း လက်ခံမှာပါ။

သည်လိုဆိုတဲ့အတွက် မိဘ ဆရာကို ကဏ္ဍကောစ လုပ်ရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ သို့သော် ရိုသေမှုကို လျှော့ချပြီး လေးစားမှုကို ရှေ့တန်း တင်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေ အများကြီး တိုးတက်လာတာကို ကျွန်တော် ကိုယ်တွေ့ သိထားပါတယ်။

ဥပမာပြောမယ် အန်တီမေရယ်။ ကျွန်တော်တို့ လင်မယား (မိဘနှစ်ပါး)က ကြမ်းပေါ်မှာ ဖျာခင်းပြီး လဲလျောင်းကာ ရုပ်မြင်သံကြား ကြည့်နေတယ်။ ကျွန်တော်တို့ ခေါင်းရင်း တစ်ပေ မရှိတဲ့ အကွာအဝေးက ဆက်တီပေါ်မှာ သမီးက ထိုင်ပြီး တယ်လီဖုန်း ပြောနေတယ်။ ကျွန်တော်တို့ရဲ့ ညာဘက် ဆက်တီရှည်ပေါ်မှာ သားက လှဲပြီး စာအုပ် ဖတ်နေတယ်။ ဒါ ကျွန်တော့်အိမ်မှာ ဖြစ်နေကျပါ။ မြန်မာ့ အရိုးစွဲ မျက်စိနဲ့ ကြည့်ရင်တော့ အချိုးက တစ်စက်မှ ကျမှာ မဟုတ်ဘူး။ သို့သော် ကျွန်တော်တို့ မိသားစုရဲ့ ချစ်ခင်ရင်းနှီးမှု၊ နွေးထွေးမှုကတော့ အဲဒါကြောင့် ပျက်မသွားသလို ကျွန်တော့် သားနဲ့ သမီးဟာလည်း ကျွန်တော်တို့အပေါ်မှာ တစ်ခါဖူးမျှ စော်စော်ကားကား မပြုမူဖူးတဲ့အပြင် မိဘကို ဒုက္ခပေးတဲ့ သားသမီးစာရင်းထဲမှာလည်း ဘယ်တုန်းကမှ မပါခဲ့ဖူးဘူး။ အပြင်လူတွေနဲ့ ဆက်ဆံရာမှာလည်း ထိုက်သင့်တဲ့ သိမ်မွေ့မှုလေးတွေ ရှိနေကြပါတယ်။ သိုးဆောင်းစကားနဲ့ ပြောရင် courteous ဖြစ်ကြပါတယ်ပေါ့ဗျာ။

အဲလောက်ဆိုရင် ကျွန်တော် ကျေနပ်တယ်။ Horizontal relationship လို့ ကျွန်တော် သတ်မှတ်တယ်။ ကျွန်တော်တို့ရဲ့ ရိုသေမှုနဲ့ နီတိတွေကကျတော့ vertical relationship ကို အကူအပံ့ ဖြစ်နေစေတယ်။ အားပေးနေတယ်။ အဲဒီ့ vertical relationship ကြောင့် ကျွန်တော်တို့ ကနေ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အထွေထွေ ဒုက္ခဆင်းရဲများ ပေါ်ပေါက်နေတာပါ။ Transparency နဲ့ sincerity (or honesty) ကို ဖျက်နေ၊ မှောင့်နေတာက အဲဒီ့ vertical relationship ပဲ။

ကျွန်တော် နှစ်ပေါင်း ၂၀ကျော် စာသင်စားခဲ့ပါတယ်။ ကျွန်တော့် တပည့်တွေနဲ့ ကျွန်တော့်ကြားမှာလည်းပဲ ဘေးတိုက် ဆက်ဆံရေးကိုပဲ တစ်သမတ်တည်း ထူထောင်ထားခဲ့ပါတယ်။ အရိုသေ တန်စေတယ်လို့ တချို့က တွေးရင် တွေးမှာပေါ့။ သို့သော် ကျွန်တော့်ကို ထိပ်ပုတ် ခေါင်းပုတ် လုပ်တဲ့ တပည့်ရယ်လို့ တစ်ယောက်မှာ မပေါ်ခဲ့ပါဘူး။ သို့သော် တာရှည်ခံတဲ့ ချစ်ခင်ရင်းနှီးမှုကို ယနေ့ထက်တိုင် ရနေတာလည်း အမှန်ပါပဲ။

အဲတော့ဗျာ၊ ရှည်နေတဲ့ ကျွန်တော့်လေကို ခြုံ့ရမယ်ဆိုရင် ကျွန်တော်က ရိုသေတာကို ပယ်ဖျက်ပြီး အဲဒီ့နေရာမှာ လေးစားမှုကို အစားထိုးချင်ပါတယ်။ အနောက်နိုင်ငံက ကျောင်းသားတွေ ဆရာကို မရိုသေကြဘူးဆိုတာ ကျွန်တော် သိတယ်။ သို့သော် မလေးစားဘူးလို့တော့ ကျွန်တော် မပြောရဲဘူးနော်။ သူတို့စရိုက်က ဟန်ပြစရိုက်မဟုတ်ဘူး။ အနှစ်ပါတဲ့၊ ပွင့်လင်းတဲ့ စရိုက်ပါ။ ကျွန်တော်လည်း အနောက်နိုင်ငံသားတွေနဲ့ တစ်ပတ်မှာ ငါးရက်နှုန်းနဲ့ ၁၅နှစ်ကျော် ဆက်ဆံခဲ့ပါတယ်။ အနောက်နိုင်ငံသားတွေ ပို့ချတဲ့ သင်တန်း အထွေထွေကိုလည်း တက်ခဲ့ဖူးပါတယ်။ သူတို့သည် ကိုယ်အမူအရာအားဖြင့် ကျွန်တော်တို့ မျက်စိထဲမှာ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေလိမ့်မယ်၊ သို့သော် သူတို့ရဲ့ ဆက်ဆံရေးတွေမှာ ကျွန်တော်တို့ရဲ့ အထက်-အောက် ဆက်ဆံရေးထက် အဆင်ပြေ ချောမွေ့နေတာလည်း အမှန်ပဲ။

၂၀၀၃ခုနှစ်က ရန်ကုန် တက္ကသိုလ်မှာ ကျွန်တော် အသုံးချ စိတ်ပညာ သွားတက်တယ်။ သင်တဲ့ ဆရာမကြီးတွေက တကယ့် ဟိုးခေတ်က ဆရာမကြီးတွေ။ အတန်းထဲမှာ ကျွန်တော် ထိုင်ရာမထ စာမေးတယ်။ မေးချင်ရင် မတ်တတ် ထပြီး စာမေးရတယ်ဆိုတဲ့ အသိကို အတန်းဖော်တွေရဲ့ ရင်ထဲမှာ ပျောက်သွား စေချင်လို့။ သုံးလလောက် ကြာတော့ ကျွန်တော့်လိုပဲ စာမေးတဲ့သူတွေ အတန်းထဲမှာ များလာတယ်။ နောက်ပိုင်း အသုတ်တွေမှာ ကျွန်တော်တို့ အတန်းရဲ့ သင်ခန်းစာအပေါ် စိတ်ဝင်စားမှု၊ အမေးအမြန်း ထူမှုကို နမူနာယူထိုက်တဲ့အကြောင်း ဆရာမကြီးတွေ ကိုယ်တိုင်က တဖွဖွ ပြောကြတာကို ကျွန်တော်တို့ ပြန်ကြားရပါတယ်။ ကျွန်တော်က တစ်လမ်းသွား သင်ယူမှုကိုမှ မလိုချင်တာကိုး။ သင်ယူမှုသည် နှစ်လမ်းသွားဆိုတာ လက်တွေ့ ချပြခဲ့တာပါ။

အဲဒါနဲ့ပဲ ဆရာတွေကို မရိုသေဘူး၊ ဂိုဏ်းသင့်မယ်ဆိုလည်း ကျွန်တော်တော့ ပျော်ပျော်ကြီး အသင့်ခံလိုက်ပါ့မယ် အန်တီမေ။

ကျွန်တော် ပြောချင်တာ အန်တီမေ မြင်ပြီလား မသိဘူး။ အန်တီမေ ပြောတဲ့ ဗုဒ္ဓဘာသာကို အခြေခံထားတာ မဟုတ်လားဆိုတာကိုလည်း သိပ်တော့ ဘ၀င်မကျဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက အင်မတန်လွတ်လပ်တဲ့ဘာသာ။ ငါဘုရားကို ရှိခိုးနေရုံနှင့် မပြီးဆိုတဲ့ ဘာသာဖြစ်တဲ့အပြင် ဘုရားရှင် ကိုယ်တော်တိုင်က သူ ပြောတိုင်း လက်မခံပါနဲ့၊ အစဉ်အဆက် ရှိတိုင်းလည်း လက်မခံပါနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန်ပြီးမှ လက်ခံပါလို့ မိန့်ကြားခဲ့တဲ့ ဘာသာပါ အန်တီမေ။ သည်လို မိန့်ကြားချက်မျိုး ဘယ်ဘာသာမှာမှ မရှိပါဘူး။ အဲတော့ဗျာ ဂါရ၀အစား ဘာသာပြန်ရ ခက်တဲ့ courtesy က ပိုပြီး သင့်မယ်လို့ ကျွန်တော် ထင်တယ်။ ရိုသေမှုအစား လေးစားမှုကို ရှေ့တန်း တင်သင့်တယ်လို့လည်း ကျွန်တော် ယုံပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ ဆရာနေ၀င်းမြင့်တို့ မောင်နှံကိစ္စပါ။ သူတို့ စာရေး ကောင်းလှတာကို ငြင်းစရာ မရှိပါဘူး။ ကျေးလက်နံ့လေးတွေ သင်းပျံ့နေတဲ့ အဖွဲ့အနွဲ့လေးတွေလည်း သိပ်ကောင်းကြတာ လက်ခံပါတယ်။ သို့ပေမယ့် နိုင်ငံတကာ တန်းဝင် ၀တ္ထုတိုအနည်းအပါးကိုတော့ ဆရာနေ၀င်းမြင့် (အရင်က) ရေးပြနိုင်ခဲ့ပါတယ်။ ခင်ခင်ထူးလည်း အတိုမှာ အနည်းအပါး ရှိပါလိမ့်မယ်။ သို့သော် အခုနောက်ပိုင်းမှာတော့ အတတ်ကျူးတော့ ဘီလူးဖြစ်ဆိုသလိုပဲ သူတို့ ရေးတတ်တာအပေါ်မှာ အသာယာလွန်နေကြပြီး ၀ါကျလှလှတွေ၊ အသုံးအနှုန်း တင့်တင့်တယ်တယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အနှစ်မဲ့ စာတွေ ဖြစ်လာနေကြတယ်။ အကောင်းဆုံး နမူနာကတော့ တစ်လထက် တစ်လ ပျင်းစရာ ကောင်းလာတဲ့ “မအိမ်ကံ”ပါပဲ။ အချီ ကောင်းခဲ့ပေမယ့် မျောနေတာလည်း စာဖတ်သူ အားလုံး အသိပါ။ အဆိုးဆုံးက ကျွန်တော့်ဆောင်းပါးမှာ ရေးခဲ့သလို ဆရာမ ၀င်းဝင်းလတ်ရဲ့ ၀တ္ထုကို ကျော်နိုင်ဖို့ နေနေသာသာ အဲသလောက် အဆင့်ကို နောက်က ကပ်လိုက်နိုင်တဲ့ Novel ကို ယနေ့ထက်တိုင် သူတို့စုံတွဲ အပါအ၀င် ဘယ်ဝတ္ထုဆရာမှ ရေးမပြနိုင်ကြသေးတာပါပဲ။

အန်တီမေက ကျွန်တော် ဖတ်ဖို့ပဲ ရေးလိုက်တာဆိုလို့သာဗျာ… မဟုတ်ရင် အန်တီမေ့ comment ရော၊ ကျွန်တော့် ပြန်လည်ဆွေးနွေးချက်ပါ တင်လိုက်နိုင်လို့ကတော့ အတော် ၀က်ဝက်ကွဲသွားမယ်ထင်တယ်။

ခွင်ပြုနိုင်ရင် ပြုပေးပါလား အန်တီမေ။

စာရှည်လွန်းမက ရှည်တဲ့အတွက် မတောင်းပန်တော့ဘူးနော်။ စာသမားချင်းဆိုတော့ စာဖတ်ရတာ မညည်းငွေ့တတ်ဘူးလို့ ယုံကြည်လို့ပါ။


လေးစား ခင်မင်စွာ
atk

အဲသလို ကျွန်တော်က ပြန်ရေးလိုက်တဲ့အခါ ဆရာမ မေဓာဝီဆီက ပြန်ကြားတဲ့ မေး(လ်)ကို ရလာပြန်ပါတယ်။

From:     May Darwii

To:          ATK

Date:      Wed, Sep 23, 2009 at 3:05 PM

subject:  Ref: Deleted Long Comment

ဆရာရေ …

ဆရာပြောတာ လက်မခံနိုင်စရာ မရှိပါဘူး။ ဆရာတပည့် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကျမလဲ တခါတုန်းက ဘလော့မှာ ရေးခဲ့ဖူးတယ်။ ကျမ ငယ်ငယ်က ဆရာမတွေကို စာနဲ့ပတ်သက်ပြီး ဟိုမေး ဒီမေး စောဒက တက်တာများတော့ ဆရာမတွေက အမြင်မကြည်ကြဘူး။ မကြိုက်ကြဘူး။ နောက်တော့ မမေးရဲသလောက် ဖြစ်သွားခဲ့ဖူးတယ်။ ကျမတို့နိုင်ငံရဲ့ ပညာသင်ကြားပုံ စနစ်က စောဒကတက်ခွင့် မရှိသလောက်ဘဲ။ ပြောတာ နားထောင်၊ ခေါင်းညိတ်၊ ဒါပဲ။ ဘာသာရေး တရားပွဲတွေမှာလဲ ဒီအတိုင်းပဲ။ ဘုန်းကြီးတရားဟောတာ နားထောင် … အလိုက်အထိုက် တရားနားခံ လုပ်၊ ဆုံးရင် သာဓုခေါ်။ ပြန်ဆွေးနွေးနိုင်တာမျိုးရယ်လို့ မရှိဘူး။ မေးရင်လည်း မကြိုက်ကြဘူး။ အခု တချို့ဘုန်းကြီးတွေတော့ ပြန်မေးခွင့် ဆွေးနွေးခွင့် ပေးနေပါပြီ။

လူအချင်းချင်း လေးစားမှု ရှိဖို့ သိပ်အရေးကြီးတယ် ဆိုတာ မှန်ပါတယ် ဆရာ။ ကျမ အခု ဒီနိုင်ငံ (အင်္ဂလန်) ရောက်မှ … အဲဒါကို ပိုပြီး သဘောပေါက်တယ်။  ဒီမှာ လူအချင်းချင်း လေးစားကြတယ်။ တယောက်နဲ့ တယောက် ဦးစားပေးကြတယ်။ မပေးတဲ့သူတွေလည်း ရှိတော့ ရှိပါတယ်။ အနည်းစုပေါ့။ လမ်းလျှောက်လျှောက် ကားစီးစီး ဈေးဝယ်ဝယ် ဘယ်နေရာမှာမဆို တလေးတစား ဆက်ဆံကြတာ မြင်ရတော့ ကိုယ့်နိုင်ငံက ဗုဒ္ဓဘာသာ တိုင်းပြည် ဖြစ်ရက်နဲ့ ဘာလို့ ဒီလို အမူအကျင့်တွေ အတုမယူရပါလိမ့်လို့ စိတ်ထဲ အားမလို အားမရဖြစ်မိတယ်။

သူတို့က လူလူချင်းတွင်မက တရိစ္ဆာန်တွေကိုပါ လေးစားတာ ဆိုရင် နည်းနည်း ပိုသလိုများ ဖြစ်မလားမသိဘူး။ ဘာမင်ဂန်ကျောင်းက ဘုန်းဘုန်းတပါး ကိုယ်တိုင် သူ့အဖြစ်နဲ့ ယှဉ်ပြောပြဖူးလို့ပါ။ ဘုန်းဘုန်းကပြောတယ်… ဒီကလူတွေက ခွေးတွေ ကြောင်တွေမြင်ရင် ချစ်ကြတယ်တဲ့။ ငါတို့ဆီမှာတော့ လူမပြောနဲ့ … ငါတို့ ကိုရင်ဘ၀ကတောင် ခွေးမြင်ရင် ခဲနဲ့ပေါက်၊ ကြောင်ဆို ကန်ကြ ကျောက်ကြနဲ့ နှိပ်စက်ချင်တဲ့ ဥာဉ်တွေရှိတယ် လို့ပြောတယ်။ ဟုတ်လဲ ဟုတ်တာပဲ။ တချို့ဆို သတ်တောင် စားကြသေးတာကလား။

တခုရှိတာက ကျမတို့နိုင်ငံက လူအများစုက စားဝတ်နေရေး မပြေလည်ကြတော့ အဲဒီအတွက် ရုန်းကန် လှုပ်ရှားနေရတာမို့ လောဘ၊ ဒေါသ၊ မောဟတွေ ပိုများနေကြတာလားလို့… စဉ်းစားမိပါတယ်။

ဒီမှာ တယောက်နဲ့ တယောက် လေးစားတယ် ဆိုပေမဲ့ သူတို့က အရာရာကို right .. right နဲ့ လုပ်နေတာတော့ စိတ်ထဲ သိပ်ဘ၀င်မကျမိဘူး။ သားသမီးကိုလည်း မိဘက ကောင်းကောင်း ဆုံးမလို့ မရတော့ဘူး။ ဆရာကလည်း တပည့်ကို ဆုံးမလို့ မရတော့ဘူး။ ကိုယ့်သားသမီး ကိုယ့်တပည့်ကို ကောင်းစေချင်လို့ ဆုံးမတာကို သူတို့က right တွေနဲ့ ကိုင်ကိုင် ပေါက်နေကြတာ တခုတော့ မကြိုက်ဘူး ဆရာရေ။

သူတို့ အမြဲမမှန်ဘူး ဆိုတာလည်း ဟုတ်ပါတယ်။ မိဘတိုင်း မကောင်းဘူးဆိုတာလည်း မှန်ပါတယ်။ အဖေ အမေ မကောင်းဘူးဆိုတာက ကိုယ့်ရဲ့ အကုသိုလ်ကံကြောင့် မကောင်းတဲ့ မိဘဆီရောက်ရတာပဲ။ ဘာပဲဖြစ်ဖြစ် မိဘက မိဘပဲ။ သူမကောင်းတာ သူ့ကဏ္ဍပဲ။ ကိုယ်က ပြစ်မှား စော်ကားလို့ မရဘူး။  လုပ်မိရင် ကိုယ်ပဲ ထပ်ပြီး အကုသိုလ်ဖြစ်မှာပဲ။ (ဂိုဏ်းသင့်မယ်ဆိုတာ မိဘကို စော်ကားတဲ့ အကုသိုလ်ကံကို ခံရမှာကို ပြောချင်တာပါ)

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတာကိုတော့ ကျမစိတ်ထဲ လက်ခံမိတုန်းပဲ။ အရွယ်သုံးပါး လေးစားရမှာ မှန်ပေမဲ့ အထူးသဖြင့် ကြီးသူကို ရိုသေ၊ ငယ်သူကို သနားရမယ်ဆိုပြီး ပြောတာလို့ထင်ပါတယ်။

တန်းတူတွေ့လျှင် မေတ္တာဝင် … မ၀င်နိုင်က ပြိုင်တတ်တယ်၊ ပြိုင်မယ့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
ကိုယ့်ထက်သာလျှင် မုဒိတာဝင် .. မ၀င်နိုင်က ယိုင်တတ်တယ်၊ ယိုင်မယ့်အစား မုဒိတာပွား ….
ကိုယ့်အောက်နိမ့်လျှင် ကရုဏာဝင် … မ၀င်နိုင်က နိုင်တတ်တယ်၊ … နိုင်မယ့်အစား ကရုဏာပွား ….

အဲဒါကို ဆိုလိုတယ်လို့ ထင်ပါတယ် ဆရာ။ ကျမကတော့ အဲဒီလင်္ကာလေးကို သိပ်သဘောကျတာပဲ။

မြန်မာ့ယဉ်ကျေးမှုက ဗုဒ္ဓဘာသာကို အခြေခံပြီး ဖြစ်ပေါ်လာတာလို့ ကျမက ပြောချင်တာပါ။ ဗုဒ္ဓဟောခဲ့တဲ့ မင်္ဂလာ တရားတော်ထဲမှာကိုက ဂါရဝေါစ နိဝါတောစ လို့ ပါတာမဟုတ်လား။  ဘာသာရေး လုပ်မှ ဒါတွေကို လိုက်နာကျင့်ကြံရမှာ မဟုတ်ပါဘူး။ လူမှုရေး နိုင်ငံရေး နေ့စဉ် နေမှုထိုင်မှုမှာကို မင်္ဂလာတရားတော်နဲ့ အညီ နေထိုင်ကြဖို့ ဗုဒ္ဓက ဟောခဲ့တာပဲ။ မင်္ဂလာဆိုတာ ကြီးပွားချမ်းသာကြောင်းလို့ ဆိုထားတယ် မဟုတ်လား။ ပစ္စုပ္ပန် တမလွန် ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားမှာတော့ မှားတာရယ်လို့ မတွေ့မိပါဘူးဆရာ။

နောက်ဆုံး ပြောရရင်တော့ ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံကို ကျမ မဖတ်ဖူးသေးဘူး။ ကျမက သူတို့ နှစ်ယောက်ကို ဥပမာ အဖြစ်ပြောတာပါဆရာ။
အဲဒီလိုမျိုးတွေက ဖြစ်တတ်ပါတယ်။

ကဲ ဆရာရေ … ကျောင်းသွားဖို့ နောက်ကျနေပြီမို့ အချိန်မရှိလို့ ဒီလောက်ပဲ ရေးလိုက်ပါဦးမယ်။ ဆရာရေးတာ ဖတ်လို့လဲ ကောင်း၊ ဆွေးနွေးရတာလဲ ကောင်းပါတယ်။

ဆရာ ဘလော့မှာ တင်ချင်သပဆို တင်ပါတော့။ ၀က်ဝက်ကွဲမှာတော့ အကြောက်သား။ (ကျမက လူမုန်းများတယ်။) 🙂

လေးစားစွာဖြင့်

မေဓာဝီ