Skip to content

Will & Way

26 September 2009

sidney-poitierဖြစ်အောင်လုပ်က ဖြစ်မှာဗျ

မြန်မာရုပ်ရှင်ကြည့် ပရိသတ်နဲ့တော့ သိပ်ရင်းနှီးမယ် မထင်ဘူး။ နိုင်ငံခြား ရုပ်ရှင် ဝါသနာအိုးဆိုရင်တောင်မှ အသက် ၄၀တန်း၊ ၅၀တန်းလောက်ပဲ ရင်းနှီးနိုင်မယ့် သရုပ်ဆောင်တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။


သူက “ဆစ်ဒနီ ပွိုင်တီယာ”တဲ့။ လူမည်း သရုပ်ဆောင်အနေနဲ့  ရုပ်ရှင်သမိုင်းမှာ ပထမဆုံး အော်စကာ (အကယ်ဒမီ)ဆု ရခဲ့တဲ့ မင်းသားကြီးပါ။ သူ့ ဘဝဇာတ်ကြောင်းလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။

သူ့ကို ဘဟားမား(စ်)ကျွန်းစုများထဲက “ကြောင်ကျွန်း”မှာ မွေးခဲ့တာပါ။ သူ့မိဘတွေက ဆင်းရဲတယ်။  မွေးတုန်းက သူ့ကိုယ်အလေးချိန်က သုံးပေါင်သာ ရှိတာမို့ တအား လှီတာပေါ့။ သည်လောက် လှီတဲ့ဟာလေးတော့ သက်ဆိုးရှည်မှာ မဟုတ်ဘူးလို့ ယူဆတာကြောင့် သူ့အတွက် ခေါင်းတလား ပိစိလေးတစ်လုံးတောင် အဆင်သင့် လုပ်ထားခဲ့ကြပါသတဲ့။

သို့သော် လျှပ်စစ်မီးလည်း မရှိ၊ အိမ်တွင်းအရောက် သွယ်တန်းထားတဲ့ ရေပိုက်တွေလည်း မရှိတဲ့ အဲဒီ့ တဲကလေးထဲမှာ ဆင်းဆင်းရဲရဲ နေရတဲ့ မိသားစု ကြားက အဲဒီ့ လူစဉ် မမီတဲ့ ကလေးလေးက အသက် ရှင်လာခဲ့တယ်။ အဲသလိုနဲ့ အတန်းကျောင်းဆိုလည်း နှစ်တန်းထက် ပိုပြီး မနေလိုက်ရဘူး။ အသက် ခြောက်နှစ်၊ ခုနစ်နှစ်လောက်မှာ ကျောင်းက ထွက်ပြီး ခရမ်းချဉ် စိုက်ခင်းတွေမှာ သွားအလုပ်လုပ်ရတော့တဲ့ ဘဝ။

သူ့မိဘတွေက သူတို့သားလေး အခုလို ဆင်းဆင်းရဲရဲ နေရတာကို မကြည့်ရက်ရှာကြဘူး။ ဒါနဲ့ ဆယ်ကျော်သက်ဘဝကို ရောက်ခါစမှာပဲ ဆစ်ဒနီ့ကို မိုင်ယာမီမှာ ရှိတဲ့ သူ့အစ်ကိုဆီ ပို့လိုက်ကြတယ်။ မိုင်ယာမီ ရောက်တော့ သူက ကုန်စုံဆိုင်မှာ ပစ္စည်းပို့တဲ့သူအဖြစ် အလုပ်ဝင်ရတယ်။

တစ်နေ့ကျတော့ ချမ်းသာတဲ့ လူဖြူအမျိုးသမီးကြီးတစ်ယောက်ရဲ့ အိမ်ကို ပစ္စည်းတစ်ခု သွားပို့ဖို့ အကြောင်းပေါ်လာတယ်။ အဲဒီ့မိန်းမကြီးအိမ်ကို ပစ္စည်းပို့ရင် နောက်ဖေးပေါက်ကပဲ ပို့ရတယ်။ အိမ်ရှေ့ပေါက်က ဘယ်တော့မှ မပို့ရဘူး။ ဒါကို သိမထားတဲ့ ဆစ်ဒနီဟာ အိမ်ရှေ့ပေါက်ကို ရောက်သွားပါတယ်။

အိမ့်ရှင် မိန်းမကြီးက နောက်ဖေးပေါက်ကို ပို့ပေးဖို့ သူ့ကို ပြောတဲ့အခါကျတော့ ဆစ်ဒနီက သူ မှားသွားတဲ့အကြောင်း၊ သို့သော် အခုမှတော့ မထူးတော့တဲ့အပြင် လူချင်းလည်း ဆုံနေပြီမို့ ပစ္စည်းကို လက်ခံပေးဖို့ တောင်းပန်လိုက်ပါတယ်။ မိန်းမကြီးက လက်မခံဘူး။ လက်မခံတဲ့အပြင် သည်လူမည်းလေးက သူ့ကို ပြန်ပြောရကောင်းလားဆိုပြီး စိတ်က တအားပေါက်သွားတယ်။

မကြာပါဘူး၊ အဲဒီ့အချိန်က အမေရိကန်နိုင်ငံမှာ လူမည်းတွေကို အကြမ်းဖက်တဲ့နည်းနဲ့ နှိပ်ကွပ်နေတဲ့ “ခလူ၊ ခလပ်(ခ်)(စ်)၊ ခလယ်(န်)”ဆိုတဲ့ အဖွဲ့က ရှိနေတယ်။ အဲဒီ့အဖွဲ့က သည်အမှုကြောင့် ဆစ်ဒနီ့ကို မြေလှန်ပြီး ရှာကြပါတော့တယ်။ သည်မှာတင် ဆစ်ဒနီ့မိသားစုလည်း စိုးရိမ်တကြီးနဲ့ ဆစ်ဒနီ့ကို နျူးယော့(ခ်)မြို့တော်ကို ပို့လိုက်ကြပြန်ပါတော့တယ်။

အဲဒီ့အချိန်မှာ ဆစ်ဒနီ့အသက်က ၁၅နှစ်ပဲ ရှိသေးတယ်။ သူ့အိတ်ကပ်ထဲမှာလည်း ငွေလေးက သုံးဒေါ်လာပဲ ပါတယ်။ နျူးယော့(ခ်)ရောက်တော့ ပန်းကန်ဆေးတဲ့ အလုပ်တစ်ခု ရတယ်။ ဒါပေမယ့် ရတဲ့ လုပ်ခက သိပ်မများတော့ တအားကို ဆင်းရဲတာပေါ့။ ညတိုင်ကျရင် သူ့မှာ ပိုက်ဆံပေးပြီး သွားရတဲ့ အများသုံး အိမ်သာထဲမှာ သွားသွားအိပ်ခဲ့ရပါသတဲ့။

တစ်နေ့ကျတော့ ပြဇာတ်တစ်ပုဒ်မှာ ဝင်ရောက် သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်များ အလိုရှိသည်ဆိုတဲ့ ကြော်ငြာတစ်ခုကို သတင်းစာထဲမှာ သူ တွေ့သွားတယ်။ သူလည်း စိတ်ဝင်စားသွားပြီး လျှောက်တော့တာပေါ့။

တကယ်လည်း သူ့ကို အစမ်း သရုပ်ဆောင်ခိုင်းတဲ့အခါမှာတော့ သူ သရုပ်ဆောင်တာက တအား ချာတူးလန်နေတယ်။ ထုတ်လုပ်သူလည်း ဒေါတွေ ပွ၊ ဆစ်ဒနီ့လက်ထဲက ဇာတ်ညွန်းစာရွက်ကို ဆောင့်ဆွဲ ဆုတ်ဖြဲပစ်လိုက်ပြီး လူအများ ရှေ့မှာတင်ပဲ မင်းလိုကောင်မျိုးက သရုပ်ဆောင် မဖြစ်နိုင်ဘူး၊ ပန်းကန်ဆေးတဲ့ ကောင်ပဲ ဖြစ်မှာလို့ အော်လိုက် ဟစ်လိုက်ပါတော့သတဲ့။ ဆစ်ဒနီဟာ ပန်းကန်ဆေးတဲ့ ကောင်မှန်း အဲဒီ့ ထုတ်လုပ်သူက မသိပါဘူး။ သို့ပေမယ့် သူ့ စကားက ဆစ်ဒနီ့ကို အကြီးအကျယ် အရှက်ရသွားစေခဲ့ပါတယ်။ ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းရင်း အဲဒီ့ ထုတ်လုပ်သူရဲ့ စကားကြောင့် တစ်နေ့ကျ ငါ သရုပ်ဆောင်တစ်ယောက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်က သူ့ရင်မှာ ခိုင်မာ သွားပါတော့တယ်။


အဲဒီ့နောက် ခြောက်လလုံးလုံးအတွင်းမှာတော့ ဆစ်ဒနီဟာ ရေဒီယိုကို မပြတ် နားထောင်ပြီး သူ့ရဲ့ ပလုံးပထွေးနဲ့ ပြောတတ်တဲ့ ကျွန်းသား လေယူ လေသိမ်းကို ပြုပြင်နိုင်အောင် ကြိုးစားပါတော့တယ်။ မြန်မာ နားလည်အောင် ပြောရင်တော့ သူ စကားဝဲတာကို မဝဲတော့အောင် ရေဒီယို အသံလွှင့်ချက်တွေ နားထောင်ပြီး ကျင့်တော့တာပါ။

ခြောက်လလောက်ကြာတော့ သူ့ကိုယ်သူ အတော် ယုံကြည်လာတယ်။ ဒါနဲ့ သရုပ်ဆောင် သင်တန်းကျောင်းကို တက်ပါတော့တယ်။ အဲဒီ့ သင်တန်းကျောင်းအတွက် ကျောင်းလခကိုတော့ အဲဒီ့ကျောင်းမှာပဲ သန့်ရှင်းရေးသမားအဖြစ် အမှုထမ်းရင်း အဲဒီ့က ရတဲ့ လခနဲ့ ပြန်ချေရတာပါပဲ။ မကြာပါဘူး၊ ပြဇာတ်တစ်ပုဒ်မှာ မထင်မရှား အခန်းလေးတစ်ခန်းကနေ သူ စသရုပ်ဆောင်ရ ပါတယ်။ သို့ပေမယ့် စင်ပေါ်မှာ သူသရုပ်ဆောင်တာက အချိုးသိပ်မကျတော့ ပရိသတ်က ရယ်ကြပါတယ်။ မရယ်သင့်တဲ့ ပြကွက်မှာ ရယ်ကြတာ ဖြစ်ပေမယ့်လည်း ပရိသတ်ရဲ့ အာရုံကို တစ်နည်းတစ်ဖုံ ဖမ်းစားနိုင်ခဲ့တာလည်း အမှန်ပါပဲ။


အဲဒီ့ကနေ တဖြည်းဖြည်းနဲ့ သူဟာ ပြဇာတ်တွေမှာ နေရာရလာပါတော့တယ်။ ၁၉၅၀ပြည့်နှစ်မှာတော့ “ထွက်ပေါက်မရှိ”ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခွင့် ရလာပါတော့တယ်။ အဲဒီ့ကမှ အားလုံးက ဝိုင်းနှိမ်နေတဲ့ကြား၊  လူမည်းများအတွက် အင်မတန်မှ ခက်ခဲလှတဲ့ အခြေအနေအတွင်းမှာ သူ့ရဲ့ ကြိုးစားမှု၊ မဆုတ်နစ်တဲ့ ဇွဲ၊ ပြင်းထန်တဲ့ စိတ်ဓာတ်များကြောင့် အမေရိကန် ဟောလီးဝု(ထ်)ရဲ့ ထိပ်တန်း သရုပ်ဆောင်နေရာ တစ်နေရာကို ရောက်လာခဲ့ပါတော့တယ်။

သည်နေရာမှာ မေးစရာတစ်ချက်ရှိတယ်။ အတန်းကျောင်းအနေနဲ့ နှစ်တန်းအထိသာ နေခွင့်ရခဲ့တဲ့ ဆစ်ဒနီဟာ ဘယ်လိုလုပ် ထိပ်တန်းနေရာကို ရလာသလဲဆိုတဲ့ မေးခွန်းပါ။ ဟုတ်ကဲ့… ဆစ်ဒနီဟာ စာကို စွဲစွဲလန်းလန်း ဖတ်သူတစ်ယောက်ပါ။ နှစ်တန်းအထိ နေခွင့်ရခဲ့တဲ့အတွက် သူဟာ စာတော့ ဖတ်တတ်တယ်။ စာဖတ်တတ်တဲ့အတွက် စာကို စွဲစွဲလန်းလန်း ဖတ်တယ်။ စာအုပ်တွေ၊ ပြဇာတ်တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေကို ပြင်းပြင်းထန်ထန် ဖတ်ပါတယ်။

ကနေ့ သူ့အသက် ၇၈နှစ်အထိလည်း တစ်နေ့ကို သတင်းစား ငါးစောင် အပါအဝင် အခြား စာများကို တအားဖတ်ဆဲပါပဲ။

အဲတော့ ပညာရေးအရ မရခဲ့ပေမယ့်လည်း ကိုယ်လိုချင်တဲ့ ပညာကို စာအုပ်တွေထဲမှာ၊ အင်တာနက်တွေထဲမှာ၊ စာနယ်ဇင်းတွေထဲမှာ ရှာလို့ရတယ် ဆိုတာကို ဆစ်ဒနီက သက်သေထူသွားခဲ့တာပါပဲ။ တကယ်တော့ အသိပညာဆိုတဲ့ နယ်ပယ်တစ်ရပ်ဟာ ကျွန်တော်တို့ လူသားအားလုံးကို ငံ့လင့် ကြိုဆိုနေတာပဲ မဟုတ်ပါလား။

၂၀ဝ၉ ဩဂုတ်လ ၂၅ရက်ထုတ် Kazan Today စာစောင်ထဲမှာ တွေ့ရတာလေးကို ဆီလျော်အောင် ပြန်ဆိုတင်ဆက်လိုက်တာပါ။

ကျွန်တော်ကိုယ်တိုင်သည်လည်း အဖေက လက်နှိပ်စက်စာရေးလေး၊ လူလားမြောက်ရတာက လောပိတဆိုတဲ့ ဟိုး ကယားပြည်နယ်ထဲက ရွာသိမ် ရွာငယ်လေးမှာ။ ဆစ်ဒနီ့လောက် မဆင်းရဲပေမယ့် မပြည့်စုံတဲ့ဘဝ၊ သိမ်ငယ်တဲ့ ဘဝမှာ နေခဲ့ရတာပါ။

အဲဒီ့ကနေ ကနေ့အခြေအနေ ရောက်လာအောင် ခါထုတ် နင်းတက်ခဲ့ရသူ မို့လားတော့ မသိဘူး၊ ဆစ်ဒနီ ပွိုင်တီယာဆိုတဲ့ လူမည်း သရုပ်ဆောင် အကျော်အမော်ရဲ့ ဘဝဇာတ်ကြောင်းလေးက ကျွန်တော့် ရင်ကို လာထိပါတယ်။

ကျွန်တော်တို့ ဖြတ်သန်းရတဲ့ ခေတ်ကလည်း ငါးတန်းကျမှ အင်္ဂလိပ်စာသင်တဲ့ ခေတ်ပါ။ အဘက်ဘက်က ချို့ချို့ငဲ့ငဲ့နေခဲ့ရပေမယ့် ကိုယ့်ဘဝကိုယ် တက်အောင် လုပ်မဟဲ့ဆိုတဲ့ ဇွဲနပဲနဲ့ ပြင်းထန်သော စိတ်များကြောင့် ကနေ့အခါမှာ ကျွန်တော်ဟာ ဆစ်ဒနီ့လို ကမ္ဘာကျော် ဖြစ်မလာသည့်တိုင် လူတစ်လုံး၊ သူတစ်လုံးတော့ ဖြစ်လာခဲ့ပါပြီ။ သည်အတွက် ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့တဲ့ လက်ဦးဆရာ မိဘနှစ်ပါးအပါအဝင် အနန္တော၊ အနန္တ ငါးပါးရဲ့ ဂုဏ်ကျေးဇူးကလည်း ရှိပါတယ်။ ဆစ်ဒနီ့ကို သူ့မိဘတွေက ကျွန်းစုလေးကနေ အမေရိကန် ပြည်ထောင်စုထဲ တွန်းပို့ခဲ့ကြသလို ကျွန်တော့် မိဘတွေကလည်း ကျွန်တော့်ကို  ကယားပြည်နယ်ကနေ ရန်ကုန်အရောက် ခေါ်လာခဲ့ကြပါတယ်။


ကျောင်းပညာအရ ကျွန်တော်နဲ့ အလှမ်းဝေးခဲ့တာတွေ အားလုံးဟာ စာအုပ်တွေက ရခဲ့တာလည်း အမှန်ပါ။ စိတ်ပညာ၊ စီမံခန့်ခွဲရေးပညာ၊ ကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေး စတာတွေနဲ့ ပတ်သက်တဲ့ စာတွေ တော်တော် များများ ရေးသား ထုတ်ဝေနိုင်ခဲ့တာဟာ အဲဒီ့အတွက် အခိုင်လုံဆုံး သက်သေပါပဲ။

သည်စာလေးကို ဖတ်ပြီး အားထုတ်ချင်သူ လူငယ်လေးများအတွက် စိတ်ကူး စိတ်သန်းကောင်းလေးများ တစ်စတစ်လေ ပေါ်လာမလားဆိုတဲ့ အတွေးနဲ့ ရေးထုတ်လိုက်ရပြန်တာကတော့ အထူးပြောစရာ လိုမယ်မထင်ပါဘူးခင်ဗျား။


အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၁၀၉၀၉)

——————————

(လာမယ့် တနင်္လာ (၂၈-၀၉-၀၉) မှာထွက်လာမယ့် “အတွေးသစ်ဂျာနယ်” အတွဲ ၁၀ အမှတ်စဉ် ၄၅၈ ရဲ့ စာမျက်နှာ ၁၀ မှာ ဖော်ပြထားတာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။)

Advertisements
4 Comments leave one →
  1. 27 September 2009 1:23 am

    ဆရာရေ … ဆစ်ဒနီရဲ့ ဇွဲ လုံ့လက အတုယူစရာ ကောင်းလိုက်တာ။
    ဆစ်ဒနီက ၆ လ တိတိ ရေဒီယိုနားထောင်ပြီး ကျင့်တယ်ဆိုတာ သိရတော့ အင်္ဂလိပ် စကားပြောတဲ့တိုင်းပြည်မှာရောက်နေပြီး အင်္ဂလိပ်စာညံ့တဲ့ကျမ အားတက်မိပါတယ်။
    ကျမတို့ခေတ်ကလည်း ၅ တန်းမှ အင်္ဂလိပ်စာ သင်ရတာ။ (ဆရာနဲ့ ခေတ်ပြိုင်များ ဖြစ်နေမလား မသိဘူး) 🙂
    ကျမက စာဖတ်ရတာ ၀ါသနာပါပေမဲ့ မြန်မာစာကိုသာ ပိုအားသန်တာ။ အင်္ဂလိပ်စာဆို ခုထိ ဖတ်ရမှာ တွန့်နေတုန်း။ မဖြစ်မနေ ဖတ်ရမယ့်စာကလွဲရင် ဘတ်စ်ကားပေါ်မှာ သွားရင်းလာရင်း သတင်းစာဖတ်တာလောက်ပဲ ရှိတယ်။
    ခက်ခက်ခဲခဲနဲ့ ဘ၀ကို ရုန်းကန်ရတဲ့သူတွေတောင် အဲဒီလို အမြင့်ကို ရောက်နိုင်တယ်ဆိုရင် … … ….။

    ဒီဆောင်းပါးအတွက် ကျေးဇူးအထူးတင်ပါတယ် ဆရာ၊ တကယ်လိုအပ်တဲ့ စာတပုဒ်ပါ။

  2. thandar permalink
    27 September 2009 6:26 am

    သူ့အကြောင်းကိုဖတ်ပြီး အားတက်မိပါတယ်…..။ ဆရာရေ့ ကျေးဇူးပါ…..။

  3. ဝေေ၀ permalink
    28 September 2009 4:43 pm

    တကယ့်ကိုအတုယူဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ပါပဲ။ ကျေးဇူးပါ ဘကြီးရေ 🙂

  4. ကိုရင်ကောင်းမြတ် permalink
    29 September 2009 12:35 am

    “တွေးမိတာ ရေးမိသဗျာ”

    သည်စာလေးကို ဖတ်ပြီး အားထုတ်ချင်သူ လူငယ်လေးများအတွက် စိတ်ကူး စိတ်သန်းကောင်းလေးများ တစ်စတစ်လေ ပေါ်လာမလားဆိုတဲ့ အတွေးနဲ့ ရေးထုတ်လိုက်ရပြန်တာကတော့ အထူးပြောစရာ လိုမယ်မထင်ပါဘူးခင်ဗျား။

    ဆရာ ရေးတာကိုက မျှော်လင့်ချက် ရေးရေးလေးနဲ့ “တစ်စတစ်လေ ပေါ်လာမလား”လို့ ဆိုထားတာလေးကို ဖတ်မိတော့ တွေးမိတာပါ။

    အတုယူ၊ အားကျစရာကောင်းတဲ့ လူပုဂ္ဂိုလ်တွေအကြောင်း စံပြု အားကျဖွယ် ရေးကြတဲ့ စာတွေ၊ အတော်များများရှိတာ ဖတ်ဖူးကြပါရဲ့။ တကယ်လည်း အားကျ၊ ဖြစ်ချင်စိတ်တွေ ပေါ်ခဲ့မိကြမှာပါ။

    ဖတ်မိသူတွေထဲက တကယ်ကို နမူနာအတိုင်း အောင်မြင် ပေါက်မြောက်အောင် လုပ်နိုင်တဲ့သူကတော့ တကယ့်ကို နည်းပါးမယ် ထင်မိပါတယ်။
    အားကျပေမဲ့ အတုယူ မကျင့်ကြံတာကြောင့်၊ ဖြစ်ချင်ပေမဲ့ ဖြစ်အောင်လိုက်မလုပ်ကြတာကြောင့်ပဲ ဖြစ်မယ် ထင်မိပါတယ်။ လက်တွေ့ကျကျ၊ သက်သေသက္ကာရ ပြနိုင်တာတွေကို ရေးချပြပေမဲ့ ဟိုးဝေးဝေးက လက်လှမ်းမမီစရာ ပုံပြင်လို့များ ထင်နေကြရော့လား။ ပါရမီရှင်တွေမို့ ဖြစ်တာလို့ ထင်နေသလားပါပဲ။

    ဆရာဦးအောင်သင်း ဟောတဲ့အထဲက ဘိုးတော်ဘုရားက ယောအတွင်းဝန် ဦးဖိုးလှိုင်ကို မေးသလို၊ “ဖိုးလှိုင်၊ လောကမှာ မရှိတာထက် မသိတာ ခက်တယ်လို့ ဆိုတယ်။ မသိတာထက် ခက်တာ ရှိသေးလား။ ဆိုတော့၊ ဦးဖိုးလှိုင်က မှန်ပ။ မသိတာထက် မလုပ်တာက အခက်ဆုံးပါဘုရာ့။ မရှိတာက ရှိအောင်လုပ်လို့ ရပါတယ် ဘုရာ့၊ မသိတာကလည်း သိအောင် သင်ပေးလို့ ရပါတယ်ဘုရာ့၊ မလုပ်တာကတော့ ဘာမှ လုပ်ပေးလို့ မရပါဘူး၊ အခက်ဆုံးပါဘုရာ့”ဆိုတာကို သွားသတိရပါတယ်။

    ဆရာ့စာ ခေါင်းစီးလေးက တွေးမိတာနဲ့ ကိုက်ပါတယ်။

    “ဖြစ်အောင်လုပ်က ဖြစ်မှာဗျ”

    မဖြစ်ဖြစ်အောင် လုပ်မှ ဖြစ်မှာဆိုတာကို၊ အားကျနေရုံ၊ ဖြစ်ချင်နေရုံမျှနဲ့တော့၊ ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို တွေးမိသမျှ၊ ရေးမိပါတယ်။

    “လူငယ်အားလုံး မဖြစ်မနေ လုပ်ဖြစ်ကြပါစေ”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: