Skip to content

Appraisal of a Poem

27 September 2009

ကဗျာ ခံopenmindစားမှု – “ကျပ်သူတို့ လျှောက်သောလမ်း”

တောကျောင်းဆရာဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ http://openmindblog.info မယ် စက်တင်ဘာ ၂၅ ရက်နေ့က ကဗျာလေးတစ်ပုဒ် တင်ထားတာ ဖတ်လိုက်ရပါတယ်။ ခေါင်းစဉ်က “ကျပ်သူတို့ လျှောက်သောလမ်း”တဲ့။ တော်တော်ကောင်းတဲ့ စိတ်ကူးလေးကို တော်တော်လှတဲ့ သံတူကပ် အလင်္ကာများနဲ့ တန်ဆာဆင်ထားတာမို့ သဘောကျသွားရတယ်။ သူ့ကဗျာလေးကို အရင်ဖတ်ကြည့်စေချင်ပါတယ်။

ခပ်ကျပ်ကျပ်ခေတ်ထဲ ကျပ်တန်တွေ အသုံးမ၀င်တော့
ဘ၀က ခပ်ကြီးကြီး ကျပ်က ခပ်ကြီးကြီး
တစ်ရာဖိုး ကျပ်ရာက နှစ်ရာဖိုး ကျပ်တယ်
နှစ်ရာဖိုး ကျပ်ရာက ငါးရာဖိုး ကျပ်တယ်
ငါးရာဖိုး ကျပ်ရာက တစ်ထောင်ဖိုး ကျပ်တယ်
တစ်ထောင်ဖိုး ကျပ်ရာက ငါးထောင်ဖိုး ကျပ်မယ်
ကျပ်တန် မရှိတော့တဲ့ ခေတ်ထဲ
ဘ၀ကလည်း ကျပ်ကလေး မဟုတ်တော့
ကျပ်ကလေးတို့ကမ္ဘာလည်း မဟုတ်တော့
ကျပ်ကြီးတို့ကမ္ဘာ
ငါးဆယ် ပြန်မအမ်းလည်း စိတ်ဆိုးမနေနဲ့
အမ်းစရာ မရှိလည်း ငမ်းစရာတော့ ရှိရမယ်
ငမ်းစရာ မရှိလည်း လွမ်းစရာတော့ ရှိရမယ်
လွမ်းစရာ မရှိလည်း နွမ်းတာတော့ ရှိတယ်
အနွမ်း အနွမ်း အနွမ်းတွေ များတော့ လွမ်းတယ်
ကျပ်တန်ဆီကိုလား ကြက်တန်းဆီကိုလား
တစ်ကျပ် နှစ်ကျပ် တေးကိုသီ
အကြွေ မရှိပေမယ့် အကြွေးတော့ ရှိတယ်
ကျပ်ခိုးစင်မှာ ကျပ်ကျပ်တည်းတည်း
ဘ၀ကို ကျပ်တိုက်နေသလား ကျပ်တင်နေသလား
ကျပ်မပြည့်တဲ့ကြားက ကျပ်စည်းလိုက်တယ်
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးကျပ်
(ကျပ်တန် မရှိတော့တဲ့ ခေတ်ထဲ
ဘ၀ကလည်း ကျပ်ကလေး မဟုတ်တော့
ခပ်ကျပ်ကျပ်ခေတ်ထဲ ကျပ်တန်တွေ အသုံးမ၀င်တော့
ဘ၀က ခပ်ကြီးကြီး ကျပ်က ခပ်ကြီးကြီး)
နေ သည်လောက် ပူနေမှတော့
ငရဲပြည် ရောက်မလား စိတ်ပူမနေနဲ့တော့။

ခေတ်ပေါ်ကဗျာကို သိပ်မခံစားတတ်တဲ့ ကျွန်တော်လိုလူတောင် ခံစားလို့ရတဲ့ ကဗျာလေးပါပဲ။ သူ့ကဗျာလေးက စိတ်ထဲမှာ စွဲနေတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို ဝေမျှချင်ရင် ပြဿနာက တက်လာတယ်။

“အယက်အကန်ခံလို့ ဗေဒါပျံ အန်ကိုခဲ”(ဇော်ဂျီ)လိုမျိုး၊ “လယ်စောင့်တဲလေး ခြေတံရှည်၊ မိုးကုတ်အောက်မှာနေ”(မင်းသုဝဏ်)လိုမျိုး၊ “အပြင်ဘက်မှ သစ်ရွက်တွေကြား၊ စကားပင်အို ကန်ရေစိုစွတ်” (ကြည်အေး) လိုမျိုး၊ “ဆေးလိပ်လည်း တို၊ နေလည်း ညိုပြီ” (တင်မိုး)လိုမျိုး၊ “တိမ်လိုနွဲ့အောင်နော့ အိမ်ဆိုတဲ့ ထောင်မှာ”(မောင်ခိုင်မာ)လိုမျိုး၊ “သားအမိအိမ်၊ ပတ္တမြား မရှိ၊ စိန်မစီလည်း”(ကိုရိုး)လိုမျိုး၊ “ခင်သွားရင် ရနံ့ပေး၊ ခင်မွှေးရင် ပျော်ရွှင်လို့” (မောင်စိန်ဝင်း)လိုမျိုး စွဲသွားတဲ့ ကဗျာလေးတစ်ပုဒ်ကို ချစ်သူခင်သူများကို ဝေမျှချင်တဲ့အခါ တစ်ပုဒ်လုံးကို ခံစားချက် အပြည့်နဲ့ နှုတ်တက်ရွရွ ပြန်ဆိုပြလို့ မရနိုင်တော့ အားမလို အားမရ ဖြစ်မိတယ်။ အဲဒီ့ကဗျာလေးတွေကျတော့ စိတ်ထဲမှာထင်မကဘဲ ရင်ထဲ အသည်းထဲ နှလုံးထဲမှာတောင် စွဲနေပါတယ်။

အဲဒါဟာ ခေတ်ပေါ်ကဗျာနဲ့ ရိုးရာကဗျာကြားက ကွာနေတဲ့ “အဟပ်”လို့ ယူဆပါတယ်။ ခေတ်ပေါ်ကဗျာက ကောင်းလိုက်တာဆိုပြီး တွေးပုံ ရေးပုံလေးကို ရပ်သပ်ရှုမောလိုက်ရတယ်။ အဲဒီ့နေရာမှာတင် ရပ်သွားတယ်။ နောက်တစ်ခါ ပြန်ခံစားချင်ရင် စာအုပ်ပြန်လှန်ရတယ်။ မနည်း ပြန်ရှာရတယ်။ ပြန်ဖတ်ရတယ်။

ရိုးရာ ကဗျာကျတော့ အဲလိုမဟုတ်ဘူး။ ကောင်းလိုက်တာဆိုပြီး တွေးပုံ ရေးပုံလေးကိုလည်း ခံစားတယ်၊ ချိုနေတဲ့ အသံလေးတွေကိုလည်း ဖတ်သူရဲ့ စိတ်ထဲက လိုက်ရွတ်နေမိတယ်။  ကဗျာကောင်းရင် ကောင်းသလောက်၊ တိုရင်တိုသလောက် ပါးစပ်ထဲ နားထဲမှာ စွဲကျန်ရစ်တယ်။ စိတ်ရော၊ ပါးစပ်ရော၊ နားရော စွဲကျန်ရစ်တဲ့အတွက် ရိုးရာကဗျာလေးတွေဟာ ခေတ်တွေကို ကျော်လွှားရှင်သန်နေခဲ့တာပါ။ “မြိတ်သွင်လွတ်စို့ ပြာသွယ်ညို့”လို၊ “ဆေးတံတို တစ်ညိုလောက် ရော့ သောက်တော့ပေး”လို ရှေးကဗျာတွေတောင် ခေတ်ကို ကျော်လွှားပြီး မြန်မာတို့ရဲ့ အသည်းနှလုံးထဲမှာ ရှိနေနိုင်စွမ်းတာဟာ မြန်မာဘာသာစကားရဲ့ အလှအပ၊ ထူးခြားမှု အပေါ် အခြေခံထားလို့ပဲလို့ ကောက်ချက်ဆွဲမိပါတယ်။

တခြား ဘာသာစကားတွေတော့ မတတ်လို့ သိပ်မသိဘူး။ အင်္ဂလိပ်စာ၊ ပြင်သစ်စာလို ဥရောပ ဘာသာစကားတွေမှာက ဝေါဟာရတစ်လုံးကို အသံစုံ ထွက်လို့ရတယ်။ Go ကို ဂိုလို့ ထွက်လို့ရသလို ဂိုးလို့ ထွက်လို့ရတဲ့အပြင် ဂို့လို့ ထွက်မယ်ဆိုလည်း ဖြစ်နိုင်ပါတယ်။ မြန်မာဘာသာစကားကကျတော့ အဲသလို မဟုတ်တော့ဘူး။ မြ၊ မြာ၊ များဆိုတဲ့ သုံးလုံးမှာတင် အနက်က သုံးမျိုးဖြစ်နေတတ်မြဲ တစ်လုံး တစ်သံ ဘာသာစကားပါ။ အဲတော့ နဘေဆိုတာ မြန်မာဘာသာစကားမှာမှ ထပ်လို့ရတယ်။ ကာရန်ဆိုတာလည်း မြန်မာဘာသာစကားကမှ အုပ်လို့ ရတယ်။

အင်္ဂလိပ်ကဗျာတော့ များများ စားစား သိပ်မဖတ်ဖူးလို့ သိပ်စွဲနေတာ မရှိပါဘူး။ Men may come and men may go; but I go on forever လို ကဗျာထဲက တစ်ကြောင်း တစ်ပါဒလောက်ကိုသာ စွဲစွဲမြဲမြဲ ရွတ်နိုင်တာလေးတွေ ရှိပါတယ်။ ကိုယ့်မိခင် ဘာသာစကား မဟုတ်တာလည်း တစ်ကြောင်း ဖြစ်ချင်ဖြစ်မှာပါ။ တစ်ပုဒ်လုံး အလွတ်ရွတ်နိုင်တဲ့ ကဗျာက ခပ်ရှားရှားရယ်။ ကျွန်တော်တို့ရဲ့ရှေ့ မျိုးဆက်လို ကဗျာတွေ ကျက်ရတဲ့ ခေတ်မှာ လူဖြစ်ခဲ့ရင်တော့လည်း တစ်မျိုးဖြစ်ချင် ဖြစ်နိုင်ပါတယ်။

ပြောချင်တာကဗျာ… ခေတ်ပေါ်ကဗျာကို ကျွန်တော် သိပ်မခံစားတတ်သော်လည်း အသစ်ကို ငြင်းပယ်သူထဲမှာ ကျွန်တော် မပါပါဘူး။ အသစ်ကို အငမ်းမရ တောင့်တသူထဲမှာတော့ ထိပ်ဆုံးက မဟုတ်ဘူးဆိုရင်တောင် ရှေ့တန်းက ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မြင်မိပါတယ်။ သို့ပေမယ့် သစ်တာလေးတွေကို “ခေတ်အဆက်ဆက် ရှင်သန် တင်ကျန်ရစ်စေချင်”တာက ကျွန်တော့် ဆန္ဒပါ။ ခေတ်ပေါ်ကဗျာထဲမှာ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ထားတဲ့ ဆရာမကြီး ကြည်အေးရဲ့ ကဗျာတွေ နောက်ပိုင်းမှာ ကျွန်တော်တို့ နှုတ်မှာ၊ နားမှာ စွဲကျန်ရစ်တဲ့ကဗျာဆိုလို့ ကျွန်တော့်အတွက်တော့ မူးလို့တောင် ရှူစရာ ရှာမတွေ့သလိုပဲ။

အဲဒီ့ အရှိန်အဟုန်ပြင်းနေတဲ့ ခေတ်ပေါ်ကဗျာ ၀ဲသြဃထဲမှာပဲ လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ထွက်သွားတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ “သောကခြေရာ ရတနာ” ကဗျာများ စာအုပ်ဟာ ကဗျာစာအုပ်ထဲမှာ ရောင်းအကောင်းဆုံး စာအုပ်တန်းဝင်ခဲ့ဖူးတာလေးကိုလည်း မှတ်မိနေပါသေးတယ်။ ကဗျာစာအုပ်ဟာ ရောင်းအကောင်းဆုံးဖြစ်ဖို့ နေနေသာသာ၊ ရောင်းကောင်းတဲ့ စာရင်းထဲမှာတောင် ဘယ်တုန်းကမှ မပါခဲ့ဖူးပါဘူး။ ဆရာ မောင်စိန်ဝင်းရဲ့ စာအုပ်ကျတော့မှ ရောင်းအကောင်းဆုံးဖြစ်ခဲ့ဖူးတာပါ။ လှိုင်ပေါလယ်နေတဲ့ ခေတ်ပေါ်ကဗျာတွေကြားမှာ သူ့စာအုပ်ကျမှ ဘာဖြစ်လို့ ပေါက်သွားတာလဲ။

အဖြေက ရှင်းပါတယ်။ မြန်မာဟာ ချိ(စ်)တို့၊ ရို့(စ်)(ထ်)တို့၊ ဂရစ်(လ်)တို့၊ ဘာဘစ်ခယူးတို့ကို တစ်ခါတရံ ခံတွင်းတွေ့စွာ စားချင်တတ်ပေမယ့် မြန်မာဖြစ်နေတဲ့အတွက် ငါးပိရည်လေးနဲ့ တို့စရာလေး၊ ချဉ်ရည်ဟင်းလေးဆိုတဲ့ အတွဲအဖက်ကလေး မှန်နေတဲ့အခါကျတော့မှသာ နေ့စဉ်စားသုံးမှုက မြိန်ယှက်နေမိရတာလိုမျိုးပါ။

ဟုတ်ကဲ့… ခေတ်ပေါ်ကဗျာတွေကို ခံတွင်းတွေ့ပါတယ်။ ဒါပေမယ့် သိပ်မမြိန်ပါဘူး။ ရိုးရာကဗျာတွေက မြိန်ပါတယ်။

အခု နမူနာ ဖော်ပြလိုက်တဲ့ တောကျောင်းဆရာရဲ့ ကဗျာလေးမှာ ရိုးရာ နံနံပင်လေး ဖြူးထားပါတယ်။ သံတူကပ်အလင်္ကာလေးပါ။ အကြောင်းအရာကလည်း ခေတ်ပြိုင်ခံစားမှုပါ။ ဒါ့ကြောင့် ကျွန်တော့်စိတ်ထဲ စွဲသွားတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော့် ပါးစပ်ထဲ၊ နားထဲ၊ နှလုံးသားထဲအထိ ၀င်လာနိုင်စွမ်း မရှိသေးဘူး။ လမ်းရိုးဟောင်းပေါ်မှာ အသစ်အမြင်နဲ့ ဆင့်ထွင်ထားတာလေး ဖြစ်နေပြီးတော့ နှုတ်တက်ရွရွ ရွတ်လို့လည်း ရတဲ့ ကဗျာလေးသာ ဖြစ်လို့တော့လားဗျာ… တောကျောင်းဆရာရဲ့ အဲဒီ့ကဗျာလေးဟာ နောင်နှစ်ပေါင်း လေး-ငါးရာတိုင် မြန်မာတို့ရဲ့ နှုတ်ဖျားမှာ တည်တံ့နေလောက်တယ်လို့များ ပြောလိုက်ရင် ဒေါသများ သင့်သွားလေမလား မသိ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၇၀၉၀၉)

Advertisements
6 Comments leave one →
  1. 27 September 2009 3:09 pm

    တောကျောင်းဆရာရဲ့ အဲဒီကဗျာလေးကို အလွန်နှစ်သက်ပါတယ်။ လက်ရှိခေတ်ကို ထပ်ဟင်တဲ့ ကဗျာကောင်းလေး တပုဒ်ပါပဲ။

    ဆရာရေးထားတဲ့ နောက်ဆက်တွဲတွေကို ကျမလဲ စဉ်းစားမိတယ်။ ရှေးက ကဗျာတွေ ခေတ်အဆက်ဆက် ကျန်နေရစ်တာ ကာရန်ကြောင့်၊ အသံကြောင့် လို့ပဲ ထင်တယ်။
    ပေထက် အက္ခရာ မတင်နိုင်တဲ့ခေတ်မှာတောင် နှုတ်တက်ရွရွ အလွတ်ကျက်ပြီး မှတ်သားခဲ့ကြလို့ ခုထိ ကျမတို့ ဖတ်နိုင် သင်နိုင် လေ့လာနိုင်ကြတာပဲ။
    ဒါတောင် မူကွဲအမျိုးမျိုး ဖြစ်နေကြသေးတာ။
    မှတ်ရခက်တဲ့ ခုခေတ်ပေါ် (မော်ဒန်) ကဗျာမျိုးတွေသာ အဲဒီခေတ်မှာ ပေါ်ပေါက်ခဲ့ရင် ခုချိန်ထိ ကျန်ပါ့မလားလို့ တွေးမိတယ်။
    ဒါကြောင့်လည်း အဲဒီခေတ်က မပေါ်ဘဲ ခုခေတ်မှ ပေါ်တာထင်ပါရဲ့။ ခုခေတ်မှာတော့ စာရွက်ပေါ်တွင်မကဘူး ကွန်ပျူတာပေါ်၊ အင်တာနက်ပေါ်တောင် မှတ်တမ်းတင်လို့ ရနေတာဆိုတော့ အလွတ်မရသည့်တိုင် တော်ရုံ မပျောက်ပျက်နိုင်တော့ဘူးပေါ့။

    ကျမတို့ခေတ်ကတော့ အင်္ဂလိပ်ကဗျာတွေ အလွတ်ကျက်ခဲ့ရဖူးတယ်။
    The night has a thousand eyes … တို့ ဘာတို့ … ဒါပေမဲ့ ခုတော့ မေ့ပြီ။
    စာမေးပွဲဖြေဖို့လောက်သာ ရည်မှန်းပြီး ကျက်ခဲ့တာဆိုတော့ ဆရာပြောသလို အသည်းနှလုံးထဲ စွဲမသွားတာ ထင်ပါရဲ့။
    ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာတွေကတော့ အလွတ်ကျက်ဖို့ မလိုဘဲကို ဖတ်ရင်းနဲ့ အလွတ်ရတာ။
    ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းလည်း တအုပ်လုံးနီးပါးကို အထပ်ထပ် ဖတ်ရင်းနဲ့ အလွတ်ရခဲ့ဖူးတယ်။
    ဆရာမင်းသုဝဏ်ရဲ့ ခါနွေဆန်းတော့ လွမ်းမိတယ် ကဗျာရှည်ကြီးလည်း သိပ်ကြိုက်လို့ အလွတ်ကို ကျက်ခဲ့ဖူးသေးတယ်။
    ဆရာမကြည်အေးရဲ့ ကဗျာထဲမှာတော့ ညကြီးမင်းကြီး ထပြီးထိုင်နေ … တဲ့ တစ္ဆေ တောင် နောက်စာပိုဒ်တွေ မရတော့ဘူး။
    ဆရာပြောသလိုပါပဲ … ဘယ်လောက်ပဲ ဆန်းသစ်ခေတ်မီတယ်ဆိုဆို မြန်မာတိုင်းရဲ့ မသိစိတ် အငုပ်စိတ်မှာကိုက မြန်မာပီပီ မြန်မာ့ရိုးရာတွေကိုပဲ မှီဝဲသုံးစွဲရတာ ခံတွင်းတွေ့ပြီး ခေတ်အဆက်ဆက် မပျောက်မပျက် နှလုံးသားထဲမှာ ထင်ကျန်ခဲ့မယ်လို့ ထင်မြင်ယူဆမိပါတယ်။

  2. ဝေေ၀ permalink
    28 September 2009 5:14 pm

    အမ်းစရာ မရှိလည်း ငမ်းစရာတော့ ရှိရမယ်
    ငမ်းစရာ မရှိလည်း လွမ်းစရာတော့ ရှိရမယ်
    လွမ်းစရာ မရှိလည်း နွမ်းတာတော့ ရှိတယ်
    အနွမ်း အနွမ်း အနွမ်းတွေ များတော့ လွမ်းတယ်… …..။ ကောင်းလိုက်တဲ့ကဗျာလေး 🙂

  3. အေး permalink
    28 September 2009 11:23 pm

    ကျပ်နဲ့ပတ်သက်ပြီး ဖတ်ရတော့ ငယ်ငယ်တုံးက ကျွန်တော်တို့ဆီက အရက်သမားတစ်ယောက် ပြောတာ ပြန်မှတ်မိတယ်။ သူက အရက်ကြောင့် ပျက်စီးသွားတယ် ပြောလို့ ရပေမယ့် ဘွဲ့ရတစ်ယောက်ပေါ့။ အတွေးအခေါ် စာတွေက သိပ်ဖတ်တာ။ စာသမားပေါ့။ မူးမူးနဲ့ သူ ဘာပြောလဲဆိုတော့ ငါတို့ နိုင်ငံငွေကို ကျပ် ကျပ်နဲ့ ခေါ်လို့ လူတွေ ကြပ်တည်းကြတာတဲ့။ အဲဒါကြောင့် သူကတော့ ချောင်လို့ ပြောင်းသုံးမယ်တဲ့။ ဟား ဟား။ ကျွန်တော်တို့လည်း သူပြောတော့ ဟုတ်တုတ်တုတ်လို့ ထောက်ခံပြီး ရယ်ကြရသေးတယ်။

  4. ကိုရင်ကောင်းမြတ် permalink
    28 September 2009 11:40 pm

    သို့ (ကို) အေး

    “ရူး” – “တိုး၊တိုး”

    နောင်နှစ်ခါ ထပ်ထုတ်မဲ့ ငွေစက္ကူ အသစ်မှာ “ ချောင်” တသောင်းတန် ဖြစ်နေဦးမယ်။ နောက်တခါ တောကျောင်းဆရာရဲ့ မော်ဒန် “ ချောင်” ကဗျာရှည်ကြီး ထပ်ဖတ်နေရဦးမယ်။ သွားမစလေနဲ့။

  5. 30 September 2009 10:41 am

    ဆရာ့ဘလော့ ရှိတာ ခုမှ သိလို့ ခုမှ လာဖြစ်တယ်…. ဆူဒိုနင်ရော အတ္တကျော်ရောရဲ့ စာအုပ်တွေ တော်တော်များများ ဖတ်ဖူးပါတယ်…. နေ့အိပ်မက် ကြိုက်တဲ့ စာရေးဆရာထဲမှာ တစ်ယောက်အပါအ၀င်ပေါ့…. လင့်ချိတ်ခွင့်ပြုစေချင်ပါတယ်….

    ဒီကဗျာလေးကတော့ ဖတ်တုန်းက တော်တော်အကြိုက်တွေ့မိပါတယ်.. ဒါပေမဲ့ မြန်မာကဗျာတွေလို အလွတ်ရဖို့ မလွယ်ဘူးဆိုတာကလည်း မှန်နေပြန်ရော။ ဒါကြောင့် rap သီချင်းတွေကျတော့ ဘယ်လောက်ရှည်ရှည် လူငယ်တွေ အလွတ်ရကြတာဖြစ်မယ်နော်… (ကာရန်မိနေလို့လေ…)

  6. jeu jue permalink
    9 October 2009 1:33 pm

    လင့် ယူသွားပါတယ်ဆရာရှင့်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: