On Criticism (2002)

ပါးစပ်နဲ့ လူ၊ နားရွက်နဲ့ လူ

ptt-welcomeအသက်နှစ်ဆယ်ကျော်ကျော်၊ အစိတ် မပြည့်ခင်မှာ ကျွန်တော်ဟာ ကိုယ့်ဘာသာ ခန့်အပ်တဲ့ ကျူရှင်ဆရာ အလုပ်ကို လုပ်ဖြစ်ခဲ့ပါတယ်။

လုပ်သက်လေး နှစ်နှစ်လောက်ကျတော့ အသံတွေကြားရတယ်။

“သည်ဆရာက စာသင်ကောင်းတယ်”ဆိုတဲ့ စကားမျိုးများ ကြားလိုက်ရရင် တယ် နားဝင်ချိုတာပဲ။ “စာသင်တာတော့ကောင်းပါရဲ့၊ ဒါပေမယ့် တစ်ခါက နှစ်ခါ ထပ်ရှင်းဖို့ကျ ဘယ်တော့မှ စိတ်မရှည်တတ်ဘူးကွ”ဆိုတဲ့ စကားမျိုးကျရင်တော့ နည်းနည်း ကသိကအောက် ဖြစ်သွားရပါတယ်။ ဒါပေမယ့် သူတို့ပြောတာက မှန်နေတော့ အောင့်သက်သက်နဲ့ ငြိမ်နေလိုက်ရတာမျိုးလည်း ရှိတယ်။

“ရုပ်ကလည်း ဖြောင့်တယ်နော်”ဆိုတာမျိုးဆိုရင်တော့ ဂျွမ်းတောင်ပစ်လိုက်ချင်တဲ့စကားမျိုးပေါ့။ “ရုပ်ကတော့ မဆိုးပါဘူး၊ အရပ်က ခွေးပစ်တဲ့ တုတ်လောက်ရှိတာ”ဆိုတာကျရင်လည်း အောင့်သီးအောင့်သက်နဲ့ ခံနေရတာပါပဲ။

အဲလိုနဲ့ ဝေဖန်သံတွေက အမျိုးမျိုး၊ တစ်ခါ တစ်မျိုး၊ မရိုးနိုင်အောင်ပါပဲ။ မျက်လုံးပြူးတာ၊ မျက်ခုံးထူတာ၊ သွားမှာ ဆေးလိပ်ချိုးတွေ ကပ်ပြီး မည်းနေတာ၊ အာကျယ်တာ၊ လေပေါတာ၊ အစုံအစုံ ပြောနေတာတွေ ကြားရပါတယ်။ တချို့တပည့်လေးတွေက ကျွန်တော့်ဘက်က မခံနိုင်ရှာကြလို့ ပြန်လာပြောတာမျိုးလည်း ကြားရတယ်။ တချို့ကျတော့လည်း ကျွန်တော် ပြုပြင်နိုင်စေချင်တဲ့ စေတနာနဲ့ ပြောတာမျိုးလည်း ရှိတယ်။

“ဆရာက အရမ်း အသံအောင်တာပဲ။ လူတစ်ရာလောက်များတော့ မိုက်ခရိုဖုန်း သုံးစရာ မလိုဘူး၊ ကောင်းကောင်း ထိန်းနိုင်တယ်”လို့ ပြောတဲ့သူ ရှိသလို “မင်းတို့ဆရာကလည်းကွာ၊ အာပြဲလိုက်တာ၊ လမ်းမပေါ်ကတောင် သူ့အသံကို အတိုင်းသားကြားရတယ်”ဆိုတာမျိုးလည်း ကြုံတယ်။

“မင်းတို့က ကောင်းလှချေရဲ့ဆိုလို့ လာတက်တာ၊ ဘာမှလည်း မထူးပါ လား”ဆိုတဲ့ ကျောင်းသားသစ်အသံမျိုးလည်း ကြားဖူးတယ်။ “ဆရာက မျက်စိ အရမ်းလျင်တယ်၊ အက်စ်လေး တစ်လုံး၊ ဒီလေး တစ်လုံးလောက် ကျန်ခဲ့တာကအစ တန်းမြင်တာပဲကွ”ဆိုတာမျိုး ရှိသလို “သူမို့ လေ့ကျင့်ခန်းများ မစစ်လိုက်နဲ့၊ စစ်တာနဲ့ ချစ်တီးခေါင်း သန်းရှာသလို စစ်စစ်ပေါက်ပေါက် လျှောက်စစ်တတ်တာမျိုးကွ”ဆိုတာမျိုးလည်း ရှိတယ်။

နောက်ဆုံးမှာတော့ “ဆရာက တကယ်တတ်အောင် သင်ပေးနေတာ”ဆိုတာမျိုးနဲ့ “သည်လောက် သင်စရာ မလိုပါဘူးကွာ၊ အခုသင်နေတာရဲ့ တစ်ဝက်လောက်၊ လေးပုံ တစ်ပုံ လောက်နဲ့တင်ပဲ စာမေးပွဲ အောင်နိုင်ပါပြီ။ အလကား၊ ငါတို့ကို သက်သက်မဲ့ နှိပ်စက်နေတာ”ဆိုတာမျိုးအထိ ကြုံဖူးတယ်။

အသက် ၃၀ ပြည့်ခါနီးက စပြီး မဂ္ဂဇင်းတွေမှာ စာတွေ ရေးဖြစ်ပြန်တော့ အသံဗလံ ပေါင်းစုံကို တိုးပွားပြီး ကြားရပြန်တယ်။ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကနေ တိုက်ရိုက် ပြောဆိုကြတာတွေလည်း အစုံ၊ အစုံ။

စာရေးတဲ့သူတွေရဲ့သမိုင်းမှာ ကျွန်တော့်လောက် လူပြောသူပြော အခံရများတဲ့ စာရေးသူဆိုတာ ရှိမှရှိပါ့မလား တွေးယူမိတယ်၊ အဲသလောက်။

အချီးမွမ်းခံရရင် လူပီပီ သိပ်ကျေနပ်တယ်။ အဝေဖန်ခံရရင် အောင့်သက်သက်နဲ့ပေမယ့် ပြင်လို့ရတာမျိုးဆို ပြင်ဖို့ကြိုးစားလိုက်တယ်။ အမနာပ အပြောခံရရင် နုစဉ်အခါတုန်းကတော့ အတော့်ကို မခံချိမခံသာဖြစ်မိတယ်။ နောက်ပိုင်းကျတော့ ရိုးသွားပြီး အမနာပတွေကို သနားတတ်လာတယ်။

စာသင်တုန်းကနဲ့ အတူတူပါပဲ။ ကျွန်တော်က ပိုက်ဆံရဖို့သက်သက်ပဲ စာသင်တာမှ မဟုတ်တာ။ ကျွန်တော့်မှာ စေတနာလေးတစ်ခု ရှိတယ်။ အဲဒီ့စေတနာလေးကို အကောင်အထည် ဖော်ကြည့်တာပဲ။

စာရေးတော့လည်း ပိုက်ဆံအတွက် ရေးဖြစ်ခဲ့တာ၊ ရေးဖြစ်နေမဟုတ်ဘူး။ (စာမူခတွေ မတရားအနှိမ်ခံရတာကိုကျတော့ မတရားမှုတစ်ခုအဖြစ် ရေးခဲ့၊ ပြောခဲ့ဖူးပါတယ်။) စေတနာလေးတစ်ခုနဲ့ ရေးဖြစ်နေတာ။

စာသင်တဲ့အလုပ်က လူရှေ့ ထွက်ရပ်ပြရတဲ့အလုပ်၊ ကျောင်းသားဆိုတဲ့ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ရတဲ့အလုပ်။ အဲတော့ လက်ခံသူ၊ ကြိုက်သူတွေ ရှိမှာ ဖြစ်သလို၊ လက်မခံနိုင်သူ၊ မကြိုက်သူတွေလည်း ရှိနေမှာ သဘာဝပါပဲ။ ထို့အတူ စာရေးတဲ့အလုပ်ဆိုတာလည်း လူလုံး မပြရသည့်တိုင် ကျွန်တော့် အာဘော်ကို ပရိသတ်ရှေ့မှောက် ချပြရတာပါ။ သည်အခါမှာလည်း လက်ခံသူ ရှိသလို၊ လက်မခံနိုင်သူတွေ ရှိမှာပဲ၊ ကြိုက်သူ ရှိသလို၊ မကြိုက်သူလည်း ရှိမှာပဲ။

အဲတော့ ကျွန်တော့် စေတနာ၊ ကျွန်တော့် လမ်းကြောင်းနဲ့ ကျွန်တော် ဆက်သွားချင်ရင် လူပြောသူပြော ခံနိုင်ဖို့လိုမှန်း စာမရေးခင်၊ စာသင်စားတဲ့ ဘဝကတည်းက ဘဝပေးအသိအနေနဲ့ နားလည်ထားတယ်။

အခုနောက်ပိုင်း ဂျာနယ်တွေမှာ ရေးဖြစ်တော့လည်း ထုံးစံအတိုင်း ဂယက်ကလေးတွေ ပလုံစီတဲ့အခါ စီလာပြန်တယ်။ အကောင်းပြောတဲ့သူ ရှိသလို မကောင်း ပြောတဲ့သူလည်း ရှိတယ်၊ လိုရာ ဆွဲတွေး၊ ရေးထားသမျှ စာတစ်ပုဒ်လုံးရဲ့အနက်ကို မကောက်ဘဲ တစ်လုံး၊ တစ်ကြောင်း၊ တစ်ပိုဒ်တည်းကို ကောက်ယူပြီး ထိုးကြနှက်ကြတာတွေလည်း ရှိတယ်။

ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တယ်ဆိုတဲ့ စကားမျိုးနဲ့ တစ်ဖက်သားကို နှိမ့်ချ အနိုင်ပိုင်းတာမျိုးတွေ မပြောချင်ပါဘူး။ ဒါမှမဟုတ် အပင်မြင့်တော့လည်း လေတိုက်ခံရတာပေါ့ဆိုတာမျိုးနဲ့ ဘဝင်တွေလည်း လေမဟပ်မိပါဘူး။ ပြောတဲ့သူက ပြောတယ်ဆိုတာ ပြောစရာ ရှိအောင် ကျွန်တော့်ဘက်က အစွန်းထွက်နေလို့ (ဝါ) ပြောစရာရှိအောင် လုပ်မိလို့လည်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော့်ဘက်က အစွန်းလွတ်အောင် အားထုတ်နိုင်ရင်၊ ပြောစရာ မရှိအောင်နေရင် ဘယ်သူကမှ လေကုန်ခံပြီး ပြောနေမှာ မဟုတ်ဘူးဆိုတာကို တွေးမိနေပါတယ်။

သည်ကြားထဲကမှ ကပ်သတ် ရှာဖွေပြီး ပြောကြသေးတယ်ဆိုရင်လည်း ဘာမှ တုန်လှုပ်စရာ မရှိဘူးလို့ မြင်ပါတယ်။

လူရှေ့ထွက်ရပ်၊ လူလုံးထွက်ပြပြီးခါမှ လူပြော သူပြော မခံရဲရင် သဘောထား သေးသိမ် ယုတ်ညံ့ရာ ကျပါတယ်။ ကျွန်တော်က မိမိကိုယ်ကို ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားချင်သူပါ။ အထူးသဖြင့် မိမိရဲ့စိတ်သဘောထားကို အကောင်းဆုံး ဖြစ်လာအောင် တလေးတနက် ပျိုးထောင်ယူချင်ပါတယ်။ အဲတော့ အရာရာကို လက်ခံနိုင်အောင်၊ အထူးသဖြင့် ကိုယ်ပြုမိတဲ့ အမှုတစ်ခုခုအတွက် တာဝန်ယူ နားထောင်ရဲတဲ့ နားရွက်မျိုး ရှိနေအောင် အစဉ်တစိုက် ကြိုးပမ်းနေပါတယ်။

တလောဆီက မဂ္ဂဇင်းတစ်စောင်ရဲ့ အမေးအဖြေကဏ္ဍမှာ လူရွှင်တော်တွေ အပေါပြိုင်နေကြတာ ထင်ပါရဲ့လို့ ရေးလိုက်တဲ့အတွက် သက်ဆိုင်ရာ လူရွှင်တော်များက မဂ္ဂဇင်းကို ပြဿနာ ထရှာတာ တွေ့လိုက်ရတော့ စိတ်ထဲ မကောင်းလှဘူး။ ကိုယ့်လူတွေနှယ် စင်ပေါ်သာ တက်နေကြတယ်၊ တယ်လည်း အရေပါးပါလားလို့ တွေးမိရခြင်းနဲ့အတူ အလားတူ အရေပါးသူ အမြောက်အများကိုလည်း မျက်စိထဲ ကွက်ခနဲ မြင်လိုက်မိတယ်။ လူပြော သူပြောမခံချင်ရင် အိမ်တစ်လုံးထဲမှာ တစ်ယောက်တည်းနေပြီး ခေါင်းမြီးခြုံ အိပ်နေရုံသာရှိပါတယ်။ တစ်ယောက်တည်း မဟုတ်ဘဲ၊ အနားမှာ တစ်ယောက်ယောက် ရှိနေလို့ကတော့ ခေါင်းမြီးခြုံ အိပ်တာကိုပဲ “မင့်နှယ် အပျင်းကြီးရန်ကော”လို့ အပြောခံရဦးမှာက သေချာနေသလောက်ပါပဲ။

လူတွေမှာ ပါးစပ်တွေ ပါတယ်။ အဲတော့ ပြောတာ လူ့အလုပ်ဖြစ်သလို ပါးစပ်နဲ့ထပ်တူ လူတွေမှာ နားရွက်တွေလည်း ပါတာမို့ နားထောင်ဖို့ကလည်း လူ့အလုပ်ပါပဲ။ သည်တော့ ဘယ်သူဘာပြောပြော ပြောသမျှကို အသာ နားထောင်နေလိုက်မယ်ဆိုရင် ကိုယ့်အတွက် တစ်စက်မှ အကျိုးမယုတ်နိုင်ပါဘူး။ နားမထောင်ဘဲ နားပိတ်ထားမယ်၊ ပြောသူကို လိုက် ပြဿနာရှာနေမယ်ဆိုရင်သာ ကိုယ့်အတွက် အကျိုးပျက်နိုင်တာပါ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်/အတ္တကျော်

————————–

[၂၀ဝ၂ ဇန်နဝါရီ ၁၇ ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး ၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်းက စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ ပထမအကြိမ် ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ ဖြေတွေးလေးများ စာအုပ် စာမျက်နှာ ၁၉၃ မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။]

On Plagiarism

Jumpingဆရာနွမ်ဂျာသိုင်းရဲ့ နာမည်ကျော် “တစ်ခါတုန်းက တက္ကသိုလ်မှာ”ဆိုတဲ့ ၀တ္ထုခေါင်းစဉ်နဲ့ပဲ မကြာသေးခင်က စာရေးဆရာ “မျိုးကိုမျိုး”က ၀တ္ထုတစ်ပုဒ် ထုတ်လာပါတယ်။ သည်ကိစ္စကို ဆရာနွမ်ဂျာသိုင်းက လျှပ်တစ်ပြက်ဂျာနယ်မှာ ကန့်ကွက်စာရေးတယ်။ ဒါကို တစ်ဖက်က မကျေမလည် တုံ့ပြန်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး Weekly Eleven Journal မှာ အသားပေး သတင်းဆောင်းပါးအဖြစ် တင်ဆက်ရာမှာ ထည့်သွင်းဖို့အတွက် ကျွန်တော့်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ (ဆရာအထောက်တော်လှအောင်ရဲ့ စကားကို ငှားပြောရရင်) အကြောင်းကြောင်းသော အကြောင်းများကို အကြောင်းပြုပြီး သကာလ ကျွန်တော်ပြောဆိုခဲ့တာတွေထဲက တချို့က ပြန်လည် ပုံနှိပ်ဖော်ပြရာမှာ ပါမလာပါဘူး။ ကျွန်တော့်ကို အင်တာနက် တွတ်ထိုးခန်းကနေ မေးမြန်းခဲ့တာမို့ အဲဒီ့ အမေးအဖြေကို ကျွန်တော် ကူးယူထားနိုင်ခဲ့ပါတယ်။ အခု အဲဒီ့အမေးအဖြေလေးကို ပြန်လည် တင်ဆက်လိုက်ပါတယ်ခင်ဗျား။ မေးသူက Eleven Media Group က အကြီးတန်းသတင်းထောက် ဆရာနေထွန်းနိုင် ဖြစ်ပါတယ်။

နွမ်ဂျာသိုင်းနဲ့ မျိုးကိုမျိုးရဲ့ ဖြစ်ရပ်အပေါ် ဆရာ့အနေနဲ့ ဘယ်လိုယူဆမိပါသလဲခင်ဗျ။
နာမည်တွေကို ဖယ်ပြီး ပြောရအောင်ဗျာ။ ကနေ့လူငယ် အများစုဟာ နီတိကို မသင်ခဲ့ရတော့ မိကောင်း ဖခင် သားသမီးတွေ မဟုတ်ရှာကြတော့ဘူး ဖြစ်နေပါတယ်။ လုပ်သင့်မှန်း၊ မလုပ်သင့်မှန်း၊ ပြောသင့်မှန်း၊ မပြောသင့်မှန်း မသိဘဲ ငါတကော ကောနေတာ လူငယ်အများစု ဖြစ်နေပါတယ်။ အဲဒီ့ လူငယ်ဆိုရာမှာ ၂၀မှသည် ၄၀တန်း အထိ ပါတယ်နော်။

နာမည် ယူသုံးတယ်ဆိုတဲ့ ဖြစ်ရပ်မှာ သိလို့ ယူသုံးတာ ဖြစ်နိုင်သလို မသိလို့ ယူသုံးတာ ဖြစ်နိုင်ပါတယ်။ မသိဘဲ သုံးတဲ့အခါ ပိုင်ရှင် သိရင် ပြန်တောင်းပန်တာက အကောင်းဆုံးအဖြေ ဖြစ်တယ်လို့ ယူဆပါတယ်။ သည်နေရာမှာ ရိုးသားမှုဆိုတဲ့ စကားအပေါ် သည်ဖြစ်စဉ်နဲ့ ယှဉ်ပြီး သုံးသပ်ပေးနိုင်မလား ဆရာ။

ကျွန်တော် ဖြစ်ဖူးတယ်။ မသိဘဲ ယူသုံးတာ မဟုတ်ဘဲ သိသိကြီးမှန်း ပတ်ဝန်းကျင် သက်သေ အထောက်အထားများအရ ထင်ရှားနေတဲ့ နာမည်ယူသုံးမှုကိစ္စ။

မဂ္ဂဇင်းတစ်စောင်မှာ ကျွန်တော်က “သားဆက်ခြားခြင်းဆိုင်ရာ နည်းပညာ အဖြာဖြာ”ဆိုပြီး အခန်းဆက် ရေးနေတယ်။ အဲဒီ့ မဂ္ဂဇင်းမှာ ကျွန်တော့်လိုပဲ လစဉ် ပင်တိုင်ရေးနေတဲ့ မဟာပညာကျော် တစ်ယောက်က ကျွန်တော့်အခန်းဆက် မပြီးခင်မှာ စာအုပ် ထုတ်ချလိုက်တယ်။ “သားဆက်ခြားနည်း အဖြာဖြာ”တဲ့။ ကျွန်တော့်ဟာ ယူသုံးတာ အထင်အရှားပဲ။ သူ လုပ်ပေါင်း များနေပြီ။ ကျွန်တော်ပေးတဲ့ နာမည်တွေနဲ့ မနီးရိုးစွဲ လုပ်တဲ့အပြင် သားဆက်ခြားနည်း အဖြာဖြာမှာ ကျွန်တော့် “မီးငယ်တို့ အသိကြွယ်ဖို့”မှာ သမီးကို တိုင်တည်ပြီး ရေးသကဲ့သို့ သူကလည်း သမီး (မဘယ်သူ)ရေဆိုပြီး ကျိတ်တာအထိ ခံဖူးတယ်။ နာမည်တွေ မနီးရိုးစွဲ ကူးချနေတာလည်း သိပ်များလာတယ်။ ဒါနဲ့ သူ့ ထုတ်ဝေသူကို ပြောလိုက်ရတယ်။ အဲဒီ့ပုဂ္ဂိုလ်ကို ပြောလိုက်ပါ။ လူပုံအလယ်မှာ ကျွန်တော် တွယ်တော့မယ်လို့။ သူရ လာတဲ့ အေဘီစီဒီ အီးအက်(ဖှ်)ဂျီ ဘွဲ့အလီလီကပါ ဘေးက အတန်းဖော် စာဖြေဖက်ဆီက ကူးချပြီး ရခဲ့တာလားလို့ ကျုပ်မေးမှာလို့ ပြောလိုက်တော့မှ ရပ်တန်းက ရပ်သွားတယ်။


အဲ… ကျွန်တော်နဲ့ လူချင်း တကယ်ဆုံတော့ စပါးရော ဖွဲရောနဲ့ “ဟဲ… ဟဲ… ကျွန်တော်က ဆရာ့ အမာခံ ပရိသတ်ပါ” ဘာ ညာလို့ ကျွန်တော့်ကို ပြောသွားတာက လွဲပြီး တောင်းပန်စကားတော့ တစ်လုံးမှ ဆိုမသွားပါဘူးခင်ဗျား။

အဲဒါ ကနေ့ခေတ် ပုဂ္ဂိုလ်ကျော်များရဲ့ အားနည်းချက်ပါ။ သူတို့ကို အပြစ်မတင်ချင်ပါဘူး။ သူတို့ကို ဒါမျိုးတွေ သင်မပေးခဲ့ကြတဲ့ သူတို့မိဘတွေကိုသာ အပြစ်တင်ချင်ပါတယ် ခင်ဗျား။
စာရေးသူတွေမှာ ရိုးသားမှုရှိဖို့ လိုအပ်ပါသလား ဆရာ။ ဆိုလိုတာက သူများဟာ ယူသုံးတာကိုတောင်မှ ပိုင်ရှင်ကို တောင်းပန်တာမျိုး၊ မှားသွားတဲ့အကြောင်း ပြောတာမျိုး မလုပ်နိုင်တဲ့သူတွေဟာ သူတို့ရေးတဲ့ စာတွေ ဖတ်မယ့် ပရိသတ်ကို ဘယ်လို မျက်နှာပြကြမလဲဆိုတာပါ သည်အပေါ်မှာ ဆရာ ဘယ်လိုမြင်မိပါသလဲခင်ဗျာ။

စာရေးသူမှ မဟုတ်ပါဘူး။ လူတိုင်း ရိုးသားကြရင်တော့ အကောင်းဆုံးပါပဲ။ အဖေ တစ်ယောက်၊ အမေတစ်ယောက်၊ အစ်ကို တစ်ယောက်၊ အစ်မတစ်ယောက်နေရာမှာ နေနေရသူက အစ ရိုးသားဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်ညီ၊ ကိုယ့်မောင်၊ ကိုယ့်နှမ၊ ကိုယ့်ညီမဆိုတဲ့ မျိုးဆက်သစ်အတွက် လမ်းကောင်းပြပေးနိုင်တဲ့ မျိုးဆက်ဟောင်းဖြစ်မှာပါ။

နွမ်ဂျာသိုင်းက သူ့စာအုပ်ခေါင်းစဉ်ကို ယူသုံးတာဟာ မျိုးကိုမျိုးအနေနဲ့ မလုပ်သင့်ဘူး ဆိုတာပြောပါတယ်။ သည်အခါမှာ မျိုးကိုမျိုးဘက်က သုံးချင်သုံးမှာပဲ၊ နွမ်ဂျာသိုင်းခေတ် မရှိတော့ဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ကျန်ခဲ့ပြီ။ ရေးထားတာတွေကလည်း တွေ့ကြိုက်ကွဲညားတွေပဲ။ သည်တော့ ယူသုံးတာ ဘာဖြစ်သလဲဆိုတဲ့ တုံ့ပြန်မှုမျိုး ဆိုလာပါတယ်။ သည်အပေါ်မှာ ဆရာ ဘယ်လို မြင်မိပါသလဲခင်ဗျာ။

အဲဒီ့စကားကတော့ လူကြီးလူကောင်း မဆန်ဘူးလို့ ခံစားရပါတယ်။ “ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့”တို့၊ “သုဘာသိတ၀ါစာ”တို့ကိုသာ လူကြီးသူမတွေက သင်ပေးထားတာကို နာယူထားသူသာဆိုရင်တော့ သည်လို စကားမျိုးကို တော်တော်တန်တန် ပြောဖြစ်လိမ့်မယ် မထင်ဘူးဗျာ။

Hi-Tech Challenges and Blogs

နည်းပညာ စိန်ခေါ်မှုနှင့် ကူမှတ်တမ်း

၁။
print_screenအလုပ်သဘောအရ အီးမေး(လ်)မည်သော ဓာတ်ချောစာကို ၁၉၉၈ လောက်ကတည်းက စတင်သုံးစွဲခဲ့ရသည်။ ထို့နောက် ၂၀ဝ၀ပြည့်မှာ အင်တာနက်။ ထိုစဉ်က ကျွန်တော်သည် ဩစတြေးလျသံရုံးမှ ဒေသခန့် ဝန်ထမ်း။ မြန်မာပြည်တွင် အင်တာနက် သုံးစွဲနိုင်သူ အရေအတွက် အလွန်တရာ နည်းသေးချိန်။

၂၀ဝ၃ခုနှစ်တွင် ထိုအလုပ်မှ ကျွန်တော်ပြုတ်လာသည်။ အင်တာနက်နှင့်လည်း ဝေးခဲ့ရသည်။ ၂၀ဝ၆-၂၀ဝ၇ လောက်မှာတော့ ရွှေတွေလည်း အင်တာနက်ကို ကောင်းကောင်း သုံးလာကြပြီ။ အင်တာနက်ကဖှေးဟု ခေါ်သော ဆိုင်တွေလည်း တဖြည်းဖြည်း ဝေဆာလာသည်။ သို့သော် ကျွန်တော်နှင့်မူ အလှမ်းဝေးနေဆဲ။

မလွှဲသာလွန်းသောအခါတွင်မူ အင်တာနက်ဆိုင်တွေကို အားကိုးရသည်။ သို့တိုင်အောင် အိမ်က ခွာရမှာကို သေမလောက် ကြောက်တတ်သော ကျွန်တော့် စရိုက်နှင့် သိပ်မကိုက်။ မလွတ်လပ်ဟု ခံစားရတာလည်း ပါသည်။ ထို့ကြောင့် စာပေးစာယူအတွက်သာ အင်တာနက်ဆိုင်ကို အားထားခဲ့သည်။ အခြားမူ သိပ် မသုံးဖြစ်ခဲ့ချေ။


ကံအားလျော်စွာ ၂၀ဝ၉ခုနှစ် ဩဂုတ်လထဲတွင် ကျွန်တော့်အိမ်မှာ ကြိုးမဲ့ အင်တာနက်စနစ် ချိတ်ဆက်နိုင်ခဲ့ပါသည်။ ထိုအခါကျမှ အင်တာနက် မည်သော အချစ်ဟောင်းနှင့် ကောင်းကောင်း ပြန်ပေါင်းထုပ်ရသည်။ ကိုယ့်အိမ်ကိုယ်ဆိုတော့ ဘယ်သူ့မှလည်း အားနာစရာမလို၊ အဝတ်လဲနေစရာလည်း မလို၊ ကွန်ပျူတာရှေ့မှာ အချိန်မရွေးထိုင်ကာ ရှာချင်တာ ရှာလို့ရလာသည်။ ပို့ချင်တာ ပို့လို့ ရလာသည်။ ဆက်သွယ်ချင်တာ ဆက်သွယ်လို့ ရလာသည်။
အချိန်တော်တော်များများမှာ အချစ်ဟောင်းနှင့် ကုန်ဆုံးရပြန်တော့သည်။

၂။
ကျွန်တော်နှင့် အင်တာနက် ပြတ်လပ်သွားခိုက် ငါးနှစ်လောက်အတွင်းမှာ အင်တာနက်လောကတွင် ဝေါဟာရသစ်တစ်လုံး ပေါ်ပေါက်လာသည်။ ဘလော့(ဂ်) (blog) ပါတဲ့ ခင်ဗျား။

ကျွန်တော် ဘာမှန်း မသိသေး။ စိတ်လည်း မဝင်စားမိသေး။ စင်္ကာပူရောက် မိတ်ဆွေဟောင်းတစ်ဦးက အဆိုပါ ဘလော့(ဂ်)ကို ရေးနေသည်ဟု တစ်ဆင့်စကား ကြားသိရသည်။

သူ ရန်ကုန်ပြန်လာခိုက် ခဏတဖြုတ်တွေ့တော့ သူက ဘလော့(ဂ်) ရေးရတာ  ယစ်မူးနေကြောင်း ပြောသွားတာကိုလည်း ကြားလိုက်ရသည်။

အိမ်မှာ အင်တာနက် ချိတ်ဆက်လိုက်သောအခါတွင်မူ ကျွန်တော်လည်း ထိုဘလော့(ဂ်)ကို စိတ်ဝင်စားလာသည်။

၃။
ခေတ်က တသွင်သွင်စီးဆင်းနေသည်။ အရှိန်အဟုန်နှင့် ဖြစ်သည်။ အရှိန်အဟုန်မှ အလွန်ပြင်းထန် မြန်ဆန်သော အရှိန်အဟုန်။

သတင်းအချက်အလက် နည်းပညာ၏ တိုးတက်မှုကား အံ့မခန်း။ ၁၉၈၈ ခုနှစ် ဇူလိုင်လတွင် ဥရောပသမဂ္ဂမှာ ဝင်အမှုထမ်းတော့ တစ်ရုံးတည်းသားတစ်ချို့မှာ ကွန်ပျူတာကို သုံးနေကြလေပြီ။ သူတို့ကို ကြည့်ပြီး ကျွန်တော်လည်း သုံးချင် လာသည်။ သို့နှင့် သူတို့ကို ဆရာတင်လိုက်၊ အရေးဆို ကယ်ပါဦး (help) ခလုတ်ကို နှိပ်လိုက်ဖြင့် ဆည်းပူးခဲ့ရာ ၁၉၈၉-၉၀ လောက်မှာ  ကွန်ပျူတာကို တော်တော် ရင်းနှီးကျွမ်းဝင်လာသည်။ ဆိုခဲ့သည့်အတိုင်း ၂၀ဝ၀ပြည့်နှစ်မှာတော့ အင်တာနက်နှင့် ရင်းနှီးရလေပြီ။

ပြောလိုသည်မှာ သတင်းအချက်အလက်နည်းပညာ၏ တိုးတက်မှုကိုပင် ဖြစ်သည်။ ၁၉၈၈မှ ၂၀ဝ၀ဆိုသော ၁၂နှစ်တာ ကာလအတွင်း ထိုနည်းပညာ၏ တိုးတက်မှုမှာ အလွန်မြန်ဆန်လှသည်။  ၂၀ဝ၀ပြည့်နှစ် နောက်ပိုင်း မြန်ဆန်မှုကား ဒရောသောပါး ပိုနိုင်လာပါသည်။

၂၀ဝ၀ပြည့်နှစ် ကျွန်တော်တို့ အင်တာနက် စတင်သုံးစွဲချိန်တွင် စာလောက်၊ ပုံလောက်ကိုသာ အင်တာနက်မှာ ကြည့်နိုင်သည်။ အဲဒီ့နောက် နှစ်နှစ်၊ သုံးနှစ်ပဲ ကြာလိုက်သည်၊ အသံတွေရော၊ ရုပ်ရှင်တွေပါ ကြည့်နိုင်သည့် ကြားခံ ဆက်သွယ်ရေး နည်းပေါင်းစုံ (multimedia) ဆိုတာက တွင်ကျယ်လာသည်။


၂၀ဝ၃ ခုနှစ်က မြန်မာပြည်မှာ အင်တာနက်ဆိုင်တွေ သိပ်မရှိသေး၊ သုံးစွဲသူလည်း မများသေး။ အခု ၂၀ဝ၉မှာတော့ ကလေးမြို့က လူငယ်လေးကလည်း ကျွန်တော့်ထံ အင်တာနက်မှတစ်ဆင့် လှမ်းဆက်သွယ်နေလေပြီ။ မြိုင်မြို့တို့၊ မိတ္ထီလာတို့ကလည်း ဆက်သွယ်နေကြလေပြီ။ အင်တာနက် သုံးစွဲသူ အင်အားကား အုံနှင့် ကျင်းနှင့်။


၂၀ဝ၇ခုနှစ်မှာ ကျွန်တော် နိုင်ငံခြားသွားမည်ဆိုတော့ ထွက်ခွာပုံစံ (departure form) ကို လူဝင်မှုကြီးကြပ်ရေးက အင်တာနက်မှတစ်ဆင့် ထုတ်ပေးနေလေပြီ။ နိုင်ငံတော် အစိုးရအဖွဲ့အစည်းများပင်လျှင် အင်တာနက်ကြီး၏ အဆင်ပြေ၊ လွယ်ကူ၊ ထိရောက်၊ မြန်ဆန်မှုကို အသုံးချနေလေပြီတကား။

၎။
တသွင်သွင်စီးဆင်းနေသော ရေအလျဉ်ကို လက်ဖြင့် ကာလို့ မရနိုင်သလို တမံ တုတ်လို့လည်း မရတော့ပါ။ အရှိန်အဟုန်က ပြင်းလွန်းသဖြင့် တမံဝေးစွ၊ တာပဲ ဖို့ဖို့၊ ဆည်ကြီးပဲ တင်းခံခံ အမှန်ကျော်လွှားသွားတော့မည့် နည်းပညာ ပေါက်ကွဲမှုကြီးပင် ဖြစ်သည်။

ထိုအခြေအနေမှာ ကိုယ်က ထိုနည်းပညာကို မျက်စိစုံမှိတ် ငြင်းပယ်မည့်အစား သူ့အားသာချက်များကို ချသုံးလျက် အမြတ်ထုတ်နိုင်မှ တန်ကာကျတော့မည်ဟု မြင်လာပါသည်။

ထိုအတွေးဖြင့် ဘလော့(ဂ်)ကိုလည်း ကျွန်တော် အမီလိုက်ရတော့မည်ဟု သဘောပေါက်လာသည်။

၅။
ဘလော့(ဂ်) ဆိုသည်မှာ ပင့်ကူအိမ် မှတ်တမ်း (web log)မှ ဆင်းသက်လာသော စကားလုံးဖြစ်ပါသည်။ အင်တာနက်ကွန်ရက်ကြီးကို ပင့်ကူအိမ်နှင့် တင်စားကြသည်။ ကမ္ဘာအနှံ့ဖြန့်ကျက်ထားသော ပင့်ကူအိမ် [worldwide web (ဝါ) www] တဲ့။

ထိုပင့်ကူအိမ်မှာ မှတ်တမ်းတင်ခြင်းကို weblog ၊ အတိုချုံ့လိုက်သောအခါ blog [ဘလော့(ဂ်)] ရယ်လို့ ဖြစ်လာပါတော့သည်။ မြန်မာစာအဖွဲ့က ထုတ်သော အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာမူ ထိုစာလုံးအတွက် အနက်ဖွင့်ချက် မပါရှိသေးပါ။ နောက်ဆုံးပေါ် Cambridge Advanced Learners Dictionary, 3rd Edition မှာတော့ ဘလော့(ဂ်)ကို a  diary   (= regular record of your thoughts, opinions and experiences)  that you put on the Internet for other people to read ဟု ဖွင့်ဆိုပါသည်။ “အခြားသူများ ဖတ်ရှုနိုင်ရန် အင်တာနက် ပေါ်သို့ တင်ထားသော နေ့စဉ်မှတ်တမ်း (ဆိုလိုသည်မှာ မိမိ၏အတွေးများ၊ အယူအဆများ၊ အတွေ့အကြုံများ၏ ပုံမှန် မှတ်တမ်း”ဟု ဆိုလျှင် ရမည်ထင်သည်။

မှန်ပါသည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှာ ဘလော့ဂါ [blogger (ဝါ) ပင့်ကူအိမ်မှတ်တမ်းရေးသူ]တွေ သန်းချီပြီး ရှိနေပါလေပြီ။ အကြောင်းအရာစုံ၊ လူပေါင်းစုံ။ ဘာသာစကားပေါင်းစုံ။  ကျွန်တော်တို့ ရွှေမြန်မာ ဘလော့ဂါတွေကိုက မနည်းမနော။ ပြည်တွင်းမှရော၊ ပြည်ပမှပါ အုံကျင်းနှင့် ရေးနေကြသည်။


တချို့က အပျော်သဘော၊ တချို့က မဟုတ်တမ်းတရားတွေ၊ တချို့က မရိုးဖြောင့်သော ရည်ရွယ်ချက်ဖြင့်၊ တချို့ကတော့လည်း လေးလေးနက်နက်။ တချို့က ဘာသာရေး၊ တချို့က ပညာရပ်၊ တချို့က နိုင်ငံရေး၊ တချို့က အလဇ္ဇီရှစ်သောင်း၊ တချို့က အတင်းအဖျင်း၊ တချို့က အဝါအကြွား။ အားလုံးက ကိုယ့်စိတ်ကူးနှင့်ကိုယ်။ အကန့်အသတ်မဲ့၊ အလွှတ်မဲ့၊ တပျော်တပါး။

တစ်မျိုးတော့လည်း ကောင်းသည်။ လူ့စရိုက်တွေက သည်နေရာမှာ ပေါ်လာသည်။ အကြောင်းအရာပေါင်းစုံကိုလည်း သန်ရာ သန်ရာ ရွေးချယ် ကြည့်ရှုနိုင်သည်။ ပြည်တွင်းမှ ဘလော့ဂါတစ်ဦးဆိုလျှင် ကဗျာလည်း အရေးကောင်းသည်၊ ကဗျာနှင့် စာအုပ် ဝေဖန်ချက်တွေကလည်း တော်တော်လေး အနှစ်အသားပါသည်။ စာရေးသူကောင်းတစ်ဦး ဖြစ်နိုင်မှန်း သိနေသဖြင့် သူ့ကို အားတိုင်း မြှောက်ပေး (ချောက်ချ)နေမိပါသည်။

သူငယ်နာ မစင်သူတွေလည်း တစ်ပုံတစ်ပင် တွေ့ရသည်။ ဘာပဲဖြစ်ဖြစ်၊ ကိုယ့်သဘောနှင့်ကိုယ်၊ ကိုယ့်ရင်ဘတ်ထဲ ရှိတာ၊ ကိုယ်ပြောချင်တာ၊ ကိုယ် ထင်ရာမြင်ရာကို ကိုယ်သန်သလို ပြောနေကြသူများကို ဘလော့ဂါဟု သညာပြုလျှင် လွန်အံ့မထင်ပါ။

ကျွန်တော်ကတော့ အဲဒါတွေကို သဘောကျနေသည်။ တားလို့လည်း မရနိုင်တော့သည့် နည်းပညာပေါက်ကွဲမှု ခေတ်ကြီးထဲမှာ ဟိုမှ သည်မှ အလျှိုလျှို ပေါ်နေသော ဘလော့ဂါများကို ကြည့်ရင်း ခေတ်၏ သဘောကို ဆင်ခြင်မိသည်။ ပွင့်လင်းခေတ်၊ နေ့ညမဆိုင်း အကုန်သိနိုင်သောခေတ်ကို ချင်းနင်း ဝင်ရောက်နေသော ပြယုဂ်ပေပဲဟု နားလည်လာရသည်။

အမှိုက်တွေ ပါနေတာ ဘယ့်နှယ့်လုပ်မတုံးဟု တချို့က မေးကောင်း မေးပါလိမ့်မည်။ ကျွန်တော့်စိတ်ထင်တော့ အရေးသိပ်မကြီးလှပါ။ အမှိုက်က အမှိုက်ပုံထဲ ရောက်သွားပါလိမ့်မည်။ ကျွန်တော်တို့ စာနယ်ဇင်းလောကမှာ တစ်လောဆီက အလျှိုလျှို ပေါ်လာသော ဂျာနယ်၊ မဂ္ဂဇင်းများလိုပင် ဖြစ်သွားပါလိမ့်မည်။ တချို့က တင်ကျန်ရစ်သည်။ တချို့ကား သက်ဆိုး မရှည်။ ပရိသတ်သည် အချဉ်မဟုတ် ဆိုတာကို ပြဆိုနေခြင်းပင်။

ပင့်ကူအိမ်မှတ်တမ်းဟု အနက်ရသော ဘလော့(ဂ်)တွေလည်း ထို့အတူပင် ဖြစ်ပါလိမ့်မည်။ တချို့ဘလော့(ဂ်)တွေဆို တစ်ခါဝင်ကြည့်ပြီးသည်နှင့် နောက်ထပ် ထပ်ကြည့်ချင်စိတ် ပျောက်သွားသည်။ စာရေးတာကလည်း ကမောက်ကမ၊ သတ်ပုံတွေ၊ ရေးထုံးတွေလည်း နေရာမကျ၊ အကြောင်းအရာကျပြန်တော့လည်း အတင်းအဖျင်းနှင့် ဝါကြွားတာက များနေမှန်း တစ်ခါကြည့်လိုက်ရုံနှင့် ထင်းနေသည်။ အဲတော့ အဲဒီ့ပင့်ကူအိမ်မှတ်တမ်းကို အချိန်ကုန်ခံပြီး နောက်ဝင်ကြည့်စရာ မလိုတော့ချေ။ တချို့ကျတော့လည်း သူငယ်နာမစင်သည့် အယူအဆတွေ တင်းကြမ်း။ အဲဒါလည်း တစ်ခါကြည့်ပြီးသည်နှင့် အော်ဂလီဆန်ကာ တစ်ဖန် ပြန်မလှည့်မိတော့ချေ။


အဲဒါတွေကိုမှ မက်မက်စက်စက် ကြည့်နေသူတွေလည်း ရှိသည်။ ဒါလည်း ပြဿနာမဟုတ်၊ အချိန်က အဆုံးအဖြတ်ပေးသွားမည်သာ၊ သည့်ထက် ကြီးကြီးကျယ်ကျယ် ပြောရလျှင် သမိုင်းက အဆုံးအဖြတ်ပေးသွားမည်သာပင်။ ကျွန်တော်တို့က ကြားချောင်က ဝင်ပြီး တောင်ပြော မြောက်ပြော လျှောက်ပြောနေလည်း ဟောရင်းသာ ပျံတော်မူရမည်မှာ အသေအချာပင်။

၆။
အဆိုပါ ပင့်ကူအိမ်မှတ်တမ်းပေါင်းများစွာကို အင်္ဂလိပ်ဘာသာဖြင့်ရော၊ မြန်မာ ဘာသာဖြင့်ပါ တော်တော်လေး ဖတ်ရှုပြီးသွားသည့် နောက်တွင် ကျွန်တော်တို့ မြန်မာစာပေနယ် လက်ဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းလေးများကို ကရုဏာသက်မိရသေးသည်။ ဘာတဲ့… အဆိပ်အတောက်တို့၊ မှိုင်းတိုက်တာတို့ ဘာညာ သာရကာတွေ တံဆိပ်ကပ်ကာ ဟိုစာဖြင့် မရှိသင့်ဘူး၊ သည်စာဖြင့် မရေးသင့်ဘူး စသဖြင့် တွင်တွင်အော်နေကြသူများပင် ဖြစ်သည်။

အဲဒီ့ ကိုကိုတွေ အင်တာနက်ထဲကို ပယ်ပယ်နယ်နယ် ဝင်ကြည့်စေချင်စမ်းလှသည်။ များများမဟုတ်၊ တစ်နေ့ကို ငါးနာရီနှုန်းလောက်ဖြင့် တစ်ပတ်လောက်ပဲ အချိန်ယူဖို့ လိုပါလိမ့်မည်။ သူတို့ပြောနေတာထက် ဆိုးရွားလှသော မရှိသင့်မရှိ ထိုက်သည့် အကြောင်းအရာများမှာ အင်တာနက်ကြီးပေါ်တွင် ရှိနေပါသည်။

လူဆိုတာက နုရာက ရင့်လာကြသူချည်းသာ။ ကျွန်တော်တို့လည်း ကာတွန်းတွေ၊ ဒဏ္ဍာရီတွေ၊ နတ်သမီးတွေ၊ သိကြားမင်းတွေနှင့် စာဖတ်ဝါသနာ ထုံလာရသည်။ ဆယ်ကျော်သက်မှာ အချစ် အသည်းကွဲ ဝတ္ထုတို/ရှည်တွေကို စွဲမက်ခဲ့သည်။ ဂမ္ဘီရတွေလည်း ဖတ်ခဲ့ကြပါသည်။ ယုတ်စွအဆုံး အလဇ္ဇီစာပေတွေလည်း မကျန်။
အဲဒါတွေက ကျွန်တော်တို့ရင်မှာ တင်မကျန်နေခဲ့ပါ။ သို့သော် ကျေးဇူးတင်တတ်မည်ဆိုလျှင် ထိုစာပေအထွေထွေကို ကျေးဇူးတင်ထိုက်ပါသည်။ ထိုစာများ၏ ကျေးဇူးကြောင့် စာဖတ်ခြင်း အလေ့လေး ထုံလာခြင်း မဟုတ်ပါလော။ ဘာပဲ ဖြစ်ဖြစ်၊ အသက်အရွယ် အနုအရင့်အလိုက် တက်ရသော လှေကားထစ်လေးများဟု ယူသော် ရနိုင်ပါသည်။

ထို့ကြောင့် ကျွန်တော့်သဘောအရမူ ဘယ်စာကိုမှ အပြစ်မတင်လိုပါ။ ဘယ်စာကိုမှ ကိုယ်နှင့် အယူအဆ မတူသဖြင့် ပစ်ပယ်ရန်လည်း မလှုံ့ဆော်လိုပါ။ စာဖတ်ခြင်းကို အားပေးရာတွင် ဘာမဆို ဖတ်ဟုသာ လူငယ်ထုတစ်ရပ်လုံးကို မောင်းခတ်လိုလှပါသည်။ ဘာမှ မဖတ်တာထက် စာလျှင် တစ်ခုခုကို ဖတ်ခြင်းကပင် စာဖတ်ခြင်း ဝါသနာ မျိုးစေ့ကို ပျိုးထောင်ခြင်း မည်ပါလိမ့်မည်။

နောက်ဆုံးတွင် အားလုံးက သူ့သဘော သူဆောင်သွားကြမည်သာလည်း ဖြစ်ပါသည်။

၇။
ပင့်ကူအိမ်မှတ်တမ်းများမှာလည်း ထို့အတူပင်ဖြစ်သည်။ သူ့သဘော သူဆောင်နေကြသလို သူ့လမ်း သူသွားကြပါလိမ့်မည်။

အဲ… ပင့်ကူအိမ်မှတ်တမ်းမှာ အခြား ပုံနှိပ်စာများနှင့် မတူသော အားသာချက်တစ်ခု ရှိနေသည်လည်း အမှန်။ ယင်းမှာ စာဖတ်သူက မိမိအမြင်၊ မိမိ သဘောထားကို ချက်ချင်း တုံ့ပြန်နိုင်သော အခွင့်အရေးရှိနေသလို မှတ်တမ်းရှင်ကလည်း ထိုတုံ့ပြန်ချက်များကို ချက်ချင်း သိနိုင်၊ ဖြေကြားနိုင်သော အခွင့်အရေးများ ရရှိနေခြင်း ဖြစ်သည်။ ရေးသူနှင့် ဖတ်သူကြားမှာ အပြန်အလှန် တုံ့လှယ် ဆက်ဆံနိုင်သော အားသာချက်ရှိနေသည်။ ပုံနှိပ်စာလို တစ်လမ်းသွား မဆန်လှတော့၊ နှစ်လမ်းသွား သဘော ဆောင်လာသည်။

သည်အခါမှာ ဆင်ခြင်တတ်သူဆိုလျှင် ဆင်ခြင်နိုင်သည်။ တစ်နည်းပြောလျှင် အများက ဝိုင်းဝန်းဆွေးနွေးမှုများကို ခံယူရသဖြင့် အများကြီး ဉာဏ်ပွင့်လာနိုင်ပါသည်။ စိတ်ကူးစိတ်သန်းအသစ်များ၊ အယူအဆသစ်များ ပွားများလာနိုင်ပါ သည်။ ယင်းကား ပင့်ကူအိမ်မှတ်တမ်း၏ အဓိက အားသာချက်ဖြစ်သည်။

၈။
ကျွန်တော်ကတော့ နည်းပညာစိန်ခေါ်မှုကို အံ့ဩမနေတော့ဘဲ ဝံ့ဝံ့ပင် ရင်ဆိုင်ချင်နေပါပြီ။ စာဖတ်သူ လူကြီးမင်းရော… ရင်သပ်နေသည့် ဘဝမှာ ရပ်နေလိုပါသလား၊ ဒါမှမဟုတ် မစွမ်းသာမှန်း သိလျက်နှင့် အတင်း ငြင်းပယ် ဆန့်ကျင် ကာဆီးလိုပါသလား။ ဒါမှမဟုတ်လည်း နင်လားဟဲ့ နည်းပညာဆိုသည့် စိတ်မျိုး မွေးလျက် ထိုစိန်ခေါ်ချက်ကို လက်သင့်ခံကာ သူ့ကို အသုံးချပြီး ကိုယ့်အတွက် မျက်မျက်ကလေး ဖြစ်လာအောင် ကြံဆောင်မည်လား။

လူတိုင်းသည် မိမိကြိုက်တာကို မိမိကြိုက်သလို ရွေးနိုင်ကြမည့်သူချည်းသာ ဖြစ်ပါသတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(စာပြီးရက် ဝ၈၀၉၀၉)

စာကြွင်း – သူတို့က web log ကို ပေါင်းချပြီး blog ဟု ဝေါဟာရသစ်ဖန်တီး လိုက်သလို ကျွန်တော်တို့ကလည်း အဆိုပါ ပင့်ကူအိမ်မှတ်တမ်းကို “ကူမှတ်တမ်း” ဟု ခေတ်နှင့်လျော်ညီသော ဝေါဟာရသစ်တစ်လုံး ဖန်တီးလိုက်လျင် ကောင်းလေမည်လားဆိုခြင်းကိုပါ ဝိုင်းဝန်းစဉ်းစားပေးတော်မူကြည့်ကြစေလိုလှပါသေးသည်။

————————-

(၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၂ အမှတ် ၃၁ မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

Lived Life With Unflagging Zest

အခန်းဆက် ဖော်ပြနေတဲ့ “တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်”ကို ခဏတဖြုတ်ရပ်နားပြီးသကာလ မကြာသေးခင်က အတွေးသစ်ဂျာနယ်မှာ ဖော်ပြခဲ့တာလေးကို အပြောင်းအလဲအဖြစ် တင်ဆက်လိုက်ပါတယ်။ ဖတ်ရှု ခံစား အားပေးတော်မူကြည့်ကြပါဦးခင်ဗျား


သက်ရှည်ကျန်းမာနည်း

animated-140၁၈၉၀ပြည့်နှစ်က ရုရှနိုင်ငံမှာ မွေးတယ်။ သူ့အဖေက သူ့ကို ရဟူဒီ ဘုန်းကြီး ဖြစ်လာစေချင်တယ်။ ဒါပေမယ့် သူကတော့ တခြား အကြံတွေနဲ့မို့ အသက် ၁၅နှစ်မှာတော့ ဇာဘုရင်ကို ပုန်ကန်ခြားနားမယ့် အဖွဲ့ထဲကို သူဝင်ခဲ့ပါတယ်။ သို့ပေမင့် ဇာဘုရင်ကို နန်းချဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တော့ ထောင်ကျမယ့် အရေးကို တွေးပြီး ရုရှနိုင်ငံအတွင်းက တခြား ဆွေမျိုးတွေရှိရာ တခြား ဒေသတွေမှာ ခိုအောင်းနေခဲ့ပါတယ်။

နောက် နှစ်နှစ်အကြာ အသက် ၁၇နှစ်မှာတော့ သူတို့ မိသားစုဟာ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းလာပြီး ဘော့(စ်)ထန်မြို့က သူ့ဦးလေးအိမ်မှာ  နေကြပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ သူ့မိသားစုက ရုရှပြည်ကို ပြန်ကြပေမယ့် သူကတော့ အမေရိကန်နိုင်ငံမှာပဲ ဆက်နေခဲ့ပါတယ်။


အဲ… သူ့နာမည်က အယ်လီ။

အဲဒီ့နှစ်က ၁၉၀၈ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုကို စီးပွားပျက် ကပ်ကြီး ဆိုက်တဲ့နှစ်။ ၁၈နှစ်သား အယ်လီဟာ သူ့ဦလေး မိသားစုနဲ့အတူ မက်ဆချူး ဆက်(စ်)ပြည်နယ် စပရင်း(ဂ်)ဖှီး(လ်)မြို့ကို ပြောင်းလာကြပြီး အလုပ်ကို အသည်းအသန် ရှာပါတော့တယ်။

အဲဒီ့အချိန်မှာ အလုပ်ကလည်း တအားရှား၊ ရဟူဒီဆိုရင်လည်း အလုပ် မပေးချင်ကြတော့ သူ့မှာ တော်တော်နဲ့ အလုပ်မရနိုင်ဘူး။ ရမယ့်ရတော့ ပုံနှိပ်စက်မှာ စက်သမားအဖြစ် လုပ်ရမယ့် အလုပ်။ တစ်ပတ်ကို သုံးဒေါ်လာ ပေးမယ်တဲ့။ သူလည်း လုပ်တာပေါ့။

ပြဿနာက သူက အဲဒီ့အလုပ်ရဖို့အတွက် အရင်က ပုံနှိပ်စက် ရိုက်ဖူးတယ်လို့ ညာပြီး အလုပ်ဝင်ခဲ့တာပဲ။ တကယ်လည်း ရိုက်ရော စက်ကြားမှာ လက်ညပ်ပြီး သူ့လက်ချောင်းနှစ်ချောင်း ခိုက်မိသွားတယ်။ ပုံနှိပ်တိုက်ပိုင်ရှင်က သူ့ကို ဆရာဝန်ဆီ ပို့ပေးတယ်။

ပြီးတော့ ဒေါသတကြီးနဲ့ “မင်းဟာ လူလိမ်လူညာလေးပဲ”လို့ ပြောပါတော့တယ်။ “ဦးလေးသာ ကျွန်တော့်နေရာမှာဆိုရင်၊ အလုပ်မှ မရှိရင် ငတ်ရတော့မယ့် အခြေအနေမျိုးမှာဆိုရင် ဦးလေးလည်း ကျွန်တော့်လို ညာမိမှာပါပဲဗျာ”လို့ အယ်လီက တိုက်ရှင်ကို ပြန်ပြောလိုက်ပါတယ်။

တိုက်ရှင်က အဲဒီ့မှာ သူ့ကို သဘောကျသွားတယ်။ မဖြစ်မနေ လုပ်ချင်တဲ့ ဇွဲရယ်၊ သတ္တိရယ်ကို သည်သူငယ်လေးဆီမှာ တွေ့လိုက်ရပေတာကိုး။ ဒါနဲ့ တိုက်ရှင်က သူ့ကို အလုပ်ထုတ်မပစ်တော့ဘဲ စက်ရိုက်နည်းသာမက သည်လုပ်ငန်းရဲ့ အခြေခံတွေကိုပါ သင်ကြားပေးပါတော့တယ်။

အဲဒါဟာ အယ်လီ့ရဲ့ အောင်မြင်မှု လမ်းစပဲဖြစ်ပါတယ်။ သူက တအား အလုပ်ကြိုးစားတော့ ကိုယ်ပိုင် ပုံနှိပ်လုပ်ငန်း ထောင်နိုင်ခဲ့ပြီး အမြတ်တွေလည်း ကောင်းကောင်း ရခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သူ့ဘဝကလည်း ပွင့်လန်းလာခဲ့တယ်။ ချစ်သူ တွေ့ခဲ့ပြီး အိမ်ထောင်ပြုတဲ့အပြင် ညကျောင်းတက်ကာ ဒီပလိုမာဘွဲ့ ရအောင် အားထုတ်ခဲ့ပြန်တယ်။

အဲလိုနဲ့ ပညာရေးကို အငမ်းမရ မက်မောပြီး စပရင်း(ဂ်)ဖှီး(လ်)(ထ်)မှာရှိ တဲ့ ခရစ်ယာန် ကလျာဏ ယုဝ တက္ကသိုလ်ကို လျှောက်ထားတော့ ကျောင်းက လက်ခံတယ်။ ညပိုင်းနဲ့ နေ့ခင်းပိုင်းတွေ ပုံနှိပ်စက်မှာ အလုပ်လုပ်၊ မနက်ပိုင်းကျ တက္ကသိုလ်တက်နဲ့၊ စာကျက်ချိန်ကိုလည်း မရရအောင် ကြိုးစားခဲ့ပါတယ်။ သည်လိုနဲ့ သူ ဘွဲ့ရဖို့ နီးလာတယ်။

သို့ပေမယ့် ဘွဲ့ယူရမယ့် အချိန်ကျတော့မှ ပါမောက္ခတစ်ယောက်က သူ့ကို ပြောတယ်။ “မင်းကို ဘွဲ့မပေးနိုင်ဘူး”တဲ့ဗျား။ ဟား… သူအံ့အားသင့်သွား တယ်။ ဘာဖြစ်လို့တုံးလို့ မေးတော့ “မင်းက ရဟူဒီဖြစ်နေလို့”တဲ့။

“ဒါဆိုလည်း ဘာဖြစ်လို့ အစောကြီးကတည်းက သည်ကျောင်းမှာ လက်ခံခဲ့ကြသေးတုံးဗျာ”လို့ အယ်လီက ပြန်မေးတယ်။ “မင်းများ တို့ဘာသာထဲ ပြောင်းလာမလားလို့ မျှော်လင့်ခဲ့လို့ပေါ့ကွ”လို့ ဟိုပါမောက္ခက ဖြေပါတယ်။ အယ်လီ အတော် စိတ်ချဉ်ပေါက်သွားတယ်။

ဒါနဲ့ ကောလိပ်ကနေ ဘာဘွဲ့မှ မရဘဲ ထွက်ခဲ့ရပါတော့တယ်။

အဲဒီ့ကနေ နှစ်ပေါင်း ၈၀နီးပါး ကြာသွားပြီး အယ်လီ့အသက် ၁၀ဝ ပြည့်လုပြည့်ခင်မှာ အမျိုးသားအသံလွှင့်ကုမ္ပဏီရဲ့ ရုပ်သံကဏ္ဍရဲ့ “ယနေ့ တနင်္ဂနွေ” အစီအစဉ်မှာ သူ့ရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုများနဲ့ ပတ်သက်လို့ တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ခဲ့ပါတယ်။ သူ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရဖူးတဲ့ အတွေ့အကြုံများ ရှိခဲ့ရင် ပြောပါလို့ မေးတော့ အဲဒီ့ ကောလိပ်မှာ ဖြစ်ခဲ့သမျှ ကို သူက ပြန်ပြောပြခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ အဲဒီ့ကောလိပ်က သူ့ဆီကို ဖုန်းဆက်တယ်။ ၁၉၈၉ ခုနှစ် ဇွန်လ ၃ ရက်မှာတော့ ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ ကျင်းပပြီး အယ်လီ ရသင့်ရထိုက်တဲ့ ဝိဇ္ဇာဘွဲ့ကို ချီးမြှင့်လိုက်ပါတော့တယ်။ သူ့တစ်သက်လုံး တောင့်တခဲ့တဲ့ ဘွဲ့မို့ သူကလည်း ကျေကျေနပ်နပ် လက်ခံခဲ့ပါတယ်။

ဘဝအတွေ့အကြုံအရ အယ်လီဟာ ခွင့်လွှတ်တတ်တဲ့ နှလုံးသားနဲ့ ဖြစ်ပြီး သူ့ကိုယ်သူ မုန်းတီးစက်ဆုပ်မှုရဲ့ ကျေးကျွန်၊ မုန်းတီးစက်ဆုပ်မှုရဲ့ ဝန်ထုပ်ဝန်ပိုး အဖြစ်မခံခဲ့ပါဘူး။ သည်အချက်ဟာ အယ်လီ့ရဲ့ အသက်ရှည်မှုနဲ့ စိတ်ချမ်းသာတဲ့ ဘဝအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ သည်အချက်ထက် သူ့ကို လူသိများတဲ့ အချက်တွေကတော့ သူဟာ စိတ်ကောင်းရှိတယ်၊ ထက်မြက်တယ်၊ အားသွန်ခွန်စိုက် ကြိုးစားတယ် ဆိုတာတွေပဲ။ ဒါတွေကြောင့် သူ့အသက် ရှည်တာ၊ သူစိတ်ချမ်းချမ်းသာသာနေရတာလို့ပဲ အများက သိကြပါတယ်။

စီးပွားရေးမှာလည်း အယ်လီက ထိပ်တန်းကပဲ။ သို့ပေမယ့် ကျွန်တော်တို့ အားလုံးလိုပဲ သူလည်း အမှားတွေ လုပ်မိခဲ့သလို ကံဆိုးမိုးမှောင်တွေလည်း ကျခဲ့တာပါပဲ။ ပုံနှိပ်စက် ထောင်တုန်းကတော့ သူ အောင်မြင်တယ်။ ဒါပေမယ့် ပိုက်ဆက်တဲ့ လုပ်ငန်းထောင်တော့ကျတော့ ခွက်ခွက်လန်သွားတယ်။
အဲဒီ့နောက် သူနဲ့ တခြား စပ်တူတစ်ယောက်နဲ့ စားပွဲထုတ်လုပ်ရေး စက်ရုံတစ်ခု ထောင်ကြပြန်တယ်။ တစ်ညမှာတော့ သူ့ဆီကို ကသုတ်ကရက်နိုင်လွန်းတဲ့ ဖုန်းဝင်လာတယ်။ သူ့စက်ရုံက မီးလောင်သွားတယ်။ သူ ပြေးသွားတော့ ပြာပဲ တွေ့ရတော့တယ်။ စက်တွေရော၊ ပစ္စည်းတွေရော အားလုံး ပြာဖြစ်ကုန်ပြီ။

နေ့ချင်းညချင်းကို သူ့မှာ ကုန်းကောက်စရာ မရှိအောင် ဖြစ်သွားတယ်။ သူ့မှာ အိမ်ထောင်နဲ့ ကလေးနှစ်ယောက်နဲ့။ ဘယ်လို ဆက် စခန်းသွားမတုံး။
ဖြစ်သွားတဲ့အပေါ် ပူဆွေးသောက ရောက်မနေဘဲ သူ့ရဲ့ ရောင်းတတ် ဝယ်တတ်တဲ့ အပေါ်မှာ ပြန်အခြေတည်တယ်။ စီးပွားရေးအဆက်အသွယ်တွေနဲ့ တစ်ကပြန်စတယ်။ မကြာပါဘူး၊ သူဟာ တခြာသူတွေ ထုတ်လုပ်တဲ့ အိမ်ထောင်ပရိဘောဂတွေကို အောင်မြင်စွာ ရောင်းချသူ ဖြစ်လာပြန်ပါတော့တယ်။ “အဲတုန်းကဆို ၁၉၃၀ ပြည့်လွန် စီးပွားပျက် ကပ်ဆိုက်တုန်းကထက်တောင် ကျုပ် ပိုပြီး ချမ်းသာလာခဲ့သေးဗျား”လို့ နောက်ပိုင်းကျ သူက ပြောပါတယ်။

အဲဒီ့ကာလအတွင်းမှာ ကမ္ဘာကြီးကလည်း စိတ်ထိခိုက်စရာကောင်းအောင် ပြောင်းလဲကုန်တယ်။ ဂျာမဏီမှာ နာဇီတွေ အာဏာရလာပြီး မကြာခင်မှာ ဥရောပကို စစ်က ဖျက်ဆီးပစ်လိုက်တယ်။ သူ့မိဘနဲ့ ညီအစ်ကိုမောင်နှမတွေ၊ ဆွေမျိုးတွေကို အမေရိကန်ပြည်ထောင်စုကို လာကြဖို့ သူက ရှိခိုးဦးတင် တောင်းပန်ပြီး ခေါ်သေးတယ်။ ဒါပေမယ့် သူတို့တွေက ဘာမှ မဖြစ်နိုင်ဘူး အမှတ်နဲ့ ရုရှမှာပဲ ဆက်နေကြတယ်။

နာဇီတွေ ရုရှလည်း ဝင်လာတဲ့အခါကျတော့ အယ်လီ့အနေနဲ့ သူ့မိဘ ညီအစ်ကိုမောင်နှမတွေကို ကယ်လို့ မရတော့ဘူး။ သူ့မိသားစုဝင်တွေထဲက တချို့လည်း ဓာတ်ငွေ့ခန်းတွေထဲ လှောင်ပိတ်အသတ်ခံရ၊ တချို့တွေလည်း ပစ်အသတ်ခံရနဲ့ မျိုးကန်းသွားတော့တာပါပဲ။

ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ကျန်ရစ်ခဲ့သူ အယ်လီကတော့ အလုပ်တွေ ဖြစ်လို့။ အိမ်သုံးပစ္စည်းတွေ အကြီးအကျယ်ထုတ်တဲ့ လုပ်ငန်းတစ်ခုမှာ သူက အမှုဆောင်အရာရှိချုပ်ဆိုတော့ သူ့မိန်းမနဲ့ ကလေးတွေလည်း ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေကြရတယ်။

အဲဒီ့နောက် နှစ်ပေါင်းများစွာအကြာ ၁၉၇၁ခုနှစ်ကျတော့ သူ့အသက်က ၈၁ နှစ် ရှိနေပြီ။ ကုမ္ပဏီရဲ့ မူအရ သူ့အနေနဲ့ အငြိမ်းစား ယူကို ယူမှဖြစ်မယ်။ ကုမ္ပဏီရဲ့ မူအရဆိုပေမယ့် သူကတော့ လက်ကို မခံဘူး။ ဒါနဲ့ သူ ဆက်လုပ်တယ်။ လုပ်တာမှ နောက်ထပ် နှစ်၂၀ ဆက်လုပ်တာ။ အသက် ၁၀ဝ ပြည့်တော့မှ အလုပ်က နားတော့တယ်။

အလုပ်ကသာ နားတာ၊ သူသိပ်မြတ်နိုးတာကို ဆက်လုပ်ပြန်တယ်။ အဲဒါ ကတော့ ပညာသင်တာပဲ။ ဧက ၂၀ဝ နီးပါး ရှိတဲ့ ကျောင်းဝင်း၊ ကျောင်းသား ငါးထောင်နီးပါးရှိတဲ့ ကျောင်းဖြစ်လေတဲ့ ဖှဲဖှီး(လ်)(ထ်)တက္ကသိုလ်ကို သူတက်ခဲ့ပါတယ်။

သည်ဘိုးတော် အဲဒီ့ကျောင်းကို ဘယ်လိုများ သွားသလဲလို့ လူကြီးမင်း စဉ်းစားများ နေမိသေးလား။

ဟုတ်ကဲ့… ကိုယ်တိုင် ကားမောင်းပြီး သွားပါသဗျာ။ သွားတဲ့အပြင် အမြဲတမ်း မြန်မြန်မောင်းသွားတာ။ မောင်းဆို သူက အချိန်မဖြုန်းချင်တဲ့ လူစားမျိုးလေ။ အဲဒီ့အရွယ်မှာ သူအပန်းဖြေတာကတော့ နျူးယော့(ခ်)မြို့တော် အော်ပရာပွဲမှာပဲ။  အဲဒီ့ သဘင်ပွဲ ရာသီတိုင်း သူမှန်မှန်ကြည့်ခဲ့တာများ သူ ကွယ်လွန်တဲ့ အသက် ၁၀၇နှစ်တိုင်အောင်ပါပဲ။

သူ့ကို အဲသလောက် အသက်ရှည်ရှည် နေနိုင်ခြင်းနဲ့ အားအင်အပြည့်နဲ့ နေနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးတဲ့အခါ “စိတ်ရောကိုယ်ပါ မအား အောင်နေတာနဲ့ စိတ်ကောင်းထားတာပဲ”လို့ ပြန်ဖြေပါတယ်။

အယ်လီ့မှာက ရည်မှန်းချက် အမြဲရှိနတယ်။ ဘဝမှာ သူ လူဖြစ်လာရတာက စိန်ခေါ်မှု အသစ်တွေကို ဖန်တီးယူဖို့ပဲ။ ပြီးတော့ ဘဝနဲ့ပတ်သက်လို့လည်း သူက အမြဲတမ်း အကောင်းမြင်တယ်။ သူက ဘယ်တုန်းကမှ သူ့ကိုယ်သူ သနားတဲ့စိတ်၊ အားငယ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ် မဝင်ဖူးဘူး။ တစ်ခုခု အခက်ကြုံလာတိုင်း အဲဒါကို အခွင့်အရေးတွေချည်းပဲလို့ သူ မြင်တတ်ခဲ့တာပါ။

၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် New York Times သတင်းစာပါ   “Eli A. Finn, 107: Lived Life with Unflagging Zest”ကို ပြန်ဆို တင်ဆက်လိုက်တာပါ။

စာဖတ်သူများအတွက် တစ်ခုခု ရမယ်လို့ ထင်ပါတယ်။ ဒါလေးကို ဘာသာပြန်နေရင်းမှာ ဘဝင်မကျတဲ့ အချက်တစ်ချက် သွားတွေ့တယ်။ အဲဒါက သူ အသက်၂၀ထုန်းက ဘွဲ့ရသင့်ပါလျက်နဲ့ ဘာသာ မပြောင်းခဲ့လို့ သူ့ကို ဘွဲ့ မပေးခဲ့ကြတဲ့ ခရစ်ယာန် ကလျာဏ ယုဝအသင်း တက္ကသိုလ်က ပေးတဲ့ဘွဲ့ကို နောက် နှစ်ပေါင်း ၆၀ အကြာ၊ သူ့အသက် ၈၀ ကျမှ ပေးတော့ သူက သွားယူလိုက်တာပဲ။ စိတ်ထဲ ဘဝင်မကျမိဘူး။ ယူစရာလားပေါ့။

ဆက်ပြန်ရင်းနဲ့မှ ဪ… ဒါ့ကြောင့်လည်း သူ အသက်ရှည်တာ၊ စိတ်ချမ်းသာတာကိုးလို့ တွေးမိတယ်။ ဟုတ်တယ်လေ… ယူစရာလားဆိုတာ မာန်မာန၊ ဒေါသ ပါတယ်။ သူက ဘာမှ မဖြစ်သလို ယူလိုက်တယ်။ မာန်တွေ၊  ဒေါသတွေ ကင်းတယ်။ အဲတော့ သူ အသက်ရှည်တာပေါ့။

ကျွန်တော်တော့ သူ့လောက် ရှည်ဖို့ နေနေသောသာ၊ သူ့ လေးပုံ၊ သုံးပုံ လောက်တောင် မမှန်းရဲချင်ဘူး။ ကျွန်တော့်မှာ ဒေါသတွေ၊ မာန်မာနတွေ အပြည့်နဲ့ကိုး။

စာဖတ်သူ လူကြီးမင်းရော… အသက်ရှည်မှာလား… တိုမှာလား..

တွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
၂၅၀၉၀၉

—————————-
(
၁၂-၁၀-၂၀ဝ၉ နေ့ထုတ် အတွေးသစ်ဂျာနယ်၊ အတွဲ ၁၀၊ အမှတ်စဉ် ၄၆၀၊ )

Wow! A Limo!

14Limo copyအတူပါသူ ရုံးက မိတ်ဆွေက အရင်ကတည်းက ရောက်ဖူးထားသူဖြစ်တော့ သူ့ဦးဆောင်မှုနောက်ကို ထော့ကျိုးထော့ကျိုးနဲ့ အသာလိုက်ရုံရှိတာပဲ။ သူက ခပ်တည်တည်ပဲ “လင်မဇီး(န်)” ငှားမယ်တဲ့။ လင်မဇီး(န်)ဆိုတာလောက်တော့ ကျွန်တော် သိတာပေါ့။ စာတွေ သည်လောက်ဖတ်၊ ရုပ်ရှင်တွေ သည်လောက်ကြည့်နေတာပဲ။ ဇိမ်ခံမှန်လုံကားကို ခေါ်တာ။ အတိုကောက် ကတော့ “လင်မို”တဲ့။ လင်ဖုန်းမို၊ ရွှင်ပြုံးချိုစွာနော်ဗျာ ဆိုတဲ့ ရှေးတုန်းက သီချင်း တစ်ပိုင်းတစ်စကို အောက်မေ့ချင်စရာပဲနော်။ စာလုံးပေါင်းက L-I-M-O-U-S-I-N-E ပါ။ အသံထွက်ကတော့ “လင်မဇီး(န်)”တဲ့။ လင် မစီးဘဲ မယားချည့် အိုက်တင်ခံပြီး စီးစီးနေတဲ့ကားလို့ မှတ်ထားမယ် ဆိုလည်း ဖြစ်မယ်ထင်တယ်နော်။

ငှားပေါ့။ လင်မဇီး(န်)မကလို့ “ချော့ပါ”ပဲ ငှားငှား။ ကျုပ်တို့ ပေးရတာမှ မဟုတ်တာ။ ကျသမျှ ရုံးက ပေးမှာပဲဟာ၊ ကြိတ်လိုက်ပေါ့။ သို့သော် ကျွန်တော် မျှော်လင့်ထားတဲ့ လင်မဇီး(န်)ဆိုတာက ဟို တံခါးခြောက်ပေါက်နဲ့ မှန်လုံကားအရှည်ကြီးဗျ။ အခုဟာက မဟုတ်ပေါင်။ သူတို့ လင်မဇီး(န်)လို့ ခေါ်တာက မာစီးဒီးကား ခပ်ကြီးကြီးအရွယ်ရှိတဲ့ တိုယိုတာ သရဖူအမှတ်တံဆိပ်ကားပေကပဲ။ ခေါင်မိုးပေါ်မှာတော့ အငှားယာဉ်ဆိုတဲ့ အမှတ်အသားပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း ပစ္စည်းတွေကို နောက်က အံဖုံးထဲ ထိုး သိပ်ထည့်၊ ပြီးတော့ နောက်ခန်းမှာ စတိုင်အပြည့်နဲ့ ဝင်ထိုင်လိုက်ကြပါတော့တယ်။ ကားကြီးကလည်း လင်မဇီး(န်)ပီသစွာ ငြိမ့်ခနဲ ထွက်တယ်။
လမ်းကြီးက ကျယ်လိုက်တာပြောလို့ ဆိုသလိုပဲ ဖြောင့်လိုက်တာလည်း ဖြူးလို့။ ကားမောင်းသူရဲ့နောက်မှာ ကျွန်တော်က ထိုင်နေတာမို့ သူ့အမြန်နှုန်း ပြဒိုင်ခွက်ကို ကျွန်တော်ကြည့်လိုက်တယ်။ အားပါး၊ တစ်နာရီကို ကီလို ၁၂၀နှုန်းလောက်နဲ့ တင်နေတာ။ တစ်နာရီကို ၇၅မိုင်နှုန်းပေါ့။ သို့သော် ဘာမှ စိတ်လှုပ်ရှားစရာ မကောင်းတာကတော့ အမှန်ပဲ။ ဝါသနာပါရင် မှတ်စု စာအုပ်တစ်အုပ်ထုတ်၊ ပေါင်ပေါ်တင်ပြီး ရေးချင်တာ ချရေးနေရင်တောင် လက်ရေးလှလှ ဝိုင်းဝိုင်းညီညီလေးတွေ ထွက်လာလောက်အောင် ကားက ငြိမ်နေတယ်။

လမ်းဘေးဝဲယာမှာကလည်း ဘာဆိုဘာမှ မရှိဘူး။ အဲ… အဲသလို ပြောရင် နည်းနည်းတော့ မှားသဗျ။ စိတ်ထင် တစ်မိုင်ခြား တစ်ခါလောက်မှာ အများသုံး တယ်လီဖုန်းတိုင်လေးတွေတော့ စွတ်ကယ်စွတ်ကယ်နဲ့ မနားတမ်း မြင်ခဲ့ရပါသဗျ။ ကြည့်ရတာ သည်တိုင်းပြည်မှာ ညနေတိုင်ကျ စည်ကားနေတတ်တဲ့ ရန်ကုန်ရွှေဘုံသာလမ်းနဲ့ အနော်ရထာလမ်းထောင့် တစ်ဝိုက်ဆီက လျှပ်စစ်ပစ္စည်းစုံ အစုတ်အပြတ်ရော၊ ကောင်းတာရော၊ သူခိုး လက်ခံရော အကုန်အစုံရောင်းနေတဲ့ တိုလီမိုလီဈေးလိုဟာမျိုး မရှိဘူး ထင်တယ်။

ကျွန်တော်လည်း စိတ်ကူးထဲမှာ ရန်ကုန်-မန္တလေးလမ်းမှာ အများသုံး တယ်လီဖုန်းလေးတွေ တစ်မိုင်ခြား တစ်လုံးလောက် တပ်ဆင်ကြည့်မိလိုက် ရပြန်သေးတယ်။ အံမယ်မင်း… မဖြစ်နိုင်ဘူးခင်ဗျ။ ကျွန်တော်တို့အများသုံး ဖုန်းဆိုတာက သူ့ချည့်ထားလို့မှမရတာနော်။ ဖုန်းတစ်လုံးမှာ လူတစ်ယောက်တော့ အစောင့်ချထားပေးမှ ဖြစ်မှာလေ။ တစ်မိုင်ခြား တစ်လုံးဆို မိုင်ပေါင်း ၄၀ဝကျော်၊ လူပေါင်း ၄၀ဝကျော် ခန့်မှ ဖြစ်မှာ။ မဖြစ်သေးပါဘူးလေ။

အဲ… အဲဒီ့ တယ်လီဖုန်းလေးတွေကလွဲရင် လမ်းဘေး ဝဲယာမှာလည်း ဘာမှ ကြည့်စရာမရှိ၊ လမ်းကလည်းဖြူးနေတော့ အတော်ပျင်းခြောက် လာရပါတယ်။ အတူပါတဲ့ မိတ်ဆွေကြီးကလည်း အင်မတန် နှုတ်နည်းတဲ့သူ။ သူ့နှုတ်က ထွက်ရင်လည်း ဘုခွကန့်လန့်က ခပ်များများဆိုတော့ သူ့လည်း စကားသွား မဖောင်ရဲဘူး။ အဲလိုနဲ့ တစ်နာရီကျော် စီးရတဲ့ ခရီးကို လင်မဇီး(န်)ကြီးနဲ့ ငြီးစော်နံစွာ စီးနင်းလိုက်ပါခဲ့ရပါတယ်။

So What ???

13SoWhat copyလေဆိပ်ထဲမှာတင် ရထားလေးတစ်စီးက ရပ်နေတယ်။ နောက်ထပ် ရထားလမ်းတစ်ခုမှာ ကျွန်တော်တို့ စောင့်နေရတယ်။ ကျွန်တော့်မိတ်ဆွေက သည်ခရီးကို အရင်က နှစ်ခေါက်၊ သုံးခေါက်ရောက်ဖူးတော့ ကျွန်တော်လည်း တောင်တောင်အီအီ သိပ်စဉ်းစားစရာမလိုဘဲ သူ ဦးဆောင်တဲ့နောက် အသာလေး လိုက်နေလိုက်တော့တာပါ။

ခဏအကြာမှာတော့ ချစ်စရာ ရထားလေး ရောက်လာပါတော့တယ်။ အဲဒီ့ရထားလေးပေါ်ကို တက်လိုက်ကြပြီးတဲ့နောက် များမကြာခင်မှာ ရထား တံခါးတွေက အလိုအလျောက်ပိတ်သွားပြီး ရထားလည်း ထွက်ခွာပြန်ပါတော့တယ်။သိပ်တောင် မစီးလိုက်ရဘူး၊ တစ်နေရာမှာ ရပ်သွားပြီး တံခါးတွေ ပြန်ပွင့်လာတာမို့ တခြား ခရီးသည်များနည်းတူ ကျွန်တော်တို့လည်း အပြင် ထွက်လိုက်ကြတယ်။ လေဆိပ်ထဲမှာပဲ ရှိသေးမှန်း အမှတ်အသားတွေ၊ စာတန်းတွေအရ သိသာလို့နေတယ်။ ကျွန်တော်တို့က အခုမှ ဆိုက်ရောက် ဆောင်ထဲ ရောက်လာတာလေ။

ကျွန်တော်ယူလာတဲ့ အဝတ်အစားသေတ္တာက နည်းနည်းကြီးနေတဲ့ အတွက် ရန်ကုန်ကထွက်ကတည်းက လေဆိပ်မှာ တန်ဆာလုပ်ပြီး အပ်ခဲ့ရ တာ ဆိုတော့ လေဆိပ်ခန်းမဆောင်ထဲမှာ ကျွန်တော့်သေတ္တာကို ပြန်ရွေးဖို့ စောင့်နေရသေးတယ်။ အဲဒါကျတော့ ကျွန်တော့်မိတ်ဆွေက သိပ်စိတ်ရှည်ပုံ မရဘူး။

“ကျုပ်က ခရီးသွားရင် ဝန်ကျဉ်းကျဉ်းနဲ့ ကိုယ်နဲ့ တစ်ပါတည်း သယ်လို့ အိတ်အရွယ်အစားကို တမင်ရွေးထားတာဗျ။ အခုလို စောင့်မနေရ အောင်ပေါ့” လို့ ပြောနေပေသေးတယ်။

မစောင့်ချင်လည်း စောင့်ရမှာပဲ ကိုယ့်ဆရာ။ ကျွန်တော်လည်း အဲလို စောင့်ရတာကို သိပ်တော့ မကြိုက်လှဘူး။ သို့ပေမယ့် တစ်ပတ်ကြီးများတောင် နေရမှာဆိုတော့ အဝတ်အစားက အနည်းဆုံးတော့ ခုနစ်စုံလိုတယ်လေ။ ပြီးတော့ ရောက်တုန်းရောက်ခိုက် ဝယ်ချင်တာလေးတွေ ဝယ် ဖြစ်ခဲ့ရင်လည်း ထည့်ရသိုရအောင် အိတ်ကို တမင်ကြီးကြီးသယ်ခဲ့ရတာ ကလား။

သို့ပေမယ့် သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ လည်ပတ်နေတဲ့ စောင်းလျှော သားရေပတ်ပြင်ကြီးတစ်ခုပေါ်မှာ ကျွန်တော့်သေတ္တာကို တွေ့လိုက်ရ ပါတယ်။ (တံတားဦးလေဆိပ်မှာ အဲဒါမျိုး အခုရှိနေပါပြီ။ တန်ဆာ လုပ်ပြီး တင်လာတဲ့ ခရီးသည်တွေရဲ့ ဝန်စည်စလယ်ကို လေယာဉ်ပေါ်က ချလာ၊ ပြီးတော့ စက်ထဲ တစ်ခုစီထည့်ပေးလိုက်ရင် စက်ကနေ ပစ္စည်း ရွေးတဲ့နေရာဆီကို တွန်းတင်ပေးလိုက်ပါတယ်။ အဲဒီ့ပစ္စည်းတွေကို လည် ပတ်နေတဲ့ စောင်းလျှော သားရေပတ်ပြင်ညီကြီးတစ်ခုပေါ်မှာ ကိုယ့်ပစ္စည်း ကိုယ့်ဘာသာ ရွေးချယ်ပြီးကောက် ယူသွားရတာမျိုးပါ။) အဲဒါပြီးတော့ လူဝင်မှု ကြီးကြပ်ရေးကောင်တာကို ဝင်ရပါတယ်။

ကျွန်တော် ဝင်လိုက်တဲ့ လူဝင်မှုကောင်တာမှာတော့ တာဝန်ကျက အမျိုးသမီးဖြစ်နေတယ်။ကျွန်တော်လည်း ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးလိုက်တယ်။ကျွန်တော် နိုင်ငံခြားခရီးကို ပထမဆုံး သွားခွင့်ရတော့မယ်ဆိုတာ သိထားသူ၊ ကျွန်တော် ငယ်သူငယ်ချင်းလို့ ပြောလို့ရတဲ့ အမေရိကန် မိတ်ဆွေက ကျွန်တော့်ကို နိုင်ငံကူးလက်မှတ်ထည့်လို့ရတဲ့ သားရေဖုံးအစွပ်ကလေး တစ်ခု လက်ဆောင်ပေးထားတယ်။ အဲဒါနဲ့ ကျွန်တော့်နိုင်ငံကူး လက်မှတ်လေးဟာ သားရေဖုံးလေးနဲ့ သပ်သပ်ရပ်ရပ်ပေါ့။

ဖြစ်ချင်တော့ အဲသလို အဖုံးနဲ့ဆိုတော့ ဟို လူဝင်မှုကြီးကြပ်ရေးက ဆရာမကြီးခမျာ ကျွန်တော် ဘယ်နိုင်ငံက လာမှန်းတန်းမသိနိုင်ဘူးဖြစ်နေ ရှာတယ်။ သူက ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို အမြီးပြန်ခေါင်းပြန် ကြည့်နေတယ်။ မလေးရှားနိုင်ငံ ပြည်ဝင်ခွင့်ကိုတော့ ရန်ကုန်က မလေးရှား သံရုံးမှာကတည်းက တံဆိပ်တုံးရိုက်လာခဲ့တာမို့ သူတွေ့တယ်။ သို့ပေမယ့် ကျွန်တော် ဘာကောင်လဲဆိုတာ သူ ရုတ်တရက်မသိဘူး။
သို့ပေမယ့် သိဖို့က သိပ်မခက်ပါဘူး။ နိုင်ငံကူးလက်မှတ်ရဲ့ ရှေ့ပိုင်း စာမျက်နှာတွေကို လှန်ကြည့်လိုက်ရင် တန်းတွေ့နိုင်ပါတယ်။
ကျွန်တော့်ဓာတ်ပုံပါ စာမျက်နှာမှာတော့ ကျွန်တော် ဘာလူမျိုးဆိုတာ တောင် အတိအလင်းရေးထားပါတယ်။ အဲဒီ့မှာတင် မမရဲ့ နှုတ်က တစ်ခွန်းထွက်လာတယ်။

“အိုး… မိုင်အဲ(န်)မား”
မြန်မာကို myanmar လို့ ကျွန်တော်တို့က စာလုံးပေါင်းထားပြီး ကျွန်တော်တို့ဘာသာ ဖတ်တဲ့အခါ မြန်မာလို့ အသံထွက်ပေမယ့် မြန်မာ စကားမတတ်တဲ့ သူ ဖတ်တဲ့အခါ မိုင်အဲ(န်)မားလို့ပဲ ထွက်ကြပါတယ်။ ဝင်းဦးကို “ဝင်းနူး”လို့ ဖတ်ကြသလို၊ သန်းကျော်ကို “သှယ်(န်) ခိုင်အော်”လို့ ဖတ်ကြသလိုပါပဲ။

သူက အဲသလို မပီမသ ရွတ်လိုက်ပေမယ့် သူပြောချင်တဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ကို ကျွန်တော် တန်းသိလိုက်ပါတယ်။ သူ့စကားအသွားအလာက “လာပြန်ပြီ တစ်ယောက်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော့်ပါးစပ်ကလည်း အဲဒါမျိုးကျ ငြိမ်မနေတတ်ဘူး။

“ဆိုး ဝပ်(ထ်)” ဆိုပြီး ခပ်တင်းတင်းပဲ ပြောလိုက်မိရပါတယ်။ အဲတော့ ဘာဖြစ်သေးတုံးဆိုတဲ့အနက်မျိုးနဲ့ သူ့ကို အထက်စီးက ပြောချလိုက်တာပါ။

အဲတော့မှ မမက တံဆိပ်တုံးကို ထုလိုက်ပြီး သူ့အလုပ်သူ ရိုရိုသေသေ ဆက်လုပ်ပါတော့တယ်။ ကျွန်တော့်နားထဲမှာတော့ သူ့ရဲ့ “အိုး… မိုင်အဲ(န်)မား” ဆိုတာကြီးက အတော့်ကို အနှောင့်အယှက်ပေးနေတုန်းပဲ။ မိန်းမနဲ့ ယောကျာ်းဖြစ်နေလို့ တစ်ကြောင်း၊ ကိုယ်တစ်ခါမှ မရောက်ဖူးသေးတဲ့ သူ့တိုင်းပြည်မှာ ရောက်နေတာမို့တစ်ကြောင်းသာ အောင့်နေရတယ်။ မဟုတ်ရင် ကျွန်တော် အဲဒီ့နားမှာတင် သူ့ကို ပြဿနာရှာမိသွားမလား မသိဘူး။

မိုင်အဲ(န်)မားကြီး ကျွန်တော်တစ်ယောက်တော့ မလေးလေဆိပ်က လူဝင်မှုကြီးကြပ်ရေးကောင်တာကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပါပြီ။

olu tJovdk ryDro &Gwfvdkufayr,fh olajymcsifwJh pum;&JU teuft”dyÜm,fudk uRefawmf wef;odvdkufygw,f/
olYpum;toGm;tvmu ]vmjyefNyD wpfa,muf}qdkwJh t”dyÜm,f yg/
uRefawmfhyg;pyfuvnf; tJ’grsdK;us Nidrfraewwfbl;/
]qdk; 0yf(xf)}qdkNyD; cyfwif;wif;yJ ajymvdkufrd&ygw,f/ tJawmh bmjzpfao;wHk;qdkwJhteufrsdK;eJY olYudk txufpD;u ajymcsvdkufwmyg/
tJawmhrS rru wHqdyfwHk;udk xkvdkufNyD; olYtvkyfol ½dk½dkaoao qufvkyfygawmhw,f/
uRefawmfhem;xJrSmawmh olY&JU ]tdk;… rdkiftJ(ef)rm;µ}qdkwmBuD;u tawmfhudk taESmifht,Sufay;aewkef;yJ/ rdef;reJY a,mufsm;jzpfaevdkY wpfaMumif;? udk,fwpfcgrS ra&mufzl;ao;wJh olYwdkif;jynfrSm a&muf aewmrdkYwpfaMumif;om atmifhae&w,f/ r[kwf&if uRefawmf tJ’Dh em;rSmwif olYudk jyóem&SmrdoGm;rvm; rodbl;/
rdkiftJ(ef)rm;BuD; uRefawmfwpfa,mufawmh rav;avqdyfu vl0ifrIBuD;Muyfa&;aumifwmudk atmifjrifpGm ausmfjzwfcJhygNyD/

Was that Because of Us???

12KLAirport copy2အဲလိုနဲ့ လေယာဉ်ကြီးဟာ သူ့သတ်မှတ်နေရာမှာ အတိအကျ ရပ်လိုက်ပါတော့တယ်။ သည်အခါမှာ လေယာဉ်မယ်က ထုံးစံရှိတဲ့အတိုင်း ကျေးဇူးတင်စကားတွေ၊ ထသွားပြန်ကြည့်၊ ကျန်ရှိပစ္စည်းတာဝန်မယူ ဆိုတဲ့စကားတွေပြောပါတယ်။ (အဲသလိုတော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ စကားအဖြစ် ပြောတာနော်၊ အဲဒီ့အတိုင်း အတိအကျတွေ လျှောက်မစဉ်းစားကြပါနဲ့နော်)

ကျွန်တော်နဲ့ အတူပါသူ မိတ်ဆွေကြီးက မထသေးတော့ ကျွန်တော်လည်း ဆက်ထိုင်နေပါတယ်။ လူတော်တော်ရှင်းတော့မှ ကျွန်တော်တို့ ထကြတယ်။ ကိုယ့်အိတ်ကလေးတွေ ကိုယ်ဆွဲလို့ လေယာဉ်တံခါးပေါက်ကနေ လေဆိပ်ဆီ ဒုတ်ဒုတ်ထိဆက်သွယ်ထားတဲ့ စင်္ကြံအရှင်ကနေ ထွက်လိုက်ကြပါတယ်။

အဝမှာ ကျွန်တော် ကြည့်လို့မဝသေးတဲ့ လေယာဉ်မယ်လှလှလေးက အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်နေလေရဲ့။ နေခဲ့တော့ မမရေ… ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့လို့တော့ မပြောချင်ပါဘူး။ ပြန်ဆုံစရာအကြောင်းက လုံးလုံးမှ မရှိတော့သလောက် သေချာနေမင့်ဟာပဲ။ ဟုတ်တယ်လေ… အခုတောင် လေးဆယ်ကျော်မှ ကံပေါ်ပြီး နိုင်ငံခြားလေး တစ်ခေါက်ထွက်ရတာ။ နောက်တစ်ခေါက် ထပ်ထွက်ဖြစ်ဖို့ဆိုတာ တယ်လွယ်တာမျိုးမှ မဟုတ်ဘဲ။ ကျွန်တော်က နိုင်ငံရပ်ခြားနဲ့ဆက်သွယ်ပြီး စီးပွားရေး လုပ်ငန်းတွေ ဘာတွေလုပ်ကိုင်နေတာလည်း မဟုတ်၊ အလကားနေရင်း နိုင်ငံရပ်ခြား အလည်သွားရအောင်ကလည်း ကျွန်တော်က အဲသလောက် မကြွယ်ဝဘူးလေ။ အဲတော့ သူနဲ့ ကျွန်တော်နဲ့ ပြန်ဆုံဖြစ်ဖို့ဆိုတာက မျှော်လင့်စရာ တယ်မရှိလှဘူး။ ပြည်တွင်းမှာတောင် အသွားတုန်းက တွေ့ခဲ့တဲ့လေယာဉ် မယ်နဲ့ အပြန်မှာ ပြန်ဆုံဖို့ဆိုတာ အင်မတန် ဖြစ်ခဲပါဘိခြင်း။ မှတ်မှတ်ရရ၊ သည်တစ်သက်လုံးမှာမှ လေယာဉ်မယ်တစ်ဦးတည်းကို အဲသလို အသွား ရော အပြန်ပါ ဆုံရတာမျိုး တစ်ခါပဲကြုံဖူးတယ်။

အဲဒါတောင် ပြီးခဲ့တဲ့ ၂၀ဝ၅ခုနှစ် အောက်တိုဘာလက မန္တလေးကို မန္တလေး လေကြောင်း စီးပြီးသွားခဲ့တုန်းက ကြုံခဲ့ရဖူးတာဖြစ်ပါတယ်။ မန္တလေးနဲ့ ရန်ကုန်ကို အိမ်ဦးနဲ့ကြမ်းပြင်လို သဘောထားပြီး ဥဒဟိုသွား နေရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မယ်၊ ကျွန်တော့်လို မေ့လောက်မှ တစ်ခါ သွားတဲ့သူအဖို့တော့ ပြည်တွင်းမှာတောင် လေယာဉ်မယ်တစ်ယောက်တည်းကို အသွားရော၊ အပြန်ပါ ဆုံဖြစ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းလှပါဘိ တောင်း။

အဲတော့ လေယာဉ်မယ် လှတပတလေးကို လေယာဉ်ပေါက်မှာဆုံခိုက် တစ်ဝကြီး ထပ်ငမ်းလိုက်ပြီးသကာလ ကျွန်တော်လည်း စင်္ကြံလမ်းအတိုင်း ထော့ကျိုးထော့ကျိုးနဲ့ လျှောက်လှမ်းလိုက်ရပါတော့တယ်။

လေဆိပ်အဆောက်အအုံထဲအရောက်မှာတော့ ခေတ်မီ လေဆိပ်ကြီးက အလင်းရောင် မစို့မပို့နဲ့ဖြစ်နေတာ တွေ့ရတယ်။ လင်းလင်းချင်းချင်း မရှိလှဘူး။ သည်လောက်ခေတ်မီတဲ့ လေဆိပ်ကြီးမှာ ဘာဖြစ်နေတာလဲ မသိဘူးလို့ စဉ်းစားရင်းနဲ့ ရှည်ဝေးလှတဲ့ ထွက်ပေါက်လမ်းအတိုင်း လျှောက်ထွက်လာခဲ့မိရပါတယ်။ မှန်တွေနဲ့ အများဆုံးအားပြုကာရံထားတာမို့ အပြင်က သဘာဝ အလင်းရောင်နဲ့ပဲ အတွင်းက ခေတ်မီ လေဆိပ်ကြီးကို မြင်နေရတယ်။

`မီးပျက်နေတယ်ဗျ´

ကျွန်တော့်ထော့ကျိုးကိုစိတ်ရှည်လက်ရှည်စောင့်ပြီး ဖြည်းဖြည်းလျှောက်ပေးနေရရှာလေတဲ့ ကျွန်တော့်မိတ်ဆွေကြီးက မြန်မာလို ပြောပါတယ်။ အဲတော့မှ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ ဟုတ်သားပါလား။ မီးပျက်နေတာဖြစ်မှာလို့ ကျွန်တော် ဘာလို့ မတွေးမိခဲ့တာပါလိမ့်။

`အဲဒါ ကျွန်တော်တို့နှစ်ယောက် ရောက်လာလို့ ဓာတ်သက်ပါသွားတာ နေမှာဗျ…´

ကျွန်တော့်မိတ်ဆွေက ဆက်ပြောတော့ ခြေထောက်နာနေတဲ့ကြားကပဲ ရယ်လိုက်မိရပါတယ်။ သူပြောတာ ဟုတ်လောက်တယ်လို့ ခပ်မြူးမြူးလေး တွေးမိသွားရတာကိုး။
သူ့စကားက ဆုံးဆုံးချင်းမှာပဲ လေဆိပ်တွင်းမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်များဆီကနေ မိန်းမသံတစ်သံထွက်လာတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောနေတာမို့ သေချာ နားစိုက်ထောင်လိုက်မိတော့ လေဆိပ်မှာ မမျှော်လင့်ဘဲ လျှပ်စစ်ဓာတ်အားချို့ယွင်းနေပါကြောင်း၊ သည်အတွက် ခရီးသည်များမှာ အနှောင့်အယှက်ဖြစ်ရတယ်ဆိုပါရင် သူတို့လေဆိပ်အနေနဲ့ အနူးအညွတ် တောင်းပန်ပါကြောင်း ပြောတဲ့စကားဖြစ်နေပါတယ်။

ကျွန်တော့်နားထဲမှာ အတော့်ကို ဆန်းကြယ်နေပါတော့တယ်။

အဲလိုနဲ့ လေယာဉ်ကနေ လေဆိပ်ထဲက ရထားရှိရာဆီကို အလာခရီး၊ ငါးမိနစ်စာလောက် လမ်းလျှောက်ရတဲ့ ခရီးတာအတွင်းမှာ အဲဒီ့ တောင်းပန်သံကို အထပ်ထပ်ကြားရပါတယ်။ မြို့ပြယဉ်ကျေးမှုပဲ ဆိုရမလား၊ နိုင်ငံကြီးသား ပီသတယ်လို့ပဲ ပြောရမလားပဲ။ ဒါမှမဟုတ်လည်း ကိုယ့်ဆီကို ရောက်လာတဲ့ ဧည့်သည်မှာ ကသိကအောက်ဖြစ်ရလို့ စိတ်ကွက်ချင်ဦး တောင်မှ အဲလို ခဏခဏနဲ့ အနူးအညွတ်တောင်းပန်ပေးနေတဲ့အတွက် အတော့်ကို အကွက်ရ ခက်သွားစေအောင် ရည်ရွယ်တာလားတော့ မသိပါဘူး။