Min Lu’s Rare Foreword

MinLuဆူဒိုနင် အလိုရှိသည်

မင်းလူ

ကျွန်တော် ရှောင်လေ့ရှိသော ကိစ္စတွေထဲမှာ အမှာစာ ရေးပေးခြင်းလည်း ပါဝင်သည်။ ကိုယ်ရေးတဲ့ စာအုပ်မှာတောင် မလိုအပ်လျှင် အမှာစာ ရေးလေ့ မရှိ။ စာဖတ်ပရိသတ်ကို ရှင်းပြချင်တာ၊ အသိပေးချင်တာ၊ ဝန်ခံချင်တာ ရှိမှသာ ရေးသည်။ ကျွန်တော့် လုံးချင်း စာအုပ်တွေမှာလည်း ပထမဆုံး  ထုတ်ဝေသော စာအုပ်မှ စ၍ တခြားဆရာ တစ်ယောက်ယောက်ကို အမှာစာ ရေးပေးခိုင်းတာမျိုး ပြုလုပ်လေ့ မရှိခဲ့။


အမှာစာဆိုတာ စာအုပ်အခြေအနေကို လိုက်ပြီး တစ်ခါတလေ မိတ်ဆက်စကားသဘော ဖြစ်တတ်၏။ တစ်ခါတလေတော့ ထောက်ခံစာ ဆန်သည်။ အာမခံပေးတာမျိုး ဖြစ်ချင်လည်း ဖြစ်သည်။ တစ်ခါတစ်ရံကျတော့ စာအုပ်ရေးသူက နာမည်ကျော် ထိပ်သီး စာရေးဆရာ၊ သူ့စာအုပ်ဆို ကောင်းပြီးသား၊ ဘာမှ ညွှန်းနေစရာ မလို။ အမှာစာ ရေးရမယ့်လူက သည်လောက် မဟုတ်။ ထိုအခါ ရုပ်မြင်သံကြားကနေ ဘောလုံးပွဲ ကြေညာရသလို ဖြစ်နေ၏။

“စိုးမြတ်မင်း ဖနောင့်လေးနဲ့ ချိတ်ပြီး ယူသွားတယ်၊ လှတယ် ခင်ဗျာ၊ တစ်ယောက်ကို ခေါက်တယ်၊ ပါတယ်၊ နောက်တစ်ယောက်၊ ဘယ်ဘက်က ခြေရောင်ပြပြီး ညာဘက်ကလှည့် ဆွဲတယ်၊ ရတယ်ခင်ဗျာ”

တကယ်တော့ စိုးမြတ်မင်း ကစားနေပုံကို ရုပ်မြင်သံကြားမှာ ပေါ်တင်ကြီး မြင်နေရတာပဲ၊ သူ မပြောလည်း သိပြီးသား။ သည်ကြားထဲ နာမည် မှားပြောမိရင် သေရော။

တချို့စာအုပ်တွေက သိပ်မကောင်းလှ။ သည်ကြားထဲ အမှာစာရေးတဲ့လူကလည်း သိပ်မစွံ။ ထိုအခါ စာဖတ်ပရိသတ်မှာ အတော်ခံရသည်။ ခပ်ညံ့ညံ့ စာအုပ်တစ်အုပ်ကိုတောင် တစ်ခါတည်း တိုက်ရိုက် ဖတ်ခွင့်မရဘဲ အသုံးမကျတဲ့ အမှာစာကို သည်းညည်းခံပြီး အရင် ဖတ်ပေးရသေးသည်။ ဝယ်ပြီး၊ ငှားပြီး၊ အလကား ရပြီးမှတော့ မထူးဘူးဆိုပြီး အောင့်သက်သက်နဲ့ အားပေးကြရရှာ၏။ အခု သည်စာအုပ်သည်လည်း ဒါမျိုး ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ (မပြောမရှိနဲ့နော်)

————

အမှာစာ ရေးရာမှာ အဓိကအားဖြင့် အချက်နှစ်ချက် ပါလေ့ရှိ၏။ တစ်ခုက စာရေးဆရာအကြောင်း၊ နောက်တစ်ခုက စာအုပ်အကြောင်း။ အမှာစာ ရေးသူတချို့က နှစ်ချက်စလုံးကို မျှပြီး ရေးသည်။ တချို့ကတော့ ကိုယ်သန်ရာအချက်ကို ဇောင်းပေးပြီး ရေးသည်။


သည်စာအုပ်မှာ အကြောင်းအရာပိုင်းကတော့ ထွေထွေထူးထူး ပြောစရာ မရှိ။ ခရီးသွားစာပေ အမျိုးအစားဟု ဆိုနိုင်သည်။ သို့ရာတွင် ဒိုင်ယာရီကို အကျယ်ချဲ့ထားသော သမားရိုးကျ ပုံစံတော့မဟုတ်။ ခရီးသွားရင်း တွေ့ရ ကြုံရတာတွေကို သူ့ရဲ့ အတွေးအမြင်တွေ၊ အရင်က ခရီးသွားခဲ့ပုံတွေနှင့် ယှက်နွယ်ပြီး ရေးထားခြင်းဖြစ်၏။ တစ်နည်းအားဖြင့် အစီအစဉ် တကျမဟုတ်ဘဲ စိတ်ကူးထဲ ပေါ်လာတာတွေကို ဖောက်ဖောက်ပြီး ရေးထားသည်။

နိုင်ငံခြားသွားတဲ့ လေယာဉ်ခရီးစဉ်အကြောင်း ရေးနေရင်းကနေ ပြည်တွင်းလေကြောင်း ခရီးအကြောင်း ရောက်ချင်ရောက်သွားသည်။ ဟိုတယ်ရေချိုးခန်းအကြောင်း ပြောရင်းက အိမ်သာအကြောင်းတွေ ပါချင်ပါလာသည်။ ဟိုခုန် သည်ကူး၊ ပရမ်းပတာနိုင်လှသည်ဟု ထင်စရာ ရှိ၏။
သို့ရာတွင် ရှေ့မှာ လှည့်ကင်းရှိလို့ လမ်းကြိုလမ်းကြားထဲ ကွေ့ပတ် ရှောင်တိမ်း မောင်းတတ်သော အောက်ဆိုက်ကား ဒရိုင်ဘာတစ်ယောက်လို အချိန်တန်တော့လည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားတာကတော့ သူ၏ စာအရေးအသား ကျွမ်းကျင်နိုင်နင်းမှုပင် ဖြစ်ပါ၏။ ဒါကလည်း အရင်က ပရိုက်ဗိတ်တက္ကစီ ဆွဲခဲ့ဖူးသော အကျိုးကျေးဇူးကြောင့် ဖြစ်နိုင်ပါသည်။

————

သူနှင့်ပတ်သက်ပြီး ပြောရလျှင် “ဆူဒိုနင်”ဆိုသော ကလောင်နာမည်ကို စတင် စိတ်ဝင်စားခဲ့မိခြင်းဖြစ်၏။ နာမည်ဆန်းလို့ ဖတ်ကြည့်ရာမှ သူ့စာကိုပါ သဘောကျသွားသည်။ ထို့နောက် “ချစ်သူ့ရင်ခွင်ရှာပုံတော်”ကို ဖတ်လိုက်ရသောအခါမှာတော့ ရသစာပေ အရေးကောင်းတဲ့ ကလောင် တစ်ချောင်းတော့ ထွက်ပေါ်လာပြီ ဆိုပြီး ဝမ်းသာအားတက်ရသည်။

ခုနောက်ပိုင်းမှာ ရသစာပေကို စူးစူးနစ်နစ် ရေးတဲ့လူ ရှားပါးလာသည်။ ရေးနေကျ တချို့ ရွှေလက်တွေကလည်း သတင်းဆောင်းပါးလိုင်း ဘက်၊ တက်ကျမ်းဘက် ကူးပြောင်းကုန်ကြသည်။ သည်လိုအချိန်မှာ “ဆူဒိုနင် ကလောင်နဲ့ ပေါ်လာပြီ”ဟု အားတက်မယ်ကြံကာရှိသေး၊ ပုဂ္ဂိုလ်က “အတ္တကျော်”ဆိုသော ကလောင်အမည်ခွဲတစ်ခု ခံယူပြီး သုတတွေ၊ ပညာပေးဆောင်းပါးတွေဘက် လှည့်သွားပြန်တော့သည်။

ရေးတာကလည်း အကြောင်းအရာပေါင်းစုံပါပဲ။ ဘယ်လောက်ထိ စုံသလဲဆိုတော့ စာအုပ်တစ်အုပ်မှာ သွေးဆုံးအရွယ် အမျိုးသမီးကြီးတွေ ဘာဆေး သောက်၊ ဘာအစားအစာတွေ စား၊ ဘယ်လို နေ၊ ဘယ်လို ထိုင် စသဖြင့် အသေးစိတ် ပြည့်ပြည့်စုံစုံ ရေးထားလိုက်တာများ၊ ကိုယ်တွေ့လား အောက်မေ့ရသည်။


ထိုအခါ တိုက်စစ်အားနည်းနေပါတယ်ဆိုမှ မိုက်ကယ်အိုဝင်က ဒဏ်ရာရသွားသေးတယ်ဆိုတာမျိုး မချင့်မရဲဖြစ်ရပြန်လေသည်။

သည်နေရာမှာ ကျွန်တော် သတိပြုမိတာ တစ်ခုရှိ၏။ ကလောင်နာမည် ပြောင်းလိုက်တဲ့အခါမှာ စာရေးဟန်လည်း ပြောင်းသွားတတ်သော ကိစ္စပင်ဖြစ်၏။ အထင်ရှားဆုံး ဥပမာကတော့ ဆရာကြပ်ကလေးပင် ဖြစ်၏။ ဆရာ၏ စာပေါလောကသည် ဟာသမှတ်တိုင်တစ်ခု ဖြစ်ခဲ့၏။ ဆရာ့ဟာသတွေက စံပြုလောက်အောင် ကောင်းသည်။

နန္ဒသူဆိုသော ကလောင်ခွဲနှင့် ရာဇဝင်ဝတ္ထုတွေ ရေးတော့လည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲဆောင်မှုရှိပြန်သည်။ သက်လုံအမည်နှင့် ရေးသော အတွေးအခေါ် ဆောင်းပါးတွေကျပြန်တော့လည်း လေးလေးနက်နက်နဲ့ အဖိုးတန်လှသည်။

ကိုယ့်ဆရာကလည်း “အတ္တကျော်”ကလောင်ခွဲနဲ့ ရေးသောအခါ ဟန်တစ်မျိုး ပြောင်းသွားသည်။ ရေးပုံ တည်ငြိမ်သည်။ ပညာရှင်ဆန်သည်။ တစ်ခါတစ်ခါ စာဖတ်ပရိသတ်ကို ဆရာလုပ်သည်။ မလိုအပ်ဘဲ ဆုံးမ ဩဝါဒစကားတွေ ပါလာသည်။ ဖတ်သူကို ချောင်ပိတ်ဖမ်းပြီး တရားဟောသည်။

“ဆူဒိုနင်”အနေနဲ့ ရေးတဲ့စာတွေကတော့ ရသ ကဲသည်။ ဟာသနှင့် သရော်တော်တော်လေးတွေ စွက်ထားသည်။ ခံစားမှုကို ဦးစားပေးသည်။ ထို့ကြောင့် ပိုပြီး ရုပ်လုံးကြွသည်။ ပိုပြီး အနုပညာမြောက်သည်။

သူသည် “အတ္တကျော်”ကို ဦးနှောက်နှင့် တည်ဆောက်ထားပြီး “ဆူဒိုနင်”ကို နှလုံးသားနှင့် ဖန်ဆင်းသည်ဟု ထင်၏။ ရသစာပေသမား ဖြစ်သော ကျွန်တော့်အနေနှင့် “အတ္တကျော်”ကို သိပ်သဘောမကျ။ “ဆူဒိုနင်”ကိုသာ အလိုရှိသည်။

————


အမှာစာ ရေးခိုင်းတယ်ဆိုတာ ချီးကျူးစေချင်သော ဆန္ဒလေး အနည်းနဲ့ အများ ပါနေမှာ သေချာသည်။ အခု ကျွန်တော် ရေးနေတာတွေက အမှာစာ ပီသပါရဲ့လားမသိ။ သူ့ကို မြှောက်စားတာထက် ကလိတာ၊ ရိတာ၊ ကလူကြည်စယ်တာတွေ ပိုများသလို ဖြစ်နေ၏။

ဒါကလည်း အကြောင်းရှိပါသည်။

သူ ဘယ်လောက် တော်ကြောင်း၊ ပညာဝမ်းစာ ဘယ်လောက် ပြည့်ဝကြောင်း၊ စိတ်သဘောထား ဘယ်လို မွန်မြတ်ကြောင်း၊ စာပေချစ်စိတ် ဘယ်လောက် ပြင်းထန်ကြောင်း ကောင်းသတင်းများကို သူ မရှိတဲ့အခါ ကျမှ အလွမ်းသယ်ဖို့ ချန်ထားလိုက်ရခြင်းဖြစ်ပါ၏။


တစ်ခုရှိတာက သည်လို ခပ်ပေပေ ငနဲမျိုးသည် အသက်ရှည်တတ် သဖြင့် “ဆူဒိုနင်ချီးမွမ်းခန်း”ကို နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရေးဖြစ်လိမ့်ဦးမည်မထင်။

ချစ်ခင်လေးစားလျက်
မင်းလူ
၂၇-၂-၂၀ဝ၇Tawtha

————————————–

၂၀၀၇ ခုနှစ် ဇူလိုင်လမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “တောသားလည်း ဟုတ်နိုင်ပေါင် ခင်ရယ်” စာအုပ်အတွက် ဆရာမင်းလူ ရေးပေးတဲ့ ရှားရှားပါးပါး အမှာစာလေးကို ကြည်ကြည်နူးနူး ပြန်လည် တင်ဆက်လိုက်တာပါ။ “တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်”ရဲ့ မူရင်း ခေါင်းစီးက “ဆူဒိုနင် ပြောကြားတဲ့ တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်”ဖြစ်ပြီး “ဟဒယ”မဂ္ဂဇင်းမှာ ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၆ ခုနှစ် အောက်တိုဘာလအထိ ၁၂ လ တိုင်တိုင် ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီ့စာအုပ်ထဲက ကောက်နုတ်ချက်လေးတွေကိုလည်း နောက်ပိုင်းမှာ အလျဉ်းသင့်သလို တင်ဆက်သွားမှာပါ ခင်ဗျား။

Advertisements

7 thoughts on “Min Lu’s Rare Foreword

  1. ဆရာမင်းလူရေးတာ မှန်လိုက်လေ။
    ကျမလည်း ဆူဒိုနင်ကလောင်ကိုပဲ ပိုကြိုက်တာ။ အတ္တကျော်ကို နာမည်မှာ အတ္တပါကတည်းက သိပ်မကြိုက်ဘူး။ အတ္တကျော်နဲ့ရေးတာတွေကိုလည်း ဆူဒိုနင်လောက် မစွဲမိဘူး။
    ဆရာမင်းလူရဲ့ အမှာစာကတော့ အမှာစာနဲ့မတူသော အမှာစာပါပဲ။ ကောင်းလိုက်တဲ့ အမှာစာ။
    များသောအားဖြင့် အမှာစာတွေကို ဖတ်ရတာ ပျင်းတယ်။ အသားလွတ်ချီးကျူးတာတွေများနေလို့ မကြိုက်တာလည်းပါတယ်။
    ပြီးတော့ တချို့အမှာစာတွေက အထဲကစာတွေကို ထုတ်နုတ်ကိုးကား ရေးထားသေးတော့ ကြိုသိနေမှာစိုးလို့ တခါတခါ စာအုပ်ဆုံးသွားမှ အမှာစာကို ပြန်ဖတ်ရတယ်။
    ဒီအမှာစာကတော့ ချီးမွမ်းခြေကျောက် အမှာစာဖို့ တော်တော်လေးသဘောကျမိပါတယ်။ 🙂

  2. ကိုမင်းလူ အမှာစာကတော့ အမိုက်စားပါလား ဆရာရယ်.. ကြိုက်လိုက်တာ။ 🙂
    အွန်လိုင်းပေါ်မှာ စာရေးနေမှန်း ခုမှ သိတယ်။ FB မှာ တွေ့လို့ လိုက်လာတာပါ။
    မိုးချိုသင်းပါ ဆရာ.. မမကိုလဲ နှုတ်ဆက်ပါတယ်။

  3. ဆရာမင်းလူ ရေးထားတာတော့ အတော်ကြိုက်တယ်။
    နောက်ကပ်လျက်က ဆရာရေးတာလည်း ကောင်းပါသောဗျာ။ 🙂

  4. ဆရာမင်းလူရဲ့ အမှာစာက ထိ-မိ-တို-ရှင်းပြီး စာရေးသူအကြောင်းတစိတ်တဒေသကိုပါသိခွင့်ရလိုက်တဲ့အတွက်.. စာဖတ်သူအဖို့ ..စာအုပ်ကို ချက်ချင်းကောက်ဝယ်ဖြစ်သွားမှာအသေအချာပါပဲ။ (နောက်လဲပဲ ဆရာမင်းလူကို အမှာစာများများ ရေးခိုင်းပါလား.. ဆရာ့စာအုပ်တွေ လွှတ်အရောင်းသွက်အောင် :D)

    • ဆရာမင်းလူကို အမှာစာရေးခိုင်းဖို့များ လွယ်မှတ်လို့။ သူတို့ ညီအစ်ကိုတွေထဲမှာ ဦးသာဓုနဲ့ အတူဆုံးက သူ။ အင်မတန် ဘောက်ကျတာ။ သည်တစ်ခါတောင် သူ စိတ်ကောင်းဝင်နေတုန်းလေး မနည်း ရေးခိုင်းထားရတာ။ နောက်တစ်ခါ ထပ်ရေးခိုင်းလို့ကတော့လား… ထ မရိုက် ကံကောင်း…။ အကြံပေးတာကို ကျေးဇူးတင်ပါတယ်။ သို့သော် မလုပ်ရဲဘူးခင်ဗျ။

      • ဆရာမင်းလူက အဲသလိုလူကြီးကိုး.. ထင်မထားဘူး ပျော်ပျော်နေတတ်တဲ့ လူအေးဂျီးလို့ ထင်ထားတာ 😀

  5. ပျော်ပျော်လည်း နေတတ်ပါတယ်။ အေးလည်း အေးတဲ့ လူအေးဂျီးလည်း လူအေးဂျီးပါပဲ။ တစ်ချက်တစ်ချက် ခွကျတာလေး တစ်ခုက လွဲရင်ပေါ့။ (ကျွန်တော်လို ခွကျကျ ကောင်က ပြောရင် ယုံပါလေ။ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s