Skip to content

In the beginning…

6 October 2009

02Beginningကျွန်တော့်ခမျာလေးမှာ နိုင်ငံခြားခရီး “ကံ”က လေးဆယ်ကျော်မှ ပေါ်ရှာတာပါ။ (သနားစရာလေးနော်။ မသနား သနားအောင် “ခမျာလေး”နဲ့ “ရှာ”ကို မနည်း ခြစ်ကုတ်ပြီး ထည့်ရေးထားတာကို ထောက်ထားသောအားဖြင့် သနားပေးကြပါခင်ဗျာ။)


အဲ… ကြာတော့ ကြာပြီဗျ။ ကြာဆို ခြောက်နှစ်တောင် ကျော်ခဲ့ပြီ။ အတိအကျ ပြောရရင် ၁၉၉၉ခုနှစ် သင်္ကြန်တွင်းကြီးမှာ နိုင်ငံခြားကို သွားဖို့ အကြောင်းက ဖန်လာတယ်။


ဘယ်သွားရမှာလဲဆိုတော့ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို သွားရမှာတဲ့။


တစ်ခါမှ မရောက်ဖူးတဲ့ကောင် နိုင်ငံခြား ထွက်ရမှာဆိုတော့ အူက အရွလွန်သွားလို့လား မသိဘူး။ သွားဖို့ လာဖို့ စာရွက်စာတမ်းကိစ္စတွေ လုံးပမ်းနေရင်း တန်းလန်းက ခြေချော်သွားတယ်။


ဖြစ်ပုံက သည်လိုဗျ။ ကျွန်တော်က အလွန် ခြေဆီလက်ဆီ သန်တဲ့ ကောင်။ အဲဒီ့နေ့ကလည်း ခြေဆီတွေ မတရား လွှတ်ထွက်နေတာ။ အဲတော့ ကားပေါ်က အဆင်းလိုက်မှာ ကျွန်တော် စီးထားတာက သားရေဖိနပ်ဆိုတော့ ကိုယ့်ခြေဆီနဲ့ကိုယ် ညာခြေထောက်က လျှောခနဲ ချော်ထွက်သွားတယ်။

ကားပေါ်ကအဆင်းဆိုတော့ ချော်တဲ့ခြေက လူသွားစင်္ကြံ အင်္ဂတေ ဘောင်ကို ခပ်ပြင်းပြင်းလေး ခတ်မိသွားပါရောလား။ ဟား… သည်မှာတင် ညာဘက်ခြေသန်းဟာ တစ်ခါတည်းကို အက်သွားပါတော့တယ်ခင်ဗျား။


နိုင်ငံခြားကို တကယ်သွားတဲ့အခါကျတော့ ကျွန်တော့်မှာ ဘွတ်ခြေနင်းကြီးနဲ့၊ ခြေထောက်နာကြီးနဲ့ ထော့ကျိုး ထော့ကျိုး။ ဘန်ကောက်လေဆိပ်က အကျယ်ကြီး၊ လေဆိပ် အဆောက်အအုံရဲ့ တောင်ထိပ်က မြောက်ထိပ်အထိ သုံး၊ လေးမိုင်လောက်များ ရှိသလား မှတ်တယ်။ ထော့ကျိုးကြီးနဲ့ သွားနေရတော့ အဲသလောက်ကြီးတဲ့ လေဆိပ်ကို ဆောက်လုပ်ထားတဲ့သူတွေကို မေတ္တာတွေ အတုံးလိုက် အတစ်လိုက် ပို့ချင်တဲ့စိတ်တောင် ပေါက်လာတော့ သလိုပဲခင်ဗျ။


သည်မှာတင် ကျွန်တော်လည်း သားရေဖိနပ်ကို စိတ်အနာကြီး နာသွားပြီး အဲဒီ့ခရီးစဉ်က ပြန်လာပြီးတဲ့နောက် အပြင်ထွက်တဲ့အခါမှာ ဘောင်းဘီရှည်နဲ့ ဘွတ်ခြေနင်းနဲ့ နေလိုက်မိတော့တာ ကနေ့အထိပဲ။ ဓာတ်မသိတဲ့သူတွေကတော့ သည်အကောင် အနောက်နိုင်ငံလည်း မဟုတ်ဘဲ အရှေ့အာရှထဲက မလေးရှားက ပြန်လာပြီးတဲ့နောက် ဘာကြောင်သွားတာလဲ မသိဘူးလို့ တွေးခဲ့ကြဖူးပါတယ်။ တချို့ဆို ဗြောင်ဖွင့်ပြောတဲ့အထိပဲ။ ဆရာ နိုင်ငံခြားက ပြန်လာပြီးတဲ့နောက် ပုဆိုးကို မဝတ်တော့ဘူးနော်တဲ့။ ဟုတ်ကဲ့ခင်ဗျာ၊ မလေးက ပြန်လာပြီးတဲ့နောက် ကုလားစိတ် ပေါက်သွားလို့ပါလို့သာ ခပ်လွယ်လွယ် ဖြေလိုက်ပါတယ်။

အမှန်တော့ ကိုယ့်ဒုက္ခနဲ့ ကိုယ်။ ဘွတ်ခြေနင်းနဲ့ဆိုတော့ ခြေအိတ်က ကျွန်တော့်ရဲ့ သန်လှတဲ့ ခြေဆီကို နိုင်နိုင်နင်းနင်း စုပ်ထားနိုင်တယ်။ သည်တော့ကာ ကျွန်တော်လည်း အနေရ သက်သာ၊ ခြေချော်စရာအကြောင်းလည်း တစ်စက်မှ မရှိတော့ဘူး။ ကျွန်တော့်ဒုက္ခကို မသိရှာကြတော့ နေပူ ကျဲတောက်မှာ ဘောင်းဘီရှည်နဲ့ ခြေနင်းနဲ့ ကျွန်တော့်ကို ကြည့်ပြီး “မပူဘူးလားဗျ”လို့ မေးတဲ့သူက အတော် များတယ်။ ဟိုတစ်နေ့ကတောင် ဆရာ မောင်ဝဏ္ဏ(စာရေးဆရာ)က အဲဒီ့အတိုင်း မေးလိုက်သေးတယ်။


အဲ… ဖိနပ်ချွတ်ရတဲ့ အိမ်များ သွားရလို့ကတော့ ခြေအိတ်နဲ့ မဟုတ်ရင် လွှတ် အားနာစရာ ကောင်းကုန်တတ်တယ်။ ကျွန်တော့် ခြေထောက် ချထားတဲ့နေရာမှာ ကျွန်တော့်ခြေက ထွက်တဲ့ ခြေဆီတွေဟာ အိုင်ထွန်းပြီး ကျန်ရစ်တတ်လို့ခင်ဗျ။ ကျွန်းတုံးအလှလေးတွေများ ခင်းထားလို့ကတော့ အံမယ်မင်း… ဘယ်လို အားနာစရာ ကောင်းမှန်းမသိဘူး။ အားနာလေလေ၊ ခြေဆီက ပိုထွက်လေ မှတ်တယ်။ ကျွန်တော်ခြေချရာ နေရာတင်မက ဘေးပတ်လည်အပါအဝင် တစ်ပေ၊ တစ်ပေခွဲလောက်အထိ ကျွန်တော့်ခြေဆီတွေနဲ့ ပွကုန်တယ်။

အဲ… ဖုန်အလိမ်းလိမ်းနဲ့ ကြမ်းပြင်ဆိုလို့ကတော့လား ကျွန်တော့်ခြေဆီနဲ့ ရောပြီး ရွှံ့ဖြစ်ကုန်တာက ပါသေး။

အခုလို ဘွတ်ခြေနင်းနဲ့ ခြေအိတ်နဲ့ဆိုတော့ ကျွန်တော့်အတွက်လည်း အန္တရာယ်ကင်း ဘေးရှင်း၊ သူများတကာအိမ်မှာလည်း ဒုက္ခမများ၊ နိပ်လှသပေါ့။

ထားပါလေ။ ကျွန်တော် ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ စကား အလျဉ်းသင့်နေတုန်း တောရောက်တောင်ရောက် လျှောက်ပြောတာပါ။
ဒါတွေက ကျွန်တော် ပြောချင်တာနဲ့လည်း ဘယ်လိုမှကို မပတ်သက်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ငှားကြည့်ရတဲ့ ဇာတ်လမ်းခွေတွေထဲမှာ ရုပ်ရှင်ကား ကြော်ငြာလည်း မဟုတ်ဘဲ ကုန်ပစ္စည်းကြော်ငြာတွေပါ အချောင် ကြည့်ကြည့်နေရတတ်တဲ့ ကျွန်တော်တို့ မြန်မာဗီဒီယိုခွေတွေလိုပဲ သဘောထားလိုက်ပြီး ကျွန်တော် ဘောင်းဘီရှည်ဝတ်တဲ့အကြောင်း၊ ခြေနင်းစီးတတ်တဲ့အကြောင်းကို ဘာမဆိုင်၊ ညာမဆိုင် ကြော်ငြာဝင်ထိုးတယ်လို့သာ မှတ်ယူတော်မူပေးကြပါကုန်။


အဲ… ပြောလက်စကို ပြန်ကောက်ရရင် အဲဒီ့ထော့ကျိုး ကျွန်တော်ဟာ  ဘဝရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို နိုင်ငံတကာ မြန်မာ့လေကြောင်း လေယာဉ်ကြီး စီးပြီးသကာလ စတင်ခဲ့ပါတော့တယ်။

ဘန်ကောက်ကျတော့ လေယာဉ်ပြောင်းစီးရတယ်။ မလေးရှား လေကြောင်း ပြောင်းစီးရတာ။ ကြားထဲမှာက အချိန်က ငါးနာရီလောက် ဟနေတယ်။ ဒါနဲ့ ဘန်ကောက်လေဆိပ်ထဲမှာပဲ အချိန်ဖြုန်းဖို့ အကြောင်းပေါ် လာတယ်။ အဲဒီ့မှာ ကြုံခဲ့ရတာလေးကို ပြန်ဖောက်သည်ချချင်တာပါ။
သည်မှာတော့ လိုအပ်တယ်ထင်လို့ နည်းနည်းလေး ဝင်ပြောပါရစေ။


ကျွန်တော်သွားတာက ကိုယ့်စရိတ်နဲ့ ကိုယ်မဟုတ်ဘူး။ အဲဒီ့အချိန်မှာ ကျွန်တော် အလုပ်လုပ်နေတဲ့ ရုံးက လွှတ်တဲ့သင်တန်းကို တက်ဖို့ သွားရတာ ဆိုတော့ ရုံးစရိတ်နဲ့ပေါ့။ ရုံးစရိတ်နဲ့ဆိုတော့ ချွေတာရေးတန်းလို့ ဘာသာပြန် လို့ ရတဲ့ Economy Class က စီးစရာ မလိုဘဲ အလုပ်ကြီး အကိုင်ကြီးတန်းလို့ ခေါ်တဲ့ Business Class က စီးရတာ။ လေယာဉ်ခချင်းက နှစ်ဆမက ကွာခြားပါတယ်။ အလုပ်ကြီးအကိုင်ကြီးတန်းက အတော့်ကို ဈေးကြီးလှတာကလား။

သူတို့ ချွေတာရေးတန်းနဲ့  အလုပ်ကြီး အကိုင်ကြီးတန်း ကွာခြားပုံက ကျွန်တော်တို့ရဲ့ ရထားတွေပေါ်က ရိုးရိုးတန်းနဲ့ ပထမတန်းနဲ့ ကွာတာလို ထိုင်ခုံချင်းအတူတူ ဆိုဖာပါးပါးလေး ထည့်ပြီး သားရေတု အုပ်ထားတာမျိုးလောက် ခြားနားတာမျိုး မဟုတ်ဘူး။ ပက်ပက်စက်စက်ကို ကွာတာ။

ဘယ်ကတည်းက ကွာသလဲဆိုရင် လေဆိပ်မှာ သတင်းပို့ကတည်းက။ ချွေတာရေးတန်းက လူတွေ တန်းအရှည်ကြီး စီရပေမယ့် အလုပ်ကြီး အကိုင်ကြီးတန်းက လူတွေ တန်းစီစရာ မလိုဘူး။ ပြီးတော့ လေယာဉ်ပေါ် မတက်ရသေးခင်မှာ ချွေတာရေးတန်းက လူတွေအနေနဲ့က လေဆိပ်ထဲ လျှောက်မော့၊ ညောင်းလာရင် လေဆိပ်ထဲမှာ ချထားတဲ့ အများ နားနေနိုင်တဲ့ ထိုင်ခုံမှာ ဝင်ထိုင်ရုံ လောက်ပဲရှိတယ်။ ဒါမှမဟုတ်လည်း စားသောက်ဆိုင် ရှိရင် စားသောက်ဆိုင်ထဲ ဝင်ထိုင်၊ စားချင်တာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မှာစား။ ဒါပဲ။


အလုပ်ကြီးအကိုင်ကြီးတန်းက စီးတဲ့သူဆိုရင်တော့ နားနေခန်း သတ်သတ် ရှိတယ်။ အဲဒီ့ နားနေခန်းထဲမှာ အပျံစား ထိုင်ခုံတွေရှိတယ်။ စားစရာ သောက်စရာတွေကို ကိုယ်ကြိုက်သလောက် အလျှံပယ် စားလို့ သောက်လို့ ရတယ်။ ပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုဘူး။

အဲ… ကျွန်တော်တို့ တောကျပုံများ ရန်ကုန်လေဆိပ်မှာတုန်းက သတင်းပို့တဲ့ ကောင်တာမှာ မိတ်ဆွေဟောင်း လေယာဉ်မောင် တစ်ယောက်နဲ့ တွေ့တယ်။ သူက ကျွန်တော့်ကို လေယာဉ်ပေါ်တက်ခွင့်လက်မှတ် ပေးလိုက်ပြီးတဲ့နောက် အပေါ်မှာ ကော်ဖီလေး ဘာလေး သွားသောက်ပေါ့လို့ ပြောလိုက်ပါတယ်။

အဲဒါဗျာ၊ ပိုက်ဆံပေးရမယ် မှတ်လို့ ကျွန်တော့်ခမျာမှာ နိုင်ငံတကာ မြန်မာ့လေကြောင်းရဲ့ အလုပ်ကြီးအကိုင်ကြီးတန်း နားနေဆောင်ကို ကော်ဖီ တက်မသောက်ရဲဘူး။ အောက်ထပ်က အများ (ချွေတာရေးသမားတွေ)အတွက် ချထားတဲ့ ရောင်စုံ ပလတ်စတစ် ထိုင်ခုံလေးတစ်လုံးပေါ်မှာ ကုပ်ချောင်း ကုပ်ချောင်းနဲ့ ဝင်ထိုင်နေခဲ့မိရတယ်။ ပိုက်ဆံနှမျောလို့ မဟုတ်ပါဘူး။ အဲဒီ့မှာ ကော်ဖီ တက်သောက်ရင် ဘာပိုက်ဆံနဲ့ ပေးရမှန်း မသိလို့။ မြန်မာပြည်ထဲမှာတင် ရှိသေးတော့ မြန်မာငွေနဲ့ ပေးရမှာဆိုရင် ကျွန်တော့် အိတ်ထဲမှာ မြန်မာငွေ မပါဘူး။ နိုင်ငံခြားငွေဆိုရင်လည်း ကျွန်တော့်အိတ်ထဲမှာက ရာတန်တွေချည်းပဲ။ အကြွေ မပါဘူးလေ။ အဲဒါကြောင့် ပိုက်ဆံ  ပေးရမယ် အမှတ်နဲ့ ကုပ်ချောင်း ကုပ်ချောင်း လုပ်နေမိတာ ခင်ဗျ။

အတော်လေး ကြာလို့ ကျွန်တော်နဲ့ အတူသွားမယ့် လုပ်ဖော်ကိုင်ဖက်က ရောက်လာပြီး “လာ… ကော်ဖီ သွားသောက်ရအောင်”ဆိုတော့ ကျွန်တော်က အူလည်လည်နဲ့ “မြန်မာငွေနဲ့ ပေးရမှာလား၊ နိုင်ငံခြားငွေနဲ့ ပေးရမှာလားဟင်” လို့ မျက်နှာငယ်လေးနဲ့ မေးမိရသေးတယ်။


သူက “ဘာနဲ့မှ မပေးရဘူး၊ အလကားတိုက်တာဗျ”ဆိုတော့ ကျွန်တော့်မှာ အံ့တွေကို ဩလို့။ ဂလိုကိုးလို့ တွေးပြီး ကော်ဖီတစ်ခွက် တက်သောက်ခဲ့ပါသဗျ။

မြန်မာ့လေကြောင်း လေယာဉ်ပေါ်မှာတော့ ဘာမှ သိပ်မထူးပါဘူး။ လေယာဉ်ဦးပိုင်းမှာ အလုပ်ကြီးအကိုင်ကြီးတွေကို နေရာပေးတယ်။ ပဲ့ပိုင်းမှာ ချွေတာရေးတွေကို နေရာပေးတယ်။ အစားအသောက် နည်းနည်းပါးပါး ကွာတယ်။ ဒါပါပဲ။ [တကယ့် လေယာဉ်ပျံဘတ်(စ်)ကားကြီး (Air Bus) တွေပေါ်ကျတော့မှ ဆီနဲ့ ရေလို ကွာမှန်း သိတော့တယ်။ အဲဒါတော့ သူနဲ့ဆိုင်ရာ ဆိုင်ရာ ရောက်တော့မှ ရေးပါ့မယ်။]


သည်လိုနဲ့ ဘန်ကောက်လေဆိပ် ရောက်သွားရော ဆိုပါစို့ရဲ့။  ဟိုကျတော့ ဆိုခဲ့တဲ့အတိုင်း တစ်မျှော်တစ်ခေါ်ကြီးကို ထော့ကျိုး ထော့ကျိုးနဲ့ လျှောက်ရသေးတယ်။ တောသား မြို့ရောက်တဲ့အတိုင်း နေ့ခင်းကြောင်တောင်ကြီးမှာ မီးတွေ ထိန်နေအောင် ထွန်းထားတဲ့ ဆိုင်ခန်းတွေကို မော့။ လေဆိပ်က ဆိုင်တွေသာ ဆိုတယ်။ ပစ္စည်းတွေ အပုံလိုက် ခင်းထားတာများ မင်္ဂလာဈေးက လက္ကားဆိုင်တွေနဲ့ နင်လား ငါလားပဲ။


စီးကရက်တွေ၊ ယမကာ ပုလင်းတွေ၊ နာရီတွေ၊ ကင်မရာတွေ၊ စုံစီနဖာ၊ ထွေလီကာတွေ အောတိုက်လို့။ တချို့နေရာတွေမှာ ရွေ့လျားစင်္ကြံနဲ့  ကြုံရတော့ တက်စီးပြီး နာနေတဲ့ ခြေထောက်ကို ညှာရတယ်။ ရွေ့လျားစင်္ကြံဆိုတာက ရွှေတိဂုံ အနောက်မုခ်မှာ တပ်ထားတဲ့ စက်လှေကား ဆိုတာကို အလျားလိုက် (ပြင်လိုက်)ကြီး ခင်းထားတာမျိုးပါ။ စက်လှေကားမှာက လှေကားထစ်တွေက သူ့အလိုလို ရွေ့နေတာ။ လှေကားထစ်ပေါ် တက်ရပ် လိုက်တာနဲ့ တက်တဲ့ လှေကားဆိုလည်း အထက်ကို ခြေနဲ့ တက်စရာမလိုတော့ဘဲ သူ့ဘာသာမြင့် တက်သွား၊ ဆင်းတဲ့ လှေကားဆိုလည်း သူ့ဘာသာ နိမ့်ဆင်းသွားတာပေါ့။


ရွေ့လျားစင်္ကြံကျတော့လည်း မနီးရိုးစွဲပါပဲ။ တက်ရပ်လိုက်တာနဲ့ သူကတော့ ဆင်းမသွား၊ တက်မသွားပေမယ့် လမ်းလျှောက်စရာ မလိုတော့ဘဲ ရှေ့ကို သူ့ဘာသာ တိုးသွားတာပါ။

ကြုံတုန်း စက်လှေကားအကြောင်း စာဖွဲ့ရပြန်ရင် သူ့ခမျာလေးမှာလည်း သနားစရာတော့ အကောင်းသားလား ခင်ဗျ။ ဟုတ်တယ်လေ၊ စက်လှေကားက နောက်မှ ပေါ်တာပေမယ့် သူ့အရင် ပေါ်တဲ့ “ဓာတ်လှေကား”ဆိုတာကြီးက ရှိနှင့် ပြီးသားမို့ သူ့ခမျာမှာ “စက်လှေကား”လို့သာ နာမည်တွင် သွားရှာတယ်။ စဉ်းစားကြည့်တော်မူကြစမ်းပါဗျာ။ သနားစရာ မကောင်းပေဘူးလားလို့။ “စက်”နဲ့ “ဓာတ်”နဲ့ ဘယ်သင်းက အဆင့်မြင့်သလဲလို့။ ကျွန်တော့်စိတ်ထင်တော့ “စက်”ဆိုတာက “နုပ်”သလိုပဲ။ “ဓာတ်”ကတော့ ဘာဖြစ်ဖြစ် နည်းနည်း ဂရိတ်မြင့်တယ် ထင်ရတာပ။
ပေါ်ပေါက်လာပုံချင်း၊ နည်းပညာချင်းမှာကျတော့ စက်လှေကားက ပိုပြီး ခေတ်မီတယ်။ သို့သော် သူ့ရှေ့မှာ ဓာတ်လှေကားဆိုတာကြီးက ခံနေတော့ သူ့ခမျာ “စက်လှေကား”လို့သာ သညာ အပြုခံလိုက်ရရှာလေတော့တယ်။

အခု ကျွန်တော်ပြောတဲ့ ရွေ့လျားစင်္ကြံဆိုတာက စက်လှေကားနဲ့က မောင်နှမအရင်းပါ။ နည်းပညာချင်းက အတူတူပဲ။ အပေါ်တက် အောက်ဆင်း လုပ်တာနဲ့ အလျားလိုက် သွားတာပဲ ကွာတယ်။ သို့သော် သူ့ရှေ့မှာ ဘာ ဓာတ်စင်္ကြံမှ မပေါ်ခဲ့ဖူးလေသေးတော့ စက်လှေကားနဲ့ မောင်နှမအရင်း တော်ပင်တော်လင့်ကစား သူ့ကို “ဓာတ်စင်္ကြံလမ်း”လို့ ခေါ်လိုက်မယ်ဆိုရင် အတော် နိပ်သွားမယ်ထင်တယ်။ ဆရာမောင်ခင်မင်တို့လို ပညာရှင်များ စဉ်းစားလို့ရအောင် ကျွန်တော်လူပြိန်းက ခပ်တည်တည်နဲ့ ဝင်လျှာရှည်ကြည့် တာပါ။ (ဂေါဏေန ဂေါဏောပဲလေ၊ ကိုယ်နဲ့မဆိုင်၊ ကိုယ် မကျွမ်းကျင်လှတဲ့ နယ်ပယ်ပေမယ့်လည်း ဝင်လျှာရှည်တာ အထုံပါနေတဲ့ ပတ်ဝန်းကျင်မှာ လူဖြစ်လာရရှာတာပဲဆိုတဲ့ အတွေးနဲ့ ဆရာများ နားလည် သည်းခံပေးနိုင်ကြမယ်ထင်ပါရဲ့။)

အဲ… ဘယ်ရောက်သွားမှန်းတောင် မသိဘူး။ သည်းခံတော်မူကြပါ၊ စာဖတ်သူ လူကြီးမင်းများ ခင်ဗျား။ (သားက အခုမှ စာ စ ရေးခါစဆိုတော့ လိပ်ပတ်လည်အောင် သိပ်မရေးတတ်ရှာသေးလို့ပါနော်။ တောင်ရောက်၊ မြောက်ရောက်က အဲသလိုပဲ ခဏခဏဖြစ်တတ်တယ် ခင်ဗျ။)


သည်လိုနဲ့ ဘန်ကောက်လေဆိပ်ကို ထော့ကျိုး ထော့ကျိုးနဲ့ ဝအောင် မော့ပြီးသကာလ မလေး လေကြောင်းလိုင်းရဲ့ ကောင်တာမှာ သတင်းပို့လိုက်တဲ့ အခါကျတော့ မလေးလေကြောင်းက လေယာဉ်ပေါ်တက်ခွင့် လက်မှတ်အပြင် လေဆိပ်က အလုပ်ကြီးအကိုင်ကြီးတန်း နားနေဆောင် ဝင်ခွင့် လက်မှတ်တွေပါ ထုတ်ပေးလိုက်ပါတယ်။

တော်ဝင် သစ်ခွ နားနေဆောင်ဆိုလားပဲ။ သွားရပြန်ပြီ။ သည်ဖေမောင် ထော့ကျိုးလေးမှာလ၊ အီနေအောင် အသော့ဒိုးပြီး ပြေးလိုက်တဲ့အခါ [နဘေကို ဇွတ်ထပ်ကြည့်လိုက်တာပဲ၊ ဟစ်(ပ်)ဟော့(ပ်) ဖြစ်သွားလည်း မနည်းဘူးလကွယ်] အဲဒီ့ နားနေဆောင်ကို ရောက်သွားရပါတော့တယ်။

————————————————–

“(ဆူဒိုနင် ပြောကြားတဲ့) တောသားသည်း ဟုတ်နိုင်ပေါင်ခင်ရယ်ာအုပ်ထဲက ဒုတိယအခန်းကို ပြန်လည်ဖော်ပြလိုက်တာပါ။

Advertisements
6 Comments leave one →
  1. အိအိ permalink
    6 October 2009 11:05 pm

    အာ .. ဖတ်လို့ကောင်းနေမှ…ရပ်သွားပြီ။

  2. 7 October 2009 2:51 am

    တိုက်တိုက်ဆိုင်ဆိုင် ဆရာရေ့ … ဒီနေ့က ကျမ မြန်မာပြည်ကို ခွဲခွါခဲ့တာ ၂-နှစ် ပြည့်တဲ့နေ့ပါ။
    ကျမလည်းပဲ ဆရာ့လိုပါပဲ။ အသက် ၄၀ ကျော်တော့ မဟုတ်ဘူးပေါ့။ (၄၀ မပြည့်ခင် ကံပေါ်တာလို့ဆိုရင်လည်း ရပါတယ်) ဒီခရီးကို လာမှပဲ နိုင်ငံခြားကိုသွားဖူးတာပါ။
    ဆရာ့ထက် ဆိုးတာက (သာတယ်လို့ ပြောလည်း ရပါတယ်) အဲဒီတော့မှ လေယာဉ်ပျံကြီးကို စီးဖူးတာပါပဲ။
    တောကျရန်ကောလို့ အထင်မသေးပါနဲ့။ ပြည်တွင်းလေကြောင်းတွေ လုံးဝကို စိတ်မချလို့၊ အသက်နဲ့လဲပြီး မစီးလိုတာကြောင့်ပါ။ 😀 (ဒီလိုပဲ ကိုယ့်ဟာကိုယ် ဖြေသိမ့်ရတယ်)
    ကိုယ့်အကြောင်းကိုယ်ပြောနေတာနဲ့ ဆောင်းပါးအကြောင်း မပြောဖြစ်သေးဘူး။ ဆရာ့စာဖတ်ပြီး ဆရာ့ဓာတ်ကူးသွားတာ။ ပြောချင်တဲ့အကြောင်းအရာကို ချော်ပြီး ဟိုရောက် သည်ရောက်ပေါ့။
    ကဲ ပြောပြီ … လိုရင်းကို။
    မြန်မာပြည်က စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေ နိုင်ငံခြားသွားရင် ခရီးသွားဆောင်းပါး အခန်းဆက်ကြီးတွေ မုန်းလောက်အောင် ဖတ်ရလွန်းလို့ ခရီးသွားဆောင်းပါးဆို လန့်နေပြီ။ သို့ပေသည့် ဆရာ့ဆောင်းပါး ဖတ်လို့ကောင်းပါတယ်။ (အဟုတ်ပြောတာပါ) ဆူဒိုနင်ကလောင်နဲ့ ရေးတာမို့ ထင်တယ်။ ဆရာမင်းလူလိုပြောရရင် အတ္တကျော်လို့ ဇွတ်ဆရာလုပ်တာတွေ မပါလို့လည်း ပိုပြီး ဖတ်လို့ကောင်းတာ ဖြစ်နိုင်ပါတယ်။ 😀
    တခုပဲ … ဆရာ့ဝေါဟာရတချို့က ဖတ်ရတာ ထောက်တောက်တောက် ဖြစ်နေတာပါ။ ဥပမာ – ဘွတ်ခြေနင်း၊ ချွေတာရေးတန်း၊ အလုပ်ကြီးအကိုင်ကြီးတန်း၊ ရွေ့လျားစင်္ကြံ .. စသည် စသည်ပေါ့ ဆရာရယ်။ နည်းနည်းထောက်နေတော့ ဖတ်ရတာ ခက်သလားလို့ပါ။ ဒါပေမဲ့ … ဒါကလည်း …. ဓာတ်ချောစာတို့ ပါလေရာဖုန်းတို့လိုမျိုး (မလိုအပ်ဘဲ) ထွင်တတ်တဲ့ ဆရာ့စတိုင်ဆိုတာ သဘောပေါက်ပါကြောင်း။

  3. 7 October 2009 10:28 pm

    ဟောတော့… ဓာတ်ချောစာက မလိုအပ်ဘဲထွင်တာတဲ့လား… နေ့အိပ်မက်က အဲလိုတွေ ဘာသာပြန်ပေးတတ်တာ ဆရာ့ရဲ့ အကောင်းဆုံး အရည်အချင်းလို့ သတ်မှတ်ထားတာ… မြန်မာပြည်မှာ စာရေးဆရာတိုင်းသာ ဆရာ့လို မွေးစားစကားလုံးတွေ ဘာသာပြန်ပေးတဲ့သူတွေဆိုရင် မြန်မာစကားအတွက် စိတ်ချရပြီ…

    ဒါနဲ့ စစကတည်းက သားရေဖိနပ်မစီးဘဲ ကတ္တီပါစီးရင် ဆရာခြေသန်းမကျိုးလောက်ဘူးထင်တယ်… 😛

    • lettwebaw permalink
      9 October 2009 1:55 pm

      ကတ္တီပါ ဖိနပ်လည်း စီးဖူးပါသဗျာ။ ခြေဆီနဲ့ ကတ္တီပါနဲ့ကလည်း လိုက်မှ လိုက်။ ဖိနပ်ကလေးက ရေမွန်းနေတဲ့ ကြွက်စုတ်လေးလိုဖြစ်၊ လမ်းပေါ်က ဖုတ်တွေ သဲတွေက ရွှံ့တွေဖြစ်ပြီး ကတ္တီပါအမွေးတွေကြားမှာ ကပ်၊ အံမယ်မင်း… သူများ မပြောနဲ့၊ ကိုယ့်ဖိနပ်ကိုယ် ပြန်မြင်ရတာတောင် အန်ချင်တာနဲ့ အဲဒီ့စမ်းသပ်မှုကို လက်လျှော့ခဲ့ရကြောင်းပါ။

  4. SDL permalink
    8 October 2009 2:07 pm

    အလုပ်ကြီး အကိုင်ကြီးတန်းလို့ ဘာသာပြန်တာကို အရမ်းကြိုက်သွားတယ်။ အဲဒီအတန်းက တစ်ခါမှ မစီးဖူးပါဘူး။
    စီးဖူးတဲ့အခေါက်ကလည်း လက်တစ်ဖက်ပဲ ရှိတာကိုး…။ 🙂
    (အစိုးရ)အလုပ်က လွှတ်တာကလည်း အလုပ်ကြီး အကိုင်ကြီးတန်းဆို တော်တော်ကြီးမှ ဆရာရေ့…၊ ဆရာလည်း အလုပ်ထဲမှာ တော်တော်(ရာထူး)ကြီးတယ်ထင်ပ.. 😀

    • lettwebaw permalink
      8 October 2009 3:51 pm

      သိပ်မကြီးပါဘူး။ ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင် သံရုံးက ဒုတိယအတွင်းဝန် ရာထူးနဲ့ အညီသာဖြစ်ပါတယ်။ ဒေသခန့်ဝန်ထမ်းထဲမှာတော့ ဂရိတ်အမြင့်ဆုံးပဗျာ။ သို့သော် သူတို့ရဲ့ ၀န်ထမ်းစည်းမျဉ်းထဲမှာ ပင်လယ်ရပ်ခြား ခရီးသွားတဲ့အခါ အလုပ်ကြီးအကိုင်ကြီးတန်းက စီးခွင့်ပေးထားပါတယ်။ အဲသလို စီးခွင့်ပေးထားတဲ့ အတွက် ခရီးသွားနေတဲ့နေ့ရက်များမှာ စားစရိတ် နေ့တွက် သတ်သတ် မပေးတော့ပါဘူး။ အလုပ်ကြီး အကိုင်ကြီးတန်းက ဖြစ်တဲ့အတွက် အစားအသောက်ကို ကောင်းကောင်းနဲ့ အလျှံပယ် စားနိုင်နေလို့ ဖြစ်ပါတယ်။ ဒါကလည်း ကြွယ်ဝတဲ့ နိုင်ငံလည်း ဖြစ်နေတာကြောင့်သာ ဖြစ်ပါလိမ့်မယ်။ သြစတြေးလျနိုင်ငံမှာဆိုရင် အလုပ်အကိုင်မရှိသူတွေအတွက် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးကတောင် ဖူလုံရုံမက ပိုပိုလျှံလျှံရှိတယ်လို့ ကြားနာ မှတ်သားဖူးပါတယ်။ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေမှာ အချိန်ပိုင်း အလုပ်လုပ်ပေးရင်းနဲ့လည်း ပြည်တွင်း ပြည်ပ ခရီးသွားဖူးပါတယ်။ သို့သော် ချွေတာရေးတန်းကသာ စီးနင်းခွင့်ရပါတယ်။ အဲဒါတွေမှာကျတော့ ၀န်ကြီးအဆင့်နဲ့ ဌာနေကိုယ်စားလှယ်အဆင့်ကိုသာ အလုပ်ကြီးအကိုင်ကြီးတန်းက စီးခွင့်ပေးတယ်လို့ သိရပါတယ်ခင်ဗျား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: