Skip to content

Royal Me!!!

8 October 2009

03Royal“ဆဝါဒီခပ်(ပ်)”ဆိုပြီး ပြုံးချိုချို၊ ငယ်နုနု၊ မြန်မာနဲ့ ခပ်ဆင်ဆင် ယပက်လက်မလေးတွေက လက်အုပ်ကလေးတွေ ချီလို့ အဝင်ဝမှာ နှုတ်ဆက်တော့ သူတို့ လက်ထဲကို ဝင်ခွင့်လက်မှတ် ထည့်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်သား အတွင်းခန်းထဲကို လှမ်းဝင်လိုက်ကြပါတယ်။


လားလား… နည်းတဲ့အခန်းကြီးမဟုတ်ဘူး။ ပေ ၆၀၊ ပေ ၄၀လောက်တောင် ရှိမယ်မှတ်တယ်။ ကမှ ကရဲ့လားတောင် မသိဘူး။ တစ်ခန်းလုံး ထိန်ထိန်လင်းလို့။ အထဲမှာက ထိုင်ခုံမျိုးစုံနဲ့။ စားသောက်ဆိုင် ထိုင်ခုံလို မတ်မတ် ကုလားထိုင်နဲ့ စားပွဲတွေ၊ ကော်ဖီဆိုင် ထိုင်ခုံလို သက်သက်သာသာ ထိုင်လို့ကောင်းတဲ့ ကုလားထိုင်နဲ့ စားပွဲတွေ၊ ဧည့်ခန်းထိုင်ခုံလို ဆိုဖှာ ဆက်တီတွေအပြင် သူကြွယ့်အိမ်ရဲ့ နားနေခန်းထဲက ရုပ်မြင်သံကြား ကြည့်တဲ့ ထိုင်ခုံလို ပက်လက်ကြီး ခြေဆန့် လဲလျောင်းပြီး ဇိမ်အပြည့် ယူလို့ရတဲ့ ဧရာမ ဆိုဖှာခုံကြီးတွေလည်း ရှိတယ်။


တချို့က စားနေကြ၊ တချို့က စာအုပ်ဖတ်နေကြ၊ တချို့က သတင်းစာ ဖတ်နေကြ၊ တချို့က မျက်နှာကို မျက်စိဖုံး စွပ်ပြီး အိပ်နေကြ၊ တချို့ကလည်း အဲသလို မျက်စိကို ဖုံးထားလို့ရတဲ့ သိုင်းကြိုးလေးနဲ့ အမည်းရောင် ပိတ်စွပ်လေး မပါဘဲ သည်တိုင်း ခလောနေကြ။


ကျွန်တော်လည်း ကျွန်တော်နဲ့ အတူပါသူ လုပ်ဖော်ကိုင်ဖက်ကြီးရဲ့ ဦးဆောင်မှုကိုသာ အကြည်အသာ ခံယူနေရပါတယ်။ မခံလို့လည်း မဖြစ်ဘူး။ သူက နိုင်ငံခြားကို အားတိုင်း ထွက်ရတဲ့သူ။ ကျွန်တော့်လို မေ့လောက်မှ တစ်ခါ သွားရသူမျိုး မဟုတ်ဘူး။ သည်တော့ အတွေ့အကြုံက သူ့မှာ အပြည့်ရှိတယ်။ ပိုဆိုးတာက ကိုယ့်လူကြီးက လူ့ခွစာကြီး။ (ကျွန်တော်လို ခွကျကျကောင်ကတောင် အဲသလို ပြောယူရတယ်ဆိုရင် သူ ဘယ်လောက် ခွကျတယ်ဆိုတာ ဓာတ်သိများ မှန်းဆကြည့်တော်မူနိုင်ကြပါလိမ့်မယ်။) မထင်ရင် မထင်သလို မာန်က မာန်တတ်ပါဘိသနဲ့။ စကားကလည်း အတော်နည်းတဲ့သူခင်ဗျ။


သည်တော့လည်း သူ့အရိပ်အကဲ ကြည့်ပြီး သူထိုင်တဲ့ စားပွဲမှာ အသာလေး ဝင်ထိုင်လိုက်ရပါတယ်။ သူက သတင်းစာတစ်စောင် ထယူတော့ ကျွန်တော်လည်း ထယူပေါ့။ သူလည်း သတင်းစာဖတ်၊ ကျွန်တော်လည်း တောင်လှန်၊ မြောက်လှန်။ သတင်းစာကြီးကလည်း ကြီးမှ ကြီး။  ဖြန့်ဖတ်လိုက်ရင် တစ်လံလောက်များ ရှိမလား မှတ်တယ်။ စက္ကူကတော့ သတင်းစာ စက္ကူပါပဲ။ သို့ပေမယ့် မျက်နှာဖုံးက ဓာတ်ပုံတွေက ရောင်စုံတွေနဲ့။ အဲတုန်းက ၁၉၉၉ခုနှစ်ဆိုတော့ ကျွန်တော်တို့ဆီမှာ မြန်မာတိုင်း(မ်)တို့၊ မဟာတို့၊ ဗွိုက်(စ်)တို့၊ ဆဲဗှင်းဒေးတို့လို ရောင်စုံနဲ့ သတင်းစာပုံစံတွေ မမြင်ဖူးသေးတော့ အဲဒီ့သတင်းစာကို “ခွာလထှီ”သတင်းစာလို့ ထင်မိသလို ဖြစ်သွားရသေး။


အမှန်တော့ မဖတ်ချင်ပါဘူးဗျာ။ ဟိုလူကြီး ကြောက်လို့သာ ဖတ်ချင်ယောင်ဆောင်နေရတာ။ ခြေထောက်နာတာက တစ်မျိုး၊ တောသား မြို့ရောက်သလို ဖြစ်နေတာက တစ်မျိုးနဲ့မို့ သတင်းစာအစား လည်ပင်းကို ပတ်ချာလှည့်ပြီး တောင်ကြည့် မြောက်ကြည့် ကြည့်ချင်လှတာပ။ သို့သော် အဲသလိုဆို ကိုယ် တောသားမှန်း လူသိကုန်ပါ့မယ်လေဆိုတဲ့ အတွေးနဲ့ သတင်းစာထဲ ခေါင်းစိုက်ထားရတယ်။ ဟန်ကိုယ့်ဖို့ဆိုတာ ဒါမျိုးပေါ့ခင်ဗျာ။


ကိုယ့်လူကြီးကလည်း သတင်းစာကို အလွတ်များကျက်နေသလား မှတ်တယ်။ မပြီးနိုင်ဘူး။ အမှန်တော့ အဲဒီ့သတင်းစာမျိုးတွေက အပုဒ်စေ့သာ ဖတ်မယ်ဆိုရင် တစ်နေကုန်မှ ပြီးမယ့် သတင်းစာမျိုးကလား။ စာအုပ်တွေအကြောင်းချည်းကိုက တစ်မျက်နှာ၊ နှစ်မျက်နှာ၊ ရုပ်ရှင်တွေ၊ ရုပ်သံ အစီအစဉ်တွေ အကြောင်းလည်း မနည်းမနောပါရဲ့။ ဒေသတွင်း သတင်း၊ နိုင်ငံတကာသတင်းဆိုတာလည်း ကောင်းတာရော၊ ဆိုးတာရော အစုံ၊ အစုံ။ ဈေးကွက်သတင်း၊ အားကစားသတင်း၊ အံမယ်မင်း… ဒင်းကြမ်း ပြည့်လို့။


သူက သတင်းစာနဲ့ မျက်နှာ မခွာတော့ ကျွန်တော့်ခမျာလေးမှာလည်း တောင်လှန် မြောက်လှန်နဲ့ စိတ်ဝင်စားစရာလေးတွေ လျှောက်ဖတ်ပေါ့။ အတော်လေးကြာတော့မှ ကိုယ့်လူကြီးက စတင် လှုပ်ရှားတယ်။ “ကျုပ် စားစရာ သောက်စရာ သွားယူလိုက်ဦးမယ်”တဲ့။

ဟုတ်ကဲ့။ ကျွန်တော်တောသားက သူသွားရင် ကျွန်တော် စောင့်ရမယ် မှတ်တာ။ အမှန်တော့ သည် တော်ဝင်သစ်ခွ နားနေဆောင်ကြီးမှာ ကျွန်တော်တို့ ထိုင်တဲ့ နေရာနားမှာ ချထားတဲ့ ဝန်စည်စလယ်တွေကို အလစ်သုတ်မယ့်သူ ရှိမှာမှ မဟုတ်တာ။ သို့သော် အကျင့်က ပါနေတော့ သူသွားတဲ့အခါ ကျွန်တော် စောင့်နေလိုက်တယ်။

သူ သွားရာကို လိုက်ကြည့်တော့ စားပွဲကြီးက ဧရာမ အကြီးကြီးဗျ။ အလျား ၁၅ ပေ၊ အနံ ၇ ပေလောက်များ ရှိမလားပဲ။ စားစရာ သောက်စရာတွေကလည်း စားပွဲအပြည့်။ သို့ပေမယ့် စားချင် သောက်ချင်စိတ်က တယ် မရှိလှဘူး။ ခြေထောက်နာတာကို စိတ်ညစ်နေတာ၊ ကိုယ် မရောက်ဖူး၊ မသွားဖူးတဲ့ ခရီးမို့ စိတ်ထဲမှာ တစ်မျိုးတစ်မည် သရိုးသရီဖြစ်နေတာတို့ကြောင့် ထင်ပါရဲ့။


ကိုယ့်လူကြီးက မုန့်ပန်းကန်လေး တစ်ပန်းကန်၊ လက်ဖက်ရည်လေး တစ်ခွက်နဲ့ ပြန်ရောက်လာတယ်။ သူ့နေရာသူ ပြန်ထိုင်တယ်။ သူက လက်ဖက်ရည်သမား။ တစ်နေ့ကို လက်ဖက်ရည်ချည်း လေး၊ ငါး၊ ရှစ်ခွက် သောက်တတ်တဲ့သူ။  သူ ယူလာတဲ့ မုန့်တွေကို ကြည့်လိုက်တော့ စမူဆာတို့၊ ကော်ပြန့်လိပ်တို့လိုဟာမျိုးရယ်၊ ပေါင်မုန့်သား ပိစိ သေးသေးလေးပေါ်မှာ အဆာတင်ထားတဲ့ ဟာလေးတွေရယ် တွေ့ရတယ်။ ကျွန်တော်လည်း သတင်းစာပဲ ဆက်ဖတ်နေလိုက်တယ်။ နည်းနည်းတော့ အသားကျသွားပြီမို့ သတင်းစာထဲက ကျွန်တော် စိတ်ဝင်စားတာလေးတွေကို အေးအေးလူလူ လျှောက်ဖတ်နေလိုက်တယ်။


အတော်လေးကြာတော့မှ ကျွန်တော်လည်း စားစရာသောက်စရာ ထယူ ပါတော့တယ်။ ဇာတ်လမ်းက အဲဒီ့မှာ ဖြစ်တဲ့ဇာတ်လမ်း။ အဲဒါလေး ပြောချင်လို့ ချီနေတာပါ။ (ချီနေတာကိုက အတော်ရှည်နေပြီနော်…)


ထော့ကျိုးပေမယ့် စပ်စုချင်စိတ်ကြောင့် ရှည်လျားလှတဲ့ စားပွဲကို တစ်ပတ် ပတ်ကြည့်လိုက်သေးတယ်။ အားပါး… စားစရာက အစုံအစုံ။ ထမင်းတွေ၊ ဟင်းတွေလို အဝစားလို့ ရတာတော့ မပါပါဘူး။ သို့ပေမယ့် သွားရည်စာတွေကတော့ အမျိုးမျိုး အမယ်မယ်ပဲ။ သောက်စရာကလည်း အပြည့်ပဲ။ ချောကလက် ဖျော်ရည်၊ မိုင်လို၊ အိုဗှာ(လ်)ထီး(န်)၊ နို့၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း… အမျိုးကို စုံလို့။ အရက်သောက်ချင်ရင် အရက်ကောင်တာက သတ်သတ် ရှိသေးတယ်။ ကြိုက်တာ ယူစား၊ ကြိုက်တာ ယူသောက်။

ပထမဆုံး နိုင်ငံခြားခရီးလည်း ဖြစ်နေ၊ လူကလည်း မအူမလည်ဆိုတော့ အရက်ကို စိတ်မကူးရဲဘူး။ အချိန်ကလည်း မွန်းတောင် မတည့်သေးဘူး။ ဒါနဲ့ ပန်းကန်ပြား အလွတ်လေးတစ်ချပ် ယူတဲ့လို့ စားစရာတွေထဲက သင့်မယ် ထင်တာလေးတွေကို ကောက်ထည့်လိုက်တယ်။

ပြီးတော့ ကော်ဖီသောက်ဖို့ စိတ်ကူးလိုက်တယ်။ ကျွန်တော်က ကော်ဖီ သရဲ။ ကော်ဖီ အသောက်ကြမ်းတဲ့နေရာမှာတော့ ကျွန်တော့်ကို တော်တော်တန်တန် နိုင်ငံခြားသားတောင် ဆလံသရတယ်။

ကော်ဖီအမျိုးအစားပေါင်းစုံရှိတဲ့အနက်မှာ အက်(စ်)ပရက်ဆို (espresso) ဆိုတဲ့ ကော်ဖီက တကယ့်ကို အပြင်းစားပဲ။ ခါးတူးနေတာ။ အဲဒီ့ကော်ဖီမှာရင်  ကော်ဖီမှုန့်တစ်ဇွန်း (single scoop)တို့၊ နှစ်ဇွန်း (double scoop)တို့ မှာရတယ်။ ဇွန်းဆိုလို့ စားပွဲတင် ကော်ဖီဖျော်တဲ့ ဇွန်းလို့ မမှတ်ပါနဲ့။ အဲဒီ့ တစ်ဇွန်းက စားပွဲတင် ကော်ဖီမှုန့် ဇွန်း သုံးဇွန်းမောက်မောက်စာလောက်ရှိတယ်။ သိပ်ကို ကော်ဖီကြိုက်တဲ့ ကော်ဖီသရဲတွေမှ သောက်တတ်တဲ့ ကော်ဖီမျိုး။ နိုင်ငံခြားသား ကော်ဖီသရဲတွေတောင် တစ်ဇွန်းဖျော်ပဲ မှာပြီး နို့တွေ နင်းကန်ထည့်ကာ ဇိမ်ဆွဲ သောက်ကြတာကလား။ အဲ… ကျွန်တော်က အဲဒီ့ အက်(စ်)ပရက်ဆိုကို ဘယ်တော့ဖြစ်ဖြစ် နှစ်ဇွန်းဖျော် မှာတယ်၊ ဘာနို့၊ ဘာသကြားမှ မထည့်ဘဲ ကော်ဖီချည်းသက်သက်ကို အစိမ်းအတိုင်း သောက်တတ်တယ်ဗျ။ အဲသလောက် ကော်ဖီကို ကြိုက်တဲ့ကောင်။ ညစာစားပွဲအပြီး အစာပိတ်ဆိုရင်လည်း အဲဒီ့အတိုင်းပဲ သောက်တာဆိုတော့ နိုင်ငံခြားသားတွေက ကျွန်တော့် ကော်ဖီသောက်နှုန်းကို လွှတ်ဖျားကြတယ်။ သူတို့သာဆို အိပ်မပျော်ဘူးတဲ့။ ကျွန်တော်ကတော့ ကော်ဖီကြောင့် ကနေ့ထက်ထိ တစ်ခါမှ အိပ်မပျော်တာမျိုး မဖြစ်ဖူးသေးဘူး။ အအိပ်မက်တဲ့ကောင်ဆိုတော့ ကော်ဖီ ဘယ်လောက်သောက်သောက် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တာချည်းပဲ။ လင်းတဲ့အထိ တစ်ရေးပဲ။


(အိပ်မပျော်တာက ရည်းစားပူမိတဲ့အခါလောက်၊ အသည်းကွဲတဲ့အခါလောက်သာ ရှိတတ်တာပါ။ ဘာတဲ့… အစွဲများ ခြောက်လှန့်နေသည်နှယ်၊ အသည်းများ ထိတ်၊ ထိတ်လှပါတယ်ကွယ်ဆိုတဲ့ အခါမျိုးများမှာပေါ့ ခင်ဗျာ)

အဲ… အဲသလို ကော်ဖီသမားဆိုတော့ တော်ဝင်သစ်ခွ နားနေဆောင်ကြီး ထဲမှာ တည်ခင်းထားတဲ့ ကော်ဖီမျိုးစုံကို မျက်လုံးကစားလိုက်တယ်။ နက်(စ်) ကော်ဖီလို ချက်ချင်း တန်းဖျော်လို့ရတဲ့၊ ဓာတုနည်းနဲ့ြုပပြင်ထားတဲ့ ကော်ဖီမှုန့်  ပုလင်းတွေကလည်း မျိုးစုံချထားတယ်။ အဲဒါလည်း ကျွန်တော်တို့က နက်(စ်)လောက်သာ သိတာ။ တကယ်က အမျိုးမျိုးအမယ်မယ်ရှိသေးတယ်။ တန်ဖိုးကြီးတဲ့ ချက်ချင်းဖျော် ကော်ဖီမှုန့်တွေ အများကြီးရှိသေးတယ်။ သို့သော် အဲဒါတွေကို ကျွန်တော်က တစ်စက်မှ စိတ်မဝင်စားဘူး။ ကျွန်တော် တကယ်ကြိုက်တာက အက်(စ်)ပရက်ဆိုလို တကယ့်ကော်ဖီစေ့ စစ်စစ်က ထွက်တဲ့ အမှုန့်နဲ့ ခပ်ပျစ်ပျစ်လေး နှပ်ထားတဲ့ ကော်ဖီမျိုး။

မျက်စိကစားလိုက်တော့ လားလား… တစ်နေရာမှာ တွေ့ရတယ်။ ကော်ဖီစေ့တွေ အပြည့်အသိပ်ထည့်ထားတဲ့ ဖန်ပေါင်းချောင်နဲ့ ကော်ဖီစက်ကြီး။ ရွေး… နိပ်ဟလို့ စိတ်ထဲက ဥဒါန်းကျူးပြီး ကျွန်တော်လည်း ထော့ကျိုးထော့ကျိုးနဲ့ ကော်ဖီစက်ကြီးရှေ့ ရောက်သွားတယ်။


ကြုံတုန်းကြွားတယ်ပဲမှတ်လိုက်ပါခင်ဗျာ။ ကျွန်တော့်အိမ်မှာလည်း ကော်ဖီကို ကော်ဖီဖျော်စက်နဲ့ နေ့စဉ် ဖျော်သောက်တာပါ။ ကော်ဖီဖျော်စက် ဆိုတာက ဘာမှတော့ ထူးထူးထွေထွေမဟုတ်ပါဘူး။ တစ်ခုပဲ လိုတယ်။ မှုန်ပြီး ညက်နေအောင် ကြိတ်ထားတဲ့ (fine) ကော်ဖီမှုန့်နဲ့တော့ သိပ်အဆင် မပြေလှဘူး။ ကော်ဖီစစ်တွေ ပိတ်ကုန်တတ်လို့ပါ။

သည်တော့ ကော်ဖီမှုန့်ကို မညက်အောင် ကြိတ်ခိုင်းရတယ်။ ခပ်ကြမ်းကြမ်းလေး၊ စလုံးစခုလေး (coarse) ပေါ့။ အဲဒါကိုမှ ကော်ဖီဖျော်စက်အတွက် သတ်သတ် လာတဲ့ ကော်ဖီစစ် စက္ကူကတော့လေးထဲ လိုသလောက်ထည့်၊ စက်ထဲကို ရေထည့်ရမယ့်နေရာ ရေထည့်၊ ကော်ဖီမှုန့် ထည့်ရမယ့်နေရာ ကော်ဖီမှုန့် ထည့်ပြီး ခလုတ် နှိပ်လိုက်ရတာပါပဲ။

ရေကို စက်က တစ်မုဟုတ်ချင်းအတွင်းမှာ အငွေ့ပျံအောင် လုပ်လိုက်တယ်။ အဲဒီ့ပေါင်းခံရေက ကော်ဖီမှုန့်ပေါ်ကို တစ်စက်ချင်း ကျတယ်။ အဲဒီ့ကမှ အောက်က ကော်ဖီအိုးထဲကို ကော်ဖီရည်အဖြစ် ကျလာတယ်။ အဲဒါ ကော်ဖီဖျော်စက်တစ်လုံးရဲ့ အလုပ်လုပ်ပုံပါ။ ကနေ့ ကုန်တိုက်ကြီးတွေမှာ ရောင်းနေတဲ့ ဖျော်စက်တွေပဲပေါ့။

ဟိုးတစ်လောဆီက နိုင်ငံခြားသားတစ်ယောက်ရဲ့အိမ်မှာတော့ သူ့ထက် နိပ်တဲ့စက်တစ်လုံးတွေ့ခဲ့ဖူးတယ်။ သူက ကျတော့ ရိုးရိုးမှုန်နေတဲ့ ကော်ဖီ မှုန့်ကို အပြည့်အသိပ် ထည့်ပြီး ခက်ပချီးနိုး ကော်ဖီလိုချင်ရင် ခက်ပချီးနိုး ခလုတ်ကိုနှိပ်၊ အက်(စ်)ပရက်ဆို လိုချင် အက်(စ်)ပရက်ဆို ခလုတ်ကို နှိပ်ရုံပဲ။ တော်တော် နိပ်တာဗျ။ သည်မှာ မတွေ့ဖူးသေးဘူး။ တွေ့ရင် ကျွန်တော် အရင်ဆုံး ပြေးဝယ်မိမယ် ထင်တယ်။

နေဦး… ဘာမှဆက်မပြောခင် ခက်ပချီးနိုး ကော်ဖီအကြောင်း နည်းနည်း ရှင်းပြဖို့ လိုမယ်ထင်တယ်နော်။ သူကလည်း ကော်ဖီပူပူပါပဲ။ အက်(စ်)ပရက်ဆို ကော်ဖီကို နွားနို့ပူပူနဲ့ ရောဖျော်ထားတာပဲ။ ထူးခြားတာက ကော်ဖီထဲကို သစ်ကြံပိုးခေါက် အမှုန့်ဖြစ်ဖြစ်၊ သစ်ကြံပိုးခေါက် အချောင်းလိုက်ဖြစ်ဖြစ် ထည့်ပေးထားပြီး အပေါ်က မလိုင်မြှုပ်ထူထူ အုပ်ပေးထားတယ်။ အက်(စ်)ပရက်ဆိုနဲ့ ဖျော်တာပေမယ့် နို့များများနဲ့ဆိုတော့ ကော်ဖီက သိပ်မပြင်းတော့ဘူး။ အလောတော်ပဲ။ သစ်ကြံပိုးခေါက်အနံ့လေးကလည်း တသင်းသင်း၊ မလိုင်မြှုပ်နဲ့ဆိုတော့ တစ်မျိုး သောက်လို့ ကောင်းတယ် ဆိုရမှာပါ။ သို့သော် ကျွန်တော်တော့ သိပ်ခံတွင်း မတွေ့လှဘူး။ ကော်ဖီသမား အတော်တော်များများတော့ ကြိုက်တယ်ခင်ဗျ။

တော်ဝင်သစ်ခွနားနေဆောင်ထဲ ပြန်သွားရရင်တော့ဗျာ… ဆိုခဲ့တဲ့အတိုင်း ကျွန်တော့် အိမ်မှာလည်း ကော်ဖီဖျော်စက်နဲ့ဆိုတော့ ကော်ဖီစေ့တွေ အပြည့် ထည့်ထားတဲ့ ဖန်ပေါင်းချောင်နဲ့ စက်ကြီးကိုလည်း ထီမထင်တဲ့စိတ်နဲ့ သူ့ရှေ့ သွားရပ်လိုက်တာ။ စက်ရှေ့ရောက်တော့မှ ခေါင်းနပန်း ကြီးသွားတယ်။

————————————

“(ဆူဒိုနင် ပြောကြားတဲ့) တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်စာအုပ်ထဲက တတိယ အခန်းပါ။

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: