Skip to content

Mischievous Me!

9 October 2009

04Meစက်ရဲ့မျက်နှာစာမှာ ခလုတ်က လေးခု။ အဖြူ၊ အစိမ်း၊ အဝါ၊ အနီ။  သည်အထိက ဟုတ်တုတ်တုတ်ပဲ။ မဟုတ်တာက ခလုတ်နဲ့ ပတ်သက်တဲ့ စာတန်း တစ်ခုမှ မတွေ့ရတာပဲ။ ဘာဆို ဘာမှ ရေးမထားဘူး။ ခလုတ်တွေချည်း သက်သက်။ စက်ဘေးမှာ ချထားတဲ့ ကော်ဖီပန်းကန် အလွတ်တစ်လုံးကို ဆွဲယူရင်း ကျွန်တော် ဦးနှောက်ခြောက်နေတယ်။

ဘေးဘီကို လှမ်းကြည့်တော့လည်း ဝန်ထမ်းနဲ့တူသူ ဖြူဖြူလေးတောင် မတွေ့ရဘူး။ ဟိုးအခန်းထောင့် တစ်နေရာမှာ သန့်ရှင်းရေး လုပ်နေတဲ့ ဝန်ထမ်းလေးတစ်ယောက်ပဲ တွေ့ရတယ်။ သူ့မေးလို့ကလည်း သိမယ့်ပုံ မပေါ်ဘူး။ ပိုဆိုးတာက ယပက်လက် ဖြစ်နေတာပဲ။ ယပက်လက်တွေက အင်္ဂလိပ်စကား မတတ်ရှာကြဘူး။ ထမင်းစား ရေသောက်လေးလောက်တောင် အပေါက်တည့်အောင် မပြောတတ်ကြဘူးဆိုတာ ကမ္ဘာအရပ်ရပ်က နိုင်ငံသားပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံလာတာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တဲ့ ကျွန်တော် အသိဆုံး။


စက်ရှေ့မှာ မတ်တတ်ကြီး ရပ်ရင်း ကျွန်တော်လည်း ကြံရာမရ ဖြစ်နေတယ်။ မထူးဘူးကွာ၊ ဖြစ်ချင်ရာ ဖြစ်လို့ အားတင်းလိုက်ပြီး လက်ထဲက ပန်းကန်လွတ်ကို စက်အောက်ခြေမှာ ရှိတဲ့ ဘုံဘိုင်အောက်မှာ ထိုးခံပြီး ချထားလိုက်တယ်။ ခလုတ်တွေကို ကြည့်တော့ အစိမ်းရောင်ခလုတ်က လက်အနှိပ်များလို့ နည်းနည်းတောင် အရောင်လွင့်နေတာ တွေ့ရတယ်။ သည်ခလုတ်ကို လူတွေ နှိပ်ကြတာပဲဖြစ်မယ်။ သို့သော် ကျွန်တော်က သူများ လုပ်တာကို လိုက်မလုပ်ချင်တဲ့ အထုံက ပါပြီးသားဆိုတော့ ကျွန်တော့်လက်က အဲဒီ့အစိမ်းခလုတ်ကို မနှိပ်ဖြစ်တော့ဘဲ သူ့ဘေးက အဝါခလုတ်ကို ဖိချလိုက်တယ်။


“ဝေါ… ဝေါ… ဝေါ… ဝေါ…”

ကျွန်တော် တုန်သွားတယ်။ စက်ကြီးတစ်ခုလုံးကလည်း တုန်နေတယ်။ အသံကြီးကလည်း အကျယ်ကြီး။ လေယာဉ်ပျံ ဂျက်အင်ဂျင်သံလား အောက်မေ့ရတယ်။

သွားပြီ။ ငါတော့ သွားပြီ။ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျွန်တော့်ရှေ့က စက်ကြီးရဲ့အသံက ဟိန်းပြီး ထွက်နေတယ်။ ဒုက္ခပဲ။


ဘေးဘီကို မသိမသာလေး မျက်စိ ကစားလိုက်တယ်။ ဘယ်သူမှ ကျွန်တော့်ကို စိတ်မဝင်စားဘူး။ သူတို့ဘာသာ သူတို့ စာအုပ်နဲ့ မျက်နှာ အပ်သူက အပ်၊ စားတဲ့သူက စား။


ဟင်း… တော်ပါသေးရဲ့။

စက်ကြီးကတော့ တုန်ခါပြီး မြည်လို့ကောင်းနေဆဲ။ ကော်ဖီပန်းကန်ထဲလည်း ကော်ဖီက တစ်စက်မှ ကျမလာသေးဘူး။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေမိတယ်။ အသာ လှည့်ထွက်သွားရင် ကောင်းမလား၊ ဆက်ပြီး ရပ်စောင့်နေရင် ကောင်းမလား။ ဘာလုပ်ရင် ကောင်းမလဲ။


ကျွန်တော် စဉ်းစားနေတုန်းမှာ စက်ကြီး ရပ်သွားတယ်။ အသံလည်း တိတ်သွားတယ်။ တုန်လည်း မတုန်တော့ဘူး။ တစ်ဆက်တည်းမှာပဲ ဘုံဘိုင် ခေါင်းကနေ ကော်ဖီရည် မည်းမည်းတွေ တစွပ်စွပ် ဆင်းချလာတယ်။


ဟင်း… အောင်မြင်ပါပြီ။

ကျွန်တော် သက်ပြင်းချလိုက်တယ်။ သို့သော် အဲဒီ့သက်ပြင်းက ဘဝင် အောက်ကို ကျကျနန မကျသေးခင်မှာ ဟုတ်ဆို ချက်ချင်း ပြန်တက်သွားတယ်။

ဟယ်… အဲဒါမှ ခွပဲ။ ကျနေတဲ့ ကော်ဖီရည်တွေက ဘယ်တော့ ရပ်မှာလဲ။ ခလုတ်တစ်ခုခုကို နှိပ်လိုက်မှ ရပ်မှာလား၊ အဲဒါဆို ဘယ်ခလုတ်ကို နှိပ်ရပံ့။
ကျွန်တော့်ဆံပင်မွေးတွေ ပြန်ထောင်လာတယ်။


ကော်ဖီရည်တွေက ကျလို့ကောင်းနေဆဲ။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရင်း အရေးဆို ခလုတ်အနီကို စွတ်နှိပ်ဖို့ စိတ်ကူးလိုက်တယ်။ ဟုတ်တယ်လေ၊ အနီဆိုတာ ရပ်ခိုင်းတဲ့ နိုင်ငံတကာသုံး အရောင်သင်္ကေတ မဟုတ်ပါလား။

အဲ… သို့သော်လည်းပေါ့လေ။ ကော်ဖီပန်းကန် ပြည့်လုနီး လက်တစ်လုံးလောက်အလိုမှာ ကော်ဖီရည်တွေ ကျနေတာ သူ့ဘာသာ ရပ်သွားတယ်။

အမယ်… တယ်ဟုတ်ပါလား။

ကျွန်တော့်သက်ပြင်းက သည်တော့မှ ပီပီပြင်ပြင်လေး ပြန်ကျသွားတယ်။ ကော်ဖီပန်းကန်လေးကို ဘုံဘိုင်အောက်က ဆွဲယူ၊ ကော်ဖီပန်းကန်ပြားထဲ အကျအန ထည့်၊ မုန့်ပန်းကန်လေးကို ကိုင်တဲ့ပြီး ချာခနဲ အလှည့်လိုက်…

“တ… တစ်ဆိတ်လောက်ဗျာ… ကျ… ကျွန်တော့်ကိုလည်း တစ်ခွက် ဖျော်ပေးပါခင်ဗျာ”

အင်မတန် မွန်ရည် ခန့်ညားတဲ့ အင်္ဂလိပ်စကားကို အထစ်ထစ် အငေါ့ငေါ့ ပြောရင်း၊ သူ့လက်ထဲက ကော်ဖီ ပန်းကန်လေးကို လက်နှစ်ဖက်နဲ့ ကျွန်တော့်ကို ရိုရိုသေကမ်းပေးနေတဲ့ ရို့ရို့ကျိုးကျိုး အမျိုးသားတစ်ယောက်။ အိန္ဒိယတိုင်းသားတော့ အိန္ဒိယတိုင်းသားပဲ၊ ပါကစ္စတာနီလား၊ ဘင်္ဂလား ဒေ့(ရှ်)ကပဲလားတော့ မသိဘူး။ ငါးပေနဲ့ လေးလက်မပဲ ရှိရှာတဲ့၊ ယောက်ျား တစ်ယောက်အနေနဲ့ ပုတယ်လို့ သတ်မှတ်နိုင်တဲ့ ကျွန်တော့်ထက်တောင် ပုရှာသေးတဲ့ အိန္ဒိယတိုင်းသားတစ်ယောက်က ကျွန်တော့်ကို အကူအညီ တောင်းနေတာ။ သူ့အသက်က ကျွန်တော်နဲ့ မတိမ်းမယိမ်းပဲ ရှိမယ် ထင်တယ်။ အင်း… သင်းလည်း ငါ့လို အခုမှ သည်အခန်းထဲ စရောက်ဖူးတာနဲ့ တူတယ်လို့ တွေးလိုက်မိတယ်။

ဟင်း.. စိတ်များ ညစ်ပါရဲ့ကွယ်။

ကျွန်တော့်မှာ သည်ရွှေကော်ဖီဖျော်စက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေတာကို ခမျာ မသိရှာဘူး။ သူသိတာက ကျွန်တော် ထင်သလို မြင်သလို လျှောက်လုပ်ရင်းက  အောင်မြင်စွာ တစ်ခွက်ဖျော်ပြီးသွားတာပဲ။ ဒါနဲ့ သူက ကျွန်တော့်ကို ဆရာလာတင်နေပြီ။ ကျွန်တော် သည်စက်ကြီးကို ကြောက်နေတာ သူ မသိရှာဘူး။


အေးလေ… ကျွန်တော့်မှာ စောစောက အတွေ့အကြုံရှိသားပဲ။ ဘာဖြစ်လဲ။ လုပ်ပေးရတာပ။


ကျွန်တော်လည်း သူ့လက်ထဲက ကော်ဖီပန်းကန်ကို ခပ်တည်တည် လှမ်းယူလိုက်ပြီး ဘုံဘိုင်အောက် ထိုးခံလိုက်တယ်။ စောစောကတင် ခလုတ် အဝါကို နှိပ်ခဲ့တာမို့ အဲဒါကိုပဲ ဆက်နှိပ်ရင် ကောင်းမလားလို့ စဉ်းစားရင်းပေါ့။ ဒါပေမယ့် ကော်ဖီခွက် ထိုးအခံလိုက်မှာတင် ဘုံဘိုင်ထဲက ကော်ဖီရည်တွေဟာ ခွက်ထဲကို သွင်သွင်စီးကျလာပြန်ပါတော့တယ်။

အလဲ့… တယ်ဟုတ်ပါလား။

“ရပြီ။ ခွက်ပြည့်သွားရင် ယူလိုက်ရုံပဲနော်။ ကျွန်တော် သွားတော့မယ်”

ကျွန်တော် သူ့ကို ပြောလိုက်ပြီး ထော့ကျိုးထော့ကျိုးနဲ့ပဲ အဲဒီ့နေရာက အမြန်ဆုံး လစ်ခဲ့ရပါတော့တယ်။

သူက မျက်နှာငယ်လေးနဲ့ ကျွန်တော့်ကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောနေလေသေးရဲ့။ ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ နေရာကနေ ချာခနဲ လစ်ထွက်လာခဲ့မိရပါတယ်။


ဟုတ်တယ်လေ…

ဘုံဘိုင်ထဲကကျနေတဲ့ ကော်ဖီရည်တွေ သူ့ပန်းကန်ထဲကို ကျနေတာ ကျွန်တော့်တုန်းကလို အနေတော်မှာ ရပ်သွားမယ်၊ ရပ်မသွားဘူးဆိုတာ ကျွန်တော်မှ အတတ်မသိတဲ့ဟာ…


တော်ဝင်သစ်ခွ နားနေဆောင်ကြီးထဲမှာ အဲသလို ကော်ဖီလေးသောက်၊ မုန့်လေး စားပြီး နားနားနေနေ နေပြီးအချိန်ဖြုန်းနေလိုက်တယ်။ တစ်ဆောင်လုံးမှာ လူတွေက ကိုယ်သန်ရာ ကိုယ်လုပ်နေကြပါတယ်။ အများစုကတော့ စာဖတ်နေကြတာပါ။ သတင်းစာဖတ်တဲ့သူ၊ စာအုပ်ဖတ်တဲ့သူ စသဖြင့်ပေါ့။ တချို့ကတော့ စိတ်အေးလက်အေး၊ ခြေပစ်လက်ပစ်ကို အိပ်လို့။ တချို့က ကျွန်တော့်လို စားလို့ သောက်လို့။ တချို့က တီးတိုးတီးတိုး ပြောလို့။ တဟီးဟီး တဟားဟားနဲ့ ကျယ်ကျယ်လောင်လောင်တော့ တစ်ယောက်မှ မရှိဘူး။ ရုပ်သံစက်တွေ ဖွင့်ထားပေမယ့်လည်း အသံက ထွက်တယ် ဆိုရုံရယ်။ အဲဒီ့မှာလည်း ကြည့်နေတဲ့သူတွေ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်။

—————————————-

“(ဆူဒိုနင် ပြောကြားတဲ့) တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်ထဲက စတုတ္ထအခန်းဖြစ်ပါတယ်။

Advertisements
7 Comments leave one →
  1. SDL permalink
    9 October 2009 2:37 pm

    ပုံရယ်၊ ပုံစာရယ် နဲ့ တွဲဖတ်လိုက်တော့ ပြုံးမိတယ်။
    ကျွန်မ မှာတော့ ရမ်းတီးလိုက်ရင် တလွဲဖြစ်တာ များတယ်။
    လောလောလတ်လတ်ဖြစ်ထားတာက ဆေးရုံကို ကိစ္စရှိလို့ ခဏသွားရင်း သန့်စင်ခန်းဝင်မိတယ်။ ဒီဘက်ခန်းတွေ လူပြည့်နေလို့ ကပ်လျက်က ပိုကျယ်တဲ့ အခန်းထဲ ဝင်မိတယ်။ မျက်စိလျှောက်ကစားပြီး လက်နဲ့ နီးနီးမှာ ခလုတ်တစ်ခုတွေ့တော့ စပ်စုမိတယ်၊ စာလည်း ရေးမထားတော့ အန္တရာယ်တော့မဖြစ်လောက်ပါဘူးဆိုပြီး နှိပ်ထည့်လိုက်တာ အိမ်သာကြွေအိုး အတွင်း အနောက်ဖက်လောက်က ရေတွေ ပန်းထွက်လာပါရော၊ ရုတ်တရက်ဆိုတော့ လန့်သွားလိုက်တာ မပြောပါနဲ့တော့၊

    နောက်မှ သိတာက အဲဒီအခန်းကျယ်က ဘီးတပ်ကုလားထိုင်သမားတွေအတွက်၊ ခလုတ်က သူတို့ သန့်ရှင်းရေးလုပ်ရင် လွယ်အောင်လုပ်ထားတာ၊ အဲဒါကြောင့် ဒိကြွေခွက်က သာမန်ထက် နိမ့်နေတာကိုး။

  2. အိအိ permalink
    9 October 2009 6:15 pm

    နောက်တခန်းဘာဖြစ်မလဲ ဖတ်ချင်လှပြီ…(စာကူရိုက်ဆို ရိုက်ပေးပါမယ် … :P)

  3. pyaesone permalink
    9 October 2009 8:00 pm

    ဆရာရေးထားတာ ရသမြောက်တယ် ဖတ်နေရင်းနဲ့ ဘာများဖြစ်မလဲဆိုပြီး သမီးပါ ရင်တုန်မိတယ် 🙂

  4. komyintmyat permalink
    9 October 2009 8:46 pm

    တင်ထားတဲ့ အခန်းသုံးခန်းမှာ ဒီအခန်းက ဇာတ်ရှိန်မြင့်ပြီး ရယ်ရတယ်ဗျ…. ကော်ဖီအရသာက ဘယ်လိုဖြစ်သွားလဲ? အဆင်ပြေသွားရောလား? ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ….

  5. 9 October 2009 10:52 pm

    ဟိုလူကြီးကိုပဲ သနားမိတယ်။
    သူ့ခမျာ ကော်ဖီရည်တွေ မနားတမ်း ဆက်ကျလာရင် ဘာလုပ်လို့လုပ်ရမှန်း သိမှာမဟုတ်ဘူးနော် .. 🙂

  6. 10 October 2009 1:59 am

    ကျနော် တစ်ခါ သောက်ဖူးတဲ့ ကော်ဖီစက်က ဒီလို.. စက်ထဲကို ပိုက်ဆံထည့်၊ ခလုတ်နှိပ်လိုက်ရင် ခွက်ကလေးက ရောက်လာ ကော်ဖီရည်တွေ ကျလာ အဲသလို… တစ်ခါတော့ ပိုက်ဆံထည့် သောက်ချင်တဲ့နံပါတ် ခလုတ်နှိပ်လိုက်တာ အောက်က ခံမယ့်ခွက်က ရောက်မလာဘဲ ကော်ဖီရည်တွေက အောက်ကိုကျ.. အောင်မယ်မင်း… လက်နဲ့ပဲ ခံသောက်ရတော့မလိုလို.. ပိုက်ဆံပဲ စက်ထဲကလက်နဲ့နှိုက်ထုတ်ရတော့ မလိုလို.. 🙂

  7. 10 October 2009 10:48 pm

    နွှေအိပ်မက်ကျ အာရုံခံစက် တပ်ထားတဲ့ အိမ်သာထဲမှာ ဒုက္ခရောက်တာ… ပြောကို မပြောချင်တော့ပါဘူး.. အဟုတ်..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: