စာဖတ်တဲ့အကြောင်းပြောတော့ သတိရတာလေးတစ်ခု ပြောလိုက်ဦးမယ်။ ကျွန်တော်နဲ့ ခင်နေတဲ့ အပျိုကြီးတစ်ယောက်က ပြောတာပါ။ သူက အနောက်နိုင်ငံ သံရုံးကြီးတစ်ရုံးမှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတယ်။ မြန်မာတိုင်းရင်းသားပေါ့။
တစ်ချီမှာတော့ သူလည်း ကျွန်တော့်လို ၄၀ ကျော်မှ ကံပေါ်ပြီး နိုင်ငံခြားကို သင်တန်း သွားတက်ဖို့ အကြောင်းဖန်လာတယ်။ တစ်ခါမှ မရောက်ဖူးသေးတဲ့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို မိန်းမသား တစ်ယောက်တည်း သွားရမှာ။ သို့ပေမယ့် သူ့ကံက ကောင်းချင်တော့ အဲဒီ့နေ့မှာမှ သူနဲ့အတူ လေယာဉ်တစ်စီး တည်းစီးမယ့်သူက သူ့သံအမတ်ကြီး မောင်နှံ ဖြစ်နေတယ်။
အဲဒါဗျာ၊ လေဆိပ်ရောက်ပြီး လေယာဉ်ပေါ် မတက်ခင် ထိုင်စောင့်နေကြတဲ့ အခိုက်အတန့်မှာ သူက သံအမတ်ကြီး စုံတွဲနဲ့ အတူထိုင်နေတယ်။ ထိုင်ပြီးစမှာပဲ ဟိုမောင်နှံက စာအုပ်တစ်အုပ်စီ ထုတ်လိုက်ကြပြီး စာအုပ်နဲ့ မျက်နှာအပ်လိုက်ကြပါတော့တယ်။
အပျိုကြီးမမကတော့ ဘာစာအုပ်မှ ပါမလာလို့ ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတာပေါ့။ အဲဒါကို သတိထားမိသွားတဲ့ သံအမတ်ကြီးက သူ့ကို မေးတယ်။
“မင့်မှာ ဖတ်စရာ ဘာစာအုပ်မှ ပါမလာဘူးလား”
“မပါဘူးရှင့်”
သံအမတ်ကြီးမျက်နှာက အလိုမကျဖြစ်သွားတယ်။ ပြီးတော့ သူ့ အိတ်ထဲက စာအုပ်တစ်အုပ် ထုတ်လိုက်တယ်။ ပြီးတော့ အပျိုကြီးကို ပေးတယ်။
“ရော့… သည်စာအုပ်ကို ဖတ်နေ။ နောက်ပြီးတော့ မသေမချင်း မှတ်ထား၊ ခရီးသွားမယ်ဆိုရင် ဘယ်တော့ဖြစ်ဖြစ် စာအုပ် ဆောင်ထား၊ အဲဒါ ဣနြေ္ဒရတယ်”
အပျိုကြီး အီသွားတယ်။ ဟိုအဘိုးကြီးက သူ့ကို သားသမီးလို သဘောထားပြီး သွန်သင်လိုက်တာမှန်းသိလိုက်တဲ့အတွက်လည်း တစ်ဖက်က ကျေနပ်သွားပါတယ်။
သူ ကျွန်တော့်ကို ပြန်ပြောပြခဲ့ဖူးတာပါ။
မှန်ပါတယ်။
တော်ဝင်သစ်ခွ နားနေဆောင်ထဲမှာ ဣနြေ္ဒမရတဲ့သူဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိပါလိမ့်မယ်။ ကျွန်တော့်မှာ စာအုပ်လည်း ပါပါတယ်။ စာသမားပဲဗျာ၊ သွားလေရာ စာအုပ် တစ်အုပ်မဟုတ် တစ်အုပ်တော့ ပါသပေါ့။ ပြီးတော့ ချပေးထားတဲ့ သူတို့သတင်းစာဆိုတာကလည်း ဖတ်စရာတွေ တင်းကြမ်းနဲ့ဟာ။ ဖတ်ချင်လို့များတော့ ဖတ်ပါလေ့၊ တစ်နေကုန်။
သို့သော် သည်အချိန်မှာတော့ စာအုပ်ဖတ်ချင်စိတ်၊ စာနဲ့ မျက်နှာ အပ်ချင်စိတ်က နှစ်ပြားဖိုးမှ မရှိဘူး။ ဟုတ်တယ်လေ။ အခုမှ မြို့ရောက်ဖူးတာ။ မမြင်ဖူးတာတွေ မြင်နေရတာ။ ခဏတစ်ဖြုတ်တော့ ရင်သပ် ရှုမောလိုက်ချင်သေးတာပ။
သည်တော့ကာ စာဖတ်နေသူများလို ဘယ်ဣနြေ္ဒရမှာလဲ။ ကျီးကန်း တောင်းမှောက်လိုလို၊ ဂနာမငြိမ်သလိုလို ဖြစ်လို့တော့နေမှာအမှန်ပါပဲ။
ဟိုသံအမတ်ကြီး ပြောတဲ့စကားက အမှန်ပါ။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တောင်ကြည့်မြောက်ကြည့်နဲ့ ဂနာမငြိမ် နေနေမယ့်အစား စာအုပ်လေးတစ်အုပ် ဖတ်နေတာက အများကြီး ဣနြေ္ဒရပါတယ်။ လူမြင် တင့်တယ်လှပါတယ်။ နောက်တစ်ချက်က အလုပ်များသူတွေအတွက် စာဖတ်ချိန် သတ်သတ်ထားလို့ မဖြစ်နိုင်ပါဘူး။ သည်အခါမှာ ကိုယ်ဖတ်ချင်တာလေးတွေကို သွားရင်းလာရင်းနဲ့ တက်သုတ်ရိုက် ဖတ်သွားလို့ ရပါသေးတယ်။
ကျွန်တော်တို့ ရွှေတွေမှာက အဲသလို စာဖတ်တဲ့ အလေ့အထက အတော့်ကို ခေါင်းပါးသွားပြီ။ ခရီးသွားရင် သာတောင် မဖတ်ကြသေးတယ်။ ဘူတာရုံမှာဖြစ်ဖြစ်၊ ကားဂိတ်မှာဖြစ်ဖြစ်၊ လှေဆိပ်မှာဖြစ်ဖြစ်၊ လေဆိပ်မှာ ဖြစ်ဖြစ်၊ ရွှေတွေမို့ မမြင်လိုက်ရနဲ့၊ စာဖတ်နေသူက မရှိသလောက် ပါးပါး ရှားရှား၊ တောင်ငေး မြောက်ငေး ငေးနေတဲ့သူတွေက အများသား။
ဟုတ်ပါတယ် ဆရာရေ။ စာအုပ်ပါလို့ ဖတ်နေရင်တောင် ဘာ အထာလဲ၊ ဆရာကြီးပုံ ဖမ်းတာလားလို့ ဆိုလိုပုံပေါက်တဲ့ အကြည့်တွေကို ရင်ဆိုင်ရပါတယ်။ ကိုယ်တွေ့ပါ ဆရာရေ့။
ယုံပါတယ်။ ရွှေတွေရဲ့ အိမ်မြှောင်အကြည့်မျိုးစုံကို ကျွန်တော်ကိုယ်တိုင်လည်း ကြိမ်ဖန်များစွာ ခံဖူးပါတယ်။ သို့သော် ကိုယ်က ကြည့်မိလို့လည်း သူတို့အကြည့်တွေကို မြင်ရတာပဲဆိုတာကို တွေးတတ်သွားကတည်းက ကိုယ်လုပ်နေတဲ့ အလုပ်ကလေးက အကုသိုလ်ကင်းနေသမျှ ဘေးဘီကို သိပ်မကြည့်တော့ဘဲ ကိုယ့်အလုပ်ကိုယ်သာ မဲလုပ်နေတတ်ခဲ့ပါတယ်။
ဟုတ်တယ်ဆရာ ..
သူများနိုင်ငံကလူတွေ ခရီးသွားရင် (ခရီးတိုပဲ သွားသွား၊ ခရီးရှည်ပဲသွားသွား) စာအုပ်ကလေးတွေဖတ်ကြတာတွေ့တယ်။
ကျမကတော့ စိတ်ပါရင် ပါသလိုပဲ လုပ်ပါတယ်။ စာမဖတ်ချင်ဘဲ ဇွတ်ကြီးတော့မဖတ်ဘူး။
အရင်က ကျောင်းတက်တော့ ဘတ်စ်ကားတတန်၊ မက်ထရိုတတန် စီးရတယ်။
ဘတ်စ်ကားစီးချိန် နာရီဝက်ဆိုတော့ ကားပေါ်မှာ ပဋ္ဌာန်းရွတ်သွားတယ်။ ပဋ္ဌာန်းတပုဒ်လဲဆုံး လိုရာခရီးလဲရောက်။
မက်ထရိုကတော့ ၄၅ မိနစ်လောက်စီးရတော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်တယ်။ နည်းနည်းလေးအချိန်ပိုတာကိုတော့ မျက်စိမှိတ်ပြီး လိုက်ခဲ့တယ်။
အဲ … အဲဒါက အသွားပေါ့။
အပြန်ကျတော့ လူက ပင်ပန်းနေပြီ။ ဆိုတော့ ဘုရားစာရွတ်ဖို့ အာရုံမရတော့ဘူး။ ဒါနဲ့ အလကားရတဲ့ သတင်းစာကို ဟိုလှန်ဒီလှန်လုပ်။
ပျင်းရင် သတင်းစာထဲပါတဲ့ ဆိုဒုခု (soduku) ဆော့တယ်။
အဲဒါဆော့ရင်းပျင်းလာရင် ဖုန်းထဲမှာပါတဲ့ ဂိမ်းကစားတယ်။
မျက်စိညောင်းရင် အိပ်တယ်။
ပြောချင်တာကတော့ စာကို စိတ်ပါရင်တော့ဖတ်ပါတယ်။ စိတ်မပါဘဲနဲ့တော့ လူအမြင်တင့်တယ်အောင် မဖတ်ဘူးဆိုတာပါ။
အဲဒီလမ်းခရီးကို ကတီးကတီး သွားဖူးတဲ့သူအတွက်တော့ ဝါသနာပါရင် စာဖတ်ဖို့ အချိန်ဖြစ်နေပေမယ့် တစ်ခါတလေမှသာ သွားဖူးလာဖူး ရောက်ဖူးတဲ့သူကတော့ ဟိုငေးဒီငေး ဖြစ်နေလောက်ပါတယ်။ 🙂
ဟုတ်တယ်.. လေယာဉ်ပျံနဲ့ သွားတဲ့ ခရီးမှာ စာဖတ်ဖို့ စိတ်ကုး လုံးဝ မရှိဘူး၊
လေယာဉ်ပျံနဲ့ က သွားရခဲလို့ ဘေးဘီပဲ ကြည့်ချင်တယ်။
ဘတ်စကားပေါ်မှာ စာဖတ်ရင်လည်း ခေါင်းမူးတတ်လို့ မဖတ်ဘူး
အဲဒါလေးကို ရွှေမြန်မာတွေများများသိအောင်
ခင်များ နည်းနည်းလောက် အသံလေးမြှင့်ပြီး
အော်ပေးရင် ပိုကောင်းမယ်ဗျ …
မြန်မာတွေလား… တချို့တချို့သော စာချစ်သူတွေက လွဲရင် လမ်းသွားလည်း စာမဖတ်၊ ခရီးသွားလည်း စာမဖတ်… အိမ်မှာလည်း မဖတ်… ကျောင်းမှာလည်း မဖတ်… 😦 နေ့အိပ်မက်ရဲ့ ကိုးတန်းတက်နေတဲ့ ညီမ၀မ်းကွဲတစ်ယောက်က နပိုလီယန်ဆိုတာ ဘာလဲတဲ့… သေရောပဲ… ရွယ်တူ သူငယ်ချင်းတစ်ယောက်ကျပြန်တော့ မြသန်းတင့်ကို မသိဘူးတဲ့.. 😦
ရွှေတွေရဲ့ အိမ်မြှောင် အကြည့်မျိုးစုံ… ဆရာ့ ဒီအသုံးအနှုန်းလေးတော့ သိပ်ကြိုက်..။
thx for giving us a good habit ..