What would you like to have?

10Liqueurတစ်ခွက် ကုန်လုနီးမှာ စားကြစို့ရဲ့လို့ ဆိုလိုက်တဲ့အတွက် လက်ကျန်ကို အပြတ်ရှင်းပြီး သံအမတ်ကြီး ဦးဆောင်ရာ နောက်ကိုလိုက်ခဲ့ပါတယ်။ သူ့ခြံကျယ်ကြီးရဲ့ မြက်ခင်းအလယ်မှာ အဆွယ်ထုတ်ထားတဲ့ သုံးဘက်မြင် အဆောင်လေးမှာပါ။ ခြင်လုံ သံဆန်ကာ အပြည့်ကာထားပေမယ့် ပတ်ဝန်းကျင် သစ်ပင်ပန်းပင်တွေ၊ မြက်ခင်းစိမ်းစိုတွေကို မြင်ရတယ်။ အင်မတန် သာယာပါတယ်။

ထမင်းစားပွဲကျတော့ သံအမတ်ကြီးကပဲ နေရာချတယ်။ ကျွန်တော့်ကို သူ့ဘယ်ဘက်မှာ ထားတယ်။ ပြီးတော့မှ ကျန်တဲ့သူတွေကို နေရာချတယ်။ ထားပါတော့ဗျာ၊ အသေးစိတ်တွေ လျှောက်ရေးနေရင် ရှည်ပါတယ်။

စားကြ၊ သောက်ကြတာကတော့ သိပ်စာဖွဲ့စရာ မရှိပါဘူး။ အစားအသောက်ကလည်း ကောင်းပါတယ်။ သံအမတ်ကြီးက ဒါက ဘာ၊ ဘယ်ဒေသက ထွက်တာ၊ ဘယ်လို ချက်တာ၊ ဘာအတွက် ကောင်းတာစသဖြင့် တတွတ်တွတ် ပြောရင်း ကျွေးနေတော့ ပိုတောင် အရသာရှိသေးတယ်။

အဲ… ဆန်းသွားတာ တစ်ခုက ဝိုင်ပုလင်းဖွင့်တဲ့ ကိစ္စမှာပါပဲ။ စားပွဲထိုးက ရောက်လာတယ်။ ဝိုင်ပုလင်းအသစ်ကို ကျွန်တော်တို့ ရှေ့မှာ ဖွင့်တယ်၊ ပြီးတော့ အိမ်ရှင်ဖြစ်တဲ့ သံအမတ်ကြီးရဲ့ ရှေ့က ဝိုင်ခွက် ပေါက်စနလေးထဲကို တစ်ငုံစာ ငှဲ့ပေးတယ်။ သံအမတ်ကြီးက စွတ်ခနဲ ကောက်မော့တယ်။ ငုံတယ်၊ အရသာ ခံတယ်။ ပြီးတော့ ခေါင်းညိတ်ပြလေတော့မှ စားပွဲထိုးက ကျွန်တော့်ရှေ့က ပုံမှန် ဝိုင်ခွက်ကို စဖြည့်ပေးတယ်။ ပြီးတော့ ကျန်တဲ့ ဧည့်သည်တွေ၊ နောက်ဆုံးကျမှ အိမ်ရှင့်ဖန်ခွက်ထဲကို ဖြည့်ပါတယ်။ အဲဒါဟာ နောက်ထပ် ဝိုင်ပုလင်းတွေ ထပ်ထပ် ဖောက်တဲ့အခါတိုင်းမှာ အဲသလိုပဲ လုပ်တယ်။ ဝိုင်ပုလင်းကို အများရှေ့မှာ ဖွင့်တယ်။ အိမ်ရှင်က အရင်မြည်းတယ်။ အိမ်ရှင်က ခွင့်ပြုတော့မှ ဂုဏ်ထူးဆောင် ဧည့်သည်မှ အစချီကာ ကျန်ဧည့်သည်များကို လိုက်ငှဲ့ပေးတယ်။ နောက်ဆုံးမှ အိမ်ရှင့်ခွက်ထဲကို ဖြည့်ပါတယ်။

ဒါကတော့ ဝိုင်ဆိုတာ ပျက်စီးချင်လည်း ပျက်စီးနေတတ်တာမို့ ဧည့်သည်များ စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် အိမ်ရှင်က အရင်မြည်းတယ်လို့လည်း ဖတ်ဖူးတယ်။ ရှေးအခါကတော့ အဲဒီ့ဝိုင်ထဲမှာ အဆိပ်ခတ် မထားပါကြောင်း ခိုင်လုံအောင် သက်သေထူတဲ့အနေနဲ့ အိမ်ရှင်က အရင် သောက်ပြတာလို့လည်း ဖတ်ဖူးပါတယ်။

အားလုံး စားလို့ သောက်လို့ ပြီးပြီပေါ့။ အချိုတဲပြီပေါ့။

အဲဒီ့မှာ ဖြစ်တာလေးကို ပြောချင်လို့ သည်လောက် အစချီနေရတာပါ။

အဲဒီ့အချိန်မှာ စားပွဲထိုးက အရက်ပုလင်း အမျိုးပေါင်း သုံးဆယ်ကျော်လောက် ပါတဲ့ လှည်းလေး တစ်စီးကို တွန်းလာတယ်။ ကျွန်တော်နဲ့ သံအမတ်ကြီးကြားမှာ အဲဒီ့လှည်းက ရပ်သွားတယ်။

“ကဲ… ဘာသောက်မလဲ”

ကျွန်တော် သိတယ်။ ဒါ အစာပိတ် သောက်တဲ့ အရက်တွေ။ တချို့ဟာတွေကို ကျွန်တော် မြင်ဖူးတယ်။ တချို့ဆိုတာက အဲဒီ့ အမျိုးပေါင်း သုံးဆယ်ကျော်ထဲက လေး၊ ငါး၊ ခြောက်ပုလင်းလောက်ပေါ့။ ကျန်တာတွေက မြင်ကို မမြင်ဖူးဘူး။ ဘာတွေမှန်းလဲ မသိဘူး။ တော်တော်တော့ ခေါင်း နောက်စရာ ကောင်းနေတယ်။ ဒါပေမယ့် သိကလည်း သိချင်တယ်။

အဲတော့ ကျွန်တော် ဘာ ပြန်ပြောလိုက်တယ် မှတ်သလဲ။ ဟုတ်ကဲ့…

“အစာပိတ်သောက်တဲ့အရက်တွေ သည်လောက် အများကြီး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူးဗျာ။ အဲတော့ ကျွန်တော့်ကို ခင်ဗျားကပဲ ဘယ်ဟာက ဘာ ကောင်းတယ်ဆိုတာ တစ်ဆိတ်လောက် ရှင်းပြပါလား”ပေါ့။

သံအမတ်ကြီးကလည်း သဘောမနောကောင်းစွာပဲ ပြုံးပါတယ်။ ပြီးတော့ အရက်ပုလင်းတွေကို သူ့လက်နဲ့ ကိုင်ပြီး နေရာတွေ တဂွပ်ဂွပ် ရွှေ့တယ်။ အုပ်စု နှစ်စု ခွဲလိုက်တာပါ။ သူ့စိတ်တိုင်းကျတော့မှ သူက စကား စတယ်။

“အကြမ်းပြောရင် အစာပိတ် သောက်တဲ့ အရက်က နှစ်မျိုးရှိတယ်။ အချိုတဲတဲ့ အရက်နဲ့ အစာကြေအောင် သောက်တဲ့အရက်။ သည်အုပ်စုက အချို၊ သည်အုပ်စုက အစာကြေဖို့။ ဟုတ်ပြီလား”

“ဟုတ်ကဲ့…”

ကျွန်တော်တို့ မြန်မာတွေ အလွန်သိသလို ဆရာသော်တာဆွေတောင် ဝတ္ထုရေးခဲ့ဖူးတဲ့ “ဘရန်ဒီ”ဆိုတာဟာ အဲသလို အစာပိတ်သောက်တဲ့ အရက်ပါ။ အစာကြေအောင် သောက်တာပါ။ ကော့ညက်လို့လည်း ခေါ်ပါတယ်။

ပြီးတော့မှ တစ်ပုလင်းချင်းကို ကိုင်ပြီး သံအမတ်ကြီးက ရှင်းပြပါတော့တယ်။ အရက်သားကြည်ကြည်ထဲမှာ ရွှေဆိုင်းလို ရွှေရောင် အဖတ် အဖတ် ကလေးတွေ လှုပ်ရှားနေတာလည်း ပါတယ်။ အဲဒါက အသားအရေ လှစေတယ်ဆိုပဲ။  (လှချင်တဲ့ ကျွန်တော်လည်း အပြင်မှာ အဲဒါ လိုက်ရှာကြည့်သေးတယ်ဗျ။ တစ်ခါမှ မတွေ့ပေါင်ဗျာ။ အဲတုန်းက တောင်းခဲ့မိရင် အကောင်းသားနော်။ နိုင်ငံခြားရောက်တဲ့အခါကျတော့ဖြင့် မရှာမိတော့ဘူး။ အိတ်ကပ်ထဲက ပိုက်ဆံလေး နှမျောတဲ့စိတ်က ပြင်းထန်နေလို့။) တချို့ဟာကဖြင့် ယောက်ျားနဲ့ တည့်တယ်၊ ဟိုဟာ ကောင်းတယ်၊ ဘာ၊ ညာပေါ့။ ဒါကတော့ မိန်းမတွေ ကြိုက်တယ်။ ဒါက ပူရှိန်း အရသာ၊ ဒါက ကော်ဖီ အရသာ၊ ဒါက ချောကလက် အရသာ စသဖြင့် သံအမတ်ကြီးက တစ်ပုလင်းချင်း စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။

သူ့စကားလည်း ဆုံးရော ကျွန်တော်လည်း အီစလံဝေနေပြီ။ ခေါင်းလည်း တော်တော် နောက်သွားပြီ။ စကားဆုံးသွားတဲ့အခါ သံအမတ်ကြီးက ပြုံးပြီးတော့ ကျွန်တော့်ကို ထပ်မေးတယ်။

“ကဲ… ဘာသောက်မလဲ”တဲ့။

သူ မေးနေပြန်ပြီ။ ကျွန်တော်လည်း အတော် မူးသွားပြီ။ သူ မေးနေပုံက ကိုင်း… ကိုရင့်ကိုတော့ အကုန်လုံး ခရေစေ့တွင်းကျ ရှင်းပြပြီးပြီ၊ ကိုရင် သောက်ချင်တာ ကိုရင့်ဘာသာ ရွေးပြီး ပြောပေတော့ဆိုတာမျိုးပါ။ သူ စိတ်ရှည်ရှည် ရှင်းပြထားတာကို ထောက်ထားသောအားဖြင့် ကျွန်တော်မျိုးလေးခမျာမှာ ဖြေရပေတော့မယ်။

သို့သော် ကျွန်တော် မရွေးတတ်တာလည်း အမှန်ပဲ။ ဟိုဟာလည်း၊ သောက်ကြည့်ချင်၊ သည်ဟာလည်း မြည်းကြည့်ချင် ဖြစ်နေတယ်။ အဲဒါကတော့ နည်းနည်းမှ မသင့်လျော်မှန်း သိနေတယ်။

ကျွန်တော် ချောက်ကျနေတယ်။

သို့သော် အဲဒီ့အချိန်မှာ ကျွန်တော့်မှာ ဉာဏ်အလင်းတစ်ချက် လက်ခနဲ ထွက်လာတယ်။ ဒါနဲ့ ပြန်ပြောလိုက်ပါတယ်။

“သံအမတ်ကြီးကရော ဘယ်ဟာ သောက်ပါမလဲခင်ဗျား”

သံအမတ်ကြီး မျက်မှောင်ကုပ်သွားတယ်။ တစ်ချက် စဉ်းစားတယ်။ ပြီးတော့ ပုလင်းတစ်လုံးကို ဆွဲမြှောက်လိုက်ပြီ။ “ဒါ သောက်မှာပါ”လို့ ပြန်ဖြေတယ်။

“ဟုတ်ကဲ့… အဲဒါဆိုရင် ကျွန်တော်လည်း အဲဒါပဲ သောက်ပါ့မယ် ခင်ဗျား”ပေါ့။

ဒါလေးများ။

————————————————————–

“(ဆူဒိုနင် ပြောကြားတဲ့) တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ် ရဲ့ ဒဿမ အခန်းဖြစ်ပါတယ်။ သရုပ်ဖော်ပုံကို ဆရာ ဖေသစ်တည် က ရေးဆွဲပေးပါတယ်။