Was that Because of Us???

12KLAirport copy2အဲလိုနဲ့ လေယာဉ်ကြီးဟာ သူ့သတ်မှတ်နေရာမှာ အတိအကျ ရပ်လိုက်ပါတော့တယ်။ သည်အခါမှာ လေယာဉ်မယ်က ထုံးစံရှိတဲ့အတိုင်း ကျေးဇူးတင်စကားတွေ၊ ထသွားပြန်ကြည့်၊ ကျန်ရှိပစ္စည်းတာဝန်မယူ ဆိုတဲ့စကားတွေပြောပါတယ်။ (အဲသလိုတော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ စကားအဖြစ် ပြောတာနော်၊ အဲဒီ့အတိုင်း အတိအကျတွေ လျှောက်မစဉ်းစားကြပါနဲ့နော်)

ကျွန်တော်နဲ့ အတူပါသူ မိတ်ဆွေကြီးက မထသေးတော့ ကျွန်တော်လည်း ဆက်ထိုင်နေပါတယ်။ လူတော်တော်ရှင်းတော့မှ ကျွန်တော်တို့ ထကြတယ်။ ကိုယ့်အိတ်ကလေးတွေ ကိုယ်ဆွဲလို့ လေယာဉ်တံခါးပေါက်ကနေ လေဆိပ်ဆီ ဒုတ်ဒုတ်ထိဆက်သွယ်ထားတဲ့ စင်္ကြံအရှင်ကနေ ထွက်လိုက်ကြပါတယ်။

အဝမှာ ကျွန်တော် ကြည့်လို့မဝသေးတဲ့ လေယာဉ်မယ်လှလှလေးက အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်နေလေရဲ့။ နေခဲ့တော့ မမရေ… ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့လို့တော့ မပြောချင်ပါဘူး။ ပြန်ဆုံစရာအကြောင်းက လုံးလုံးမှ မရှိတော့သလောက် သေချာနေမင့်ဟာပဲ။ ဟုတ်တယ်လေ… အခုတောင် လေးဆယ်ကျော်မှ ကံပေါ်ပြီး နိုင်ငံခြားလေး တစ်ခေါက်ထွက်ရတာ။ နောက်တစ်ခေါက် ထပ်ထွက်ဖြစ်ဖို့ဆိုတာ တယ်လွယ်တာမျိုးမှ မဟုတ်ဘဲ။ ကျွန်တော်က နိုင်ငံရပ်ခြားနဲ့ဆက်သွယ်ပြီး စီးပွားရေး လုပ်ငန်းတွေ ဘာတွေလုပ်ကိုင်နေတာလည်း မဟုတ်၊ အလကားနေရင်း နိုင်ငံရပ်ခြား အလည်သွားရအောင်ကလည်း ကျွန်တော်က အဲသလောက် မကြွယ်ဝဘူးလေ။ အဲတော့ သူနဲ့ ကျွန်တော်နဲ့ ပြန်ဆုံဖြစ်ဖို့ဆိုတာက မျှော်လင့်စရာ တယ်မရှိလှဘူး။ ပြည်တွင်းမှာတောင် အသွားတုန်းက တွေ့ခဲ့တဲ့လေယာဉ် မယ်နဲ့ အပြန်မှာ ပြန်ဆုံဖို့ဆိုတာ အင်မတန် ဖြစ်ခဲပါဘိခြင်း။ မှတ်မှတ်ရရ၊ သည်တစ်သက်လုံးမှာမှ လေယာဉ်မယ်တစ်ဦးတည်းကို အဲသလို အသွား ရော အပြန်ပါ ဆုံရတာမျိုး တစ်ခါပဲကြုံဖူးတယ်။

အဲဒါတောင် ပြီးခဲ့တဲ့ ၂၀ဝ၅ခုနှစ် အောက်တိုဘာလက မန္တလေးကို မန္တလေး လေကြောင်း စီးပြီးသွားခဲ့တုန်းက ကြုံခဲ့ရဖူးတာဖြစ်ပါတယ်။ မန္တလေးနဲ့ ရန်ကုန်ကို အိမ်ဦးနဲ့ကြမ်းပြင်လို သဘောထားပြီး ဥဒဟိုသွား နေရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မယ်၊ ကျွန်တော့်လို မေ့လောက်မှ တစ်ခါ သွားတဲ့သူအဖို့တော့ ပြည်တွင်းမှာတောင် လေယာဉ်မယ်တစ်ယောက်တည်းကို အသွားရော၊ အပြန်ပါ ဆုံဖြစ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းလှပါဘိ တောင်း။

အဲတော့ လေယာဉ်မယ် လှတပတလေးကို လေယာဉ်ပေါက်မှာဆုံခိုက် တစ်ဝကြီး ထပ်ငမ်းလိုက်ပြီးသကာလ ကျွန်တော်လည်း စင်္ကြံလမ်းအတိုင်း ထော့ကျိုးထော့ကျိုးနဲ့ လျှောက်လှမ်းလိုက်ရပါတော့တယ်။

လေဆိပ်အဆောက်အအုံထဲအရောက်မှာတော့ ခေတ်မီ လေဆိပ်ကြီးက အလင်းရောင် မစို့မပို့နဲ့ဖြစ်နေတာ တွေ့ရတယ်။ လင်းလင်းချင်းချင်း မရှိလှဘူး။ သည်လောက်ခေတ်မီတဲ့ လေဆိပ်ကြီးမှာ ဘာဖြစ်နေတာလဲ မသိဘူးလို့ စဉ်းစားရင်းနဲ့ ရှည်ဝေးလှတဲ့ ထွက်ပေါက်လမ်းအတိုင်း လျှောက်ထွက်လာခဲ့မိရပါတယ်။ မှန်တွေနဲ့ အများဆုံးအားပြုကာရံထားတာမို့ အပြင်က သဘာဝ အလင်းရောင်နဲ့ပဲ အတွင်းက ခေတ်မီ လေဆိပ်ကြီးကို မြင်နေရတယ်။

`မီးပျက်နေတယ်ဗျ´

ကျွန်တော့်ထော့ကျိုးကိုစိတ်ရှည်လက်ရှည်စောင့်ပြီး ဖြည်းဖြည်းလျှောက်ပေးနေရရှာလေတဲ့ ကျွန်တော့်မိတ်ဆွေကြီးက မြန်မာလို ပြောပါတယ်။ အဲတော့မှ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ ဟုတ်သားပါလား။ မီးပျက်နေတာဖြစ်မှာလို့ ကျွန်တော် ဘာလို့ မတွေးမိခဲ့တာပါလိမ့်။

`အဲဒါ ကျွန်တော်တို့နှစ်ယောက် ရောက်လာလို့ ဓာတ်သက်ပါသွားတာ နေမှာဗျ…´

ကျွန်တော့်မိတ်ဆွေက ဆက်ပြောတော့ ခြေထောက်နာနေတဲ့ကြားကပဲ ရယ်လိုက်မိရပါတယ်။ သူပြောတာ ဟုတ်လောက်တယ်လို့ ခပ်မြူးမြူးလေး တွေးမိသွားရတာကိုး။
သူ့စကားက ဆုံးဆုံးချင်းမှာပဲ လေဆိပ်တွင်းမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်များဆီကနေ မိန်းမသံတစ်သံထွက်လာတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောနေတာမို့ သေချာ နားစိုက်ထောင်လိုက်မိတော့ လေဆိပ်မှာ မမျှော်လင့်ဘဲ လျှပ်စစ်ဓာတ်အားချို့ယွင်းနေပါကြောင်း၊ သည်အတွက် ခရီးသည်များမှာ အနှောင့်အယှက်ဖြစ်ရတယ်ဆိုပါရင် သူတို့လေဆိပ်အနေနဲ့ အနူးအညွတ် တောင်းပန်ပါကြောင်း ပြောတဲ့စကားဖြစ်နေပါတယ်။

ကျွန်တော့်နားထဲမှာ အတော့်ကို ဆန်းကြယ်နေပါတော့တယ်။

အဲလိုနဲ့ လေယာဉ်ကနေ လေဆိပ်ထဲက ရထားရှိရာဆီကို အလာခရီး၊ ငါးမိနစ်စာလောက် လမ်းလျှောက်ရတဲ့ ခရီးတာအတွင်းမှာ အဲဒီ့ တောင်းပန်သံကို အထပ်ထပ်ကြားရပါတယ်။ မြို့ပြယဉ်ကျေးမှုပဲ ဆိုရမလား၊ နိုင်ငံကြီးသား ပီသတယ်လို့ပဲ ပြောရမလားပဲ။ ဒါမှမဟုတ်လည်း ကိုယ့်ဆီကို ရောက်လာတဲ့ ဧည့်သည်မှာ ကသိကအောက်ဖြစ်ရလို့ စိတ်ကွက်ချင်ဦး တောင်မှ အဲလို ခဏခဏနဲ့ အနူးအညွတ်တောင်းပန်ပေးနေတဲ့အတွက် အတော့်ကို အကွက်ရ ခက်သွားစေအောင် ရည်ရွယ်တာလားတော့ မသိပါဘူး။