Skip to content

Hi-Tech Challenges and Blogs

29 October 2009

နည်းပညာ စိန်ခေါ်မှုနှင့် ကူမှတ်တမ်း

၁။
print_screenအလုပ်သဘောအရ အီးမေး(လ်)မည်သော ဓာတ်ချောစာကို ၁၉၉၈ လောက်ကတည်းက စတင်သုံးစွဲခဲ့ရသည်။ ထို့နောက် ၂၀ဝ၀ပြည့်မှာ အင်တာနက်။ ထိုစဉ်က ကျွန်တော်သည် ဩစတြေးလျသံရုံးမှ ဒေသခန့် ဝန်ထမ်း။ မြန်မာပြည်တွင် အင်တာနက် သုံးစွဲနိုင်သူ အရေအတွက် အလွန်တရာ နည်းသေးချိန်။

၂၀ဝ၃ခုနှစ်တွင် ထိုအလုပ်မှ ကျွန်တော်ပြုတ်လာသည်။ အင်တာနက်နှင့်လည်း ဝေးခဲ့ရသည်။ ၂၀ဝ၆-၂၀ဝ၇ လောက်မှာတော့ ရွှေတွေလည်း အင်တာနက်ကို ကောင်းကောင်း သုံးလာကြပြီ။ အင်တာနက်ကဖှေးဟု ခေါ်သော ဆိုင်တွေလည်း တဖြည်းဖြည်း ဝေဆာလာသည်။ သို့သော် ကျွန်တော်နှင့်မူ အလှမ်းဝေးနေဆဲ။

မလွှဲသာလွန်းသောအခါတွင်မူ အင်တာနက်ဆိုင်တွေကို အားကိုးရသည်။ သို့တိုင်အောင် အိမ်က ခွာရမှာကို သေမလောက် ကြောက်တတ်သော ကျွန်တော့် စရိုက်နှင့် သိပ်မကိုက်။ မလွတ်လပ်ဟု ခံစားရတာလည်း ပါသည်။ ထို့ကြောင့် စာပေးစာယူအတွက်သာ အင်တာနက်ဆိုင်ကို အားထားခဲ့သည်။ အခြားမူ သိပ် မသုံးဖြစ်ခဲ့ချေ။


ကံအားလျော်စွာ ၂၀ဝ၉ခုနှစ် ဩဂုတ်လထဲတွင် ကျွန်တော့်အိမ်မှာ ကြိုးမဲ့ အင်တာနက်စနစ် ချိတ်ဆက်နိုင်ခဲ့ပါသည်။ ထိုအခါကျမှ အင်တာနက် မည်သော အချစ်ဟောင်းနှင့် ကောင်းကောင်း ပြန်ပေါင်းထုပ်ရသည်။ ကိုယ့်အိမ်ကိုယ်ဆိုတော့ ဘယ်သူ့မှလည်း အားနာစရာမလို၊ အဝတ်လဲနေစရာလည်း မလို၊ ကွန်ပျူတာရှေ့မှာ အချိန်မရွေးထိုင်ကာ ရှာချင်တာ ရှာလို့ရလာသည်။ ပို့ချင်တာ ပို့လို့ ရလာသည်။ ဆက်သွယ်ချင်တာ ဆက်သွယ်လို့ ရလာသည်။
အချိန်တော်တော်များများမှာ အချစ်ဟောင်းနှင့် ကုန်ဆုံးရပြန်တော့သည်။

၂။
ကျွန်တော်နှင့် အင်တာနက် ပြတ်လပ်သွားခိုက် ငါးနှစ်လောက်အတွင်းမှာ အင်တာနက်လောကတွင် ဝေါဟာရသစ်တစ်လုံး ပေါ်ပေါက်လာသည်။ ဘလော့(ဂ်) (blog) ပါတဲ့ ခင်ဗျား။

ကျွန်တော် ဘာမှန်း မသိသေး။ စိတ်လည်း မဝင်စားမိသေး။ စင်္ကာပူရောက် မိတ်ဆွေဟောင်းတစ်ဦးက အဆိုပါ ဘလော့(ဂ်)ကို ရေးနေသည်ဟု တစ်ဆင့်စကား ကြားသိရသည်။

သူ ရန်ကုန်ပြန်လာခိုက် ခဏတဖြုတ်တွေ့တော့ သူက ဘလော့(ဂ်) ရေးရတာ  ယစ်မူးနေကြောင်း ပြောသွားတာကိုလည်း ကြားလိုက်ရသည်။

အိမ်မှာ အင်တာနက် ချိတ်ဆက်လိုက်သောအခါတွင်မူ ကျွန်တော်လည်း ထိုဘလော့(ဂ်)ကို စိတ်ဝင်စားလာသည်။

၃။
ခေတ်က တသွင်သွင်စီးဆင်းနေသည်။ အရှိန်အဟုန်နှင့် ဖြစ်သည်။ အရှိန်အဟုန်မှ အလွန်ပြင်းထန် မြန်ဆန်သော အရှိန်အဟုန်။

သတင်းအချက်အလက် နည်းပညာ၏ တိုးတက်မှုကား အံ့မခန်း။ ၁၉၈၈ ခုနှစ် ဇူလိုင်လတွင် ဥရောပသမဂ္ဂမှာ ဝင်အမှုထမ်းတော့ တစ်ရုံးတည်းသားတစ်ချို့မှာ ကွန်ပျူတာကို သုံးနေကြလေပြီ။ သူတို့ကို ကြည့်ပြီး ကျွန်တော်လည်း သုံးချင် လာသည်။ သို့နှင့် သူတို့ကို ဆရာတင်လိုက်၊ အရေးဆို ကယ်ပါဦး (help) ခလုတ်ကို နှိပ်လိုက်ဖြင့် ဆည်းပူးခဲ့ရာ ၁၉၈၉-၉၀ လောက်မှာ  ကွန်ပျူတာကို တော်တော် ရင်းနှီးကျွမ်းဝင်လာသည်။ ဆိုခဲ့သည့်အတိုင်း ၂၀ဝ၀ပြည့်နှစ်မှာတော့ အင်တာနက်နှင့် ရင်းနှီးရလေပြီ။

ပြောလိုသည်မှာ သတင်းအချက်အလက်နည်းပညာ၏ တိုးတက်မှုကိုပင် ဖြစ်သည်။ ၁၉၈၈မှ ၂၀ဝ၀ဆိုသော ၁၂နှစ်တာ ကာလအတွင်း ထိုနည်းပညာ၏ တိုးတက်မှုမှာ အလွန်မြန်ဆန်လှသည်။  ၂၀ဝ၀ပြည့်နှစ် နောက်ပိုင်း မြန်ဆန်မှုကား ဒရောသောပါး ပိုနိုင်လာပါသည်။

၂၀ဝ၀ပြည့်နှစ် ကျွန်တော်တို့ အင်တာနက် စတင်သုံးစွဲချိန်တွင် စာလောက်၊ ပုံလောက်ကိုသာ အင်တာနက်မှာ ကြည့်နိုင်သည်။ အဲဒီ့နောက် နှစ်နှစ်၊ သုံးနှစ်ပဲ ကြာလိုက်သည်၊ အသံတွေရော၊ ရုပ်ရှင်တွေပါ ကြည့်နိုင်သည့် ကြားခံ ဆက်သွယ်ရေး နည်းပေါင်းစုံ (multimedia) ဆိုတာက တွင်ကျယ်လာသည်။


၂၀ဝ၃ ခုနှစ်က မြန်မာပြည်မှာ အင်တာနက်ဆိုင်တွေ သိပ်မရှိသေး၊ သုံးစွဲသူလည်း မများသေး။ အခု ၂၀ဝ၉မှာတော့ ကလေးမြို့က လူငယ်လေးကလည်း ကျွန်တော့်ထံ အင်တာနက်မှတစ်ဆင့် လှမ်းဆက်သွယ်နေလေပြီ။ မြိုင်မြို့တို့၊ မိတ္ထီလာတို့ကလည်း ဆက်သွယ်နေကြလေပြီ။ အင်တာနက် သုံးစွဲသူ အင်အားကား အုံနှင့် ကျင်းနှင့်။


၂၀ဝ၇ခုနှစ်မှာ ကျွန်တော် နိုင်ငံခြားသွားမည်ဆိုတော့ ထွက်ခွာပုံစံ (departure form) ကို လူဝင်မှုကြီးကြပ်ရေးက အင်တာနက်မှတစ်ဆင့် ထုတ်ပေးနေလေပြီ။ နိုင်ငံတော် အစိုးရအဖွဲ့အစည်းများပင်လျှင် အင်တာနက်ကြီး၏ အဆင်ပြေ၊ လွယ်ကူ၊ ထိရောက်၊ မြန်ဆန်မှုကို အသုံးချနေလေပြီတကား။

၎။
တသွင်သွင်စီးဆင်းနေသော ရေအလျဉ်ကို လက်ဖြင့် ကာလို့ မရနိုင်သလို တမံ တုတ်လို့လည်း မရတော့ပါ။ အရှိန်အဟုန်က ပြင်းလွန်းသဖြင့် တမံဝေးစွ၊ တာပဲ ဖို့ဖို့၊ ဆည်ကြီးပဲ တင်းခံခံ အမှန်ကျော်လွှားသွားတော့မည့် နည်းပညာ ပေါက်ကွဲမှုကြီးပင် ဖြစ်သည်။

ထိုအခြေအနေမှာ ကိုယ်က ထိုနည်းပညာကို မျက်စိစုံမှိတ် ငြင်းပယ်မည့်အစား သူ့အားသာချက်များကို ချသုံးလျက် အမြတ်ထုတ်နိုင်မှ တန်ကာကျတော့မည်ဟု မြင်လာပါသည်။

ထိုအတွေးဖြင့် ဘလော့(ဂ်)ကိုလည်း ကျွန်တော် အမီလိုက်ရတော့မည်ဟု သဘောပေါက်လာသည်။

၅။
ဘလော့(ဂ်) ဆိုသည်မှာ ပင့်ကူအိမ် မှတ်တမ်း (web log)မှ ဆင်းသက်လာသော စကားလုံးဖြစ်ပါသည်။ အင်တာနက်ကွန်ရက်ကြီးကို ပင့်ကူအိမ်နှင့် တင်စားကြသည်။ ကမ္ဘာအနှံ့ဖြန့်ကျက်ထားသော ပင့်ကူအိမ် [worldwide web (ဝါ) www] တဲ့။

ထိုပင့်ကူအိမ်မှာ မှတ်တမ်းတင်ခြင်းကို weblog ၊ အတိုချုံ့လိုက်သောအခါ blog [ဘလော့(ဂ်)] ရယ်လို့ ဖြစ်လာပါတော့သည်။ မြန်မာစာအဖွဲ့က ထုတ်သော အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာမူ ထိုစာလုံးအတွက် အနက်ဖွင့်ချက် မပါရှိသေးပါ။ နောက်ဆုံးပေါ် Cambridge Advanced Learners Dictionary, 3rd Edition မှာတော့ ဘလော့(ဂ်)ကို a  diary   (= regular record of your thoughts, opinions and experiences)  that you put on the Internet for other people to read ဟု ဖွင့်ဆိုပါသည်။ “အခြားသူများ ဖတ်ရှုနိုင်ရန် အင်တာနက် ပေါ်သို့ တင်ထားသော နေ့စဉ်မှတ်တမ်း (ဆိုလိုသည်မှာ မိမိ၏အတွေးများ၊ အယူအဆများ၊ အတွေ့အကြုံများ၏ ပုံမှန် မှတ်တမ်း”ဟု ဆိုလျှင် ရမည်ထင်သည်။

မှန်ပါသည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှာ ဘလော့ဂါ [blogger (ဝါ) ပင့်ကူအိမ်မှတ်တမ်းရေးသူ]တွေ သန်းချီပြီး ရှိနေပါလေပြီ။ အကြောင်းအရာစုံ၊ လူပေါင်းစုံ။ ဘာသာစကားပေါင်းစုံ။  ကျွန်တော်တို့ ရွှေမြန်မာ ဘလော့ဂါတွေကိုက မနည်းမနော။ ပြည်တွင်းမှရော၊ ပြည်ပမှပါ အုံကျင်းနှင့် ရေးနေကြသည်။


တချို့က အပျော်သဘော၊ တချို့က မဟုတ်တမ်းတရားတွေ၊ တချို့က မရိုးဖြောင့်သော ရည်ရွယ်ချက်ဖြင့်၊ တချို့ကတော့လည်း လေးလေးနက်နက်။ တချို့က ဘာသာရေး၊ တချို့က ပညာရပ်၊ တချို့က နိုင်ငံရေး၊ တချို့က အလဇ္ဇီရှစ်သောင်း၊ တချို့က အတင်းအဖျင်း၊ တချို့က အဝါအကြွား။ အားလုံးက ကိုယ့်စိတ်ကူးနှင့်ကိုယ်။ အကန့်အသတ်မဲ့၊ အလွှတ်မဲ့၊ တပျော်တပါး။

တစ်မျိုးတော့လည်း ကောင်းသည်။ လူ့စရိုက်တွေက သည်နေရာမှာ ပေါ်လာသည်။ အကြောင်းအရာပေါင်းစုံကိုလည်း သန်ရာ သန်ရာ ရွေးချယ် ကြည့်ရှုနိုင်သည်။ ပြည်တွင်းမှ ဘလော့ဂါတစ်ဦးဆိုလျှင် ကဗျာလည်း အရေးကောင်းသည်၊ ကဗျာနှင့် စာအုပ် ဝေဖန်ချက်တွေကလည်း တော်တော်လေး အနှစ်အသားပါသည်။ စာရေးသူကောင်းတစ်ဦး ဖြစ်နိုင်မှန်း သိနေသဖြင့် သူ့ကို အားတိုင်း မြှောက်ပေး (ချောက်ချ)နေမိပါသည်။

သူငယ်နာ မစင်သူတွေလည်း တစ်ပုံတစ်ပင် တွေ့ရသည်။ ဘာပဲဖြစ်ဖြစ်၊ ကိုယ့်သဘောနှင့်ကိုယ်၊ ကိုယ့်ရင်ဘတ်ထဲ ရှိတာ၊ ကိုယ်ပြောချင်တာ၊ ကိုယ် ထင်ရာမြင်ရာကို ကိုယ်သန်သလို ပြောနေကြသူများကို ဘလော့ဂါဟု သညာပြုလျှင် လွန်အံ့မထင်ပါ။

ကျွန်တော်ကတော့ အဲဒါတွေကို သဘောကျနေသည်။ တားလို့လည်း မရနိုင်တော့သည့် နည်းပညာပေါက်ကွဲမှု ခေတ်ကြီးထဲမှာ ဟိုမှ သည်မှ အလျှိုလျှို ပေါ်နေသော ဘလော့ဂါများကို ကြည့်ရင်း ခေတ်၏ သဘောကို ဆင်ခြင်မိသည်။ ပွင့်လင်းခေတ်၊ နေ့ညမဆိုင်း အကုန်သိနိုင်သောခေတ်ကို ချင်းနင်း ဝင်ရောက်နေသော ပြယုဂ်ပေပဲဟု နားလည်လာရသည်။

အမှိုက်တွေ ပါနေတာ ဘယ့်နှယ့်လုပ်မတုံးဟု တချို့က မေးကောင်း မေးပါလိမ့်မည်။ ကျွန်တော့်စိတ်ထင်တော့ အရေးသိပ်မကြီးလှပါ။ အမှိုက်က အမှိုက်ပုံထဲ ရောက်သွားပါလိမ့်မည်။ ကျွန်တော်တို့ စာနယ်ဇင်းလောကမှာ တစ်လောဆီက အလျှိုလျှို ပေါ်လာသော ဂျာနယ်၊ မဂ္ဂဇင်းများလိုပင် ဖြစ်သွားပါလိမ့်မည်။ တချို့က တင်ကျန်ရစ်သည်။ တချို့ကား သက်ဆိုး မရှည်။ ပရိသတ်သည် အချဉ်မဟုတ် ဆိုတာကို ပြဆိုနေခြင်းပင်။

ပင့်ကူအိမ်မှတ်တမ်းဟု အနက်ရသော ဘလော့(ဂ်)တွေလည်း ထို့အတူပင် ဖြစ်ပါလိမ့်မည်။ တချို့ဘလော့(ဂ်)တွေဆို တစ်ခါဝင်ကြည့်ပြီးသည်နှင့် နောက်ထပ် ထပ်ကြည့်ချင်စိတ် ပျောက်သွားသည်။ စာရေးတာကလည်း ကမောက်ကမ၊ သတ်ပုံတွေ၊ ရေးထုံးတွေလည်း နေရာမကျ၊ အကြောင်းအရာကျပြန်တော့လည်း အတင်းအဖျင်းနှင့် ဝါကြွားတာက များနေမှန်း တစ်ခါကြည့်လိုက်ရုံနှင့် ထင်းနေသည်။ အဲတော့ အဲဒီ့ပင့်ကူအိမ်မှတ်တမ်းကို အချိန်ကုန်ခံပြီး နောက်ဝင်ကြည့်စရာ မလိုတော့ချေ။ တချို့ကျတော့လည်း သူငယ်နာမစင်သည့် အယူအဆတွေ တင်းကြမ်း။ အဲဒါလည်း တစ်ခါကြည့်ပြီးသည်နှင့် အော်ဂလီဆန်ကာ တစ်ဖန် ပြန်မလှည့်မိတော့ချေ။


အဲဒါတွေကိုမှ မက်မက်စက်စက် ကြည့်နေသူတွေလည်း ရှိသည်။ ဒါလည်း ပြဿနာမဟုတ်၊ အချိန်က အဆုံးအဖြတ်ပေးသွားမည်သာ၊ သည့်ထက် ကြီးကြီးကျယ်ကျယ် ပြောရလျှင် သမိုင်းက အဆုံးအဖြတ်ပေးသွားမည်သာပင်။ ကျွန်တော်တို့က ကြားချောင်က ဝင်ပြီး တောင်ပြော မြောက်ပြော လျှောက်ပြောနေလည်း ဟောရင်းသာ ပျံတော်မူရမည်မှာ အသေအချာပင်။

၆။
အဆိုပါ ပင့်ကူအိမ်မှတ်တမ်းပေါင်းများစွာကို အင်္ဂလိပ်ဘာသာဖြင့်ရော၊ မြန်မာ ဘာသာဖြင့်ပါ တော်တော်လေး ဖတ်ရှုပြီးသွားသည့် နောက်တွင် ကျွန်တော်တို့ မြန်မာစာပေနယ် လက်ဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းလေးများကို ကရုဏာသက်မိရသေးသည်။ ဘာတဲ့… အဆိပ်အတောက်တို့၊ မှိုင်းတိုက်တာတို့ ဘာညာ သာရကာတွေ တံဆိပ်ကပ်ကာ ဟိုစာဖြင့် မရှိသင့်ဘူး၊ သည်စာဖြင့် မရေးသင့်ဘူး စသဖြင့် တွင်တွင်အော်နေကြသူများပင် ဖြစ်သည်။

အဲဒီ့ ကိုကိုတွေ အင်တာနက်ထဲကို ပယ်ပယ်နယ်နယ် ဝင်ကြည့်စေချင်စမ်းလှသည်။ များများမဟုတ်၊ တစ်နေ့ကို ငါးနာရီနှုန်းလောက်ဖြင့် တစ်ပတ်လောက်ပဲ အချိန်ယူဖို့ လိုပါလိမ့်မည်။ သူတို့ပြောနေတာထက် ဆိုးရွားလှသော မရှိသင့်မရှိ ထိုက်သည့် အကြောင်းအရာများမှာ အင်တာနက်ကြီးပေါ်တွင် ရှိနေပါသည်။

လူဆိုတာက နုရာက ရင့်လာကြသူချည်းသာ။ ကျွန်တော်တို့လည်း ကာတွန်းတွေ၊ ဒဏ္ဍာရီတွေ၊ နတ်သမီးတွေ၊ သိကြားမင်းတွေနှင့် စာဖတ်ဝါသနာ ထုံလာရသည်။ ဆယ်ကျော်သက်မှာ အချစ် အသည်းကွဲ ဝတ္ထုတို/ရှည်တွေကို စွဲမက်ခဲ့သည်။ ဂမ္ဘီရတွေလည်း ဖတ်ခဲ့ကြပါသည်။ ယုတ်စွအဆုံး အလဇ္ဇီစာပေတွေလည်း မကျန်။
အဲဒါတွေက ကျွန်တော်တို့ရင်မှာ တင်မကျန်နေခဲ့ပါ။ သို့သော် ကျေးဇူးတင်တတ်မည်ဆိုလျှင် ထိုစာပေအထွေထွေကို ကျေးဇူးတင်ထိုက်ပါသည်။ ထိုစာများ၏ ကျေးဇူးကြောင့် စာဖတ်ခြင်း အလေ့လေး ထုံလာခြင်း မဟုတ်ပါလော။ ဘာပဲ ဖြစ်ဖြစ်၊ အသက်အရွယ် အနုအရင့်အလိုက် တက်ရသော လှေကားထစ်လေးများဟု ယူသော် ရနိုင်ပါသည်။

ထို့ကြောင့် ကျွန်တော့်သဘောအရမူ ဘယ်စာကိုမှ အပြစ်မတင်လိုပါ။ ဘယ်စာကိုမှ ကိုယ်နှင့် အယူအဆ မတူသဖြင့် ပစ်ပယ်ရန်လည်း မလှုံ့ဆော်လိုပါ။ စာဖတ်ခြင်းကို အားပေးရာတွင် ဘာမဆို ဖတ်ဟုသာ လူငယ်ထုတစ်ရပ်လုံးကို မောင်းခတ်လိုလှပါသည်။ ဘာမှ မဖတ်တာထက် စာလျှင် တစ်ခုခုကို ဖတ်ခြင်းကပင် စာဖတ်ခြင်း ဝါသနာ မျိုးစေ့ကို ပျိုးထောင်ခြင်း မည်ပါလိမ့်မည်။

နောက်ဆုံးတွင် အားလုံးက သူ့သဘော သူဆောင်သွားကြမည်သာလည်း ဖြစ်ပါသည်။

၇။
ပင့်ကူအိမ်မှတ်တမ်းများမှာလည်း ထို့အတူပင်ဖြစ်သည်။ သူ့သဘော သူဆောင်နေကြသလို သူ့လမ်း သူသွားကြပါလိမ့်မည်။

အဲ… ပင့်ကူအိမ်မှတ်တမ်းမှာ အခြား ပုံနှိပ်စာများနှင့် မတူသော အားသာချက်တစ်ခု ရှိနေသည်လည်း အမှန်။ ယင်းမှာ စာဖတ်သူက မိမိအမြင်၊ မိမိ သဘောထားကို ချက်ချင်း တုံ့ပြန်နိုင်သော အခွင့်အရေးရှိနေသလို မှတ်တမ်းရှင်ကလည်း ထိုတုံ့ပြန်ချက်များကို ချက်ချင်း သိနိုင်၊ ဖြေကြားနိုင်သော အခွင့်အရေးများ ရရှိနေခြင်း ဖြစ်သည်။ ရေးသူနှင့် ဖတ်သူကြားမှာ အပြန်အလှန် တုံ့လှယ် ဆက်ဆံနိုင်သော အားသာချက်ရှိနေသည်။ ပုံနှိပ်စာလို တစ်လမ်းသွား မဆန်လှတော့၊ နှစ်လမ်းသွား သဘော ဆောင်လာသည်။

သည်အခါမှာ ဆင်ခြင်တတ်သူဆိုလျှင် ဆင်ခြင်နိုင်သည်။ တစ်နည်းပြောလျှင် အများက ဝိုင်းဝန်းဆွေးနွေးမှုများကို ခံယူရသဖြင့် အများကြီး ဉာဏ်ပွင့်လာနိုင်ပါသည်။ စိတ်ကူးစိတ်သန်းအသစ်များ၊ အယူအဆသစ်များ ပွားများလာနိုင်ပါ သည်။ ယင်းကား ပင့်ကူအိမ်မှတ်တမ်း၏ အဓိက အားသာချက်ဖြစ်သည်။

၈။
ကျွန်တော်ကတော့ နည်းပညာစိန်ခေါ်မှုကို အံ့ဩမနေတော့ဘဲ ဝံ့ဝံ့ပင် ရင်ဆိုင်ချင်နေပါပြီ။ စာဖတ်သူ လူကြီးမင်းရော… ရင်သပ်နေသည့် ဘဝမှာ ရပ်နေလိုပါသလား၊ ဒါမှမဟုတ် မစွမ်းသာမှန်း သိလျက်နှင့် အတင်း ငြင်းပယ် ဆန့်ကျင် ကာဆီးလိုပါသလား။ ဒါမှမဟုတ်လည်း နင်လားဟဲ့ နည်းပညာဆိုသည့် စိတ်မျိုး မွေးလျက် ထိုစိန်ခေါ်ချက်ကို လက်သင့်ခံကာ သူ့ကို အသုံးချပြီး ကိုယ့်အတွက် မျက်မျက်ကလေး ဖြစ်လာအောင် ကြံဆောင်မည်လား။

လူတိုင်းသည် မိမိကြိုက်တာကို မိမိကြိုက်သလို ရွေးနိုင်ကြမည့်သူချည်းသာ ဖြစ်ပါသတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(စာပြီးရက် ဝ၈၀၉၀၉)

စာကြွင်း – သူတို့က web log ကို ပေါင်းချပြီး blog ဟု ဝေါဟာရသစ်ဖန်တီး လိုက်သလို ကျွန်တော်တို့ကလည်း အဆိုပါ ပင့်ကူအိမ်မှတ်တမ်းကို “ကူမှတ်တမ်း” ဟု ခေတ်နှင့်လျော်ညီသော ဝေါဟာရသစ်တစ်လုံး ဖန်တီးလိုက်လျင် ကောင်းလေမည်လားဆိုခြင်းကိုပါ ဝိုင်းဝန်းစဉ်းစားပေးတော်မူကြည့်ကြစေလိုလှပါသေးသည်။

————————-

(၂၀ဝ၉ ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် အတွဲ ၂ အမှတ် ၃၁ မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

Advertisements
7 Comments leave one →
  1. 29 October 2009 5:44 pm

    အို.. ဘလော့ဂါ အပေါင်းတို့…
    အွန်လိုင်း မြန်မာ့ စွယ်စုံကျမ်းတွင် ပင့်ကူအိမ်မှတ်တမ်းဟု အများသိထားသော “blog ကို ဘလော့ဂ်” ၊ blogger ကို ဘလော်ဂါ ဟိုဖေါ်ပြ သုံးနှုန်းသည်။ ယနေ့အခါဝယ် လေးစားထိုက်သော မြန်မာဘလော်ဂါတို့၏ ရပ်တည်ချက် လုပ်ဆောင်ချက်များကြောင့် ဘလော့ဂ်အား လူထုက လက်ခံယုံကြည်လာကြသည်။

    ယမန်နေ့က ဖတ်လိုက်ရသော ဘိုင်ဝိကလီး ဂျာနယ်တွင် သတင်းတပုဒ်ထူး၏။
    စာရေးဆရာ ဆူဒိုနင်က blog ခေါ် ပင့်ကူအိမ်မှတ်တမ်း ကို ခေတ်နှင့်အညီ “blog = ကူမှတ်တမ်း” ဟု မြန်မာမှုပြု ချင်သည်။
    ဆောင်းပါး အပြည့်စုံအား http://www.first-11.com/bdet.php?id=23 ဤ မှာ ဖတ်ကြကုန်လော့ ???
    မှတ်ချက်= ကျွန်တော်၏နားထဲတော့ ကြားရတာ တစ်မျိုးကြီးပင်။
    Posted by ဆန်းဝင်း at Wednesday, October 28, 2009

    Blogger တောင်ပေါ်သား said…

    ပြောတတ်ပါဘူး ငါ့ကအကိုရေ။ ဆရာကြီးတွေဆိုတော့ နာမည်တွေလဲ ပေးချင်တာပေးနေကြတာပါပဲ။ ဘာမှလဲ မထူးဘူး နာမည်တော့ ပေးတတ်တယ် တိုင်းပြည်အတွက်ကျတော့ မှန်တာမရေးရဲကြပြန်ဘူးး(

    လေးစားလျက်
    တောင်ပေါ်သား

    October 28, 2009 8:22 PM
    Blogger ညီညီ said…

    အစ်ကိုရေ. စာရေးသူပြောသလိုပေါ့ ရည်ရွယ်ချက်ပေါင်းစုံးနဲ့ ရေးကြတာဆိုတော့လည်း ဒါကရှင်းပါတယ်. ကိုယ်သန်ရာကိုယ်လုပ်ကြတာပါပဲ.။ ကျွန်တော်ကတော့ ကိုယ့်စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ရယ်. အပေါင်းအသင်းတွေနဲ့ ပျော်စရာလေးတွေဖြစ်ရတာရယ်. စာဖတ်ချင်တာရယ်. ဒါတွေကြောင့် ဘလော့ဂ် ထဲကိုဝင်ခဲ့တာပါ.။ အရင်ကတော့ ကျွန်တော်လိုက်ဖတ်တယ်. ပိုစ့်တွေကို ဖက်ပြီစိတ်ထဲမှာပဲ သူ့ကိုမှတ်ချက်ပေးလိုက်တယ်.။ နောက်တော့ ကိုယ်တိုင်ဝင်ပြောချင်လာတယ်.။ ကိုယ်တိုင်ဝင်ပြောချင်လာတဲ့အချိန်မှာ ကျွန်တော်ဟာ ကိုယ့်ထင်မြင်ယူဆချက်ကို အမှောင်ထဲကနေမပြောချင်ဘူး.။ ကိုယ်တိုင်မလုပ်ပဲနဲ့လည်း အာမချောင်ချင်ဘူး အဲဒါတွေစုပေါင်းပြီး ဘလော့ဂ်တစ်ခု ရေးဘို့ ဆုံးဖြတ်ပြီး ဘလော့ဂ်ထဲကို ၀င်လာခဲ့တယ်.။ ဘာပဲဖြစ်ဖြစ် ကောင်းရာကို ဦးတည်ပြီးလုပ်တဲ့သူက ကောင်းတဲ့နေရာကို တရွေ့ရွေ့ရောက်မယ်လို့ယုံကြည်ပါတယ်.။

    ခင်မင်လေးစားလျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    October 28, 2009 9:27 PM

    Anonymous said…

    ပထမဆုံးအချက် BiWeekly ထဲက ကျွန်တော့် “ဆောင်းပါး”ဟာ “သတင်းတစ်ပုဒ်”မဟုတ်တာ သိပ်ကို သေချာလှပါတယ် ခင်ဗျား။

    ဒုတိယအချက် UN ကို ကုလသမဂ္ဂ၊ YMCA ကို ခရစ်ယာန်ကလျာဏယုဝအသင်း၊ Movies ကို ရုပ်ရှင်၊ Commonwealth ကို ဓနသဟာယ၊ fluroscent lamp ကို မီးချောင်း အစရှိသဖြင့် ပြန်ဆိုခဲ့ကြတဲ့ မြန်မာစာကို လေးစားတန်ဖိုးထားသူ ရှေ့ရှေ့က မြန်မာဆရာကြီးတွေကို လေးစားသောအားဖြင့် အလွယ်လမ်းကို မလိုက်ဘဲ မြန်မာမှုပြုဖို့ မခက်လှတာကို မြန်မာမှု ပြုဖို့ အကြံပြုမိတာဟာ အပြစ်တစ်ခုဆိုရင် အဲဒီ့အပြစ်ကို ကျွန်တော် ကျေနပ်စွာ ခံယူပါ့မယ်။

    တတိယအချက် အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် သုံးစွဲကြသူများရဲ့ နားမှာလည်း blog ဆိုတဲ့ ဝေါဟာရဟာ ကြားစမှာ “တစ်မျိုးကြီးပဲ”ဖြစ်နေမှာလည်း အင်မတန်သေချာပါတယ်ခင်ဗျာ။

    နောက်ဆုံးအချက် တောင်ပေါ်သားဆရာရေ… ကျွန်တော်တို့ဟာ ပြည်တွင်းမှာ မှီတင်းနေထိုင်နေကြသူများဆိုတာ ဆရာ မမေ့သင့်ဘူးထင်ပါတယ်ခင်ဗျာ။ ရောမမှာ ရောမသားလို ကျင့်ကြံနေထိုင်နေတဲ့အတွက် “နာမည်တော့ ပေးတတ်တယ်၊ ဘာမှ မထူးဘူး”လို့ အပြစ်တင်မယ်ဆိုရင်လည်း ကျွန်တော် ခံပါ့မယ်။ ကျွန်တော့်သမိုင်းကို ကျွန်တော်ပဲ ရေးရမှာပါခင်ဗျာ။

    October 29, 2009 7:11 PM

    • lettwebaw permalink
      29 October 2009 5:53 pm

      သူများ ဘလော့(ဂ်)မှာ comment သိပ်မရေးဖူးတာမို့ anonymous ဖြစ်သွားခဲ့ရပါတယ်။ အမှန်က ကျွန်တော့်နာမည်ကို ထည့်ဖို့ပါ။ ဒါ့ကြောင့် အဲဒီ့ ဆရာဆန်းဝင်း(ကျောက်ပန်းတောင်း)ရဲ့ ဘလော့(ဂ်)မှာ open id လို့ ပေးပြီး publish လုပ်လိုက်တာ၊ anonymous ဆိုပြီး ပေါ်သွားတယ်။ အမှန်က ကျွန်တော် ဆူဒိုနင်ကိုယ်တိုင် နောက်ဆုံး comment ကို ရေးခဲ့တာပါခင်ဗျား။

  2. 30 October 2009 12:48 am

    ဆရာရေးထားတာ သိပ်ကောင်းပါတယ်။
    အမှိုက်က အမှိုက်ပုံရောက်သွားမယ် ဆိုပေမယ့် ကျမစဉ်းစားမိတာက … ဆရာ့လိုပဲ ဂျာနယ်တွေ မဂ္ဂဇင်းတွေနဲ့ ဥပမာပေးရရင် …
    ဂျာနယ်တွေ မှိုလိုပေါက်ထွက်လာပေမဲ့ တကယ်ကောင်းတဲ့ ဂျာနယ် မဂ္ဂဇင်းတွေက စီးပွါးရေးအရ မအောင်မြင်တော့ ရပ်လိုက်ကြရတယ်။ တချို့လည်း မရပ်ပေမဲ့ လှုပ်လီလှုပ်လဲ့ သွားနေရတယ်။
    ပေါ်ပင်ဂျာနယ်တွေ မဂ္ဂဇင်းတွေကတော့ ပန်းပန်လျက်ပဲ။ မဂ္ဂဇင်းတွေဆို ဖတ်ကြည့်ရင် စာမျက်နှာတွေသာ ထူနေတယ် ဖတ်စရာ အကြောင်းအရာက မယ်မယ်ရရ မရှိဘူး။
    မြန်မာစာနယ်ဇင်းလောကမှာ အဲဒီလို ဖြစ်နေသလို မြန်မာဘလော့လောကမှာလဲ အဲဒီလိုများဖြစ်နေသလား တွေးမိပါတယ် … ။ ခေတ်ကိုက ဒီအတိုင်းဆိုတော့လည်း မတတ်နိုင်ဘူးပေါ့ ဆရာရယ်။

    နာမည်နဲ့ ပတ်သက်လို့ ပြောရရင်တော့ ပင့်မှတ်တမ်းဆို ပိုမကောင်းဘူးလား ဆရာ။ တယောက်နဲ့တယောက် ပင့်နေကြတာ များနေသလားလို့ပါ။ 🙂
    break time မှာ ခဏ လာဖတ်တာ ဆရာရေ။ မိနစ် ၂၀ တောင် အချိန်ကုန်သွားတယ်။ ဆရာ့ဆောင်းပါး ဖတ်တာက သိပ်မကြာဘူး။ ဟိုလင့်ခ် ဒီလင့်ခ် ၀င်ကြည့်နေမိလို့။

    • lettwebaw permalink
      30 October 2009 10:31 am

      ကောင်းလိုက်တာ။ “ပင့်မှတ်တမ်း”။ အလွန်မိုက်တယ်။ ကျွန်တော့် ကူမှတ်တမ်းက ထောင့်သလိုဖြစ်နေပေမယ့် “ပင့်မှတ်တမ်း”က ပိုချောသွားတယ်။ ကျေးဇူးပါ ခင်ဗျာ။

  3. 2 November 2009 11:56 pm

    ဆရာ… ကူမှတ်တမ်းဆိုတာ ခေါ်လို့မကောင်းပေမဲ့ ဆရာရဲ့ မြန်မာစာလုံးရွေးသုံးတဲ့ စိတ်ဓာတ်ကို ရှစ်တန်းကိုးတန်းလောက်ကတည်းက လေးစားခဲ့တာပါ။ ဘယ်သူတွေ ဘယ်လိုထင်ထင် နေ့အိပ်မက်က မြန်မာစာကိုချစ်တယ်။ ဒီတော့ ဒီလိုဘာသာပြန်တတ်တဲ့ ဆရာ့ရဲ့အကျင့်ကို အမြဲတစေလေးစားနေမယ့်အကြောင်း လာပြောတာပါ။ ဘယ်သူဘယ်လိုဝေဖန်ဖန် နောက်ထပ်စာလုံးတွေ ဘာသာပြန်ပေးပါဦးဆရာ။ မြန်မာတွေကသာ အပျင်းထူပြီး နိုင်ငံခြားစကားလုံးတွေကို ဒီအတိုင်းယူသုံးနေကြတာ.. (အကြောင်းပြချက်ကတော့ ဒီတိုင်းသုံးလည်းနားလည်လို့၊ မြန်မာလိုသုံးရတာ ရှုပ်လို့ စသဖြင့်ပေါ့လေ) တကယ်က စစသုံးချင်းကတည်းက ဘာသာပြန်ခဲ့ရင် ဘာပြဿနာမှရှိမှာမဟုတ်တော့ဘူး.. ရှေးရှေးမြန်မာတွေက air con၊ tv၊ spactacles၊ film အဲလိုစာလုံးတွေကို လှလှပပ ဘာသာပြန်ပေးခဲ့ကြတာကို အခန့်သား ထိုင်သုံးနေကြပြီး ကိုယ့်အလှည့်ကျ ကိုယ်မလုပ်နိုင်တဲ့အပြင် သူများကိုပါ ဆန့်ကျင်နေတတ်ကြတယ်။ ဒါကြောင့်လည်း မြန်မာစာရဲ့ရှေ့ရေးက ရင်လေးစရာလိုလိုဖြစ်နေပြီလား မသိပါဘူး။ နောက်အနှစ်ငါးရာလောက်များနေရင် မြန်မာစာလုံးစစ်စစ်ရော ရှိပါ့ဦးမလားမသိ။

    • 2 November 2009 11:56 pm

      မေ့လို့.. တစ်ယောက်ကပြောတယ်.. blog ကို ကွန်လွှာလို့ ခေါ်ရင် ပိုမကောင်းဘူးလားတဲ့။ နေ့အိပ်မက်တော့ သဘောကျတယ်။ ဆရာရော ဘယ်လိုထင်လဲ။

  4. pyaesone permalink
    4 December 2009 10:47 pm

    “ကူမှတ်တမ်း”ဆိုလို့ ဘာကြီးတုန်းဟ…အသစ်အဆန်းပါလားဆိုပြီး အလောတကြီးဝင်ဖတ်မိပါကြောင်း……
    မြန်မာမှု ပြုတာလည်းပြုပေါ့ ဆရာရယ်….ဓာတ်ချောစာလို့ပြောတုန်းကတော့ ချက်ချင်းသိသား…
    အခုဟာက ဖတ်ကြည့်တာတောင် သဘောမတူချင်ဘူး…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: