Skip to content

On Plagiarism

30 October 2009

Jumpingဆရာနွမ်ဂျာသိုင်းရဲ့ နာမည်ကျော် “တစ်ခါတုန်းက တက္ကသိုလ်မှာ”ဆိုတဲ့ ၀တ္ထုခေါင်းစဉ်နဲ့ပဲ မကြာသေးခင်က စာရေးဆရာ “မျိုးကိုမျိုး”က ၀တ္ထုတစ်ပုဒ် ထုတ်လာပါတယ်။ သည်ကိစ္စကို ဆရာနွမ်ဂျာသိုင်းက လျှပ်တစ်ပြက်ဂျာနယ်မှာ ကန့်ကွက်စာရေးတယ်။ ဒါကို တစ်ဖက်က မကျေမလည် တုံ့ပြန်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး Weekly Eleven Journal မှာ အသားပေး သတင်းဆောင်းပါးအဖြစ် တင်ဆက်ရာမှာ ထည့်သွင်းဖို့အတွက် ကျွန်တော့်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ (ဆရာအထောက်တော်လှအောင်ရဲ့ စကားကို ငှားပြောရရင်) အကြောင်းကြောင်းသော အကြောင်းများကို အကြောင်းပြုပြီး သကာလ ကျွန်တော်ပြောဆိုခဲ့တာတွေထဲက တချို့က ပြန်လည် ပုံနှိပ်ဖော်ပြရာမှာ ပါမလာပါဘူး။ ကျွန်တော့်ကို အင်တာနက် တွတ်ထိုးခန်းကနေ မေးမြန်းခဲ့တာမို့ အဲဒီ့ အမေးအဖြေကို ကျွန်တော် ကူးယူထားနိုင်ခဲ့ပါတယ်။ အခု အဲဒီ့အမေးအဖြေလေးကို ပြန်လည် တင်ဆက်လိုက်ပါတယ်ခင်ဗျား။ မေးသူက Eleven Media Group က အကြီးတန်းသတင်းထောက် ဆရာနေထွန်းနိုင် ဖြစ်ပါတယ်။

နွမ်ဂျာသိုင်းနဲ့ မျိုးကိုမျိုးရဲ့ ဖြစ်ရပ်အပေါ် ဆရာ့အနေနဲ့ ဘယ်လိုယူဆမိပါသလဲခင်ဗျ။
နာမည်တွေကို ဖယ်ပြီး ပြောရအောင်ဗျာ။ ကနေ့လူငယ် အများစုဟာ နီတိကို မသင်ခဲ့ရတော့ မိကောင်း ဖခင် သားသမီးတွေ မဟုတ်ရှာကြတော့ဘူး ဖြစ်နေပါတယ်။ လုပ်သင့်မှန်း၊ မလုပ်သင့်မှန်း၊ ပြောသင့်မှန်း၊ မပြောသင့်မှန်း မသိဘဲ ငါတကော ကောနေတာ လူငယ်အများစု ဖြစ်နေပါတယ်။ အဲဒီ့ လူငယ်ဆိုရာမှာ ၂၀မှသည် ၄၀တန်း အထိ ပါတယ်နော်။

နာမည် ယူသုံးတယ်ဆိုတဲ့ ဖြစ်ရပ်မှာ သိလို့ ယူသုံးတာ ဖြစ်နိုင်သလို မသိလို့ ယူသုံးတာ ဖြစ်နိုင်ပါတယ်။ မသိဘဲ သုံးတဲ့အခါ ပိုင်ရှင် သိရင် ပြန်တောင်းပန်တာက အကောင်းဆုံးအဖြေ ဖြစ်တယ်လို့ ယူဆပါတယ်။ သည်နေရာမှာ ရိုးသားမှုဆိုတဲ့ စကားအပေါ် သည်ဖြစ်စဉ်နဲ့ ယှဉ်ပြီး သုံးသပ်ပေးနိုင်မလား ဆရာ။

ကျွန်တော် ဖြစ်ဖူးတယ်။ မသိဘဲ ယူသုံးတာ မဟုတ်ဘဲ သိသိကြီးမှန်း ပတ်ဝန်းကျင် သက်သေ အထောက်အထားများအရ ထင်ရှားနေတဲ့ နာမည်ယူသုံးမှုကိစ္စ။

မဂ္ဂဇင်းတစ်စောင်မှာ ကျွန်တော်က “သားဆက်ခြားခြင်းဆိုင်ရာ နည်းပညာ အဖြာဖြာ”ဆိုပြီး အခန်းဆက် ရေးနေတယ်။ အဲဒီ့ မဂ္ဂဇင်းမှာ ကျွန်တော့်လိုပဲ လစဉ် ပင်တိုင်ရေးနေတဲ့ မဟာပညာကျော် တစ်ယောက်က ကျွန်တော့်အခန်းဆက် မပြီးခင်မှာ စာအုပ် ထုတ်ချလိုက်တယ်။ “သားဆက်ခြားနည်း အဖြာဖြာ”တဲ့။ ကျွန်တော့်ဟာ ယူသုံးတာ အထင်အရှားပဲ။ သူ လုပ်ပေါင်း များနေပြီ။ ကျွန်တော်ပေးတဲ့ နာမည်တွေနဲ့ မနီးရိုးစွဲ လုပ်တဲ့အပြင် သားဆက်ခြားနည်း အဖြာဖြာမှာ ကျွန်တော့် “မီးငယ်တို့ အသိကြွယ်ဖို့”မှာ သမီးကို တိုင်တည်ပြီး ရေးသကဲ့သို့ သူကလည်း သမီး (မဘယ်သူ)ရေဆိုပြီး ကျိတ်တာအထိ ခံဖူးတယ်။ နာမည်တွေ မနီးရိုးစွဲ ကူးချနေတာလည်း သိပ်များလာတယ်။ ဒါနဲ့ သူ့ ထုတ်ဝေသူကို ပြောလိုက်ရတယ်။ အဲဒီ့ပုဂ္ဂိုလ်ကို ပြောလိုက်ပါ။ လူပုံအလယ်မှာ ကျွန်တော် တွယ်တော့မယ်လို့။ သူရ လာတဲ့ အေဘီစီဒီ အီးအက်(ဖှ်)ဂျီ ဘွဲ့အလီလီကပါ ဘေးက အတန်းဖော် စာဖြေဖက်ဆီက ကူးချပြီး ရခဲ့တာလားလို့ ကျုပ်မေးမှာလို့ ပြောလိုက်တော့မှ ရပ်တန်းက ရပ်သွားတယ်။


အဲ… ကျွန်တော်နဲ့ လူချင်း တကယ်ဆုံတော့ စပါးရော ဖွဲရောနဲ့ “ဟဲ… ဟဲ… ကျွန်တော်က ဆရာ့ အမာခံ ပရိသတ်ပါ” ဘာ ညာလို့ ကျွန်တော့်ကို ပြောသွားတာက လွဲပြီး တောင်းပန်စကားတော့ တစ်လုံးမှ ဆိုမသွားပါဘူးခင်ဗျား။

အဲဒါ ကနေ့ခေတ် ပုဂ္ဂိုလ်ကျော်များရဲ့ အားနည်းချက်ပါ။ သူတို့ကို အပြစ်မတင်ချင်ပါဘူး။ သူတို့ကို ဒါမျိုးတွေ သင်မပေးခဲ့ကြတဲ့ သူတို့မိဘတွေကိုသာ အပြစ်တင်ချင်ပါတယ် ခင်ဗျား။
စာရေးသူတွေမှာ ရိုးသားမှုရှိဖို့ လိုအပ်ပါသလား ဆရာ။ ဆိုလိုတာက သူများဟာ ယူသုံးတာကိုတောင်မှ ပိုင်ရှင်ကို တောင်းပန်တာမျိုး၊ မှားသွားတဲ့အကြောင်း ပြောတာမျိုး မလုပ်နိုင်တဲ့သူတွေဟာ သူတို့ရေးတဲ့ စာတွေ ဖတ်မယ့် ပရိသတ်ကို ဘယ်လို မျက်နှာပြကြမလဲဆိုတာပါ သည်အပေါ်မှာ ဆရာ ဘယ်လိုမြင်မိပါသလဲခင်ဗျာ။

စာရေးသူမှ မဟုတ်ပါဘူး။ လူတိုင်း ရိုးသားကြရင်တော့ အကောင်းဆုံးပါပဲ။ အဖေ တစ်ယောက်၊ အမေတစ်ယောက်၊ အစ်ကို တစ်ယောက်၊ အစ်မတစ်ယောက်နေရာမှာ နေနေရသူက အစ ရိုးသားဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်ညီ၊ ကိုယ့်မောင်၊ ကိုယ့်နှမ၊ ကိုယ့်ညီမဆိုတဲ့ မျိုးဆက်သစ်အတွက် လမ်းကောင်းပြပေးနိုင်တဲ့ မျိုးဆက်ဟောင်းဖြစ်မှာပါ။

နွမ်ဂျာသိုင်းက သူ့စာအုပ်ခေါင်းစဉ်ကို ယူသုံးတာဟာ မျိုးကိုမျိုးအနေနဲ့ မလုပ်သင့်ဘူး ဆိုတာပြောပါတယ်။ သည်အခါမှာ မျိုးကိုမျိုးဘက်က သုံးချင်သုံးမှာပဲ၊ နွမ်ဂျာသိုင်းခေတ် မရှိတော့ဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ကျန်ခဲ့ပြီ။ ရေးထားတာတွေကလည်း တွေ့ကြိုက်ကွဲညားတွေပဲ။ သည်တော့ ယူသုံးတာ ဘာဖြစ်သလဲဆိုတဲ့ တုံ့ပြန်မှုမျိုး ဆိုလာပါတယ်။ သည်အပေါ်မှာ ဆရာ ဘယ်လို မြင်မိပါသလဲခင်ဗျာ။

အဲဒီ့စကားကတော့ လူကြီးလူကောင်း မဆန်ဘူးလို့ ခံစားရပါတယ်။ “ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့”တို့၊ “သုဘာသိတ၀ါစာ”တို့ကိုသာ လူကြီးသူမတွေက သင်ပေးထားတာကို နာယူထားသူသာဆိုရင်တော့ သည်လို စကားမျိုးကို တော်တော်တန်တန် ပြောဖြစ်လိမ့်မယ် မထင်ဘူးဗျာ။

Advertisements
7 Comments leave one →
  1. နေထွန်းနိုင် permalink
    30 October 2009 1:29 pm

    ကိုယ့်ဆရာကတော့ ကိုယ့်ဆရာပါပဲ…

    အခုတလော အမျိုးသမီး စာအုပ်ထုတ်ဝေသူတွေက လမ်းတွေ့ရင် ရိုက်မယ်ပြောလို့ ရှောင်နေကာမှ မျိုးကိုမျိုး လာရိုက်အောင် လုပ်ပြန်ပြီ… ဟေး… ဟေး…

    သို့ကလိုဆိုပေမယ့် ကျွန်တော့်ခေါင်း သံခမောက် ဆောင်းထားပြီး သံချပ်ထည် ၀တ်ထားတာမို့ (ကထိန်လှည့်ရင် ၀င် ကဖို့ပါ) အမှန်တရားကို ခပ်ဆဆလုပ်ရင်း
    ကြံရည်ဖန်ရည်ကောင်းအောင် လမ်းထိပ်နားမှာ ကြံရည်သောက်နေပါတယ်ဗျာ…

    ရာသီဥတုက တယ်ပူတာကိုးဗျ… 😀

  2. မမိုး permalink
    30 October 2009 4:48 pm

    ဆရာပြောတာတွေ ကောင်းတယ်။ ကျမတော့ ထောက်ခံတယ်။

    နွမ်ဂျာသိုင်းက ကျမတို့ခပ်ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ စာရေးဆရာတစ်ဦးပါ။

    ဘာပဲပြောပြော ကိုယ်ကလည်း ယူသုံးပြီးပြီပဲ။ တောင်းပန်သင့်တာပေါ့လေ။ သူများ ချစ်ကြိုက်ညားကွဲ ရေးတာသာ ခနိုးခနဲ့ ပြောနေတာ။ သူကိုယ်တိုင် ဖတ်ဖူးလို့ ချစ်ကြိုက်ညားကွဲမှန်း သိတာပေါ့။ သိလို့ကြိုက်လို့တောင် ဒီခေါင်းစီး ယူသုံးတာပေါ့…

    မဖတ်ဖူးရင်လဲ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ကိုယ်သေချာဂဃနဏ မဖတ်ဖူးဘဲ ရမ်းပြောတာတော့ ဘယ်ကောင်းပါ့မလဲ။ နွမ်ဂျာသိုင်းနေရာမှာ သူဆိုရင်ကော ဘယ်လို ခံစားပြီး၊ ဘယ်လို စကားပြောမလဲ။

  3. hotsparton permalink
    30 October 2009 5:30 pm

    in this way, our myanmar literacy world has a way to become better n better….! :s

  4. 4 November 2009 7:56 pm

    အော် အံ့သြစရာပါလား
    မျိုးကိုမျိုး ဆိုတာ တခါမှ မဖတ်ဖူးဘူး။ တော်သေးတယ်။
    ဒါပေမဲ့ ကြုံရင်တော့ ဖတ်ကြည့်ဦးမှ။ ဘယ်လိုဟာမျိုးလဲ သိရအောင်။

  5. ko hein permalink
    4 November 2009 8:44 pm

    “ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့”တို့၊ “သုဘာသိတ၀ါစာ”တို့ကိုသာ လူကြီးသူမတွေက သင်ပေးထားတာကို နာယူထားသူသာဆိုရင်တော့ သည်လို စကားမျိုးကို တော်တော်တန်တန် ပြောဖြစ်လိမ့်မယ် မထင်ဘူးဗျာ

    I like these words. I agree with you.

  6. Thin Thin permalink
    8 November 2009 6:22 pm

    I wonder whether you have given acknowledgment towards the English version of self-improvement books that you used to gather information from, to write your non-fiction books. Whenever an author makes use of an idea or opinion or expert knowledge from someone else, the reference must be done.

    Otherwise, it will be as good as plagiarism.

    • lettwebaw permalink
      8 November 2009 6:45 pm

      Very good point. But the big question comes first? Have you ever read any of my non-fiction books or articles on self-improvement. I usually include necessary references. The best example is even on this blog, you may find the name of the cartoonist at the bottom of every reproduction of my non-fiction travelogue titled “Just Can’t Be A Bumpkin, My Darling.” I forgot to mention the origin of the title when the book was first published, but I am going to give credit to the singer of the song from which my title originated in my next travelogue because I do not know who the songwriter was. There are also many articles on this blog, somewhat like a piece on Sidney Poitier, and they are, of course, not my original stories, and hence please find respective references in them, too.

      Thank you for the comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: