Can Asians Think? (Full Text)

လူလူချင်းတကယ့်ကို ခွဲခြားမှုမရှိဘဲ တန်းတူထားတဲ့ အနေအထားမျိုးဆိုတာကတော့ လူတစ်ဦးချင်းစီအနေနဲ့ သူ့ရဲ့မွေးဖွားကြီးပြင်းပုံ၊ အဆက်အသွယ်နဲ့ လူမျိုးရေး အခြေခံတွေကို ဂရုစိုက်နေစရာ မလိုဘဲ သူ့ရဲ့ပင်ကို အရည်အချင်း အစွမ်းအစတွေအပေါ်မှာ အခြေခံပြီး ရှင်သန်အောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေ အပြည့်ရှိနေတဲ့ အနေအထားကို ခေါ်တာပါ။

“အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ကို အပြည့်အစုံ ဖြည့်စွက်လိုက်ပါပြီ။ ဆက်လက်ဖတ်ရှု ဆင်ခြင်တော်မူကြပါကုန်။

Can Asians Think? (Continued)

အခုရက်ပိုင်းအတွင်းမှာ တော်တော် မအားဘူးဆိုတာထက် အဆတစ်ထောင် ပိုလို့ မအားနိုင်အောင် ဖြစ်နေတဲ့အတွက် ပို့(စ်)အသစ် မတင်နိုင်ခဲ့ပါဘူး။ အခုလည်း မအားတဲ့ ကြားက လှစ်ခနဲ လှည့်လို့ရတဲ့ အချိန်တိုလေးအတွင်းမှာ “အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ကို ဆက်လက် ဖြည့်စွက်ပေးထားလိုက်ပါတယ်။ စာမျက်နှာ အသစ်မှာ ကြည့်ဖို့ မလိုပါဘူး။ ရှေ့က တင်ထားခဲ့တဲ့ စာမျက်နှာမှာ ဆက်ဖတ်ရုံပါပဲ။ ညာဘက်ကော်လံက ဝေေ၀ဆာဆာ ဖတ်စရာ ခေါင်းစဉ်အောက်က Can Asians Think? (Part 1) ကိုသာ ပြန်ခေါ်ပြီး ဆက်လက်ဖတ်ရှုတော်မူနိုင်ကြကြောင်းပါ။

A New Page: Can Asians Think (Part 1)

“အာရှသားတွေ စဉ်းစားတတ်ကဲ့လား”ဆိုတဲ့ မစ္စတာ ခီရှိုး(ရ်) မာဘူဘာနီရဲ့ အက်ဆေး ပထမပိုင်းကို page အဖြစ် တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးတော့ မဟုတ်တာကို ကြိုတင် အစီရင်ခံလိုပါတယ်။ လေးလေးနက်နက် စဉ်းစားလိုသူများဆိုရင်တော့ စဉ်းစားစရာတွေ အများအပြား ပေါ်ထွက်လာတန်ကောင်းရဲ့လို့ မျှော်လင့်မိပါတယ်။ ညာဘက်က ဝေေ၀ဆာဆာ ဖတ်စရာ ဆိုတဲ့ ခေါင်းစဉ်အောက်က Can Asians Think (Part 1) ဆိုတာလေးကို မြားနဲ့ပြပြီး click လုပ်လိုက်ရင် ဖတ်နိုင်ကြပါလိမ့်မယ်။

သူ့စာမူကို မြန်မာလို ဘာသာပြန်ထားတာ မစ္စတာ မာဘူဘာနီ သိပါတယ်။ အသေးစိတ်ကို အဲဒီ့စာမျက်နှာရဲ့ အဆုံးက မစ္စတာမာဘူဘာနီ့ ကိုယ်ရေးရာဇ၀င်အောက်မှာ ဖတ်ရှုနိုင်ကြပါလိမ့်မယ်။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၄၁၁၀၉)

My Personal Conviction

သဘောထား

ကျွန်တော့်စာတွေ ဖတ်လေသူများ

အတွေးပွားမူ ရေးသူကျွန်တော်

ရေးရပျော်ပြီ လူဇော်မလုပ်

ကြိုးကုပ်လျက်သာ တင်ဆက်ပါသည်

ဉာဏ်လွှာခြုံသိုင်း စိတ်တိုင်းလည်းကျ

တွေးဆ ဆင်ခြင် ကြည့်နိုင်စေ….

လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေသမျှ ကျွန်တော့်စာအုပ်တိုင်းရဲ့ အဖွင့်စာမျက်နှာမှာ ပါရှိတဲ့ ကဗျာလေးပါ။ အဲဒီ့ကဗျာလေးနဲ့ ဖွင့်ထားတဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ “နီတျာတျာ ငှက်ပြာလေးနဲ့ မိုင်ပေါင်းများစွာ” ထွက်လာတဲ့အခါ စာအုပ်ကို လှန်ကြည့်ပြီး အဲတုန်းက ၁၃ နှစ်သာ ရှိသေးသူ ကျွန်တော့်သမီးက “ဟင်း… တက္ကသိုလ် ဘုန်းနိုင်ဆီက ကူးချထားတာ”လို့ သြဘာပေးပါတယ်။

ဟုတ်ပါတယ်။ သမီး ပြောတာ မှန်ပါတယ်။ ကျွန်တော့်အပေါ် သြဇာ လွှမ်းမိုးမှု အပြည့်အ၀ ရှိတဲ့ စာရေးဆရာများအနက်မှာ ဆရာ ဘုန်းနိုင်ကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ပြောရရင် ဆရာဘုန်းနိုင်က ကျွန်တော့် မြင်ဆရာတစ်ဦးပါ။ ဆရာ့ကြောင့် စိတ်ပညာကို စိတ်ဝင်စားခဲ့ရတာမို့ သက်ရှိ ထင်ရှား ရှိစဉ်က လူချင်း တစ်ခါဆို တစ်ခါမှ ဆုံဖူးခွင့် မရလိုက်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်တစ်ဦးဆိုလည်း မမှားပါဘူး။

ဆရာ့စာအုပ်တွေရဲ့ အဖွင့်မှာ “အဓိဋ္ဌာန်”ဆိုတဲ့ ခေါင်းစဉ်နဲ့ “ငါ့စာဖတ်၍ မမြတ်တိုင်စေ၊ မရှုံးစေသား”အစချီ ကဗျာလေးတစ်ပုဒ်က အမြဲပါပါတယ်။ အဲဒါကို အတုယူပြီး ကျွန်တော့်စာအုပ်ကလေးတွေရဲ့ အဖွင့်မှာလည်း အထက်က ကဗျာလေးကို ရေးဖြစ်ခဲ့တာပါ။ သမီး ပြောသလိုဆိုရင် ကူးချတာ၊ ကျွန်တော့်စကားနဲ့ဆိုရင်တော့ အတုခိုးတာ ဖြစ်ပါတယ်။

အဲဒါဟာ ကျွန်တော့် သဘောထား အစစ်အမှန်ပါ။

ကဗျာထဲကအတိုင်းပဲ ကျွန်တော်က တွေးစရာတွေကို ချပြပေးရုံသက်သက် ဖြစ်ပါတယ်။ ကျွန်တော့်စာဖတ်ပြီး တွေးကြည့်ကြစေချင်တယ်၊ ဆရာ “ကိုတာ” ပြောဖူးသလို “တခြားတစ်ဖက်မှ ဆင်ခြင်ကြည့်”စေချင်တယ်၊ သည်လောက်ပါပဲ။

မဂ္ဂဇင်း ဂျာနယ်တွေမှာ ရေးဖြစ်ခဲ့သမျှ ကျွန်တော့်စာတိုင်းရဲ့ အဆုံးမှာလည်း “အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ”ဆိုတဲ့ ဆုတောင်းလေးနဲ့ အမြဲ အဆုံးသတ်တာကို စာဖတ်သူ လူကြီးမင်းများ သတိထားမိကြမှာပါ။ တစ်လောဆီက အလင်းတန်းဂျာနယ်မှာ မန္တလေးက စာရေးဆရာတစ်ဦးက “အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်တောင် ရေးသားခဲ့ဖူးပါသေးတယ်။ [အဲဒီ့ခေါင်းစဉ်ကို သုံးဖို့ အလင်းတန်း စာတည်းအဖွဲ့က ကျွန်တော့်ဆီက ခွင့်ပြုချက် လှမ်းတောင်းပါတယ်။ ဘုံပိုင် ဝေါဟာရများဖြစ်နေလင့်ကစား ကျွန်တော်က ဆယ်နှစ်ကျော် အစဉ်တစိုက် သုံးခဲ့တာမို့ ကျွန်တော့်လက်သုံးအဖြစ် တွင်ကျယ်နေတဲ့ ဆုတောင်းကို ဆောင်းပါး ခေါင်းစဉ်အဖြစ် သုံးသင့် မသုံးသင့် သူတို့ စဉ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ ကျွန်တော့်ဆီက ခွင့်ပြုချက် ရယူဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော့်ကို လှမ်းညှိတာပါ။ အင်မတန် အတုယူထိုက်တဲ့ လူကြီးလူကောင်း (၀ါ) မိကောင်းဖခင် သားသမီး ပီသသော အမူအကျင့် ဖြစ်တာကြောင့် ဒါကို တမင် ထည့်ရေးလိုက်တာပါပဲ။]

ကျွန်တော်ကလည်း သုံးပါ၊ သို့ပေမယ့် အဲဒီ့အတွက် ကျွန်တော့်ကို credit လေးတော့ ပေးပေးပါလို့ တောင်းဆိုခဲ့မိပါတယ်။ ဆိုလိုတာက ကျွန်တော် သုံးနေကျ ဆုတောင်းလေးကို ခေါင်းစဉ်အဖြစ် ယူသုံးထားပါကြောင်း ဆောင်းပါးရဲ့ အဆုံးသတ် တစ်နေရာရာမှာ ဖော်ပြပေးဖို့ ပြောမိတာပါ။ အလင်းတန်း စာတည်းအဖွဲ့ကလည်း သဘောတူပါတယ်။ အဲဒီ့အတိုင်းပဲ အဲဒီ့ဆောင်းပါးကို ဖော်ပြခဲ့ကြပါတယ်။

ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ဒါက စကားအလျဉ်းသင့်သွားလို့ပါ။ တကယ်ပြောချင်တာက အားလုံး တွေးဆ ဆင်ခြင်ကြည့်စေချင်တဲ့ စေတနာ နှိုးဆော်မှုကြောင့် ကျွန်တော် စာတွေ ရေးနေတယ် ဆိုတာပါ။

ဆိုလိုတာက ကျွန်တော်ပြောတိုင်း လက်ခံရမယ်၊ ကျွန်တော် ပြောသမျှ အမှန်ဆိုပြီး လူပေါ်လူဇော် လုပ်ချင်လို့ စာတွေ ရေးနေတာ မဟုတ်ပါဘူး။ ကျွန်တော် တွေးမိတာလေးတွေကို စင်းစင်းလေး ချပြတာ သက်သက်ပါ။ ကျွန်တော် ရေးတာကို ဖတ်ပြီးတဲ့နောက် တွေခနဲ တစ်ချက်လောက် စဉ်းစားပေးမယ်ဆိုရင်ပဲ ကျွန်တော် စာရေးရကျိုးနပ်ပါပြီ။

သည်ကမှ တစ်ဆင့်တက်လို့ ကျွန်တော် ပြောတာကို ငြင်းချက်ထုတ်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ မေးခွန်းထုတ်တာ၊ ငြင်းချက် ထုတ်တာဟာ စိတ်ဝင်စားလာတဲ့သဘော၊ တွေးဆ ဆင်ခြင်လာတဲ့သဘောကို တိတိပပ ဆောင်နေပါတယ်။ ဒါ့ကြောင့် ၀မ်းသာ ကြည်နူးမိရတာချည်းပါပဲ။

ပုံနှိပ်စာမျက်နှာများကတစ်ဆင့် အခုဆို အင်တာနက် စာမျက်နှာဖြစ်တဲ့ “ပင့်မှတ်တမ်း”ပေါ် ကျွန်တော် တက်လာတာဟာလည်းပဲ သည်ရည်ရွယ်ချက် အရင်းခံနဲ့သာ ဖြစ်ပါတယ်။ စာမျက်နှာတွေပေါ်မှာ ကျွန်တော် ချပြခဲ့ပြီးသား “တွေးစရာ”လေးတွေကို ပင့်မှတ်တမ်း စာမျက်နှာတွေပေါ်မှာ ထပ်ဆင့် တင်ပေးခြင်းသာဖြစ်ပါတယ်။

“ပင့်မှတ်တမ်း”မှာက ပုံနှိပ်စာနဲ့ ကွာတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ စာဖတ်သူက ချက်ချင်း ပြန်လည်ဆွေးနွေးလို့ ရနေတဲ့ အားသာချက်ပါပဲ။ စာဖတ်သူရဲ့ ဆွေးနွေးချက်ကို စာရေးသူကလည်း တိုက်ရိုက်ပြန်လည် နာကြားနိုင်တဲ့အပြင် ပြန်လည် ရှင်းပြ ဆွေးနွေးနိုင်ပြန်ပါသေးတယ်။

အဲဒါကို ကျွန်တော် အလွန်သဘောကျပါတယ်။ အေးချမ်းစွာ သဘောထားကွဲလွဲကြ၊ ကြည်နူးစွာ ငြင်းခုန်ကြရင်းက စိတ်ကူးစိတ်သန်း အသစ်တွေ၊ အတွေးသစ်တွေ အများအပြား လန်းစွင့်လာနိုင်တာကို လူအများ မြင်သိ ခံစားစေချင်ပါတယ်။ ကျွန်တော်တို့ ရွှေတွေမှာက အဲဒီ့အလေ့အထ သိပ် မထွန်းကားလှသေးဘူးလို့ ခံစားရပါတယ်။

ကျွန်တော်တို့က အယူအဆ တစ်ခုကို အချေအတင် ပြောတာကိုပဲ လူချတာလို့ မြင်ချင် မြင်နေတတ်ဆဲဖြစ်နေပါတယ်။ တစ်နည်းပြောရင် ပုဂ္ဂိုလ်ရေးနဲ့ တရားကိုယ် သိပ်မကွဲသေးဘူး ထင်ပါတယ်။ အဲဒါဟာ ရှေ့အစဉ်အဆက်ကတည်းက ဖြစ်ခဲ့တာပါ။ ဆရာ သော်တာဆွေတို့၊ ဆရာ တက္ကသိုလ် ဘုန်းနိုင်တို့၊ ဆရာအောင်လင်းတို့ ခေတ်ကာလမှာ အဲသလို အေးချမ်းစွာ ရန်ဖြစ်တဲ့အလေ့အထလေး ထွန်းကားမယောင် ရှိခဲ့ပင် ရှိခဲ့ငြားလည်း အဲဒီ့နောက်ပိုင်း ခေတ်မှာတော့ အယူအဆရေးရာ ငြင်းခုန်ရင်းက ပုဂ္ဂိုလ်ရေးတွေ ပါတဲ့ ဓလေ့က ပိုသန်လာသလို ခံစားရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စု၊ သုံးစုလောက်အတွင်းမှာ သဘောထားကြီးစွာ ငြင်းခုန်ကြ၊ ရန်ဖြစ်ကြတဲ့ အလေ့က တော်တော် ခေါင်းပါးလာတယ်လို့ မြင်မိပါတယ်။

အင်တာနက်ကြီး တွင်ကျယ်လာချိန်မှာတော့ ဒါကို အသုံးချပြီး (ဆရာတော် ဦးဇောတိကရဲ့ စကားကို ငှားသုံးရရင်) “သဘောထားမှန်မှန်နဲ့ ရန်ဖြစ်”တတ်တဲ့ အလေ့အထလေးကို ထူထောင်ချင်လာရပါတယ်။ သည် ဆင့်ပွားရည်ရွယ်ချက်နဲ့ ပင့်မှတ်တမ်းပေါ် ကျွန်တော် တက်လာတာပါ။

ဒါ့ကြောင့် အခုဆိုရင် သုံးလကျော် ကာလအတွင်းကို ချင်းနင်း ၀င်ရောက်လာပြီဖြစ်တဲ့ ကျွန်တော့် ပင့်မှတ်တမ်း စာမျက်နှာများမှာလည်းပဲ စာဖတ်သူများရဲ့ သုံးသပ်ချက်များအပေါ် လိုအပ်ရင် လိုအပ်သလို ကျွန်တော့်ဘက်က ပြန်လည် ဆွေးနွေးတာလေးတွေအပြင် တချို့ ဆွေးနွေးချက်တွေကိုလည်း စုစည်းပြီး စာမျက်နှာများအဖြစ် တခုတ်တရ တင်ဆက်ထားတာလေးတွေကို စာဖတ်သူ လူကြီးမင်းများ သတိထားမိခဲ့ကြောင်း ထားမိခဲ့ကြပါလိမ့်မယ်။

သို့သော် သိပ်ဝမ်းနည်းစရာ ကောင်းတာတစ်ခုကိုလည်း တွေ့နေရပါတယ်။ အဲဒါကတော့ ပင့်မှတ်တမ်း လောကမှာ ဂိုဏ်းဂန၊ အုပ်စုတွေ ရှိနေကြတာပါပဲ။ ပြောရရင်တော့ အဲဒါလည်း အင်မတန် ရွှေပီသတဲ့ အပြုအမူဖြစ်လို့ နေပါတယ်။ အုပ်စုဖွဲ့၊ ဂိုဏ်းထောင်ဖို့ ရွှေတွေ သိပ်ကို အားသန်ခဲ့ကြတဲ့ “အစဉ်အလာဆိုးကြီး”ဟာ ပင့်မှတ်တမ်း နယ်ပယ်မှာလည်း ငေါငေါကြီး ပေါ်ထွက်လို့နေပါတယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ၁၉၈၉ ခုနှစ်မှာ ပါတီတွေ ဖွဲ့ခွင့်ပေးတော့ စုစုပေါင်း နိုင်ငံရေးပါတီ သုံးရာကျော် မှတ်ပုံတင်ခဲ့တာကို မှတ်မိချင်စရာပါပဲ။ ၉၀ ပြည့်မှာ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တဲ့ ပါတီပေါင်းကိုက ၉၃ ပါတီ ရှိပါတယ်။  ရွှေတွေရဲ့ ညီညွတ်ရေးကို တန်ဖိုးထားနိုင်စွမ်းက အံ့မခန်းလို့ ဆိုချင်စရာပါ။

အဲဒီ့ ဓလေ့စရိုက်က ပင့်မှတ်တမ်းနယ်ပယ်မှာလည်း တွင်ကျယ်နေတဲ့ နိမိတ်တွေ မြင်နေရတော့ တော်တော် ကြေကွဲမိရပါတယ်။ ဘာဖြစ်တုံးဗျာ၊ ကိုယ်နဲ့ တည့်တာ၊ မတည့်တာ၊ ကိုယ်ကြည့်လို့ ရတာ၊ မရတာကို အသာထား၊ အယူအဆလေးတစ်ခု၊ အတွေးအမြင်လေး တစ်ခုအတွက် ချေချေငံငံ ဆွေးနွေး ငြင်းခုန်မယ်၊ သဘောထားမှန်မှန်နဲ့ ရန်ဖြစ်မယ်ဆိုတဲ့ စိတ်ကလေး မွေးလိုက်တော့ ဘာများ အကျိုးယုတ်သွားမှာမို့တုံး။

အခုတော့ ဟုတ်ပေါင်ဗျာ၊ ငါနဲ့ မတူ၊ ငါ့ရန်သူ၊ ငါ့ကို ဝေဖန်သူ၊ ငါ့ရန်သူဆိုတဲ့ ရန်လိုစိတ်တွေနဲ့ပဲ ကိုယ့်ဘ၀ကိုယ် မွေးမြူထူထောင်နေကြဆဲ လူရွယ် လူလတ်တွေ၊ လူကြီးတွေကို ပြည်လုံးအနှံ့ မြင်နေရတဲ့အပြင် တိုင်းတစ်ပါးရောက် ရွှေအများစု ကြီးစိုးရာ ပင့်မှတ်တမ်း လောကမှာပါ မြင်လိုက်ရတော့ စိတ်ထဲမှာ ထိခိုက်ကြေကွဲမိရပါတယ်။ သည်စိတ်ဓာတ်တွေနဲ့ကတော့ ရွှေပြည်တော်ကြီး မျှော်တိုင်း ဝေးနေတော့မှာပါ။

နောင် နှစ်ပေါင်း ၃၀ လောက် ကြာရင် ကျွန်တော်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကနေ့ ဘာညာ သရကာနေကြသူ အများစုလည်း ရှိကြတော့မှာ မဟုတ်တော့တာ သေချာနေပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ချစ်သော အမိမြေ ရွှေနိုင်ငံကြီးကတော့ ကမ္ဘာတည်သရွေ့ တည်နေဦးမှာလည်း အင်မတန်မှ သေချာတဲ့ အချက်ပါ။ အဲဒီ့ နိုင်ငံ၊ အဲဒီ့လူ့ဘောင်ကြီးရဲ့ အနာဂတ်ဟာ အခုမှ ဘ၀ကို ထူထောင်စ လူငယ်လူရွယ်လေးတွေအပေါ်မှာသာ တည်နေပါတယ်။ (ဘယ်သူမှန်း မမှတ်မိတော့တဲ့ ဆရာတစ်ဦး ရေးဖူးသလို) မူရင်းကောင်းမှ မိတ္တူကောင်းမှာပါ။ အဲဒီ့ လူငယ်လေးတွေကို ပျိုးထောင်နေကြတဲ့ ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်တွေကိုက ရန်လိုစိတ်များနဲ့ ပေမမီ ဒေါက်မမီဖြစ်နေမယ်ဆိုရင် သူတို့လေးတွေရဲ့ သဘောထားတွေကရော ဘယ်လောက် မှန်လာနိုင်ပါ့မလဲ။ သဘောထား မမှန်တဲ့ လူတွေရဲ့ လက်ထဲက လူ့ဘောင်တစ်ရပ်ကရော ဘယ်အတိုင်းအတာအထိ ခရီးပေါက်နိုင်မှာတဲ့လဲ။

အဲဒါလေးတွေကို ဆင်ခြင်ကြည့်ပြီး ကြည်နူးစွာ သဘောထားကွဲတဲ့ အလေ့အထ၊ သဘောထားမှန်မှန်နဲ့ ရန်ဖြစ်ကြတဲ့ အလေ့အထလေးများကို ထူထောင်ရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်စာ ပါဝင်လိုတဲ့ ဆန္ဒနဲ့ ကျွန်တော့် ပင့်မှတ်တမ်းကို အရှိန်မပျက် ဆက်လက် တင်ဆက်သွားမှာပါ။

စာဖတ်သူများရဲ့ ဆွေးနွေးချက်တွေကို ပြန်လည် ဆွေးနွေးရာမှာ ကျွန်တော့်ဘက်က ဖွယ်ရာချေငံနေအောင် အတတ်နိုင်ဆုံး အားထုတ်ထားပါတယ်။ သည်ကြားထဲကမှ ကျွန်တော့်ဘက်က ရိုင်းပြတာ၊ မဖွယ်ရာတာများ ရှိနေပါရင်လည်း ထောက်ပြတော်မူပေးကြဖို့ လေးစား ရိုကျိုးစွာ မေတ္တာရပ်ခံလိုက်ချင်ပါတယ်။

ကျွန်တော့်သဘောထားကတော့ ရှင်းပါတယ်။ အားလုံး တွေးဖြစ်စေချင်တာလေး တစ်ခုပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်/ဆူဒိုနင်

(၂၃၁၁၀၉)


How to Cope with Criticism (Part 2 of 2, Last)

အဝေဖန်ခံနည်း နိဿရည်း

မှန်ပါတယ်။ အဝေဖန်ခံရတဲ့အခါ၊ အမနာပ အပြောခံရတဲ့အခါ ပထမဆုံး ထိသွားတာက အတ္တလေးပါခင်ဗျ။ အဲဒီ့အခါ ဆွေ့ဆွေ့ခုန်သွားပါတယ်။ ခုန်ရုံ ခုန်ရင် ပြဿနာ မရှိပါဘူး။ အဲဒီ့ကမှ တစ်ဆင့်တက်ပြီး ပြောတဲ့သူကို မကျေမချမ်း ဖြစ်မိသွားရင်ရင်တော့ စရှုံးတာက ကိုယ်ပါ။


စဉ်းစားကြည့်တော်မူကြပါခင်ဗျား။ ပြောလိုက်သူက တစ်ခွန်းရယ်။ ပြောပြီးလို့တောင် မေ့ချင် မေ့သွားလောက်ပြီ။ အဲသလို သူတစ်ပါးကို ဝေဖန်ချင်၊ ပြောချင်တတ်တဲ့ ဉာဉ်ရှိသူမျိုးဆိုတာကလည်း အမြဲတမ်း ဆီလို အပေါက်ရှာနေတတ်တဲ့သူတွေ။ တစ်ခု၊ တစ်ယောက်ကို ပြောချင်တာ ပြောပြီးသွားရင် သူတို့က အဲဒီ့အပေါ်မှာ ဆက်အာရုံမထားကြတော့ဘူး။ တခြား ပြောစရာ တစ်ခုခု၊ တစ်ယောက်ယောက်ကို ရှာဖို့သာ အာရုံရှိတော့တာကလား။ အဲဒါကိုမှ ကိုယ်က သူ့အပေါ် မကျေနိုင် မချမ်းနိုင် ဖြစ်နေရင် ကိုယ့်အတွက် မတန်လှဘူး။ ဟိုက ပြောတာက တစ်ခွန်း၊ တစ်ပုဒ်လေးကို ကိုယ်က တစ်ပတ်လောက်ပဲ တနုံ့နုံ့ ဖြစ်နေတယ်ပဲ ဆိုပါဦးစို့၊ ရှုံးလိုက်တဲ့ ဖြစ်ချင်း။

အဲဒါကို ကျွန်တော် သတိထားမိတာ လူငယ်လေးတစ်ယောက်ကြောင့်ပါ။ ကျွန်တော်က ဘာရယ်မဟုတ်ဘူး၊ ကျွန်တော့် ဆောင်းပါးတစ်စောင်ထဲမှာ အမှတ်တမဲ့နဲ့ စာတစ်ကြောင်း ထည့်ရေးလိုက်မိတယ်။ အပြောင်အပြက် ရေးလိုက်တာပါ။ ဘယ်သူ့နာမည်မှလည်း မတပ်ဘူး။ ယေဘုယျ သဘောလေး ဖျန်းရေးလိုက်တာ။ အဲဒါကို ကိုယ်တော်လေးက လူရည်လည်စွာနဲ့ ကျွန်တော် ရေးတာ သူ့ကို ရေးတာ ပါဆိုပြီး သူ့ဟာသူ ထဖော်တယ်။ ပြီးတော့ ကျွန်တော့်ကို တစ်ပုဒ်နဲ့လည်း မကျေနပ်၊ နှစ်ပုဒ်နဲ့လည်း မပြီး၊ သုံးပုဒ်နဲ့လည်း မရပ်၊ အထပ်ထပ် တွယ်တော့တာပဲ။

ကျွန်တော့်မှာ သူ့ကို စိတ်မဆိုးအားတဲ့အပြင် ရယ်လိုက်ရတာများ မျက်ရည်တောင် ထွက်တယ်၊ အဟုတ်။ သည်မှာတင် သင်ခန်းစာ ရလိုက်တာဗျ။ ကိုယ်က ရေးလိုက်တာက တစ်ကြောင်းတည်းရယ်။ ဘာဆို ဘာမှ မဟုတ်တာလေးကို အမှတ်တမဲ့ ရေးလိုက်တာ။ သူ့ခမျာ နာလို့ မဆုံးအောင် ဖြစ်နေရှာတာက အလွန် သနားစရာ။

သည်မှာတင် ကျွန်တော့်ဘက်က တန်တယ်၊ သူ့ခမျာလေးမှာတော့ အရင်း ပြုတ်မတတ်ကို ရှုံးသွားရှာတယ်ဆိုတာကို တွေးမိသွားတော့တာပါ။ အဲဒါကို တွေးမိတဲ့အခါ ကိုယ့်အလှည့်ကျရင်လည်း အဲသလို မကျေမချမ်းနိုင်တွေ ဖြစ်လို့ မဆုံးရင် ကိုယ်ပဲ ရှုံးမယ်ဆိုတာကို သေချာတွေးမိသွားစေတဲ့ အဖြစ်ကလေးမို့ အဲဒီ့ပုဂ္ဂိုလ်လေးကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ အခုတော့လည်း အဲဒီ့ပုဂ္ဂိုလ်လေးခမျာ အရက်အိုးထဲ ချိုးကပ်ရင်း အိုးဒယ်နစ်နစ်ကာ အရွယ်မတိုင်ခင် သေသွားရှာပါပြီ။ ကျွန်တော့်ကို သင်ခန်းစာကောင်းပေးခဲ့တဲ့ ကိုယ်တော်လေး ကောင်းရာသုဂတိလားပါစေ။


မူရင်းဆောင်းပါးကို ရေးတဲ့  Norman Vincent Peale က ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်တာမို့ သူ့စာထဲမှာ ခရစ်ယာန်ဘာသာတွေ၊ သမ္မာကျမ်းစာရဲ့ အဆုံးအမတွေလည်း ပါနေပါတယ်။ သို့ပေမယ့် ဘာသာတရား မှန်သမျှဟာ ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဦးထိပ် ပန်ဆင်ထားကြတာချည်းပဲမို့ သူက ခရစ်ယာန်ဘာသာကို ကိုးကား ရည်ညွန်းသည့်တိုင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ သက်ဝင်ယုံကြည်ရာ ဘာသာအသီးသီးနဲ့ ချိန်ထိုး ဆင်ခြင်ကြည့်နိုင်ပါသေးတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာလည်း စိတ်နှလုံး အေးချမ်းဖို့ဆိုတာ ဒေါသ၊ မောဟ၊ လောဘ ကင်းနေမှ ဖြစ်မယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်။ တစ်နေရာမှာ အင်မတန် နှစ်သက်စရာကောင်းတဲ့ ဝါကျတစ်ကြောင်း ပါလာ ပါတယ်။ အေးချမ်းတဲ့ စိတ်နှလုံးသာ အမှန်ရှိမယ်ဆိုရင် လူတို့က ဖန်တီးလိုက်တဲ့ မုန်တိုင်းတွေကြောင့် တုန်လှုပ်မှာ မဟုတ်တော့ဘူးတဲ့။

ဟုတ်တာပေါ့။ ဝေဖန်ပုတ်ခတ်တယ်ဆိုတာ “လူလုပ်မုန်တိုင်း”စစ်စစ်ပေကပဲ။ လူသားမှန်ရင် သဘာဝ မုန်တိုင်းဒဏ်ကိုတောင်မှ ကြံ့ကြံ့ခံနိုင်သေးတာ။ လူလုပ် မုန်တိုင်းလောက်ကို သွားတုန်လှုပ်နေလို့က ဘယ်လူပီသတော့မလဲလို့ တွေးမိသွားစေတဲ့ ဝါကျလေးပါပဲ။
နောက်တစ်ခါ သမ္မာကျမ်းစာကိုပဲ ကိုးကားထားပြန်တာက မိမိအား ဝေဖန်လာသူများအတွက် ဆုတောင်းပေးပါ၊ ကိုယ့်ကို နာကျင်ထိခိုက်အောင် လုပ်သူများကိုလည်း ဆုတောင်း မေတ္တာပို့သပါတဲ့။ အဲလိုသာဆိုရင် ကိုယ့်မှာ နာကျင် ခံစားနေရတာတွေလည်း သက်သာသွားပါလိမ့်မယ်လို့ ဆိုထားပြန်တယ်။


ဒါလည်း သွေးထွက်အောင် မှန်တဲ့စကားမှန်း ကျွန်တော် ကိုယ်တွေ့သိပါတယ်။ သည်နေရာမှာလည်း သမ္မာကျမ်းစာကို ခဏထားပြီး ကျွန်တော် သက်ဝင်တဲ့ ဗုဒ္ဓဘာသာနဲ့ပဲ ချိန်ထိုးပြောပါရစေ။ မြတ်စွာဘုရားရှင် လမ်းညွှန်တဲ့အတိုင်း ကျွန်တော်တို့တွေ မေတ္တာ ဘာဝနာ ပွားများတဲ့အခါ ၃၁ဘုံမှာ ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါ အားလုံးတို့ကို မေတ္တာ ပွားရပါတယ်။ အဲဒီ့ သတ္တဝါအားလုံး ဆိုတဲ့နေရာမှာ ကိုယ့်ကို တီးတဲ့သူမပါ၊ ကိုယ့်ကို နွှာတဲ့သူ မပါ၊ ကိုယ့်ကို အပုပ်ချတဲ့သူ မပါဆိုပြီး ဖယ်ထားလို့မှ မရတာပဲလားခင်ဗျာ။ ဒါက တစ်ချက်။


နောက်တစ်ချက်ကတော့ ၂၀ဝ၂ ခုနှစ် စက်တင်ဘာလအတွင်းက ကျွန်တော် လမ်းလျှောက်နေရင်း တန်းလန်းမှာ အခြောက်တိုက် ကားကြိတ်ခံလိုက်ရတုန်းက ဖြစ်တာပါ။ အဲဒီ့တုန်းက ကျွန်တော့် ညာဘက် ခြေကျင်းဝတ်မှာ သုံးပိုင်း သွင်သွင် ကျိုးသွားပါတယ်။ အကြိတ်ခံလိုက်ရပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှာပဲ ကြိတ်တဲ့သူအပေါ်မှာ ကျွန်တော် ဒေါသ မဖြစ်မိတော့ဘဲ ကျွန်တော့်ဘက်က သူ့အပေါ် ပေးစရာ ရှိတဲ့ သံသရာကြွေးတစ်ခုခုကို ကျေလည်အောင် ပေးဆပ်လိုက်ရတာပဲဆိုတဲ့ အသိက ကျွန်တော့် ခေါင်းထဲမှာ အလိုလို ပေါ်လာခဲ့ဖူးတယ်။ သည်အခါမှာ သည်လောက် ဒဏ်ရာ အကြီးအကျယ် ရထားတဲ့ကြားမှာ ကျွန်တော့်စိတ်က တကယ်ကို အေးချမ်းနေခဲ့တဲ့အပြင် ဒဏ်ရာတောင်မှ သိပ်မနာကျင်တော့တာကို တအံ့တဩ တွေ့လိုက်ရပါတယ်။


အဲဒီ့မှာတင် ကျွန်တော် သင်ခန်းစာ အကြီးအကျယ် ရသွားခဲ့ပါတယ်။ အဲဒီ့နောက် ခြောက်လအကြာမှာ ကျွန်တော့်ဘဝတစ်ခုလုံး ယိုင်လဲသွားအောင် ထိုးနှက်တဲ့အထိလည်း ခံလိုက်ရပါတယ်။ တကယ်လည်း ယိုင်လဲသွားပါတယ်။ သည်အခါမှာလည်း စောစောက စိတ်ကိုပဲ (သည်တစ်ခါမှာတော့ ဇွတ်အတင်း) မွေးယူလိုက်တဲ့အခါ နေရတာ အလွန်သက်သာသွားပါတယ်။ ဒါ တကယ့် ကိုယ်တွေ့မို့ ထည့်ရေးရတာပါ။


တစ်ခါ၊ မူရင်းဆောင်းပါးထဲမှာ လောကမှာ ရှိခဲ့ဖူးလေသမျှ လူချွန်လူမွန်တိုင်း  အဝေဖန်ခံခဲ့ရတယ်လို့ ရေးရင်း ခေတ်ပြိုင်တွေက ဝေဖန် ပုတ်ခတ်ကြရုံသာမက အဆုံးမှာ ကားစင်တင်တာတောင် ခံခဲ့ရသူတောင် ရှိပါတယ် ဆိုပြီး ခရစ်တော်ကို ရည်ညွှန်းသွားပြန်တယ်။


သည်နေရာမှာလည်း ကျွန်တော်တို့သက်ဝင်တဲ့ ဂေါတမ မြတ်စွာဘုရားရဲ့ ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း အလောင်းတော်ဘဝမှသည် ဘုရားဖြစ်ပြီးတဲ့နောက်တောင်မှ အတိုက်အခံပြုတာတွေ၊ ကန့်ကွက်တာတွေ၊ ဝေဖန်တာတွေ၊ အမနာပပြောတာတွေ၊ အပုပ်ချတာတွေကို အများအပြား ရင်ဆိုင်ခဲ့ရတာကို တွေ့ရမှာပါ။

သည်တော့ကာ အဝေဖန်ခံလိုက်ရချိန်မှာ ကိုယ့်စိတ်ကိုယ် သက်သာအောင် လုပ်ယူတဲ့အခါ သည်အချက်တွေကို သတိရဖို့ ကောင်းလှပါတယ်။
အေဘရာဟင်(မ်)လင်ကွန်းရဲ့စကားကို ကိုးကားသွားတာလေးလည်း အတော်လှပါတယ်။ ဘယ်သူဘာပြောနေနေ ကိုယ့်လုပ်ရပ်က ပေါ်ထွန်းလာတဲ့  ရလာဒ်ကသာ တကယ်အဆုံးအဖြတ်ပေးပါလိမ့်မယ်လို့ အတိုချုပ်ရမယ် ထင်ပါတယ်။

လမ်းပျဉ်းမနားဆိုတဲ့ ပျဉ်းမနားမြို့ဟောင်းမှာ အလင်းပွင့် စာကြည့်တိုက်ကို တည်ထောင်နေသူ ဦးဇင်းလေး အရှင်နန္ဒိသေန ကျွန်တော့်ဆီ ရေးသားတော်မူလိုက်တဲ့ စာလေးထဲမှာ ပါလာတဲ့ စကားလေးကို အလျဉ်းသင့်လို့ ထည့်ကိုးကား ခွင့်ပြုတော်မူကြပါ။ ဦးဇင်းလေး ရေးလိုက်တာက စပါးစိုက်တဲ့အခါ ပေါင်းမြက်တွေလည်း ပါလာမှာပါပဲတဲ့။ ပေါင်းမြက်တွေကြောင့် စပါးစိုက်တာ ရပ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲတဲ့။ ကျွန်တော့်ကို ဉာဏ်အလင်း ပွင့်သွားစေတဲ့ မိန့်ကြားချက်ပါ။

ကိုယ်စိုက်နေတာက အဆိပ်ပင်လား၊ စပါးပင်လား၊ ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ပဲ လိုပါတယ်။ စပါးပင်ဖြစ်ပြီး မြေကြီးက ရွှေသီးလာလို့ကတော့ လင်ကွန်း ပြောသလို ဘယ်သူ ဘာပြောပြော သိပ်အရေးမကြီးတော့ပါဘူး။ အဲလိုမှမဟုတ်ပဲ အဆိပ်ပင်စိုက်လို့ အဆိပ်သီးတွေ ဖြစ်လာလို့ကတော့ ဘယ်သူကမှ မဝေဖန်ဘူးဆိုရင်တောင် မှားတာကတော့ မှားနေမှာပါပဲ။

မလိုတမာစိတ်နဲ့ ထိုးနှက်လာတာမျိုးကျတော့ ဘာဆိုဘာမှ တုံ့ပြန်မနေဘဲ ခပ်မဆိတ်နေလိုက်ဖို့ ဆွေးနွေးထားတာလေးလည်း သဘောကျနေမိတယ်။ သိပ်ဟုတ်တာကိုးခင်ဗျ။ ကိုယ့်ကို မလိုတမာ အပုပ်ချတာ၊ အသရေဖျက်တာတွေကို သည်အတိုင်း မတုန်မလှုပ်နဲ့ ခပ်မဆိတ်နေလိုက်နိုင်မယ်ဆိုရင် သူ့တရား သူစီရင်သွားတတ်တာကို စာဖတ်သူလူကြီးမင်းများ သတိထားကြည့်ရင် မြင်ပါလိမ့်မယ်။ အဲသလို မနေဘဲ ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး အကုန်လိုက်ရှင်းနေမယ်ဆိုရင်တော့ရင် ပထမဆုံးက ကိုယ်ပဲ အရူးဖြစ်နေပါလိမ့်မယ်။ သည်ကမှ တစ်ဆင့်တိုးလာတဲ့အခါ အများအမြင်မှာ “သူ သည်လောက်တောင် လိုက်ရှင်းနေရမှတော့ ဟိုတစ်ဖက်က ပြောတာ ဟုတ်များနေသလား”လို့ တွေးစရာတွေ ဆပွားလာနိုင်ပါတယ်။ သည်ကမှ မျက်ရမ်းမှန်းဆ ပြောဆိုမယ့်သူတွေ ပိုများလာနိုင်ပါတယ်။ ဒါ့ကြောင့် မလိုတမာစိတ်နဲ့ အပုပ်ချတာတွေကို လစ်လျူရှုပြီး ဘာသံမှ မထွက်အောင် နေတတ်ခြင်းဟာ မဟုတ်မမှန် လုပ်ကြံပြောဆိုတာတွေကို တုံ့ပြန်ရာမှာ အထိရောက်ဆုံးနည်းဆိုတဲ့ စကားကို ကျွန်တော်ကတော့ ပစ်ကို ထောက်ခံလိုက်မိရပါသဗျား။

ဝေဖန်ပြောဆိုလာတဲ့အခါမှာ အချက်အလက်တွေ မှားယွင်းနေလို့ မလွှဲသာ မရှောင်သာ ရှင်းဖို့ လိုလာပြီဆိုရင်လည်း လက်တုံ့ပြန်ချင်တဲ့စိတ်ကို ဖယ်ရှားပြီးမှ တရားကိုယ်ကို ဆွေးနွေးဖို့ ဆက်လက် ရေးသားထားတာလေးကလည်း စဉ်းစားစရာ သိပ်ကောင်းလှပါတယ်။
လူဆိုတာကတော့ ကိုယ့်ထိရင် မချိအောင် နာမိတတ်သလို လက်တုံ့လည်း ပြန်ချင်မိတတ်စမြဲပါ။ သို့သော် လက်တုံ့ပြန်တယ်ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာပါ။ လက်တုံ့မပြန်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အကျိုးသင့် အကြောင်းသင့်သာ ပြောဆိုတာမျိုးကျတော့ အရည်အချင်းရှိတဲ့သူမှ လုပ်နိုင်တဲ့အရာ ဖြစ်သွားပါပြီ။

ကျွန်တော်တို့ဟာ သူသူကိုယ်ကိုယ်ဆိုတဲ့ အများကြားမှာ အများလို လိုက်လုပ်ချင်သူလား၊ ကိုယ့်မူကိုယ့်ဟန်နဲ့ သီးသီးသန့်သန့် ရပ်တည်ချင်သူလားဆိုတာ ကိုယ့်ဘာသာ ရွေးချယ်ဆုံးဖြတ်ကြရမှာပါပဲ။ သူလိုငါလိုသမားဆိုရင်တော့ လက်တုံ့ပြန်လိုက်ရုံပေါ့။ အဲလိုဆိုရင်တော့ သူ့အဆိုးက ကိုယ့်အလွန် ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်မူကိုယ့်ဟန်နဲ့ လူတကာ လုပ်နိုင်ခက်ခဲတာကို လုပ်မယ်ဆိုရင်တော့ လွဲနေတာ တစ်ခုခု ရှိရင် အကျိုးသင့်အကြောင်းသင့်သာ ပြန်ပြောပြီး ကိုယ့်ကို တီးတဲ့သူကို ပြန်တီးဖြစ်တော့မှာ မဟုတ်တော့ပါဘူး။ ပါးကိုက်ရင် နားကိုက်မယ်ဆိုတာ တိရစ္ဆာန်သာသာ သဘောဆောင်ပါတယ်။ သည့်ထက် နည်းနည်း မြှင့်ပြောရင် ကျောက်ခေတ်လူသားရဲ့ စိတ်ဓာတ်ပေါ့။ ကမ္ဘာနဲ့ချီလာနေတဲ့ ကနေ့ကာလမှာတော့ အဲဒီ့ ကျောက်ခေတ်လူသားစိတ်နဲ့ ဆက်လက်ရပ်တည်နေရင် လူတောတိုးတော့မှာ မဟုတ်တာလည်း အသေအချာပါ။

တစ်နေရာမှာတော့ စာရေးသူဟာ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လာသူတစ်ယောက်ရဲ့ အပြောနဲ့ ပတ်သက်လို့ သတင်းထောက်တွေက သူ့ကို အစထုတ် မေးမြန်းလာချိန်မှာ တုံ့ပြန်လိုက်ပုံလေးကို ဖတ်ရပါတယ်။ စာရေးသူရဲ့ တုံ့ပြန်ပုံလေးက ကျွန်တော့်အတွက်တော့ အတုခိုးစရာလေး ဖြစ်လို့နေတယ်။

စာဖတ်သူလူကြီးမင်းများလည်း ကျွန်တော့်နည်းတူ မူရင်းစာရေးဆရာရဲ့ တုံ့ပြန်ပုံလေးကို သဘောကျကြမယ်ထင်တယ်။ အင်မတန်မှ လူကြီးလူကောင်း ပီသတဲ့ တုံ့ပြန်ပုံလေးလို့ ကျွန်တော်ဖြင့် တွေးနေမိရတာပါပဲ။

ကိုယ့်ကို လူတိုင်းက မကြိုက်နိုင်၊ လက်မခံနိုင်၊ သဘောမကျနိုင်ဘူးဆိုတဲ့ အဆိုလေးကလည်း စေ့စေ့တွေးလေ ရေးရေးပေါ်လေပါပဲလားခင်ဗျ။
ဟုတ်ကဲ့လားဗျာ။ တစ်ကမ္ဘာလုံး အကြိုက်ခံရတဲ့သူဆိုတာ မရှိပါဘူး။ မင်းသား၊ မင်းသမီး၊ စာရေးဆရာ၊ ခေါင်းဆောင်၊ သိပ္ပံပညာရှင်၊ အဆိုတော် နှစ်သက်ရာကို စဉ်းစားကြည့်တော်မူကြစေချင်ပါတယ်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ တင်စား ပြောဆိုကြပေမယ့် အဲဒီ့ နှင်းဆီခိုင်ကိုမှ မကြိုက်တဲ့ “ပျို”တွေလည်း တစ်ပုံတစ်ကြီး ရှိတာ ထင်ရှားပါတယ်။ ယုတ်စွအဆုံး၊ မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပဲဖြစ်ဖြစ်၊ ယေရှုခရစ်တော်ပဲဖြစ်ဖြစ်၊ တမန်တော် မိုဟာမက်ပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူတိုင်း လက်ခံထား၊ သဘောတူထား၊ ကြိုက်ထား၊ ကြည်ညိုထား၊ ကိုးကွယ်ထားတာမှ မဟုတ်ပေကပဲဗျာ။ ကျွန်တော်တို့ ခင်ဗျားတို့လို သူလို ငါလို ပုထုဇဉ်များအတွက်ကတော့ ဟား… လူတိုင်းကြိုက်ဖို့များတော့ ဝေးပါသေးရဲ့။ နည်းနည်းပါးပါး ကြိုက်တဲ့သူ ရှိတာကိုက ကျေးဇူးတင်စရာ ကောင်းလှပြီ မဟုတ်လားဗျာ။

အဆုံးသတ်နားက ကိုယ်နဲ့ ပတ်သက်လို့ သွားပုပ်လေလွင့်တွေ လျှောက်ရေးပြီး သူ့တိုက်ကို သတင်းတွေ ပြန်ပို့ပေးနေတဲ့ သတင်းထောက်ကလေး ချမ်းအေးနေခိုက်မှာ ကိုယ့်ကုတ်အင်္ကျီနဲ့ လွှမ်းပေးခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ သာဓကကို ဖတ်နေရအချိန်မှာ ကျွန်တော်ဟာ နှစ်ဆယ်ရာစုအတွင်းက မြန်မာပြည်မှာ အကျော်ကြားဆုံး စွယ်စုံ အနုပညာရှင်တစ်ဦးကို ပြေးသတိရမိပါတယ်။

အဲဒီ့အနုပညာရှင် စတင်ကျော်ကြားလာချိန်မှာ သူ့ကို ဝေဖန်ပုတ်ခတ်သူတွေ တင်းကြမ်းပြည့်နေခဲ့တယ်။ သူဟာဖြင့် မြန်မာတစ်မျိုးသားလုံးရဲ့ယဉ်ကျေးမှုကို ဖျက်ဆီးတဲ့သူလိုလို ဘာလိုလို ထင်ယောင်ထင်မှား ဖြစ်စေတဲ့အထိ တရားလွန်တွေ ရေးသားပြီး အပုပ်ချခဲ့ကြတာပါ။ ဒါကို အဲဒီ့အနုပညာရှင်က ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။ နောက်ပိုင်းမှာ အဲသလို သူ့ကို ဝေဖန်ခဲ့သူများဟာ သူတိုက်တဲ့ အကောင်းစား အရက်တွေကို လှိုင်လှိုင်ကြီး သောက်ခဲ့ကြပြီးသကာလ သူ ကွယ်လွန်သွားတဲ့အချိန်မှာတော့ သူ့ကောင်းကြောင်းတွေကို တစ်ပျော်ကြီး ဝိုင်းရေးပေးခဲ့ကြတာ အထင်အရှား ရှိပါတယ်။

ကျွန်တော့်စိတ်ထဲမှာ အဲဒီ့အနုပညာရှင်ဟာ သည်ဆောင်းပါးကိုများ ဖတ်ခဲ့လေသလားလို့တောင် သံသယဖြစ်မိပါတယ်။ ဖြစ်နိုင်ပါတယ်။ အခု ကျွန်တော် ပြန်ဖောက်သည်ချနေတဲ့ ဆောင်းပါးဟာ ၁၉၆၄ ခုနှစ်၊ ဇွန်လထုတ် ဖတ်သူ့အနှစ် မဂ္ဂဇင်းထဲက ဆောင်းပါးပါ။ ၁၉၆၄ ခုလောက်ဆီက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖတ်သူ့အနှစ်မဂ္ဂဇင်းကို လပေး ဝယ်ယူ ဖတ်ရှုသူတွေ မနိုင်ရင်ကာ များပြားလှပါ တယ်။ [တစ်အုပ်မှ နှစ်ကျပ်မတ်တင်း (တစ်ကျပ်ခုနစ် ဆယ့်ငါးပြား)ပဲ ပေးရတာပါ။ ကျွန်တော့်ဖေဖေလည်း လပေး ဝယ်ဖတ်ခဲ့တာ မှတ်မိနေပါသေးတယ်။ ဈေးနှုန်းကိုလည်း မြန်မာနိုင်ငံမှာဆို ဘယ်လောက်ဆိုပြီး မူရင်းစာအုပ်တိုက်ကကို မျက်နှာဖုံးမှာ အတိအလင်း ရိုက်နှိပ်ဖော်ပြပေးခဲ့တာပါ။]

ကျွန်တော်ပြောနေတဲ့ အနုပညာရှင်က ခေတ်ပညာတတ်၊ အင်္ဂလိပ်စာ ကောင်းကောင်းတတ်တဲ့သူလည်းပဲ ဖြစ်ပါတယ်။ သည်အခါမှာ သည်ဆောင်းပါးကို သူလည်း မလွဲမသွေ ဖတ်ခဲ့မိပါလိမ့်မယ်။ အဲဒီ့ ၁၉၆၄ ခုနှစ်မှာ သူလည်း စတင် အောင်မြင်စအချိန်၊ သူ့ကို ဝေဖန်သူတွေလည်း လက်သံပြောင်လို့ ကောင်းနေတဲ့ အခိုက်ပါပဲ။ သည်လိုအချိန်မှာ သည်စာအုပ်ကို ဖတ်ရပြီး သူ့အပေါ် ဝေဖန်သူများကိုဖြင့် ဘယ်နည်းဘယ်ပုံ တုံ့ပြန်သင့်တယ်ဆိုတာ သူ ကောင်းကောင်းကြီး မြင်သွားခဲ့ပုံရပါတယ်။

သည်မှာတင် သူကွယ်လွန်ချိန်မှာ ဟိုဆရာတွေက သူ့ကို ချီးမွမ်းခန်း ဖွင့်ခဲ့ကြတော့တာပဲလို့ တွေးကြည့်နေမိတယ်။

အစမှာ ပြောခဲ့တဲ့အတိုင်း ကျွန်တော်ဟာလည်းပဲ ဝေဖန်ရေးရဲ့သားကောင်ဘဝမှာ အီစလံဝေအောင် နေခဲ့ရ၊ နေနေရသူဖြစ်ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ပြန်မရေးဖူးပါဘူး။

အများအတွက် အကျိုးရှိမယ်၊ ပြောလည်း ပြောသင့်တယ်လို့ ယူဆရင်သာ ဘယ်မျက်နှာမှ မထောက်ဘဲ ပြောစရာ ရှိတာ ကျွန်တော်ကသာ စပြောခဲ့တာပါ။ အဲသလို ပြောရင်းကမှ မခံနိုင်သူတွေက ဆွေ့ဆွေ့ခုန်၊ ကျွန်တော့်ကို ပြဿနာ ရှာကြတာများ ကျွန်တော့်ဘဝကို ပြိုလဲစေတဲ့အထိ တုံ့ပြန်တာတောင် ခံခဲ့ရဖူးတာ အများအသိပါ။ အဲသလို တုံ့ပြန်လာတဲ့အခါမှာလည်း ကျွန်တော်ကဖြင့် ဘယ်တော့မှ ပြန်မတုံ့ပြန်ပါဘူး။ အများအတွက် ဘာအကျိုးမှ မရှိသလို သူတို့အတွက်လည်း အကျိုးမရှိ၊ ကျွန်တော့်အတွက်လည်း အကျိုး မရှိလို့ပါ။

အနာပေါ်တုတ်ကျရင် နာမှာပါပဲ။ လက်မှာ အကွဲအရှရှိနေရင် ကျွန်တော် ပေးတဲ့ဆားက ဘယ်လောက်ဖြူဖြူ၊ သန့်သန့် စပ်ကြမှာပါပဲ။ လူဆိုတာတော့ ကိုယ့်အသားနာရင်၊ စပ်ရင် ဒေါသတကြီး တုံ့ပြန်ကြမှာပဲဆိုတာ ကျွန်တော် အစောကြီးကတည်းက တွေးမိပြီးသားပါ။ သို့ပေမယ့် မတတ်နိုင်ဘူး၊ ပြောသင့်တဲ့ စကားကို ပြောမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော် ပြောဖြစ်ခဲ့တာတွေ ရှိပါတယ်။ သည်အတွက်တော့ ကျွန်တော် နောင်တမရပါဘူး။

သို့ပေမယ့် ကျွန်တော်သည်လည်း အနုဉာတ ပုထုဇဉ်မတ္တသာ ဖြစ်နေသေးတဲ့အတွက် ကျွန်တော့်ကို တစ်ခုခု ပြောလာရင် ဘာမှ ပြန်မပြောဖြစ်တောင် စိတ်ထဲမတော့ အနည်းနဲ့အများ ကသိကအောင့် ဖြစ်ရတတ်ပါတယ်။ စာဖတ်သူ လူကြီးမင်းသည်လည်း ကျွန်တော့်လိုပဲ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကိုယ့်ကို ထိလာတဲ့အခါ အထိုက်အလျောက်တော့ နာတတ်လိမ့်မယ်ထင်ပါတယ်။ သည်အခါမှာ ဘယ်လို စိတ်ထားမျိုးနဲ့ ရင်ဆိုင်မလဲ၊ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ စဉ်းစားကြည့်မလဲ၊ ဘယ်လို သဘောထားနဲ့ တုံ့ပြန်မလဲဆိုတာကို ဆွေးနွေးရေးသားထားတဲ့ သည်ဆောင်းပါးလေးဟာ ၁၉၆၄ခုနှစ်က ရေးခဲ့တာဖြစ်ပေမယ့် ကနေ့ – နှစ်ပေါင်း ၄၀ကျော် ကြာခဲ့တဲ့တိုင် မရိုးနိုင်သေးဘူးလို့ ယူဆမိရတဲ့အတွက် ပြန်ဆိုပြရင်း ဝင်ရောက် ဆွေးနွေးလိုက်မိရတာ ဖြစ်ပါတယ်။


သူပြောတိုင်း ကျွန်တော် လက်မခံသလို စာဖတ်သူ လူကြီးမင်းများလည်း ဇွတ်မှိတ် လက်ခံစေ့ချင်လို့ အခုလို ပြန်ဆိုတင်ဆက်လိုက်တာ မဟုတ်ပါဘူး။ ဖတ်မိသလောက်လေးက ကျွန်တော့်အတွက် အတွေးသစ်ကလေးတွေ ဖြစ်နေတာမို့ အတွေးသစ်ချင်တဲ့ စာဖတ်ပရိသတ် မိတ်ဆွေအများကို ပြန်ဖောက်သည်ချလိုက်မိတဲ့သဘောပါပဲ ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

—————————————————————————————————————————————–

၂၀၀၆ ခုနှစ် ဧပြီလနဲ့ မေလများအတွင်းက “အတွေးသစ်”ဂျာနယ်မှာ လေးပတ်တိတိ အခန်းဆက် ဖော်ပြခဲ့ပြီး မကြာသေးခင်က ထုတ်ဝေထားတဲ့ အတ္တကျော် ရဲ့ မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ ဖော်ပြပါရှိတဲ့ စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။

Norman Vincent Peale

How to Cope with Criticism (Part 1 of 2)

အဝေဖန်ခံနည်း နိဿရည်း

(အမေရိကန်တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီး) Benjamin Franklin (၁၇၀၆-၁၇၉၀)က တစ်ခါတုန်းက ပြောဖူးတယ်။ ဘဝမှာ သေခြင်းတရားရယ်၊ အခွန်အတုပ်ရယ်ဆိုတာ ဘယ်တော့မှ ရှောင်လွှဲလို့ မရနိုင်ဘူးတဲ့။ သူပြောတာက ဟုတ်သလိုလိုကြီး။ သေခြင်းတရားဆိုတာလည်း နှစ်လိုစရာ မကောင်းပေမယ့် ရှောင်လို့ မရဘူး။ အခွန်အတုပ်ဆိုတာလည်း အဲ… လူအတော်များများက သိပ် ကြည်ကြည်ဖြူဖြူ မရှိကြလှသည့်တိုင် နိုင်ငံသားမှန်ရင် ရှောင်လို့ မရဘူး။ သို့သော် အဲဒီ့နှစ်ခုတင် မကဘူးဗျ။ ဘဝမှာ အဲသလိုပဲ သိပ် နှစ်လိုစရာ မကောင်း လှပေမယ့် နောက်ထပ် ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခု ရှိသေးတယ်။ လူမှန်ရင် ရင်ဆိုင်ရမယ့်အရာ၊ အသားအရေ၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဘာဆိုဘာမှ မကွဲပြားဘဲ လူသားမှန်သမျှ ရင်ဆိုင်ရမယ့်အရာတစ်ခုက ကပ်ကပ်သတ်သတ် ကျန်နေပါသေးတယ်။


အဲဒါကတော့ ဝေဖန် ပုတ်ခတ်ခံရတာပါပဲ။ မြန်မာစကားလုံးမှာတော့ အများသား၊ ဝေဖန်တာ၊ ပုတ်ခတ်တာ၊ အမနာပပြောတာ၊ သွားပုပ်လေလွင့် ပြောတာ၊ ကဲ့ရဲ့တာ၊ အတင်းအဖျင်းပြောတော… အမျိုးစုံပါပဲ။ သေချာတာ တစ်ခုကတော့ လူမှန်ရင် အဝေဖန်ခံရမယ့်သူချည်းပဲ။ ဘယ်သူမှ မလွတ်ဘူး။


အဲ… သို့ပေမယ့် ကျွန်တော်တို့ရဲ့ ထွန်းပေါက်မှု၊ ကျွန်တော်တို့ရဲ့ စိတ်တည်ငြိမ်မှု၊ စိတ်ချမ်းသာမှုတွေကတော့ အဲသလို ဝေဖန်ပုတ်ခတ်မှုကို ဘယ်လို တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာ အပြည့်အဝ တည်မှီနေပါတယ်။

ဝေဖန်ပုတ်ခတ်တယ်ဆိုရာမှာ နှစ်မျိုးပဲ ရှိတယ်။ နူးညံ့သိမ်မွေ့ပြီး ပညာ သားပါပါနဲ့ အပြုသဘောဆောင်ကာ ဝေဖန်ပုတ်ခတ်တာမျိုးလည်း ရှိတယ်။ (အဟဲ… အဲလို အပြုသဘောနဲ့ အဝေဖန်ခံရတယ်ဆိုတာလည်း သူသူကိုယ်ကိုယ်အတွက် အင်မတိ အင်မတန် ရခဲလှစွ ဒုလ္လဘပါခင်ဗျ။)

နောက်တစ်မျိုးကတော့ ပြင်းပြင်းထန်ထန်၊ တုံးတိတိနဲ့ ငြိုးသူရန်ဘက်ပမာ တိုက်ခိုက်တဲ့ ဝေဖန် ပုတ်ခတ်မှုမျိုးပါ။


ကျွန်တော့်မှာ အဲသလို ဝေဖန်ပုတ်ခတ်မှု အမျိုးစုံကို အီစလံဝေနေအောင် ခံဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ အဲဒီ့အတွေ့အကြုံအရ ပြောနိုင်တာကတော့ ထိလွယ် ရှလွယ်၊ ခံစားလွယ်၊ ဆွေ့ဆွေ့ခုန်လွယ်တတ်သူတစ်ယောက်လည်း ဖြစ်မယ်၊ ရိုးသားဖြောင့်မတ်သူ တစ်ယောက်လည်း ဖြစ်မယ်ဆိုရင် ဝေဖန်ပုတ်ခတ်တာကို  မောင်းထုတ်ဖယ်ရှားလို့လည်း မရနိုင်သလို ဘာမှ မကြားမမြင်မိသယောင် ဟန်ဆောင်နေလို့လည်း မရပါဘူး။ အဲသလို ရှောင်လို့လည်း မရ၊ တားလို့လည်း မဖြစ်နိုင်တဲ့ ဝေဖန်မှုကို အဆင့် သုံးဆင့်နဲ့ ရင်ဆိုင်ကြရပါတယ်။
ပထမအဆင့်က ခံစားချက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒုတိယဆင့်မှာတော့ ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်ရမှာပါ။ တတိယဆင့်ကတော့ လက်တွေ့ကျကျ ရင်ဆိုင်ရတော့မှာပါပဲ။

မိမိရဲ့ ခံစားမှုအရ ပေါ်ပေါက်လာတဲ့ တုံ့ပြန်ပုံ အမျိုးစုံကို ထိန်းချုပ်ရတာက လောကမှာ အခက်ခဲဆုံးပါ။ ဝေဖန်ပုတ်ခတ်တယ်ဆိုတာဟာ ကိုယ့်ရဲ့ အတ္တနောမတိကို တိုက်ရိုက် ထိုးနှက် တိုက်ခိုက်လိုက်တာပါပဲ။ သည်လို ကိုယ့်အတ္တကို ထိလာတဲ့အခါမှာတော့ မကျေမချမ်းနိုင်ဖြစ်ဖို့၊ ဒေါသ ထွက်ဖို့ကလည်း အင်မတန်ကို လွယ်ကူလှပါတယ်။ သို့ပေမယ့် အဲသလို မကျေမချမ်း ဖြစ်လေလေ၊ ဒေါသ ဖြစ်လေလေ ပိုပြီး အားနည်းလေလေ၊ ပိုပြီး ခံရလေလေပါပဲ။ ကိုယ့်ကို ဝေဖန်လာသူအပေါ် မကျေမချမ်း ဖြစ်မိသွားတာနဲ့ တစ်ပြိုင်နက် ပထမဆုံး ထိတာက ကိုယ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာပါ။

သည်တော့ကာ ပထမဆုံးအဆင့်က ဘက်မလိုက်တဲ့စိတ်ကို အရင်ဆုံး မွေးဖို့ လိုပါတယ်။ ဒါ တော်တော်တော့ မလွယ်ပါဘူး။ သို့ပေမယ့် ကြိုးစားပြီး လုပ်မယ်ဆိုရင် ရပါတယ်။ (အမေရိကန်ပြည်ထောင်စုရဲ့ ၃၁ယောက်မြောက် သမ္မတအဖြစ် ၁၉၂၉ခုနှစ်မှ ၁၉၃၉ခုနှစ်အတွင်း တာဝန်ယူခဲ့သူ) Herbert Hoover (၁၈၇၄-၁၉၆၄)ကို ကျွန်တော် လူကိုယ်တိုင် သွားတွေ့ခဲ့ဖူးပါတယ်။ သူဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အပုပ်ချ အခံခဲ့ရဆုံး သမ္မတပါပဲ။

“သမ္မတကြီးခင်ဗျား။ သမ္မတကြီးရဲ့ သမ္မတသက်တမ်း တစ်လျှောက်လုံးမှာ အဝေဖန်ခံရတာ အမျိုးမျိုးကြောင့် မခံချိမခံသာ မဖြစ်ရလေအောင် ဘယ်လိုများ ကျင့်သုံးနေထိုင်ခဲ့ပါသလဲဆိုတာ သိပါရစေ”လို့ ကျွန်တော်က မေးခဲ့မိပါတယ်။


“အင်း… ဖြစ်နိုင်တဲ့ အဖြေနှစ်ခုတော့ စဉ်းစားလို့ရတယ်ဗျ။ ပထမဆုံးအချက်က ကျုပ်က အင်ဂျင်နီယာ။ အင်ဂျင်နီယာဆိုတာက ပြဿနာတွေကို ကြိုတွေးဖို့အတွက် လေ့ကျင့်သင်ကြားထားတဲ့သူဗျ။ ကျုပ်ရှေ့က သမ္မတအဆက်ဆက်သည်လည်းပဲ ဝေဖန်မှုတွေ တရစပ် ရင်ဆိုင်ခဲ့ကြရမှာကို ကျုပ် သည်ရာထူး မရခင်ကတည်းက တွေးမိခဲ့တယ်။ သည်တော့ကာ အိမ်ဖြူတော်ကိုလည်း ဝင်လာရော အဲသလို ဝေဖန်သမျှ ခံနိုင်အောင် ကျုပ်က ပြင်ဆင်ထားပြီးသား ဖြစ်နေတယ်။ ဒါက တစ်ချက်…

“နောက်တစ်ချက်က ကျုပ်က ခွေခါဂိုဏ်းသား”

[ခွေခါဂိုဏ်းဆိုတာ အကြမ်းဖက်မှုနဲ့ စစ်ကို ခါးခါးသီးသီးဆန့်ကျင်တဲ့ ခရစ်ယာန်ဂိုဏ်းဖြစ်ပါတယ်။ ဂိုဏ်းအမည်မှန်က မိတ်သင်္ဂဟများရဲ့ ဘာသာရေး လူ့ဘောင် (Religious Society of Friends)ဆိုတာပါ။ အဲဒီ့ ဘာသာဂိုဏ်းဝင် တွေကို Quaker လို့ ခေါ်ပါတယ်။ ဤကား စကားချပ်။]

သူပြောတာကို ကျွန်တော် ကောင်းကောင်း သဘောပေါက်လိုက်တယ်။ ခွေခါတွေဟာ စိတ်နှလုံးငြိမ်းချမ်းမှုကို ယုံကြည်ကြတဲ့သူတွေ။ မကျေမချမ်းဖြစ်တာတွေ၊ ခါးသီးစက်ဆုပ်တာတွေ ကင်းရှင်းနေမှသာ အေးချမ်းမှုက ရလာမှာပါ။  အဲသလို သူတို့တွေက ယုံကြည်ကြတယ်။ လူတစ်ယောက်မှာ အဲဒီ့ တကယ့် အေးချမ်းတဲ့ စိတ်နှလုံးအမှန်သာ ရှိမယ်ဆိုရင် လူတို့က ဖန်တီးလိုက်တဲ့ မုန်တိုင်းတွေကြောင့်တော့ တုန်လှုပ်မှာ မဟုတ်တော့ဘူး။

မိမိအား ဝေဖန်လာသူများအတွက် ဆုတောင်းပေးပါ၊ ကိုယ့်ကို နာကျင် ထိခိုက်အောင် လုပ်သူများကိုလည်း ဆုတောင်း မေတ္တာပို့သပါလို့ သမ္မာကျမ်းစာမှာ ဆိုထားပါတယ်။ ဝေဖန်ပုတ်ခတ်ခံရလို့ ဆွေ့ဆွေ့ခုန်နေသူ၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသူအတွက် သည်စကားက အတော်လေး သဘာဝမကျလှဘူးလို့ ထင်စရာရှိပါတယ်။ သို့ပေမယ့် အံ့ဩစရာကောင်းအောင် မှန်တဲ့ အမှန်တရားကတော့ အဲသလို လုပ်လိုက်နိုင်တဲ့အခါ နာကျင်နေတာတွေ အားလုံး အမှန်တကယ် သက်သာ လျော့ပါးသွားတာပါပဲ။ ကိုယ့်ကို ဝေဖန်ပုတ်ခတ်လာသူအတွက် တကယ်ကြိုးစားပြီး မေတ္တာထားလိုက်မယ်ဆိုရင် လူ့စိတ်ရဲ့သဘာဝအရ ကိုယ့်မှာ ထိခိုက်တာ၊ ကိုယ့်မှာ နာကျင်တာတွေကို တစ်ပြိုင်တည်းမှာ လိုက်ခံစားနေလို့ မရတော့ပါဘူး။


အတိုက်ခိုက်ခံလာရတဲ့အခါ ကိုယ့်စိတ်ကိုယ် သက်သာရာရအောင် လုပ်နည်း နောက်တစ်နည်းကတော့ လောကမှာ ရှိခဲ့ဖူးလေသမျှ လူချွန်လူမွန်တိုင်း  အဝေဖန်ခံခဲ့ရတယ်ဆိုတာကို သတိရဖို့ပါပဲ။ ကိုယ့်ဘဝမှာ တက်ကြွမှု ရှိနေတယ် ဆိုပါရင်၊ အရေးကိစ္စတွေကို ဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချမှတ်ထားတယ်ဆိုပါရင်၊ အထူးသဖြင့် လမ်းသစ်တွေ ဖောက်ဖို့ ရည်သန်နေတယ်ဆိုပါရင် အပြင်းအထန် ဆန့်ကျင်လာမှာတွေ၊ တိုက်ခိုက်လာမှာတွေ၊ အတိုက်အခံ လုပ်ကြမှာတွေကို မလွဲမသွေ ရင်ဆိုင်ရတော့မှာချည်းပါပဲ။ သည်ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး လူသား တစ်ယောက်ဟာလည်းပဲ သူ့ရဲ့ သူမတူတဲ့ အယူအဆ အတွေးအမြင်များကြောင့် ခါးခါးသီးသီးကြီးကို အဝေဖန်ခံခဲ့ရတဲ့အပြင် နောက်ဆုံးမှာ သူ့အယူအဆတွေကို ဘယ်လိုမှ လက်မခံနိုင်သူ၊ သူ့ခေတ်ပြိုင်များက ကားစင်တင်တာကိုတောင် ခံခဲ့ရဖူးပါတယ်။

“ကျုပ်အပေါ် ထိုးနှက်တိုက်ခိုက်သမျှတွေကိုသာ လိုက်ပြီး လှုပ်ခတ်နေမယ်ဆိုရင် ဘာဆို ဘာမှ မလုပ်ဘဲ ငုတ်တုတ် ထိုင်နေဖို့ပဲ ရှိတော့မယ်။ သည်တော့ ကျုပ်လုပ်စရာရှိတာကို ကျုပ်တတ်သမျှ အကောင်းဆုံးနည်းနဲ့ အကောင်းဆုံး ကြိုးစားပြီးတော့ လုပ်တယ်။ ကျုပ်လုပ်လိုက်တာရဲ့ အဆုံးသတ်ရလာဒ်က မှန်နေမယ်ဆိုရင် ကျုပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သမျှ၊ ဝေဖန်ထိုးနှက်ခဲ့သမျှ အားလုံးက ဘာဆိုဘာမှ အရေးပါတော့မှာ မဟုတ်ဘူး။ အဲ… သို့ပေမယ့် ကျုပ်လုပ်လိုက်တာရဲ့ အဆုံးသတ်က အမှားကြီးဖြစ်နေမယ်၊ အလွဲကြီး ဖြစ်နေမယ်ဆိုရင်တော့ ကျုပ်လုပ်တာဟာ မှန်ပါတယ်လို့ နတ်သမီးဆယ်ပါးက ဆင်းလာပြီး ကျိန်တွယ်ပြောဆိုဦးတောင်မှ ဘာမှ အကြောင်းထူးမှာလည်း မဟုတ်ပါဘူး”လို့ (အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ယောက်မြောက်သမ္မတ) အေဘရာဟင်(မ်) လင်ကွန်း(၁၈၀၉-၁၈၆၅)က ဆိုပါတယ်။

ဝေဖန်ချက်ကို ရင်ဆိုင်ဖြေရှင်းရေးမှာ ဒုတိယအဆင့်ကတော့ ဆင်ခြင်တုံတရား ရှိဖို့ပါပဲ။ ဝေဖန်ချက်ကို အသာတကြည် လက်ခံလိုက်ပြီးတဲ့နောက် အပြုသဘောနဲ့ ဆန်းစစ်ပါ။ စန္ဒယားဆရာ အကျော်အမော် Theodor Leschetizky က ပြောဖူးပါတယ်။ “လူတွေ ပြောကြ ဆိုကြသမျှထဲမှာ ဝိဝါဒကွဲစရာ အပြောတွေကနေ ကျွန်တော်တို့တွေ အများကြီး မှတ်သားရပါတယ်။ အကောင်းပြောရင် ကျွန်တော်တို့တွေမှာက ဝမ်းသာလုံးဆို့လို့ ကောင်းနေတာနဲ့ ခေါင်းက အလုပ် မလုပ်တော့ဘူး။ ကျေနပ်နေတာ၊ ပီတိဖြစ်နေတာနဲ့ပဲ ကိစ္စက ပြတ်သွားတယ်။ အဆိုးပြောလာရင်တော့ ကျွန်တော်တို့မှာ မလွဲမသွေ တွေးဖြစ်သွားတာချည်း ပဲဗျ။ အဲတော့ မြတ်တာပေါ့”တဲ့။

အဝေဖန်ခံရတဲ့အခါ အဲဒီ့ဝေဖန်ချက်ထဲမှာ မှန်တာတွေများ ပါနေသလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားပြန်မေးယူပါ။ သည်နေရာမှာ သတိထားဖို့ လိုအပ်တာက ကိုယ့်အတွက်ဆို တစ်ကွက်ချန်ချင်တဲ့စိတ်၊ ဆင်ခြေကန်ချင်တဲ့ စိတ်တွေနဲ့ ကိုယ်မှန်တယ်၊ ကိုယ်တရားတယ်လို့ချည်းပဲ ကိုယ့်ဘာသာကိုယ် ဇွတ်အတင်း တွေးယူတတ်တဲ့ ဉာဉ်တွေကိုပါပဲ။ အဲသလို ဉာဉ်နဲ့ကတော့ မူလ ကိုယ့်အမှားကို ထပ်ဆင့်မှားအောင် လုပ်ရာ ရောက်သွားပါလိမ့်မယ်။ ကိုယ့်ကို ဝေဖန်လာသူဘက်က မှန်နေတယ်ဆိုတာကို အောင့်သည်းအောင့်သက်နဲ့ ကောက်ချက်ချဖြစ်သွားတဲ့အခါမှာ အလုပ်သင့်ဆုံး အလုပ်ကတော့ ဝန်ခံလိုက်တာပါပဲ။ အဲသလို ဝန်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဟိုတစ်ဖက်က အလိုလို ပါးစပ် ပိတ်သွားတော့မှာ သေချာလှပါတယ်။ ဟုတ်တယ်လေ။ သူနဲ့ သဘောတူပါတယ် ဆိုမှတော့ ဟိုတစ်ဖက်မှာ ဘာပြောစရာ ကျန်တော့မှာတဲ့တုံး။ ဒါ့အပြင် မှားပါတယ်လို့ ဝန်ခံနိုင်သူတစ်ယောက်ရဲ့ဘက်က လူတွေ ရိုင်းပင်းတတ်ကြပုံကလည်း တကယ့်ကို အံ့အားသင့်စရာကောင်းလှပါတယ်။

နောက်ထပ် ဆင်ခြင်တုံတရားရှိရှိ ချဉ်းကပ်တဲ့နည်းကတော့ ကိုယ့်ကို ဝေဖန်လာသူရဲ့ အရည်အချင်းတွေကို ဆန်းစစ်ဖို့ပါ။ သူဟာ နာမည်ကောင်း ရှိသူလား။ ရိုးသား ဖြောင့်မတ်သူလား။ နာမည်ကောင်းလည်း ရှိတယ်၊ ရိုးလည်း ရိုးသားတယ်ဆိုရင်တော့ သူပြောလာ ဆိုလာတာကို အလွယ်တကူ ပယ်မချသင့်ပါဘူး။ သေချာ ဆင်ခြင်စဉ်းစားသင့်ပါတယ်။

သူဟာ ကိုယ့်အပေါ်မှာ မလိုတမာစိတ်နဲ့ ပြောတတ်သူလား။ သူ့မှာ ကိုယ့်ကို မနာလိုတိုရှည်ဖြစ်နေစရာ အကြောင်းတွေ ရှိသလား။ ဟုတ်နေတယ်၊ ရှိနေတယ်ဆိုရင်တော့ သူပြောသမျှကို လစ်လျူရှုထားလိုက်ရုံပါပဲ။ သိက္ခာရှိရှိ၊ ဣနြေ္ဒရရနဲ့ ခပ်မဆိတ်နေလိုက်ခြင်းဟာ မဟုတ်မမှန် လုပ်ကြံပြောဆိုတာ မှန်သမျှကို  တုံ့ပြန်တဲ့နေရာမှာ အကောင်းဆုံး နည်းလမ်းပါပဲ။

တစ်ခါတလေကျတော့လည်း ဝေဖန်ချက်က မှားယွင်းနေတဲ့အပြင် အကျိုး ပျက်စီးရာ ပျက်စီးကြောင်းအထိ ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ တော့ မလွဲမသွေ တုံ့ပြန်ရတော့မှာ၊ ရှင်းလင်းရတော့မှာပဲဖြစ်ပါတယ်။ သို့ပေမယ့် အဲသလို တုံ့ပြန်တဲ့အခါ၊ ရှင်းလင်းတဲ့အခါမှာ အကျိုးအကြောင်းကိုသာ ခိုင်ခိုင် မာမာ ပြောပြီး လက်တုံ့မပြန်မိအောင် ကြိုးစားတာက အကောင်းဆုံးပါပဲ။

နောက်တစ်ချက် သတိထားသင့်တာက ဝေဖန်ချက်က ကိုယ့်နားကို ပြန်ရောက်လာတဲ့အခါ အတော့်ကို ချဲ့ကားပြီးသားလည်း ဖြစ်နေနိုင်ပါတယ်။ တစ်ဆင့်စကားတွေဟာ “ကား”သွားတတ်တဲ့သဘော ရှိတယ်။ တချို့လူတွေက ရန်တိုက်ရတာ အတော် ဝါသနာပါတတ်တယ်။ မီးလောင်ရာ လေပင့်လုပ်ဖို့လည်း ဝန်မလေးတတ်ကြဘူး။ “ငြိမ်ခံမနေနဲ့၊ ပြန်တွယ်လိုက်စမ်းပါ”လို့ ပြောမယ့်သူ တွေကလည်း ကိုယ့်အနားမှာ အမြဲတစေ ရှိနေတတ်တာကို မမေ့သင့်ဘူး။


တစ်ခါတလေကျရင် အဲသလို ဘေးလူတွေကြောင့် လိုတာထက် ပိုပြီး ဇယားရှုပ်ကုန်တတ်တယ်။ လွန်ခဲ့တဲ့ သုံး-လေးနှစ်လောက်တုန်းက ကျမ်းစာ သင်တန်းကျောင်း အကျော်အမော်တစ်ခုရဲ့ ကျောင်းအုပ်ကြီးဟာ မိန့်ခွန်းပြောရင်း တန်းလန်းကနေ ကျွန်တော်နဲ့ ပတ်သက်ပြီး တော်တော် ပြင်းပြင်းထန်ထန်တွေ ထည့်ပြောသွားပါတယ်။ သည်မှာတင် သတင်းထောက်တွေက ကျွန်တော့်အနားမှာ ဝိုင်းအုံလာကြတယ်။ တစ်ခုခု ပြန်ပြောဖို့ ကျွက်ကျွက်ညံအောင် ဝိုင်းပြောကြတယ်။ ခက်တာက အဲဒီ့ကျောင်းအုပ်ကြီး ပြောတဲ့စကားကို ကျွန်တော် ကောင်းကောင်း မကြားလိုက်ဘူး။ အဲဒီ့အခါမှာ သတင်းထောက်တစ်ယောက်က ဟိုက ပြောသွားတာကို အစအဆုံး ပြန်ဖောက်သည်ချပေးပါတော့တယ်။

သူပြောတာ ကြားရတော့ ကျွန်တော်လည်း လူပဲ၊ အတော့်ကို စိတ်ကသိကအောက် ဖြစ်သွားတာပေါ့။ သို့ပေမယ့် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး ကျွန်တော့်ကို ဝေဖန်တဲ့သူဟာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တာမို့ သူ့ရဲ့ အကဲဖြတ်ချက်ကို ကျွန်တော့်အနေနဲ့ လေးစားရမှာ ဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ လုပ်ရပ်တွေ၊ ကျွန်တော် ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လှန် သုံးသပ်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ တကယ်လို့ ကျွန်တော်မှားနေတာ တစ်ခုခုများ တွေ့တယ်ဆိုပါရင်လည်း အကောင်းဆုံးဖြစ်အောင် ပြန်လည် ပြင်ဆင်ဖို့ ရည်ရွယ်ထားပါကြောင်းတို့ကိုလည်း ဖြည့်စွက်ပြောလိုက်ပါတယ်။

သည်လို ဖြေလိုက်တဲ့အခါ သတင်းထောက်တွေရဲ့မျက်နှာထားတွေ ပြောင်းကုန်ကြတာ ကျွန်တော် ဘယ်တော့မှ မေ့နိုင်မယ်မထင်ဘူး။ သူတို့က ကျွန်တော်တို့ နှစ်ယောက်ကို တိုက်ပေးပြီး သတင်းအလုပ် လုပ်စားဖို့ ကြံထားတာကလား။ အခုတော့ ကျွန်တော့်ကို ဆွလို့ မရမှန်းသိသွားတဲ့အခါ သူတို့တွေ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြပါတယ်။

ဝေဖန်ပုတ်ခတ်မှုကို ဆင်ခြင်တုံတရားရှိရှိနဲ့ ကြိုးစားရင်ဆိုင်ခြင်းကနေ နောက်ထပ် ကောက်ချက်တစ်ခုကိုလည်း ရလာပါတယ်။ လူတိုင်းက ကျွန်တော့်ကို သဘောကျမှာမဟုတ်သလို ခင်ဗျားကိုလည်း လူတိုင်းကတော့ ကြိုက်နေမှာ မဟုတ်ပါဘူးဆိုတဲ့အချက်ပါပဲ။ တချို့လူတွေက ကျွန်တော်တို့ကို အလကား နေရင် မျက်မုန်းကျိုးနေကြသလိုပဲ ကျွန်တော်တို့တွေလည်း တချို့လူတွေကို အခြောက်တိုက် ကြည့်မရဖြစ်နေမိတာတွေလည်း ရှိတာပါပဲ။ သည်လို ရိုးစင်း ရှင်းလင်းလှတဲ့အမှန်တရားကို လက်ခံနိုင်မယ်ဆိုရင် ကိုယ့်ကို လက်မခံနိုင်တဲ့သူ၊ မကြိုက်တဲ့သူ အထိုက်အလျောက် ရှိနေတာကြောင့် ကိုယ့်စိတ်မှာ အနှောင့် အယှက်ဖြစ်နေစရာ ဘာအကြောင်းမှ သိပ်မရှိတော့ပါဘူး။

ဝေဖန်ပုတ်ခတ်မှုကို ရင်ဆိုင်ဖြေရှင်းရာမှာ လက်တွေ့ကျကျ လုပ်စရာ တစ်ခုခုများ ရှိပါသေးလားလို့ မေးရင် ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကို ဝေဖန်လာသူကို ကူညီပံ့ပိုးပေးနိုင်အောင် အားထုတ်တာပါပဲ။

ဝေဖန်ပုတ်ခတ်ခြင်းဟာ နှစ်ဖက်သွားပါတဲ့ ဓါးပါပဲ။ နှစ်ဖက်သွားနဲ့မို့ ကျန်တဲ့တစ်ဖက်ဟာ ဝေဖန်ပုတ်ခတ်သူ ကိုယ်တိုင်ကို ထိရှသွားနိုင်ပါတယ်။ ဆိုကြပါစို့၊ အတင်းအဖျင်းပြောတာကိုပဲ နမူနာဆောင်ပါ့မယ်။ အတင်းအဖျင်းပြောတယ်ဆိုတာဟာလည်း စိတ်ဓာတ် မလုံခြုံမှု၊ မနာလို မရှုဆိတ်နိုင်တဲ့ စိတ်ထား စတာတို့ကြောင့် ပြောဖြစ်နေတတ်တဲ့ ဝေဖန်ပုတ်ခတ်မှုတစ်မျိုးသာ ဖြစ်ပါတယ်။ ဉာဏ်ရည်နိမ့်ပါးသူများဟာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မယ့်အစား တစ်ဖက်သားကို ဖြိုချနိုင်မှ သူတို့အတွက် နေရာရမယ်လို့ အောက်မေ့မိတတ်ကြပါတယ်။ သည်မှာတင် တစ်ဖက်သားကို နင်းကန်အပုပ်ချမိကုန်တတ်တော့တယ်။ သည်တော့ သူတို့မှာ ဘာအကျိုးရှိသွားလဲဆိုရင် သူတို့ကို ဘယ်သူကမှ မယုံစားတော့ တာပါပဲ။ ဘယ်သူကမှလည်း သူတို့ကို မယုံရဲတော့ပါဘူး။

သမ္မာကျမ်းစာက အဆိုးကို အကောင်းနဲ့သာ တုံ့ပြန်ဖို့ သင်ကြားပါတယ်။  ဒါဟာ ကြောင်သူတော် လုပ်ဖို့ သင်ပေးနေတဲ့ အနှစ်မဲ့သဘောကို မဆောင်ပါဘူး။ (အမေရိကန်နိုင်ငံရဲ့ ၂၅ယောက်မြောက်သမ္မတအဖြစ် ၁၈၉၇ခုနှစ်မှ ၁၉၀၁ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့)William McKinley(၁၈၄၃-၁၉၀၁)ရဲ့ မဲဆွယ်ပွဲ သတင်းကို အစအဆုံး လိုက်ခဲ့တဲ့ သတင်းထောက်တစ်ယောက်နဲ့ ပတ်သက်လို့ ဖေဖေက ကျွန်တော့်ကို ပြောပြဖူးတယ်။ အဲဒီ့သတင်းစာက မက္ခင်လေးကို အပြင်းအထန်ကို ဆန့်ကျင်ပါတယ်။ အဲဒီ့သတင်းထောက်က မက္ခင်းလေးနဲ့ ရထားတစ်စီးတည်း စီးနင်းလိုက်ပါပြီးသကာလ အခွင့်အရေး ရရင် ရသလို မက္ခင်းလေးနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေကို သတင်းပြန်ပို့နေခဲ့ပါတယ်။

မက္ခင်းလေးကလည်း ဒါကို သိတယ်။ သို့ပေမယ့် အရိုးကွဲအောင် ချမ်းလှတဲ့ တစ်ညနေမှာတော့ အဲဒီ့သတင်းထောက်ဟာ အပူပေးမီးဖို မပါတဲ့ ရထားတွဲပေါ်မှာ ချည်ထည်လေး ဝတ်ကာ ကွေးရင်း အိပ်ပျော်သွားပါတယ်။ လမ်းဖြတ်သွားရင်းနဲ့ သူ အဲသလို အိပ်ပျော်နေတာကို မက္ခင်းလေးက တွေ့တော့ ရပ်ပြီး သူ့ရဲ့အပေါ်ဝတ် ကုတ်အင်္ကျီကြီးကို ချွတ်တဲ့ပြီး သတင်းထောက်ရဲ့ ကိုယ်ပေါ်မှာ အသာအယာ လွှမ်းပေးထားခဲ့ပါတယ်။ သတင်းထောက် နိုးလာလို့ အကြောင်းစုံ သိလိုက်ရတဲ့အခါမှာတော့ သူက သတင်းစာတိုက်ကို ကြေးနန်းရိုက်ပြီး အလုပ်က နှုတ်ထွက်ကြောင်း အကြောင်းကြားလိုက်ပါတော့တယ်။ သူ ဝေဖန် အပုပ်ချခဲ့လေသမျှ သူ့အပေါ် တစ်စက်မှ ဗွေမယူဘဲ စိတ်ကောင်းထားခဲ့တဲ့ လူကောင်း တစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ ဆက်လက်ပြီး သူ အပုပ်မချနိုင်တော့ပါဘူး။

လူတစ်ဖက်သားကို တစ်ချိန်လုံး ဝေဖန်နေတတ်သူများဟာ စိတ်ဓာတ်မူ မမှန်သူများ၊ စိတ်ဆင်းရဲနေကြရှာသူများပါ။ အရေးမကြီးလှတာတွေကို တွယ်ဖက် ဆုပ်ကိုင်ထားသူများလည်းဖြစ်သလို သူတစ်ပါးရဲ့ အမှားတွေ၊ အပြစ်တွေကို ထောက်ပြရင်းက သူတို့ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်တွေ၊ အနာအဆာတွေကို ဖုံးကွယ် သိုဝှက်ဖို့ ကြိုးစားနေကြသူများသာ ဖြစ်ပါတယ်။ ရန်လိုတာ၊ အပြင်းအထန် ဆန့်ကျင်တာကို ရင်ဆိုင်ရာမှာ တစ်ဖက်သားရဲ့ ဒေါသကို ဒေါသနဲ့ ပြန်လည် တုံ့ပြန်မယ့်အစား အဲဒီ့တစ်ဖက်သားရဲ့ ဒေါသကို နားလည်အောင်လုပ်ပြီး အဲဒီ့ အမျက်ဒေါသကို ဖယ်ရှားပေးနိုင်မှသာ အဲဒီ့လူအတွက်လည်း အကျိုးရှိ ကိုယ့် အတွက်လည်း အကျိုးရှိမှာဖြစ်ပါတယ်။

(ဗြိတိသျှ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်လည်းဖြစ်၊ ဝတ္ထုရေးဆရာလည်းဖြစ်ကာ ဗြိတိသျှနန်းရင်းဝန်အဖြစ် ၁၈၆၈ ခုနှစ်မှာ တစ်ကြိမ်၊ ၁၈၇၄ မှ ၁၈၈၀ ပြည့်နှစ် အထိတစ်ကြိမ်၊ ပေါင်းနှစ်ကြိမ် တာဝန်ယူခဲ့ဖူးတဲ့) ဘယ်(န်)ဂျမယ်(န်) ဒစ်ဇရေလီ (၁၈၀၄-၁၈၈၁)က တစ်ခါက ပြောခဲ့ဖူးပါတယ်။ “ကိုယ့်အမှားကို ပြုပြင်ဖို့ထက် သူများအမှားကို ဝေဖန်ဖို့က အများကြီး ပိုလွယ်ပါတယ်”တဲ့။ သူ ပြောတဲ့အတိုင်း လွယ်လှလို့ သည်ကမ္ဘာလောကကြီး မှာ ဝေဖန်ပုတ်ခတ်တတ်သူတွေ အနမတဂ္ဂနဲ့ ပြည့်လျှံလို့နေပါတယ်။ တချို့ကတော့ စိတ်ကောင်းစိတ်မြတ်နဲ့ ဝေဖန်တာပါ။ တချို့ကကျတော့လည်း မညှာမတာ ဝေဖန်ပုတ်ခတ်ကြတာပါ။

ကိုယ့်အပေါ် မညှာမတာဝေဖန်လိုတဲ့သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ချင်သပဆိုရင်တော့ စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်တာလေးကို ထိန်းချုပ်နိုင်အောင် အရင်ဆုံး အားထုတ်လေ့ကျင့်ယူရပါမယ်။ ပြီးရင် တည်ငြိမ် အေးဆေးပြီး ဘယ်ဘက်မှ မလိုက်ဘဲ ယထာဘူတကျတဲ့၊ ဆင်ခြင်တုံတရားရှိတဲ့ သဘောထားကို လက်ခံကျင့်သုံးရပါမယ်။ ပြီးရင် ကိုယ့်ကို ဝေဖန်လာသူများဆီမှာ ရှိနေတဲ့ အမျက်ဒေါသကို သူတို့ဘာသာ ဖယ်ရှား ရှင်းထုတ်နိုင်ရေးမှာ စိတ်ကောင်း စိတ်မြတ်ထားပြီး ဖေးမကူညီသွားရပါလိမ့်မယ်။

ဒါပေမယ့် နောက်ဆုံး သုံးသပ်ရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ရာမှာ အကောင်းဆုံး လက်နက်ကတော့ ကိုယ့်ရဲ့ နေ့စဉ်ပြုသမျှ ကံသုံးပါးသာဖြစ်ပါတယ်။ နေ့စဉ် ကိုယ်ပြုမိလေသမျှ ကံသုံးပါးကသာလျှင် ကိုယ့်ရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ စံများကို မြင့်မားသထက် မြင့်မားအောင် ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ ကိုယ့်လိပ်ပြာ သန့်ဖို့အတွက်လည်း အဲဒီ့ နေ့စဉ်ပြုသမျှ ကံသုံးပါးကသာ ခြယ်လှယ်နေတာပါ။ သူတစ်ပါးကို ဖျားယောင်းဖို့၊ လိမ်ညာဖို့၊ ဖုံးကွယ်ဖို့ ဘာဆိုဘာမှ မကြိုးစားဘဲ မှန်မှန်ကန်ကန်နေထိုင်ခြင်းကသာ မိမိတို့ရဲ့ လိပ်ပြာများကို အစဉ် သန့်ရှင်းနေစေမှာလည်း ဖြစ်ပါတယ်။

———————–

မူရင်းဆောင်းပါးက သည်နေရာမှာ ပြီးဆုံးသွားပါတယ်။

ဝေဖန်ပုတ်ခတ်မှုတွေနဲ့ပတ်သက်လာရင် “ထီခနဲဆို အီစကို”လို့တောင် ပြောနိုင်တဲ့ ကျွန်တော်မျိုးကြီးက အတော်လေး အတွေ့အကြုံရှိတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ရှိဆို ကျွန်တော့်ဘဝ အကျိုးပေးကိုက တစ်မျိုးပေကိုး။

ရုပ်ဆိုလည်း ကျွန်တော့်ရုပ်က မျက်လုံးပြူးပြူး၊ မျက်ခုံးထူထူ၊ ပါးစပ်ပြဲပြဲနဲ့ ဆိုတော့ အလကားနေရင်းကို သူတကာထက် ပိုမှတ်မိလွယ်တဲ့ မျက်ခွက်နဲ့။  အသံဆိုလည်း ကျွန်တော့်အသံက လူတကာထက် ပိုကျက်မိလွယ်တဲ့ အာကျယ်ကျယ်နဲ့။ နေပုံထိုင်ပုံ ဝသီစရိုက်ကလည်း ထောင်ထောင် ထောင်ထောင်၊ လွှားလွှား လွှားလွှားဆိုတော့ ကျွန်တော်လိုကောင် အမျိုးစုံ အပြောခံရတာ နည်းတောင် နည်းသေးလို့ ဆိုရပါလိမ့်မယ်။ အဲဒီ့ကမှ ၁၉၈၈ ခုနှစ်ကစပြီး စာတိုပေစတွေလည်း မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ တက်ရေးရော ကျွန်တော့်ဆို ပြောမယ့် ဆိုမယ့်သူက အမြဲတမ်းလိုလို အဆင်သင့်ရှိနေတယ်။ တချို့များဆို ပါးစပ်နဲ့ တစ်လုံး၊ ဆိုင်တာရော၊ မဆိုင်တာရော၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တာရော အစုံခံခဲ့ရဖူးပါတယ်။ အခုထက်ထိလည်း စဲတယ်ရယ်လို့ သိပ်မရှိချင်သေးဘူး။

နုစဉ်အခါတုန်းကတော့ အဲဒါမျိုးဆို သိပ်အူယားတယ်။ မခံချိမခံသာလည်း ဖြစ်မိတယ်။ ဆွေ့ဆွေ့တွေ ခုန်မိတတ်တယ်လို့ပဲ ဆိုကြပါစို့ရဲ့။ သို့ပေမယ့်  ကာလတောင်တာ ရှည်ကြာလာတဲ့အခါမှာတော့ အလိုလို အရေထူလာတယ်။ ထူးပြီးလည်း မတုန်လှုပ်မိတော့ဘူး။

တစ်နေ့မှာတော့ မဂ္ဂဇင်းစာအုပ် အဟောင်းတစ်အုပ် ကောက်လှန်မိရင်းက “အကောင်းဘက်က လှည့်တွေးခြင်းရဲ့ စွမ်းပကား”(The Power of Positive Thinking)ဆိုတဲ့ စာအုပ်ကိုရေးသားသူ Norman Vincent Peale, D.D ရဲ့How To Cope With Criticism ဆိုတဲ့ဆောင်းပါးလေးကို ဖတ်မိသွားပါတယ်။

ကျွန်တော် ပြောချင်နေတဲ့ အကြောင်းအရာလေးကို သူက စုစုစည်းစည်း ကျစ်ကျစ်လစ်လစ်လေးနဲ့ ပြောထားတာမို့ သဘောကျစွာ ဖတ်ရှုမိရင်းက ချစ်စွာသော စာဖတ်သူများကိုလည်း မျှဝေပေးလိုက်မိရတာပါ။ မျှဝေးပေးရင်း ကျွန်တော်လည်း ဝင်ဆွေးနွေးချင်တာလေးတွေ ရှိလာရပါတယ်။

ဆက်လက်ဖော်ပြသွားပါမယ်။

၂၀၀၆ ခုနှစ် ဧပြီလနဲ့ မေလများအတွင်းက “အတွေးသစ်”ဂျာနယ်မှာ လေးပတ်တိတိ အခန်းဆက် ဖော်ပြခဲ့ပြီး မကြာသေးခင်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ ဖော်ပြပါရှိတဲ့ စာတစ်ပုဒ်ကို ကောက်နုတ်တင်ဆက်လိုက်တာပါ။

၂၀၀၆ ခုနှစ် ဧပြီလ အတွင်းက အတွေးသစ်ဂျာနယ်မှာ အခန်းဆက် ဖော်ပြခဲ့ပြီး မကြာသေးခင်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ မိုးထိအောင် လှေကားထောင်နည်း စာအုပ်ထဲမှာ ထည့်သွင်းထားတဲ့ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။

Excerpts from “For Babygirls to Learn”

ကိုယ့်ကို တစ်ယောက်ယောက်က မဖွယ်မရာများ လုပ်လာခဲ့ရင်

လိင်မှုကိစ္စဆိုတာ တစ်မိသားနဲ့ တစ်မိသားအကြားမှာ ချစ်ခင် စုံမက်မိကြရာက ပေါ်ပေါက်လာတာမျိုးဆိုရင် အင်မတန်ကြည်နူးစရာ ကောင်းလှသလောက် မဖွယ်ရာတဲ့ စိတ်နဲ့များ အကျူးကျော်ခံရမယ်ဆိုရင် အင်မတန် စက်ဆုပ်စရာကောင်းလှပါတယ် သမီးငယ်ရေ။
သည်အခန်းမှာတော့ သမီးအနေနဲ့ အဲသလို ကိုယ့်ကို မဖွယ်မရာများလုပ်လာခဲ့ရင် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ သမီးတို့ သိရအောင် ဆွေးနွေးသွားမယ်နော်။

မဖွယ်မရာပြုမှု

မဖွယ်မရာပြုတာက ပုံစံအမျိုးမျိုး ရှိနေနိုင်တယ် သမီးလေး။ ကျောင်းမှာဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ် ကိုယ့်စိတ် အနှောင့်အယှက်ဖြစ်တဲ့အထိ ညစ်တီးညစ်ပတ်တွေချည်းပဲ တစ်ချိန်လုံး အပြောခံနေရတာမျိုးမှသည် ပခုံးဖက်တာ၊ ဟိုကိုင်သည်ကိုင် လုပ်တာအထိ အမျိုးစုံ ခံရနိုင်တယ်။

နှုတ်နဲ့ အပြောခံရတာ

လူတစ်ဦးချင်းစီမှာ အကျင့်တစ်မျိုးစီ ရှိတတ်ကြသလို ခံနိုင်ရည်လည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ တချို့တွေက  ညစ်တီးညစ်ပတ်တွေ ပြောတာကို နားခံသာတတ်ပေမယ့် တချို့ကတော့ ဘယ်လိုမှ နားမခံသာနိုင်ဘူး။ တချို့အမျိုးသမီးတွေက အဲသလိုဟာမျိုးကို ရယ်စရာအဖြစ် လွယ်လွယ်ကူကူပဲ ရယ်လိုက်တတ်ကြတယ်၊ ပက်ခနဲ ပြန်ပြောလိုက်တတ်ကြတယ်။ ဖေဖေတို့  မြန်မာမိန်းမပျို အများစုအတွက်ကတော့ အဲသလိုစကားမျိုးက ဘယ်လိုမှ နားခံသာမှာမဟုတ်တာလည်း အသေအချာပဲ။ တချို့တွေအတွက်ဆို အရှက်ကြီး ရှက်သွားချင်စရာတောင် ဖြစ်နေနိုင်ပါတယ်။
သမီးသာ အဲသလို အပြောခံရတယ်ဆိုရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ သမီးအပေါ်မှာသာ မူတည်ပါတယ်။ သမီးအတွက် ဘာမှ စိတ်အနှောင့်အယှက် မဖြစ်ရပါဘူး ဆိုရင်လည်း ပြီးရောပေါ့။ ဘာမှ အရေးမကြီးဘူးလို့ သဘောထားလိုက်လည်း ပြီးနေတာပဲ။

အေး… ဒါမှမဟုတ် အဲသလို ပြောနေ ဆိုနေလို့ သမီးရဲ့စိတ်မှာ အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင်လည်း သမီးကို အဲသလို ပြောတာဆိုတာ၊ သမီးရှေ့မှာ အဲသလို တစ်တစ်ခွခွတွေ ပြောဆိုနေတာတွေကြောင့် သမီးမှာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အကြောင်း ပြောနေဆိုနေသူတွေကို ချေချေငံငံ တည်တည်ငြိမ်ငြိမ် ပြောလိုက်သင့်ပါတယ်။ အဲသလို ပြောတဲ့ကြားကမှ ရပ်မသွား၊ တော်မသွားဘူးဆိုရင်တော့ ကျောင်းအုပ်တို့၊ အထက်လူကြီးတို့လို တာဝန်ရှိသူတွေဆီမှာ အကျိုးအကြောင်း ပြောပြ တိုင်တန်းသင့်ပါတယ်။

ရေးရင်းနဲ့ တစ်ခုသတိရသွားတယ်။ ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်က သမီးအရွယ် မိန်းကလေးတွေကို အဲသလို မဖွယ်မရာတွေ ပြောဆိုနေတာ ဖေဖေ အကြိမ်ကြိမ် ကြားဖူးတယ်။ သူ့အထက်မှာ တိုင်စရာတန်းစရာလူက တစ်ယောက်မှ မရှိတော့ဘူး။ အဲလိုကျရင် ဘယ်လို လုပ်မလဲလို့ မေးစရာရှိတယ် သမီး။

အဲဒါဆိုရင်တော့ ပထမဆုံးက သမီးတို့ လက်မခံနိုင်တဲ့ အကြောင်းကို ချေချေငံငံ ယဉ်ယဉ်ကျေးကျေး ပြောပြတောင်းပန်ပါ။ သည်ကြားထဲကမှ လွန်လာရင် ဥပဒေကြောင်းကို ထောက်ပြပါ။ ဒါမှ ဆက်ကျူးလွန်နေသေးတယ်ဆိုရင်တော့ သူ ပြောဆို နေတာကို မသိမသာ အသံဖမ်းထားပြီးတော့ဖြစ်စေ၊ သက်သေတွေ ရှာဖွေပြီးတော့ ဖြစ်စေ ရာဇဝတ်ကြောင်းက တရားစွဲ ဆိုနိုင်ပါတယ်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၉

မည်သူမဆို မိန်းမတစ်ဦးဦး၏ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင်၊ သို့တည်းမဟုတ် အသံပြုသည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူအရာကို ပြသသည်တွင်၊ သို့တည်းမဟုတ် အရာဝတ္ထုတစ်ခုခုကို ပြသည်တွင်၊ ပြောဆိုသော စကားကိုဖြစ်စေ၊ ပြုသောအသံကို ဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင်၊ သို့တည်းမဟုတ် ပြုသော ကိုယ်အမူအရာကိုဖြစ်စေ၊ ပြသောအရာဝတ္ထုကိုဖြစ်စေ ထိုမိန်းမအား မြင်စေရန် ကြံရွယ်လျှင်၊ သို့တည်းမဟုတ် ထိုမိန်းမ၏ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ထိုမိန်းမ၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို တစ်နှစ် အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။
အဲဒါ ကနေ့လက်ရှိ တည်ဆဲဖြစ်တဲ့ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)မှာ ပါဝင်တဲ့ ဥပဒေ ပြဌာန်းချက် အတိအကျပဲသမီး။

သည်ပုဒ်မအရ ပါးစပ်နဲ့ မဖွယ်မရာ ပြောဆိုတာဟာ သမီးရဲ့ကာယိနြေ္ဒလို့ခေါ်တဲ့ ကိုယ်လက်အမူအရာ ထိန်းသိမ်းစောင့်စည်းမှုကို ပျက်ပြားစေပြီဆိုတာနဲ့ တစ်ပြိုင်နက် ရာဇဝတ် ပြစ်ဒဏ်ထိုက်သင့်တယ်ဆိုတာ ထင်ရှားပါတယ်။ သားပြော၊ မယားပြော ပြောတာ၊ ညစ်တီးညစ်ပတ်တွေ ပြောတာ၊ ညစ်ပတ်တဲ့ ပြက်လုံးတွေ ပြောတာဟာ သမီးရဲ့အရှက်နဲ့ သိက္ခာကို ထိပါးလာပြီလို့ ယူဆရင် သမီးအနေနဲ့ ဘာမှ ငြိမ်ခံနေစရာ မလိုဘူးဆိုတာ သမီးအပါအဝင် မိန်းကလေးတိုင်း သိထားသင့်ပါတယ်။

ကိုယ်ထိလက်ရောက် အစော်ကားခံရတာ

မိမိအလိုမတူဘဲ တခြားသူတစ်ယောက်ရဲ့ ကိုယ်ထိလက်ရောက် စော်ကားတာ၊ ဟိုကိုင်သည်ကိုင်လုပ်တာ၊ ဟိုပွတ်သည်ပွတ် လုပ်တာတွေကိုလည်း ဘယ်မိန်းကလေးမှ သည်းခံမနေသင့်ဘူး။

ဒါမျိုးကို အရှိန်အဝါကြီးတဲ့ အနေအထားမှာ ရောက်နေသူ ယောကျာ်းသား အတော် များများက မိန်းကလေးငယ်လေးတွေအပေါ်မှာ ထမင်းစားရေသောက်သဖွယ် ကျူးလွန်တတ်ကြတယ်။ ကျောင်းဆရာထဲက အဲသလို ကျူးလွန်သူတွေ ရှိတတ်သလို အထက်လူကြီးတွေထဲမှာလည်း အဲသလိုကျူးလွန်တတ်သူတွေ ရှိနေတာ ဖေဖေကိုယ်တိုင် ခဏခဏ မြင်ဖူးတယ်။ အဆိုးဆုံးက အဲဒီ့လူတွေဟာ ၄၀ ကျော်၊ ၅၀ ကျော်၊ ၆၀ ကျော် လူကြီးတွေ ဖြစ်နေတာပဲ။


ရင်းနှီးမှုကို အခွင့်ကောင်းယူတာ၊ ဒါမှမဟုတ်လည်း ကိုယ့်အသက်အရွယ်၊ အရှိန်အဝါအပေါ်မှာ အခွင့်ကောင်းယူတာပါပဲ သမီး။ သမီးသာ အဲသလိုမျိုး ကြုံရတယ် ဆိုရင် တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ သည်လိုလုပ်တာ သမီး မကြိုက်တဲ့ အကြောင်း၊ ရပ်တန်းက ရပ်ဖို့အကြောင်းကို ပြောနိုင်ပါတယ်။

“စိတ်မရှိပါနဲ့ရှင်။ သမီးကို အဲသလို ဖက်လှဲတကင်းနေတာမျိုး၊ ဟိုပုတ်သည်ပုတ် လုပ်တာမျိုးကို သမီး ဘယ်လိုမှ ခံစားလို့မရတဲ့အတွက် နောက် ဒါမျိုး မလုပ်ဖို့ သမီး ဦးလေးကို အလေးအနက် မေတ္တာရပ်ခံပါရစေရှင်”ဆိုတာမျိုးနဲ့ ရပ်တန်းက ရပ်ဖို့ တားမြစ်သင့်ပါတယ်။

အဲလိုပြောတဲ့ကြားကမှ ဆက်လက်ကျူးလွန်နေသေးတယ်ဆိုရင်တော့ တာဝန်ရှိသူ အထက်အဆင့်အထိ တိုင်တန်းရတော့မှာပဲ။ အေး… သည်လိုမှမဟုတ်ဘဲ သူ့ကို ပြောနိုင်ဆိုနိုင်သူတစ်ယောက်မှ မရှိသူမျိုးဖြစ်နေရင်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ ပုဒ်မ ၅၀၉အရ ငြိစွန်းနေတာကို ထောက်ပြရတော့မှာပါပဲ။

သည်ကြားထဲကမှ ဆက်ကျူးလွန်နေတယ်ဆိုရင်တော့ သမီးဘက်က သက်သေ ခိုင်လုံအောင် လုပ်ယူပြီး ရုံးတင် တရားစွဲဆိုနိုင်တယ်ဆိုတာကို မမေ့စေချင်ဘူး သမီးရေ။

မုဒိမ်းမှု

လူတစ်ယောက်က တခြားတစ်ယောက်ရဲ့ အလိုမတူဘဲ ကိုယ်လက်နှီးနှောတာဟာ မုဒိမ်းမှုပါပဲ။ ဒါဟာ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်တဲ့ပြစ်မှုပါပဲ။ တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိတောင် အပြစ်ပေးလို့ရတဲ့ ပြစ်မှုပဲ။


အေး… သို့ပေမယ့် ကမ္ဘာအရပ်ရပ်မှာ မုဒိမ်းမှုအတော်များများကို အမှုဖွင့် တိုင်တန်းကြတာ သိပ်နည်းတယ်။ ရှက်ကြတာကြောင့် မတိုင်ကြသလို တချို့ကျတော့လည်း ငါကိုက ကံဆိုးတာ၊ ဘာညာလို့ တွေးပြီး မတိုင်ကြတာတွေလည်း အများအပြားပဲ။ တခြားမပြောနဲ့ ဖေဖေ့ဆီ ရောက်လာတဲ့ အမျိုးသမီးတွေထဲမှာတောင် အိမ်ထောင်သည် အမျိုးသမီးနှစ်ယောက်က သူတို့ ငယ်ရွယ်စဉ်အခါက အဲသလို အကျူးလွန်ခံခဲ့ရဖူးကြောင်း ရင်ဖွင့်သွားတာ နားနဲ့ ဆတ်ဆတ်ကြားဖူးတယ်။ ဒါပေမယ့် ရှက်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့က အမှုဖွင့်တာတွေ၊ တိုင်တာတောတာတွေကို မလုပ်ခဲ့ကြဘူးတဲ့လေ။

ရာဇဝတ်မှု ထူပြောတဲ့ တခြားနိုင်ငံတွေမှာတော့ သူစိမ်းတွေက အဲသလို မုဒိမ်းမှု ကျူးလွန်တာ များတယ်။ ဖေဖေတို့ နိုင်ငံလို ရာဇဝတ်မှု ဖြစ်ပွားနှုန်း နည်းပါးတဲ့နေရာ တွေမှာကျတော့ လူရင်းထဲက ကျူးလွန်တတ်တာ ပိုများတယ်လို့ ဆိုရမယ်။

အခုကာလမှာ မိန်းမငယ်လေးတွေလည်း နိုင်ငံရပ်ခြားကို သွားနေကြပြီဖြစ်သလို သမီးကိုယ်တိုင်လည်း နိုင်ငံခြားကို ရောက်ချင် ရောက်သွားနိုင်သေးတာမို့ ရာဇဝတ်မှု ထူပြောတဲ့ နိုင်ငံတွေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ကြိုပြီး ပြောပြထားချင်ပါတယ်။

  • ဘယ်တော့ပဲဖြစ်ဖြစ် လူပြတ်တဲ့နေရာတွေကို တစ်ယောက်တည်း မသွားသင့်ဘူး။ လူအုပ်ကြားထဲမှာ သွားလာတာက အန္တရာယ် ကင်းတယ်။
  • ကိုယ်ဘယ်ကို သွားမယ်ဆိုတာ ကိုယ့်ဘာသာ သေချာနေဖို့လိုတယ်။ ဆိုလိုတာက ဦးတည်ရာမဲ့ လမ်းသလားတာမျိုးကို ရှောင်ကြဉ်သင့်တယ်။ ပြီးတော့ လမ်းလျှောက်တဲ့အခါ ကိုယ်ကို မတ်မတ်ထား၊ မျက်နှာကို မော့ထားပြီး ခြေလှမ်းကိုလည်း ခိုင်ခိုင်မာမာ ပိုင်ပိုင်နိုင်နိုင် လှမ်းစေချင်တယ်။ ဒါမှ ဘာကိုမဆို ရင်ဆိုင် ဖြေရှင်းရဲတဲ့ပုံ၊ ဘယ်သူ့ကိုမှ၊ ဘာကိုမှ မကြောက်တဲ့ပုံမျိုး ပေါက်နေမှာလေ။ နောက်တစ်ချက်က လျှောက်သွားရမယ့် ခရီးက လှမ်းနေရင် မြန်မြန်သွက်သွက် လျှောက်နိုင်၊ ပြေးနိုင်လွှားနိုင်မယ့် ဖိနပ်မျိုးကို ရွေးစီးသင့်ပါတယ်။
  • တစ်ယောက်တည်းဆိုရင် မှောင်မိုက်တဲ့ လမ်းကြိုလမ်းကြားတွေ၊ လူပြတ်တဲ့ လမ်းမကြီးတွေကို ရှောင်သင့်တယ်။
  • စိတ်ထဲမှာ မသိုးမသန့်ဖြစ်မိရင် အရဲမကိုးပါနဲ့တော့။ ကိုယ်ရောက်နေတဲ့ အရပ်၊ ဒါမှမဟုတ် အခြေအနေကို ကိုယ့်စိတ်ထဲမှာ မသိုးမသန့် ဖြစ်လာတာနဲ့တစ်ပြိုင်နက် အဲဒီ့နေရာက အမြန်ဆုံး ခွာသင့်တယ်။ ပြေးတန် ပြေးသင့်တယ်။
  • အငှားကား စီးမယ်ဆိုရင် သတိထားပါ။ ရာဇဝတ်မှု ထူပြောတဲ့ နိုင်ငံတွေမှာ အဲသလို မုဒိမ်းကောင်တွေဟာ ယာဉ်မောင်းဟန် ဆောင်ထားတတ်ကြတယ်။ ဒါ့ကြောင့် အငှားယာဉ်မှာ သတ်မှတ်ထားတဲ့ နံပါတ်တွေ၊ အငှားယာဉ်မှန်း သိသာတဲ့ အမှတ်အသားတွေ ပါမပါ ကြည့်ပြီးမှ စီးသင့်ပါတယ်။
  • ဖြစ်နိုင်ရင်တော့ ကိုယ်ခံပညာတစ်ခုခုကို တတ်မြောက်ထားသင့်တယ်။ ဒါမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာလေ။
  • ရထားတွေ၊ ကားတွေ စီးတဲ့အခါမှာလည်း လူကြပ်တာကို စီးတာ အကောင်းဆုံး ပဲ။ ထိုင်တဲ့အခါမှာလည်း ယာဉ်မောင်းနဲ့ ခပ်နီးနီးမှာ ထိုင်တာ အကောင်းဆုံးပဲ။
  • နိုင်ငံခြားမှာက ကားကြုံပို့တဲ့ အလေ့အထတစ်ခုရှိတယ်။ ကိုယ်မသိတဲ့ သူတစ်စိမ်းက ကားကြုံလိုက်ခဲ့ပါလားလို့ ခေါ်ရင် ဘယ်တော့မှ မလိုက်မိပါစေနဲ့။

————————————-

စာမူခွင့်ပြုချက်အမှတ် ၄၀၀၃၃၃၀၆၀၃ နဲ့ ၀၀၆ ခုနှစ် မေလမှာ လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ မီးငယ်တို့ အသိကြွယ်ဖို့ စာအုပ်ထဲက ကောက်နုတ်ဖော်ပြလိုက်တာပါ။