Skip to content

Just Met Min Kike Soe San!

4 November 2009

မင်းခိုက်စိုးစန်နှင့် တွေ့ဆုံခြင်း

pic_4မနေ့ညနေ ခုနစ်နာရီ ၀န်းကျင်လောက်က ရန်ကုန်မြို့တော် ဆူးလေဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ် မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်လေးနားမှာ ဘက်(စ်)ဆယ်လာ ဆရာလေး မင်းခိုက်စိုးစန်နဲ့ အမှတ်မထင် ဆုံပါတယ်။

သူနဲ့ မတွေ့တာ အတော်တောင်ကြာသွားပြီ။ မရှိဘူးဆို ၄-၅-၆လ လောက်တောင် ရှိပေရော့မယ်။ မြင်မြင်ချင်း ပြောမိတာက “အရှင်လတ်လတ် တွေ့ရတာ ၀မ်းသာလှသဗျာ”ဆိုတဲ့ ကျီစယ်စကားပါပဲ။

သူက ရယ်တယ်။ လူတိုင်းက သူ့ကို အဲလိုပဲ ပြောနေကြသတဲ့။

ဟုတ်ပါရဲ့။ တာရာမင်းဝေရယ်၊ နီကိုရဲရယ်၊ သူရယ်က ရှေ့ဆင့်နောက်ဆင့် ပေါ်လာကြတဲ့ ခေတ်ပြိုင် ဘက်(စ်)ဆယ်လာတွေလေ။ ဟိုနှစ်ယောက်က မရှိရှာကြတော့ဘူး။ သူလေးတစ်ယောက်ပဲ ကျန်ရှာတော့တယ်။ ကျွန်တော်လည်း သူ့အတွက် ပူမိနေတယ်။ သူက တရှောင်ရှောင်နဲ့လေ။ (မိန်းမယူရမှာစိုးလို့ ကောင်မလေးတွေဆိုရင် နည်းမျိုးစုံနဲ့ လှည့်ပတ် ရှောင်နေတတ်တာ၊ ဟို ဂျာနယ်ဆရာလေး နေထွန်းနိုင်တို့၊ ဘိလပ်ရောက် ဆရာလေး ဘိုဘိုလန်းစင်တို့အတိုင်းပဲ။)

အခုလို တွေ့ရတော့ ၀မ်းသာအားရပေါ့။ အနော်ရထာလမ်းမပေါ် ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ လူသွားလမ်းပေါ်က ကားရပ်နားရမယ့် နေရာမှာ အမြိုင့်သား ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီး တစ်နာရီလောက် လေပစ်ခဲ့ကြပါတယ်။ ဘာရယ် မဟုတ်ဘူးပေါ့။

သူက အခုလ ၂၀ ရက်နေ့မှာ ဘန်ကောက်သွားမယ်၊ ဘာမှာ ဦးမလဲတဲ့။ မှာလည်း ၀ယ်လာပေးမှာ မဟုတ်တဲ့အတူတူ လေကုန်ခံ မမှာပေါင်လို့ ပြောတော့ စာအုပ်ဆိုရင်တော့ ၀ယ်လာပေးမှာပါလို့ ပြန်ပြောပါတယ်။

အဲဒါလေးကတော့ ချစ်ဖို့ ကောင်းတယ်။ စာသမားချင်း ရိုင်းပင်းလိုတဲ့ သူ့စိတ်ကလေးကို ပြောပါတယ်။ ဒါပေမယ့် ကျွန်တော် မမှာခဲ့ပါဘူး။ ကျွန်တော့်အိမ်မှာ ရှိနေတဲ့ စာအုပ်ပုံကြီးထဲကကို ဖတ်စရာတွေ မနိုင်ရင်ကာ ကျန်နေသေးတယ်။ သည်တစ်သက်နဲ့ အဲဒါတွေတောင် ပြတ်အောင် မဖတ်နိုင်မှာ သေချာလို့ စိတ်ဆင်းရဲနေတာ။ အသစ်ထပ်မှာရင် စိတ်ဆင်းရဲစရာကို ဆတိုးသလို ဖြစ်နေလိမ့်မယ်။

ဘာရယ်မဟုတ်ပါဘူး။

သူ့ကို ချစ်ခင်ကြသူတွေ၊ သူ့စာကို စွဲလန်းကြသူတွေ၊ သူ့ပရိသတ်တွေအနေနဲ့ မင်းခိုက်စိုးစန်ဆိုတဲ့ စာရေးဆရာလေးတစ်ယောက် ကျန်းကျန်းမာမာ ရှိနေပါကြောင်း သတင်းကောင်းပါးတာပါ။

ရှိသေးတယ်။

သူက ဟိုနှစ်ယောက်လို မဟုတ်ဘူး။ အရက်လည်း မသောက်ရှာဘူးခင်ဗျ။ သူနဲ့ ကျွန်တော်နဲ့ ခင်မင်ခဲ့တဲ့ သက်တမ်း ဆယ်နှစ် နီးပါးအတွင်းမှာ ဘီယာဆိုင် နှစ်ခါ ထိုင်ဖူးခဲ့တယ်။ နှစ်ခါစလုံး ကြီးမိုက်ကြီး ကျွန်တော်ကသာ အတောမသတ် သောက်ဖြစ်တတ်ခဲ့ပေမယ့် သူကတော့ တစ်ခါသောက်မှ တစ်ခွက်ကို မနည်းဖျစ်ညှစ် သောက်ရတဲ့ ဂိုက်မျိုးနဲ့မို့ နောက်ဆို ဘီယာသောက်ဖို့ သူ့ကို ဘယ်တော့မှ အဖော်မစပ်မိတော့ဘူး။

အမယ်… ဒါတောင် ကိုယ်တော်က Jack Daniel တော့ ကြိုက်တယ်လို့ ပြောဖူးတာ မှတ်မိနေတယ်။ တစ်ခါမှတော့ သူသောက်တာ မတွေ့ဖူးသလို ကြားလည်း မကြားဖူးဘူး။ အဲတော့ သူ့ကို အရက်က ဒုက္ခမပေးမှာတော့ အတော် သေချာတယ်ဗျ။

တစ်ခုတော့ ရှိတယ်။ သိပ်မသေချာတာက သူ့နှလုံးပဲ။ သူ့နှလုံးက သိပ်မကောင်းဘူးလို့ သူ ပြောဖူးတယ်။ သူ မောမောနေတယ်လို့လည်း ပြန်ကြားရတယ်။ အခုတွေ့တော့လည်း အလတ်တော့ အလတ်ကြီးပါပဲ။

ဒါ့ကြောင့် သူ မိန်းမ မယူတာပဲ ထင်တယ်။

ထင်ကြေးနဲ့ သာ လျှောက်ပြောနေရတာပါ။ ယူရင် (ကျွန်တော်တို့လို) တစ်ယောက်ပဲ ရကိန်းကို ကြိုမြင်ထားတာမို့ အမြော်အမြင်ကြီးကြီးနဲ့ တစ်ဘီးတည်း လိမ့်နေတာ မဟုတ်ဘူးလို့လည်း ဘယ်သူ ပြောနိုင်မလဲနော်။

ဘာပဲဖြစ်ဖြစ်၊ မနေ့ညကဖြင့် သူ့ကို ကျန်းမာ ရွှင်လန်းစွာ တွေ့ခဲ့ရပါကြောင်း…

Advertisements
One Comment leave one →
  1. 4 November 2009 7:49 pm

    စိတ်ဝင်တစား ဖတ်သွားပါတယ်။

    ၁၄,၅ နှစ်လောက်တုန်းကတော့ မင်းခိုက်စိုးစန်ဆိုတာ hero ပေါ့။ ဝတ္ထုတိုတွေ ကဗျာတွေ ဖတ်ရင်း…။
    မဟေသီမှာ ဟိန်းလတ်နဲ့ အင်တာဗျူးလုပ်တဲ့ထိ။

    နောက်တော်တော်ကြာတဲ့ထိပါ။
    “လွမ်းလို့ သေသွားတဲ့ သစ်ပင်” “ကမ္ဘာဦးရီးစား” “ချစ်သူရဲ့ ပါးတဖက်…” တို့ ထွက်ပြီးတဲ့ထိ။
    (သူ့ လုံးချင်းတွေ သိပ်မကြိုက်ပါဘူး။ ဒါပေမဲ့ အဲဒီ ၃ အုပ်ထိ မကြိုက်ပေမဲ့ လေးလေးစားစား ဝယ်သိမ်းပြီး ဖတ်ခဲ့ပါတယ်။ “သုည” ထိလည်း မဆိုးသေးပါဘူး။)

    နောက်ပိုင်းတော့ တော်တော်ကို ကြည့်မရဖြစ်သွားတာများ…
    ဘာ impression မှကို မရှိတော့ လောက်အောင်ပဲ။
    ခုလဲ အမြင်ကပ်ကပ်နဲ့ပဲ သူ့အကြောင်း ဖတ်သွားရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: