Skip to content

On Reading

7 November 2009

စာဖတ်ခြင်းနှင့် စပ်လျဉ်း၍tcoe_banner_300_2501

စာဖတ်ခြင်းရဲ့ အကျိုးပေးပုံ နယ်ပယ်စုံ

တစ်ရက်က ကလေးမလေးတစ်ယောက်က ကျွန်တော့်ကို ဆက်သွယ်တယ်။ သူက မိဘမဲ့ ကလေးကျောင်းလေးတစ်ကျောင်းမှာ အလုပ်လုပ်နေတာ။ အဲတော့ သူ့မှာ အတွေ့အကြုံတွေ၊ ဇာတ်လမ်းတွေ အများကြီး ရှိသတဲ့။ အဲဒါတွေကို အခြေပြုပြီး သူ စာရေးချင်တယ်၊ ဝတ္ထုလေးတွေ ရေးထုတ်ချင်တယ်၊ အဆက်အသွယ် မရှိ၊ ကူညီ လမ်းညွှန်မယ့်သူ မရှိလို့ ကျွန် တော့်ဆီ လှမ်းစာရေးပြီး အကူအညီတောင်းတာပါ။

သူ့စာကို ဖတ်ပြီး ကျွန်တော့်မှာ အဖြေတစ်ခုပဲ ရတယ်။ အဲဒီ့ ကလေးမလေးကို စာများများ ဖတ်ပါလို့ပဲ အရင်ဆုံး တိုက်တွန်းရဦးမယ်ဆိုတာ ထက်ခနဲ သိလိုက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့်ဆီ ရေးတဲ့ ပုဂ္ဂလိက ပေးစာကိုတောင်မှ ဖတ်ရတာ ချောနေအောင် သူမှ မရေးတတ်ရှာသေးတာပဲ။ ဝတ္ထုရေးတဲ့ အဆင့်နဲ့ အဝေးကြီး လိုသေးတယ်။

ဒါနဲ့ သူပေးထားတဲ့ ဖုန်းနံပါတ်အတိုင်း သူ့ကို ဆက်သွယ်လိုက်ပါ တယ်။ သူက ဘွဲ့ရပါ။ “ညည်း စာစီစာကုံးတွေကို အလွတ်ကျက်ပြီး ဖြေခဲ့တာ မဟုတ်လား”လို့ ကျွန်တော်က မေးတော့ သူက “အဲလိုတော့လည်း မဟုတ်ပါဘူး၊ ကိုယ့်ဘာသာလည်း စဉ်းစားပြီး ရေးပါတယ်”လို့ ပြောသေးတယ်။ ကျွန်တော် ရယ်မိတယ်။ “အေး… ကိုယ့်ဘာသာ စဉ်းစားပြီး ရေးတာက ၁၀ ရာခိုင်နှုန်း အလွတ်ကျက်ထားတဲ့အထဲက ပြန်ရေးတာက ၉၀ ရာခိုင်နှုန်း မဟုတ်ဘူးလား”လို့ ပြန်မေးလိုက်တော့ သူ ရယ်ပါတယ်။ ပြီးတော့ “ဟုတ်တယ်ဆရာ”လို့လည်း ဝန်ခံတယ်။

အဲဒါပဲ။ ကျွန်တော် ငယ်ငယ်က ခဏခဏ စဉ်းစားမိတယ်။ အတန်းတွေသာ တစ်တန်းပြီး တစ်တန်းတက်လာတယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာ ဘာသာရပ်မှာကျတော့ နောက်ဆုံးမှာ စာစီစာကုံး ရေးခိုင်းတဲ့ မေးခွန်းက ပါလာတာချည်းပဲ။ ဘာကြောင့်ပါလိမ့်လို့။ ဘာများ အသုံးတည့်လို့ပါလိမ့် လို့ စဉ်းစားမိတယ်။

အခုတော့ အဲတုန်းက ရေးခဲ့သမျှ ကျွန်တော့်ကို ပြန်အကျိုးပေးနေတာ ဒက်ထိ တွေ့ရပါတယ်။ ကျွန်တော့်ဘဝမှာ အင်္ဂလိပ်စာ စာစီစာကုံးတို့၊ ပေးစာတို့ကို တစ်သက်လုံး အလွတ်မကျက်ခဲ့ဖူးဘူး။ တစ်ခါမှလည်း အဲဒီ့ အတွက် ကြိုတင် ပြင်ဆင် မသွားခဲ့ဖူးဘူး။ အတန်းထဲမှာ ရေးခိုင်းတဲ့အခါ လက်တွေ့သလို ချရေးဖြစ်ခဲ့တာပဲ။ အင်္ဂလိပ်စာလို ကိုယ့်မိခင်ဘာသာ စကားမဟုတ်တာနဲ့ ရေးရမယ့် စာစီစာကုံးတွေ၊ ပေးစာတွေကိုတောင်မှ  အလွတ်မကျက်ခဲ့၊ ကြိုတင် မပြင်ဆင်ခဲ့တာ၊ မြန်မာစာဆို သာတောင်မှ ဝေးသေးတယ်။

စာမေးပွဲ ဖြေရမယ့်နေ့တွေမှာ အပေါ့ပါးဆုံးက မြန်မာစာနဲ့ အင်္ဂလိပ်စာ ဖြေရမယ့်နေ့တွေပဲ။ အဲဒီ့မတိုင်ခင်နေ့မှာ စာကျက်တဲ့အလုပ်ကို သိပ် မလုပ်ဖြစ်ခဲ့ဘူး။ သည်လိုပဲ ဟေးလားဝါးလား၊ ဝတ္ထုအဖတ်မပျက်၊ ရုပ်ရှင် ကြည့် မပျက်နေခဲတယ်။ အိပ်ဖြေတောင် အောင်မယ့် ဘာသာတွေလို့ကိုယ့် ဘာသာ ယုံကြည်နေခဲ့သလို တကယ်လည်း အဲဒီ့ဘာသာတွေမှာ တစ်ခါဆို တစ်ခါမှ အမှတ်မနည်းခဲ့တဲ့အပြင် ဂုဏ်ထူး မရတောင် ဂုဏ်ထူးမှတ်နား ပွတ်ခါသီခါချည်းပဲ ဖြေနိုင်ခဲ့ပါတယ်။

ကျွန်တော်က ငယ်ငယ်လေးကတည်းက၊ စာဖတ်တတ်တဲ့အရွယ်က တည်းက စာဖတ်ခြင်းအလေ့အထကို စွဲမြဲနေခဲ့တဲ့သူဖြစ်ပါတယ်။ ကျွန်တော့်အဘွားက မျက်စိကွယ်နေတယ်။ ကြီးမှ မျက်စိကွယ်တာဖြစ်တဲ့ အတွက် သူက စာတတ်တယ်။ မျက်စိကွယ်နေတဲ့အဘွားကို စာဖတ်တတ်စ အရွယ်ကတည်းက နေ့စဉ်သတင်းစာကို ဖတ်ဖတ်ပြရတယ်။ အသံထွက် မှားနေတာ၊ ကျွန်တော် မဖတ်တတ်တာတွေကို အဘွားက ပြင်ပေး၊ သင်ပေးခဲ့တယ်။ အဲလိုနဲ့ စာဖတ်ခြင်းဓလေ့ဟာ ကျွန်တော့်ရဲ့ ဘဝထဲမှာ သံမှို နှက်ထားသလို အလိုလို စွဲမြဲနေပါတော့တယ်။

သည်အခါမှာ အခုကာလ လူငယ်အတော်များများမှာလို “စာဆိုတာ ကြောက်စရာ”ဆိုတဲ့ အစွဲက ကျွန်တော့်မှာ ငယ်ငယ်ကတည်းက မရှိဘူး။ “စာဆိုတာ ခင်တွယ်စရာ”ဆိုတဲ့ အသိကသာ ကျွန်တော့်ရင်ထဲမှာ ကိန်းနေတယ်။

နောက်တစ်ချက်က ကျွန်တော့်မေမေကိုယ်တိုင်က စာတအားဖတ်တာပါ။ မေမေဟာ ၂၀ဝ၅ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ မကွယ်လွန်ခင် တစ်ပတ်၊ အိပ်ရာထဲ ဗုံးဗုံးမလဲခင်အထိ စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်သွားတဲ့သူဖြစ်ပါတယ်။ အဲသလို စာဖတ်တဲ့ မအေက မွေးထားတဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ ယဉ်ပါးခဲ့တယ်။ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေဟာ ကျွန်တော့်အတွက် အဖော်ကောင်း အဖော်မွန်တွေ၊ ကစားဖက်တွေ၊ ဖွားဖက်တော်တွေ ဖြစ်နေခဲ့ပါတယ်။

အဲသလို စာဖတ်အားကောင်းခဲ့တဲ့အတွက် မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာရပ်တွေကို ကျွန်တော် မကြောက်မိတော့တာပါ။ အင်္ဂလိပ်စာဆိုတာမှာလည်း ဖတ်အားက ကျွန်တော့်ကို အကျိုးပြုခဲ့တာပဲ။ ကျွန်တော့် မိသားစုဟာ အင်္ဂလိပ်လို ပြောဆိုရေးသားနိုင်တဲ့ မိသားစုမျိုးမဟုတ်ဘူး။ အဖေက ဟိုခေတ်က ခုနစ်တန်းလောက်အထိပဲ ကျောင်းနေခွင့်ရခဲ့တဲ့သူ။ အမေက အင်္ဂလိပ်-မြန်မာ ဆယ်တန်းကို အင်္ဂလိပ်စာနဲ့ ကျခဲ့တဲ့သူ။

သို့ပေမယ့် အဖေက အင်္ဂလိပ်စာ သိပ်တတ်ချင်ခဲ့သလို အမေကလည်း သာသနာပြုကျောင်းမှာ ဟိုခေတ်ဆယ်တန်းအထိ နေခဲ့တဲ့သူပီပီ အင်္ဂလိပ်စာကို အထိုက်အလျောက်တော့ သိကြပါတယ်။ သည်အခါမှာ သူတို့ကလည်း ကျွန်တော် အင်္ဂလိပ်စာတတ်ရေးကို အားပေးခဲ့ကြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း မူလက စာမကြောက်တဲ့ စိတ်နဲ့ဆိုတော့ အင်္ဂလိပ်စာကိုလည်း ကိုယ့်ဘာသာစကား မဟုတ်ပေမယ့် စာအဖြစ်ပဲ မြင် တယ်။ အဲတော့ ဖတ်ဖြစ်တယ်။

ကြွားတယ်ပဲ မှတ်ချင်မှတ်ပါ။ ရှစ်တန်းကျောင်းသားဘဝကစပြီး ကျွန်တော့်နေ့စဉ်မှတ်တမ်းကို အင်္ဂလိပ်လိုတွေ ရေးနေပါပြီ။ အခုနေ ပြန်ကြည့်ရင် အမှားတွေ တင်းကြမ်းနဲ့ဖြစ်နေမှာပါ။ သို့သော် ရေးရဲတဲ့ စိတ်က ဆောင်နေတာကို ပြောလိုရင်းပါ။ အလားတူပဲ၊ အင်္ဂလိပ်လို ရေးထားတာတွေကိုလည်း မဖြစ်မနေ ဖတ်ပါတယ်။
ကျွန်တော်တို့ခေတ်က ဂါးဒီးယန်း နေ့စဉ်သတင်းစာပါ အင်္ဂလိပ်စာ အရေးအသားက တော်တော့်ကို ကောင်းတယ်။ အင်္ဂလိပ်စာကို အင်္ဂလိပ်လိုပဲ ရေးတယ်။ ရောကျော် ကပြားအင်္ဂလိပ်စာမဟုတ်ဘူး။ ကျွန်တော် ရှစ်တန်းမှာ အဖေက ကျွန်တော့်ကို အဲဒီ့သတင်းစာထဲက တစ်နေ့သတင်း တစ်ပုဒ်နှုန်း ဖတ်ဖြစ်အောင် သူ့ရဲ့ အာဏာကို သုံးပြီး ခိုင်းခဲ့ပါတယ်။

[ကပြား အင်္ဂလိပ်စာဆိုတာ မြန်မာစကားကနေ ဇွတ်ပြန်ထားတဲ့ အင်္ဂလိပ်စာကို ဆိုလိုတာပါ။ ဆိုကြပါစို့။ Essays of the Distinction Winners ဆိုတာ ကပြား အင်္ဂလိပ်စာပါ။ တစ်နည်းပြောရရင် အင်္ဂလိပ်စာ မတတ်တဲ့သူ ရေးတဲ့ အင်္ဂလိပ်စာပါ။ အဲဒီ့ စကားစုမှာ ဘာမှ မမှားပါဘူး။ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် နေ့စဉ်ပြောဆို သုံးစွဲနေသူတွေ ဘယ်တော့မှ မပြောမယ့် မရေးမယ့် စကားစုသာဖြစ်နေပါတယ်။ မြန်မာလို “ရေချမ်းချမ်းတစ်ခွက်”လို့ ပြောတာမျိုးဆန်ဆန် အင်္ဂလိပ်စာပါ။ (ဘယ်မြန်မာကမှ ရေချမ်းချမ်းတစ်ခွက်လို့ မပြောဘူးလေဗျာ။) “ဂုဏ်ထူးရသူများ၏ စာစီစာကုံးများ”ဆိုတဲ့ မြန်မာစကားလုံးကို ဇွတ်အတင်း ဖျစ်ညှစ်ပြီး အင်္ဂလိပ်လို ရေးလိုက်တဲ့အတွက် အင်္ဂလိပ်စာအစစ် မဟုတ်တော့ဘဲ ရောကျော် (ဝါ) ကပြား အင်္ဂလိပ်စာသာဖြစ်သွားပါတယ်။ အင်္ဂလိပ်စာကို တကယ် ကျွမ်းကျင်တတ်ပွန်သူသာဆိုရင်တော့ အဲဒီ့စာစုကို Essays of High-Flyers လို့သာ ပြန်ဆိုကောင်း ပြန်ဆိုပါလိမ့်မယ်။ ဒါ စကားချပ်ပါ။]

ကျွန်တော်ကလည်း သူခိုင်းတဲ့အတိုင်း ဖတ်တဲ့အပြင် ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေဆိုလည်း အင်္ဂလိပ်လို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲလိုနဲ့ နေလာလိုက်တာ ဆယ်တန်းအောင်ပြီးချိန်မှာ ကျွန်တော်ဟာ အင်္ဂလိပ်ဝတ္ထုတွေကို စတင် ဖတ်ရှုတဲ့အဆင့်အထိ ရောက်လာခဲ့ပါတယ်။ အဲသလို စာကို တစိုက်မတ်မတ်၊ မပြတ်ဖတ်ခဲ့တဲ့အတွက် ကျွန်တော်ဟာ ဘယ်အတန်းမှာမှ မြန်မာစာ၊ အင်္ဂလိပ်စာကို ကြောက်စရာလို့ မအောက်မေ့မိခဲ့ဘူး။

ပြောချင်တာက စာဖတ်ခြင်းက ကျွန်တော့်ကို အခုအရွယ်အထိလည်း ကောင်းစွာအကျိုးပြုနေဆဲပါပဲ။

ကျွန်တော် ဘာမှ မတတ်ပါဘူး။ ဆရာဝန်ပညာလည်း မတတ်၊ အင်ဂျင်နီယာပညာလည်း မတတ်၊ ကွန်ပျူတာပညာလည်း မတတ်၊ ရုပ်ရှင်ပညာလည်း မတတ်၊ ဂီတပညာလည်း မတတ်၊ လက်သမားပညာလည်း မတတ်၊ အပ်ချုပ်ပညာလည်း မတတ်၊ အသက်မွေးဝမ်းကျောင်း ပညာရယ်လို့ ဘာဆိုဘာမှ မည်မည်ရရ မတတ်တာ အမှန်ပါ။  ကျွန်တော် တတ်(သလိုလိုရှိ)တာ တစ်ခုတည်းပါပဲ။ အဲဒါကတော့ အင်္ဂလိပ်စာနဲ့ မြန်မာစာ တတ်(သလိုလိုရှိ)တာပါ။ အဲဒါလေးနဲ့ပဲ ကျွန်တော် တစ်သက်လုံး လုပ်စားခဲ့သလို ယနေ့ထက်တိုင်လည်း လုပ်စားနေဆဲပါပဲ။

စာရေးတဲ့ဘက်မှာ ပြောဦးမလား။ ကျွန်တော် စာရေးတတ်တယ်ဆိုတာတော့ အခုဆိုရင် နှစ်ပေါင်း ၂၀ထဲရောက်လာပြီဖြစ်တဲ့ ကျွန်တော့် စာရေးသက်က အခိုင်အမာ ပြဆိုနေပါလိမ့်မယ်။ သည့်ထက်တစ်ဆင့် တက်ရရင် ကျွန်တော်ပြောဆို ဆွေးနွေးနေတဲ့ အကြောင်းအရာတွေ၊ တွေးစရာတွေ ဘယ်က ရလာခဲ့တာလဲလို့ မေးရင် ကျွန်တော်နေ့စဉ်ဖတ်ရှုနေတဲ့ စာအုပ်တွေထဲကသာ ရနေတာပါ။

နမူနာတစ်ခု ကောက်နုတ်ပြပါရစေဦး။

၁၉၈၈ခုနှစ်ကတည်းက ကွန်ပျူတာဆိုတာနဲ့ ကျွန်တော် စတင်ထိ တွေ့ခဲ့ရပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်လို့ ကျွန်တော့်ကို သင်ပေးတဲ့သူက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ သူကလည်း ကျွန်တော့်ထက် အလုပ် ဝင်တာ စောလို့သာ ကိုင်တွယ်တတ်နေတယ်၊ စာရိုက်တာ၊ ပုံနှိပ်တာ လောက်ပဲ တတ်တဲ့သူ။ သူပြပေးလို့ စာရိုက်တတ်၊ ပုံနှိပ်တတ်တဲ့အဆင့် ကို ကျွန်တော် သိခဲ့တယ်။

နောက်ပိုင်း ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် သုံးစွဲ လာနိုင်တာက ကျွန်တော့်ရဲ့ စာဖတ်မှုကြောင့်ပါပဲ။ အိမ်သုံး၊ ရုံးသုံး၊ တစ်ကိုယ်ရေ ကွန်ပျူတာ အားလုံးက သုံးစွဲသူနဲ့ ယဉ်ပါးလွယ်အောင် စီမံထားတာတွေဖြစ်တဲ့အတွက် သိချင်ရင် သူ့အထဲမှာတင် အဖြေတွေ ရှိပါတယ်။ ကိုယ်က လျှောက်မေးပြီး သူ ဖြေပေးတဲ့ အဖြေတွေကို ဖတ်တတ်ဖို့ပဲ လိုတာပါ။ အဲသလို ဖတ်ရင်း၊ လျှောက်လုပ်ကြည့်ရင်းနဲ့ ကျွန်တော်ဟာ ၁၉၉၆ ခုနှစ်လောက်မှာ ကျွန်တော်တို့ ရုံးရဲ့ ရုံးတွင်းကွန်ပျူတာ ကွန်ရက်ဆက်သွယ်ရေးကို ကြီးကြပ်ခန့်ခွဲပေးရတဲ့ အရံစီမံခန့်ခွဲရေးမှူး ဖြစ်လာပါတယ်။ အဲဒီ့အထိက ဘယ်ကွန်ပျူတာသင်တန်းမှ မတက်ခဲ့ရဖူးပါဘူး။
ကျွန်တော် ကွန်ပျူတာကို စတင်ကိုင်တွယ်သုံးစွဲပြီးတဲ့နောက် ၁၁ နှစ် နီးပါးအကြာ ၁၉၉၉ခုနှစ်ကျတော့မှ ဘဝရဲ့ ပထမဆုံး ကွန်ပျူတာသင်တန်းကို သွားတက်ခဲ့ရတာပါ။ ပြောချင်တာက စာဖတ်ခြင်းရဲ့ အကျိုးပေးပုံ အဆွယ်အပွားစုံကို ဖြစ်ပါတယ်။

ဘာစာဖတ်ရမလဲ

ကျွန်တော့်ကို လူငယ်လေးတွေ မေးတတ်ကြမြဲ မေးခွန်းပါ။ ဗဟုသုတရမယ့် စာ၊ အသိပညာတိုးမယ့်စာမှ ဖတ်မယ်ဆိုတဲ့သူလည်း ရှိပါတယ်။

ကျွန်တော့်သဘောကတော့ စာမှန်ရင် ဘာစာမဆို ဖတ်သာ ဖတ်ပါလို့သာ တိုက်တွန်းချင်ပါတယ်။ မဖတ်သင့်တဲ့စာဆိုတာ တစ်မျိုးမှ မရှိဘူးလို့ ကျွန်တော် ခံယူတယ်။ အဆိပ်အတောက်စာပေ၊ ဘာညာဆိုတာ ကျွန်တော်တို့ ဖြတ်သန်းတဲ့ ခေတ်မှာ အတော့်ကို ကျယ်ကျယ်လောင်လောင် ပြောခဲ့ကြတယ်။

ကျွန်တော်ဖြင့် ကျွန်တော်တို့ခေတ်က လျှမ်းလျှမ်းတောက်နေခဲ့တဲ့ ယုဝတီခင်စိန်လှိုင်တို့၊ တက္ကသိုလ်တင်မြင့်တို့၊ မောင်မောင်မြင့်လွင်တို့၊ ဆွေလှိုင်ဦးတို့လည်း ဖတ်ခဲ့တာပါပဲ။ အပစ်အခတ်၊ အညှစ်အသတ်နဲ့ အညစ်အပတ်စာပေတွေလို့ တချို့က ပြောကြတယ်။ အဲဒါတွေ ဖတ်ရင် အတုခိုးမှားမယ်၊ လမ်းလွဲရောက်မယ်၊ ဘာညာဆိုတဲ့ အခြေအမြစ်မရှိလှသော ထင်မြင်ချက်ကြီးကို ကိုင်စွဲပြီး ပြောကြတာပါ။

အဲဒီ့ ထင်မြင်ချက်ဟာ တက်တက်စင်လွဲပါတယ်။ တစ်နည်းပြောရရင် အဲဒီ့ထင်မြင်ချက်ဟာ ဖတ်သူကို စော်ကားတာပါပဲ။ ဖတ်သူကို ခင်ဗျာ့မှာ မွေးကတည်းက ဦးနှောက်ပါမလာဘူး၊ အဲတော့ အဲသလို စာတွေ ဖတ်ရင် ခင်ဗျားတော့ ရေလိုက်လွဲလိမ့်မယ်လို့ ပြောတာနဲ့ အတူတူပါပဲ။

တကယ်တော့ လူတိုင်းမှာ သူ့ဦးနှောက်နဲ့သူ၊ သူ့ဆင်ခြင်တုံတရားနဲ့ သူပါ။ မကောင်းတာကို မကောင်းမှန်း လူတိုင်းသိကြပါတယ်၊ ဆင်ခြင်သင့်တာကို ဆင်ခြင်ရမယ်ဆိုတာလည်း လူတိုင်းသိပါတယ်။ သည်အခါမှာ ဖတ်တဲ့စာက အဆိပ်အတောက် ဖြစ်နေတယ်ဆိုရင် ဖတ်သူက အလိုလို သိပါတယ်။ မကောင်းတဲ့စာကို ဘယ်သူ၊ ဘယ်လောက်ကြာကြာ ဖတ်မှာတဲ့လဲ။ စာဖတ်သက် ရင့်လာတာနဲ့အမျှ အဲသလို ပေါက်ပန်းဈေးစာတွေကို အလိုလို ပစ်ပယ်လာတတ်ကြတယ်။

မကောင်းတဲ့စာဆိုရင် က… ကန်စွန်းပင် ရေမှာရွှင်၊ ခ… ခရမ်း သီး ဓါးနဲ့လှီးဆိုတဲ့စာကရော ဘာများ ကြီးကြီးကျယ်ကျယ် အကျိုးပြုနေ၊ ဗဟုသုတတွေ ပေးနေလို့တုန်း။ သို့ပေမယ့် ဘာသာစကား တိုးတက်ရေးအတွက် အဲဒီ့လှေကားထစ်ကို လူတိုင်း ကျော်ဖြတ်ခဲ့ရတာချည်းပဲ။ အလားတူပဲ၊ စာဖတ်ခြင်းဆိုတဲ့ အလေ့အထတစ်ခု ကိုယ်တွင်းမှာ စွဲမြဲလာဖို့ အရေးမှာလည်း အဲသလို ပေါက်ပန်းဈေးစာတွေက အများကြီးအကျိုးပြုနိုင်ခဲ့မှန်း ကျွန်တော့်ကိုယ်တွေ့အရ အခိုင်အမာ ပြောနိုင်ပါတယ်။

အင်္ဂလိပ်ဝတ္ထုမှာ Harold Robbins ဆိုတဲ့ စာရေး ဆရာတစ်ယောက်ရှိဖူးတယ်။ သူက အညှီအဟောက် အတော်များများနဲ့ တွေ့ကရာတွေ လျှောက်ရေးတဲ့သူလို့ အကြမ်းဖျဉ်း ဆိုကြပါစို့ရဲ့။ သူ့ဝတ္ထုတွေက တကယ့်အပျော်ဖတ်စာပေ စစ်စစ်ပဲ။ သူကိုယ်တိုင်က အတန်းကျောင်း ကောင်းကောင်းမနေခဲ့ရတော့ သူ့အရေးအသားကလည်း ခပ်ချာချာ၊ ခပ်နုတ်နုတ်ပါ။

သို့ပေမယ့် သူ့စာအုပ်တွေဟာ ကျွန်တော့်ကို အများကြီး အကျိုးပေးခဲ့ပါတယ်။ ကျွန်တော် အင်္ဂလိပ်ဝတ္ထု စဖတ်တာ သူ့စာအုပ်တွေက စတာပါ။ သူ့ဝတ္ထုတွေ ဖတ်တာက စိတ်ဝင်စားဖို့ကောင်းတယ်၊ လူငယ်ကြိုက် အညှီအဟောက်တွေ ပါတယ်၊ ပြီးတော့ ဖတ်လို့ လွယ်တယ်။ သူက စာ သိပ်မတတ်တော့ စာရေးတာ ရိုးစင်းတယ်၊ ရှင်းတယ်၊ နားလည်ဖို့ သိပ်မခက်ဘူး။ အဲတော့ သူ့စာအုပ် ဖတ်ရတာ စာသွားတယ်။

သူ့စာအုပ်တွေနဲ့သာ မစမိခဲ့ရင် “ဟစ်သာငိုတော့ ချစ်တိုင်းပြည်”လို ဂန္တဝင် စာအုပ်တစ်အုပ်ကို ဖတ်နိုင်တဲ့အဆင့်အထိ ကျွန်တော် ရောက်လာခဲ့မှာ မဟုတ်တာလည်း အသေအချာပါ။ အဲတော့ သူ့ကျေးဇူးက ကျွန်တော့် အပေါ်မှာ ရှိပါတယ်။ အလားတူပဲ၊ ဂျက်ဖရီအာချာ၊ ဆစ်ဒနီရှယ်လဒန်၊ ရောဘာ့(ထ်)လဒ်လမ်(မ်) အစရှိတဲ့ ရောင်းအကောင်းဆုံး တန်းဝင်ပေမယ့် စာပေတန်ဖိုးဆိုလို့ တစ်ပြားသားမှ မရှိတဲ့ စာရေးဆရာတွေကလည်း ကျွန်တော့် ကျေးဇူးရှင်တွေပါ။ သူတို့ စာအုပ်တွေ ဖတ်ရင်း နုရာက ရင့်လာခဲ့တာဖြစ်သလို စာဖတ်ခြင်းရဲ့ အရသာကိုလည်း ပိုပိုသိလာခဲ့တာဖြစ်ပါ တယ်။

ကျွန်တော့်စကားကို ပြန်ချုပ်ပါ့မယ်။ မဖတ်သင့်တဲ့စာ၊ မကောင်းတဲ့ စာဆိုတာ တစ်မျိုးမှ မရှိပါဘူး။ မြင်သမျှ ဖတ်၊ လက်လှမ်းမှီသမျှ ဖတ်ရင်းကနေ နုရာက ရင့်လာကြမယ့်သူချည်းပါပဲ။ လူတိုင်းမှာ ပင်ကိုဉာဏ်နဲ့ ပင်ကို ဆင်ခြင်တုံတရားရှိပါတယ်။ စာဖတ်ခြင်းဟာ အဲဒီ့ ပင်ကိုဉာဏ်နဲ့ ပင်ကို ဆင်ခြင်တုံတရားကို ပိုမိုကျယ်ပြန့် ခိုင်မာလာစေနိုင်ပါတယ်။

 

အချိန်မရှိဘူးလို့ မပြောပါနဲ့

သတင်းခေတ်၊ အချက်အလက်နည်းပညာ တစ်ဟုန်ထိုး ဖွံ့ဖြိုးနေတဲ့ခေတ်လို့ အခုကာလကို အမည်ပေးထားကြတယ်။ ကမ္ဘာရွာဆိုတဲ့ အသုံးအနှုံးကလည်း တအားကို တွင်ကျယ်နေတယ်။


အဲဒီ့ခေတ်မှာ စာမဖတ်တဲ့သူဟာ “ကချလာ”ဘဝ၊ သူများနောက်လိုက်ဘဝကို ရောက်သွားရပါလိမ့်မယ်။


စာဖတ်ပါလို့ ပြောတဲ့အခါ လူငယ်အတော်များများက သူတို့အပေါ် မှာ မနိုင်ရင်ကာ ဖိစီးနေတဲ့ ကျောင်းစာတွေနဲ့ ရောထွေးပြီး စာဆိုတာ ကြောက်စရာလို့ မြင်နေမိတတ်ကြပါတယ်။ အဲဒါလည်း အဆိုး မဆိုသာလှဘူး။ ၁၉၇၀ ပြည့်လွန်ကာလများက စတင်တွင်ကျယ်လာတဲ့ ကျူရှင်ယူခြင်း အလေ့အထဟာ လူငယ်တွေရဲ့ စာဖတ်ချင်စိတ်ကို တဖြည်းဖြည်းနဲ့ လုံးပါးပါးသွားစေခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဆယ်တန်းအောင်မှတ်နဲ့ ဘဝလမ်းကြောင်းကို ပိုင်းဖြတ်ပေးနေတာကြီးကြောင့်လည်း မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေ အပြင်စာဘက် စိတ်ယိုင်သွားမှာကို သေမလောက် ကြောက်နေကြတယ်။ အဲသလို မိဘတွေ ကိုယ်တိုင်ကလည်း စာဖတ်ခြင်း အလေ့အထ မရှိကြလေတော့ကာ သူတို့သားသမီးတွေ အပြင်စာဖတ်ရင်ပဲ ကျောင်းစာ ထိခိုက်မယ်ဆိုတဲ့ မဟာအစွဲအလန်းကြီးနဲ့ ပိတ်ပင်တားဆီးတတ်ကြတယ်။

လူငယ်တွေကလည်း စာဖတ်လောက်အောင် အချိန်အားမရှိဘူးလို့ ဆင်ခြေကန်ချင်တတ်ကြတယ်။ ပြင်ဦးလွင်မှာ ကျောင်းသွားတက်နေခဲ့တဲ့ ကျွန်တော့်သမီး ဆယ်တန်းဖြေခါနီးမှာ သူ့ဆီကို လစဉ်ထုတ်မဂ္ဂဇင်းတွေ မပို့ပါနဲ့တော့၊ စာကိုပဲ အာရုံစိုက်ရတော့မှာမို့လို့ ပြောခဲ့ပါတယ်။ ကျွန်တော် က သူ့စကားကို မကြားချင်ယောင်ဆောင်ပြီး ပို့ပေးခဲ့ပါတယ်။

ဘယ်လောက် အချိန်အား မရှိတဲ့သူဖြစ်ဖြစ် နေ့စဉ် ထမင်းစားနေကြတာဖြစ်သလို ရေအိမ်ထဲလည်း နေ့တိုင်းဝင်ပါတယ်။ ထမင်းစားချိန်မှာလည်း စာဖတ်မယ်ဆို ဖတ်လို့ရသလို ရေအိမ်ထဲ ဝင်နေချိန်မှာလည်း စာဖတ်ဖို့ အချိန်အားက အများကြီး ရှိပါတယ်။ အဓိကက ဖတ်ချင်စိတ် ရှိနေဖို့သာ လိုရင်းပါ။

 

စာဖတ်ခြင်းဆိုတာ ဝါသနာ၊ စွဲမြဲလာအောင် လေ့ကျင့်ပါ

ရုပ်ရှင်ဆိုတာ တစ်ကားကြည့်ပြီးတာနဲ့ နောက်တစ်ကား ကြည့်ချင်လာဖို့ ဘာမှ မခက်ပါဘူး။ အလွန်စွဲလွယ်ပါတယ်။ ကွန်ပျူတာဂိမ်းဆိုတာလည်း အဲသလိုပါပဲ။ တစ်ခါ၊ တစ်ပွဲလောက် ကစားပြီးရင် စွဲသွားပါတယ်။ နောက်တစ်ခါ ကစားဖြစ်ဖို့ ဘာမှ မခက်တော့ပါဘူး။ ကိုယ့်ဘက်က ဘာမှ သိပ် အားစိုက်စရာမှ မလိုတာကိုး။

အချိန်ပေးရတာချင်းအတူတူ စာဖတ်တာကျတော့ အဲသလိုမဟုတ်ဘူး။ အားစိုက်ရတော့ တော်တော်တန်တန်နဲ့ မစွဲလွယ်ဘူး။ အကျင့်လုပ်ယူမှ ရတာ။ တစ်အုပ်ဖတ်ရုံနဲ့ နောက်တစ်အုပ် ဖတ်ဖြစ်ဖို့ ခက်တယ်။ တစ်အုပ်တစ်လေလောက် အရသာရှိရှိ ဖတ်လိုက်ရဦးတောင်မှ နောက်တစ်အုပ်အတွက် အားစိုက်ဖြစ်ဖို့က အင်မတန် ခက်နေတတ်ပါတယ်။

သို့ပေမယ့် ရုပ်ရှင်ကြည့်ရတာနဲ့ စာဖတ်ရတာနဲ့ အရသာချင်း မတူပါဘူး။ “ရေနံ့သာခင်ခင်ကြီး”ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်တယ်ပဲ ဆိုပါစို့။ ဒါရိုက်တာက မိုးပျံအောင် တော်ပြီး သရုပ်ဆောင်တဲ့သူတွေကလည်း မိုးပျံအောင် ကောင်းနေ၊ ဇာတ်ညွှန်းဆရာကလည်း ဝတ္ထုအရသာ မပျက်အောင် ဇာတ်ညွှန်း ခွဲနိုင်နေတဲ့အတွက် မူရင်း ဝတ္ထုအရသာ မပျက်ပါဘူးလို့ ဘယ်လောက်ပြောပြော ရေနံ့သာခင်ခင်ကြီးနေရာမှာ စိုးမြတ်သူဇာနဲ့ ရိုက်လိုက်တာဖြစ်ရင် စိုးမြတ်သူဇာအဖြစ်ပဲ မြင်ရပါမယ်။ နန္ဒာလှိုင်နဲ့ ရိုက်တာဆိုလည်း နန္ဒာလှိုင်ရဲ့ ရုပ်ရည် ပြင်ပလက္ခဏာများအတိုင်းသာ တွေ့ရမှာပါ။

အဲဒါကို စာအုပ်အနေနဲ့ ဖတ်တဲ့အခါကျတော့ ရေနံ့သာခင်ခင်ကြီးဟာ စိုးမြတ်သူဇာရော၊ နန္ဒာလှိုင်ရော၊ ခိုင်သင်းကြည်ရော၊ သက်မွန်မြင့်ရော ရောယှက်နေပြီး အပြင်မှာ ဘယ်လိုမှ မရှိနိုင်တဲ့ စိတ်ကူးထဲက ဇာတ်ကောင်အသစ်ဖြစ်နေနိုင်ပါတယ်။ အဲဒီ့ဇာတ်ထဲက တစ်နေရာရာမှာ ကိုယ် ကိုယ်တိုင်တောင် စိတ်ကူးထဲမှာ ဝင်ပါလို့ ရနေနိုင်ပြန်ပါသေးတယ်။

ရုပ်ရှင်မှာကျတော့ ကိုယ်က အဲဒီ့အထဲ စိတ်ကူးနဲ့ ဝင်ပူးလို့ မရဘူး။ သူ ပြသလောက်ပဲ အကန့်အသတ်နဲ့ မြင်ရပါတယ်။ စာအဖြစ် ဖတ်တဲ့အခါ ကျတော့ စိတ်ကူးထဲမှာ ကိုယ်ကြိုက်သလောက် ချဲ့ထွင်လို့ရတယ်။ အကန့် အသတ်မဲ့သွားတယ်။ အဲဒါကို သတိထားမိမယ်ဆိုရင် စာဖတ်ခြင်းကို ငြင်းဆန်ချင်စိတ် နည်းသွားနိုင်ပါတယ်။

နောက်တစ်ချက်က ဆရာကြီး ရွှေဥဒေါင်း၊ ဆရာသော်တာဆွေတို့ လို ကိုယ်ရေးအတ္ထုပ္ပတ္တိကောင်းများကို ရေးနိုင်ဖို့အတွက် အဲဒီ့ဆရာကြီးတွေမှာ တစ်ဘဝလုံး ပေးဆပ်ခဲ့ရတာပါ။ တစ်ဘဝတာ အချိန်ယူခဲ့ရတာပါ။ သူတို့အတွက် နှစ်ပေါင်း ၇၀လောက် အချိန်ယူ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို စာအုပ်အဖြစ် ဖတ်ရတဲ့အခါမှာ စာဖတ်သူက အလွန်ဆုံးမှ ခုနစ်ရက်လောက် အချိန်ပေးလိုက်ရင် အပြည့်အဝ သိရနိုင်ပြန်ပါတယ်။ ဒါဟာလည်း စာဖတ်ခြင်းရဲ့ အားသာချက်ပါ။

ရုပ်ရှင်အနေနဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ ဘဝဖြစ်စဉ်၊ ဆရာသော်တာဆွေရဲ့ ဘဝဇာတ်ကြောင်းကို ဘယ်လိုမှ အသေးစိတ် ရိုက်မပြနိုင်ဘူး။ တကယ်လို့ ရိုက်ပြတတ်တဲ့ သူရဲကောင်း ရှိမယ်ဆိုဦးတောင်မှ အဲဒီ့ ဘဝ အတွေ့အကြုံတွေထဲက တစ်ကန့်၊ နှစ်ကန့်လောက်ကိုသာ တစ်နာရီခွဲဆိုတဲ့ ရုပ်ရှင်တစ်ကားရဲ့ ကန့်သတ် ကာလအတွင်းမှာ ဖျစ်ညှစ်ထည့်ယူရမှာ ဖြစ်ပါတယ်။


စာမှာက အကန့်အသတ်မရှိဘူး။ ကြိုက်သလောက် အတွဲဆက်လို့ ရတယ်။ ရေးတဲ့သူမှာတင် အကန့်အသတ် မရှိတာမဟုတ်ဘူး။ ဖတ်တဲ့သူအတွက်ကလည်း အကန့်အသတ်မဲ့တယ်။ ရေးတဲ့သူ ရေးပြထားတဲ့ ဝါကျထက် ကျော်ပြီး ဖတ်တဲ့သူရဲ့ စိတ်ကူးက ဖြန့်ကျက်နိုင်တယ်။

လူငယ်ဆိုတာ အကန့်အသတ်တွေကို မကြိုက်ဘူး၊ လွတ်လပ်မှုကို အငမ်းမရ ဖွေရှာတယ်လို့ ခေတ်အဆက်ဆက်မှာ နိုင်ငံတိုင်းက လူငယ်တွေ ကြွေးကြော်ခဲ့ကြပါတယ်။ သို့ပေမယ့် ကနေ့ကာလ မြန်မာလူငယ်တွေကတော့ ရုပ်မြင်သံကြား၊ ကွန်ပျူတာ ကစားနည်းပေါင်းစုံ၊ အင်တာနက်က တွတ်ထိုးခန်း စတာတို့မှာ အချိန်ကုန်ခံရင်း မိမိတို့ရဲ့ လွတ်လပ်မှု၊ အချုပ်အခြယ် မခံလိုမှုများကို စတေးနေကြတယ်၊ အဆုံးရှုံးခံနေကြတယ်။ တစ်နည်းပြောရရင် မိမိတို့ရဲ့ လွတ်လပ်စွာ တွေးခေါ်ဆင်ခြင်နိုင်တဲ့ စွမ်းအားများကို အဲဒီ့ ခေတ်မီနည်းပညာများရဲ့ ခြယ်လှယ်လွှမ်းမိုးမှုအောက်မှာ  ကိုယ့်သဘောနဲ့ကိုယ် လိုလိုချင်ချင်ကြီးကို အသတ်ခံနေကြပါတယ်။


တကယ် လွတ်လပ်ချင်သလား၊ တကယ် အကန့်အသတ်ကို မလိုချင် ဘူးလား။ အဆီးအတားမဲ့ ကျယ်ပြန့်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဆန်းသစ်တဲ့ လူသားများ ဖြစ်ချင်ကြပါသလား။

အဲဒါဆိုရင် အတိုင်းအဆ မရှိ၊ စိတ်ကူးရှိတိုင်း သွားနိုင်တဲ့ စာဖတ်ခြင်း အလေ့အထကို မရမက မွေးမြူယူသင့်လှတယ်လို့ လူငယ်တွေကို ကျွန်တော် အရမ်းပြောချင်နေမိရပါတယ်။

ပြောနေကျစကားကိုပဲ ပြောပါရစေ။ စာမဖတ်တဲ့သူဟာ သူများပြောသမျှ အကုန်လိုက် ယုံနေရတဲ့ လူနုံလူအသာ ဖြစ်ပါတယ်။ စာဖတ်တဲ့သူမှ ဆင်ခြင်ဉာဏ် ရင့်သန်ပြီး အမှန်အမှားကို ခွဲခြားတတ်နေပါလိမ့်မယ်။ အမှန်အမှားကို ခွဲခြားတတ်ပြီဆိုရင် ပြောတိုင်းယုံတဲ့ လူနုံဘဝက တစ်ဆင့်တက်လာမှာလည်း အသေအချာပါ။


ကိုင်း… စာဖတ်သူ လူငယ် လူကြီးမင်းအပေါင်းတို့ခင်ဗျား။

လူကြီးမင်းတို့ လူနုံမဖြစ်ချင်ကြမှာတော့ သေချာပါတယ်။ ဒါဆိုရင် ဘာလုပ်သင့်လဲဆိုတာတော့ မိမိတို့ဘာသာ အပိုင်အနိုင်ဆုံးဖြတ်ပြီး လုပ်သင့်တယ်ထင်တာကို နေ့ပိုင်း ညပိုင်း မရွှေ့ဆိုင်းဘဲ အမြန်ဆုံးအကောင်း အထည်ဖော်ကြပါလော့လို့သာ နှိုးဆော်လိုက်ရကြောင်းပါ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၈၁၂၀၇)

———————–

(၂၀၀၈ ခုနှစ်မှာ ထုတ်ဝေတဲ့ Fashion Image မဂ္ဂဇင်းရဲ့ နှစ်ပတ်လည် အထူးထုတ်မှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်ထားတာပါ။)

Advertisements
4 Comments leave one →
  1. အိအိ permalink
    8 November 2009 9:47 am

    ဆရာ ပြောသလိုပဲ မဖတ်သင့်တဲ့စာဆိုတာဘာမှ မရှိဘူးဆိုတာ အမှန်ပဲ… အဆိပ်သင့်စာပေလို့ တံဆိပ်တပ်ခံရတဲ့ စာတွေကို ဖတ်ရင်းက ဒီထက်ပိုအနှစ်အရသာပြည့်စုံတဲ့ စာအုပ်မျိုး မြည်းစမ်းကြည့်မိပြန်တော့လည်း .. အဲ့ဒီ ပိုကောင်းတဲ့စာပေမျိုးကို လိုက်ရှာဖတ်ပြန်ရော..။ ဘာနဲ့ အလားသဏ္ဍန်တူလဲဆိုတော့ကာ… ငါးပိရည်တို့စရာနဲ့ ထမင်းစားနေရာက ချဉ်ပေါင်ဟင်းချိုလေးပါလာတော့ ပိုစားလို့ဝင်ပြန်… ပုဇွန်ထုတ်ဆီပြန်ဟင်းလေး… ထပ်ပါလာပြန်တော့ တစ်ခါ..အရသာပိုထူးသွားပြီး ထမင်း တစ်ပန်းကန်ပြီး တစ်ပန်းကန် လွေးလို့ကို မဝနိုင်ဖြစ်ရသလိုမျိုးပါပဲ။ အဓိကဇာတ်လိုက်ကတော့ ဆရာပြောသလို စာဖတ်ချင်စိတ်ဆိုတဲ့ ခံတွင်းလိုက်မှုပါပဲ။

    (ဒါထက် စကားမစပ်.. အင်တာနက် “တွတ်ထိုးခန်း”လို့ ဘာသာပြန်ထားတာလေးကိုတော့ အတော်သဘောကျတယ် ဆရာ.. 😀 )

  2. aye permalink
    8 November 2009 9:06 pm

    အင်း…ဟုတ်တယ်နော်။ စာကို နေ့တိုင်း ဖတ်နေမှ စာက ရတဲ့ အသိလို့ ခေါ်မလား၊ feeling ခေါ်မလား အဲဒါလေးနဲ့ ငြိမ့်နေရတာ အနည်းဆုံး နှစ်ရက်လောက်တော့ ခံတယ်။ ပြီးရင် နောက်တစ်အုပ်ဖြစ်ဖြစ်၊ နောက်တစ်မျိုးဖြစ်ဖြစ် ဖတ်ချင်ပြန်ရော။ မဖတ်ရရင် ဘာလိုနေမှန်း မသိတဲ့ ခံစားချက်ကို ခံစားရဖူးတယ်။ ဒါပေမယ့် စာကို နေ့တိုင်း ဖတ်သင့်တယ်ဆိုတဲ့ အသိထိ ရောက်မလာခဲ့ဘူး။ ခုမှ ကိုယ့်ကိုယ်ကိုယ် သဘောပေါက်တယ်။ စာ နေ့တိုင်း ဖတ်ဖို့လိုတဲ့သူ ဆိုတာလေ။

    စာမဖတ်ဖြစ်တဲ့ ကာလတွေတုန်းက သူများပါးစပ်မှာတင် လမ်းဆုံးသလို ဖြစ်နေခဲ့တယ်ဆိုတာ ခုမှ သဘောပေါက်လာတယ်။ စာဖတ်ထားမိလို့ ဘ၀မှာ အရေးကြီးတဲ့ အချိန်ရောက်တုန်းက ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ အတွေး ပေါ်ပေါက်လာလို့ ဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့တယ်။ အဲဒါက စာဖတ်ခြင်းရဲ့ ကျေးဇူးဆိုတာ သိနေတာတော့ ကြာပါပြီ။

    အဲလို သိလာရတာရော၊ ဆရာ့အတွေးတွေ မှန်တယ်ဆိုတာ လက်ခံလာရတာရောနဲ့ စာဖတ်တာကို နေ့တိုင်းမလုပ်မဖြစ် လုပ်တော့မယ်လို့ ခံယူမိသွားတယ်။ ဘယ်လိုစာတွေ ဖတ်မလဲဆိုတာက ကိုယ့်အခြေအနေအပေါ် မူတည်ပါတယ်နော်။ ခု ကိုယ့်မှာ ဘာ လိုအပ်နေလဲ။ လိုအပ်နေတဲ့ စာမျိုး ရှာဖတ်ရမယ်လို့ ခံယူထားတယ်။ တွေ့တဲ့ စာတိုင်းကတော့ ဖတ်လိုက်တာပါပဲ။ ဒါပေမယ့် စာအုပ် လက်လှမ်းမမီတဲ့ အခက်အခဲလေး ရှိတယ်။ စာအုပ်ဆိုင် တစ်ဆိုင်စာလောက်ထိ စာအုပ်တွေ လိုချင်နေတယ်။ မ၀ယ်နိုင်တာက ဒုက္ခတစ်မျိုးပဲ။ ဖြည်းဖြည်းချင်းတော့ ၀ယ်နိုင်သွားမှာပါ။ ခုချိန် ချမ်းသာတာကတော့ စာအုပ်တွေပဲ ရှိပါတယ်။ ဟား… ဟား… ဟား။

  3. လိပ်ပြာ၁ permalink
    15 November 2009 10:21 am

    ကျနော် စာဖတ် မနာခဲ့ပါဘူး.. ဒါပေမယ့် ကိုယ့်ကိုယ်ကို စဉ်းစားဥာဏ် နည်းတယ်လို့ တော့ မမြင်ပါဘူး.. စဉ်းစားဖို့အတွက် လိုအပ်တာက မယုံကြည်စိတ်ပါဘဲ.. မယုံရင်.. ယုံအောင်ဘယ်လောက်ပြောပြော.. ကို က စဉ်းစားမှာဖြစ်တဲ့အတွက် တိုးတက်စေပါတယ်..

    ကျနော်ဆိုလိုတာက.. အဲ့ဒီ့စာတွေမရှိတဲ့ ခေတ်က ဆိုကရေးတီး ဟာလည်း ဒီလိုဘဲ စဉ်းစားခဲ့တယ်လို့ မြင်ပါတယ်.. ပလေတို အရစ်စတိုတယ်တို့ဟာလည်း ဆိုကရေးတီး နဲ့ ဆွေးနွေးရင်း တိုးတက်လာတယ်မြင်ပါတယ်.. အဓိကက ဦးနှောက်ကို သုံးနေဖို့ လို့ မြင်ပါတယ်..

    (စာဖတ်နိုင်ရင်ကောင်းပါတယ်.. မဖတ်နိုင် မဖတ်ချင်ပါကလည်း ဆွေးနွေးပါ.. စဉ်းစားပါလို့ ပြောလိုရင်းဖြစ်ပါတယ်..)

    • lettwebaw permalink
      15 November 2009 1:13 pm

      ဆရာ“လိပ်ပြာတစ်”ဆိုသူဟာ လူငယ်လေးလို့ ယူဆတဲ့အတွက် ပြန်ဆွေးနွေးကြည့်ချင်ပါတယ်။ ပလေတိုရဲ့ ဆရာ အရစ္စတိုတယ်က ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀၀ လောက်မှာ လူလုပ်သွားတာပါ။ သူတို့ခေတ်က စာအုပ် စာပေ ကောင်းကောင်း မပေါ်သေးတာကို သတိချပ်သင့်တယ်လို့ ယူဆပါတယ်။ အရစ္စတိုတယ်က ဘာမှ ရေးမသွားနိုင်ခဲ့ပေမယ့် သူ့တပည့် ပလေတိုကတော့ သူ့ဆရာရဲ့ စာတွေကို စာနဲ့ ရေးပြီး မှတ်တမ်းတင်ပေးသွားခဲ့ပါတယ်။ စဉ်းစားတတ်ရင်ပြီးတာပဲဆိုရင် ဘာလုပ်ဖို့ စာနဲ့ မှတ်တမ်းတင်ခဲ့တော့မလဲ။ “စဉ်းစားကြဟေ့”လို့သာ တစ်ခွန်းတည်း ရေးသွားမှာပေါ့။ စဉ်းစားရုံနဲ့ မပြီးဘူးနော်။ မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွှေးနဲ့ တစ်ဆက်တည်းလား၊ အမျိုးတော်လားလို့ ရက်ပေါင်း လပေါင်းများစွာ ထိုင်စဉ်းစားနေတဲ့သူလည်း ဦးနှောက်သုံးနေတာပဲလေ။

      ဘုရားရှင်က အာနန္ဒာကို မိန့်ဖူးတယ်။ “မှတ်သားပါ၊ ချုပ်တည်းပါ၊ မေးမြန်းဆွေးနွေးပြီး စူးစမ်းဆင်ခြင်ပါ”တဲ့။ အရစ္စတိုတယ်ဟာ စာမဖတ်ခဲ့ပေမယ့် မေးမြန်းဆွေးနွေးမှုကို လူသာမန်ထက် အဆများစွာ ပိုလုပ်ခဲ့တဲ့အချက်ကိုလည်း သတိထားသင့်တယ်။ အခုလို အရစ္စတိုတယ်အကြောင်း ခြေခြေမြစ်မြစ် ပြောနိုင်အောင် ကျွန်တော် စဉ်းစားနေရုံနဲ့ ရမလာတာလည်း သိပ်သေချာနေပါတယ်။

      ဘုရားဟောမှာ ဉာဏ်သုံးဆင့်ရှိတယ်။ သညာအရ သိလာရတဲ့ ဉာဏ်၊ ကြောင်းကျိုးဆက်စပ်ပြီး သိမြင်လာရတဲ့ ဉာဏ်နဲ့ ကျင့်ကြံအားထုတ်ရာက ထိုးထွင်းသိမြင်လာတဲ့ ဉာဏ်တဲ့။ ကျွန်တော်တို့ ပုထုဇဉ် လူသားများအတွက်က ပထမ နှစ်မျိုးသာ လွယ်ကူပါလိမ့်မယ်။ သို့သော် အစီအစဉ်အတိုင်း သွားပါတယ်။ သညာသိ မရှိဘဲ ဆင်ခြင်သိကို မရနိုင်တာကိုလည်း သတိချပ်သင့်ပြန်တယ်။ အထက်က ကွန်မန့်ကို ရေးရာမှာ ပလေတိုတွေ၊ အရစ္စတိုတယ်တွေကို ထည့်သုံးဖို့အတွက် ဦးနှောက်သုံးတာသက်သက်၊ စဉ်းစားတာသက်သက်နဲ့ ရလာခဲ့တာတော့ မဟုတ်တန်ကောင်းဘူးထင်ပါတယ် ဆရာ“လိပ်ပြာတစ်”ရေ။

      စာတော့ မဖတ်နိုင်ဘူးကွာ… တစ်နေ့တစ်နေ့ (မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေးအဆက်အစပ်လို အကြောင်းအရာမျိုးတွေကို) ထိုင်စဉ်းစားနေတာပဲ… (လက်ဖက်ရည်ဆိုင်မှာလည်း ဆိုင်ရှင် ငြိုငြင်တဲ့အထိ ရေနွေးကြမ်း ဂါလံပေါင်းများစွာ သောက်ရင်း) ဆွေးနွေးနေတာပဲ၊ ပြီးရောပေါ့ဆိုတဲ့ လူငယ်တွေသာ သိပ်များလာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ကောင်းပါ့မလား ဆရာ“လိပ်ပြာတစ်” ဆင်ခြင်တော်မူပေးပါဦး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: