Skip to content
The Origin of Jealousy
8 November 2009
Twaytawမနာလိုတိုရှည်ရဲ့ မူလဘူတ
တွေ့ရှိပုံ နိဒါန်း
လွန်ခဲ့တဲ့ လေး၊ ငါး၊ ဆယ်နှစ်လောက်အထိက ကျွန်တော့်မှာ သူတစ်ပါးအပေါ် မနာလိုတာတွေ၊ ဝန်တိုတာတွေ၊ မရှုစိမ့်တာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ သူတစ်ပါး အောင်မြင်ပေါက်မြောက်တာကို ကြားသိရရင် ရင်ထဲ မှာ ကျလိကျလိနဲ့ နားကြားပြင်း ကပ်တတ်တယ်။ သူတစ်ပါး ထွန်းကားနေတာကို မြင်ရရင် မျက်စိနောက်တတ်တယ်။ တစ်ပါးသူရဲ့ကျဆုံးမှု၊ နစ်နာမှုတွေကို ကြားသိရရင် ဝမ်းသာတတ်တယ်။ အဲသလို ညစ်ပေ စုတ်ပဲ့လှတဲ့ စိတ်မျိုးနဲ့ ကျွန်တော်ပါ။
ကျွန်တော့် ချစ်သူရည်းစားများနဲ့ကျပြန်တော့ တစ်မျိုး။ ကျွန်တော်က သဝန်မကြောင်တတ်ပြန်ဘူး။ သူတို့ ဘယ်လိုအမျိုးကောင်းသားများနဲ့ ရင်းရင်းနှီးနှီး ခင်ခင်မင်မင်နေနေသည်ဖြစ်စေ ကျွန်တော့်စိတ်မှာ ဘယ်လိုမှ မဘယ်လို မိတတ်ပြန်ဘူး။
အသက်၃၀ကျော်မှာ ကျွန်တော်အိမ်ထောင်ကျပါတယ်။ အိမ်ထောင်ဦးမှာ ကျွန်တော့်အိမ်သူက ကျွန်တော်နဲ့ပတ်သက်ရင် အမြဲမဟုတ်ပေမယ့် တစ်ခါတလေ သဝန်တိုပုံလေးတွေ မသိမသာ ပြတတ်တယ်။ အိမ်ထောင်ကျစ အနည်က မထိုင်သေးတော့ သူနဲ့ အိမ်ထောင်မကျခင်က ခြေစလက်စတွေနဲ့ ပတ်သက်လို့ သူ စိတ်ပါတဲ့အခါ ခနဲ့တတ်တယ်၊ သည်အခါများမှာ “သူ ကျွန်တော့်ကို ချစ်လွန်းလို့ သဝန်ကြောင်ရှာတာပါလေ”ဆိုတဲ့ အတွေးနဲ့ ကြည်နူး ကျေနပ်နေတတ်ခဲ့ပါတယ်။
သူနဲ့ပတ်သက်လို့ ကျွန်တော်က တစ်စက်ဆို တစ်စက်ကလေးသော်မှ သဝန်ကြောင်ရကောင်းမှန်း မသိပြန်ဘူး။ အဲတော့ ကျွန်တော်ဟာ သူ့ကို နှစ်နှစ်ကာကာ မရှိတာမို့လို့ သဝန်မတိုတာပါလို့ သူက ရန်ထောင်တယ်။ အဘယ် သူကောင့်သား၊ သူကောင့်သမီးက တီထွင်သွားတဲ့စကားလဲတော့ မသိဘူး၊ “ချစ်လို့ သဝန်ကြောင်တာ”ဆိုတဲ့ အူလည်လည် စကားတစ်ခွန်းကို ကျွန်တော်တို့ တွင်တွင်ကြီး ကြားနာ ပြောဆိုနေကြတာမို့ ယုတ္တိဗေဒအရ သဝန်မကြောင်တတ်ရင်ပဲ မချစ်လို့ရယ်ပါလို့ စွပ်စွဲလို့ရတတ်နေချင်ပြန် တာလည်း အမှန်ပါပဲ။
အဲဒီ့ အူလည်လည် အတွေးအခေါ်က ခေါင်းထဲမှာ ဆို့ထားတော့ သဝန်မကြောင်တတ်တဲ့ ကျွန်တော့်ခမျာ မချစ်တတ်သလိုလို ဖြစ်နေရှာပါရောလား။ ကျွန်တော့်အိမ်သူက ကျွန်တော်သူ့ကို နှစ်နှစ်ကာကာ မရှိဘူးလို့ ရိုးစွပ်တဲ့အခါများမှာ သူ့ကို မချေပနိုင်ရုံတင်မကဘဲ သူပြောတာ ဟုတ်များ နေသလားလို့ တွေးယူမိတဲ့အထိ ကျွန်တော့်ကို အဲဒီ့ အူလည်လည် အတွေးအခေါ်၊ အဆိုအမိန့်က ဒုက္ခပေးပါတယ်။
တစ်ရက်မှာတော့ ဘယ်သူ့ကိုလဲ မသိဘူး။ ကျွန်တော့်ထုံးစံအတိုင်း သွန်သင်ပေးနေမိရင်းက ခေါင်းထဲမှာ လျှပ်စီးလက်သလို အလင်းတန်းသစ် တစ်ခုရသွားတယ်။ “ချစ်လို့ သဝန်ကြောင်ခြင်းဖြစ်သည်၊ ထို့ကြောင့် သဝန် မကြောင်တတ်သူသည် မချစ်သောသူသာဖြစ်ရမည်”ဆိုတဲ့ ဘယ်က စမှန်း မသိတဲ့ အဆိုအမိန့်နဲ့၊ ယုတ္တိဗေဒဟာ ချွတ်ချော် မှားယွင်းနေကြောင်း ဒက်ခနဲ လှမ်းမြင်လိုက်တဲ့ အလင်းတန်းပါ။
တစ်ဆက်တည်းမှာပဲ လွန်ခဲ့တဲ့ လေး၊ ငါး၊ ဆယ်နှစ်လောက်အထိ ကျွန်တော့်မှာ ရှိနေခဲ့တဲ့ သူတစ်ပါးအပေါ် မနာလိုတတ်တာတွေ၊ ဝန်တိုတတ်တာတွေ၊ မရှုစိမ့်တတ်တာတွေ မရှိတော့တာကိုလည်း တအံ့တဩ သတိထားမိလိုက်တယ်။ သည်မှာတင် မနာလိုစိတ်၊ ဝန်တိုစိတ်၊ မရှုစိမ့်မှု၊ သဝန်ကြောင်မှုတို့ရဲ့ ဇစ်မြစ်တရားခံ အစစ်အမှန်ကို တိတိလင်းလင်း၊ ကွင်းကွင်းကွက်ကွက် မြင်လိုက်ရပါတယ်။
မနာလိုတိုရှည်ရဲ့ မူလဘူတ
တကယ်တော့ သိုးဆောင်းစကားနဲ့ jealousy သို့မဟုတ် envy လို့ ခေါ်တဲ့ မနာလိုတိုရှည်စိတ်၊ သဝန်ကြောင်မှု၊ မရှုစိမ့်မှုတွေ လူတစ်ယောက်မှာ ဖြစ်ပေါ်လာဖို့အတွက် အကြောင်းတရား နှစ်ရပ်ပဲ လိုအပ်ပါတယ်။
ပထမအကြောင်းတရားက မိမိကိုယ်မိမိ ယုံကြည်မှု မရှိခြင်းဖြစ်ပြီး ဒုတိယအကြောင်းတရားက မိမိရဲ့ အခြေအနေမှန်ကို လက်ခံနိုင်စွမ်း မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိသူများ၊ မိမိရဲ့အခြေ အနေမှန်ကို သက်ဝင်လက်ခံနိုင်စွမ်းရှိသူများမှာ ဝန်တိုစိတ်တွေကင်းမဲ့တယ် လို့ ပြောင်းပြန် ပြန်ယူနိုင်ပါတယ်။
သည်အချက်နှစ်ချက်နဲ့ သဝန်ကြောင်တတ်ခြင်းတို့ ဆက်နွယ်မှုကို အရင်ဆုံး ဆန်းစစ်ပြပါမယ်။
သဝန်ကြောင်ခြင်း
သဝန်ကြောင်တာ၊ သဝန်တိုတာတွေဟာ ချစ်သူရည်းစားများကြား၊ ဇနီး မာင်နှံများကြား၊ မိတ်ဆွေသူငယ်ချင်း အရင်းအချာများကြားမှာ ဖြစ်တတ်တဲ့ စိတ်ပါ။ အထက်က ဆိုခဲ့သလို မိမိတို့ရဲ့သဝန်ကြောင်မှုကို ဆင်ခြေလွယ်လွယ် ပေးချင်လာတဲ့အခါများမှာ “ချစ်လို့ သဝန်ကြောင်တာ”လို့ ပြောလိုက်ရင် ပြီးနေတတ်စမြဲပါပဲ။ သဝန်အကြောင်ခံရတဲ့သူကလည်း အဲဒီ့ဆင်ခြေလေး ကြားလိုက်ရရင် နားဝင်ချိုသွားပြီး တော်ရုံတန်ရုံကို အလွယ်တကူ ခွင့်လွှတ်ပေးလိုက်တတ်စမြဲလည်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သည်ဆင်ခြေကို စောဒက တက်ကြည့်ဖို့တော့ ဘယ်သူမှ အားမထုတ်ဖူးသေးပါဘူး။ တကယ်က အဆွေခင်ပွန်း အရင်းအချာများကြားမှာဖြစ်တဲ့ သဝန်ကြောင်စိတ်ဟာ ချစ်စိတ်ကြောင့် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အချစ်ခံချင်စိတ်ကြောင့်သာ ဖြစ်လာရတာပါ။ ကိုယ့်ရဲ့အဖော်က ကိုယ့်ထက် တစ်ပါးသူအပေါ် ပိုတွယ်တာသွားမှာ၊ ပိုခင်မင်သွားမှာ၊ ပိုချစ်သွားမှာ စိုးရိမ်တဲ့စိတ်ကို သဝန်ကြောင်တယ်လို့ ခေါ်တာပါ။ ဒါကြောင့် သည်စိတ်ဟာ ကိုယ့်အဖော်ကို ချစ်လို့ဆိုတာထက် ကိုယ့်အဖော်က ကိုယ့်ကို ချစ်စေလိုမှု (ဝါ) မိမိရဲ့အချစ်ခံလိုမှုကြောင့် ဖြစ်လာရတာ သေချာပါတယ်။
သည်နေရာမှာ ကိုယ့်အဖော်ဟာ တစ်ပါးသူအပေါ် စိတ်ယိုင်သွားနိုင်လောက်တယ်ဆိုတဲ့ သံသယစိတ်ကလေးကလည်း ဖေးဖေးထနေပါတယ်။ တစ်နည်းအားဖြင့် ကိုယ်နဲ့ ကိုယ့်အဖော်ရဲ့ကြားက စည်းနှောင်အားကို မယုံရဲတာပါ။ သူ ငါ့ကို နှစ်နှစ်ကာကာမှ ရှိပါလေစ၊ ငါ့ထက်သာတာ တွေ့သွားတဲ့ တစ်နေ့မှာ ငါ့ကိုများ စွန့်ခွာသွားမှာလေလားဆိုတဲ့ အတွေးတွေက ဖိစီးလွန်းမက ဖိစီးလာတဲ့အခါ ကိုယ့်အဖော်က တခြားတစ်ပါးသောသူများနဲ့ အရောတဝင်နေလိုက်တိုင်းမှာ စိတ်ဆင်းရဲမှု အထွတ်အထိပ်ကို ရောက်ရောက်သွားပါတော့တယ်။
အကြောင်းရင်းက မိမိကိုယ်ကို မယုံကြည်မှုပါပဲ။ ဟုတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် မယုံရဲတာပါ။ ကိုယ့်အဖော်က ကိုယ့်ကို စွန့်ခွာသွားလောက်အောင် ဆိုးရွားတဲ့ အခြေအနေ၊ အကျင့်စရိုက်များ ကိုယ့်မှာရှိနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိနေမိတဲ့အခါမျိုးမှာ၊ ဒါမှမဟုတ်ရင်လည်း ကိုယ့်ထက်သာသူတွေ လောကမှာ အများကြီး ရှိနေတယ်လို့ ယုံမှတ်နေပြီး ကိုယ့်အဖော်ကလည်း ကိုယ့်အပေါ် နှစ်နှစ်ကာကာ မရှိလောက်ဘူးလို့ ထင်ယောင်နေချိန်မျိုးမှာ သည်စိတ်တွေ ဖြစ်လာရတော့တာပါပဲ။
ကျွန်တော်ဟာ ချစ်သူရည်းစားတွေနဲ့ ဇနီးမယားအပေါ်မှာ ဘယ်တုန်းကမှ သဝန်မကြောင်တတ်ခဲ့ကြောင်း အထက်မှာ ပြောခဲ့ပြီးပါပြီ။ ကျွန်တော့် ဘဝမှာ ရည်းစားတွေ အများကြီး ထားခဲ့ဖူးပါတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ အထိုက်အလျောက် စွံတယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံပါ တယ်။ မိန်းကလေးတိုင်း ကျွန်တော့်ကို ကြိုက်နေရမယ်၊ ကျနေရမယ်ဆိုတဲ့ ရူးသွပ် ပေါချာမှုမျိုးနဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်ယောက်က ကျွန်တော့်ကို ကျလာအောင် လုပ်နိုင်စွမ်းလောက်တော့ ကျွန်တော့်မှာ ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံတာမျိုးပါ။
တစ်နည်းအားဖြင့် စွန့်ခွာသူဟာ ကျွန်တော်သာဖြစ်ရမယ်၊ သူတို့ စွန့်သွားတာကို ခံရတဲ့ ကျွန်တော် ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ယုံနေတာပါ။ ကျွန်တော်နဲ့ အနေပိုနီးလေလေ၊ ကျွန်တော့်ကို ပိုတွယ်တာ စွဲလမ်းလာလေလေ ဖြစ်နေအောင် လုပ်နိုင်စွမ်းတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုက သိပ်ကြီးပါတယ်။ သည်တော့ ကျွန်တော်က သူတို့တွေအပေါ်မှာ ဘယ်လို အကြောင်းနဲ့မှ သဝန်တိုစိတ်တွေ ဖြစ်မလာတော့ပါဘူး။
လူသားပီပီ သူတို့တွေဟာလည်း ဇာတ်လိုက်မင်းသားတို့၊ အဆိုကျော်တို့ကို နှစ်သက်စွဲလမ်းမှုတွေ ရှိတတ်ကြပါတယ်။ ဒါကိုလည်း ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုမှ မနေပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တင်တင်အေး၊ တင်တင်နွဲ့၊ ခင်သန်းနု၊ ချိုပြုံး၊ ပုလဲ၊ မေဆွိ၊ တင့်တင့်ထွန်း၊ နန္ဒာလှိုင်၊ ရတနာဦး စသည်ဖြင့် ဘဝတစ်လျှောက်လုံးမှာ နှစ်သက် စွဲလမ်းခဲ့ဖူးတဲ့ မင်းသမီးတွေ၊ အဆိုကျော်တွေ နည်းမှမနည်းတာ။ ဝင်းဦးတို့၊ သန်းနိုင် တို့၊ စိန်လွင်တို့၊ အရိုင်းတို့လို ယောက်ျားသားတွေထဲကတောင် ပါလိုက်သေးတယ်။ ကိုယ်ကြိုက်သလို သူတို့မိန်းမသားတွေလည်း ကြိုက်နိုင်တာပဲပေါ့၊ ဘာအရေးလဲ။ တစ်ချိန်က ခင်သန်းနုကို ကျွန်တော်ကြိုက်ခဲ့ပေမယ့် ကနေ့ခါမှာတော့ နန္ဒာလှိုင်ကို ပြောင်းကြိုက်နေလိုက်ပြန်တယ်။ နောက်တစ်ယောက် ပေါ်လာရင် အဲဒီ့တစ်ယောက်ကို ကြိုက်ဦးမှာပဲ။ အဲသလိုပဲ သူတို့တွေလည်း ဟိုတုန်းက ကျော်သူကိုကြိုက်ပေမယ့် သည်ကနေ့ ဒွေး ဖြစ်ချင်ဖြစ်သွားမှာပဲ။ သည်တော့ သည်လိုအနုပညာသည်တွေအပေါ် နှစ်သက် လက်ခံ စွဲလမ်းစိတ်အပေါ် လိုက်မနာလိုဖြစ်နေရင်၊ သဝန်ကြောင်နေရင် ပေါချာချာနိုင်ရာကျလှပါတယ်။
သည်တော့ ကျွန်တော်က ဘယ်သူ့အပေါ်မှာမှ သဝန်မကြောင်မိတော့ ဘူး။ ငယ်ငယ်တုန်းကတော့ သဝန်ကြောင်ဖူးတယ်။ အသက်၂၀ မပြည့်ခင်ကပါ။ ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်က တခြားသူငယ်ချင်းတွေ နဲ့ တရင်းတနှီး ပေါင်းသင်းဆက်ဆံနေရင် ကျွန်တော် မနာလိုတွေ ဖြစ်တတ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ့စိတ်ဟာ ကြာကြာ မခံဘူး၊ ခဏချင်းနဲ့ ပျောက်သွားတယ်။
အကြောင်းရင်းက သည်သူငယ်ချင်းနဲ့ ကျွန်တော်နဲ့က စရိုက်ချင်း သိပ်မတူဘူး၊ လူဆိုတာ ကိုယ်နဲ့ စရိုက် ပိုတူသူကို ပေါင်းသင်း ခင်မင်ချင်တာ သဘာဝကျမှန်း ချက်ချင်းလို ရိပ်စားမိသွားတဲ့အတွက်ပါပဲ။ တစ်နည်းပြောရရင် သူ ပိုခင်တဲ့ တခြားသူငယ်ချင်းတွေမှာ ရှိတဲ့ အရည်အသွေးတွေ ကျွန်တော့်မှာ မရှိမှန်း ကျွန်တော့်စိတ်က အလွယ်တကူ လက်ခံလိုက်တာပါပဲ။ ဆိုကြပါစို့၊ အားကစားနဲ့ပတ်သက်ရင် ကျွန်တော်က ဘယ်အားကစားနည်းကိုမှ မတတ်မကျွမ်းတဲ့သူ။ ယောက်ျားစင်စစ် ဖြစ်ပါလျက်ကနဲ့ ဘောလုံးတောင် မကန်တတ်ဘူး။ သူငယ်ချင်းက အားကစားသမား။ သူက သူနဲ့ ဘက်လုပ်လို့ ရတဲ့သူကိုသာ ပိုခင်မှာပေါ့။ ကျွန်တော်နဲ့က ဘယ်လိုမှ ဘက်လုပ်လို့ မရနိုင်တဲ့အတွက် ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ ခင်ချင်ဦးတောင်မှ အမြဲတစေတော့ တွဲနေစရာ အကြောင်းမရှိဘူးလေ။ ဒါကို လက်ခံလိုက်ရင် မနာလိုတိုရှည်စိတ်တွေ အလိုလိုပျောက်သွားတာပါပဲ။
သည်တော့ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင်၊ ကိုယ့်ရဲ့အခြေအနေမှန်ကို အသာတကြည် လက်ခံနိုင်စွမ်းရှိရင် သဝန်ကြောင်စိတ်တွေ၊ မနာလိုစိတ်တွေ အလိုလို ကင်းပသွားနိုင်တာ သေချာနေပါတယ်။
သည်နေရာမှာ “မိန်းမဆိုတာ အူတိုမျိုး”ဆိုတဲ့ နောက်ထပ် အူကြောင်ကြောင် ဆိုရိုးတစ်ရပ်လည်း ရှိနေပြန်ပါသေးတယ်။ “ချစ်ရင် သဝန်ကြောင်တယ်”ဆိုတာလိုပဲ လူတို့ရဲ့စိတ်နှလုံးမှာ ဖြစ်ပေါ်တဲ့ ညစ်နွမ်းတဲ့ စိတ်တွေအတွက် ခပ်လွယ်လွယ် ဆင်ခြေဆင်လက်ပါပဲ။
အထက်က ပြောခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတိုင်းအဆ၊ ကိုယ့်အခြေအနေကိုယ် အသာတကြည် လက်ခံ နှလုံးသွင်းနိုင်စွမ်းစတာတွေနဲ့ မိန်းမတွေ အူတိုတာနဲ့ကျတော့ တချို့ကိစ္စတွေမှာ သိပ်မဆိုင်ချင်ပြန်ဘူး။ မိန်းမတွေက သူတို့ရဲ့ ချစ်သူရည်းစားများ၊ ခင်ပွန်းသည်များနဲ့ ပတ်သက်လို့ အူတိုကြရာမှာ အခြေခံအကြောင်းတရားက ယောက်ျားနဲ့မိန်းမအကြားက ခန္ဓာဗေဒနဲ့ စိတ္တဗေဒ ဖွဲ့စည်းပုံ အခြေခံချင်း ကွာခြားမှုများကြောင့် ဖြစ်ပေါ်လာတဲ့ အကျင့်စရိုက် ကွဲပြားမှုပါပဲ။
မိန်းကလေး ချောချောတစ်ယောက်ကို ဖျတ်ခနဲ တွေ့လိုက်ရလို့ ယောက်ျားတစ်ယောက်က ငမ်းလိုက်တာမျိုးအထိက မိန်းမတွေဘက်က နားလည်ပေးလို့ ရပါတယ်။ သူတို့လည်း ယောက်ျားလေးချောချော တစ်ယောက်ကို မြင်ရင် ဘာရယ်မဟုတ်ဘူး၊ ငေးချင် ငေးဖြစ်သွားနိုင်သေးတာ ကိုး။ သို့ပေမယ့် ရင်သားကြွကြွ၊ တင်ပါးလှလှနဲ့ မိန်းမတစ်ယောက်ကို ယောက်ျားတစ်ယောက်က မျက်လုံးရိုင်းနဲ့ ကြည့်တာမျိုးကိုကျတော့ သူတို့တွေ နားလည်ပေးရ ခက်နေပါပြီ။ သူတို့အနေနဲ့ ယောက်ျားတွေရဲ့ ရင်တွေ၊ တင်တွေကို ကြည့်ဖြစ်နေတာမဟုတ်ပါဘူး၊ အလွန့်အလွန်မှ အရပ်အမောင်း ကောင်းတာ၊ ဗလကောင်းတာလောက်ပဲ သတိထားမိကြမှာပါ။ အဲသလို သတိထားမိတယ်ဆိုဦးတောင် သူတို့တွေမှာ ယောက်ျားတစ်ယောက်က ကိုယ်လုံးလှလှ မိန်းမတစ်ယောက်အပေါ် မနောကံနဲ့ ရုတ်ချည်း ပြစ်မှားလိုက်တဲ့၊ ရာဂရောနေတဲ့ သတိထားမိမှုမျိုး မဟုတ်ဘူး။
ပြီးတော့ ယောက်ျားတွေရဲ့ စရိုက်နဲ့ အစဉ်အလာအရ ချစ်သူရည်းစား၊ ဇနီးမယားအပေါ်မှာ ထားရှိတဲ့ သစ္စာတရားက သတ်သတ်၊ တိတ်တိတ်ပုန်း ဖြစ်စေ၊ ဗြောင်ကျကျဖြစ်စေ၊ ခြေများကြတာက သတ်သတ်လို့ အရိုးစွဲ ယုံမှတ်ထားတဲ့အတွက် ယောက်ျားအများစုဟာ အိမ်ထောင်ရေးဖောက်ပြန်မှုကို လစ်ရင် လစ်သလို အလွယ်တကူ ကျူးလွန်လိုက်ဖို့ ဝန်မလေးကြပြန်ဘူး။ ယောက်ျားလောကမှာ အဲသလို ကျူးလွန်ရဲသူတွေကိုမှ သူရဲကောင်းလို အထင်ကြီးပြတဲ့ ရောဂါဆိုးကလည်း ရှိနေသေးတယ်။
သည်တော့ အစဉ်အလာအရလည်းကောင်း၊ ခန္ဓာဗေဒ ဖွဲ့စည်းပုံနဲ့ စိတ္တဗေဒ အခြေခံများအရလည်းကောင်း ယောက်ျားများဟာ ဖောက်ပြန်ခွင့်၊ တရားဝင် မယားပြိုင် ထားရှိခွင့်စတဲ့ ကင်းလွတ်ခွင့်အထွေထွေကို မွေးရာပါ ဆုပ်ကိုင်ထားတဲ့ လူသားများ ဖြစ်နေပါတော့တယ်။ မိန်းမတွေအတွက်တော့ ဒါတွေကို လူ့ဘောင်က အတိအလင်း တားမြစ်ထားတဲ့အပြင် တရားဥပဒေကလည်း ယောက်ျားများလို တရားဝင် လင်ပြိုင်ထားခွင့် ပြဌာန်း ပေးမထားပြန်ဘူး။ ပြီးတော့ မိန်းမတွေရဲ့ ခန္ဓာဗေဒ၊ စိတ္တဗေဒအခြေခံတွေအရလည်း ဖောက်ပြန်ချင်တယ်ဆိုဦးတောင် ယောက်ျားတွေလိုတော့ မြင်မြင်သမျှ၊ ဆုံဆုံသမျှနဲ့ ယဉ်ပါးချင်စိတ်က မိန်းမတွေမှာ နည်းပါးပါတယ်။
သည်တော့ကာ မိန်းမတွေအတွက် ယောက်ျားတွေရဲ့ စွတ်ကယ်၊ စွတ်ကယ် ဖောက်ပြန်တတ်မှု အစဉ်အလာကို ကြားဖူးနားဝအရဖြစ်ဖြစ်၊ ကိုယ်ပိုင် အတွေ့အကြုံအရဖြစ်ဖြစ် ကြားဖန်၊ မြင်ဖန်များလာတဲ့အခါ ယောက်ျားမှန်ရင် သည်လိုချည်းလို့ အောက်မေ့ကုန်ကြပါတော့တယ်။ သည်အထဲ ကိုယ်နဲ့တွဲတဲ့၊ ကိုယ်နဲ့ရတဲ့ ယောက်ျားကိုက သိပ်အကဲမရလို့ကတော့ မိန်းမတွေရဲ့ မွေးရာပါ ပူပန်မှု၊ သောကမီးတွေကို လေနဲ့ ပင့်ပေးသလို ဖြစ်ကုန်မှာပါ။ သည်အခါကျတော့ အကုန်သိမ်းကျုံးပြီး မိန်းမဆိုတာ အူတိုမျိုးလို့ သတ်မှတ်ပေးလိုက်ပါတယ်။
တစ်နည်းဆိုရရင် သည်ဆိုရိုးဟာ ယောက်ျားတွေရဲ့မွေးရာပါ ဖောက်ပြန်ခွင့် လိုင်စင်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးတဲ့ အနေမျိုးနဲ့ သော်လည်းကောင်း၊ မိန်းမတွေကိုလည်း အလားတူလိုင်စင်မျိုး မပေးနိုင်တဲ့အတွက် အစားထိုး လိုင်စင်အဖြစ်သော်လည်းကောင်း ပေးအပ်လိုက်တဲ့ အူတိုခွင့်လိုင်စင်သာ ဖြစ်ပါတယ်။
မစ္ဆရိယ
တစ်ပါးသူအပေါ် မလိုမုန်းထားနဲ့ မုဒိတာ မပွားနိုင်တဲ့စိတ်၊ မနာလို ဝန်တိုစိတ်၊ မရှုစိမ့်တတ်တဲ့စိတ်ဟာလည်း သည်အကြောင်းတရား နှစ်ပါး အပေါ်မှာပဲ အခြေတည်နေပါတယ်။
လူတစ်ယောက်က လူတစ်ယောက်အပေါ်မှာ မလိုတမာစိတ် အချိန်မရွေး ဝင်လာနိုင်ပါတယ်။ ဆိုကြပါစို့… မင်းသားကြီးတစ်ယောက်ဟာ နောက်က တက်လာတဲ့ တက်သစ်စ မင်းသားငယ်အပေါ်မှာ မလိုတမာစိတ် အလွယ်တကူ ဖြစ်နိုင်သလို လူသာမန်တစ်ယောက်ကလည်း ဇာတ်လိုက် မင်းသားတစ်ယောက်အပေါ်မှာ မလိုတမာ ဖြစ်နိုင်တယ်။
ပထမအချက်က ကိုယ့်အရည်အချင်းကို ကိုယ်မသေချာလှတဲ့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုက စပါတယ်။ သူက သရုပ်ဆောင်တဲ့နေရာမှာ စွမ်းသလို ကိုယ်လည်း စွမ်းတယ်လို့ ယုံကြည်နေရင် သူ့ကို မနာလိုစရာ အကြောင်း နည်းပါးသွားပါတယ်။ ထို့အတူ သူက သရုပ်ဆောင်တဲ့နေရာမှာ စွမ်းသလို ကိုယ်သည်လည်း စာရင်းအင်းတွေကို ကိုင်တွယ်ထိန်းသိမ်းရာမှာ စွမ်းလှပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတဲ့ စာရင်းကိုင်တစ်ဦးဆိုရင် သည်မင်းသားအပေါ် ဘယ်လိုမှ မလိုတမာ မဖြစ်နိုင်တော့ပါဘူး။
နောက်တစ်ခုက ကိုယ့်အခြေအနေကို ကိုယ်အသာတကြည် လက်ခံတတ်ဖို့ပါပဲ။ အရပ် ငါးပေ လေးလက်မရှိသူ တစ်ယောက်က ခြောက်ပေသမားကို အားကျမှာက လွဲလို့ မနာလိုမဖြစ်ဘူး။ ထို့အတူ မိန်းမတစ်ယောက် က ယောက်ျားတစ်ယောက်ရဲ့ဘဝကို အားကျရုံကျပြီး ယောက်ျားဖြစ်နေမှု အတွက် အဲဒီ့ယောက်ျားအပေါ် ဝန်တိုစိတ် မပေါ်ဘူး။ သည်လို အခြေအနေမျိုးမှာ ကိုယ့်အခြေအနေကိုယ် အသာတကြည် လက်ခံထားတာကိုး။
သို့သော် သီဆိုခြင်း၊ ရေးသားခြင်း၊ လူရည်လည်ခြင်း၊ စကားပြော ကောင်းခြင်း၊ သရုပ်ဆောင် ကောင်းခြင်း၊ ပညာတစ်ခုခု တတ်မြောက်ခြင်း စတာတွေမှာကျတော့ အခွင့်အရေး မရလို့သာ နေချင်နေမယ်၊ ကိုယ်လည်း လုပ်နိုင်တယ်လို့ ထင်မိမှားတတ်ကြပါတယ်။ သည်အခါ တစ်နေရာရာမှာ တော်နေသူ၊ ချွန်နေသူကို အလကားနေရင်းကို မနာလိုဖြစ်လာတယ်၊ ဝန်တိုလာတယ်၊ မုန်းတီးလာရပါတော့တယ်။
အမှန်က အရပ် ငါးပေလေးလက်မသမားက မိမိအရပ် သည်ထက် မတက်နိုင်တော့ဘူးလို့ အလွယ်တကူ လက်ခံနားလည်ထားသလို အချို့သော ကိစ္စတွေမှာ မိမိသည် မည်သို့မျှ မစွမ်းဆောင်နိုင်ဘူးလို့ အသာတကြည် လက်ခံ နားလည်ယူတတ်ပြီဆိုတာနဲ့ ဝန်တိုစိတ်တွေ၊ မနာလိုစိတ်တွေ မှိန်ပျောက်သွားမှာ အသေအချာပါပဲ။
ကိုယ်တွေ့
အစမှာ ရေးခဲ့တဲ့အတိုင်း လွန်ခဲ့တဲ့ လေး၊ ငါး၊ ဆယ်နှစ်လောက်အထိက ကျွန်တော်ဟာ သူတစ်ပါးအပေါ် မနာလိုတတ်၊ ဝန်တို တတ်၊ မရှုစိမ့်တတ်ဘဲ သူတစ်ပါး အောင်မြင် ပေါက်မြောက်တာကို ကြားသိရရင် ရင်ထဲမှာ ကျလိ ကျလိနဲ့ နားကြားပြင်းကတ်တတ်၊ သူတစ်ပါး ထွန်းကားနေတာကို မြင်ရရင် မျက်စိ နောက်တတ်၊ တစ်ပါးသူရဲ့ ကျဆုံးမှု၊ နစ်နာမှုတွေကို ကြားသိရရင် ဝမ်းသာတတ်သော ညစ်ပေ စုတ်ပဲ့လှတဲ့ စိတ်မျိုးနဲ့ပါ။
ဒါပေမယ့် အခုအခါမှာတော့ သည်စိတ်တွေ အတော့်ကို နည်းလာပါပြီ။ ပထမအချက်က ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှု ကြီးမားသည်ထက် ကြီးမားလာလို့ပါပဲ။ ကျွန်တော်ဟာ စီးပွားရေးအရ၊ အနုပညာအရ၊ ပညာရေးအရ လျှမ်းလျှမ်းတောက် အောင်မြင်နေသူမျိုး မဟုတ်ပါဘူး။ သို့သော် ကျွန်တော် ကျင်လည်ကျက်စားတဲ့ လုပ်ငန်းနယ်ပယ်မှာ အထိုက်အလျောက် အောင်မြင်သလို၊ စီးပွားရေးအရလည်း အထိုက်အလျောက် နေနိုင်၊ စားနိုင်၊ သုံးနိုင်တဲ့ဘဝမှာ ရပ်တည်နေပါတယ်။ တစ်နည်းပြောရရင် အရမ်းကာရော မချမ်းသာ၊ မအောင်မြင်ရင်တောင်မှ လူတန်းစေ့တော့ နေနိုင်အောင် ဖန်တီးနိုင်စွမ်း ကျွန်တော့်မှာ ရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတဲ့ အပိုင်းအခြားကို ရောက်လာပါပြီ။
တစ်ဖက်ကလည်း ကျွန်တော်ဟာ ကျွန်တော့်အခြေအနေမှန်ကို ကျေကျေလည်လည် လက်ခံလာနိုင်နေပါပြီ။ ဆိုကြပါစို့၊ ကျွန်တော်ဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးပညာရှင်၊ တပ်မတော်သား၊ လေယာဉ်မောင်းသူ၊ သင်္ဘောမာလိန်မှူး၊ ဇာတ်လိုက်မင်းသား၊ ပန်းချီဆရာစတာတွေ တစ်ခုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာနေပါပြီ။ သည်တော့ အဲဒါတွေ ဖြစ်နေသူများအပေါ်မှာ ကျွန်တော် ဘာမှ မနာလိုစရာအကြောင်း မရှိတော့ပါဘူး။ ပြီးတော့ မဂ္ဂဇင်းတွေမှာ စာတိုပေစတွေ ရေးနေသူပင်ဖြစ်လင့်ကစား ကျွန်တော်ဟာ နေဝင်းမြင့် မဖြစ်နိုင်ပါဘူး၊ မင်းလူ မဖြစ်နိုင်ပါဘူး။ သူတို့က သူတို့အလုပ် သူတို့လုပ်နေကြသလို ကျွန်တော်လည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေနိုင်ဖို့ပဲ လိုတယ်ဆိုတာကို နားလည်လက်ခံထားတဲ့အခါ သူတို့တွေအပေါ် ဝန်တိုစရာ အကြောင်းမရှိပြန်ဘူး။
တစ်လောက မတွေ့တာ ဆယ်နှစ်ကျော် ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း ပန်းချီဒီဇိုင်းဆရာတစ်ယောက်နဲ့ ပြန်ဆုံဖြစ်ပါတယ်။ သူက ကျွန်တော့်ထက် တစ်နှစ်၊ နှစ်နှစ်လောက် ငယ်ပေမယ့် ကျွန်တော့်ထက် အဆများစွာ အခြေခိုင်ခိုင် နေနိုင်နေပါပြီ။ ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင် တန်ဖိုးကြီး ကွန်ပျူတာနှစ်လုံးနဲ့ လုပ်ငန်းမှာ အဆင်ပြေ၊ တင့်တယ်၊ ဟန်ကျနေတာ တွေ့လိုက်ရတဲ့အခါ ကျွန်တော်သူ့အတွက် ဝမ်းသာနေမိသလို သူ့ရဲ့ကြိုးစား အားထုတ်မှု၊ လာဘ်မြင်မှုတွေ အပေါ်မှာလည်း အထင်ကြီး လေးစားမိခဲ့ရပါတယ်။ သူတတ်တဲ့ အတတ်ကို ကျွန်တော်မတတ်ဘူး၊ သူလုပ်တဲ့ အလုပ်တွေ ကျွန်တော် မလုပ်နိုင်ဘူး၊ သူ့ဘဝပေးနဲ့ ကျွန်တော့်ဘဝပေးကလည်း တခြားစီ။ သည်တော့ သူ့ဘာသာ အောင်မြင်ပေါက်မြောက်နေမှုကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အားရ ဝမ်းသာဖြစ်မိတာက လွဲလို့ မရှုစိမ့်စိတ်တွေ ဘယ်လိုမှ ဖြစ်ပေါ်မလာတော့ဘူး။
သူအောင်မြင်နေတဲ့အကြောင်း တချို့၊ တချို့သောသူတွေကို ပြောပြမိ တော့ တချို့က သူ့ကို ရှုတ်ချစကား၊ အပုပ်ချချင်တဲ့ လေသံတွေ ပြန်ပေးကြတယ်။ သူတို့လေသံတွေ နာခံရင်း ကျွန်တော့်စိတ်မှာ ဘဝင်မကျမိဘူး။ သူတစ်ပါးကို ရှုတ်ချတယ်၊ အပုပ်ချတယ်ဆိုတာဟာ မနာလိုတိုရှည် ဖြစ်နေသူတွေ လုပ်တဲ့အလုပ်မျိုး။ မနာလိုတိုရှည်ဖြစ်သူဆိုတာ ကိုယ့်ကိုယ်ကိုယ် စိတ်မချသူတွေ၊ ကိုယ့်အခြေအနေမှန်ကို အသာတကြည် လက်ခံနိုင်စွမ်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ ဘဝင်မြင့်နေသူတွေ၊ တစ်နည်းအားဖြင့် စိတ်ပေါ့သွပ်သူတွေဆိုတာကို သတိထားမိလာတယ်။
သည်အခါမှာ အဲသလို ဖြစ်နေသူတွေကို သနားမိလာတာနဲ့အတူ ဘယ်လိုနည်းနဲ့ သည်စိတ်တွေက ကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် သွန်သင်ယူရမလဲ ဆိုတာကိုပါ မျှဝေပေးချင်လာမိရပါတော့တယ်။
တကယ်တော့ လူတိုင်းလူတိုင်းသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြမယ်ဆိုရင်၊ ကိုယ့်ဘဝ အခြေအနေမှန်ကို အသာတကြည် လက်ခံတတ်ကြမယ်ဆိုရင် အတင်းပြောတာတို့၊ အမနာပပြောတာတို့၊ အပုပ်ချတာတို့တွေ မရှိတော့ဘဲ ဩကာသလောကကြီးတစ်ခုလုံး စိမ်းစိုတင့်တယ်ပြီး ပတ်ဝန်းကျင်လေထုဟာလည်း အေးမြ၊ လတ်ဆတ်နေတော့မှာ သေချာလှပါတယ်။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(ပန်းဝေသီ မဂ္ဂဇင်း၊ ၁၉၉၆)
—————————————————————————————-
စာမူခွင့်ပြုအမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ ၂၀၀၆ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေထားတဲ့ အတ္တကျော် ရဲ့ တွေးတောဆင်ခြင်မှုအနုပညာ စာအုပ်ထဲမှာ ဖော်ပြထားတာလေးကို စာမြည်းအဖြစ် တင်ဆက်လိုက်တာပါ။
Advertisements
5 Comments leave one →
  1. Thin Thin permalink
    8 November 2009 6:32 pm
    In my opinion, jealousy and envy are not the same. In fact, envy, only when combined with negative feelings, can turn into jealousy.
    • lettwebaw permalink
      8 November 2009 6:51 pm
      You are absolutely right. Jealousy is very negative whereas envy is neutral, but I don’t think it is really positive. A good example could be in a sentence like: “I don’t envy you the job of cooking for all those people.” I believe it depends on the context.
  2. aye permalink
    8 November 2009 8:34 pm
    အီး……….. ဖတ်ရသေးဘူး။ ဘာလို့ မဖတ်မိတာပါလိမ့်။ တွေ့တော့ တွေ့ဖူးသလိုလို…….. အဲဒီစာအုပ်ကိုလေ။
  3. မေဓာဝီ permalink
    9 November 2009 12:02 am
    good post ဆရာရေ …
    မိဘ ဆရာသမားတွေ အဆုံးအမကြောင့် အဲဒီစိတ်တွေ လျှော့အောင် ကိုယ့်ကိုယ်ကိုယ် ဆုံးမနေရပါတယ်။
    “တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ်
    ပြိုင်မယ့်အစား မေတ္တာပွါး စိတ်ထား ပြုပြင် ပြောင်းပါ့မယ်။
    ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င် ဣဿာယိုင်တတ်တယ် ..
    ယိုင်မယ့်အစား မုဒိတာပွါး စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
    ကိုယ့်အောက်နိမ့်လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ် …
    နိုင်မယ့်အစား ကရုဏာပွါး စိတ်ထားပြုပြင် ပြောင်းပါ့မယ်။”
    ဆိုတဲ့ လင်္ကာလေးကို အမြဲနှလုံးသွင်းလို့ပေါ့။
    ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း ခုလို တွေ့ရပါတယ်။
    စိတ်ဆင်းရဲရခြင်းရဲ့ အကြောင်းရင်းဟာ မနာလို ၀န်တိုခြင်းကြောင့်လို့ ဆိုထားတယ်။ (သက္ကပဥှာသုတ်)
    မဂ်ဖိုလ်မရအောင် တားဆီးတတ်တဲ့ တရားဟာလည်း မနာလို ၀န်တိုခြင်းပါပဲတဲ့။ (သုတ္တနိပါတ် ပါဠိတော်)
    မနာလိုဝန်တိုတဲ့သူဟာ ဖြစ်ရာဘ၀မှာ အခြွေအရံလည်း နည်းတတ်တယ်တဲ့။ (စူဠကမ္မ၀ိဘင်္ဂသုတ်)
    တို-ဆိုတာက အဲဒီလို ၀မ်းမမြောက်ဘဲ တွန့်တိုတာ … တဲ့။
    ဆရာတော်ကြီးက ခုလို မိန့်ကြားပါတယ်။
    “ပုထုဇဉ်အများစုမှာ သူတစ်ပါး၏ဇီးစေ့လောက်ရှိသော မကောင်းကွက်လေးကိုကား ရှာရှာဖွေဖွေမြင်ပြီး မေးငေါ့မဲ့ရွဲ့ အပြစ်တင်တတ်သလောက် မြင့်မိုရ်တောင်လောက်ရှိသော သူတစ်ပါးကောင်းကွက်ကိုကား မျက်စေ့လျှန်းနေတတ်ကြတယ်။ ၀မ်းသာအားရချီးမွမ်းရန် ခက်ခဲနေတတ်ကြတယ်။” … တဲ့။
    ဆိုတော့ ဆရာရေ … ကျမကတော့ သူတပါးလည်း အကျိုးမရှိ ကိုယ်လည်း အကျိုးမရှိတဲ့ မနာလို ၀န်တိုခြင်းကနေ ကိုယ်တိုင်လည်း ကင်းဝေးချင်တယ်၊ အဲဒီလိုလူတွေနဲ့ ဆုံရခြင်းမှလည်း ကင်းဝေးပါရစေလို့ ဆုတောင်းမိပါတယ်။
  4. aye permalink
    9 November 2009 9:02 pm
    မနာလိုတယ်ဆိုတာ ကိုယ့်ထက် သာတယ်ဆိုပြီး နှိုင်းယှဉ်ချက် ၀င်လာမိရင် ပေါ်လာတာပဲ။ ဆားသည်က ရွှေဆိုင်ပိုင်ရှင်ကို မနာလို ဖြစ်ခဲပါတယ်။ ဆရာပြောသလို ကိုယ့်မှာ အာလုံး ပြည့်စုံနေတယ်လို့ စိတ်လုံခြုံရင် သူများကို မနာလိုတဲ့စိတ် ၀င်မလာတော့ဘူး။ အဲဒါက ဆရာ့မှာ ဖြစ်နေတဲ့ စိတ်နဲ့ တူတယ်။ နောက်တစ်ခါ သူက သူ၊ ကိုယ်က ကိုယ်ဆိုတဲ့ ကိုယ့်အခြေအနေအမှန်ကို သိတယ်လက်ခံတယ်ဆိုလည်း မနာလိုစိတ်က ပေါ်မလာတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်သွားရော။
    မနာလိုစိတ်ကတော့ တော်တော် ဒုက္ခပေးပါတယ်။ ၁၀ တန်းတုန်းက သူငယ်ချင်း စာပြိုင်ဖက်ကို မနာလို စိတ်ပုပ်နေတာနဲ့ စာကို ဖြောင့်အောင် မကျက်နိုင်အောင်ထိ ဖြစ်ခဲ့ဖူးတယ်။ result ထွက်တော့ သူက အမှတ်များများနဲ့ အေးဆေးပဲ။ ကိုယ်ကသာ အမှတ်တွေ နည်းနေခဲ့တာ။ ခုတော့ သူ့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး မနာလိုလည်း မဖြစ်တော့ဘူး။
    ဆရာပြောတာတွေ မှန်တယ်။ ကိုယ့်မှာ အားလုံး ပြည့်စုံနေတယ်။ ကိုယ် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ချ ယုံကြည်မှုမျိုး ရှိလာရင်လည်း မနာလို မဖြစ်တော့ဘူး။ ကိုယ့် အခြေအနေအမှန်ကို သိထားရင်လည်း မနာလိုမဖြစ်တော့ဘူး။ အခုတော့ ဘယ်သူ့ကိုမှ မနာလို မဖြစ်မိတော့ဘူး။ အဲဒီနှစ်ခုနဲ့ စိတ်ကို ထားတတ်သွားပြီ။
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: