The Science of Love: Introduction

k0963922ချစ်ရေးချစ်မှု အနုသိပ္ပံ

 

နိဒါန်း

အခုစာမူကို စာဖတ်သူတွေ ဖတ်နေရတဲ့ အချိန်လောက်မှာ ကျွန်တော်တို့အိမ်ထောင်သက် ၁၁ နှစ်တင်းတင်း ပြည့်ပါတော့မယ်။

ကျွန်တော်တို့ လက်ထပ်တော့မယ်ဆိုတော့ ကျွန်တော့်အိမ်သူဘက်က အမျိုးသမီးတချို့ဟာ သူတို့ထုံးစံအတိုင်း ဟူးရားအထွေထွေ၊ ဆရာ အဆူဆူဆီကို စစ်မေးခိုင်းခဲ့သေးပုံပါပဲ။ ကျွန်တော်တို့ အိမ်ထောင်မမြဲဘူး၊ ကလေးတစ်ယောက် ရပြီးတာနဲ့ ကွဲမယ်လို့ အတတ်ဟောခဲ့တာတွေ ကြားခဲ့ဖူးတယ်။

ဇဗ္ဗူဒီပါလက်ျာတောင်ကျွန်း နိမိတ်ထွန်းသလိုပဲ၊ တရားဝင် လက်မှတ်ရေးထိုး လက်ထပ် စာချုပ်ချုပ်ဆိုပြီး လေးရက်အကြာ မင်္ဂလာဦး ဆွမ်းကပ်ပွဲ လုပ်ဖို့အပြင်မှာ ကျွန်တော့် စာရေးစားပွဲပေါ်မှာ ခင်းထားတဲ့ မှန်ချပ်ကြီးက ထက်ခြမ်း ကွဲသွားတယ်။ ဒါတင်မကသေးဘူး၊ အိမ်ထောင်သက်မှ ခြောက်လ မပြည့်ခင်ကာလမှာ တခြား မင်္ဂလာပွဲတစ်ပွဲ သွားဖို့ပြင်ဆင်နေတုန်း ကျွန်တော့်အိမ်သူ ရေအိမ်အဝင်မှာ ဥရောပဟန် အိမ်သာကြွေအိုး ကွဲထွက်သွားပြီး ကျွန်တော့်အိမ်သူရဲ့ပေါင်မှာ အချက်၂၀ကျော် ချုပ်လိုက်ရတဲ့အထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။

အိမ်ထောင်ဦးမှသည် လွန်ခဲ့တဲ့ သုံးနှစ်လောက်အထိက ကျွန်တော်တို့အိမ်ထောင်ရေး ဟာ တခြိမ်းခြိမ်း၊ တဂွဲဂွဲနဲ့ သည်းသည်းမည်းမည်း ရန်ဖြစ်လို့ ကောင်းနေတဲ့ အိမ်ထောင်ရေးမျိုး ဖြစ်နေခဲ့တယ်။ ကျွန်တော်ကလည်း မွေးချင်း အလျဉ်းမရှိတဲ့ တစ်ဦးတည်းသောသားအစစ် ဆိုတော့ ဝေတာ၊ မျှတာ၊ ငဲ့တာ၊ ညှာတာတွေကို စာလုံးတွေအဖြစ်လောက်ပဲ သိတာ။ ကျွန်တော့်အိမ်သူကလည်း မောင်နှမ ခုနှစ်ယောက် အနက်မှာ အထွေးဆုံးသမီးဆိုတော့ ပစား အပေးခံရတယ်ဆိုတာ သူ့ရဲ့ မွေးရာပါ အခွင့်အရေးလို့  နားလည်ယုံမှတ်ထားတဲ့သူ။ အဲတော့ ကျွန်တော်တို့နှစ်ယောက် ထိပ်တိုက်တွေ့ပြီဟေ့ဆိုတာနဲ့ ရန်ပွဲက အများနဲ့မတူ၊ တစ်မူထူးကဲနေတတ်ပါတော့တယ်။

အဲလို လုံးလည်လိုက်နေကြတဲ့ကာလမှာ ကျွန်တော့်အိမ်သူဘက်က အပြတ်ပဲ၊ အကွဲပဲဆိုတဲ့စကားတွေလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တစ်သီကြီး ပြောခဲ့ဖူးသလို ကျွန်တော်ကလည်း “သည်မိန်းမနဲ့တော့ ရေရှည် စခန်းသွားလို့ မဖြစ်ပါဘူးလေ”လို့ တွေးမိခဲ့တဲ့ အကြိမ်တွေလည်း ကုဋေနဲ့ချီခဲ့ဖူးပါတယ်။

ဒါပေမယ့် ဆိုခဲ့တဲ့အတိုင်းပါပဲ။ အခုဆို အိမ်ထောင်သက် ၁၁ နှစ် ပြည့်တော့မယ်။ အခုချိန်မှာတော့ ကျွန်တော်တို့မှာ သာယာတဲ့ အိမ်ထောင်ရေးလေး တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရလာခဲ့ကြပါပြီ။ ရိုးရိုး သာယာတဲ့ အိမ်ထောင်ရေးမျိုး မဟုတ်ဘဲ တစ်ခေတ်ဆီက ပေါ်ခဲ့ဖူးတဲ့ နတ်သမီး ယမ်းမီးခြစ်ကြော်ငြာလို ဥတုသုံးပါး ခံတဲ့ အိမ်ထောင်ရေးမျိုးပါ၊ အကြမ်းခံ၊ ရေစိမ်ခံတဲ့ ဒေါင်ဒေါင်မြည်အိမ်ထောင်ရေးလို့တောင် ပိုပို သာသာလေး တင်စား ဝါကြွားလိုက်ချင်မိအောင်ကို ကျွန်တော်တို့ အိမ်ထောင်ရေးလေးက ခိုင်မာနေခဲ့ပါပြီ။

အိမ်ထောင်ရေး ပြင်ပအရေးအခင်းလို့ဆိုတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျွန်တော် ငမိုက်သားဟာ နှစ်ကြိမ်နှစ်ခါတိတိ၊ ဗြောင်ကျကျ ကျူးလွန်ခဲ့ပြီးသည့်တိုင် ကျွန်တော်တို့ လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ နွေးနွေး ထွေးထွေး၊ ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ဖေးဖေးမမလေး ရှိနေပါသေးတယ်လို့ပြောရင် ယုံတမ်းစကားလို့ မအောက်မေ့ကြပါနဲ့၊ တကယ့် ဖြစ်ရပ်စစ်စစ်ပါ။

ကျွန်တော့်အိမ်သူကို သူ့ကိုယ်နံ့လေးကအစ ချစ်တာလို့ ပြောမိတဲ့အခါမျိုးတွေမှာ ကြားရသူအပေါင်းက အကဲပိုရန်ကောဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်တတ်တာကြောင့် အဲဒီ့စကားကို ထုတ်မပြောဖြစ်တာတောင် ကြာပါပြီ။ ဒါပေမယ့် အဲဒါ မှန်သောစကားပါ။

ကျွန်တော့်အိမ်သူက စက်စက်ယိုအောင် လှတဲ့ မိန်းမချောစာရင်းမှာ မပါဘူး။ သူ့ကို ပထမဆုံး စ တွေ့ဖူးတဲ့နေ့ကဆို တော်တော့်ကို အရုပ်ဆိုးပါလားလို့တောင် တွေးခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုနေအခါမှာတော့ သူ မလှတာကို ကျွန်တော် အသာတကြည် လက်ခံနိုင်ခဲ့ပြီဖြစ်သလို သူ့အလှတွေကိုလည်း ကပ်ကပ်သတ်သတ် မြင်တတ်လာခဲ့ပြီ။ ဘယ်နေရာကို ဘယ်လိုလေး ပြုပြင်လိုက်ရင် ဘယ်လိုလေး ကြည့်ကောင်းသွားမယ်ဆိုတာကိုလည်း အကြံပေးတတ်လာခဲ့ပြီ။
အလားတူပဲ၊ အိမ်ထောင်သက် အတော်ကြီးကို ကြာတောင့်ကြာခါမှ သူ့ကို ချစ်ရကောင်းမှန်းလည်း ကောင်းကောင်းကြီး သိလာခဲ့ပါပြီ။

ခိုင်မာမြဲမြံတဲ့ အိမ်ထောင်ရေးလေးတစ်ခုကို ထိန်းသိမ်းသွားဖို့လည်း ကျွန်တော့်ဘက်ကရော၊သူ့ဘက်ကပါ ပိုင်းဖြတ်ထားမိနေကြပြီလို့ ဆိုနိုင်ပါလိမ့်မယ်။

တစ်ခုတော့ ရှိသပေါ့၊ လူတစ်ယောက်ရဲ့ သမိုင်းကို သေမှ ရေးတာ ကောင်းသလို အိမ်ထောင်ရေးတစ်ခုရဲ့သမိုင်းကိုလည်း လင်ဖြစ်ဖြစ်၊ မယားဖြစ်ဖြစ် တစ်ယောက်ယောက် တိမ်း ပါးတဲ့အခါကျမှ အပြတ်ပြောလို့ရမှာပါ။ အခုမှ အိမ်ထောင်သက် ၁၁ နှစ်သာ ရှိသေးတဲ့ ကျွန်တော်တို့ အိမ်ထောင်ရေးကိုလည်း ခိုင်လှပြီ၊ မြဲလှပြီလို့ အခုအချိန်မှာ အောက်မေ့နေမိပေမယ့် နောက် ၄-၅-၁၀နှစ်ကြာချိန်မှာ လွဲချင်လည်း လွဲနေနိုင်တဲ့ သဘောတွေ ရှိသေးတာမို့ အပြတ်တော့ မပြောရဲသေးတာလည်း အမှန်ပါ။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ်၊ အခုအချိန်မှာတော့ ကျွန်တော်တို့အိမ်ထောင်ရေးဟာ သိပ်ကို သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးလေးတစ်ရပ် ဖြစ်လာခဲ့တာတော့အမှန်ပါပဲ။ သည်လိုဖြစ်လာဖို့အတွက် ဘာတွေက ပံ့ပိုးပေးခဲ့သလဲဆိုတာကို စဉ်းစားလိုက်တဲ့အခါ အချက်အလက်တွေက အများကြီးပါပဲ။

အဲလိုအချိန်မှာ “ရွှေ”စာတည်းချုပ် ဦးဝင်းငြိမ်းက ကျွန်တော့်ကို ဆောင်းပါးတစ်ပုဒ် ပေးလာပါတယ်။ အဲဒါလေး ဖတ်ပြီး ရေးစမ်းပါဗျာလို့လည်း ခိုင်းလာပါတယ်။

ဆောင်းပါးလေးက ကမ္ဘာကျော် “ဘဝ”မဂ္ဂဇင်းထဲကပါ။ သုတေသီများက လူသားချင်း ဘယ်လိုချစ်သွားကြတယ်၊ ဘယ်လိုကြောင့် ဆက်ချစ်ဖြစ်နေကြတယ်ဆိုတာနဲ့ ပတ်သက်လို့ ရှာဖွေတွေ့ရှိထားသမျှကို အခြေခံပြီး ရေးထားတဲ့ “ချစ်ရေးချစ်မှု အနုသိပံ္ပ”ဆိုတဲ့ဆောင်းပါးပဲ ဖြစ်ပါတယ်။

“မြင်မြင်ချင်းချစ်တယ်”ဆိုတဲ့စကားက သုံးဖန်များလွန်းလို့ ရိုးတောင်နေပါပြီ။ ဒါပေမယ့် သုတေသီများကတော့ ကိုယ်နဲ့ တကယ်တမ်း အဆင်ပြေနိုင်တဲ့သူတစ်ယောက်ကို တစ်ကြည့်လောက် မြင်လိုက်ရတာနဲ့တင် ကိုယ်ခန္ဒာမှာ ရှိနေတဲ့ ဓာတ်သဘောတွေ ဘယ်လိုတုန့်ပြန် ပြောင်းလဲတယ်ဆိုတာကို လောကဓာတ်သိပ္ပံပညာနဲ့ ချိန်ထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ့နောက်မှာ ဘာတွေ ဆက်ဖြစ်သွားတတ်သလဲ။ တချို့အိမ်ထောင်တွေက အရှည်တည်တံ့နေပြီး တချို့အိမ်ထောင်တွေကျတော့ လမ်းခွတ်လတ်မှာ ကျဆုံးသွားကြရတာ ဘာကြောင့်လဲ။ အဲဒါကျတော့ သိပ္ပံ လောကဓာတ်ပညာက အခုချိန်အထိ တိကျတဲ့ အဖြေမျိုး ပေးနိုင်ပုံ မရသေးပါဘူး။ အိမ်ထောင်တစ်ခုကို ကာလတောင်တာ ကြာရှည်ကြာမျော ဖြတ်ကျော်နိုင်ဖို့၊ ဒေါင်ဒေါင်မြည် အိမ်ထောင်တစ်ခု ဖြစ်လာဖို့ ဘာတွေက ပံ့ပိုးပေးနေသလဲ။ ဒါတွေဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းလှတဲ့ မေးခွန်းတွေပါ။

စီးပွားရေးအဆင်မပြေမှုတွေ၊ အကြပ်အတည်းတွေ၊ ကလေးတစ်ယောက်ယောက် တိမ်းပါးသွားတာတွေ၊ အိမ်ထောင်ဖက်ရဲ့ အလုပ်အကိုင်မှာ မွန်းကြပ်မှုတွေ၊ အိမ်ထောင်ဖက်တစ်ဦးဦးမှာ နာတာရှည်ဝေဒနာ၊ သေကောင်ပေါင်းလဲ ရင်ဆိုင်ခံစားနေရတာတွေ၊ အဲဒါတွေဟာ အိမ်ထောင်ရေးရဲ့ မှတ်ကျောက်တွေပါပဲ။

တချို့အိမ်ထောင်ရေးတွေမှာ ဒါမျိုးတွေနဲ့ ကြုံရချိန်မှာ ထွက်ပြေးတတ်တဲ့ အိမ်ထောင်ဖက်မျိုးကြောင့် အဲဒီ့ အိမ်ထောင်ရေးလေး ပြိုကွဲ ပျက်စီးသွားတတ်ပါတယ်။ တချို့ အိမ်ထောင်တွေမှာကျတော့ ဒါမျိုးတွေကို ကြုံရတဲ့အခါကျမှ လင်မယားနှစ်ယောက်ရဲ့သက်လုံက ပို ကောင်းလာတတ်သလို အိမ်ထောင်ရေးကလည်း ပိုမိုခိုင်မာလာတာကို သတိထားကြည့်ရင် မြင်ရပါလိမ့်မယ်။ အေးအတူ၊ ပူအမျှဆိုတာ အင်မတန် ရွတ်လို့ ဆိုလို့ကောင်းတဲ့ စကား၊ ကြွေးကြော်လို့ ကောင်းတဲ့ စကားပေမယ့် တစ်မိသားနဲ့ တစ်မိသား၊ အတူယှဉ်တွဲ နေထိုင်ပေါင်းဖက်ကြရတဲ့ အိမ်ထောင်တစ်ခုထဲက ဆက်ဆံရေးမှာတော့ အေးရင်းသာ အတူနေမယ်၊ ပူရင်တော့ မင့်ထိုက်နဲ့ မင်းကံ မင်းတစ်ယောက်တည်းသာ ခံပေရော့လို့ ပြောချင်တတ်တဲ့ လူစားတွေကလည်း လောကမှာ ရှိနေတတ်သေးတော့ အိမ်ထောင်ရေးတစ်ခု အရှည်တည်တံ့ဖို့ဆိုတာ ဘက်ပေါင်း စုံက ကြိုးပမ်းယူရတဲ့ ဧရာမကိစ္စကြီး တစ်ခု ဖြစ်လာရပါတော့တယ်။

“ကယ်ရိုးလ် အိုကော်နော်ရ်”ဆိုတဲ့ တစ်လင် တစ်မယားတည်းကို ၄၇ နှစ် (လေးဆယ့်ခုနစ်နှစ်တိတိ)ပေါင်းခဲ့သူ မင်းသားကြီးကတော့ ပြောပါတယ်။ “အိမ်ထောင်ရေးတစ်ခုကို အရှည် တည်တံ့နေအောင် ဖန်တီးပေးနိုင်တာကတော့ လိုအင်ပါပဲ။ လိုအင်ဆိုတာသာ တံ့သွားရင် အဲဒီ့ အိမ်ထောင်ရေးလည်း တံ့သွားမှာပါပဲ”တဲ့။

ထားပါတော့လေ…

အခု ကျွန်တော်ပြောပြချင်တာက ဖတ်လိုက်ရတဲ့ဆောင်းပါးတဲ့က ချစ်ရေးချစ်မှု အနုသိပ္ပံအကြောင်းပါ။

———————————

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၁၉၉၉ ခုနှစ် မတ်လ ၃ ရက်နေ့ သန်းခေါင်ယံ ကျော်ပြီးစ ၁၅ မိနစ်အကြာမှာ ရေးသားပြီးစီးခဲ့ပြီး အဲဒီ့နှစ် မေလထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ကာ အတ္တကျော်ရဲ့ ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း စာအုပ်ထဲမှာလည်း ဖော်ပြထားတာလေးရဲ့ နိဒါန်းပိုင်းကို စတင် တင်ဆက်လိုက်တာပါ။

ဆက်ဆက်ကြီး ဆက်လက်ဖော်ပြပေးသွားပါမယ်။