The Science of Love (Continued)

pholaminlay10ချစ်ရေးချစ်မှု အနုသိပ္ပံ

(ယမန်နေ့က အဆက်)

ပီယဆေး

ကျွန်တော်တို့ဆီမှာ “ပီယဆေး”ဆိုတဲ့ စကားလုံး ရှိပါတယ်။

သိပ္ပံပညာနယ်ပယ်မှာလည်း ပီယဆေးလို ကိုယ့်ကို ဆန့်ကျင်ဘက်လိင်တွေ ကျလာနိုင်စေတဲ့ ဆေးဝါးကို တွေ့ထားပါပြီ။ “ချစ်ကြွေ”လို့ ဘာသာပြန်ရင် ကောင်းမလား မသိဘူး၊ အဲဒီ့ ဆေးရည်နာမည်က Falling in Love တဲ့ခင်ဗျ။ ဈေးတော့ နည်းနည်း ကြီးတယ်။ တစ်အောင်စရဲ့ ဆယ်ပုံတစ်ပုံလောက်လေးကို ဒေါ်လာ ၆၀ ပေးရပါတယ်။


“ဒဿနိကအလှကုန်လုပ်ငန်း” (Philosophy Cosmetics) က ထုတ်လုပ်တဲ့ရေမွှေး တစ်မျိုးပါ။ အဲဒီ့လုပ်ငန်းရဲ့အဆိုအရ အဲဒီ့ ဓာတုရေမွှေးကို အမျိုးသမီးများရဲ့ ခန္ဒာကိုယ်က ချွေးမှာ ရှိတတ်မြဲ “ဖှီရိုမုန်းန်”(pheromones) မော်လီကျူးလေးများနဲ့ ဖော်စပ်ထားတာပါတဲ့။ အဲဒီ့ဖှီရိုမုန်းန် မော်လီကျူးလေးတွေက အနံ့ မရှိဘူး၊ လေထဲမှာ အလိုလို ပေါ်လာတတ်ပြီး အဲဒီ့မော်လီကျူးလေးတွေ ထွက်လာတာနဲ့  ဆွဲဆောင်မှုအားကို ကောင်းကောင်း တိုးလာစေတယ်လို့ ဆိုပါတယ်။


အသက် ၃၁ နှစ်အရွယ်ရှိတဲ့ အပျိုကြီး “ဒါနာ ကော်မန်ဒါထော်ရ်”က သူဟာ သာမန် ရွက်ကြမ်းရေကျိုပါ။ တော်ရုံယောက်ျားတွေ သူ့ဆို နှစ်ခါပြန် ဘယ်တော့မှ မကြည့်ခဲ့ဖူးဘူးလို့ ဆိုပါ တယ်။

ဒါပေမယ့် အဲဒီ့ “ချစ်ကြွေ”ရေမွှေးကို ဆွတ်မိတဲ့ ညနေမှာတော့ ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေတာကို လက်တွေ့ကြုံဖူးတယ်လို့ ပြောပြတယ်။ အဲဒီ့ ညနေက သူ့အနားမှာ ဝိုင်းလာတဲ့ အမျိုးသားတွေအနက်က သူနဲ့ ရေရှည် လက်တွဲဖို့ထိ ရည်မှန်းဖြစ်သွားတဲ့ နယူးယော့ခ်မြို့က စီမံခန့်ခွဲရေးမှူးကတော့ အဲဒီ့ “ချစ်ကြွေ”ရေမွှေးကို ကျေးဇူးတင်လို့ မဆုံးအောင်ဖြစ်သွားတော့တာလည်း အမှန်ပါပဲ။ (မြန်မာပြည်က အပျိုကြီးများအတွက် အား တက်စရာပါ။ နိုင်ငံခြားမှာ အသိမိတ်ဆွေ ရှိရင် ဒေါ်လာ ၆၀ လောက် ထည့်ပေးပြီး အဲဒီ့ ရေမွှေးကို မှာယူစမ်းသပ်နိုင်မယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း အလှကုန်ဆိုင်ကြီးတွေက ဆိုင်ရှင်တွေနဲ့ ခင်ရင်လည်း တင်သွင်းဖို့ အကြံပေးလိုက်နိုင်ပါလိမ့်မယ်။ အမျိုးသားတွေတော့ ယောင်တောင်ပေါင်တောင်နဲ့ ဝင်မစမ်းသင့်ဘူး ထင်ပါတယ်။ တော်ကြာ၊ အဲဒီ့ရေမွှေး သုံးမိလို့ ကိုယ့်ကို ကြွေလာတဲ့သူက မျှော်လင့်ထားသလို ဗျာဆံဝိုက် ဗျာဆံခါတွေ မဟုတ်ဘဲ အစ်ကို ကာလသားတွေသာ ဖြစ်နေခဲ့ရင် တော်တော် ကိစ္စများနိုင်လို့ပါ။)


ယုံချင်ယုံ မယုံချင်နေပါ။

သေချာတာတစ်ခုကတော့ အချစ်ဆိုတဲ့ ကဗျာဆရာတွေရဲ့အမြုတေ၊ ဒဿနပညာရှင်တို့ရဲ့စူးစမ်းရာ၊ လက်ကိုင်ပုဝါ ၅ ထည် ဆောင်ပြီး ကြည့်ရမယ့် ရုပ်ရှင်ကားတွေရဲ့ ကျောရိုးအဖြစ် ဖန်တစ်ကုဋေ တေခဲ့ပြီးဖြစ်တဲ့ စိတ်ခံစားမှု တစ်ခုဟာ ရင်ဘတ်ထဲက ခံစားချက်တင်မကဘဲ မော်လီကျူးဆိုတဲ့ သာမန်မျက်စိနဲ့ မမြင်ရတဲ့ ဓာတ်သဘောတွေကပါ ထိန်းချုပ် ခြယ်လှယ်နေတယ်ဆိုတာကို သုတေသနများက ဖော်ထုတ်တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။


တကယ်တော့ တစ်မိသားနဲ့တစ်မိသား ချစ်ကျွမ်းဝင်ဖို့၊ လက်ထပ်ဖြစ်ဖို့၊ တစ်သက်လုံး လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းဖြစ်သွားဖို့အတွက် စိတ်ခံစားမှုတစ်ခုတည်းက ထိန်းသိမ်းပေးနေတာ မဟုတ်ဘဲ ကိုယ်ခန္ဒာမှာ ဖြစ်ပေါ်နေတဲ့ ဓာတ်တွေနဲ့ ဟော်မုန်းတွေကလည်း ဘဝရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ အိမ်ထောင်ရေး ဆုံးဖြတ်ချက်တွေကို ချဖြစ်စေဖို့ ပံ့ပိုးပေးနေတယ်လို့ ကနေ့သိပ္ပံပညာရှင်များက  ယုံကြည်နေကြပါပြီ။
သုတေသီများရဲ့အဆိုအရ ခန္ဒာကိုယ်ထဲက အဲဒီ့ဓာတ်တစ်မျိုးဟာ အချစ်ရဲ့အနက်ဖွင့်လို့ မရတဲ့ လျှို့ဝှက်ချက် အတော်များများကို ဘာက ဘာကြောင့်၊ ဘယ်လိုဖြစ်နေတယ်ဆိုတာ ကျနသေချာ ရှင်းပြနိုင်တော့မယ်လို့ ဆိုပါတယ်။ ဆန့်ကျင်ဘက်လိင်အချင်းချင်း ဘာကြောင့် တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားကုန်ကြတာလဲ၊ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့ မြင်သာလှတဲ့ “ဘဲဥကို ကျီးချီသလို၊” မင်းကုသနဲ့ ပပဝတီလို အတွဲမျိုးတွေကို ဘာကြောင့် တွေ့နေရတာလဲ၊ အခြေအနေဆိုးတွေ အမျိုးမျိုးကို ကျော်ဖြတ်ပြီး အိမ်ထောင်ရေးတွေဟာ ဘာကြောင့် တည်တံ့ ခိုင်မာနေရတာလဲဆိုတဲ့ မေးခွန်းတွေဟာ ကျွန်တော်တို့တွေအတွက်တော့ ကြံတစ်ချောင်း နှစ်ပြား၊ ကံအကြောင်းတရားလို့ အောက်မေ့ ယုံမှတ်ထားခဲ့ကြတာပါ။ သိပ္ပံပညာရပ်နယ်မှာတော့ အဲဒါကိုပဲ ကိုယ်ခန္ဒာမှာ ဖြစ်ပေါ်နေတဲ့ ဓာတုဇီဝဓာတ်ပြောင်းလဲမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အကြောင်းတရားတွေအဖြစ် သုံးသပ်ရှုမြင်နေကြပါပြီ။

ထရီဇာခရယ်န်ရှောဆိုတဲ့ ဆရာဝန်တစ်ဦးကတော့ ပြောပါတယ်။ “လူတစ်ယောက်ရဲ့စိတ်မှာ ချစ်ခြင်းမေတ္တာဖြစ်စေ၊ တပ်မက်မှုဖြစ်စေ ပေါ်ပေါက်လာရတာဟာ ခံစားမှု သက်သက်တင်မကပါဘူး၊ အဲဒီ့လူရဲ့ခန္ဒာကိုယ်မှာ ရှိတဲ့ ဟော်မုန်းဓာတ်တွေကလည်း တစ်နည်းတစ်ဖုံ ပတ်သက်နေလို့ ဖြစ်လာရတတ်စမြဲပါ”တဲ့။

ဆံပင်ရှည်ရှည်ကလေးမလေးတွေကို ကြိုက်တတ်တဲ့ ယောက်ျားလေးတွေဟာ ဆံရှည်မလေးတွေတိုင်းကို ကြိုက်မိတတ်တာမျိုး၊ အသံဩဇာကောင်းတဲ့ ယောက်ျားကို ကြွေ တတ်တဲ့ မိန်းကလေးတွေက အသံကောင်းတဲ့ ယောက်ျားတိုင်းကို စိတ်ဝင်တစား ဖြစ်သွားရတတ်တာမျိုးတွေ ရှိတတ်တာကိုလည်း ထည့်မစဉ်းစားလို့ တော့မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ယောက်က တစ်ယောက်ကို လိုချင်တပ်မက်တဲ့ စိတ်၊ ချစ်ခင်တဲ့ စိတ် ဖြစ်လာဖို့အတွက်ကျတော့ ကိုယ်ခန္ဒာမှာ ရှိတဲ့ ဓာတ်သဘောအခြေခံက လှုံ့ဆော်နေတယ်ဆိုတာကို ဆရာဝန်များက တွေ့ထားခဲ့တာ ကြာလှပါပြီ။ လူယောက်ျား၊ လူမိန်းမတို့မှာ ရှိတဲ့ ထက်စထိုစထရုန်းန်လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်တွေက အဲဒီ့ကျားမတို့ မှာ လိင်စိတ်ဆိုတဲ့ တပ်မက်မှုများ ဖြစ်ပေါ်လာအောင် အဓိက တာဝန်ယူ ဆောင်ရွက်ပေးနေတာပါ။

အခုတော့ သုတေသီတွေက အချစ်နဲ့ ခန္ဒာကိုယ်ထဲက ဓာတ်သဘောတွေ ဘယ်လို ဆက်နွယ်နေသလဲဆိုတာကို ကျကျနန အာရုံစိုက်ပြီး စူးစမ်းနေကြပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း တွေ့ရှိချက်များအရဆိုရင် တစ်ချိန်က ထိန်းလို့ ချုပ်လို့ ဘယ်လိုမှ မရဘူးလို့ ယူဆခဲ့ကြတဲ့ “အချစ်”ဆိုတဲ့ ခံစားမှုကို အာရုံကြောသိပ္ပံပညာနဲ့ ထိန်းချုပ် ကွပ်ကဲနိုင်တဲ့အဆင့်ထိ ရောက်အောင် မကြာခင်ကာလမှာ ဆောင်ရွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဆယ်နှစ်၊ ဒါမှမဟုတ်ရင် ဆယ်နှစ်မတိုင်ခင် ကာလမှာ စုံတွဲတွေအကြား အချစ်ကို ပွားလာစေနိုင်တဲ့ ရှူဆေးတစ်မျိုး ပေါ်ပေါက်လာနိုင်လောက်ပြီလို့တောင် ခယ်လစ်ဖှိုးနစ်ယား ဆေးတက္ကသိုလ်၊ ခန္ဒာဗေဒနဲ့ အာရုံကြောဇီဝသိပ္ပံ ပါမောက္ခ ဂျိမ်းမ်စ်၊ အိပ်ခ်ျ၊ ဖှယ်လော်န်က ဆိုပါတယ်။ သူ့အလိုအရဆိုရင် နောက် ဆယ်နှစ်လောက်ကျရင် အသည်းကွဲတဲ့သူတွေ၊ အချစ်ကြောင့် ထိခိုက်နာကျင်ရသူတွေ ပပျောက်သွားမယ့်သဘောပါပဲ။ သူက ဆက်ပြောပါသေးတယ်၊ “ဒါ ယုံတမ်းစကားမဟုတ်ဘူးဗျ။ အင်မတန်ဖြစ်နိုင်တဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး ပြောတဲ့ မှန်သောစကားပါ”တဲ့။

——————————

(ပြီးသေးဘူးနော်… နက်ဖြန်ကျရင် မပျက်မကွက် ဆက်ဆက်ကြီး ဆက်လက်… ဖော်… ပြ… ပေး… ဦး… မှာ…)