Skip to content

The Science of Love (Contd… and Last Part)

17 November 2009

ချစ်ရေးချစ်မှု အနုသိပ္ပံ

စက္ခုရူပေန သံဝါသရာမှ…

ယောက်ျားတိုင်းလိုလိုဟာ ကျွန်တော်တို့ အခေါ်အရ အမျိုးသမီးများရဲ့ “ရှိုက်ကြီးဖိုငယ် အသွယ်သွယ်”ကို စုံမက်တတ်ပါတယ်။ ကိုယ်လုံးကြီးကြီး ကြိုက်တတ်သူတွေရှိသလို၊ ခပ်လှပ်လှပ် ငါးရံ့ကိုယ်လေးတွေကို ကြိုက်တတ်သူတွေ ရှိတာမှန်ပေမယ့် ယောက်ျားတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဒာမှာ ကောက်ကြောင်းလေးတွေ ရှိနေမှ သဘောကျတတ်တာမျိုးပါ။

သုတေသနအရဆိုရင်တော့ အမျိုးသမီးတစ်ယောက်ရဲ့ခါးဟာ သူ့တင်ရဲ့ ၆၀ က ၈၀ ရာခိုင်နှုန်းလောက် သေးကျဉ်နေပါမှ ကိုကိုတို့ က သဘောကျတတ်သတဲ့ခင်ဗျ။ (အဲဒီ့စာ ဖတ်ပြီးမှ ကျွန်တော့်ခမျာလေးလည်း ကိုယ့်ကိုယ်ကိုယ် မနည်း ပြန်စဉ်းစားရတယ်။ ဟုတ်သဗျို့။) အမှန်ကတော့ ယောက်ျားတွေရဲ့ အငုံ့ စိတ်မှာ ကပ်ငြိနေမြဲဖြစ်တဲ့ သားကောင်းမိခင် ပီပီသသလေး ရလိုမှုကို အမျိုးသမီးတွေရဲ့ ခန္ဒာကိုယ် ကောက်ကြောင်းနဲ့ အကဲဖြတ်တာလို့ သုတေသီများက ဆိုပါတယ်။


အမျိုးသမီးတွေကကျတော့ နွေးနွေးထွေးထွေး၊ နူးနူးညံ့ညံ့၊ ကြင်ကြင်နာနာနဲ့ ယုံချင်စရာကောင်းတဲ့ ရုပ်ရည်မျိုးဖြစ်တဲ့၊ မဆိုစလောက်ကလေး မိန်းမချော ချောတဲ့ ပုရိသများကိုဆို နှစ်သက်တတ်ပြန်သတဲ့။ လီယိုနာဒို ဒီ ကာပရီယိုလို ရုပ်မျိုးပေါ့ဗျာ။

ဆိုတော့ ကျားနဲ့မတို့ တစ်နေရာရာမှာ ဆုံကြပြီဆိုတာနဲ့ ပထမအဆင့်အနေနဲ့က တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည်ရူပကာယကို  အပြန်အလှန် အကဲခတ်ကြတာ ဓမ္မတာပါပဲ။ တက္ကဆက်စ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ ဒစ်ဗှန်ဒရာ ဆင်းဂ်ကတော့ ရုပ်ရည်ကို အကဲခတ်တာဟာ တကယ့်ကို လေးနက်တဲ့ ဖြစ်တည်မှုသဘာဝပါပဲ၊ ဆန့်ကျင်ဘက်လိင်ရဲ့ ရုပ်ရည်ကို အကဲခတ်တဲ့အခါ ကိုယ်မွေးလာတဲ့ သားသမီးမှာ သူ့သွေး ပါသင့်၊ မပါသင့် ဆန်းစစ်တဲ့ သဘောကလည်း အလိုလိုပါပြီးသား ဖြစ်နေတယ်လို့ ဆိုပါတယ်။


ဒါကျတော့ ကျွန်တော်တို့ လူပြိန်းတွေအတွက် နည်းနည်းလေး ဝေးတဲ့အဆိုပါပဲ။ ကျွန်တော့်လိုဆို ဘယ့်နှယ့်လုပ်မလဲ၊ အခုအရွယ်ကြီးအထိ ချောချောမြင်ရင် ငမ်းမိနေတုန်းပဲ၊ သူ ပြောသလိုသာဆို ငမ်းတိုင်း အဲဒီ့ အငမ်းခံရသူ မိန်းမသားကို စိတ်ထဲက ခဏလောက် အိမ်ထောင်ကျကြည့်တဲ့ သဘောတွေ ပါနေတယ်။ သိပ်တော့ မနိပ်သေးဘူးဗျ။ ထားပါတော့လေ၊ သူများ ဆောင်းပါးကို ဖတ်ပြီး ပြန်ရေးပြတဲ့အထဲမှာ ကျွန်တော်ဆေးရိုးသည်က ဝင်ကန့်လန့်ခံမိနေတာ နည်းနည်းများနေပြီ။

အဲ… သိပ္ပံပညာရှင်များရဲ့အလိုအရ ကျားနဲ့ မတို့ စက္ခုရူပေန သံဝါသဆိုတဲ့ မျက်လုံးချင်း စကားပြောပြီး ငြိသွားတဲ့အချိန်မှာ ဦးနှောက်ရဲ့ အလယ်မှာ ရှိတဲ့ သောတအာရုံနဲ့ ရူပါရုံအပေါ် တုန့်ပြန်တဲ့ အစိတ်အပိုင်းကနေ အာရုံကြောကို လှုံ့ဆော်ပေးတဲ့ ဒိုဖှမင်းန်ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးပါတော့တယ်။ အဲဒီ့ဓာတ်က လူယောက်ျားနဲ့ လူမိန်းမတို့ အကြည့်ချင်းဆုံ၊ ရင်ခုန်ရာကနေ စကားလေးတွေ စ ပြောဖြစ်အောင် လှုံ့ဆော်ပေးတဲ့ ဓာတ်ပါပဲ။ အဲလို စကားပြောနိုင်လောက်အောင် တစ်ယောက်နဲ့တစ်ယောက် အလှမ်း သိပ်မဝေးတော့ဘူးဆိုတာနဲ့ ယောက်ျားဆီမှာ ရှိတဲ့ ဖှီရိုမုန်းဆိုတဲ့ ဟိုမုန်းဓာတ်က မိန်းမဆီမှာ ရှိနေတဲ့ ဟိုက်ပိုသာလာမတ်စ်ဆိုတဲ့ ဓာတ်ကို သွားထိခတ်ပါတယ်။ အဲဒီ့အခါ အမျိုးသမီးမှာလည်း “လာပါ အစ်ကို၊ ကျွန်မလှရဲ့လား”ဆိုတဲ့ ညုတုတု အကြည့်လေးတွေ အလိုလို ပေါ်ပေါက်လာသတဲ့။


အဲဒါ ဘာကြောင်ြ့ဖစ်သလဲဆိုတာ အခု အချိန်အထိ တိတိကျကျ မပြောနိုင်သေးပေမယ့် ဆွစ်ဇာလန်နိုင်ငံ၊ ဘားန်တက္ကသိုလ်က လေ့လာ စူးစမ်းချက် တစ်ရပ်အရတော့ သည်အချိန်မှာ ကျားနဲ့မတို့ဟာ တစ်ယောက်ရဲ့အနံ့ကို တစ်ယောက်က ရပြီး ပိုလို့ ရင်ခုန်လာကြတယ်လို့ သုံးသပ်ထားပါတယ်။
ဟုတ်ကောင်းပါတယ်။ လူဆိုတာ အာရုံတွေကို စွဲလန်းတတ်တဲ့ အမျိုးဆိုတော့ အာရုံ ငါးပါးနဲ့ ခံစားလို့ ရတဲ့အရာတွေက ကောင်းနေရင် တပ်မက်မိမှာ ဓမ္မတာပါပဲ။ နိဒါန်းမှာလည်း ရေးခဲ့ပြီးပါပြီ။ ကျွန်တော့်အိမ်သူကိုဆို သူ့ကိုယ်နံ့လေးကအစ ချစ်လှပါတယ်ဆိုတဲ့အကြောင်း။

သည်နေရာမှာ အလျဉ်းသင့်လို့ ကိုယ်နံ့မကောင်းသူ မမများကို အကြံပေးချင်ပါတယ်။ ပထမဆုံးအချက်က ချွေးနံ့ဆိုတာတော့ လူတိုင်းမှာ ရှိပါတယ်။ တချို့လူတွေမှာကျတော့ ချိုင်းက ထွက်တဲ့ ချွေးနံ့က အလွန်ဆိုးတတ်တယ်။ အဲဒါကို ဖျောက်ချင်ရင် ရေမှန်မှန် ချိုးပြီး ကျောက်ချဉ် အရည်ကျဲလေး သွေးလိမ်းပေးရပါတယ်။ နောက်တစ်ခုက မိန်းကလေးများအနေနဲ့ သနပ်ခါးကို ငယ်ငယ်ကတည်းက နေ့စဉ် မပျင်းမရိ ခြေဆုံးခေါင်းဆုံး လိမ်းကျင့် ရှိနေရင်လည်း ကြာတဲ့အခါ သဘာဝသနပ်ခါးနံ့က ကိုယ်ထဲမှာ စိမ့်ဝင်နေပြီး အမြဲလို မွှေးမြနေတယ်လို့ ကျွန်တော်တော့ ယုံပါတယ်။

ကျွန်တော့်မိတ်ဆွေကြီး ဦးကတုံးကတော့ ပြောဖူးတယ်။ တချို့လူတွေက ချွေးစော်နံတယ် တဲ့၊ တချိုလူတွေက ရေချိုးလွန်းလို့ ရေစော်နံတယ်တဲ့၊ တချို့ကျတော့ ဘာနံ့မှ မနံဘူးတဲ့။ အဲဒီ့အထဲမှာ လူတချို့ကို ပထမစာရင်းမှာ နမူနာပြတယ်။ ကျွန်တော့်အိမ်သူနဲ့ သူ့အိမ်သူကိုတော့ ဒုတိယစာရင်းမှာ ထည့်ပြီး သူကိုယ်တိုင်နဲ့ ကျွန်တော်ကတော့ တတိယစာရင်းဝင်တွေလို့ ပြောသွားဖူးပါတယ်။ ကျွန်တော် ရယ်နေလိုက်ခဲ့ဖူးပါတယ်။ တကယ်တော့ လူတိုင်းမှာ သူ့အနံ့နဲ့သူရှိ ပါတယ်။ ကျွန်တော်ငယ်ငယ်က မေမေ ခရီးသွားရင် မေမေဝတ်သွားတဲ့ အင်္ကျီလေးကို မျက်နှာအပ် အနံ့ခံရင်း အိပ်တတ်သလို ကျွန်တော့်အိမ်သူ အိမ်မှာမရှိလို့ လွမ်းလာရင်းလည်း သူ့အင်္ကျီလေးကို ကောက်နမ်းတဲ့ အကျင့် ရှိပါတယ်။

အလားတူပဲ၊ ကျွန်တော့်ကိုယ်မှာ တခြားမိန်းမတစ်ယောက်ရဲ့ အနံ့ ကပ်ပါလာတော့လည်း ကျွန်တော့်အိမ်သူ ချက်ချင်းသိသွားလို့ ပြဿနာတွေ အပြွတ်လိုက် တက်ခဲ့ဖူးတယ်။ ပြောချင်တာက လူတစ်ဦးစီမှာ သူ့မူပိုင်အနံ့လေးတွေ ကိုယ်စီရှိတာကိုပါ။

အဲတော့လည်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားတယ်ဆိုတဲ့ အနံ့နဲ့ ပတ်သက်တဲ့အချက်ကလည်း လျှော့တွက်လို့မရပါဘူး။

စောစောက အဆင့်ကို ပြန်ဆက်ရရင် အဲလိုအမျိုးသမီးဘက်က ညုတုတု တစ်ကြည့်လောက် ရပြီဆိုတာနဲ့ ယောက်ျားရဲ့ ဟိုက်ပိုသာလာမတ်စ် ဓာတ်ကလည်း ချက်ချင်း တုံ့ပြန်ပါတော့တယ်။ အဲဒီဟိုက်ပိုသာလာမတ်စ်ကြောင့် ခံစားချက်တွေ ဖြစ်ပေါ်လာ၊ ခံစားချက်က မျက်လုံးတွေကို အရည် လည်လာစေတယ်၊ ရင်ခုန်လာစေတယ်၊ အဲလို ရင်ခုန်မှုကြောင့် မျက်နှာကလည်း မဆိုစလောက်ကလေး ရဲတက်လာတယ်၊ ချွေးလေးကလည်း မသိမသာလေး ထွက်လာပြီး ကိုယ်ရောင်ကိုယ်ဝါကလည်း မသိမသာ တောက်ပလာတယ်၊ ဦးခွံထဲမှာ ရှိတဲ့ ဂလဲန်းဒ်များကလည်း ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်က ငေးလာစေလောက်တဲ့ အရောင်တွေ အလိုလိုလက်လာအောင် ဖန်တီးပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲလိုကနေ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းသွားတဲ့အခါ စိတ်အာရုံမှာ ပေါ်ပေါက်နေတဲ့ စွဲလန်းမှုက ယောက်ျားမှာရှိတဲ့ ဒိုဖှမင်းန် ဟော်မုန်းတွေကို အလိုလို ပွားများစေပြန်ပြီး နောက်တစ်ကြိမ်တွေဆုံဖြစ်အောင် အားထုတ် ဖြစ်စေပါတော့တယ်။

နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါ အဲဒီ့ အမျိုးသမီးကို မြင်ရရုံနဲ့တင် ယောက်ျားရဲ့ ရင်ထဲမှာ ဘုရားပွဲလှည့်သလို ဒိန်းတပ်တပ်၊ ဒိန်းတပ်တပ်နဲ့ တဆတ်ဆတ် ခါနေတော့တာလည်း အမှန်ပါ။ အဲဒီ့အချိန်မှာ သူ့မျက်နှာ၊ သူ့မျက်လုံး၊ သူ့အပြုံးတွေက မျက်လုံးထဲက မထွက်နိုင်အောင် ဖမ်းစားလိုက်ပြီး ဖြစ်သလို တစ်ချိန်တည်းမှာပဲ ဒိုဖှမင်းန်ဓာတ်တွေက ထပ်ထပ် ထွက်လာ၊ ဒိုဖှမင်းန်တင်မကတော့ဘဲ နိုရီပိုင်းန် ဖှရီးန်လို့ခေါ်တဲ့ အာရုံကြော လှုံ့ဆော်မှုဓာတ် နောက်တစ်မျိုးရယ်၊ ပီအီးအေလို့ခေါ်တဲ့ ဖှီနိုင်းလ် အီသိုလ်လာမင်းန်ဓာတ်ရယ်ကပါ ဦးနှောက်ထ မှာ ဖြစ်ပေါ်လာပါသတဲ့။


အဲဒီ့ဓာတ်သုံးမျိုး စပ်လိုက်တဲ့အခါ ပုရိသရဲ့ရင်မှာ ချောကလက်တွေ နင်းကန် စားထားမိသလို မအီမလည်လေး ဖြစ်လာပါတော့တယ်။ အဲဒီ့အခါ ခံစားချက်တွေကလည်း မနိုင်ရင်ကာ ဖြစ်လာပြီး စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်၊ အိပ်လည်း သည်စိတ်ဆိုတဲ့ စွဲလန်းမှုကလည်း ဖြစ်ပေါ်လာပါတော့တယ်။

မှုခင်းဗေဒပါမောက္ခတစ်ဦးကတော့ အဲဒီ့ခံစားချက်ကို “အလိုလိုကို ကောင်းနေတဲ့ ခံစားချက်”လို့ အမည်တပ်ပါတယ်။ မျက်လုံးတွေ ဝင်းဝင်း တောက်လာမယ်၊ ရင်ခုန်တာ မြန်လာမယ်၊ ချွေးပျံလာမယ်။ ဘာနဲ့ တူသလဲဆိုတော့ ကြောက်နေတဲ့အခါ၊ ဒါမှမဟုတ် စိတ်ဆိုးနေတဲ့အခါ ကိုယ်ခန္ဒာမှာ ဖြစ်နေတဲ့ တုံ့ပြန်မှုတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ တစ်ခုပဲ၊ အဲဒီ့အချိန်မှာ စိတ်ဆိုးနေ၊ ထိတ်လန့်နေချိန်မှာလို တိုက်ခိုက်ချင်စိတ်တွေ၊ အလွတ်ရုန်းချင်စိတ်တွေတော့ ပေါ်မလာတတ်ဘူး”လို့ သူက ဆိုပါ တယ်။

အဲသလိုအနေအထားကတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ယဉ်ပါးတဲ့အဆင့်ကို ရောက်ပြီဆိုတာနဲ့တစ်ပြိုင်နက် ယောက်ျားဆီမှာ အော့ခ်ဆီတော့ခ်ဆင်န်ဆိုတဲ့ ဓာတ်တစ်မျိုးက ဆက်လက်ဖြစ်ပေါ်လာပြန်တယ်။ လွန်ခဲ့တဲ့ နှစ်  ၂၀ လောက်တုန်းကတော့ အဲဒီ့ အော့ခဆီ တော့ခ်ဆင်န်ကို အမျိုးသမီးတွေမှာသာ တွေ့ရတဲ့ ဟိုမုန်းလို့ ထင်ခဲ့ကြပါတယ်။ ၁၉၈ ၀ပြည့်လွန်နှစ်များမှာတော့ အဲဒီ့ဟိုမုန်းကို ကျား၊ မ မဟူ လူတိုင်းရဲ့ ဟိုက်ပိုသာလာမတ်စ်ကနေ ထုတ်ပေးတဲ့ ဟော်မုန်းအဖြစ် စူးစမ်းတွေ့ရှိခဲ့ကြပါပြီ။ အဲဒီ့ဟော်မုန်းဓာတ်က နွေးထွေးမှုနဲ့ ကြင်နာမှုတွေကို ဖြစ်ပေါ်စေတဲ့ ဓာတ်အဖြစ်လည်း လက်ခံထားကြပါပြီ။

မိခင်နို့ကို တိုက်ကျွေးနေတဲ့အချိန်မှာလည်း အဲဒီ့ အော့ခ်ဆီတော့ခ်ဆင်န်ဓာတ်က မိခင်မှာရော၊ ကလေးမှာပါ ဖြစ်ပေါ်လာတဲ့အတွက်  မအေနဲ့ သားကြားမှာ မွေးကင်းစကတည်းက စည်းနှောင်မှု ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာတယ်လို့ ပညာရှင်များက သုံးသပ်ထားပါတယ်။

ချစ်ရေးချစ်မှု အနုသိပ္ပံဘက်ကို ပြန်သွားရရင်တော့ အဲဒီ့အော့ခ်ဆီတော့ခ်ဆင်န်ဓာတ်ဟာ တစ်ယောက်ကိုတစ်ယောက် စုံစုံမက်မက် ရှိနေတဲ့ ဆန့်ကျင်ဘက် လိင်နှစ်ဦးဆီမှာလည်း အလိုလိုပေါ်ထွက်လာပါတယ်။ သည်မှာတင် နှစ်ယောက်ကြားမှာလည်း စည်းနှောင်မှု တစ်ခု ဖြစ်ပေါ်လာတော့တာပါ။

သိပ္ပံပညာရှင်များက အခုဆိုရင် အဲသည့် အော့ခ်ဆီတော့ခ်ဆင်န်ဓာတ်ဟာ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ထဲက အစိတ်အပိုင်းလေးတွေကို အားဖြည့်ပေးတယ်လို့ ယူဆလာကြပါပြီ။ အော့ခ်ဆီတော့ခ်ဆင်န်ဟာ ဆန့်ကျင်ဘက်လိင်တို့ တစ်ဦးနဲ့ တစ်ဦး ထွေးပွေ့တဲ့အခါမှာဖြစ်ဖြစ်၊ ထိမိတဲ့အခါမှာဖြစ်ဖြစ်၊ ပွတ်သပ်မိတဲ့အခါမှာပဲဖြစ်ဖြစ် ပိုလို့ ပွားများလာပါသတဲ့။ အဲဒီ့ဓာတ်ကပဲ တစ်ယောက်နဲ့တစ်ယောက် ဝေးနေတဲ့အခါ သတိတရရ၊ တတမ်းတတဖြစ်နေစေဖို့ လှုံ့ဆော်ပေးနိုင်ပြန်ပါသေးတယ်။

ကွယ်ရာမှာ ခြေများတတ်သူများနဲ့ သစ္စာရှင်များ

တစ်ယောက်နဲ့တစ်ယောက် ချစ်သွားပြီးတဲ့ နောက်၊ လက်ထပ်ဖြစ်၊ ပျားရည်တွေ၊ ဘာတွေ ဆမ်းဖြစ်ပြီးတဲ့နောက် ၁၈ လ အကြာကို ခုန်ပျံ ကျော်လွှား ကြည့်မယ်ဆိုရင်တော့ နည်းနည်း ထူးလာပါတယ်။

သိပ္ပံပညာရဲ့အလိုအရ တစ်ယောက်ကို တစ်ယောက်စွဲလန်းနှစ်သက်မှု (ဝါ) မွှန်စိတ် ပထမဆုံး စတင်ဖြစ်ပေါ်ချိန်ကနေ စတင် ရေတွက်ရင် ၁၈ လကနေ ၃ နှစ်အတွင်းမှာ စိတ်ထဲမှာ ဘာမှ မခံစားရတော့သလို တစ်ယောက်ယောက်မှာ ဖြစ်ပေါ်တတ်တာ သဘာဝပဲတဲ့။ ဆိုလိုတာက ၁၈ လ ကျော်ပြီဆိုတာနဲ့ အိမ်ထောင်တစ်ခုမှာ “မင့်ကိုမှ မရရင် သေရပါတော့မယ်”အဆင့်ကနေ “သည်မိန်းမနှယ်၊ အပေါက်အစများရန်ကော”လို့ တွေးတဲ့ အဆင့်မျိုးကို မသိမသာ ရောက်သွားတတ်တာ သဘာဝပါ။

အမှန်ကတော့ ဒါက ဓာတ်သဘော (ဝါ) ဓာတုဗေဒသဘောအရ ဖြစ်ပေါ်တာပါ။ ဒိုဖှမင်းန်ရယ်၊ နိုရီပိုင်းန်ဖှရီးန်ရယ်၊ ပီအီးအေရယ် ရောနေတဲ့ ဟိုမုန်း ဒြပ်နှောဟာ ဆေးဝါးနဲ့ တူပါတယ်။ ဆေးဝါးတစ်ခုကိုလည်း သုံးရင်း၊ သုံးရင်းနဲ့ တစ်ပြားကနှစ်ပြား၊ နှစ်ပြားက သုံးပြား၊ တိုးတိုး စားသွားမှ ဆေးတိုးတော့တာမျိုး ရှိသလို အဲဒီ့ဒြပ်နှောကလည်း တစ်ယောက်နဲ့ တစ်ယောက် အတူနေတာ ကြာလာရင် ဆေးမတိုးတော့ပါဘူး။

ဆိုလိုတာက လူတစ်ယောက်အနေနဲ့ ဆန့်ကျင်ဘက်လိင်တစ်ဦးနဲ့ အတူနေတာ ကြာလာတာနဲ့အမျှ သူ့ဦးနှောက်ထဲက ဟော်မုန်းဓာတ်တွေကလည်း ရိုးအီသွားပြီး အရင်ကလို အားတိုင်း ထွက်မလာတော့ဘူး။ အဲလိုနဲ့ တချို့အိမ်ထောင်တွေမှာ ရေရှည်စခန်းသွားလို့ မရတာတွေ၊ ရင်ခုန်စရာ အသစ်လေးတွေ ဖွေရှာတာမျိုးတွေ၊ ငွေကြေးပြဿနာ၊ အနိုင်ကျင့်လွန်းတာ၊ ဒါမှမဟုတ် ညှိလို့မရတဲ့ စရိုက်မတူမှုစတဲ့ တစ်ခုခုသောအကြောင်းကို အခြေခံပြီး ညောင်ညိုပင်စခန်းအထိ ရောက်ကုန်တာတွေ ဖြစ်ရပါတော့တယ်။

ဒါကို သိပ္ပံပညာကတော့ ပီအီးအေတွေကို ကိုယ်ခန္ဒာရဲ့ခံနိုင်မှုစွမ်းရည် လျော့ကျသွားတာကြောင့် ဖြစ်ရတာလို့ သုံးသပ်ပါတယ်။


တစ်ဖက်ကလည်း သေတပန် သက်တစ်ဆုံး ခိုင်မာမြဲမြံနေတဲ့ အိမ်ထောင်ရေးတွေကို ကြည့်မယ်ဆိုပြန်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် လိင်စိတ်ကြောင့် မဟုတ်ဘဲ ကိုယ်ခန္ဒာချင်း အဆက်မပြတ် တွေ့ထိနေတာ၊ ဥပမာ လက်ချင်း ဆုပ်ထားတာမျိုး၊ ပုခုံးကို မှီတာမျိုး၊ ပွေ့ပိုက်ထားတာမျိုးတွေက ဦးနှောက်ထဲက နောက်ထပ် ဓာတ်တစ်မျိုးဖြစ်တဲ့ အယ်န်ဒိုဖှင်န်ကို ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ဒါတင်မကဘဲ အဲလို လိင်စိတ် မပါတဲ့ တွေ့ထိမှုဟာ အထက်မှာ ရေးခဲ့တဲ့ အော့ခ်ဆီတော့ခ်ဆင်န် ဓာတ်ကိုလည်း အမြောက်အများ ဆက်ထုတ်ပေးတာ တွေ့ရပါသတဲ့။


အယ်န်ဒိုဖှင်န်က စိတ်ကို တည်ငြိမ်စေပြီး  ဆန္ဒစောမှုကို ရှင်းထုတ်ပစ်နိုင်ပါတယ်။ အဲဒီ့ဓာတ်နှစ်မျိုးစလုံးက အိမ်ထောင်ရေးကို တည်ငြိမ်ခိုင်မြဲစေပြီး တစ်ယောက်ကို တစ်ယောက် “စွဲငြိ”နေစေနိုင်တယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။

တိရစ္ဆာန်တွေမှာလည်း တချို့သတ္တဝါတွေက တစ်လင်တစ်မယားစနစ်ကို သစ္စာရှိရှိ ကျင့်သုံးတာ တွေ့ထားကြတယ်။ အသိဉာဏ် မရှိတဲ့ အဟိတ်တိရစ္ဆာန်လောကမှာတောင် အဲလို တစ်လင်တစ်မယားကို သေတစ်ပန် သက်တစ ဆုံး သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းတာကို တွေ့ရလို့ သုတေသီများက စစ်ဆေးကြည့်လိုက်တဲ့အခါ အော့ခ်ဆီတော့ခ်ဆင်န်ကို ကောင်း ကောင်းခံစားနိုင်တဲ့ သတ္တဝါတွေ ဖြစ်တာကို တွေ့ရပါသတဲ့။

အဲဒီ့အော့ခ်ဆီတော့ခ်ဆင်န်ကို လက်ခံတဲ့ ဦးနှောက်ထဲက ဆဲလ်တွေကို ပိတ်ဆို့ကြည့်လိုက်တဲ့အခါမှာတော့ တစ်သက်လုံး သစ္စာရှိတဲ့ အဲဒီ့သတ္တဝါတွေလည်း ခြေများချင်တဲ့ အရိပ်အရောင်တွေ ပြလာတာကိုပါ ထပ်တွေ့ရတယ်လို့ ဆိုပါတယ်။

အာရုံကြောဆိုင်ရာ သိပ္ပံပညာနယ်ပယ်ဟာ   အင်မတန် ကျယ်ပြန့်နက်နဲလှသလို ပညာရှင်တွေ လက်လှမ်းမမီနိုင်သေးတာကလည်း အများကြီးပါပဲ။ တစ်ချိန်ချိန်မှာတော့ အချစ်နဲ့ ပတ်သက်တဲ့ အရှုပ်အထွေးများကို သည်သိပ္ပံပညာက ဖြေရှင်းပြသွားနိုင်မယ်လို့ ပညာရှင်များက မမှိတ်မသုန် ယုံကြည်နေကြပါတယ်။

နိဂုံး

၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီလထုတ် “ဘဝ” မဂ္ဂဇင်းထဲက “ချစ်ရေးချစ်မှု အနုသိပ္ပံ”ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုလိုက်တာပါ။

အဲဒီ့ဆောင်းပါးအရဆိုရင်တော့ ကျွန်တော်တို့အိမ်ထောင်ရေးလေး သာယာနေတာလည်း အော့ခ်ဆီတော့ခ်ဆင်န်နဲ့ အင်ဒိုဖှင်န်တွေကို ထုတ်ပေးစေတဲ့ တစ်ယောက်နဲ့တစ်ယောက်  လိင်စိတ်မပါဘဲ ဖက်လှဲတကင်း တရင်းတနှီး နေမှုကြောင့်ပဲဆိုတာ ဖြစ်နိုင်နေပါတယ်။
မှန်ပါတယ်၊ ကျွန်တော်တို့ ဇနီးမောင်နှံ ဟိုဟိုသည်သည် သွားတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် လက်ချင်း ဆုပ်ထားတဲ့ အကျင့်ရှိသလို ကားမောင်းနေရင်းတန်းလန်းကနေ သူ့လက်ကို လှမ်းဆုပ်တာမျိုး၊ သူ့ပါးကို လှမ်းပွတ်တာမျိုးတွေ ကျွန်တော်လုပ်တတ်ပါတယ်။ သူကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာက တစ်ရေးနိုးရင်တောင် ကျွန်တော့်လက်မောင်းကို ရင်မှာ အပ်ပြီး အိပ်တတ်တဲ့သူပါ။

အလားတူပဲ၊ ရုပ်မြင်သံကြား ထိုင်ကြည့်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းထိထားတတ်ကြသလို တစ်ခါတလေ လက်ချင်းဆုပ်ထားဖြစ်ပါတယ်။ ကျွန်တော်က အတွေ့အထိဟာ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကို ပိုလို့ ခိုင်မာမြဲမြံစေတယ်ဆိုတဲ့  အချက်ကို အူလှိုက်သည်းလှိုက်ယုံကြည်သူပါ။

ကျွန်တော့်အိမ်သူကိုတင်မက သားသမီးများကိုလည်း ကျွန်တော်က ဖက်လှဲတကင်း၊ ပွေ့ပွေ့ပိုက်ပိုက် နေတတ်သလို သူငယ်ချင်းချင်းလည်း ပုခုံးဖက်လိုက်၊ ခါးဖက်လိုက် လုပ်တတ်ပါတယ်။ အဲသလိုနေတဲ့အတွက် လူသားတစ်ဦးနဲ့တစ်ဦးကြား စည်းနှောင်အားက ပိုလို့ ခိုင်မာလာတတ်တယ်ဆိုတာ ကျွန်တော့်ကိုယ်တွေ့မို့ သည်စာကို ဖတ်သူများလည်း ကိုယ့်သူငယ်ချင်းကိုဖြစ်စေ၊ ကိုယ့်မိဘ၊ ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမချင်းဖြစ်စေ၊ အိမ်ထောင်ဖက်ချင်း ဖြစ်စေ တစ်ဦးနဲ့တစ်ဦး ပူးပူးကပ်ကပ် ရင်းရင်းနှီးနှီး တို့ကာ၊ ပုတ်ကာ ဆက်ဆံတာမျိုးနဲ့ မိမိတို့ရဲ့ခင်မင်တွယ်တာမှု အဆများကို ပွားသထက် ပွား၊ များသထက် များလာအောင် ပျိုးထောင်ယူနိုင်ကြမယ်လို့ မျှော်လင့်နေပါတယ်။


ချစ်စကိုရှည်စေတယ်ဆိုတာ အင်မတန်မှ မင်္ဂလာရှိတဲ့အလုပ်မျိုးမို့ အချစ်အကြောင်းကို ထက်ထက်သန်သန် ရေးသားတင်ဆက်လိုက်တာလည်းပဲ ဖြစ်ပါတယ်ခင်ဗျား။    ။


အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

ဆူဒိုနင်
ဝ၀း၁၅
၂၉၊ဝ၃၊၉၉

Advertisements
6 Comments leave one →
  1. san thaw permalink
    18 November 2009 4:48 pm

    ကောင်းတယ်ဆရာ။ ကျွန်တော်တော့ကြိုက်တယ် လူတွေရဲ့ ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်ပြီး ခံစားမှုကို သိပ္ပံပညာက ဖော်ပြထားတာ ကျွန်တော့်အနေနဲ့ ဗဟုသုတလည်းရ၊ အသိလည်း ရတယ်ဆရာ။

    ဆရာရေးတာတွေကိုလည်း အမြဲအားပေးနေပါတယ်။

    ကျွန်တော် စံသော်ပါ ဆရာ။

  2. Thin Thin permalink
    22 November 2009 9:41 am

    For this series of posts, there is one thing I find as disturbing: at some points, you seemed to be indicating that, marriages can survive the test of infidelity. By not including any reference to the nature of the emotional turmoil that your wife and children probably had to go through (as a result of your infidelity), you are downplaying the kind of impact that someone’s infidelity can have on the spouse and children in a family.

    I believe, that might not have been your intention when you wrote these posts. However, please be careful when you write this kind of essay. In my opinion, as a writer of many non-fiction guides, especially for youngsters, you have the responsibility to be very sensitive about how the content of your materials may be viewed by readers. I feel that you should have considered more about the various level of impact that your essay might have on readers.

    • lettwebaw permalink
      22 November 2009 1:06 pm

      Thank you very much indeed, Sayama Thin Thin, for your kind reminder. I have to admit that my ego and pride sometimes prevent me from being careful and considerate. I totally agree with your remarks and will be more careful in future. Thanks again, Sayama.

  3. Ko Myint Myat permalink
    24 November 2009 4:06 pm

    ဒိုဖှမင်းန်ဆိုတဲ့ ဓာတ်
    ဖှီရိုမုန်းဆိုတဲ့ ဟိုမုန်းဓာတ်
    ဟိုက်ပိုသာလာမတ်စ်ဆိုတဲ့ဓာတ်
    နိုရီပိုင်းန် ဖှရီးန်
    ဖှီနိုင်းလ် အီသိုလ်လာမင်းန်ဓာတ်
    အော့ခ်ဆီတော့ခ်ဆင်န်ဓာတ်

    ဓါတ်တွေရဲ့နာမည် တစ်ခုချင်းစီရဲ့ဘေးမှာ
    အင်္ဂလိပ်လိုပါ ရေးပေးရင် ပိုများကောင်းမလားလို့…… ဓါတ်တွေရဲ့နာမည်ကိုသိပြီးစိတ်ဝင်စားလို့ Google ကနေ Search လုပ်ချင်တဲ့အခါ ဘယ်လိုလုပ်ရမလဲမသိဘူး။ ကျွန်တော့်လို စူးစမ်းချင်တဲ့သူတွေ စူးစမ်းနိုင်ရန်အတွက် အကြံပြုလိုက်တာပါခင်ဗျာ။

    • lettwebaw permalink
      24 November 2009 4:46 pm

      Google မှာ list of hormones in the body ဆိုပြီး ရှာကြည့်လိုက်ရင် တွေ့ရပါလိမ့်မယ်ဗျာ။ ဆောရီးပါ။ နောက်တစ်ခါ ဒါမျိုးရေးရင် ဂရုစိုက်ပါ့မယ်။ အင်္ဂလိပ်စာလုံးတွေ မလိုအပ်ဘူးထင်လို့ မထည့်လိုက်မိတာပါ။

    • အချစ်ရူး permalink
      4 May 2012 5:28 am

      ဟုတ်တယ် ကိုမြင့်မြတ်ပြောတာထောက်ခံတယ် ဗမာလိုရေးထားတော့ ပိုရှူပ်တယ်..အင်္ဂလိပ်လိုပါတွဲရေးရင် ပိုကောင်းမှာ..ဟိုတတ်လို့တော့ဟုတ်ဘူး..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: