Skip to content

My Personal Conviction

23 November 2009

သဘောထား

ကျွန်တော့်စာတွေ ဖတ်လေသူများ

အတွေးပွားမူ ရေးသူကျွန်တော်

ရေးရပျော်ပြီ လူဇော်မလုပ်

ကြိုးကုပ်လျက်သာ တင်ဆက်ပါသည်

ဉာဏ်လွှာခြုံသိုင်း စိတ်တိုင်းလည်းကျ

တွေးဆ ဆင်ခြင် ကြည့်နိုင်စေ….

လက်တွဲဖော်စာအုပ်တိုက်က ထုတ်ဝေသမျှ ကျွန်တော့်စာအုပ်တိုင်းရဲ့ အဖွင့်စာမျက်နှာမှာ ပါရှိတဲ့ ကဗျာလေးပါ။ အဲဒီ့ကဗျာလေးနဲ့ ဖွင့်ထားတဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ “နီတျာတျာ ငှက်ပြာလေးနဲ့ မိုင်ပေါင်းများစွာ” ထွက်လာတဲ့အခါ စာအုပ်ကို လှန်ကြည့်ပြီး အဲတုန်းက ၁၃ နှစ်သာ ရှိသေးသူ ကျွန်တော့်သမီးက “ဟင်း… တက္ကသိုလ် ဘုန်းနိုင်ဆီက ကူးချထားတာ”လို့ သြဘာပေးပါတယ်။

ဟုတ်ပါတယ်။ သမီး ပြောတာ မှန်ပါတယ်။ ကျွန်တော့်အပေါ် သြဇာ လွှမ်းမိုးမှု အပြည့်အ၀ ရှိတဲ့ စာရေးဆရာများအနက်မှာ ဆရာ ဘုန်းနိုင်ကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ပြောရရင် ဆရာဘုန်းနိုင်က ကျွန်တော့် မြင်ဆရာတစ်ဦးပါ။ ဆရာ့ကြောင့် စိတ်ပညာကို စိတ်ဝင်စားခဲ့ရတာမို့ သက်ရှိ ထင်ရှား ရှိစဉ်က လူချင်း တစ်ခါဆို တစ်ခါမှ ဆုံဖူးခွင့် မရလိုက်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်တစ်ဦးဆိုလည်း မမှားပါဘူး။

ဆရာ့စာအုပ်တွေရဲ့ အဖွင့်မှာ “အဓိဋ္ဌာန်”ဆိုတဲ့ ခေါင်းစဉ်နဲ့ “ငါ့စာဖတ်၍ မမြတ်တိုင်စေ၊ မရှုံးစေသား”အစချီ ကဗျာလေးတစ်ပုဒ်က အမြဲပါပါတယ်။ အဲဒါကို အတုယူပြီး ကျွန်တော့်စာအုပ်ကလေးတွေရဲ့ အဖွင့်မှာလည်း အထက်က ကဗျာလေးကို ရေးဖြစ်ခဲ့တာပါ။ သမီး ပြောသလိုဆိုရင် ကူးချတာ၊ ကျွန်တော့်စကားနဲ့ဆိုရင်တော့ အတုခိုးတာ ဖြစ်ပါတယ်။

အဲဒါဟာ ကျွန်တော့် သဘောထား အစစ်အမှန်ပါ။

ကဗျာထဲကအတိုင်းပဲ ကျွန်တော်က တွေးစရာတွေကို ချပြပေးရုံသက်သက် ဖြစ်ပါတယ်။ ကျွန်တော့်စာဖတ်ပြီး တွေးကြည့်ကြစေချင်တယ်၊ ဆရာ “ကိုတာ” ပြောဖူးသလို “တခြားတစ်ဖက်မှ ဆင်ခြင်ကြည့်”စေချင်တယ်၊ သည်လောက်ပါပဲ။

မဂ္ဂဇင်း ဂျာနယ်တွေမှာ ရေးဖြစ်ခဲ့သမျှ ကျွန်တော့်စာတိုင်းရဲ့ အဆုံးမှာလည်း “အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ”ဆိုတဲ့ ဆုတောင်းလေးနဲ့ အမြဲ အဆုံးသတ်တာကို စာဖတ်သူ လူကြီးမင်းများ သတိထားမိကြမှာပါ။ တစ်လောဆီက အလင်းတန်းဂျာနယ်မှာ မန္တလေးက စာရေးဆရာတစ်ဦးက “အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်တောင် ရေးသားခဲ့ဖူးပါသေးတယ်။ [အဲဒီ့ခေါင်းစဉ်ကို သုံးဖို့ အလင်းတန်း စာတည်းအဖွဲ့က ကျွန်တော့်ဆီက ခွင့်ပြုချက် လှမ်းတောင်းပါတယ်။ ဘုံပိုင် ဝေါဟာရများဖြစ်နေလင့်ကစား ကျွန်တော်က ဆယ်နှစ်ကျော် အစဉ်တစိုက် သုံးခဲ့တာမို့ ကျွန်တော့်လက်သုံးအဖြစ် တွင်ကျယ်နေတဲ့ ဆုတောင်းကို ဆောင်းပါး ခေါင်းစဉ်အဖြစ် သုံးသင့် မသုံးသင့် သူတို့ စဉ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ ကျွန်တော့်ဆီက ခွင့်ပြုချက် ရယူဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော့်ကို လှမ်းညှိတာပါ။ အင်မတန် အတုယူထိုက်တဲ့ လူကြီးလူကောင်း (၀ါ) မိကောင်းဖခင် သားသမီး ပီသသော အမူအကျင့် ဖြစ်တာကြောင့် ဒါကို တမင် ထည့်ရေးလိုက်တာပါပဲ။]

ကျွန်တော်ကလည်း သုံးပါ၊ သို့ပေမယ့် အဲဒီ့အတွက် ကျွန်တော့်ကို credit လေးတော့ ပေးပေးပါလို့ တောင်းဆိုခဲ့မိပါတယ်။ ဆိုလိုတာက ကျွန်တော် သုံးနေကျ ဆုတောင်းလေးကို ခေါင်းစဉ်အဖြစ် ယူသုံးထားပါကြောင်း ဆောင်းပါးရဲ့ အဆုံးသတ် တစ်နေရာရာမှာ ဖော်ပြပေးဖို့ ပြောမိတာပါ။ အလင်းတန်း စာတည်းအဖွဲ့ကလည်း သဘောတူပါတယ်။ အဲဒီ့အတိုင်းပဲ အဲဒီ့ဆောင်းပါးကို ဖော်ပြခဲ့ကြပါတယ်။

ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ဒါက စကားအလျဉ်းသင့်သွားလို့ပါ။ တကယ်ပြောချင်တာက အားလုံး တွေးဆ ဆင်ခြင်ကြည့်စေချင်တဲ့ စေတနာ နှိုးဆော်မှုကြောင့် ကျွန်တော် စာတွေ ရေးနေတယ် ဆိုတာပါ။

ဆိုလိုတာက ကျွန်တော်ပြောတိုင်း လက်ခံရမယ်၊ ကျွန်တော် ပြောသမျှ အမှန်ဆိုပြီး လူပေါ်လူဇော် လုပ်ချင်လို့ စာတွေ ရေးနေတာ မဟုတ်ပါဘူး။ ကျွန်တော် တွေးမိတာလေးတွေကို စင်းစင်းလေး ချပြတာ သက်သက်ပါ။ ကျွန်တော် ရေးတာကို ဖတ်ပြီးတဲ့နောက် တွေခနဲ တစ်ချက်လောက် စဉ်းစားပေးမယ်ဆိုရင်ပဲ ကျွန်တော် စာရေးရကျိုးနပ်ပါပြီ။

သည်ကမှ တစ်ဆင့်တက်လို့ ကျွန်တော် ပြောတာကို ငြင်းချက်ထုတ်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ မေးခွန်းထုတ်တာ၊ ငြင်းချက် ထုတ်တာဟာ စိတ်ဝင်စားလာတဲ့သဘော၊ တွေးဆ ဆင်ခြင်လာတဲ့သဘောကို တိတိပပ ဆောင်နေပါတယ်။ ဒါ့ကြောင့် ၀မ်းသာ ကြည်နူးမိရတာချည်းပါပဲ။

ပုံနှိပ်စာမျက်နှာများကတစ်ဆင့် အခုဆို အင်တာနက် စာမျက်နှာဖြစ်တဲ့ “ပင့်မှတ်တမ်း”ပေါ် ကျွန်တော် တက်လာတာဟာလည်းပဲ သည်ရည်ရွယ်ချက် အရင်းခံနဲ့သာ ဖြစ်ပါတယ်။ စာမျက်နှာတွေပေါ်မှာ ကျွန်တော် ချပြခဲ့ပြီးသား “တွေးစရာ”လေးတွေကို ပင့်မှတ်တမ်း စာမျက်နှာတွေပေါ်မှာ ထပ်ဆင့် တင်ပေးခြင်းသာဖြစ်ပါတယ်။

“ပင့်မှတ်တမ်း”မှာက ပုံနှိပ်စာနဲ့ ကွာတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ စာဖတ်သူက ချက်ချင်း ပြန်လည်ဆွေးနွေးလို့ ရနေတဲ့ အားသာချက်ပါပဲ။ စာဖတ်သူရဲ့ ဆွေးနွေးချက်ကို စာရေးသူကလည်း တိုက်ရိုက်ပြန်လည် နာကြားနိုင်တဲ့အပြင် ပြန်လည် ရှင်းပြ ဆွေးနွေးနိုင်ပြန်ပါသေးတယ်။

အဲဒါကို ကျွန်တော် အလွန်သဘောကျပါတယ်။ အေးချမ်းစွာ သဘောထားကွဲလွဲကြ၊ ကြည်နူးစွာ ငြင်းခုန်ကြရင်းက စိတ်ကူးစိတ်သန်း အသစ်တွေ၊ အတွေးသစ်တွေ အများအပြား လန်းစွင့်လာနိုင်တာကို လူအများ မြင်သိ ခံစားစေချင်ပါတယ်။ ကျွန်တော်တို့ ရွှေတွေမှာက အဲဒီ့အလေ့အထ သိပ် မထွန်းကားလှသေးဘူးလို့ ခံစားရပါတယ်။

ကျွန်တော်တို့က အယူအဆ တစ်ခုကို အချေအတင် ပြောတာကိုပဲ လူချတာလို့ မြင်ချင် မြင်နေတတ်ဆဲဖြစ်နေပါတယ်။ တစ်နည်းပြောရင် ပုဂ္ဂိုလ်ရေးနဲ့ တရားကိုယ် သိပ်မကွဲသေးဘူး ထင်ပါတယ်။ အဲဒါဟာ ရှေ့အစဉ်အဆက်ကတည်းက ဖြစ်ခဲ့တာပါ။ ဆရာ သော်တာဆွေတို့၊ ဆရာ တက္ကသိုလ် ဘုန်းနိုင်တို့၊ ဆရာအောင်လင်းတို့ ခေတ်ကာလမှာ အဲသလို အေးချမ်းစွာ ရန်ဖြစ်တဲ့အလေ့အထလေး ထွန်းကားမယောင် ရှိခဲ့ပင် ရှိခဲ့ငြားလည်း အဲဒီ့နောက်ပိုင်း ခေတ်မှာတော့ အယူအဆရေးရာ ငြင်းခုန်ရင်းက ပုဂ္ဂိုလ်ရေးတွေ ပါတဲ့ ဓလေ့က ပိုသန်လာသလို ခံစားရပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စု၊ သုံးစုလောက်အတွင်းမှာ သဘောထားကြီးစွာ ငြင်းခုန်ကြ၊ ရန်ဖြစ်ကြတဲ့ အလေ့က တော်တော် ခေါင်းပါးလာတယ်လို့ မြင်မိပါတယ်။

အင်တာနက်ကြီး တွင်ကျယ်လာချိန်မှာတော့ ဒါကို အသုံးချပြီး (ဆရာတော် ဦးဇောတိကရဲ့ စကားကို ငှားသုံးရရင်) “သဘောထားမှန်မှန်နဲ့ ရန်ဖြစ်”တတ်တဲ့ အလေ့အထလေးကို ထူထောင်ချင်လာရပါတယ်။ သည် ဆင့်ပွားရည်ရွယ်ချက်နဲ့ ပင့်မှတ်တမ်းပေါ် ကျွန်တော် တက်လာတာပါ။

ဒါ့ကြောင့် အခုဆိုရင် သုံးလကျော် ကာလအတွင်းကို ချင်းနင်း ၀င်ရောက်လာပြီဖြစ်တဲ့ ကျွန်တော့် ပင့်မှတ်တမ်း စာမျက်နှာများမှာလည်းပဲ စာဖတ်သူများရဲ့ သုံးသပ်ချက်များအပေါ် လိုအပ်ရင် လိုအပ်သလို ကျွန်တော့်ဘက်က ပြန်လည် ဆွေးနွေးတာလေးတွေအပြင် တချို့ ဆွေးနွေးချက်တွေကိုလည်း စုစည်းပြီး စာမျက်နှာများအဖြစ် တခုတ်တရ တင်ဆက်ထားတာလေးတွေကို စာဖတ်သူ လူကြီးမင်းများ သတိထားမိခဲ့ကြောင်း ထားမိခဲ့ကြပါလိမ့်မယ်။

သို့သော် သိပ်ဝမ်းနည်းစရာ ကောင်းတာတစ်ခုကိုလည်း တွေ့နေရပါတယ်။ အဲဒါကတော့ ပင့်မှတ်တမ်း လောကမှာ ဂိုဏ်းဂန၊ အုပ်စုတွေ ရှိနေကြတာပါပဲ။ ပြောရရင်တော့ အဲဒါလည်း အင်မတန် ရွှေပီသတဲ့ အပြုအမူဖြစ်လို့ နေပါတယ်။ အုပ်စုဖွဲ့၊ ဂိုဏ်းထောင်ဖို့ ရွှေတွေ သိပ်ကို အားသန်ခဲ့ကြတဲ့ “အစဉ်အလာဆိုးကြီး”ဟာ ပင့်မှတ်တမ်း နယ်ပယ်မှာလည်း ငေါငေါကြီး ပေါ်ထွက်လို့နေပါတယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ၁၉၈၉ ခုနှစ်မှာ ပါတီတွေ ဖွဲ့ခွင့်ပေးတော့ စုစုပေါင်း နိုင်ငံရေးပါတီ သုံးရာကျော် မှတ်ပုံတင်ခဲ့တာကို မှတ်မိချင်စရာပါပဲ။ ၉၀ ပြည့်မှာ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့တဲ့ ပါတီပေါင်းကိုက ၉၃ ပါတီ ရှိပါတယ်။  ရွှေတွေရဲ့ ညီညွတ်ရေးကို တန်ဖိုးထားနိုင်စွမ်းက အံ့မခန်းလို့ ဆိုချင်စရာပါ။

အဲဒီ့ ဓလေ့စရိုက်က ပင့်မှတ်တမ်းနယ်ပယ်မှာလည်း တွင်ကျယ်နေတဲ့ နိမိတ်တွေ မြင်နေရတော့ တော်တော် ကြေကွဲမိရပါတယ်။ ဘာဖြစ်တုံးဗျာ၊ ကိုယ်နဲ့ တည့်တာ၊ မတည့်တာ၊ ကိုယ်ကြည့်လို့ ရတာ၊ မရတာကို အသာထား၊ အယူအဆလေးတစ်ခု၊ အတွေးအမြင်လေး တစ်ခုအတွက် ချေချေငံငံ ဆွေးနွေး ငြင်းခုန်မယ်၊ သဘောထားမှန်မှန်နဲ့ ရန်ဖြစ်မယ်ဆိုတဲ့ စိတ်ကလေး မွေးလိုက်တော့ ဘာများ အကျိုးယုတ်သွားမှာမို့တုံး။

အခုတော့ ဟုတ်ပေါင်ဗျာ၊ ငါနဲ့ မတူ၊ ငါ့ရန်သူ၊ ငါ့ကို ဝေဖန်သူ၊ ငါ့ရန်သူဆိုတဲ့ ရန်လိုစိတ်တွေနဲ့ပဲ ကိုယ့်ဘ၀ကိုယ် မွေးမြူထူထောင်နေကြဆဲ လူရွယ် လူလတ်တွေ၊ လူကြီးတွေကို ပြည်လုံးအနှံ့ မြင်နေရတဲ့အပြင် တိုင်းတစ်ပါးရောက် ရွှေအများစု ကြီးစိုးရာ ပင့်မှတ်တမ်း လောကမှာပါ မြင်လိုက်ရတော့ စိတ်ထဲမှာ ထိခိုက်ကြေကွဲမိရပါတယ်။ သည်စိတ်ဓာတ်တွေနဲ့ကတော့ ရွှေပြည်တော်ကြီး မျှော်တိုင်း ဝေးနေတော့မှာပါ။

နောင် နှစ်ပေါင်း ၃၀ လောက် ကြာရင် ကျွန်တော်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကနေ့ ဘာညာ သရကာနေကြသူ အများစုလည်း ရှိကြတော့မှာ မဟုတ်တော့တာ သေချာနေပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ချစ်သော အမိမြေ ရွှေနိုင်ငံကြီးကတော့ ကမ္ဘာတည်သရွေ့ တည်နေဦးမှာလည်း အင်မတန်မှ သေချာတဲ့ အချက်ပါ။ အဲဒီ့ နိုင်ငံ၊ အဲဒီ့လူ့ဘောင်ကြီးရဲ့ အနာဂတ်ဟာ အခုမှ ဘ၀ကို ထူထောင်စ လူငယ်လူရွယ်လေးတွေအပေါ်မှာသာ တည်နေပါတယ်။ (ဘယ်သူမှန်း မမှတ်မိတော့တဲ့ ဆရာတစ်ဦး ရေးဖူးသလို) မူရင်းကောင်းမှ မိတ္တူကောင်းမှာပါ။ အဲဒီ့ လူငယ်လေးတွေကို ပျိုးထောင်နေကြတဲ့ ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်တွေကိုက ရန်လိုစိတ်များနဲ့ ပေမမီ ဒေါက်မမီဖြစ်နေမယ်ဆိုရင် သူတို့လေးတွေရဲ့ သဘောထားတွေကရော ဘယ်လောက် မှန်လာနိုင်ပါ့မလဲ။ သဘောထား မမှန်တဲ့ လူတွေရဲ့ လက်ထဲက လူ့ဘောင်တစ်ရပ်ကရော ဘယ်အတိုင်းအတာအထိ ခရီးပေါက်နိုင်မှာတဲ့လဲ။

အဲဒါလေးတွေကို ဆင်ခြင်ကြည့်ပြီး ကြည်နူးစွာ သဘောထားကွဲတဲ့ အလေ့အထ၊ သဘောထားမှန်မှန်နဲ့ ရန်ဖြစ်ကြတဲ့ အလေ့အထလေးများကို ထူထောင်ရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်စာ ပါဝင်လိုတဲ့ ဆန္ဒနဲ့ ကျွန်တော့် ပင့်မှတ်တမ်းကို အရှိန်မပျက် ဆက်လက် တင်ဆက်သွားမှာပါ။

စာဖတ်သူများရဲ့ ဆွေးနွေးချက်တွေကို ပြန်လည် ဆွေးနွေးရာမှာ ကျွန်တော့်ဘက်က ဖွယ်ရာချေငံနေအောင် အတတ်နိုင်ဆုံး အားထုတ်ထားပါတယ်။ သည်ကြားထဲကမှ ကျွန်တော့်ဘက်က ရိုင်းပြတာ၊ မဖွယ်ရာတာများ ရှိနေပါရင်လည်း ထောက်ပြတော်မူပေးကြဖို့ လေးစား ရိုကျိုးစွာ မေတ္တာရပ်ခံလိုက်ချင်ပါတယ်။

ကျွန်တော့်သဘောထားကတော့ ရှင်းပါတယ်။ အားလုံး တွေးဖြစ်စေချင်တာလေး တစ်ခုပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်/ဆူဒိုနင်

(၂၃၁၁၀၉)


Advertisements
25 Comments leave one →
  1. Anonymous permalink
    23 November 2009 11:11 pm

    ကိုယ်တိုင်တော့ ပင့်မှတ်တမ်းကို ဖြစ်ဖြစ်မြောက်မြောက် ရေးတဲ့သူ မဟုတ်ပါဘူးဆရာ။ ဒါပေမယ့် အဖတ်များမိသမျှ ပင့်မှတ်တမ်းတွေမှာ blogger တစ်ယောက် အောင်မြင်လာပြီဆိုမှဖြင့် အသားလွတ် ၀င်ဆဲတာ၊ ပစ်စလက်ခတ် ဝေဖန်တာတွေကို မမြင်ချင်မှ အဆုံး။ အောင်မြင်တဲ့ ဘလော့ဂ်တွေ တော်တော်များများမှာ ဖတ်ရပါတယ်။ တချို့ ဘလော့ဂါတွေကလည်း publish လုပ်တယ်။ တချို့ကျတော့လည်း စာဖတ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ မလုပ်ဘူးပေါ့ ဆရာရယ်။ အခု ဒီ comment ကိုလည်း ဆရာ့အနေနဲ့ စာဖတ်သူတွေ အနှောင့်အယှက် ဖြစ်မယ်ထင်ရင် မတင်ဘဲနေလို့ ရပါတယ်။

    ပြောတာ ဆိုတာ၊ ခိုင်းတာ နှိုင်းတာ ရိုင်းသွားရင်လည်း ဆရာနဲ့တကွ ဆရာ့စာဖတ်ပရိသတ်ကို ကြိုတောင်းပန်ပါတယ်။

    ဆရာ ရေးထားတာလေးတွေ ဖတ်ပြီး တွေးစရာတွေ ၀င်လာတာက မြန်မာလူငယ်တွေ ဒီလို တစ်ယောက်နဲ့ တစ်ယောက် ပုတ်ခတ်ကြတာဟာ အမြင်ကျဉ်းတာ၊ သဘောထားသေးတာကများ အခြေခံလေသလား။ ဒီလို အမူအကျင့်တွေကို မျိုးဆက် ဘယ်နှခုကြာမှ ကျော်လွှားနိုင်မလဲဆိုတာပါ။

    ခိုင်းနှိုင်းတာ ရိုင်းသွားရင် ထပ်ပြီး တောင်းပန်ပါတယ်ဆရာ။ ဒါပေမယ့် ဆရာ… မြန်မာခွေးတွေ၊ လမ်းဘေးက ခွေးတွေ မြင်ဖူးမှာပေါ့။ အသားလွတ် မာန်မဲနေတာ ယူမလား။ လူသိပ်ကြောက်တာ ယူမလား။ အုပ်စုလိုက် အနိုင်ကျင့်တာ ယူမလား။

    တကယ်တော့ မြန်မာခွေးတွေက intelligence မနိမ့်ဘူး ဆရာ။ ဒါပေမယ့် အိမ်မွေးခွေး domestic intelligent breed ဖြစ်အောင်ကျတော့… သူတို့ မျိုးရိုးစဉ်ဆက် genetics တွေအရ မရဘူး။ အသိဉာဏ်အရာမှာ နိုင်ငံခြားခွေးမျိုးတွေထက် မနိမ့်ပေမယ့် ခွေးယဉ်ကျေးတွေ မဟုတ်နိုင်ကြသေးဘူး ဆရာ။ အိမ်မှာ ခေါ်မွေးလည်း သူတို့ရဲ့ ဗီဇကိုက ပါလာတာပဲ။ tame မဖြစ်သေးဘူးပေါ့။ အဲဒီ့ ဗီဇတွေ ပျောက်ဖို့အတွက်က နောက်ထပ် 15 generation လောက် လိုပါတယ်။

    လူငယ်တွေလည်း အဲဒီ့သဘောပဲ ထင်တာပဲ။ civilization အတွက် ပြုစုပျိုးထောင်ဖို့ လိုသေးတယ် ထင်တယ် ဆရာ။ လူတွေဟာ civilized ဖြစ်လာရင်တော့ လူလူချင်း ယဉ်ကျေးလာကြမှာပါ။ အဲဒီ့အတွက်တော့ မျိုးဆက် ဘယ်နှဆက်လိုမယ်ဆိုတာ မသိပါဘူး။

    • lettwebaw permalink
      23 November 2009 11:46 pm

      အင်း… ဆွေးနွေးချက်က နည်းနည်းလေး ပြင်းတယ်။ ဒါပေမယ့် စဉ်းစားစရာတော့ သိပ်ကောင်းပါတယ်။

      ဘာ သွား သတိရသလဲဆိုတော့ Kishore Mahbubani ရဲ့ “အာရှသားတွေ စဉ်းစားတတ်ကဲ့လား” ဆိုတဲ့ စာပဲ။ ဂဏန်းသင်္ချာ၊ ဒိုင်းနမိုက်၊ ခဲတံ၊ စက္ကူ စတာတွေကို တီထွင်နိုင်ခဲ့တဲ့ အာရှသားတွေဟာ အနောက်ကမ္ဘာရဲ့ နောက်မှာ ဘာကြောင့် ကျန်ခဲ့တာလဲ။ အာရှသားတွေ ဦးနှောက်ရှိရဲ့လားလို့ သူက မေးခွန်းထုတ်ထားတာ။ ကျွန်တော် ဘာသာပြန်ထားတာ ရှိပါတယ်။ တမင်ပဲ ဖတ်လို့ လွယ်လွယ်နဲ့ နားမလည်အောင် ဘာသာပြန်ခဲ့တာပါ။ အဲဒါလေးကို အချိန်ရရင် ပြန်ချောပြီး ပြန်တင်ပေးပါဦးမယ်။

      နောက်တစ်ချက်က nature (ဗီဇ)နဲ့ nurture (ပတ်ဝန်းကျင်) ပြဿနာ။ စိတ်ပညာရှင်တွေတောင် တုတ်ထမ်း ငြင်းနေရဆဲ ပြဿနာပါပဲ။ Genetics က nature ပေါ့။ Upbringing က nurture. ကျွန်တော်က ကောင်းမြတ်တဲ့ ပတ်ဝန်းကျင်လေးတစ်ရပ်ကို ငတ်မွတ်တဲ့စိတ်နဲ့ အဲဒီ့စာကို ရေးဖြစ်တာပါ။ အဲဒီ့ပတ်ဝန်းကျင်အတွက် ဟိုလူ သည်လူကို လက်ညှိုးမထိုးတော့ဘဲ လူတိုင်းက ကိုယ့်တာဝန် ကိုယ်ယူပြီး ကိုယ့်အကျင့် ကိုယ်ပြင်သွားနိုင်မယ် ဆိုရင်တော့ သိပ်ကောင်းမှာပဲ ဆိုတဲ့ မရဲတရဲ အတွေးလေးနဲ့ပေါ့။

      အဲဒီ့ထဲမှာ ရေးထားတဲ့အတိုင်း ဖတ်သူများဘက်က တွေးဖြစ်သွားရင်ပဲ ကျေနပ်လှပါပြီ။

      ဘယ်လိုပဲဖြစ်ဖြစ်၊ သည်လို ဆွေးနွေးသွားတဲ့ အမည်မဖော်လိုသူကို ကျေးဇူးတင်ပါတယ်။

  2. မိုးသူ permalink
    24 November 2009 3:55 am

    ဆရာတော့ ဝေဖန်လေကန်ရေး ဘလောဂ့်တွေကို ရောက်ဖြစ်ခဲ့ပြီနဲ့  တူပါတယ်။ ဆရာ့ရဲ့ ကူမှတ်တမ်းပိုစ့်နဲ့  ပတ်သတ်ပြီး ရေးထားတဲ့ ဘလော့ဂ်တောင် ရှိနေပါသေးတယ်။ အဲလိုဝေဖန်ရေးပဲ အဓိကထားလုပ်တဲ့ ဘလောဂ့်တွေဟာ ဘယ်သူကမှလဲ မခန့် အပ်ထားရပါပဲ၊ စတေးတပ်စ် တွေမှာ ရေးထားလိုက်ရင်ဖြင့် မြန်မာဘလောဂ့်(ဂါ)များ ဘာဖြစ်စေရေး၊ ညာဖြစ်စေရေး အစရှိသဖြင့် ကြွေးကြော်ထားတတ်ကြတယ်။ ဒါက တစ်ပိုင်းပေါ့လေ။

    ညီညွတ်ရေးပိုင်းကျပြန်တော့ လူအယောက် တစ်ရာ ရှိရင် ၉၅ ယောက်လောက်က ဆရာကြီးတွေ ဖြစ်နေကြတော့လည်း…။

  3. 24 November 2009 12:48 pm

    မှန်ပါတယ် ဆရာ ။ ကျနော်လည်း အဲလိုပဲ ခံစားရပါတယ်။ မညီညွတ်ကြတောင်မှ ကောင်းသော ရန်ဖြစ်ခြင်းမျိုးနဲ့ ရန်ဖြစ်ရတာကို ကျနော် ကြိုက်ပါတယ်။ အားလည်း ပေးပါတယ်။ အခု မြင်နေရသမျှကတော့ ဆရာ ပြောခဲ့သလို “ငါနဲ့ မတူ၊ ငါ့ရန်သူ” ဆိုတာတွေပဲ များနေတာ တွေ့ရပါတယ်။ နိုင်ငံရေးအမြင်က စလို့ ဘောလုံးပွဲ အဆုံးပေါ့ ဆရာ။ တစ်ခါ တစ်ခါ ကျနော်တို့ သူငယ်ချင်းတစ်စု အဲဒီ့ ရန်ဖြစ်တဲ့ comment တွေ ထိုင်ဖတ်ပြီး ရယ်နေရပါတယ်။

    ဆရာ ပြောသလို “အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ…”လို့ပဲ ပြောရမှာပေါ့ ဆရာ။

    လေးစားလျက်
    ဇေယျာဝေဖြိုး

  4. Ko Myint Myat permalink
    24 November 2009 3:08 pm

    မြန်မာတွေ ဒီလိုဖြစ်နေတာ ဗီဇညံ့လို့လား? ပတ်ဝန်ကျင်ညံ့လို့လားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ပတ်ဝန်းကျင်က ပိုညံ့နေတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့တွေ ပြုစုပျိုးထောင်ဖို့လိုတယ်။ ဒါပေမယ့် ပြုစုပျိုးထောင်ချင်တဲ့လူက အနည်းစုဖြစ်ပြီး။ ပတ်ဝန်းကျင် ခပ်ညံ့ညံ့ထဲမှာ ငါ ရောက်နေတာပါလား? ငါ့လုပ်ရပ်က ခပ်ညံ့ညံ့လုပ်ရပ်ပါလားဆိုတာကို မသိတဲ့လူက လူအများစုဖြစ်နေတယ်။ မသိရုံတင်မဟုတ်ဘူး ခပ်ညံ့ညံ့ အလေ့အထတွေကို ဖန်တီးမှုတွေက တစ်နေ့ထက်တစ်နေ့ပိုပိုများလာသလို…. အဲ့ဒီခပ်ညံ့ညံ့တွေကိုပဲ အတုယူတဲ့သူတွေက အတုယူနေလေရဲ့။

    ဘယ်လိုကနေ ပြင်ရင်ကောင်းမလဲစဉ်းစားကြည့်တဲ့အခါ…… ဟုတ်ကဲ့….. နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုတွေကနေစပြီးပြင်မှကိုဖြစ်မယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ လူတော် လူတတ်တွေ ဘေးရောက် စိတ်ပျက်နေတာက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရပ်ကွက်တစ်ခုမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးဆိုတဲ့သူတွေ လူတွေလေးစားတဲ့သူတွေဖြစ်နေပါရဲ့လား? ကျွန်တော်နေခဲ့တဲ့ ရပ်ကွက်နှစ်ခုက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကတော့ လူတွေလေးစားတဲ့သူတွေမဟုတ်ပဲ လူတွေနှာခေါင်းရှုံးတဲ့သူတွေဖြစ်ပါတယ်။

    ပြင်ရမယ့်နောက်တစ်ခုက တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးပဲဖြစ်ပါတယ်။ သိရဲ့သားနဲ့ မပြင်နိုင်ကြတာပါ။ တကယ်ကိုပြင်သင့်တဲ့ အရာပါ။ သို့ပေမယ့် ဆိုင်းဘုတ်ကြီးထောင်ထားရုံအပြင် လက်တွေ့မှာ မပြင်နိုင်သေးပါဘူး။

    ပညာရည်မမြင့်မားတော့ ပညာရှိဆန်ဆန် ရန်မဖြစ်တတ်ဘူး။ ရိုင်းရိုင်းစိုင်းစိုင်းပဲ ပြောတတ်တော့တယ်။

    သြော်…. ဒါနဲ့ ကျွန်တော်ရေးတဲ့မှတ်ချက်အပေါ်မှာရော ဆရာ့သဘောထား ဘယ်လိုရှိလဲဆိုတာလေး ပြန်ပြောပြပါဦးခင်ဗျာ။ သဘောကျရင် ကျတယ်။ မကျရင် မကျဘူး။ စဉ်းစားရဦးမယ်ဆိုရင် စဉ်းစားရဦးမယ်ဆိုတဲ့အကြောင်းပေါ့။ ကျွန်တော်လည်း ကျွန်တော်ရေးတဲ့မှတ်ချက်အပေါ် ဆရာ့သဘောထားလေး သိချင်လို့ပါခင်ဗျာ။

    လေးစားလျှက်
    ကိုမြင့်မြတ်

    • lettwebaw permalink
      24 November 2009 3:56 pm

      ဆရာကိုမြင့်မြတ်က ကျွန်တော့်သဘောထား သိချင်တယ်ဆိုလို့ ပြန်ကြားပေးလိုက်ပါတယ်။

      ပတ်ဝန်းကျင်က အဓိကဆိုတာကို လေးလေးနက်နက် သက်ဝင်ယုံကြည်လို့ပဲ သည်စာကို ရေးဖြစ်ခဲ့တာပါ။ သို့သော် ကျွန်တော်ကတော့ ဘာကိုမှ၊ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးချင်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အရင်လက်ညှိုးထိုးချင်ပါတယ်။ ပျဉ်းမနား မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက ကလည်း မိန့်ကြားဖူးတယ်။ “သူတစ်ပါးကို ပြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ပြင်”တဲ့။ အဲတော့ သူတစ်ပါးကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ ခေတ်တွေ စနစ်တွေဆိုတာက ဆင်ခြေကန်ဖို့၊ အပြစ်ပုံချဖို့ အလွယ်ကူဆုံးပါ။ အဲဒီ့ ခေတ်တွေ စနစ်တွေထဲမှာ နေနေတဲ့ လူအများစုရဲ့ စိတ်ဓာတ်/သဘောထားကသာ အခရာလို့ ကျွန်တော်က လေးလေးနက်နက် ယုံကြည်ပါတယ်။ “ပုခက်လွှဲတဲ့လက်က ကမ္ဘာကို ပိုင်စိုးနိုင်တယ်”ဆိုတဲ့စကားက အလကား စကားမဟုတ်ပါဘူး။ တစ်ဦးချင်းစီရဲ့ သဘောထားသာ မှန်လာမယ်ဆိုရင် ခေတ်စနစ်က အပရိက ဖြစ်သွားပါလိမ့်မယ်။ ဒါ ကျွန်တော့် သဘောထားပါ။ ဆရာကိုမြင့်မြတ်လည်း စဉ်းစားကြည့်ပါဦး။ “ဘယ်သူ့ဘယ်သူကိုမှ လက်ညှိုးမထိုးကြေး”ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားဖို့ ပြောတာပါ။

      • Anonymous permalink
        24 November 2009 4:35 pm

        ဘယ်သူဘယ်ဝါကြောင့် လက်ညှိုးထိုးတာနဲ့ ပြဿနာရဲ့ ဇစ်မြစ်မူလ ပျောက်သွားမှာ မဟုတ်သလို၊ ပြဿနာရဲ့ဇစ်မြစ်ကို မရှာဘဲနဲ့လည်း အကျိုးဆက်တွေကို ကုလို့ မရဘူးဆိုတာတော့ မေ့ထားလို့ မရဘူးလေ ဆရာ။ cause and affect ကို ပြောချင်တာပါ။ cause ကိုသိမှ affect ကို ကုလို့ ရမှာ။

        တစ်ဦးချင်းစီရဲ့ သဘောထားမှန်လာဖို့ ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် မှန်အောင် ဘယ်သူ လုပ်ပေးမလဲ။ သင်ဆရာ လိုတယ် မဟုတ်ဘူးလား ဆရာ။ ဆရာ ပြောသလို ဆရာကတော့ ကိုယ့်ကိုယ်ကိုယ် အရင်ပြင်မယ်… ဆရာ့ကိုယ်ဆရာ ပြင်ပြီးရင် ဆရာ့ စာဖတ်တဲ့သူတွေက (ဆရာ့ follower )တွေက ပြင်ကောင်း ပြင်လာနိုင်တယ်။ ပြင်ချင်မှလည်း ပြင်မယ်။ ဒါပေမယ့် ဆရာ့စာကို ဖတ်မိတဲ့သူနဲ့ မဖတ်မိတဲ့သူက ဥသျှစ်တစ်တင်း နှမ်းတစ်တင်းတင်မကဘူး လက်သည်းခွံပေါ်က မြေမှုံ့နဲ့ ကမ္ဘာပထ၀ီ မြေကြီးလောက်တောင် ရှိချင်ရှိမယ်။ ဆိုတော့ ပြောချင်တာ… မိမိကိုယ်ကိုပဲ လက်ညှိုးထိုးချင်တယ်လို့ ဆိုပြီးတော့ ဆရာ နှာချည်းပဲစေးနေလို့တော့ မရဘူးထင်တယ်။ ထိုးချင်သပ ဆိုလည်း ဒီ cause and affect မှာ ဆရာက ဘယ် cause ကနေ ပါလို့ ဘာကိုများ လက်ညှိုးထိုးချင်တယ်ဆိုတာ ပြောပြစေချင်ပါတယ်။

        ပညာရေးကလည်း လူ့ယဉ်ကျေးမှု တည်ထောင်တဲ့နေရာမှ အဓိက နေရာက ပါဝင်ပါတယ်။ ပညာရည် မမြင့်မားလို့ မယဉ်ကျေးဘူးဆိုတဲ့ ကိုမြင့်မြတ် အဆိုကိုလည်း ထောက်ခံပါတယ်။ ပညာရေးဟာ ဗီဇကို မသင်ပေးပေမယ့် etiquette (လောကနီတိပြောမလား) အဲဒါတွေတော့ အထိုက်အလျောက် သိလာစေတယ်ဆရာ။ ဒါပေမယ့် သင်တဲ့သူက ပြဌာန်းစာအုပ်ကိုပဲ သင်တတ်ကြတဲ့ ပညာရေးမှာ၊ ကျောင်းသားတွေက ပြဌာန်း စာအုပ်ကိုတောင် အကျေမကျက်နိုင်တော့ပဲ စပေါ့ရိုက်တဲ့၊ M.Sc တွေ၊ Ph. D တွေတောင် ကျူရှင် တက်ရတဲ့ ခေတ်ကြီးမှာ… ဒီလို တစ်ချို့တစ်ချို့ လောကယဉ်ကျေးမှုတွေ အထိုက်အလျောက် သိလာစေတယ်ဆိုတဲ့ အဆိုကျပြန်တော့ ကိုယ့်ဟာကိုယ်တောင် ခေါင်းကုတ်ပြီး ဟုတ်မှ ဟုတ်ပါ့မလားလို့ စဉ်းစားလိုက်ရပြန်ပြီ။ အခြေခံပညာရေးမှာတောင်မှ ကိုယ့်ဆီမှာမှ ကျူရှင် မတက်ရင် အမှတ်လျှော့ချင်တဲ့ ပညာရေးဝန်ထမ်းတွေ ရှိခဲ့ပြီကိုး။

        ဘယ်က စပြင်မလဲဆရာ… မူလတန်း ကျောင်းသားလေးတွေက စပြင်ရမလား။ သူတို့ကို သင်ရမယ့် အာစရိယတွေက စပြင်ရမလား။ ဒီနေ့ အိမ်ပြန်လမ်းတစ်လျှောက် စဉ်းစားလိုက်ပါဦးမယ်။ တစ်ဆက်တည်းမှာပဲ အောက်က ငယ်ငယ်တုံးက သံပြိုင် ရွတ်ရတဲ့ စာလေးကိုလည်း သတိရရဲ့…

        မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်
        မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်
        မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်
        မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။

        တစ်ချို့၊ တစ်ချို့တွေကတော့ ပထမအဆင့်က မတက်နိုင်သေးဘူး။ တက်နိုင်တဲ့သူတွေကလည်း မိမိကိုယ်ကို ကောင်းအောင် ကြိုးစားတဲ့ အဆင့်ကပဲ မတက်တော့ဘူး။ တစ်ချို့ကျတော့လည်း စိတ်တော့ရှိပါရဲ့… တစ်ဝမ်းတစ်ခါးဖူလုံဖို့အတွက် မိမိကိုယ်ကိုပဲကောင်းအောင် ကြိုးစားဆဲ…။

  5. lettwebaw permalink
    24 November 2009 5:43 pm

    အမှတ်တမဲ့ဆိုရင်တော့ အမည်မဖော်လိုသူ ပြောတာက ဟုတ်သလိုပဲလေ။ သို့ပေမယ့် ဆရာကိုမြင့်မြတ်ကို ပြန်ကြားတဲ့စာထဲက “ပုခက်လွှဲတဲ့လက်”ကို ထည့်တွက်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြင်ဖို့က ပဓာန အကျဆုံးဆိုတာ လက်ခံနိုင်ပါလိမ့်မယ်။ လက်ညှိုးထိုးတာ (၀ါ) သူတစ်ပါးကို အပြစ်ပုံချရတာ လွယ်ပါတယ်။ တာဝန်ယူစရာမှ မလိုတာကိုး။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ကျတော့ အဲသလောက် မလွယ်တော့ဘူး။ တာဝန်ယူရတော့မယ်လေ။

    ကျွန်တော် လက်ညှိုးမထိုးချင်တာဟာ နှာစေးနေတာ မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ကိုက ပိုခက်တဲ့ အလုပ်ကို လုပ်ချင်နေလို့သာ ဖြစ်ပါလိမ့်မယ်။ ဘယ်က စပြင်မလဲ ဆိုရင် ကိုယ့်ကိုယ်ကိုယ်လို့ပဲ ကျွန်တော်ကတော့ တစ်သမတ်တည်း ပြောမိမှာပဲ။ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်ဆိုတာကို အဓိပ္ပာယ် နှစ်ခွနဲ့ မပြောဘဲ မိမိ၏ သဘောထားကို မှန်ကန်အောင် ကြိုးစားမည်ဆိုတဲ့အနက်နဲ့ အားထုတ်သွားစေချင်ပါတယ်။

    နောက်တစ်ချက်… အရေးကြီးဆုံးအချက်၊ ဘယ်လူ့ဘောင်ရဲ့ သမိုင်းကိုပဲဖြစ်ဖြစ် ပြန်ကြည့်မယ်ဆိုရင် အဲဒီ့လူ့ဘောင်တစ်ရပ် ပြောင်းလဲဖို့အတွက် အဲဒီ့လူ့ဘောင် အတွင်း မှီတင်းနေထိုင်ကြသူ လူဦးရေစုစုပေါင်းရဲ့ ၁ (တစ်) ရာခိုင်နှုန်းမှာ ခံယူထားတဲ့ သဘောထားလောက် ပြောင်းဖို့လေးပဲ လိုတာကို တွေ့ရပါလိမ့်မယ်။ ရာနှုန်းပြည့် ဝေးစွ၊ ဆယ်ရာခိုင်နှုန်းတောင် မလိုပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရေးကို ကျွန်တော်က ပိုယုံကြည်နေမိတာပါခင်ဗျား။

  6. Anonymous permalink
    24 November 2009 6:57 pm

    လက်ညှိုးထိုးတာမဟုတ်ဘူးလေဆရာ။ ဆရာနားလည်မှုလွဲနေတယ်ထင်လို့ပါ။ ပြောချင်တာက ဇာစ်မြစ်ကို ဆွဲထုတ်လို့ရရင်၊ ဇာစ်မြစ်ကို ရှာနိုင်ရင် roots ကိုရှာနိုင်ရင်၊ (ပြင်ဖို့လည်းကြိုးစားကြမယ်ဆိုရင်၊ ပြင်လည်းပြင်နိုင်ကြမယ်ဆိုရင်) တဖြည်းဖြည်းနဲ့ အနာဂါတ်မှာပြောင်းလဲလာနိုင်တာကိုပြောတာပါ။ အမြစ်ကတော့ က တစ်ဦးတစ်ယောက်တည်းက ဖြစ်တာတော့ မဖြစ်နိုင်ဘူးဆရာ။

    ဆရာ့အနေနဲ့ကတော့ ဟုတ်ပါတယ်။ ဆရာ လွှမ်းမိုးနိုင်တဲ့အတိုင်းအတာအထိ ဆရာ့ စာဖတ်ပရိတ်သတ်တွေ အတွေးအခေါ်မှန်လာဖို့ အထောက်အကူပြုနိုင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တာမို့ ဆရာကိုယ်တိုင်က အတွေးအခေါ်မှန်ရမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကျန်တဲ့ သူတွေ .. မှန်လာဖို့ … ဘယ်လိုလုပ်နိုင်ရင်ရမလဲလို့ ဆွေးနွေးချင်တာပါ။
်ကိုယ့်ကိုကိုယ် မှန်အောင် နေမယ်၊ မနေတတ်တဲ့သူတွေကိုလည်း နေတတ်အောင် လမ်းပြဖို့လိုမယ်လို့ ပြောချင်တာပါ။ အမှောင်ထဲမှာနေနေတဲံ (နေရတဲ့) သူတွေကို “ဒီမှာဗျ .. ဒါက အလင်း အမှောင်ထက် ပိုကောင်းတယ် .. မှန်မှန်ကန်ကန် ပိုမြင်နိုင်တယ်” ဆိုတာမျိုး ပြောနိုင်တဲ့ သူ၊ အရာ၊ ပတ်ဝန်းကျင်၊ အခြေအနေတစ်ရပ် လိုအပ်တယ်လို့ ပြောချင်တာပါ။

    အဲ့လိုလုပ်နိုင်ဖို့လည်း လူဦးရေစုစုပေါင်း ၁ ရာခိုင်နှုန်းလောက်ပဲ လိုတယ်ဆိုတာမှန်ပါတယ်။ အဲဒီ့ ၁ ရာခိုင်နှုန်းမတ်သွားရင် ကျန်တဲ့သူတွေလိုက်မတ်သွားမယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီ့ ၁ ရာခိုင် နှုန်းသည် ကျန်သော ၉၉ ရာခိုင်နှုန်းရှိသော လူထုကို လွှမ်းမိုးနိုင်တဲ့ သြဇာရှိရမယ်ဆရာ။ (ကိုယ်ပိုင်အတွေးဆိုတော့ အမှားပါနိုင်ပါတယ်) နိုင်ငံတစ်ခုရဲ့ လူထုကို လွှမ်းမိုးနိုင်တာ (သို့) သြဇာရှိတဲ့သူတွေဆိုတာ … စာရေးဆရာတွေပါမယ်ဆရာရယ်၊ ရုပ်ရှင်မင်းသားမင်းသမီးတွေပါမယ်၊ နိုင်ငံတစ်ခုကို အုပ်ချုပ်တဲ့ (မင်း) ဒါမှမဟုတ် အစိုးရကလည်းပါတယ။် နောက်ပြီး အနာဂတ်ရဲ့ ကြယ်ပွင့်တွေကို မွေးထုတ်ပေးတဲ့ ဆရာ၊ဆရာမတွေပါမယ် (မှားရင်ပြင်နိုင်ပါတယ်)။ လူထုကို လွှမ်းမိုးနိုင်တဲ့သူမှားရင် (ဥပမာ- စာရေးဆရာတစ်ယောက် အမှားတစ်ခုကိုရေးမိရင်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် အတုမယူသင့်တာတစ်ခုကို ဖန်သားပြင်ပေါ်မှာ ပြမိရင်) အဆိပ်သင့်တဲ့ အကျိုးဆက်တွေ ရှိတတ်ပါတယ်။ အကုန်လုံးလိုက်မှားကြတယ်လို့ မဆိုလိုပါဘူး။ နောက်တစ်ခုက ဆရာ၊ ဆရာမတွေ …. ၀လုံးရေ၀ကတည်းက သင်ရတဲ့ဆရာဆရာမတွေရဲ့ role ကလည်း တော်တော်လေး အရေးပါ အရာရောက်ပါတယ်။ လူငယ်ဘ၀ရဲ့ တစ်ဝက်လောက်က ဆရာ၊ ဆရာမတွေနဲ့ပဲ ထိတွေ့ခဲ့ရတာမဟုတ်လား။ ကြားဖူးတာ၊ ဖတ်ဖူးတာက ရှေးခေတ်တုန်းက မိုးခေါင်ရှေရှားရင် တစ်နိုင်ငံလုံး ဘုရင်ကအစ ၈ပါးသီလ ဥပုသ်စောင့်ပြီး၊ ကျန်တဲ့တိုင်းသူပြည်သားပါ သီလလုံအောင်စောင့်ထိန်းဖို့ အမိန့်ထုတ် မောင်းခတ်ကြေငြာတာမျိုးတွေ စာထဲမှာဖတ်ဘူးပါတယ်။ ဒါကတော့ အမိန့်နဲ့ ပြည်သူလူထု ကိုယ်ကျင့်သီလကို မတ်လိုက်တာပေါ့။

    ကိုယ်ကိုကိုယ်လည်းပြင်ကြမယ်။ အလင်းကို အလင်းမှန်းသိပြီး၊ အမှောင်ကို အမှောင်မှန်းသိလို့ အလင်းထဲကို ခေါ်သွားနိုင်မယ့် ၁ ရာခိုင်နှုန်းစာ လူစု လည်းရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ ဆရာရယ်။

    • စိုးမင်းရှိန် permalink
      30 March 2012 4:01 pm

      လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကကွန်မန့်အပေါ်မှာ ဒီနေ့ဒီအချိန်မှဖတ်ဖြစ်ပြီးဝင်ရေးဖြစ်တာပါ။ အမည်မသိသူရဲ့ကွန်မန့်လေးကိုသဘောကျမိပါတယ်။ ကျွန်တော့်အယူအဆကလည်း ကိုယ့်ကိုလ့ည်းအရင် ပြင်ရမယ်၊ သူတစ်ပါးကိုလည်း တတ်နိုင်သရွေ့တည့်မတ်ပေးသင့်တယ်လို့ထင်ပါတယ်။ ဘလောဂ့်စီစဉ်သူဆရာနဲ့ အမည်မသိသူတို့ သဘောထားမှန်မှန်နဲ့ရန်ဖြစ်တာကိုလည်း လေးစားအားပေးလျက်ပါ။

  7. Ko Myint Myat permalink
    24 November 2009 9:01 pm

    ကျွန်တော့်ရဲ့မှတ်ချက်အပေါ် ဆရာ့ရဲ့သဘောထားကို ပြန်ကြားခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်ဆရာ။

    သို့ပေမယ့် ဆရာ့ရဲ့သဘောထားက ဝေေ၀၀ါးဝါးဖြစ်နေတယ် ကျွန်တော်မြင်ပါတယ်။ ဘာကြောင့် ဝေေ၀၀ါးဝါးဖြစ်တယ်ဆိုတာကိုပြောဖို့အတွက် စဉ်းစားရတာ ကြာနေတာကြောင့် လိုရင်းကို မရောက်နိုင်တာကြောင့် ကျွန်တော်မပြောလိုတော့ပါဘူး။ ကျွန်တော်ဆက်ပြောချင်တာက ကျွန်တော် လက်ညှိုးထိုးပြီး အပြစ်ပြောနေတာမဟုတ်ပါဘူး။ အကြံပြုခြင်းသက်သက်ပါ။ သို့ပေမယ့် အဓိပ္ပါယ်က နှစ်မျိုးနှစ်ခွဖြစ်နေပါတယ်။

    ဟုတ်ကဲ့…. ဆရာပြောသလို ကိုယ့်ကိုယ်ပဲ အရင်လက်ညှိုးထိုးသင့်တယ်ဆိုတာကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက ကျွန်တော်သိခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ ကျွန်တော့်မှာ အလိုမကျမှုတွေဖြစ်ခဲ့ရပါတယ်။ အဲ့ဒီအလိုမကျမှုတွေကို အဖြေလိုက်ရှာရင်းနဲ့တွေ့ခဲ့တာပါ။ လက်ညှိုးထိုးတတ်တဲ့ အပြစ်ပြောတတ်တဲ့သဘာဝက ကျွန်တော့်မှာ တော်တော်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပြစ်ကင်းအောင်နေပါတယ်။ ထိန်းနိုင်သလောက်တော်တော်ထိန်းပါတယ်။ ကျွန်တော့်ရဲ့ သဘောထားသိရအောင် ပြောပြရရင် ကျွန်တော်အရက်မသောက်ပါဘူး။ အရက်မသောက်ဘူးဆိုလို့ ဘီယာသောက်လားလို့မမေးပါနဲ့ ဘီယာလည်းမသောက်ပါဘူး။ ဆေးလိပ်မသောက်ပါဘူး။ ဖဲမရိုက်ပါဘူး။ မိန်းကလေးတော့ စိတ်ဝင်စားပါတယ်။ သို့ပေမယ့် မိန်းမ မရှုပ်ပါဘူး။ မတရားမလုပ်ဘူး။ တိတိကျကျ မှန်မှန်ကန်ကန်လုပ်ရတာကို သဘောကျပါတယ်။ သူ့ဆီကလည်း အသာမလိုချင်သလို ကိုယ့်ဆီကလည်း တိတိကျကျပဲပေးချင်ပါတယ်။ (အခုနောက်ပိုင်း ပိုပိုသာသာပေးနိုင်အောင်လို့တော့ ပြင်နေပါတယ်)

    ပြောချင်တာက ကိုယ်ကိုယ်တိုင်လည်း မှန်အောင်နေတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း မှန်စေချင်တယ်။ ဒါကျွန်တော့်ရဲ့သဘောထားပါ။ လူတွေကို အကဲခတ်ရတာကို ၀ါသနာပါတယ်။ ဟိုးငယ်ငယ်လေးကတည်းက အကဲခတ်၊ တွေးတောခဲ့တာ အခုထိပါပဲ။ ကျွန်တော်စာဖတ်နည်းပါတယ်။ သို့ပေမယ့် ဖတ်ဖြစ်ခဲ့ရင် အပျော်ဖတ်စာအုပ်တွေမဖတ်ပါဘူး။ ဦးအေးမောင်ရဲ့ ဗီဇနဲ့ပတ်ဝန်းကျင်၊ ဆရာတော် ဦးဇောတိကရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရန် သတိဖြင့်နေထိုင်ခြင်း၊ ဘ၀ဆိုတဲ့ကျောင်း၊ အရှုပ်ထဲမှာ ရှင်းအောင်နေ၊ ဦးဆန်းလွင်ရဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း…. မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ထေရုပ္ပတ္တိ နှင့် တရားစာအုပ်များ ထိုကဲ့သို့သော စာအုပ်မျိုးတွေကိုပဲဖတ်ပါတယ်။ နောက်ဖတ်ဖြစ်တာ လောကနီတိ အဲ့ဒါကို ၁၀ တန်းပြီးတဲ့နောက်မှာ ဖတ်ပြီး….. ခဏခဏတွေးဖြစ်ခဲ့တယ်။ ကျွန်တော်ဖတ်တဲ့စာအုပ်တွေက လက်ချိုးရေတွက်လို့ရပါတယ်။ ကျွန်တော်ပြောချင်တာက ကျွန်တော် ဒီစာအုပ်တွေဖတ်တယ်။ ကျွန်တော်မှန်အောင်နေတယ်ဆိုတာကိုပါ။ ကျွန်တော် ဒေါသဖြစ်လို့ပြောဆိုနေခြင်းမဟုတ်ပါ။ ကျွန်တော့်ရဲ့သုံးသပ်ချက်သည် အပေါ်ယံမဟုတ်ဘူးဆိုတာကို ပြောပြချင်တာပါ။ ဘာကြောင့်ပြောပြချင်တာလဲ? ဆရာသည် စာရေးဆရာတစ်ယောက်ဖြစ်တဲ့အတွက် ဆရာကို ပြောပြလိုက်ခြင်းအားဖြင့် ကျွန်တော့်ရဲ့သုံးသပ်ချက်ကို ဆရာယုံကြည်သွားခြင်းအားဖြင့် တစ်စုံတစ်ခု ဖြစ်လာနိုင်ကောင်းရဲ့လို့ မျှော်လင့်ချက်ကြောင့်ပါ။

    ကိုယ့်ကိုယ်ကို လက်ညှိုးထိုးတော့ ဘာသွားတွေ့လဲဆို ငါကောင်းအောင်နေသင့်တယ်။ အကောင်းဆုံး နေထိုင်နည်းကဘာလဲ? ရုပ်နာမ်ချုပ်ငြိမ်းဖို့အတွက် ကျင့်ဖို့လိုတယ်။ အဲ့ဒီတော့ ဟိုလူမကောင်းဘူး….. ဟိုဟာပြင်ပါဦး…. ဒီလူမကောင်းဘူး ဒီဟာပြင်ပါဦးဆိုတဲ့အမှုကိစ္စတွေက တကယ်တမ်းကျတော့ ကိုယ့်ထက်အရေးမကြီးပါဘူး။ ကိုယ်တောင် သံသရာထဲက လွတ်ထွက်ဖို့ မပြင်ဆင်နိုင်ပဲ ယက်ကန်ယက်ကန်နဲ့နေနေရတဲ့ဘ၀ထဲမှာပါ။

    “ပုခက်လွှဲတဲ့လက်က ကမ္ဘာကို ပိုင်စိုးနိုင်တယ်”ဆိုတဲ့စကားက အလကား စကားမဟုတ်ပါဘူးဆိုတာမှန်ပါတယ်။ သို့ပေမယ့် အဲ့ဒီပုခက်လွဲတဲ့လက်တွေက ဗဟုသုတမပြည့်ဝကျလို့ ဒီလိုဖြစ်နေရတာလို့ ကျွန်တော်ကတော့မြင်ပါတယ်။

    နောက်ဆုံးပိတ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ ဆရာနဲ့ ကျွန်တော် အချို့နေရာ တော်တော်များများမှာ တူပါတယ်။ သို့ပေမယ့် အချို့နေရာတွေက အတွေးအခေါ်တွေမှာ ဆရာက ပေကပ်ကပ်နိုင်တယ်။ အမြင်ကျဉ်းတယ်လို့ ကျွန်တော်မြင်မိပါတယ်။ (အပြောအဆို ရိုင်းပျသလိုဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်) ပြောချင်လို့ပြောတာဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့စကားလုံးကိုတော့ ကျွန်တော်မသုံးချင်ပါဘူး။ သို့ပေမယ့်လည်း ငရဲကတော့နေမှာမဟုတ်ဘူးဆိုလာရင်တော့လည်း ဟုတ်ကဲ့…. ပြောပြီးသွားပြီ။ ပြောမယ်လို့လည်း ဆုံးဖြတ်ပြီးသွားမို့လို့ မတတ်နိုင်တော့ပါခင်ဗျာ။

    နောက်တစ်ခု ထပ်ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ အရေးအသားဟာ တောင်ရောင်မြောက်ရောင်ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ပြောချင်တာတွေကို ပြောချလိုက်သလို….. မရေးခင်မှာလည်း စဉ်းစားပါတယ်။ ရေးပြီးတော့လည်း ပြန်ဖတ်ပြီးစဉ်းစားပါတယ်။ သို့ပေမယ့် မရင့်ကျက်တဲ့အရေးအသားဖြစ်ကောင်းနေနိုင်ပါတယ်လို့ တစ်ခါတည်း ၀န်ခံလိုက်ပါတယ်ခင်ဗျာ။

    ကျွန်တော်တင်ခဲ့တဲ့ အပေါ်က ပထမမှတ်ချက်မှာပါသလိုပဲ ကျွန်တော်ရေးတဲ့မှတ်ချက်အပေါ်မှာ ဆရာ့သဘောထားလေးကိုပြောပြပါဦးနော်….. ဘာတွေရေးထားမှန်းကိုမသိတော့ဘူး….. ရှုပ်နေတာပဲဆိုရင်လည်း ရှုပ်တစ်လုံးတည်းရေးပြီး ပြောနိုင်ပါတယ်ခင်ဗျာ။

    လေးစားလျှက်
    ကိုမြင့်မြတ်

    • lettwebaw permalink
      24 November 2009 10:01 pm

      ဆရာကိုမြင့်မြတ်နဲ့ ကျွန်တော်နဲ့ ဘာသာစကားချင်း လွဲနေတယ်ထင်တယ်။ ကျွန်တော်က မှန်ခြင်းတွေ၊ ကောင်းခြင်းတွေကို စိတ်မ၀င်စားပါဘူး။ ရုပ်နာမ်ချုပ်ငြိမ်းတာတွေ ဘာတွေလည်း ကျွန်တော် သိပ်မသိဘူး။ ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော် အများနည်းတူ အန္ဓပုထုဇဉ်လို့ပဲ ခံယူထားပါတယ်။

      ကျွန်တော် ပြောနေတာက “သဘောထား”ကိစ္စပါ။ သဘောထားပုံလေး မှန်သွားဖို့ ပြောနေတာပါ။ ကျွန်တော်က ကိုမြင့်မြတ်နဲ့ ဆန့်ကျင်ဖက်ပါ။ အရက်လည်း သောက်တယ်၊ ဘီယာလည်း သောက်တယ်၊ ဆေးလိပ်လည်း သောက်တယ်၊ ဖဲလည်း ကြုံတဲ့အခါ ရိုက်တယ်၊ မိန်းမမှုလည်း အခုမဟုတ်တော့ပေမယ့် တော်တော်လေး ပွေခဲ့ဖူးပါတယ်။ မှန်အောင်လည်း မနေခဲ့ဖူးသလို ကောင်းအောင်လည်း တစ်ခါမှ မနေခဲ့ဖူးဘူး။ အထက်က အမှတ်စဉ် ၅မှာ ကျွန်တော် ဖြေကြားခဲ့သလိုပဲ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်အစား မိမိ၏ သဘောထားကို မှန်အောင် ကြိုးစားမည် ဆိုတာကိုသာ ကျွန်တော် ပြောလိုတာပါ။

      “ပုခက်လွှဲတဲ့လက်”ကလည်း လက်တွေလို့ ပြောတာမဟုတ်ပါ။ ပုခက်လွှဲတဲ့ လက် တစ်စုံနဲ့တင် အများကြီး ပြောင်းနိုင်တာမို့ တစ်စုံဆိုရင်တောင် အတော်ကြီး လုံလောက်ပါလိမ့်မယ်။

      ကျွန်တော် ပေကပ်ကပ်နိုင်တယ်ဆိုလည်း နိုင်တယ်ပေါ့ဗျာ။ ၀န်ခံပြီးသားပါ၊ ကျွန်တော် အန္ဓပုထုဇဉ်ပါလို့။ တစ်ခုပဲ၊ ကျွန်တော်က အားလုံးကို ဖွင့်ထားပါတယ်။ ကျွန်တော့်စိတ်ကိုလည်း ဖွင့်ထားတယ်။ ဘယ်ဟာကိုမှ အသေ မမှတ်ဘူး။ ဆရာကိုမြင့်မြတ်ဆွေးနွေးတာက သိပ်သဘာဝကျနေရင်၊ သိပ်လက်ခံထိုက်နေရင် ကျွန်တော် လက်ခံကျင့်သုံးကြည့်ဖို့ ၀န်မလေးပါဘူး။ တစ်ခုတော့ ရှိတယ်နော်၊ ရုပ်နာမ်ချုပ်ငြိမ်းတာလိုမျိုး ဘာညာ လာပြောရင်တော့ လက်ခံထိုက်သည် မှန်သော်လည်း အန္ဓကျွန်တော်နဲ့ အင်မတန် အလှမ်းဝေးတာမို့ မကျင့်သုံးနိုင်တဲ့အတွက် လက်ခံသည့်တိုင် ကျင့်သုံးမှာတော့ မဟုတ်ဘူးပေါ့။

      ကျွန်တော့်စာထဲမှာ ရေးထားသလိုပဲ ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ဖို့ ဝေးစွ၊ ကျွန်တော်နဲ့ မတူတဲ့ အယူအဆ အတွေးအမြင်ကို ဘေးကို ဖယ်မပစ်ပါဘူး။ တစ် – ကြားနာပါတယ်၊ နှစ် – ဆင်ခြင်ပါတယ်၊ သုံး – ပိုင်းဖြတ်ပါတယ်။ အဲဒါကိုမှ ကျွန်တော်က ပေကပ်တယ်ဆိုရင်လည်း ကပ်သပေါ့ဗျာ။ ဆရာကိုမြင့်မြတ်ရဲ့ အမြင်ကို ကျွန်တော်က အဲလို မမြင်ပါနဲ့လို့ ပြောပိုင်ခွင့်မရှိပါဘူး။

      သည်လောက်ဆို ကျေနပ်မယ် ထင်ပါတယ်။

  8. Thin Thin permalink
    25 November 2009 7:01 am

    I feel that, the most important thing to remember when we go into this kind of open discussions – where viewpoints are very much dependent on individual’s perspectives – is to know when to stop or when to draw a line. Otherwise, we may also end up wasting time talking about different views which can never be reconciled.

    A lot of Burmese people have been lamenting over the lack of unity in Burmese communities. Instead of getting sucked into the endless talk over that topic, may I suggest that we just ask ourselves whether we have done anything within our means to contribute towards the occurrence of unity, apart from being the advocate for unity? If we have not done so, then it is about time that we do something. In the process of doing something, certain matters, which will not be of much significance to ponder upon or which are beyond our means or control, should be ignored.

    • စိုးမင်းရှိန် permalink
      30 March 2012 7:01 pm

      မသင်းသင်းရဲ့အင်္ဂလိပ်စာကျွမ်းကျင်မှုအပေါ်မှာလေးစားအားကျပါတယ်ဗျာ။ ဒါပေမဲ့ ဒီလိုကွန်မန့်ရေး တဲ့နေရာမှာ လူအများနားလည်လွယ်သောဘာသာစကားနဲ့ရေးပါက ပိုမိုသင့်လျော်မယ်လို့ထင်ပါကြောင်း အပြုသဘောနဲ့အကြံပြုလိုက်ပါရစေ။

      ကျွန်တော်ရဲ့ကွန်မန့်တွေကတော့ အမြဲတမ်းနောက်ကျနေတော့မှာပါ။

  9. Ko Myint Myat permalink
    25 November 2009 9:13 am

    ဆရာ့မှတ်ချက် ဖတ်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်ခင်ဗျာ။
    ရုံးရောက်ရောက်ခြင်းကို ဖွင့်ဖတ်ဖြစ်ပါတယ်။ မနေ့ကအိမ်အပြန်နဲ့ ဒီနေ့မနက် ရုံးအလာတွေမှာ ကျွန်တော့်ခေါင်းထဲမှာ ဒီ post နဲ့ပတ်သက်ပြီး အတွေးတွေပွားနေမိပါတယ်။

    ဆရာက အများကြီးပြောင်းလဲဖို့အတွက် ပုခက်လွှဲတဲ့လက်တစ်စုံကို မျှော်လင့်နေပုံပဲ။ ကျွန်တော်ထင်ထားတာက ၂၁ ရာစုမှာ မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ ၀င့်ဝင့်ကြွားကြွားဖြစ်ဖို့က လက်တစ်စုံက မွေးဖွားပေးလိုက်တဲ့ သူရဲကောင်း တစ်ယောက်တည်းနဲ့တော့ မဖြစ်နိုင်ဘူးလို့ထင်ထားတယ်ဗျ။ ကျွန်တော် ဒီနေရာအထိစာစီလို့အပြီးမှာ web page ရဲ့ အပေါ်ဘက်ကို ကြည့်မိလိုက်မှ မနေ့က မဖတ်လိုက်ရသေးတဲ့ Anonymous ရဲ့ comment ကို ဖတ်မိသွားတယ်။ သူ့ရဲ့သဘောထားတွေဟာ မှန်ကန်ပါတယ်။ ကျွန်တော်ပြောချင်တာတွေကို ခြုံငုံပြီးသူပြောနိုင်တယ်။ ကျွန်တော်ပြောချင်တဲ့စာတွေ ခေါင်းထဲ ဗလုံးဗထွေးနဲ့ရှိနေတယ်။ အဲ့ဒီဗလုံးဗထွေးကို ဆရာနားလည်အောင် ဘယ်လိုရေးချရမလဲဆိုတာ ကျွန်တော့်အတွက် တော်တော်ခေါင်းခြောက်တဲ့အလုပ်တစ်ခုပါ။ သို့ပေမယ့် Anonymous က အစီငေါတည့်အောင် ရေးချပြသွားနိုင်ပါတယ်။ ကျွန်တော်မှန်းတာ မလွဲဘူးဆိုရင် Anonymous သည် မမေဓါဝီများဖြစ်လေမလား။ မှန်းတာလွဲရင်တော့ အခြားတစ်ယောက်ယောက်ပေါ့။ 😀

    ကျွန်တော်ပြောချင်တာ ဆက်ပြောရမယ်ဆိုရင်တော့ ၂၁ ရာစုမှာ တစ်ဦးတစ်ယောက်တည်း သဘောထားမှန်နေလို့မရပါဘူးဆရာ။ နိုင်ငံသားအားလုံးရဲ့သဘောထား မှန်ဖို့လိုပါလိမ့်မယ်။ အားလုံးရဲ့သဘောထားမှန်အောင် ဘယ်လိုလုပ်ရမလဲ? မင်းအရင်စပြင်၊ ငါလည်း ပြင်ထားတယ်။ ငါ့စာဖတ်မိတဲ့သူတွေလည်း မှန်အောင် ကိုယ့်ဘာသာပြင်ကြ….. ဘယ်လို ပြင်ရမယ်ဆိုတာကိုရောသိကြပါရဲ့လား? မသိရင် အဲ့ဒီပြင်ပုံပြင်နည်းကို ဘယ်သူလမ်းပြမလဲ? ဒီမှာ ခဏရပါဦးမယ်ဆရာ။ အလုပ်လေးရှိသေးလို့ပါ။

    ပေကပ်ကပ်နိုင်တယ်ဆိုတာက Anonymous ရဲ့စာကို ဆရာရေးတဲ့ မှတ်ချက် နံပါတ် ၅ က အမှတ်တမဲ့ဆိုရင်တော့ အမည်မဖော်လိုသူ ပြောတာက ဟုတ်သလိုပဲဆိုတာကို ပြောချင်တာပါ။ အခြားအခြားနေရာက ကော်မန့်တွေမှာလည်း ဆရာရဲ့အတွေးတွေသည် မကျယ်ပြန့်ဘူးဆိုတာ ဖတ်မိတာလည်းပါပါတယ်။ ဟုတ်သလိုလိုပဲလို့ထင်ပြီးတော့မှ မဟုတ်သေးပါဘူးလို့ထင်သွားရတာကို ကျွန်တော့်စိတ်ထဲ ကလိကလိဖြစ်သွားလို့ပါ။

    ဟုတ်ကဲ့….. နောက်နောက်နောင် အချိန်ရရင် ကျွန်တော့်ရဲ့ ဗလုံးဗထွေးအတွေးတွေ ၀င်ရေးပါဦးမယ်။ ရည်ရွယ်ချက်က မြန်မာနိုင်ငံကြီး လက်ရှိအခြေအနေက ပိုကောင်းမွန်လာရေးအတွက်ပါ။ စကားလုံးလှလှ ရွေးချယ်သုံးလိုက်တယ်လို့တော့မထင်ပါနဲ့ခင်ဗျာ။ သြော်….. နောက်တစ်ချက်အနေနဲ့ ကျွန်တော်ရဲ့ ပထမဆုံးကော်မန့်ကိုဖတ်ပြီး နိုင်ငံတော်အစိုးရကို တော်လှန်လိုစိတ်၊ အပြစ်တင်လိုစိတ်ဖြင့် ရေးလိုက်တယ်လို့တော့ မထင်ပါနဲ့ခင်ဗျာ။

    လေးစားလျှက်ပါခင်ဗျာ
    ကိုမြင့်မြတ်

    • lettwebaw permalink
      25 November 2009 10:43 am

      Anonymous က ဆရာမ မေဓာဝီ မဟုတ်ဘူးဆိုတာတော့ အတိအကျ ပြောနိုင်ပါတယ်။ ဆရာမ မေဓာဝီက Facebook မှာ comment ရေးသွားပါတယ်။

      ကိုမြင့်မြတ်အရင် comment ရေးသွားတဲ့ ဆရာမ သင်းသင်းရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဆွေးနွေးချက်က အလွန်ကောင်းပါတယ်။ ညီညွတ်မှုရဖို့အတွက် ကျွန်တော်တို့ တစ်ခုခု လုပ်ပြီးပြီလားလို့ ကိုယ့်ကိုယ်ကိုယ် မေးဖို့ကောင်းတယ်။ မလုပ်ရသေးဘူးဆိုရင် လုပ်ကြရမယ့်အချိန်ရောက်နေပါပြီလို့ သူက ဆိုထားပါတယ်။

      ဆရာကိုမြင့်မြတ်ရေ… ဆွေးနွေးတာလည်း ဆွေးနွေးတာပေါ့။ ဆရာမ သင်းသင်းပြောသလို အလုပ်လုပ်ကြတာက ပိုကောင်းမှာလည်း သေချာပါတယ်။

      Action speaks louder than words. ပေါ့ဗျာ။

    • Kennedian permalink
      25 November 2009 11:20 am

      ကိုမြင့်မြတ်ရေ … Anonymous သည် မမေဓါဝီ မဟုတ်ပါဘူး။ Anonymous သည် ဘယ် လူသိသူသိ blogger မှ မဟုတ်ပါဘူး။ Anonymous နဲ့ဆက်ရေးရင် နောင်လာမယ့် (နောက် Anonymous များ လုပ်ချင်သူ ရှိခဲ့ရင်) comments တွေမှာ ရောနေမှာစိုးလို့ ကိုယ့်ဟာကိုယ် Kennedian လို့ နာမည် မှည့်လိုက်ပြီးသကာလ ကိုမြင့်မြတ်ကို address လုပ်ပြီး အောက်က comment ကို ဆက်ရေးချင်ပါတယ်။ (အပေါ်က comment တွေက Anonymous နဲ့ ဒီ comment မှာ Kennedian တစ်ယောက်တည်းကသာ ရေးခဲ့ခြင်းဖြစ်ပါတယ်လို့လည်း အသိပေးလိုပါတယ်။

      ကိုယ့်အတွေးက ကိုမြင့်မြတ်အတွေးကို အဆီအငေါ်တည့်အောင် ရေးချပြသလို ဖြစ်သွားတယ်ဆိုလို့ ၀မ်းတော့သာပါတယ်။ comment တွေ ပြန်ဖတ်ပြီး တွေးကြည့်တဲ့အခါ…

      ဆရာက ပုခက်လွှဲတဲ့ လက်တစ်စုံကို ထိုင်စောင့်ပြီး မျှော်လင့်နေရုံသက်သက် ပြောတာတော့ ဟုတ်ပုံ မရပါဘူး။ ဟုတ်မယ်လည်း မထင်ပါဘူး။ ပုခက်လွှဲတဲ့ လက်တစ်စုံတည်းသည်ပင်လျှင် မိမိပတ်ဝန်းကျင်အား ပြောင်းလဲနိုင်စွမ်း ရှိသည်လို့ ဆိုလိုချင်ပုံရပါတယ်။ အဲဒီ့ “ပါရမီရှင်လက်”ကို မျှော်ကိုးပြီး ထိုင်စောင့်နေတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။

      ဆိုလိုတာကတော့ ပုခက်လွှဲသောလက်သည် များသောအားဖြင့် မိခင်၏လက်တွေပါပဲ။ မိခင်တိုင်း မိခင်တိုင်း၊ တစ်ဦးချင်းစီ တစ်ယောက်ချင်းစီကနေ သူတို့ မွေးလာတဲ့ သားသမီးတွေကို၊ သားကောင်း သမီးရတနာလေးတွေ ဖြစ်အောင်၊ အမြင်တည့်အောင်၊ သဘောထား မှန်ကန်အောင်၊ သဘောထားကြီးအောင်၊ လေ့လာတတ်အောင်၊ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင်၊ ပြုစုပေးနိုင်မယ် ပျိုးထောင်ပေးနိုင်မယ်ဆိုရင် ထိုကဲ့သို့သော မျိုးဆက်သစ် လူငယ်တွေနဲ့ နောက်အနာဂတ်ကောင်းကောင်း အသစ်တစ်ခု ဖြစ်လာနိုင်တာကို ပြောချင်တာ (ထင်ပါရဲ့)။

      ဒီနေရာမှာ မိခင်တိုင်းလို့ ဆိုလိုက်ပေမယ့်၊ ဆရာ့ရဲ့ တကယ့်အာဘော်ကတော့ မိခင်တစ်ယောက် (သို့) ပုခက်လွှဲသော လက်တစ်စုံသည်ပင် တစ်ဦးတစ်ယောက်သော သားသမီးကို ပြောခဲ့တဲ့အတိုင်း ပြုစု ပျိုးထောင်နိုင်မယ်ဆိုရင်၊ ထိုတစ်ဦးသော သား၊ သမီးသည်လည်း သဘောထား မှန်မှန်နဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်စွမ်းပင် ရှိကြောင်းကို ပြောချင်ပုံရပါတယ်။

      ဒါပေမယ့်ဆရာက အဲဒါကို မိခင်တွေအပေါ်ချည်းပဲ ပုံမချထားပါဘူး။ တစ်ဖက်တစ်လမ်းကနေ မိခင်တွေ (သို့မဟုတ်) လူငယ်တွေကို စာနဲ့ပင် အတွေးအခေါ်တွေ မှန်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည့်မတ် လမ်းကျောင်းပေးနေခဲ့ပါတယ်။ ဒါဆိုရင် ဆရာပြောတဲ့အဓိပ္ပာယ်က သူ့ကိုယ်သူ အရင်ကောင်းအောင် နေမယ်၊ (ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးမယ်)။ ဆိုတာက သူ တတ်နိုင်သလောက် ကိုယ့်တပ် ကိုယ်လုံအောင် ကြိုးစားမယ် ကိုယ့်အတွေးအခေါ်၊ သဘောထား မှန်အောင်ကြိုးစားပြီးသကာလ ကိုယ်တတ်နိုင်သလောက် ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ ကူညီမယ်။

      နောက်တစ်ချက်က ဆရာက သူ့နည်းတူစွာပင် လူတိုင်းလူတိုင်းကို မိမိသဘောထား မှန်ကန်အောင် အရင်ပြုပြင်ပြီးသကာလ လူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီသည် မိမိပတ်ဝန်းကျင်ကို အထိုက်အလျောက် ပြုပြင်နိုင်တယ်ဆိုတာသည်ပင်လျှင် ဆရာ့ရဲ့ ဆိုလိုရင်း ဖြစ်ပါလိ့မ်မယ်။

      ကိုမြင့်မြတ်ရေ
      ဆရာ့အတွေးတွေ မကျယ်ပြန့်ဘူးလို့တော့ မဆိုစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဓမ္မဓိဌာန်ကျကျ ဆွေးနွေးကြတဲ့အခါမှာ ဒီလိုဝေဖန်ချက်ကတော့ ပုဂ္ဂလဓိဌာန်ကျတယ်လို့ ခံစားမိလို့ပါ။ ဟုတ်သလိုလိုပဲ ထင်တယ်၊ ဒါပေမယ့် မဟုတ်သေးဘူးဆိုတာ ဆရာက ပြန်ရှင်းချက် ထုတ်တဲ့ သဘော ဖြစ်ပါလိမ့်မယ်။ “ဒီအတိုင်းကြည့်ရင်တော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် ကျွန်တော် ပြောတာ၊ ရေးထားတာ၊ ဆိုလိုချင်တာ ဒီသဘော မဟုတ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်မှာပါ။ အဲဒီ့စာတစ်ကြောင်းနဲ့တင် ဆရာ အတွေးကျယ်တယ် မကျယ်ဘူး၊ ဆရာ့ အမြင်ကျဉ်းတယ် မကျဉ်းဘူးလို့ ဆုံးဖြတ်မယ်၊ ဝေဖန်မယ်ဆိုရင်တော့ အဲဒီ့ဝေဖန်မှုသည်ပင်လျှင် အမြင်ကျဉ်းတဲ့ ဝေဖန်မှုသက်သက်သာ ဖြစ်ပါလိမ့်မယ်။ စာအုပ်တစ်အုပ်ကို သေချာမဖတ်ဘူးဘဲ စာအုပ်အဖုံးသက်သက်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရသလိုပေါ့လေ။ ဆရာ့အမြင် ကျဉ်းတယ်၊ ကျယ်တယ်၊ အတွေး ကျဉ်းတယ်၊ ကျယ်တယ်ဆိုတာကလည်း ဒီစာတစ်ပုဒ်နဲ့တင်၊ comment တစ်ခု၊ နှစ်ခု၊ သုံးလေးငါးခုနဲ့တင် ဆုံးဖြတ်လို့ မရပါဘူး။ ဆရာ ရေးခဲ့တဲ့ စာ အပုဒ်တိုင်း၊ စာအုပ်တိုင်း၊ ဖတ်ပြီးရင်တောင်မှ (ကိုယ်နဲ့ အမြင်မတူတာကြောင့်၊ ကိုယ့်အကြိုက် မဟုတ်တာကြောင့်) ဒီလူဟာဖြင့် ဘယ်လိုဘယ်ဝါလို့ ခေါင်းစဉ်တပ်ဖို့ မသင့်ပါဘူး။ ဆရာ့ကိုတင်မှ မဟုတ်ဘဲ လူသားတိုင်း လူသားတိုင်း၊ အရာဝတ္ထုတိုင်း အရာဝတ္ထုတိုင်းကို မိမိအမြင်တစ်ခုတည်းနဲ့ ခေါင်းစဉ်တပ်လို့ မရတဲ့အကြောင်းကို ပြောချင်တာပါ။

      နောက်တစ်ခုက ဆရာမ သင်းသင်း ဆိုခဲ့သလိုပဲ ဘာ့ကြောင့်၊ ဘာအတွက် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဆွေးနွေး(ငြင်းခုံ) နေတာထက် မိမိကိုယ်တိုင်က ကိုယ့်တစ်တပ်တစ်အား ဘာလုပ်ရင် ရတယ်ဆိုတာ စဆွေးနွေးဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

  10. Ko Myint Myat permalink
    26 November 2009 9:02 am

    Comment နံပါတ် ၉ မှာ နောက်နောင် အချိန်ရရင် ကျွန်တော့်ရဲ့ဗလုံးဗထွေးအတွေးတွေ ၀င်ရေးပါဦးမယ်ဆိုပြီး ကျွန်တော်ရေးခဲ့ပါတယ်။ အဲ့ဒီလိုရေးခဲ့ပြီး ဘာမှ ၀င်မရေးတော့ရင် မသင့်လျော်ဘူး…. မဖြစ်သင့်ဘူး…. ထင်လို့ အခု comment ကို ကျွန်တော်ရေးပါတယ်။ ဘာပြောချင်လို့ရေးသလဲဆိုတော့ ဘာမှ ဆက်မပြောချင်တော့တာကို ပြောချင်လို့ရေးတာပါ။ မနေ့က တစ်ချိန်လုံးမဟုတ်ပေမယ့် သတိရတဲ့အချိန်တွေမှာ ဒီ post နဲ့ပတ်သက်ပြီး အတွေးတွေပွားနေမိပါတယ်။ ဒီ post က ကျွန်တော့်ရဲ့အတွေးတွေအပေါ်မှာ ဘယ်လောက်တောင် သက်ရောက်မှုရှိလဲဆိုရင် ဒီနေ့မနက် ၂ နာရီအကျော်မှာ ယောင်နိုးပြီး (လန့်နိုးတာမဟုတ်ပါ) (ဒီ Post ကြောင့် ယောင်နိုးတာမဟုတ်ပါ) ဒီ post အကြောင်းတွေကို တွေးနေမိပါတော့တယ်။ သဘာဝကျကျ ဘယ်လိုပြောရမလဲ? ဘယ်လိုရှင်းပြရမလဲ? အဲ့ဒီ ရှင်းပြဖို့ ပြောပြဖို့တွေ စဉ်းစားရင်း စဉ်းစားရင်းနဲ့ နောက်ဆုံးမှာ ငါ မပြောတော့ပါဘူးကွာဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ထို့နောက် ကျွန်တော် ပြန်၍ အိပ်ပျော်ရန်အတွက် ကျွန်တော့်ရဲ့ စိတ် နှင့် ကိုယ်ကို လျော့ချလိုက်ပြီး ကျွန်တော့်ရဲ့ခန္ဓာအပေါ်အသိလေးထားလိုက်ပြီးတဲ့နောက်မှာ ကျွန်တော် ပြန်၍ အိပ်ပျော်သွားပါတော့တယ်။

    အတွေးတွေ ရပ်တန့်သွားစေတဲ့ အတွေးတွေကို ပိတ်ပင်သွားစေတဲ့အရာကတော့ “…”ဆိုသောအရာပင်ဖြစ်ပါသည်။

    ဆွေးနွေးဖော်ဆွေးနွေးဖက်ရတဲ့ ဆရာအတ္တကျော်နှင့်အတူ ကို/မ Kennedian နှင့် ဆရာမသင်းသင်းတို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ဆရာမသင်းသင်းက အင်္ဂလိပ်လို ၀င်ရောက်ဆွေးနွေးတော့ ဆွေးနွေးချက်အကုန်လုံးကိုတိတိကျကျ နားမလည်တာတော့ ၀န်ခံပါရစေခင်ဗျာ။

    ကို/မ Kennedian ရဲ့ ဓမ္မဓိဌာန်မကျပဲ ပုဂ္ဂလဓိဌာန်ကျတယ်လို့ ညွှန်ပြမှုအတွက်နှင့် ဆရာ အမြင်ကျဉ်းတယ်မကျဉ်းဘူး အလွယ်မပြောပါနဲ့ဆိုတဲ့ ညွှန်ကြားမှု ထောက်ပြမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အဲ့ဒီလို မပြောသင့်ဘူးဆိုတာကျွန်တော်သိပါတယ်။ သို့ပေမယ့် ကျွန်တော်ပြောခဲ့လိုက်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ခံစားမှုကို ထုတ်ဖော်ပြောပြလိုက်တာပါ။ အဲ့ဒီစိတ်ခံစားမှုကို ပညာသားပါပါ နားလည်လက်ခံလို့ရတဲ့စာသားတွေနဲ့ မပြောတတ်တာက ကျွန်တော့်ရဲ့အားနည်းချက်ပါခင်ဗျာ။ အဲ့ဒီအားနည်းချက်ကို သိပေမယ့် ကျွန်တော်မပြင်နိုင်သေးပါဘူး။ နောက်နောင် ပြင်ဖြစ်ကောင်းပြင်ဖြစ်နိုင်သလို ဒီအတိုင်းပဲ ရှိနေကောင်းလည်း ရှိနေနိုင်ပါတယ်ခင်ဗျာ။

    အားလုံးကို လေးစားလျှက်
    ကိုမြင့်မြတ်

    • Aung Maun permalink
      31 July 2014 5:33 pm

      ကိုဂျီးကျော်ရေ ဒီလူတစ်ယောက်က သူ့ကိုယ်သူ ကိုမြင့်မြတ်လို့ ရေးထားတယ်နော်။ နာမည်မှာကိုက (ကို)တပ်ပြီးဖော်ပြထားတာ။ ကိုဂျီးကြော်နဲ့တော့ တွေ့ပြီပေါ့ဗျာ။ရခိုင်သား တစ်ချို့ရဲ့နာမည်မှာလို ငယ်ငယ်နဲ့လဲ( ဦး)တပ်ပြီးအမည်ပေးလေ့ရှိရင်တော့ တစ်မျိုးပေါ့လေ။

  11. ခင်မင်းဇော် permalink
    26 November 2009 3:27 pm

    လူတော်တော်များများကလဲ ကိုယ်လုပ်တာတွေပဲ အမှန်လို့ ထင်တတ်ကြပါတယ်။ အဲဒီအချက်ကလဲ ထည့်စဉ်းစားရမယ့် အချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်နေယုံနဲ့တော့ မလုံလောက်သေးဘူးထင်ပါတယ်။ အဲဒီအဆင့်ကို တည်ဆောက်နေရင်း ကိုယ့်ပတ်ဝန်းကျင်ကိုလဲ ကောင်းအောင် လုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒါဟာ တချိန်တည်းမှာ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့တော့ ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ဖို့တောင် ခက်ခဲတဲ့စနစ်ကြီးအောက်မှာ ဖြစ်နေပါတယ်။ ဆရာဆူဒိုနင်ပြောသလို ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်ချင်တာတောင်မှ လုပ်မရတဲ့ အခြေအနေတွေ ရှိနေနိုင်ပါတယ်။ ဥပမာ ဆရာမတယောက်ဟာ သူ့လခနဲ့စိတ်အေးချမ်းသာစာသင်နေချင်ပေမယ့် အဲဒီရတဲ့လစာက ကားခနဲ့ဆန်ဖိုးလောက်ပဲ ရတယ်ဆိုရင် သူဟာ အင်မတန် ရိုးသားတဲ့လူဖြစ်ရင် ရိုးသားတဲ့နည်းနဲ့ နောက်ပိုက်ဆံရဖို့ အလုပ်တခု လုပ်ရပါလိမ့်မယ်။ အဲဒီအခါမှာ မနိုင်ဝန်ထမ်းရတဲ့ လူတယောက်အနေနဲ့ စာသင်တဲ့အလုပ်ကိုရော ပြည့်ပြည့်၀၀ အားတက်သရော သင်နိုင်ပါဦးမလား။ ဒီမှာပဲ လျော့ကျမှုဆိုတာတွေတွေ့လာရပါမယ်။ ဒါဟာ အင်မတန် ရိုးသားတဲ့ အလုပ်ပဲ လုပ်နေတဲ့သူကိုပဲ ဥပမာပေးတာပါ။ အစကတည်းက မရိုးသားတဲ့လူကတော့ ခိုးစားတော့မှာပေါ့။ အဲဒီလိုပါပဲ လူတယောက် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်နိုင်ဖို့ နိုင်ငံသားတယောက် ကောင်းမွန်တဲ့ ဘ၀တခု တည်ဆောက်နိုင်ဖို့ သူကိုယ်တိုင်ကြိုးစားဖို့ တခုတည်းနဲ့ မလုံလောက်ပါဘူး။ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားနေယုံနဲ့ မရနိုင်ပါဘူး။ ကျမတို့နိုင်ငံသားအားလုံး ဗီဇမကောင်းလို့ မဟုတ်ပါဘူး။ စိတ်ဓါတ်တွေ ဖျက်ဆီးခံနေရတာပါ။ ကိုယ်တယောက်တည်းနဲ့ ကောင်းအောင်နေလို့ ရဖို့ကတော့ မလုံလောက်ဘူးလို့ ထင်ပါတယ်။

    နောက် ဒီပို့စ်မှာ ဥပမာပေးထားတဲ့ ပါတီတွေများနေတာ မညီညွတ်လို့ ဆိုတဲ့ ဥပမာကိုတော့ မကြိုက်ပါ။ ဒီပို့စ်ဆိုလိုချက်နဲ့ မကိုက်ညီတဲ့ ဥပမာလို့ မြင်ပါတယ်။ နိုင်ငံရေးမှာ ပါတီမှာတော့ ပါတီများလေ ရွေးချယ်ခွင့်များလေ နိုင်ငံကောင်းအောင် လုပ်ဖို့ ပိုများလေလို့ ကျမက ယူဆပါတယ်။ ဒါက ကျယ်ပြန့်ပါတယ် မဆွေးနွေးလိုပါ။

    ညီညွတ်ရေး ဆိုရာမှာလဲ သူခိုးဓါမြတွေရဲ့ ညီညွတ်ရေးမျိုးကိုလဲ မလိုချင်ပါ။ ညီညွတ်ရမယ်ဆိုတာ လူတိုင်းသိပါတယ်။ ကိုယ်က စမယ်ဆိုရင် အဲဒီကိုယ်ကိုယ်တိုင်က ငါဆိုတဲ့ မာနကို ဘယ်လောက်ထိ ချနိုင်မလဲ ဆိုတဲ့အပေါ်မှာ ညီညွတ်ရေးက မူတည်နေပါတယ်။ အားလုံးညီညွတ်ရေးအတွက် ငါခေါင်းဆောင်ပြီး လုပ်ပေးမယ်ဆိုတာမျိုးမှာတော့ စစ်မှန်တဲ့ညီညွတ်ရေး ရဖို့ မလွယ်ကူပါ။

    ကျမကတော့ ကိုယ်တိုင်လဲ ကောင်းအောင်နေတယ် မကောင်းတဲ့လူတွေကိုလဲ ဘယ်အချက်ကမကောင်းဘူး သေချာထောက်ပြပေးချင်ပါတယ်။ အဲဒီအချက်တွေ ကို မကောင်းဘူးထင်တယ် ဒါ့ကြောင့် မပူးပေါင်းနိုင်ဖူးလို့လဲ တရားဝင် ပြောတတ်ပါတယ်။

    လူ့လောကကြီးမှာ လူတိုင်းသာ ကိုယ်ကျင့်တရားတွေထိန်းသိမ်းနိုင်မယ်ဆိုရင် သာယာတဲ့လောကကြီး ဖြစ်သွားမှာပါ။ ထောင်တွေမရှိ တရားရုံးတွေ မရှိ အချုပ်ခန်းတွေမရှိ စစ်ပွဲတွေမရှိ ။ ဆင်းရဲသူတွေကို ချမ်းသာသူတွေက ဝေမျှလို့ ဘယ်လောက်လှပလိုက်လေမလဲ။ ဒါပေမယ့် ဒီလိုလဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကလဲ လူ့လောကသဘာဝကြီးပဲ မဟုတ်ပါလား။ (ဆေးရိုးသည်က ကန့်လန့်ဝင်တယ် ပြောလဲ ခံပါ့မယ်)
    လေးစားစွာဖြင့်
    ခင်မင်းဇော်

    • lettwebaw permalink
      26 November 2009 6:10 pm

      အမလေး ကြီးဒေါ်ရယ်… ဘယ့်နှယ့် ဆေးရိုးသည်ရမှာတုံး။ ကြီးဒေါ် သားဆီမှာ မမန့်တာကြာလို့ ကြီးဒေါ်ကို သား ဘာများ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပါလိမ့်လို့ တွေးနေတာ။ အခုလို ကွန်မန့်အရှည်ကြီး ကြီးဒေါ်ဆီက ရလို့ (ဆရာသော်တာဆွေ့ စကားနဲ့ ပြောရရင်) ဂျွမ်း ၇၅ ပတ်တောင် ထိုးပစ်လိုက်ချင်ပါရဲ့ခင်ဗျာ။ ဘယ့်နှယ်က ဘယ့်နှယ် ကျွန်တော့် ကျေးဇူးရှင်ကို ပြစ်မှားရဲမှာတုံး… နော့…

      အဲ… ကြီးဒေါ်ရဲ့ ကွန်မန့်ကိုတော့ နည်းနည်း ပြန်ဆွေးနွေးပါရစေနော်။ ကျွန်တော် ပြောတာက ကောင်းဖို့ မဟုတ်ဘူးခင်ဗျ။ “သဘောထားမှန်ဖို့”သာ ဖြစ်ပါတယ်။ ဒါလေးပါပဲ။ ကိုမြင့်မြတ်ကို ပြန်ကြားထားတဲ့ ကျွန်တော့် ကွန်မန့်ထဲမှာလည်း ဒါကိုပဲ အလေးပေးပြီးပြောတာပါ။ ကောင်းတာဟာ လူတိုင်း လုပ်နိုင်ခက်ခဲတဲ့ ကိစ္စလို့ ကျွန်တော် မြင်မိပါတယ်။ “သဘောထားမှန်ဖို့”လည်း အင်း… နည်းနည်းတော့ ခက်တာပဲ။ ကောင်းခြင်း၊ ဆိုးခြင်းထက် သဘောထားမှန်ခြင်းက အလုပ်လုပ်ကြရာမှာ ပိုများ အလုပ်ဖြစ်မလားဆိုတဲ့ ကျွန်တော့် ဉာဏ်ကလေး တစ်မိုက်တစ်ထွာနဲ့ တွေးကြည့်ခြင်းသာ ဖြစ်ကြောင်းပါခင်ဗျား။

      (နောက်လည်း များများ မန့်ပေးပါနော် ကြီးဒေါ် ဒေါ်ခင်မင်းဇော်…)
      ခင်မင်လေးစားစွာ
      atk

  12. အေး permalink
    27 November 2009 1:15 pm

    ဆက်ရေးကြပါဦး။ စိတ်ဝင်စားတယ်။

  13. နှင်းနိုင် permalink
    31 July 2011 9:00 am

    မဟုတ်တာကို လက်မခံ ကြဘို့ ကန့်ကွက်ကြဘို့ထက်….

    မဟုတ်တာကို မခံကြဘို့ ပေါက်ကွဲမယ် ဆိုတဲ့ နေရာမှာ သဘောမပေါက်ကြတဲ့သူတွေ အလွန်ကြီးစိုးနေသလိုပဲ….

    မဟုတ်တာကို လက်မခံကြဘို့ဆိုရင် အထက်က ပြောသွားတဲ့ ရပ်ကွက်လူကြီးလို လူမျိုးတွေ ရဲ့ မဟုတ်မမှန်တဲ့ လုပ်ရပ်ကို ဝိုင်းကန့်ကွက်ဘို့ အရင် စလုပ်ကြည့်ကြရင် ပိုကောင်းမယ်….

    ဒါပေမယ့် ဒီလို နေရာမျိုးမှာ အမုန်းမခံဘူးဆိုတဲ့ စိတ်ဓါတ်တွေက ဖြစ်ရပ်တခုလုံးကို ကပြောင်းကပြန် ဖြစ်ကုန်တော့တာပဲလို့ထင်ပါတယ်….ဒီနေရာက စမှားနေကြတာပါ…..

    ဥပမာ အမြင်မတော်ဝတ်ဆင်နေတဲ့ အဆိုတော်မလေးကို စင်ပေါ်က မောင်းမချပဲ ပြီတီတီနဲ့ ကြည့်နေကြတဲ့ စိတ်ဓာတ်မျိုးတွေပေါ့…..

    ဒါမျိုးကို ရပ်ကွက်က လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်မျိုး မထားကြတော့ပါဘူး….. အဓိက ပြသနာက အမုန်းမခံတာပါ…..

    ရပ်ကွက်လူကြီး လုပ်တာ မကြိုက်ရင် ရပ်ကွက်လူကြီး ကို ချက်ချင်းပြောကြပေါ့…..

    ငြိမ်ခံ ပေါက်ကွဲ စနစ်ကြီးက မကောင်းပါဘူး…..

    တခုတော့ ရှိတယ် ပြောတဲ့ သူက လူကြီးလူကောင်းဆန်ပြီး…. လူအများစု ရိုသေနေတဲ့သူ ဖြစ်သင့်တာပေါ့နော်….

    ချက်နဲ့လက်နဲ့ အပိုင် ပြောနိုင်မယ့်သူရယ်….

    သူနောက်က ညီညွတ်တဲ့ လူထုရယ် ရှိနေရင် ရပ်ကွက်လူကြီး က ဘာမို့လဲ…..

    ဆရာ့ အတွေးအခေါ်တွေကို အလွန်နှစ်သက်တဲ့ အတွက် share ခွင့်ပြုပါနော်….

  14. စိုးမင်းရှိန် permalink
    30 March 2012 8:14 pm

    ဆရာခင်ဗျား
    ကျွန်တော်ဟာဆရာ့စာအုပ်အားလုံးလောက်နီးပါးကိုဖတ်ဖူးပါတယ်။ သူများတွေကိုလည်းလက်ဆောင်ပေးလေ့ရှိပါတယ်။ ပြောချင်တာကတော့ဆရာ့စာတွေကိုအရမ်းသဘောကျတယ်ပေါ့ဗျာ။

    ဒီဘလောဂ့်ထဲရောက်လာတာတော့ မကြာသေးပါဘူး။ ကျွန်တော်ဆရာ့ကိုအကြံပြုချင်တာတစ်ခုရှိပါ
    တယ်ဗျာ။ ဆရာဒီဘလောဂ့်ကိုတင်ထားတာ ကောင်းသောရည်ရွယ်ချက်နဲ့ဆိုတာ အပြည့်အ၀နားလည်ပါတယ်ဆရာ။ ဒါပေမဲ့တစ်ခါတစ်ခါကျတော့ (ဒီပို့စ်တစ်ခုတည်းကိုမဆိုလိုပါ) ဆရာ ပြန်ဆွေးနွေးတဲ့အခါ ကိုမြင့်မြတ်ပြောသလိုပဲ နည်းနည်းပေကပ်ကပ်နိုင်တယ်လို့ထင်ပါတယ်။ အမြင်ကျဉ်းတယ်လို့တော့ မထင်ပါဘူးဆရာ။ ဆရာကကျွန်တော့်ထက်အများကြီးဆင်ခြင်တွေးတောနိုင်သူပါ။

    ဒီတော့ဗျာ ဆရာရဲ့ရည်ရွယ်ချက်ကကောင်းပါလျက်နဲ့ သဘောထားနည်းနည်းပိုပျော့ပျောင်းစေချင်
    ပါတယ်။ ဒီတော့မှလည်းဆရာရည်ရွယ်ချက်ကပိုအောင်မြင်နိုင်သလို ဖတ်သူများအတွက်လည်း ပိုအကျိုး များစေမယ်ထင်လို့ပါ။

    နောက်တစ်ချက်က ကိုမြင့်မြတ်ကိုအားပေးချင်တာပါ။ ကိုမြင့်မြတ်ရေ စိတ်မကောင်းမဖြစ်ပါနဲ့။ ခင်ဗျားကို ကျွန်တော်ထောက်ခံတယ်ဗျ။ ခင်ဗျားရဲ့စာကိုဖတ်ရတာ ခင်ဗျားမှာလည်း စေတနာကောင်းလေးရှိမှန်း သိသာပါတယ်ဗျား။ ခင်ဗျားပြောတာကိုလည်း အတော်အတန်လက်ခံပါတယ်။ နောင်လည်း ဒီလိုဝင်ရေး ပေးပါလို့ကျွန်တော်ကတော့တောင်းဆိုပါတယ်။ မှားသည်/မှန်သည်/လက်ခံသည်/လက်မခံသည် ဖြစ်စေ စဉ်းစားစရာအချက်လေးတွေတိုးတာပေါ့ဗျာ။

    (ကို လို့ထင်ပါသည်) ကို Kennedian ပြောတာလေးတွေကတော့ အထူးပြောစရာမလိုအောင်ကောင်း ပါတယ်။ တစ်ခုပဲ ကိုမြင့်မြတ်ပြောတာ ပုဂလဓိဌာန်ကျတယ်လို့တော့ ကျွန်တော်မယူဆပါ။ ကောင်းသော ဆွေးနွေးခြင်းဖြစ်တယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဆရာရော၊ ကို Kennedian ရော၊ ကိုမြင့်မြတ်ရောအပါအ၀င် အခြားအပြုသဘောဖြင့် ကွန်မန့်ပေးသူအားလုံးကိုကျေးဇူးတင်လေးစားပါတယ်။

    တယ်။

  15. Aung Maun permalink
    26 July 2014 4:50 pm

    မသင်းသင်းရဲ့ ခေါမဲန့်န်ထ်နဲ့ပတ်သက်ပြီး ကိုကြီးကျော်ပြောသလို လက်ညှိုးကမထိုးချင်လို့ကိုမရဘူး၊ ထိုးလိုက်အုံးမယ် ကိုစိုးမင်းရှိန်ရေအဲဒီလိုပဲဗျ မြန်မာစာမရိုက်တတ်တဲ့ (ရိုက်တတ်အောင်လေ့ကျင့် ရကောင်းမှန်းလဲမသိတဲ့) ဘိုရူးတွေက သူတို့တတ်တိုင်း အင်းဂလစ်ရှ်လိုတွေဝင်ဝင် ရိုက်တော့ အောင်မောင်းတို့ရဲ့ မတောက်တစ်ခေါက်အင်းဂလစ်ရှ်လေးနဲ့ လိုက်ဖတ်ရတာ တော်တော်ဂွကျတယ်။ မဖတ်ပဲလဲ မနေနိုင်ဘူး ။ လူအမျိုးမျိုးစိတ်အထွေထွေရဲ့ ထင်မြင်ချက်ကလေးတွေကိုလည်း သိချင်သေးတာကိုး။အံမယ် လာလာချေသေး မသင်းသင်းက ဘလော့ဂါကိုကြီးကျော် ကိုယ်တိုင်ကအကျယ် တဝင့်နဲ့ပြန်ဆွေးနွေးပေးတာကိုများ သူကတွန့်တိုနေသေးတယ်။ အဆုံးသတ်ရမယ့် အချိန်မရှိရင် ဘယ်တော့မှရင်ကြားစေ့လို့ မရနိုင်မယ့်ကွဲလွဲတဲ့အမြင်တွေနဲ့အချိန်ဖြုန်းနေမိတာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: