Negative Effects of Negative Commands

“မ… ရ”တို့ရဲ့ ပြောင်းပြန်အကျိုးသက်ရောက်မှု

အတ္တကျော်

ချစ်စွာသော စာဖတ်သူ လူကြီးမင်းများခင်ဗျား။ ကျွန်တော် တစ်ခုလောက် မေတ္တာရပ်ခံပါရစေ။ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင် မကြည့်လိုက်ကြဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ ဟုတ်ကဲ့ဗျာ။ အနူး အညွတ်ပြောနေတာပါ။ အထူးသဖြင့် သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင်မကြည့်ကြပါနဲ့လားဗျာ။ တကယ်ပြောတာပါ။ လေးလေးနက်နက် တောင်းပန်နေတာပါ။ သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီးထိုင်ပြီး လက်ဖက်ရည်တစ်ခွက်ကို အားပါးတရ သောက်နေလေတဲ့ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင်မကြည့်ကြပါနဲ့နော်။


သည်လူ ဘာဖြစ်သွားတာလဲ။ မော်ဒန်တွေ ရေးနေတာလား။ လိုင်း ကြောင်သွားပြီလား၊ ဘာလား၊ ညာလား စဉ်းစားကုန်ကြပြီ ထင်တယ်။ မဟုတ်ပါဘူး။ ကျွန်တ်ာနဲ့ မော်ဒန်စာပေ၊ ပန်းချီ၊ အနုပညာနဲ့ အဝေးကြီးပါ။ ကျွန်တော် စာရေးနေတာ မှန်ပေမယ့် အနုပညာမြောက်တဲ့ ရသပိုင်းမှာ သိပ်မသန်လှတာ စာဖတ်သူလူကြီးမင်းများ သတိထားမိပြီး ဖြစ်ပါလိမ့်မယ်။ အဲတော့ အထက်က အဖွင့်စာပိုဒ်ဟာ မော်ဒန်ဆန်သလိုလိုဖြစ်နေကောင်း ဖြစ်နေမှာပေမယ့် တကယ်တော့ မဟုတ်ပါဘူး။

ကျွန်တော်က စာဖတ်သူ လူကြီးမင်းတွေကို အနူးအညွတ် မေတ္တာရပ်ခံနေတာပါ။ သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီးထိုင်ပြီး လက်ဖက်ရည် တစ်ခွက်ကို အားပါးတရ သောက်နေလေတဲ့ မိုးပြာရောင် ခွေးတစ်ကောင်ကို စိတ်ထဲမှာ မြင်မကြည့်ဖို့ တောင်းပန်လိုက်တာပါ။ အဲတော့ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား၊ စာဖတ်သူ လူကြီးမင်းများရဲ့ “စိတ်မျက်စိ”ထဲမှာ ကျွန်တော်က မြင်မကြည့်ပါနဲ့လို့ တောင်းပန်နေတဲ့ကြားကပဲ သစ်ပင်ခွကြားမှာ ငုတ်တုတ်ကြီး ထိုင်ပြီး လက်ဖက်ရည်သောက်နေတဲ့ မိုးပြာရောင် ခွေးကို အလိုလို မြင်ကြည့်နေမိကြလိမ့်မယ် ထင်ပါတယ်။

မလုပ်ပါနဲ့လို့ ပြောတာမှန်ပေမယ့် လုပ်ဖြစ်အောင် စေ့ဆော်တတ်တဲ့ သဘာဝကို အထူးပြောချင်တာပါ။

သည်ဥပမာက မော်ဒန်နေရင် သည့်ထက် လွယ်ကူတဲ့ နောက်ဥပမာတစ်ခု ပြပါရစေဦး။

ခြောက်နှစ်သားအရွယ် ကလေးငယ်လေးတစ်ယောက်နဲ့ သူ့အမေနဲ့ အိမ်ထဲမှာ ရှိနေတယ်။ အိမ်ရဲ့ ဧည့်ခန်းမှာက အရောင်နုနု ကော်ဇောလှလှ ခင်းထားတယ်။ ဧည့်ခန်းတစ်ခန်းလုံးကလည်း ဖြူစင် ရှင်းသန့်နေတယ်။ ဆိုဖာတွေကလည်း အဖြူရောင်တွေ။ ဧည့်ခန်းအလယ်က စားပွဲပုလေးပေါ်မှာလည်း အဖြူရောင် ဇာပန်းထိုး စားပွဲခင်း သန့်သန့်ပြန့်ပြန့်ကို ကျကျနန ခင်းထားတယ်။

အဲဒီ့အချိန်မှာ ကလေးက မီးဖိုချောင်ထဲမှာ ပုလင်းတစ်လုံး တွေ့တယ်။ ဇီးဖျော်ရည် ပုလင်း။ အရောင်က ရဲတွတ်လို့။ ကလေးစိတ်ထဲမှာ သောက်ချင်သွားတယ်။ ဒါနဲ့ အနားက ဖန်ခွက် တစ်လုံးထဲကို ဇီးဖျော်ရည်တွေ လောင်းထည့်လိုက်တယ်။ ထည့်တာမှ ဖန်ခွက်အပြည့်၊ လျှံမတတ် ထည့်ချလိုက်တာ။


ပြီးတော့ အဲဒီ့ဖန်ခွက်ကို လက်နှစ်ဖက်နဲ့ ကျကျနန ကိုင်ပြီး မအေ ထိုင်နေရာ အိမ်ရှေ့ခန်းကို ထွက်ချလာတယ်။ ဧည့်ခန်းအလယ်ကို ကလေး ရောက်လာတော့မှ မအေက လှမ်းမြင်တယ်။

အဲဒီ့မအေ ဘာပြောမယ်မှတ်သလဲ။

“ဟဲ့… သား… သတိထား။ မှောက်ကျလိမ့်မယ်။ မဖိတ်စေနဲ့” ဆိုတဲ့ စကားမျိုးပဲဖြစ်မှာပါ။

ကလေး လာစဉ်အခါက မူလရည်ရွယ်ချက်မှာ သူယူလာတဲ့ ဇီးဖျော်ရည်ဖန်ခွက်ကို “မှောက်ပစ်ဖို့” ဒါမှမဟုတ် “ဖိတ်ကုန်အောင်လုပ်ဖို့” တစ်စက်ကလေးမှ မပါဘူး။ သူ့စိတ်ထဲမှာ ရှိလည်း မရှိဘူး။ သည်အချိန်မှာ မအေလုပ်တဲ့သူ စိုးရိမ်တကြီး ပြောလိုက်တဲ့ စကားကြောင့် ကလေးရဲ့ အာရုံမှာ “မှောက်ခြင်း၊” “ဖိတ်ခြင်း”ဆိုတဲ့ အသိက ဝင်သွားတယ်။ တစ်နည်းပြောရရင် မှောက်ဖို့၊ ဖိတ်ဖို့ သတိရသွားတယ်။

အဲတော့ ဘာဖြစ်တုံး။ ဟုတ်ကဲ့၊ မအေ မဖြစ်စေချင်တဲ့အတိုင်း ကလေးဟာ ဇီးဖျော်ရည် နီနီရဲရဲတွေကို ဝင်းသန့်နေတဲ့ ကော်ဇော်ပေါ် မတော်တဆ မှောက်ချမိပါရောလားခင်ဗျာ။ အဲဒီ့ကလေးက ကြိုးစားရပြီလေ။ မအေ့စကားအတိုင်း မမှောက်အောင် မဖိတ်အောင် ကလေးလည်း ကြိုးစားရှာတာပါပဲ။ သို့သော် မူလက သူ့စိတ်ထဲမှာ မရှိတဲ့ မှောက်ခြင်း၊ ဖိတ်ခြင်းဆိုတဲ့ လုပ်ရပ်တစ်ခုကို သူ့အာရုံမှာ ပေါ်သွားလေပြီမို့ မမှောက်အောင်၊ မဖိတ်အောင် ကျားကုပ်ကျားခဲ ကြိုးစားတဲ့ကြားက မှောက်ချဖြစ်အောင် ချလိုက်ပါတော့တယ်။

ကလေးရှိသူ မိဘတိုင်း သည်လိုအဖြစ်မျိုးကို ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်အောက်မှာ ညီငယ်၊ ညီမငယ် ရှိကြတဲ့ အစ်ကိုကြီး အစ်မကြီးတွေဆိုလည်း ဒါမျိုးကို ကြုံဖူးပါလိမ့်မယ်။


သည်လောက် တတွတ်တွတ် ပြောဆို မှာကြားနေတဲ့ကြားက မှားဖြစ်အောင် မှားနေတာ ဘာကြောင့်လဲလို့ တွေးမရ ဖြစ်နေသူတွေလည်း ရှိကြ မှာပါ။ ကျွန်တော့်အိမ်သူဆို အမြဲပြောတယ်၊ သပ်သပ်ရပ်ရပ် သိမ်းကြ ဆည်းကြဖို့၊ နေကြ ထိုင်ကြဖို့ သူ့သားသမီးတွေကိုရော၊ ကျွန်တော့်ကိုရော သူ့လောက် ပြောနိုင်တာလည်း မရှိဘူး၊ ကျွန်တော်တို့သားအဖတစ်တွေလောက် နားမထောင်တာလည်း မရှိဘူးတဲ့။

သိပ်သေချာတာပေါ့။ ဘယ်လိုမလုပ်နဲ့၊ ဘယ်လိုမထားနဲ့၊ ဘယ်လို မရှုပ်နဲ့တွေက သိပ်များလာလေလေ၊ အဲဒီ့စကားတွေက နားထဲမှာ စွဲလေလေ၊ အဲဒါတွေကိုပဲ ပိုလုပ်ဖြစ်လေလေ ဖြစ်နေတတ်တာ လူ့သဘာဝပါပဲ။

လူ့အပြုအမူကို လေ့လာ စူးစမ်းနေကြတဲ့ စိတ်ပညာရှင်တွေက သည်လိုဖြစ်ရခြင်းအကြောင်းရင်းကို စတင် တွေ့ရှိခဲ့ကြတာလို့ ပြောနိုင်ပါတယ်။ အဲဒီ့မှာတင် “အပြုသဘော အားပေးတိုက်တွန်းမှု”ဆိုတဲ့ ဝေါဟာရတစ်လုံးက ပေါ်ထွန်းလာပါတယ်။

ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စပ်လျဉ်းတဲ့ သင်တန်းတစ်ခု တက်ခဲ့ရတဲ့ လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက်မှာကတည်းက ကျွန်တော်လည်း အဲဒီ့အသိကို သညာသိအဖြစ် စတင် သိရှိလာရပါတယ်။ မြက်ခင်းပေါ် မနင်းရ၊ ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရ၊ မူးယစ်ဆေး မသုံးစွဲရ၊ မ… ရ။ မ…ရ ဟူသမျှဟာ ပြောင်းပြန်အကျိုးဆက် သက်ရောက်နိုင်ချေ ရှိကြောင်းကို ပထမဆုံး စတင်သတိထားမိတာပါ။

ဒါ့ကြောင့် ဆေးလိပ်ပုံကိုပြပြီး ကြက်ခြေခတ်ထားတာမျိုးဟာ ဆေးလိပ်သောက်ဖို့ တစ်နည်းတစ်ဖုံ အားပေးသလို ဖြစ်နေတတ်တာကို နည်းနည်း သဘောပေါက်လာတယ်။

တစ်ဆက်တည်းမှာ အခုအချိန်မှာ အရွယ်ကောင်းကောင်း ရောက်စ ပြုနေတဲ့ ကျွန်တော့်သားနဲ့ သမီးရဲ့ အမူအကျင့်တွေကိုလည်း သတိထားမိလာရတယ်။ သူတို့မှာ ကျွန်တော် လက်မခံနိုင်တဲ့ အမူအကျင့်တွေ အင်မတန် တွေ့ရခဲပါတယ်။ သူတို့အမေ လက်မခံနိုင်တဲ့ အမူအကျင့်တွေကျတော့ သူတို့မှာ ရှိနေတယ်။

အဲဒီ့မှာ ဘာကွာခြားသလဲဆိုတာကို အထက်က တင်ပြခဲ့တာတွေနဲ့ ချိန်ထိုးကြည့်လိုက်တဲ့အခါ ဟား… တယ်ဟုတ်ပါလား၊ ကျွန်တော့်ဘက်က သူတို့ကို “မ…ရ”လို့ အင်မတိ အင်မတန် ပြောခဲတယ်။ ဘာ မလုပ်ရဘူး၊ ညာမလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကို ကျွန်တော်ကိုယ်တိုင်က  တစ်ဘဝလုံး လိမ့်နေအောင် ခံခဲ့ရတော့ အဲဒါတွေကို အင်မတန် စက်ဆုပ်တယ်။ ကျွန်တော့်အယူအဆက “ကိုယ်ကြိုက်တာ ကိုယ်လုပ်”ပဲ။ ဆိုလိုတာက ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာ ကိုယ်ကြိုက်သလား။ မကြိုက်ဘူး။ မကြိုက်ရင် ကိုယ်လည်း သူများကို ကန့်သတ်တာတွေ ချုပ်ချယ်တာတွေ မလုပ်မိအောင် ရှောင်ကြဉ်တယ်။


အဲတော့ ကလေးတွေနဲ့ ပတ်သက်လာရင် ဘာမလုပ်နဲ့ ညာမလုပ်နဲ့တွေကို သိပ်မပြောဖြစ်ဘူး။ သို့သော် သူတို့ လုပ်တဲ့အထဲက ကျွန်တော် သဘောကျတာ၊ ဘဝင်ကျတာလေးတွေကို တွေ့မိရင် ချီးမွမ်းဖို့ ဘယ်တုန်းကမှ ဝန်မလေးခဲ့သလို ဘာမဟုတ်တဲ့ သူတို့ လုပ်ပေး ကိုင်ပေးတာလေးတွေကအစ ကျေးဇူးတင်စကားကိုလည်း မမေ့မလျော့ ပြောတဲ့အလေ့က  ကျွန်တော့်မှာ ရှိတယ်။ ဥပမာ ကျွန်တော်စားပြီးသား ပန်းကန်ကို သမီးက ယူပြီး ဆေးပေးတာမျိုး၊ သားက သောက်ရေတစ်ခွက် ခပ်ပေးတာမျိုးများလို နေ့စဉ်ဘဝထဲက အသေးအမွှားလေးတွေပင် ဖြစ်လင့်ကစား “ကျေးဇူးပါ” လို့ ပြောတတ်ခဲ့ပါတယ်။

ကလေးတွေ ပေါက်စန အရွယ်လေးကတည်းက အဲသလို ပြောကျင့် လုပ်ခဲ့တဲ့အတွက် ကျွန်တော့်ဇနီးမှာပါ အဲသလို ကောင်းတာ လုပ်တာကို အသိအမှတ်ပြုတဲ့ စရိုက်ကလေးက အလိုလို စွဲလာပါတော့တယ်။ သည်တော့ ကျွန်တော့်ကလေးတွေမှာ အမူအကျင့်ကောင်းလေးတွေ အလိုလို ရလာပါတော့တယ်။

ပြောချင်တာက ကျွန်တော့်သားသမီးတွေအကြောင်း မဟုတ်ပါဘူး။ လူ့သဘာဝက အဓိကသာ ဖြစ်ပါတယ်။  လူ့သဘာဝက မလုပ်နဲ့ဆိုရင် ပိုလုပ်ချင်လာတတ်တာမျိုးပါ။ အဲဒါလေးကို သတိထားမိမယ်ဆိုရင် လူငယ်လူရွယ်လေးတွေကို ပြောတဲ့ဆိုတဲ့အခါ၊ ဒါမှမဟုတ် အလုပ်ခွင်ထဲက ဝန်ထမ်းအများကို ပြောချင်ဆိုချင်တဲ့အခါ၊ ဒါမှမဟုတ် အများလိုက်နာစေချင်တဲ့ အမှိုက်ပစ်တာမျိုး၊ တစ်ပိုတစ်ပါး သွားတာမျိုးမှာ စည်းကမ်းတကျ ရှိလာစေချင်တဲ့အခါ “မ…ရ”ဆိုတာအစား တခြား တစ်နည်းနည်းနဲ့ ပြောနိုင်ဖို့ ကြံဆကြည့်သင့်သလားဆိုတာကို အနည်းအပါး ဆင်ခြင်ကြည့်စေချင်ပါတယ်။


အထက်က ဇီးဖျော်ရည်အပြည့်နဲ့ ကော်ဇောနားကို ရောက်လာတဲ့ ကလေးကို စိုးရိမ်တကြီးနဲ့ ပြောရာမှာ “အို… သားက တော်လိုက်တာကွာ။ ဖန်ခွက်ကို မြဲအောင်၊ ငြိမ်နေအောင် ကိုင်နိုင်တာပဲ။ အဲဒီ့အတိုင်း ငြိမ်ငြိမ်လေး မြဲမြဲလေး ကိုင်ထားပြီး အနားက စားပွဲပေါ်ကို လှမ်းတင် လိုက်ပါ သားရေ”ဆိုရင် ကလေးရဲ့စိတ်အာရုံမှာ ဖိတ်တာတွေ၊ မှောက်တာတွေ မရောက်တော့တဲ့အပြင် သူ့ရဲ့ မြဲမြဲငြိမ်ငြိမ် ကိုင်နိုင်တဲ့ အရည်အချင်း အပေါ်မှာသာ ကျေနပ် အားရပြီး အဲဒါကို ပိုပြီး ကောင်းလာအောင်သာ လုပ်သွားတော့မှာ သေချာပါတယ်။

ဒါက ကလေး။ လူကြီးတွေရော၊ ဘာထူးလို့လဲ။ မောင်… အရက်တွေ သောက်မလာခဲ့နဲ့နော်ဆိုတာဟာ အရက်ကြိုက်တဲ့ယောက်ျားကို ပို သောက်ဖြစ်အောင် နှိုးဆော်သလို ဖြစ်သွားတတ်တာ အရက်ကြိုက်သူနဲ့ အတူနေတဲ့ ဇနီးမယားများ သတိထားမိကြမှာပါ။ အဲဒီ့အစား “မောင်ရေ… ညနေ မောင်ပြန်လာတဲ့အခါကျရင် ကျွန်မတို့ ဘုန်းဘုန်းဆီ သွားကြရအောင်လား မောင်ရယ်။ ဘုန်းဘုန်းကလည်း မောင့်ကို တစ်မေးတည်း မေးနေတယ်”ဆိုတာမျိုးက ဆင်အိပ်ရာ ဆိတ်နှိုးသလို မဖြစ်နိုင်တော့ပါဘူး။

အလားတူပဲ၊ မြက်ခင်းပေါ် မနင်းရအစား၊ လူသွားလမ်းမှ လျှောက်ကြပါရန်ဆိုတာမျိုး၊ အမှိုက်မပုံရအစား အဲဒီ့နေရာမှာ အမှိုက်ပုံးတစ်ခုခု ထားလိုက်ပြီး အမှိုက်ထည့်ရန်ဆိုတာမျိုး လုပ်ရင် ပိုပြီး အဆင်ပြေလာနိုင်မလားဆိုတာ အတော်လေး စဉ်းစားစရာကောင်းပါတယ်။

သို့ပေမယ့် အဆောက်အအုံ တစ်ခုခုအတွင်းမှာ ဆေးလိပ်မသောက်ရ ဆိုပြီး ကန့်သတ်ရတာမျိုးကျပြန်တော့ ဘယ်လိုမှ လုပ်လို့ မရပြန်ဘူး။  အဲဒါကိုပဲ လူပျိုပေါက်ကလေးတွေ ဆေးလိပ်မသောက်ရေးအတွက် သုံးမယ်ဆိုရင်တော့ ဆေးလိပ်ဆိုတဲ့ စကားနဲ့ အတွေ့အကြုံ မပါစေဘဲ တခြားနည်း တစ်နည်းနည်း စဉ်းစားလို့ ရနိုင်မလားပဲ။

ဘယ်လိုပဲဖြစ်ဖြစ် “မ…ရ”တွေရဲ့ ပြောင်းပြန်အကျိုး သက်ရောက်မှုကိုတော့ သေသေချာချာ စေ့ငုဖို့ ကောင်းနေတယ်လို့ ယူဆမိရလို့ ဒါကို ရေးလိုက်မိရတာပါ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(၁၈၁၁၀၉)

ယနေ့ထုတ်ဝေလိုက်တဲ့ မြန်မာဘာသာဖြင့် ထုတ်ဝေသော ၄-၁၀ ဒီဇင်ဘာ ၂၀ဝ၉နေ့စွဲပါ Myanmar Times အတွဲ ၂၃ အမှတ် ၄၄၃ ရဲ့ စာမျက်နှာ ၂ နဲ့ ၃ မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။