Another Excerpt from ATK’s Newly Published Book

ကနေ့ညနေ ကျွန်တော် ခရီးထွက်ရပါဦးမယ်။ ဆယ်ရက်ကြာမှာပါ။ အသွားတစ်ရက်၊ အပြန်တစ်ရက် အပိုဆောင်းရင် ပေါင်း ၁၂ ရက်တာ အင်တာနက်နဲ့ ကင်းဝေးရာ ရွာကလေးမှာ သွားနေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွန်မန့်တွေ ဝေဖန်ချက်တွေကို အချိန်မဆိုင်း မော်ဒရိတ်လုပ်ပေးနိုင်၊ ပြန်ကြားနိုင်ခြင်း မရှိမှာကို နားလည် ခွင့်လွှတ်ပေးတော်မူကြစေလိုပါတယ်။
ကျွန်တော့်ရဲ့ မကြာသေးခင်က ထွက်ထားတဲ့ “မိန်းမသားတို့ သိမ်းထားဖို့”ထဲက နောက်တစ်ပုဒ်ကို စာမြည်းအဖြစ် တင်ဆက်လိုက်ရပြန်ပါတယ်ခင်ဗျား။

ယောက်ျားစင်စစ် ဧကန်ဖြစ်လျှင်

၁။
ဆရာဦးအောင်သိန်းကျော်

ဆရာ့ကို ကျွန်မအဖေကဲ့သို့ သဘောထား၍ တိုင်ပင်ပါရစေ ဆရာ။

သည်လိုပါ ဆရာ၊ ကျွန်မအိမ်က ကျွန်မကို သူတို့သဘောတူတဲ့သူနဲ့ မနှစ်က စီစဉ်ပါတယ်။ ကျွန်မဘဝမှာ ရည်းစားလည်း မရှိခဲ့ပါဘူး။ အဲဒီလူကိုလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ ဆွေမျိုးများက အတင်းစီစဉ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ သူနဲ့ စတွေ့တာပါ။ သူက ကျွန်မနဲ့ သိတာ ကြာပါပြီ။ ရည်းစားတော့ မဟုတ်ပါဘူး။ သည်ကိစ္စ မတိုင်ခင်ကတည်းက သံယောဇဉ် ရှိကြပါတယ်။ သည်လိုနဲ့ပေါ့ ဆရာရယ်၊ သူနဲ့ ကျွန်မ ရည်ငံကြတယ်။ အိမ်က လုံးဝ သဘောမတူပါဘူး။ သူက ကျွန်မထက် တစ်နှစ်ကျော် ငယ်ပါတယ်။ အိမ်က ဟိုလူနဲ့ စီစဉ်ချိန်မှာ သူက တစ်မြို့တစ်ရွာမှာ သင်တန်း သွားတက်နေရတယ်။


အဲဒီအချိန်မှာ ကျွန်မ သူ့ဆီ အကြောင်းကြားတော့ သူက အချိန်ဆွဲထားဖို့ မှာတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူက အဲဒီ့မြို့ကနေ နိုင်ငံခြား ပညာတော်သင် သွားဖို့ နောက်တစ်မြို့မှာ သင်တန်း ဆက်တက်ရဦးမယ်တဲ့။ သူ ပြန်လာလို့ မရတော့ဘူး။ ကျွန်မအိမ်ကလည်း လုံးဝ အလွတ်မပေးဘူး။ သူ့ဆီက ဖုန်းဆိုရင် ပေးမကိုင်ဘူး။ ကျွန်မနဲ့သူ မနည်း ဆက်သွယ်ရတာပါ။ အပြင်မှာ ဖုန်းအဆက် အသွယ်ရတဲ့ တစ်ရက်မှာ သူက သူရှိရာကို လိုက်ခဲ့ဖို့ မှာတယ်။ အိမ်ကလည်း ဇွတ်စီစဉ်နေပြီ။ ဒါနဲ့ ကျွန်မ သူ့ဆီကို စွန့်စွန့်စားစား လိုက်သွားခဲ့တယ်။


မနက် နှစ်နာရီလောက်မှာ ထွက်ပြေးလာရတာပါ ဆရာရယ်။ ပိုက်ဆံဆိုလို့ လက်ထဲမှာ ကျပ် ၆၀ဝ၀ ပဲ ပါတယ်။ အဝတ် နှစ်စုံလောက်နဲ့ အလွတ် ပြေးခဲ့တာပါ။ သူ့ဘက်ကလည်း ဟိုလူ့ရန်က လွတ်အောင်သာ ခေါ်ရတာပါ၊ လက်ထပ်လို့ မရပါဘူး။ သူက နိုင်ငံတော်စရိတ်နဲ့ ပညာသင် သွားရမှာဆိုတော့ လူလွတ်ကိုမှ ရွေးလွှတ်တာပါ။ ကျွန်မ မရှက်တမ်း ပြောရရင် သူမှ သူပဲ ချစ်မိလို့သာ စွန့်စားရတာပါ ဆရာရယ်။

ကျွန်မရဲ့လက်ဝတ်လက်စားနဲ့ ဘဏ်စာအုပ်ထဲက ငွေနဲ့ သူရှိရာ မြို့မှာ သုံးလလောက် ကြာပါတယ်။ အိမ်က ရှာပေမယ့် အပုန်းကောင်းတော့ မမိခဲ့ပါဘူး။ မိမယ့် မိတော့လည်း အမေ ကိုယ်တိုင်နဲ့ တိုးတာပေါ့။


ကျွန်မလေ အရှက်၊ သိက္ခာနဲ့ မိသားစုဂုဏ်ကို မငဲ့ဘဲ သူ့ကိုပဲ ကာကွယ်ပေးခဲ့တယ်။ သူ ဒုက္ခရောက်မှာစိုးလို့ သူ့ဘက်က လူကြီးတွေရှေ့မှာ ဘာမှ မပတ်သက်ဘူးလို့ကို ညာပြောခဲ့တာပါ။ ဒါပေမယ့် သူ့ဘက်က လူကြီးတွေထဲမှာ ကျွန်မတို့ အမျိုးထဲက တစ်ယောက်ပါတော့ ကျွန်မပြောတာ လက်မခံပါဘူး။ လူကြီးတွေက အပြင်မှာ လက်ထပ်ဖို့ စီစဉ်ပါတယ်။ နားလည်မှုနဲ့ ကျွန်မတို့ဘက်က ကျေနပ်အောင် လုပ်ပေးခိုင်းပါတယ်။ အမှန်ပြောရရင် သူနဲ့ ကျွန်မလည်း ညားနေပါပြီ ဆရာရယ်။


သည်လိုနဲ့ ကျွန်မနဲ့ သူနဲ့ တရားရုံးမှာ လက်ထပ်ခဲ့ကြတယ်။ အဲဒီ့အချိန်က စပြီး မပြေလည်တာပါပဲ။ သူ့ကို ယူလို့ ကျွန်မအိမ်က အမေက လွဲရင် ဘယ်သူမှ မခေါ်တော့ပါဘူး။ ညီမ အပါအဝင်ပေါ့။ သူကလည်း ကျွန်မတို့ကပဲ သူ့ကို အနိုင်ကျင့်ပြီး လက်ထပ်ခိုင်းတယ်လို့ ပြောတယ်။
ကျွန်မ သူ့ကိုထောင်ဖမ်းတာ မဟုတ်ပါဘူး။ ကျွန်မ မိသားစုကလည်း သဘောမကျပါဘူး။ အမှန်ပြောရရင် တစ်ရှက်က နှစ်ရှက်ဖြစ်မှာစိုးလို့သာ ပေးစားတာပါ။ ဒါကို သူက ခဏ ခဏ စကားနာထိုးတယ်။ ခင်ဗျားတို့ ဆွေမျိုးတွေ ကို ကြောက်ပါတယ် ဘာညာနဲ့။ ကျွန်မ သည်းခံပါတယ်။

လက်မှတ်ထိုးတော့လည်း ကျွန်မတို့ပဲ တာဝန်ယူရတာပါ။ ဟိုမှာ နေတော့လည်း နေရေး၊ စားရေး ကျွန်မအိမ်က တာဝန်ယူတာပါပဲ။
သူက တစ်ဦးတည်းသောသားမို့လို့ သူ့မိဘကို ချက်ချင်း မပြောပါရစေနဲ့ တောင်းပန်လို့ ကျွန်မအိမ်ကို ကျွန်မ လိမ်ပေးခဲ့ရတာပါ။ သူ့လစာဆိုလည်း မထိပါဘူး။ သူ့လခ တစ်လ တစ်သောင်း သုံးထောင်ကျပ်ကနေ တစ်သိန်း နှစ်သောင်းအထိ တိုးသွားပေမယ့် ကျွန်မ တစ်ပြားမှ မခံစားခဲ့ပါဘူး။

ဧပြီမှာ သူ့မိဘဆီ ပြန်တော့ ကျွန်မကိုခေါ်သွားတယ်။ သူ့အိမ်က ကျွန်မတို့ လက်ထပ်ထားတာ မသိတော့ ကျွန်မရှေ့မှာ အချိုသတ်ပြီး ကွယ်ရာမှာ သဘောမတူကြောင်း သူတို့သားကို ပြောပါတယ်။ ကျွန်မကို သဘော မတူရအောင် ကျွန်မ အဖေက အရာရှိပါ၊ အမေက ဆရာဝန်ပါ၊ ကျွန်မ ကိုယ်တိုင်လည်း ပညာတတ်ပါပဲ။ ကျွန်မတို့ ဆွေမျိုး၊ ငွေကြေးအင်အားအရ သူတို့ထက်တောင် သာပါတယ်။

အပြစ်ရှာပုံက ဆရာရယ်၊ အသက်တစ်နှစ်ကြီးလို့တဲ့။ သူ့အမေကတော့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို ရောဂါတက်ပြတာပေါ့ ဆရာ။ သူ့မှာ ဘာမှ ပြောလောက်အောင် မရှိပါဘူးဆရာ။ ကိုယ်ပိုင်အိမ်တောင် မရှိပါဘူး။ ဒါပေမယ့် ကျွန်မ သူ့ကိုချစ်လို့ ဘာကိုမှ မမက်မောဘဲ သူ့နောက်လိုက်ခဲ့တာပါ။ သည်လောက် ဒုက္ခခံခဲ့တာပါ။ တစ်မျိုးလုံးကို အာခံခဲ့ရတာပါ။ ကျွန်မအိမ်က သူ့အိမ် က သဘောမတူတာသိရင် ပြဿနာ ပိုတက်မှာစိုးလို့ ဖုံးထားခဲ့ပါတယ်။

သည်ကြားထဲ ကျွန်မမှာ ကိုယ်ဝန်ရှိလာတော့လည်း ဖျက်ချခိုင်းခဲ့ပါတယ်။ ကိုယ်ဝန် ဖျက်ချပြီးတဲ့နောက် ကျန်းမာရေးအခြေအနေအရ ကျွန်မ အိမ်ပြန်ခဲ့ရတယ်။ သူကတော့ ဖုန်းဆက်တိုင်း အမျိုးတွေကြောင့် လက်ထပ်ရတာ၊ မကျေနပ်ဘူး ပြောပါတယ်။ ကျွန်မမှာ ယောကfျားနဲ့ဆွေမျိုးကြားမှာ စိတ်ဆင်းရဲရတယ်။ သူ သွားခါနီးမှာ ပိုဆိုးလာတယ်။ ကျွန်မနဲ့ သဘောမတူလို့ သူ့မိဘက တခြားလူနဲ့ စီစဉ်ရင် ဘယ်လိုလုပ်မလဲလို့ ကျွန်မကို မေးတယ်။

အဲ့ဒါ သူ ကျွန်မကိုချစ်ရင် မေးရမယ့်မေးခွန်းကို မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ သူ့အိမ်ကို နားလည်အောင် ကျွန်မတို့ကြိုးစားရမှာပဲ။ ကျွန်မတောင် အခြေအနေဆိုးကြီးထဲက မိန်းမသားတန်မဲ့ စွန့်စားခဲ့ရသေးတာ သူစွန့်စားသင့်တယ်လို့ ကျွန်မ ပြောတော့ သူနဲ့ ရန်ဖြစ်ရတယ်။


အမေက အဆင်မပြေတာသိလို့ သူနဲ့ စကားပြောတော့ ကျွန်မကို သူ ချစ်လို့ ယူတာမဟုတ်ဘူး၊ အစကတည်းက လက်ထပ်ဖို့ မရည်ရွယ်ဘူးလို့ အမေ့ကို သူပြောတယ်။ ကျွန်မလေ ရူးသွားသလိုပဲ။

အမေက သူ့ကို ခွင့်မလွှတ်ဘူး။ တကယ်က သူ့ကို အရေးယူလို့ ရတယ်။ နောက်ကြောင်း မရှင်းရင် လုပ်သက်လည်း အလျှော့ခံရမယ်၊ ပညာသင်လည်း မလွှတ်ဘူး။ လူကြီးတွေက နားလည်မှုနဲ့ ကျွန်မတို့ကို လုပ်ပေးထားတာ၊ ဒါကို သူလည်း သိတယ်။ ကျွန်မလေ အမေ့ကို ခြေသလုံး ဖက်မတတ် တောင်းပန်ခဲ့ပါတယ်။ သူ့ကို ဒုက္ခ မပေးဖို့။ သူ အခု နိုင်ငံခြားပညာသင် သွားပါပြီ။

အခု သူ့ အနေအထားက သူက စပြီး လမ်းမခွဲဘူး။ ဒါပေမယ့် သူ့အိမ်က စီစဉ်ရင်တော့ သူ မတတ်နိုင်ဘူး။ သဘောက ကျွန်မက စပြီး ကွာရှင်းပေးစေချင်တဲ့သဘော ပြောတယ်။ ခုချိန်မှာ သူ့ဦးနှောက်ထဲမှာ စာပဲ ရှိတယ်။ မစဉ်းစားချင်ဘူးတဲ့။

ကျွန်မ ဘယ်လိုလုပ်ရမှာလဲ။ အခုဆိုရင် ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့ပါ။ ရက်ရက်စက်စက် လူမဆန်စွာ ဆုံးဖြတ်ခံရတဲ့ ကလေးလေးပေါ့။ ကျွန်မ ထပ် မရက်စက်ရက်ဘူး။ သူလည်း သိပါတယ်။ ဒါပေမယ့် ဘာမှ မပြောဘူး။ တာဝန်ယူဖို့ နေနေသာသာ နေကောင်းရဲ့လားတောင် မေးဖော်မရဘူး။ ကျွန်မ ဘာလုပ်ရမှာလဲ။ အိမ်ကလည်း နင့်ထိုက်နဲ့ နင့်ကံဆိုပြီး ပစ်ထားတယ်။ လိုအပ်တဲ့ ဆေးဝါး၊ ငွေကြေးက လွဲရင် ဆေးခန်းတောင် လိုက်မပေးဘူး။
ကျွန်မ သူ့ကို ချစ်တယ်။ နာလည်း နာတယ်။ သူကတော့ ဒါတွေ မစဉ်းစားဘူး။

ဆရာရယ် ကျွန်မ အမျိုးကောင်းသမီးပါ။ သူက လွဲရင် တခြားယောကfျားနဲ့ မပတ်သက်ဖူးပါဘူး။ ဒါတွေကို သူ သိလျက်နဲ့၊ ကျွန်မ နားမလည်နိုင်တော့ဘူး ဆရာ။ မင်းတို့အင်အားနဲ့ ယောက်ျား မရှားပါဘူးတဲ့။ ကျွန်မ ဘာဆက်လုပ်ရမယ် မသိလို့ တိုင်ပင်တာပါ။ ကျွန်မမှာ ဘယ်သူ့မှ တိုင်ပင်စရာ မရှိဘူး။ မိဘကလည်း အပြစ်တင်၊ ယောက်ျားကလည်း အပြစ်တင် ကျွန်မ ဘယ်လို လုပ်ရမှာလဲ။သူ့ကို ကွာရှင်းပေးလိုက်ရမလား။ ဒါမှမဟုတ် မိဘတွေ စိတ်တိုင်းကျ အရေးယူလိုက်ရမလား။ မစဉ်းစားတတ်တော့ဘူး။

ကွာရှင်းပေးဖို့ကလည်း ကျွန်မ သူ့ကို ချစ်လို့ ကွာရှင်းပေးနိုင်ပါတယ်။ သူ စိတ်ချမ်းသာစေချင်တယ်။ ဒါပေမယ့် ကျွန်မကို အိမ်က အမေပါ စွန့်ပစ်တော့ မှာပါ။ ကျွန်မမှာ ကိုယ်ဝန်ကြီးနဲ့၊ နောက်ဆိုရင် ကလေးတစ်ဖက်နဲ့ ကျောင်းက တစ်ပိုင်းတစ်စ၊ ဝင်ငွေ မရှိတဲ့ဘဝနဲ့ ဒုက္ခရောက်မှာပေါ့။ အထူးသဖြင့် ကလေးလေး ဒုက္ခရောက်မှာ၊ ကျွန်မ ကလေး ဖခင်မဲ့မှာ၊ မိသားစုအလယ် မျက်နှာငယ်ရမှာ၊ ချို့တဲ့ ဆင်းရဲမှာကို စိုးရိမ်တာပါ။ တစ်ကြိမ်တစ်ခါ ရက်စက်ခဲ့ပြီးပါပြီ။ ကျွန်မ မိုက်ပြစ်ကြောင့် သူ့ဘဝလေး နာလန်မထူနိုင်ရင် ကျွန်မသေဖို့ပဲ ကောင်းပါတယ်။ ကျွန်မအတွက် မစဉ်းစားပါဘူး ဆရာရယ်။

ကိုယ့်ကို မခင်တွယ်တော့တဲ့နောက် ဘယ်လောက်ပဲ ချစ်ပါစေ ထားခဲ့ရမှာပေါ့။ ကျွန်မ ကလေးအတွက်ပဲ စိုးရိမ်တယ်။ ကျွန်မခြေထောက်ပေါ် ကျွန်မ မရပ်နိုင်ခင်မှာ ကျွန်မကလေး လူ့လောကထဲကို မလိုချင်ဘဲ မွေးလာရတဲ့ ကလေးအဖြစ်နဲ့ မရောက်စေချင်ဘူး။ သူ့ကိုလည်း ဆွေမျိုးတွေ စိတ်တိုင်းကျ အရေးမယူချင်ပါဘူး ဆရာရယ်။ သူ ဒုက္ခရောက် ဘဝပျက်မှာလည်း မကြည့်ရက်ဘူး။ ကျွန်မ ဘာလုပ်ရမှာလဲ။ ကျွန်မ သေချင်တယ် ဆရာရယ်။ ကျွန်မသေမှ သည်ဒုက္ခ ကျွတ်မှာပါ။ ကလေးကြောင့်သာ မဟုတ်ရင် သေရဲပါတယ်။


ကျွန်မ အနေအထားနဲ့ တစ်ခုလပ်ဖြစ်ပါစေ နောက်အိမ်ထောင်ပြုလို့ ရပါတယ်။ သူ ပြောသလိုပေါ့။ ဒါပေမယ့် ကလေးအတွက် ပထွေးဆိုတာ မရှိစေရဘူး။ သူက လွဲရင်လည်း ကျွန်မ ဘယ်သူ့ကိုမှ မချစ်ဘူး။ ကျွန်မအိမ်ကတော့ သူ့ကို အရေးယူမယ်။ ကျွန်မကို သူ့ထက်သာတာနဲ့ ပေးစားပြမယ်ပေါ့။ ကယ်ပါဦး ဆရာရယ်။ ကျွန်မ မဖြေရှင်းတတ်တော့ဘူး။ ကျွန်မလေ သူဒုက္ခရောက်မှာ၊ ကလေးဒုက္ခရောက်မှာ စိုးရိမ်တယ်။ သူ မကျေမနပ်နဲ့ ပေါင်းသင်းနေတာကိုလည်း မလိုချင်ဘူး။

အကောင်းဆုံးဖြစ်စေချင်ပါတယ် ဆရာရယ်။ မြွေမသေ တုတ်မကျိုး နည်းလမ်းမျိုး ရှိရင်ပေါ့။ ကျွန်မကတော့ ဘာကိုမှ မစဉ်းစားတတ်တော့ဘူး။ ဆရာ သည်စာကို အမြန်ဆုံးပြန်ပေးပါဆရာ။ ဘာလို့လဲဆိုရင် ကျွန်မ မွေးဖို့ရက်က လပိုင်းပဲ လိုတော့ အိမ်က အမေ့လက်ထဲ စာရောက်မှာ စိုးလို့ပါ။ သူနဲ့ ကျွန်မ ကြားမှာ ဆရာ ဝင်ပြီး ညှိနှိုင်းပေးစေချင်ပါတယ်။ ကျွန်မဘက်က တတ်နိုင်သမျှ အလျှော့ပေးမှာပါ။

ဒါမှမဟုတ် သူ့အိမ်ကို အမှန်အတိုင်း အသိပေးရမလား။ ကျွန်မ ဘာမှ မလုပ်ရဲသေးဘူး ဆရာ၊ မှားသွားမှာစိုးတယ်။ ထပ်ပြီး အမှား မခံရဲတော့ဘူး။ ဒါကြောင့် ဆရာ့ကို အကူအညီတောင်းတာပါ။ အမှားပါရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။


ဆရာတို့ မိသားစု အဆင်ပြေ အေးချမ်းပါစေ။
စိုးစိုးခိုင်

၂။
သည်တစ်လ ပေးစာက စာဖတ်သူများ ဖတ်ခဲ့ရသည့်အတိုင်းပင် သိသိသာသာ ရှည်လျားသည်။ အသက်တစ်ရာ မနေရ၊ အမှုတစ်ရာ တွေ့ရသော အဖြစ်ပေတကားဟု မြည်တမ်းရမလိုလည်း ဖြစ်သည်။


ပြောစရာတစ်ခု ရှိပါသည်။ ကျွန်တော့်ထံ လာသော စာများစွာထဲမှ စာဖတ်သူ မိန်းမသားများ ဆင်ခြင် စဉ်းစားစရာ စာများကို ရွေးချယ်ကာ အမည်၊ နေရပ်များကို ဖြစ်စေ၊ သူတို့မှန်း သိသာလောက်သော အချက်အလက်များကိုဖြစ်စေ လှီးလွှဲ ထိန်ချန်ကာ အရင်းအတိုင်း ပြန်လည်ကူးယူ ဖော်ပြလျက်သည် ကဏ္ဍကို တင်ဆက်နေခြင်း ဖြစ်မှန်း စာဖတ်သူလူကြီးမင်းများ အားလုံး သတိထားမိပြီး ဖြစ်ပါလိမ့်မည်။ ယခု တစ်ပတ်တွင်မူ ကျွန်တော့်မှာ တခြားအလုပ်တွေ ပိနေသဖြင့် အိုင်ဒီယာက စာမူတောင်းချိန်မှာပင် ထိုဘက်သို့ မလှည့်နိုင်သေးပါ။ သို့ဖြစ်သဖြင့် မူရင်းစာအား ကူးယူသော အလုပ်အား ကျွန်တော့်အိမ်သူကို ခိုင်းလိုက်မိပါသည်။

ကျွန်တော့်အိမ်သူသည် ထိုစာကို ကူးယူပြီး ဒေါသအမျက် ချောင်းချောင်းထွက် နေသည်။ “သည်လို မိန်းမတွေကြောင့် ရှင်တို့လို ယောက်ျားတွေ စားသာနေတာ၊ ထင်တိုင်းကျဲနေတာ”ဟု ရေရွတ်သည်။ ကျွန်တော်ပါ စက်ကွင်းမလွတ် ဖြစ်သွားရသည်။

ကျွန်တော့်အိမ်သူ ပြောတာလည်း အပြည့်အဝမှန်ပါသည်။ စာဖတ်သူများ သိထားပြီးဖြစ်သည့်အတိုင်း ကျွန်တော်သည်လည်း အရွယ်ရှိစဉ်တုန်းက ကျွန်တော့်နည်း ကျွန်တော့်ဟန်နှင့် လှည့်ပတ်ပြီး ဇယားတွေ ရှုပ်ခဲ့ဖူးပါသည်။ ထိုသို့ အလွယ်တကူ ဇယားရှုပ်နိုင်သည်မှာ ကျွန်တော့်အိမ်သူ ပြောသည့် “သည်လို မိန်းမတွေ”၏ သဘောကြောင့်ပင် ဖြစ်သည်လည်း အမှန်ပင်။

အဓိကကတော့ အချစ်ကို ကိုးကွယ်တတ်ကြသော သူတို့၏ သဘာဝကြီးကိုကပင် အရိုးခံ မိန်းမသားတွေကို ဒုက္ခများနေစေခြင်းသာ ဖြစ်ပါသည်။ ယောက်ျားတွေကို မိမိနှင့် နှိုင်းကာ မိမိလိုပဲ ရိုးရိုး ချစ်လိမ့်မည်ဟု ယုံမှတ်ခြင်းကား မိန်းမသားတို့၏ မဟာ့မဟာ အမှားပင် ဖြစ်လောက်ပါသည်။

တစ်ခါမက ကျွန်တော်ပြောဖူးပါသည်။ ကျွန်တော့်စာကို အခုမှ ဖတ်ဖြစ်သူများ၊ အရင်က ကျွန်တော် ပြောခဲ့သည်ကို လွတ်သွားသူများအတွက်ဟု ရည်ရွယ်ပြီးလည်းကောင်း၊ အခါခါ ထပ်ပြောလျှင် နားများပိုစွဲပြီး သတိများ ပိုကြီးလာကြတန် ကောင်းရဲ့ဟု တွေးထင်မိသောကြောင့်လည်းကောင်း နောက်တစ်ခေါက် ထပ်ပြောခွင့် ပြုတော်မူကြစေလိုပါသည်။ “သည်မယ်ဗျာ… ခင်ဗျားနဲ့ ခဏလောက် ကိုယ်လက် နှီးနှောချင်လိုက်တာ”ဟု ပြောလျှင် ပါးချခံရမှာ သေချာသောကြောင့် ကျွန်တော်တို့ ယောကျာ်းများသည် “ခင့်ကို သိပ်ချစ်တာပဲ”ဟု လွယ်လွယ် ပြောတတ်ကြောင်းကိုပါ ခင်ဗျား။

ယောက်ျားတို့၏ ချစ်တယ်ဆိုသော စကားကို မိမိ၏ စိတ်နှင့် နှိုင်းကာ အဘယ်မိန်းမသားကမျှ မယုံသင့်ပါချေ။ သူတော့ ငါ့ကို ကိုယ်လက်နှီးနှောခွင့်ရဖို့ စတင်အားထုတ်နေပြီဟု အမှန်အတိုင်း၊ အရင်းအတိုင်း မြင်သင့်ပါသည်။

တချို့က ယူဆမည်။ သည်လူကြီးက သူကိုယ်တိုင် အဲလိုပြောခဲ့တဲ့အတွက် ယောက်ျားထုတစ်ရပ်လုံးကို ဝါးလုံးရှည်နှင့် ရမ်းနေတာ နေမှာ၊ အရာတိုင်းမှာ ခြွင်းချက်တွေ ရှိတာပဲဟာ၊ ဘာညာပေါ့။ ဟုတ်ကဲ့… ယောကျာ်းစင်စစ် ဧကန်သာ ဖြစ်လျှင်၊ ဆိုလိုသည်မှာ မိန်းမလျာသာ မဟုတ်လျှင် အနှီယောက်ျား၏ အချစ်သည် လူပျိုပေါက်စ ၁၄-၅ နှစ်သား အရွယ်မှာသာ အညစ်အကြေး ကင်းစင်သယောင် ရှိတတ် ပါသည်။  ၁၆ နှစ်၊ ၁၇ နှစ် ကျော်ပြီဆိုသည်နှင့် အညစ်အကြေး ကင်းစင်သယောင် ချစ်စိတ်ကလေးက စတင်ပြီး လုံးပါး ပါးလာပါသည်။ အသက် ကြီးလာလေ၊ အတွေ့အကြုံ များလာလေ၊ ပိုပြီး လုံးပါးပါးလေနှင့် ဖြစ်တတ်ကြစမြဲပင်။

သို့မဟုတ်ပါကလည်း “အစတော့ ရိုးရိုး၊ နောက်တော့တစ်မျိုးတိုးလို့ ချစ် ပြန်ဆိုပဲ၊ ဆိုပဲ”ဟူသည့် ဆရာမြို့မငြိမ်း၏ သီချင်းထဲကလိုပင် မူလကတော့ ရိုးရိုးသားသားပင် ချစ်သည်ဟု ကျွန်တော်တို့ ယောက်ျားတွေဘက်က ထင်မိတတ်ကြပါသည်။ ကျွန်တော်လည်း ၁၆နှစ်သားလောက်က အဲလိုပင် ထင်မိခဲ့ဖူးသည်။ အမယ်… ကိုယ့်ရည်းစားပင် မထိရက်၊ မကိုင်ရက်၊ စိတ်နဲ့ပင် မပြစ်မှားရက်သလို ခင်ဗျ။

အဲ… ရည်းစားသက်လေးရ၊ တွဲသွား တွဲလာလေး လုပ်မိတဲ့အခါကျတော့ လက်ကလေး ကိုင်ရင်း၊ ပါးကလေး နမ်းရင်းက စိတ်တွေက ဖောက်ပြန်လာသည်၊ နောက်တော့ တစ်မျိုး တိုးချင်လာသည်။ ဟိုတစ်ဖက်သားက ခွင့်မပေးရင် မောင့်ကို မချစ်လို့၊ ဘာလို့ ညာလို့နှင့် အမျိုးစုံ ညုရတော့သည်။ အစတုန်းက ရိုးသားစွာ ချစ်ခဲ့ပေမင့် နောက်ပိုင်းကျတော့ ယောက်ျားတို့၏ သွေးသားထဲက မွေးရာပါ “ကြက်ဖစိတ်” ဝင်လာပါသည်။ (ရှိရှိသမျှ ကြက်မ အားလုံးနှင့် ပတ်သက်ကာ မိမိ၏ မျိုးဆက်ကို တတ်အားသမျှ ကြဲဖြန့်လိုမြဲ ယောက်ျားတို့၏ အခြေခံသဘောကို “ကြက်ဖစိတ်”ဟု တစ်နေရာတွင် ဖတ်ဖူးသဖြင့် ထိုသို့ သုံးနှုန်းလိုက်ရခြင်းပင် ဖြစ်လေသည် တမုံ့။)


အဲတော့ကာ မမများအနေဖြင့် ယောက်ျားတို့၏ အချစ်ဆိုသည်မှာ ကိုယ်လက် နှီးနှောရန် ရည်သန်ခြင်း ဖြစ်ကြောင်းကို အကြွင်းမဲ့ ယုံလိုက်ကြစေလိုပါသည်။ သည်ကိစ္စမှာ ခြွင်းချက် ရှိဦးတောင်မှ တစ်သောင်း တစ်ယောက်၊ တစ်သိန်း တစ်ယောက်၊ တစ်သန်း တစ်ယောက်လောက်ပင် ရှားသည့် ခြွင်းချက်ဟူသည်ကိုလည်း သတိချပ်ကြစေလိုပါသည်။

၃။
စိုးစိုးခိုင်(ဟု အမည်လွှဲထားသူ)ရဲ့ စာကို “ရှင် ဘယ်လို ပြန်လိုက်သလဲ”ဟု ကျွန်တော့် အိမ်သူက ကျွန်တော့်ကို မေးလေသည်။ ကျွန်တော် မမှတ်မိတော့ပါ။ ကျွန်တော့်မှာ တစ်လတစ်လ စာပြန်ရသော အရေအတွက်က မနည်းပါ။ မရှိဘူးဆိုလျှင် အစောင် ၅၀ လောက်တော့ ပျော့ပျော့လေး ရှိသည်။ တစ်စောင်ချင်းကို ကျွန်တော်ကိုယ်တိုင် ပြန်သည်ဆိုလျှင် စာဖတ်သူများ ယုံပါ့မလားပင် မသိ။ တကယ် ကျွန်တော်ကိုယ်တိုင် ပြန်ပါသည်။

ကွန်ပျူတာနှင့်စာရေးခြင်းသည် လက်နှင့်ရေးတာထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သောကြောင့် မအားသည့်ကြားမှ ထိုသို့ ပြန်နိုင်နေခြင်း ဖြစ်သည်။ တချို့ကို လိုရင်း တိုရှင်း၊ တချို့ကို ရှည်ရှည်ဝေးဝေး ပြန်ရသည်။ တစ်ခါတစ်ခါ မအားလပ်သဖြင့် မပြန်ဘဲထားသည့် စာပုံကြီး ရှိနေတတ်သည်။ ထိုအခါများတွင် ကျွန်တော့်မှာ လေးငါးရက် အချိန်ယူပြီး အီနေအောင် ပြန်ရသည်များပင် ရှိသည်။

ထို့ကြောင့် အခုနောက်ပိုင်းမှာ သတိထားသည်။ စာတိုက်သေတ္တာ ဖွင့်လာသည့် တစ်ပတ်စာအတွက်ကို အားအား မအားအား အချိန် သတ်သတ် ပေးကာ မဖြစ်မနေ ပြန်ရတော့သည်။ စာကြွေး မပိအောင် ဖြစ်သည်။

ပြန်ရတာ များလွန်းသဖြင့် သူ့ကို ဘယ်လို ပြန်ရေးခဲ့မှန်းကိုပင် မမှတ်မိတော့ချေ။ ထို့ကြောင့် ကွန်ပျူတာထဲတွင် ပြန်ရှာရာ ကျွန်တော့်ပြန်စာကို အောက်ပါအတိုင်း တွေ့ရလေသည်။


၂၀ဝ၆ ဒီဇင်ဘာ ၉


မစိုးစိုးခိုင် ခင်ဗျား
ခင်ဗျာ့စာက ခင်ဗျားတို့မြို့ရဲ့ စာတိုက်က အောက်တိုဘာ ၂၄ ရက်မှာ ထွက်ပြီး ရန်ကုန်စာတိုက်ကြီးကို ၂၇ရက်မှာ ရောက်လာကြောင်း စာအိတ်ပေါ်က တံဆိပ်တုံးတွေအရ သိရပါတယ်။ ကျွန်တော်က အခုမှ စာပြန်ဖြစ်တဲ့အတွက် အနူးအညွတ် တောင်းပန်ပါရစေ။ သည်လပိုင်းအတွင်းမှာ ကျွန်တော့်မှာ ခေါင်းမဖော အားအောင် အလုပ်တွေ တအားပိနေလို့ပါပဲ။

ကိုင်း… ခင်ဗျားပြဿနာကို ကျွန်တော် တတ်နိုင်သမျှ ပြောကြည့်မယ်နော်။ ပြောရရင်တော့ အစကတည်းက ခင်ဗျား အမှားကြီး မှားခဲ့တာပဲ။ ဒါ အပြစ်တင် စကား မဟုတ်ပါဘူး။ သံဝေဂ ယူသင့်တဲ့ စကားပါ။ ရွှေမြင့်မိုရ် တစ်တောင်လုံးကို တုံးမှတ်လို့ ခုန်တဲ့ မိန်းမသားတွေဟာ သည်လောကမှာ ခင်ဗျား တစ်ယောက်တည်း မဟုတ်ပါဘူး။ အတော် များများပါ။ ဒါ့ကြောင့် မိန်းမတွေများ နှာခေါင်း မပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာအထိ ပြောကြဆိုကြတော့တာပေါ့။

သေချာတာတစ်ခုကတော့ မိန်းမတွေရဲ့ အချစ်နဲ့ ယောက်ျားတွေရဲ့ အချစ်နဲ့က တခြားစီပါ။ ယောက်ျားတွေက သွေးသားကိစ္စလို့ တည့်တည့် ပြောရမှာ မကောင်းတတ်လို့ ချစ်တယ်ဆိုတဲ့ သကာလေး အုပ်ပြီး ပြောတာ၊ အဲဒါကို ယုံလွယ်တဲ့ မိန်းမတွေ ဒုက္ခ များကြရတာပါပဲ။

ခင်ဗျားအနေနဲ့ အလုပ်သင့်ဆုံးကတော့ သည်ကိစ္စကို မေ့ဖျောက်လိုက်ပါ။ ကိုယ့်ကို မလိုလားတဲ့သူကို တစ်သက်စာအတွက်လည်း ဘယ်လိုမှ ဆက်မစဉ်းစားစေချင်ဘူးဗျာ။ တစ်သက်လုံး စိတ်ဆင်းရဲရမှာထက်စာရင် ခဏတဖြုတ် အသည်းကွဲရတာက သက်သာပါတယ်။ သေသောသူ ကြာရင်မေ့ဆိုတဲ့အတိုင်း အသည်းကွဲလည်း တစ်သက်လုံးတော့ ခံစားရမှာမဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်ခိုက် တစ်ဒင်္ဂလေးများမှာသာ ခံစားရမှာပါ။


ကလေးအတွက်လည်း ပထွေးတို့၊ အဖေ မရှိတာတို့ကို ယမယ် ရှာနေတာဟာ ခင်ဗျားကိုယ်တိုင်က မပြတ်ချင်လို့ အကြောင်းပြနေတာပဲလို့ ကျွန်တော်ကတော့ ရက်ရက်စက်စက် စွပ်စွဲလိုက်ချင်တယ်။ ကလေးမှာ ဖအေ ရှိတယ်။ သူ့ဖအေက တာဝန်မယူတာသာ ဖြစ်ပါတယ်။ ခင်ဗျားကိုယ်တိုင်က စိတ်ပြတ်ရင် ကလေးမကလို့ သိကြားမင်းကြီးပဲ တားတား ပြတ်သွားမှာပါ။


မိဘတွေ စိတ်တိုင်းကျ သူ့ကို အရေးယူရေး မယူရေးကို ပြောရရင်တော့ ခင်ဗျားတစ်ကိုယ်ရေအတွက်ပဲ မစဉ်းစားစေချင်ဘူး။ သည်လို ယောက်ျားမျိုးတွေ နောင်ကြဉ်အောင်၊ ခင်ဗျားလို အချစ်ဆိုတဲ့ အလွဲကြီးကို ကိုးကွယ် ရူးသွပ်တတ်တဲ့ လာလတ္တံ့သော မိန်းမကောင်းလေးတွေအပေါ်မှာ သည်လို ယောက်ျားမျိုးတွေ အခွင့်ကောင်း မယူရဲအောင် စံပြအဖြစ်နဲ့ ခင်ဗျားက အနာခံပြီးတောင် အရေးယူ ပေးဖို့ ကောင်းသေးတယ်လို့ ကျွန်တော်က အကြံပေးလိုက်ချင်ပါသေးတယ်။

လောကမှာ မြွေမသေ တုတ်မကျိုး ဖြစ်ချင်လို့ မရဘူးဆိုတာ ခင်ဗျား သိထားသင့်ပါတယ်။ ရှဥ့်လျှောက်မယ်ဆိုရင် ပျားအုံ ရှိလို့ ဘယ်ဖြစ်ပါ့မလဲ။ ပျားအုံရှိမယ် ဆိုရင်လည်း ရှဥ့်က ဖြတ်လျှောက်မှာကို မဟုတ်ဘူး။ အဲဒါ သဘာဝတရားဗျ။ အဲဒါကိုမှ လွန်ဆန်ချင်ရင် မသေဆေးရှာတဲ့သူလို ဖြစ်နေပါလိမ့်မယ်။


အကောင်းဆုံး အကြံပေးရရင်တော့ သည်ကိစ္စကို ခင်ဗျာ့ခေါင်းထဲက လုံးလုံး ထုတ်လိုက်ပါ။ ပြီးရင် ကလေးကို သတ္တိရှိရှိနဲ့ မွေးပါ။ အဲဒီ့ကလေးကို လူလားမြောက်အောင် ခင်ဗျားတစ်ယောက်တည်းရဲ့ အစွမ်းအစ၊ အရည်အချင်းနဲ့ ဘယ်နည်းဘယ်ပုံ ကြိုးစား ပျိုးထောင်ယူမလဲဆိုတာကိုပဲ တစ်ချိန်လုံး ကြံစည်အားထုတ်နေပါ။

မွေးလာတဲ့ ကလေးက ယောက်ျားလေးဖြစ်နေရင် သူ့အဖေလို တာဝန်မဲ့သူတစ်ယောက် ဖြစ်မလာအောင် ခင်ဗျားသာ ဖန်တီးယူနိုင်ပါတယ်၊ မိန်းကလေး ဖြစ်နေရင်လည်း မအေလို အချစ်ဆိုတဲ့ အလွဲကြီးကို ယုံမှားတတ်သူ ဖြစ်မသွားအောင် ခင်ဗျားသာ ပုံသွင်းနိုင်ပါတယ်။

ကျွန်တော့်အဖြေတွေက ခင်ဗျားအတွက် ကျေနပ်စရာ သိပ်ကောင်းမှာ မဟုတ်တာကို ကျွန်တော် နားလည်နိုင်ပါတယ်။ ခင်ဗျားက သည်ရွှေအချစ်ကိုပဲ ဇန်းတင်ချင်တဲ့သူကိုး။ ကျွန်တော်ကတော့ ယောက်ျားတစ်ယောက်ဖြစ်နေလို့လားတော့ မသိဘူး၊ ယောက်ျားတွေရဲ့ အချစ်ကို တစ်စက်ကလေးမှ အထင်ကြီးလို့ မရသလို မိန်းမသားတွေရဲ့ အချစ်ဆိုတာကိုလည်း ဘယ်ယောက်ျားသားနဲ့မှ မထိုက်တန်လှတဲ့ အလွဲကြီးအဖြစ် မြင်မိပါတယ်။

ခင်ဗျားမီးဖွားချိန်လောက်မှ သည်စာ ရောက်မယ်ဆိုလည်း မတတ်နိုင်ဘူးဗျာ။ ကျွန်တော့်ကို ခွင့်လွှတ်ပါတော့။ သည်စာ ခင်ဗျာ့အမေလက်ထဲ ရောက်သွားတော့လည်း ခပ်ကောင်းကောင်းပဲ၊ ခင်ဗျားအမေဘက်က ပြောစရာ စကား ပြည့်ပြည့်စုံစုံ ရသွားတာပေါ့။
အမြင်မှန်သွား၊ တည့်သွားပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။

တွေးဆဆင်ခြင်ကြည့်နိုင်ပါစေ
အောင်သိန်းကျော်

၎။
ကွယ်လွန်သူ ဆရာငြိမ်းကျော် ရေးခဲ့ဖူးသော “အပြာရောင် သစ်ခွပွင့်ရဲ့ သမိုင်းအစ” ဝတ္ထုကို ပြန်သတိရနေမိပါသည်။ သည်လိုဇာတ်လမ်းမျိုးပင် ဖြစ်သည်။

ရှိသေးသည်။ သည်ဇာတ်လမ်းထဲက စိုးစိုးခိုင်၏ လူလို၊ မိန်းကလေးတွေဘက်က အနိုင်ကျင့်ပြီး လက်ထပ်ခိုင်းလို့ ယူရတာပါဟု ကြွေးကြော်ကာ နှမချင်း မစာတတ်သူများကိုလည်း ဘယ်လို ဩချရမှန်း မသိ။

ကျွန်တော် နုစဉ်အခါက ကျွန်တော့်အမေက ကြားဖူးနားဝနှင့် ထိုသို့ မိန်းမတွေဘက်က ထောင်ဖမ်းလိုက်မည်ကို လွှတ်စိုးရိမ်ရှာသည်။ ကျွန်တော် ရယ်မိသည်။ ထောင်ဖမ်းတာ ခံရဖို့ဆိုသည်မှာ ကိုယ့်ဘက်က အမှားရှိမှသာ ဖြစ်သည်။

နှစ်ယောက်တိတိကို ရပ်ကျော် ရွာကျော် တွဲပြီးသည့်အပြင် နှစ်ဖက်မိဘများ ပြောဆို ကြောင်လမ်းပြီးကာမှ ကျွန်တော်တစ်ယောက် မျက်နှာပြောင်တိုက်ကာ ရှောင်ထွက်ခဲ့ဖူးပါသည်။ ကျွန်တော့်စိတ်ထဲတွင် ယနေ့ထက်တိုင်လည်း ဘယ်လိုမှ မနေပါ။ လိပ်ပြာ သန့်ပါသည်။ အကြောင်းကား ထိုနှစ်ယောက်ကို ကျွန်တော်  သမီးရည်းစားအဆင့်ထက် ပိုအောင် မနေခဲ့သောကြောင့်ဖြစ်သည်။

နေမိလို့ ထောင်ဖမ်းတာ ခံရလျှင် ထောင်ဖမ်းသူမှာက နောက်မှ အပြစ်ရှိတာ ဖြစ်သည်။ ကိုယ် မနေနိုင် မထိုင်နိုင် ရှိတာက အရင်ဆုံးမို့ ကိုယ့်အပြစ်သာ ဖြစ်ပေသည်။

နောက်တစ်ချက်ကတော့ “မိန်းမသားတို့ သိမ်းထားဖို့”ကို ဖတ်နေကြမည့် တချို့သော ယောက်ျားများ သတိထားရန်ဖြစ်သည်။

မိန်းကလေးတစ်ယောက်ကို ချစ်လှပါ ချေရဲ့ဟု ပြောကာ ကိုယ်လက်နှီးနှောလျှင် သိပ်ပြဿနာ မရှိပါ။ အဲ… အတည်တကျ လက်ထပ် ပေါင်းသင်းပါမည်ဟု ပြောပြီး ကိုယ်လက်နှီးနှောလို့ကတော့ဗျား… အဲဒါ ထောင်ကျနိုင်တဲ့ ရာဇဝတ်မှုပါ ခင်ဗျား။ (ဒါ့ကြောင့် ကျွန်တော့်ဘက်က ဘယ်မိန်းမကိုမှ လက်ထပ်မည်ဟု မပြောခဲ့ပါ။ လက်မထပ်ဘူးဟု တစ်လျှောက်လုံး ကြွေးကြော်ခဲ့ပါသည်။ သည်ကြားထဲကမှ သူတို့က လိုက်လျောတော့လည်း ဟဲ… ဟဲ… ကျွန်တော်က ဖိုးကျိုင်းတုတ်ပေါ့ ခင်ဗျာ။)


မိန်းမသားများလည်း သတိထားစေချင်ပါသည်။ မိမိကိုယ်ခန္ဓာကို အရယူ လိုသော စိတ်ဖြင့် လက်ထပ်မည်ဟု တွင်တွင်ပြောသောစကားကို နှစ်ကိုယ်ကြား သာမကဘဲ သက်သေရှိအောင် အစောကြီးကတည်းက လုပ်ထားကြစေလိုပါသည်။ ကိုယ့်ဘက် သူ့ဘက် နှစ်ဖက် သက်သေ ရှိအောင် လုပ်ထားသင့်သည့်အပြင် လိုအပ်ပါက အသံလေးပါ ဖမ်းထား၊ တတ်နိုင်လျှင် ဗီဒီယိုလေးပါ ရိုက်ထားလိုက်ခြင်းအားဖြင့် အဆိုပါသူကောင့်သား၏ လက်ထပ်မည်ဟု ပြောသောစကားကို  အစောကြီးကတည်းက အထောက်အထားနှင့် အရ ယူထားသင့်ပါသည်။

ပြောလက်စကို ပြန်သွားရလျှင် သူတို့ဘက်က ထောင်ပဲ ဖမ်းဖမ်း၊ အနိုင်ကျင့်လို့ပဲ ယူရယူရ၊ ကိုယ့်ဘက်က အနေမှားလို့ အခုလို ဖြစ်ရတာပါလား၊ ကိုယ့်ဘက်က မဆင်ခြင်မိလို့ ဖြစ်ရတာပါလားဟု စဉ်းစားသော ယောက်ျားများ သည်လောကမှာ ဘာ့ကြောင့် သည်လောက်ရှားသလဲဟု ကျွန်တော် မကြာခဏ စဉ်းစားဖူးပါသည်။


ပြောလိုက်လျှင်ကား ယောက်ျားတွေကပဲ မိန်းမတွေထက် ပိုသဘောထား ကြီးသလိုလို၊ ပိုပြီး ခမ်းနားနေသလိုလို၊ ဟိတ်တစ်လုံး ဟန်တစ်လုံးနှင့်။ ကိုယ့်ကျူးလွန်မှု၊ ကိုယ်ကိုယ်တိုင်၏ လုပ်ဆောင်ချက်အတွက် တာဝန်ယူဖို့ထက် တစ်ဖက်မိန်းမသားနှင့် အသိုင်းအဝိုင်းကြောင့် သူပဲ အနစ်နာခံခဲ့ရသလိုလို၊ သူ အလို့ပဲ ခံခဲ့ရသလိုလို ပြောတတ်ကြသည်မှာလည်း ထိုသို့ သဘော ထားကြီးသယောင်၊ ခမ်းနားသယောင် ဟိတ်ထုတ် သန်လှသော အနှီယောက်ျားသားများသာပင်။

၅။
မမများခင်ဗျား…
ကျွန်တော်မည်သော၊ ရာနှုန်းပြည့် မခြောက်သော၊ ယောက်ျားစစ်စစ်ကြီးက ယောကျာ်းတွေ မကောင်းဘူးဟု အတိအလင်း ပြောနေပါသည်။ (ကျွန်တော် ကိုယ်တိုင်လည်း အဲဒီ့ကိစ္စမှာ တစ်စက်လေးမှ မကောင်းပါခင်ဗျား။) သည်တော့ မမများဘက်က သတိကို ကြီးကြီးရော၊ သေးသေးရော၊ ရွယ်ရွယ် လတ်လတ်ပါ ထားလျက် အမြဲမပြတ် ဆင်ခြင်ဖို့သာ လိုအပ်သည်ဟု မှာပါရစေ။


ယောက်ျားတို့၏ အချစ်ကို ဟိုသင်းစား ပြောတောင် မယုံပါနှင့်။ ကျွန်တော်တို့ ယောက်ျားတွေ ဟိုစိတ် မွှန်နေပါက ဟိုသင်း စားဖို့ ဝန်မလေးဟုသာ မှတ်ယူကြစေလိုပါသည်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်

၁၉၀၁၀၇

Excerpts from ATK’s Newly Published Book

ပြီးခဲ့တဲ့အပတ်က ကျွန်တော့်စာအုပ်သစ် တစ်အုပ် ထွက်ပါတယ်။ “မိန်းမသားတို့ သိမ်းထားဖို့”ဆိုတဲ့ စာအုပ်ပါ။ Connection ကြောင့်ရယ်၊ ကျွန်တော့်မှာ သိပ်ကို အလုပ်များနေတာကြောင့်ရယ် အဲဒီ့ သတင်းကို မတင်ဖြစ်ခဲ့ပါဘူး။ အခု  အဲဒီ့စာအုပ်ထဲက စာတစ်ပုဒ်ကို ကောက်နုတ် တင်ဆက်လိုက်ပါတယ်။ ဖတ်ရှုဝေဖန်တော်မူနိုင်ကြပါကြောင်း။

လမ်းမှာ တွေ့ရတတ်တဲ့ သစ်ပင်များအကြောင်း

၁။

ဆရာရှင့်

သမီးက သည်လို စာတွေ ရေးလေ့ရေးထ မရှိလို့ အမှားပါရင် ခွင့်လွှတ်ပါရှင့်။

သမီးအသက်က ၂၀ရှိပါပြီ။ သမီးချစ်သူနဲ့ သမီးတို့ ချစ်သူဖြစ်တာ တစ်နှစ် ပြည့်သွားပါပြီ။ သမီးတို့နှစ်ယောက်က သူငယ်ချင်းလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သမီးတို့ အမြဲလိုလို ရန်ဖြစ်ပြီး စိတ်ကောက်တတ်ကြပါတယ်။ ဖြစ်တာကတော့လည်း ခဏပါ။ တစ်ရက်တောင် မခံပါဘူး၊ ခဏလေးပါပဲ။


သမီးက ဆရာ့ရဲ့ “မီးငယ်တို့ အသိကြွယ်ဖို့”စာအုပ်ကို ရည်းစားဖြစ်ပြီး နှစ်လလောက်မှာ သူ့ကို ဖတ်ခိုင်းထားပါတယ်။

ဪ… ရေးဖို့ ကျန်သေးတယ်။ သူက သမီးထက် အသက် နှစ်နှစ် ပိုကြီးပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ အလုပ် လုပ်ပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ သူ့အိမ်က အလုပ်မှာ ကူပါတယ်။ သမီးနဲ့ တွေ့ချိန်လည်း နည်းပါတယ်။ သမီးတို့ နှစ်ယောက်ကလည်း အရမ်း ချစ်ပါတယ်။ ရန်လည်း ဖြစ်ပါတယ်။

သည်လိုနဲ့ ဆရာရယ်… တွေ့ချိန်နည်းတော့ ကျူရှင်တို့၊ ကျောင်းတို့က သူငယ်ချင်းတွေနဲ့ သမီးကို သူက အမြဲတမ်း အထင်လွဲတယ်။ သမီး အရမ်း စိတ်ညစ်တာပဲ။ သမီးက သူ့ကို စာအုပ်ဖတ်ခိုင်းထားတော့ သူက အမြဲပဲ သမီးကို ညီမလေးတစ်ယောက်လို၊ ချစ်သူတစ်ယောက်လိုနဲ့ လိုတာထက် ပိုပြီး သမီးကို မချစ်ပါဘူး။

ဆရာ့စာအုပ်ကို သေချာဖတ်လေလေ၊ ယောက်ျားတွေကို ကြောက်မိလေလေပါပဲဆရာ။ သမီး အထင်ကြီးတဲ့ ဆရာတို့၊ သမီးအဖေတို့ကရော သည်လိုတွေချည်းပဲလား။ တောင်းပန်ပါတယ်နော်။ ဆရာ့စာအုပ်ထဲကအတိုင်းလေ။ သည်လိုပဲလား။ သမီးချစ်သူကရော၊ သူက သမီးကို လုံးဝ မရသေးလို့ပဲလား ဆရာ။ အဲဒီ့အထင်နဲ့ သမီးမှာ စိတ်ညစ်နေရပါတယ်။

သူ့မိဘတွေနဲ့တော့ သမီးတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့နေ့က မိတ်ဆက်ပြီးပါပြီ။ အားလုံး အိုခေပါပဲ ဆရာ။ သူက သူ့အသက် ၂၅နှစ် ပြည့်ရင် သမီးကို လက်ထပ်မယ်လို့ ပြောနေပါတယ်ဆရာ။ အခု သူက ၂၂နှစ် ကျော်ပြီလေ။ သမီးမိဘတွေနဲ့လည်း မိတ်ဆက်ပေးဖို့ ပြောနေပါတယ်ဆရာ။ သမီး ဘယ်လို လုပ်ရမလဲ။ မိဘတွေနဲ့ရော ဘယ်လို ဆုံပေးရပါသလဲ။ ဆရာက သမီးရှင်တစ်ယောက်အနေနဲ့ မိဘတွေ ဘယ်လိုကြိုက်သလဲဆိုတာကို ပြောပေး ပါဆရာ။ ဘာတွေ လိုအပ်သလဲဆိုတာကိုပေါ့။

သူက သမီးကို ရပြီးရင် နောက်မိန်းမတွေနဲ့ တွဲဦးမှာလားဟင်။ ဆရာ့ စာအုပ်ထဲကလိုပေါ့။ သမီချစ်သူမို့ ပြောတာ မဟုတ်ပါဘူး ဆရာ။ သူ့မှာက နာမည်ပျက် လုံးဝ မရှိပါဘူး။ သမီး သူ့ကို အမျိုးမျိုး စမ်းသပ်ထားတာ။ သမီးသူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်ပေးဖူးတယ်၊ သူ့အကြောင်းတွေကိုလည်း အမြဲစုံစမ်းနေတာပါ။ အလုပ်မှာရော၊ သူ့ပတ်ဝန်းကျင်မှာပါ ဘာဆို ဘာမှ မရှိပါဘူး။

သမီး သူ့ကို မိဘတွေနဲ့ မိတ်ဆက်ပေးသင့်သလားဟင်။ သမီး သူ့ကို ယူသင့်သလား။ သမီး သူ့ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ယောက်ျားတွေကို အရမ်း ကြောက်နေတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဟင်။ သမီးကို အကြံဉာဏ်ပေးစေချင်ပါတယ်။

သမီးရဲ့လိပ်စာက (မြို့ကြီးတစ်မြို့မှ တက္ကသိုလ်တစ်ခု၏ လိပ်စာကို ပေးထားပါသည်။)

မတ်လမှာ ကျောင်းပိတ်မှာမို့ သမီးရဲ့ စာကို မဖတ်ဖြစ်ခဲ့ရင် ဆရာ့ရဲ့ အကြံပေးစာကို စက်တင်ဘာလကျမှ ပို့ပေးစေချင်ပါတယ်။

၂။

နေ့စွဲမပါ။ လက်မှတ်ထိုးမထားသော စာတစ်စောင်ဖြစ်သည်။ ထားပါ။ သူ့ဆီကို ကျွန်တော် ချက်ချင်းပင် စာပြန်ပေးခဲ့ပါသည်။ ကျွန်တော့်ပြန်စာကို ဦးစွာ ဖတ်ရှုတော်မူကြပါဦး။

၂၀ဝ၇ ဇန်နဝါရီ ၃၁


သမီး မဟဝှာ


သမီးရဲ့ နေ့စွဲမပါတဲ့ စာကို ပြန်လိုက်တာပါ။ လိုရင်းကို တိုတိုရှင်းရှင်းပဲ ပြောပါရစေ။

  1. တစ်ယောက်တည်းကို ချစ်ဖူးပြီး အဲဒီ့တစ်ယောက်တည်းကိုပဲ တစ်သက်တာ လက်တွဲဖို့ စဉ်းစားတဲ့သူလောက် သည်လောကမှာ ဆင်ခြင်ဉာဏ် ကင်းမဲ့သူ ရှိမှာ မဟုတ်ဘူးလို့ ဆရာကတော့ ယူဆပါတယ်။ လူတိုင်းမှာ ရွေးချယ်ခွင့်တွေ ရှိတယ်။ သူငယ်ချင်းတွေနဲ့ပဲ ပြောရအောင်။ ကိုယ်က အကောင်းထင်ပြီး လှိုက်လှိုက်လှဲလှဲ ပေါင်းနေမိပေမဲ့ အရေးအကြောင်းမှာ အားမကိုးရတဲ့ သူငယ်ချင်း၊ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတတ်သလို ကိုယ်က ဘာသိဘာသာနေမိပေမယ့် တကယ်တမ်းမှာ ကိုယ့်အပေါ် အမှန်တကယ် အနွံအတာခံတဲ့ သူငယ်ချင်းမျိုးလည်း တွေရတာ လောကဓမ္မတာပါပဲ။ ပြောရရင်တော့ “လူ”အကြောင်းဟာ ပေါင်းရင်းနဲ့မှ သိလာရတာပါ။ ကိုယ့်ချစ်သူဖြစ်သွားတာနဲ့ သူဟာ “လူ”ဘဝ ကနေ နတ်ဘဝ၊ သိကြားဘဝကို ပြောင်းမသွားဘူး။ သူလည်း လူစစ်စစ်ပဲ။ သူ့မှာလဲ ကိုယ် ထင်မထား၊ သိမထားတဲ့ အနာအဆာတွေ၊ ကိုယ်နဲ့ အစပ်မတည့်တာတွေ တစ်လှေကြီး ရှိနိုင်တယ်။ အဲဒါကို သိပ်ချစ်နေတုန်းတော့ မြင်မှာ မဟုတ်ဘူး။ တစ်သက်တာ ပေါင်းတဲ့အခါကျရင် မြင်လာရတော့မှာ။ အများကြီးထဲက ခေါင်းခေါက် ရွေးတတ်မှသာ မိန်းကလေးတွေအတွက် တန်ကာကျတယ်။ သည်တစ်ယောက်ထဲကိုပဲ ကြိုက်၊ သည်တစ်ယောက်နဲ့ပဲ လက်တွဲခဲ့တဲ့သူတွေရဲ့ မျက်ရည်တွေဟာ ကပ္ပလီပင်လယ်ကြီးထက်တောင် ပိုနေပါလိမ့်မယ်။ ဆရာ့ဆီကို ရောက်ရောက်လာတဲ့ အိမ်ထောင်ရေး ဒုက္ခသည်တွေဟာလည်း သည်အတိုင်းပဲ။ အချစ်ကို ကိုးကွယ်မိတဲ့ မိန်းမသားတွေဟာ နောက်ဆုံးကျ ဒူးနဲ့တင်မက၊ ခြေသလုံးနဲ့ရော၊ ခြေဖမိုးနဲ့ပါ မျက်ရည် သုတ်နေကြရသူချည်းပါပဲ။ ခြွင်းချက်တစ်ယောက်မှ မရှိဘူး။
  2. ကိုယ့်ထက် နှစ်နှစ်ပဲ ကြီးတဲ့သူကို မရွေးချယ်သင့်ဘူး။ ကိုယ့်အသက် ၅၀ မှာ သူ့အသက်က ၅၂ နှစ်ပဲ ရှိဦးမှာကို စဉ်းစားပါ။ ၅၀ အရွယ် မိန်းမဟာ သွေးဆုံးနေပြီ၊ ကလေးတွေ မွေးထားလို့ ပုံပျက်နေပြီ။ ၅၂ နှစ် အရွယ် ယောက်ျားတစ်ယောက်ဟာ ၅၀ အရွယ် မိန်းမ တစ်ယောက်ကို ဘယ်လို နည်းနဲ့မှ ဖီလင်မလာတော့ဘူး။ အဲဒါကို အပြည့်အဝ ယုံပါ။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ထက်ငယ်တဲ့သူ၊ ကိုယ်နဲ့ မတိမ်းမယိမ်း၊ ကိုယ့် ထက် သုံး-လေးနှစ်လောက်သာ ကြီးသူများကို အိမ်ထောင်ဖက်အဖြစ် လုံးဝ မစဉ်းစားသင့်ဘူး။ အနည်းဆုံး ကိုယ့်ထက် ခုနစ်နှစ် ရှစ်နှစ်ကြီးတဲ့သူကို ရွေးရပါမယ်။ ဖြစ်နိုင်ရင် သည့်ထက်တောင် အသက် ကွာသင့်သေးတယ်။ အဲဒါမှသာ တစ်ဘဝလုံး စိတ်ချမ်းသာရမှာပါ။ ဒါလည်း ခြွင်းချက် မရှိဘူး။
  3. ရည်းစားထားတာကို ဆရာ အပြစ်မတင်ဘူး။ အပြစ်မတင်တဲ့အပြင် အားတောင် ပေးချင်သေးတယ်။ ဒါပေမယ့် တစ်ယောက်တည်း ထားတာဆိုရင်တော့ သတ်ချင်တယ်။ ဆရာ့သမီးနဲ့ သားကိုလည်း အပျိုပေါက်၊ လူပျိုပေါက်ကတည်းက မှာတယ်။ ရည်းစားထားချင်ရင် ကြိုက်တဲ့အရွယ်၊ ကြိုက်တဲ့အချိန်မှာ ထားနိုင်တယ်လို့။ ဒါပေမဲ့ တယောက်တည်းပဲ ထားမယ် ဆိုရင်တော့ နားရင်း အုပ်မှာလို့။ ဆရာ့သမီးက အခုမှ ၁၈ နှစ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိန်းနိုင်တယ်လို့ ဆရာ အပြည့်အဝ ယုံတဲ့အတွက် တစ်မြို့ တစ်ရွာမှာ သူ့ဘာသာ နေနေတာကို ဆရာ သိပ်မပူပန်မိဘူး။ ဆရာ့သားက အခုမှ ဆယ်တန်း၊ ပြင်ဦးလွင်မှာ ကျောင်းအိပ် ကျောင်းစား နေနေတယ်။ မနှစ်က သူ့အသက် ၁၅ နှစ်အတွင်းမှာ ရည်းစားက လေးယောက်တိတိ ရှိခဲ့ပြီးပြီ။ တယ်လီဖုန်းနဲ့ သူ့ကို မိတ်ဆက်ပြီး စကားပြောနေတဲ့ ကောင်မလေးတွေလည်း တန်းကို စီလို့၊ အိမ်က ဖုန်းဆိုတာ မနားရဘူး။ ဆရာ့သားသမီး တွေကို “အချစ်”အကြောင်း လာမပြောနဲ့၊ ဟားလွှတ်လိမ့်မယ်။ သူတို့ အသည်းလည်း ကွဲဖူးတယ်၊ ချစ်လိုက်တာလည်း တုန်ဖူးတယ်။ ဒါပေမဲ့ လင်ယူ၊ မယားယူဖို့ စိတ်ကို မကူးကြမှန်း ဆရာ အသိဆုံးပါ။ သူတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက်ကိုပဲ စဉ်းစားမယ်လို့ ဆရာ ယုံတယ်။ ဒါ ကြွားတာ မဟုတ်ဘူးနော်။ ကြွားစရာကိစ္စလည်း မဟုတ်ဘူး။ အသိဉာဏ်ကိစ္စကို သမီး အတုခိုးချင်ရင် ခိုးလို့ ရအောင် ပြောတာ။
  4. ရည်းစားထားပြီး အဲဒီ့ရည်းစားတစ်ယောက်တည်းကိုပဲ လက်ထပ်ဖို့အထိ စိတ်ကူးတာဟာ အသိဉာဏ်မဲ့တာပဲ။ ဘဝမှာ လင်ယူသားမွေးရုံနဲ့ ကိစ္စ မပြီးဘူး။ အချစ်တွေ၊ အိမ်ထောင်ပြုတာတွေဟာ ဘဝရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်၊ ဘဝရဲ့ အဓိက အခန်းကဏ္ဍ မဟုတ်ဘူး။ အဓိကနဲ့ သာမညကို ခွဲပြီး မမြင်တတ်ရင် ချစ်တာကို ကိုးကွယ်နေလိမ့်မယ်။ အဓိကက ဘာလဲ။ လူဖြစ်လာရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့ အသိဉာဏ် တစ်နေ့တခြား ရင့်ကျက်လာဖို့ ကြိုးစားရမယ်။ အဲဒီ့အတွက် မကြိုးစားဘဲ အချစ်ကို ကိုးကွယ်တဲ့သူဟာ ကိုယ်သွားမယ့် ခရီးကို မမြင်တော့ဘဲ လမ်းမှာ ပထမဆုံး တွေ့ရတဲ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊ အဲဒီ့ သစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့ မြင်ပြီး ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့ တူပါတယ်။

ဆရာ့အဖြေတွေက သမီးအတွက် ကျေနပ်စရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဆရာပြောတိုင်း သမီး လက်ခံရမယ်လို့ မပြောပါဘူး။ သမီးရဲ့ ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားကြည့်ပြီးမှ လုပ်သင့်တာ လုပ်စေချင်ပါတယ်။ နောင်ကိုလည်း စာရေးချင် ရေးနိုင်ပါတယ်။ သမီးရဲ့ချစ်သူကိစ္စကို အဖေတစ်ယောက်နေရာက ပြောရမယ်ဆိုရင် အထက်က အချက် (၁)နဲ့ (၂)ကြောင့်ပဲ  လုံးလုံး သဘောမတူဘူးဟေ့လို့ပဲ အပြတ်ပြောချင်တယ်။

တွေးဆဆင်ခြင်ကြည့်နိုင်ပါစေ
အတ္တကျော်

၃။
စောစောကပဲ တစ်ယောက် လာသွားသေးသည်။ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည့်ကြားထဲက ကျွန်တော် ခံလိုက်ရသည်။     ခင်မင်ရင်းနှီးနေသူ လူငယ်လေးတစ်ဦးက ဖုန်းဆက်ကာ လာပါရစေဟု ခွင့်ပန်သည်။ သည်လူငယ်လေးက သည်လိုပဲ ကျွန်တော့်ထံ ရောက်လာတတ်သူမို့ ကျွန်တော်လည်း ဘာဘာညာညာ မစဉ်းစားတော့ဘဲ လာခဲ့ပါဟု ပြောလိုက်မိသည်။


သို့သော် သူလာသောအခါ အမျိုးသမီးတစ်ယောက် ပါလာသည်။ ထိုအမျိုးသမီး၏ အိမ်ထောင်ရေး ပြဿနာကို တိုင်ပင်ဖို့ ဟိုလူငယ်လေးက ကြားပွဲစား လုပ်လာခြင်းပင်။ ကျွန်တော် စိတ်တိုသွားပါသည်။ ထိုလူငယ်လေးကိုလည်း နောက်နောင် ထိုသို့ မလုပ်ဖို့ ပြောမိသွားရတော့သည်။
ဟိုအမျိုးသမီးကိုတော့ ရောက်လက်စနှင့်မို့ အားနာပါးနာ ဆွေးနွေးပေးလိုက်ရသည်။


ယခုတစ်လတွင် နာမည် လုံးလုံး ဖော်ပြမထားသူ မိန်းကလေးလိုပင် ညီမလေး အရွယ်တုန်းက အချစ်ကို ကိုးကွယ်မိရာမှ မမကြီးဘဝသို့ ရောက်သောအခါ ဗျာများနေသူတစ်ဦးပင် ဖြစ်သည်။ ယခု သူ့အသက်အရွယ်မှာ ၄၀။ အိမ်ထောင်သက်က ၁၈ နှစ်။ သားသမီးက သုံးယောက်။
မမက ငွေကြေး တတ်နိုင်သူမို့ သူ့ကိုယ်သူ ပြုပြုပြင်ပြင် ဆင်သထားသည့်အတွက် ကြည့်ပျော်ရှုပျော်တော့ ရှိနေပါသေးသည်။ ကလေး သုံးယောက် အမေ ဆိုပေမယ့် သူ့ကိုယ်လုံးကလည်း ပုံပျက်ပန်းပျက်မဟုတ်ပါ။ ကြည့်ရတာ လေ့ကျင့်ခန်းတွေ ဘာတွေလည်း ပုံမှန်လုပ်ထားသူပင် ဖြစ်လောက်ပါသည်။ သို့သော် ၄၀ အရွယ် မိန်းမဆိုတာကတော့ ၂၀ အရွယ် မိန်းမပျိုလေးလိုတော့ လတ်ဆတ် လန်းစိုမနေတော့သည်မှာလည်း မြင်သာလှပါသည်။

သူ့ကိုကိုက သူ့ထက် နှစ်နှစ်ကြီးသည်။ (တိုက်ဆိုင်ပုံများ) အခု အဲဒီ့ သူ့ကိုကိုက ကွယ်ရာမှာ ခြေများနေသည်။ သူ့ကိုလည်း နေ့စဉ်နှင့်အမျှ ပြဿနာ ရှာနေသည်။ အချိန်မရွေး ကွာလိုက်၊ အိမ်ပေါ်က ဆင်းသွားဟုလည်း ခြိမ်းခြောက် မောင်းမဲနေပါသည်တဲ့။

ကိုင်း…

ထိုမမလည်း ရွှေမြင့်မိုရ်တစ်တောင်လုံးကို တုံးမှတ်ပြီး ခုန်ခဲ့သူပင် ဖြစ်တော့သည်။
၎။
ကျွန်တော့်စာတွေကို ဖတ်နေသူထဲက တစ်ချို့တလေက ပြောဖူးသည်။ ရည်းစား များများ ထားဖို့ ကျွန်တော်က အားပေးနေတာကို လက်မခံနိုင်ကြောင်းပင် ဖြစ်သည်။ လက်မခံလည်း ရပါသည်။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နည်းတူအတိုင်း လူတိုင်းလည်း ကိုယ်ကြိုက်တာ ကိုယ်ယုံကြည်ပြီး လက်ခံချင်လည်း လက်ခံ၊ ငြင်းပယ်လိုက ငြင်းပယ်နိုင်ပါသည်။ ကျွန်တော်ကတော့ သဘာဝတရားနှင့် ချိန်ထိုးကာ စဉ်းစားသင့်သည်များကို ချပြခြင်းသာ ဖြစ်ပါသည်။ လက်ခံပါဟု ဘယ်သူ့ကိုမှ မတိုက်တွန်းစကောင်းပါ။

သို့သော် လက်မခံချင်သူများ တစ်ခုတော့ စဉ်းစားစေချင်ပါသည်။ ကျွန်တော့် ပြန်စာထဲတွင် ဖော်ပြထားသလို ရည်းစားသည်လည်း လူသာ ဖြစ်ပါသည်။ ကိုယ့်ရည်းစားဖြစ်သဖြင့် နတ်သိကြားဘဝသို့ အရှင်လတ်လတ် ပြောင်းမသွားနိုင်သော အချက်ပင်ဖြစ်သည်။ လူသည် လူသာဖြစ်သဖြင့် သူ့မှာ အနာအဆာတွေ၊ ကိုယ်နှင့် စရိုက်မတူတာတွေ များစွာ ရှိနေနိုင်ပါသည်။ ထိုအချက်များကို ချစ်တုန်းခဏမှာ မြင်ရဖို့ သိပ်ခက်ပါသည်။
ဘဝသည် ချစ်တာတစ်ခုတည်းနှင့် မပြီးပါ။ ဘဝမှာ ထမင်းစားတာ၊ အဝတ်ဝတ်တာ၊ အိပ်စက်အနားယူတာများလည်း ပါဝင်ပါသေးသည်။

ထမင်းရည်ကို ချစ်တုန်း ခဏ လျက်လို့ ရပါလိမ့်မည်။ သို့သော် တစ်လကျော်အထိ ဆက်တိုက် ထမင်းရည် လျက်နေရပြီဆိုပါက ထိုအချစ်က ဖွယ်တယ်တယ် ဖြစ်လာရပါတော့မည်။ ချစ်လှပါချေရဲ့ဆိုပြီး ဂုံနီအိတ်ကို ခါးပတ်ထားသည့်သူလည်း မရှိပါ။ တဲအိုပျက်မှာ နေရနေရဆိုတာလည်း သီချင်းရေးဆရာတွေက မှိုင်းတိုက်သွားခြင်းသာ ဖြစ်ပါသည်။ တကယ့်တကယ်က လူမှန်သမျှ လူတန်းစေ့နေချင်သူချည်းသာ ဖြစ်ပါသည်။

သို့သော် ချစ်တုန်းခဏ (ဝါ) မွှန်လို့ ကောင်းတုန်း ခဏမှာတော့ ဒါတွေကို အဟုတ် မှတ်တတ်သည်မှာလည်း လူတို့၏ ဓမ္မတာပါ။ ကျွန်တော်ပင် ဆယ်တန်း ကျောင်းသားဘဝက အချစ်အချစ်ဟု ကြွေးကြော်ပြီး ဆယ်တန်း ဖြေခါနီးဆဲဆဲမှာ အိမ်ပေါ်က ဆင်းကာ လမ်းပေါ်နေ၊ လမ်းပေါ်အိပ် ဘဝဖြင့် အချစ်သူရဲကောင်းကြီး လုပ်ခဲ့ဖူးပါသေးသည်။ ခုနေ ပြန်တွေးကြည့်တော့ အတော် မိုက်လုံးကြီးသော ကျွန်တော်အဖြစ် ပြန်မြင်နေမိရပါပြီ။

ဒါတောင် ကံကြီးပေလို့။ ဟိုမိန်းမက ကျွန်တော့်ထက် အသက်ကြီးသလို ကျွန်တော့်ထက် ရည်းစားလည်းများသည်။ (နောက် နှစ်ပေါင်း အတော်ကြာမှ သိရတာ။ ကျွန်တော်တို့ လည်ပုံ ပြောပါတယ်။) သည်တော့ သူက ကျွန်တော် မွှန်သလို မမွှန်ဘဲ သူ့အိမ်ထောင်ရေးကို သူ့ဦးနှောက်နှင့် ရွေးချယ်သွားပေလို့။ အဲတုန်းက ကျွန်တော့်လိုပဲ၊ သူကလည်း မနူးမနပ်နှင့် အချစ်ကို အဟုတ်မှတ်ကာ ကျွန်တော် မိုက်သလို ကူမိုက်ခဲ့ပါက အံမယ်မင်း… သူ့ဘဝရော၊ ကျွန်တော့် ဘဝပါ မတွေးရဲစရာခင်ဗျ။


အခု သင်းဘဝ ဘာဖြစ်နေသနည်း။ ချမ်းမြေ့ပျော်ရွှင်သောအိမ်ထောင်ရေးမှာ စိုစိုပြည်ပြည်နှင့် ရွှေဘုံပေါ်မှာ စံနေပါသည်။ ကျွန်တော့်ဘဝလည်း ရွှေဘုံပေါ်မှာ မဟုတ်သည့်တိုင် လူတန်းစေ့တော့ မပူမပင် မတောင့်မတ မကြောင့်မကြနေရပါသည်။ မိသားစုဘဝလည်း သာယာအေးချမ်းလို့ နေပါသည်။


နောက်တစ်ချက်မှာ ထိုမိန်းမကလည်း သူ့ထက် အသက် တော်တော် ကြီးသော ယောကျာ်းကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သလို ကျွန်တော် အိမ်ထောင်ပြုတော့လည်း ကျွန်တော့်ထက် အသက် တော်တော် ငယ်သူကို (ရွှေဦးနှောက်ကြီးနှင့် ကျကျနနကြီးကို) ရွေးချယ်ခဲ့ခြင်းဖြစ်ပြန်သည်တမုံ့။

၅။
ဗေဒင်မေးလျှင် ပိုက်ဆံကုန်ပါသည်။ ရွယ်တူချင်းတွေ၊ အသက်ချင်း မတိမ်းမယိမ်းတွေ ယူထားကြသော အိမ်ထောင်တစ်ရာမှ မိန်းမသား ၇၀ ရာခိုင်နှုန်းကျော်ကတော့ သူတို့ အိမ်က နွားအိုကြီးများ မြက်နုကို ပြောင်ပြောင် တစ်မျိုး၊ တိတ်တိတ်တစ်သွယ်၊ ဝယ်ကြိတ်တာက ပါသေး ဆိုတာများနှင့်သာ ကြုံရစမြဲ ဖြစ်သည်မှာတော့ မလွဲပါ။

သိက္ခာအပြည့်နှင့် မိသားစုကြားတွင် တကယ့် အိမ်ထောင်ဦးစီး၊ ဧရာမ ကျေးဇူးရှင်ကြီးများအဖြစ် ဟိတ်တစ်လုံး ဟန်တစ်လုံး လုပ်နေကြသော ကိုကိုတွေလည်း အိမ်က ကြက်မကြီး မသိအောင် လစ်လျှင် လစ်သလို ဇာတ်ရှုပ်နေတတ်ကြသည်များမှာလည်း ဟုတ်ကဲ့… ကျွန်တော်တို့ ကျားလောကမှာ လုံးဝ မဆန်းပါခင်ဗျား။

မယုံလျှင် နှစ်သက်ရာ ကာရာအိုကေဆိုင် တစ်ဆိုင်ဆိုင်ကို ဝင်သွားကြည့်ပါ။  လူပျိုလူရွယ်လေးများကို အင်မတန်မှ တွေ့ရခဲပါသည်။ ကြည့်လိုက်လျှင်  အောက်သွား မရှိဖြစ်နေသူ အများစုမှာ နွားပြာ အလတ်စားတွေ၊ နွားပြာ အကြီးစားတွေသာ ဖြစ်နေသည်ကို မြင်ရတန်ကောင်းပါသည်။ သည့်ထက် ထဲထဲဝင်ဝင် လေ့လာကြည့်မည်ဆိုလျှင် ထိုနွားပြာများ၏ အိမ်က မမများမှာလည်း သူတို့နှင့် အသက်ချင်း သိပ်မကွာသူများသာ ဖြစ်နေလေမည်မှာလည်း ဧကန်မလွဲပါ။

သည်တော့လည်း ဟိုကလေးမထံ ပြန်သော ကျွန်တော့်စာက အများကြီး စဉ်းစားစရာ ကောင်းနေလိမ့်မည်ဟု ယုံကြည်ပါသည်။

၆။
နောက်ဆုံးတစ်ချက်ကလည်း ထိုပြန်စာထဲမှာ ကျွန်တော့်အယူအဆကို ချိန်ဆကြရန်ပင် ဖြစ်သည်။

ကျွန်တော့်ပြန်စာထဲတွင် သည်လိုရေးထားပါသည်။

လူဖြစ်လာရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊ ကိုယ့်ရဲ့အသိဉာဏ် တစ်နေ့တခြား ရင့်ကျက်လာဖို့ ကြိုးစားရမယ်။ အဲဒီ့အတွက် မကြိုးစားဘဲ အချစ်ကို ကိုးကွယ်တဲ့သူဟာ ကိုယ်သွားမယ့်ခရီးကို မမြင်တော့ဘဲ လမ်းမှာ ပထမဆုံး တွေ့ရတဲ့ အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊ အဲဒီ့သစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့ မြင်ပြီး ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့ တူပါတယ်။

စာဖတ်သူလူကြီးမင်းအပေါင်းတွင် ဆင်ခြင်ဉာဏ်များ ရှိနှင့်ပြီးသား ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အဆိုပါ ကျွန်တော့်အဆိုအား လက်ခံသင့်၊ လက်မခံသင့်ကို မိမိတို့ဘာသာ ချိန်ဆကြည့်တော်မူကြပါကုန်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၁၆၀၂၀၇

Final Notes on Phone Story (Part 2)

ဝတ္ထုနောက်မှာ ပြောချင်တာ

၁၉၉၆ခု၊ ဩဂုတ်လထုတ် “ပန်းဝေသီ”မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သော သည်ဝတ္ထုနှင့် ပတ်သက်၍မူ ပြောချင်တာ အတန်များပါသည်။

ပထမဆုံးမှာ ကျွန်တော့်စာရေးသက်တစ်လျှောက်တွင် သည်ဝတ္ထုလေးသည် ပီတိများကို ပထမဆုံး ဆောင်ကြဉ်းလာသော ဝတ္ထုလေးအဖြစ် မှတ်မိနေပါသည်။ ဖတ်မိသူတိုင်းက ချီးမွမ်းကြသလို သောင်းပြောင်းထွေလာမဂ္ဂဇင်းမှ ဝေဖန်ရေးဆရာတစ်ဦးကလည်း  အမွှမ်းတင်ခဲ့ပါသေးသည်။ ကျွန်တော် ကိုယ်တိုင်လည်း စိတ်တိုင်းအကျဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်ခဲ့လေသည်။


တစ်ခုတော့ စိတ်မကောင်းစရာ ဖြစ်သွားခဲ့ပါသည်။ ဝတ္ထုတွင် အဓိကထားကာ သုံးခဲ့သော ငှက်နှင့် သစ်ကိုင်း နိမိတ်ပုံမှာ အမှန်တော့ သီချင်း မဟုတ်ပါ။ ကဗျာဆရာ မောင်ပေါက်စည်၏ ကဗျာတစ်ပုဒ် ဖြစ်နေမှန်း သည်ဝတ္ထု ဖော်ပြပြီး နှစ်နှစ်ကျော်ကြာမှ ကျွန်တော် သိလိုက်ရပါသည်။ သူက သည်လို ရေးခဲ့ပါသည်။


လာရောက်ခိုနား
သူပျံသွားသော်
ကိုင်းဖျား ဆတ်ဆတ်ခါသတည်း…


ဆရာမောင်ပေါက်စည်ကို ခရစ်ယန် သာသနာပိုင်ချုပ် (ယခု အငြိမ်းစား) ဆရာ အယ်န်ဒြူးမြဟန်အဖြစ် ကျွန်တော် ခင်မင်ရင်းနှီးပါသည်။ သူ့ကို ကဗျာဆရာမှန်း၊ မောင်ပေါက်စည်မှန်း ကျွန်တော် မသိခဲ့ပါ။ သူ့ ကဗျာစာအုပ်ထွက်လာသောအခါတွင်မှ ထိုကဗျာနှင့် ထိုကဗျာဆရာကို သိရပါသည်။
ထိုကဗျာကို ၁၉၅၃ ခုနှစ်တွင် သူရေးခဲ့ပါသည်။ ကျွန်တော့်ကို ၁၉၅၇ ခုနှစ် ကုန်လုနီးမှ မွေးပါသည်။ ထို့ကြောင့် မည်မျှပင် ကျော်ကြားခဲ့သည်ဖြစ်စေ၊ ကျွန်တော် ဘယ်လိုမှ အလှမ်းမမီနိုင်သောကဗျာ ဖြစ်နေခဲ့ပါသည်။ ကျွန်တော် ကြားဖူးသည်မှာ ကျွန်တော့်ဝတ္ထုထဲတွင် ရေးခဲ့သည့်အတိုင်း သီချင်းသာ ဖြစ်ပါသည်။


သို့ရာတွင် ဆရာမောင်ပေါက်စည်၏ ကဗျာစာအုပ်တွင် အဖွင့် အမှာ ရေးသူ ဆရာမောင်ပေါက်စည်၏ သူငယ်ချင်း ကဗျာဆရာ၊ ဝေဖန်ရေးဆရာက ကျွန်တော့်အမည်ကိုလည်း မဖော်ပြ၊ ဝတ္ထုအမည်ကိုလည်း မဖော်ပြဘဲ၊ ကျွန်တော်ကပဲ လူလည်လုပ်ကာ ဆရာ မောင်ပေါက်စည်၏ ကဗျာကို အညွန့်ခူးသယောင်ယောင် ထည့်သွင်းနှိပ်ကွပ်လိုက်သည်ကို ဖတ်လိုက်ရသောအခါ စိတ်မကောင်းပါ။


ကျွန်တော့်စာရေးသက်တစ်လျှောက်တွင် ကျွန်တော်သည် အမြဲတစေ ရိုးသားခဲ့ပါသည်။ ကဗျာများတင်မက ခေါင်းစဉ်များကိုပါ ယူငင် သုံးစွဲသည့်အခါ မူရင်းဆရာတို့၏ အမည်ကို ဖော်ပြရန် မည် သည့်အခါကမျှ ဝန်မလေးခဲ့ပါ။

တစ်ခါက ရွှေအမြူတေမဂ္ဂဇင်းတွင် “အိပ်မက်အတူမက်ကြစို့ မနက်မလင်းခင်” အမည်ဖြင့် အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ် ရေးဖူးပါသည်။
ကိုးကား ကဗျာမှာ…

ခံစားမှု ဝေစုယူ
အတူစက်ပါလှည့် မောင့်ချစ်သက်သခင်
အိပ်မက်အတူ မက်ကြစို့ မနက်မလင်းခင်…

ဟူ၍ ဖြစ်ပါသည်။ ထိုကဗျာကို ဘယ်သူရေးမှန်း ကျွန်တော် မသိ တော့ပါ။ ထို့ကြောင့် ဝတ္ထုကို ဖော်ပြရာတွင် ယင်းကဗျာရှင်အမည်ကို သိသူရှိက ကျွန်တော့်ကိုဖြစ်စေ၊ ရွှေအမြုတေသို့ဖြစ်စေ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံချက်ကို ဝတ္ထုဖော်ပြချိန်တွင် အစဉ်တစိုက် ကြေညာခဲ့ဖူးပါသည်။ မည်သူကမျှ အကြောင်းမပြန်သည့်အတွက် ယနေ့ထက်တိုင်လည်း မည်သူရေးမှန်း မသိရသေးပါ။


ပြောလိုသည်မှာ ကျွန်တော့်ဘက်က ဖြောင့်မတ်ခြင်းကိုပင် ဖြစ်ပါသည်။ သို့တစေ ဆရာမောင်ပေါက်စည်၏ သူငယ်ချင်း ကဗျာဆရာ/ဝေဖန်ရေးဆရာကမူ ကျွန်တော့်အပေါ် ဒေါသသင့်သော အရေးအသားဖြင့်  တစ်ဖက်သတ် စွဲချက်တင်ခဲ့ဖူးလေသည်။ ကျွန်တော့် ကုသိုလ်ကံ အကျိုးပေးဟုသာ ဆိုရန် ရှိပေတော့သည်။


ဝတ္ထုအကြောင်း ပြန်ကောက်ရပါလျှင် တယ်လီဖုန်းအမှတ်များ၊ ကားအမှတ်များကို အပီအပြင် ထည့်သွင်း ရေးသားထားခဲ့သဖြင့် ပရိသတ်တချို့က ထိုအချိန်ကတည်းကပင် ဖြစ်ရပ်မှန် ဝတ္ထုမှန်း ရိပ်စားမိနေခဲ့ကြပါသည်။ တယ်လီဖုန်းအမှတ်များမှာ မရှိသော တယ်လီဖုန်းများကို ရွေးချယ် ထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ဆယ်လျူလာတွင် ၅၅နှင့်စသော ဆယ်လျူလာ မရှိပါ။ ဝတ္ထုကို ဖော်ပြစဉ်က ငါးနှင့် စသော ဂျီအက်စ်အယ်မ် တယ်လီဖုန်း ဝေးစွ၊ ရှစ်နှင့်စသော စီဒီအယ်မ်အေ ဆယ်လျူလာဖုန်းများပင် မပေါ်ပေါက်သေးပါ။ နှစ်နှင့်စသော မူလလက်ဟောင်း တီဒီအယ်မ်အေများပင် ပေါ်ခါစ ဖြစ်ပါသည်။


၈၉၅၉၄ လည်း မရှိပါ။ ရှစ်နှင့်စသော ဖုန်းများ ရှိသည့်တိုင် ၈၉မူ မရှိပါ။ ၈၂၅၂၄ မှာမူ ကျွန်တော့်မေမေ့အိမ်မှ ဖုန်းအမှတ် ဖြစ်ပါသည်။ ထိုတစ်နံပါတ်ကိုတော့ အမှန်ရေးလိုက်ပါသည်။ အလားတူပင်၊ ချိုနွယ့်အိမ်လိပ်စာဟူ၍ အတိအကျ ဖော်ပြထားသော လိပ်စာမှာလည်း ကျွန်တော့် သန်းခေါင်စာရင်းဝင် လိပ်စာဖြစ်သော မေမေ့ အိမ်လိပ်စာပင် ဖြစ်ပါသည်။


ကားအမှတ်တွင်လည်း သ/၁၃၂၆ မှာ တိုယိုတာမာ့ခ်တူး မဟုတ်ပါ။ ထိုအချိန်က ကိုငြိမ်းအေး (စာရေးဆရာ ငြိမ်းအေးအိမ်) စီးခဲ့ဖူးသော ကားအမှတ် ဖြစ်ပါသည်။ န/၉၁၄၆ မှာလည်း ကျွန်တော်စီးခဲ့သော တိုယိုတာ နေဆောင်းထီး ကားလေးဖြစ်ခဲ့ကာ ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် တစ်စီးလုံး ကုန်တင်ကားအောက် ဝင်သွားသဖြင့် လုံးဝ သုံးမရတော့ဘဲ သုံးလို့ရသမျှ ပစ္စည်းများကို တစ်စစီ ဖြုတ်ရောင်းလိုက်ရသော ကားဖြစ်ပါသည်။


ဆိုလိုသည်မှာ သုံးလိုက်သမျှ နံပါတ်များအားလုံးမှာ ကျွန်တော့်ဘက်က ပြဿနာ မဖြစ်လောက်ဟု ပိုင်နိုင်သေချာသော နံပါတ်များကို သုံးစွဲထားကြောင်းပင် ဖြစ်ပါသည်။


အမည်များကိုလည်း လွှဲပြောင်းထားခဲ့ပါသည်။ ဝတ္ထုထဲတွင် ဦးတင်အောင်ဝင်းဟု အမည်ပြောင်းထားသူမှာ ၂၀ဝ၂ခုနှစ်၊ နှစ်ဆန်းတွင် ကွယ်လွန်သွားခဲ့ပါပြီ။ ကျန်သည့်အပိုင်းမှာတော့ သရဖူ မဂ္ဂဇင်း တွင် ၂၅လတိတိ ဖော်ပြခဲ့သော ကျွန်တော့် “ချစ်သူ့ရင်ခွင်ရှာပုံတော်”အခန်းဆက် ဆောင်းပါးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ဝတ္ထုကို ပန်းဝေသီမဂ္ဂဇင်းလေး၏ နောက်ဆုံးလများတွင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ပန်းဝေသီကို ကိုကျော်စိုးဝင်း (စာရေးဆရာ ကြည်လင်အေး)က မွမ်းမံ တင်ဆက်နေချိန်ဖြစ်ပါသည်။ ကျွန်တော်နှင့် ကိုကျော်စိုးဝင်းကြားမှာ ဘာ အခုအခံမှ မရှိဘဲ ရင်းနှီးခင်မင်နေခဲ့ချိန်ဟုလည်း အမှတ်ရနေပါသေးသည်။


စာရင်းချုပ်သော် ကျွန်တော့် စာရေးသက် တစ်လျှောက်တွင် သည်ဝတ္ထုမှာ အားအရဆုံးဝတ္ထုဟု ဆိုရမည်ပင်ဖြစ်သလို “မုတမပါ၊ လင်္ကာမချော”ဟူသော ဆိုရိုးစကားလေး သွေးထွက်အောင် မှန်လှ ကြောင်းကိုလည်း ဤဝတ္ထုက သက်သေခံလျက် ရှိနေပါသတည်း။

ဘလော့အတွက် ဖြည့်စွက်ချက်

အထက်က “၀တ္ထုနောက်မှာ ပြောချင်တာ”ကို “တေလေဂဏန်း ငါးလုံးတွဲ”အား လုံးချင်းစာအုပ်တွင် ထည့်သွင်းခဲ့ရာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ဖြည့်စွက်ရန်မှာ “ဧည့်သည်”ကဗျာကို ရေးသားခဲ့သော ဆရာ မောင်ပေါက်စည်မှာလည်း ကွယ်လွန် သွားခဲ့ရှာပါလေပြီ။ ဆင်ခြင်ဉာဏ် အလျဉ်း မသုံးဘဲ အလွန်ရမ်းကားစွာ ဝေဖန်ရာတွင် ဆရာတစ်ဆူဖြစ်ခဲ့ဖူးသည့် အမှောင့်ပူးနေရှာလေသူ ကဗျာဆရာ၊ ဝေဖန်ရေးဆရာကြီးမှာလည်း မြန်မာစာပေနယ်မှ အရှင်ထွက် ထွက်သွားရှာလေပြီ။

၈ ၂၅ ၂၄ မှာလည်း ဖုန်းပိုင်ရှင် ကျွန်တော့် မေမေ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပြီးနောက်တွင် ဒစ်ဂျစ်ထယ်(လ်) တယ်လီဖုန်း ဘ၀သို့ ကူးပြောင်း သွားခဲ့ပါလေပြီ။

အလားတူပင် ၀တ္ထုထဲမှ “ချို”သည်လည်း ကျွန်တော့် ဘ၀ထဲ၊ ကျွန်တော့် နှလုံးသားထဲတွင် တစ်စ တစ်ငင်သော်မျှ တင်မကျန်တော့ပါ။ တစ်ခါက တဆတ်ဆတ် ခါခဲ့ဖူးသော ကိုင်းဖျားလေး ကျိုးသွားသည်မှာ ကြာပါပြီ။ာ့ကြောင့် ကျိုးသွားသည်၊ ဘယ်လို ကျိုးသွားသည်ဆိုခြင်းကိုမူ နောင်အလျဉ်းသင့်ခါမှ တစ်ပုဒ် သတ်သတ် ရေးပါမည်။

ထိုအတွက်ကြောင့်လည်း ၀တ္ထုကို ဖော်ပြခဲ့သော ဘလော့ထဲမှ အဆုံးသတ်တွင် သူနှင့် ကျွန်တော့်ကြားမှာ ပရိကံ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

ချစ်သော စာဖတ်သူ လူကြီးမင်းအပေါင်း ဇာတ်ရေလည်စေရန် ဖြည့်စွက်တင်ပြလိုက်ရခြင်းလည်း ဖြစ်ပါတော့သတည်း။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

(၂၄၀၁၁၀ – ၁၇း၀၂)

a man or boy who a person is having a romantic or sexual relationship with

On Discrimnation

အမှန်တော့ တယ်လီဖုန်းဇာတ်လမ်း မပြီးခင်မှာ ဘာပို့(စ်)မှ အသစ်တင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ အခုတစ်ပတ် ထွက်လာတဲ့ Weekly Eleven ဂျာနယ်ထဲက လိင်တူဆက်ဆံမှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါး အလွဲအမှားတစ်ပုဒ်ကို ဖတ်လိုက်မိတော့ သိပ်ကို စိတ်မကောင်းဖြစ်မိသွားရပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၇-၀၁-၁၀) ညနေ ၆ နာရီခွဲမှာ Mandalay FM ရေဒီယိုကနေ ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ ကျွန်တော့်အစီအစဉ်လေးကို အရေးပေါ် တင်ဆက်ဖြစ်သွားပါပြီ။ အဲဒီ့ ရေဒီယို အစီအစဉ်ကိုလည်း အမှတ်စဉ် ၁ ကိုသာ အခုအထိ ဘလော့(ဂ်)မှာ တင်ဆက်နိုင်ပါသေးတယ်။ အခုကျတော့ အမှတ်စဉ် ၈ ကို ခုန်ကျော် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ လိုအပ်ချက်အရ တင်ဆက်တယ်လို့ပဲ မှတ်ယူတော်မူပေးကြစေလိုပါတယ်ခင်ဗျား။

Mandalay FM Broadcast 8

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ နားဆင်တော်မူနေကြသူ ချစ်မိတ်ဆွေများ မှတ်မိကြဦးမလား မသိဘူး။ ဟိုးရှေ့တစ်ပတ်ဆီက အပျိုကြီးများရဲ့ အားသာချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ဓာတ်ချောစာလေးတစ်စောင် ကျွန်တော့်ဆီကို ရောက်လာတာနဲ့ ပတ်သက်ပြီး အိမ်ထောင်သည်ဘဝရဲ့ သဘာဝလေးတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

အဲဒီ့အပျိုကြီးများရဲ့ အားသာချက်များဆိုတဲ့ ဓာတ်ချောစာလေးကိုတော့ ကျွန်တော်နဲ့ ခင်မင်သူ အပျိုကြီးများဆီ လက်ဆင့်ကမ်း ပို့ပေးခဲ့ရာမှာ အပျိုကြီးတစ်ယောက်ဆီက စာပြန်လာပါတယ်။ သူ့စာက သည်လို ရေးထားတယ်။

ဆရာ ပို့ပေးလိုက်တဲ့ အပျိုကြီးများရဲ့ အားသာချက်များဆိုတဲ့ စာလေးအတွက် ကျေးဇူးတင်တယ် ဆရာ။ ကြိုက်လွန်းလို့ သမီးရဲ့ Facebook စာမျက်နှာပေါ်မှာတောင် တင်ထားတယ်။ အပျိုကြီးတွေနဲ့ ပတ်သက်လို့ ဆရာများ တစ်ခုခု ရေးပြီးပြီလား မသိဘူး။ မရေးရသေးဘူးဆိုရင် ရေးပါဦး ဆရာရယ်။ ရေးပြီးပြီဆိုရင်လည်း ဘယ်စာအုပ်ထဲမှာ ရေးထားတယ်ဆိုတာ သမီးကို ပြောပြနော်။ ဒါမှ သမီး သွားရှာ ဝယ်လို့ ရမှာ။


သမီးဆို အခု အသက်က ၃၂ နှစ် ရှိနေပြီဆိုတော့ လူတွေက သမီး အိမ်ထောင်မပြုတာကိုပဲ ရမယ်ရှာနေကြတယ်။ တစ်ခါ တစ်ခါများဆိုရင် တော်တော် မခံချင်အောင်ကို ပြောကြတာ ဆရာ။ သည်လို ပြောတာဟာ လူမျိုးရေး ခွဲခြားသလို၊ ကျား-မ ခွဲခြားသလိုလောက် ဆိုးလှတယ် ဆရာရယ်။ ဘာဖြစ်လို့များ လူတွေက အပျိုကြီးတွေကို အထင်အမြင်သေးကြ တာလဲဆိုတာ သမီးဖြင့် စဉ်းကို မစဉ်းစားတတ်အောင်ပါပဲ။ သမီးအတွက်ကတော့ တစ်ကိုယ်တည်းနေရတဲ့ ဘဝလောက် ကောင်းတဲ့ဘဝ မရှိဘူးလို့ ခံယူပါတယ်ဆရာ။ သည်လို ပြောတဲ့အတွက် အိမ်ထောင်ပြုတာကို ဆန့်ကျင်တဲ့ သဘော မဟုတ်ပါဘူး။ ဘဝအမြင်ချင်း မတူကြတာ၊ ဘဝရည်မှန်းချက်ချင်း မတူကြတာလို့ပဲ သမီး ထင်ပါတယ်။ နောက်တစ်ချက်က အိမ်ထောင်ပြုတာ၊ မပြုတာ၊ ရည်းစားထားတာ၊ မထားတာဆိုတာဟာ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှု၊ ကိုယ်ပိုင်လွတ်လပ်ခွင့်သာ မဟုတ်ဘူးလား ဆရာ။ အဲဒါကိုမှ ဘာဖြစ်လို့ သမီးတို့ကို လှောင်ချင် ပြောင်ချင် ကဲ့ရဲ့ချင်ကြတာလည်း မသိဘူးနော်။ တစ်ခါတစ်ခါကျတော့ အရမ်းကို စိတ်လည်း ညစ်၊ ဒေါသလည်း ထွက်မိတယ် ဆရာရယ်။

သူ့စာလေး ဖတ်ရတော့ ကျွန်တော့် ရင်ထဲ မကောင်းလှဘူး။ ဟုတ်ပါရဲ့၊ ကျွန်တော်အပါအဝင် လူအတော်များများဟာ အပျိုကြီး လူပျိုကြီးတွေကိုဆို အတော် ကလိချင် ရိချင်တတ်ကြတဲ့ ဉာဉ်လေးတွေနဲ့ပါ။ သူ့စာဖတ်ရတော့ ကျွန်တော်ဖြင့် နောက်များဆို ဆင်ခြင်ရမယ်ဆိုတာကို တစ်ခါတည်း မှတ်သားလိုက်မိပါတယ်။


Discrimination ကို မြန်မာလို ခွဲခြားဆက်ဆံမှုလို့ ဘာသာပြန်ကြပါတယ်။ မှားတယ်လို့ မဆိုနိုင်ပေမယ့် မပြည့်စုံပါဘူး။ အမှန်တော့ လူမျိုးဇာတိ၊ အသားအရောင်၊ ဘာသာရေး ယုံကြည်မှု၊ ကျန်းမာရေး အခြေအနေစတာများကို အကြောင်းပြုပြီး လူအချင်းချင်း မတူသလို မတန်သလို နှိမ်ချ ဆက်ဆံတာကို discrimination လို့ ခေါ်ပါတယ်။ မိန်းမတွေ ဘာမှ နားမလည်ပါဘူးကွာဆိုတာမျိုးဟာ ခွဲခြားဆက်ဆံတာပါ။ အလားတူပဲ တိုင်းရင်းသား လူမျိုးအချင်းချင်းမှာပဲ မြွေပွေးနဲ့ အဲဒီ့ တိုင်းရင်းသား ယှဉ်ရင် အဲဒီ့တိုင်းရင်းသားကို အရင် သတ်ရတယ်ဆိုတဲ့ စကားမျိုးဟာလည်း လူမျိုးရေး ခွဲခြားတာပါပဲ။


ဆိုခဲ့တဲ့အတိုင်း ဘာသာရေး ယုံကြည်မှု၊ ရိုးရာ အစွဲအလန်း၊ ဗေဒင်ယုံတာ အစရှိတာများကိုလည်း ကျွန်တော်တို့တွေဟာ လူအချင်းချင်း တစ်ယောက်ကို တစ်ယောက် လှောင်ချင် ပြောင်ချင်၊ ကလိချင် ရိချင်နေတတ်ကြပါတယ်။ အမှန်တော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ စရိုက်တွေ မတူကြပါဘူး။ ကျွန်တော် ပြောလေ့ရှိသလို ကျွန်တော်က ငါးပိရည်ဆို အနံ့တောင် ခံလို့မရပေမယ့် ကျွန်တော့်အိမ်သူနဲ့ ကျွန်တော့်သမီးကတော့ ငါးပိရည်ကို အလွန်ကြိုက်ကြပါတယ်။ သီတင်းကျွတ်ရင် ပေါ်လာတတ်တဲ့ ပုရစ်ဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်သားက တစ်ရာသီကို အကောင် သုံး-လေး-ငါးရာ စားချင်တတ်ပေမယ့် ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သမီးကကျပြန်တော့လည်း ပုရစ် မစားပါဘူး။ ဒါဟာ လူချင်းတူပေမယ့် အကြိုက်ချင်းမတူတဲ့ အထင်ရှားဆုံး ဥပမာပါပဲ။


တချို့က ရိုးရာယုံကြည်မှု အစွဲအလန်းကြောင့် အမဲသား ဝက်သား ရှောင်ကြတယ်။ တချို့က သတ်သတ်လွတ်စားတယ်။ တချို့က အဲဒီ့ ရိုးရာ ယုံကြည်မှုကြောင့် ငါးရံ့တောင် မစားဘူးဆိုတာ ကြားရတဲ့အခါ ကြားခါစမှာ အတော်ကို အံ့ဩသွားခဲ့ရဖူးပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ရောက်တဲ့အခါ “အသုံးလုပ်တယ်”ဆိုတဲ့ ဝေါဟာရ အသစ်တစ်လုံးကို ကြားရတော့ အဓိပ္ပာယ်ကို မေးယူရတယ်။ သူတို့က ရေငံပိုင် ဦးရှင်ကြီးကို ပူဇော်ပသကြတာပါ။ ကျွန်တော်တို့ ကြားဖူးတာကတော့ ဦးရှင်ကြီး တင်တယ်ပေါ့ဗျာ။ သို့သော် သူ့ဒေသမှာကျတော့ အဲဒါကို “အသုံးလုပ်တယ်”လို့ ခေါ်သတဲ့ဗျ။


အဲတော့ လူတွေမှာ မိမိတို့ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင်တွေ အမျိုးမျိုး ကွဲပြားနေကြတယ်။ ဇာတိအခြေခံတွေလည်း ကွဲပြားကြတယ်။ အဲဒါတွေက ဆင့်ပွားလာတဲ့ သက်ဝင်ယုံကြည်မှုတွေ၊ အစွဲအလန်းတွေ၊ ခံယူချက်တွေ၊ ရှုမြင်ပုံတွေလည်း ကွဲပြားနေတာဟာလည်း တကယ်တော့ သဘာဝကျပါတယ်။ ကိုယ်သက်ဝင်ယုံကြည်တာ၊ ကိုယ်စွဲလန်းတာ၊ ကိုယ်မြင်တာနဲ့ မတူတိုင်း တစ်ဖက်သားကို မှားနေတယ်၊ လွဲနေတယ်လို့ ထင်မိတတ်ကြတာလည်း အင်း… တကယ်တော့ လူ့သဘာဝပါပဲ။ စိတ်ထဲ ထင်ရုံထင်တာကတော့ ဘာမှ အကြောင်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲ ဘယ်သူမှ ဝင်ကြည့်လို့ မရတာမို့ ပြဿနာလည်း မရှိပါဘူး။ အဲ… အဲဒါကိုမှ နှုတ်က ထုတ်ဟပြီး ကဲ့ရဲ့တာ၊ လှောင်တာ ပြောင်တာများကကျတော့ တစ်ဖက်သား အပေါ် မလေးစားရာ ရောက်သွားပါပြီ။


ဆိုကြပါစို့ဗျာ… ငါးပိရည် မကြိုက်တဲ့ ကျွန်တော်က ငါးပိရည်နဲ့ မြိန်ရည်ယှက်ရည် လွေးနေတဲ့ ကျွန်တော့်အိမ်သူကို “မင့်နှယ်ကွာ၊ အပုပ်အစပ်တွေ တော်တော်ကြိုက်”လို့ ပြောလိုက်တာမျိုးဟာ သူ့ကို ထိပါးလိုက်တာ၊ စော်ကားလိုက်တာဖြစ်သလို သူ မက်မက်စက်စက် စားနေတဲ့ အစာကိုလည်း အပုပ်အစပ်တွေပဲရယ်လို့ တံဆိပ်ကပ်လိုက်တာပါ။ တစ်နည်းအားဖြင့် သူဟာ လူတစ်ယောက်ဖြစ်တယ်၊ သည်အတွက် သူ့မှာ သူ့ကိုယ်ပိုင် အကြိုက်တွေ ရှိတယ်ဆိုတာကို မလေးစားတဲ့ စိတ်နဲ့ ပြောချလိုက်တဲ့ စကားမျိုးပါပဲ။


ဒါမှမဟုတ် သူငယ်ချင်းချင်းပေါ့။ ကျွန်တော်က ပုရစ်ကြော်တွေ အားရပါးရ တုပ်နေတယ်။ ကျွန်တော့်သူငယ်ချင်းကိုလည်း စားစေချင်တယ်။ ဟေ့ကောင်… စားကွာလို့ ပြောလိုက်တဲ့အခါ သူငယ်ချင်းက “ငါ ဒါမျိုးတွေ မစားဘူးကွ၊ လူစားတဲ့ အစာပဲ စားတာ”လို့ ပြောလိုက်မယ်ဆိုရင်လည်း ဒါ သူ ကျွန်တော့်ကို ထိပါး စော်ကားတာဖြစ်သလို ကျွန်တော့်ရဲ့ ကြိုက်လိုရာ ကြိုက်ပိုင်ခွင့်ကို မလေးစားပြန်တာပဲ ဖြစ်ပါတယ်။


အဓိကကတော့ ကိုယ်ချင်းစာ စိတ်ပါ။ ကြာတော့ ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တောင် ကချင်မှ ကပါလိမ့်မယ်။ ဘယ် မဂ္ဂဇင်းလဲ မမှတ်မိတော့တဲ့ မဂ္ဂဇင်းတစ်စောင်မှာ မင်းသမီးကြီး ဒေါ်တင်တင်လှနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပါပါတယ်။ မင်းသမီးကြီး ဒေါ်တင်တင်လှဆိုတာက သူ့ခေတ်နဲ့ သူ့အခါတုန်းကတော့ အောင်မြင်ခဲ့တဲ့ မင်းသမီး တစ်လက်ဖြစ်သလို အခု အခါမှာလည်း မအေခန်း၊ အဒေါ်ခန်းများမှာ ဝင်ရောက် သရုပ်ဆောင်နေဆဲ ဖြစ်မယ် ထင်ပါတယ်။ ထင်ပါတယ်ဆိုတာက ကျွန်တော်က ရုပ်ရှင် သိပ်မကြည့်ဖြစ်တော့လို့ပါ။ အဲ… အဲဒီ့ ဒေါ်တင်တင်လှနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကျွန်တော် မှတ်သားလိုက်မိတဲ့ စကားတစ်ခွန်း ရှိပါတယ်။


အဲဒါကတော့ “ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတဲ့ အယူအဆပါပဲ။ ဒေါ်တင်တင်လှက အဲဒီ့စကားကို ရှင်းသွားပါတယ်။ သူ့စကားအတိအကျတော့  မမှတ်မိတော့လို့ ကျွန်တော့်စကားနဲ့ ကျွန်တော်ပဲ ကျွန်တော်နားလည်သလို ပြန်ပြောပြ ပါရစေ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတာက ကိုယ့်ကို ချေချေငံငံ ပြောတာကို ကိုယ်ကြိုက်တယ်၊ ဒါဆိုရင် သူများကိုလည်း ချေချေငံငံ ဖွယ်ဖွယ်ရာရာ ဆက်ဆံသင့်ပါတယ်။ အလားတူပဲ၊ ကိုယ့်ကို ဆဲရင် ကိုယ်ကြိုက်မလား။ မကြိုက်ဘူးဆိုရင် ကိုယ်လည်း သူများကို မဆဲသင့်ပါဘူး။ အဲသလိုပါ။


အဲတော့ ကိုယ်က နှစ်နှစ်သက်သက်စားနေတဲ့ အစာတစ်ခုခုကို တစ်ယောက်ယောက်က ရှုံ့ချပြီးပြောတဲ့အခါ ကိုယ်ကြိုက်နိုင်မလား။ ဘယ်လိုမှ ကြိုက်နိုင်မှာ မဟုတ်ပါဘူး။ သည်အခါ သူများ စားနေတာကိုလည်း ဘာမှ သွားပြီး အပြစ်ပြောနေစရာ အကြောင်းမရှိတော့ပါဘူး။ သည်ကမှ တစ်ဆင့်တက်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ မိရိုးဖလာအရဖြစ်စေ၊ ကိုယ်ကိုယ်တိုင်က သေချာ လေ့လာပြီး ယုံကြည်စွဲလန်းလို့ဖြစ်စေ သက်ဝင် ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ တခြား ဘာသာခြားတစ်ယောက်က ပုတ်ခတ်တာ၊ ကဲ့ရဲ့တာ၊ သရော်တာမျိုးကို ကိုယ်ကိုယ်တိုင်က မကြိုက်ဘူးဆိုရင် ကိုယ်နဲ့ အယူမတူ ဇာတ်ခြားလေတဲ့ တခြားဘာသာဝင်တွေကိုလည်း ပုတ်ခတ် ကဲ့ရဲ့ သရော်လှောင်ပြောင်တာမျိုးကို ရှောင်ကြဉ်အပ်ပါတယ်။

ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတဲ့ အယူအဆရဲ့ အနှစ်ချုပ်ကတော့ ကိုယ်ချင်းစာစိတ် မွေးတာလို့ ဆိုနိုင်ပါတယ်။ အင်မတန် တန်ဖိုးရှိလှတဲ့ စကားမို့ အဲဒီ့စကားလေးကို ကျွန်တော် စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။ လူတိုင်းသာ အဲသလို ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ကြမယ်၊ ကိုယ်မကြိုက်တာကို သူတစ်ပါးကိုလည်း ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ စိတ်မျိုးသာ မွေးမြူကျင့်ကြံသွားနိုင်ကြမယ်ဆိုရင် ကျွန်တော်တို့ မှီတင်းနေထိုင်ကြတဲ့ လောကကြီးက သိပ်ကို ကျက်သရေရှိ၊ သိပ်ကိုတင့်တယ်၊ သိပ်ကို ဖွယ်ရာနေတော့မှာလည်း မလွဲပါဘူး။


တကယ်လို့များ အခု ကျွန်တော်တင်ပြလိုက်တဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရေး မူဝါဒ အယူအဆလေးကို နားဆင်တော်မူနေကြသူ လူကြီးမင်းများလည်း သဘောကျ လက်ခံတယ်ဆိုရင်တော့ သည်အယူအဆလေး ပြန့်ပွားရေးမှာ တစ်တပ်တစ်အား ကူညီရိုင်းပင်းကြတဲ့အနေနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအသင်းများကို လက်ဆင့်ကမ်း ဖြန့်ဝေတော်မူပေးကြဖို့ ကျွန်တော်က ရိုသေစွာ ပန်ကြားလိုက်ချင်ပါသေးတယ် ခင်ဗျား။


သည်လောက်ဆိုရင် ခွဲခြားဆက်ဆံမှုဆိုတာကို နားသောတဆင်နေကြသူ လူကြီးမင်းအပေါင်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်လောက်ကြပြီဖြစ်သလို လူချင်းအတူတူ အသက်ရှူချင်း ကွဲတယ်ဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ၊ ခံယူချက်တွေ၊ အကြိုက်တွေ၊ စရိုက်တွေ ကွဲပြားနေကြတာဟာ သဘာဝပဲဆိုတဲ့ အချက်ကိုလည်း သဘောပေါက် လက်ခံနိုင်လောက်ကြပြီလို့ ယူဆ ထင်မြင်မိပါတယ်ခင်ဗျား။


အဲ… အဲဒီ့ကမှ တစ်ဆင့်တက်လိုက်ရင်တော့ ကျွန်တော့်ဆီ ရောက်လာတဲ့ ၃၂ နှစ် အရွယ် အမျိုးသမီး အပျိုကြီးတစ်ယောက်ရဲ့ စာပါ အကြောင်းအရာတွေကလည်း နောက်ထပ် ကွဲလွဲမှုတစ်ခုကို မီးမောင်းထိုးပြနေပြန်ပါသေးတယ်။ သည်လို ခွဲခြားဆက်ဆံမှုမှာ အဓိကကျတဲ့ အကြောင်းရင်းခံ တစ်ရပ်ရှိပါတယ်။ အဲဒါကတော့ အများစု လက်ခံ ကျင့်သုံးနေတာကို စံသတ်မှတ်ချက် တစ်ခုလို့ ယူဆလိုက်ကြပြီးသကာလ အဲဒီ့အများစု လုပ်နေတဲ့ ပုံစံက သွေဖီနေသူများကို မူမမှန်သူများ၊ စံလွဲနေသူများလို့ ယူဆကာ ခွဲခြားချင်၊ နှိမ့်ချချင်၊ သရော်ကမော် စကားတင်းဆိုချင်၊ ကဲ့ရဲ့ချင်၊ ရယ်ပွဲဖွဲ့ချင်တတ်ကြတဲ့ အများစုရဲ့ စရိုက်ဆိုးတွေဟာ ရှက်စရာကောင်းလောက်အောင် ကျွန်တော်တို့ လူ့ဘောင်ကြီးမှာ တွင်ကျယ်ပြန့်နှံ့လို့ နေပါတယ်။

အခုပဲ ကြည့်လေ။ အများစုက အိမ်ရာထူထောင်ကြတယ်၊ လင်ယူ သားမွေးကြတယ်။ သည်အခါမှာ ကိုယ့်အပူ ကိုယ်မရှာချင်လို့ ကိုယ့်ဘာသာ အဖော်မရှာဘဲ တစ်ကိုယ်တည်း အေးအေးနေချင်ကြသူ လူပျိုကြီး၊ အပျိုကြီးများကို အလကားနေရင်းကို တောင်ပြောမြောက်ပြော ပြောချင်တတ်တဲ့ လူစားတွေကလည်း သည်လောကမှာ အများသားခင်ဗျ။ ကျွန်တော်တောင် အဲဒီ့ထဲမှာ အတော်ကြီး ပါခဲ့ဖူးပါတယ်။ အခု ကျွန်တော့်ဆီ စာရေးလာသူတစ်ဦးရဲ့ စာကို ဖတ်လိုက်ရချိန်ကျမှ ကျွန်တော့် အမှား၊ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကို မြင်လာရပါတယ်။


ရှိပါသေးတယ်။ ဝလွန်းသူတွေ၊ ပိန်လွန်းသူတွေကိုလည်း ကျွန်တော်တို့တွေဟာ သရော်တဲ့စကား၊ ကဲ့ရဲ့တဲ့စကားတွေ အမှတ်တမဲ့ ပြောဖြစ်တတ်ကြပါတယ်။ တကယ်တော့ သူတို့တွေ နေရာမှာ ကျွန်တော်တို့ နေမကြည့်တတ်ကြတာ၊ တစ်နည်းပြောရင် ကိုယ်ချင်း မစာတတ်ကြတာပါပဲ။ အိမ်ထောင်မပြုဘဲ နေတဲ့ လူပျိုကြီး၊ အပျိုကြီးနေရာမှာဖြစ်စေ၊ ဝလွန်းသူ၊ ပိန်လွန်းသူရဲ့ နေရာမှာဖြစ်စေ ကိုယ်ကိုယ်တိုင်သာ နေကြည့်မယ်ဆိုရင် ကိုယ့်ကို အဲလို စကားနဲ့ ရိ၊ မထိတထိ ကလိလာတာမျိုးကို ခံချင် ပါ့မလားဗျာ။ ဘယ်ခံချင်မှာတုံး။ သို့ပေမယ့် ကျွန်တော်အပါအဝင် လူအတော်များများဟာ အဲဒီ့အချက်ကို သတိလစ်ပြီး အဲဒီ့တစ်ဖက်သားတွေကို အများနဲ့ မညီတဲ့အတွက် ပက်ပက်စက်စက်ကြီး မဟုတ်တောင် တစ်ချက်တစ်ချက်မှာ ထိုးနှက်ရာရောက်တဲ့ စကားများကို ပြောဖြစ်တတ်ကြပါတယ်။


သည့်ထက်ဆိုးတာကတော့ မိန်းမလျာ၊ ယောက်ျားလျာများအပေါ်မှာ ထားတဲ့ သဘောထားနဲ့ ဆက်ဆံပုံပဲဖြစ်ပါတယ်။ အဲဒါကတော့ တော်တော့်ကို ဆိုးတဲ့ ကိုယ်ချင်းမစာမှုပဲခင်ဗျ။ အဲဒါကို အင်္ဂလိပ်ဘာသာနဲ့ sexual orientation လို့ ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ လိင်စိတ် ကိုင်းညွှတ်မှုပေါ့ခင်ဗျာ။ လူယောက်ျားချင်းတူပမယ့် ဖြူဖြူချောချော၊ တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသမီးကိုမှ တပ်မက်စွဲလန်းတတ်သူမျိုးရှိသလို ညိုညိုသွယ်သွယ်၊ မော်ဒယ်လို ကိုယ်လုံးလှပ်လှပ်ကိုမှ အကြိုက်ကျတတ်သူ ဖိုသတ္တဝါလည်း ရှိနေတာ သဘာဝပါပဲ။ အဲသလိုပဲ ယောက်ျားဖြစ်သော်လည်း မိန်းမတစ်ယောက်ကိုမှ စွဲလန်းတပ်မက်ရမယ်လို့ ဘယ်သူကမှ သတ်မှတ် ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ မိန်းမတိုင်းလည်း ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားကိုမှ ကြိုက်ရမယ်လို့ ဘယ်ကျမ်းဂန် ဘယ်စာပေမှာမှ အတိအလင်း ကန့်သတ်ထားတာ မရှိပါဘူး။


ရှေ့မှာ ကျွန်တော် ပြောခဲ့တဲ့အတိုင်း လူရယ်လို့ဖြစ်လာမှတော့ ကိုယ်သန်ရာ ကိုယ်ကြိုက်ပိုင်ခွင့် ရှိသူချည်းပါပဲ။ အဲဒါကိုပဲ အများစုက ဆန့်ကျင်ဘက်လိင်ကိုမှ တပ်မက်စွဲလန်းရိုး ရှိတာကို စံတစ်ခုအနေနဲ့ သတ်မှတ်လိုက်ပြီး လိင်တူချင်း တပ်မက် စွဲလန်းသူများကိုပဲ မူပဲ မမှန်သလို၊ စံပဲ လွဲနေသလို၊ စိတ်ဝေဒနာပဲ ခံစားနေရသူများလို အထင်အမြင်သေးတဲ့ အကြည့်တွေ၊ အပြောတွေနဲ့ ဆက်ဆံခြင်းဟာ ဆင်ခြင်တုံတရား နုံ့နဲ့လွန်းရာ ကျလှပါတယ်။


ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားက ဟောကြားခဲ့ပါတယ်။ ပုထုဇနော ဥမ္မတ္တကောတဲ့။ ဟုတ်ကဲ့ ခင်ဗျာ၊ ပုထုဇဉ်ဆိုတဲ့ လူသားမှန်သမျှဟာ တစ်ခုမဟုတ် တစ်ခု ရူးနေကြသူချည်းပါပဲလို့ အလုံးစုံကို ထိုးထွင်းသိမြင်တော်မူတဲ့ ဘုရားရှင်က မိန့် ကြားတော်မူခဲ့တာပါ။ ပညာကိုမှ အရူးအမူး ကိုးကွယ်တဲ့သူ၊ ပိုက်ဆံကို အရူးအမူး တပ်မက်တဲ့သူ၊ ဩဇာအာဏာကို အရူးအမူး တောင့်တသူများကတော့ အနည်းအပါး မြင်သာ ထင်သာ ရှိပါတယ်။ သည်အထဲကမှာ မယားတရူးတို့၊ လင်တရူးတို့ ဆိုတာတွေလည်း ရှိသေးတယ်။ သူများကို ပြောဖို့တော့ သိပ်လွယ်ပါတယ်။ ပြောသူ ကိုယ်တိုင်လည်း တစ်ခုမဟုတ် တစ်ခုကို တရားလွန် စွဲလန်းယုံကြည်နေတာလည်း ရူးသွပ်မှုတစ်မျိုးပဲဆိုတာကိုကျတော့ ကျွန်တော်တို့တွေဟာ မေ့လျော့နေမိတတ်ကြပါတယ်။


နားဆင်တော်မူနေကြတဲ့ ချစ်မိတ်ဆွေများခင်ဗျား။ အခုတစ်ပတ် ကျွန်တော်ဆွေးနွေးတင်ပြခဲ့တာအားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ စရိုက်တွေ၊ ခံယူချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ တွေးပုံ မြင်ပုံတွေ မတူကြဘူး၊ အမြဲတစေ ကွဲလွဲနေတယ်ဆိုတာဟာ သဘာဝပါ။ ဒါကြောင့် ကိုယ်နဲ့ မတူတိုင်း တစ်ဖက်သားကို လက်လွတ်စပယ် ကဲ့ရဲ့ပိုမို စကားတင်းဆိုခြင်းဟာ အဲဒီ့တစ်ဖက်သားအပေါ်မှာ လေးစားရာ ရောက်မရောက်၊ ကိုယ်ချင်းစာ စိတ် ရှိရာ ရောက်မရောက် မိမိတို့ကိုယ်မိမိ ပြန်လည် ဆင်ခြင် သုံးသပ်သင့်တဲ့အကြောင်း အကြံပြုတင်ပြလိုက်တာ ဖြစ်ပါတယ်။


ကျွန်တော်ပြောတာတွေကို မျက်စိ စုံမှိတ်ပြီး လက်ခံကြဖို့ ဘယ်သူ့ကိုမှ မတိုက်တွန်းနိုင်သလို တိုက်လည်း မတိုက်တွန်းဝံ့ပါ ဘူး။ အခု ကျွန်တော့်အစီအစဉ်ကို နားဆင်တော်မူနေကြသူ ချစ်မိတ်ဆွေများမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသက ရှိကြသူချည်းမို့ ကျွန်တော်ပြောတာ သင့်မသင့်၊ လျော်မလျော်ကို ချင့်ချိန် ဆုံးဖြတ်နိုင်မယ့်သူချည်းသာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြခဲ့တာလေးကို တစ်ဆိတ်လေး အချိန်ယူ စဉ်းစားပေးကြမယ်ဆိုရင်ပဲ ကျွန်တော်ကဖြင့် ကျေးဇူးတင်နေတော့မှာပါ။ အဲသလို စဉ်းစားပြီးတဲ့နောက် ဘယ်လမ်းကိုပဲ ရွေးရွေး၊ လူကြီးမင်းကို ကျွန်တော်လေးစားပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်ရွေးခွင့်က ကျွန်တော့်မှာသာ ရှိနေတာ မဟုတ်ဘဲ လူကြီးမင်းမှာလည်း ရှိနေတာပဲ မဟုတ်ပါလားခင်ဗျာ။ အလားတူပဲ၊ တွေးပုံ မြင်ပုံ သက်ဝင်ယုံကြည်ပုံတွေ ကွဲလွဲနေတတ်တာကိုက ချစ်စရာကောင်းတဲ့ လူ့ဘောင်လောကကြီးရဲ့ သဘာဝပေပဲလို့ နှစ်နှစ်ကာကာ လေးလေးနက်နက် ယုံကြည်မိတဲ့အတွက်လည်း သည်စကားကို ပြောလိုက်ရတာ ဖြစ်ပါတယ်။


မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျား။

udk,fBudKufwm udk,fvkyfqdkwJh t,ltq&JU tESpfcsKyfuawmh udk,fcsif;pmpdwfarG;wmvdkY qdkEdkifygw,f/ tifrwef wefzdk;&dSvSwJh pum;rdkY tJ’Dhpum;av;udk uRefawmf pGJGpGJjrJjrJ rSwfrdaeygw,f/ vlwdkif;om tJovdk udk,fBudKufwmyJ udk,fvkyfMur,f? udk,frBudKufwmudk olwpfyg;udkvnf; b,fawmhrS rvkyfbl;qdkwJh pdwfrsdK;om arG;jrLusifhMuHoGm; EdkifMur,fqdk&if uRefawmfwdkY rSDwif;aexdkifMuwJh avmuBuD;u odyfudk usufoa&&dS? odyfudkwifhw,f? odyfudk zG,f&maeawmhrSmvnf; rvGJygbl;/

wu,fvdkYrsm; tck uRefawmfwifjyvdkufwJh udk,fBudKufwm udk,fvkyfa&; rl0g’ t,ltqav;udk em;qifawmfrlae Muol vlBuD;rif;rsm;vnf; oabmus vufcHw,fqdk&ifawmh onft,ltqav; jyefYyGm;a&;rSm wpfwyfwpftm; ulnD½dkif;yif;MuwJhtaeeJY rdrdwdkY&JU ywf0ef;usifrSm &dSaeMuwJh aqGrsdK;om;csif; rdwfaqGtaygif;toif;rsm;udk vufqifh urf; jzefYa0awmfrlay;MuzdkY uRefawmfu ½dkaopGm yefMum;vdkufcsifygao;w,f cifAsm;/

onfavmufqdk&if cGJjcm;qufqHrIqdkwmudk em;aomwqifaeMuol vlBuD;rif;taygif; uGufuGufuGif;uGif; jrifEdkif avmufMuNyDjzpfovkd vlcsif;twlwl touf&SLcsif;uGJw,fqdkovdkyJ wpfa,mufeJYwpfa,muf tjrifawG? cH,lcsuf awG? tBudKufawG? p½dkufawG uGJjym;aeMuwm[m obm0yJqdkwJh tcsufudkvnf; oabmaygufvufcHEdkifavmufMu NyDvdkY ,lqxifjrifrdygw,fcifAsm;/

tJ… tJ’DhurS wpfqifhwufvdkuf&ifawmh uRefawmfhqD a&mufvmwJh 32 t&G,f trsdK;orD; tysdKBuD;wpfa,muf&JU pmyg taMumif;t&mawGuvnf; aemufxyf uGJvGJrIwpfckudk rD;armif;xdk;jyaejyefygao;w,f/ onfvdk cGJjcm;qufqH rIrSm t”duuswJh taMumif;&if;cH wpf&yf&dSygw,f/ tJ’guawmh trsm;pk vufcHusifhoHk;aewmudk pHowfrSwfcsuf wpfckvdkY ,lqvdkufMuNyD;oumv tJ’Dhtrsm;pk vkyfaewJh yHkpHu aoGzDaeolrsm;udk rlrrSefolrsm;? pHvGJaeolrsm;vdkY ,lqum cGJjcm;csif? ESdrfhcscsif? oa&mfuarmf pum;wif;qdkcsif? uJh&JUcsif? &,fyGJzGJUcsifwwfMuwJh trsm;pk&JU p½dkufqdk; awG[m &Sufp&maumif;avmufatmif uRefawmfwkdY vlYabmifBuD;rSm wGifus,fjyefYESHYvdkY aeygw,f/

tckyJ Munfhav/ trsm;pku tdrf&mxlaxmifMuw,f? vif,l om;arG;Muw,f/ onftcgrSm udk,fhtyl udk,fr&Sm csifvdkY udk,fhbmom tazmfr&SmbJ wpfudk,fwnf; at;at;aecsifMuol vlysdKBuD;? tysdKBuD;rsm;udk tvum;ae&if; udk awmifajymajrmufajym ajymcsifwwfwJh vlpm;awGuvnf; onfavmurSm trsm;om;cifAs/ uRefawmfawmif tJ’DhxJrSm tawmfBuD; ygcJhzl;ygw,f/ tck uRefawmfhqD pma&;vmolwpfOD;&JU pmudk zwfvdkuf&csdefusrS uRefawmfh trSm;? uRefawmfh&JU nHhzsif;rIudk jrifvm&ygw,f/

&dSygao;w,f/ 0vGef;olawG? ydefvGef;olawGudkvnf; uRefawmfwdkYawG[m oa&mfwJhpum;? uJh&JUwJhpum;awG trSwf wrJh ajymjzpfwwfMuygw,f/ wu,fawmh olwdkYawG ae&mrSm uRefawmfwdkY aerMunfhwwfMuwm? wpfenf;ajym&if udk,fcsif; rpmwwfMuwmygyJ/ tdrfaxmifrûybJ aewJh vlysdKBuD;? tysdKBuD;ae&mrSmjzpfap? 0vGef;ol? ydefvGef;ol&JU ae&mrSmjzpfap udk,fudk,fwkdifom aeMunfhr,fqdk&if udk,fhudk tJvdk pum;eJY &d? rxdwxd uvdvmwmrsdK;udk cHcsif yghrvm;Asm/ b,fcHcsifrSmwHk;/ odkYayr,fh uRefawmftygt0if vltawmfrsm;rsm;[m tJ’Dhtcsufudk owdvpfNyD; tJ’Dh wpfzufom;awGudk trsm;eJY rnDwJhtwGuf yufyufpufpufBuD;r[kwfawmif wpfcsufwpfcsufrSm xdk;ESuf&ma&muf wJh pum;rsm;udk ajymjzpfwwfMuygw,f/

onfhxufqdk;wmuawmh rdef;rvsm? a,mufsm;vsmrsm;tay:rSm xm;wJh oabmxm;eJY qufqHyHkyJjzpfygw,f/ tJ’gu awmh awmfawmfhudk qdk;wJh udk,fcsif;rpmrIyJcifAs/ tJ’gudk t*FvdyfbmomeJY sexual orientation vdkY ac:ygw,f/ jrefrmvdkqdk&ifawmh vdifpdwfudkif;ñTwfrIayghcifAsm/ vla,mufsm;csif;wlyr,fh jzLjzLacsmacsm? awmifhawmifhajzmifhajzmifh trsdK;orD;udkrS wyfrufpGJvef;wwfolrsdK;&dSovdk ndKndKoG,foG,f? armf’,fvdk udk,fvHk;vSyfvSyfudkrS tBudKufuswwf ol zdkowå0gvnf; &dSaewm obm0ygyJ/ tJovdkyJ a,mufsm;jzpfaomfvnf; rdef;rwpfa,mufudkrS pGJvef;wyfruf& r,fvdkY b,folurS owfrSwfjy|mef;xm;wmr[kwfygbl;/ rdef;rwdkif;vnf; qefYusifbufvdifjzpfwJh a,mufsm;udkrS BudKuf&r,fvdkY b,fusrf;*ef b,fpmayrSmrS twdtvif; uefYowfxm;wm r&dSygbl;/

a&SUrSm uRefawmf ajymcJhwJhtwdkif; vl&,fvdkYjzpfvmrSawmh udk,foef&m udk,fBudKufydkifcGifh &dSolcsnf;ygyJ/ tJ’gudkyJ trsm;pk u qefYusifbufvdifudkrS wyfrufpGJvef;½dk;&dSwmudk pHwpfcktaeeJY owfrSwfvdkufNyD; vdifwlcsif; wyfruf pGJvef;olrsm;udkyJ rlyJ rrSefovdk? pHyJ vGJaeovdk? pdwfa0’emyJ cHpm;ae&olrsm;vdk txiftjrifao;wJh tMunfhawG? tajymawGeJY qufqHjcif;[m qifjcifwHkw&m; EHkYeJYvGef;&m usvSygw,f/

uRefawmfwdkY&JU &Sifawmfjrwfbk&m;u a[mMum;cJhygw,f/ ykxkZaem Or®wåaumwJh/ [kwfuJh cifAsm? ykxkZOfqdkwJh vlom;rSeforQ[m wpfckr[kwf wpfck ½l;aeMuolcsnf;ygyJvdkY tvHk;pHkudk xdk;xGif;odjrifawmfrlwJh bk&m;&Sifu rdefY Mum;awmfrlcJhwmyg// ynmudkrS t½l;trl; udk;uG,fwJhol? ydkufqHudk t½l; trl;wyfrufwJhol? MoZmtmPmudk t½l; trl;awmifhwolrsm;uawmh tenf;tyg; jrifom xifom&dSygw,f/ onf txJurSm r,m;w½l;wdkY? vifw½l;wdkY qdkwmawGvnf; &dSao;w,f/ olrsm;udk ajymzdkYawmh odyfvG,fygw,f/ ajymol udk,fwdkifvnf; wpfckr[kwf wpfckudk w&m;vGef pGJvef;,HkMunfaewmvnf; ½l;oGyfrIwpfrsdK;yJqdkwmudkusawmh uRefawmfwdkYawG[m arhavsmhaerdwwfMuyg w,f/

em;qifawmfrlaeMuwJh cspfrdwfaqGrsm;cifAsm;/ tckwpfywf uRefawmfaqG;aEG;wifjycJhwmtm;vHk;&JU t”du&nf&G,fcsuf uawmh vlawG[m wpfa,mufeJY wpfa,muf tBudKufawG p½dkufawG? cH,lcsufawG? ouf0if,HkMunfrIawG? awG;yHk jrifyHkawG rwlMubl;? tjrJwap uGJvGJaew,fqdkwm[m obm0yg/ ‘gaMumifh udk,feJY rwlwdkif; wpfzufom;udk vufvGwfpy,f uJh&JUydkrdk pum;wif;qdkjcif;[m tJ’Dhwpfzufom;tay:rSm av;pm;&m a&mufra&muf? udk,fcsif;pm pdwf &dS&m a&mufra&muf rdrdwdkYudk,frdrd jyefvnfqifjcifoHk;oyfoifhwJhtaMumif; tMuHûywifjyvdkufwm jzpfygw,f/

uRefawmfajymwmawGudk rsufpd pHkrSdwfNyD; vufcHMuzdkY b,folYudkrS rwdkufwGef;Edkifovdk wdkufvnf; rwdkufwGef;0Hhyg bl;/ tck uRefawmfhtpDtpOfudk em;qifawmfrlaeMuol cspfrdwfaqGrsm;rSmvnf; udk,fydkif qifjcifÓPfrsm; tou tou &dSMuolcsnf;rdkY uRefawmfajymwm oifhroifh? avsmfravsmfudk csifhcsdef qHk;jzwfEdkifr,fholcsnf;om jzpfygw,f/ uRefawmfwifjycJhwmav;udk wpfqdwfav; tcsdef,lpOf;pm;ay;Mur,fqdk&ifyJ uRefawmfujzifhaus;Zl;wifaeawmhrSmyg/ tJovdk pOf;pm;NyD;wJhaemuf b,fvrf;udkyJ a&G;a&G;? vlBuD;rif;udk uRefawmfav;pm;ygw,f/ udk,fBudKuf&m udk,fa&G; cGifhu uRefawmfhrSmom &dSaewm r[kwfbJ vlBuD;rif;rSmvnf; &dSaewmyJ r[kwfygvm;cifAsm/ tvm;wlyJ? awG;yHk jrifyHk ouf0if,HkMunfyHkawG uGJvGJaewwfwmudku cspfp&maumif;wJh vlYabmifavmuBuD;&JU obm0ayyJvdkY ESpfESpfumum av;av;eufeuf ,HkMunfrdwJhtwGufvnf; onfpum;udk ajymvdkuf&wm jzpfygw,f/

r*Fvmtaygif;eJY canmif;jynfhpHkMuwJhtjyif tm;vHk; awG;q qifjcifEdkifMuygapvdkY pma&;wJh uRefawmf twåausmfu *g&0eJY qkawmif;arwåmydkYovdkufygw,fcifAsm;/

Phone Story (Part 2)

တေလေဂဏန်း ငါးလုံးတွဲ

(ကွန်မန့် မရေးဘူးဆိုရင်တောင်မှ မဲလေး ဘာလေးတော့ အားနာပါးနာ ပေးသွားကြပါလားခင်ဗျာ… သနားကြရင်ပေါ့)

၁၅။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အထက်ကာရီကပါ။ ကျွန်တော့် အသက် ၂၆-၂၇ လောက်ကပေါ့။ အဲတုန်းက ကျွန်တော် အိမ်ထောင်မကျသေးဘူး၊ ၄၅ လမ်းက အမေ့တိုက်ခန်းမှာ သားအမိနှစ်ယောက် နေကြတဲ့ အချိန်မှာပါ။

ကျွန်တော်က အဲဒီ့အချိန်မှာ ကျူရှင်ဆရာအလုပ်နဲ့ အောင်မြင်စ အချိန်။ အမေ့အခန်းမှာပဲ ကျွန်တော့်ကျောင်းခန်းကို ဖွင့်ထားတာ၊

အခုလို ဧပြီလထဲမှာပေါ့ဗျာ။ ကျောင်းတွေက ပိတ်ထားတဲ့အချိန်ဆိုတော့ ကျွန်တော့်မှာ တစ်ယောက်တည်း ပျင်းရိ ငြီးငွေ့နေတာ။ နေ့ခင်းဘက် တစ်ရေးတစ်မောလည်း မမှေးတတ်တော့ စာအုပ်တွေပဲ ဖိဖတ်ရင်း နေ့တာကို မတို တိုအောင် အတင်းလုပ်နေမိရတဲ့ လူပျိုသိုးဘဝ…။

အဲဒီ့အချိန်မှာ ဖုန်းက မြည်လာတယ်။

အိမ်မှာက ဖုန်းလာရင် ကျွန်တော်ပဲ ကိုင်တာ များတယ်။ အမေက ကျွန်တော် မရှိမှသာ ကိုင်တာ။ ဒါနဲ့ ကျွန်တော်လည်း ဖုန်းကို ထူးလိုက်တယ်။

“ဟယ်လို…”

“တူးတူးရှိလား…”

တစ်ဘက်က အသံက တိုးသက်နူးညံ့ လွန်းအားကြီးတော့ “တူးတူး ရှိလား”လို့ ကြားလိုက်သယောင်သာ ရှိတယ်။ သိပ်ကြီး မသေချာလှဘူး၊ ဒါကြောင့် “ခင်ဗျာ…”လို့ မရေမရာ ပြန်ပြောလိုက်မိတယ်။

“တူးတူး ရှိလား”လို့ တစ်ဘက်က ထပ်မေးချိန်မှာ ကျွန်တော်ကသာ “ဪ… ဖုန်းမှားနေပါတယ် ခင်ဗျာ”လို့ ပြန်ပြောပြီး ဖုန်းကို သူ့နေရာမှာ သူ ပြန်ထားလိုက်မိခဲ့ရင် အားလုံးဟာလည်း သူ့နေရာမှာပဲ သူရှိနေခဲ့မှာပါ။ ခုတော့… ခုတော့… လျှာရှည်တဲ့ ကျွန်တော်ဟာ “ဖုန်းမှားနေပါတယ်”လို့ ပြောရမယ့်အစား “ဘယ်နံပါတ်ကို ဆက်တာပါလဲ”လို့ ရှည်လိုက်မိပါတယ်။

သည်အခါ တစ်ဘက်က တိုးသက်နူးညံ့ အသံရှင်က…

“အသက် ဘယ်လောက်ရှိပြီလဲဟင်…”

“ခင်ဗျာ…”

“အသက် ဘယ်လောက်ရှိပြီလဲလို့ မေးနေတာလေ…”

စိတ်မရှည်သလိုလို အသံနဲ့ပေမယ့် တိုးသက် နူးညံ့လွန်းမှုကြောင့် နားဝင်ချိုလှပါတယ်။ စိတ်ထဲမှာ လှုပ်ခနဲ ဖြစ်သွားခြင်းနဲ့အတူ…

“အင်း… အမှန်အတိုင်းပြောရမယ်ဆိုရင်တော့…”

“ညာပြောချင်လည်း ပြောပါ…”

“အစိတ်နဲ့ ၃၀ကြားဆို ကျေနပ်မလား”

“အင်း…”

“ဘာလို့ မေးတာလဲဟင်…”

“သိပ်အသက်ကြီးတဲ့သူဆိုရင် ဘယ်စကားပြောလို့ ကောင်းမှာလဲလေ”

“ဪ… ဪ…”

“အဲဒီ့အိမ်မှာ သူတစ်ယောက်တည်း နေတာလားဟင်…”

“ဘာဖြစ်လို့ မေးတာလဲ…”

“အဲဒီ့ နံပါတ်ကို မှားလှည့်မိသွားတိုင်း အဲဒီ့တစ်ယောက် အသံကိုပဲ ကြားရလို့…”

“အင်း… သည်ဖုန်းကို တို့ပဲ ထူးတာ များတယ်။ အိမ်မှာက မေမေရယ်၊ တို့ရယ်ပဲ ရှိတာလေ…”

“နာမည် ဘယ်လိုခေါ်သလဲ”

“ခင်ဗျားနာမည်ကို အရင်ပြောပြဦးလေ…”

သူ ငြိမ်နေတယ်။ ကျွန်တော်လည်း နာမည်တစ်ခုခုကို စဉ်းစားနေမိတယ်။

“မပြောချင်လည်း နေဗျာ၊ ဒါပဲ”

အဲသလိုကျတော့လည်း လွမ်းစရာ ကောင်းသွားတယ်။ လောကမှာ မြင်မြင်ချင်း ချစ်တယ်လို့သာ ရှိတာ။ ကျွန်တော့်မှာက လူမမြင်ရသေးဘူး၊ အသံလေးကို ကြားထားတာနဲ့ကို သရိုးသရီ ဖြစ်ချင်နေပြီ။ ကြားကြားချင်းပင် ချစ်မိတယ်လို့ ပြောရရင် လွန်မလားပဲ။ အသံကို ပြောပါတယ်။

“စိတ်ရှည်ရှည်ထားပါ မမရယ်…၊ ပြောဆိုလည်း ပြောပါ့မယ်”လို့ ခပ်လောလော ကျွန်တော် ပြန်ပြောတော့ သူ ခပ်အုပ်အုပ်လေး ရယ်နေတယ်။

သည်ဘက်ကကောင်တော့ အတော်ကြွေနေပြီ။ နူးညံ့တိုးသက်လှတဲ့ စကားသံက စွဲလန်းဖို့ ကောင်းတယ်ဆိုရင် ခိုးခိုးခစ်ခစ်ရယ်သံလေးက ယစ်မူး တွယ်တာစရာ ကောင်းလှတယ်လို့ ဆိုရပါလိမ့်မယ်။

“ပြောမယ်ဆို ပြောလေဗျာ…”လို့ သူက ထပ် လောဆော်တော့မှ ကျွန်တော်လည်း ညွှတ်ကျနေတဲ့ စိတ်ကို မနည်းပြန် စုစီးလိုက်ရပါတယ်။

“ညီညီ…”

“ရည်းစားရှိလား…”

“မူးရင်တောင် ဘယ်နား လိုက်ရှာရမယ်မှန်း မသိပေါင်ဗျာ…”

“တကယ်ပြောနေတာလား…”

“တကယ်ပါ…”

အမှန်ပါ။ အဲဒီ့အချိန်က ကျွန်တော့်မှာ ရည်းစားလက်မဲ့ ဘဝ။ အမေ့ဆန္ဒကို ငဲ့ကွက်လို့ မခင်မိုးလှိုင်ကို ရင်နာနာနဲ့သစ်စိမ်းချိုး ချိုးလိုက်ရသလို အမေကျေနပ်လောက်တဲ့ မမူယာနဲ့ကလည်း အစပ်မတည့်နိုင်၊ ရေရှည် စခန်းသွားလောက်အောင် အဆင်မပြေနိုင်မှန်း ရိပ်စားမိလာတာမို့ ပတ်စာခွာ ဖျာသိမ်းပြီးတဲ့နောက် ဘဝမှာ ကိုယ့်ကြောင့် မိန်းမသားတွေ နစ်နာလို့ချည်းနေတာကို အားနာစိတ်နဲ့ ဘယ်သူနဲ့မှ မပတ်သက်တော့ဘဲ အေးအေး နေခိုက်မှာမို့ ခိုင်ခိုင်မာမာ ပြောလိုက်တာပါ။

ကျွန်တော့်အသံထဲမှာ သေချာမှုတွေ ပါသွားသလားတော့ မသိဘူး၊ တစ်ဘက်က ပြန်ပြောလာတာက…

“ကျွန်တော့်မှာတော့ ရှိတယ်…”

“အဲဒါ ကျုပ်က ဘာလုပ်ရမှာတုံး…”

“စောစောစီးစီး သိအောင်ပြောထားတာလေ…”

၁၄။

ဟုတ်ပါတယ်။ သူ့ဘက်က ကျွန်တော့်ကို အစောကြီးကတည်းက သေသေချာချာ ပြောထားနှင့်ခဲ့ပြီးသားပါ။ သည်ကြားထဲကမှ တိမ်းမူးသွားတဲ့ ကျွန်တော့်နှလုံးသားမှာ နားရွက် မပါခဲ့တာမို့လည်း သည်ဇာတ်လမ်း ဖြစ်လာရပါတယ်လို့ ဆိုရပါလိမ့်မယ်။

ပြောရရင်တော့ ရယ်စရာကောင်းလှတယ်။ ကျွန်တော့်နှလုံးက နုလွန်းတယ်။ လူပျိုပေါက်ကတည်းက နာခဲ့၊ ကွဲခဲ့ရဖန် များလွန်းလို့ မာသွားပြီ မထင်နဲ့၊ နာရလွန်း၊ ကွဲရလွန်းတော့ အသားနုတွေနဲ့ချည်း ဖွဲ့တည်နေတဲ့ နှလုံးထင်ပါရဲ့ဗျာ။ ထိလွယ်၊ ရှလွယ်၊ ပွန်းပဲ့လွယ်နေတော့တာများ… ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩယူမိတယ်။

အခုလည်း လူကိုသာ မမြင်ရသေးတာ၊ တိုးသက် နူးညံ့တဲ့ သူ့အသံ၊ မာန်ငွေ့ငွေ့ပါသည့်တိုင် ပျော့နွဲ့ဆွဲငင်နေတဲ့ သူ့လေယူလေသိမ်းတို့ကြောင့် ကျွန်တော့် စိတ်က တိမ်းညွတ်နေမိရပြီလေ။

“ဒါပဲလေ… နော်”

“ဟာ… ဘယ်လိုဖြစ်တာလဲ၊ နေပါဦး…”

သူ့သဘောနဲ့သူ၊ ကိုယ်က မဖိတ်ခေါ်ပါဘဲ ရောက်လာခဲ့သူတစ်ယောက်အနေနဲ့ သူ့သဘောနဲ့သူ၊ ကိုယ်က မနှင်ဘဲနဲ့လည်း ပြန်ထွက်သွားပိုင်တယ်ဆိုတဲ့ သဘောကို ချက်ချင်းပဲ ရိပ်စားမိလိုက်တာနဲ့အတူ ရင်ထဲမှာ လှိုက်ခနဲ နင့်သွားတယ်။

“စာကျက်ရဦးမယ်…”

“စာကျက်ရဦးမယ်… ဟုတ်လား။ သည်အချိန်မှာ ဘာစာမေးပွဲမှ မရှိဘူး…”

“ရှိလို့ စာကျက်ရဦးမယ်လို့ ပြောတာပေါ့…”

“နေဦး… ဆယ်တန်းတွေလည်း ဖြေပြီးကုန်ကြပြီ၊ တက္ကသိုလ်က လည်း စက်တင်ဘာမှ ဖြေရမှာဆိုတော့ သည်အချိန်မှာ စာကျက်ရမယ့် ကျောင်းရယ်လို့ MC ပဲ ရှိတယ်…”

သူ ခဏ ငြိမ်နေတယ်။ တစ်အောင့်လောက်တောင် ကြာတယ်။ ပြီးတော့မှ…

“ဟုတ်တယ်… MC ကပဲ…”

“2nd MB လား၊ 3rd MB လား…”

“ဟာ… ကျွမ်းလှချည်လား၊ ဟုတ်တယ်။ 2nd MB ကပါ…”

“Senior လား၊ Junior လား…”

ငြိမ်ကျသွားပြန်တယ်။ ဒုတိယနှစ် ဆေးကျောင်းမှာ အကြီးတန်းလား၊ အငယ်တန်းလားဆိုတာကို မေးနေမိတာ။ တော်တော်လေး ငြိမ်နေလို့ ထပ် မေးယူတော့မှ…

“2nd MB Senior တက်နေတာ။ ဒါပဲလေ၊ စာကျက်ရဦးမယ်လို့ ဆို…”

သူ့အသံလေး နားထဲက ပျောက်သွားတော့မှာကို တွေးပြီး ကြိုလွမ်းတဲ့ စိတ်နဲ့ “နေပါဦး…”လို့ မပြောသာ ပြောသာ ပြောဖြစ်ရပြန်တယ်။

“စာမေးပွဲကျလိမ့်မယ်…”

“ဆပ္ပလီ (Supplementary Examination) ရှိပါသေးတယ်”

“ဟာ… ကျွမ်းလှချည်လား၊ ခင်ဗျား ဆရာဝန်လားဟင်…”

“မဟုတ်ပါဘူး…”

“ဘယ်လိုလုပ်ပြီး ဒါတွေ သိနေတာလဲ…”

“ကိုယ်က ပညာရေးလောကနဲ့ မစိမ်းတဲ့သူပါ…”

“ဘာအလုပ် လုပ်လဲ…”

“ကြုံရာ ကျပမ်းပေါ့…”

“ကျွန်တော် အကောင်းမေးနေတာ…”

“ကျွန်တော်ကလည်း အကောင်းဖြေနေတာပါပဲ။ ကျောင်းပြီးကတည်းက ဟိုဟာ စမ်းလုပ်ကြည့်လိုက်၊ သည်ဟာ စမ်းလုပ်ကြည့်လိုက်နဲ့ ယောင်နေတာ…”

“ဘာနဲ့ ကျောင်းပြီးတာလဲ…”

“ခင်ဗျားကပဲ ကျွန်တော့်ကို စွတ်မေးနေတာ။ ကျွန်တော် မေးတာ ခင်ဗျား ဖြေဖို့ကျတော့ တိုရေ၊ ရှည်ရေနဲ့…”

သူ ခိုးခိုးခစ်ခစ် ရယ်ပြန်တယ်။ အဲသည့် ရယ်သံလေးမှာ မူးနေပါတယ်ဆိုမှ။

“ကဲပါ… ခင်ဗျားမေးတာလည်း ကျွန်တော်ဖြေမယ်၊ ကဲ… မေး”

“နာမယ်လောက်တော့ ကိုယ်သိချင်တယ်”

သူ ခဏလေး ငြိမ်နေတယ်။ ခဏကြာမှ…

“နွယ်လို့ မှတ်ထားလိုက်လေ…”

“သည်လောက်ပဲ တို့ကို သိခွင့်ပေးမယ် ဆိုပါတော့…”

“သည်လောက် သိရရင်တော်ရောပေါ့…”

၁၃။

အဲဒီက စတာပါပဲ။ နေ့စဉ်ရက်ဆက်မဟုတ်တောင် တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်ခြား တစ်ခါလောက်တော့ သူ ဆက်တတ်တယ်။ တစ်နေ့တည်း နှစ်ခါ၊ သုံးခါ ဆက်တဲ့အခါလည်း ဆက်ရဲ့။

တစ်ယောက်နဲ့ တစ်ယောက်မမြင်ဖူးကြပေမယ့် စကားပြောတဲ့ ကြိမ်ဖန်က များလာတော့ ရင်းနှီးလာတယ်။ ခက်တာက သူ ဆက်သွယ်ချင်တဲ့ အချိန်မှာ ဆက်သွယ်နိုင်နေပြီး သူ ဖြတ်ချသွားရင်လည်း ကိုယ်က ငုတ်တုတ်ကြီး ခံနေရတာ။

ပိုဆိုးတာက ဖုန်းချသွားခါနီးတိုင်း သူပြောတတ်တဲ့ စကားလေးတွေပါပဲ။

“သတိရနေမယ်နော်…” ဆိုတာမျိုး၊

“အဲဒီ့အသံကို အမြဲပဲ ကြားယောင်နေမိတယ်…” ဆိုတာမျိုး၊

“ဖြစ်နိုင်ရင် ခင်ဗျားကို မေ့ပစ်လိုက်ချင်တယ်။ မေ့လို့ မရတော့ ခက်နေတယ်လေ…” ဆိုတာမျိုး၊

“ဖုန်းပြောပြီးရင် ကျွန်တော် စာကျက်လို့ ရတော့မှာ မဟုတ်ဘူး၊ သိရဲ့လား”ဆိုတာမျိုးတွေနဲ့ တစ်နေ့တစ်မျိုး မရိုးအောင် သူ တတ်နိုင်ခဲ့ပါတယ်။

သည်ဘက်က ကျွန်တော့်မှာ အဲသလို စကားမျိုးလေးတွေအတွက် တစ်ခုခု ပြန်ပြောမလို့ ရှိသေး၊ သူ့အသံလေးတွေ စီးမျောလာတဲ့ တယ်လီဖုန်းက အသက် ကင်းမဲ့သွားတာကိုကလည်း ထူးခြားမှုတစ်ခုလို့ ဆိုရမယ် ထင်ပါရဲ့…။

၁၂။

“တယ်လီဖုန်းက တစ်ဆင့်ကွယ်…

ခင်မင်ရင်းနှီးမှု ရအောင်…

စကားတွေ ပြောချင်တယ်…

တစ်နေ့တစ်ခေါက်တော့ ပြောပါရစေ…

အသံသာလေးတော့ ကြားပါရစေ…

အချစ်ဆုံးရယ်… ခွင့်ပြုပါ… ကြင်နာရင်…

တစ်နေ့တစ်ခေါက်တော့ ဖုန်းဆက်ပါ

ရယ်ရယ်မောမော စကားပြောချင်…

သူလေးအသံ ကြားရရင် ကျေနပ်ပြီ…”

သီချင်းလေး တစ်ပုဒ်ကို ကျွန်တော် ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကြိုက်တဲ့ အဆိုရှင် Englebert Humperdinck ရဲ့ A Place in the Sun သီချင်းသွားမှာ စာသား ဖြည့်လိုက်တာပါ။

သူ့ကိုလည်း ဖုန်းထဲက ဆိုပြမိပါတယ်။ ညာဘက်နားနဲ့ ပုခုံးကြားမှာ တယ်လီဖုန်း စကားပြောခွက်ကို ညှပ်ပြီး လက်နှစ်ဘက်စလုံး အားသွားအောင် လုပ်၊ ဂစ်တာတီးပြီးတော့ ဆိုပြရတာလေ…။

(နောင်အခါ သည်သီချင်းကို တေးရောင်ခြည်လို့ခေါ်တဲ့ The Rays တီးဝိုင်းမှ “ဒရမ္မာလူဝိုင်း”က သူ့“ဒရမ်” ဆိုတဲ့ သီချင်းခွေမှာ ထည့်ဆိုသွားခဲ့ဖူးတယ်။)

သီချင်းနားထောင်ပြီးတော့ သူက “ချို့ကို ပိုလို့စွဲလမ်းအောင် လုပ်နေတာလားဟင်…” လို့ ပြောတယ်။

ကျွန်တော် လှုပ်ခနဲ ခါသွားတယ်။ သူ့ကိုယ်သူ ချိုလို့ လွှတ်ခနဲသုံး စွဲတာ ဒါနဲ့ဆို ၃ခါ ရှိသွားပြီ။ သေချာနေပါပြီ၊ သူ သတိထားပြီး ပြောတဲ့အခါ သူ့ကိုယ်သူ “နွယ်”လို့ ပြောတတ်ပေမယ့် အမှတ်တမဲ့များမှာ “ချို”လို့ သုံးတယ်ဆိုတော့ သူ့နာမည်မှာ “ချို”ပါရမယ်လို့ ကျွန်တော် အတတ်စွဲထား လိုက်တယ်။

“တစ်နာရီလောက် ပြောရတာ…

ကိုယ်တကယ် အားမရဘူးကွယ်…

သည့်ထက်မက ပြောချင်တယ်…

ဒါပေမယ့် သိတ်တော့မလွယ်…

အိမ်က အဖိုးကြီး ဒေါပွရင်…

အခွင့်အရေးတွေ နစ်နာမယ်…

တစ်နေ့တစ်ခေါက်တော့ ပြောပါရစေ…

အသံသာလေးတော့ ကြားပါရစေ…

အချစ်ဆုံးရယ် ခွင့်ပြုပါ…  မစိမ်းနဲ့နော်…

တစ်နေ့တစ်ခေါက်တော့ ဖုန်းဆက်ပါ…

ရယ်ရယ်မောမော စကားပြောချင်…

သူလေးအသံ ကြားရရင် ကျေနပ်ပြီ…

ချိုတဲ့အသံ ကြားရရင် စိတ်ထဲပျော်…”

လူ့ဘဝဇာတ်ခုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော်တို့ ဇာတ်လမ်းလေးမှာ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပဲ ဇာတ်ဝင် သီချင်းတစ်ပုဒ်ဟာ မဆွကတည်းက ပါနေခဲ့ပါတယ်။

“ချို”ပဲဖြစ်ဖြစ်၊ “နွယ်”ပဲဖြစ်ဖြစ်၊ “ချိုနွယ်”ပဲဖြစ်ဖြစ်၊ “နွယ်ချို”ပဲ ဖြစ်ဖြစ်၊ ကျွန်တော့်ဆီမှန်မှန် ဖုန်းဆက်နေတဲ့ အဲဒီ့ တိုးသက် နူးညံ့ အသံရှင်လေးဟာ ကျွန်တော့်ရင်နှလုံးထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့တာတော့ အမှန်ပါပဲ။

၁၁။

တစ်နေ့မှာ ကျွန်တော်တို့ နှစ်ယောက် ဖုန်းပြောနေတုန်း တယ်လီဖုန်းထဲမှာ နာရီသံတစ်သံ ကြားရတယ်။

ရင်းနှီးနေတဲ့အသံ…

ဟုတ်တယ်… ဝန်ကြီးများရုံးမှာ တပ်ဆင်ထားတဲ့ နာရီကြီးရဲ့ အချက်ပေးသံ…။

တယ်လီဖုန်းကို နားနဲ့ ခွာလိုက်တဲ့အခါ ကျွန်တော့်နားထဲမှာ အဲဒီ့ နာရီသံသဲ့သဲ့ကို အတိုင်းသားကြားရတယ်။ တယ်လီဖုန်းကို နားနဲ့ကပ်လိုက်တဲ့အခါ ဖုန်းထဲကနေပြီးတော့ အဲဒီ့နာရီသံကို ပီပီသသ ကြားရတယ်။

“ဒါ ဝန်ကြီးများ ရုံးက နာရီသံပဲ။ ဒါဆိုရင် နွယ့်အိမ်က အဲဒီ့နား တဝိုက်မှာပဲ ရှိရမှာပေါ့…”

သူ ငြိမ်ကျသွားတယ်။

“အရှေ့ဘက်မှာ ၄၅ လမ်း ၄၆ လမ်း၊ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်း၊ လမ်း ၄၀၊ ၃၉ လမ်း၊ တောင်ဘက်ဆိုရင် ၄၁၊ ၄၂၊ ၄၃၊ တစ်ခုခုပဲ…”

ကျွန်တော် ဆက်ပြောပေနေမယ့် သူ ငြိမ်နေတယ်။

ကျွန်တော်က ၄၅ လမ်းမှာ နေတဲ့သူဆိုတော့ သည်နာရီသံနဲ့က နေ့စဉ် ယဉ်ပါးနေတာလေ။ သည်တော့လည်း သူ့ဖုန်းထဲကပါ သည်အသံကို ကြားလိုက်ရတဲ့အခါ သူသည်လည်း သည်နယ်နိမိတ်တစ်ဝိုက်မှာ နေထိုင်သူ ဖြစ်ရပေတော့မှာပေါ့။

“ချို”လို့ လွှတ်ခနဲ ထွက်တာဟာ ပထမ သဲလွန်စဖြစ်တယ်ဆိုရင် နာရီသံဟာ ဒုတိယ သဲလွန်စပါပဲ။

၁၀။

“မနေ့က ခုံနံပါတ်တွေ ထွက်တယ်။ စာမေးပွဲက နီးလှပြီ၊ စာကျက်လို့လည်း မရချင်ဘူး၊ စိတ်ညစ်တယ် သူရယ်…”

တစ်နေ့မှာ သူ အဲသလိုပြောတော့ ကျွန်တော် တေးထားလိုက်တယ်။

သူလည်း ဖုန်းချသွားရော ကျွန်တော် “လိပ်ခုံး”ကို တန်းပြေးတော့တာပဲ။ အဲတုန်းက လိပ်ခုံး မဖျက်သေးဘူးလေ။ ဆေးတက္ကသိုလ်က ဒုတိယနှစ်၊ တတိယနှစ် အတန်းငယ်လေးတွေကို အဲဒီ့မှာပဲ ထားတာမှန်း ကျွန်တော် သိနေတယ်။

အဲဒီ့နေ့က တနင်္ဂနွေနေ့ဆိုတော့ လူရှင်းတယ်။ မှတ်ပုံတင်ရှေ့နေ သင်တန်း တက်တုန်းက အဲဒီ့ ကျောင်းဝိုင်းထဲမှာပဲ တက်ခဲ့ရတာဆိုတော့ သည်ပရဝုဏ်နဲ့ ကျွန်တော်နဲ့ကလည်း ရင်းနှီးပြီးသား။

ခုံနံပါတ် စာရင်းကို အလွယ်တကူပဲ တွေ့ရပါတယ်။ စာရင်းထဲမှာ ဒုတိယနှစ် အကြီးတန်းကို ရှာလိုက်တယ်။ အတန်းက လူလည်း သိပ်မများဘူး၊ ၆၀-၇၀လောက်ပဲ ရှိတယ်။

နာမည်တွေကို တစ်ယောက်ချင်း ကြည့်တယ်။ နာမည်မှာ “ချို” သို့မဟုတ် “နွယ်”ပါတဲ့သူကို ရှာတာပေါ့။ ကံကောင်းချင်လို့လား၊ ကံဆိုးချင်လို့လားတော့ မသိဘူး။ အဲဒီ့ တစ်တန်းလုံးမှာ “ချို”ရော၊ “နွယ်”ပါ ပါတာ တစ်ယောက်တည်း ရှိတယ်။

“ချိုနွယ်သင်း”တဲ့၊ ခုံနံပါတ်-၅၄၊ ကျွန်တော် တက္ကသိုလ် တက်စဉ်က ခုံနံပါတ်ကလည်း ၅၄ ဆိုတော့ အထူးတလည် မှတ်နေဖို့တောင် မလိုတော့ဘူး၊

ကျွန်တော်လည်း ခုံနံပါတ်စာရင်းကို သေချာအောင် နောက်တစ်ခေါက် အသေးစိတ် ကြည့်လိုက်ပြီး ပြန်ခဲ့တယ်။

၉။

“ခင်ဗျားနဲ့ ဖုန်းပြောနေရတာနဲ့ နွယ်တော့ စာမေးပွဲ ကျတော့မယ်…”

“စာကျက်ပေါ့၊ ဖုန်းပြောတာက အလွန်ဆုံးမှ တစ်နာရီလောက် ပြောဖြစ်တာကို၊ ကျန်တဲ့ အချိန်ကျက်လေ”

“ကျက်လို့မှ မရတာ…၊ ခင်ဗျားဆီပဲ နွယ့်စိတ်က ရောက်နေတာ မသိဘူးလား၊ ဒါနဲ့ပဲ စာမေးပွဲ ကျတော့မှာပဲ…”

အကွက်ကလေးက အလိုက်တသင့် ဝင်လာတာနဲ့ ကျွန်တော်လည်း စကားတစ်ခွန်းကို အသာလေး ခင်းပေးလိုက်တယ်။

“စာမေးပွဲဆိုတာ ကံလည်း ပါသင့် သလောက်ပါတယ်။ ခုံနံပါတ်တွေ ဘာတွေကလည်း အဲဒီ့စာမေးပွဲအတွက် ဖြေမယ့်သူရဲ့ ကံကို ကောင်းစေတတ်တယ်…”

“ခုံနံပါတ်ကတော့ အပျံစားပဲ။ ပေါင်းလိုက်ရင် ကိုးရတယ်…”

တော်တော် သေချာနေပြီ။ ထပ်သေချာအောင် လုပ်ဖို့ပဲ ကျန်တော့တယ်။

“ဒါဆိုရင် နွယ့် ခုံနံပါတ်က ၅၄ များလားဟင်…”

သူ ငြိမ်ကျသွားတယ်။ ပထမသဲလွန်စဖြစ်တဲ့ “ချို”ဆိုတာကို ထောက်လိုက်မိစဉ်က တစ်ကြိမ်၊ ဝန်ကြီးများရုံး နာရီသံကို ထောက်လိုက်စဉ်က တစ်ကြိမ် သူ ငြိမ်ကျသွားတတ်တာတွေကို အမှတ်ထင်ထင် ရှိနေခဲ့ပြီးသား။ သူနဲ့ပတ်သက်လို့ သဲလွန်စ အမှန်အကန်တစ်ခုခုကို ရလိုက်တိုင်း သူ ဖြစ်သွားနေကျ ပုံစံ…။

အခုလည်း ခုံနံပါတ် ၅၄ ဟာ မှန်ကန်ပါကြောင်း သူငြိမ်ကျသွားခြင်းနဲ့ အတည်ပြုပေးလိုက်တယ်လို့ ကျွန်တော် နားလည်ယူလိုက်တယ်။

၈။

ကျန်တဲ့အပိုင်းကတော့ လွယ်လို့သွားပါတယ်။ တခြားသူတွေအတွက် လွယ်ချင်မှ လွယ်မှာပေမယ့် ကျွန်တော့်အတွက်ကတော့ တော်တော်လေး လွယ်ပါတယ်။

ကျူရှင်ဆရာ လုပ်သက်ကလေးကလည်း အတန်အသင့် ရှိနေပြန်၊ ဘာသာစုံသင်တဲ့ ကျောင်းပေါင်းစုံမှာလည်း ဝင်ပြီး သင်နေသူဆိုတော့ ဆရာ ပေါင်းစုံနဲ့က ခင်နေတယ်။ အပြင် ကျူရှင်ဆရာတွေနဲ့တင် မဟုတ်ဘဲ တက္ကသိုလ်ဆရာတွေထဲမှာလည်း ကျွန်တော်နဲ့ မကင်းရာ မကင်းကြောင်းတွေက များတယ်။

သည်တော့ သူ့ခုံနံပါတ်နဲ့ နာမည် အပြည့်အစုံကို သိရပြီးတဲ့နောက် တစ်ပတ် မပြည့်ခင်အတွင်းမှာ လမ်းမတော် ဆေးတက္ကသိုလ် မော်ကွန်းထိန်း ရုံးကို ကျွန်တော် ရောက်သွားတယ်။ ဒုတိယနှစ် အကြီးတန်းကျောင်းသူ “ချိုနွယ်သင်း”ရဲ့ ကျောင်းဝင်ပုံစံကို မရ၊ ရအောင် တောင်းကြည့်ဖို့ပါ။

အပေါင်းအသင်းကောင်းတော့ ခဏချင်းမှာပဲ လိုချင်တာကို မျက်ဝါး ထင်ထင် မြင်ရတယ်။

ပုံစံပေါ်က အဖြူအမည်း ဓာတ်ပုံထဲမှာက ကလေးမလေးတစ်ယောက်ရဲ့ ပုံ။ အလွန်ဆုံးရှိမှ ရှစ်တန်းကျောင်းသူအရွယ် ပုံစံမျိုးလေး။ မှတ်ပုံတင် ဓာတ်ပုံဆိုတာ လှည့်စားတတ်မှန်း သိနေမိတော့ ပုံထက် ကိုယ်ရေး အချက်အလက်တွေကို ပို အာရုံစိုက်လိုက်တယ်။

ချိုနွယ်သင်း၊ မိဘအမည် – ဦးဇော်သင်းမောင်၊ ဒေါ်ခင်နှင်းမြင့်၊ နေရပ်လိပ်စာ – ၂၄၆၊ ၃၉လမ်း၊ ကျောက်တံတားမြို့နယ်။

နှစ်ခေါက်ဖတ်လိုက်တဲ့အခါမှာတော့ သည်အချက်အလက်တွေ အားလုံးဟာ ကျွန်တော့် ဦးနှောက်ထဲမှာ စွဲမြဲသွားပြီ။

၇။

ဒုတိယအဆင့်က သူ့ဖုန်းနံပါတ် ရှာဖို့။ တယ်လီဖုန်း စုံစမ်းရေးဌာနကို လှမ်းမေးတော့ ဦးဇော်သင်းမောင်၊ ဒေါ်ခင်နှင်းမြင့်တို့အမည်နဲ့ တယ်လီဖုန်း မရှိဘူးလို့ ပြန်ကြားတယ်။

အမှန်က အဲဒီ့အချိန်မှာ ရှစ်နဲ့စတဲ့ တယ်လီဖုန်းတွေအတွက် စာရင်း မဝင်သေးဘူးဆိုတာ ကျွန်တော် သိနေတယ်။ ကျွန်တော့်အိမ်က ဖုန်းလည်း ရှစ်နဲ့ စတာလေ…။

သည်တော့ တယ်လီဖုန်း အိပ်ခ်စ်ချိန်းခ်ျက မိတ်ဆွေ အင်ဂျင်နီယာကို အကူအညီ တောင်းရပြန်တယ်။ အဲတော့လည်း လွယ်သားပဲ။

ဦးဇော်သင်းမောင်ရဲ့ ဖုန်းက ၈၉၄၉၃လို့ သိရတယ်။ ရှစ် ကိုးဆယ့်လေး၊ ကိုးဆယ့်သုံးလို့ မှတ်ရုံပဲလေ။ ကျွန်တော့် ဖုန်းကို ရှစ်၊ နှစ်ဆယ့်ငါး၊ နှစ်ဆယ့်လေးလို့ မှတ်ဖို့ သူများတွေကို မှာနေကျကိုး။ သည်နည်းနဲ့ မှတ်တာက လွယ်တယ်။

ဖုန်းနံပါတ် သိလိုက်ရပြီးတဲ့နောက် နှစ်ရက်လောက်နေတော့ သူ ဖုန်းဆက်တယ်။ အလိုက်အထိုက်ကလေး ပြန်ပြောနေမိတာပေါ့။ ခါတိုင်းလိုပဲ၊ ကျွန်တော်တို့နှစ်ယောက် ဖုန်းထဲမှာ သူငယ်ချင်း မက၊ ချစ်သူ မကျ လုပ်နေကြတာလေ…။

မိနစ်၄၀လောက်ကြာတော့ သူက…

“စာကျက်လိုက်ဦးမယ်နော်…၊ စာကျက်ရင်းနဲ့ သူ့ကို သတိရနေမှာပါ…”ဆိုတဲ့ စကားနဲ့ ဖုန်းချသွားတယ်။

၆။
ချက်ချင်းပဲ ၈၉၄၉၃ ကို ကျွန်တော် ပြန်လှည့်လိုက်တယ်။ ဖုန်းနားက ခြေရွှေ့ဖို့တောင် သူ အချိန်ရလိုက်မယ် မထင်ဘူး။

ခေါ်သံတစ်ချက်ပဲ ပေးလိုက်ရတယ်။ ထူးသံကို ချက်ချင်း ကြားရတယ်။

“ဟယ်လို…၊” “အမိန့်ရှိပါရှင်…၊” “ဟုတ်ကဲ့ ပြောပါရှင်…”အစရှိသဖြင့် ဖုန်းထူးတဲ့အခါ မိန်းကလေးတွေ ထူးလေ့ရှိတဲ့ အသုံးအနှုံးမျိုးကို မကြားရဘူး။
တစ်သက်တာ ထာဝရအတွက် အမှတ်တရ ဖြစ်နေအောင် ထင်ပါရဲ့။ ကျွန်တော် သူ့ဆီ ပထမဆုံး ပြန်ဆက်တဲ့နေ့က သူ ထူးလိုက်ပုံလေးက သည်လို…

“အင်း… ပြော…”တဲ့။

သူ့ ထုံးစံအတိုင်း တိုးသက် နူးညံ့လှသလို လေးတိလေးကန်နိုင်လွန်းလှတယ်။

“ကိုယ်ဘယ်က စပြီး ပြောရမယ်မှန်းတောင် မသိနိုင်တော့ပါဘူး ချို နွယ်လေးရယ်…”

သူ အရမ်း လှုပ်ခတ်သွားတယ်။

“ဘယ်လိုလုပ်ပြီး သိသွားတာလဲ”လို့ အလန့်တကြား မေးလာတယ်။

“သည်လိုပဲပေါ့ ချိုရယ်၊ ကိုယ်က ချို့ကို စိတ်ဝင်စားတော့ စုံစမ်းယူရတာပေါ့လေ…”

“ဘာတွေ သိသေးလဲ…”

“ဟင့်အင်၊ ဘာမှ သိပ်မသိပါဘူး။ ဦးဇော်သင်းမောင်၊ ဒေါ်ခင်နှင်းမြင့်တို့ရဲ့ သမီးဆိုတာရယ်၊ ၂၄၆၊ ၃၉လမ်းမှာ နေတယ်ဆိုတာလောက်ပါပဲ”

“ဒါဆို အကုန် သိရောပေါ့။ အဲဒါကြောင့် သူ့ကို ချို ဘာမှ မပြောဘဲ နေခဲ့တာပါ။ ချို့အစ်မကို ထိခိုက်မှာ စိုးလို့ ချိုအစက သူ့ကို ဘာမှမပြောခဲ့တာပါ…”

ကျွန်တော် နားမလည်ဘူး။

“ဘာဆိုင်လို့လဲ…”

“ဆိုင်တာပေါ့၊ လှိုင်သဇင်သင်းရဲ့ နာမည်ကို ထိခိုက်မှာ စိုးလို့ အစကတည်းက သူ့ကို ပြောသင့်လျက်နဲ့ မပြောခဲ့တာပါ…”

ကျွန်တော် ဇာတ်ရည် လည်သွားတယ်။ လှိုင်သဇင်သင်းဆိုတာက နာမည်ကျော် ဇာတ်လိုက် မင်းသမီးကိုး။ အိုးဟိုး… ဒါကြောင့် ဦးဇော်သင်းမောင်ဆိုတဲ့ အမည်ကို တစ်နေရာရာမှာ ကြားဖူးသလို ရှိနေတာပါလား။ လှိုင်သဇင်သင်းအကြောင်း ရေးကြတဲ့ မဂ္ဂဇင်းတွေထဲမှာ ဖတ်ဖူးထားတာ ဖြစ်မှာပေါ့လေ။

ဒါပေမယ့် ဘာဆိုင်လဲ ချိုရယ်၊ ချိုက ချိုပဲ။ လှိုင်သဇင်သင်း ညီမ ဖြစ်နေတာနဲ့။ အေးလေ… သူ့ဘက်က တွေးတော့လည်း အစ်မကို ထိခိုက်မှာ စိုးရှာမှာပေါ့…

“ထားပါတော့ ချိုရယ်၊ ဘာပဲဖြစ်ဖြစ်၊ ချိုကချည်း ဆက်နေမယ့်အစား ကိုယ်ကလည်း နောက်ဆို ချို့ဆီ ပြန်ဆက်မယ်လေ…”

“ဟေ့အေး… အဲလိုတော့ မလုပ်နဲ့၊ ချိုပဲ ဆက်ပါရစေ၊ သူ မဆက်ပါနဲ့၊ မဆက်ဘူးလို့ ချို့ကို ကတိပေးပါလား”

လူကို အခုချိန်အထိ မမြင်ဖူးသေးပေမယ့် တိုးသက်နူးညံ့သံနဲ့ သူ စေသမျှကို လိုက်လျောကျင့်ရပြီဖြစ်တဲ့ ကျွန်တော်ဟာ သူတောင်းတဲ့ ကတိကိုလည်း ပေးဖြစ်လိုက်သလို ကတိအတိုင်းလည်း လိုက်နာဖြစ်ခဲ့ပါတယ်။

၅။
၈၉၄၉၃ ဆိုတဲ့ သူ့ဖုန်းနံပါတ်ရယ်၊ ၈၂၅၂၄ ဆိုတဲ့ ကျွန်တော့်ဖုန်းနံပါတ်ရယ်မှာက ကြမ္မာတွေ ပါဝင်ပတ်သက်နေတယ်။

နှစ်ယောက်စလုံးအတွက် မဟုတ်ရင်တောင်မှ ကျွန်တော့်အတွက် ငင်ဖြစ်စရာ ရွှေကြမ္မာက သည်ဖုံးနံပါတ်နှစ်ခုမှာ ပါသွားခဲ့ပါတယ်။

သူကလည်း သူ့ဖုန်းကို ကျွန်တော့်လိုပဲ ရှစ်၊ ကိုးဆယ့်လေး၊ ကိုး ဆယ့်သုံးရယ်လို့ ရှစ်နောက်မှာ ကိုးဆယ့်လေးနဲ့ သူ့အောက် ဂဏန်းတစ်လုံး လျော့စနစ်နဲ့ မှတ်သားခဲ့တာပါ။ ကံက (ကျွန်တော့်ကိုမှ ကွက်ပြီး ဆိုးချင်တော့) သူ့သူငယ်ချင်း “တူးတူး”ဆိုတာရဲ့ ဖုန်းနံပါတ်က ၈၂၄၂၅ (ရှစ်၊ နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါး)။ တူးတူးဆီ လှည့်တဲ့အခါတိုင်းမှာ အဲသလို ရှစ်၊ နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးလို့ ပထမဆုံး ဂဏန်းကို ဖယ်ပြီး ကျန်နှစ်စုံမှာ အသေးပြီးမှ အကြီးလာတဲ့ အစီအစဉ်အတိုင်း လှည့်ရမယ့်အစား၊ သူ့နံပါတ်လိုပဲ အကြီးပြီးမှ အသေးလိုက်တဲ့ ပုံစံနဲ့ ရှစ်၊ နှစ်ဆယ့်ငါး၊ နှစ်ဆယ့်လေးကို လှည့်မိသွားတာက များခဲ့တယ်လို့ ဆိုပါတယ်။

သည်အခါ ကျွန်တော်ချည်း အဲဒီ့ဖုန်းကို ထူးနေတာနဲ့ပဲ တိုးနေပြန်တဲ့အခါ သည်ဖုန်းကို သည်တစ်ယောက်တည်း ကိုင်နေတာမို့ စိတ်ဝင်စားလာရာကနေ သည်အခြေကို ရောက်ခဲ့ကြရတယ်လို့ သူက ဇာတ်ပေါင်းပေးပါတယ်။

၎။
တစ်ညနေ…

ငါးနာရီထိုးဖို့ ဆယ်မိနစ်လောက် အလိုမှာ ဖုန်းမြည်လာပြန်တယ်။

ထုံးစံအတိုင်း ကျွန်တော် ထူးလိုက်ရပါတယ်။

“အိမ်လိပ်စာ ပြော…”

တိုးသက်နူးညံ့ပေမယ့် ပြတ်သားတဲ့ သူ့အသံကို ပီပီသသ ကြားရတယ်။

“၂၄၆၊ ၃၉ လမ်း၊ ကျောက်တံ…”

“အကောင်းမေးနေတာ… နောက်မနေနဲ့…”

“ဘာလုပ်ဖို့ မေးတာလဲ…”

“လာခဲ့မလို့…”

ကျွန်တော့် လိပ်စာကို ရွတ်ပြလိုက်တော့ သူ ဖုန်းချသွားတယ်။

မကြာပါဘူး။ ဖုန်းချသွားအပြီး ငါးမိနစ်သာသာလောက်မှာ အိမ်တံခါးခေါက်သံ ခပ်ဆတ်ဆတ် ကြားရတယ်။

ကျွန်တော့်နှလုံးသွေးတွေ ရုတ်ချည်း မြန်သွက်လို့လာတယ်။

တံခါးကို ကျွန်တော် ကိုယ်တိုင် ဖွင့်လိုက်ပါတယ်။

လွယ်အိတ်အညိုလေးကို လွယ်ထားတဲ့၊ အညိုရောင်ဝတ်စုံလေးနဲ့ အသားညိုညို မိန်းကလေးတစ်ယောက်။

မရွံ့မရဲဖြစ်နေပုံ လုံးဝ (လုံးဝ) မရှိဘူး။ ရဲတင်းလွန်းတဲ့ ပုံစံမျိုးလည်း မဟုတ်ပြန်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိတဲ့ အရိပ်အကဲကို သူ့မျက်ဝန်းတောက်တောက်လေးတွေထဲမှာ တွေ့ရတယ်။

မျက်နှာလေးက နုနုလေးပေမယ့် ရင့်ကျက်သိမ်မွေ့တဲ့ မျက်နှာထားက တည်ကြည်လို့ နေတယ်။ လှလိုက်တာလို့ ပြောရလောက်အောင် မချောပေမယ့် တင့်တယ်မှန်းသိသာတဲ့ ချောမောမှုက သူ့ကို လွှမ်းခြုံထားတယ်။

နေရာထိုင်ခင်းပေးပြီးတဲ့အခါ သူ့ကို မေးမိရတယ်။

“ကော်ဖီ သောက်မလား…”

“ဟင့်အင်း… မကြိုက်ဘူး…”

အမေက အံ့ဩတကြီးနဲ့ ကြည့်နေတယ်။ သူက အမေ့ကို လှည့်ြုပံးပြပြီး အလ္လာပသလ္လာပ စကားတွေကို သူ့ကိုယ်ပိုင်ဟန်အတိုင်း တိုးတိုးသက်သာ ပြောနေတယ်။

ကျွန်တော်ကတော့ မမျှော်လင့်ဘဲ ရောက်လာတဲ့ ကျွန်တော့်ဧည့်သည်မလေးကို ဘာနဲ့ ဧည့်ခံရမယ်ဆိုတာ အပြင်းအထန် စဉ်းစားနေမိတယ်။ အိမ်မှာ အမြဲတစေ ရှိတာက ကော်ဖီပဲ။ ကော်ဖီကို သူက မကြိုက်ဘူးဆိုတော့ ဘာနဲ့ ဧည့်ခံရမယ်မှန်း မသိဘူး။

“ဖရုံစေ့လှော် စားမလား…”

အမေနဲ့သူ စကားပြတ်ခိုက်မှာ မေးလိုက်မိရပြန်တယ်။

တောက်ပတဲ့ မျက်လုံးညိုညိုလေးတွေ ကျွန်တော့်ဆီ ဖျတ်ခနဲ ရောက်လာတယ်။

“စားမယ်…”

ကျွန်တော် ပျော်သွားတယ်။ ဖရုံစေ့လှော်ထုတ်ကို သွားယူပြီး သူ့ကို အထုတ်လိုက် ချပေးလိုက်တယ်။ အမေက “မင်းကလည်း… ပန်းကန်နဲ့ ထည့်လာတာ မဟုတ်ဘူး”လို့ ပြောတော့ သူက “ရပါတယ် အန်တီ၊ သည်တိုင်း ဖောက်စားရတာ ချို ပိုသဘောကျပါတယ်”လို့ ပြောတယ်။

ကျွန်တော်က သူ့ကျောင်းအကြောင်းတွေ ဘာတွေ နည်းနည်းပါးပါး မေးတယ်၊ ပြောတယ်။ ကျွန်တော့် ကျူရှင်သင်တန်းအကြောင်းတွေကိုလည်း သူက တို့တိတို့တိ မေးတယ်။ အမေက ငုတ်တုတ်ကြီး ရှိနေလေတော့ ကျွန်တော့်မှာ ချို့ကို ပြောချင်တာတွေ ပြောလို့ မရနိုင်တဲ့အတူတူ တွေ့ကရာ ရှစ်သောင်း စကားဖောင်းနေရတာ။

အာရုံထဲမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ဝယ်ထားတဲ့ Sparkling Lemon ဘိလပ်ရည်ကို သွားသတိရတယ်။ တစ်လုံးကြီးများတောင် ကျန်နေသေးတယ်။ ရေခဲသေတ္တာထဲမှာ…

“ချို စပါ့ခလင်ဂ် သောက်မလား…”

“သွားဝယ်ရမှာလား…”

“ဟင့်အင်း… အိမ်မှာတင် အဆင်သင့်ရှိပါတယ် ချိုရဲ့…”

“ဒါဆို သောက်ချင်တယ်…”

ကျွန်တော် သူ့ကို ချစ်သွားတယ်။ ဟန်ဆောင်မှု မရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ရေမွှေးနံ့ မရ၊ ခြယ်သမှု မပါ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ ရဲရဲရင့်ရင့်၊ တည်တည်ကြည်ကြည်၊ ပွင့်ပွင့်လင်းလင်း စရိုက်တွေနဲ့ လွှမ်းခြုံ ထုံမွှမ်းထားတာကို ခဏချင်းအတွင်းမှာ မြင်လိုက်ရတာကိုး…။

၃။
တစ်နာရီနီးပါးကြာတော့ သူပြန်ဖို့ စကားစတယ်။ နေပါဦးလို့ ပြောရလောက်အောင် သူနဲ့ ကျွန်တော့်ကြားမှာ စည်းနှောင်အားက မရှိဘူး။

“ကိုယ် လိုက်ပို့ပေးမယ်နော်…”

သူနဲ့ နှစ်ယောက်ချင်း စကားပြောချင်နေသေးတဲ့ ကျွန်တော်က ပြောမိတယ်။

“မပို့နဲ့…”

“မှောင်စပျိုးနေပြီ ချို…။ မိန်းကလေးတစ်ယောက်တည်း ဘယ် ကောင်းပါ့မလဲ…”

“လိုက်ပို့တာက ပိုမကောင်းဘူးလေ။ မလိုက်ခဲ့နဲ့…”

အစကတည်းက နာခံခဲ့ရသူပီပီ အခုလည်း သူ့ကို အတွန့်မတက်ဖြစ်တော့ဘူ။ “လိုက်ပို့တာက ပိုမကောင်းဘူး”ဆိုတဲ့ သူ့စကားကလည်း ယထာဘူတ ကျနေသလိုလိုမို့ လက်လျှော့လိုက်တာလည်း ပါပါတယ်။

သွားတော့ ချိုရယ်လို့ စိတ်ထဲက ခပ်တိုးတိုးပြောရင်း အိမ်တံခါးကို ဖွင့်ပေးလိုက်ပါတယ်။

၂။
သူ တတိယနှစ် ရောက်လို့ ရန်ကုန်ဆေးရုံကြီးကို စဆင်းတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အမေ ဆေးရုံ တက်ရတယ်။ ခွဲစိတ်ဆောင်မှာ အမေ တက်နေရချိန်မှာ သူ ဖျားနာဆောင်ကို ဆင်းရချိန်နဲ့ ကြုံနေတယ်။

ဂျူတီကုတ်အဖြူလေးနဲ့ သူ့ကို ဖျားနာဆောင်မှာ ကျွန်တော် သွားတွေ့လိုက်ပါသေးတယ်။ သူက ကျွန်တော်နဲ့အတူ လိုက်လာပြီး အမေ့ကို လိုက်နှုတ်ဆက်တယ်။

ဒါဟာ သူနဲ့ကျွန်တော်တို့နှစ်ယောက် နောက်ဆုံး တွေ့ဆုံခြင်းပဲဆိုတာ ကျွန်တော် မသိခဲ့ဘူး။

“အဲဒီ့ ဖုံးနံပါတ်ကို ချို မေ့လိုက်တော့မယ်”လို့ တစ်နေ့မှာ သူ ပြောလာတော့ ကျွန်တော် ကြေကွဲစွာနဲ့ ဘာမှပြန် မပြောတတ်ခဲ့ဘူး။ “ချို့မှာ ရှိပြီးသားပါလို့ သူ့ကို တစ်ခါမက ပြောခဲ့ဖူးပါတယ်နော်…၊ ချို့ကို ခွင့်လွှတ်ပါ”လို့ သူပြောတဲ့အခါမှာလည်း ကျွန်တော် ဆို့နင့်နေမိတယ်။

ကျွန်တော့် ဘဝထဲကို သူ့သဘောနဲ့ သူ လာချင်တဲ့အချိန်မှာ လာချင်တဲ့ ပုံစံနဲ့ ဝင်လာပြီး ပြန်ချင်တော့လည်းသူ့သဘောနဲ့သူ ပြန်ချင်သလို ပြန်သွားတော့မယ့် ရနံ့များကို တိုးသက် နူးညံ့တဲ့ သူ့အသံထဲမှာ သေသေချာချာ ခံစားနိုင်ပါတယ်။

“ဒါတော့ ချို့သဘောပါပဲလေ…”လို့ ပြောလိုက်မိချိန်မှာတော့ ပီပီမှ မစရသေးတဲ့ ဇာတ်ကလေး ဗြုံးခနဲ ဆုံးသွားပါတော့တယ်။

၁။
ချိုနွယ်သင်းဆိုတဲ့ မိန်းကလေးဟာ တော်တော့်ကို ကြံ့ခိုင် တည်ကြည်လှပါပေတယ်လို့ပဲ ဆိုရရင် ကောင်းမလား၊ ခိုင်မာ ပြတ်သားလှတယ်ပဲ ဆိုရရင် ကောင်းမလားတော့ မသိဘူး။ သေချာတာတစ်ခုကတော့ သူ ကျွန်တော့်ဆီကို ဖုန်း မဆက်တော့ဘူးလို့ ယတိပြတ် ပြောသွားပြီးတဲ့နောက် လုံးလုံးလျားလျားကို မဆက်သွယ်တော့တာပါပဲ။


ခံစားရလွန်းလို့ အရက်သောက်မိတာမျိုး မဟုတ်ပေမယ့် အဖော်ကောင်းလို့ အရက် များသွားတဲ့အခါမျိုးတွေမှာ ကျွန်တော် သူ့ကို ဖုန်းဆက်ပြီး ဂျီကျခဲ့ဖူးတယ် (ထင်ပါတယ်)။ သူ ကောင်းကောင်းမွန်မွန်၊ ချေချေငံငံ ပြန်ပြောပေမယ့် ကျွန်တော့်ကို သူ့ဘဝထဲက အပြီးတိုင် မောင်းထုတ်ပြီးပါကြောင်း အထပ်ထပ် အတည်ပြုပေးခဲ့တာလည်း အမှန်ပါ။

ဝ။
ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ကို သတိရမိတယ်။ ဘယ်သူ့သီချင်းမှန်း၊ ဘာ သီချင်းမှန်း မသိတော့ပေမယ့် စာသားတွေရဲ့ သဘောက ကျွန်တော့်အဖြစ်နဲ့ ဆင်တူလွန်းလှလို့ပါ။

ငှက်ကလေးတစ်ကောင် သစ်ကိုင်းတစ်ကိုင်းမှာ လာနားတယ်။ သူ့သဘောနဲ့ သူ ခဏ လာနားတာပါ။ နားလို့အားရပြီးတဲ့နောက် ငှက်ကလေး ပြန်ထွက်သွားတဲ့အခါ ကိုင်းဖျားလေးမှာ ဆတ်ဆတ်ခါပြီး ကျန်ရစ်တယ်တဲ့။

ဟုတ်ပါတယ်။ “ချိုနွယ်”ဆိုတဲ့၊ တိုးသက် နူးညံ့ ငှက်ကလေး တစ်ကောင်လည်း ကျွန်တော့်ဘဝသစ်ပင်မှာ ဝင်နားခဲ့ဖူးပါတယ်။ သူ ပြန်ထွက်သွားတော့ ကျွန်တော့် နှလုံးသား ကိုင်းဖျားမှာ တဆတ်ဆတ်ခါလို့ ကျန်ရစ်ခဲ့ရတာလည်း အမှန်ပါ။

အဲသလို ဖြစ်ကျန်ရစ်ခဲ့ရတဲ့အတွက် လာနားသွားတဲ့ ငှက်ကလေးကို အပြစ်တင်ရင် ကျွန်တော် တရားပါ့မလား။ ထို့အတူ တဆတ်ဆတ် ခါတတ်တဲ့ ကိုင်းလေးကို မာန်မဲ စိတ်ဆိုးလို့ကော ရမတဲ့လား။

နားသူ ငှက်ငယ်လေးကရော ကိုင်းကလေး ခါကျန်ရစ်စေဆိုတဲ့ စေတနာနဲ့ ဝင်နားခဲ့ပုံ မရသလို တဆတ်ဆတ် ခါပြီး ကျန်ရစ်တာကိုလည်း သတိထားမိပုံ မရပါဘူး။ သည်အတွက်ရော “ပြန်ငဲ့ကြည့်ဖော်မှ မရပါလား ငှက်ကလေးရယ်”လို့ ငှက်ငယ်အပေါ်ဒေါသဖြစ်လို့ ဘယ်ရနိုင်ပါ့မလဲ။ ပြန်ငဲ့ကြည့်တဲ့အကျင့် မရှိတာကိုက ငှက်တို့ရဲ့သဘာဝပဲ မဟုတ်လား။

သေချာတာတစ်ခုကတော့ သူ နားခိုသွားဖူးတဲ့ ကိုင်းဖျားလေး တဆတ်ဆတ် ခါလို့ ကျန်ရစ်တာပါပဲ။

၁။
ဒါပေမယ့် အရာတိုင်းမှာ အတိုင်းအဆဆိုတာ ရှိရစမြဲမို့ အရှိန်ကုန်သွားတော့ လှုပ်ခတ်တာလည်း ရပ်သွားရတာပါပဲ။

နောက်ပိုင်းမှာ ကျွန်တော်လည်း သူ့ကို ဇွတ်အတင်း မေ့ဖျောက်ယူလိုက်ပါတယ်။ ဘဝ၀န်တာ ထွေရာလေးပါးများကလည်း ကျွန်တော့်ကို ဖိစီးထားပါတယ်။

ချိုနွယ်နဲ့ စတင်ပတ်သက်ခဲ့တာ ၁၉၈၃ခုနှစ်။ တစ်နှစ်အကြာ ၁၉၈၄ မှာကျတော့ သူ ကျွန်တော့်ဘဝထဲမှာ မရှိတော့ပါဘူး။

၁၉၈၅ခုနှစ် မေလထဲမှာ ကျွန်တော့်ဆီကို မိန်းကလေးတစ်ယောက် ဖုန်းဆက်လာပြန်ပါတယ်။

ချိုနွယ့်လိုပဲ တိုးသက် နူးညံ့လွန်းလှလို့ ပထမတုန်းက ချိုနွယ်လို့တောင် ထင်ယောင်မှားမိသေးတယ်။

တကယ်တော့ သူဟာ ချိုနွယ် မဟုတ်ဘူး။ “နွယ်နွယ်မွန်”လို့ သိခွင့်ရပါ တယ်။ ကျွန်တော့်ဘဝနဲ့ “နွယ်”နဲ့ ဘယ်လိုများ နွယ်နေသလဲတော့ မသိပါဘူး။

တစ်ဖက်ကကျပြန်တော့လည်း လောက်စာလုံး မှန်ဖူးတဲ့ ဂုမ္ဘာန်ပီပီ သည်တစ်ချီမှာတော့ ကိုယ့်ဆီက ဘာဆိုဘာမှ ပါမသွားအောင် နေတတ်နေပါပြီ။
ဒါပေမယ့် သည်တစ်ခါ ကျွန်တော့်ဘဝထဲကို တိုးဝင်လာပြန်တဲ့ နွယ်အသစ်ကတော့ ကျွန်တော့်ထံပါးကို သာယာမှုများနဲ့ ပီတိ သောမနဿများကိုသာ စဉ်ဆက်မပြတ် ဆောင်ယူလာခဲ့ပါတယ်။

လူချင်းဆုံဖြစ်ပြီးကြတဲ့ နောက်ပိုင်းမှာလည်း နွယ်နွယ်မွန့်အပေါ် ကျွန်တော် မယုံမရဲနဲ့သာ နေခဲ့ပါတယ်။ ဘယ်အချိန်မှာ လေးညို့သံ ကြားရလေမလဲဆိုတဲ့ အတွေးက ကျွန်တော့်အာရုံထဲမှာ မြဲနေပုံပါပဲ။ ဒါပေမယ့် နွယ်နွယ်မွန်ဟာ ကျွန်တော့် ဆိုးမျိုးကို ကောင်းကောင်းခံနိုင်ခဲ့သလို ကျွန်တော့်ကိုလည်း အလွန့်အလွန် တွယ်တာနေတာကို အထိတ်တလန့် သိလိုက်ရချိန်မှာ ကျွန်တော့်ဘဝ တစ်မျိုး ပြောင်းသွားခဲ့ရတယ်။

၁၉၈၈ ခုနှစ် မေလမှာ အဲဒီ့နွယ်နဲ့ ကျွန်တော်နဲ့ လက်ထပ်ဖြစ်ပါတယ်။

၂။
လက်ထပ်ပြီးစ ကာလမှာတော့ အမေ့အိမ်ခန်းမှာပဲ ကျွန်တော်တို့ ခိုဖြစ်ခဲ့ပါသေးတယ်။

ညားခါစ သန်းခေါင်ယံ တစ်ညမှာ ဖုန်းက မြည်လာလို့ အိပ်ချင်မူးရီနဲ့ ဖုန်းကို လှမ်းကိုင်လိုက်မိတဲ့အခါ ယောကျာ်းသံတစ်သံက “တူးတူးရှိလား”လို့ မေးလှာပါတယ်။

ကျွန်တော် သိလိုက်တယ်။

“ဖုန်းမှားနေတယ် ခင်ဗျ…၊ တူးတူးရဲ့ ဖုန်းနံပါတ်က ၈ ၂၄ ၂၅ ပါ။ အခု ၈ ၂၅ ၂၄ ကို ရောက်နေပါတယ်”လို့ ဖြေလိုက်မိတယ်။ တစ်ဖက်လူက “ဟာ… ဟုတ်သားပဲ ဆောရီး၊ ဆောရီး”လို့ ပြောပြီး အလောသုံးဆယ် ဖုန်းချသွားပါတယ်။

လှုပ်ခါတတ်တဲ့ ကိုင်းဖျားလေးဟာ အရှိန်ကုန်လို့ ငြိမ်ခဲ့ပြီလို့ ကျွန်တော် ထင်တစ်လုံး ရှိမိသမျှ တစ်စစီ ပြိုကျသွားတဲ့ ညပါပဲ။ ငြိမ်နေတဲ့ ကိုင်းဖျားလေးခမျာ လေအဝှေ့မှာ ဆတ်ခနဲ တစ်ချက် ခါသွားရပြန်ပြီကောလေ…။ သြော်… ချိုနွယ်သင်းရယ်လို့ တိတ်တိတ်ကလေး ညည်းမိသွားတာ အဲဒီ့ညကပါ။

ညာဘက်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဇနီးသည် “နွယ့်”ကို စောင်ပါးလေး လွှမ်းပေးလိုက်တယ်။ ပြန်အိပ်လို့ မရတတ်နိုင်တော့တဲ့ အတူတူ စာအုပ် တစ်အုပ်၊ ဆေးလိပ် တစ်တိုနဲ့ မိုးလင်းသွားခဲ့ရတာလည်း အဲဒီ့ညကပါပဲလေ…

၃။
၁၉၉၀ပြည့်နှစ်မှာ သမီးကို မွေးပါတယ်။

သမီး အခါလည်စလောက်မှာ ချိုနွယ့်အသံ ကြားရပြန်တယ်။ အိပ်ရာပေါ်မှာ ကစားနေတဲ့ သမီးရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေက အိပ်ယာဘေးက ဖုန်းနဲ့ စကားပြောနေတဲ့ ကျွန်တော့်ပတ်လည်မှာ လွင့်ပျံ့လို့နေတယ်။

“ဘာသံတွေလဲဟင်…”လို့ ချိုနွယ်က မေးတဲ့အခါ “သမီး ဆော့နေတာ”လို့ ဖြေလိုက်ပါတယ်။ သူ ခဏငြိမ်ကျသွားတယ်။ ခဏလေးကြာမှ…
“သူ အိမ်ထောင်ကျသွားပြီလား…”

“ဟုတ်တယ်… ၈၈၊ မေတုန်းက…”

ခဏ ငြိမ်နေပြန်တယ်။

“ဒါဆို ဒါပဲလေ၊ သူ့မိန်းမကို အားနာစရာ ကောင်းပါတယ်…”

“ရပါတယ်။ ကိုယ့်ဇနီးက သဘောထား ပြည့်ဝပါတယ်…”

“ဘာပဲဖြစ်ဖြစ်၊ ချို့အတွက် မကောင်းလှဘူးလေ၊ ဒါပဲနော်…”

သည်တစ်ကြိမ်မှာတော့ ကိုင်းဖျားလေးက မဆိုစလောက်ကလေးပဲ ခါတော့တာကို သတိထားမိတယ်။ သမီးငယ်လေးကြောင့် ထင်ပါရဲ့…။

နောက်ဆက်တွဲ
ချိုနွယ် ကျွန်တော့်ဆီ ဖုန်းဆက်ပြီးတဲ့နောက် တစ်နှစ်ခွဲလောက်အကြာမှာ သူ့မင်္ဂလာသတင်းကို သတင်းစာတွေထဲမှာ ဖတ်လိုက်ရတယ်။

ဝဿန်အလီလီကို ကျော်ဖြတ်လာရတဲ့ သစ်ပင်မှာ ကိုင်းသစ်တွေက ဖြာ၊ ရွက်နုသစ်တွေက ဝေ… ဆာ… နေလိုက်တာများ တစ်ချိန်တုန်းက လှုပ်ခါတတ်ဖူးတဲ့ ကိုင်းအိုကလေးကို မနည်း ရှာယူရတဲ့အထိပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ…

မင်္ဂလာသတင်းကို ကြည့်နေမိရင်းနဲ့ တစ်ချိန်တုန်းက လှုပ်ခါခဲ့ဖူးတဲ့ အကိုင်းအခက်ကလေးကို ပြန်လို့ သတိရမိသွားရတာကိုတော့ ပျော်ရွှင်စွာ ဝန်ခံရပါလိမ့်မယ်။

တစ်ချိန်တည်းမှာပဲ နားခဲ့ဖူးတဲ့ ငှက်ကလေးကိုလည်း…

(မေ ၈ ၉၆)

————————————————————————————–

ချစ်စွာသော စာဖတ်သူများခင်ဗျား…

ပန်းဝေသီမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကျွန်တော့် “တေလေဂဏန်း ငါးလုံးတွဲ” ဇာတ်လမ်းကတော့ အမှန်တကယ် ပြီးဆုံးသွားပါပြီ။ သို့သော် အဲဒီ့ဇာတ်လမ်း ပါဝင်တဲ့ ကျွန်တော့်ရဲ့ “ခြေရာ ပြိုးပြောက် လွမ်းပွင့်ကောက်သီ” (ကိုယ်တိုင်ကြုံဝတ္ထုတိုများ) လုံးချင်း စာအုပ်ထဲမှာတော့ သည်ဇာတ်လမ်းရဲ့ အဆုံးမှာ “၀တ္ထုနောက်မှာ ပြောချင်တာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြည့်စွက်ချက်လေး ပါနေပါသေးတယ်။

အဲဒါလေးကိုတော့ နက်ဖြန်ခါမှပဲ ဆက်လက်တင်ဆက်ပါရစေတော့ ခင်ဗျား။

အားပေးကြသူအပေါင်းကို အထူးပင် ကျေးဇူး ဥပကာရ တင်ရှိပါတယ်။ ဘလော့ဂါ ရင့်မာကြီး တစ်ဖြစ်လဲ သွားလေတဲ့ “ချို့”ကိုလည်း သည်နေရကပဲ ကျေးဇူးစကား ဆိုလိုက်ချင်ပါတယ်။ ချိုသာ သည်ဇာတ်လမ်းရဲ့ ချို့ဘက်က Side B ကို ဘလော့မှာ မတင်ခဲ့ဘူးဆိုရင် သည်ဇာတ်လမ်းကို ပရိသတ်က သည်လောက် စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အခုတော့ ချို့ ပရိသတ်အားကြောင့် သည်လောက်အထိ အားပေးကြတာလို့ နားလည် ခံယူပါတယ်။ သည်အတွက် ချို့ကို ကျေးဇူးတင်ပါတယ်။

တစ်ဆက်တည်းမှာ ပြောပါရစေ ချို…

ချိုနဲ့ ကိုယ်နဲ့ ခင်မင်ခဲ့ကြတဲ့ သက်တမ်းတစ်လျှောက်မှာ ကိုယ့်ဘက်က ချို့အပေါ် ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ တစ်ကြိမ်တစ်ခါ တစ်ရံ တစ်ဆစ်သော်မျှ ပြစ်မှားမိခဲ့တာများရှိခဲ့ရင် ချို ခွင့်လွှတ်ဖို့ ကိုယ်က လှိုက်လှိုက်လှဲလှဲ ၀န်ချတောင်းပါတယ်ပါတယ် ချို…။ အလားတူပဲ ချိုနဲ့ ကိုယ်နဲ့ ခင်မင်ခဲ့ကြတဲ့ သက်တမ်းတစ်လျှောက်မှာ ချို့ဘက်က ကိုယ့်အပေါ် ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ တစ်ကြိမ်တစ်ခါ တစ်ရံ တစ်ဆစ်သော်မျှ ပြစ်မှားမိခဲ့တာများ ရှိခဲ့ရင်လည်း ချို့ကို ကိုယ် ကျေကျေနပ်နပ် ခွင့်လွှတ်ပါတယ် ချို…

တစ်ခါက ငှက်ကလေး ချို အပါအ၀င် ၃၁ ဘုံမှာ ကျင်လည်ကြကုန်သော ဝေနေယျသတ္တ၀ါအပေါင်း နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ

အတ္တကျော်

(မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ – ၂၃၀၁၁၀)

[၁၉၉၆ခုနှစ် သြဂုတ်လထုတ် ပန်းဝေသီ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ကျွန်တော့်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ” (ကိုယ်တိုင်ကြုံ ၀တ္ထုတိုများ) စာအုပ်ထဲမှာ ဖော်ပြခဲ့တဲ့ ၀တ္တုကို ပြန်လည်တင်ဆက်ထားတာပါ။]

ဘ၀ အမောပြေဖို့ အဖြေရှာစို့ – ၁

သည်နေရာမှာ ရှင်းရှင်းပွင်ပွင့် ဖွင့်ပြောတာရဲ့ အတိုင်းအဆကို နားလည်ထားဖို့ လိုပါတယ်။ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာဟာ တစ်ဖက်သားကို ရန်လုပ်တာ၊ အပြစ်တင်တာ၊ တစ်ဖက်သားရဲ့ လုပ်ရပ်ကို ထောက်ပြတာမျိုး မဟုတ်ပါဘူး။ ထပ်မံ အစီရင်ခံပါရစေခင်ဗျာ။ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောခြင်းဟာ တစ်ဖက်သားရဲ့ လုပ်ရပ်၊ ဒါမှမဟုတ် ပျက်ကွက်မှုကို ထောက်ပြတာ မဟုတ်ပါဘူး။ အဲဒီ့တစ်ဖက်သားရဲ့ လုပ်ရပ်၊ ဒါမှမဟုတ် ပျက်ကွက်မှုကြောင့် ကိုယ့်မှာ ကြုံလာရတဲ့ ထိခိုက်နစ်နာမှုကို အရင်းအတိုင်း ပြောပြခြင်းကသာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာ ဖြစ်ပါတယ်။

… သူနဲ့ ကိုယ်နဲ့ ဆန္ဒချင်း မတူ၊ အယူချင်း မတိုက်ဆိုင်တာဟာ ပြဿနာ မဟုတ်ပါဘူး။ သူ့မှာလည်း သူဆန္ဒ သူ့အမြင်နဲ့ သူထင်တာ သူလုပ်ပိုင်ခွင့် ရှိသလို ကိုယ့်မှာလည်း ကိုယ့်ဆန္ဒ ကိုယ့်အမြင်နဲ့ ကိုယ်ထင်တဲ့အတိုင်း လုပ်ပိုင်ခွင့် ရှိပါကြောင်း အေးအေးသက်သာ ပြောဆိုတင်ပြတာဟာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောခြင်းရဲ့ အနှစ်သာရပါပဲ။

ဘဇာက ပသို့ဖြစ်သလဲတော့ မသိဘူး။ ကျွန်တော့် ဘလော့(ဂ်)နှစ်ခုစလုံးမှာ အသံဖိုင်တွေ၊ ဓာတ်ပုံဖိုင်တွေ တင်လို့ မရဖြစ်နေပါတယ်။ မန္တလေး FM ရေဒီယိုအစီအစဉ်က ကျွန်တော့်အသံလွှင့်ချက်တွေ ထုတ်လွှင့်တဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာ လလယ်ကတည်းက အဲဒီ့ အသံလွှင့်ချက် ဖိုင်တွေ တင်ဖို့ ကြိုးစားတာ လုံးဝ မအောင်မြင်ပါဘူး။ စုစုပေါင်း ၁၀ ပိုင်းတောင် အသံလွှင့်ပြီးသွားတဲ့ ယနေ့ အထိ ဘယ်လိုမှ တင်မရအောင် ဖြစ်နေပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ အသံဖိုင်အနေနဲ့ မဟုတ်ဘဲ စာဖိုင်အဖြစ် တင်ဆက်လိုက်ပါတယ်ခင်ဗျား။

ထုတ်လွှင့်တဲ့နေ့တွေတော့ မမှတ်မိတော့ဘူးဗျ။ ၂၀၀၉ နိုဝင်ဘာလလယ်မှာ ဖြစ်ပါလိမ့်မယ်။ ဖတ်ရှုကြည့်တော်မူကြပါခင်ဗျား။

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ “ဘဝ အမောပြေဖို့ အဖြေရှာစို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေဒီယို အသံလွှင့်အစီအစဉ်လေးတစ်ခုကို တင်ဆက်သွားချင်ပါတယ်။ သည်အစီအစဉ်မှာ အနယ်နယ် အရပ်ရပ်ရှိ ကျွန်တော့် စာဖတ်ပရိသတ်များက ကျွန်တော့်ဆီ စာနဲ့တစ်လီ၊ တယ်လီဖုန်းနဲ့တစ်နည်း၊ အီးမေး(လ်)ဆိုတဲ့ ဓာတ်ချောစာနဲ့တစ်မျိုး မေးမြန်းလာကြလေတဲ့ ဘဝထဲက ကိစ္စအသွယ်သွယ်ကို ပြန်လည် ဆွေးနွေးတင်ပြသွားမှာပါ။ မေးသမျှ ဖြေမယ်ဆိုတာမျိုးထက် တစ်ဦးချင်းစီရဲ့ ဘဝအမောတွေဟာ အခြား အခြားသောသူများလည်း ခံစားတွေ့ကြုံရတတ်မြဲ အမောတွေမျိုး ဖြစ်နေတယ်လို့ ယူဆရင် အဲဒီ့အမောလေးတွေရဲ့ အဖြေကို အများသိအောင် လက်ဆင့်ကမ်း ဆွေးနွေးတင်ပြပေးသွားပေးချင်ပါတယ်။ တစ်နည်းပြောရရင် အများအတွက် အကျိုးရှိမယ်လို့ ကျွန်တော်ကိုယ်တိုင် ယူဆ ယုံကြည်တဲ့ အကြောင်းအရာများကို ဇောင်းပေးတင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

ကဲ… အခုတစ်ပတ်အတွက် ပထမဆုံးရောက်ရှိလာတဲ့ ဓာတ်ချောစာ တစ်စောင်ကို အရင်ဆုံး နားဆင်ကြည့်လိုက်ကြရအောင်လားခင်ဗျာ။

သမီးစိတ်တွေ ညစ်နေလွန်းလို့ ဦးကို တိုင်ပင်ချင်လို့ပါ။ သမီးက အစ်မ အိမ်မှာ နေတာ ၅နှစ်လောက် ရှိပြီ။ သူ့ရဲ့ အိမ်အလုပ်တွေ ကူလုပ်ရင်းပေါ့။
သမီးက သည်လထဲမှာ လန်ဒန် စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများ အသင်းက ကြီးမှူးကျင်းပပေးတဲ့ အခြေခံ စာရင်းကိုင် LCCI စာမေးပွဲနဲ့ အဝေးသင်တက္ကသိုလ် စာမေးပွဲတွေ ဖြေရမှာပါ။

ခက်တာက အိမ်မှာ အမျိုးတွေ လာအိပ်နေတာ နှစ်ပတ်လောက်ရှိပါပြီ။ အိမ်က ကျဉ်းတော့ သမီး စာကျက်ရမယ့်နေရာတွေမှာ သူတို့တွေက အမြဲရှိနေတတ်တယ်။ သူတို့ဆိုတာကလည်း လူငယ်တွေပါ။

အစ်မကလည်း သူတို့ကို အလိုလိုက်တယ်။ တစ်နေကုန် တစ်ညလုံး ရုပ်မြင်သံကြားကို အကျယ်ကြီး ဖွင့်ထားတယ်။ သမီး စာကျက်နေရင်လည်း လာလာ စကားပြောကြတယ်။

အပြင်ကိုလည်း ခဏခဏခေါ်တယ်။ မလိုက်ရင် အစ်မက ဆူတယ်။ “ညည်းက ဆေးကျောင်းသူလည်းမဟုတ်ဘဲနဲ့၊ သိပ် အကဲ ပိုတယ်တဲ့။
အိမ်လည်း အရမ်း ဖွတာပဲ။ ဧည့်သည်က ၃ ယောက်၊ အိမ်သားက ၃ ယောက်။ သူတို့အားလုံးရဲ့အလုပ်တွေကို လိုက်လုပ်ပေးနေရတယ်။ အစ်မက တစ်ခါတစ်လေမှ လာတဲ့ လူတွေပဲ၊ လုပ်ပေးလိုက်ပါတဲ့။ တစ်ခါတစ်လေမှ လာတဲ့လူတွေကလည်း အခုထိ မပြန်သေးတာ ခက်တယ်။
သန်ဘက်ခါက စပြီး စာမေးပွဲ စဖြေရမှာ။ သည်ပုံအတိုင်းဆို သမီးအတွက် မလွယ်ဘူး။ သမီးမှာက စာမေးပွဲ နှစ်မျိုးအတွက် စာနှစ်မျိုး လိုက်နေရတာ ဆိုတော့ စာကျက်ချိန် အလွန် နည်းတဲ့အထဲမှာ သူတို့က ဆူညံနေတော့ စိတ်တွေ အရမ်း ရှုပ်တာပဲ။ သူတို့အိပ်တဲ့ အချိန်လေးပဲ စာကျက်ရတာ။ တော်တော်နဲ့လည်း မအိပ်ကြဘူး။ သူတို့တွေ ဆိုးတာကတော့ ကမ်းကုန်တယ်။


သမီးမှာလေ အခုဆို အိမ်ပြန်ရမှာကို သေမလောက် ကြောက်နေမိတယ်။ လူလည်း ပင်ပန်းလွန်းနေပြီ။ သည်ကြားထဲ စိတ်ပင်ပန်းတာက အဆိုးဆုံးပါပဲ ဦးရယ်။

ဦးကို မေးချင်တာက အလိုက်မသိတဲ့ ဧည့်သည်တွေနဲ့ နားလည်မပေးတဲ့ အစ်မကို သမီး ဘယ်လို ကိုင်တွယ်ရမလဲ။

LCCI စာမေးပွဲက သမီး အရမ်းအလေးထားရတဲ့ စာမေးပွဲပါ။ အဲဒီ့စာမေးပွဲ ဖြေနိုင်ဖို့နဲ့ ဖြေခွင့်ရဖို့ အရမ်းကြိုးစားခဲ့ရတာမို့ နည်းနည်းလေးမှ အမှားအယွင်း မခံနိုင်ပါဘူးရှင်။


အိမ်ရောက်တာနဲ့ ထိုင်ငိုချင်နေတဲ့ သမီးရဲ့ စိတ်ကိုရော တည်ငြိမ်အောင် လုပ်ရမလဲရှင်။ သမီးကို အမြန်ဆုံး အကြံပေးပါနော်။

အဲဒီ့စာလေး ဖတ်ပြီးတော့ ကျွန်တော်ကိုယ်တိုင်တောင် နည်းနည်း ငိုချင်သွားပါတယ်။

မှန်ပါတယ်။ ကျွန်တော်တို့ ရွှေတွေရဲ့ လူနေမှုဘဝမှာ ညအိပ်ဧည့်သည် လက်ခံရတာဟာ ရှောင်လွဲလို့ သိပ်မရချင်တတ်ပါဘူး။ အထူးသဖြင့် အနယ်နယ် အရပ်ရပ်မှာ အမျိုးအဆွေ အများအပြား ရှိကြသူတွေအတွက် သည်ပြဿနာက ပိုလို့တောင် ကြီးမားနေတတ်ပြန်ပါသေးတယ်။
ခရီးသွားတဲ့အခါ အမျိုးအဆွေ မရှိသူတွေက ဘုန်းကြီးကျောင်းကို အားကိုး၊ အမျိုးအဆွေ ရှိသူများကျပြန်တော့လည်း ကိုယ်ဆွေ ကိုယ်မျိုး အိမ်မှာ တစ်လကိုးသတင်း စတည်းချချင်တိုင်း ချလို့ကောင်းနေတဲ့ ဓလေ့ဟာ ကျွန်တော်တို့ ရွှေတွေထဲမှာ ပိုများ သည်းသလားလို့တောင် တစ်ခါတစ်ခါ တွေးမိရတတ်ပါတယ်။


အခုခေတ် မြို့တိုင်းလိုလိုမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ အသက အသက ရှိလာကြပြီဖြစ်ပေမယ့် တော်တော်တန်တန် ဘယ်သူကမှ အဲဒီ့နေရာတွေကို သွားအပ်တဲ့အရပ်တွေရယ်လို့ သိပ်မအောက်မေ့မိတတ်ကြသေးပါဘူး။

အမှန်တော့ဗျာ၊ ဆွေမျိုးချင်း ဘယ်လောက်ကြီး ရင်းရင်း ချာချာ၊ သူများအိမ်ဟာ ကိုယ့်အိမ် မဟုတ်ပါဘူး။ စာနာတတ်သူများ ဆိုရင်တော့ ကိုယ့်အတွက် အင်မတန် အနေကျုံ့ပါတယ်။ အဲ… စောစောက ကလေးမလေးရဲ့ ညအိပ်ဧည့်သည်မျိုးတွေဆိုရင်တော့လည်း သိပ်ပြဿနာ မရှိဘူးပေါ့ဗျာ။ သူများအိမ်ကို ကိုယ့်အိမ်အမှတ်နဲ့ ထင်တိုင်းကျဲနေတတ်မယ်ဆိုရင်တော့ ကျွန်တော့် စကားက ရယ်စရာဖြစ်နေမှာပါ။ သို့သော် အဲသလို အလိုက်မသိတတ်တဲ့ ညအိပ်ဧည့်သည်တွေကို အိမ်ပေါ်တင်ထားရလေတဲ့ မိသားစုများခမျာမှာတော့ စောစောက ကလေးမလေးလို ထိုင်ငိုချင်နေကြမှာလည်း မလွဲပါဘူး။

ဒါက တတ်နိုင်တဲ့ မိသားစု၊ သူ ပြောသွားတဲ့အထဲမှာ ကျွေးရ မွေးရလို့ ကုန်ကျစရိတ်က မပါချင်သေးဘူး။ ဧည့်သည်မရှိရင် မိသားစုက ဖြစ်သလို နေလို့စားလို့ရတယ်။ ငါးပိရည်၊ တို့စရာနဲ့ ချဉ်ရည်ဟင်းတစ်ခွက်နဲ့ ပြီးလိုက်လို့လည်း ကိုယ့်မိသားစုချည်းဆိုရင် အကြောင်းမဟုတ်ဘူး။ အဲ…. ဧည့်သည်စောင်သည် ရှိလာပြီဆိုရင်တော့ ဟင်းကောင်းကျွေးကောင်း ချက်ရပြန်ပေဦးတော့မယ်။ သည်အခါ မိသားစုမှာ ဝန်ပိလာရတတ်ပြန်ပါတယ်။

အဲတော့ဗျာ… အခု ကျွန်တော့် ရေဒီယို အစီအစဉ်လေးကို နားဆင်နေကြသူများအနေနဲ့ တစ်ချီချီမှာ ကိုယ်ဟာ အကြောင်းတစ်ခုခုကြောင့် တစ်မြို့တစ်ရွာကို သွားစရာ ပေါ်လာတဲ့အခါ ဆွေမျိုးသားချင်းအိမ်ကို ဝင်တည်းသင့် မတည်းသင့်ဆိုတာလေးကို တစ်ဆိတ်လောက် နှစ်ခါပြန် သုံးခါပြန် ပြန်စဉ်းစားကြည့်ပေးတော်မူကြစေလိုပါတယ်။ ဘာဖြစ်တုံး၊ ကိုယ့်အမျိုးအိမ်ပဲ၊ ကိုယ့်သားအိမ်ပဲ၊ ကိုယ့်သမီးအိမ်ပဲ၊ သူတို့တုန်းက ကိုယ်ပဲ ကျွေးမွေးပြုစုလာခဲ့ရတာ၊ ကိုယ့်အလှည့်ကျတော့မှ သည်လောက်လေးတော့ တာဝန်ယူပေးနိုင်ရမှာပေါ့။ တည်းမှာပဲ၊ သွားမှာပဲ၊ လာမှာပဲဆိုလည်း ကျွန်တော့်ဘက်က ကန့်ကွက်စရာ ဘာအကြောင်းမှ မရှိပါဘူး။


ကျွန်တော်သာဆိုရင်တော့ ကိုယ့်သားသမီး အရင်းအချာက တစ်မြို့တစ်ရွာမှာ နေနေတယ်၊ ကိုယ်ကလည်း တည်းခိုခန်းခ မတတ်နိုင်လို့၊ မလွှဲသာလွန်းလို့ သွားတည်းရတယ်ဆိုဦးတောင်မှ ထိုအိမ်သည် သူ့အိမ်ဖြစ်တယ်။ ဒါ့ကြောင့် သူ့ကို လေးစားရမယ်။ သူ့အိမ်ရဲ့ စည်းကမ်းကို သူ မပြောတောင်မှ လိုက်နာရပါလိမ့်မယ်။ အလားတူပဲ၊ သူ့မှာ ဝန်မပိရလေအောင် ကိုယ့်ဘက်က ထုတ်တန်တာလည်း ထုတ်၊ နေ့စဉ်ကုန်ကျစရိတ်ထဲက တချို့တစ်ဝက် စိုက်ပေးတန်လည်း ပေးနေမိမှာပါ။


မကြာသေးခင်က ကျွန်တော်ဟာ လပွတ္တာမြို့နယ်အတွင်းက မုန်တိုင်းသင့် ရွာလေးတစ်ရွာကို အလုပ်ကိစ္စနဲ့ ဆယ်ည သွားနေခဲ့ရပါတယ်။ ရွာဆိုတော့ တည်းခိုခန်း ဘယ်ရှိပါ့မလဲဗျာ။ အဲတော့ အဲဒီ့ရွာက အိမ်တစ်အိမ်မှာ တည်းခဲ့ရတာပေါ့။ အိမ်ဆိုတာလည်း မည်ကာမတ္တပါ။ တဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ စားသောက်ဆိုင်လည်း မရှိတော့ အဲဒီ့အိမ်မှာပဲ နေ၊ အဲဒီ့အိမ်မှာပဲ စားရတာပါ။ ကျွန်တော်က ငါး မစားတတ်တော့ ဆယ်ရက်တာလုံးလုံး မနက် ဘဲဥ၊ ညဘဲဥနဲ့ ပြီးခဲ့ပါတယ်။ လူတောင် ဘဲဥပုံလေး ဖြစ်လာသလိုပဲ။ ကျွန်တော်က ဘဲဥနဲ့ ပြီးနိုင်တော့ အိမ်ရှင့်အတွက် ဝန်က သိပ်မကြီးပါဘူး။ သို့သော် အဲဒီ့အိမ်မှာ နေတဲ့ စားတဲ့အတွက် အဲဒီ့မိသားစု လက်ထဲကို ငွေစက္ကူတစ်ထပ် ထိုးအပ်ခဲ့ပါတယ်။ ခမျာများမှာ မရှိရှိတဲ့အထဲက ကျွန်တော့်ကို ဧည့်ထောက်ခံနေရတာ စာနာမိလို့ပါ။


ဒါ့အပြင် ကိုယ့်အိမ်ကိုယ်သာဆို မနက် ကိုးနာရီထက် စောပြီး ဘယ်တုန်းကမှ အိပ်ရာက ထလေ့ မရှိတတ်တဲ့ ကျွန်တော်ဟာ အဲဒီ့အိမ်လေးမှာ တည်းခိုနေခိုက်တော့ မနက် ခြောက်နာရီ ဒင်ခနဲ မြည်တာနဲ့ အိပ်ရာက ငေါက်ခနဲ ထနေတတ်ခဲ့ပါတယ်။ အဲဒီ့အိမ်က အိမ်သားတွေက အဲဒီ့အချိန်ဆို ထကြပြီလေ။ သူတို့ကလည်း ကျွန်တော့်ကို မနှိုး၊ ကျွန်တော် ပေပြီး အိပ်ချင်တိုင်း ဆက်အိပ်နေလည်း ဘာပြဿနာမှ မရှိနိုင်ပေမယ့် ရောမရောက်ရင် ရောမသားလိုကျင့်ရတယ်ဆိုတာမျိုးလို သူ့အိမ် သူ့စည်းကမ်းကို အတတ်နိုင်ဆုံး စူးစမ်းပြီး အလိုက်သင့် အလျားသင့် နေထိုင်ရတဲ့ လူ့ကျင့်ဝတ်ကို ပြောချင်တာပါခင်ဗျား။


မန္တလေးဟာ ကျွန်တော့်ဇာတိပါ။ တစ်ချိန်ကဆို မန္တလေးမှာ ကျွန်တော့်ဦးကြီးအိမ် ရှိခဲ့ဖူးပါတယ်။ ဦးကြီးတို့ လင်မယားမှာက ကလေးသားမြေး လုံးလုံး မရှိတာမို့ ကျွန်တော့်ကို သားရင်းပမာ ချစ်ရှာကြပါတယ်။ သို့သော် ကျွန်တော်က ဦးကြီးအိမ်ရဲ့ စည်းကမ်းတွေကို မလိုက်နာနိုင်ဘူး။ ဦးကြီးကလည်း ကျွန်တော် နေချင်တိုင်း နေနေတာကို တယ်ကြည့်လို့ မရချင်ဘူး။ သို့ပေမယ့် ခဏတဖြုတ် လာနေတာပဲလေဆိုတဲ့ အတွေးနဲ့ သူ့ခမျာ ကြည့်မရတဲ့ ကြားက ကျွန်တော့်ကို ပေယျာလကံ ထားနေရရှာတယ်။ ဒါကိုလည်း ကျွန်တော် ရိပ်မိတယ်။

ရိပ်မိတော့ ဘာဖြစ်တုံး။ ကျွန်တော့်မှာ ကိုယ်ပိုင်ဝင်ငွေ ရှိလာတဲ့ လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော်က စပြီး မန္တလေး သွားတိုင်း အဲဒီ့ အရင်းချာဆုံး ဦးကြီးအိမ်မှာ ဘယ်သောအခါမှ မတည်းတော့ပါဘူး။ ဦးကြီးအိမ်မှာ မတည်းလို့ မန္တလေးက တခြား ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေအိမ်မှာ တည်းသလားဆိုလည်း မတည်းပါဘူး။ ဘယ်လောက် ရက်ကြာကြာ နေသည် ဖြစ်စေ၊ တည်းခိုခန်း၊ ဧည့်ရိပ်သာ၊ ဟိုတယ်စတာတွေမှာပဲ စတည်းချခဲ့တာ ၁၉၈၈ ခုနှစ်ကတည်းကပါ။


ဦးကြီးကဆို ကွယ်လွန်ခါနီး လပိုင်းအလိုမှာ သူ့အိမ်မှာ ကျွန်တော် မတည်းတော့တာကို ကျွန်တော့်ရဲ့ သံယောဇဉ်နည်းလွန်းမှုအဖြစ် စကားနာ ထိုးသွားပါသေးတယ်။ အမှန်ကတော့ ကျွန်တော့်ဘက်က သူ့ကိုလည်း ထောက်ထား၊ ကျွန်တော်ကိုယ်တိုင်လည်း အနေမကျုံ့ချင်တဲ့ စေတနာက ဝေဒနာဖြစ်သွားရတာပါပဲ။ မတတ်နိုင်ဘူးလေ။


ကျွန်တော့်အစီအစဉ်ကို နားဆင်နေတော်မူကြတဲ့ ချစ်စွာသော ပရိသတ်အပေါင်းတို့ ခင်ဗျား။ စာရေးတဲ့ ကျွန်တော် အတ္တကျော်ကဖြင့် ညအိပ်ဧည့်သည် ပြဿနာကို ကျွန်တော့် အမြင်သေးသေးလေး၊ ကျွန်တော့်ရှုထောင့် သေးသေးလေးကနေ ဆင်ခြင် တွေးဆရင်း တတ်စွမ်းသမျှ တင်ပြလိုက်မိရပါပြီ။ ရှေ့မှာ ပြောခဲ့သလို ဒါလေးကို ဆင့်ပွား စဉ်းစားပေးတော်မူကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံရတတ်မြဲ ဘဝအမောတစ်ခုအတွက် အဖြေတစ်မူကို ကောက်ယူ ဖွေရှာနိုင်ကြတန်ကောင်းရဲ့လို့ မျှော်လင့်ပြီး တင်ဆက်လိုက်ရတာပါ။

ကလေးမလေးရဲ့ စာမှာ ကျွန်တော့်ကို မေးထားတာပါပါသေးတယ်။ အဲဒါကတော့ အဲဒီ့အလိုက်မသိတဲ့ ဧည့်သည်တွေနဲ့ သဘောလွယ်တဲ့ သူ့အစ်မကို ဘယ်လို ကိုင်တွယ်ရမလဲတဲ့။


အဲဒါလည်း ရွှေတို့ရဲ့ ပြဿနာလို့ပဲ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့တွေမှာက ဂါရဝတောစ၊ နိဝါတောစဆိုတာများအပြင် အားနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာကိုမဆို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောဖို့ အင်မတန် ဝန်လေးနေမိတတ်ကြပါတယ်။ အမှန်ကတော့ ကလေးမလေးဘက်ကသာ သူ့အခက်အခဲကို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောလိုက်ရင် သည်ပြဿနာဟာ အထိုက်အလျောက်တော့ ပြေလည်သွားလောက်ပါတယ်။

သည်နေရာမှာ ရှင်းရှင်းပွင်ပွင့် ဖွင့်ပြောတာရဲ့ အတိုင်းအဆကို နားလည်ထားဖို့ လိုပါတယ်။ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာဟာ တစ်ဖက်သားကို ရန်လုပ်တာ၊ အပြစ်တင်တာ၊ တစ်ဖက်သားရဲ့ လုပ်ရပ်ကို ထောက်ပြတာမျိုး မဟုတ်ပါဘူး။ ထပ်မံ အစီရင်ခံပါရစေခင်ဗျာ။ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောခြင်းဟာ တစ်ဖက်သားရဲ့ လုပ်ရပ်၊ ဒါမှမဟုတ် ပျက်ကွက်မှုကို ထောက်ပြတာ မဟုတ်ပါဘူး။ အဲဒီ့တစ်ဖက်သားရဲ့ လုပ်ရပ်၊ ဒါမှမဟုတ် ပျက်ကွက်မှုကြောင့် ကိုယ့်မှာ ကြုံလာရတဲ့ ထိခိုက်နစ်နာမှုကို အရင်းအတိုင်း ပြောပြခြင်းကသာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာ ဖြစ်ပါတယ်။


အခုကိစ္စမှာ ဧည့်သည်တွေရဲ့ အနေအထိုင် မတတ်မှုကြောင့် စာကျက် ပျက်နေတယ်။ စာမေးပွဲက သူ့အတွက် အရမ်း အရေးကြီးနေတယ်ဆိုတဲ့ အချက်က ပေါ်လွင်နေပါတယ်။ ဒါကို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတဲ့အခါ အစ်ကိုတန်ရင် အစ်ကို၊ အစ်မတန်ရင် အစ်မနဲ့ အစချီပြီး သမီးမှာဖြင့် သည်စာမေးပွဲအတွက် ပြင်ဆင်နေရပါတယ်၊ သည်စာမေးပွဲက ကျွန်မဘဝအတွက် အဘယ်မျှ အရေးကြီးလှပါတယ်၊ ဒါ့ကြောင့် အစ်ကိုတို့ အစ်မတို့ ရုပ်မြင်သံကြားဖွင့်ကြည့်ကြမယ်ဆိုလည်း တစ်ဆိတ်လောက် တိုးတိုးသက်သာ ဖွင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ။ အစ်ကိုတို့ အစ်မတို့ ရုပ်မြင်သံကြား ကြည့်ချင်တာကိုလည်း သမီး နားလည်နိုင်သလို သမီးမှာလည်း စာမေးပွဲအတွက် ရတက်ပွေနေရတာကို နားလည်ပေးကြပါနော် စသဖြင့် ပြေပြညှင်းညှင်းနဲ့ ရှင်းလင်း ပြောဆိုသွားခြင်းဟာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောလိုက်ခြင်းပါပဲ။


ရှိသေးတယ်။ သူ့အစ်မရဲ့ ပြဿနာ။ “ညည်းဟာက ဆေးကျောင်းသူလည်း မဟုတ်ဘဲနဲ့ သိပ်အကဲပိုတာပဲ”လို့ ဆိုလေတဲ့ သူ့ အစ်မကိုရော ဘယ်လို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောမလဲလို့ မေးစရာရှိပါတယ်။

ဟုတ်ကဲ့။ သည်အစ်မဟာ ယနေ့ ပညာရေးလောကကို နားမလည်လှတာ အဲဒီ့စကားနဲ့တင် တအား ထင်ရှားလို့ နေပါတယ်။ ဆေးကျောင်းမှ စာကြိုးစားရတယ်ထင်ပြီး ကျန်တဲ့ ကျောင်းသားတွေကျတော့ သည်လိုပဲ တော်ရိလျော်ရိနေလို့ ရတယ်လို့ ခမျာမှာ ထင်မှတ်နေရှာပါတယ်။
ကျွန်တော်သာ အဲဒီ့ကလေးမ နေရာမှာဆိုရင်တော့ “မမရယ်၊ မမ ပြောတာလည်း မမအမြင်နဲ့ဆိုတော့ တရားနည်းလမ်းကျပါတယ်ဗျာ။ မှန်ပါတယ်။ ဆေးကျောင်းတက်နေတာတော့ မဟုတ်ပါဘူး။ သို့သော် ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာဆိုသလို စာမေးပွဲတိုင်းဟာလည်း ဖြေရမယ့်သူအတွက်က ရင်ထိတ်စရာ၊ ပူပန်စရာ ကောင်းနေတာတော့ အမှန်ပါပဲ မမရယ်။ အခု ကျွန်တော့်မှာက စာမေးပွဲက တအားနီးနေပြီ၊ စာတွေကလည်း သိပ်ပိုင်ပိုင်နိုင်နိုင် မရသေးတော့ တအားကို ပူနေမိလို့ပါ မမရယ်။ ကျွန်တော့်ကို နားလည်သည်းခံပေးပါ မမရယ်”ဆိုတာမျိုးက ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာပါပဲ။

နားဆင်တော်မူနေကြသူ လူကြီးမင်းများ သတိထားမိမလား မသိဘူး။ ကျွန်တော့်ရဲ့ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောပုံ နှစ်မျိုးစလုံးမှာ တစ်ဖက်သားရဲ့ ဆန္ဒ၊ တစ်ဖက်သားရဲ့ အမြင်ကို တလေးတစား တန်ဖိုးထား အသိအမှတ်ပြုတဲ့ စကား ပါပါတယ်။ သူနဲ့ ကိုယ်နဲ့ ဆန္ဒချင်း မတူ၊ အယူချင်း မတိုက်ဆိုင်တာဟာ ပြဿနာ မဟုတ်ပါဘူး။ သူ့မှာလည်း သူဆန္ဒ သူ့အမြင်နဲ့ သူထင်တာ သူလုပ်ပိုင်ခွင့် ရှိသလို ကိုယ့်မှာလည်း ကိုယ့်ဆန္ဒ ကိုယ့်အမြင်နဲ့ ကိုယ်ထင်တဲ့အတိုင်း လုပ်ပိုင်ခွင့် ရှိပါကြောင်း အေးအေးသက်သာ ပြောဆိုတင်ပြတာဟာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောခြင်းရဲ့ အနှစ်သာရပါပဲ။


တကယ်လို့သာ ကလေးမလေးဘက်က အဲသလို ချေချေငံငံနဲ့ သူဖြစ်ချင်တာ၊ သူခံစားနေရတာကို ပွင့်ပွင့်လင်းလင်း ရှင်းပြ အန်ထုတ်လိုက်နိုင်မယ်ဆိုရင်တော့ သူ ရင်ဆိုင်နေရတဲ့ ဘဝအမောဟာ ပြေသွားနိုင်စရာ အကြောင်းများပါတယ်။

နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ် လူကြီးမင်းများ ခင်ဗျား။ အခုတစ်ပတ်မှာ ကျွန်တော့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာလေး တစ်စောင်ထဲက မိန်းကလေးတစ်ယောက်ရင်ဆိုင် ကြုံတွေ့နေရတဲ့ ဘဝအမောတစ်ရပ်ကို အခြေခံပြီး ဆွေးနွေးတင်ပြလိုက်တာပါ။ ကျွန်တော့် တင်ပြချက်မှာ အကြောင်းအရာ နှစ်ရပ်ပါပါတယ်။


ပထမတစ်ရပ်က တစ်မြို့တစ်ရွာကို သွားတဲ့အခါ ဆွေးမျိုးသားချင်း မိတ်ဆွေသင်္ဂဟများရဲ့ နေအိမ်များမှာ ဝင်ရောက် တည်းခိုခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာများပါ။


ဒုတိယတစ်ရပ်ကတော့ မိမိမှာ ထိခိုက် ခံစားနေရသော်ငြား ချိုသည် ခါးသည် ဘာမှ မပြောဘဲ ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲဖြစ်ပါတယ်။

သည်လို အဖြစ်မျိုး၊ သည်လို ဘဝအမောမျိုးတွေဟာ အခု နားသောတဆင်နေကြတဲ့ ပရိသတ်ကြီးရဲ့ ရင်ထဲမှာလည်း အုံနဲ့ ကျင်းနဲ့ တွယ်ငြိနေတန်ကောင်းတဲ့ အကြောင်းအရာတွေလို့ သုံးသပ်ယူဆမိတာမို့ သည်အကြောင်းအရာနှစ်ရပ်ကို တတ်အားသမျှ ဆွေးနွေးတင်ပြလိုက်တာပါခင်ဗျာ။


မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျား။

Is it Fate or Destiny???

ကံ – ကံ၏ အကြောင်းတရား

၂၀ဝ၈ ခုနှစ်က ဒီဇင်ဘာမှာ ဘိုကလေး မြို့နယ်ထဲက ရွာလေးတချို့ကို ရောက်ခဲ့သည်။ နာဂစ်ဆိုက်ကလုံးမုန်တိုင်းက ၂၀ဝ၈ မေမှာ မွှေခဲ့တာ ဆိုတော့ ခြောက်လကျော်ကာလသာ ရှိသေးချိန်။ အားလုံး ပြန်လည် ထူထောင်နိုင်ရန် တာစူနေကြဆဲ။ မသိသာသေး။


၂၀ဝ၉ ခုနှစ် အောက်တိုဘာနှင့် ဒီဇင်ဘာမှာတော့ လပွတ္တာမြို့နယ်ထဲက ရွာလေး သုံးရွာမှာ တစ်ရွာလျှင် ဆယ်ည၊ ဆယ်ရက်တိုင်တိုင် နေထိုင်ဖြစ်ခဲ့ရပြန်သည်။ နာဂစ်အလွန် တစ်နှစ်ခွဲကျော် အချိန်။ သိသာစ ပြုနေလေပြီ။


သိသာစပြုနေသည်မှာ လူတန်းစား ကွာဟမှုပင်ဖြစ်သည်။ မုန်တိုင်းက အားလုံးကို တန်းညှိပစ်ခဲ့သည်။ ချမ်းသာသူလည်း အိမ်မရှိ၊ ယာမရှိ။ ရွှေငွေဥစ္စာ စည်းစိမ်မှန်သမျှ ပြုတ်ပြုတ်ပြုန်း။ အဝတ်တစ်ထည် ကိုယ်တစ်ခုပင် အနိုင်နိုင် ဖြစ်ကုန်ကြသည်မှာ မုန်တိုင်းသင့် ဒေသတစ်ခုလုံးပင်။ ကယ်ဆယ်ရေး၊ ဝေခြမ်းရေး၊ အထောက်အပံ့အကူအညီကို လိုအပ်ခဲ့ကြသူများမှာလည်း ထိုဒေသမှ လူတိုင်းသာ။ မုန်တိုင်းမတိုင်ခင်က ချမ်းသာ ကြွယ်ဝခဲ့ဖူးသူ၊ နေနိုင်စားနိုင်ခဲ့သူများလည်း အပါအဝင်။ အကုန်လုံး အတူတူနှင့် အနူနူ။


အခု တစ်နှစ်ခွဲကျော် အကြာမှာဖြင့် လူနည်းစုတချို့က အတော်လေး ထူထူထောင်ထောင် ဖြစ်နေကြလေပြီ။ ဆိုင်နှင့် ကန္နားနှင့်၊ တယ်လီဖုန်းနှင့်။ တချို့က ဗီဒီယိုရုံဖွင့်ကာ အလုပ်ဖြစ်၊ တချို့က ဘိလိယက်ခုံ၊ တချို့က အရက်ဆိုင်။ သူ့ဟာနှင့်သူ ဟန်ကျပန်ကျဖြစ်နေသူတွေက ထိုးထိုးထောင်ထောင် ပေါ်ပေါက်နေသည်။

တချို့ကျတော့လည်း နာဂစ်မတိုင်ခင်က သိပ်အဟုတ် မဟုတ်လှ။ နာဂစ်ဖြစ်၊ ဝေခြမ်းရေးတွေ၊ အကူအပံ့တွေ ပေါ်လာတော့မှ ပွဲလန့်တုန်း ဖျာခင်းလိုက်ကြကာ အခုအခါမှာ ဟန်ကျနေသူတွေလည်း အလျှိုလျှို မြင်နေရသည်။

“ဝေခြမ်းရေးက ထောက်ပံ့နေတဲ့အတွက် အခုအချိန်မှာ နေစရိတ် စားစရိတ် တစ်ပြားတစ်ချပ်မှ ကုန်စရာမရှိဘူး။ အဲတော့ သည်အချိန်မှာ ပိုက်ဆံ ရှာနိုင်ရင် ရှာနိုင်သမျှက ကိုယ့်အတွက် အသားတင်အမြတ်ချည်းပဲ” ဟု မိသားစုကို ပြောခဲ့ကာ မုန်တိုင်းလွန်စ၊ ထောက်ပံ့မှုများ ဝေစည်နေချိန် ကာလတွင် ကုန်းရုန်း ရှာဖွေခဲ့ရာမှ ယခုအချိန်တွင် ဗီဒီယိုရုံငယ်တစ်ခု၊ အရက်ဆိုင် တစ်ဆိုင်၊ ကုန်စိမ်းဆိုင် တစ်ဆိုင်ကို ပိုင်ဆိုင်နေလေပြီဖြစ်သူ တစ်ဦးကို မျက်ဝါးထင်ထင် မြင်ခဲ့ရပါသည်။


အဲ… အများစုမှာမူ သိပ်ထူးခြားမလာဘဲ ဒုံရင်းသံသရာမှာ လည်နေကြသည်။ ကဏန်းနှိုက်သည့်ဘဝ၊ ပိုက်ထောင်သည့်ဘဝ၊ သူများ လယ်၊ သူများဆားဖိုမှ အခစားဘဝများတွင် ကျင်လည်နေသူတွေ အများ အပြား ရှိသလို ဘာမှ မည်မည်ရရ မလုပ်ဘဲ ဝေခြမ်းရေးကို မျှော်လင့် အိပ်မက်ဆဲ ယောင်ခြောက်ဆယ်တွေ အနည်းအပါးကိုလည်း တွေ့ခဲ့ရပါသည်။

ဘဝင်သိပ်မကျမိပါ။ ထိုရွာများတွင် ခဏတဖြုတ် နေထိုင်ခဲ့ရစဉ်က ရွာသားတွေကိုလည်း မျက်နှာချင်းဆိုင်ပြီး ဘဝင်မကျသည့်အကြောင်းကို တွင်တွင် ပြောဖြစ်ခဲ့ပါသည်။ အခုလည်း ပြောကြည့်ချင်လာရပြန်ပါသည်။

လူချင်းအတူတူ ဘာတွေက ကွာနေလို့ အခုလိုတွေ ဖြစ်ကုန်ကြတာလဲဆိုတာကို စဉ်းစားကြည့်မိသည့်အတွက် ဘဝင်မကျဖြစ်ရခြင်းပင်။
လူမတန် ကံချဆိုသည့်အတိုင်း အတိတ်ဘဝ အဆက်ဆက်က ကံကို  ရိုးမယ်ဖွဲ့မည်ဆိုလျှင်တော့ အဖြေက လွယ်ပါသည်။ ဘာမှလည်း ရှည်ရှည်လျားလျား စဉ်းစားနေဖို့ လိုမည် မဟုတ်ချေ။ သို့သော် အဲဒါက အဖြေ မဟုတ်ဟု ထင်ပါသည်။

ပစ္စုပ္ပန်မျက်မှောက်၌ ပြုကြသော မနောကံ၊ ဝစီကံ၊ ကာယကံများကသာ ထိုအရာများအတွက် အဖြေဟု ကျွန်တော် မမှိတ်မသုန် ယုံကြည်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော ဗီဒီယိုရုံငယ်၊ အရက်ဆိုင်၊ ကုန်စိမ်းဆိုင် ပိုင်သော မိသားစုသည် နာဂစ်မတိုင်ခင်က ရရစားစား၊ ဝါးဝါးမျိုမျို၊ သူလို ငါလို ခပ်နုတ်နုတ်သာဖြစ်ခဲ့သည်တဲ့။ နာဂစ်မှာတော့ ရှိစုမဲ့စုလေးတွေ အကုန်ပါသွားသည်။ သို့သော် သူ့ မနောကံ (ဝါ) သူ့အတွေးအမြင် က မှန်သွားသည်။ ဝေခြမ်းရေးကြောင့် နေစရိတ်၊ စားစရိတ်အတွက် ပူစရာ မလိုဆဲကာလမှာ ရတတ်သမျှ အသားတင်ဟု သဘောထားကာ ကုန်းရုန်း ရှာဖွေသည့် ကာယကံမြောက် အမှုကို သူတို့ မိသားစု ပြုခဲ့ကြသည်။ ထိုကံများ စီမံသည့်အတိုင်း ယခုအခါတွင်မူ သူတို့မိသားစုမှာ ဟန်ကျနေကြလေပြီ။ ပစ္စုပ္ပန်ကံကလည်း စကားပြောသွားသည်မှာ အထင်အရှားပင်။

တခြား ဟန်ကျနေသူတွေကို ကြည့်လိုက်တော့လည်း ထိုအတိုင်းသာ ဖြစ်သည်။ အားတိုင်း ဗီဒီယိုကြည့်နေ၊ ကာရာအိုကေဆိုနေ၊ အရက်သောက်နေ ဘိလိယက်ထိုးနေကြသူတွေထဲမှာ ဟန်ကျနေသူတွေကို တွေ့ရခဲလှသည်။ ဗီဒီယိုရုံတွေ၊ အရက်ဆိုင်တွေ၊ ဘိလိယက်ခုံတွေမှာက လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့် လူတန်းစားက မင်းမူထားသည်။


ဘာဖြစ်လို့ သည်လိုတွေ ဖြစ်ကုန်သနည်းဟု စဉ်းစားကြည့်သောအခါ “အသိဉာဏ်နှင့် ဆင်ခြင်တုံတရား“ဆိုတာကြီးက ဘွားဘွားကြီး ပေါ်လာသည်။ အသိÓဏ်နှင့် ဆင်ခြင်တုံတရား နည်းပါးသူတွေက ဒုံရင်းမှာ ကျန်ရစ်နေပြီး အသိဉာဏ်နှင့် ဆင်ခြင်တုံတရား အထိုက်အလျောက် ရှိသူတွေက သည်တစ်နှစ်ခွဲလောက်လေးအတွင်းမှာတင် အတော်လေး ထူထူထောင်ထောင် ပြန်ဖြစ်လာနေကြသည်ကို မြင်နေရပါသည်။

ရွာတစ်ရွာမှ မိသားတစ်စုဆိုလျှင် အတုယူဖို့ပင် ကောင်းသေးတော့သည်။ လုပ်နိုင်ကိုင်နိုင် ယောက်ျားသားမှန်သမျှက နာဂစ်ထဲမှာ အသက် ပါသွားကြပြီး မိန်းမသား သားအမိ သုံးယောက်နှင့် အသက် ၆၀ ကျော် ဖခင်ကြီး၊ ကလေးငယ် နှစ်ယောက်သာ ကျန်ရစ်သည်။ သည်ကြားထဲက သူတို့မှာ ကုန်စုံဆိုင်နှင့်၊ တယ်လီဖုန်းနှင့် ဟန်ကျပန်ကျ တွေ့ရသည်။


ယောက်ျားသား ရင့်မာကြီးတွေ ရှိနေသော ရွာထဲက တခြား မိသားစုများမှာတော့ မနည်း ရုန်းကန်နေရသည့်ဘဝ။ သည်မှာလည်း ဘာကွာသနည်းဟု ဆန်းစစ်မူ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားပင်ဖြစ်ပေလိမ့်မည်။ မိသားစုဝင် အရင်းအချာတွေကို ဆုံးရှုံးရတာကတော့ အတူတူချည်းသာပင်။ သို့သော် ရှင်ကျန်ရစ်သူတွေက အသက်ဆက်ဖို့ လိုသေးသည်။ ဒါကို ပြတ်ပြတ်သားသား မြင်ပြီး ပူဆွေးမှုကို ရပ်တန်းက ရပ်ကာ လုပ်စရာရှိတာ ဇယ်ဆက်သလို လုပ်သွားကြသည့် သားအမိ သားအဖတစ်တွေက တင့်တောင့်တင့်တယ် ပြန်ဖြစ်လာသည်။ ပူဆွေးတသရင်း အလုပ်ပျက် အကိုင်ပျက် ဖြစ်ခဲ့ရသူတွေကတော့ ဝေခြမ်းရေးက ပေးတာလေး စားလိုက်၊ ပိုလျှံတာလေး ရောင်းချကာ စိတ်၏ဖြေရာ အပျော်ရှာလိုက်နှင့် အခု တစ်နှစ်ခွဲ အကြာမှာ နဂိုဘဝထက်ပင် နုံချာကာ လက်လုပ်လက်စားဘဝတွေမှာ ကျင်လည်နေကြဆဲ။


ဒါက မုန်တိုင်းသင့် ဒေသတစ်ခုတည်းမှာ ဖြစ်နေသည်သာ မဟုတ်၊ အနယ်နယ်အရပ်ရပ်မှာ ဖြစ်နေသည့် အဖြစ်။ “တရုတ်လိုရှာ၊ ကုလားလို စု၊ မြန်မာလို မဖြုန်းနဲ့”ဆိုသော ရှေးစကားမှာ အလကားစကား မဟုတ်ချေ။ မြန်မာတွေ၏ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားကို မီးမောင်းထိုးပြနေသော စကားပါကလားဟု တွေးမိလာရပါသည်။


တစ်ဆက်တည်းမှာပင်…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၈၀၁၁၀)

(၁၅ ဇန်နဝါရီ ၂၀၁၀ ပြည့်နှစ်ထုတ Bi Weekly Eleven  ဂျာနယ် အတွဲ ၂ အမှတ် ၄၃မှာ ဖော်ပြထားတာလေးကို ထပ်ဆင့် တင်ပြလိုက်တာပါ။)