Skip to content

RASU 75-79: Scattered to the Four Winds

11 January 2010

ဝ/သ(၇၅-၇၉) – တောရောက် တောင်ရောက်

နိုင်ငံခြားတွင် အခြေချနေထိုင်လျက်ရှိသူ အတန်းဖော်တစ်ယောက် အလည် ခဏပြန်လာသည်။ အတန်းဖော်တွေထဲက သူနှင့် ရင်းနှီးသူများကို ဖိတ်ပြီး ညစာကျွေးဖို့ စီစဉ်တော့ သူနှင့် ပြောမနာ ဆိုမနာ သူငယ်ချင်းဖြစ်ခဲ့ဖူးသော ကျွန်တော်လည်း ပါလာပါသည်။

သူသည် ကျွန်တော်တို့အတန်း၊ ကျွန်တော်တို့ ဘာသာတွဲတွင် ခုံအမှတ် (၁) ဖြစ်သည်။ ဆေးကျောင်း တက်ရန် အမှတ်မီပါလျက်နှင့် သိပ္ပံပညာချွန်ဆုကို ယူကာ ကျွန်တော်တို့အတန်းထဲသို့ ရောက်လာခြင်းဖြစ်သည်။ သူ့ကို ကျွန်တော်တို့က “ချွန်ဆု”ဟုခေါ်ကြသည်။ လေးနှစ်လုံးလုံး တစ်တန်းတည်း အတူတက်လာကြသူများဖြစ်သဖြင့် တစ်ယောက်နှင့် တစ်ယောက်က မောင်နှမ ရင်းချာများနှယ် ရင်းနှီးကြသည်။

သူငယ်ချင်းတွေ အားလုံးကို တစ်စုတစ်ဝေးတည်း ပြန်ဆုံရသောအခါ ကျွန်တော့်အသက်သည် ၂၈ နှစ်တိတိ ပြန်ငယ်သွားလေသည်။ ကျွန်တော့်နှုတ်ကလည်း ဗလွတ်ရွှတ်တ အစုံထွက်လာသည်။ အားလုံးလည်း ပျော်နေကြသည်။

၂၈ နှစ် ခရီးကို ပြန်ငဲ့စောင်းကြည့်တော့ ဘဝတွေ အမျိုးမျိုးဖြစ်နေသည် မှာ မြင်သာလှသည်။ အိပ်မက်က တခြား၊ ရည်မှန်းချက်က တခြား၊ ဘဝတွေက တခြားပင်ဖြစ်သည်။

ချွန်ဆုကိုပဲ ကြည့်။ သူကား မဟာသိပ္ပံတန်းကိုလည်း ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်သည်။ ထို့နောက် ကျောင်းမှာတင်ပဲ ဆရာမ ဝင်လုပ်လိုက်သေးသည်မှာ တော်တော်ကြာကြာ။ သင်းကိုတော့ ယူမယ့်သူ မရှိဟု ကျွန်တော် တွေးထင်ထားခဲ့သော်လည်း သူက ကျွန်တော့် အရင်ပင် အိမ်ထောင်ကျသွားသည်။ ထို့နောက် သူ့ခင်ပွန်းသည် အင်းစိန်တောရသို့ ရောက်သွားတာ၊ သူတစ်ယောက်တည်း ရုန်းကန်နေတာတွေကိုလည်း ကြားရသည်။


၁၉၉၅ခုနှစ်မှာ သူ နိုင်ငံခြားသို့ သွားမည်ဆိုတော့ ကျွန်တော်နှင့် တွေ့လိုက်သေးသည်။ “နင် သည်မှာနေရင် ဆရာမဆိုတဲ့ ဂုဏ်လေး ရှိသေးတယ်၊ သူများ တိုင်းပြည်မှာဆို အိုးတိုက်ပန်းကန်ဆေးနေရမှာ၊ ဘာသွားလုပ်မှာတုံး”ဟု သူ့ကို ကျွန်တော် ကန့်ကွက်စကား ပြောဖြစ်ခဲ့သေးသည်။ သူက ဆုံးဖြတ်ပြီးနေပြီ။

ယခု ပြန်လာသောအခါ သူက ကျွန်တော့် စကားကို ချေသည်။ သူက ဟိုမှာလည်း အထက်တန်းပြ ဆရာမ ဖြစ်နေပါပြီတဲ့။ “နင်ပြောသလို ငါ အိုးမတိုက်၊ ပန်းကန် မဆေးရပါဘူးဟဲ့”ဟုလည်း ဆိုသည်။

သူ ပြောင်းလဲသွားပြီ။ တစ်ချိန်က အင်္ဂလိပ်စကားကို ဝါကျတစ်ကြောင်း ပြည့်အောင်ပင် သူနှင့် ကျွန်တော်တို့ မပြောဖြစ်ခဲ့ဖူးသော်လည်း ယခုသော် တစ်ချိန်လုံး အင်္ဂလိပ်လို ပြောဖြစ်နေသဖြင့် ဘေးမှ ကျန်သူငယ်ချင်းများကပင် တားယူရသည်။ ရောမ ရောက်တော့ ကျွန်တော့်သူငယ်ချင်း ချွန်ဆုသည်လည်း ရောမသူကြီး ဖြစ်နေလေပြီ။ တစ်ချိန်က ကျွန်တော်တို့ စီးကရက် သောက်သည်ကို နှာခေါင်းရှုံ့ခဲ့ဖူးသော ထိုမိန်းမသည် ယခုတော့ စီးကရက်ကို လက်ကြားညှပ်လျက် ဝိုင်ဖန်ခွက်ကို ကိုင်နေလေတော့သည်။ သူက ဟိုနိုင်ငံသားအဖြစ်လည်း ခံယူထားလိုက်လေပြီ။ သို့သော် ယခုမူ သူ့သားကို သင်္ကန်း လာဆီးပေးခြင်း ဖြစ်နေပြန်သည်။ သာဓု၊ သာဓု မချွန်ဆု…

သူ့ဘေးတွင် ထိုင်နေသော သူငယ်ချင်းနောက်တစ်ယောက်က ချွန်ဆု ထက်ပင် ကျွန်တော်နှင့် ရင်းသေးသည်။ သူ့ကို ကိုးတန်းကတည်းက ကျူရှင်တက်ဖက်အဖြစ် သိကျွမ်းခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ် ရောက်သောအခါ တွင်လည်း တစ်တန်းတည်းပြန်ဖြစ်ကာ တစ်ခုံတည်း တွဲထိုင်ခဲ့သဖြင့် ပို ရင်းနှီးခဲ့သည်။

သူကလည်း မဟာတန်း ပြီးသွားသည်။ ဂျာမဏီနိုင်ငံမှာ နေရောင်ခြည် စွမ်းအင်နှင့် ပတ်သက်သော ဘွဲ့လွန်ပညာကို အတော်ကြာ ဆည်းပူးခဲ့သေးသည်။ သို့သော် ယခုမူ သူ ဝန်ထမ်းမဟုတ်တော့ပေ။ ကျူရှင်ပြစားနေသည် ဟု သိရသည်။

နောက်တစ်ယောက်က ကျွန်တော်နှင့် သေဖော်ရှင်ဖက်လို ရင်းနှီးသူ ဖြစ်သည်။ သူလည်း ကျွန်တော့်လိုပင် မဟာတန်းနား မကပ်နိုင်သည့် လူပျော်များအဖွဲ့တွင် ပါဝင်ခဲ့သည်။ သူ့ဇနီးကလည်း ကျွန်တော်တို့ တစ်တန်းတည်းမှ ဖြစ်သည်။ ပြောရလျှင်မူ ကျွန်တော်နှင့် မညားဖြစ်သော ကျွန်တော့်ရည်းစားနှင့် ကျွန်တော်တို့၏ ကောင်းမှုကြောင့် သူတို့နှစ်ယောက် အကြောင်းပါသွားကြခြင်းဖြစ်လေသည်။ ကျွန်တော့်ရည်းစားက နောင်အခါ သူ့အိမ်သူ သက်ထားဖြစ်လာမည့် အတန်းဖော်နှင့် ဘေးချင်းကပ် ထိုင်သည့် သူငယ်ချင်း၊ ကျွန်တော်က သူနှင့် ဘေးချင်းကပ် ထိုင်သည့် သူငယ်ချင်း။ ကျွန်တော်တို့ သမီးရည်းစားနှစ်ယောက် အလှော်ကောင်းသဖြင့် သူတို့နှစ်ယောက် အဆင်ပြေသွားပြီး ကျောင်းပြီးသောအခါ လက်ထပ်လိုက်ကြသည်။ ကျွန်တော်တို့ သမီးရည်းစားမှာမူ တစ်နှစ်မျှအကြာတွင်ပင် ခွာပြဲခဲ့ကြလေပြီ။

ထိုသူငယ်ချင်းမှာလည်း အစပထမတော့ အာမခံဌာနတွင် အလုပ်ဝင်သည်။ မှတ်ပုံတင်ရှေ့နေ သင်တန်းတက်ရန် ကျွန်တော့်ကို အဖော်လာစပ်သူမှာ သူပင် ဖြစ်သည်။ တကယ်တန်း ဝင်ခွင့်စာမေးပွဲ ဖြေရတော့ သူက ထိုစာမေးပွဲကို မအောင်။ သူ့ကို အဖော်လုပ်ကာ လိုက်ဖြေပေးသည့် ကျွန်တော်က အောင်သွားသဖြင့် ယောင်နနနှင့် နှစ်နှစ်သင်တန်းကို တက်လိုက်ရ၊ အောင်လက်မှတ်လေး တစ်ခုရ၊ လိုင်စင်လေးတစ်ခု ရလာခဲ့သည်။ ထိုအတွက် သူ့ကို ကျေးဇူးတင်ရပါလိမ့်မည်။ အဖျဉ်းဆုံးတော့ ကျွန်တော် သေလျှင် ကျွန်တော့်နာမည်နောက်မှာ အေဘီစီဒီထဲက နှစ်လုံး တိုးနေမည်မှာ သူ့ကျေးဇူးပေပဲပေါ့။

သူက ထို့နောက်မှာ ဂျပန်ပြည်မှာ အိုက်တိုးပဂေးဆန် သွားလုပ်သည်။ သူ့မိန်းမသည် ဌာနတစ်ခုမှာ ဝန်ထမ်းလုပ်ရင်း ထိုစဉ်က အင်္ဂလိပ်စာ အလွတ်သင်ဆရာ လုပ်နေသော ကျွန်တော့်ဆီမှာ အင်္ဂလိပ်စာ လာသင်ပြန်သည်။ သူတို့ အဆင်ပြေတာ၊ စုမိဆောင်းမိတာတွေကြားတော့ မုဒိတာရသည်။

ထို့နောက် သူပြန်ရောက်လာသည်။ ကွန်ပျူတာ သင်တန်းဖွင့်သည်။ အဆင်မပြေ။ ကားဝယ်ရောင်း လုပ်သည်၊ အဆင်မပြေ။ ဆယ်နှစ်ကျော်လာ သောအခါတွင်မူ သူငယ်ချင်း လင်မယားမှာ နည်းနည်း လုံးလည်လိုက်နေ ကြပေပြီ။

နောက်တစ်ယောက်ကလည်း ကျွန်တော်တို့နှင့် ဘေးချင်းကပ်ထိုင်သူ ဘဝသမား ဖြစ်သည်။ ကျောင်းမှာကတည်းက သူက လူကြီးဆန်သည်။ တစ်တန်းလုံးတွင် သူတစ်ယောက်ကိုသာ ကျွန်တော်တို့က “ကိုမြ”ဟု “ကို” တပ် ခေါ်ရသည်အထိ သူက ကျွန်တော်တို့အထဲတွင် အနေတည်လှသည်၊ ရင့်ကျက်လှသည်။

ဒုတိယနှစ်အထိ သူနှင့် ကျွန်တော်မှာ တတွဲတွဲ။ သို့သော် ဒုတိယနှစ် နှစ်လည်တွင်မူ “မင်းနဲ့ ငါနဲ့က ဘဝချင်း မတူဘူးကွ။ မင်းနဲ့ပေါင်းပြီး ငါပါ လိုက်လေနေရင် ငါ့ဘဝက ပျက်သွားမှာ၊ မင့်ဘဝက ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ အဲတော့ မင်းနဲ့ ငါ မပေါင်းတော့ဘူး”ဟု အတိအလင်း ကြေညာကာ ကျွန်တော်နှင့် မတွဲတော့ပေ။ ထိုစဉ်ကတည်းက သူ့ကို ကျွန်တော် စိတ်မဆိုးခဲ့ပါ။ သူ့ဘက်က စဉ်းစားပေးလို့ ရသောကြောင့်ပင် ဖြစ်သည်။

အရင်လို တပူးတွဲတွဲ မဟုတ်တော့သော်လည်း သူနှင့် ကျွန်တော်မှာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် အဆင့်မှာတော့ ရှိနေဆဲ။ ကျောင်းပြီးသောအခါ သူက ဗဟိုပုံနှိပ်တိုက်တွင် အလုပ်ဝင်သည်။ ယောင်လည်လည် ဖြစ်နေသော ကျွန်တော်တို့က သူ့ဆီကို မကြာခဏ ဝင်လည်သည်။ ဒါပေမယ့် အလုပ်တစ်ဖက်နှင့် သူ့မှာ လူအားကျွန်တော်တို့ကို သိပ်ဧည့်ထောက်မခံနိုင်သဖြင့် တဖြည်းဖြည်း ဝေးသွားကြသည်။

နောက် သူလည်း ဂျာမဏီနိုင်ငံမှာ ပုံနှိပ်ပညာများ သွားရောက်ဆည်းပူးသည်ကို တစ်ဆင့်စကား ကြားရသည်။ သူအိမ်ထောင်ကျသွားသည်ကိုလည်း ကြားသည်။ ရာထူးတက်သည်ကိုလည်း ကြားသည်။ ကျန်းမာရေးမကောင်းဘဲ သေကောင်ပေါင်းလဲဖြစ်လိုက်သည်ကိုလည်း ကြားသည်။ လူချင်းမူ တော်တော်နှင့် မဆုံဖြစ်။

တလောလေးဆီကမှ ကျွန်တော့်အမေနှင့် သူနှင့်ဆုံကာ ကျွန်တော့် ဖုန်းနံပါတ်ကို အမေက ပေးလိုက်သဖြင့် သူ ကျွန်တော့်ကို ဆက်သွယ်သည်။ လူပုံကမူ အရင်အတိုင်းပင်။ အလုပ်ကနေ ဆေးပင်စင် ယူလိုက်ပြီး ယခုသော် ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းတစ်ခုတွင် ဦးစီးလုပ်ကိုင်နေလေသည်။

ထိုနေ့က ညစာ အတူစားကြသည့် ကျန်သူငယ်ချင်းတွေကတော့ သူတို့လို အထူးတလည် စာဖွဲ့စရာ မရှိပါ။ မိဘလက်ငုပ်ကို ဆက်လုပ်ကာ ပုံမှန် ဘဝတွင် ဖြတ်သန်းနေသူ၊ ကျောင်းပြီးကတည်းက ဝင်သွားသော ဝန်ထမ်းဘဝတွင် အသားကျနေသူတွေသာ ဖြစ်သည်။ ချွန်ဆုကတော့ သံဝေဂစကား ဆိုလိုက်ပါသေးသည်။ ကျောင်းပြီးတော့ ကျောင်းမှာပင် ဆရာ၊ ဆရာမအဖြစ် အလုပ်ဝင်သူတွေ သူအပါအဝင် ဆယ်ဂဏန်း ရှိခဲ့သော်လည်း ယခုသော် ထိုဆယ်ဂဏန်းမှ တစ်ယောက်တည်းသာ ကျန်တော့သည့် အကြောင်းပင်။

ကျွန်တော်တို့ ဝိုင်းတွင် မပါသူများအကြောင်းကိုလည်း ပြောဖြစ်ကြပြန်သည်။

ထိုအခါ ဘဝအလှည့်အပြောင်းသဘောကို ပိုလို့ ဆင်ခြင်မိရပြန်လေသည်။

တစ်ယောက်မှာ ဒုတိယနှစ်ကျမှ ကျွန်တော်တို့ အတန်းသို့ ရောက်လာသူ မော်လမြိုင်တက္ကသိုလ်အုပ်စုမှ တစ်ယောက်ဖြစ်သည်။ သူ့ကို ကျွန်တော်တို့က “ဆိုင်းဘာဘာ“ဟု ခေါ်သည်။ သူ့ဆံပင် ရှည်ရှည်ကောက်ကောက်ကြောင့်ပင်။ အဲဒီ့ကောင်ကလည်း ကျွန်တော်တို့အုပ်စုနှင့် အလွန်ပင် အဖွဲ့ကျသွားသည်။ သူက အဆောင်ကျောင်းသားဖြစ်သဖြင့် သူ့အခန်းမှာ ကျွန်တော်တို့တွေ စတည်းချနေကျလည်း ဖြစ်သည်။
ကျောင်းတုန်းက သူသည် မင်းသား။ အမြဲ ကျော့မော့ သပ်ရပ်သူလည်း ဖြစ်သည်။ ကျွန်တော်တို့က သူ့ကို မြိတ်မှ သူဌေးသားဟုပင် ထင်ကြသည်။ ဝတ်လိုက်စားလိုက်လျှင်လည်း သူက အပျံစား။ သုံးလိုက်စွဲလိုက်လျှင်လည်း ဖောဖောသီသီ။

တကယ်တန်း မြိတ်က သူ့အိမ်သို့ ကျွန်တော် ရောက်သွားသောအခါတွင်မူ အထင်နှင့်အမြင် ပါစင်အောင် လွဲနေသည်။ သူ့မိဘများမှာ မရှိမရှား၊ ရရစားစား၊ ဝါးဝါးမျိုမျိုသာ။

ကျောင်းပြီးတော့ သူနှင့် ကွဲသွားသည်။ လွန်ခဲ့သည့် ဆယ်နှစ် မရှိတရှိ ခန့်မှာတော့ သူပြန်ပေါ်လာသည်။ ညိုးညိုးနွမ်းနွမ်း။ မေးကြည့်တော့ လုံခြုံရေး တပ်ဖွဲ့တွင် တပ်သားအဖြစ် အမှုထမ်းနေသည်ဟု သိရသည်။

ယခုသူ့အကြောင်း ပြောဖြစ်ကြသောအခါ သူနှင့် မကြာခင်ကမှ တွေ့လိုက်သူ ဂျပန်ပြန်သူငယ်ချင်းက ပြောသည်။ သူကား ပခုံးပေါ်တွင် ကြယ်ပွင့် နှစ်ပွင့် တင်ထားသူ ရဲမှူးကြီးတစ်ဦး ဖြစ်နေလေပြီတဲ့။ အဟောဝတ ကောင်းလေစွ။

အတန်းဖော်တွေထဲက သတိရသူများအကြောင်းကို တစ်ယောက် တစ်ပေါက် ပြောနေရင်းမှ တစ်ယောက်သောသူထံ ရောက်သွားပြန်သည်။ ကျွန်တော်တို့ ဒုတိယနှစ်တွင် လုံးချင်းဝတ္ထုတွေ သူ့နာမည်ဖြင့် ဟောတစ်အုပ်၊ ဟောတစ်အုပ် ထွက်လာသော စာရေးဆရာမအကြောင်းပင်။ ထိုစဉ်က ကျွန်တော်သည် စာရူးပေရူးအဆင့်။ သူက လုံးချင်းတွေ ထွက်နေသူ။ သူ့စာအုပ် တစ်အုပ်ကို ကျွန်တော့်အား လက်ဆောင်ပေးသဖြင့် ဖတ်ကြည့်သည်။ ကျွန်တော်တို့ခေတ်သုံး စကားပြေမျိုးနှင့် မဟုတ်။ ကျွန်တော်တို့ရှေ့၊ မျိုးဆက်တစ်ခုကျော်က စကားပြေ အရေးအသားများ ဖြစ်နေသည်။ ထို့ကြောင့် “ဒါနင် တကယ် ရေးထားတာမှ မဟုတ်ဘဲ၊ ဘယ်သူရေးပေးတာတုံး”ဟု ကျွန်တော့် ရွှေပါးစပ်က ထွက်သွားသည်။ ထို့နောက်မှာတော့ သူ့ထံမှ စာအုပ် လက်ဆောင် မရတော့ချေ။

သူ့နှယ်ပင်၊ ကျွန်တော်တို့ ပထမနှစ်လောက်ကတည်းက စာအုပ်တွေ လှိုင်လှိုင်ထွက်သော တက္ကသိုလ်ဘွဲ့ခံ စာရေးဆရာမတွေ တစ်ပုံကြီး ရှိခဲ့ပါသည်။ ယနေ့သော် ထိုအထဲမှ ဘယ်နာမည်ကိုမျှ စာနယ်ဇင်းတွေပေါ်မှာ မတွေ့ရတော့ပါ။ ဒါလည်း သံဝေဂယူစရာပင် ဖြစ်နေပြန်တော့သည်။

ထိုညက ကျွန်တော်တို့ဝိုင်းတွင် ဗျစ်ရည်များဖြင့် စိုပြည်နေခဲ့သည်။ ထိုဗျစ်ရည်ခွက်ကို ကိုင်ရင်း မတ်တတ်က တရားအားထုတ်ခြင်းအကြောင်းကို အစချီလာသူလည်း ပါသည်။ ကျွန်တော်ကလည်း ဟိုစပ်စပ် သည်စပ်စပ် ပါတတ်သူဖြစ်သည့် အားလျော်စွာ သတိနှင့် နေထိုင်ခြင်း၊ ဓိဋ္ဌေဓိဋ္ဌမတ္တံစသည် များကို အမြွက်မျှ ပို့ချလိုက်ပါသေးသည်။


သေချာတာတစ်ခုကတော့ ၂၈ နှစ် ကြာသွားသောအခါတွင် ကျွန်တော်တို့သည် ဘုရားမှန်း၊ တရားမှန်း နည်းနည်းပါးပါး သိလာကြခြင်းသာ ဖြစ်သည်။
မသိလို့လည်း မရတော့။ ဆိုင်းဘာဘာတို့နှယ်ပင်၊ ဒုတိယနှစ်တွင် ပုသိမ်တက္ကသိုလ်မှ ကျွန်တော်တို့အတန်းထဲသို့ ရောက်လာသူတွေထဲက တစ်ယောက်သောသူကား ကွယ်လွန်သွားခဲ့လေပြီ။ သူက ကျွန်တော်တို့နှင့် တွဲဖက်မဟုတ်ပါ။ ပုသိမ်ကတည်းက သူ့အတွဲဖြစ်ခဲ့ဟန်တူသော အတန်းဖော် ခပ်ချောချောလေးနှင့်သာ တစိုက်မတ်မတ် တွဲကာ ဘာသိဘာသာနေတတ်သူ ဖြစ်ပါသည်။ သို့သော် ရှည်လျားသော သူ့ဆံပင်ကြောင့်လည်းကောင်း၊ ခပ်ချောချောနှင့် လုံးဝ မအပ်စပ်သည့် သူ့အင်္ဂါရုပ်ကြောင့်လည်းကောင်း ကျွန်တော်တို့ နှလုံးအိမ်တွင် အမှတ်ထင်နေခြင်းဖြစ်လေသည်။ သူ ကွယ်လွန်သည်မှာ ကြာပြီဟု ဂျပန်ပြန်သူငယ်ချင်းက ဆိုသည်။

ထိုသူနှင့် တွဲခဲ့သော ခပ်ချောချောလေးမှာ ကျောင်းပြီးသောအခါ နာမည်ကျော်ကြား လူကြိုက်များသော ခပ်ချောချောအနုပညာရှင် တစ်ယောက်နှင့် အကြောင်းပါသွားခဲ့သည်။ ထိုအနုပညာရှင်မှာလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် တိမ်းပါးခဲ့သည်မှာ လေး-ငါးနှစ်ပင် ရှိလေပြီ။

ထိုခပ်ချောချောနှင့် မေတ္တာသက်ဝင်မိသူများ အချိန်မတိုင်ခင် ကြွေလွင့် ရပုံပင်။ ကိုမြပင်လျှင် ကံကောင်းလို့။ ထိုခပ်ချောချောက သူ့ကို ပြန်မကြိုက် ခဲ့ပေလို့ သက်သာရာ ရသွားဟန်တူသည်။ သို့တိုင်အောင် ထိုခပ်ချောချောကို စိတ်ကစားမိခဲ့သည့်အတွက် ယခုအခါ ကိုမြခမျာမှာ တလောဆီက သေကောင်ပေါင်းလဲ ရောဂါဝေဒနာ ခံစားလိုက်ရခြင်းဖြစ်ဟန် ရှိသည်။ ကျွန်တော်က ကိုမြ၏  ထိုငယ်ကျိုးငယ်နာကို အတန်းဖော်များ ရှေ့တွင် ဖော်ချလိုက်ပါသည်။ အလွန်သိုသိပ်သော ကိုမြသည် ထိုခပ်ချောချောလေးကို စွဲလန်းမိကြောင်း ကျွန်တော့်အား ထိုစဉ်က တိုးတိုးကြိတ်ကြိတ် ဖွင့်ဟခဲ့ဖူးလေသည်။ ကျွန်တော်လည်း ၂၈ နှစ်တိတိ နှုတ်လုံခဲ့ပါသည်။ ၂၈ နှစ်အကြာတွင်မူ ကျွန်တော်က ဆိုင်းမဆင့်၊ ဗုံမပါ ဖော်ချလိုက်ရာ ကိုမြမှာ ရယ်ကျဲကျဲသာ လုပ်နေလေတော့သည်။

သို့သော် ဝဋ်က ချက်ချင်း လည်လေသည်။ ကျွန်တော်တို့ဝိုင်းတွင် ပါလာသည့် မျက်နှာစိမ်းတစ်ဦးက ကျွန်တော့်ငယ်ကျိုးငယ်နာကို ဖော်လိုက်ခြင်း ဖြစ်သည်။ ထိုငယ်ကျိုးငယ်နာမှာ ကျွန်တော့်အတန်းဖော်တွေပင် သိပ် မသိကြသော ငယ်ကျိုးငယ်နာပင် ဖြစ်သည်။ ကျောင်းပြီးသည့်နောက် ဘွဲ့လွန် သင်တန်းတွေ တက်ရင်းက နိုင်ငံခြားဘာသာသင်သိပ္ပံ (ထိုစဉ်က တက္ကသိုလ် မဟုတ်သေး)မှ ဆရာမငယ်တစ်ဦးနှင့် ငြိစွန်းခဲ့သော ကျွန်တော့် ဇာတ်လမ်းဟောင်းကို အမှတ်တမဲ့ တူးဆွလိုက်ခြင်းဖြစ်ပေတော့သည်။

ကျွန်တော်လည်း ကိုမြလိုပင် ရယ်ဖြဲဖြဲ လုပ်လိုက်ရပြန်တော့သည်။

စာရင်းချုပ်သော် ထိုညက ကျွန်တော်တို့တွေ ပျော်ကြပါသည်။ မူးကြပါသည်။ စကားတွေ အများကြီးလည်း ပြောဖြစ်ကြသည်။ ရယ်သံတွေလည်း စီညံနေခဲ့သည်။

ကျွန်တော့်နှယ်ပင်၊ တခြားအတန်းဖော်များသည်လည်း ပျော်ရွှင် ရယ်မော သောသောညံနေကြသည်။ ငယ်ဘဝကို စားမြုံ့ပြန်နေကြသည်။

ကျွန်တော်ကမူ “အကြောင်းကံ”ဟူသောအရာကို တရံမလပ် စဉ်းစားနေမိရလေသည်။ ကံကလေး အထိုက်အလျောက်ရှိနေသဖြင့် ၂၈ နှစ် အကြာမှာလည်း ကျွန်တော်တို့တွေ ရယ်ပွဲဖွဲ့နေနိုင်သေးသည်။ သူ့အကြောင်း ကိုယ့်အကြောင်း သောင်းသောင်းညံနေနိုင်သေးသည်။
အတိတ်ဆီ ခရီးသွားသောအခါ ၂၈နှစ်တာသည် ဖျိုးခနဲ၊ ဖျတ်ခနဲ၊ ရိပ်ခနဲ၊ ရိပ်ခနဲ။


အနာဂတ်ကို မျှော်ကြည့်သောအခါတွင်မူ ၂၈ နှစ် မပြောနှင့် လာမည့် ၂၈ နာရီပင် သိပ်မရေရာလှ။

ထိုညက ထိုဝိုင်းတွင် ကျွန်တော် အလွန်ပျော်ခဲ့သော်လည်း အိမ်ပြန်ရောက်သောအခါတွင်မူ ရင်မောနေပြန်ပါသည်။ အနာဂတ်ကို အမှတ်မထင် လှမ်းမျှော်ကြည့်လိုက်မိသောကြောင့်လည်းဖြစ်ပါသည်။

[၂၀ဝ၃ ဖေဖော်ဝါရီ ၂၇ ထုတ် မဟာသတင်းဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူ ခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉) နဲ့ ၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ လက်တွဲဖော် စာအုပ်တိုက်က ထုတ်ဝေထားတဲ့ “ဖြေတွေးလေးများ”စာအုပ်မှာ ဖော်ပြ ပါရှိခဲ့တဲ့ စာမူလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၉ ရက်ညမှာ ချွန်ဆု ပြန်ရောက်လာပြီး စုစည်းပြန်လို့ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ပါတယ်။ အဲဒီ့နေ့ညက ကျွန်တော် တော်တော် မူးပါတယ်။ ပျော်လည်း ပျော်ပါတယ်။ သူငယ်ချင်းတွေကတော့ စိတ်ညစ်မှာပါ။ ကျွန်တော်က လှည့်ပတ် ရစ်နေတာကိုး။ ဒါပေမယ့် သူတို့တွေ သည်းခံခဲ့ကြပါတယ်။ ဒါနဲ့ လွန်ခဲ့တဲ့ ခုနစ်နှစ်က ရေးခဲ့တဲ့ စာမူလေးကို ပြန်ရှာပြီး ဘလော့(ဂ်)မှာ အမှတ်တရ တင်ဖြစ်သွားတာပါပဲ။ တွေးစရာ တစ်ခုခုတော့ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။]

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: