Skip to content

လူတိုင်းလုံးမှာ သက္ကရာဇ် ၃၀၀၀ မှာ…

13 January 2010

ဇွန်လ၏ ဒုတိယရက်သတ္တပတ် အဆုံးနေ့ မိုးဖွဲများကြားတွင် “ကိုရာမ” တစ်ယောက် ကျွန်တော့်အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေသည်။


စာရေးသော ရာမနှင့် ထုတ်လုပ်သူ၊ အစုံလုပ် ရာမတို့ မပေါ်ပေါက်မီ ပဝေသဏီကတည်းက “ရာမ(ဘူမိဗေဒ)”ဘွဲ့ခံခဲ့သူ ဖြစ်ပါသည်။


မှတ်မှတ်ရရ၊ ၁၉၇၀ ပြည့် လွန်စနှစ်များကတည်းက အထက်တွင် ဖော်ပြခဲ့သော“ရာမ”များထက် စောစွာ ပေါ်ခဲ့ဖူးသော “ရာမ”တစ်ယောက် ရှိခဲ့ဖူးကြောင်း သီချင်းရေးဆရာ မောင်သစ်မင်း၊ ကဗျာဆရာ မောင်ပြည့်မင်း (ခေတ္တတိုကျို၊ ဂျပန်) (ဤကဲ့သို့ ထည့်လိုက်နိုင်ခြင်းကြောင့် ကျွန်တော်၏ ဝတ္ထုသည် အလွန် အင်မတန် ခေတ်မီသွားပြန်ချေပြီတမုံ့။ တစ်နည်းအားဖြင့် မော်ဒန်အဖြစ်ဆုံးဝတ္ထုဖြစ်ရပေတော့မည်။) နှင့် စာရေးဆရာ ကိုရွှေသိမ်းမင်းတည်းဟူသော ၃၇ မင်းများမှအပ သုံး“မင်း”ကိုလည်းကောင်း၊ ကဗျာဆရာ မောင်မုန်းချစ် (နောင်အခါ တေးရောင်ခြည်တီးဝိုင်းမှ ဗုံတီးသူ “လူဝိုင်း”အဖြစ် ကျော်ကြားခဲ့ဖူးသူကိုလည်းကောင်း တိုင်တည်ပြီး ပြောလိုက်ချင်ပါ သေးသည်။


မည်သို့ပင်ဆိုစေ၊ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အနှီ မူလ လက်ဟောင်း ရာမသည် ဇွန်လ၏ ဒုတိယ ရက်သတ္တပတ် အဆုံးနေ့ မိုးဖွဲများကြားတွင် ကျွန်တော့်အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သူနှင့် အတူ ဂန္ဓာလရာဇ်တိုင်းဖြစ် စပါးနှံဘီယာ တစ်ပုလင်း၊ ရေပါးစက္ကူအိတ်နှင့် ထည့်ထားသော အရက်ဖြူ တစ်ထုပ်ပါ ပါလာလေသည်။


ကျွန်တော်သည် ဖန်ခွက်နှင့် အမြည်းတို့ကို ပြင်ဆင်နေရင်း သူ့အကြောင်းကို စဉ်းစားမိရသေးသည်။

၁၉၇၄ ခုနှစ်တွင် သူနှင့် ကျွန်တော်တို့ စသိစဉ်က သူသည် ဘူမိဗေဒ စတုတ္ထနှစ် ကျောင်းသား။ ထိုနှစ်မကုန်ခင်မှာပင် သူသည် ကျွန်တော်တို့နှင့် ကြာရှည်ကြာများ ကွဲကွာသွားခဲ့သည်။ နောက်လေးနှစ်အကြာ ကျွန်တော် ဘွဲ့ရသောအချိန်တွင် သူ့ကို ပြန်ဆုံရသည်။ ထိုမှ နောက် နှစ်နှစ်ခန့်အကြာ ကျွန်တော် ကိုယ်ပိုင်သင်တန်း ဖွင့်စားသောအခါ သူသည် ပထမနှစ် မြန်မာစာ ကျောင်းသားအဖြစ် ကျွန်တော့်သင်တန်း လာတက်ပြန်သည်။ သူ့မိန်းမနှင့်လည်း ကွဲခဲ့လေပြီ။ နောက်တစ်ခါ နောက်မိန်းမ ယူတာလည်း သိလိုက်ရသည်။ ကျွန်တော်နှင့် ပူးတုံ ခွာတုံ။


ကျွန်တော်နှင့် နောက်တစ်ကြိမ် ပြန်ဆုံဖြစ်သောအခါ သူ အထက်တန်းရှေ့နေ လုပ်နေပြန်သည်။ မိတ်ကပ်လုပ်ငန်းရှင်ကြီးတစ်ဦး၏ ဥပဒေ အကျိုးဆောင်အဖြစ် သူ့ကို တောက်တောက်ပြောင်ပြောင် တွေ့ခဲ့ရဖူးသည်။

လွန်ခဲ့သော လေး-ငါးနှစ်မှာတော့ သူ ပျောက်ချင်းမလှ ပျောက်သွားပြန်သည်။

သူ ပြန်ရောက်လာတာ တစ်နှစ်သာသာပဲ ရှိသေးသည်။ ထို တစ်နှစ်အတွင်း သူသည် ကျွန်တော်ထံသို့ မကြာမကြာ ရောက်လာတတ်လေသည်။
တိုင်းရင်းဆေးပညာသင်တန်း တက်ခဲ့ဖူးသည်ကိုလည်း ကျွန်တော် မဆီမဆိုင် အမှတ်ရသည်။ ယခုတစ်ခေါက်ပြန်လာသောအခါ သူ့ကို အငှားယာဉ် မောင်းသူအဖြစ် တွေ့ရပြန်၏။

“မနက်ဖြန် ကျွန်တော့်သား ၄၅ရက် ပြည့်မယ်ဗျ…”


သူသည် ကျွန်တော့်ထက် ၄-၅-၆-နှစ် ကြီးသော်လည်း ကျွန်တော့်ကို အမြဲလို “ခင်ဗျား၊ ကျွန်တော်”နှင့်သာ ပြောလေ့ရှိသည်။ သူ၏ နောက်ဆုံး ကလေး ၄၅ ရက်ပြည့် အကြိုညအဖြစ် ကျွန်တော်နှင့် လာရောက် အရက်သောက်ခြင်းပေလောဟုပင် မရေမရာ တွေးလိုက်မိသေးသည်။
မည်သို့ပင်ဆိုစေ၊ မိုးအေးအေးတွင် အရက်သောက်ရခြင်းမှာ အရသာ ရှိသော အလုပ်မို့ ကျွန်တော်တို့နှစ်ယောက်သည် ရောက်တတ်ရာရာ ပြောရင်း တစိမ့်စိမ့်သာ သောက်နေမိကြသည်။ ဒုတိယခွက် ကုန်၍ တတိယခွက်ကို ဖြည့်အပြီးတွင်မူ ကိုရာမက ကျွန်တော့်ကို စကားဆန်းတစ်ခု ပြောလေသည်။

“နောက် အနှစ် ၁၀ဝ၀ လောက်အကြာ သက္ကရာဇ် ၃၀ဝ၀ လောက် ကျရင် လူတွေဟာ ဘောလုံးတွေလို အလုံးကြီးတွေ ဖြစ်ကုန်ကြလိမ့်မယ်”

ကျွန်တော် သူ့ကို အသေအချာကြည့်လိုက်သည်။ သူ့ပုံစံနှင့် မျက်နှာထားသည် ကျွန်တော့်အိမ်သို့ ဝင်ခါစကအတိုင်းသာ ရှိသေးသည်။ သူ မမူးသေးသည်က သေချာပါသည်။ သူ့စကား အဆက်ကို ကျွန်တော် စောင့်နေလိုက်သည်။

“ခင်ဗျား စဉ်းစားကြည့်။ ကျွန်တော်တို့တွေဟာ ကျောက်ခေတ်လူသားတွေထက်စာရင် ကြွက်သားတွေ အားပျော့လာကြတာ သတိထားမိလား”

ကျွန်တော် မျက်မှောင် တွန့်လိုက်စဉ်တွင် သူ ဆက်ပြောနေပြန်သည်။

“ကျောက်ခေတ်လူသားတွေဟာ သူတို့ ရှင်သန်ရပ်တည်မှုအတွက် ခွန်အားကို သုံးရတယ်။ သည့်အတွက် သူတို့ရဲ့ ကြွက်သားတွေဟာ ကျွန်တော်တို့ရဲ့ ခုလက်ရှိ ကြွက်သားတွေထက် အဆများစွာ သန်မာတယ်။ တိရစ္ဆာန်တွေနဲ့ ယှဉ်နိုင်ဖို့ သူတို့မှာ သဘာဝက ပေးတဲ့ ကျောက်တုံး ကျောက်ခဲနဲ့ လက်ပဲ ရှိတယ်။ သည်တော့ သူ့တို့ရဲ့ ခွန်အားက ကျွန်တော်တို့ထက် အများကြီး သာတယ်…


“ကျွန်တော်တို့လက်ထက်ကျတော့ ဒါတွေမလိုတော့ဘူး။ ခွန်အား သိပ် စိုက်စရာ မလိုတော့တဲ့အတွက် ကျွန်တော်တို့ရဲ့ြွကက်သားတွေက အားပျော့ လာကြပြီ…”

ကျွန်တော် ခေါင်းညိတ်သည်။ သူက ကျွန်တော် ခေါင်းညိတ်သည်ကို ဂရုမူမိဟန်မတူဘဲ ဆက်ပြောသည်။

“ခု ကျွန်တော်တို့ခေတ်မှာ သိပ္ပံပညာက အဆမတန် တိုးတက်လာတာ ခင်ဗျားအမြင်ပဲ။ ခုဆို လူတွေ လုပ်တဲ့ အလုပ် တော်တော်များများကို စက်တွေက လုပ်နေကြပြီ။ သည်တော့ လူတွေရဲ့လက်တွေမှာ ခလုတ်ကို နှိပ်နိုင်တဲ့ ခွန်အားလောက်ပဲ ရှိဖို့ လိုတော့တယ်…

“တစ်ခါ… ခလုတ်နှိပ်တယ်ဆိုရာမှာလည်း ဖှယ်သှာထပ်ခ်ျလို့ ခေါ်တဲ့ ငှက်မွေးလေးနဲ့ တို့သလိုသာ တို့ရတဲ့ ခလုတ်တွေကလည်း တစ်နေ့တခြား ထွန်းကားလာနေပြန်တယ်။ သည်အခါ  လူတွေရဲ့ ကြွက်သားနဲ့ ခွန်အားတွေဟာ အလဟဿဖြစ်လာတယ်။ မသုံးတာ ကြာရင် လှီလာတော့မယ်။ သေးကွေးပြီး မကြာခင် ငုတ်စိလေးတွေ ဖြစ်ကုန်တော့မယ်”

ကျွန်တော်သည် အူကြောင်ကြောင်နှင့် ရှေ့မှ အရက်ခွက်ကို ကောက်ကိုင်လိုက်သည်။ “နေဦး… ငါမူးလို့ မဖြစ်သေးဘူး”ဟု ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ရင်း လက်ကို အမြည်းပန်းကန်ဘက်သို့ ရွှေ့လိုက်သည်။ ကိုရာမ၏ အသံကို ဆက်ကြားရ၏။

“တစ်ခါ… အစားအသောက်။ ခုဆို အာကာသယာဉ်မှူးတွေဟာ ကျွန်တော်တို့ စားသလို အစားအစာတွေ မစားကြတော့ဘူး။ တစ်နေ့လုံးနေမှ ဆေးတောင့်လေး တစ်တောင့်လောက် မှီဝဲရုံနဲ့ တစ်နေကုန် အာဟာရဓာတ် ပြည့်ဝနေကြပြီ။ သူတို့မှာ အိမ်သာတက်စရာ အကြောင်းမရှိတော့ဘူး…

“အဲသလို အာဟာရကို ဆေးတောင့်တစ်တောင့်လောက်နဲ့ ကိစ္စဖြတ်နိုင်လာတဲ့အခါကျရင် ကျွန်တော်တို့ရဲ့ ဝမ်းဗိုက်တွေဟာ ဘယ်လိုအပ်တော့မလဲ”

စကားထောက်ပေးရန် မလိုအပ်သူမို့ ကျွန်တော် ငြိမ်နေလိုက်သည်။ လောလောဆယ်တွင်လည်း ငြိမ်ပြီးနားထောင်နေခြင်းသာ ကောင်းသည်ဟု ထင်၏။

“ပြီးတော့ ခြေထောက်တွေလည်း မလိုအပ်တော့ဘူး။ ကုလားထိုင်လို ဟာမျိုးမှာ ထိုင်နေရာကဖြစ်စေ၊ လဲလျောင်းနေရာကဖြစ်စေ အဝေးထိန်းစနစ်နဲ့၊ ရီမုတ်ခါန်ထရိုးလ်နဲ့ အရာရာကို လုပ်ကိုင်နိုင်ကြပြီဖြစ်သလို သွားချင်လာချင်ရင်လည်း ကိုယ်ထိုင်နေတဲ့ ခုံနဲ့ပဲဖြစ်ဖြစ်၊ ခုတင်နဲ့ပဲ ဖြစ်ဖြစ်၊ ထိုင်ရာမထ၊ အလှဲမပျက် သွားနိုင်နေကြပြန်ရော…

“သည်တော့… ခြေထောက်အပါအဝင် ကျွန်တော်တို့ရဲ့ ကိုယ်အောက်ပိုင်းဟာ အသုံးနည်းလာတာနဲ့အမျှ သေးကွေး ကြုံလှီလာကြပြီး တဖြည်းဖြည်း ပျောက်သွားကြလိမ့်မယ်”

ယုတ္တိဗေဒအမည်ရှိ ကျွန်တော် မသင်ခဲ့ရဖူးသော ဘာသာရပ်တစ်ခုကို စဉ်းစားမိရပြန်လေသည်။ ကိုရာမကမူ စကားကို ဆက်နေဆဲ။

“အဲဒီ့ခေတ် လူတွေမှာ အလိုအပ်ဆုံးက ဦးနှောက်ပဲဗျ။ ဦးနှောက်တွေကတော့ ကြီးကိုကြီးမှ ဖြစ်မယ်ဗျို့…

“အဲသလို ဦးနှောက်ကြီးကြီး ထိုင်ဖို့အတွက် ခေါင်းတွေကလည်း အကြီးကြီး ဖြစ်ရတော့မယ်။ နားရွက်တွေကတော့ လိုရာကို နားထောင်၊ မလိုတာကို ပယ်ထုတ်နိုင်တဲ့ စနစ်တွေ တပ်ဆင်လိုက်နိုင်လာတဲ့အခါ သိပ်ကြီးကြီး မလိုတော့ဘူး…

“သည်လိုပဲ… မျက်လုံးတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေကိုလည်း လိုသလောက်သာ ကန့်သတ်ပြီး အသုံးပြုမှာ ဖြစ်ကြတော့တဲ့အတွက် သိပ် ကြီးကြီးတွေ ရှိနေတော့မှာ မဟုတ်တော့ဘူး…

“သည်အခါမှာ လူဆိုတဲ့ သတ္တဝါတွေရဲ့ ပုံပန်းသဏ္ဌာန်တွေဟာ ဘောလုံးတွေလိုပဲ၊ ခေါင်းတစ်ခုသာ ထင်ထင်ရှားရှား ရှိနေပြီး ကျန်တာတွေက အဲဒီ့အဓိက ဦးခေါင်းနဲ့စာရင် အဆမတန် သေးငယ်တဲ့ အတက်အလက် ပေါက်စနလေးတွေသာ ဖြစ်ကုန်လိမ့်မယ်ဗျ”

ကိုရာမက သူ့စကားကိုအဆုံးသတ်လိုက်သည်။ သူ့ရှေ့မှ ဖန်ခွက်ကို ကောက်ယူပြီး တစ်ဟုန်ထိုးပင် မော့ချလိုက်သည်။

“ကဲ… ကျွန်တော့်ကို ထမင်းကျွေးတော့ဗျာ”ဟုလည်း ဆိုသည်။

————-

ကိုရာမ ပြန်သွားပြီးသည့် နောက်တွင်မှ လွန်ခဲ့သော နှစ် ၂၀ က သူ ရေးသော ကဗျာလေး တစ်ပုဒ်ကို သတိရသည်။ ဘာတဲ့… ခေါင်းစဉ်က “ရာစုပြောင်းသစ္စာ”ဆိုလားပဲ။


သက္ကရာဇ် ၁၉၉၉ ခုနှစ်
ဒီဇင်ဘာလ ၃၁ ရက်နေ့

ည ၁၂ နာရီထိ
ကိုယ်…
အသက်ရှင်နေဦးမယ်ဆိုရင်…
မင်း ရင်ခွင်ထဲမှာပဲ
နေချင်တယ်…


ဟု သူ ရေးခဲ့သည်။

ယခု ၁၉၉၃ ခုနှစ်၊ သူပြောသော ၁၉၉၉ ခုနှစ် ရောက်ရန် ခြောက်နှစ်သာ လိုတော့သည်။ သူ အသက်ရှင်နေစရာ အကြောင်းလည်း ရှိသည်။ ထိုကဗျာ ရေးစဉ်က သူ့ကိုယ်သူ သိပ်သေချာခဲ့ဟန် မတူ။ ခု ၁၉၉၃ ခုနှစ်မှာကျတော့ နည်းနည်း သေချာလာပုံရသည်။ ထိုသို့ သေချာလာသောအခါ သူသည် ခရစ်နှစ် ၃၀ဝ၀ ကို စဉ်းစားပြပြန်လေသည်။


ဟုတ်လည်း ဟုတ်တဲ့ ကိုရာမ…

—————

တကယ်တော့…


သူတင်မဟုတ် ကျွန်တော် အပါအဝင် လူအားလုံးသည် မရေရာမှုကို မှန်းဆ ရမ်းမျှော်ရင်း ပျော်ရွှင်စွာ စိတ်ညစ်နေကြခြင်းသာ ဖြစ်လေသည်။

ဝတ္ထုနောက်မှာ ပြောချင်တာ…

ဤဝတ္ထုကလေး ၁၉၉၃ ခု နိုဝင်ဘာလထုတ် မဟေသီမှာ ပါလာသောအခါ ကျွန်တော့် မိတ်ဆွေကြီး “ရာမ(ဘူမိဗေဒ)”ဘွဲ့ခံ ကိုစောလွင် တစ်ယောက် အလွန် ဝမ်းသာရှာသည်။ ကျွန်တော့်ကို ပုဆိုးတစ်ထည်ပင် လက်ဆောင်ပေးသည်။ သူ့ဘဝဖြစ်စဉ်ကို တိုတိုကျဉ်းကျဉ်းနှင့် မိမိထိထိကလေး ထည့်ရေးပေးထားသည့်အတွက် ကျေးဇူးတင်လှသည်ဟုလည်း ဆိုပါသည်။ ထို့နောက် သူသေသွားလျှင် သူ့အသုဘ မှာ ယင်းဝတ္ထုလေးကို မဖြစ်မနေ ကမ်းပေးပါဟုလည်း အထပ်ထပ် အခါခါ မှာလေသည်။

၁၉၉၄ခု ဇွန်လကုန်တွင် သူ တကယ် သေသွားသည်။  သူ ကွယ်လွန်ပြီး နောက်တစ်ရက်မနက် ထွက်မည့်လေယာဉ်နှင့် ခရီးထွက်ရန် စီစဉ်ပြီးက ဖြစ်နေသည်။ အပျော်ခရီးသာ ဆိုလျှင်ဖြင့် ထို ခရီးစဉ်ကို ကျွန်တော် ဖျက်မိမည်။ ခုတော့ တာဝန်နှင့် သွားရမည့်ခရီးမို့ မဖျက်နိုင်တော့။ ထို့ကြောင့် သူ့မိတ်ဆွေတစ်ဦးဖြစ်သူ တက္ကသိုလ် စိုးမိုးနိုင်(ဗေဒင်ဆရာ)ကို အကြောင်းစုံ မှာကြားပြီး ထိုဝတ္ထုလေးကို ကိုစောလွင့် အသုဘမှာ ကမ်းနိုင်အောင် စီစဉ်ခဲ့ရသည်။


မည်သည့် စာရေးသူမှ ကျွန်တော့်နှယ် အသုဘတွင် ကမ်းယူရသည့် ဝတ္ထုတိုမျိုး ရေးဖူးမည်မထင်။ တော်တော်လည်း ဆန်းကျယ်သည့် ကျွန်တော့် ဖြစ်ထွေပင်။


ယခု ပြန်စီသောအခါ ကျွန်တော့်အား စာပေနယ်သို့ ဝင်ဖြစ်အောင် တစ်နည်းတစ်လမ်း ပံ့ပိုးခဲ့သူ၊ ကျွန်တော့်အပေါ်တွင် အမြဲတစေ နားလည် သည်းခံပြီး ချစ်ခင်စွာ ဆက်ဆံခဲ့သူ၊ ခင်မင်ရင်းနှီးခဲ့သည့် သက်တမ်း တစ်လျှောက်လုံး လွန်စွာ အနွံအတာခံခဲ့သူ မိတ်ဆွေကြီး ကိုရာမ(ဘူမိဗေဒ)အား လွမ်းဆွတ်မိပါသည်။


ကိုစောလွင် (ခေါ်) ကိုရာမ ကောင်းရာသုဂတိ လားပါစေ။

[စာမူခွင့်ပြုချက်အမှတ် ၁၆၁၁/၂၀၀၃(၁၁)နဲ့ လက်တွဲဖော် စာအုပ်တိုက်က ၂၀၀၄ ဇွန်လမှာ ထုတ်ဝေခဲ့တဲ့ အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ” (ကိုယ်တိုင်ကြုံဝတ္တုတိုများ) စာအုပ်ထဲမှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။]

Advertisements
One Comment leave one →
  1. 19 January 2010 3:52 pm

    ဆရာ Wall-E ဆိုတဲ့ Animation ကားလေး ကြည့်ဖူးလားဟင်။ မကြည့်ဖူးရင် ကြည့်ဖြစ်အောင် ရှာပြီး ကြည့်လိုက်ပါနော်။ မနှစ်တနှစ်ကထွက်တာလေ။
ွှအဲဒီ့ထဲမှာ လူတွေက ဆရာ့သူငယ်ချင်းပြောတဲ့အတိုင်းပဲ .. ဘောလုံးတွေ။
    သူတို့က အာကာသမှာပဲ နေကြတယ်။ ခုံလေးတွေနဲ့ သွားကြတယ်။ အခု ၀တ္ထုကိုဖတ်ပြီးတော့ အဲဒီ့ရုပ်ရှင်လေးကို မြင်ယောင်မိလို့ပါ။
    ဆရာ့သူငယ်ချင်းက အဲဒီ့အချိန်ကတည်းက တော်တော် တွေးတတ်တာပဲ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: