Skip to content

ဘ၀ အမောပြေဖို့ အဖြေရှာစို့ – ၁

17 January 2010

ဘဇာက ပသို့ဖြစ်သလဲတော့ မသိဘူး။ ကျွန်တော့် ဘလော့(ဂ်)နှစ်ခုစလုံးမှာ အသံဖိုင်တွေ၊ ဓာတ်ပုံဖိုင်တွေ တင်လို့ မရဖြစ်နေပါတယ်။ မန္တလေး FM ရေဒီယိုအစီအစဉ်က ကျွန်တော့်အသံလွှင့်ချက်တွေ ထုတ်လွှင့်တဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာ လလယ်ကတည်းက အဲဒီ့ အသံလွှင့်ချက် ဖိုင်တွေ တင်ဖို့ ကြိုးစားတာ လုံးဝ မအောင်မြင်ပါဘူး။ စုစုပေါင်း ၁၀ ပိုင်းတောင် အသံလွှင့်ပြီးသွားတဲ့ ယနေ့ အထိ ဘယ်လိုမှ တင်မရအောင် ဖြစ်နေပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ အသံဖိုင်အနေနဲ့ မဟုတ်ဘဲ စာဖိုင်အဖြစ် တင်ဆက်လိုက်ပါတယ်ခင်ဗျား။

ထုတ်လွှင့်တဲ့နေ့တွေတော့ မမှတ်မိတော့ဘူးဗျ။ ၂၀၀၉ နိုဝင်ဘာလလယ်မှာ ဖြစ်ပါလိမ့်မယ်။ ဖတ်ရှုကြည့်တော်မူကြပါခင်ဗျား။

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ “ဘဝ အမောပြေဖို့ အဖြေရှာစို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေဒီယို အသံလွှင့်အစီအစဉ်လေးတစ်ခုကို တင်ဆက်သွားချင်ပါတယ်။ သည်အစီအစဉ်မှာ အနယ်နယ် အရပ်ရပ်ရှိ ကျွန်တော့် စာဖတ်ပရိသတ်များက ကျွန်တော့်ဆီ စာနဲ့တစ်လီ၊ တယ်လီဖုန်းနဲ့တစ်နည်း၊ အီးမေး(လ်)ဆိုတဲ့ ဓာတ်ချောစာနဲ့တစ်မျိုး မေးမြန်းလာကြလေတဲ့ ဘဝထဲက ကိစ္စအသွယ်သွယ်ကို ပြန်လည် ဆွေးနွေးတင်ပြသွားမှာပါ။ မေးသမျှ ဖြေမယ်ဆိုတာမျိုးထက် တစ်ဦးချင်းစီရဲ့ ဘဝအမောတွေဟာ အခြား အခြားသောသူများလည်း ခံစားတွေ့ကြုံရတတ်မြဲ အမောတွေမျိုး ဖြစ်နေတယ်လို့ ယူဆရင် အဲဒီ့အမောလေးတွေရဲ့ အဖြေကို အများသိအောင် လက်ဆင့်ကမ်း ဆွေးနွေးတင်ပြပေးသွားပေးချင်ပါတယ်။ တစ်နည်းပြောရရင် အများအတွက် အကျိုးရှိမယ်လို့ ကျွန်တော်ကိုယ်တိုင် ယူဆ ယုံကြည်တဲ့ အကြောင်းအရာများကို ဇောင်းပေးတင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

ကဲ… အခုတစ်ပတ်အတွက် ပထမဆုံးရောက်ရှိလာတဲ့ ဓာတ်ချောစာ တစ်စောင်ကို အရင်ဆုံး နားဆင်ကြည့်လိုက်ကြရအောင်လားခင်ဗျာ။

သမီးစိတ်တွေ ညစ်နေလွန်းလို့ ဦးကို တိုင်ပင်ချင်လို့ပါ။ သမီးက အစ်မ အိမ်မှာ နေတာ ၅နှစ်လောက် ရှိပြီ။ သူ့ရဲ့ အိမ်အလုပ်တွေ ကူလုပ်ရင်းပေါ့။
သမီးက သည်လထဲမှာ လန်ဒန် စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများ အသင်းက ကြီးမှူးကျင်းပပေးတဲ့ အခြေခံ စာရင်းကိုင် LCCI စာမေးပွဲနဲ့ အဝေးသင်တက္ကသိုလ် စာမေးပွဲတွေ ဖြေရမှာပါ။

ခက်တာက အိမ်မှာ အမျိုးတွေ လာအိပ်နေတာ နှစ်ပတ်လောက်ရှိပါပြီ။ အိမ်က ကျဉ်းတော့ သမီး စာကျက်ရမယ့်နေရာတွေမှာ သူတို့တွေက အမြဲရှိနေတတ်တယ်။ သူတို့ဆိုတာကလည်း လူငယ်တွေပါ။

အစ်မကလည်း သူတို့ကို အလိုလိုက်တယ်။ တစ်နေကုန် တစ်ညလုံး ရုပ်မြင်သံကြားကို အကျယ်ကြီး ဖွင့်ထားတယ်။ သမီး စာကျက်နေရင်လည်း လာလာ စကားပြောကြတယ်။

အပြင်ကိုလည်း ခဏခဏခေါ်တယ်။ မလိုက်ရင် အစ်မက ဆူတယ်။ “ညည်းက ဆေးကျောင်းသူလည်းမဟုတ်ဘဲနဲ့၊ သိပ် အကဲ ပိုတယ်တဲ့။
အိမ်လည်း အရမ်း ဖွတာပဲ။ ဧည့်သည်က ၃ ယောက်၊ အိမ်သားက ၃ ယောက်။ သူတို့အားလုံးရဲ့အလုပ်တွေကို လိုက်လုပ်ပေးနေရတယ်။ အစ်မက တစ်ခါတစ်လေမှ လာတဲ့ လူတွေပဲ၊ လုပ်ပေးလိုက်ပါတဲ့။ တစ်ခါတစ်လေမှ လာတဲ့လူတွေကလည်း အခုထိ မပြန်သေးတာ ခက်တယ်။
သန်ဘက်ခါက စပြီး စာမေးပွဲ စဖြေရမှာ။ သည်ပုံအတိုင်းဆို သမီးအတွက် မလွယ်ဘူး။ သမီးမှာက စာမေးပွဲ နှစ်မျိုးအတွက် စာနှစ်မျိုး လိုက်နေရတာ ဆိုတော့ စာကျက်ချိန် အလွန် နည်းတဲ့အထဲမှာ သူတို့က ဆူညံနေတော့ စိတ်တွေ အရမ်း ရှုပ်တာပဲ။ သူတို့အိပ်တဲ့ အချိန်လေးပဲ စာကျက်ရတာ။ တော်တော်နဲ့လည်း မအိပ်ကြဘူး။ သူတို့တွေ ဆိုးတာကတော့ ကမ်းကုန်တယ်။


သမီးမှာလေ အခုဆို အိမ်ပြန်ရမှာကို သေမလောက် ကြောက်နေမိတယ်။ လူလည်း ပင်ပန်းလွန်းနေပြီ။ သည်ကြားထဲ စိတ်ပင်ပန်းတာက အဆိုးဆုံးပါပဲ ဦးရယ်။

ဦးကို မေးချင်တာက အလိုက်မသိတဲ့ ဧည့်သည်တွေနဲ့ နားလည်မပေးတဲ့ အစ်မကို သမီး ဘယ်လို ကိုင်တွယ်ရမလဲ။

LCCI စာမေးပွဲက သမီး အရမ်းအလေးထားရတဲ့ စာမေးပွဲပါ။ အဲဒီ့စာမေးပွဲ ဖြေနိုင်ဖို့နဲ့ ဖြေခွင့်ရဖို့ အရမ်းကြိုးစားခဲ့ရတာမို့ နည်းနည်းလေးမှ အမှားအယွင်း မခံနိုင်ပါဘူးရှင်။


အိမ်ရောက်တာနဲ့ ထိုင်ငိုချင်နေတဲ့ သမီးရဲ့ စိတ်ကိုရော တည်ငြိမ်အောင် လုပ်ရမလဲရှင်။ သမီးကို အမြန်ဆုံး အကြံပေးပါနော်။

အဲဒီ့စာလေး ဖတ်ပြီးတော့ ကျွန်တော်ကိုယ်တိုင်တောင် နည်းနည်း ငိုချင်သွားပါတယ်။

မှန်ပါတယ်။ ကျွန်တော်တို့ ရွှေတွေရဲ့ လူနေမှုဘဝမှာ ညအိပ်ဧည့်သည် လက်ခံရတာဟာ ရှောင်လွဲလို့ သိပ်မရချင်တတ်ပါဘူး။ အထူးသဖြင့် အနယ်နယ် အရပ်ရပ်မှာ အမျိုးအဆွေ အများအပြား ရှိကြသူတွေအတွက် သည်ပြဿနာက ပိုလို့တောင် ကြီးမားနေတတ်ပြန်ပါသေးတယ်။
ခရီးသွားတဲ့အခါ အမျိုးအဆွေ မရှိသူတွေက ဘုန်းကြီးကျောင်းကို အားကိုး၊ အမျိုးအဆွေ ရှိသူများကျပြန်တော့လည်း ကိုယ်ဆွေ ကိုယ်မျိုး အိမ်မှာ တစ်လကိုးသတင်း စတည်းချချင်တိုင်း ချလို့ကောင်းနေတဲ့ ဓလေ့ဟာ ကျွန်တော်တို့ ရွှေတွေထဲမှာ ပိုများ သည်းသလားလို့တောင် တစ်ခါတစ်ခါ တွေးမိရတတ်ပါတယ်။


အခုခေတ် မြို့တိုင်းလိုလိုမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ အသက အသက ရှိလာကြပြီဖြစ်ပေမယ့် တော်တော်တန်တန် ဘယ်သူကမှ အဲဒီ့နေရာတွေကို သွားအပ်တဲ့အရပ်တွေရယ်လို့ သိပ်မအောက်မေ့မိတတ်ကြသေးပါဘူး။

အမှန်တော့ဗျာ၊ ဆွေမျိုးချင်း ဘယ်လောက်ကြီး ရင်းရင်း ချာချာ၊ သူများအိမ်ဟာ ကိုယ့်အိမ် မဟုတ်ပါဘူး။ စာနာတတ်သူများ ဆိုရင်တော့ ကိုယ့်အတွက် အင်မတန် အနေကျုံ့ပါတယ်။ အဲ… စောစောက ကလေးမလေးရဲ့ ညအိပ်ဧည့်သည်မျိုးတွေဆိုရင်တော့လည်း သိပ်ပြဿနာ မရှိဘူးပေါ့ဗျာ။ သူများအိမ်ကို ကိုယ့်အိမ်အမှတ်နဲ့ ထင်တိုင်းကျဲနေတတ်မယ်ဆိုရင်တော့ ကျွန်တော့် စကားက ရယ်စရာဖြစ်နေမှာပါ။ သို့သော် အဲသလို အလိုက်မသိတတ်တဲ့ ညအိပ်ဧည့်သည်တွေကို အိမ်ပေါ်တင်ထားရလေတဲ့ မိသားစုများခမျာမှာတော့ စောစောက ကလေးမလေးလို ထိုင်ငိုချင်နေကြမှာလည်း မလွဲပါဘူး။

ဒါက တတ်နိုင်တဲ့ မိသားစု၊ သူ ပြောသွားတဲ့အထဲမှာ ကျွေးရ မွေးရလို့ ကုန်ကျစရိတ်က မပါချင်သေးဘူး။ ဧည့်သည်မရှိရင် မိသားစုက ဖြစ်သလို နေလို့စားလို့ရတယ်။ ငါးပိရည်၊ တို့စရာနဲ့ ချဉ်ရည်ဟင်းတစ်ခွက်နဲ့ ပြီးလိုက်လို့လည်း ကိုယ့်မိသားစုချည်းဆိုရင် အကြောင်းမဟုတ်ဘူး။ အဲ…. ဧည့်သည်စောင်သည် ရှိလာပြီဆိုရင်တော့ ဟင်းကောင်းကျွေးကောင်း ချက်ရပြန်ပေဦးတော့မယ်။ သည်အခါ မိသားစုမှာ ဝန်ပိလာရတတ်ပြန်ပါတယ်။

အဲတော့ဗျာ… အခု ကျွန်တော့် ရေဒီယို အစီအစဉ်လေးကို နားဆင်နေကြသူများအနေနဲ့ တစ်ချီချီမှာ ကိုယ်ဟာ အကြောင်းတစ်ခုခုကြောင့် တစ်မြို့တစ်ရွာကို သွားစရာ ပေါ်လာတဲ့အခါ ဆွေမျိုးသားချင်းအိမ်ကို ဝင်တည်းသင့် မတည်းသင့်ဆိုတာလေးကို တစ်ဆိတ်လောက် နှစ်ခါပြန် သုံးခါပြန် ပြန်စဉ်းစားကြည့်ပေးတော်မူကြစေလိုပါတယ်။ ဘာဖြစ်တုံး၊ ကိုယ့်အမျိုးအိမ်ပဲ၊ ကိုယ့်သားအိမ်ပဲ၊ ကိုယ့်သမီးအိမ်ပဲ၊ သူတို့တုန်းက ကိုယ်ပဲ ကျွေးမွေးပြုစုလာခဲ့ရတာ၊ ကိုယ့်အလှည့်ကျတော့မှ သည်လောက်လေးတော့ တာဝန်ယူပေးနိုင်ရမှာပေါ့။ တည်းမှာပဲ၊ သွားမှာပဲ၊ လာမှာပဲဆိုလည်း ကျွန်တော့်ဘက်က ကန့်ကွက်စရာ ဘာအကြောင်းမှ မရှိပါဘူး။


ကျွန်တော်သာဆိုရင်တော့ ကိုယ့်သားသမီး အရင်းအချာက တစ်မြို့တစ်ရွာမှာ နေနေတယ်၊ ကိုယ်ကလည်း တည်းခိုခန်းခ မတတ်နိုင်လို့၊ မလွှဲသာလွန်းလို့ သွားတည်းရတယ်ဆိုဦးတောင်မှ ထိုအိမ်သည် သူ့အိမ်ဖြစ်တယ်။ ဒါ့ကြောင့် သူ့ကို လေးစားရမယ်။ သူ့အိမ်ရဲ့ စည်းကမ်းကို သူ မပြောတောင်မှ လိုက်နာရပါလိမ့်မယ်။ အလားတူပဲ၊ သူ့မှာ ဝန်မပိရလေအောင် ကိုယ့်ဘက်က ထုတ်တန်တာလည်း ထုတ်၊ နေ့စဉ်ကုန်ကျစရိတ်ထဲက တချို့တစ်ဝက် စိုက်ပေးတန်လည်း ပေးနေမိမှာပါ။


မကြာသေးခင်က ကျွန်တော်ဟာ လပွတ္တာမြို့နယ်အတွင်းက မုန်တိုင်းသင့် ရွာလေးတစ်ရွာကို အလုပ်ကိစ္စနဲ့ ဆယ်ည သွားနေခဲ့ရပါတယ်။ ရွာဆိုတော့ တည်းခိုခန်း ဘယ်ရှိပါ့မလဲဗျာ။ အဲတော့ အဲဒီ့ရွာက အိမ်တစ်အိမ်မှာ တည်းခဲ့ရတာပေါ့။ အိမ်ဆိုတာလည်း မည်ကာမတ္တပါ။ တဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ စားသောက်ဆိုင်လည်း မရှိတော့ အဲဒီ့အိမ်မှာပဲ နေ၊ အဲဒီ့အိမ်မှာပဲ စားရတာပါ။ ကျွန်တော်က ငါး မစားတတ်တော့ ဆယ်ရက်တာလုံးလုံး မနက် ဘဲဥ၊ ညဘဲဥနဲ့ ပြီးခဲ့ပါတယ်။ လူတောင် ဘဲဥပုံလေး ဖြစ်လာသလိုပဲ။ ကျွန်တော်က ဘဲဥနဲ့ ပြီးနိုင်တော့ အိမ်ရှင့်အတွက် ဝန်က သိပ်မကြီးပါဘူး။ သို့သော် အဲဒီ့အိမ်မှာ နေတဲ့ စားတဲ့အတွက် အဲဒီ့မိသားစု လက်ထဲကို ငွေစက္ကူတစ်ထပ် ထိုးအပ်ခဲ့ပါတယ်။ ခမျာများမှာ မရှိရှိတဲ့အထဲက ကျွန်တော့်ကို ဧည့်ထောက်ခံနေရတာ စာနာမိလို့ပါ။


ဒါ့အပြင် ကိုယ့်အိမ်ကိုယ်သာဆို မနက် ကိုးနာရီထက် စောပြီး ဘယ်တုန်းကမှ အိပ်ရာက ထလေ့ မရှိတတ်တဲ့ ကျွန်တော်ဟာ အဲဒီ့အိမ်လေးမှာ တည်းခိုနေခိုက်တော့ မနက် ခြောက်နာရီ ဒင်ခနဲ မြည်တာနဲ့ အိပ်ရာက ငေါက်ခနဲ ထနေတတ်ခဲ့ပါတယ်။ အဲဒီ့အိမ်က အိမ်သားတွေက အဲဒီ့အချိန်ဆို ထကြပြီလေ။ သူတို့ကလည်း ကျွန်တော့်ကို မနှိုး၊ ကျွန်တော် ပေပြီး အိပ်ချင်တိုင်း ဆက်အိပ်နေလည်း ဘာပြဿနာမှ မရှိနိုင်ပေမယ့် ရောမရောက်ရင် ရောမသားလိုကျင့်ရတယ်ဆိုတာမျိုးလို သူ့အိမ် သူ့စည်းကမ်းကို အတတ်နိုင်ဆုံး စူးစမ်းပြီး အလိုက်သင့် အလျားသင့် နေထိုင်ရတဲ့ လူ့ကျင့်ဝတ်ကို ပြောချင်တာပါခင်ဗျား။


မန္တလေးဟာ ကျွန်တော့်ဇာတိပါ။ တစ်ချိန်ကဆို မန္တလေးမှာ ကျွန်တော့်ဦးကြီးအိမ် ရှိခဲ့ဖူးပါတယ်။ ဦးကြီးတို့ လင်မယားမှာက ကလေးသားမြေး လုံးလုံး မရှိတာမို့ ကျွန်တော့်ကို သားရင်းပမာ ချစ်ရှာကြပါတယ်။ သို့သော် ကျွန်တော်က ဦးကြီးအိမ်ရဲ့ စည်းကမ်းတွေကို မလိုက်နာနိုင်ဘူး။ ဦးကြီးကလည်း ကျွန်တော် နေချင်တိုင်း နေနေတာကို တယ်ကြည့်လို့ မရချင်ဘူး။ သို့ပေမယ့် ခဏတဖြုတ် လာနေတာပဲလေဆိုတဲ့ အတွေးနဲ့ သူ့ခမျာ ကြည့်မရတဲ့ ကြားက ကျွန်တော့်ကို ပေယျာလကံ ထားနေရရှာတယ်။ ဒါကိုလည်း ကျွန်တော် ရိပ်မိတယ်။

ရိပ်မိတော့ ဘာဖြစ်တုံး။ ကျွန်တော့်မှာ ကိုယ်ပိုင်ဝင်ငွေ ရှိလာတဲ့ လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော်က စပြီး မန္တလေး သွားတိုင်း အဲဒီ့ အရင်းချာဆုံး ဦးကြီးအိမ်မှာ ဘယ်သောအခါမှ မတည်းတော့ပါဘူး။ ဦးကြီးအိမ်မှာ မတည်းလို့ မန္တလေးက တခြား ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေအိမ်မှာ တည်းသလားဆိုလည်း မတည်းပါဘူး။ ဘယ်လောက် ရက်ကြာကြာ နေသည် ဖြစ်စေ၊ တည်းခိုခန်း၊ ဧည့်ရိပ်သာ၊ ဟိုတယ်စတာတွေမှာပဲ စတည်းချခဲ့တာ ၁၉၈၈ ခုနှစ်ကတည်းကပါ။


ဦးကြီးကဆို ကွယ်လွန်ခါနီး လပိုင်းအလိုမှာ သူ့အိမ်မှာ ကျွန်တော် မတည်းတော့တာကို ကျွန်တော့်ရဲ့ သံယောဇဉ်နည်းလွန်းမှုအဖြစ် စကားနာ ထိုးသွားပါသေးတယ်။ အမှန်ကတော့ ကျွန်တော့်ဘက်က သူ့ကိုလည်း ထောက်ထား၊ ကျွန်တော်ကိုယ်တိုင်လည်း အနေမကျုံ့ချင်တဲ့ စေတနာက ဝေဒနာဖြစ်သွားရတာပါပဲ။ မတတ်နိုင်ဘူးလေ။


ကျွန်တော့်အစီအစဉ်ကို နားဆင်နေတော်မူကြတဲ့ ချစ်စွာသော ပရိသတ်အပေါင်းတို့ ခင်ဗျား။ စာရေးတဲ့ ကျွန်တော် အတ္တကျော်ကဖြင့် ညအိပ်ဧည့်သည် ပြဿနာကို ကျွန်တော့် အမြင်သေးသေးလေး၊ ကျွန်တော့်ရှုထောင့် သေးသေးလေးကနေ ဆင်ခြင် တွေးဆရင်း တတ်စွမ်းသမျှ တင်ပြလိုက်မိရပါပြီ။ ရှေ့မှာ ပြောခဲ့သလို ဒါလေးကို ဆင့်ပွား စဉ်းစားပေးတော်မူကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံရတတ်မြဲ ဘဝအမောတစ်ခုအတွက် အဖြေတစ်မူကို ကောက်ယူ ဖွေရှာနိုင်ကြတန်ကောင်းရဲ့လို့ မျှော်လင့်ပြီး တင်ဆက်လိုက်ရတာပါ။

ကလေးမလေးရဲ့ စာမှာ ကျွန်တော့်ကို မေးထားတာပါပါသေးတယ်။ အဲဒါကတော့ အဲဒီ့အလိုက်မသိတဲ့ ဧည့်သည်တွေနဲ့ သဘောလွယ်တဲ့ သူ့အစ်မကို ဘယ်လို ကိုင်တွယ်ရမလဲတဲ့။


အဲဒါလည်း ရွှေတို့ရဲ့ ပြဿနာလို့ပဲ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့တွေမှာက ဂါရဝတောစ၊ နိဝါတောစဆိုတာများအပြင် အားနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာကိုမဆို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောဖို့ အင်မတန် ဝန်လေးနေမိတတ်ကြပါတယ်။ အမှန်ကတော့ ကလေးမလေးဘက်ကသာ သူ့အခက်အခဲကို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောလိုက်ရင် သည်ပြဿနာဟာ အထိုက်အလျောက်တော့ ပြေလည်သွားလောက်ပါတယ်။

သည်နေရာမှာ ရှင်းရှင်းပွင်ပွင့် ဖွင့်ပြောတာရဲ့ အတိုင်းအဆကို နားလည်ထားဖို့ လိုပါတယ်။ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာဟာ တစ်ဖက်သားကို ရန်လုပ်တာ၊ အပြစ်တင်တာ၊ တစ်ဖက်သားရဲ့ လုပ်ရပ်ကို ထောက်ပြတာမျိုး မဟုတ်ပါဘူး။ ထပ်မံ အစီရင်ခံပါရစေခင်ဗျာ။ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောခြင်းဟာ တစ်ဖက်သားရဲ့ လုပ်ရပ်၊ ဒါမှမဟုတ် ပျက်ကွက်မှုကို ထောက်ပြတာ မဟုတ်ပါဘူး။ အဲဒီ့တစ်ဖက်သားရဲ့ လုပ်ရပ်၊ ဒါမှမဟုတ် ပျက်ကွက်မှုကြောင့် ကိုယ့်မှာ ကြုံလာရတဲ့ ထိခိုက်နစ်နာမှုကို အရင်းအတိုင်း ပြောပြခြင်းကသာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာ ဖြစ်ပါတယ်။


အခုကိစ္စမှာ ဧည့်သည်တွေရဲ့ အနေအထိုင် မတတ်မှုကြောင့် စာကျက် ပျက်နေတယ်။ စာမေးပွဲက သူ့အတွက် အရမ်း အရေးကြီးနေတယ်ဆိုတဲ့ အချက်က ပေါ်လွင်နေပါတယ်။ ဒါကို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတဲ့အခါ အစ်ကိုတန်ရင် အစ်ကို၊ အစ်မတန်ရင် အစ်မနဲ့ အစချီပြီး သမီးမှာဖြင့် သည်စာမေးပွဲအတွက် ပြင်ဆင်နေရပါတယ်၊ သည်စာမေးပွဲက ကျွန်မဘဝအတွက် အဘယ်မျှ အရေးကြီးလှပါတယ်၊ ဒါ့ကြောင့် အစ်ကိုတို့ အစ်မတို့ ရုပ်မြင်သံကြားဖွင့်ကြည့်ကြမယ်ဆိုလည်း တစ်ဆိတ်လောက် တိုးတိုးသက်သာ ဖွင့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ။ အစ်ကိုတို့ အစ်မတို့ ရုပ်မြင်သံကြား ကြည့်ချင်တာကိုလည်း သမီး နားလည်နိုင်သလို သမီးမှာလည်း စာမေးပွဲအတွက် ရတက်ပွေနေရတာကို နားလည်ပေးကြပါနော် စသဖြင့် ပြေပြညှင်းညှင်းနဲ့ ရှင်းလင်း ပြောဆိုသွားခြင်းဟာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောလိုက်ခြင်းပါပဲ။


ရှိသေးတယ်။ သူ့အစ်မရဲ့ ပြဿနာ။ “ညည်းဟာက ဆေးကျောင်းသူလည်း မဟုတ်ဘဲနဲ့ သိပ်အကဲပိုတာပဲ”လို့ ဆိုလေတဲ့ သူ့ အစ်မကိုရော ဘယ်လို ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောမလဲလို့ မေးစရာရှိပါတယ်။

ဟုတ်ကဲ့။ သည်အစ်မဟာ ယနေ့ ပညာရေးလောကကို နားမလည်လှတာ အဲဒီ့စကားနဲ့တင် တအား ထင်ရှားလို့ နေပါတယ်။ ဆေးကျောင်းမှ စာကြိုးစားရတယ်ထင်ပြီး ကျန်တဲ့ ကျောင်းသားတွေကျတော့ သည်လိုပဲ တော်ရိလျော်ရိနေလို့ ရတယ်လို့ ခမျာမှာ ထင်မှတ်နေရှာပါတယ်။
ကျွန်တော်သာ အဲဒီ့ကလေးမ နေရာမှာဆိုရင်တော့ “မမရယ်၊ မမ ပြောတာလည်း မမအမြင်နဲ့ဆိုတော့ တရားနည်းလမ်းကျပါတယ်ဗျာ။ မှန်ပါတယ်။ ဆေးကျောင်းတက်နေတာတော့ မဟုတ်ပါဘူး။ သို့သော် ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာဆိုသလို စာမေးပွဲတိုင်းဟာလည်း ဖြေရမယ့်သူအတွက်က ရင်ထိတ်စရာ၊ ပူပန်စရာ ကောင်းနေတာတော့ အမှန်ပါပဲ မမရယ်။ အခု ကျွန်တော့်မှာက စာမေးပွဲက တအားနီးနေပြီ၊ စာတွေကလည်း သိပ်ပိုင်ပိုင်နိုင်နိုင် မရသေးတော့ တအားကို ပူနေမိလို့ပါ မမရယ်။ ကျွန်တော့်ကို နားလည်သည်းခံပေးပါ မမရယ်”ဆိုတာမျိုးက ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောတာပါပဲ။

နားဆင်တော်မူနေကြသူ လူကြီးမင်းများ သတိထားမိမလား မသိဘူး။ ကျွန်တော့်ရဲ့ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောပုံ နှစ်မျိုးစလုံးမှာ တစ်ဖက်သားရဲ့ ဆန္ဒ၊ တစ်ဖက်သားရဲ့ အမြင်ကို တလေးတစား တန်ဖိုးထား အသိအမှတ်ပြုတဲ့ စကား ပါပါတယ်။ သူနဲ့ ကိုယ်နဲ့ ဆန္ဒချင်း မတူ၊ အယူချင်း မတိုက်ဆိုင်တာဟာ ပြဿနာ မဟုတ်ပါဘူး။ သူ့မှာလည်း သူဆန္ဒ သူ့အမြင်နဲ့ သူထင်တာ သူလုပ်ပိုင်ခွင့် ရှိသလို ကိုယ့်မှာလည်း ကိုယ့်ဆန္ဒ ကိုယ့်အမြင်နဲ့ ကိုယ်ထင်တဲ့အတိုင်း လုပ်ပိုင်ခွင့် ရှိပါကြောင်း အေးအေးသက်သာ ပြောဆိုတင်ပြတာဟာ ရှင်းရှင်းပွင့်ပွင့် ဖွင့်ပြောခြင်းရဲ့ အနှစ်သာရပါပဲ။


တကယ်လို့သာ ကလေးမလေးဘက်က အဲသလို ချေချေငံငံနဲ့ သူဖြစ်ချင်တာ၊ သူခံစားနေရတာကို ပွင့်ပွင့်လင်းလင်း ရှင်းပြ အန်ထုတ်လိုက်နိုင်မယ်ဆိုရင်တော့ သူ ရင်ဆိုင်နေရတဲ့ ဘဝအမောဟာ ပြေသွားနိုင်စရာ အကြောင်းများပါတယ်။

နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ် လူကြီးမင်းများ ခင်ဗျား။ အခုတစ်ပတ်မှာ ကျွန်တော့်ဆီ ရောက်လာတဲ့ ဓာတ်ချောစာလေး တစ်စောင်ထဲက မိန်းကလေးတစ်ယောက်ရင်ဆိုင် ကြုံတွေ့နေရတဲ့ ဘဝအမောတစ်ရပ်ကို အခြေခံပြီး ဆွေးနွေးတင်ပြလိုက်တာပါ။ ကျွန်တော့် တင်ပြချက်မှာ အကြောင်းအရာ နှစ်ရပ်ပါပါတယ်။


ပထမတစ်ရပ်က တစ်မြို့တစ်ရွာကို သွားတဲ့အခါ ဆွေးမျိုးသားချင်း မိတ်ဆွေသင်္ဂဟများရဲ့ နေအိမ်များမှာ ဝင်ရောက် တည်းခိုခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာများပါ။


ဒုတိယတစ်ရပ်ကတော့ မိမိမှာ ထိခိုက် ခံစားနေရသော်ငြား ချိုသည် ခါးသည် ဘာမှ မပြောဘဲ ရေငုံနှုတ်ပိတ်နေခြင်းကြောင့် ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲဖြစ်ပါတယ်။

သည်လို အဖြစ်မျိုး၊ သည်လို ဘဝအမောမျိုးတွေဟာ အခု နားသောတဆင်နေကြတဲ့ ပရိသတ်ကြီးရဲ့ ရင်ထဲမှာလည်း အုံနဲ့ ကျင်းနဲ့ တွယ်ငြိနေတန်ကောင်းတဲ့ အကြောင်းအရာတွေလို့ သုံးသပ်ယူဆမိတာမို့ သည်အကြောင်းအရာနှစ်ရပ်ကို တတ်အားသမျှ ဆွေးနွေးတင်ပြလိုက်တာပါခင်ဗျာ။


မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျား။

Advertisements
3 Comments leave one →
  1. မိုး permalink
    19 January 2010 7:10 am

    အသံဖိုင်နဲ့  နားထောင်ရရင် သိပ်ကောင်းမှာ။ ဘာပဲဖြစ်ဖြစ် ခုလို စေတနာထား လက်ညောင်းခံပြီး ရေးတင်ပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

  2. mamawawa permalink
    20 January 2010 4:38 pm

    မှန်လိုက်တာဆရာရေ… ဧည့်သည်ဒါဏ်ကို ခံရတာတော့ ဆရာရယ် မျက်ရည် ပေါက်ပေါက်ကျတယ်… ဆွေမျိုးအရင်းဆို တော်သေးတယ်… ရပ်ဆွေရပ်မျိုးဆိုပြီး အုပ်စုလိုက်ချီတက်လာ… အကြောင်း မယ်မယ်ရရ မရှိဘဲ တစ်လကိုးသတင်းနေ… အမနာပ ပြောဆို… ပစ္စလက်ခတ်နေထိုင်… လိုချင်မျက်စိက ကြီး… လက်ကြောက မတင်း… နောက်ဆုံးတော့ သွားကြပါတော့လို့ ပြေပြေလည်လည် ပြောဆိုလိုက်ရတယ်… ဘုရားစူးစေရဲ့ ကိုယ်တွေ့ပါ ဆရာရေ…

  3. မိုမိဂျိ permalink
    25 January 2010 6:08 am

    ဆရာရေ.. အရမ်းကောင်းပါတယ်။
    ဆရာ့လိုပဲ သူများအိမ်မှာနေရင်သူများအလိုက်သိသိနေတာ ငယ်ကတည်းကပါ။ ဒါကြောင့်အဆင်ပြေပါတယ်.
    သူ့အိမ်နေရင် သူ့စည်းကမ်းကိုလိုက်နာရမှာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: