Phone Story (Part 2)

တေလေဂဏန်း ငါးလုံးတွဲ

(ကွန်မန့် မရေးဘူးဆိုရင်တောင်မှ မဲလေး ဘာလေးတော့ အားနာပါးနာ ပေးသွားကြပါလားခင်ဗျာ… သနားကြရင်ပေါ့)

၁၅။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အထက်ကာရီကပါ။ ကျွန်တော့် အသက် ၂၆-၂၇ လောက်ကပေါ့။ အဲတုန်းက ကျွန်တော် အိမ်ထောင်မကျသေးဘူး၊ ၄၅ လမ်းက အမေ့တိုက်ခန်းမှာ သားအမိနှစ်ယောက် နေကြတဲ့ အချိန်မှာပါ။

ကျွန်တော်က အဲဒီ့အချိန်မှာ ကျူရှင်ဆရာအလုပ်နဲ့ အောင်မြင်စ အချိန်။ အမေ့အခန်းမှာပဲ ကျွန်တော့်ကျောင်းခန်းကို ဖွင့်ထားတာ၊

အခုလို ဧပြီလထဲမှာပေါ့ဗျာ။ ကျောင်းတွေက ပိတ်ထားတဲ့အချိန်ဆိုတော့ ကျွန်တော့်မှာ တစ်ယောက်တည်း ပျင်းရိ ငြီးငွေ့နေတာ။ နေ့ခင်းဘက် တစ်ရေးတစ်မောလည်း မမှေးတတ်တော့ စာအုပ်တွေပဲ ဖိဖတ်ရင်း နေ့တာကို မတို တိုအောင် အတင်းလုပ်နေမိရတဲ့ လူပျိုသိုးဘဝ…။

အဲဒီ့အချိန်မှာ ဖုန်းက မြည်လာတယ်။

အိမ်မှာက ဖုန်းလာရင် ကျွန်တော်ပဲ ကိုင်တာ များတယ်။ အမေက ကျွန်တော် မရှိမှသာ ကိုင်တာ။ ဒါနဲ့ ကျွန်တော်လည်း ဖုန်းကို ထူးလိုက်တယ်။

“ဟယ်လို…”

“တူးတူးရှိလား…”

တစ်ဘက်က အသံက တိုးသက်နူးညံ့ လွန်းအားကြီးတော့ “တူးတူး ရှိလား”လို့ ကြားလိုက်သယောင်သာ ရှိတယ်။ သိပ်ကြီး မသေချာလှဘူး၊ ဒါကြောင့် “ခင်ဗျာ…”လို့ မရေမရာ ပြန်ပြောလိုက်မိတယ်။

“တူးတူး ရှိလား”လို့ တစ်ဘက်က ထပ်မေးချိန်မှာ ကျွန်တော်ကသာ “ဪ… ဖုန်းမှားနေပါတယ် ခင်ဗျာ”လို့ ပြန်ပြောပြီး ဖုန်းကို သူ့နေရာမှာ သူ ပြန်ထားလိုက်မိခဲ့ရင် အားလုံးဟာလည်း သူ့နေရာမှာပဲ သူရှိနေခဲ့မှာပါ။ ခုတော့… ခုတော့… လျှာရှည်တဲ့ ကျွန်တော်ဟာ “ဖုန်းမှားနေပါတယ်”လို့ ပြောရမယ့်အစား “ဘယ်နံပါတ်ကို ဆက်တာပါလဲ”လို့ ရှည်လိုက်မိပါတယ်။

သည်အခါ တစ်ဘက်က တိုးသက်နူးညံ့ အသံရှင်က…

“အသက် ဘယ်လောက်ရှိပြီလဲဟင်…”

“ခင်ဗျာ…”

“အသက် ဘယ်လောက်ရှိပြီလဲလို့ မေးနေတာလေ…”

စိတ်မရှည်သလိုလို အသံနဲ့ပေမယ့် တိုးသက် နူးညံ့လွန်းမှုကြောင့် နားဝင်ချိုလှပါတယ်။ စိတ်ထဲမှာ လှုပ်ခနဲ ဖြစ်သွားခြင်းနဲ့အတူ…

“အင်း… အမှန်အတိုင်းပြောရမယ်ဆိုရင်တော့…”

“ညာပြောချင်လည်း ပြောပါ…”

“အစိတ်နဲ့ ၃၀ကြားဆို ကျေနပ်မလား”

“အင်း…”

“ဘာလို့ မေးတာလဲဟင်…”

“သိပ်အသက်ကြီးတဲ့သူဆိုရင် ဘယ်စကားပြောလို့ ကောင်းမှာလဲလေ”

“ဪ… ဪ…”

“အဲဒီ့အိမ်မှာ သူတစ်ယောက်တည်း နေတာလားဟင်…”

“ဘာဖြစ်လို့ မေးတာလဲ…”

“အဲဒီ့ နံပါတ်ကို မှားလှည့်မိသွားတိုင်း အဲဒီ့တစ်ယောက် အသံကိုပဲ ကြားရလို့…”

“အင်း… သည်ဖုန်းကို တို့ပဲ ထူးတာ များတယ်။ အိမ်မှာက မေမေရယ်၊ တို့ရယ်ပဲ ရှိတာလေ…”

“နာမည် ဘယ်လိုခေါ်သလဲ”

“ခင်ဗျားနာမည်ကို အရင်ပြောပြဦးလေ…”

သူ ငြိမ်နေတယ်။ ကျွန်တော်လည်း နာမည်တစ်ခုခုကို စဉ်းစားနေမိတယ်။

“မပြောချင်လည်း နေဗျာ၊ ဒါပဲ”

အဲသလိုကျတော့လည်း လွမ်းစရာ ကောင်းသွားတယ်။ လောကမှာ မြင်မြင်ချင်း ချစ်တယ်လို့သာ ရှိတာ။ ကျွန်တော့်မှာက လူမမြင်ရသေးဘူး၊ အသံလေးကို ကြားထားတာနဲ့ကို သရိုးသရီ ဖြစ်ချင်နေပြီ။ ကြားကြားချင်းပင် ချစ်မိတယ်လို့ ပြောရရင် လွန်မလားပဲ။ အသံကို ပြောပါတယ်။

“စိတ်ရှည်ရှည်ထားပါ မမရယ်…၊ ပြောဆိုလည်း ပြောပါ့မယ်”လို့ ခပ်လောလော ကျွန်တော် ပြန်ပြောတော့ သူ ခပ်အုပ်အုပ်လေး ရယ်နေတယ်။

သည်ဘက်ကကောင်တော့ အတော်ကြွေနေပြီ။ နူးညံ့တိုးသက်လှတဲ့ စကားသံက စွဲလန်းဖို့ ကောင်းတယ်ဆိုရင် ခိုးခိုးခစ်ခစ်ရယ်သံလေးက ယစ်မူး တွယ်တာစရာ ကောင်းလှတယ်လို့ ဆိုရပါလိမ့်မယ်။

“ပြောမယ်ဆို ပြောလေဗျာ…”လို့ သူက ထပ် လောဆော်တော့မှ ကျွန်တော်လည်း ညွှတ်ကျနေတဲ့ စိတ်ကို မနည်းပြန် စုစီးလိုက်ရပါတယ်။

“ညီညီ…”

“ရည်းစားရှိလား…”

“မူးရင်တောင် ဘယ်နား လိုက်ရှာရမယ်မှန်း မသိပေါင်ဗျာ…”

“တကယ်ပြောနေတာလား…”

“တကယ်ပါ…”

အမှန်ပါ။ အဲဒီ့အချိန်က ကျွန်တော့်မှာ ရည်းစားလက်မဲ့ ဘဝ။ အမေ့ဆန္ဒကို ငဲ့ကွက်လို့ မခင်မိုးလှိုင်ကို ရင်နာနာနဲ့သစ်စိမ်းချိုး ချိုးလိုက်ရသလို အမေကျေနပ်လောက်တဲ့ မမူယာနဲ့ကလည်း အစပ်မတည့်နိုင်၊ ရေရှည် စခန်းသွားလောက်အောင် အဆင်မပြေနိုင်မှန်း ရိပ်စားမိလာတာမို့ ပတ်စာခွာ ဖျာသိမ်းပြီးတဲ့နောက် ဘဝမှာ ကိုယ့်ကြောင့် မိန်းမသားတွေ နစ်နာလို့ချည်းနေတာကို အားနာစိတ်နဲ့ ဘယ်သူနဲ့မှ မပတ်သက်တော့ဘဲ အေးအေး နေခိုက်မှာမို့ ခိုင်ခိုင်မာမာ ပြောလိုက်တာပါ။

ကျွန်တော့်အသံထဲမှာ သေချာမှုတွေ ပါသွားသလားတော့ မသိဘူး၊ တစ်ဘက်က ပြန်ပြောလာတာက…

“ကျွန်တော့်မှာတော့ ရှိတယ်…”

“အဲဒါ ကျုပ်က ဘာလုပ်ရမှာတုံး…”

“စောစောစီးစီး သိအောင်ပြောထားတာလေ…”

၁၄။

ဟုတ်ပါတယ်။ သူ့ဘက်က ကျွန်တော့်ကို အစောကြီးကတည်းက သေသေချာချာ ပြောထားနှင့်ခဲ့ပြီးသားပါ။ သည်ကြားထဲကမှ တိမ်းမူးသွားတဲ့ ကျွန်တော့်နှလုံးသားမှာ နားရွက် မပါခဲ့တာမို့လည်း သည်ဇာတ်လမ်း ဖြစ်လာရပါတယ်လို့ ဆိုရပါလိမ့်မယ်။

ပြောရရင်တော့ ရယ်စရာကောင်းလှတယ်။ ကျွန်တော့်နှလုံးက နုလွန်းတယ်။ လူပျိုပေါက်ကတည်းက နာခဲ့၊ ကွဲခဲ့ရဖန် များလွန်းလို့ မာသွားပြီ မထင်နဲ့၊ နာရလွန်း၊ ကွဲရလွန်းတော့ အသားနုတွေနဲ့ချည်း ဖွဲ့တည်နေတဲ့ နှလုံးထင်ပါရဲ့ဗျာ။ ထိလွယ်၊ ရှလွယ်၊ ပွန်းပဲ့လွယ်နေတော့တာများ… ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩယူမိတယ်။

အခုလည်း လူကိုသာ မမြင်ရသေးတာ၊ တိုးသက် နူးညံ့တဲ့ သူ့အသံ၊ မာန်ငွေ့ငွေ့ပါသည့်တိုင် ပျော့နွဲ့ဆွဲငင်နေတဲ့ သူ့လေယူလေသိမ်းတို့ကြောင့် ကျွန်တော့် စိတ်က တိမ်းညွတ်နေမိရပြီလေ။

“ဒါပဲလေ… နော်”

“ဟာ… ဘယ်လိုဖြစ်တာလဲ၊ နေပါဦး…”

သူ့သဘောနဲ့သူ၊ ကိုယ်က မဖိတ်ခေါ်ပါဘဲ ရောက်လာခဲ့သူတစ်ယောက်အနေနဲ့ သူ့သဘောနဲ့သူ၊ ကိုယ်က မနှင်ဘဲနဲ့လည်း ပြန်ထွက်သွားပိုင်တယ်ဆိုတဲ့ သဘောကို ချက်ချင်းပဲ ရိပ်စားမိလိုက်တာနဲ့အတူ ရင်ထဲမှာ လှိုက်ခနဲ နင့်သွားတယ်။

“စာကျက်ရဦးမယ်…”

“စာကျက်ရဦးမယ်… ဟုတ်လား။ သည်အချိန်မှာ ဘာစာမေးပွဲမှ မရှိဘူး…”

“ရှိလို့ စာကျက်ရဦးမယ်လို့ ပြောတာပေါ့…”

“နေဦး… ဆယ်တန်းတွေလည်း ဖြေပြီးကုန်ကြပြီ၊ တက္ကသိုလ်က လည်း စက်တင်ဘာမှ ဖြေရမှာဆိုတော့ သည်အချိန်မှာ စာကျက်ရမယ့် ကျောင်းရယ်လို့ MC ပဲ ရှိတယ်…”

သူ ခဏ ငြိမ်နေတယ်။ တစ်အောင့်လောက်တောင် ကြာတယ်။ ပြီးတော့မှ…

“ဟုတ်တယ်… MC ကပဲ…”

“2nd MB လား၊ 3rd MB လား…”

“ဟာ… ကျွမ်းလှချည်လား၊ ဟုတ်တယ်။ 2nd MB ကပါ…”

“Senior လား၊ Junior လား…”

ငြိမ်ကျသွားပြန်တယ်။ ဒုတိယနှစ် ဆေးကျောင်းမှာ အကြီးတန်းလား၊ အငယ်တန်းလားဆိုတာကို မေးနေမိတာ။ တော်တော်လေး ငြိမ်နေလို့ ထပ် မေးယူတော့မှ…

“2nd MB Senior တက်နေတာ။ ဒါပဲလေ၊ စာကျက်ရဦးမယ်လို့ ဆို…”

သူ့အသံလေး နားထဲက ပျောက်သွားတော့မှာကို တွေးပြီး ကြိုလွမ်းတဲ့ စိတ်နဲ့ “နေပါဦး…”လို့ မပြောသာ ပြောသာ ပြောဖြစ်ရပြန်တယ်။

“စာမေးပွဲကျလိမ့်မယ်…”

“ဆပ္ပလီ (Supplementary Examination) ရှိပါသေးတယ်”

“ဟာ… ကျွမ်းလှချည်လား၊ ခင်ဗျား ဆရာဝန်လားဟင်…”

“မဟုတ်ပါဘူး…”

“ဘယ်လိုလုပ်ပြီး ဒါတွေ သိနေတာလဲ…”

“ကိုယ်က ပညာရေးလောကနဲ့ မစိမ်းတဲ့သူပါ…”

“ဘာအလုပ် လုပ်လဲ…”

“ကြုံရာ ကျပမ်းပေါ့…”

“ကျွန်တော် အကောင်းမေးနေတာ…”

“ကျွန်တော်ကလည်း အကောင်းဖြေနေတာပါပဲ။ ကျောင်းပြီးကတည်းက ဟိုဟာ စမ်းလုပ်ကြည့်လိုက်၊ သည်ဟာ စမ်းလုပ်ကြည့်လိုက်နဲ့ ယောင်နေတာ…”

“ဘာနဲ့ ကျောင်းပြီးတာလဲ…”

“ခင်ဗျားကပဲ ကျွန်တော့်ကို စွတ်မေးနေတာ။ ကျွန်တော် မေးတာ ခင်ဗျား ဖြေဖို့ကျတော့ တိုရေ၊ ရှည်ရေနဲ့…”

သူ ခိုးခိုးခစ်ခစ် ရယ်ပြန်တယ်။ အဲသည့် ရယ်သံလေးမှာ မူးနေပါတယ်ဆိုမှ။

“ကဲပါ… ခင်ဗျားမေးတာလည်း ကျွန်တော်ဖြေမယ်၊ ကဲ… မေး”

“နာမယ်လောက်တော့ ကိုယ်သိချင်တယ်”

သူ ခဏလေး ငြိမ်နေတယ်။ ခဏကြာမှ…

“နွယ်လို့ မှတ်ထားလိုက်လေ…”

“သည်လောက်ပဲ တို့ကို သိခွင့်ပေးမယ် ဆိုပါတော့…”

“သည်လောက် သိရရင်တော်ရောပေါ့…”

၁၃။

အဲဒီက စတာပါပဲ။ နေ့စဉ်ရက်ဆက်မဟုတ်တောင် တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်ခြား တစ်ခါလောက်တော့ သူ ဆက်တတ်တယ်။ တစ်နေ့တည်း နှစ်ခါ၊ သုံးခါ ဆက်တဲ့အခါလည်း ဆက်ရဲ့။

တစ်ယောက်နဲ့ တစ်ယောက်မမြင်ဖူးကြပေမယ့် စကားပြောတဲ့ ကြိမ်ဖန်က များလာတော့ ရင်းနှီးလာတယ်။ ခက်တာက သူ ဆက်သွယ်ချင်တဲ့ အချိန်မှာ ဆက်သွယ်နိုင်နေပြီး သူ ဖြတ်ချသွားရင်လည်း ကိုယ်က ငုတ်တုတ်ကြီး ခံနေရတာ။

ပိုဆိုးတာက ဖုန်းချသွားခါနီးတိုင်း သူပြောတတ်တဲ့ စကားလေးတွေပါပဲ။

“သတိရနေမယ်နော်…” ဆိုတာမျိုး၊

“အဲဒီ့အသံကို အမြဲပဲ ကြားယောင်နေမိတယ်…” ဆိုတာမျိုး၊

“ဖြစ်နိုင်ရင် ခင်ဗျားကို မေ့ပစ်လိုက်ချင်တယ်။ မေ့လို့ မရတော့ ခက်နေတယ်လေ…” ဆိုတာမျိုး၊

“ဖုန်းပြောပြီးရင် ကျွန်တော် စာကျက်လို့ ရတော့မှာ မဟုတ်ဘူး၊ သိရဲ့လား”ဆိုတာမျိုးတွေနဲ့ တစ်နေ့တစ်မျိုး မရိုးအောင် သူ တတ်နိုင်ခဲ့ပါတယ်။

သည်ဘက်က ကျွန်တော့်မှာ အဲသလို စကားမျိုးလေးတွေအတွက် တစ်ခုခု ပြန်ပြောမလို့ ရှိသေး၊ သူ့အသံလေးတွေ စီးမျောလာတဲ့ တယ်လီဖုန်းက အသက် ကင်းမဲ့သွားတာကိုကလည်း ထူးခြားမှုတစ်ခုလို့ ဆိုရမယ် ထင်ပါရဲ့…။

၁၂။

“တယ်လီဖုန်းက တစ်ဆင့်ကွယ်…

ခင်မင်ရင်းနှီးမှု ရအောင်…

စကားတွေ ပြောချင်တယ်…

တစ်နေ့တစ်ခေါက်တော့ ပြောပါရစေ…

အသံသာလေးတော့ ကြားပါရစေ…

အချစ်ဆုံးရယ်… ခွင့်ပြုပါ… ကြင်နာရင်…

တစ်နေ့တစ်ခေါက်တော့ ဖုန်းဆက်ပါ

ရယ်ရယ်မောမော စကားပြောချင်…

သူလေးအသံ ကြားရရင် ကျေနပ်ပြီ…”

သီချင်းလေး တစ်ပုဒ်ကို ကျွန်တော် ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကြိုက်တဲ့ အဆိုရှင် Englebert Humperdinck ရဲ့ A Place in the Sun သီချင်းသွားမှာ စာသား ဖြည့်လိုက်တာပါ။

သူ့ကိုလည်း ဖုန်းထဲက ဆိုပြမိပါတယ်။ ညာဘက်နားနဲ့ ပုခုံးကြားမှာ တယ်လီဖုန်း စကားပြောခွက်ကို ညှပ်ပြီး လက်နှစ်ဘက်စလုံး အားသွားအောင် လုပ်၊ ဂစ်တာတီးပြီးတော့ ဆိုပြရတာလေ…။

(နောင်အခါ သည်သီချင်းကို တေးရောင်ခြည်လို့ခေါ်တဲ့ The Rays တီးဝိုင်းမှ “ဒရမ္မာလူဝိုင်း”က သူ့“ဒရမ်” ဆိုတဲ့ သီချင်းခွေမှာ ထည့်ဆိုသွားခဲ့ဖူးတယ်။)

သီချင်းနားထောင်ပြီးတော့ သူက “ချို့ကို ပိုလို့စွဲလမ်းအောင် လုပ်နေတာလားဟင်…” လို့ ပြောတယ်။

ကျွန်တော် လှုပ်ခနဲ ခါသွားတယ်။ သူ့ကိုယ်သူ ချိုလို့ လွှတ်ခနဲသုံး စွဲတာ ဒါနဲ့ဆို ၃ခါ ရှိသွားပြီ။ သေချာနေပါပြီ၊ သူ သတိထားပြီး ပြောတဲ့အခါ သူ့ကိုယ်သူ “နွယ်”လို့ ပြောတတ်ပေမယ့် အမှတ်တမဲ့များမှာ “ချို”လို့ သုံးတယ်ဆိုတော့ သူ့နာမည်မှာ “ချို”ပါရမယ်လို့ ကျွန်တော် အတတ်စွဲထား လိုက်တယ်။

“တစ်နာရီလောက် ပြောရတာ…

ကိုယ်တကယ် အားမရဘူးကွယ်…

သည့်ထက်မက ပြောချင်တယ်…

ဒါပေမယ့် သိတ်တော့မလွယ်…

အိမ်က အဖိုးကြီး ဒေါပွရင်…

အခွင့်အရေးတွေ နစ်နာမယ်…

တစ်နေ့တစ်ခေါက်တော့ ပြောပါရစေ…

အသံသာလေးတော့ ကြားပါရစေ…

အချစ်ဆုံးရယ် ခွင့်ပြုပါ…  မစိမ်းနဲ့နော်…

တစ်နေ့တစ်ခေါက်တော့ ဖုန်းဆက်ပါ…

ရယ်ရယ်မောမော စကားပြောချင်…

သူလေးအသံ ကြားရရင် ကျေနပ်ပြီ…

ချိုတဲ့အသံ ကြားရရင် စိတ်ထဲပျော်…”

လူ့ဘဝဇာတ်ခုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော်တို့ ဇာတ်လမ်းလေးမှာ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပဲ ဇာတ်ဝင် သီချင်းတစ်ပုဒ်ဟာ မဆွကတည်းက ပါနေခဲ့ပါတယ်။

“ချို”ပဲဖြစ်ဖြစ်၊ “နွယ်”ပဲဖြစ်ဖြစ်၊ “ချိုနွယ်”ပဲဖြစ်ဖြစ်၊ “နွယ်ချို”ပဲ ဖြစ်ဖြစ်၊ ကျွန်တော့်ဆီမှန်မှန် ဖုန်းဆက်နေတဲ့ အဲဒီ့ တိုးသက် နူးညံ့ အသံရှင်လေးဟာ ကျွန်တော့်ရင်နှလုံးထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့တာတော့ အမှန်ပါပဲ။

၁၁။

တစ်နေ့မှာ ကျွန်တော်တို့ နှစ်ယောက် ဖုန်းပြောနေတုန်း တယ်လီဖုန်းထဲမှာ နာရီသံတစ်သံ ကြားရတယ်။

ရင်းနှီးနေတဲ့အသံ…

ဟုတ်တယ်… ဝန်ကြီးများရုံးမှာ တပ်ဆင်ထားတဲ့ နာရီကြီးရဲ့ အချက်ပေးသံ…။

တယ်လီဖုန်းကို နားနဲ့ ခွာလိုက်တဲ့အခါ ကျွန်တော့်နားထဲမှာ အဲဒီ့ နာရီသံသဲ့သဲ့ကို အတိုင်းသားကြားရတယ်။ တယ်လီဖုန်းကို နားနဲ့ကပ်လိုက်တဲ့အခါ ဖုန်းထဲကနေပြီးတော့ အဲဒီ့နာရီသံကို ပီပီသသ ကြားရတယ်။

“ဒါ ဝန်ကြီးများ ရုံးက နာရီသံပဲ။ ဒါဆိုရင် နွယ့်အိမ်က အဲဒီ့နား တဝိုက်မှာပဲ ရှိရမှာပေါ့…”

သူ ငြိမ်ကျသွားတယ်။

“အရှေ့ဘက်မှာ ၄၅ လမ်း ၄၆ လမ်း၊ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်း၊ လမ်း ၄၀၊ ၃၉ လမ်း၊ တောင်ဘက်ဆိုရင် ၄၁၊ ၄၂၊ ၄၃၊ တစ်ခုခုပဲ…”

ကျွန်တော် ဆက်ပြောပေနေမယ့် သူ ငြိမ်နေတယ်။

ကျွန်တော်က ၄၅ လမ်းမှာ နေတဲ့သူဆိုတော့ သည်နာရီသံနဲ့က နေ့စဉ် ယဉ်ပါးနေတာလေ။ သည်တော့လည်း သူ့ဖုန်းထဲကပါ သည်အသံကို ကြားလိုက်ရတဲ့အခါ သူသည်လည်း သည်နယ်နိမိတ်တစ်ဝိုက်မှာ နေထိုင်သူ ဖြစ်ရပေတော့မှာပေါ့။

“ချို”လို့ လွှတ်ခနဲ ထွက်တာဟာ ပထမ သဲလွန်စဖြစ်တယ်ဆိုရင် နာရီသံဟာ ဒုတိယ သဲလွန်စပါပဲ။

၁၀။

“မနေ့က ခုံနံပါတ်တွေ ထွက်တယ်။ စာမေးပွဲက နီးလှပြီ၊ စာကျက်လို့လည်း မရချင်ဘူး၊ စိတ်ညစ်တယ် သူရယ်…”

တစ်နေ့မှာ သူ အဲသလိုပြောတော့ ကျွန်တော် တေးထားလိုက်တယ်။

သူလည်း ဖုန်းချသွားရော ကျွန်တော် “လိပ်ခုံး”ကို တန်းပြေးတော့တာပဲ။ အဲတုန်းက လိပ်ခုံး မဖျက်သေးဘူးလေ။ ဆေးတက္ကသိုလ်က ဒုတိယနှစ်၊ တတိယနှစ် အတန်းငယ်လေးတွေကို အဲဒီ့မှာပဲ ထားတာမှန်း ကျွန်တော် သိနေတယ်။

အဲဒီ့နေ့က တနင်္ဂနွေနေ့ဆိုတော့ လူရှင်းတယ်။ မှတ်ပုံတင်ရှေ့နေ သင်တန်း တက်တုန်းက အဲဒီ့ ကျောင်းဝိုင်းထဲမှာပဲ တက်ခဲ့ရတာဆိုတော့ သည်ပရဝုဏ်နဲ့ ကျွန်တော်နဲ့ကလည်း ရင်းနှီးပြီးသား။

ခုံနံပါတ် စာရင်းကို အလွယ်တကူပဲ တွေ့ရပါတယ်။ စာရင်းထဲမှာ ဒုတိယနှစ် အကြီးတန်းကို ရှာလိုက်တယ်။ အတန်းက လူလည်း သိပ်မများဘူး၊ ၆၀-၇၀လောက်ပဲ ရှိတယ်။

နာမည်တွေကို တစ်ယောက်ချင်း ကြည့်တယ်။ နာမည်မှာ “ချို” သို့မဟုတ် “နွယ်”ပါတဲ့သူကို ရှာတာပေါ့။ ကံကောင်းချင်လို့လား၊ ကံဆိုးချင်လို့လားတော့ မသိဘူး။ အဲဒီ့ တစ်တန်းလုံးမှာ “ချို”ရော၊ “နွယ်”ပါ ပါတာ တစ်ယောက်တည်း ရှိတယ်။

“ချိုနွယ်သင်း”တဲ့၊ ခုံနံပါတ်-၅၄၊ ကျွန်တော် တက္ကသိုလ် တက်စဉ်က ခုံနံပါတ်ကလည်း ၅၄ ဆိုတော့ အထူးတလည် မှတ်နေဖို့တောင် မလိုတော့ဘူး၊

ကျွန်တော်လည်း ခုံနံပါတ်စာရင်းကို သေချာအောင် နောက်တစ်ခေါက် အသေးစိတ် ကြည့်လိုက်ပြီး ပြန်ခဲ့တယ်။

၉။

“ခင်ဗျားနဲ့ ဖုန်းပြောနေရတာနဲ့ နွယ်တော့ စာမေးပွဲ ကျတော့မယ်…”

“စာကျက်ပေါ့၊ ဖုန်းပြောတာက အလွန်ဆုံးမှ တစ်နာရီလောက် ပြောဖြစ်တာကို၊ ကျန်တဲ့ အချိန်ကျက်လေ”

“ကျက်လို့မှ မရတာ…၊ ခင်ဗျားဆီပဲ နွယ့်စိတ်က ရောက်နေတာ မသိဘူးလား၊ ဒါနဲ့ပဲ စာမေးပွဲ ကျတော့မှာပဲ…”

အကွက်ကလေးက အလိုက်တသင့် ဝင်လာတာနဲ့ ကျွန်တော်လည်း စကားတစ်ခွန်းကို အသာလေး ခင်းပေးလိုက်တယ်။

“စာမေးပွဲဆိုတာ ကံလည်း ပါသင့် သလောက်ပါတယ်။ ခုံနံပါတ်တွေ ဘာတွေကလည်း အဲဒီ့စာမေးပွဲအတွက် ဖြေမယ့်သူရဲ့ ကံကို ကောင်းစေတတ်တယ်…”

“ခုံနံပါတ်ကတော့ အပျံစားပဲ။ ပေါင်းလိုက်ရင် ကိုးရတယ်…”

တော်တော် သေချာနေပြီ။ ထပ်သေချာအောင် လုပ်ဖို့ပဲ ကျန်တော့တယ်။

“ဒါဆိုရင် နွယ့် ခုံနံပါတ်က ၅၄ များလားဟင်…”

သူ ငြိမ်ကျသွားတယ်။ ပထမသဲလွန်စဖြစ်တဲ့ “ချို”ဆိုတာကို ထောက်လိုက်မိစဉ်က တစ်ကြိမ်၊ ဝန်ကြီးများရုံး နာရီသံကို ထောက်လိုက်စဉ်က တစ်ကြိမ် သူ ငြိမ်ကျသွားတတ်တာတွေကို အမှတ်ထင်ထင် ရှိနေခဲ့ပြီးသား။ သူနဲ့ပတ်သက်လို့ သဲလွန်စ အမှန်အကန်တစ်ခုခုကို ရလိုက်တိုင်း သူ ဖြစ်သွားနေကျ ပုံစံ…။

အခုလည်း ခုံနံပါတ် ၅၄ ဟာ မှန်ကန်ပါကြောင်း သူငြိမ်ကျသွားခြင်းနဲ့ အတည်ပြုပေးလိုက်တယ်လို့ ကျွန်တော် နားလည်ယူလိုက်တယ်။

၈။

ကျန်တဲ့အပိုင်းကတော့ လွယ်လို့သွားပါတယ်။ တခြားသူတွေအတွက် လွယ်ချင်မှ လွယ်မှာပေမယ့် ကျွန်တော့်အတွက်ကတော့ တော်တော်လေး လွယ်ပါတယ်။

ကျူရှင်ဆရာ လုပ်သက်ကလေးကလည်း အတန်အသင့် ရှိနေပြန်၊ ဘာသာစုံသင်တဲ့ ကျောင်းပေါင်းစုံမှာလည်း ဝင်ပြီး သင်နေသူဆိုတော့ ဆရာ ပေါင်းစုံနဲ့က ခင်နေတယ်။ အပြင် ကျူရှင်ဆရာတွေနဲ့တင် မဟုတ်ဘဲ တက္ကသိုလ်ဆရာတွေထဲမှာလည်း ကျွန်တော်နဲ့ မကင်းရာ မကင်းကြောင်းတွေက များတယ်။

သည်တော့ သူ့ခုံနံပါတ်နဲ့ နာမည် အပြည့်အစုံကို သိရပြီးတဲ့နောက် တစ်ပတ် မပြည့်ခင်အတွင်းမှာ လမ်းမတော် ဆေးတက္ကသိုလ် မော်ကွန်းထိန်း ရုံးကို ကျွန်တော် ရောက်သွားတယ်။ ဒုတိယနှစ် အကြီးတန်းကျောင်းသူ “ချိုနွယ်သင်း”ရဲ့ ကျောင်းဝင်ပုံစံကို မရ၊ ရအောင် တောင်းကြည့်ဖို့ပါ။

အပေါင်းအသင်းကောင်းတော့ ခဏချင်းမှာပဲ လိုချင်တာကို မျက်ဝါး ထင်ထင် မြင်ရတယ်။

ပုံစံပေါ်က အဖြူအမည်း ဓာတ်ပုံထဲမှာက ကလေးမလေးတစ်ယောက်ရဲ့ ပုံ။ အလွန်ဆုံးရှိမှ ရှစ်တန်းကျောင်းသူအရွယ် ပုံစံမျိုးလေး။ မှတ်ပုံတင် ဓာတ်ပုံဆိုတာ လှည့်စားတတ်မှန်း သိနေမိတော့ ပုံထက် ကိုယ်ရေး အချက်အလက်တွေကို ပို အာရုံစိုက်လိုက်တယ်။

ချိုနွယ်သင်း၊ မိဘအမည် – ဦးဇော်သင်းမောင်၊ ဒေါ်ခင်နှင်းမြင့်၊ နေရပ်လိပ်စာ – ၂၄၆၊ ၃၉လမ်း၊ ကျောက်တံတားမြို့နယ်။

နှစ်ခေါက်ဖတ်လိုက်တဲ့အခါမှာတော့ သည်အချက်အလက်တွေ အားလုံးဟာ ကျွန်တော့် ဦးနှောက်ထဲမှာ စွဲမြဲသွားပြီ။

၇။

ဒုတိယအဆင့်က သူ့ဖုန်းနံပါတ် ရှာဖို့။ တယ်လီဖုန်း စုံစမ်းရေးဌာနကို လှမ်းမေးတော့ ဦးဇော်သင်းမောင်၊ ဒေါ်ခင်နှင်းမြင့်တို့အမည်နဲ့ တယ်လီဖုန်း မရှိဘူးလို့ ပြန်ကြားတယ်။

အမှန်က အဲဒီ့အချိန်မှာ ရှစ်နဲ့စတဲ့ တယ်လီဖုန်းတွေအတွက် စာရင်း မဝင်သေးဘူးဆိုတာ ကျွန်တော် သိနေတယ်။ ကျွန်တော့်အိမ်က ဖုန်းလည်း ရှစ်နဲ့ စတာလေ…။

သည်တော့ တယ်လီဖုန်း အိပ်ခ်စ်ချိန်းခ်ျက မိတ်ဆွေ အင်ဂျင်နီယာကို အကူအညီ တောင်းရပြန်တယ်။ အဲတော့လည်း လွယ်သားပဲ။

ဦးဇော်သင်းမောင်ရဲ့ ဖုန်းက ၈၉၄၉၃လို့ သိရတယ်။ ရှစ် ကိုးဆယ့်လေး၊ ကိုးဆယ့်သုံးလို့ မှတ်ရုံပဲလေ။ ကျွန်တော့် ဖုန်းကို ရှစ်၊ နှစ်ဆယ့်ငါး၊ နှစ်ဆယ့်လေးလို့ မှတ်ဖို့ သူများတွေကို မှာနေကျကိုး။ သည်နည်းနဲ့ မှတ်တာက လွယ်တယ်။

ဖုန်းနံပါတ် သိလိုက်ရပြီးတဲ့နောက် နှစ်ရက်လောက်နေတော့ သူ ဖုန်းဆက်တယ်။ အလိုက်အထိုက်ကလေး ပြန်ပြောနေမိတာပေါ့။ ခါတိုင်းလိုပဲ၊ ကျွန်တော်တို့နှစ်ယောက် ဖုန်းထဲမှာ သူငယ်ချင်း မက၊ ချစ်သူ မကျ လုပ်နေကြတာလေ…။

မိနစ်၄၀လောက်ကြာတော့ သူက…

“စာကျက်လိုက်ဦးမယ်နော်…၊ စာကျက်ရင်းနဲ့ သူ့ကို သတိရနေမှာပါ…”ဆိုတဲ့ စကားနဲ့ ဖုန်းချသွားတယ်။

၆။
ချက်ချင်းပဲ ၈၉၄၉၃ ကို ကျွန်တော် ပြန်လှည့်လိုက်တယ်။ ဖုန်းနားက ခြေရွှေ့ဖို့တောင် သူ အချိန်ရလိုက်မယ် မထင်ဘူး။

ခေါ်သံတစ်ချက်ပဲ ပေးလိုက်ရတယ်။ ထူးသံကို ချက်ချင်း ကြားရတယ်။

“ဟယ်လို…၊” “အမိန့်ရှိပါရှင်…၊” “ဟုတ်ကဲ့ ပြောပါရှင်…”အစရှိသဖြင့် ဖုန်းထူးတဲ့အခါ မိန်းကလေးတွေ ထူးလေ့ရှိတဲ့ အသုံးအနှုံးမျိုးကို မကြားရဘူး။
တစ်သက်တာ ထာဝရအတွက် အမှတ်တရ ဖြစ်နေအောင် ထင်ပါရဲ့။ ကျွန်တော် သူ့ဆီ ပထမဆုံး ပြန်ဆက်တဲ့နေ့က သူ ထူးလိုက်ပုံလေးက သည်လို…

“အင်း… ပြော…”တဲ့။

သူ့ ထုံးစံအတိုင်း တိုးသက် နူးညံ့လှသလို လေးတိလေးကန်နိုင်လွန်းလှတယ်။

“ကိုယ်ဘယ်က စပြီး ပြောရမယ်မှန်းတောင် မသိနိုင်တော့ပါဘူး ချို နွယ်လေးရယ်…”

သူ အရမ်း လှုပ်ခတ်သွားတယ်။

“ဘယ်လိုလုပ်ပြီး သိသွားတာလဲ”လို့ အလန့်တကြား မေးလာတယ်။

“သည်လိုပဲပေါ့ ချိုရယ်၊ ကိုယ်က ချို့ကို စိတ်ဝင်စားတော့ စုံစမ်းယူရတာပေါ့လေ…”

“ဘာတွေ သိသေးလဲ…”

“ဟင့်အင်၊ ဘာမှ သိပ်မသိပါဘူး။ ဦးဇော်သင်းမောင်၊ ဒေါ်ခင်နှင်းမြင့်တို့ရဲ့ သမီးဆိုတာရယ်၊ ၂၄၆၊ ၃၉လမ်းမှာ နေတယ်ဆိုတာလောက်ပါပဲ”

“ဒါဆို အကုန် သိရောပေါ့။ အဲဒါကြောင့် သူ့ကို ချို ဘာမှ မပြောဘဲ နေခဲ့တာပါ။ ချို့အစ်မကို ထိခိုက်မှာ စိုးလို့ ချိုအစက သူ့ကို ဘာမှမပြောခဲ့တာပါ…”

ကျွန်တော် နားမလည်ဘူး။

“ဘာဆိုင်လို့လဲ…”

“ဆိုင်တာပေါ့၊ လှိုင်သဇင်သင်းရဲ့ နာမည်ကို ထိခိုက်မှာ စိုးလို့ အစကတည်းက သူ့ကို ပြောသင့်လျက်နဲ့ မပြောခဲ့တာပါ…”

ကျွန်တော် ဇာတ်ရည် လည်သွားတယ်။ လှိုင်သဇင်သင်းဆိုတာက နာမည်ကျော် ဇာတ်လိုက် မင်းသမီးကိုး။ အိုးဟိုး… ဒါကြောင့် ဦးဇော်သင်းမောင်ဆိုတဲ့ အမည်ကို တစ်နေရာရာမှာ ကြားဖူးသလို ရှိနေတာပါလား။ လှိုင်သဇင်သင်းအကြောင်း ရေးကြတဲ့ မဂ္ဂဇင်းတွေထဲမှာ ဖတ်ဖူးထားတာ ဖြစ်မှာပေါ့လေ။

ဒါပေမယ့် ဘာဆိုင်လဲ ချိုရယ်၊ ချိုက ချိုပဲ။ လှိုင်သဇင်သင်း ညီမ ဖြစ်နေတာနဲ့။ အေးလေ… သူ့ဘက်က တွေးတော့လည်း အစ်မကို ထိခိုက်မှာ စိုးရှာမှာပေါ့…

“ထားပါတော့ ချိုရယ်၊ ဘာပဲဖြစ်ဖြစ်၊ ချိုကချည်း ဆက်နေမယ့်အစား ကိုယ်ကလည်း နောက်ဆို ချို့ဆီ ပြန်ဆက်မယ်လေ…”

“ဟေ့အေး… အဲလိုတော့ မလုပ်နဲ့၊ ချိုပဲ ဆက်ပါရစေ၊ သူ မဆက်ပါနဲ့၊ မဆက်ဘူးလို့ ချို့ကို ကတိပေးပါလား”

လူကို အခုချိန်အထိ မမြင်ဖူးသေးပေမယ့် တိုးသက်နူးညံ့သံနဲ့ သူ စေသမျှကို လိုက်လျောကျင့်ရပြီဖြစ်တဲ့ ကျွန်တော်ဟာ သူတောင်းတဲ့ ကတိကိုလည်း ပေးဖြစ်လိုက်သလို ကတိအတိုင်းလည်း လိုက်နာဖြစ်ခဲ့ပါတယ်။

၅။
၈၉၄၉၃ ဆိုတဲ့ သူ့ဖုန်းနံပါတ်ရယ်၊ ၈၂၅၂၄ ဆိုတဲ့ ကျွန်တော့်ဖုန်းနံပါတ်ရယ်မှာက ကြမ္မာတွေ ပါဝင်ပတ်သက်နေတယ်။

နှစ်ယောက်စလုံးအတွက် မဟုတ်ရင်တောင်မှ ကျွန်တော့်အတွက် ငင်ဖြစ်စရာ ရွှေကြမ္မာက သည်ဖုံးနံပါတ်နှစ်ခုမှာ ပါသွားခဲ့ပါတယ်။

သူကလည်း သူ့ဖုန်းကို ကျွန်တော့်လိုပဲ ရှစ်၊ ကိုးဆယ့်လေး၊ ကိုး ဆယ့်သုံးရယ်လို့ ရှစ်နောက်မှာ ကိုးဆယ့်လေးနဲ့ သူ့အောက် ဂဏန်းတစ်လုံး လျော့စနစ်နဲ့ မှတ်သားခဲ့တာပါ။ ကံက (ကျွန်တော့်ကိုမှ ကွက်ပြီး ဆိုးချင်တော့) သူ့သူငယ်ချင်း “တူးတူး”ဆိုတာရဲ့ ဖုန်းနံပါတ်က ၈၂၄၂၅ (ရှစ်၊ နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါး)။ တူးတူးဆီ လှည့်တဲ့အခါတိုင်းမှာ အဲသလို ရှစ်၊ နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးလို့ ပထမဆုံး ဂဏန်းကို ဖယ်ပြီး ကျန်နှစ်စုံမှာ အသေးပြီးမှ အကြီးလာတဲ့ အစီအစဉ်အတိုင်း လှည့်ရမယ့်အစား၊ သူ့နံပါတ်လိုပဲ အကြီးပြီးမှ အသေးလိုက်တဲ့ ပုံစံနဲ့ ရှစ်၊ နှစ်ဆယ့်ငါး၊ နှစ်ဆယ့်လေးကို လှည့်မိသွားတာက များခဲ့တယ်လို့ ဆိုပါတယ်။

သည်အခါ ကျွန်တော်ချည်း အဲဒီ့ဖုန်းကို ထူးနေတာနဲ့ပဲ တိုးနေပြန်တဲ့အခါ သည်ဖုန်းကို သည်တစ်ယောက်တည်း ကိုင်နေတာမို့ စိတ်ဝင်စားလာရာကနေ သည်အခြေကို ရောက်ခဲ့ကြရတယ်လို့ သူက ဇာတ်ပေါင်းပေးပါတယ်။

၎။
တစ်ညနေ…

ငါးနာရီထိုးဖို့ ဆယ်မိနစ်လောက် အလိုမှာ ဖုန်းမြည်လာပြန်တယ်။

ထုံးစံအတိုင်း ကျွန်တော် ထူးလိုက်ရပါတယ်။

“အိမ်လိပ်စာ ပြော…”

တိုးသက်နူးညံ့ပေမယ့် ပြတ်သားတဲ့ သူ့အသံကို ပီပီသသ ကြားရတယ်။

“၂၄၆၊ ၃၉ လမ်း၊ ကျောက်တံ…”

“အကောင်းမေးနေတာ… နောက်မနေနဲ့…”

“ဘာလုပ်ဖို့ မေးတာလဲ…”

“လာခဲ့မလို့…”

ကျွန်တော့် လိပ်စာကို ရွတ်ပြလိုက်တော့ သူ ဖုန်းချသွားတယ်။

မကြာပါဘူး။ ဖုန်းချသွားအပြီး ငါးမိနစ်သာသာလောက်မှာ အိမ်တံခါးခေါက်သံ ခပ်ဆတ်ဆတ် ကြားရတယ်။

ကျွန်တော့်နှလုံးသွေးတွေ ရုတ်ချည်း မြန်သွက်လို့လာတယ်။

တံခါးကို ကျွန်တော် ကိုယ်တိုင် ဖွင့်လိုက်ပါတယ်။

လွယ်အိတ်အညိုလေးကို လွယ်ထားတဲ့၊ အညိုရောင်ဝတ်စုံလေးနဲ့ အသားညိုညို မိန်းကလေးတစ်ယောက်။

မရွံ့မရဲဖြစ်နေပုံ လုံးဝ (လုံးဝ) မရှိဘူး။ ရဲတင်းလွန်းတဲ့ ပုံစံမျိုးလည်း မဟုတ်ပြန်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိတဲ့ အရိပ်အကဲကို သူ့မျက်ဝန်းတောက်တောက်လေးတွေထဲမှာ တွေ့ရတယ်။

မျက်နှာလေးက နုနုလေးပေမယ့် ရင့်ကျက်သိမ်မွေ့တဲ့ မျက်နှာထားက တည်ကြည်လို့ နေတယ်။ လှလိုက်တာလို့ ပြောရလောက်အောင် မချောပေမယ့် တင့်တယ်မှန်းသိသာတဲ့ ချောမောမှုက သူ့ကို လွှမ်းခြုံထားတယ်။

နေရာထိုင်ခင်းပေးပြီးတဲ့အခါ သူ့ကို မေးမိရတယ်။

“ကော်ဖီ သောက်မလား…”

“ဟင့်အင်း… မကြိုက်ဘူး…”

အမေက အံ့ဩတကြီးနဲ့ ကြည့်နေတယ်။ သူက အမေ့ကို လှည့်ြုပံးပြပြီး အလ္လာပသလ္လာပ စကားတွေကို သူ့ကိုယ်ပိုင်ဟန်အတိုင်း တိုးတိုးသက်သာ ပြောနေတယ်။

ကျွန်တော်ကတော့ မမျှော်လင့်ဘဲ ရောက်လာတဲ့ ကျွန်တော့်ဧည့်သည်မလေးကို ဘာနဲ့ ဧည့်ခံရမယ်ဆိုတာ အပြင်းအထန် စဉ်းစားနေမိတယ်။ အိမ်မှာ အမြဲတစေ ရှိတာက ကော်ဖီပဲ။ ကော်ဖီကို သူက မကြိုက်ဘူးဆိုတော့ ဘာနဲ့ ဧည့်ခံရမယ်မှန်း မသိဘူး။

“ဖရုံစေ့လှော် စားမလား…”

အမေနဲ့သူ စကားပြတ်ခိုက်မှာ မေးလိုက်မိရပြန်တယ်။

တောက်ပတဲ့ မျက်လုံးညိုညိုလေးတွေ ကျွန်တော့်ဆီ ဖျတ်ခနဲ ရောက်လာတယ်။

“စားမယ်…”

ကျွန်တော် ပျော်သွားတယ်။ ဖရုံစေ့လှော်ထုတ်ကို သွားယူပြီး သူ့ကို အထုတ်လိုက် ချပေးလိုက်တယ်။ အမေက “မင်းကလည်း… ပန်းကန်နဲ့ ထည့်လာတာ မဟုတ်ဘူး”လို့ ပြောတော့ သူက “ရပါတယ် အန်တီ၊ သည်တိုင်း ဖောက်စားရတာ ချို ပိုသဘောကျပါတယ်”လို့ ပြောတယ်။

ကျွန်တော်က သူ့ကျောင်းအကြောင်းတွေ ဘာတွေ နည်းနည်းပါးပါး မေးတယ်၊ ပြောတယ်။ ကျွန်တော့် ကျူရှင်သင်တန်းအကြောင်းတွေကိုလည်း သူက တို့တိတို့တိ မေးတယ်။ အမေက ငုတ်တုတ်ကြီး ရှိနေလေတော့ ကျွန်တော့်မှာ ချို့ကို ပြောချင်တာတွေ ပြောလို့ မရနိုင်တဲ့အတူတူ တွေ့ကရာ ရှစ်သောင်း စကားဖောင်းနေရတာ။

အာရုံထဲမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ဝယ်ထားတဲ့ Sparkling Lemon ဘိလပ်ရည်ကို သွားသတိရတယ်။ တစ်လုံးကြီးများတောင် ကျန်နေသေးတယ်။ ရေခဲသေတ္တာထဲမှာ…

“ချို စပါ့ခလင်ဂ် သောက်မလား…”

“သွားဝယ်ရမှာလား…”

“ဟင့်အင်း… အိမ်မှာတင် အဆင်သင့်ရှိပါတယ် ချိုရဲ့…”

“ဒါဆို သောက်ချင်တယ်…”

ကျွန်တော် သူ့ကို ချစ်သွားတယ်။ ဟန်ဆောင်မှု မရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ရေမွှေးနံ့ မရ၊ ခြယ်သမှု မပါ၊ ရိုးရိုးရှင်းရှင်းလေးနဲ့ ရဲရဲရင့်ရင့်၊ တည်တည်ကြည်ကြည်၊ ပွင့်ပွင့်လင်းလင်း စရိုက်တွေနဲ့ လွှမ်းခြုံ ထုံမွှမ်းထားတာကို ခဏချင်းအတွင်းမှာ မြင်လိုက်ရတာကိုး…။

၃။
တစ်နာရီနီးပါးကြာတော့ သူပြန်ဖို့ စကားစတယ်။ နေပါဦးလို့ ပြောရလောက်အောင် သူနဲ့ ကျွန်တော့်ကြားမှာ စည်းနှောင်အားက မရှိဘူး။

“ကိုယ် လိုက်ပို့ပေးမယ်နော်…”

သူနဲ့ နှစ်ယောက်ချင်း စကားပြောချင်နေသေးတဲ့ ကျွန်တော်က ပြောမိတယ်။

“မပို့နဲ့…”

“မှောင်စပျိုးနေပြီ ချို…။ မိန်းကလေးတစ်ယောက်တည်း ဘယ် ကောင်းပါ့မလဲ…”

“လိုက်ပို့တာက ပိုမကောင်းဘူးလေ။ မလိုက်ခဲ့နဲ့…”

အစကတည်းက နာခံခဲ့ရသူပီပီ အခုလည်း သူ့ကို အတွန့်မတက်ဖြစ်တော့ဘူ။ “လိုက်ပို့တာက ပိုမကောင်းဘူး”ဆိုတဲ့ သူ့စကားကလည်း ယထာဘူတ ကျနေသလိုလိုမို့ လက်လျှော့လိုက်တာလည်း ပါပါတယ်။

သွားတော့ ချိုရယ်လို့ စိတ်ထဲက ခပ်တိုးတိုးပြောရင်း အိမ်တံခါးကို ဖွင့်ပေးလိုက်ပါတယ်။

၂။
သူ တတိယနှစ် ရောက်လို့ ရန်ကုန်ဆေးရုံကြီးကို စဆင်းတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အမေ ဆေးရုံ တက်ရတယ်။ ခွဲစိတ်ဆောင်မှာ အမေ တက်နေရချိန်မှာ သူ ဖျားနာဆောင်ကို ဆင်းရချိန်နဲ့ ကြုံနေတယ်။

ဂျူတီကုတ်အဖြူလေးနဲ့ သူ့ကို ဖျားနာဆောင်မှာ ကျွန်တော် သွားတွေ့လိုက်ပါသေးတယ်။ သူက ကျွန်တော်နဲ့အတူ လိုက်လာပြီး အမေ့ကို လိုက်နှုတ်ဆက်တယ်။

ဒါဟာ သူနဲ့ကျွန်တော်တို့နှစ်ယောက် နောက်ဆုံး တွေ့ဆုံခြင်းပဲဆိုတာ ကျွန်တော် မသိခဲ့ဘူး။

“အဲဒီ့ ဖုံးနံပါတ်ကို ချို မေ့လိုက်တော့မယ်”လို့ တစ်နေ့မှာ သူ ပြောလာတော့ ကျွန်တော် ကြေကွဲစွာနဲ့ ဘာမှပြန် မပြောတတ်ခဲ့ဘူး။ “ချို့မှာ ရှိပြီးသားပါလို့ သူ့ကို တစ်ခါမက ပြောခဲ့ဖူးပါတယ်နော်…၊ ချို့ကို ခွင့်လွှတ်ပါ”လို့ သူပြောတဲ့အခါမှာလည်း ကျွန်တော် ဆို့နင့်နေမိတယ်။

ကျွန်တော့် ဘဝထဲကို သူ့သဘောနဲ့ သူ လာချင်တဲ့အချိန်မှာ လာချင်တဲ့ ပုံစံနဲ့ ဝင်လာပြီး ပြန်ချင်တော့လည်းသူ့သဘောနဲ့သူ ပြန်ချင်သလို ပြန်သွားတော့မယ့် ရနံ့များကို တိုးသက် နူးညံ့တဲ့ သူ့အသံထဲမှာ သေသေချာချာ ခံစားနိုင်ပါတယ်။

“ဒါတော့ ချို့သဘောပါပဲလေ…”လို့ ပြောလိုက်မိချိန်မှာတော့ ပီပီမှ မစရသေးတဲ့ ဇာတ်ကလေး ဗြုံးခနဲ ဆုံးသွားပါတော့တယ်။

၁။
ချိုနွယ်သင်းဆိုတဲ့ မိန်းကလေးဟာ တော်တော့်ကို ကြံ့ခိုင် တည်ကြည်လှပါပေတယ်လို့ပဲ ဆိုရရင် ကောင်းမလား၊ ခိုင်မာ ပြတ်သားလှတယ်ပဲ ဆိုရရင် ကောင်းမလားတော့ မသိဘူး။ သေချာတာတစ်ခုကတော့ သူ ကျွန်တော့်ဆီကို ဖုန်း မဆက်တော့ဘူးလို့ ယတိပြတ် ပြောသွားပြီးတဲ့နောက် လုံးလုံးလျားလျားကို မဆက်သွယ်တော့တာပါပဲ။


ခံစားရလွန်းလို့ အရက်သောက်မိတာမျိုး မဟုတ်ပေမယ့် အဖော်ကောင်းလို့ အရက် များသွားတဲ့အခါမျိုးတွေမှာ ကျွန်တော် သူ့ကို ဖုန်းဆက်ပြီး ဂျီကျခဲ့ဖူးတယ် (ထင်ပါတယ်)။ သူ ကောင်းကောင်းမွန်မွန်၊ ချေချေငံငံ ပြန်ပြောပေမယ့် ကျွန်တော့်ကို သူ့ဘဝထဲက အပြီးတိုင် မောင်းထုတ်ပြီးပါကြောင်း အထပ်ထပ် အတည်ပြုပေးခဲ့တာလည်း အမှန်ပါ။

ဝ။
ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ကို သတိရမိတယ်။ ဘယ်သူ့သီချင်းမှန်း၊ ဘာ သီချင်းမှန်း မသိတော့ပေမယ့် စာသားတွေရဲ့ သဘောက ကျွန်တော့်အဖြစ်နဲ့ ဆင်တူလွန်းလှလို့ပါ။

ငှက်ကလေးတစ်ကောင် သစ်ကိုင်းတစ်ကိုင်းမှာ လာနားတယ်။ သူ့သဘောနဲ့ သူ ခဏ လာနားတာပါ။ နားလို့အားရပြီးတဲ့နောက် ငှက်ကလေး ပြန်ထွက်သွားတဲ့အခါ ကိုင်းဖျားလေးမှာ ဆတ်ဆတ်ခါပြီး ကျန်ရစ်တယ်တဲ့။

ဟုတ်ပါတယ်။ “ချိုနွယ်”ဆိုတဲ့၊ တိုးသက် နူးညံ့ ငှက်ကလေး တစ်ကောင်လည်း ကျွန်တော့်ဘဝသစ်ပင်မှာ ဝင်နားခဲ့ဖူးပါတယ်။ သူ ပြန်ထွက်သွားတော့ ကျွန်တော့် နှလုံးသား ကိုင်းဖျားမှာ တဆတ်ဆတ်ခါလို့ ကျန်ရစ်ခဲ့ရတာလည်း အမှန်ပါ။

အဲသလို ဖြစ်ကျန်ရစ်ခဲ့ရတဲ့အတွက် လာနားသွားတဲ့ ငှက်ကလေးကို အပြစ်တင်ရင် ကျွန်တော် တရားပါ့မလား။ ထို့အတူ တဆတ်ဆတ် ခါတတ်တဲ့ ကိုင်းလေးကို မာန်မဲ စိတ်ဆိုးလို့ကော ရမတဲ့လား။

နားသူ ငှက်ငယ်လေးကရော ကိုင်းကလေး ခါကျန်ရစ်စေဆိုတဲ့ စေတနာနဲ့ ဝင်နားခဲ့ပုံ မရသလို တဆတ်ဆတ် ခါပြီး ကျန်ရစ်တာကိုလည်း သတိထားမိပုံ မရပါဘူး။ သည်အတွက်ရော “ပြန်ငဲ့ကြည့်ဖော်မှ မရပါလား ငှက်ကလေးရယ်”လို့ ငှက်ငယ်အပေါ်ဒေါသဖြစ်လို့ ဘယ်ရနိုင်ပါ့မလဲ။ ပြန်ငဲ့ကြည့်တဲ့အကျင့် မရှိတာကိုက ငှက်တို့ရဲ့သဘာဝပဲ မဟုတ်လား။

သေချာတာတစ်ခုကတော့ သူ နားခိုသွားဖူးတဲ့ ကိုင်းဖျားလေး တဆတ်ဆတ် ခါလို့ ကျန်ရစ်တာပါပဲ။

၁။
ဒါပေမယ့် အရာတိုင်းမှာ အတိုင်းအဆဆိုတာ ရှိရစမြဲမို့ အရှိန်ကုန်သွားတော့ လှုပ်ခတ်တာလည်း ရပ်သွားရတာပါပဲ။

နောက်ပိုင်းမှာ ကျွန်တော်လည်း သူ့ကို ဇွတ်အတင်း မေ့ဖျောက်ယူလိုက်ပါတယ်။ ဘဝ၀န်တာ ထွေရာလေးပါးများကလည်း ကျွန်တော့်ကို ဖိစီးထားပါတယ်။

ချိုနွယ်နဲ့ စတင်ပတ်သက်ခဲ့တာ ၁၉၈၃ခုနှစ်။ တစ်နှစ်အကြာ ၁၉၈၄ မှာကျတော့ သူ ကျွန်တော့်ဘဝထဲမှာ မရှိတော့ပါဘူး။

၁၉၈၅ခုနှစ် မေလထဲမှာ ကျွန်တော့်ဆီကို မိန်းကလေးတစ်ယောက် ဖုန်းဆက်လာပြန်ပါတယ်။

ချိုနွယ့်လိုပဲ တိုးသက် နူးညံ့လွန်းလှလို့ ပထမတုန်းက ချိုနွယ်လို့တောင် ထင်ယောင်မှားမိသေးတယ်။

တကယ်တော့ သူဟာ ချိုနွယ် မဟုတ်ဘူး။ “နွယ်နွယ်မွန်”လို့ သိခွင့်ရပါ တယ်။ ကျွန်တော့်ဘဝနဲ့ “နွယ်”နဲ့ ဘယ်လိုများ နွယ်နေသလဲတော့ မသိပါဘူး။

တစ်ဖက်ကကျပြန်တော့လည်း လောက်စာလုံး မှန်ဖူးတဲ့ ဂုမ္ဘာန်ပီပီ သည်တစ်ချီမှာတော့ ကိုယ့်ဆီက ဘာဆိုဘာမှ ပါမသွားအောင် နေတတ်နေပါပြီ။
ဒါပေမယ့် သည်တစ်ခါ ကျွန်တော့်ဘဝထဲကို တိုးဝင်လာပြန်တဲ့ နွယ်အသစ်ကတော့ ကျွန်တော့်ထံပါးကို သာယာမှုများနဲ့ ပီတိ သောမနဿများကိုသာ စဉ်ဆက်မပြတ် ဆောင်ယူလာခဲ့ပါတယ်။

လူချင်းဆုံဖြစ်ပြီးကြတဲ့ နောက်ပိုင်းမှာလည်း နွယ်နွယ်မွန့်အပေါ် ကျွန်တော် မယုံမရဲနဲ့သာ နေခဲ့ပါတယ်။ ဘယ်အချိန်မှာ လေးညို့သံ ကြားရလေမလဲဆိုတဲ့ အတွေးက ကျွန်တော့်အာရုံထဲမှာ မြဲနေပုံပါပဲ။ ဒါပေမယ့် နွယ်နွယ်မွန်ဟာ ကျွန်တော့် ဆိုးမျိုးကို ကောင်းကောင်းခံနိုင်ခဲ့သလို ကျွန်တော့်ကိုလည်း အလွန့်အလွန် တွယ်တာနေတာကို အထိတ်တလန့် သိလိုက်ရချိန်မှာ ကျွန်တော့်ဘဝ တစ်မျိုး ပြောင်းသွားခဲ့ရတယ်။

၁၉၈၈ ခုနှစ် မေလမှာ အဲဒီ့နွယ်နဲ့ ကျွန်တော်နဲ့ လက်ထပ်ဖြစ်ပါတယ်။

၂။
လက်ထပ်ပြီးစ ကာလမှာတော့ အမေ့အိမ်ခန်းမှာပဲ ကျွန်တော်တို့ ခိုဖြစ်ခဲ့ပါသေးတယ်။

ညားခါစ သန်းခေါင်ယံ တစ်ညမှာ ဖုန်းက မြည်လာလို့ အိပ်ချင်မူးရီနဲ့ ဖုန်းကို လှမ်းကိုင်လိုက်မိတဲ့အခါ ယောကျာ်းသံတစ်သံက “တူးတူးရှိလား”လို့ မေးလှာပါတယ်။

ကျွန်တော် သိလိုက်တယ်။

“ဖုန်းမှားနေတယ် ခင်ဗျ…၊ တူးတူးရဲ့ ဖုန်းနံပါတ်က ၈ ၂၄ ၂၅ ပါ။ အခု ၈ ၂၅ ၂၄ ကို ရောက်နေပါတယ်”လို့ ဖြေလိုက်မိတယ်။ တစ်ဖက်လူက “ဟာ… ဟုတ်သားပဲ ဆောရီး၊ ဆောရီး”လို့ ပြောပြီး အလောသုံးဆယ် ဖုန်းချသွားပါတယ်။

လှုပ်ခါတတ်တဲ့ ကိုင်းဖျားလေးဟာ အရှိန်ကုန်လို့ ငြိမ်ခဲ့ပြီလို့ ကျွန်တော် ထင်တစ်လုံး ရှိမိသမျှ တစ်စစီ ပြိုကျသွားတဲ့ ညပါပဲ။ ငြိမ်နေတဲ့ ကိုင်းဖျားလေးခမျာ လေအဝှေ့မှာ ဆတ်ခနဲ တစ်ချက် ခါသွားရပြန်ပြီကောလေ…။ သြော်… ချိုနွယ်သင်းရယ်လို့ တိတ်တိတ်ကလေး ညည်းမိသွားတာ အဲဒီ့ညကပါ။

ညာဘက်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဇနီးသည် “နွယ့်”ကို စောင်ပါးလေး လွှမ်းပေးလိုက်တယ်။ ပြန်အိပ်လို့ မရတတ်နိုင်တော့တဲ့ အတူတူ စာအုပ် တစ်အုပ်၊ ဆေးလိပ် တစ်တိုနဲ့ မိုးလင်းသွားခဲ့ရတာလည်း အဲဒီ့ညကပါပဲလေ…

၃။
၁၉၉၀ပြည့်နှစ်မှာ သမီးကို မွေးပါတယ်။

သမီး အခါလည်စလောက်မှာ ချိုနွယ့်အသံ ကြားရပြန်တယ်။ အိပ်ရာပေါ်မှာ ကစားနေတဲ့ သမီးရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေက အိပ်ယာဘေးက ဖုန်းနဲ့ စကားပြောနေတဲ့ ကျွန်တော့်ပတ်လည်မှာ လွင့်ပျံ့လို့နေတယ်။

“ဘာသံတွေလဲဟင်…”လို့ ချိုနွယ်က မေးတဲ့အခါ “သမီး ဆော့နေတာ”လို့ ဖြေလိုက်ပါတယ်။ သူ ခဏငြိမ်ကျသွားတယ်။ ခဏလေးကြာမှ…
“သူ အိမ်ထောင်ကျသွားပြီလား…”

“ဟုတ်တယ်… ၈၈၊ မေတုန်းက…”

ခဏ ငြိမ်နေပြန်တယ်။

“ဒါဆို ဒါပဲလေ၊ သူ့မိန်းမကို အားနာစရာ ကောင်းပါတယ်…”

“ရပါတယ်။ ကိုယ့်ဇနီးက သဘောထား ပြည့်ဝပါတယ်…”

“ဘာပဲဖြစ်ဖြစ်၊ ချို့အတွက် မကောင်းလှဘူးလေ၊ ဒါပဲနော်…”

သည်တစ်ကြိမ်မှာတော့ ကိုင်းဖျားလေးက မဆိုစလောက်ကလေးပဲ ခါတော့တာကို သတိထားမိတယ်။ သမီးငယ်လေးကြောင့် ထင်ပါရဲ့…။

နောက်ဆက်တွဲ
ချိုနွယ် ကျွန်တော့်ဆီ ဖုန်းဆက်ပြီးတဲ့နောက် တစ်နှစ်ခွဲလောက်အကြာမှာ သူ့မင်္ဂလာသတင်းကို သတင်းစာတွေထဲမှာ ဖတ်လိုက်ရတယ်။

ဝဿန်အလီလီကို ကျော်ဖြတ်လာရတဲ့ သစ်ပင်မှာ ကိုင်းသစ်တွေက ဖြာ၊ ရွက်နုသစ်တွေက ဝေ… ဆာ… နေလိုက်တာများ တစ်ချိန်တုန်းက လှုပ်ခါတတ်ဖူးတဲ့ ကိုင်းအိုကလေးကို မနည်း ရှာယူရတဲ့အထိပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ…

မင်္ဂလာသတင်းကို ကြည့်နေမိရင်းနဲ့ တစ်ချိန်တုန်းက လှုပ်ခါခဲ့ဖူးတဲ့ အကိုင်းအခက်ကလေးကို ပြန်လို့ သတိရမိသွားရတာကိုတော့ ပျော်ရွှင်စွာ ဝန်ခံရပါလိမ့်မယ်။

တစ်ချိန်တည်းမှာပဲ နားခဲ့ဖူးတဲ့ ငှက်ကလေးကိုလည်း…

(မေ ၈ ၉၆)

————————————————————————————–

ချစ်စွာသော စာဖတ်သူများခင်ဗျား…

ပန်းဝေသီမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကျွန်တော့် “တေလေဂဏန်း ငါးလုံးတွဲ” ဇာတ်လမ်းကတော့ အမှန်တကယ် ပြီးဆုံးသွားပါပြီ။ သို့သော် အဲဒီ့ဇာတ်လမ်း ပါဝင်တဲ့ ကျွန်တော့်ရဲ့ “ခြေရာ ပြိုးပြောက် လွမ်းပွင့်ကောက်သီ” (ကိုယ်တိုင်ကြုံဝတ္ထုတိုများ) လုံးချင်း စာအုပ်ထဲမှာတော့ သည်ဇာတ်လမ်းရဲ့ အဆုံးမှာ “၀တ္ထုနောက်မှာ ပြောချင်တာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြည့်စွက်ချက်လေး ပါနေပါသေးတယ်။

အဲဒါလေးကိုတော့ နက်ဖြန်ခါမှပဲ ဆက်လက်တင်ဆက်ပါရစေတော့ ခင်ဗျား။

အားပေးကြသူအပေါင်းကို အထူးပင် ကျေးဇူး ဥပကာရ တင်ရှိပါတယ်။ ဘလော့ဂါ ရင့်မာကြီး တစ်ဖြစ်လဲ သွားလေတဲ့ “ချို့”ကိုလည်း သည်နေရကပဲ ကျေးဇူးစကား ဆိုလိုက်ချင်ပါတယ်။ ချိုသာ သည်ဇာတ်လမ်းရဲ့ ချို့ဘက်က Side B ကို ဘလော့မှာ မတင်ခဲ့ဘူးဆိုရင် သည်ဇာတ်လမ်းကို ပရိသတ်က သည်လောက် စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အခုတော့ ချို့ ပရိသတ်အားကြောင့် သည်လောက်အထိ အားပေးကြတာလို့ နားလည် ခံယူပါတယ်။ သည်အတွက် ချို့ကို ကျေးဇူးတင်ပါတယ်။

တစ်ဆက်တည်းမှာ ပြောပါရစေ ချို…

ချိုနဲ့ ကိုယ်နဲ့ ခင်မင်ခဲ့ကြတဲ့ သက်တမ်းတစ်လျှောက်မှာ ကိုယ့်ဘက်က ချို့အပေါ် ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ တစ်ကြိမ်တစ်ခါ တစ်ရံ တစ်ဆစ်သော်မျှ ပြစ်မှားမိခဲ့တာများရှိခဲ့ရင် ချို ခွင့်လွှတ်ဖို့ ကိုယ်က လှိုက်လှိုက်လှဲလှဲ ၀န်ချတောင်းပါတယ်ပါတယ် ချို…။ အလားတူပဲ ချိုနဲ့ ကိုယ်နဲ့ ခင်မင်ခဲ့ကြတဲ့ သက်တမ်းတစ်လျှောက်မှာ ချို့ဘက်က ကိုယ့်အပေါ် ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ တစ်ကြိမ်တစ်ခါ တစ်ရံ တစ်ဆစ်သော်မျှ ပြစ်မှားမိခဲ့တာများ ရှိခဲ့ရင်လည်း ချို့ကို ကိုယ် ကျေကျေနပ်နပ် ခွင့်လွှတ်ပါတယ် ချို…

တစ်ခါက ငှက်ကလေး ချို အပါအ၀င် ၃၁ ဘုံမှာ ကျင်လည်ကြကုန်သော ဝေနေယျသတ္တ၀ါအပေါင်း နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ

အတ္တကျော်

(မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ – ၂၃၀၁၁၀)

[၁၉၉၆ခုနှစ် သြဂုတ်လထုတ် ပန်းဝေသီ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ကျွန်တော့်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ” (ကိုယ်တိုင်ကြုံ ၀တ္ထုတိုများ) စာအုပ်ထဲမှာ ဖော်ပြခဲ့တဲ့ ၀တ္တုကို ပြန်လည်တင်ဆက်ထားတာပါ။]
Advertisements

69 thoughts on “Phone Story (Part 2)

  1. ဆရာရေ … ဆရာ့ဖုန်းဇာတ်လမ်း မျှော်နေရတာ ကြာပေါ့။
    တင်မယ့်တင်တော့လဲ ဆန့်တငန့်ငန့်ပါလား။
    အခန်းဆက်တွေဆို ဖတ်ရတာ ဖီလင်အောက်လွန်းလို့ မြန်မြန်တင်ရန် တိုက်တွန်းလိုက်ပါကြောင်းးးး။

  2. ထိပ်ဆုံးက ၁၅ က အပိုင်း (၁၅)လား၊ စာအုပ်ထဲက (၁၅)ပုဒ်မြောက်လား ဆရာ။

    • ဟုတ်ကဲ့ခင်ဗျာ… ၀တ္ထုဆုံးရင် ဇာတ်ရည်လည်သွားပါလိမ့်မယ်ခင်ဗျား။

    • သည်းခံတော်မူကြပါခင်ဗျာ။ ကျွန်တော်က အသက် တော်တော်ကြီးနေပြီခင်ဗျ။ အတိတ်အကြောင်းကို ပြန်ပြောင်းတဲ့အခါ ကျွန်တော့်အသက်အရွယ်အရ ဖြည်းဖြည်း လေးလေးနဲ့ တသသ တရရ ခံစားနိုင်မှ တန်ကာကျပါလိမ့်မယ်။ မဟုတ်ရင် နှလုံးလေဟပ်ပြီး မတ်တတ်ကလဲကာ သေပွဲဝင်သွားနိုင်ဖွယ် ရှိပါတယ်။ အင်မတန် ဟတ်ထိခဲ့ရတဲ့ ဇာတ်လမ်းလေးပေကိုး ခင်ဗျာ။ (ချင့်ယုံ… ချင့်ယုံ…) 😀

      • ပညာရှိနည်းနဲ့တော့ မနှိပ်စက်နဲ့ပေါ့ ဆရာရယ်။ နည်းနည်းလေးလည်းတင်သေး …. အချိန်အများကြီးကြာအောင်လည်း စောင့်ရသေး။ 😦

  3. အင်း ဇာတ်ရှိန်တော့ တက်လာပြီ။
    ခန့်မှန်း ရမ်းတုတ်တာလဲတော်တယ်နော် … စာရေးဆရာဖြစ်မယ့်လူလို့ မပြောရဘူး။ 😀
    နောက်အပိုင်းတွေ မျှော်နေပါသည်။

  4. Facebook မှာ ရေးသွားကြတဲ့ ကွန်မန့်များကိုလည်း ဖော်ပြပေးလိုက်ချင်ပါသေးတယ်။ နာမည်တွေတော့ သူတို့သဘော မသိလို့ မဖော်ပြတော့ပါ။

    တစ်ယောက်က – စောင့်လိုက်ရတာ ဆရာ…
    နောက်တစ်ယောက်က – ပြန်ဖတ်ရတာ ပျော်စရာကြီးပါ ဆရာ…
    ဓာတ်သိတစ်ယောက်က – ရည်းစားဟောင်းတွေ နာမည်တောင် မပြောင်းပါလား…

    အဲတော့ ကျွန်တော်က – ဟာ… လုပ်ပြီဗျာ… တားက လိမ်တတ်ဘူးဂျ
    ဓာတ်သိက – ၄၅လမ်းလား၊ ၃၉လမ်းလားတဲ့။
    အဲတော့ ကျွန်တော်က – (အဲဒါတော့ ပြန်မဖော်ပြတော့ဘူးနော်)

    အဲဒီ့မှာ ဓာတ်နည်းနည်းသိသူ နောက်တစ်ယောက်က – အော်… မေးသူက အန်တီစမ်းကိုး… နယူးစ်ဖိဒ်မှာရော လိုက်ဖ်ဖိဒ်မှာပါ ကြော်ငြာထားတာပဲ… ဒါကြောင့် ဒီနေရာက ကွန်မန့်တွေ ဟိုဘက်မှာ မတွေ့တာ.. ။
    မူလလက်ဟောင်း ဓာတ်သိက – စိတ်ချပါ ရည်းစားဟောင်းတွေ မသိပါဘူး အသစ်သာ မရိပ်မိစေနဲ့။
    ဓာတ်နည်းနည်းသိက – LOL… to Sayar.
    ကြားက တစ်ယောက်က – ၂ခန်းချင်းဖြည့်နေတာလားဆရာ… korea ကားကြည့်ရသလိုပဲ… မျှော်မျှော် နေရတာပေါ့နော်… စိတ်ရှည်ရတော့မှာပေါ့… သိပ်မရှည်ချင်ဘူး… မြန်မြန်တင်ပေးပါ… plzzzzzzzzzzzzzz…. 🙂
    ကျွန်တော်က – To ဓာတ်နည်းနည်းသိ ထံ – I must take your LOL as “Lots of Love,” instead of “Laughing out Loud.” LOL!

    တာ့တာ… 😀

  5.ဲဖုန်းထဲကအသံက လူချင်းတွေ့တာထက် ပိုဆိုး(စွဲ)တယ် လို့ထင်တာပဲ…ဟုတ်လား ဆရာ..ဟိဟိ…သမီးကိုတွေ့ရင် မဆူနဲ့နော်…

    • ကျွန်တော်မျိုးဖြင့် မလျှောက်တတ်ပါ။ သေချာတာကတော့ အိမ်က မိန်းမကြီးလည်း ဖုန်းထဲက အသံနဲ့ စခဲ့ရာက အကြင်လင်မယားဘ၀ကို ရောက်ခဲ့ကြပြီး အခုဆို သမီးတစ်ယောက် သားတစ်ယောက်တောင် ထွန်းကားလာခဲ့တာပဲကွယ်။ အင်း……………………..

      • “အိမ်က မိန်းမကြီး”ဆိုတဲ့ အသုံးက အများပြည်သူ ဖတ်ရှုဖို့ တင်တဲ့အခါ သုံးတာလေကွယ်။ တို့ချင်း၊ တို့ချင်းကြားက အနုအရွတွေနဲ့ သမုဒယတွေတော့ ဘယ် လူသိရှင်ကြား ပြောပါ့မလဲကွယ်။ ချက်ချာကြီး… 🙂 🙂 😀

      • 2010/01/22 at 11:42am | In reply to lettwebaw.

        ခါတိုင်းဆိုရင် ကျွန်တော့်အိမ်သူသက်ထား ဘာညာ သုံးလို့ပါ ဆရာရဲ့။ အခုဟာကျ … မိန်းမကြီးဆိုတော့ မိန်းမလေးတွေများ ရှိသလားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပြီ 😀

  6. ဒီဇာတ်လမ်းကို တင်ပါလို့ တောင်းဆိုခဲ့ဖူးတယ်။ လာရောက်အားပေးဖတ်ရှု ခံစားသွားပါကြောင်း။ နောက်အခန်းတွေ စောင့်ဖတ်နေပါမယ်။

  7. ဟိုဘက်က တခြမ်းပဲ့ဖတ်ကတည်းက နာရီသံကြီးကို စိတ်ဝင်စားပြီး မှတ်မိနေတာ။
    အဲဒီတုန်းက ဘယ်သူမှန်း မသိဘူးလေ။ စိတ်ထဲမှာတော့ ဒီစာရေးဆရာ စုံထောက်ဝတ္ထုရေးတဲ့သူပဲ ဖြစ်ရမယ်လို့ … တွေးနေတာ။
    အဟမ်း … လက်စသတ်တော့ လက်စသတ်တာကိုး။
    ဟဲဟဲ … နွယ်ချိုလျက်ဆားလေးကို ကွမ်းရွက်နဲ့စားပြီး လွမ်းလျက်နဲ့ သွားခဲ့ရပုံလေး ဆက်လက်ဖတ်ရှုရန် စောင့်မျှော်နေပါ၏။

  8. ဟောတော့်
    ဆရာက တကယ်ကို မထင်ရဘူးနော်။ တကယ် စာရေးတာ အရမ်းကောင်းတာပ။ဲ
    ဒီလိုမျိုးတွေ ရေးတတ်မယ်လို့ တကယ်မထင်မိခဲ့ဘူး။ သမီးတို့လို စာဖတ်ပရိသတ်တွေ လည်ပင်းရှည်အောင်တော့ မလုပ်ပါနဲ့ ဆရာ။

  9. သမီးလည်း ဖုန်းထဲကပဲ စခဲ့တာဆရာရေ့ .. ဟုတ်တယ်။ တော်တော် စွဲပါတယ်။ အချိန်ကျရင် သောက်ချင်လာတဲ့ စီးကရက်လိုမျိုး၊ ကော်ဖီလိုမျိုး။ မြန်မြန်နဲ့ များများ ဆက်တင်ပါဗျို့။ စောင့်နေပါတယ်။

  10. ဒီတစ်ပုဒ်တင်ဖူးပြီးသားမို့လား..ဆရာ။။
    ဆရာတင်ဖူးတာရော..
    ဟိုးး..ဟိုး..အရင်က ဖတ်ဖူးတာရော..ရောနေပြီ
    ပြန်ရှာဖတ်ဦးမှပဲ….ဟဲဟဲ။။

    • ဘလော့(ဂ်)မှာ အခုမှ တင်တာပါ။ ၁၉၉၆ခုနှစ်က မဂ္ဂဇင်းထဲမှာ ပါဖူးပါတယ်။ ၂၀၀၄ ခုမှာ ထုတ်ဝေခဲတဲ့ ၀တ္ထုတိုပေါင်းချုပ်မှာလည်း ဖော်ပြထားပါတယ်။
      အဲ… ဟိုး… ဟိုး အရင်က ဘလော့မှာဖတ်ဖူးတယ်ဆိုတာက မနှစ် တစ်နှစ်လောက်က ဖြစ်မှာပါ။ ပြန်ရှာဖတ်ဖို့တော့ စိတ်မကူးပါနဲ့တော့။ အဲဒီ့ ကာယကံရှင်က ဖြုတ်လိုက်ပါပြီ။ အဲတုန်းကတည်းက ကော်ပီ၊ ပေ့(စ်)လုပ်ထားခဲ့ဖူးတယ်ဆိုရင်တော့ ပြန်ရှာပေါ့ဗျာ။ တွေ့ရင် ကျွန်တော့်ဆီလည်း ပို့လိုက်ဦး။ 😀

      • တွေ့ရင် ကျွန်တော့်ဆီလည်း ပို့လိုက်ဦး တဲ့… ခွိခွိ

  11. ဆရာ လိုချင်သော တခြမ်းပဲ့။ reader ထဲကနေ ကော်ပီပေ့စ် လုပ်လိုက်ပါ၏။
    ဖတ်ရှုတော်မူကြပါကုန်။

    ========================

    Old.. B.. friend /2

    အနုပညာက စိတ်နှလုံးကို ပျော့ပျောင်းစေတယ်။ ထူးအိမ်သင်ရဲ့ ရာဇဝင်များရဲ့ သတို့သမီး သီချင်းကို နားထောင်လိုက်တာ နှလုံးသားက အတိတ်တစ်ခုကို သတိရမိစေခဲ့တယ်။

    ငယ်စဉ်ကာလ ဆိုပေမဲ့ ရည်းစားက ရှိပြီးခဲ့ပါပြီ။ ၁၆ နှစ်ကတည်းက ရည်းစားထားတာဆိုတော့ တက္ကသိုလ် တက်တဲ့အချိန်မှာ ရည်းစားက ရှိပြီးပါပြီ။ ဒါပေမဲ့ ရှုပ်တတ်တဲ့သူက ရှုပ်တတ်တာပဲဆိုတော့ ဇာတ်လမ်းလေး တစ်ခုဖြစ်မိတယ်။ ဖုံးမှားတဲ့ ဇာတ်လမ်းပါပဲ။ ပြောပြီးပါကောလား၊ ခင်ဖုံးကြည်ပါလေ။ ကိုယ့်သူငယ်ချင်းနံပါတ်က ….၂၄၂၅ ပါ။ မှားပြီး ၂၅၂၄ ကို ခေါ်မိတယ်။ ဖုံးမှားသွားမှန်းသိပေမဲ့ အဲဒီသူရဲ့ အသံက ကောင်းလွန်းတယ်။ ဆွဲဆောင်မှု ရှိတယ်။ မိန်းကလေးများနဲ့လဲ စကားပြောတတ်တယ်။ သူ့အသံကို စွဲလန်းမိလို့ ဖုံးမှားချင်ယောင် ထပ်ဆောင်ပြီး ဆက်ဆက်မိတယ်။ သူကလည်း ရိပ်မိပါတယ်။ ဆရာကြီးပါပဲ။ တချို့သော အမျိုးသားများက မိန်းကလေးများနဲ့ အဆင်ပြေအောင် စကားမပြောတတ်ပါဘူး။ သူတို့ရဲ့ လေ့လာ အားထုတ်မှုနဲ့ ဗီဇပါ ပါလိမ့်မယ်။

    အဲလိုနဲ့ စာကျက်ရင်းနဲ့ပျင်းလာရင် ဖုံးဆက်မိတယ်။ များသေားအားဖြင့် သူကလည်း ဖုံးကို ပင်တိုင် ကိုင်တဲ့သူဖြစ်ပါတယ်။ ဘယ်သူမှန်းလဲမသိ၊ ဘယ်ဝါမှန်းလဲ မသိ၊ ဒါပေမဲ့ အဲဒီခေတ်က ဖုံးရှိတဲ့အိမ်ဆိုတာ ဖွတ်ကျားတော့ မဖြစ်နိုင်ဘူးဆိုပြီး ကိုယ်လည်း ဆက်ပြီး ဆက်သွယ်မိတယ်။ ကိုယ့်နံပါတ်တော့ မပေးဘူးပေါ့။ ဟိုခေတ်ကလည်း caller ID ဆိုတာ မရှိခဲ့ဘူးလေ။ ချစ်တယ်လို့ မပြောဖြစ်ဘဲ စကားတွေ တော်တော်များများ ပြောဖြစ်ခဲ့ကြတယ်။

    အဲဒီမှာ ကိုယ်ဘယ်သူလဲဆိုတာကို သူ စုံစမ်းတာပါ။ ကိုယ်ကလည်း ဖွက်။ မိန်းကလေးဆိုတာ ရှုပ်ကလည်း ရှုပ်ချင် ဖွက်ကလည်း ဖွက်…။ ဇာတ်လမ်းက ဝန်ကြီးများရုံးရဲ့ နာရီ ထိုးသံပါဘဲ။။ ဒီအသံကို ကြားတဲ့အချိန်မှာ သူလည်း ကိုယ်သည် မြို့ထဲ မလှမ်းမကမ်း ဝန်ကြီးများရုံး အနီးမှာ နေတယ်ဆိုတာ ခန့်မှန်းနိုင်ခဲ့တယ်။ ဘယ်ကျောင်းတက်နေသလဲ ဆိုတာလဲ ခန့်မှန်းနိုင်ခဲ့တယ်။ ပြောပြီးပြီပဲ ဆရာကြီးပါဆို…။ တို့ အတော် ကြွေခဲ့တယ်။ သူ့အပြောတွေထဲမှာ…။

    တစ်ခါပဲ တွေ့ခဲ့ဖူးတယ်။ ရိုးရိုးပါ။ “မင်း သိတ်ငယ်သေးပါလား” ကိုယ့်ကို ပြောခဲ့တယ်။ သူ့အနေနဲ့ ရှေ့ဆက်တိုးဖို့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ကိုယ်ကလည်း တကယ်တန်းကျတော့ ကိုယ့်ရည်းစားကိုလည်း ဖြတ်နိုင်တာ မဟုတ်ဆိုတော့ ဒီလိုနဲ့ပဲ ဇတ်လမ်းလေးတစ်ပုဒ် ပြီးဆုံးခဲ့တယ်။

    ပြန်မတွေ့တာ အတော်ကြာသွားခဲ့တယ်။ တစ်ခါ နှစ်ပေါင်းများစွာ ကြာပြီးခါမှ ကိုယ် ဖုံးဆက်ကြည့်မိသေးတယ်။ မပြောင်းလဲသေးတဲ့ သူ့အိမ် ဖုံးနံပါတ်ကိုလည်း မှတ်မိဆဲပဲ။ အခြေအနေ အဆင်ပြေတယ်လို့ သူ့အမေက ပြောတဲ့အခါ ဝမ်းသာမိတယ်။

    ဇာတ်ပေါင်းတော့ သူက နာမည်ရ စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ ကိုယ်တို့ဇာတ်လမ်းလေးဟာလည်း သူ့အတွက် စာတစ်ပုဒ် ဖြစ်စေခဲ့တယ်။

    • ကျေးဇူးအလွန့်အလွန်ထက် အလွန့်အလွန် တင်လှပါ၏ Blog Reader ။ သူကတော့ “သံခိပ်”ပေါ့လေ။ ကိုယ်ကတော့ “သိပ်ခံ”ခဲ့ရတာ အမှန်ပါပဲ။ အင်း… ပြန်ပြောရင် လွမ်းလွမ်းသေးတယ်… သံယောဇဉ် နွမ်းနွမ်းလေးရယ်လို့ ညည်းရတော့မလိုပါပဲလားနော်…

      • အဲဒီအပုဒ်ရဲ့ ကောမန့်တွေ ဖတ်ရရင်တော့ ဆရာမလွမ်းရပဲ ဝက်ဝက်ကွဲရယ်ရမှာ ၊၊ မှတ်မိသေးတယ်။
        ဘယ်သူဖြစ်မလဲ ခန့်မှန်းလိုက်ကြတာဆိုတာ မြန်မာပြည်က စာရေးဆရာတွေကုန်ရော၊ ဆရာမောင်သာရတောင် သံသယစာရင်းထဲပါသေး ၊
        ကာယကံရှင်ကိုလည်း မသိပဲနဲ့ ထည့်မှန်းမိကြသဗျ။

      • အခုလို နှစ်ခြမ်းစလုံးပြန်ဖတ်ရတာ ဝမ်းသာလိုက်တာဆရာ…

        (တွေ့ရင်မှတ်မိဦးမယ်ထင်ပါတယ်…တခါတလေလည်း သတိရပါတယ်…. )လေးဖြူသီချင်းလေးဆိုပြီးပြန်သွားပါတယ်..။

    • အခုမှ ကွန်မန့်တွေ ပြန်ဖတ်ရင်း မာန်နည်းနည်း တက်သွားတယ်ခင်ဗျ။ ခေါင်းစဉ်ကို ကြည့်လေ… Old.. B.. friend/2 တဲ့။ ဒါဆို ကျွန်တော်က နံပါတ် ၂ ပေါ့နော်။ မဆိုးပါဘူး။ နှစ်သိမ့်ဆုထက်စာရင် ဒုတိယက… အင်း…

  12. ဟိုဘက်က တခြမ်းဆိုတာ ဖတ်ဖူးသူတွေသိပ်ပြောကြတယ် … ဖတ်ချင်လိုက်တာနော်…။ ရှိတဲ့သူများ မစကြပါလား။

    • ဟိုဘက်က တစ်ခြမ်းထဲမှာ ညွှန်းထားလေတဲ့ ကျွန်တော့်အသံကို နားမဆင်ဖူးသူများအနေနဲ့ ဘယ်လို အသံဆိုးမျိုးလဲဆိုတာ သိချင်တော်မူကြတယ်ဆိုရင်ဖြင့် http://lettwebaw.mylovecafe.com/2009/09/28/audio-this-time-last-year/ မှာ သွားရောက်ပြီး ကိုယ့်ဒုက္ခကိုယ် ရှာနိုင်ကြောင်းပါ ခင်ဗျား။ 😀 🙂 😦

      • ဆရာကလည်း .. လှပါတယ်ဆိုမှ.. ရေမချိုးရသေးဘူး လုပ်နေပြီ.. မူတတ်ပါ့

  13. အိုး… နောက်ကျမှ ရောက်လာတာ ကောင်းတောင် ကောင်းနေသေးတော့… :))
    ပို့စ်ရော… ကော်မန့်တွေရော… ဟိုဖက်က တခြမ်းရော… :))
    ဖတ်စရာတွေကို စုံလို့…

    • ဇာတ်လမ်းလေးအပြီး Comments တွေ ဖတ်ရင်း…
      ဘယ်နား Comment ပေးရ ကောင်းမလဲလို့ စဉ်းစားနေတာ..
      ဒီ Comment လေး တွေ့မှပဲ အပြည့်အ၀ ထောက်ခံချင်စိတ်လေးဖြစ်သွားတာကို ၀န်ခံရင်း…
      ဇာတ်လမ်းလေးကလည်း ကောင်းပါ၏ (ဇာတ်လမ်းလေးဖတ်အပြီး Feel ဖြစ်နေတုန်းမှာပဲ)
      ဆရာက Comments တွေကို ဟာသလေးနှောပြီး Reply လုပ်ထားတဲ့အတွက် (ရယ်မောခဲ့ရပြန်ပါသေးတယ်)
      Side B ကိုပါ ဖတ်ခွင့်ရတဲ့အတွက်လည်း Blog Reader ကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
      🙂

  14. ခုတော့လဲ တခြမ်ပဲ့ စာမူတွေ စုံသွားလေပြီကိုးးးးး

    • အဒေါ်ကြီး ခင်မင်းဇော်တစ်ယောက် သည်ဇာတ်လမ်းမှာ ငြိမ်ချက်သား ကောင်းလှချေလားဆိုပြီး မျက်မှောင်ကုပ်နေမိတာ… အခုမှပဲ သက်ပြင်းချနိုင်ပါတော့တယ်ဗျာ။ ဟင်းးးးးးးးးး 😦 🙂 😀

  15. လွယ်အိတ်အညိုလေးကို လွယ်ထားတဲ့၊ အညိုရောင်ဝတ်စုံလေးနဲ့ အသားညိုညို မိန်းကလေးတစ်ယောက်။

    အဲဒါကို ဖတ်ပြီး ယောဂီဝတ်နဲ့ အလှူခံများ ရောက်လာလားလို့ ရုတ်တရက် ထင်မိတာ။ ဟီး 😀
    နောက်မှ သဘောပေါက်တော့တယ်။ 😉

  16. အိုင်တီခေတ်မှာ တခြမ်းပဲ့ နှစ်ခုကို နှစ်ခြမ်းတည့် ဖတ်ရူမိ ကောင်းပါ၏။
    အမှန်ပြောရင် သံယောဇဉ် ဆိုတာထက်၊ တရွယ်တခါက သူငယ်နာများဟု ဆိုလိုက်ချင်ပါဘိ။

    • အဘကောင်းမြတ်တို့ အရွယ်၊ အဘကောင်းမြတ်တို့ အမြင်နဲ့ဆိုတော့လည်း သူငယ်နာပေါ့ခင်ဗျာ။ တားရို့အရွယ်၊ တားရို့အမြင်နဲ့ကျပြန်တော့လည်း ဆယ်ကမ္ဘာတိုင် မပြယ်သာတဲ့ တစ်ရွယ်တစ်ခါက အတွယ်အတာ ဖြစ်နေတာပေါ့ခင်ဗျာ… သွပ်… သွပ်… သွပ်…. 😀 😀 😀

    • ဘယ်တုန်းက အမျိုးတော်သွားတာလဲလို့ စဉ်းစားမိတယ်။ နောက်တော့မှ သြော်… သူ့နာမည်ကလည်း “ချို”ပါပေတာကိုးဆိုတာနဲ့တင် အဖြေက ထွက်သွားတယ်။

  17. ဒီနေ့ဆို ဇာတ်သိမ်းပိုင်း ဖတ်ရတော့မယ်။ ၀တ္ထုတိုလေးကို ကိုရီးယားကားလိုပဲ စောင့်စောင့်ကြည့်နေရတာ။

  18. 12 နာရီကျော်ပြီ၊ နောက်တစ်နေ့ရောက်ပြီ။ ဇာတ်သိမ်းဖတ်ချင်လို့ စောင့်နေတာ

    • မြန်မာစံတော်ချိန်က အခုမှ ၁၁ နာရီခွဲပဲ ရှိပါသေးတယ်။ သည်ကွန်မန့်ရတာ လွန်ခဲ့တဲ့ နာရီဝက်လောက်ကပါ။ ကျွန်တော် တင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ ကော်နက်ရှင်က ကျွန်တော့်ဘက်မှာ မရှိပါခင်ဗျား။ သည်ကွန်မန့်ကို မော်ဒရိတ်လုပ်ဖို့တောင် ၁၅ မိနစ်လောက် ကြိုးစားခဲ့ရပါတယ်။ ပြန်ကြားချက်ရေးဖို့ နောက် ၁၅ မိနစ်ကြိုးစားခဲ့ရပါတယ်။ အဲဒီ့အတောအတွင်းမှာ ကျွန်တော့်ဘက်က တင်ဖို့ အသင့်ဖြစ်နေသောလည်း ကော်နက်ရှင်ကြောင့် edit post ဆိုတဲ့ စာတန်းသာ ပေါ်နေပြီး ဘာမှ ပေါ်မလာလို့ refresh လုပ်ရတာလည်း ငါးခါ ရှိပါပြီခင်ဗျား။

  19. ဖတ်လို့ကောင်းလိုက်တာ … အဆုံးသတ်လေးကို အကြိုက်ဆုံးပဲ။ ခဲမှန်ဖူးတဲ့ ဂုမ္ဘာန်က ခဲလုံးလေးမဟုတ်တဲ့ ပန်းပွင့်လေးနဲ့ အကြောင်းပါသွားတာပေါ့နော်။
    အခုရော ကိုင်းဖျားလေးက မဆိုစလောက် ခါသေးလား ဒါမှမဟုတ် သစ်ပင်အိုကြီးက ကျောက်ဖြစ်သွားပြီလား …. ။
    နောက်ဆက်တွဲကို ထပ်မျှော်ရအောင် လုပ်ထားပြန်ပြီ။ ပြီးတာတောင် ဇာတ်မျောကလေးနဲ့ …. ။ 😛

  20. မိုက်တယ်ဆရာရေ့ … ။
    ဂဏန်းလေးတွေကို ၁၅ ကနေ ၀ ထိ။ ပြီးတော့ သုညကမှနေ .. ၁ . .. ၂ … ၃ လို့ထိုးထားတဲ့ပုံလေးကို သဘောအရမ်းကျတယ်ဆရာ။
    အရေးအသားလည်း အရမ်းညက်တယ်။ နောကဆက်တွဲမှာ ရေးထားတာလေးကိုအကြိုက်ဆုံးပဲ။

    ကွန်နက်ရှင်မကောင်းတဲ့ကြားက နောက်ဆုံးပိုင်းကို မပျက်မကွက်တင်ပေးတဲ့ဆရာ့ကို ကျေးဇူးတင်ပါကြောင်း။

  21. ဒီစာက ဖတ်ပြီးသားပါ ဆရာ။ တော်တော်များများလည်း မှတ်မိနေပါတယ်။ ကြိုက်လွန်းလို့ နောက်တစ်ခေါက် ပြန်ဖတ်သွားပါတယ်။

  22. ဘာမှန်းမသိဘူး။။
    ငိုချင်စရာကြီးဖြစ်နေတယ်..။။
    ကောင်းပါတယ်…။။
    (သူ့ ထုံးစံအတိုင်း တိုးသက် နူးညံ့လှသလို လေးတိလေးကန်နိုင်လွန်းလှတယ်။)
    ဒီစာကြောင်းကိုဖတ်မိတော့ ပြုံးမိပါတယ်..ဟီးး

  23. ဇာတ်သိမ်းဖတ်ပြီး လွမ်းချင်သလိုလို ဖြစ်သွားတယ်။

  24. ငှက်ကလေးတွေကော..ငှက်ကြီးတွေပါ မကြာခဏဆိုသလိုနားနားနေတော့ကာ သစ်ကိုင်းကြီးလည်းမလှုပ်ခါနိုင်တော့ဘူးထင်ပါတယ်..

    • ဗျာ… ဟာ… ဟာ… ဟာ…
      တားက အရိုးခံလေး၊ simple လေးပါ မမရယ်။ ပါးစပ်ထဲ လက်ညှိုးထည့်ရင်တောင် ကိုက်တတ်ရှာတာ မဟုတ်ပါဘူး။ (တပြွတ်ပြွတ်နဲ့ စုပ်တတ်တာလေး တစ်ခုပါ ခညာ…) အဲလောက်လည်း အထင်မကြီးပါနဲ့ (သို့မဟုတ် အထင်မသေးပါနဲ့) သွပ်… သွပ်… သွပ် 😀

  25. အခုတလောတော့ ဆရာ့ဆိုဒ်ထဲ ဓာတ်ကျနေတယ်ဆရာ၊ တော်တော်မွှေနောက်ဖတ်ရှုနေပါတယ်၊ ကျေးဇူးလည်း အလွန်တရာတင်ပါတယ်နော့။

  26.့်နှလုံးက နုလွန်းတယ်။ လူပျိုပေါက်ကတည်းက နာခဲ့၊ ကွဲခဲ့ရဖန် များလွန်းလို့ မာသွားပြီ မထင်နဲ့၊ နာရလွန်း၊ ကွဲရလွန်းတော့ အသားနုတွေနဲ့ချည်း ဖွဲ့တည်နေတဲ့ နှလုံးထင်ပါရဲ့ဗျာ။ ထိလွယ်၊ ရှလွယ်၊ ပွန်းပဲ့လွယ်နေတော့တာများ…(မိုက်တယ် ဗျာ ဆြာ အဲ စာလေးတွေ တိုက်ဆိုင်တယ် ဟာ ဟဟဟဟဟဟ )

  27. တော်သေးတယ်ဆရာ .. ငှက်ကလေးက ငယ်နေလို့ … ငှက်ကြီးကြီးသာဆို သစ်ကိုင်းလည်းကျိုးလို့ မမစံစံ လေး မနားရဖြစ်နေဦးမယ် ..
    တော်သေးပြီ.. နောက်မှဆက်ရေးမယ် ..ပြန်ဖတ်လိုက်ဦးမယ် .. ဟိဟိ

  28. ဆရာ့စာဖတ်ပြီး ရင်ထဲမှာ အမည်မသိတဲ့ဝေဒနာတစ်ခု ကျန်ခဲ့တယ်ဆရာ..ဘာကျန်ခဲ့လည်း ဆိုတာလည်း မသိဘူး..ဆရာ အရေးအသားတွေ အရမ်းကောင်းပါတယ် ဆက်လက်ပြီးလည်း ရေးနိုင်ပါစေ။

  29. အရမ်းကောင်းပါတယ် … ဇာတ်လမ်းလေးဖတ်ပြီးခံစားရတယ်.. comment တွေဖတ်ပြီးပျော်၂ရွှင်၂နဲ့ တခြား topic ပြောင်းလိုက်ပါအုန်းမယ်ရှင် … ဆရာ့ကို ကျေးဇူးတင်ပါကြောင်း….

  30. oh la la…
    ဖတ်လို့ အပြီးမှာ ထပြန်သွားတဲ့ ငှက်ကလေးနဲ့ တဆတ်ဆတ်ခါပြီး ကျန်ခဲ့တဲ့ သစ်ကိုင်းလေးကို ပြေးမြင်မိတယ်…
    အဘလဲ နုတုန်းပဲကို…

    • နုစဉ်အခါကပါကွယ်… အခုတော့ မနုနိုင်ရှာတော့ပါဘူး။ ရေးခဲ့တဲ့ ခုနှစ်ပဲကြည့်လေ။ ၁၉၉၆ ဆိုတော့ အခုဆို ၁၅ နှစ်တောင် ကျော်ပေါ့။ အဲတုန်းက နုခဲ့တာပါ သာမီး လူမမာနွယ်ရယ်… 😛

  31. ဖတ်ရင်းနဲ့ ဇတ်သိမ်းပိုင်းကို သိတော့မလိုပဲ။ဇတ်သိမ်းကတော့ နာတော့မယ် ဆိုတာ။ အတော်စိတ်လေသွားတယ်။:(
    ဆရာလိုမျိုး စာရေးတတ်ချင်လိုက်တာ။ရသမြောက်အောင်တော့ မရေးတတ်ဖူး။ ဒါပေမယ့် သတင်းတော့ နဲနဲပါးပါး ရေးတတ်တယ်။
    ဒါနဲ့ ဟိုဘက်တစ်ခြမ်းက ဘယ်ဘလော်ဂါလဲမသိ?
    သိတဲ့သူရှိရင် ပြောပြကြပါ။

  32. အတူတူပဲ ဖုန်းကနေ ဇာတ်လမ်းစလာတာ အခုဆို နှစ်ယောက် ရှိသွားပြီ ဟဲဟဲ… နှစ်ယောက်လုံးက အသံကြောင့် ကြွေတာတဲ့ရှင့်… ဟုတ်မဟုတ်တော့ သိဘူး… ဆရာ့ကို တကယ် လေးစားတယ်… ဆရာက တကယ်တော်တယ်… ဆက်လုပ်

  33. အဲလိုဖုန်းဇာတ်လမ်းလေးတခု၇ှိခဲ့ဖူးတယ် ဟဲဟဲ စိတ်ဝင်ဇားမယ်ဆို၇င် ကုန်ကြမ်းလေးတခုဆ၇ာ့အတွက် ၇လောက်ပါ၇ဲ့ ဟိဟိ

  34. သူ့ဘက်က ကျွန်တော့်ကို အစောကြီးကတည်းက သေသေချာချာ ပြောထားနှင့်ခဲ့ပြီးသားပါ။ သည်ကြားထဲကမှ တိမ်းမူးသွားတဲ့ ကျွန်တော့်နှလုံးသားမှာ နားရွက် မပါခဲ့တာမို့လည်း သည်ဇာတ်လမ်း ဖြစ်လာရပါတယ်လို့ ဆိုရပါလိမ့်မယ်။ ဆိုတဲ့စာသားကိုတွေ့တော့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိတယ်ဆရာ… သမီးလည်းခု နားရွက်မပါဘူးဖြစ်နေပါတယ်….

  35. ဆရာလုပ်မှ မေ့တေ့တေ့ဖြစ်နေတဲ့ ဖုန်းဇာတ်လမ်းတွေ ပြန်သတိယသွားတယ်… ကျေးဇူးပါဆရာ… ခုလို ခံစားရတဲ့ဖီလင်ကို ကြိုက်လိုပါ… ရင်မခုန်တာ ကြာပေါ့…
    .

  36. ဆရာ့အဖြစ်က ကျွန်တော့်အဖြစ်နဲ့ တစ်ပုံစံထဲဘဲ… သူငယ်ချင်းမိန်းကလေးရဲ့ အစ်မနဲ့ အဲ့သလိုဆုံဖြစ်တာ… သူတို့က တစ်အိမ်ထဲနေတော့ တိုင်ကပ်နာရီအသံက ကျွန်တော့်အတွက် သဲလွန်စပေါ့… လူချင်းတော့ မတွေ့ဖူးလိုက်ပါဘူး… နောက်တော့ ကျွန်တော်လည်း အလုပ်နဲ့ နယ်ရောက်… သူက အိမ်ထောင် အစောကြီးကျ… တလောက သူငယ်ချင်းနဲ့ ပြန်တွေ့တော့ သူ့အမျိုးသား ဆုံးသွားပြီး မုဆိုးမ ဖြစ်နေပြီလို့ ပြောတယ်… အကူအညီ လိုရင် ပြောပါ… တတ်နိုင်သလောက် ကူညီပါ့မယ်လို့ ပြောထားတယ် ဆရာ… ဆရာ့လောက်တော့ လွမ်းစရာ မကောင်းပါဘူး။

    ဟိုးအရင် ဒီဝတ္ထုလေး ဖတ်ဖူးခဲ့စဉ်ကတည်းက အတိတ်ကို ပြန်သတိရနေမိတာ… ခုလို ပြန်ရင်ဖွင့်ခွင့်ရတော့ ရေးချင်နေတာနဲ့ အတော်ဖြစ်သွားတယ်… ဆရာရဲ့ စာရေးတတ်တဲ့ အစွမ်းကတော့ အရမ်းလေးစားသွားပြီ ဆရာရေ… ဆရာ အခုထက်ပိုပြီး ရသစာပေတွေ များများ ရေးနိုင်ပါစေ…

  37. အရမ်းကောင်းတဲ့ စာသားတွေနဲ့ ဇာက်လမ်းလေးပါ… ကျွှန်တော်လည်း ဒိဇာက်လမ်းလေနဲ့ ထပ်တူထပ်မျှ ခံစားရပါတယ်ခင်ဗျ… ခပ်ဆင်ဆင် တိုက်ဆိုင်မူလေးပါဗျာ… ဖွင့်မပြောလိုက်ရခြင်းဟာ လွမ်းဖို့အစလို့ ထင်မိလိုက်ပါတယ် ခင်ဗျ… ဖွင့်ပြောလိုက်မယ်ဆိုရင်… ချစ်သူဖြစ်နိုင်တယ်လေ… မဟုတ်လားခင်ဗျ…

Leave a Reply to အိအိ Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s