Skip to content

Lies and an Important Role of Parents

12 February 2010

ကနေ့ ၁၂-၂-၂၀၁၀ (ပြည်ထောင်စုနေ့)မှာ ရန်ကုန်မြို့၊ ကမာရွတ်လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းမှာ ရှိတဲ့ “အင်းဝစာအုပ်တိုက်ခွဲ”မယ် နေ့ခင်း ၂ နာရီက ၅ နာရီအတွင်း ကျွန်တော့်ရဲ့ “မိန်းမသားတို့ သိမ်းထားဖို့” စာအုပ် မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ပါမယ်။ ကျွန်တော့်ရဲ့ တခြားစာအုပ်များကိုလည်း ၁၀ % ဈေးလျှော့ပြီး ရောင်းချပေးသွားမှာပါ။ ကျပ်တစ်သောင်းဖိုးနဲ့ အထက် ၀ယ်ယူအားပေးသူ အယောက် ၂၀ အတွက် အထူးအစီအစဉ်များလည်း ပြင်ဆင်ပေးထားပါတယ်။ ရန်ကုန်နေ စာဖတ်သူ မိတ်ဆွေများကို ဖိတ်ကြားအပ်ပါတယ်။ မနက်ဖြန် ၁၃-၂-၂၀၁၀ မှာတော့ ပန်းဆိုးတန်းလမ်းက “အင်းဝစာအုပ်တိုက်”မှာလည်းပဲ အထက်ပါအချိန်အတိုင်းပဲ နောက်တစ်ပွဲ ကျင်းပသွားပါမယ်ခင်ဗျား။

အလိမ်သင်တာ လက်ဦးဆရာ

အဲတုန်းက ကျွန်တော့်သားလေးက နှစ်တန်းကျောင်းသား၊ ခုနစ်နှစ်သားပဲ ရှိပါသေးတယ်။ ကျွန်တော်ကလည်း သူတစ်ပါးရဲ့ လခစား ဝန်ထမ်း ဘဝမှာပဲ ရှိသေးတယ်။


တစ်နေ့ ကျွန်တော် ရုံးက အပြန်မှာ ကျွန်တော့်အိမ်သူက ကျွန်တော့် ကို တိုင်တယ်။
“ရှင့်သားကို ကျွန်မ ဆူထားတယ်”

“ဘာဖြစ်လို့တုံး…”

“မနက်က ကျောင်းသွားတာ သူ့သူငယ်ချင်းက အိမ်ကို တယ်လီဖုန်း ဆက်ချင်တယ်ဆိုလို့ အဖော်လိုက်သွားပေးတယ်တဲ့။ ဖုန်းက ကျောင်းဘေးက လက်ဖက်ရည်ဆိုင်မှာဆိုတော့ ကျောင်းပြင်ထွက်ရတာပေါ့။ အဲဒါ သူတို့လည်း ပြန်လာရော ကျောင်းဝင်းတံခါးကြီးက ပိတ်သွားလို့ ကျောင်းထဲကို ပြန်ဝင်လို့ မရတော့တာနဲ့ အဲဒီ့လက်ဖက်ရည်ဆိုင်မှာပဲ နေ့လည် ထမင်းစားချိန်အထိ ငုတ်တုတ်ထိုင်နေခဲ့ကြရသတဲ့။ အဲဒါကြောင့် ကျွန်မ ဆူထားတာ…”

ကျွန်တော် နည်းနည်း သဘောပေါက်သွားတာနဲ့အတူ သူ့ကို ပြန်မေးမိရပါတယ်။

“နေစမ်းပါဦး။ အဲဒါကို သားက ပြန်ပြောလို့ ညည်း သိရတာ မဟုတ်လား”

“ဟုတ်တယ်လေ…”

“အဲဒါကိုမှ သွားဆူတော့ ညည်းက ကလေးကို အလိမ်သင်သလို ဖြစ်သွားတာပေါ့”

“ရှင်…”

ကျွန်တော် ရှည်ရှည်ဝေးဝေး ရှင်းပြရပါပြီ။ ကလေးက ဖြစ်စဉ်ကို အရင်းအတိုင်း၊ အမှန်အတိုင်း ပြောပြတယ်။ အဲဒါကို မအေလုပ်တဲ့သူက သူ့ကြောင့်ကြမှုနဲ့သူ ဆူလိုက်တယ်။ ကလေး တစ်မနက်လုံး ကျောင်းပြင်မှာ နေနေရတာကို သူက ပူတယ်။ မသမာသူတွေနဲ့များ တွေ့တွက်သွားပြီး မတော်ရာကို ခေါ်ပြုသွား၊ မဟုတ်တာတွေ ခိုင်းစား၊ ပျောက်ပျက်သွားမှာအထိ တစ်မျှော်တစ်ခေါ် တွေးပြီး ပူလိုက်တာပေါ့။ မအေကိုး၊ အဲလို ပူတာ တရားလှသပေါ့။


သို့သော် ပူတာက သတ်သတ်၊ ဆူတာက သတ်သတ်။ ဆူလိုက်တာ ကျတော့ ကလေးအတွက် မှတ်သားစရာ တစ်ခုသာ ရသွားပါတော့တယ်။ “အမှန်အတိုင်း ပြောရင် အဆူခံရတယ်၊ အရေးယူခံရတယ်”ဆိုတဲ့ အသိကိုသာ ကလေးက မှတ်သားလိုက်ပါတော့မယ်။ သည်အတွက် အကျိုးဆက်က နောက်ဆို အမှန်ကို ပြောလို့ မဖြစ်ပေဘူးဆိုတဲ့ နီတိတစ်ရပ်ကို ထုတ်ပေးလိုက်တာမို့ ဘယ်တော့မှ အမှန် မပြောတော့ဘဲ လိမ်ညာတဲ့ ကလေးတွေ၊ ဖုံးဖိတတ်တဲ့ ကလေးတွေ ဖြစ်လာပါတော့မယ်။

အခုကိစ္စမှာတော့ အချိန်မီသေးတယ်လို့ ယူဆတာကြောင့် သားကို ကျွန်တော် ခေါ်ပြီး တောင်းပန်လိုက်ပါတယ်။ ပထမဆုံးက သားက သည်လို အမှန်အတိုင်း ပြန်ပြောပြတဲ့အတွက် သူ့ကို ချီးကျူးတဲ့ စကားကို ပြောပါတယ်။ သို့သော် သူ့အမေကတော့ အမေမို့လို့ ရုတ်တရက် စိတ်ပူသွားပြီး သူ့ကို ဆူမိသွားတဲ့အကြောင်း၊ သူ့အမေ မှားသွားတဲ့အကြောင်း၊ အမေကလည်း သားကို ဆူမိတဲ့အတွက် တောင်းပန်မယ့်အကြောင်း ပြောပြပါတယ်။ နောင်ကိုလည်း အမှန်အတိုင်းသာ ဘာကိုမဆိုမခြွင်းမချန် ပြောပြဖို့ မှာပါတယ်။ အဲသလို အမှန်အတိုင်း ပြောပြတဲ့အတွက် ဘယ်တော့မှ ဆူပူတော့မှာ၊ အပြစ်ပေးတော့မှာ မဟုတ်ကြောင်းကိုလည်း ကတိပေးလိုက်ပါတယ်။


ကျွန်တော်ပြီးတော့ သူ့အမေက သူ့သားကို တောင်းပန်ပါတယ်။ မေမေ စိတ်ပူလို့ သားကို ဆူမိသွားတဲ့အကြောင်း၊ တကယ်တော့ သားက အမှန်အတိုင်း ပြောပြတဲ့သူမို့လို့ မေမေက ဝမ်းသာဂုဏ်ယူကြောင်း၊ နောက်ကို သား အဲလို အမှန်အတိုင်း ပြောပြရင် ဘယ်တော့မှ မဆူတော့မယ့် အကြောင်းနဲ့တကွ ဆူမိတဲ့အတွက် ဆောရီးပါဆိုတဲ့ စကားကိုပါ ထည့်ပြောလိုက်တာပါ။


အဲဒီ့နောက်မှာ ကျွန်တော့်အိမ်မှာ စည်းကမ်း တစ်ချက်တည်းကိုသာ ထုတ်ပြန်ထားလိုက်ပါတော့တယ်။ အဲဒါကတော့ မလိမ်ရဆိုတဲ့ စည်းကမ်းပါပဲ။ မှားချင်တာ ကြိုက်တာ မှားလာခဲ့၊ ခွင့်လွှတ်တယ်၊ သို့သော် လိမ်တာကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ဘူး၊ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ စည်းကမ်းကို ထုတ်ပြန်လိုက်တာပါ။


ဟုတ်တယ်လေ။ ကျွန်တော်တို့ လူကြီးတွေ၊ မိဘတွေကရော ဘယ်လောက်များ အမှား ကင်းနေပြီမို့လို့တုံး။ လုပ်ငန်းကိုင်ငန်းတွေမှာ၊ မိသားစု အရေးကိစ္စတွေ၊ လူမှုရေးတွေမှာ မှားချင်တိုင်း မှားလို့ ကောင်းနေဆဲပဲ မဟုတ်ပါလား။ လူကြီးမိဘ ဖြစ်သွားတာနဲ့ ခြောက်ပစ်ကင်း သဲလဲစင်သွားတာမှ မဟုတ်တာလေ။ အဲတော့ မှားတာကို အပြစ်တစ်ခုအနေနဲ့ မကောက်ယူသင့်ဘူးလို့ ကျွန်တော်ကဖြင့် လေးလေးနက်နက် ယုံပါတယ်။ သို့သော် လိမ်တာကကျတော့ ဆက်ဆံရေးတွေမှာ မရှိသင့်တဲ့အရာလို့ကို ခိုင်ခိုင်မာမာ ခံယူမိလာရပါတယ်။ ဒါ့ကြောင့် အဲဒီ့ စည်းကမ်းကို ထုတ်လိုက်မိရတယ်။
သို့သော်…

ဟုတ်ကဲ့… အဲဒီ့ သို့သော်ကလည်း အရေးကြီးပါတယ်ခင်ဗျာ။ အဲဒါက ကျွန်တော်ပါပဲ။ တစ်ချီသားမှာ ကျွန်တော့်ဆီ တကျီကျီ ဖုန်းဆက်ပြီး ပိုက်ဆံ ချေးနေတဲ့သူတစ်ယောက်ရှိတယ်။ ကျွန်တော်လည်း လှည့်ပတ်ပြောရင်း ငြင်းနေမိပါတယ်။ သူ့ကို ချေးလိုက်ရင် ပြန်မရမယ်မှန်း သိနေတဲ့အတွက် ငြင်းနေရတာပါ။ သည်မှာလည်း“ယုံကြည်မှုနဲ့ ထိုက်တန်သူ”က စကားပြောပါတယ်။ ပြန်ဆပ်မယ်၊ ဘယ်နေ့ ဘယ်ရက်ကို နောက်ဆုံးထားပြီး ပြန်ဆပ်မယ်လို့ ကတိထားပြီး အဲဒီ့ကတိအတိုင်း အမြဲတစေ ဆောင်ရွက်သူကို လူတိုင်းက ယုံကြည်ကြမှာပါ။ လုပ်ငန်းနယ်ပယ်မှာ သည်အချက်က ပိုသိသာပါတယ်။ လုပ်ငန်းတွေ ကြီးရင် ကြီးလာသလောက် အကြွေးနဲ့က မကင်းနိုင်ကြတော့ဘူး။ သည်အခါမှာ ကတိတည်သူနဲ့ ရေရှည် အလုပ် လုပ်လို့ ရပေမယ့် ကတိမတည်သူနဲ့တော့ ရေရှည် လုပ်ချင်စိတ် ကုန်ခမ်းသွားတတ်ကြပါတယ်။

ထားပါတော့… ကျွန်တော့်ကို ဖုန်းဆက်ပြီး ပိုက်ဆံချေးနေတဲ့သူကို စိတ်ညစ်နေပါပြီ။ သည်အခါမှာ သားနဲ့ သမီးကို ဖုန်းလာလို့ အဲဒီ့လူသာဆိုရင် အဖေ အပြင်သွားနေတယ်လို့ ပြောပေးပါလို့ မှာမိသွားရပါတော့တယ်။ ကံကောင်းချင်တော့ မှာအပြီး ဆယ်မိနစ်လောက်အကြာမှာ ကျွန်တော့် ဆံပင်မွေးတွေ ထောင်သွားပါတယ်။

ဟင်… မလိမ်ရဘူးလို့ အိမ်မှာ စည်းကမ်းထုတ်ထားတဲ့ ကျွန်တော်က ကလေးတွေကို လိမ်ခိုင်းလိုက်မိပါရောလား။ မဟုတ်သေးဘူး။ ကျွန်တော့် အပြုအမူနဲ့ ကျွန်တော့်စကားက လွဲချော်မနေဘူးလား။ သိုးဆောင်းစကားမှာ ရှိတယ်။ အပြုအမူက ပြောစကားထက် အသံ ပိုကျယ်သတဲ့။ ဆိုလိုတာက အပြောထက် အလုပ်က ပိုစကားပြောတယ်ပေါ့။ မလိမ်နဲ့လို့ ကျွန်တော်ကသာ ပြောတာ၊ ကျွန်တော့် လုပ်ရပ်က လိမ်တာဟာ လုပ်သင့်တဲ့အရာလို့ လမ်းညွှန်သလို ဖြစ်နေပါပေါ့လား။

ချက်ချင်းပဲ ကလေးတွေကို ပြန်ခေါ်တယ်။ စောစောက မှာကြားချက်ကို ပြင်ဆင်တယ်။ အဲဒီ့လူ ဆက်လည်း ခေါ်ပေးဖို့သာ မှာရပါတော့တယ်။ ကျွန်တော့်ပြဿနာကို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ကျွန်တော့် ဘာသာပဲ ဖြေရှင်းပါတော့မယ်။

ပြီးတော့ ကျွန်တော် မှားသွားတဲ့အကြောင်း ဝန်ခံတယ်။ ကျွန်တော့် ပါးစပ်က သူတို့လေးတွေကို မလိမ်ပါနဲ့လို့ အထပ်ထပ် မှာကြားထားလင့်ကစား ကျွန်တော့်လုပ်ရပ်က သူတို့ကို လိမ်ခိုင်းတာ ဖြစ်နေတဲ့အတွက် အပြောနဲ့ အလုပ် မညီတာ၊ သည်အတွက် ကျွန်တော် မှားနေတာကို ဝန်ခံလိုက်ပါတယ်။

အဲဒီ့နောက်မှာတော့ ကျွန်တော်တို့ မိသားစုတွင်းမှာ အရာရာဟာ အတော်လေး အဆင်ပြေလာပါတော့တယ်။ မှတ်မှတ်ရရ၊ သားတော်မောင် ကိုးတန်းမှာ ကျူရှင်ပြေးတဲ့ အမှု ပေါ်လာပါတယ်။ သည်အခါမှာ လည်း သူ့ကို မေးမိရတယ်။ သူက သူငယ်ချင်းတွေအိမ်မှာစုပြီး ဂီတာ သွားတီးတာလို့ ပြောပါတယ်။ အဲလို လုပ်မယ်ဆိုလည်း လုပ်နိုင်ကြောင်း၊ သို့သော် ကျူရှင်လို့ ပြောပြီး တခြားကို သွားတာမျိုးတော့ မလုပ်စေချင်ကြောင်း၊ ကနေ့ ကျူရှင် မတက်ဘူး၊ ဘယ်ကို သွားမယ်၊ ဘာလုပ်မယ်ဆိုတာများကိုသာ ပြောဖို့သာ လိုကြောင်းပဲ အေးအေးသက်သာ ပြောလိုက်ပါတယ်။

သူ ရှစ်တန်းနှစ်မှာ လူပျိုပေါက်စတို့ရဲ့ ထုံးစံအတိုင်း ဆေးလိပ် ခိုးသောက်တယ်။ ခက်တာက ကျွန်တော်ရော၊ သူ့အမေပါ ဆေးလိပ်ကို လက်ကြားက မချတဲ့သူတွေဖြစ်နေတယ်။ သည်တော့ သူ့ကို အရေးယူရင် ကျွန်တော် တရားမှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ခိုးမသောက်နဲ့၊ ပြောင်သာ သောက်ပေတော့ဟေ့၊ ဘာကိုမှလည်း ခိုးလုပ်စရာ မလိုဘူး။  ဘာကိုမဆို လူကြီးမိဘကို အသိပေးပြီး လုပ်လို့ရတဲ့အကြောင်း ပြောလိုက်ပါတယ်။

ကနေ့အခါမှာတော့ ကျွန်တော့်အိမ်မှာ လိမ်ညာ ဖုံးဖိခြင်းဆိုတာ အလျဉ်းမရှိတော့ဘူးလို့ကို ရဲရဲဝံ့ဝံ့ပြောနိုင်တဲ့အဆင့် ရောက်နေပါပြီ။ စာဖတ်သူ လူကြီးမင်းများ အားလုံး သိတော်မူကြတဲ့အတိုင်း ကျွန်တော့် ငယ်ကျိုးငယ်နာ၊ အပြစ်အနာအဆာ မှန်သမျှကိုလည်း မိသားစုကိုသာမက စာဖတ်ပရိသတ်များဆီအထိ ပွင့်ပွင့်လင်းလင်း ချပြ ဖွင့်ပြောနေခဲ့တာလည်း ကြာတောင့်ကြာလှပါပြီ။ တစ်နည်းပြောရင် လိမ်ညာဖုံးဖိတဲ့အလုပ်ကို ကျွန်တော်ကိုယ်တိုင်က မလုပ်တဲ့အတွက် ကျွန်တော့်မိသားစု၊ အထူးသဖြင့် ကျွန်တော်က ပေါက်ဖွားလာတဲ့ ကျွန်တော့် သမီးနဲ့သားတို့မှာလည်း သည်စရိုက်က မရှိတော့ပါဘူး။


ပြောချင်တာက ကလေးတွေကို အလိမ်သင်သူများဟာ လက်ဦး ဆရာဆိုတဲ့ မိဘတွေသာ ဖြစ်နေတတ်တဲ့ အကြောင်းကိုပါ။ တမင်တော့ လိမ်ကြဟဲ့၊ ညာကြဟဲ့၊ ဖုံးကြဟဲ့၊ ဖိကြဟဲ့လို့ သင်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ သို့သော် အမှန်အတိုင်း ပြောတဲ့အခါ ဆူပူ မောင်းမဲတာ၊ အပြစ်ပေးတာမျိုးနဲ့ သော်လည်းကောင်း၊ မလိမ်ရဘူးလို့တော့ နှုတ်က သွန်သင်ပါရဲ့၊ ရှေ့ဆောင်နွားလားများအနေနဲ့ ကိုယ်တိုင်ကကျတော့ ရှေ့ကနေ လိမ်ညာ ဖုံးဖိပြနေတာမျိုးများနဲ့သော်လည်းကောင်း၊ ဟဲ့… နင့်အဖေ မသိစေနဲ့၊ နင့်အမေ မသိစေနဲ့ ဆိုတဲ့စကားများနဲ့သော်လည်းကောင်း အမှတ်တမဲ့ လမ်းပြပေးနေမိကြရင်းက လိမ်ညာဖုံးဖိမှု အထုံစွဲနေသူ လူသားမျိုးဆက်သစ်များကို ပျိုးထောင်ဖြစ်နေတတ်ကြတာကို အားလုံး သတိထားသင့်တယ်လို့ မြင်မိပါတယ်။

သည်ကမှတစ်ဆင့် ဆန့်ထုတ်စဉ်းစားလိုက်မယ်ဆိုရင်တော့ ကျောင်းမှာ၊ အလုပ်ခွင်မှာ၊ သည့်ထက် ကျယ်ပြန့်တဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပတ်ဝန်းကျင်များမှာလည်း အမှန်အတိုင်း ပြောပြတိုင်းသာ ငြိုငြင်ပြနေမယ်၊ အပြစ်ပေး အရေးယူနေမယ်၊ ဆူဆဲ မောင်းမဲနေမယ်ဆိုလို့ကတော့ လိမ်ညာခြင်း သံသရာထဲမှာ ဝဲလယ်လှည့်ရင်း အိုးဒယ်နစ် နစ်ရတော့မယ့်ကိန်းကို အားလုံး မြင်သင့်ကြပြီလို့ ယူဆမိရတဲ့အတွက် သည်စာကို ရေးမိရပြန်ခြင်းပါပဲ။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
(၂၄၁၂၀၉)
ခေတ္တ – ဥယျာဉ်ကုန်းရွာ၊ ဆင်ခြေရာ အုပ်စု၊ လပွတ္တာမြို့နယ်

(၄-၂-၂၀၁၀ ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)

Advertisements
7 Comments leave one →
  1. Zarni Lwin permalink
    13 February 2010 7:58 am

    ကောင်းတယ်ဆရာရေ…နောက်ဆုံးပိတ် မှာ ရေးထားတာလေး က အကောင်းဆုံးပဲ။

  2. Thin Thin permalink
    15 February 2010 9:54 am

    Though I don’t agree with some of your opinions and advices posted in this blog, I am really glad that you also did raise very valid points in some of your posts. Of course – if you notice – I usually comment on those posts which I feel as having valuable opinions (purely by my own standard).

    In fact, this issue has been a problem between me and my parents over decades. I don’t want to say that I did my fair share of lying in my younger days because of them but a simple affair as just going out with a group of friends – where boys were also present – had to revolve around a small lie, for they restricted me from mingling with boys very often. When parents put restrictions on children without first trying to understand the situation from children’s point of view, they create unnecessary circumstances for children to come up with lies. Children will just conclude that their parents don’t try to understand them and become rebellious. My parents are, without a doubt, the most wonderful parents a person could ever have. They make sacrifices, always give the best to their children. Without them, I wouldn’t be who I am today – in terms of education level, status in life and career. But as for my independent mindset, I had to fight hard to cultivate it.

    There is one thing I can never agree with my parents. They believe that if the children listen to parents’ advices, they will make less mistakes in life and it will be better for them. On my part, since young, I’ve always been independent in thinking; and have always preferred to make my own judgment and decision. I believe that no one can escape from making mistakes and we learn the best from our own mistakes. It’s true that when we are young, we tend to be irrational and may falter unnecessarily. But that doesn’t mean parents should just tell us what to do and we follow their decisions. Rather, parents need to guide their children to become rational in their thinking and make sound judgments in life; and they need to learn to trust their children and let them make their own decisions as well.

    If my parents had been more open like you, or, if I had not been so adamant about being independent in thinking, my relationship with them could have been closer. I’ve finally come to realise and accept that neither my parents nor I can be considered as being at fault. It was simply a mismatch in mindset, right from the start.

    • Aung Maun permalink
      12 September 2014 5:29 pm

      ကိုကြီးကျော်ရေ ဆရာမကြီး မသင်းသင်းကလည်း ယဉ်ကျေးလိမ္မာ ပျိုးခင်းထောင်နေတဲ့ ဆရာတော်အရှင် ဆေကိန္ဒရဲ့ လေသံအတိုင်းပဲလိုက်ပြောနေပြန်ပြီ။ မိဘတွေလဲ အမြဲမမှန်နိုင်ဘူးတဲ့။ ဒီစကားကိုတော့ ဆရာတော်အမိန့်ရှိကတည်းက လက်ခံထားပြီးသားပါ။ကိုယ်တိုင်လဲမိဘတစ်ယောက်
      ဖြစ် နေပြီဆိုတော့လေ။သားသမီးတွေရဲ့ ပုဗ္ဗာစရိယ အနေနဲ့မလိမ်မိအောင်တော့သတိနဲ့
      နေထိုင်အသက်ရှင်နေပါတယ်။ဗုဒ္ဓရှင်တော်ရဲ့အလိုတော်အတိုင်းပါ။အမှန်အတိုင်းပြောလို့လည်း အကျိုးမရှိဘူး၊လိမ်လည်းမပြောချင်ဘူးဆိုတဲ့အခါမျိုးတွေမှာတော့ ဓားမိုးပြီးပြောခိုင်းရင်တောင် မပြောဘဲနေနိုင်အောင်ကြိုးစားကြရမှာပေါ့လေ။ဘာသာရေးယုံကြည်ချက်အရ စကားကြောင့်ဖြစ်ပေါ်တဲ့ အကုသိုလ်က အများဆုံးမဟုတ်လား။

  3. 20 February 2010 7:31 pm

    မိဘက သူမဟုတ်တာလုပ်တိုင်း သားသမီးကိုပါ မဟုတ်တာလိုက်လုပ်ခွင့် တန်းတူပြန်ပေးတာကတော့ သဘောတူစရာ မကောင်းပါဘူးခင်ဗျာ။

    မိဘ ဆေးလိပ်သောက်လို့ သားသမီးကို သောက်ခွင့်ပြုတဲ့ကိစ္စကို ကြည့်ပါ။

    ၁။ မိဘက အရွယ်ရောက်နေပါပြီ၊ သားသမီးက ဆေးလိပ်သောက်ဖို့အတွက် ငယ်ပါသေးတယ်။ အနောက်နိုင်ငံတချို့မှာတော့ ၁၈ နှစ်မပြည့်ရင် ဆေးလိပ်မရောင်းပါဘူး။ ဗြောင်သောက်ခွင့်ပြုလိုက်လို့ သားသမီးက လိမ္မာရင် တော်သေးတယ်၊ တစ်လိပ်ပေါ့၊ နှစ်လိပ်ပေါ့။ ဟ…ခွင့်ပြုထားတာပဲ ကိုင်မယ်ကွာဆိုရင် ခက်ရချည်ရဲ့။

    ၂။ မိဘတွေမှာက မိသားစုအတွက်၊ ပိုက်ဆံရှာရတယ်၊ အိမ်ထောင်ထိန်းသိမ်းရတယ်။ ပင်ပန်းကြတယ်။ ဒါကြောင့် စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်နည်းနည်းပါးပါး မှီဝဲတာရှိမယ်။ ဒါကို သားသမီးက တန်းတူလိုက်လုပ်လို့ မရပါဘူး။ သူက မိဘပေးတဲ့မုန့်ဖိုးလေးယူ၊ ကျောင်းလေးသွား၊ အိမ်ပြန်လာရင် အရန်သင့် ထမင်းလေး စားနေတာကိုး။ နော်။

    တကယ်တော်တဲ့ သားသမီးက မိဘလုပ်တိုင်း မလုပ်ပါဘူး။ လိမ္မာကြပါတယ်။ ကောင်းတာ ဆိုးတာ သူသိပါတယ်။ မိဘတွေကိုလည်း နားလည်ပါတယ်။

    မိဘကိုတောင် တစ်ခါတလေ သူက ပြန်နားချတတ်ပါသေးတယ်။ အဖေရယ် နည်းနည်းလျှော့သောက်ပါဗျာတဲ့။

    မလိမ်ဖို့၊ ရိုးသားဖို့ ပြောတဲ့အချက်ကတော့ ရာခိုင်နှုန်းပြည့် သဘောတူပါတယ် ဆရာ။

    • lettwebaw permalink
      20 February 2010 8:20 pm

      သဘောတူစရာ မကောင်းဘူးလို့ ယူဆရင် မတူပါနဲ့ ခင်ဗျာ။ ဘာမှ မဖြစ်ပါဘူး။ စဉ်းစားတော့ ကြည့်စေချင်ပါတယ်။

      ၁။ ခိုးသောက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း တွက်ချက်ဖို့လိုပါတယ်။ ခွင့်မပြုခြင်းကြောင့် လူပျိုပေါက်စတွေက လိုက်နာမယ်လို့ ကျွန်တော်ကတော့ မယူဆ မယုံကြည်တာ အမှန်ပါ။ ကျွန်တော့်အဖေက အင်မတန် ဆေးလိပ်သောက်ပါတယ်။ ကျွန်တော် ဆေးလိပ်သောက်တာ မိသွားတိုင်းလည်း ဖင်အသားနီလန်အောင် ဆော်ပလော်တီးပါတယ်။ ကျွန်တော်ကလည်း ကြောက်ပါပြီအဖေရဲ့… နောက် မသောက်တော့ပါဘူးခင်ဗျလို့ အသံပျာအောင် အော်ပေးခဲ့ဖူးပါတယ်။ ဟုတ်ကဲ့… ကျွန်တော် ဆေးလိပ်ကို ဖြတ်ရခက်အောင် စွဲနေတာလည်း အမှန်ပါခင်ဗျာ။

      ၂။ မိဘတွေပဲ ပင်ပန်းတာလားဆိုတာလည်း မေးစရာ ရှိပါတယ်။ ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာနဲ့ ပင်ပန်းကြသူချည်းပါ။ ကလေးသူငယ်စိတ်ပညာမှာ ဆယ်ကျော်သက်အရွယ်ကို မုန်တိုင်းထန်ထန် စိတ်ဒဏ်သင့်သင့် (storm & stress) လို့ သတ်မှတ်ကြဖူးပါတယ်ခင်ဗျား။ ဆယ်ကျော်သက်တွေမှာလည်း သူတို့ စိတ်ပင်ပန်းမှုနဲ့ သူတို့ရှိပါတယ်။ ငါကတော့ ပိုက်ဆံရှာနေရလို့၊ ငါကတော့ အိမ်ထောင်ထိန်းသိမ်းရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါလုပ်ချင်တာ လုပ်မယ်၊ ဒါတော့မှန်တယ်၊ မင်း လိုက်လုပ်ရင်တော့ မှားတယ်ဆိုတာမျိုးက အင်း… လူနဲ့ လူချင်း မလေးစားရာ ရောက်လွန်းတယ်လို့ ကျွန်တော် ခံစားရပါတယ်။ မိဘဖြစ်သွားတာနဲ့ စေတစ်လုံးပိုင်ရှင် အလုံးစုံကို ထိုးထွင်းသိမြင်တော်မူသော သိကြားမင်းတွေ၊ ဧတဒဂ်တွေ ဖြစ်မကုန်သလို သားသမီးဖြစ်တာနဲ့လည်း မိဘစေသမျှ မှားမှားမှန်မှန် အကုန်လုံးနာခံရမယ့် တိရစ္ဆာန်တွေ၊ ကျွန်ကလေးတွေ ဖြစ်မကုန်ကြပါဘူး။

      တကယ်တော်တဲ့ သားသမီးက မိဘလုပ်တိုင်း မလုပ်ဘူးဆိုတာလည်း မျက်မှောင်ကုပ်မိတယ်။ တွေ့တော့ တွေ့ဖူးတယ်၊ အဖေက နောက်မိန်းမတွေ တစ်သီကြီးယူပေမယ့် တစ်လင်တစ်မယားစနစ်ကို ခါးဝတ်ပုဆိုးလို မြဲတဲ့ ညီအစ်ကိုတွေကို ဆုံဖူးတယ်။ ဒါပေမယ့် အရင်းစစ်တော့ သူတို့က ဖအေနဲ့ ရင်အုပ်မကွာနေခဲ့တာမဟုတ်ဘူး၊ မအေနဲ့ ကျန်ခဲ့တာ။ မအေရဲ့ သဘောထားမြင့်မြတ်မှုနဲ့ သွန်သင်မှုများက အခရာကျသွားပါတယ်။ အဲ… ဆိုးတာက သူတို့အဖေလုပ်သလို မယားငယ် ထပ်မယူပေမယ့် သူတို့အဖေ တစ်ခါဖူးမှ လုပ်မသွားတဲ့ အရက်သောက်ခြင်းအမှုကို ခုံခုံမင်မင်ပြုကြတာများ လူကြားလို့မကောင်းတဲ့ အရက်သမားကြီးများဘ၀ ရောက်ကုန်တာလည်း အမှန်ပါပဲ။ အဲတော့… တကယ်တော်တဲ့ သားသမီးကိစ္စက မဆွေးနွေးကြရင် ကောင်းမယ်ထင်ပါတယ်ခင်ဗျား။

      ကောင်းတာ ဆိုးတာကို သားသမီးတွေ သိပါတယ်။ ကျွန်တော် သားသမီးဘ၀တုန်းကလည်း သိခဲ့တာပါပဲ။ သို့သော် ကောင်းတာ သိတိုင်း လက်တွေ့ကျင့်သုံးဖြစ်ကြမယ်ဆိုရင် မြန်မာပြည်မှာ သောတာပန်တွေချည်းဖြစ်ကုန်မယ့် အချက်ကိုလည်း ဆင်ခြင်တော်မူကြည့်စေချင်ပါတယ်။ ဟုတ်တယ်လေ… တရားဘာဝနာ ပွားများတယ်ဆိုတာ ကောင်းမှန်း သိကြသူချည်းပဲ မဟုတ်လား။ သို့သော် ငါးပါးသီလလေးတောင်မှ မမြဲတဲ့သူတွေ ပေါများလှတဲ့ သည် ဒွန္နယာကြီးမှာ ကောင်းတာဆိုးတာ သိတာလေးတစ်ခုနဲ့တင် လူတော်လို့ သတ်မှတ်မယ်ဆိုလို့ကတော့ လူတော်တွေနဲ့ပဲ ပြည့်နှက်နေတော့မှာပေါ့ခင်ဗျာ။

      တွေးဆ ဆင်ခြင်ကြည့်စေချင်ပါတယ်ခင်ဗျား။

      • အိအိ permalink
        23 February 2010 9:05 am

        Bravo! ပွင့်ပွင့်လင်းလင်း ပြောထားလို့ ပြန်ဖြေရှင်းထားတာကိုပိုတောင်ကြိုက်သေးတယ်…

  4. Wai Lin Aung permalink
    5 November 2011 9:12 am

    အပြုသဘောဆောင်တဲ့  ဝေဖန်ရေးတွေကို ကြိုဆိုပါတယ်။ စာရေးဆရာတွေကိုလည်း ထူထုရဲ့  အလင်းရောင်ဖြစ်စေချင်တယ်ဗျာ။ ဆရာ ကတော့ စာရေးတဲ့အခါမှာတော်တော့်ကို စေတနာထားပြီးရေးလို့ …… အထူးပဲလေးစားမိပါတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: