Skip to content

A Modern Version of Mom’s Love

17 February 2010

Chayyar_small

မေတ္တာဘွဲ့ (မူသစ်)

၁။

လက်တွင်ပတ်ထားသော နာရီကို ကြည့်လိုက်သည်။

၆ နာရီ တိတိ။ နာရီကြိုးကို ဖြုတ်လိုက်ပြီး ခုတင်ဘေးမှ စားပွဲငယ်ပေါ် လှမ်းတင်လိုက်သည်။ ထို့နောက် ခြင်ထောင်ကို အသာအယာ မပြီး ခုတင်ပေါ် တက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးငယ်၏ ပါးဖောင်းဖောင်းလေးကို တစ်ချက် ငုံ့နမ်းလိုက်သည်။


ခုတင်၏ ဟိုမှာဘက် အစွန်တွင် အိပ်နေသူ “မရွှေမိ” သည်ဘက် လှည့်လာသည်ကို သူ မြင်လိုက်သည်။ “မရွှေမိ”ကို သူ ကြည့်သည်။ “မရွှေမိ”သည် သူ့ကို မျက်ထောင့်နီနှင့် စားမတတ် ဝါးမတတ် ရဲရဲစူးစူး ကြည့်နေလေသည်။

သူ မျက်လုံး လွှဲလိုက်ပြီး အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ သမီးနှင့် သူ့ကြားရှိ ခွခေါင်းအုံးကို ယူကာ တစ်ဘက်သို့ စောင်းမည် ပြင်လိုက်စဉ် “မရွှေမိ”အသံ ထွက်လာသည်။ မာမာထန်ထန်။


“ဒါ ဘာလုပ်မလို့လဲ”

သူ ပြန်ဖြေသည်။ အေးအေးပျော့ပျော့။

“အိပ်မလို့လေ”

“မအိပ်ရဘူး”

“ကိုယ် သိပ်ကို အိပ်ချင်နေပြီ မိလေးရယ်”

ပြောပြောဆိုဆို သူ တစ်ဘက်သို့ စောင်းလိုက်သည်။ ခွခေါင်းအုံးကို ဖက်ကာ သူ အိပ်ရန် ပြင်သည်။ “မရွှေမိ”ဆတ်ခနဲ ထထိုင်သည်။ သမီးငယ်ကို ပွေ့ပြီး နေရာရွှေ့သည်။ လွတ်သွားသော သမီး၏ နေရာသို့ ပြောင်းထိုင်ပြီး သူ့ပခုံးကို ဆွဲလှည့်သည်။ သူသည် ခွခေါင်းအုံးကို ဖက်လျက်သား အနေအထားဖြင့်ပင် ပက်လက်။

“ရှင် လုံးဝ မအိပ်ရဘူး…”

“သိပ်အိပ်ချင်နေလို့ပါ မိန်းမရယ်…”

“မရဘူး၊ ပြော… ရှင်ဘယ်ကောင်မနဲ့ တစ်ညလုံး သွားအလေလိုက်နေလဲ…”

“ဟာ… မဟုတ်တာတွေကွာ၊ ဟိုကောင်တွေ အတောမသတ်ကြလို့ မိုးလင်းသွားတာပါ”

စကားအဆုံးတွင် တစ်ဘက်သို့ ပြန်စောင်းပြီး အိပ်ရန် ပြန်ပြင်သည်။ မအောင်မြင်။ “မရွှေမိ”က သူ့ပခုံးကို တွန်းထားသည်။

“လုပ်မနေနဲ့။ ဘယ် အရက်သမားမှ မိုးအလင်း မသောက်ဘူးဆိုတာ ကျွန်မ နားလည်တယ်။ ဘယ်ဧည့်ခံပွဲမှလည်း မိုးအလင်း ဧည့်မခံဘူး။ ရှင် ဘယ်တွေ သွားနေလဲ…”

“နိုးတော့ ပြောပြမယ်ကွာ၊ ဟုတ်ပြီလား…”

“မရဘူး၊ မရဘူး။ ရှင် ကျွန်မစိတ်ကို သိတယ် မဟုတ်လား…”

“မရွှေမိ”အသံက ပိုကျယ်လာသည်။ ပက်လက်အနေအထားဖြင့်ပင် သူခေါင်းကုတ်သည်။

“ခက်တာပဲ မိလေးရယ်၊ ကိုယ်ပြောတာလည်း မယုံဘူး…”

“မရွှေမိ”က နှုတ်ခမ်းများကို မဲ့လိုက်သည်။

“ယုံစရာကောင်းတာကိုး၊ ရှင့်ဆီက အရက်နံ့နဲ့အတူ တထောင်းထောင်း ထွက်နေတဲ့ ရေမွှေးနံ့က ယုံစရာကောင်းတာကိုး…”

သူ အနည်းငယ် ထိတ်ပျာသွားသော်လည်း ချက်ချင်းပင် ဖြေရှင်းချက် ထုတ်သည်။

“မိလေးကလည်းကွာ၊ ကိုယ် အာ့ဖ်ထာရှေ့ဖ်(မုတ်ဆိတ် ရိတ်ပြီးစတွင် သုတ်လိမ်းသော ရေမွှေး) အသစ်သုံးတာ နှစ်ရက်ပဲ ရှိသေးတဲ့ဟာကို…”

“မရွှေမိ”၏နှုတ်ခမ်းများ ရွဲ့စောင်းသွားကြပြန်သည်။

“လုပ်မနေနဲ့၊ ရှင့်အာဖ်ထာရှေ့ဖ်နံ့နဲ့  ခု ရှင့်ဆီက ရတဲ့ အနံ့နဲ့ တခြားစီ…”

သည်မိန်းမ ဒိုဘာမင်နဲ့များ စပ်ထားသလားမသိ၊ အနံ့ခံ တယ်ကောင်းဟု အောင့်တောင့်တောင့် တွေးရင်း သူ ငြိမ်နေလိုက်သည်။ သူ ငြိမ်သော်လည်း “မရွှေမိ”က မရပ်နား။

“ကဲ… ပြော၊ ရှင် ဘယ်မိန်းမနဲ့ သွားအလေလိုက်နေလဲ…”

“မဟုတ်ရပါဘူးဆိုကွာ။ ကဲပါ၊ ရန်ဖြစ်ချင်သပဆိုလည်း နောက်မှဖြစ်၊ ကိုယ် အခု အရမ်းအိပ်ချင်နေလို့ပါ မိန်းမရယ်။ တောင်းပန်ပါတယ်ကွာ…”

သူ နူးနူးညွတ်ညွတ် ပြောမိရသည်။ တကယ်လည်း တကယ်။ သူ အရမ်း နုံးချိပြီး အိပ်ချင်လှပြီ၊ မျက်လုံးတွေကလည်း ဖန်ပြီး စပ်နေလေပြီ။

“ရှင် လုံးဝ မအိပ်ရဘူး၊ မနေ့ညနေက ရှင့်ကို ကျွန်မ ဘာပြောထားလဲ…”

သူ ချက်ချင်းစဉ်းစား၍ မရနိုင်သေးသဖြင့် ခဏငြိမ်နေရသေးသည်။ ပြီးမှ…


“ဪ… မိလေးကို ဈေးပို့ပေးဖို့…”

“ဟုတ်တယ်…”

“ပို့ပေးမယ်လေ၊ ပြန်လာမှ အိပ်တာပေါ့၊ မိ မျက်နှာသွားသစ်လေ…”

“ပြန်လာရင်လည်း မအိပ်ရဘူး၊ ရှင် သည်နေ့ တစ်နေ့လုံး အိပ်ကို မအိပ်စေရဘူး…”

“ဟာ… ဘာလို့လဲ မိလေးရယ်…”

“ဈေးက ပြန်လာပြီးရင် ကျွန်မမှာ တခြားသွားစရာတွေ ရှိသေးတယ်”

သည်မိန်းမတော့ သူ့ကို တစ်ရစ်ပြီး တစ်ရစ် “ကြပ်”နေပြီဆိုတာကို သူ သိလိုက်သည်။ ငါးနှစ်လုံးလုံး ပေါင်းလာခဲ့သည့် မိန်းမမို့ သည်မိန်းမ ပြောသည့်အတိုင်း လုပ်တော့မည်ဆိုသည်ကိုလည်း သူ ကောင်းကောင်းကြီးကို သိနေရပြန်သည်။


သူ တော်တော်လေး စိတ်ညစ်လာပြီ။ အိပ်ရာမှ သူ ထလိုက်သည်။ ခြင်ထောင်ကို မပြီး ထွက်ရန်အပြင်တွင် “မရွှေမိ”က သူ့အင်္ကျီ ပခုံးစကို လှမ်းဆွဲရင်း မေးသည်။


“ဒါက ဘယ်သွားမလို့လဲ?”

“ဘယ်မှ မသွားပါဘူး မိလေးရယ်၊ မိလေးကို ဈေးလိုက်ပို့ပေးမလို့လေ။ ကဲ… မိလေးလည်း ထ၊ မျက်နှာသစ်ချေ…”

၂။
“မရွှေမိ” ရေချိုးခန်းထဲ ဝင်သွားချိန်တွင် သူ ဟင်းချပြီး ကားဂိုဒေါင်ဆီသို့ သွားသည်။ ခြံစောင့် သူငယ်လေးက သူ့ကို ဂိုထောင်တံခါး ဖွင့်ပေးသည်။ ကားထဲ ဝင်ထိုင်လိုက်ပြီး စက်နှိုးလိုက်ချိန်တွင် သူငယ်လေးက ခြံတံခါးကို သွားဖွင့်နေလေပြီ။

အကြံတစ်ချက် လက်ခနဲ ရသည်။ ကားကို မောင်းထွက်လိုက်ပြီးသည်နှင့် သူ မရပ်တော့။ တစ်ခါတည်းပင် ခြံဝိုင်းထဲမှ ထွက်လာခဲ့ရတော့သည်။
သူ့ခေါင်းကလည်း တဆက်တည်းမှာပင် အလုပ်လုပ်နေလေသည်။ သည်အချိန်ဆို “ထား”တစ်ယောက် သူ့သူငယ်ချင်း “ဥမ္မာ”တို့ အိမ်မှာပင် ရှိနေလေချိမ့်ဦးမည်။ အခကြေးငွေပေးပြီး ပြောလို့ရသော တယ်လီဖုန်း ရှိနိုင်ရာ အနီးဆုံး နေရာကို စဉ်စားကြည့်သည်။ ထိုနေရာမှ “ထား”ဆီ ဖုန်းဆက်ရမည်။

၃။
“ကို့မေမေအိမ်ကို ထားလိုက်လို့ ဖြစ်ပါ့မလား ကိုရယ်…”

“ဖြစ်ပါတယ် ထားရဲ့… မေမေ့အိမ်လောက် စိတ်ချရတဲ့ နေရာ မရှိဘူး။ မေမေနဲ့ မရွှေမိနဲ့က အကြီးအကျယ် ပြဿနာ တက်ထားကြတော့ အဲဒီ့ကို ဘယ်လိုနည်းနဲ့မှ မရွှေမိ လိုက်လာမှာ မဟုတ်ဘူး။ ပြီးတော့ မေမေ့ အိမ်ကိုလည်း ကိုယ်သွားလိမ့်မယ်လို့ မရွှေမိ လုံးဝ တွေးမှာကို မဟုတ်ဘူး”

“ဒါတော့ ဒါပေါ့ ကိုရယ်၊ ဒါပေမယ့် ကို့မေမေက ထားကို ဘယ်လို ထင်မလဲ…”

“ကိစ္စမရှိပါဘူး ထားရယ်… မေမေက အရမ်းကို နားလည်မှု ရှိပါတယ် ထားရဲ့”

သူ ကားစက် သတ်လိုက်သည်။ သော့တံကို ဆြွဲုဖတ်ရင်း “ကဲ… ထား၊ ဆင်း”ဟု သူ ပြောလိုက်သည်။ သူ့ဘက်မှ ပြတင်းမှန်ကို တင်လိုက်ပြီး သူ ကားထဲမှ ထွက်သည်။ ကားတံခါးကို သော့ချပြီး သူ ပိတ်လိုက်သလို ထားကလည်း သူ့ဘက်မှ တံခါးကို ပိတ်လိုက်သည်။

အိမ်ဖော်မလေး ဖွင့်ပေးသော သံဘာဂျာတံခါးအတိုင်း အိမ်ထဲသို့ လှမ်းဝင်လိုက်ချိန်တွင် အိမ်အတွင်းခန်းမှ ထွက်လာသော မေမေ့ကို သူ တွေ့သည်။ သူ့နောက်တွင် ကပ်ပါလာသော “ထား”ကို မြင်သောအခါ မေမေ မျက်လုံးဝိုင်းသွားသည်။ သူ ဖိနပ် ချွတ်လိုက်သည်။ ခပ်လောလော။

ချက်ချင်းပင် မေမေ့အပါးသို့ သူ ရောက်သွားရလေသည်။ လေသံ သာသာဖြင့် မေမေ့ကို သူ ပြောရပြီ။

“ဘာမှ စိတ်မပူပါနဲ့ မေမေ၊ ပြီးတော့ သား အားလုံး ရှင်းပြပါ့မယ်။ ခုတော့ သားတို့ တစ်ညလုံး တစ်မှေးမှ မအိပ်ရသေးလို့ အိပ်ချင်လို့ မေမေ့အိမ် လာအိပ်တာပါ၊ လောလောဆယ် သည်လောက်ပဲ နားလည်ပေးပါနော်… မေမေ”

“ငါ့သားတော့ လုပ်ချလိုက်ပြန်ပြီ”ဟူသောအကြည့်နှင့် သူ့ကို မေမေ တစ်ချက်ကြည့်သည်။ သူ “ထား”ဘက်သို့ လှည့်လိုက်တော့ “ထား”က သူ့ ခွာမြင့်ဖိနပ်အဖြူ ကြိုးသိုင်းကလေးကို ခဲခဲယဉ်းယဉ်း ချွတ်ပြီး သူ့ ကြိုးကြာ သားရေဖိနပ်နှင့် ယှဉ်လိုက်ပြီးစ ဖြစ်သည်။

“ထား… ဒါ ကိုယ့်မေမေလေ။ မေမေ… ဒါ “ထား”တဲ့။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စာရင်းကိုင်ပေါ့။ ထားက ရှေ့လထဲမှာ အမေရိကားကို အပြီးအပိုင် သွားတော့မှာလေ…”

လိုအပ်သည်ထက် ပိုပြီး အသေးစိတ် ပြောပြကာ မေမေ့ကို “ထား”နှင့် မိတ်ဆက်ပေးလိုက်သည်။ “ထား”က ခပ်အမ်းအမ်း ရှိနေသော်လည်း မေမေက ဖော်ဖော်ရွေရွေပင် ပြုံးပြီး…

“အေး…အေး၊ နေကြ… နေကြ၊ အေးအေးဆေးဆေး နားကြပေါ့ကွယ်။ ဟိုကလေးမလေးလည်း အေးအေးဆေးဆေးသာ နား။ သူ့မိန်းမနဲ့ အန်တီနဲ့က အကြီးအကျယ် ဖြစ်ထားကြတာဆိုတော့ သည်အိမ်ကို သူ့မိန်းမ လိုက်မလာမှာ သေချာတယ်။ သူ့မိန်းမက အန်တီ့ကို ကမ္ဘာပေါ်မှာ မကြည့်ချင်၊ မမြင်ချင်ဆုံးလေ၊ အေးအေးဆေးဆေးသာ နေကြ…”

“ထား”က အသံတိမ်တိမ်ဖြင့် “ဟုတ်ကဲ့ပါ… အန်တီ”ဟု ပြောကာ သူ လူပျိုဘဝက နေခဲ့သော အိပ်ခန်းသို့ သူတို့ဝင်ခဲ့ကြသည်။

သည်အခန်းမှာ “မရွှေမိ”နှင့်လည်း မင်္ဂလာဦး တစ်နှစ်တွင် နေဖြစ်ခဲ့ကြ သေးသည်။ “မရွှေမိ”နှင့် မေမေ အကြီးအကျယ် ရန်မဖြစ်ကြခင်အထိပေါ့။ သမီးယောက္ခမနှစ်ယောက် ငြိမ်းချမ်းစွာ အတူရန်စောင်စဉ်ကဟုပဲ ပြောရမလား၊ ရန်လိုစွာ အတူယှဉ်တွဲနေထိုင်ကြစဉ်ကဟုပဲ ပြောရမလားတော့မသိ။ ထိုစဉ်က သည်အခန်းမှာပင် သူတို့ နေဖြစ်ခဲ့ကြသည်။ သမီး ယောက္ခမ ဘောက်ကျ ပေါက်ကွဲပြီးသည့်နောက်မှာတော့ သူသည် ပထမတော့ ယောက္ခမ အိမ်သို့ ခိုရသေးသည်။ နောက်တော့ ယခုနေသော အိမ်ကလေးကို ငှားဖြစ်ပြီး နေဖြစ်လာခဲ့ကြသည်။

သူ့အခန်းကို မသုံးဘဲ ထားသဖြင့် ဖုန်အလိမ်းလိမ်း။ အခန်းထဲတွင် သူ လူပျိုဘဝက အိပ်သော တစ်ယောက်အိပ် ခုတင်ကို ခင်းထားသည်။ တစ်ယောက် အိပ်ခုတင်ဆိုပေမင့် တစ်ယောက်ခွဲစာ ခုတင်မျိုးမို့ နှစ်ယောက်တော့ ကောင်းကောင်း အိပ်နိုင်မည်ပဲ။ ခုတင်ပေါ်မှ ဖုန်များကို ခါရန် နံရံတွင် ချိတ်ထားသော ကြက်မွေးကို သူ ယူသည်။ “ထား”က ကြက်မွေးကို သူ့လက်မှ ယူရင်း…

“ဘယ်နေရာကိုခါရမလဲ ကို…”

“ခုတင်ကိုပဲ ခါလိုက်ပါ ထားရယ်၊ ကိုယ် ဖျာနဲ့ ခေါင်းအုံးတွေ သွားယူလိုက်ဦးမယ်…”

သူ့စကားကို မေမေ ကြားဟန်တူသည်။ အပြင်မှ လှမ်းပြော၏။

“အဲဒီ့ အခန်းထဲက ဗီရိုထဲမှာ ခေါင်းအုံးတွေရော စောင်တွေရော ရှိတယ်။ သင်ဖြူးက အဲဒီ့ ဗီရိုဘေးမှာ ထောင်ထားတယ် သားရေ…”

“ဟုတ်ကဲ့ မေမေ”ဟု သူ လှမ်းပြောရင်း ဗီရိုရှိရာသို့ ခြေရွှေသည်။ “ထား”က သူ့ကို ခပ်တိုးတိုး လှမ်းပြောသည်။


”အိမ်ပေါက်ဝမှာ ထားဖိနပ်ကလေး ထားခဲ့တယ် ကို၊ အဲဒါ ထား သွားသိမ်းလိုက်ရင် ကောင်းမယ် ထင်တယ်နော်…”

“ထားလိုက်ပါကွာ၊ ကိစ္စ မရှိပါဘူး၊ သည်အိမ်ကို ဘယ်သူမှ လာမှာမှ မဟုတ်တာ၊ ထားကလည်း ပူမနေစမ်းပါနဲ့…”

သူ ဗီရိုဖွင့်ပြီး ခေါင်းအုံးများကိုထုတ်ယူနေစဉ် “ထား”ကလည်း ဗီရို ဘေးမှ သင်ဖြူးဖျာကို ဆွဲယူလိုက်လေသည်။

နတ်တော်ဆန်းစ နံနက်ခင်းပေမင့် မေမေ့ အိမ်ရိပ်မို့လို့လားတော့ မသိ။ ဖုန်အလိမ်းလိမ်းနှင့် သူ့အခန်းလေးသည် နွေးထွေးနေ၏။

၎။
နားထဲတွင် စကားပြောသံလိုလို ကြားရသည်။ တစ်စုံတစ်ယောက်က သူ့ လက်မောင်းကို လှုပ်နေသည်။

“ထ ကို…၊ ထ… ထ”ဟူသော “ထား”အသံကို ကြားရသည်။ လေသံမျှဖြစ်သော်လည်း “ထား”အသံက လှုပ်လှုပ်ခါခါနိုင်လှသည်။ သူ နိုးလာသည်။ အပြင်ဘက်မှ မေမေ၏ “သားရေ”ဟု ဆင့်ကာ ခေါ်သံကိုလည်း သူ ကြားလိုက်သလို ကလေးတစ်ယောက် ငိုသံကိုပါ သူကြားရသည်။

သမီးလေး အသံ… မြတ်စွာဘုရား…

သူ ချက်ချင်း ထထိုင်လိုက်ပြီး “လာပြီ… မေမေ”ဟု အသံ ပြန်ပေးလိုက်သည်။ ကစဥ့်ကလျား ဖြစ်သွားသော စိတ်ကို အတတ်နိုင်ဆုံး ပြန်လည် စုစည်းလိုက်ရင်း ကြမ်းပေါ်သို့ သူခြေချသည်။

“ထား”ကို တစ်ချက် လှည့်ကြည့်တော့ “ထား“က သူ့ကို အားပေးပြုံး တစ်ပြုံး ခပ်ယဲ့ယဲ့ ပေးနေသည်။ သူ ပုဆိုးကို ပြင်ဝတ်လိုက်ပြီး အပြင်ခန်းသို့ ထွက်လိုက်သည်။

အပြင်ရောက်ရောက်ခြင်း သူ့မျက်လုံးက ဖိနပ်ချွတ်သို့ အရင်ရောက်သည်။ သူ့ကြိုးကြာဖိနပ်၊ “မရွှေမိ”၏ ကတ္တီပါဖိနပ် ကြက်သွေးရောင်၊ သမီးငယ်၏ ကွင်းစွပ်ကြိုးသိုင်းဖိနပ်များကိုသာ သူတွေ့သည်။ “ထား”၏ ကြိုးသိုင်း ဖိနပ်ဖြူကို မတွေ့ရ။

သူ တည်ငြိမ်စွာ ရင်ဆိုင်နိုင်သည့် အနေအထားသို့ ရုတ်ချည်း ရောက်သွားပြီ။ “မရွှေမိ”သည် သူ့ကို ကျောပေးပြီး ထိုင်နေ၏။ မေမေ့အား သူ၏ လူမဆန်မှု အပေါင်းကို သာသာထိုးထိုးလေး တိုင်တည်နေသံကို သူ နာခံရင်း သူတို့ ထိုင်နေရာသို့ သွားသည်။

နံရံပေါ်မှ နာရီကို သူ လှမ်းကြည့်သည်။ မနက် ကိုးနာရီသာသာပဲ ရှိသေးသည်။ နှစ်နာရီခန့်ပဲ အိပ်ရသေးပေမင့် လူက လန်းလန်းဆန်းဆန်းကြီး ဖြစ်လို့နေသည်။

၅။
“ဟဲလို…”

“မေမေလား၊ သားပါ…”

“ဪ…၊ ပြော သား…”

“ထား ပြန်သွားပြီလား မေမေ…”

“အင်း… ပြန်သွားပြီ။ အိမ်က ကားနဲ့ပဲ လိုက်ပို့ပေးလိုက်တယ်။ ကောင်မလေးက ရည်ရည်မွန်မွန်လေးရယ်၊ မင့်နှယ်ကွာ သူများ သားပျိုသမီးပျိုလေးကို…”

“ထားပါတော့ မေမေရယ်၊ ဘဝမှာ တချို့ကိစ္စတွေက မကြံစည် မရည်ရွယ်ပေမယ့် သူ့အလိုလို ဖြစ်ကုန်တတ်ကြတာပါဗျာ…”

“တော်စမ်းပါကွာ၊ မင့်ဟာမင်း အကျင့်တန်တာကို ဘဝကြီးနဲ့ ချီပြ မနေစမ်းပါနဲ့။ မင့်မှာလည်း သမီးနဲ့၊ သားနဲ့၊ ဆင်ခြင်ဖို့ ကောင်းနေပြီ မောင်ရေချမ်း…”

“ဟုတ်ကဲ့ပါ မေမေရာ…”

“မင့်ပြောလိုက်ရင် ဟုတ်ကဲ့ချည်းပဲ။ ပြီးတော့မှ ထင်ရာစိုင်းတဲ့ အကျင့်ယုတ်…။ ဒါနဲ့ မေးရဦးမယ်။ အိမ်ပြန်ရောက်တော့ရော မင့်မိန်းမနဲ့ အဆင်ပြေရဲ့လား”

“ပြေပါတယ် မေမေ။ မေမေ့ကို သား ကျေးဇူးတင်ပါတယ်”

“ဘာကို ကျေးဇူးတင်တာလဲ…”

“ထား ဖိနပ်ကလေးကို နေရာ ရွှေ့ပေးထားလို့ပေါ့…”

“ခွေးတိရစ္ဆာန်၊ အဲဒါ နင့်ကို မေတ္တာ ရှိလွန်းလို့၊ နင်နဲ့ အလိုတူ အလိုပါမို့လို့ မဟုတ်ဘူးဆိုတာ နားလည်။ ငါ့မြေးလေးတွေ မိတကွဲ ဖတကွဲနဲ့ ဖြစ်မှာ စိုးလို့ ငါ့မှာ လူကြီးတန်မယ့်နဲ့ အလိုတူအလိုပါ လုပ်လိုက်ရတာဟဲ့ ခွေးကောင်ရဲ့…”

[၁၉၉၄ခုနှစ် ဇွန်လထုတ် မဟေသီမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး အတ္တကျော်ရဲ့ “ခြေရာပြိုးပြောက် လွမ်းပွင့်ကောက်သီ (ကိုယ်တိုင်ကြုံဝတ္ထုတိုများ)” လုံးချင်း စာအုပ်ထဲမှာလည်း စုစည်းဖော်ပြခဲ့တာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။]
Advertisements
7 Comments leave one →
  1. 17 February 2010 11:50 pm

    Cool!

  2. Poe permalink
    18 February 2010 6:10 am

    ဘာကို ဘယ်လိုအပြစ်တင်ရမှန်း မသိအောင် စိတ်ထဲအလိုမကျစွာနဲ့  ရင်နင့်မိပါတယ်။

  3. mamawawa permalink
    18 February 2010 9:45 am

    စိတ်များလည်းပျက်မိပါရဲ့။

  4. 18 February 2010 12:20 pm

    ဘာပြောရမှန်းမသိလောက်အောင် ၀ထ္ထုက လူသားဆန်လွန်းတယ်။

  5. thelay permalink
    12 April 2010 8:39 am

    ဒါနဲ့ အဲဒီ ၀ထ္ထုကို ဖတ်ပြီး နားမလည်တာ နည်းနည်းလောက်မေးချင်ပါတယ်.. ဘာလို့ ကောင်မလေးက ဒီယောက်ကျားရဲ့ အမေ့အိမ်ကို လာအိပ်ရတာလဲ… သူ့အိမ်သူပဲ အိပ်လို့ မရဘူးလား.. သူ့အိမ်ရောက်ပြီးကာမှ ဒီအိမ်ကို ဘာလို့ လာအိပ်ရတာလဲဟင်. သူ့အိမ်မှာသူပဲ အိပ်လို့ မရဘူးလား.. အပြင်ကနေ အိမ်မပြန်ရဲ လို့ ဆိုရင်လဲ သဘောပေါက်သေးတယ်. အခုဟာက သူ့အိမ်သူလဲ ပြန်ရောက်ပြီးပြီ.. ဘယ်လိုလုပ်နောက်တစ်ခေါက်ထွက်လာရတာလဲ

  6. 13 April 2010 1:21 pm

    မိန်းမတွေ ယောက်ျားကို မကျေနပ်ရင် ယောက္ခမဆီမှာ (မတည့်တဲ့ ယောက္ခမပဲဖြစ်ဖြစ်) တိုင်တတ်ကြတယ်နော်။ (ကိုယ်တစ်ယောက်တည်းမှတ်နေတာ) 😛

    ဆရာ..အဲဒီလိုပွေတတ်တဲ့လူမျိုးကို ဘယ်သူမှ ဆုံးမလို့ ၊ နားချလို့ မရဘူးနော်။ ဘယ်အချိန်မှာ သူတို့ အကျင့်ရပ်သွားတတ်ကြလဲ စိတ်ဝင်စားစရာပဲ။

    • lettwebaw permalink
      13 April 2010 1:52 pm

      ကျွန်တော် ငြိမ်ငြိမ်ဆိမ်ဆိမ်လေး နေခဲ့တာ ၁၀ နှစ် ရှိခဲ့ပါပြီ။ ကျွန်တော့်အကျင့် ရပ်သွားတာ မဟုတ်မှန်းတော့ သိနေပါတယ်။ ဒါပေမယ့် သိပ်နားလည်ပေးနိုင်၊ သိပ်သည်းခံပေးနိုင်တဲ့ ကျွန်တော့်အိမ်သူကို အားနာလွန်းမက အားနာလာမိရလို့ ကိုယ့်ခြေကိုယ် ဇွတ်အတင်း ချုပ်ထားလိုက်ရတာပါ။ သို့သော်လည်းတဲ့ပေါ့ဗျာ… ဖဲရှုံးလို့ ဘုန်းကြီး ၀တ်သွားတဲ့သူလိုဖြစ်ဖြစ်နေသေးသဗျ။ ဆွမ်းခံကြွရင်း လမ်းမှာ ဖဲချပ်လေး မှောက်နေတာ တွေ့ပြန်တော့လည်း လူသူ အလစ်မှာ ခြေမလေးနဲ့ ထိုးကော်ပြီး လှပ်လှပ်ကြည့်ချင်နေမိတုန်းပါပဲ။ အဲဒါကြီးက သွေးထဲ သားထဲမှာ စွဲနေတဲ့ အကျင့်ဆိုးတစ်ခုပဲဗျို့။ သေမှသာ ပျောက်မယ်ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: