A Thing Scarier Than Death

pyay-dway

သေရမှာထက်တောင် ကြောက်နေမိတာလေးတစ်ခု

သိုးဆောင်းဘာသာစကားမှ ဝေါဟာရတစ်လုံးက အခုတလော ခေါင်းထဲတွင် စိုးမိုးနေသည်။ Update ဟူသော စကားလုံး။
ယခင်ကတည်းက ထိုဝေါဟာရ ရှိခဲ့ပါသည်။ သတင်းခေတ်သို့ ရောက်လာပြီး ကွန်ပျူတာများ တွင်ကျယ်လာသောအခါ ထိုဝေါဟာရကို ပိုမိုအသုံး များလာသည်။

Update သည် ရက်စွဲမီအောင်ြုပလုပ်ယူသည်ဟူသော အနက်ရင်း ရှိသည်။ သူ့ဆန့်ကျင်ဘက်ဝေါဟာရမှာ outdated ဖြစ်သည်။ အနက် အဓိပ္ပာယ်မှာ “ရက်လွန်၊ ခေတ်ဆွေး”ဟူသော နာမဝိသေသန သဘောကို ဆောင်သည်။ မြန်မာတချို့ပင် ယင်းကို “ဒိတ်အောက်နေပြီ”ဟု ကြားညှပ် သုံးစွဲသည်အထိ ထိုစကားလုံးက တွင်ကျယ်နေပါပြီ။

ဆိုတော့ update သည် ခေတ်နှင့် ရင်ပေါင်တန်းအောင် “လုပ်ယူ”သည် ဟူသော အနက်ကို ရလာသည်။ မြန်မာစာအဖွဲ့က ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင်လည်း “ခေတ်နှင့်အညီ မွမ်းမံသည်”ဟု အနက်ဖွင့်ပေးထားပါသည်။

ဆိုကြပါစို့၊ ဆရာယုဒဿန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် ယခုခေတ်တွင် အသုံးမဝင်လှတော့။ ၁၉ရာစုအနှောင်းပိုင်းတွင် ပြုစုခဲ့သော အဘိဓာန်ကို နှောင်းလူတို့က ခေတ်မီအောင် ဖြည်းဖြည်းချင်း မွမ်းမံ မယူခဲ့ကြသောကြောင့် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်အထိ ထိုအဘိဓာန်ကို မရှိသုံး အဖြစ်ဖြင့်သာ ကြိတ်မှိတ်သုံးနေခဲ့ရသည်။

ယခုအခါတွင်မူ မြန်မာစာအဖွဲ့က ထုတ်ဝေလိုက်သော မြန်မာ-အင်္ဂလိပ် အဘိဓာန်ကြီး ပေါ်လာခဲ့လေပြီ။ ထိုအဘိဓာန်ကို ၁၉၉၃ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ယခုထက်တိုင်တော့ ခေတ်မီနေဆဲဟု ပြောနိုင်သေးသည်။ သို့ရာတွင် ၂၀၁၃ခုနှစ်လောက်ဆိုလျှင်တော့ ထိုအဘိဓာန်ထဲသို့ ဝေါဟာရသစ်များ ဖြည့်စွက်ပေးရန် လိုလာပေတော့မည်။

၁၉၉၃ခုနှစ်ထုတ်တွင် ဆင်ဆာ၊ ဆင်ဒီကိတ် အစရှိသော မြန်မာသံ ဖလှယ်ကာ တွင်ကျယ်စွာ သုံးနေသော သိုးဆောင်း ဝေါဟာရများ ပါသည်။ သို့ရာတွင် ဆယ်လျူလာဖုန်းဆိုတာ မပါသေး။ ယခု ၂၀ဝ၃ ခုနှစ်မှာပင်လျှင် ဆယ်လျူလာဖုန်း၊ ခြင်းဖုန်းဟူသော ဝေါဟာရသစ်များသည် နေ့စဉ် လူမှု ဘဝထဲတွင် အသစ်အသစ် ပေါ်လျက်ရှိသည်။ ထိုဝေါဟာရများကိုပါ ဖြည့်စွက်ပေးနိုင်ပါမှ အဘိဓာန်သည် ခေတ်နှင့် ရင်ပေါင်တန်းနိုင်မည်။ ယင်းကို update လုပ်သည်ဟု ပြောကြပါသည်။

အလားတူပင်၊ စာရင်းဇယား၊ ကိန်းဂဏန်း၊ စာအုပ်စာတန်းတချို့ကိုလည်း update လုပ်ဖို့ လိုသည်။ တခြားမပြောနှင့်၊ အိမ်သုံးစရိတ်၊ ဝင်ငွေ ထွက်ငွေစာရင်းပင်၊ မနှစ်ကနှင့် သည်နှစ် ဘယ်လိုနည်းနှင့်မှ တူစရာ အကြောင်း မရှိချေ။ အိမ်ရှိလူဦးရေပင် အပြောင်းအလဲ ဖြစ်ချင်ဖြစ်နေနိုင်သေးသည် မဟုတ်တုံလော။

ထိုအခါ လက်ရှိအခြေအနေနှင့် ရင်ပေါင်တန်းနိုင်အောင် update လုပ်ခြင်းသည် ရှင်နေသော လူ့ဘဝ၏ လိုအပ်ချက်ဖြစ်နေသည်။

ဟုတ်သည်။ လူသည် အသက်ရှင်နေသည်။ ရှင်နေသမျှ ပြောင်းလဲနေသော ပတ်ဝန်းကျင်ထဲတွင် နေကြစမြဲ ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်အောင်၊ တစ်နည်းအားဖြင့် ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်ရေးအတွက် ကျွန်တော်တို့သည် အရာရာကို ခေတ်နှင့်အညီ ညှိယူကြရသည်။


ထိုအရာရာဆိုသည့်အထဲတွင် လူတစ်ဦးချင်းစီ၏ အသိဉာဏ်၊ အစွဲနှင့် အယူအဆလည်း ပါသည်။ ရှင်နေသမျှ ကာလပတ်လုံး (ဝါ) မသေမချင်း အသိဉာဏ်ကို ခေတ်နှင့်အညီ မွမ်းမံနိုင်ပါမှ တန်ကာကျမည်။ သေလွန်သွားမှသာ လူတစ်ယောက်အနေဖြင့် ထိုတစ်ဘဝတာအတွက် update လုပ်စရာ မလိုတော့တာ ဖြစ်ပေမည်။


တစ်ချိန်က လူမမာကို နွားနို့သောက်ရန် ဆရာဝန်များက တွင်တွင် ညွှန်ကြားဖူးသည်။ ယခုအခါ၌ နွားနို့တွင် ကိုယ်ခန္ဓာအတွက် ဘေးဖြစ်စေနိုင်သော ကိုလက်စထရောဓာတ်တွေ ပါဝင်နေသဖြင့် ဆရာဝန်တွေက နွားနို့ သောက်ရန် မညွှန်ကြားကြတော့။ အလားတူပင်၊ လွန်ခဲ့သော ဆယ်နှစ်လောက် အထိက ဆေးထိုးလိုက်လျှင် ရောဂါ မြန်မြန်ပျောက်သည်ဟု လူတိုင်းလိုလို စွဲနေကြသည်။ ယခုခေတ်တွင် မလိုအပ်ဘဲ ဆေးမထိုးသင့်ဟူသော အသိကို ရလာကြပြီ။


ကျွန်တော်တို့ငယ်ငယ်က ကိုမီသာဇင်ဆိုသော ဆေးကို ထိရောက်သော ချောင်းဆိုးပျောက်ဆေးအဖြစ် သုံးစွဲကြသဖြင့် ဘယ်မှာမဆို အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ထိုစဉ်က နိုင်ငံတော်ပိုင် ဆေးဆိုင်များမှာပင် ဝယ်လို့ရခဲ့သည်။ ယခုတော့ ထိုဆေးမှာ မူးယစ်ဆေးဝါးစာရင်းဝင် နာမည်ဆိုးကို ဆောင်သော ဆေး။

တစ်ခေတ်ဆီက အမျိုးကောင်းသမီးများသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ရန် လုံးဝ မဝံ့ရဲခဲ့ကြ။ ယခုခေတ်တွင် အမျိုးသမီးတွေ လက်ဖက်ရည်ဆိုင် ထိုင်ရမှာ ဝန်မလေးကြတော့။ တစ်ခေတ်က လက်ရေးတိုသင်တန်း၊ လက်နှိပ်စက်သင်တန်းတွေ ပလူပျံနေခဲ့ဖူးသည်။ ကော်လာဖြူဝန်ထမ်းဘဝကို ရယူလိုသူများအတွက် လှေကားထစ်။ အခုခေတ်ကျတော့ကွန်ပျူတာ သင်လာကြသည်။ တစ်ခေတ်က မိန်းကလေးပဲ၊ သေစာရှင်စာလောက် တတ်ရင် တော်ရောပေါ့ဟု အများစုက အောက်မေ့ခဲ့ကြသည်။ စာရေးမလေးများသည် ကာတွန်းဆရာများ၏ ရယ်စရာ အနှိမ်ခံ ဇာတ်ရုပ်လေးတွေ ဖြစ်ခဲ့ကြသလို ပတ်ဝန်းကျင်ကလည်း သူတို့ကို တစ်မျိုးမြင်ချင်သည်။ အခုခေတ်မှာတော့ ဌာန အဖွဲ့အစည်းစုံမှာ ယောက်ျားလေး ဝန်ထမ်း အင်အားထက် မိန်းကလေး အင်အားက ပိုများတာတွေပင် ရှိနေပြီ။


အယူအဆတွေကရော… ဘာထူးသနည်း။

ဆရာကြီး ရွှေဥဒေါင်းငယ်ငယ်က သတိပဌာန်တရားကို အားထုတ်ဖို့ ညွှန်ပြသူ မရှိသလောက်ဖြစ်သည့်အပြင် ထိုပဋိပတ်ကို ကျင့်ကြံသူပင် ဓမ္မန္တရာယ်နှယ် အကြဉ်ခံရကြောင်း ဆရာကြီး၏ တစ်သက်တာမှတ်တမ်းထဲတွင် ဖတ်ဖူးသည်။ ဒါနနှင့် သီလမပါ သေခါမှသိဟူသော စကားပင် တွင်ကျယ်ခဲ့သည်အထိ ဒါနနှင့် သီလကိုသာ ဇောင်းပေးခဲ့ကြသည်။ ဘာဝနာက တော်တော်နှင့် ခေတ်မစားခဲ့။ ယခုတော့ တရားရိပ်သာတွေက နေရာ အနှံ့မှာ။

လွတ်လပ်ရေးအကြိုကာလများကတည်းက ကမ္ဘာတစ်လွှားမှာ အလွန် ခေတ်စားခဲ့သော မာ့(ခ်)(စ်)ဝါဒသည် ကျွန်တော်တို့ လူလားမြောက်ချိန်အထိ တွင်ကျယ်နေခဲ့သည်။ ယင်းဝါဒကိုမှ သက်ဝင် ယုံကြည်ခြင်း မရှိလျှင် အမြင်ပဲ မှားနေသလိုလို၊ လူစင်စစ်ကပဲ အမြီးထွက်နေသလိုလို အထင်ရှိခဲ့ကြသည်။ စာပေနယ်မှာလည်း ပြည်သူ့စာပေတွေ၊ ပြည်သူ့အတွက်ဆိုတာတွေကပဲ မင်းမူနေခဲ့သည်။ အခုကျတော့လည်း ထိုအသံတွေ ဆိတ်သုဉ်းသွားလေပြီ။


ဆရာဖေမြင့်က ကျွန်တော့်ကို တစ်ခါက ပြောဖူးသည်။ အင်္ဂလိပ်လို ရွှတ်ရှက် ဒွတ်ဒက်နှင့် ပြောနေသော ကျွန်တော်ကား ဟိုတစ်ချိန်ကသာဆိုလျှင် ဘိုရူး ဆိုပြီး အနှိမ်ခံရမှာဖြစ်ပေမင့် ယခုကျတော့လည်း လူရာဝင်ကာ လူတွင်ကျယ် လုပ်နေနိုင်ပါပကောတဲ့။ သူ့စကား မှန်ပါသည်။ ဟိုတစ်ချိန်က အင်္ဂလိပ်စာ သင်ယူခြင်းနှင့် တတ်မြောက်ခြင်းကို အားမပေးသော ကာလ။ အခုတော့ ယင်းကို လူတိုင်းက အားပေးကုန်ကြသည်။


“ရက်စွဲမီအောင် လုပ်သည်”ဟု အနက်ရင်းမှ ပွားလာကာ “ခေတ်မီအောင် မွမ်းမံသည်”ဟူသော စကားလုံး update က လူသားများ၏ အသိဉာဏ်၊ အစွဲနှင့် အယူအဆများကို ခြယ်လှယ်နေပုံ ဥဒါဟရုဏ်များကား ပြောမဆုံးပေါင်၊ တောသုံးထောင်။


သို့ရာတွင် လူတိုင်း လူတိုင်းက ထိုသို့ မိမိကိုယ်ကို ခေတ်မီအောင် မွမ်းမံလေ့ မရှိကြသည်ကား အမှန်ပင်။ တချို့ကလည်း ထိုသို့ မွမ်းမံယူရ ကောင်းမှန်း မသိ။


ရှင်လျက်နှင့် သေသည်ဆိုသော ဘဝမှာ ထိုသို့ဖြစ်နေသည်မျိုးလားဟု ကျွန်တော်ကဖြင့် တွေးမိနေပါသည်။ အသက်ရှင်နေပါလျက်နှင့် အသိဉာဏ်၊ အတွေးအမြင်များ သေနေခြင်းအား ရှင်လျက်သေသည်ဟုသာ ခေါ်ဆိုအပ်သည်ဟု ထင်ပါသည်။


ကျွန်တော်ကတော့ သေခြင်းတရားကို အကြိမ်ကြိမ်စဉ်းစားဖူးသလို သေလိုက်ရမှာကိုလည်း သိပ်တော့ အကြောက်ကြီးမဟုတ်ပါ။ သို့သော် ရှင်လျက်နှင့် သေသွားမှာကိုတော့ လွန်စွာ ကြောက်လှပါသည်။


စာဖတ်သူလူကြီးမင်းကရော… ဘယ်သင်းကို ပိုကြောက်ပါသနည်း?

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်

၂၀ဝ၃ ဩဂုတ် ၁၁ ထုတ် ရွှေမန္တလေးဂျာနယ်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ်  ၈၈၀/၂၀၀၄(၉)နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၄ ဒီဇင်ဘာမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ပါ စာတစ်ပုဒ်ကို ပြန်လည် တင်ဆက်လိုက်တာပါ။