Does Your Mind Really Belong to You?

ကိုယ့်စိတ် ကိုယ်တကယ်ပိုင်ရဲ့လား

နိဒါန်း

ကျွန်တော်က တရားကို တွေ့တဲ့အဆင့်မှာ မရှိသေးပါဘူး။


ဒါပေမယ့် ကံကောင်းထောက်မလို့ပဲလို့ အလွယ် ပြောကြပါစို့ရဲ့။ ဘာသာရေးနဲ့ ခပ်ခွာခွာ နေခဲ့ရာက ကျွန်တော်တို့ရုံးက စာရင်းကိုင်ကြီးရဲ့ ကျေးဇူးနဲ့ ဆရာတော် ဦးဇောတိကရဲ့ တရားခွေတွေကို နာဖြစ်ခဲ့တယ်။

သည်ကမှတစ်ဆင့် ဆရာတော့်ကို စိတ်ဝင်စားသွားပြီး လူကိုယ်တိုင် သွားဖူးခဲ့ရင်းက ကြည်ညိုလေးစားမှုတွေ ဆီးမနိုင်တားမရ ဖြစ်ပေါ်ခဲ့ပြီး တရားဆိုတာကို လက်တွေ့ဘဝထဲမှာ စွတ်ကယ်၊ စွတ်ကယ် ချသုံး ဖြစ်လာခဲ့ပါတယ်။ ဆရာတော့်အဆုံးအမကြောင့် သဘောထားလေးလည်း နည်းနည်း မှန်လာခဲ့ပါတယ်။
အခုတစ်ပတ်မှာ ကျွန်တော် ချသုံးဖြစ်နေတဲ့အထဲက အများ စဉ်းစားစရာလေးတစ်ခုကို ဆွေးနွေးကြည့်ချင်ပါတယ်။

အတ္တနဲ့ ဒေါသ

ကျွန်တော်က ဘဝမှာ အတိုက်အခိုက်၊ အတိုက်အခံပေါင်းစုံနဲ့ ကြုံခဲ့သူပါ။ အဲဒါ ငယ်ငယ်လေးကတည်းကလို့တောင် ဆိုနိုင်ပါတယ်။

အဓိကက ကျွန်တော့်ပါးစပ်ပါ။ ကျွန်တော့်ပါးစပ်က မစောင့်စည်းတတ်ဘူး၊ မထင်ရင်မထင်သလို တုတ်ထိုးအိုးပေါက် ပြောတတ်တယ်။ ကိုယ်တိုင်လည်း စာလေးပေလေးက ဖတ်၊ အမေကလည်း စာတတ်၊ စာဖတ်သူဖြစ်တော့ ကျွန်တော့်မှာ ဝေါဟာရကလည်း ခပ်ကြွယ်ကြွယ်။ အဲတော့ ကျွန်တော်မို့ မပြောလိုက်နဲ့၊ တစ်ဖက်သားမှာ ပိဿာလေးနဲ့ ဘေးပစ်သလို ဖြစ်ကုန်တတ်တယ်။

အဲတော့ ကျွန်တော့်မှာ အလကားနေရင်း ရန်များပါတယ်။ သည်အထဲ လူက သူများထက် နည်းနည်းလေး ထူးနေသေးတယ်၊ အသံဆိုရင်လည်း ကျွန်တော့်အသံက မှတ်မိလွယ်တယ်၊ မျက်ခွက်ဆိုရင်းလည်း ကျွန်တော့် အခွက်က မှတ်မိလွယ်တယ်။ သင်လွယ်၊ တတ်လွယ်တာကလည်း သူများထက် နည်းနည်းလေး ပိုနေတတ်သေးတယ်။ ဘဝကုသိုလ်ကံ အကျိုးပေးကလည်း ဘယ်လိုက ဘယ်လိုလဲတော့မသိဘူး၊ လူက မချမ်းသာလှပေမယ့် ခေတ်နဲ့အညီ နေနိုင်စားနိုင်အောင်လည်း ဖန်တီးပေးထားပြန်သေးတယ်။ နမူနာပြောရရင် ကျွန်တော့်မှာသာ ပိုက်ဆံက နှစ်သိန်း ပြည့်အောင် မရှိတာ၊ သိန်းနှစ်ဆယ်လောက်တန်တဲ့ ပါလေရာ တယ်လီဖုန်းကို ရုံးစရိတ်နဲ့ ခပ်တည်တည် ခါးချိတ်နိုင်တာမျိုးပေါ့။

ဆိုတော့ အများအမြင်မှာ ကျွန်တော်ဟာ အလကားနေရင် ထိုးထိုးထောင်ထောင်ကြီးကို ဖြစ်နေတယ်။ အဲဒါကို ကျွန်တော့်ရဲ့တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ ပါးစပ်နဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ အတိုက်အခိုက်တွေ၊ အတိုက်အခံတွေက နေရာတကာမှာ တွေ့ရပါတော့တယ်။

ဆိုခဲ့တဲ့အတိုင်း အဲဒါတွေကို လူမှန်းသိကတည်းက ကြုံခဲ့ရလေတော့ ကျွန်တော့်အတွက်က ရိုးနေပြီ။ တချို့ကတော့ ကျွန်တော့်ကို “လွတ်မြောက်နေတာ”လို့ ပြောကြတယ်။ သိုးဆောင်းဘာသာနဲ့ဆိုရင်တော့ existentialist (ဖြစ်တည်မှုပဓာနသမား)ပေါ့။ တချို့ကတော့ အရေထူလွန်းလို့ “ဆင်သားရေ”တဲ့။
တစ်ယောက်မှ မမှန်ပါဘူး။

ကျွန်တော်ဟာ ပုထုဇဉ်စစ်စစ်သာဖြစ်တဲ့အတွက် အတိုက်အခံတွေ၊ အတိုက်အခိုက်တွေကြောင့် ဘာမှ မခံစားမိဘဲ ရှိခဲ့ပါ့မလား။ အသားပဲ၊ ထိမိခိုက်မိမှတော့ နာမှာပေါ့။ လူပဲ၊ ကိုယ့်ကို အကောင်းပြောရင် ကြိုက်သလို၊ မကောင်းပြောရင် ထိခိုက်တာပေါ့။ ဒါပေမယ့် ဘယ်သူက ဘာပြောပြော ကိုယ့်အလုပ် ကိုယ်လုပ်မယ်ဆိုတဲ့ စိတ်က သိပ်ပြင်းထန်နေတော့ အများအမြင်မှာ ကျွန်တော်က သိပ်အရေထူတဲ့လူ၊ မတုန်မလှုပ်နေတတ်တဲ့လူ၊ ဒါမှမဟုတ် လွတ်မြောက်နေတဲ့လူ ဖြစ်နေတယ်။
ပတ်ဝန်းကျင်ကို သိပ်ဂရုမထားတတ်၊ အားမနာတတ်၊ မညှာတတ်တာကြောင့် အဲလို အထင်ခံရတာပါ။ တကယ်က သိပ် လှုပ်ခတ်တတ်၊ သိပ် ဂရုထားတတ်ပြီး သိပ် အရေပါးလွန်းတာကျတော့ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပေါ့။ တစ်ခုခုဆို ကျွန်တော်က တနုံ့နုံ့နဲ့ သိပ်ခံစားတတ်တဲ့သူမျိုးပဲ ဥစ္စာ၊ ဘာကိုမဆို ထိလွယ်၊ ရှလွယ်ခဲ့သပေါ့။

အဆိုးဆုံးက ဒေါသ။ ကျွန်တော်က နေရာတကာမှာ စိတ်မြန် ကိုယ်မြန်ရယ်။ တစ်ဖက်ကလည်း စာအုပ်ကြီးသမားလို့ ခေါ်မယ်ဆို ခေါ်နိုင်တယ်။ သိုးဆောင်းစကားနဲ့တော့ perfectionist (ဦးတိကျ)ပေါ့။ အဲတော့ တော်တော်တန်တန်လောက်က ကျွန်တော့်စိတ်နဲ့ မရဘူး။ စိတ်တိုင်းမကျ ဖြစ်လွယ်တယ်လို့ အလွယ်ပြောကြပါစို့ရဲ့။


အဲလို စိတ်တိုင်းမကျဖြစ်ပြီဆိုတာနဲ့ ဒေါသက ငယ်ထိပ်ကို တက်သွားတတ်တယ်။

ကျွန်တော့်ရဲ့အဆိုးရွားဆုံး အားနည်းချက်တွေက အဲဒါပဲ။ နှုတ် မစောင့်စည်းနိုင်တာရယ်၊ ခံစားထိရှလွယ်တာရယ်၊ ခံစားထိရှလွယ်လွန်းမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ ဒေါသကြီးလွန်းတာရယ်တို့ပဲ။ ကျွန်တော်နဲ့ လက်ပွန်းတတီးနေကြသူတွေ၊ အထူးသဖြင့် ကျွန်တော့်မိသားစုဟာ ကျွန်တော့်ဒေါသကြောင့် တော်တော့်ကို စိတ်ဆင်းရဲကြရတယ်။

ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလည်း ဗဟုသုတလေး အထိုက်အလျောက် ရှိ၊ စာလေးပေလေး အထိုက်အလျောက် ဖတ်ထားတဲ့သူပီပီ ဒေါသကြီးနေတာပဲ တရားသလိုလို၊ လူတွေကပဲ လွဲနေသလိုလို ပြောချင်ပြောတတ်နေသေ တယ်။

ဒါပေမယ့် ဒေါသကြောင့် အမှားတွေ မကြာခဏ ဖြစ်ရတဲ့အခါ၊ ဒေါသကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ထိခိုက်နေရတာတွေကို မျက်ဝါးထင်ထင် မြင်လာတဲ့အခါ ဒေါသဖြစ်တာကို မှားမှန်းသိသလိုလို ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးကလည်း ကျွန်တော်လို အတ္တကြီးတဲ့ သူက ပိုလုပ်ဖြစ်နေတာကိုး။

ပြောရရင် ကျွန်တော်က အတ္တသိပ်ကြီးတယ်။ ဖြစ်တည်မှုပဓာနသမားလို့ ပြောတာထက်စာရင် ကျွန်တော့်ကို အတ္တသမား (egoist) လို့ သတ်မှတ်တာက ပိုပြီး မှန်လိမ့်မယ်။ ကျွန်တော့်အတ္တကို မွေးမြူ ထူထောင်နိုင်ဖို့ အခါခပ်သိမ်း စဉ်းစားနေတယ်၊ အားထုတ်နေတယ်။

သိပ်အတ္တကြီးလာတဲ့အခါကျတော့ နေရာတကာမှာ တော်ချင်၊ တတ်ချင်၊ သူများထက် ခေါင်းတစ်လုံးသာချင်တဲ့စိတ်ကလည်း ဆီးလို့ တားလို့ကို မရချင်တော့ဘူး။ တကယ် အတ္တကြီးတဲ့လူ ဖြစ်ရိုးမှန်ရင် ကိုယ်ကျိုးစွန့်ဖို့လည်း ဝန်မလေးတော့ဘူး၊ အနစ်နာခံဖို့လည်း အဆင်သင့်ဖြစ်နေတယ်။ တချို့က ကိုယ်ကျိုးရှာတဲ့သူကိုမှ အတ္တသမားလို့ ထင်ကြတယ်။ တကယ်က ကိုယ်ကျိုးကြည့်သူက သပ်သပ်၊ အတ္တဝါဒီက သပ်သပ်ပဲ။ ကိုယ်ကျိုးသမားက ကြွယ်ဝမှုနောက်ကို လိုက်တယ်၊ အတ္တသမားက ဂုဏ်သိက္ခာနောက်ကို လိုက်တယ်။ ဦးတည်ချက်ချင်း မတူတော့ဘူး။

ကျွန်တော်က အတ္တသမားပီပီ ကိုယ့်ကိုယ်ကိုယ် ကောင်းသထက် ကောင်းနေအောင်၊ တော်သထက် တော်နေအောင် အမြဲတမ်း ပွတ်တိုက်ပေးနေမိတယ်။ သည်အခါမှာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးက အခါမလပ် လိုအပ်လို့လာတယ်။

ကိုယ့်ကိုယ်ကိုယ် အဏုကြည့်မှန်ပြောင်းအောက်မှာ ထားပြီး သတ္တုချ ကြည့်တဲ့အခါ အထက်မှာ ရေးခဲ့တဲ့ အားနည်းချက်တွေကို ကျကျနနကြီး တွေ့လာရတယ်။
သည်အခါမှာ နှုတ်ကို နည်းနည်း ထိန်းနိုင်လာတယ်။ ဒါကတော့ အသက်အရွယ်ကြောင့် ထင်ပါရဲ့။ ဒါပေမယ့် ခံစားထိရှလွယ်တာကိုကျတော့ ထိန်းလို့ကို မရဘူး။ ပိုဆိုးတာက ဒေါသ။ ဒေါသကိုလည်း ထိန်းလို့မရဘူး။

စာအစမှာ ဆိုခဲ့တဲ့အတိုင်း သည်အချိန်မှာ ဆရာတော်ဦးဇောတိကနဲ့ သွားကြုံတယ်။ မနှစ်က ဆရာတော် အဖူးခံတဲ့ ရက်တိုင်းလိုလိုမှာ ဆရာတော့်ဆီမှာ ကျွန်တော် အချိန်ပြည့် ရောက်နေခဲ့တယ်။ ဆရာတော်က လာဖူးသူ ဧည့်ပရိသတ်နဲ့ ပြောတဲ့ဆိုတဲ့အခါ ကျွန်တော် အာရုံစိုက်နေဖြစ်ခဲ့တယ်။

အဲဒီ့ရက်ပိုင်းက သိသိသာသာကို စိတ်တွေ ငြိမ်းချမ်းလာတယ်။ ဘာမှ အားထုတ်တဲ့အဆင့်ကို မရောက်သေးဘူး၊ အလိုလိုနေရင်းကို စိတ်က အေးချမ်းနေတာ။ ဒေါသလည်း နည်းသွားတယ်။

ဒါပေမယ့် ဆရာတော် နိုင်ငံခြားသာသနာပြုခရီးလည်း ကြွသွားပြီးတော့ သိပ်မကြာဘူး၊ ကျွန်တော်လည်း ဒုံရင်း ပြန်ရောက်တော့တာပဲ။ တစ်ခုတော့ နည်းနည်း ထူးလာတယ်။ ခါတိုင်း ဒေါသဖြစ်ရင်၊ ခံစား ထိရှရင် အလွှတ်မဲ့ဖြစ်နေတတ်ပေမယ့် အခုကျတော့ ဒေါသထွက်ရင် ထွက်မှန်း၊ ခံစားထိရှရင် ခံစားထိရှမှန်း ဖြည်းဖြည်းချင်း သိလာနေပြီ။

ဆိုကြပါစို့၊ ဒေါသထွက်နေတယ်၊ ခါတိုင်းဆို အဲဒီ့ဒေါသကြောင့် ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်တယ်၊ မြည်တွန်တယ်၊ ဒါတွေကို ဆက်တိုက် လုပ်ဖြစ်နေတယ်။ အတောက တော်တော်နဲ့ မသတ်ဘူး။ ခေါင်းထဲမှာကလည်း မူလ ဒေါသဖြစ်စရာအကြောင်းကနေ ဆက်စဉ်းစားနေလိုက်တာများ၊ ဒေါသထွက်စရာတွေချည်း တန်းစီလို့ ဆင့်ပွား စဉ်းစားဖြစ်နေတာပါ။

အခုကျတော့ ဒေါသကြောင့် ဝုန်းဒိုင်းကျဲတာ၊ မြည်တွန်တာတွေတော့ ရှိသေးတယ်၊ ဒါပေမယ့် အတောက သတ်လို့ရချင်လာတယ်၊ “ငါ ဒေါသ ဖြစ်နေပါလား”ဆိုတာ ဘယ်လိုကနေ ဘယ်လို ခေါင်းထဲဝင်လာတယ် မသိ ဘူး။ အဲဒါဆိုရင် ဆင့်ပွားစဉ်းစားတာတွေက အလိုလို ရပ်သွားတယ်။

ဒါပေမယ့် သည်အဆင့်မှာ ဝုန်းဒိုင်းလည်း ကျဲပြီးပြီ။ နှုတ်ကလည်း စုံအောင် ပြောပြီးနေပြီ။ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။

ဒါနဲ့ တရားကို သတိထားပြီး အားထုတ်ကြည့်တယ်။ အဲတော့လည်း ဟုတ်တုတ်တုတ်ပဲ။ ဒါပေမယ့် လူပီပီ ကောင်းတဲ့အလုပ်တစ်ခုကို မှန်မှန်လုပ် ဖြစ်နေဖို့ကျတော့ အပျင်းက ထူချင်တယ်။ တစ်လလောက်လည်း နေရော တရားကို သိပ်အားမထုတ်ဖြစ်ပြန်ဘူး။ အဲဒီ့မှာတင် ဒုံရင်းပြန်ရောက်တာပဲ။

ဒေါသတွေ၊ ခံစားထိရှမှုတွေက တိုးမလာတော့ပေမယ့် သိသိသာသာလည်း လျော့ကျမသွားသေးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အဲဒါကို ပြင်ရမယ်လို့ သိနေတယ်။ သတိလေးကတော့ နည်းနည်းလေးစိပ်လာပြီ။ ခါတိုင်း ဒေါသထွက်ပြီး နာရီဝက်လောက်နေမှ ဒေါသဖြစ်နေမှန်း သတိရလာရာက ဖြည်းဖြည်းချင်း အချိန်တိုလာတယ်။ မိနစ်၂၀၊ ၁၅ မိနစ်၊ ၁၀ မိနစ်၊ ၅ မိနစ် စသဖြင့် ကိုယ့်ကိုယ်ကိုယ် သတိထားမိချိန်က မြန်လာပါတော့တယ်။

ဒါပေမယ့် ပျောက်သလားဆိုတော့ မပျောက်ဘူး။

နည်းလမ်းရှာနေရင်းနဲ့ ဆရာတော်ဦးဇောတိကရဲ့ “ဒေါသကိလေသာ”ဆိုတဲ့ တရားခွေကို နာဖြစ်သွားတယ်။

ကျွန်တော်နဲ့ အတော်ကိုက်တဲ့ တရားခွေလို့တောင် ဆိုရမယ်။ ကျွန်တော့်လိုပဲ စိတ်မြန်သူများ၊ ဒေါသပေါက်ကွဲလွယ်သူများ သတိထားပြီး နာကြည့်သင့်ပါတယ်။

အတ္တနဲ့ သတိ

အခုဆောင်းပါးမှာ ပြောချင်တာကတော့ အဲဒီ့ထဲက ရလိုက်တဲ့ အသိလေးတစ်ခုကို စာဖတ်ပရိသတ်ကို ဝေမျှချင်တာပါ။ ဆရာတော် ဟောတာကို အခြေခံပြီး ကျွန်တော် နားလည်သလိုပဲ ပြန်ရေးပြချင်ပါတယ်။

လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်ပိုင်တယ်လို့ ထင်ကြတယ်။ တရား သဘောနဲ့ ပြောရင်တော့ ဘယ်သူမှ မပိုင်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့လို တရားနဲ့ ဝေးလို့ ကောင်းနေဆဲ ပုထုဇဉ်မှန်သမျှကတော့ ကိုယ့်စိတ်ကို ကိုယ်ပိုင်တယ်ချည်း ထင်ကြတာပါ။

ဒါပေမယ့် အဲဒါ တကယ်လား။

ပြန်စဉ်းစားကြည့်ရအောင်ပါ။ ကျွန်တော်က ကျွန်တော့်အိမ်သူကို စိတ်တိုင်းမကျဘူး၊ သူ့အပြောအဆို၊ အပြုအမူတစ်ခုခုကြောင့် ထောင်းခနဲ ဒေါသ ထွက်သွားတယ်။ ဒေါသဆိုတာ စိတ်မှာဖြစ်သွားတာနော်။ ဒါဆိုရင် ကျွန်တော့် စိတ်ကို ကျွန်တော်ပိုင်သေးရဲ့လား။ ဘယ်ပိုင်တော့မလဲ၊ ကျွန်တော့် အိမ်သူက သူ့အပြောလေးတစ်ခု၊ အမူအရာလေးတစ်ခုနဲ့ ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်လို့ ရနေမှတော့ ကျွန်တော့်စိတ်ဟာ သူ့ရဲ့လွှမ်းမိုးမှု အောက်ကို ဒူးထောက် ရောက်ရှိသွားပြီပေါ့။
သွားပြီ။ ကိုယ်ပိုင်တယ်လို့ ထင်ထားတဲ့ စိတ်က သူတစ်ပါးရဲ့ ခြယ်လှယ်မှုကို ခံလိုက်ရပြီ။ ဆရာတော့် တရားထဲကနေ အဲလိုသိလိုက်ရတဲ့အခါ ကျွန်တော် ဆတ်ခနဲ ဖြစ်သွားတယ်။

တစ်ခါ ရုပ်ရှင်ကြည့်ရင်းနဲ့လည်း ကျွန်တော်ဆိုတဲ့ကောင်က မျက်ရည်ကျရင် ကျတတ်သေးတယ်၊ အဲသလို အသည်းနုတာ။ ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်ရင် ရုပ်ရှင်ဆိုတဲ့ သက်မဲ့ကြီးက ကျွန်တော့်စိတ်ကို ဖမ်းစားလိုက်တာ၊ ခြယ်လှယ်လိုက်ပြန်တာပဲ။ ဘယ်လောက် ရှက်စရာကောင်းသလဲ။

ကျွန်တော်ဆိုတဲ့ အတ္တသမားအတွက် ကိုယ့်စိတ်ကို သက်မဲ့က ခြယ်လှယ်လွှမ်းမိုးတာ ခံလိုက်ရပြီဆိုတဲ့အသိက တော်တော့်ကို ကသိကအောက် ဖြစ်သွားစေပြန်တယ်။
မျက်ရည်ကျတာထားတော့၊ ရုပ်ရှင်ကြည့်ရင်းနဲ့ ရယ်ရင်ရော၊ စိတ်လှုပ်ရှားရင်ရော၊ အတူတူပဲပေါ့။ သက်မဲ့ရဲ့ခြယ်လှယ်မှုအောက်ကို ကျွန်တော့် စိတ်က တင်းပြည့်ကျပ်ပြည့် ရောက်သွားတော့တာပဲ မဟုတ်လား။ အဲဒါကို တွေးမိတဲ့အခါ ပိုလို့ ကသိကအောက် ဖြစ်လာရတယ်။

အဲဒီ့အသိက ကျွန်တော့်ကို စောက်ထိုးမိုးမျှော်ဖြစ်သွားအောင်ကို ပြုပြင်ပေးလိုက်နိုင်ပါတော့တယ်။


ဆိုခဲ့တဲ့အတိုင်း ကျွန်တော်ဟာ အတ္တကြီးမားတဲ့သူ၊ အထူးသဖြင့် ကိုယ့်စိတ်ကို ကိုယ်ပိုင်မှ ကျွန်တော့်အတ္တကို ထူထောင်လို့ရမှာ။ ကိုယ့်စိတ် ကိုယ်မပိုင်သမျှ အတ္တ သိပ်ကြီးလို့ မရသေးဘူး။ အဲတော့ ကျွန်တော့်စိတ် ကျွန်တော်ပိုင်ချင်တဲ့ဇောနဲ့ အဲဒီ့အသိကို လက်တွေ့ဘဝမှာ အသုံးချမိလာပါတော့တယ်။

သားလုပ်တဲ့သူကြောင့် စိတ်က တိုသွားတယ်။ ဒိုင်းဆို ချက်ချင်း သတိရတယ်၊ “ငါ့စိတ်ကို ငါပိုင်တာ၊ ငါ့သားက မပိုင်ဘူး။ သူက ငါ့ကို စိတ်တိုအောင် လုပ်လို့မရဘူး”အစရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖြစ်လာတယ်။ အလားတူပဲ အိမ်မှာ ရုပ်မြင်သံကြား ထိုင်ကြည့်နေတဲ့အခါလည်း ဇာတ်လမ်းထဲ မျောပါသွားပြီဆိုတာနဲ့ “ငါ့စိတ်ဟာ သက်မဲ့ရဲ့ ခြယ်လှယ်မှုကို ခံရလောက်အောင် မနုဘူး”ဆိုတဲ့အသိက တန်းဝင်လာတယ်။ အဲလို သတိလေး တစ်ချက် ရှိလိုက်တာနဲ့ ခံစားနေတာတွေ အလိုလို ရပ်သွားတယ်။

တော်တော်လေး ဟုတ်လာပါတယ်။

သည်ကမှ တဆင့်တက်လို့ အလုပ်ခွင်မှာ၊ လမ်းပေါ်မှာ ကျွန်တော် ဖျတ်ခနဲ စိတ်တိုသွားတာ၊ စိတ်အနှောင့်အယှက်ဖြစ်သွားတာနဲ့ ကိုယ့်စိတ်ဟာ သူတစ်ပါးရဲ့ စိုးမိုးခြယ်လှယ်မှုအောက်ကို ရောက်သွားပါလားဆိုတဲ့ အသိက နောက်က ထက်ချပ် ကပ်ပါလာတော့တယ်။ သည်အခါ စိတ်က အလိုလို ပြေသွား၊ ပေါ့သွားပါပြီ။
အဲလို နေကျင့်ရလာတော့ အတော်လေး နေလို့ထိုင်လို့ ကောင်းလာပါတယ်။ စိတ်နေလို့ ကောင်းတာကို ပြောတာပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကို ပိုလို့ အာရုံစိုက်နိုင်လာသလို လုပ်ရမယ့် အလုပ်တွေကိုလည်း ပိုလို့ မြင်လာ တယ်။ ယုတ်စွအဆုံး၊ စာရေးတဲ့အခါမှာတောင် အကြောင်းအရာတစ်ခုခုကို တည်ပြီးပြီဆိုရင် လက်က အလိုလို လှုပ်ရှားလာပြီး ဝါကျတွေ တစ်ကြောင်းပြီး တစ်ကြောင်း လျှောခနဲ လျှောခနဲ ထွက်လာပါတော့တယ်။

ဆိုကြပါစို့၊ ရုပ်ရှင်ကြည့်ရင်းနဲ့ စိတ်လှုပ်ရှားလာတဲ့အခါ လှုပ်ရှားတဲ့ စိတ်ကို သတိလေးနဲ့ပြန်ထိန်းရင်း ဆက်ကြည့်နေဖြစ်ပါတယ်။ သည်လို သတိနဲ့ ကြည့်တဲ့အခါ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပိုသတိထားမိလာတယ်။ စကားလုံးတိုင်း၊ နောက်ခံ အသံတိုင်းကိုလည်း ပိုသိလာတယ်။
အဲသလိုပဲ၊ ကျွန်တော့်မိသားစုထဲက တစ်ယောက်ယောက်က ကျွန်တော့်ကို စိတ်တိုစရာတစ်ခုခု ပြောလာတဲ့အခါ၊ ပြုလာတဲ့အခါမှာလည်း သတိလေး ရှိသွားတာနဲ့ ဖြစ်ရပ်ကို အမှန်အတိုင်း သုံးသပ်နိုင်သွားပါတော့တယ်။ စိတ်က အတိုင်းအဆ မရှိဘဲ တိုမနေဖြစ်တော့ဘူး။

ဆိုလိုတာက သုံးသပ်မှုအားလေးက ပိုကောင်းလာတာပါ။ အမြင်လေးက ပိုတည့်သွားတာပါ။ အရင်က ဒေါသနဲ့ မြင်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဖယ်ပြီး တစ်ဖက်တည်းပဲ တွေးတယ်၊ အခု ဒေါသ မပါဘဲ ကြည့်တဲ့အခါ ကိုယ်ပါ ပါလာတယ်၊ နှစ်ဖက်လည်း မျှတွေးနိုင်လာတယ်။

နိဂုံး

တရားတွေပါ ထည့်ရေးတော့ စာဖတ်သူများအနေနဲ့ ဒါဟာ တရားအလုပ်တွေကို ပြောနေတာလို့ တွေးကောင်း တွေးနေမိပါလိမ့်မယ်။

မဟုတ်ပါဘူး။ နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတဲ့ တော်ရုံတန်ရုံ အန္ဓပုထုဇဉ်အတွက် ကျင့်နိုင်ခက်ခဲတဲ့ တရားကို ဆွေးနွေးလိုက်တာ မဟုတ်ပါဘူး။
ကျွန်တော်ပြောချင်တာက အတ္တနဲ့ယှဉ်တဲ့ ပုထုဇဉ်တို့အနေနဲ့ လူ့ဘောင် လူ့လောကမှာ ကျင်လည်ကျက်စားရင်း အာရုံအသီးသီးကို ခံစားနေရာမှာ သဘောထားလေး တစ်ချက် ပြောင်းသွားတာနဲ့ နေလို့ ပိုကောင်းသွားတဲ့ ကိုယ်တွေ့အဖြစ်လေးတစ်ခုကို မျှလိုက်တာ သက်သက်ပါပဲ။ ဘာတရားမှ မပါပါဘူး။ လူအဖြစ် နေတဲ့ဘဝမှာ စိတ်ဆိုတာလည်း ရှိနေမှာပါ။ အဲဒီ့စိတ်ကြောင့်လည်း ကျွန်တော်တို့တွေရဲ့ ကိုယ်ခန္ဓာတွေမှာ ထိခိုက်နေရတာပါပဲ။

အဲတော့ အဲဒီ့စိတ်ကလေးကိုသာ အပွန်းအရှ မခံဘူးဆိုရင် နေရတာလည်း အလွန်ကောင်းသွားနိုင်တာမို့ လိုသလို သုံးကြည့်ကြစေချင်ပါတယ်။

တချို့က ကိုယ့်ကိုစော်ကားရင်ရော ဒေါသ မဖြစ်ရတော့ဘူးလား၊ ငြိမ်ခံနေရမှာလားလို့ မေးစရာ ရှိပါတယ်။ ငြိမ်တော့ ခံစရာမလိုပါဘူး၊ ဒါပေမယ့် ဒေါသ မပါဘဲနဲ့ တုံ့ပြန်တာကတော့ အမှားနည်းပြီး ပိုမို ထိရောက်တတ်ပါ တယ်။ အလားတူပဲ၊ တခြားခံစားချက်တွေကို ရှေ့တန်းမတင်တော့ဘဲ အရာရာကို ခံစားချက်မဲ့စွာ ချဉ်းကပ် ဖြေရှင်းနိုင်မယ်ဆိုရင် လူ့ဘဝမှာ လူအဖြစ်နေရတာကိုက ပိုလို့ အရသာရှိလာပါလိမ့်မယ်။

ဝမ်းနည်းစွာ ဆောင်ရွက်တာ၊ ကြောက်ရွံ့စွာ ဆောင်ရွက်တာ၊ ပျော်ရွှင်စွာ ဆောင်ရွက်တာ၊ အံ့ဩစွာ ဆောင်ရွက်တာ၊ စိတ်တိုစွာ ဆောင်ရွက်တာတို့ထက် စာရင် တည်တည်ငြိမ်ငြိမ် ဆောင်ရွက်တာဟာ ပိုကောင်းတယ်ဆိုတာ လူတိုင်း မြင်နိုင်မယ်ထင်ပါတယ်။ သည်ထဲမှာ ပျော်ရွှင်စွာကိုပါ ထည့်ထားတော့ တချို့က တွေးပါလိမ့်မယ်၊ ပျော်ပျော်ပါးပါး လုပ်ကိုင်ဆောင်ရွက်တာ ဘာလို့ မကောင်းရမှာလဲလို့။ ပျော်လွန်းရင်လည်း မှားတတ်တာ၊ အမြင် စောင်းသွားတတ်တာ သဘာဝပါ။

ဒါကြောင့် စိတ်ကလေးကို သေချာထိန်းပြီး ခံစားချက်မပါဘဲ တည်ငြိမ်စွာ ရှုမြင် သုံးသပ်နိုင်ရင်၊ လုပ်ကိုင် ဆောင်ရွက်နိုင်ရင် အမှားကင်းပြီး အရာရာမှာ အောင်မြင်နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်နေပါတယ်။

စာဖတ်သူများလည်း ကျွန်တော်ပြောတာ ဖြစ်နိုင်/မဖြစ်နိုင် ကိုယ်တိုင် ပြန်စဉ်းစားပြီး လုပ်သင့်တာ လုပ်သွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။

၁၉၉၈ခုနှစ်က ထုတ်ဝေတဲ့ Fashion Image မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၈၈၀/၂၀၀၄(၉)နဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ “လက်တွဲဖော်”စာအုပ်တိုက်က ထုတ်ဝေထားတဲ့ အတ္တကျော်ရဲ့ “ဖြေတွေးလေးများ”စာအုပ်ထဲက စာတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်တာပါ။

A Way of Thinking

တွေးပေါက်

၁၆နှစ်သားလေးတစ်ယောက် ကျွန်တော့်ထံ ဖုန်းဆက်သည်။ သူ့အသက်က လာမည့်လတွင် ၁၆နှစ်ပြည့်တော့မည်ဟုဆိုသည်။ ကျွန်တော့် စာဖတ်ပရိသတ်ဟုလည်း ဆိုပါသည်။ ဆယ်တန်းဖြေထားသည်တဲ့။ သူ့နေရပ်၊ သူ့အမည်ကို မေးတော့လည်း ဖြေပါသည်။


သို့ဖြင့် သူမေးချင်တာမေးရန် လမ်းဖွင့်ပေးလိုက်သောအခါ သူကြိုက်နေသော ကောင်မလေး တစ်ယောက်ရှိနေကြောင်းနှင့် ထိုကလေးမလေး သူ့ကို ပြန်ကြိုက်လာစေရန် မည်သို့ ချဉ်းကပ်ရမည်နည်းဟု မေးပါသည်။


သည်မေးခွန်းက ကျွန်တော့်အတွက် ရိုးတာနေသော မေးခွန်းပင်ဖြစ် သည်။ ခဏခဏအမေးခံရဖန်များသဖြင့် “ဖူးငုံ”ဆယ်ကျော်သက်မဂ္ဂဇင်းမှာ ပင် “ဂေါ်ဖတ်စာ”ဟု အခန်းဆက်ရေးခဲ့ဖူးသည်မှာ တစ်နှစ်လောက်ပင် ရှိပါသေးသည်။ “ကျွန်တော့်စာဖတ်ပရိသတ်”ဟုဆိုထားသော လူငယ်လေးမှာ ထိုစာကို ဖတ်ဖူးထားဟန်မတူချေ။ ကျွန်တော် ရေးပြီးသားကိုပင် တခုတ်တရ မေးနေပြန်တော့သည်။


ကျွန်တော်လည်း ဖြေပေးလိုက်ပါသည်။ သည်မေးခွန်းက သူလို လူပျိုပေါက်စတွေသာမက တက္ကသိုလ် တတိယနှစ်ကျောင်းသားတွေ မေးတာကိုပင် လွန်ခဲ့သည့်လကမှ ကြုံခဲ့ပြီးဖြစ်သည်။ ကျွန်တော့်အတွက် အပန်းမကြီးလှပါ။ ဖြေပေးလိုက်ပါသည်။

သူက နောက်တစ်ခု မေးစရာ ရှိသေးတယ်ဟု ဆိုပါသည်။ “ကဲ… မေး”ဟု ဆိုသောအခါ သူက သင်္ကြန်မှာ ရေကစားချင်တယ်၊ သို့သော် သူ့မှာ ပိုက်ဆံ မရှိသဖြင့် အလုပ် ဘယ်မှာ ရှာရမလဲဟု မေးပြန်ပါသည်။

သူ ဖုန်းဆက်သောအချိန်သည် မတ်လ နောက်ဆုံးပတ် ဖြစ်သည်။ သင်္ကြန်က ဧပြီလလယ်။ သူက ရေကစားဖို့ ပိုက်ဆံလိုသဖြင့် အလုပ် ဘယ်မှာ ရှာရမလဲဟု ကျွန်တော့်ကို မေးပြီ။ မေးသမျှ ဖြေပေးနေသူ ကျွန်တော့်မှာ စိတ်ပိန်သွားရပါသည်။

“နေပါဦးကွ… သား အမေမိဘတွေက ဘာအလုပ်လုပ်ကြသလဲ…”

“အဲ… သားအမေက ဆုံးသွားတာ နှစ်ရက်ပဲ ရှိပါသေးတယ်…”

ကျွန်တော် စိတ်ပိန်ရာမှ စိတ်လေသွားပါတော့သည်။ အမေ ဆုံးတာမှ နှစ်ရက်ရှိသေး၊ သူက ရည်းစားထားရေးကိစ္စကို အရေးတကြီး မေးနေသလို သင်္ကြန်ပျော်ဖို့အတွက်လည်း တွက်ချက်ပူပင်နေလေသည်။ ဟုတ်… ဟုတ်သေးတော့ဟု တွေးမိနေရသည်။

အလုပ်ရှာပေးသော လုပ်ငန်းတစ်ခုအမည်နှင့် လိပ်စာကို ပြောပြပေးလိုက်အပြီးတွင် သူဖုန်းချသွားသည်။ သူကသာ ဖုန်းချသွားသည်၊ ကျွန်တော်ကတော့ သူ့စကားများကြောင့် အူချာချာ ကျန်ရစ်ပါသည်။

ကျွန်တော့်သားသမီးတွေလည်း သူ့လိုပင် ဖြစ်နေကြမည်လားဟု တွေးမိသောအခါ အလန့်တကြား ဖြစ်သွားပါသည်။ စိတ်ကူးထဲတွင် ကျွန်တော် သေကြည့်မိရပြန်သည်။ (အခုတလော ကျွန်တော် ခဏခဏ သေကြည့်မိနေသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ ကျွန်တော့်ထက် ငယ်သူတွေ၊ မတိမ်းမယိမ်းတွေ၏ နာရေးကိစ္စနှင့် ကြုံရလေတိုင်း ကျွန်တော် သေကြည့်မိနေသဖြင့် “သေကြည့်မိရပြန်သည်”ဟု ရေးလိုက်ခြင်းပင် ဖြစ်ပါသည်။)

ကျွန်တော့် သမီးနှင့်သားရော ထိုသူငယ်လေးလို သူတို့ ရည်းစားကိစ္စ၊ သူတို့အပျော်အပါးကိစ္စကိုသာ ဇန်းတင်နေကြမည်လားဟု တွေးကြည့်လိုက်မိသောအခါ ထိတ်ပျာလာသလိုလို။

မဟုတ်သေးပါဘူး…

ထို “မဟုတ်သေးပါဘူး”က ကျွန်တော့်ကို လာနှောင့်သည်။ ကျွန်တော် ကိုယ်တိုင်လည်း ၁၉နှစ်သားအရွယ်တွင် ဖခင် ပျောက်ဆုံးသွားတာကို ကြုံ ခဲ့ရဖူးသည်။ ကျွန်တော့်အဖေက သေသွားတာ မဟုတ်၊ ပျောက်သွားတာ ဖြစ်သည်။

၁၉၇၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် နယ်သို့ အော်ဒါရသည်ဟု ဆိုကာ ကားဖြင့် အိမ်မှ ထွက်သွားသည်။ သုံး-လေးရက်အကြာမှာ မန္တလေး ဟံသာဝတီနေ့စဉ်ထဲမှာ ထိုကားကို ပိုင်ရှင်မဲ့အဖြစ်တွေ့ရှိသဖြင့် ရဲက သိမ်းဆည်းထားကြောင်း သတင်းပါလာသည်။ ကားနံပါတ်ကို သိနေသော မန္တလေးသား သူငယ်ချင်းတစ်ဦးက အိမ်ကို လှမ်းဖုန်းဆက်တော့မှ ကျွန်တော်တို့ သားအမိ မန္တလေးကို အူယားဖားယား လိုက်သွားရသည်။

ကားက မေမေ့နာမည်နှင့်ဖြစ်သဖြင့် ပြန်ရလာသည်။ အဖေ့ကိုမူ မတွေ့ရတော့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရေတာရှည်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးတစ်ဦး အိမ်သို့ ရောက်လာကာ အဖေ ပျောက်သွားသည့်ရက်ပိုင်းအတွင်းက သူ့အပိုင်ထဲမှ ရန်ကုန်-မန္တလေး ကားလမ်းဘေး ရေမြောင်းထဲတွင် အလောင်းတစ်လောင်း ပေါ်ခဲ့ကြောင်း လာရောက် အကြောင်းကြားပါသည်။ သူအကြောင်းကြားချိန်၌ အလောင်းကို မြှုပ်နှံပြီးခဲ့သည်မှာ တစ်နှစ်ပင်ကျော်ပြီမို့ ကျွန်တော်တို့လည်း ဖော်ကြည့်မနေတော့ပါ။

သူ သိမ်းဆည်းထားသော လက်ပတ်နာရီ၊ ပုဆိုးစ၊ အင်္ကျီစ စသည်များအရ အဖေ ဝတ်ဆင်ထားသော အဝတ်အစားများ ဖြစ်ငြားလည်း ကျွန်တော်တို့ ဖော်ပြသော ပုံပန်းနှင့် အဖေ့ပုံပန်း ကွဲလွဲနေသည်ဟု စခန်းမှူးက ဆိုသည်။ အလောင်းကို စခန်းမှူးနှင့်အတူ စစ်ခဲ့သည်ဆိုသော မြို့နယ် ဆရာဝန်ကြီးကို သွားမေးပြန်တော့ ကျွန်တော်တို့ ပြောသော ပုံပန်းနှင့် အလောင်းပုံပန်းက သိပ်မကွာဟု ဆိုပြန်သည်။

သေချာ မေးကြည့်တော့ နှစ်ဦးစလုံးက အလောင်းကို တော်တော် လှမ်းလှမ်းမှ စစ်ဆေးခဲ့ကြခြင်းသာဖြစ်သည်။ ထိုနေ့က မိုးတွေ သည်းသည်းမည်းမည်း ရွာနေသည်။ အလောင်းကလည်း နံစော် ပုပ်ပွနေသဖြင့် အနားသို့ မကပ်ခဲ့ကြဟု သိရပါသည်။

သို့ဖြင့် ကျွန်တော့်မှာ ယနေ့ထက်တိုင် အဖေ့အတွက် ဆွမ်းလည်း မသွပ်ရ၊ အဖေ့ပင်စင်လည်း မထုတ်ရတော့ပါ။ အဖေက တရားဝင် သေသွားတာမှ မဟုတ်တာလေ။

ထားပါတော့… မူလ စကားစပ်နှင့် ပြန်ချိတ်ရလျှင် ထိုစဉ်က အသက် ၁၉နှစ်သာ ရှိသေးသော ကျွန်တော်သည် အဖေပျောက်သွားသဖြင့် ဘယ်လို မှ မဘယ်လိုခဲ့ပါ။ မှန်ရာကို ဝန်ခံရလျှင် အမေ့ကိုရော ကျွန်တော့်ကိုပါ ရိုက်နှက်ဆုံးမတတ်သော ကျွန်တော်တုန်နေအောင် ကြောက်ရသူ မရှိတော့ သည့်အတွက် ဝမ်းတောင်သာနေခဲ့ပါသေးသည်။

မန္တလေးမှ ကျွန်တော့်ထက် အသက်၂၀မျှ ကြီးသော ကျွန်တော့်အစ်မ နှစ်ဝမ်းကွဲကဆိုလျှင် “ဟဲ့ကောင်လေး… မင့်အဖေက ပျောက်နေတာနော်။ ပါးစပ်ကြီး နားရွက်ချိတ်မတတ် အူမြူးမနေနဲ့။ မင့်အဖေ မင်္ဂလာဆောင် မဟုတ်ဘူး”ဟု ကျွန်တော့်ကို မာန်ခဲ့ရသည်အထိပင်။

ထိုဖြစ်ရပ်ကို ပြန်လည် ဆင်ခြင်မိသောအခါ ကျွန်တော့်ထံ ဖုန်းဆက် သူ ၁၆ နှစ်သားလေးကို အပြစ် မမြင်ရက်တော့သလို ဖြစ်လာရပါသည်။ သူလည်း သူ့အကြောင်းနှင့်သူ ရှိမှာပေါ့လေဟု စတွေးမိသွားပါသည်။

တစ်ဆက်တည်းမှာပင် လွန်ခဲ့သည့် တစ်လ မပြည့်ခင်အချိန်မှာ ကျွန်တော်တို့ ဇနီးမောင်နှံ အသုဘအိမ်သို့ သွားခဲ့သည်ကို သတိရသည်။ မိတ်ဆွေ အမျိုးသမီးတစ်ယောက်၏ ခင်ပွန်း တိမ်းပါးသွားသည်ဟု သိလိုက်ရသည်။ ထိုပုဂ္ဂိုလ်၏အရွယ်က အရွယ်ကောင်း၊ ၄၁နှစ်သာ ရှိသေးသည်။
သာရေးကို မသွားလို့ကောင်းပေမင့် နာရေးကျတော့ သွားရမည်ဟူသော အသိဖြင့် သတင်းမေးသွားခဲ့ပါသည်။

အမျိုးသမီးက တော်သည်။ ပူဆွေးမနေချေ။ သူ့အကြောင်းပြကလည်း ရှင်းသည်။ သူ့မိသားစုမှာ သူက ပူဆွေးနေလျှင် လူလားမမြောက်သေးသော သူ့သားသမီးတွေက သည်ကိစ္စဝိစ္စတွေကို စီမံခန့်ခွဲနိုင်တော့မည် မဟုတ်ချေ။ တစ်အိမ်တည်းနေ သူ့အမေကလည်း ရောဂါသည်၊ သူ့အစ်မကလည်း ရောဂါသည်၊ သူတစ်ဦးတည်းသာ ကျန်းကျန်းမာမာဆိုတော့လည်း သူကသာ အရာရာကို စီမံရတော့မည် ဖြစ်ပေရာ သူ့မှာ ကြေကွဲခွင့် မရတော့ပါဟု ဆိုပါသည်။

ကျွန်တော်က ထိုအမျိုးသမီး၏ အားမာန်သတ္တိကို ကျိတ်ချီးကျူးနေမိသည်။ တစ်ခုပဲ ဘဝင်မကျ၊ ဘယ်တော့ တွေ့တွေ့၊ ရှိုးအပြည့်နှင့် သပ်ရပ် ကျော့မော့နေတတ်သော ထိုအမျိုးသမီးမှာ ယခုအခါ မျက်နှာပြောင်နှင့်၊ ကစုပ်ကဖတ်။ တစ်စက်မှ မြင်မကောင်းချေ။

ထို့ကြောင့် အသုဘ အိမ်မှ အပြန်မှာ အတူပါသည့် ကျွန်တော့်အိမ်သူကို ပြောမိသည်။

“ကိုယ်သေသွားလို့ အသုဘကိစ္စ မပြီးသေးချိန်မှာ အဲလို မနေနဲ့နော်။ လှလှပပ၊ ကျော့ကျော့မော့မော့ ဖြီးလိမ်း ပြင်ဆင်ပြီး ဧည့်ခံ။ ငိုလည်း မနေနဲ့”

“အဲလိုကျ လူတွေက ကျွန်မကို မေးငေါ့ကြမှာပေါ့ရှင့်…”

“အေး… မေးမငေါ့အောင် ကိုယ်က အဲလို မှာသွားကြောင်း စာနဲ့ပေနဲ့ အတိအလင်း ရပ်ကျော်ရွာကျော် ရေးပေးထားခဲ့မယ်”

ကျွန်တော် အဲသလို ပြောခဲ့ဖူးပါသည်။

အဖေ ပျောက်သွားတုန်းက ကြောက်ရမည့်သူ မရှိတော့သည်မို့ ကိုယ့်ဖို့ ကိုယ်တွက်ကာ ကျိတ်ဝမ်းသာခဲ့ဖူးသော ကျွန်တော်၊ သူများအသုဘ သွားမေးသောအခါ ပူဆွေး ငိုကြွေး မနေဘဲ လုပ်သင့်တာတွေကို အားမာန် အပြည့်နှင့် ဇယ်ဆက်သလို လုပ်နေသည့် ကျန်ရစ်သူ ဇနီးသည်အား ကျိတ် ချီးမွမ်းဖူးသည့် ကျွန်တော်၊ ကျွန်တော် သေလျှင် ကျွန်တော့်ဇနီးမယား၊ သမီးသားများကိုလည်း အနေအစား မပျက်၊ ပုံမပျက်ပန်းမပျက်နှင့် မပူမဆွေးဘဲ နေကြရန် ခဏခဏ မှာတတ်ဖူးသော ကျွန်တော်…

ထိုကျွန်တော်က ယခု ၁၆ နှစ်သားလေးက သူ့မိခင် ကွယ်လွန်ပြီး နှစ်ရက်အကြာမှာ ရည်းစားကိစ္စ၊ သင်္ကြန်ပျော်ဖို့ ကိစ္စတွေ မေးချလိုက်သောအခါ စိတ်ထဲတွင် တစ်မျိုးဖြစ်သွားမိသည့်အပြင် ကျွန်တော်သေရင်ရော ကျွန်တော့်သားသမီးတွေပါ ထိုသို့ ဖြစ်ကုန်ကြမည်လားဟု တွေးနေမိခြင်းမှာ တော်တော်တော့ အမြီးအမောက် မတည့်လှပါချေ။

အမှန်တော့ ကျွန်တော် မှားနေခြင်းသာ ဖြစ်သည်။ ထို၁၆နှစ်သားလေး မှန်သည်ဟု တစ်ချက်မှာ ထက်ခနဲ တွေးမိသွားရသည်။

ကျွန်တော်က ကျွန်တော့်ဇနီးနှယ်ပင် “လူတွေ”မည်သော ပတ်ဝန်းကျင်ကို ထည့်သွင်း စဉ်းစားနေမိခြင်းသာဖြစ်သည်။ လူတွေကို စဉ်းစားသောအခါ တရားကိုယ်ကို မမြင်မိတော့ပါ။

တရားကိုယ်မှာ အရှင်းကြီးပင်။ ထိုကလေး ရည်းစားကိစ္စကို အာရုံ မထား၊ သင်္ကြန်ပျော်ဖို့လည်း စိတ်မအားဘဲ လွန်ခဲ့သည့် နှစ်ရက်က တိမ်းပါးသွားသော သူ့မိခင်ကိုသာ တသပြီး ပူဆွေးကြေကွဲနေလို့လည်း သူ့မိခင်ကတော့ ပြန်ရှင်လာမည်မဟုတ်သည်မှာ သေချာလှသော တရားကိုယ်ပင် ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်က ကျွန်တော် ဝမ်းသာခဲ့သည်ဖြစ်စေ၊ ကျွန်တော် ဝမ်းနည်းခဲ့သည်ဖြစ်စေ ကျွန်တော့်ဖခင်သည်လည်း ကွယ်ပျောက်သွားရာမှ ပြန်ပေါ်မလာတော့သည်မှာလည်း တရားကိုယ်ပင်။

တစ်နည်းပြောရလျှင် သေသူက သေသွားပါပြီ။ အသက်နဲ့ ခန္ဓာ အိုးစားကွဲသွားပါပြီ။ ဘာမှ မသိနိုင်တော့ပါ။

ကျန်ရစ်သည့် ရှင်နေသူတွေအတွက် အရေးကြီးသည်မှာ ဆက်ရှင်နေနိုင်ဖို့ပဲ ဖြစ်သည်။ သူတို့မှာ ကိုယ်ပိုင်ဘဝတွေရှိသည်၊ ကိုယ်ပိုင်ဗျာပါဒတွေ ရှိသည်၊ ကိုယ်ပိုင်သောကတွေ ရှိသည်၊ ကိုယ်ပိုင်ရည်မှန်းချက်၊ မျှော်လင့်ချက်၊ လိုအင်များလည်း အသကအသက ရှိကြပါသည်။ သည်တော့ သူတို့ ဆက်ရှင်နေကြရပါလိမ့်ဦးမည်။

ပူဆွေး ကြေကွဲနေခြင်းအားဖြင့် သေသူကလည်း ပြန်ရှင်မလာနိုင်ပါ။ သို့သော် ရှင်သူအတွက်တော့ ထိုသို့ ပူဆွေးကြေကွဲနေမည်ဆိုပါက အလုပ် ပျက်တော့မည်လည်း အမှန်ပင်ဖြစ်ပါသည်။ ကျန်ရစ်သူသည်လည်း ဘဝမှာ နောက်ထပ် ဘယ်နှရက်၊ ဘယ်နှလ၊ ဘယ်နှနှစ် ဆက်ရှင်နေဦးမည်ကို ကြိုမသိနိုင်ချေ။ သို့ဖြစ်ရာ သူ့အတွက် တစ်ရက်၊ တစ်နာရီက တန်ဖိုးရှိ နေမည်သာ ဖြစ်ပါသည်။

ကျွန်တော် သေပြီး နာရီပိုင်းအတွင်းမှာ ကျွန်တော့်သား ရည်းစားနှင့် ဖုန်းမပြောဘဲ နေနေလို့လည်း ကျွန်တော် ပြန်ရှင်လာတော့မည် မဟုတ်ပါ။ ကျွန်တော့်သမီး ကျောင်းအပျက်ခံလိုက်လို့လည်း ကျွန်တော် ပြန်ရှင် လာတော့မည် မဟုတ်ပါ။ ကျွန်တော့်ဇနီး သနပ်ခါးမလူးဘဲ အပူရုပ်နှင့် တရှုပ်ရှုပ် ငိုနေလို့လည်း ကျွန်တော် ပြန်ရှင်လာတော့မည် မဟုတ်ပါ။ ဒါက အင်မတန် သေချာပါသည်။

အဲတော့ ရှင်သည့်ဘဝမှာ ရှင်သူလို ဆက်နေကြမည်မှာလည်း အမှန်တော့ ဓမ္မတာ။

ထိုအချက်ကို တွေးမိသောအခါ မအေသေပြီး နှစ်ရက်အကြာမှာ ရည်းစားကိစ္စ၊ သင်္ကြန်ပျော်ဖို့ကိစ္စအတွက် ကြောင့်ကြစိုက်နေသော ထို လူငယ်လေးမှာ ချစ်စရာကောင်းလို့ လာပါသည်။

အဓိကကတော့ တွေးပေါက်သာ ဖြစ်ကြောင်း ကျွန်တော် စဉ်းစားမိသွားရပါသည်။

ဟုတ်ကဲ့… “တွေးပေါက်”က အတော်စကားပြောပါသည်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၄၀၄၀၈)

၂၀၀၈ခုနှစ် ဧပြီလ နောက်ဆုံးပတ်ထုတ် အတွေးသစ်ဂျာနယ်ထဲမှာ ဖော်ပြခဲ့တာလေးကို ပြန်လည်တင်ဆက်လိုက်တာပါ။

Mandalay FM Broadcast 3

ဘ၀အမောပြေဖို့ အဖြေရှာစို့ (၃)

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။


အခုတစ်ပတ် စာတိုက်ကနေ ကျွန်တော့်ဆီ ရောက်လာတဲ့ စာကတော့ သိပ်ကို ရှည်လျားလွန်းပါတယ်။ ရင်ဖွင့်စာလို့ပဲ ဆိုကြပါစို့ရဲ့။ ရှည်လွန်းတဲ့ သူ့စာကို ပြန်ဖတ်ပြနေရင် အချိန်တွေ အရမ်းယူရမှာမို့ သည်တစ်ပတ်မှာတော့ ခါတိုင်းလို စာကို အသေးစိတ်ပြန်မဖတ်ပြတော့ပါဘူး။


သူတင်လားဆိုတော့ မဟုတ်ပြန်ဘူး။ သူ ရင်ဖွင့်လာ၊ ဆွေးနွေးလာတဲ့အကြောင်းအရာက အိမ်ထောင်ရှင် အမျိုးသမီး၊ အမျိုးသား ကြီးငယ်မဟူ ရင်ဆိုင် ကြုံတွေ့ရတတ်မြဲ ပြဿနာတစ်ရပ်ဖြစ်နေတာမို့ သည်တစ်ပတ်မှာတော့ အဲဒီ့အကြောင်းအရာကို ဇောင်းပေးဆွေးနွေး တင်ပြသွားချင်ပါတယ်။

ဟုတ်ကဲ့ခင်ဗျာ။ အိမ်ထောင်သည်များရဲ့ ဘဝအမောတွေထဲမှာ ကိုယ့်အိမ်ထောင်ဖက်ကို အကြောင်းဆက် ပေါင်းဖက်လိုက်ရာက တစ်နွယ်ငင် တစ်စင်ပါလာတဲ့ ယောက္ခမတွေ၊ မရီးတွေ၊ မတ်တွေ၊ ယောင်းမတွေ၊ ယောက်ဖတွေ၊ ခယ်မတွေနဲ့ အတူနေရလို့ပဲ ဖြစ်ဖြစ်၊ အတူမနေပေမယ့် မိမိတို့ရဲ့ အိမ်ထောင်ရေးဘဝထဲမှာ တစ်နည်းနည်းနဲ့ ဝင်ရောက်လာလို့ပဲဖြစ်ဖြစ် ပေါ်ပေါက်လာရတဲ့ ဘဝအမောကလည်း အင်း… ပြောရရင် အတော့်ကို မသက်မသာ ရှိလှပေတာလားခင်ဗျာ။

တစ်မိသားနဲ့ တစ်မိသား ချစ်ခင်စုံမက်လို့ ထိမ်းမြားပေါင်းဖက်ဖို့ စိတ်ကူးလိုက်ကြတဲ့အချိန်မှာတုန်းကတော့ ကြည်နူး ပျော်ရွှင်ဖွယ်ရာ သာယာတဲ့ ပန်းခင်းလမ်းလေးရယ်လို့ သူသူကိုယ်ကိုယ် ထင်မှတ်နေမိတတ်ကြပါတယ်။ အဲ… တကယ်လည်း လက်ထပ်ကြဖို့ ပြင်ဆင်ကြပြီဆိုကတည်းက နှစ်ဖက် မိဘ၊ မောင်နှမသားချင်းတွေရဲ့ ဝင်ရောက်စွက်ဖက်မှု အမျိုးစုံဟာ ချစ်ကြရှာသူ နှစ်ဦးအတွက် စိတ်ပျက်စရာ၊ စိတ်ညစ်စရာ၊ ဟီးချငိုလိုက်ချင်စရာ ကောင်းကုန်တတ်ပါတော့တယ်။ ဒါတင်မက စိတ်ဝမ်းကွဲချင်စရာတောင် ဖြစ်ချင်ဖြစ်ကုန်ကြတယ်။

ကျွန်တော်ဆို ကြုံဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်တုန်းကပေါ့ဗျာ။ တက္ကသိုလ် ပထနှစ် တက်နေစဉ် အချိန်မှာပါ။ အဲတုန်းက ကျွန်တော့်ချစ်သူရည်းစားလေးနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ထက် ကြီးတဲ့ မိတ်ဆွေတစ်ဦးရဲ့မင်္ဂလာဆောင်မှာ လူပျိုရံ၊ အပျိုရံအဖြစ် ကူညီ ဆောင်ရွက်ပေးခဲ့ကြဖူးပါတယ်။ အဲဒီ့အချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရ ဟိုတယ်ကြီးမှာ နှစ်ဖက် မိဘ အစုံအညီနဲ့ ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြတဲ့ မင်္ဂလာပွဲကြီးက မောင်နှံစုံဟာ နှစ်ဖက်သော ဆွေမျိုးမိဘများရဲ့ ကောင်းမှုကြောင့် တစ်ညတာတောင် မပေါင်းလိုက်ကြရဘဲ ဧည့်ခံပွဲ ကျင်းပတဲ့ ညမှာပဲ ကွဲသွားကြပါတော့တယ်။ စလယ်ဝင် ဖင်မမည်းခင်က ကွဲတယ်ဆိုတာ အဲဒါမျိုးပဲ ဖြစ်ပါလိမ့်မယ်။


ဒါ တကယ့်အဖြစ်အပျက်ပါ။ အဲဒီ့ မောင်နှံစုံဟာ ယနေ့ထက်တိုင် သက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ ကျွန်တော့် မိတ်ဆွေကြီးဆိုရင်လည်း ယနေ့အခါမှာ နောက်တစ်ယောက်နဲ့ ညားပြီးသကာလ သားသမီးတွေ ပွားစည်း စည်ပင်နေပါပြီ။ အဲ… ကျွန်တော်တို့ ချစ်သူနှစ်ဦးရဲ့မှာလည်း ပြောစမှတ်တစ်ခုတော့ ကျန်ခဲ့ပါတယ်။ အဲဒီ့မင်္ဂလာပွဲပြီးလို့ ဘာမှသိပ်မကြာခင် လပိုင်း အတွင်းမှာပဲ ကျွန်တော်နဲ့ အဲဒီ့ချစ်သူလေးနဲ့လည်း ကွဲကြပါလေရောလားဗျာ။ ဟီး… ပြောရင်းတောင် နည်းနည်းလွမ်းသွားတယ်။ သက်ဆိုင်သူရေ… မောင့်အသံအား မှတ်မိပါရဲ့လားလေ… ဘာညာဆိုပြီး ကြုံတုန်း ကြွိုင်ကြည့်လိုက်ဦးမယ်။

သည်းခံပါ နားသောတဆင်နေကြသူ ချစ်မိတ်ဆွေများခင်ဗျား။ အသက်ကလေး နည်းနည်းရလာတော့ အဲလို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ ပြောရင် ဟိုလွမ်းသည်လွမ်းနဲ့ ခဏခဏ ဖြစ်တတ်တာကို မိတ်ဆွေများ အရွယ်ညောင်းလာတဲ့အခါ ကိုယ်ချင်းစာနိုင်လာကြပါလိမ့်မယ်။ အဲ… ပြောလက်စ ပြန်ကောက်ရရင်တော့ ကွဲမယ့် စုံတွဲကိုမှ ရွေးပြီး အရံ လုပ်ခိုင်းမိသွားလို့ သူတို့မောင်နှံမှာလည်း တစ်ညတောင် မပေါင်းလိုက်ရဘဲ ဖင်မမည်းခင် ကွဲကြရလေတယ်လို့ ဓာတ်သိတွေက ကျွန်တော်တို့ကို ထောမနာပြုခဲ့ကြဖူးပါတယ်။

ပြောချင်တာက အိမ်ရာတစ်ခု ထူထောင်မယ်ဟေ့လို့ ကြံစည်လိုက်ချိန်မှ စတင်ကာ ကျွန်တော်တို့ လူသားများရဲ့ ဘဝတွေမှာ တစ်နွယ်ငင် တစ်စင်ပါလာတဲ့ နှစ်ဖက်မိဘ၊ မောင်နှမ သားချင်းများကြောင့် စိတ်နောက်စရာ ကြုံရချက်တွေက မသက်သာ လှတဲ့အကြောင်းပါခင်ဗျား။

အဲဒီ့အဆင့်ကို ကျော်လိုက်ပြီးသကာလ အိမ်ထောင်သည်ဘဝ ရောက်သွားတော့လည်း သည်ပြဿနာက အေးမသွား၊ လျော့မသွားတဲ့အပြင် ဘိုးဘိုးအောင် တန်ခိုးနဲ့ အဆများစွာ တိုးပြီး မရိုးနိုင်သော လင်မယားကြားက ရန်ပွဲများဟာ တိုးတိုးတစ်သွယ်၊ ကျယ်ကျယ်တစ်ဝ၊ ငိုချင်းချတဲ့သူက ချနေရတဲ့အထိ မချိတရိနဲ့ တအိအိ လှိုက်စားနေတတ်ပါတယ်။

အဲတော့ အဲဒီ့ပြဿနာတွေကို ရင်ဆိုင်ကိုင်တွယ်မယ်ဆိုရင် ပထမဆုံးအချက်ကတော့ လင်ရယ်၊ မယားရယ်ဖြစ်လာကြပြီဆိုတာနဲ့ မိမိတို့ဘာသာ တစ်အိုးတစ်အိမ် သတ်သတ် ခွဲနေနိုင်တာ အကောင်းဆုံးပါပဲ။ အများစုရဲ့ စီးပွားရေး အခြေအနေ အထွေထွေအရ အဲသလို အိမ်ခွဲနေဖို့ဆိုတာကလည်း လူတိုင်းအတွက် မလွယ်လှဘူးမှန်း နားလည်ပေးလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်အိမ်သူ နုစဉ်အခါက ပြောနေကျ စကားလေးကို ငှားသုံးရရင်တော့ ကြမ်းခုနစ်ချောင်းလေးပဲ ပါတဲ့ အိမ်လေးပဲ ဖြစ်စေဦးတော့ ကိုယ့်အိမ်လေးနဲ့ကိုယ်၊ ကိုယ့်မိသားစုလေးနဲ့ ကိုယ် နေနိုင်အောင် ကြိုးစားပြင်ဆင်ပြီးမှ လင်ယူ မယားယူမယ် ဆိုရင်တော့ တစ်နွယ်ငင်တစ်စင်ပါတွေရဲ့ အနီးကပ် ရန်ကို ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။

ကိုယ့်အိမ်နဲ့ ကိုယ်ဆိုရင်တော့ နှစ်ယောက်တစ်ဘဝ ဆောက်ကြတဲ့ အိမ်ထောင်ရေးဘဝထဲကို အပြင်လူများ ဝင်ရောက်စွက်ဖက်နိုင်မယ့် အချိန်ကာလကလည်း လျော့နည်းနေတော့မှာ အမှန်ပါ။

သို့သော် မခေါ်ချင်နေလို့ရတယ်၊ မတော်ချင်နေလို့ မရတဲ့ ဆွေမျိုး မိဘမောင်နှမတွေ၊ အသားဖြတ်ပေမယ့် အရိုးမပြတ်နိုင်တဲ့ အရင်းအချာတွေကတော့ ကိုယ်ချစ်လို့ ကိုယ့်မြတ်နိုးလို့ ယူထားတဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့အတူ အပိုဆုအဖြစ် မလွဲမသွေ ပါနေမှာကလည်း ရှောင်လွှဲလို့ မရနိုင်တဲ့ ဓမ္မတာတစ်ရပ်ပါ။ အတူမနေလို့၊ ကိုယ့်အိုးကိုယ့်အိမ်နဲ့ သတ်သတ် ခွဲနေနေလို့ သူတို့တွေရဲ့ စွက်ဖက်မှု စက်ကွင်းက လွတ်ပြီလို့ မဆိုနိုင်ပါဘူး။

တကယ် အရင်းစစ်လိုက်ရင်တော့ ချစ်ခြင်းမေတ္တာနဲ့ စွက်ဖက်မှုဟာ ဘယ် ညာ ယှဉ်တွဲပြီး ခွဲမရအောင် ပူးကပ်နေတာမျိုးပါ။ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပေါ့ဗျာ။ တစ်ဖက်က ချစ်ခြင်းမေတ္တာ၊ တစ်ဖက်က စွက်ဖက်မှု၊ ထိုနှစ်ခုက ကျောချင်း ကပ်နေတယ်၊ တစ်သားတည်း ဖြစ်နေတယ်။ ခွာလို့ မရဘူးခင်ဗျ။

မတ်တတ်ပြေး ကလေးလေးတစ်ယောက်နဲ့ သူ့မိဘကိုပဲ စဉ်းစားကြည့်ရအောင်ပါဗျာ။ ကလေးလေးက မတ်တတ်ပြေးစ၊ သူ့ကိုယ်သူ မထိန်းနိုင်သေးဘူး။ အဲဒီ့အချိန်မှာ တအားပြေးတော့ မိဘက ပူတယ်။ “ဟဲ့… သား တအား မပြေးနဲ့”လို့ ပြောလိုက်တယ်။ ဒါဟာ ကလေးလေးရဲ့ စမ်း လုပ်ကြည့်ပိုင်ခွင့်ကို စွက်ဖက်လိုက်တာပဲ မဟုတ်ပါလားခင်ဗျာ။ သို့သော် ဘယ် မိဘကမှ အဲဒါကို စွက်ဖက်တယ်လို့ မမြင်မိပါဘူး။ ကိုယ့်သားကိုယ် ချစ်လို့၊ ကလေးထိခိုက်မှာ ပူပန်လို့သာ သည်စကား ပြောလိုက်တာမှန်း လူတိုင်း သိကြပါတယ်။ အဲဒါဟာ ချစ်ခြင်းနဲ့ စွက်ဖက်ခြင်းတို့ရဲ့ အဆက်အစပ်ပါပဲ။

“မောင်ရယ် ဆေးလိပ်တွေ အရမ်းမသောက်ပါနဲ့ကွယ်”ဆိုတဲ့ ချစ်သူကရော သူ့ချစ်သူရဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပိုင်ခွင့်ကို စွက်ဖက်လိုက်တာပဲ မဟုတ်ပါလား။ သို့သော် အဲဒါ မောင့်ကို ချစ်လို့၊ မောင့်မှာ အနာရောဂါ ကင်းရှင်းစေချင်လို့ဆိုတဲ့ ချစ်စေတနာလေးလည်း ပါနေတာကို ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

သားအမိ သားအဖချင်း၊ မောင်နှမချင်း၊ သူငယ်ချင်း အရင်းအချာချင်း၊ အိမ်ထောင်ဖက်ချင်းလို ရင်းနှီးချစ်ခင်ကြသူတွေရဲ့ ကြားမှာ အဲဒီ့ချစ်ခြင်းနဲ့ စွက်ဖက်ခြင်းဟာ အမြဲတစေ ရောယှက်နေတတ်ပါတယ်။ ကိုယ့်သားသမီးက ချိန်တန်ရွယ်ရောက် လူလားမြောက်ပြီး အိမ်ထောင်သည်ဖြစ်သွားပေမယ့် ကိုယ့်သားသမီးဘဝကနေ သူစိမ်းဘဝကို ပြောင်းသွားတာမှ မဟုတ်တာမို့ မိဘတွေဟာ အိမ်ထောင်သည် သားသမီးတွေကို ချစ်ခင်စိတ်နဲ့ ပြောမိ၊ ဆိုမိ၊ အကြုံပမိကြရင်းကနေ သူတို့ဘဝထဲကို ဝင် ဝင် စွက်ဖက်ရာ ရောက်သွားတတ်ကြပါတယ်။ အလားတူပဲ၊ ကိုယ့်မောင်၊ ကိုယ့်နှမ၊ ကိုယ့်အစ်ကို၊ ကိုယ့်အစ်မက အိမ်ထောင်ရက်သား ကျသွားပေမယ့်လည်း သူတို့တွေဟာ ကိုယ့်အရင်းအချာ ညီအစ်ကို မောင်နှမဘဝက ပြောင်းသွားတာ မဟုတ်တဲ့အတွက် အိမ်ထောင်မကျခင်တုန်းကလိုပဲ ပြောမိ၊ ဆိုမိ၊ အကြံပြုမိ၊ ဆိုးနွဲ့မိရာကနေ အိမ်ထောင်သည်ဖြစ်သွားသူရဲ့ ဘဝထဲကို ဝင်ပြီး စွက်ဖက်မိသလိုလည်း ဖြစ်ကုန်တတ်ပါတယ်။


သည်အခါမှာ လူတိုင်း သတိထားအပ်တဲ့အချက်က ကိုယ့်သားသမီး၊ ကိုယ့်ညီအစ်ကိုမောင်နှမဟာ အိမ်ထောင်သည်ဖြစ်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်နဲ့ ဆိုင်သာ ဆိုင်တော့တယ်၊ အရင်လို မပိုင်နိုင်တော့ဘူးဆိုတဲ့ အသိလေးကို မဖြစ်မနေ မွေးမိကြမယ်ဆိုရင်တော့ အိမ်ထောင်သည်တွေလည်း စိတ်ချမ်းသာ၊ ကိုယ်လည်း အဲဒီ့အိမ်ထောင်ရှင် ဇနီးမောင်နှံနဲ့ ပြေပြေပြစ်ပြစ် ကျေကျေလည်လည် ရှိနေမှာ မလွဲပါဘူး။


ပြောမယ့်သာ ပြောရတာ တော်ရုံလူအတွက်က အဲလို စိတ်မျိုး မွေးနိုင်ဖို့ဆိုတာ အခက်သားကလား။ အဲတော့ အိမ်ထောင်ရှင်တွေဘက်က လုပ်နိုင်တဲ့ နည်းလမ်းကို ပြန်ကြည့်ရအောင်ပါ။

အိမ်ထောင်ပြုပြီဆိုတာနဲ့ ကိုယ်ဘယ်လမ်းကို ရွေးလိုက်တာလဲဆိုတာ မမေ့ရင် အကောင်းဆုံးပါပဲ။ သားကောင်းတစ်ယောက်၊ သမီးကောင်းတစ်ယောက် ဖြစ်ချင်ရင် နဂိုကတည်းက အိမ်ထောင် မပြုသင့်ဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်။ အိမ်ထောင်သည် ဖြစ်လာပြီဆိုကတည်းက ခင်ပွန်းကောင်းဘဝ၊ ဇနီးကောင်းဘဝကို မလွဲမသွေ ရွေးထိုက်ပါပြီ။ သားကောင်း သမီးကောင်းဟာ ဘယ်တော့မှ ခင်ပွန်းကောင်း၊ ဇနီးကောင်းဘဝကို မရနိုင်သလို ခင်ပွန်းကောင်း၊ ဇနီးကောင်းဖြစ်နေသူဟာ လည်းပဲ သားကောင်း သမီးကောင်းအဖြစ် အများအမြင်မှာ တင့်တယ်နေမှာ မဟုတ်တာကို အိမ်ထောင်ရှင်တိုင်း သတိထားသင့်လှပါတယ်။

လှေနံနှစ်ဖက် နင်းလို့ မရသလို အိမ်ထောင်ရေးဘဝမှာ စိတ်မညစ်ချင်ရင်လည်း ခြံစည်းရိုးပေါ် ခွထိုင်နေလို့ မဖြစ်ပါဘူး။ အမေ့ကိုလည်း စိတ်ချမ်းသာစေချင်၊ ကိုယ့်ဇနီးကိုလည်း စိတ်ချမ်းသာစေချင်တာတော့ လင်သားတိုင်းပါပဲ။ သို့ပေမယ့် အရေးဟဲ့၊ အကြောင်းဟဲ့ဆိုရင် အမေ့ဘက်လိုက်ရ ကောင်းနိုးနိုး၊ မယားဘက် လိုက်ရကောင်းနိုးနိုးနဲ့ ဗျာများရတာကလည်း ကျွန်တော်တို့ ယောက်ျားသားတွေရဲ့ မဟာ့မဟာပြဿနာဖြစ်နေတတ်ပြန်ပါတယ်။ ရှိသေးတယ်၊ မအေဆိုတာ အစားမရနိုင်ဘူး ဆိုတဲ့ စကားနဲ့ မယားကို ရန်လုပ်သူတွေလည်း သည်လောကမှာ မနည်းဘူး ခင်ဗျ။ ကျွန်တော်က အဲလိုလူတွေကိုဆို သိပ် မေးချင်တာပဲ။ ဒါဆို သူ့ဘဝလေးနဲ့သူ အေးအေးချမ်းချမ်း နေနေခဲ့တဲ့ သူများ သားသမီးကို ဘာဖြစ်လို့များ မယားအဖြစ် ယူခဲ့သေးတုံးဗျာလို့။

အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်ယူထားတဲ့ ဇနီးမယားရဲ့ စိတ်ချမ်းသာမှုဟာ ကိုယ့်တာဝန်ဖြစ်လာပါပြီ။ မိန်းမတွေအတွက်လည်း အတူတူပါပဲ။ အိမ်ထောင်ပြုပြီဆိုတာနဲ့ ကိုယ့်ခင်ပွန်း စိတ်ချမ်းသာအောင် ဆောင်ရွက်ရေးဟာ ကိုယ့်ရဲ့ အဓိက ဦးစားပေးကိစ္စပါ။ ကိုယ့်မောင်ကို ဦးစားပေးချင်၊ ကိုယ့်အဖေကို ဦးစားပေးချင်၊ ကိုယ့်အမေကို ဦးစားပေးချင်ရင် အစောကြီးကတည်းက အိမ်ထောင်ပြုဖို့ မစဉ်းစားပါနဲ့လားလို့သာ ကျွန်တော်ကတော့ မညှာမတာ ပြောလိုက်ချင်ပါတယ်။

သည်လိုကျတော့ တချို့က မေးချင်ပေလိမ့်မယ်။ ခင်ဗျားတုန်းကရော ဘယ်လို နေခဲ့တုံးလို့။ ကျွန်တော်ဟာ ကိုယ်ကိုယ်တိုင် မလုပ်နိုင်ဘဲ သူများကို လုပ်ပါလို့ တိုက်တွန်းတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ ကျွန်တော်က တစ်ဦးတည်းသောသားပါ။ အမေ့မှာ တခြား သားထောက်သမီးခံ မရှိပါဘူး။ သို့ပေမယ့် အိမ်ထောင် ပြုလိုက်တဲ့အချိန်က စပြီး ကျွန်တော်ဟာ လင်ကောင်းတစ်ယောက်ဘဝကို သိသိသာသာ ဘက်လိုက် ရွေးချယ်ခဲ့တာ ကျွန်တော့် ပတ်ဝန်းကျင်တစ်ခုလုံး အသိပါ။ အမေအိုကြီးကို တစ်ယောက်တည်း ပစ်ထားတဲ့ သားမိုက်အဖြစ် ကျွန်တော့်ကို အများက သတ်မှတ်ထားကြပါတယ်။


ကျွန်တော့်ဘဝ ကျွန်တော် လျှောက်ရမှာပါ။ ကျွန်တော့်ဇနီး၊ ကျွန်တော့်သမီးနဲ့ သားတို့ပါဝင်တဲ့ ကျွန်တော်တို့ မိသားစုဘဝဟာ ကျွန်တော့်အတွက်တော့ နံပါတ်တစ်ပါပဲ။ အဲဒီ့နေရာမှာ ဘယ်သူ့ကိုမှ မပေးနိုင်တော့ပါဘူး။ မိခင်မေတ္တာ ကြီးမားတာ၊ မိခင် နေရာမှာ ဘယ်သူ့ကိုမှ အစားထိုးလို့မှ မရတာများကို ကျွန်တော် အပြည့်အဝ လက်ခံပါတယ်။ နားလည်ပါတယ်။ သို့ပေမယ့် မေမေ့ကို ချစ်တာ၊ ဦးထိပ်ထားတာက တခြား၊ ကျွန်တော့်မိသားစုဘဝကို ဦးစားပေးတာက တခြားလို့သာ ခံယူထားပါတယ်။


ဒါ့ကြောင့် ကျွန်တော့် မိသားစုဘဝထဲ မေမေ့ကို လုံးဝ အဝင်မခံခဲ့ပါဘူး။ လာတယ်၊ သွားတယ်၊ စားတယ်၊ သောက်တယ်၊ ဒါက ပြဿနာမရှိဘူး။ သို့သော် မေမေ့မှာ ကျွန်တော့်အိမ်ထောင်ရေး၊ ကျွန်တော့်မိသားစုအရေးထဲမှာ ဝင်ရောက် ဆုံးဖြတ်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော့် စိတ်နေစိတ်ထား၊ ကျွန်တော့်အရေးအသား၊ ကျွန်တော့်အပြောအဆို၊ ကျွန်တော့်အနေအထိုင်ကို ပြောဆို ဝေဖန်ပိုင်ခွင့် မေမေ့မှာ သေသည်အထိ အပြည့်ရှိသွားပါတယ်။ ကျွန်တော်က အိမ်ထောင်သည် ဖြစ်နေပေမယ့် မေမေ့သားပဲလေ။ ဒါပေမယ့် ကျွန်တော့်ဇနီး၊ သားသမီးတွေနဲ့ ပတ်သက်လာရင်တော့ မေမေ့မှာ ပြောဆို ဝေဖန်ပိုင်ခွင့်ရှိနေသေးသည့်တိုင် အဲဒါကျတော့ အတိုင်းအတာတစ်ခုအထိသာ ကျွန်တော် လက်ခံခဲ့ပါတယ်။ လိုအပ်ရင် ဒါတော့ မပြောပါနဲ့ မေမေလို့ ကျွန်တော် တားခဲ့ဖူးပါတယ်။

အိမ်ထောင်ရှင်တွေဖြစ်လာရင် ဘက်နှစ်ဖက်မှာ ဘယ်ဘက်က လိုက်မလဲဆိုတဲ့ ပြဿနာက တက်လာစမြဲပါ။ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာဆိုတဲ့ အခြေအနေမျိုးဟာ သစ်ပင်မှ ဖြစ်မှာပါ။ လူဆိုတာက သစ်ပင် မဟုတ်ပါဘူး။ ရှဥ့်ကို လျှောက်စေချင်ရင် ပျားအုံကို တုတ်နဲ့ ထိုးချင် ထိုးရပါမယ်၊ ပျားအုံကို စွဲစေချင်ရင် ရှဥ့်လျှောက်လို့ မရတော့တာကို မသိချင်ယောင် ဆောင်နေတတ်ရပါမယ်။ အလားတူပဲ၊ မေမေ့ကို စိတ်ချမ်းသာစေချင်၊ မောင်ကို စိတ်ချမ်းသာစေချင်၊ အစ်မကို စိတ်ချမ်းသာစေချင်ရင် ကိုယ့်လင်၊ ကိုယ့်မယားသာမက ကိုယ့်သားသမီးတွေပါ စိတ်ညစ်ချင် ညစ်ရနိုင်တာကို ထည့်တွက်ဖို့ လိုပါတယ်။

အိမ်ထောင်ရှင်ဖြစ်လာမှတော့ ဘယ်သူ့ကို ဦးစားပေးသင့်လဲဆိုတာကို ကျွန်တော် အထူးပြောစရာ မလိုပါဘူး။

နားဆင်တော်မူနေကြတဲ့ ချစ်သော ပရိသတ် လူကြီးမင်းများ ခင်ဗျား။ အခုတစ်ပတ် ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြချက်မှာ အကြောင်းအရာ နှစ်ရပ်ပါပါတယ်။
ပထမတစ်ရပ်က ကိုယ့်သားသမီး၊ ကိုယ့်ညီအစ်ကိုမောင်နှမဟာ အိမ်ထောင်သည် ဖြစ်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်နဲ့ ဆိုင်သာ ဆိုင်တော့တယ်၊ မပိုင်နိုင်တော့ဘူးဆိုတဲ့ အသိလေး မွေးသင့် မမွေးသင့်ဆိုတဲ့ အကြောင်းအရာပါ။

ဒုတိယတစ်ရပ်ကတော့ အိမ်ထောင်ရှင် ဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်အိမ်ထောင်ဖက်နဲ့ ကိုယ့်မိသားစုဘဝကိုသာ ဦးစားပေးသင့် မပေးသင့် စဉ်းစားကြဖို့ပါပဲ။
သည်လို အဖြစ်မျိုး၊ သည်လို ဘဝအမောမျိုးတွေဟာ အခု နားသောတဆင်နေကြတဲ့ ပရိသတ်ကြီးရဲ့ ရင်ထဲမှာလည်း အုံနဲ့ ကျင်းနဲ့ တွယ်ငြိနေတန်ကောင်းတဲ့ အကြောင်းအရာတွေလို့ သုံးသပ်ယူဆမိတာမို့ သည်အကြောင်းအရာကို တတ်စွမ်းသမျှ ဆွေးနွေးတင်ပြလိုက်တာပါခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျား။

Mandalay FM Broadcast 2

ချစ်သော စာဖတ်သူများ ခင်ဗျား

ကျွန်တော့် ဘလော့(ဂ်)မှာ အသစ် မတင်နိုင်ခဲ့တာ အတော်လေး ကြာသွားခဲ့ပါပြီ။ အတော်ကြီးကို အလုပ်များနေတဲ့အတွက်ပါ။ ဘယ့်လောက်အထိများလဲဆိုရင် ၁၂နှစ်ခွဲလုံးလုံး တစ်လမှ မပျက်ကွက်ဖူးတဲ့ “သရဖူမဂ္ဂဇင်း”ကို ၂၀၁၀ ဧပြီလထုတ် အတွက် စာမူ ရေးမပေးနိုင်ခဲ့သလို တစ်ခါမှ မပျက်ကွက်ဖူးတဲ့ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းအတွက်လည်း အဲဒီ့လအတွက် ပျက်ကွက်ခဲ့ရပါတယ်။ ရေးလက်စ Beauty Max မဂ္ဂဇင်းအတွက်ဆိုလည်း ပျက်ကွက်တာ နှစ်လကြီးများတောင် ရှိသွားပါပြီ။ စာမူခ ကြိုယူထားမိတဲ့ Idea မဂ္ဂဇင်းအတွက် စာမူကိုဆိုရင် ၂၀၁၀ မတ်လ ၁၆ ရက်နေ့က ရန်ကုန်က စင်္ကာပူအသွား လေယာဉ်ပေါ်မှာ ကမန်းကတန်းရေးသွားရတာပါ။ စင်္ကာပူရောက်တော့မှ လှမ်းပို့ပေးရပါတယ်။ တစ်ခါမှ မလုပ်ခဲ့ဖူးတာတွေ လုပ်နေရတာပါပဲ။
အရှုပ်တွေ လုပ်နေတာမဟုတ်ဘဲ အမှန်တကယ် အလုပ်ရှုပ်နေတဲ့ကြားထဲ ကျန်းမာရေးက မထင်မှတ်ဘဲ ထဖောက်လိုက်ပါသေးတယ်။ ကိုက်တာ၊ ခဲတာ သက်သက်ပါ။ သို့ပေမယ့် လက်ကို ဆန့်လို့မရတာမျိုး ဖြစ်သွားလိုက်သေးတာမို့  စာရေးဖို့ အတော်ခဲယဉ်းသွားခဲ့ပါတယ်။ နှုတ်တိုက်ချပြီးလည်း ရေးမပေးတတ်တာမို့ တော်တော် အခက်ကြုံလိုက်ရပါသေးတယ်။
အခုလည်း အလုပ်တွေပိနေဆဲ၊ ခရီးယာယီသွားပြန်ဦးတော့မယ့်ဆဲဆဲမှာ ဘလော့(ဂ်)ပေါ်က ချစ်မိတ်ဆွေများအတွက် စာမူလေးကို မရအရ ဖြည့်စွက်တင်ဆက်ပေးလိုက် ပါတယ်ခင်ဗျား။ ၂၀၀၉ခုနှစ် အောက်တိုဘာလထဲမှာ Mandalay FM ရေဒီယိုကနေ လွှင့်ခဲ့တဲ့ ကျွန်တော့်အသံလွှင့်ချက်လေးပါ။ ခံစား ဖတ်ရှုပြီး ၀ါသနာပါရင် ဝေဖန်မှတ်ချက်လေးပါ ပေးတော်မူကြပါဦးခင်ဗျား။

ဘဝအမောပြေဖို့ အဖြေရှာစို့ (၂)

မင်္ဂလာပါလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဦးစွာပထမ ဂါရဝနဲ့ နှုတ်ခွန်းဆက်ပါရစေလား ခင်ဗျာ။ “ဘဝ အမောပြေဖို့ အဖြေရှာစို့”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေဒီယို အသံလွှင့်အစီအစဉ်လေးတစ်ခုကို တင်ဆက်သွားချင်ပါတယ်။ သည်အစီအစဉ်မှာ အနယ်နယ်အရပ်ရပ်ရှိ ကျွန်တော့်စာဖတ်ပရိသတ်များက ကျွန်တော့်ဆီ စာနဲ့ တစ်လီ၊ တယ်လီဖုန်းနဲ့တစ်နည်း၊ အီးမေး(လ်)ဆိုတဲ့ ဓာတ်ချောစာနဲ့တစ်မျိုး မေးမြန်းလာကြလေတဲ့ ဘဝထဲက ကိစ္စအသွယ်သွယ်ကို ပြန်လည် ဆွေးနွေးတင်ပြသွားမှာပါ။ မေးသမျှ ဖြေမယ်ဆိုတာမျိုးထက် တစ်ဦးချင်းစီရဲ့ ဘဝအမောတွေဟာ အခြား အခြားသောသူများလည်း ခံစားတွေ့ကြုံရတတ်မြဲ အမောတွေမျိုး ဖြစ်နေတယ်လို့ ယူဆရင် အဲဒီ့အမောလေးတွေရဲ့ အဖြေကို အများသိအောင် လက်ဆင့်ကမ်း ဆွေးနွေးတင်ပြပေးသွားပေးချင်ပါတယ်။ တစ်နည်းပြောရရင် အများအတွက် အကျိုးရှိမယ်လို့ ကျွန်တော်ကိုယ်တိုင်ယူဆ ယုံကြည်တဲ့ အကြောင်း အရာများကို ဇောင်းပေးတင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။


သည်တစ်ခါ တင်ပြမယ့် အကြောင်းအရာကတော့ ၂၀ဝ၅ခုနှစ်အတိုင်းက အိုင်ဒီယာ မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်သလို ကျွန်တော့်ရဲ့ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း” ဆိုတဲ့ စာအုပ်ထဲမှာလည်း ပုံနှိပ်ဖော်ပြခဲ့ပြီး အကြောင်းအရာဖြစ်ပါတယ်။ သို့ပေမယ့် စာအုပ်ကို မဖတ်ဖြစ်လိုက်သူများ များစွာရှိနေနိုင်တဲ့အပြင် သည်အကြောင်းအရာလေးကလည်း အများနဲ့ သက်ဆိုင်နေပြန်တာမို့ ပြန်လည် တင်ဆက်လိုက်ပါရစေလားခင်ဗျာ။

ဒါကတော့ ကျွန်တော့်ဆီကို စာတိုက်က တစ်ဆင့် ရောက်လာတဲ့ စာလေးပါ။ စာလေးကို ရေးသားလိုက်သူက နယ်မြို့ကြီး တစ်မြို့က ဖြစ်ပါတယ်။ သူ့စာကို ဦးစွာ နားဆင်တော်မူပေးကြစေလိုပါတယ်ခင်ဗျား။

ဆရာ့ကို ကိစ္စလေးတစ်ခု မေးချင်လို့ သည်စာကို ရေးလိုက်တာပါ ခင်ဗျာ။

“လက်ရေး”ဆိုတာနဲ့ ပတ်သက်ပြီး မေးစရာ ပေါ်လာလို့ပါ။

သည်လိုပါဆရာ၊ မနေ့က စာရေးစားပွဲမှာ ကျွန်တော် စာရေးနေတုန်း အိမ်ဘေးမှာ နေတဲ့ ဦးလေးတစ်ယောက်က ကျွန်တော့် လက်ရေးကို ကြည့်ပြီး “မင့်လက်ရေးကြီးက အခြောက်လက်ရေးကြီး”လို့ ပြောပါတယ်။

ကျွန်တော် တော်တော် အံ့ဩသွားတယ်။ လက်ရေးနဲ့ ပတ်သက်လို့ မိန်းကလေးလက်ရေး၊ ယောက်ျားလေးလက်ရေးလို့ ကြားဖူးပေမယ့် “အခြောက်လက်ရေး” ဆိုတာကြီးကို အခုမှ ကြားဖူးပါတယ်။

ဒါကြောင့် ကျွန်တော်လည်း အဲဒီ့ဦးလေးကြီးကို “လက်ရေးကို ကြည့်ပြီး ဘယ်လို ဆုံးဖြတ်တာလဲ၊ အခြောက်လက်ရေး ဆိုတာ ရှိလို့လား”လို့ ပြန်မေးလိုက်မိပါတယ်။ ဒါပေမယ့် သူ့ဆီက ကျေနပ်လောက်တဲ့ အဖြေကို ပြန်မရဘူး။ “ရှိတာပေါ့ကွ”ဆိုတဲ့ မရေမရာ အဖြေကိုပဲ ရပါတယ်။

လက်ရေးကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ပြောတာတော့ ကြားဖူးတယ်။ ဘာကို ကြည့်ပြီး ဘယ်လို ပြောတယ် ဆိုတာတော့ မသိဘူး။ မှန်၊ မမှန်လည်း မသိဘူး။ ဒါ့ကြောင့် အခု ဆရာ့ဆီရောက်နေတဲ့ ကျွန်တော့်လက်ရေးကို ဘယ်လို သုံးသပ်မလဲဆိုတာ သိပါရစေ။

မလှတာကိုတော့ ထည့်မပြောပါနဲ့နော်။ သိပြီးသား ဖြစ်နေလို့ပါ။

ပြီးတော့ လက်ရေးနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့ အယူအဆကိုလည်း သိပါရစေ။

အများနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလို့ စကားဦးသန်းခဲ့တာကို နားသောတဆင်နေသူ လူကြီးမင်းများမှတ်မိကြမှာပါခင်ဗျာ။

ကျွန်တော့်ဆီ အဲဒီ့စာ ရေးလာတဲ့သူစာ အသက်၂၀ကျော် လူငယ်လေးတစ်ဦးဖြစ်ပါတယ်။ အဲဒီ့လူငယ်လေးခမျာ သူ့ လက်ရေးကို “အခြောက်လက်ရေး”လို့ တံဆိပ်အကပ်ခံ၊ အဝေဖန်ခံလိုက်ရတဲ့အခါမှာ အတော်လေး ကသိကအောင့် ဖြစ်သွားရှာမှာ မလွဲပါဘူး။

သူ့ကို အဲသလို ပြောလိုက်သူကလည်း “ဦးလေးကြီး”လို့ ဆိုထားတာမို့ အရွယ် ကောင်းကောင်းရောက်နေတဲ့ ယောကျာ်းသားတစ်ယောက်ဖြစ်နေမှာလည်း သေချာပါတယ်။ အဲလို အရွယ်ရောက်သူ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ရဲ့ စိတ်ကို လန်းစွင့်လာအောင် အားပေးရာရောက်တဲ့ စကားမျိုး ပြောရမယ့်အစား ချိုးဖဲ့ရာ၊ နှိပ်ကွပ်ရာ ရောက်တဲ့ စကားမျိုး ပြောသွာ တာက တော်တော်လေးတော့ အံ့အားသင့်စရာ ကောင်းလှပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာက “ကောင်းစေချင်တဲ့ စေတနာ”ဆိုတဲ့ စကားအလှ သကာဖုံးပြီး လူငယ်လူရွယ်တွေကို နှိပ်ကွပ်ချင်တတ်သူတွေ ရှိနေတတ်တာကို နားသောဆင်တော်မူနေကြသူ လူကြီးမင်းအပေါင်းလည်း သတိထားမိကြမယ် ထင်ပါတယ်။ အဲဒီ့ထဲမှာ အဆိုးဆုံးကတော့ လူငယ်လူရွယ်တွေကို အဲသလို အသားလွတ် ချိုးဖဲ့နှိပ်ကွပ်လိုသူ အများစုဟာလည်း အတောင် နှစ်ဆယ်ဝတ် မင်းယောက်ျားတွေ ဖြစ်နေတာက ပိုလို့တောင် အံ့ဩစရာ ကောင်းလှပါသေးတယ်။

သူ့စာနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင်တော့ အဲ… “လက်ရေး”နဲ့ ပတ်သက်လို့ မေးထားတာတော့ ကျွန်တော် သိပ် မဖြေတတ်ဘူးဗျ။

ဖြေတတ်တာတစ်ခုတော့ ရှိတယ်။ အဲဒီ့လူငယ်လေးရဲ့ အိမ်ဘေးမှာ နေတဲ့ “ဦးလေးကြီး”ဆိုသူက ဘယ်အရွယ်လဲတော့ မသိဘူး၊ သို့သော် အဲဒီ့“ဦးလေးကြီး”ဟာ အရာရာကို ပုံသေ သတ်မှတ်ထားတဲ့ စိတ်အခံနဲ့ လူလုပ်နေတာပဲ။ ယောက်ျားဆိုရင် ဘယ်လိုဖြစ်ရမယ်၊ မိန်းမဆိုရင် ဘယ်လိုဖြစ်ရမယ်၊ အခြောက်ဆိုရင် ဘယ်လိုဖြစ်ရမယ် စသဖြင့် သတ်မှတ်ချက်တွေဟာ တကယ့်လက်တွေ့လူ့လောကမှာ အသုံး မတည့်လှတာတော့ အမှန်ပါပဲခင်ဗျာ။

လေးလုံးခြောက်ဖက်ကြီး၊ ဗလကြီးကြီးနဲ့ ကျားကျားလျားလျား ယောက်ျားကြီးလို့ အများအမြင်မှာ ထယ်နေပေမယ့် လူကွယ်ရာမှာ ခြောက်နေတဲ့ ယောက်ျားသားတွေ သူ့ခမျာ မမြင်ဖူးရှာဘူးလား မသိဘူး။ အလားတူပဲ၊ မိန်းကလေးတန်မယ့်နဲ့ ယောက်ျားသားတွေထက်တောင် မာကျော ပြတ်သားတဲ့၊ တည်ကြည်ခိုင်မာတဲ့ မိန်းကလေးတွေလည်း သည်လောကမှာ အများကြီးရှိတာကို နားသောဆင်နေကြသူ လူကြီးမင်းအပေါင်းလည်း ကြုံဖူး တွေ့ဖူးကြပါလိမ့်မယ်။

လက်ရေးကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို “လက်ရေးပါရဂူ”တွေက ပြောနိုင်တတ်ကြပါတယ်။ ကျွန်တော့် ဆီကို ရောက်လာတဲ့ စာထဲက လူငယ်လေးရဲ့ လက်ရေးကို ကြည့်ပြီး ကျွန်တော် မြင်တာ ပြောရရင်တော့ သူဟာ ရှင်းရှင်းလင်းလင်းသမားတစ်ယောက်ပဲ။ ဘာကိုမဆို ရှင်းရှင်းလင်းလင်း၊ ဘွင်းဘွင်းပဲ ပြောတတ်၊ နေတတ်တယ်။ ရှုပ်ရှုပ်ရှက်ရှက်တွေ တစ်စက်မှ မကြိုက်ဘူး။ အဲ… ဒါပေမယ့် တစ်ခါတရံကျတော့ သိပ်စိတ်မရှည်ချင်ဘူး။ အဲလိုအခါမျိုးမှာ ပြီးပြီးရောဆိုပြီး ထင်သလို ထလုပ်ချင်တဲ့ စိတ်မျိုးလည်း ရှိမယ်ထင်တယ်။ ပြီးတော့ ပြတ်သားတယ်။ ဘယ်တော့မှ၊ ဘာကိစ္စ အတွက်မှ မတွေဝေတတ်ဘူး။ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်ဆိုတဲ့ လူစားမျိုးဖြစ်နိုင်တယ်။

သူရေးထားပုံက လက်ရေး မလှသော်လည်း ဖတ်ရတာ ရှင်းလင်းနေတဲ့အပေါ်မှာ ကြည့်ပြီး ပြောလိုက်တာဖြစ်သလို အသတ် သတ်ပုံ၊ ဝစ္စနှစ်လုံးပေါက် ချပုံ၊ ပုဒ်ထီး၊ ပုဒ်မ ချပုံများပေါ်မှာ အခြေခံပြီး ကျွန်တော် မြင်သလောက် ပြောကြည့်လိုက်တာ ပါ။

ကျွန်တော့်ဆီစာရေးလာသူ လူငယ်လေးရဲ့ လက်ရေးကို “အခြောက်လက်ရေး”လို့ သတ်မှတ်ရမယ်ဆိုရင် ကျွန်တော့်သားရဲ့ လက်ရေးလည်း သူ့လက်ရေးနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် သားလက်ရေးကို အခြောက်လက်ရေးလို့ တစ်ခါမှ မအောက်မေ့မိဖူးဘူး။ နောက်တစ်ယောက် ရှိသေးတယ်။ တစ်ချိန်က ကျွန်တော့် စာအုပ်လုပ်ငန်းမှာ အလုပ်လုပ်သွားတဲ့လူငယ်လေးတစ်ယောက်။ သူ့လက်ရေးလည်း ကျွန်တော့်ဆီ စာရေးလာသူ လူငယ်လေးရဲ့ လက်ရေးနဲ့ ခပ်ဆင်ဆင်ပဲ။ ကျွန်တော့်စိတ်ထဲမှာ အဲဒီ့ လူငယ်ရဲ့ လက်ရေးကိုလည်း အခြောက်လက်ရေးလို့ မမြင်မိဘူး။

သည်နေရာမှာ တစ်ခုကြားဖြတ် အစီရင်ခံချင်ပါတယ်။ အဲဒီ့စကားက ကျွန်တော့်စကားမဟုတ်ပါဘူး။ ပျဉ်းမနား မဟာမြိုင် တောရဆရာတော် ဦးဇောတိကရဲ့ စကားပါ။

“သူများ ပါးစပ်လှုပ်တိုင်းသာ ကိုယ်က လိုက်လှုပ်နေမယ်ဆိုရင် ကိုယ့်ဘဝဟာ သူများပါးစပ်ထဲမှာပဲ နစ်မွမ်းသွားလိမ့်မယ်” တဲ့။

လူတစ်ယောက်ရဲ့ ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်၊ အသားအရောင်၊ ဆံပင်အရောင်၊ အရပ်အမောင်း၊ အသံ၊ ဉာဏ်၊ ကံ စတာ တွေဟာ အဲဒီ့လူ တစ်ဦး တစ်ယောက်တည်းရဲ့ မူပိုင်ပါ။ အဲသလိုပဲ လူတစ်ယောက်ရဲ့ လက်ရေးကလည်း အဲဒီ့လူတစ်ယောက်ရဲ့ မူပိုင်ပါပဲ။ ဘယ်သူက ဘယ်လောက်တူအောင် တုတု၊ တုလို့ကို မရနိုင်ပါဘူး။

ဆိုကြပါစို့ဗျာ၊ လူငယ်လေးတစ်ယောက်ရဲ့ ရုပ်ရည်က မိန်းမချော ချောနေတယ်ဆိုပါစို့။ အဲဒါကြောင့် အဲဒီ့ လူငယ်လေးရဲ့ အိမ်ဘေးနားက “ဦးလေးကြီး”က “မင်းကွာ ချောလိုက်တာ၊ ငါ ဖက်နမ်းမိမယ်”လို့ ပြောတာနဲ့ အဲဒီ့လူငယ်လေးခမျာ သူ့မျက်နှာကို ဓားနဲ့ လှီးပစ်ရမှာလား။

ဒါမှမဟုတ် အဲဒီ့လူငယ်လေးက ငါးပေမပြည့်တဲ့ လူပုလေးဖြစ်နေတယ်ဆိုပါစို့၊ အိမ်ဘေးက “ဦးလေးကြီး”က “မင့်ကွာ၊ ပု လိုက်တာ၊ ငါ မင့်ထိပ်ကို တွေ့တိုင်းထုမယ်”လို့ ပြောတာနဲ့ အဲဒီ့လူငယ်လေးက ခံနေရမှာလား။ ဒါမှမဟုတ် အရပ်ပုတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မှာလား။

လူရယ်လို့ ဖြစ်လာရင် ကိုယ့်ကိုယ်ပိုင်အနေအထားကို အသာတကြည် လက်ခံသင့်ပါတယ်။ သည်လောကမှာ တချို့လူတွေက ပါးစပ် ဆိုတာ အဲသလို တွေ့ကရာရှစ်သောင်း လျှောက်ပြောတဲ့နေရာမှာသာ သုံးရမယ်လို့ မှတ်နေတတ်ကြတယ်။ အဲသလို လူမျိုးနဲ့ ဆုံတဲ့အခါ ပါးစပ်ကို နေရာတကျ မသုံးတတ်ရှာတဲ့ သူတို့ကို သနားတတ်ဖို့ လိုပါတယ်။ မသနားတတ်ဘဲ သူတို့ ပြောသမျှ ဆိုသမျှ လိုက်ခံစားနေမယ် ဆိုရင်တော့ ဘဝကြီးဟာ မောစရာ သိပ်ကောင်းနေတော့မှာပါ။

အမှန်တော့ “လက်ရေး”ထက် လူတစ်ဖက်သားကို အလွယ်တကူ ဝေဖန်ချင်တဲ့အကျင့်၊ တံဆိပ်ကပ်ချင်သည့်အကျင့်ကြောင့် သည်လို ပြဿနာမျိုးတွေ တက်ရတာပါ။

ကျွန်တော် အစီရင်ခံခဲ့တဲ့အတိုင်း လူတစ်ဦးစီ တစ်ဦးစီမှာ တခြားသူတွေနဲ့မတူ တစ်မူကွဲပြားသော စရိုက်လက္ဓဏာတွေ သီးခြားစီရှိကြတာချည်းပါပဲ။ တစ်မိတည်းပေါက်ချင်း အတူတူပေမယ့် မတူဘဲ ကွဲပြားနေတတ်တာကို လူတိုင်း သိကြပါတယ်။ သိပင်သိလင့်ကစား ကိုယ့်မျက်စိထဲမှာ ကြည့်ရတာ အဆင်မပြေတိုင်း၊ ကိုယ့်သဘောနဲ့ မညီတိုင်း တစ်ဖက်သားကို ပက်ခနဲ ပြောတတ်သော အကျင့်က ကျွန်တော့်မှာလည်း သိပ်မကြာသေးခင်အထိ စွဲစွဲမြဲမြဲ ရှိခဲ့ဖူးပါတယ်။ အခု ကျွန်တော့်ရေဒီယို အစီအစဉ်ကို နားသောတဆင်နေတော်မူကြသူ လူကြီးမင်းတွေထဲမှာလည်း သည်လို ဝသီစရိုက်မျိုး ရှိကောင်းရှိနေနိုင်ပါတယ်။

ဒါပေမယ့် လူငယ်လေးတွေ၊ ကလေးသူငယ်လေးတွေရဲ့ဘဝကို ကိုယ့်နှုတ်ကြောင့် သေစေနိုင်လောက်မှန်း ဆင်ခြင်မိကြမယ် ဆိုရင်တော့ အဲဒီ့နှုတ်ကို ဆင်ခြင်စောင့်စည်းအပ်ပါတယ်။ ပင်ကိုဗီဇအရ အင်မတန်မှ ပြောလွယ်ဆိုလွယ်တဲ့ ကျွန်တော် တစ်ယောက်တောင် သည်အချက်ကို သဘောပေါက်နေတာ ကြာလှပါပြီ။ ဒါ့ကြောင့်လည်း ကျွန်တော် ဘယ်လောက် ပြောလွယ်ဆိုလွယ်သည်ဖြစ်စေ၊ ကလေးသူငယ်လေးများ၊ လူငယ်လူရွယ်လေးများနဲ့ ပတ်သက်လာရင်တော့ ကျွန်တော့်နှုတ်ကို ကျပ်ကျပ် စောင့်စည်းနေပါတယ်။

အခု ကျွန်တော့်ရဲ့ ဘဝအမောပြေဖို့ အဖြေရှာစို့ ဆိုတဲ့ အစီအစဉ်လေးကို နားဆင်တော်မူနေကြသူ လူကြီးမင်းများအတွက်လည်း သည်လို အဖြစ်မျိုး၊ သည်လို ဘဝအမောမျိုးကို ကြုံဆုံဖူးခဲ့တန်ကောင်းတဲ့အကြောင်းအရာလို့ သုံးသပ်ယူဆမိတာမို့ သည်အကြောင်းအရာကို တတ်အားသမျှ ဆွေးနွေးတင်ပြလိုက်တာပါခင်ဗျာ။

မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြတဲ့အပြင် အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေလို့ စာရေးတဲ့ ကျွန်တော် အတ္တကျော်က ဂါရဝနဲ့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျား။

May All Forms of Discrimination Be Eliminated!

လူအချင်းချင်း နှိမ့်ချခြင်း ကင်းဝေးကြပါစေ

Discrimination  ကို မြန်မာလို ခွဲခြားဆက်ဆံမှုလို့ ဘာသာပြန်ကြပါတယ်။ှားတယ်လို့ မဆိုနိုင်ပေမယ့် မပြည့်စုံပါဘူး။ အမှန်တော့ လူမျိုး၊ ဇာတိ၊ အသားအရောင်၊ ဘာသာရေး ယုံကြည်မှု၊ ကျန်းမာရေး အခြေအနေစတာများကို အကြောင်းပြုပြီး လူအချင်းချင်း မတူသလို မတန်သလို နှိမ်ချဆက်ဆံတာကို Discrimination  လို့ခေါ်ပါတယ်။ မိန်းမတွေ ဘာမှ နားမလည်ပါဘူးကွာဆိုတာမျိုးဟာ ခွဲခြားဆက်ဆံတာပါ။ ဘာသာရေး ယုံကြည်မှု၊ ရိုးရာ အစွဲအလမ်း၊ ဗေဒင်ယုံတာများကို အကြောင်းပြုပြီးလည်း ကျွန်တော်တို့တွေဟာ လူလူချင်းတစ်ယောက်ကို တစ်ယောက် လှောင်ချင်ပြောင်ချင်၊ ကလိချင် ရိချင်နေတတ်ကြပါတယ်။ ဒါဟာလည်း ခွဲခြားဆက်ဆံမှုပါပဲ။
အမှန်တော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ စရိုက်တွေ မတူကြပါဘူး။ ကျွန်တော် ပြောလေ့ရှိသလို ကျွန်တော်က ငါးပိရည်ဆို အနံ့တောင် ခံလို့မရပေမယ့် ကြိုက်တဲ့သူတွေကတော့ အလွန်ကို ကြိုက်ကြပါတယ်။ ပုရစ်ဆိုရင်လည်း ကျွန်တော်အလွန်စားပေမယ့် မစားတဲ့သူကလည်း လုံးလုံးကို မစားပါဘူး။ ဒါဟာ လူချင်းတူပေမယ့် အကြိုက်ချင်းမတူတဲ့ အထင်ရှားဆုံး ဥပမာပါပဲ။


တချို့က ရိုးရာယုံကြည်မှု အစွဲအလန်းကြောင့် အမဲသား ၀က်သား ရှောင်ကြတယ်။ တချို့က သတ်သတ်လွတ်စားတယ်။ တချို့က အဲဒီ့ရိုးရာ ယုံကြည်မှုကြောင့် ငါးရံ့တောင် မစားပါဘူး။
တကယ်တော့ လူတွေမှာ မိမိတို့ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင်တွေ အမျိုးမျိုး ကွဲပြားနေကြတယ်။ ဇာတိအခြေခံတွေလည်း ကွဲပြားကြတယ်။ အဲဒါတွေက ဆင့်ပွားလာတဲ့ သက်ဝင် ယုံကြည်မှုတွေ၊ အစွဲအလန်းတွေ၊ ခံယူချက်တွေ၊ ရှုမြင်ပုံတွေလည်း ကွဲပြားနေတာဟာလည်း တကယ်တော့ သဘာဝကျပါတယ်။ ကိုယ်သက်ဝင်ယုံကြည်တာ၊ ကိုယ်စွဲလန်းတာ၊ ကိုယ်မြင်တာနဲ့ မတူတိုင်း တစ်ဖက်သားကို မှားနေတယ်၊ လွဲနေတယ်လို့ ထင်မိတတ်ကြတာလည်း အင်း … တကယ်တော့ လူ့သဘာဝပါပဲ။ စိတ်ထဲ ထင်ရုံထင်တာကတော့ ဘာမှအကြောင်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲ ဘယ်သူမှ ၀င်ကြည့်လို့ မရတာမို့ ပြဿနာလည်း မရှိပါဘူး။ အဲ… အဲဒါကိုမှ နှုတ်က ထုတ်ဟပြီး ကဲ့ရဲ့တာ၊ လှောင်တာ၊ တစ်ဖက်စောင်းနင်း ပုတ်ခတ် ပြောဆိုတာများကကျတော့ တစ်ဖက်သားအပေါ် မလေးစားရာ ရောက်သွားပါပြီ။


ဆိုကြပါစို့ဗျာ… ငါးပိရည် မကြိုက်တဲ့ ကျွန်တော်က ငါးပိရည်နဲ့ မြိန်ရည်ယှက်ရည် လွေးနေတဲ့ ကျွန်တော့်အိမ်သူကို ”မင့်နှယ်ကွာ၊ အပုပ်အစပ်တွေ တော်တော်ကြိုက်”လို့ ပြောလိုက်တာမျိုးဟာ သူ့ကို ထိပါးလိုက်တာ၊ စော်ကားလိုက်တာ ဖြစ်သလို သူ မက်မက်စက်စက်စားနေတဲ့ အစာကိုလည်း ”အပုပ်အစပ်တွေ”ပဲ ရယ်လို့ တံဆိပ်ကပ်လိုက်တာပါ။ တစ်နည်းအားဖြင့် သူဟာ လူတစ်ယောက်ဖြစ်တယ်၊ သည်အတွက် သူ့မှာ သူ့ကိုယ်ပိုင် အကြိုက်တွေ ရှိတယ်ဆိုတာကို မလေးစားတဲ့ စိတ်နဲ့ ပြောချလိုက်တဲ့ စကားမျိုးပါပဲ။

ဒါမှမဟုတ် သူငယ်ချင်းချင်းပေါ့။ ကျွန်တော်က ပုရစ်ကြော်တွေ အားရပါးရတုပ်နေတယ်။ ကျွန်တော့် သူငယ်ချင်းကိုလည်း စားစေချင်တယ်။ ဟေ့ကောင်… စားကွာလို့ ပြောလိုက်တဲ့အခါ သူငယ်ချင်းက ”ငါ ဒါမျိုးတွေ မစားဘူးကွ၊ လူစားတဲ့ အစာပဲ စားတာ”လို့ ပြောလိုက်မယ်ဆိုရင်လည်း အဲဒါသူ ကျွန်တော့်ကို ထိပါးစော်ကားတာဖြစ်သလို ကျွန်တော့်ရဲ့ ကြိုက်လိုရာ ကြိုက်ပိုင်ခွင့်ကို မလေးစားပြန်တာပါပဲ။


အဓိကကတော့ ကိုယ်ချင်းစာစိတ်ပါ။ ကိုယ်နှစ်နှစ်သက်သက် စားနေတဲ့ အစာတစ်ခုခုကို တစ်ယောက်ယောက်က ရှုတ်ချပြီး ပြောတဲ့အခါ ကိုယ်ကြိုက်နိုင်မလား။ ဘယ်လိုမှ ကြိုက်နိုင်မှာ မဟုတ်ပါဘူး။ သည်အခါ သူများ စားနေတာကိုလည်း ဘာမှ သွားပြီး ကဲ့ရဲ့ပုတ်ခတ်နေစရာ အကြောင်းမရှိတော့ပါဘူး။ သည်ကမှ တစ်ဆင့် တက်လိုက်မယ်ဆိုရင် ကိုယ့်ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာကို ဘာသာခြားတစ်ယောက်က ပုတ်ခတ်တာ၊ ကဲ့ရဲ့တာ၊ သရော်တာမျိုးကို ကိုယ်ကိုယ်တိုင်က မကြိုက်ဘူးဆိုရင် ကိုယ်နဲ့အယူမတူ ဇာတ်ခြားလေတဲ့ တခြားဘာသာဝင်တွေကိုလည်း ပုတ်ခတ်ကဲ့ရဲ့ သရော် လှောင်ပြောင်တာမျိုးကို ရှောင်ကြဉ်အပ်ပါတယ်။


သည်လောက်ဆိုရင် ခွဲခြားဆက်ဆံမှုဆိုတာကို စာဖတ်သူ လူကြီးမင်းအပေါင်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်လောက်ကြပြီဖြစ်သလို လူချင်းအတူတူ အသက်ရှူချင်း ကွဲတယ်ဆိုသလိုပဲ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ၊ ခံယူချက်တွေ၊ အကြိုက်တွေ၊ စရိုက်တွေ ကွဲပြားနေကြတာဟာ သဘာဝပဲဆိုတဲ့ အချက်ကိုလည်း သဘောပေါက် လက်ခံနိုင်လောက်ကြပြီလို့ ယူဆ ထင်မြင်မိပါတယ်။


ခွဲခြား နှိမ်ချလိုမှုမှာ အဓိကကျတဲ့ အကြောင်းရင်းခံတစ်ရပ် ရှိပါတယ်။ အဲဒါကတော့ အများစု လက်ခံ ကျင့်သုံးနေတာကို စံသတ်မှတ်ချက်တစ်ခုလို့ ယူဆလိုက်ကြပြီးသကာလ အဲဒီ့အများစုလုပ်နေတဲ့ ပုံစံက သွေဖီနေသူများကို မူမမှန်သူများ၊ စံလွဲနေသူများလို့ ယူဆကာ ခွဲခြားချင်၊ နှိမ့်ချချင်၊ သရော်ကမော် စကားတင်းဆိုချင်၊ နှိပ်ကွပ်ချင်တတ်ကြတဲ့ စရိုက်ဆိုးတွေဟာ ရှက်စရာ ကောင်းလောက်အောင် ကျွန်တော်တို့ လူ့ဘောင်ကြီးမှာ တွင်ကျယ်ပြန့်နှံ့လို့ နေပါတယ်။


နမူနာပြောရမယ်ဆိုရင် အများစုက အိမ်ရာထူထောင်ကြတယ်၊ လင်ယူသားမွေးကြတယ်။ သည်အခါမှာ အပူမရှာချင်လို့ ကိုယ့်ဘာသာ အဖော်မရှာဘဲ တစ်ကိုယ်တည်း အေးအေး နေချင်ကြသူ လူပျိုကြီး၊ အပျိုကြီးများကို အလကားနေရင်း တောင်ပြောမြောက်ပြော ပြောချင်တတ်တာမျိုးပေါ့ ခင်ဗျာ။ ကျွန်တော်တောင် အဲဒီ့ထဲမှာ အတော်ကြီး ပါခဲ့ဖူးပါတယ်။


ရှိပါသေးတယ်။ ၀လွန်းသူတွေ၊ ပိန်လွန်းသူတွေကိုလည်း ကျွန်တော်တို့တွေဟာ သရော်တဲ့စကား၊ ကဲ့ရဲ့တဲ့စကားတွေ အမှတ်တမဲ့ ပြောဖြစ်တတ်ကြပါတယ်။ တကယ်တော့ သူတို့တွေ နေရာမှာ ကျွန်တော်တို့ နေမကြည့်တတ်ကြတာ၊ တစ်နည်းပြောရင် ကိုယ်ချင်းမစာတတ်ကြတာပါပဲ။ အိမ်ထောင်မပြုဘဲနေတဲ့ လူပျိုကြီး၊ အပျိုကြီးနေရာမှာဖြစ်စေ၊ ၀လွန်းသူ၊ ပိန်လွန်းသူရဲ့ နေရာမှာဖြစ်စေ ကိုယ်ကိုယ်တိုင်သာ နေကြည့်မယ်ဆိုရင် ကိုယ့်ကို အဲလိုစကားနဲ့ ရိ၊ မထိတထိ ကလိလာတာမျိုးကို ခံချင်ပါ့မလား။သို့ပေမယ့် ကျွန်တော်အပါအ၀င် လူအတော်များများဟာ အဲဒီ့အချက်ကို သတိလစ်ပြီး အဲဒီ့ တစ်ဖက်သားတွေကို အများနဲ့ မညီတဲ့အတွက် ပက်ပက်စက်စက်ကြီး မဟုတ်တောင် တစ်ချက်တစ်ချက်မှာ ထိုးနှက်ရာရောက်တဲ့ စကားများကို ပြောဖြစ်တတ်ကြပါတယ်။


အဆိုးဆုံးကတော့ မိန်းမလျာ၊ ယောက်ျားလျာများအပေါ်မှာ ထားတဲ့ သဘောထားနဲ့ ဆက်ဆံပုံပဲ ဖြစ်ပါတယ်။ အဲဒါကတော့ တော်တော့်ကို ဆိုးတဲ့ ကိုယ်ချင်းမစာမှုပဲခင်ဗျ။ လိင်တူချင်း ကြိုက်တာ၊ လိင်ကွဲကိုမှ စုံမက်တာများကို အင်္ဂလိပ်ဘာသာနဲ့ sexual orientation  လို့ခေါ်ပါ တယ်။ မြန်မာလိုဆိုရင်တော့ လိင်စိတ်ကိုင်းညွှတ်မှုပေါ့ခင်ဗျာ။ ဒါဟာ မူမမှန်တာလည်း မဟုတ်၊ စံလွဲတာလည်းမဟုတ်ကြောင်း တစ်ကမ္ဘာလုံးက ဆေးပညာရှင်တွေရော၊ စိတ်ပညာရှင်တွေကပါ ခိုင်ခိုင်မာမာ လက်ခံထားကြပါပြီ။ သိပ္ပံနည်းအရ ပြောရင်တော့ ခရိုမိုဆုမ်းလို့ ခေါ်တဲ့ ဗီဇဆောင်မျှင်တွေထဲမှာ ပါရှိတဲ့ ဖိုဗီဇ၊ မဗီဇအချိုးအစားများအရ အဲဒီ့ လိင်စိတ် ကိုင်းညွှတ်မှု ဖြစ်ပေါ်လာတာပါ။ အဲဒီ့အချိုးအစားကို ဘယ်သူကမှ ခြယ်လှယ်လို့ မရပါဘူး။ သဘာဝက လူတစ်ဦးချင်းစီအတွက် ပြဋ္ဌာန်းလိုက်တာပါ။ ဗုဒ္ဓဘာသာတရားနဲ့ ဆိုရင်တော့ ဘ၀ကံ အကျိုးပေးသာ ဖြစ်ပါလိမ့်မယ်။


လူယောက်ျားချင်းတူပေမယ့် ဖြူဖြူချောချော၊ တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသမီးကိုမှ တပ်မက်စွဲလန်းတတ်သူမျိုး ရှိသလို ညိုညို သွယ်သွယ်၊ မော်ဒယ်လို ကိုယ်လုံး လှပ်လှပ်ကိုမှ ကြိုက်တတ်သူ ဖိုသတ္တ၀ါများလည်း ရှိနေတာ အထင်အရှားပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ်၊ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း လူရယ်လို့ ဖြစ်လာမှတော့ ကိုယ်သန်ရာ ကိုယ်ကြိုက်ပိုင်ခွင့် ရှိသူချည်းပါပဲ။ အဲဒါကိုပဲ အများစုက ဆန့်ကျင်ဘက်လိင်ကိုမှ တပ်မက် စွဲလန်းရိုး ရှိတာကို စံတစ်ခုအနေနဲ့ သတ်မှတ်လိုက်ပြီး လိင်တူချင်း တပ်မက် စွဲလန်းသူများကိုပဲ မူပဲ မမှန်သလို၊ စံပဲ လွဲနေသလို၊ စိတ်ဝေဒနာပဲ ခံစားနေရသူများလို အထင်အမြင်သေးတဲ့ အကြည့်တွေ၊ အပြောတွေနဲ့ ဆက်ဆံခြင်း၊ နှိပ်ကွပ်ခြင်းဟာ ဆင်ခြင်တုံတရား နုံ့နဲ့လွန်းရာကျလှပါတယ်။


ကျွန်တော်တို့ရဲ့ ရှင်တော်မြတ်ဘုရားက ဟောကြားခဲ့ပါတယ်။ ပုထုဇနော ဥမ္မတ္တကောတဲ့။ ဟုတ်ကဲ့ခင်ဗျာ၊ ပုထုဇဉ်ဆိုတဲ့ လူသားမှန်သမျှဟာ တစ်ခုမဟုတ် တစ်ခု ရူးနေကြသူချည်းပါပဲလို့ အလုံးစုံကို ထိုးထွင်း သိမြင်တော်မူတဲ့ ဘုရားရှင်က မိန့်ကြားတော်မူခဲ့တာပါ။။ ပညာကိုမှ အရူးအမူး ကိုးကွယ်တဲ့သူ၊ ပိုက်ဆံကို အရူးအမူး တပ်မက်တဲ့သူ၊ သြဇာအာဏာကို အရူးအမူး တောင့်တသူများကတော့ အနည်းအပါး မြင်သာ င်သာ ရှိပါတယ်။ သည်အထဲကမှ မယားတရူးတို့၊ လင်တရူးတို့ဆိုတာတွေလည်း ရှိသေးတယ်။ သူများကို ပြောဖို့တော့ သိပ်လွယ်ပါတယ်။ ပြောသူကိုယ်တိုင်လည်း တစ်ခုမဟုတ် တစ်ခုကို တရားလွန် စွဲလမ်းယုံကြည်နေတာလည်း ရူးသွပ်မှုတစ်မျိုးပဲ ဆိုတာကိုကျတော့ ကျွန်တော်တို့တွေဟာ မေ့လျော့နေမိတတ်ကြပါတယ်။


အဓိက ဆွေးနွေးချင်တာကတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ စရိုက်တွေ၊ ခံယူချက်တွေ၊ သက်ဝင်ယုံကြည်မှုတွေ၊ တွေးပုံ မြင်ပုံတွေ မတူကြဘူး၊ အမြဲတစေ ကွဲလွဲနေတယ်ဆိုတာဟာ သဘာဝပါ။ ဒါကြောင့် ကိုယ်နဲ့ မတူတိုင်း တစ်ဖက်သားကို လက်လွတ်စပယ် ကဲ့ရဲ့ပိုမို စကားတင်း ဆိုခြင်းဟာ အဲဒီ့တစ်ဖက်သား အပေါ်မှာ လေးစားရာ ရောက် မရောက်၊ ကိုယ်ချင်းစာစိတ် ရှိရာ ရောက် မရောက် မိမိတို့ကိုယ်မိမိ ပြန်လည် ဆင်ခြင်သုံးသပ်ကြဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆမိရလို့ပါပဲ။


ကျွန်တော် ပြောတာတွေကို မျက်စိစုံမှိတ်ပြီး လက်ခံကြဖို့ ဘယ်သူ့ကိုမှ မတိုက်တွန်းနိုင်သလို တိုက်လည်း မတိုက်တွန်းဝံ့ပါဘူး။ စာဖတ်သူ လူကြီးမင်းများမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသက ရှိကြသူချည်းမို့ ကျွန်တော် ပြောတာ သင့်မသင့်၊ လျော်မလျော်ကို ချင့်ချိန် ဆုံးဖြတ်နိုင်မယ့်သူချည်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ဆွေးနွေးချက်လေးကို တစ်ဆိတ်လေး အချိန်ယူ စဉ်းစားပေးကြမယ်ဆိုရင်ပဲ ကျွန်တော်ကဖြင့် ကျေးဇူးတင်နေတော့မှာပါ။ အဲသလို စဉ်းစားပြီးတဲ့နောက် ဘယ်လမ်းကိုပဲ ရွေးရွေး၊ လူကြီးမင်းကို ကျွန်တော် လေးစားပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်ရွေးခွင့်က ကျွန်တော့်မှာသာ ရှိနေတာ မဟုတ်ဘဲ လူကြီးမင်းမှာလည်း ရှိနေတာပဲ မဟုတ်ပါလား ခင်ဗျာ။ အလားတူပဲ၊ တွေးပုံမြင်ပုံ သက်ဝင် ယုံကြည်ပုံတွေ ကွဲလွဲနေတတ်တာကိုက ချစ်စရာကောင်းတဲ့ လူ့ဘောင်လောကကြီးရဲ့ သဘာဝပေပဲလို့ နှစ်နှစ်ကာကာ လေးလေးနက်နက် ယုံကြည်မိတဲ့အတွက်လည်း သည်စကားကို ပြောလိုက်ရတာ ဖြစ်ပါတယ်။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

အတ္တကျော်
(၂၂၀၁၁၀)

ဝန်ခံချက်  ၁၇-၀၁-၁၀ နေ့ ညနေ ၆း၃၀တွင် ”မန္တလေး FM ”ရေဒီယို အသံလွင့်ဌာနမှ ထုတ်လွှင့်ခဲ့တဲ့ ကျွန်တော့်အသံလွှင့် ဆွေးနွေးချက်ကို အကျဉ်းချုပ် ပြန်လည်တင်ဆက် လိုက်တာဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့ထုတ် Bi Weekly Eleven Journal မှာ ဖော်ပြထားတာလေးကို http://www.first-11.com/index.php?option=com_content&view=article&id=2151:2010-03-04-07-49-34&catid=78:2009-11-13-06-25-17&Itemid=135 ကနေ ကူးယူပြီး ပြန်လည်တင်ဆက်လိုက်တာပါ။